Thursday, April 21, 2011

ဂိုးခေါင်ခြင်း(သစ်ကောင်းအိမ်)

0 comments

ဂိုးခေါင်ခြင်း

ရွှေဖိနပ်ဆု မမျှော်ကိုးပေမယ့်
ဘ၀ကို ရွှေဂိုးနဲ့ပဲ ရှုံးချင်တယ်။

ကွင်းဘေးကန်ထုတ်ခံရတဲ့
မျှော်လင့်ချက်တွေအတွက်
လက်ပစ်ဘော ငါမရခဲ့ပါလား။

လျောထိုးဖျက်ထုတ်ခံရတဲ့
ဂိုးသွင်းခွင့်တွေအတွက်
ပြစ်ဒဏ်ဘော ငါမရခဲ့ပါလား။

လောကဓံတရားနဲ့ သူ့မယားပါသားတွေက
တကွင်းလုံးကို ဖိကစားထားကြ
တသင်းလုံး အနီကတ်နဲ့
ငါ့ဘက် ရပ်ခဲ့တာဆိုလို့
ပရိသတ်ရယ်၊ ပြီးတော့ အားကစားစိတ်ဓာတ်ရယ်
ဝီစီသံရှည်သာ ဆုံးသွားရော။

မပွင့်သေးတဲ့ ပိတောက်ကို
တောက်ခေါက်ပြီးစောင့်ရင်းနဲ့
ဒီနှစ်လည်း နွေဦးပေါက်မကောင်းပြန်ဘူး သူငယ်ချင်း။ ။

သစ်ကောင်းအိမ်

0 comments:

Post a Comment