Wednesday, April 20, 2011

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)အာရ်အက်ဖ်အေအပတ်စဉ်အလံလွှင့်
အစီအစဉ်ကနေ ၄လပိုင်း၂၀ရက်၂ဝ၁၁နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အသံလွှင့်
ဆောင်းပါးဖြစ်ပါတယ်။ လှုပ်ရှားစစ်ကြောင်းတွေမှာ နောက်ထပ်ဆိုရိုးလေး
တခုလည်း ရှိပြန်ပါသေးတယ်။ လှုပ်ရှားစစ်ကြောင်းဆိုတာရွာတွေမှာညအိပ် နားတတ်သလို တောထဲတောင်ထဲမှာ ဖြစ်သလိုအိပ်ရတတ်တာမျိုးလည်းရှိပါတယ်။
အဲဒီအခါမျိုးမှာ တနပ်စားပြီးတာနဲ့နောက်တနပ်စာကို အဆင်သင့်ပြန်ချက်ထားရပါတယ်။
အိပ်ရတဲ့အခါမှာလည်း ပတ်လည်ကင်းနဲ့ရှေ့ကင်းနောက်ကင်းတွေအကုန်လုံးက
ကိုယ့်ပစ်ကျင်းကိုယ်ကြိုတင်တူး၊ သေနတ်ကျည်ထိုးပြီး ကျင်းထဲမှာအိပ်ရပါတယ်။
လာအတိုက်ခံရတာနဲ့ ကျင်းထဲကနေပြန်လှန်ပစ်ခတ်နိုင်ဖို့ အသင့်အနေအထား
လုပ်ထားရတာပါ။ ရဲဘော်တွေက အဲဒါကို “စားပြီးပြန်ချက် ညမနက်
၊ရောက်ရာကျင်းတူး စတင်းဒူး” လို့ ဘိုလိုနဲ့မြန်မာလိုရောပြီးပြောလေ့ရှိပါတယ်။
တခါမတော့ ကိုယ်ပစ်ကျင်းကိုယ်တူးတဲ့သူတယောက် ကိုယ့်သေကျင်းကိုယ်တူး
မိသလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။

လှုပ်ရှားစစ်ကြောင်းထွက်တဲ့အခါ ဘိန်းစားတဲ့ပေါ်တာတွေပါလာရင် စိတ်ညစ်ရပါတယ်။ ဘိန်းစွဲနေသူဟာ ဘိန်းပြတ်လိုက်တာနဲ့ ယဉ်းထပြီး ကတုန်ကယင်နဲ့နုံးခွေနေတတ်ပါတယ်။ ဒါကြာင့် သူတို့ပါလာတာပြတ်လို့ ပြဿနာပေါ်ပြီဆိုရင်ပေးနိုင်အောင် စစ်ကြောင်းမှာ ဘိန်း ဆောင်ထားရပါတယ်။ သူတို့လိုသလောက်တော့ မပေးပါဘူး။ ယဉ်းပြေရုံအာသာပြေရုံ စတိသဘောပေး တာပါ။ သစ်ဆွဲဆင်တွေကို ဘိန်းကျွေးခိုင်းသလိုမျိုးနဲ့ခပ်ဆင်ဆင်ပါပဲ။ ကျနော့်အတွက် ပေးထားတဲ့ပေါ်တာက ဗမာစကားတခွန်း စနှစ်ခွန်းစတတ်ပြီး ဂတုံးပြောင်နဲ့ အသက် ၅ဝ လောက်ရှိမယ့် လီရှောကြီးပါ။ ဘိန်းကလေးများမျိုနေရရင် ပြုံးပြုံးပြုံးပြုံးနဲ့ဗမာလို မပီကလာပီကလာတွေပြောပြီး သူ့အထမ်းကိုမညည်းမငြူ ထမ်းရှာပါတယ်။ ဒီတခေါက်လူအလဲမှာ သူပါမယ်၊ ပြန်ရတော့မယ် လို့ပြောပြထားလို့ ပျော်လည်းပျော်နေမှာပါ။

နောက်နေ့မနက်မှာ ပြဿနာစတာပါပဲ။ သူပါလာတဲ့ဘိန်းကုန်ပြီဆိုတာကို ပြောပါတယ်။ ဒါနဲ့ ကျနော် သူ့အတွက်တနေ့စာ ဘိန်း ကို လက်ဖြောင့်တပ်စိတ်မှူးဆီက သွားထုတ်ပေးလိုက်တယ်။ လက်ဖြောင့်တပ်စိတ်ဆိုတာ တပ်ရင်းမှူးသွားလေရာနောက် တကောက်ကောက်လိုက်ရတဲ့ ကိုယ်ရံတော်တွေလို့ ပြောနိုင်ပါတယ်။ လက်တကယ် ဖြောင့်/မဖြောင့်မပြောတတ်ပေမယ့် တပ်ခွဲ တပ်စုတွေကမောင်တွေထက်တော့ အနေကြော့ပြီး အခွင့်အရေးလည်း ပိုရပါတယ်။ ဒါနဲ့ နေ့လည်လောက်ကျတော့ သူက ဘိန်းထပ်တောင်းတယ်။ ကျနော်က မနက်ဖြန်မှထပ်ရမယ့် အကြောင်းပြောပြတယ်။ သူက တကျီကျီပြောပြီး ဘိန်းထည့်တဲ့ဝါး ဘူးလေး ထုတ်ပြသွန်ပြတယ်။ အထဲမှာ ဘာမှမရှိတော့ဘူး။ ညအတွက်မချန်ပဲ အကုန်မျိုလိုက်တာကိုး။ ယဉ်းလည်းတော်တော် ထနေပြီ။ အထမ်းကိုလည်းမထိန်းနိုင်တော့ဘူး။ သူ့ကြည့်ပြီး ကျနော်လည်း စိတ်ကမချမ်းသာဘူး။ ဒါနဲ့ နောက်ဆုံး ဟိုလူ့ဆီ သွားပြီး မနက်ဖြန်စာကို ထုတ်ပေးလိုက်တယ်။ အဲဒီညအတွက်တော့ အေးဆေးပေါ့လေ။

နောက်နေ့မနက် စစ်ကြောင်းသွားနေတုန်း ၁ဝနာရီလောက်ပဲရှိသေးတယ်။ သူက ဘိန်းထပ်တောင်းတယ်။ ကျနော်က ဒီနေ့ အတွက် ဝေစုမရှိတော့ကြောင်း ပြောပြပါတယ်။ သူက ယဉ်းထပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ရှာတော့ဘူး။ အထမ်းကိုပစ်ချလိုက်ပြန်ကောက်ထမ်းလိုက်နဲ့ဖြစ်နေတယ်။ သူ့ကို ချော့မော့ပြော၊ စောင့်ခေါ်ရင်းနဲ့ခရီးကမတွင်။ ကျနော်
လည်း စိတ်ကသိပ်မရှည်ချင်တော့ဘူး။ ဒါနဲ့ ဟိုလူ့ဆီသွားပြီး ဘိန်းထပ်တောင်းတော့ “ကိုဘီအီး..ခင်ဗျား အဲဒီကောင်တွေကို အဲဒီလောက်အလိုမလိုက်နဲ့ဗျ.. အလကားဘိန်းစားတွေ ကလီကမာလုပ်နေတာ..ဘယ်ကောင်လဲပြော..ကျနော်လုပ်ပြမယ်” ဆိုပြီး ကျနော်နဲ့လိုက်လာပါတယ်။ အဲဒီအချိန်မှာ လီရှောကြီးက မြေကြီးပေါ်မှာ ကွေးကွေးလေးစောင်းပြီးမှိန်းနေပါတယ်။ လှုပ်တောင်မလှုပ်နိုင်တော့တဲ့ပုံမျိုးပါ။

တပ်စိတ်မှူးက လီရှောကြီးရဲ့နံကြားကို သုံးလေးချက်ဆောင့်ကန်ပြီးထခိုင်း၊ အထမ်းကိုပြန်အထမ်းခိုင်းပါတယ်။ ဟိုလူကြီးက ဒယီး ဒယိုင်နဲ့ထပြီး လမ်းတောင်မလျှောက်နိုင်တော့ကြောင်း သူတတ်သရွေ့ဗမာလိုလေးနဲ့ပြောရှာပါတယ်။ စိတ်မှူးလည်း သူ့စိတ်သူ မထိန်းတော့ပဲ လီရှောကြီးမျက်နှာကို ၄-၅ ချက် ဆင့်ထိုးတော့တာပါပဲ။ ကျနော်ဆွဲသေးတယ်။ မမှီလိုက်ဘူး။ လဲကျသွားတယ်။ လီရှောကြီးက နာလို့ထင်ပါရဲ့။ လဲနေရာက အတင်းကြုံးထတော့တာပါပဲ။ လက်ကားယားခြေကားယားနဲ့။ မျက်နှာကြီးတခုလုံး လည်း နီရဲနေတာပါပဲ။ သူ့ကိုယ်သူဟန်နေတဲ့ကြားက ရှေ့ကိုဟပ်ထိုးပြန်လဲကျတော့မယ့်ဆဲဆဲ ဆွဲမိဆွဲရာ စိတ်မှူးရဲ့အင်္ကျီစကို ဆွဲမိလိုက်တယ်။ ဒီတင် စိတ်မှူးကကာဘိုင်ဒင်နဲ့ သူ့ဂျိုစောင်းကို “ဒုက်”ကနဲ ဆောင့်အချ၊ အဖိုးကြီးခမျာ မြေကြီးပေါ် “ကား” ကနဲ ခြေလွတ်လက်လွတ် ပြုတ်ကျသွားတော့တာပါပဲ။ ငါးစိမ်းသည်မလက်ကအလေးနဲ့ ခေါင်းအထုခံလိုက်ရတဲ့ငါးတကောင် လို မြေပေါ်မှာထွန့်ထွန့်လူးနေရှာတယ်။ ခေါင်းက ကွဲတော့ကွဲမသွားဘူး။ အထဲကို ချိုင့်ဝင်သွားတယ်။ အဖြစ်အပျက်ကမြန် လွန်းတော့ ကျနော်လည်းဘာမှလုပ်ချိန်မရလိုက်ဘူး။ ကာဘိုင်ဒင်ဆိုတာ အနှောင့်မှာ သံမဏိပြားအထူကပ်ထားတာလေ။

စိတ်မှူးက “ထားလိုက်..ကိုဘီအီး.ဆေးတပ်သား ကြည့်လုပ်လိမ့်မယ် အဲဒီအထမ်းကို ဟိုကောင်တွေကိုမျှပေးလိုက်” လို့ပြော ပြီး ပြန်သွားတယ်။ ကျနော်လည်း သူ့အထမ်းက ပစ္စည်းတချို့ကို တခြားပေါ်တာတွေခွဲပေးပြီး စိတ်မချမ်းမသာနဲ့ဆက်ထွက်လာ ခဲ့တယ်။ လီရှောကြီးနဲ့ ဆေးတပ်သားတော့ ဘာတွေဖြစ်ကျန်ခဲ့လည်း မသိတော့ပါဘူး။ အဲဒီညတော့ တောင်ကြောတခုပေါ်မှာ စစ်ကြောင်းတကြောင်းလုံး ညအိပ်နားတယ်။ ထုံးစံအတိုင်း စားပြီးပြန်ချက် ညမနက်၊ ရောက်ရာကျင်းတူး စတင်းဒူးပေါ့။

စားသူစား၊ ချက်သူချက်၊ ပစ်ကျင်းတူးသူတူးနဲ့ မှောင်လိုက်လာပါပြီ။ လားတွေမြင်းတွေ၊ ပေါ်တာတွေလည်းငြိမ်နေပါပြီ။
ချက်ပြုတ်နေတဲ့ မီးဖိုတွေငြိမ်းသွားတာနဲ့အတူ တောထဲက မှက်တွေခြင်တွေလည်း တစခန်းထလာပါပြီ။ လက်ဖြောင့်တပ်စိတ် က မောင်တွေလည်း စစ်ကြောင်းမှူးနဲ့မလှမ်းမကမ်းက ပစ်ကျင်းတွေထဲမှာ သေနတ်ကိုယ်စီနဲ့နားနေကြပါပြီ။ ကျနော်လည်း နေ့ လည်ကမြင်ကွင်းကို စိတ်မျက်စေ့ထဲက ထုတ်ဖို့ကြိုးစားရင်း မှေးကနဲအိပ်ပျော်သွားပါတော့တယ်။

ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲတော့မသိပါဘူး။ “ဝုန်း” ကနဲ လက်နက်ကြီးသံတချက်နဲ့အတူ လန့်နိုးသွားပါ တယ်။ မြေကြီးတောင် တုန်သွားတယ်မှတ်တာပဲ။ နောက်တော့ သေနတ်သံတွေ။ ခေါင်းပေါ်က ကျော်ကျော်သွားတဲ့ လက်နက် ကြီးကျည်သံ တရွှီရွှီ ၊ သေနတ်ပြောင်းက မီးပွင့်တွေ၊ လားတွေမြင်းတွေလန့်ပြီး ဟီသံရုန်းသံတွေ၊ ပေါ်တာတွေကြောက်လန့် တကြားနဲ့အော်သံဟစ်သံတွေ၊ ရဲဘော်တွေရဲ့ ဆဲသံဆူသံတွေ စစ်ကြောင်းမှူးနားက ဆက်သွယ်ရေးစက်က တီတီ..တီတီတွေ အားလုံးရှုပ်ရှက်ခတ်နေတော့တာပါပဲ။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment