Sunday, March 25, 2012

ဆရာအိုပြဿနာ (သိန်းဖေမြင့်)

0 comments

အချိန်မှာ ကျွန်ုပ်တို့၏ရန်ကုန်တက္ကသိုလ် နွေရာသီကျောင်းပိတ်ချိန် တနေ့သောနံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင်ယူရခါနီးပြီဖြစ်သော ကထိကဆရာအိုကြီးတဦးဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်းသတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင်လာလေ့ရှိသည်။
ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ်သေးသောရက်များ၌ပင်လျှင် ဤအချိန်ဇယားကိုစည်းကမ်းကြီးစွာနှင့်စောင့်ထိန်းလေ့ရှိသည်။
ကျွန်ုပ်သည် နေအိမ်မှကျောင်းသို့ ခြေလျင်လျှေက်ရခြင်းကိုလည်း  နေပူမရှောင်၊ မိုးရွာမရှောင်ကျင့်သုံးသောအလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေးအခြေအနေကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။
လူငယ်ဆရာတွေက မော့စ်ဗစ်၊ ဘဲလောက်စ်ဗစ်တာ စသော ကားကလေးများဝယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲဖြေလွှာဖျက်ခထဲမှသော်၎င်း အပတ်တကုတ်ကြိုးစား၍ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်း၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်ကလေးနှင့်နေနိုင်အောင် စုဆောင်းနေရပေသည်။
ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာသစ်ပင်စိုက်ရင်း ရုက္ခဗေဒသုတေသနလုပ်ရန်စိတ်ကူးထားသည်။ ရုက္ခဗေဒသည် ကျွန်ုပ်သင်ကြားပြသနေရသောဘာသာရပ်ကား မဟုတ်ပါ။ ၀ါသနာအလျောက်လေ့လာနေသော အပျော်လုပ်ငန်းတခုသာဖြစ်လေသည်။
ကျွန်ုပ်သည် တက္ကသိုလ်ရိပ်သာလမ်းမကြီးကိုဖြတ်ပြီး ပုဂံလမ်းထဲသို့ဝင်လာလေသည်။ ၀င်လာမိသည်နှင့်တပြိုင်နက် ပုဂံလမ်းတွင်နေထိုင်ကြသော ဘူမိဗေဒပါမောက္ခ ဒေါက်တာသာလှ၊ မြန်မာစာပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒ ပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ ပိဋကတ်တိုက်မှုး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်းအရာရှိ ဦးယုခင်နှင့် ဘာသာပြန်နှင့်ထုတ်ဝေရေး ဦးဝန်(မင်းသုဝဏ်)တို့သည်အားလုံးပင် ကျွန်ုပ်ထက်ငယ်သူများဖြစ်ကြောင်း ဗြုံးကနဲသတိရသွားလေသည်။
ကျွန်ုပ်ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာလမ်းမကြီးနှင့်ပုဂံလမ်းမှာ ခြားနားလှသည်။ ပုဂံလမ်းထဲဝင်လိုက်သည်နှင့်တပြိုင်နက် ငြိမ်သက်အေးချမ်းခြင်းအရသာကို ထူးထူးခြားခြားခံစားလိုက်ရ၏။ နဂါးဘစ်ကားနှင့်ပရိုက်ဗိတ်ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ၀င်းထိန်နေသောနေခြည်များမှကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ဖြာဆင်းနေသော သစ်ပင်ရိပ်ကြီးများအောက်သို့ အေးခနဲဝင်ရောက်လာခဲ့လေသည်။
လမ်း၏ဟိုဘက်သည်ဘက်မှ ထင်းရူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးနေသည်နှင့်တူ၏။ ခြံစည်းရိုးများပေါ်မှကျော်ထွက်နေကြသော တရုတ်စကားအကိုင်းအခက်များသည် ငွေဖြူစကားပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေကြသည်နှင့်တူ၏။
ကျွန်ုပ်သည် အစပထမ၌ ထင်းရူးပင်ကြီးများကို ရုက္ခဗေဒအမြင်ဖြင့်လေ့လာကြည့်မိ၏။ မျိုးစေ့ကိုလျှို့ဝှက်သိုလှောင်သောအပင်မျိုးနှင့် မျိုးစေ့ကိုတမင်ဖော်ပေးထားသောအပင် နှစ်မျိုးရှိရာ ထင်းရူပင်မှာ ဒုတိယအပင်မျိုးဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရူးပင်၏မူလပေါက်ဖွားရာ အရပ်မဟုတ်ကြောင်းသတိရနေလေသည်။
တရုတ်စကားပင်၏ မျိုးစု၊ မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒဇယားကို သူ့အခေါ်အဝေါ်နှင့်တကွမှတ်မိအောင် လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလိုမှတ်ဥာဏ်မကောင်းတော့ချေ။ သို့သော် ထိုးထွင်းဥာဏ် တီထွင်ဥာဏ်တို့ကား ပိုမိုထက်မြက်လာသည်ဟု ထင်ပါ၏။
အချို့အပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကိုသွယ်ချထားကြပြီး အချို့အပင်များကမူ နီလာပန်းကုံးများသွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ၊ ငုနီလာတို့ကိုကား ရုက္ခဗေဒအမြင်ဖြင့် ကြည့်၍မရတော့ပါ၊ အလှကြည့်သာ ကြည့်မိပါတော့၏။  စိန်ပန်းပင်များသည်လည်း ပင်လုံးကျွတ်ပွင့်ကုန်ကြလေပြီ။ နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။
ကျွန်ုပ်သည် နွေဦးပန်းများ၏အလှတွင်ကြည်နူးနေရာမှ အတန်ကြာတော့ယစ်မူးသွားလေပြီ။ စကားပန်းငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့်စိန်ပန်းပတ္တမြားတို့သည် ကျွန်ုပ်၏ မနောအကြည်ဓါတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ်နေကြလေပြီ။
ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာနည်းသည်။ ယနေ့မူ လူသူလေးပါးပင် အသွားအလာမရှိ။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်လှပေ၏။ ထိုအခိုက် မြောက်ဖက်မှ မျက်နှာတူရူ ဆော်သွင်းလာသောလေညင်းသည် ကျွန်ုပ်၏ရင်ခွင်တွင်တိုးဝှေ့ကစားပြီး ကျွန်ုပ်၏ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆတ်ထုံသင်းလှသော လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံလမ်းကို ကျွန်ုပ်တစ်ဦးတည်းပိုင်ဆိုင်နေသည်ဟု ကျွန်ုပ်ထင်မှတ်လိုက်ပေ၏။
ကျွန်ုပ်မှာပင်စင်ယူရခါနီး ဆရာအိုကြီးဖြစ်သဖြင့် တခါတခါ ဒူးဆစ်များကိုက်ခဲတတ်သည်။ သို့ရာတွင် ကျွန်ုပ်၏ခြေလှမ်းများမှာ ခပ်မှန်မှန်ပင်ဖြစ်၏။ ထိုင်နေသောအခါ ခါးမှာ အနည်းငယ်ပင်ကိုင်းနေပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင်လမ်းလျှောက်ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာဖြူကုန်ပါပြီ။ သို့ရာတွင် သေသပ်စွာဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက်ခပ်မွဲမွဲဖြစ်သဖြင့် မျက်မှန်ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန်မလိုပါ။
ပုဂံလမ်းသည် လမ်းတိုကလေးဖြစ်ပြီး ဟိုဘက်ထိပ်မှသည်ဘက်ထိပ် တောက်လျှောက်မြင်နိုင်သည်။ ကျွန်ုပ်သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့တွင်ပျံဝဲကာ အလှဝတ်ရည်များသောက်သုံးနေသောမျက်လုံးများကို ရှေ့လှမ်းပြီး တည့်တည့်လွှတ်လိုက်လေသည်။ လမ်းတလျှောက်လုံး ငွေဖြူရောင်၊ ရွှေဝါရောင်၊ နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက်သန်းနေသည်။ ကျွန်ုပ်သည် ပုဂံလမ်းတခုလုံးကို ကျွန်ုပ်တစ်ဦးတည်းပိုင်သည်ဟု ထင်မှတ်ခဲ့၏။
ယခုတော့ ကျွန်ုပ်တစ်ဦးတည်းပိုင်သည်မဟုတ်ကြောင်းတွေ့ရသဖြင့် ၀န်တိုခြင်းဖြင့်စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို ကျွန်ုပ်နှင့်ပူးတွဲ၍ပိုင်သူမှာ မိန်းမပျိုလေးတဦးဖြစ်နေ၏။
ရုတ်တရက်သော် စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း ရှေ့ကသွားနေသူမိန်းမပျိုအား နောက်မှခြေ ၄-၅ လှမ်းလိုက်ရင်း စူးစိုက်ကြည့်မိသောအခါ စိတ်ဝင်စားသွားလေသည်။
သူမလမ်းလျှောက်သွားပုံမှာ ကြည့်၍ကောင်းလှသည်။ ဖျတ်ဖျတ်လတ်လတ် လျှောက်သွားသော်လည်း ကြော့ရှင်းယဉ်ကျေးမှုမပျက်ခြင်းမှာ ထူးခြား၏။
ဤမိန်းမပျိုသည် ဘယ်ကလာသနည်း။ ဆရာမကလေးလော။ ကျောင်းသူလော။ ကျွန်ုပ် သို့လောသို့လောတွေးတော နေသည်။ မိန်းမပျိုသည် အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ ဘိတ်သူလော။
သို့ကလိုတွေးတောကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရိုပိုလိုဂျီ အတိုင်းအထွာစံချိန်များနှင့် တိုင်းထွာကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ အမျိုးအစားဇယားများတွင်သွင်းကြည့်လျှင် ဘယ်လိုနေပါလိမ့်မည်ဟုစဉ်းစားရန် စမိသည်။ သို့ရာတွင်ထိုသို့စဉ်းစား၍ မရပါ။ ငုရွှေဝါ၊ ငိုနီလာတို့အား ရုက္ခဗေဒအမြင်ဖြင့်ဆင်ခြင်မရခဲ့သည့်အတိုင်းပင် ဖြစ်ပါသတည်း။ ရှင်းနေသောလမ်းပေါ်တွင် ထိုမိန်းမပျိုအားမြင်လိုက်ရသည်မှာ ပွင့်ချပ် အာခါစ ကြာပန်းကြီး ထိုးစိုက်ထားသောပန်းအိုးကို ထီးထီးကြီးမြင်လိုက်ရသည်နှင့်တူနေ၏။
သူမ၏ အရပ်အမောင်းမှာ နွဲ့နွဲ့နောင်းနောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်းကျစ်လစ်သည်ပင်ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာဖြစ်ရုံမက အသက်အရွယ်လည်းကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက်ဖေါင်းကြွသောတင်သားနှင့် သေးသွယ်ဝိုင်းကျစ်သောခါးတို့အပေါ်တွင် မျက်စိမကစားပဲမနေနိုင်ပါ။ စိတ်လည်း မကွန့်မြူးပဲမနေနိုင်ပါ။ ကွေးကွေးကလေး ပြေပြစ်စွာကျဆင်းသောပခုံးများကိုလည်း သတိမပြုဘဲမနေနိုင်ပါ။ ရှေ့ကသာဆီးပြီးကြည့်ရလျှင် ထင်ရှားစွာဖေါင်းမို့နေသော သူမ၏ရင်သားများကိုမြင်ရလိမ့်မည်ဟုစိတ်ဆန္ဒ မဖြစ်ဘဲလည်းမနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ် မယ်ဗမာတို့များဖြစ်လေသလော။
ခပ်မှန်မှန်လှမ်းနေသော ကျွန်ုပ်၏ခြေလှမ်းများသည် ခပ်မြန်မြန်ဖြစ်လာလေ၏။ နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀ ကျော်လောက်တွင်ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀ ကျော်ကွာရပေမည်။ ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့်ကျွန်ုပ် အသက်ကွာခြားခြင်းကို မေ့စပြုလေပြီ။
မိန်းမပျိုသည် ဘယ်သို့သောပန်းကိုပန်ပြီး ဘယ်သို့သောဆင်ယင်ထုံးဖွဲ့ည်းများကိုသုံးသည်၊ ဘယ်အရောင် ဘယ်ပုံရှိသောအင်္ကျီနှင့် ဘယ်အဆင်အသွေးရှိသောထမီတို့ကိုဝတ်ဆင်သည် စသည့်ဖြင့် ကျွန်ုပ်စာမဖွဲ့တတ်ပါ။ ခေတ်သိပ်မမီသောအဘိုးကြီးဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှုအခေါ်အဝေါ်များကိုလည်း နားမလည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ်စိတ်မ၀င်စားပါ။
သို့ရာတွင် ကျွန်ုပ်တခုတော့ပြောချင်သည်။ သူမ၏ အဆင်းရူပကာနှင့် သူမ၏ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာ၊ စိန်ပန်းပတ္တမြားတို့နှင့်ကား အပြန်အလှန်အရောင်ဟပ်၍ များစွာပနံရနေပေသည်။
မြောက်ဖက်မှ ဆော်သွင်းလာသောလေညင်းသည် ကျွန်ုပ်၏ရင်ခွင်မှာဝှေ့ကစားသလို မိန်းမပျို၏ရင်ခွင်မှာလည်း ဝှေ့ကစားခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ပါးကိုနမ်းရှုတ်သလို သူမ၏ပါးကိုလည်းနမ်းရှုတ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့်တပြိုင်နက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင် ခပ်ကိုင်းကိုင်းဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီးလျှောက်ရသောခါး။
ကျွန်ုပ်၏ထိုခါးသည် စစ်ရေးပြသောခါးကဲ့သို့ မတ်သွားသည်။ ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက်မျက်လုံးတို့သည် ကြည်လင်ထွန်းတောက်လာကုန်၏။ ကျွန်ုပ် ဆရာအိုကြီးမဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။
ကျွန်ုပ်က မြန်မြန်လျှောက်ပြီးလိုက်သော်လည်း သူမသည် မှန်မှန်သာလျှောက်၏။ တဖက်တချက် နိမ့်တုံမြင့်တုံဖြစ်နေသော သူမ၏တင်သားများမှာ ဆန်ကောဝိုင်းသလိုလည်နေပေရာ ကြည့်မငြီးအောင်ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူးလုပ်ရန် စိတ်ကူးသည့်ပြင်မပေါက်သော်လည်း သူမ၏တင်သားများကို လက်ဝါးဖြင့်အသာအယာပွတ်ပွတ်စမ်းလိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသောအကျီင်္နှင့် သေးငယ်သောဇာဘော်လီကြိုးများကြားမှထွင်းဖောက်ပေါ် လာသော ၀ါဝင်းသည့်ကျောပြင်မှာ ရွှေတလင်းပြင်နှင့်တူလေ၏။ ကျွန်ုပ်သည် သူမအားမီလာပြီး ဘေးတိုက်လျှောက် နေလေပြီ။
ကျွန်ုပ်က သူမဘက်သို့ငဲ့ကြည့်လိုက်လာသောအခါ သူမသည် တချက်လောက်သာ ကျွန်ုပ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်းပင်မျက်လွှာချသွားလေသည်။ သူမ၏ ခြေလှမ်းများသည်ကားမတုံ့ပါ။ နောက်တကြိမ်လည်း ထပ်မကြည့်ပါ။
ကျွန်ုပ်ကသာ သူမအား ထပ်ထပ်ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့၊ နှာတံပေါ်ပေါ်နှင့်ဖြစ်သည်။ ဘေးတိုက်မြင်လိုက်ရသောရင်သားမှာ တင့်ထွားထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက်ကြည့်ရရုံဖြင့်အားမရ။ ရှေ့ကနေပြီး ကြည့်ချင်မြင်ချင်ပြန်လေသည်။
ကျွန်ုပ်သည် ခပ်သွက်သွက်ကျော်တက်လျှောက်သွား၏။ ပေတရာလောက်ရှေ့က လျှောက်သွားမိသောအခါ လမ်းဘေးသို့ကပ်လိုက်၏။ ခြံစည်းရိုးမှထိုးထွက်နေသော ကြက်သွေးရောင်ပန်းစက္ကူကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင်နေလေသည်။ ကျွန်ုပ်သည် ပန်းမှာစိတ်ဝင်စားနေသည် မဟုတ်ပါ။ မိန်းမပျိုအပေါ်မှာသာ စိတ်ဝင်စားနေပါသည်။
သူမမှာ လှပပြုံးချိုသောမျက်နှာရှိ၏။ နီရဲသောနှုတ်ခမ်းကလေးများမှာ ပန်းချီဆရာဆေးဖြင့်ရေးပြီးတွင် ကျွန်ုပ်၏ မျက်လုံးများသည် သူမ၏နှုတ်ခမ်းများပေါ်တွင် ကြာရှည်မနေပါ။ ဖောင်းကြွပြည့်ဖြိုးသောရင်သားများနှင့် သွယ်တန်းအိစက်သောပေါင်လုံးများဆီသို့သာ ဆင်းသွားကြကုန်၏။
ကျွန်ုပ် အိနြေ္ဒမဲ့စွာကြည့်နေသော်လည်း မိန်းမပျိုသည် ရှိုးတိုးရှန့်တံ့ လုံးဝမဖြစ်ပါ။ ကျွန်ုပ်က တပ်မက်ခြင်းဖြင့်စူးစိုက်၍ကြည့်နေသည်ကိုပင် သတိမူမိရှာပုံမပေါ်ပါ။ မျက်လွှာချ၍ ရှေ့သို့လျှောက်နေသည်။ ရွှေပေးလို့မရသော အိနြေ္ဒမျိုးပင်တည်း။
မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသောပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ကြွေကျသွားလေသည်။ ကြွေကျသောပန်းပွင့်အနည်းငယ်ကိုကောက်ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင်လိုက်ပြန်လေသည်။
တဖက်တချက်တွင် မြင့်တုံနိမ့်တုံဖြစ်သော ဆန်ကောဝိုင်းနေသောတင်သားများကို လက်ဝါးဖြင့်အသာအယာ ပွတ်ပွတ်စမ်းလိုသောစိတ် ပိုလာပြန်ပါပြီ။ ရွှေသလင်းပြင်နှင့်တူသော သူမ၏ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ပါးကိုကပ်ထားလိုသည်။ သည်မျှမကသေး။ သည့်ထက်ပိုကဲ၍ သူမ၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်၍ ညှစ်လိုက် ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသားဖြစ်၏။
ကျွန်ုပ်က သူမ၏သေးသွယ်လုံးကျစ်သောခါးကိုဖက်လျှက် သူမကမူ ကျွန်ုပ်၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်လျက်၊ သူမကမူ ကျွန်ုပ်၏ ဘယ်ဘက်လက်မောင်းအုံကြီးပေါ်တွင်ခေါင်းမီလျှက် နှစ်ယောက်သား ညုကာ တာကာ ယုယကာပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။
သူမမှာ အသက် ၂၀ ကျော်ကျော် ရင့်ကျက်သောမိန်းမပျိုကလေး။ ကျွန်ုပ်မှာမူကား အသက်အစိတ်ကျော်ကျော် ရင့်ကျက်သောလူပျိုကလေး။ ရွှေချောင်းထဲက မြရေယဉ်မှာ ပတ္တမြားလှေကိုစီးပြီး ငွေရွက်လွှင့်နေကြလေသည်။
သို့သော် ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ရောက်ခါနီးသောအခါ ရွှေချောင်းမှာဆုံးသွားပြီး မြရေယဉ်မှာရပ်စဲသွားလေသည်။ ပတ္တမြားလှေသည်ပေါက်ကွဲပြီး ငွေရွက်သည်လဲကျသွားလေသည်။
ပုဂံလမ်းထိပ်၊ စစ်ကိုင်းလမ်းပေါ်တွင် လူငယ်တဦးသည် အရှေ့မှအနောက်သို့လျှောက်သွားလေသည်။ မိန်းမပျိုသည် ထိုလူငယ်အားမြင်လိုက်သောအခါ“ဟလို”ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သူမအား ပြုံးရွှင်စွာဖြင့် “ဟလို”ဟု တုံ့ပြန်လိုက်လေသည်။ လှောင်အိမ်တခုစီမှာလှောင်ထားရာမှလွှတ်လိုက်သောဟင်္သာမောင်နှံလို မြူးသွားကြပြီး တဦးထံတဦးချည်းကပ်သွားကြလေသည်။
ကျွန်ုပ်၏ ရှေ့မှာလျှောက်သွားနေသောမိန်းမပျိုတွင် ရွှေပေးလို့မရသောအိနြေ္ဒသည်မရှိတော့ပါ။ ကျွန်ုပ်နှင့် စိတ်ကူးယဉ်အိမ်မက်ထဲတွင် ဖက်ကာမှီကာ ယုကာယကာလျှောက်သွားနေသောမိန်းမပျိုသည် တကယ့်အဖြစ်မှာတော့ ထိုလူငယ်နှင့် ဖက်ကာ၊ မီကာ၊ ယုကာလျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။
ကျွန်ုပ်ကား ပထမသော် နှမြောဝမ်းနည်းသလို ဖြစ်မိ၏။ နောက်တခဏ၌ကား မိန်းမပျိုနှင့်လူငယ်တို့သည် ရွယ်တူတန်းတူ၊ ကျောင်းသူ ကျောင်းသားကလေးများဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည်ကိုင်းသွားပါသည်။ သန်သန်နှင့်မြန်မြန်လျှောက်နေသော ခြေထောက်များသည် ချည်နဲ့ပြီးလေးကွေးသွားသည်။ ပိနေအောင် ဖီးထားသောဆံပင်များသည် ပွထလာကာ ဖြူစွတ်ခြင်းကို တံခွန်လွှင့်ပြနေကြသည်နှင့်တူ၏။
သူငယ်နှင့်မိန်းမပျိုတို့သည် တဦးဆီတဦး မြူးတူးခုန်ပေါက် ခပ်မြန်မြန်လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန်သတ်လိုက်ကြသည်။ တဦးနှင့်တဦး ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း၊ ကိုင်တွယ်ခြင်းမရှိ။ သို့ရာတွင် သူတို့၏အပြုံးနှင့်မျက်လုံးများကား ဖက်ယမ်းနမ်းရှုတ်နေကြပေသည်။
လူငယ်သည် ကျွန်ုပ်ထံသို့လှမ်း၍ “ဂွတ်မောနင်း ဆရာ”ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့“ဆရာ ဒီနေ့ နည်းနည်းနောက်ကျတယ် ဆရာ”ဟု ပြောသေး၏။
ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန်တူ၏။ လူငယ်၏မျက်နှာကို ကြည့်သည်။ သူကား ကျွန်ုပ်၏တပည့်ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင် ဘယ်သူဘယ်ဝါဖြစ်သည်ဟု နာမည်နာမနှင့်တကွ တပ်အပ်သတိမရတော့ချေ။ ကျွန်ုပ်သည် တပည့်အား ရှက်ပြုံးဖြင့်ကြည့်ပြီး“အေး၊ နည်းနည်း နောက်ကျသွားတယ်။ ပန်းကလေးတွေ ကောက်နေရလို့” ဟု ပြောစရာမရှိ ပြောလိုက်လေသည်။ မဖူလုံသော အကြောင်းပြချက်ဖြစ်၏။
ကျွန်ုပ်၏ အတွင်းဖောက်ပြန်မှုကို တပည့်များမိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။ မိန်းမပျိုနှင့်ကျွန်ုပ်၏တပည့်တို့သည် တယောက်တယောက်ပြုံးကြည့်ရင်း ရှေ့မတိုး၊ နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏စိတ်ဖောက်ပြန်ပုံကိုသိပြီး ကျွန်ုပ်အား လှောင်ပြောင်သောအားဖြင့် ၀မ်းသာလုံးဆို့ကာ ပြုံးရုံသာပြုံးပြီး ကြည့်နေကြဟန်တူပါသည်။
ကျွန်ုပ်သည် သူတို့အားကျော်ပြီး ခပ်မြန်မြန်လျှောက်လာခဲ့၏။ “ပန်းပွင့်တွေ ဘာလုပ်ဖို့ကောက်လာသလဲ ဆရာ”ဟု တပည့်ကျော်က ထပ်ဆင့်မေးပြန်လျှင် ကြံဖန်ပြောနေရဦးမည်။ ရူပဗေဒနည်းအရ ပန်းပွင့်ပေါ်အလင်းရိုက်ပုံကိုကြည့်၍ မျိုးဆက်ပြန့်ပွားနေပုံကို လေ့လာရန်ဖြစ်သည်ဟု ပြောမည်လော။ တခုခုကြံဖန်ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို ရှေ့ကဆီးကြည့်ချင်၍ ပန်းခူးချင်ယောင်ဆောင်ခဲ့ရသည့် အဖြစ်ကို ကျွန်ုပ်ကြံဖန်ဖုံးဖိမနေချင်တော့ပါ။ ကျွန်ုပ်သည် ရှေ့သို့သာတွင်တွင်လျှောက်သွား၏။
တပည့်ကျော်ကတော့ ကျွန်ုပ် ကျောင်းနောက်ကျသဖြင့် မြန်မြန်လျှောက်သွားသည်ဟု ထင်ကောင်းထင်ပေမည်။ ကျွန်ုပ် မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့်ကျွန်ုပ် နှစ်ယောက်ထဲပူးတွဲကာ ပုဂံလမ်းကိုပိုင်လိုက်ရသည့်တခဏ၌ စိတ်ဖောက်ပြန်မိခြင်းအတွက်သာ ဖြစ်ပါသည်။
ကျွန်ုပ်၏အခန်းထဲရောက်ပြီး ကုလားထိုင်ပေါ်မှာထိုင်မိသောအခါ ဒူးတွေကိုက်နေသည်ကို သတိရမိလေသည်။ ၅၀ ကျော်ကတည်းက ဒူးဒုက္ခပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီးစဉ်းစားမိသည်။ သို့ကလို အိုပါလျှက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေးတွေ့သောအခါ နုပျိုစိတ်တွေဝင်ပြီးတက်ကြွလာတာ ဘာကြောင့်လဲဟု စဉ်းစားနေမိပြန်သည်။
ကျွန်ုပ်၏ သီးသန့်ချွတ်ယွင်းချက် ဖြစ်သလော။ ပုထုဇနောဥမ္မတကောတွေမို့ လူ့သဘာဝဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏ စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် ပတ္တမြားရောင်စုံရှက်သန်းသောနွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သောအလှတို့ကပင် ကျွန်ုပ်အား သွေးသစ်သားသစ်လောင်းပေးပြီး နုပျိုသောစိတ်ကူးတွင် ယစ်မူးပျော်မြူးစေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိပါသည်။
အိမ်မှ တလနီးပါးထွက်ခွာကာ ဥပုသ်စောင့်နေသော အိမ်ကဟာမကြီးပြန်လာလျှင် သည်အကြောင်း မေးကြည့်ရကောင်းမလား။ အိမ်ကဟာမကြီးကတော့ ကလေးကလားစကားတွေမပြောစမ်းပါနှင့်ဟုပြောကာ ဆီးပိတ်လိမ့်မည်လားမဆိုနိုင်ပါ။ ကျွန်ုပ်မှာတော့ ပြဿနာဖြစ်နေပါသတည်း။    ။
သိန်းဖေမြင့် (၁၉၅၉)

နောက်ဆက်တွဲ
တပေါင်း၏သြဇာနှင့်ဆရာအို၏ပြဿနာ
ကျွန်တော်သည် လွန်ခဲ့သောနှစ်အနည်းက ရှုမ၀မဂ္ဂဇင်းတွင်“ဆရာအို၏ ပြဿနာ”ဟူသော ၀တ္တုတိုကလေးတပုဒ်ကို ရေးလိုက်လေသည်။
လူတော်တော်များများသည် ထိုဝတ္တုကလေးကိုမဖတ်မီ ခေါင်းစဉ်ကိုမြင်လိုက်ရရုံဖြင့် မြင်းအို၊ နွားအိုကြီးများကဲ့သို့ သက်ကြီးရွယ်ကြီးဆရာအိုကြီးများမှာ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး ဘယ်ပုံဘယ်နည်းအခက်အခဲတွေ့ပုံကို ပြဿနာလုပ်ပြီးရေးထားဟန်ရှိသည်ဟု ထင်မှတ်လိုက်ကြကြောင်း သိရလေသည်။
သို့သော် ဖတ်ကြည့်လိုက်သောအခါပြဿနာတမျိုးဖြစ်နေသည်ကို အံ့သြစွာတွေ့ရှိကြရလေသည်။ အချို့က သဘောကျပြီး ကျွန်တော့်အားချီးကျူးကြ၏။ တချို့ကမူ ကျွန်တော်သည် ဤလိုကိစ္စကို ပြဿနာလုပ်ကာ စာပေတပုဒ်မရေးသင့်ဟုဆိုကြသည်။ ဤလို မရေးသင့်ဟုထင်မြင်ချက်ပေးသူများထဲတွင် ဆရာဇော်ဂျီလည်း ပါဝင်လေသည်။
ကျွန်တော့်လိုစာရေးဆရာသည် စိတ်ဖောက်ပြန်တာတွေကိုရေးနေရန်မဟုတ်။ စိတ်ဖောက်ပြန်မှုဆိုသည်မှာ သည့်ထက်ဆိုးရွားစွာပင် ဖောက်ပြန်တတ်သေးသည်။
ကျွန်တော်တို့ရေးရန်မှာ စိတ်ကိုထိန်းချုပ်ပုံ၊ ဖောက်ပြန်တတ်သောစိတ်ကို နိုင်နင်းစွာပဲ့ပြင်နိုင်ပုံစသည်တို့သာ ဖြစ်သင့်သည်ဟုဆိုလေသည်။
ကျွန်တော်ကား ဆရာအို၏ပြဿနာဝတ္တုတိုကိုရေးရာ၌ ရည်ရွယ်ချက်ကြီးတွေတမင်လက်ကိုင်ပြု၍ စိတ်ဖောက်ပြန်တတ်ပုံကိုဖော်ပြရန်သော်၎င်း၊ ဖောက်ပြန်တတ်သောစိတ်ကို နှိင်နင်းစွာပဲ့ပြင်ပုံကိုသော်လည်းကောင်း သရုပ်ဆောင်ရန်ရေးခြင်းမဟုတ်ပါ။
တပေါင်းလပတ်ဝန်းကျင်၏သြဇာသည် ကျွန်တော့်အပေါ်မှာ သက်ရောက်လာ၏။ ကျွန်တော့်တွင် တပေါင်းလ စိတ်ကူးနှင့်ခံစားမှုများပေါ်လာ၏။ သို့ကလို သဘာဝအလျောက်ပေါ်လာသောစိတ်ကူးနှင့်ခံစားမှုများကိုမူ တည်ကာ ဆရာအို၏ပြဿနာဝတ္တုတိုကလေးကို ဖန်ဆင်းလိုက်ခြင်းဖြစ်လေသည်။
တပေါင်းတန်ခူးသည် နွေဦးရာသီဖြစ်၏။ ဆောင်းကိုနေရစ်ခဲ့တော့ဟုနှုတ်ဆက်ပြီး နွေကို ကြိုဆိုနေလေသည်။ ပိတောက်ပင်နှင့်သပြေပင်တို့မှာ ရွက်ဟောင်းတွေအကုန်ကြွေပြီး ရွက်သစ်တွေဝေနေသည်။ မဒမပင်ကား ရွက်ဟောင်းတွေအကုန်ကြွေကျပြီး အရိုးပြိုင်းပြိုင်းထနေတုန်းဖြစ်၏။ ကုက္ကိုပင်ကြီးနှင့်သင်္ကန်းပင်ကြီးတို့မှာ ရွက်သစ်တွေခက်ဖြာတင့်နေရုံမျှမက အပွင့်တွေရှက်ဖြာဆင့်နေသည်။
လက်ပံပင်ကြီးကမူ အရွက်ဗလာဖြစ်နေသောရိုးတံများမှ နီရဲသောအပွင့်ကြီးများဖြင့် စည်ကားလှိုင်ဝေနေပေသည်။ ဥသြတွန်သံကသာပြီး ဂျိုးကူသံက အေးမြလှ၏။ သစ်ပင်တောတောင်နှင့်ငှက်အပေါင်းသည် နှစ်သစ်ကိုကြိုဆိုနေသည်။ တပေါင်း တန်ခူးနွေဦးရာသီသည် နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးသောရာသီဖြစ်ရုံမက တောတောင်၊ သစ်ပင်၊ ကျေးငှက်စသည့် ပတ်ဝန်းကျင်တို့သည် အဟောင်းမှအသစ်သို့ ကူးပြောင်းချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် သဘာဝပတ်ဝန်းကျင်၏ အဟောင်းမှအသစ်သို့ကူးပြောင်းမှုသည် လူကိုလည်း အဟောင်းအသစ်ကူးပြောင်းစေထိုက်ပေသည်။ ရာသီမှာတပေါင်းရှိသလို လူ့ဘ၀မှာလည်း တပေါင်းရာသီ ရှိထိုက်သည်။ ဟောင်းမြင်းသည့်ဘ၀၊ အိုမင်းရင့်ရော်ရာမှ ပြန်လည်ဆန်းသစ်နုပျိုသင့်လေသည်။ ရုပ်ဝတ္တုကို ဆန်းသစ်၍မရသေးသည့်တိုင်အောင် စိတ်ကတော့ပြန်လည်ဆန်းသစ်ပျိုမြစ်ခြင်းသို့ ရောက်ရန်တမ်းတမိသည်။ လွမ်းဆွတ်မိသည်။ သူငယ်ပြန်ချင်သည်ဆိုပါက ဆိုစေတော့။
ဆရာအိုသည် ပြန်ပျိုချင်သည်။ ညိုးနွမ်းပျော့ခွေနေသော ဆရာအို၏ဖိုဓာတ်သည် ပြန်လည်သန်မာလာချင်သည်။ “သောတပန် မဟာထေရ်တို့တောင် မဆည်နိုင်မျက်ရည်စို့ရတယ်၊ လွမ်းဖို့ အိုကောင်း လတပေါင်း”တွင် ဖူးပွင့်စပန်းကလေးလိုသစ်လွင်လှပသော ကျောင်းသူကလေးကိုမြင်မိသော ဆရာအိုသည် ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။
တကယ့်တကယ် ကျောင်းသားဘ၀ကို ပြန်မရလျှင်ကား ဆရာအိုဘာတတ်နိုင်ရှာမည်နည်း။ လက်မှိုင်ချရမည်သာပင်။ သို့သော်ဆရာအို၏ လွမ်းဆွတ်တသခွင့်၊ စိတ်ကူးခွင့်နှင့်စိတ်ဖောက်ပြန်ခွင့်တို့ကား ကျွန်တော်တို့စာရေးဆရာများက မချုပ်ချယ်သင့်သောအခြေခံလူ့သဘာဝအခွင့်အရေးပေတည်း။
(၁၉၆၄)ဆရာသိန်းဖေမြင့် ၀တ္ထုတိုပေါင်းချုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/book-store/short-stories/1981-maukkha-thein-phay-myint   

နွေဦးပေါက်တော့ (မင်းသုဝဏ်)

0 comments

နွေဦးပေါက်တော့ (မင်းသုဝဏ်)



သွေ့သည် သွေ့သည်၊ စုံပတ်လည်ဝယ်
မစည်ကြိုးကြဲ၊ ရွက်ရော်ဝဲသည်
နှင်းစဲခါစ ပေါ်နွေဦး။           

ဝေ့လည် ဝေ့လည်၊ ရပ်မတည်သည်
ဟိုသည်လျှာက်ပြေး၊ ရွက်ရော်သေးကို
ဆောင်သွေး ချေပေါ့ ဆော်လေရူး။           

မြေ့ချည် မြေ့ချည်၊ စိုမပြည်သည်
မကြည်နောင့်ဝမ်း၊ ရွက်ရော်နွမ်းနှင့်
မိတ်ကျွမ်းတဝင်၊ ပါလေအင်သည်
ဘယ်တွင်ဆုံးရိပ် မြော်ချေဘူး။           




မင်းသုဝဏ်
(ဂန္ထလောက၊ တပို့တွဲ...)   

Friday, March 23, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၅ အပြီးသတ်)

0 comments

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၅ အပြီးသတ်)
မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
        တရားခံရှေ့နေကြီး နိဂုံးချုပ်ပြီးလျှင် တရားလိုအစိုးရရှေ့နေကြီးက ပြန်ချေပ၏။ အစိုးရရှေ့နေက ဝတ္ထုစာအုပ်ထဲမှစာပိုဒ်များကို ရွေးနှုတ်၍ ဖတ်ပြသွားပြီး စာအုပ်တွင် စာပေတန်ဖိုးမရှိ၊ ပညာရေးရ၍ထောင့်မှ လည်းကောင်း၊ လူမှုဆက်ဆံရေးရ၍ထောင့်မှလည်းကောင်း ဘာတန်ဖိုးမှ မရှိ။ ထို့ကြောင့်အများပြည်သူ၏အကျိုးနှင့် ကိုက်ညီခြင်းမရှိကြောင်းဖြင့် ထုချေသွားသည်။ ထို့နောက်တွင်တရားသူကြီးက သူ၏ ကောက်နှုတ်ချက်ကိုဖတ်ပြသည်။ တရားသူကြီး၏ ကောက်ချက်တွင် သက်သေထွက်ချက်များ၊ နှစ်ဘက်ရှေ့နေများ၏လျှောက်လဲချက်၊ ချေပချက်များကို ကိုးကားပြီးနောက် အမှုနှင့်စပ်လျဉ်း၍ အရေးကြီးသောအစိတ်အပိုင်းနှစ်ချက်ကို တင်ပြသွား၏။ တချက်မှာ အကယ်၍ စာအုပ်သည် စွဲချက်နှင့်ကိုက်ညီခြင်းမရှိဟု သံယသရှိဖွယ်ရှိလျှင် လွှတ်ပစ်ရန်(လွှတ်ပေးရန်)ဖြစ်ပြီး၊ စွဲချက်နှင့်သံသယ မရှိပါက မရှိသည့်အလျှောက် ထင်မြင်ချက်ပေးရန်ဖြစ်သည်။ နောက်တချက်မှာ ဤဝတ္ထုသည် ညစ်ညမ်းမှုကိုဖုံးလွှမ်းသွားနိုင်လောက်အောင် စာပေအရည်အသွေးအဆင့်အတန်းမြင့်သလော-ဆိုသည့်အချက်ကို တရားခံများက ထင်ရှားပြနိုင် မပြနိုင်စဉ်းစားရန်၊ သို့ ပြနိုင်ခြင်းဖြင့် အများပြည်သူကောင်းကျိုးအတွက် ဤစာအုပ်ကိုပုံနှိပ်ရသည်ဆို သည့်အချက်သည် ခိုင်လုံခြင်းရှိ မရှိကိုစဉ်းစားရန်ဖြစ်သည်။ တရားသူကြီး၏ဝတ္တရားမှာ ဥပဒေအချက်အလက်များကို တင်ပြရန်ဖြစ်၍ ဂျူရီ၏ဝတ္တရားမှာ ဖြစ်ပျက်သောအကြောင်းခြင်းရာများသည် ဥပဒေနှင့်ညီ မညီစဉ်းစား၍ အဆုံးအဖြတ်ပေးရန်ဖြစ်သည်ဟုဆိုကာ ရှည်လျားစွာတင်ပြသွား၏။
         ဂျူရီလူကြီးများကစဉ်းစားခန်းဝင်ကြသည်။ ထို့နောက် စီရင်ချက်ချမှတ်သည်။ ဂျူရီ၏စီရင်ချက်ကား “အပြစ်မရှိ”ဟူ၍ဖြစ်သည်။ သို့ရာတွင် စီရင်ချက်၌ စာအုပ်သည် “ညစ်ညမ်းခြင်းမရှိ”ဟူ၍လည်းကောင်း၊ “ညစ်ညမ်းသော်လည်း အကျိုးအကြောင်းနှင့်ညီမျှသည်”ဟူ၍လည်းကောင်း တစုံတရာဖော်ပြထားခြင်း မရှိချေ။
         တရားခံ၏ရှေ့နေကြီးက အမှုအတွက်တရားခံများ၏ကုန်ကျစရိတ်မှာ ပေါင်စလာပေါင်း ၁၃၀၀၀ ကုန်ကျသဖြင့် စရိတ်နှင့်တကွအနိုင်ပေးပါရန် လျှောက်ထားသည်။ စရိတ်ပေးလျော်ရန်လျှောက်ထားချက် ကိုမူ ရုံးတော်မှပယ်ချလိုက်လေသည်။
         သို့ဖြင့် ကမ္ဘာ့စာပေနှင့် တရားဥပဒေလောကကစိတ်ဝင်စားသောအမှုကြီးမှာ ပြီးဆုံးသွားလေသည်။ အမှုအတွင်း သက်သေများ၏ထွက်ချက်များကား များစွာစိတ်ဝင်စားဖွယ်ကောင်းလှသည်။ ရှေ့နေနှင့် သက်သေများ၏အမေးအဖြေများမှာ ဥပဒေကြောင်းအရလည်းကောင်း၊ စာပေအယူအဆအရလည်းကောင်း များစွာတန်ဖိုးရှိပေသည်။ အမှုတွင်ထွက်ဆိုကြသော သက်သေများ၏ထင်မြင်ချက်များမှာ လောရင့်၏ ဝတ္ထုနှင့်စပ်လျဉ်း၍ အရှည်လျားဆုံး၊ အကျယ်ပြန့်ဆုံးသော စာပေနှီးနှောဖလှယ်ပွဲကြီးဖြစ်ကြောင်းဖြင့် စာပေဝေဖန်ရေးဆရာတို့ကဆိုကြ၏။
         သို့ရာတွင် တရားခံရှေ့နေကြီးမစ္စတာဂါဒီနား၏စကားတခွန်းကား စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်၏။ ထိုစကားရပ်ကို မစ္စတာဂါဒီနားသည် ရုံးခန်းထဲတွင်ပြောခွင့်မရှိ၍ အမ၍စီရင်ချက်ချအပြီးရုံးအပြင်ရောက်မှ ပင်ဂွင်းပုံနှိပ်သူများကိုပြောပြခြင်းဖြစ်၏။ သူ့စကားရပ်မှာ....
         “လောရင့်လိုစာရေးဆရာက ဒီဝတ္ထုထဲမှာ ဒီရည်ရွယ်ချက်နဲ့ ဒီစကားလုံးတွေကိုသုံးစွဲထားတာဟာ ဥပဒေနဲ့မငြိစွန်းဘူးလို့ ကျနော်လျှောက်လဲခဲ့တာပဲ။ ဒါပေမယ့် လောရင့်ကိုတုပြီး လိုက်ရေးကြလို့တော့မဖြစ် ဘူးဗျ။ ဒီစကားလုံးတွေကို တခြားပေါက်တတ်ကရစာရေးဆရာတွေက သူတို့ဝတ္ထုတွေထဲမှာထည့်သုံး ရင်တော့ အဓိပ္ဗါယ်တမျိုးဖြစ်လိမ့်မယ်” ဟူသတည်း။
(ပြီးပါပြီခင်ဗျား)
မတ်ချ ၂၃ ရက် ၂၀၁၂

Thursday, March 22, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၄)

0 comments
မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
         နိုဝင်ဘာ ၁ ရက်နေ့တွင် တရားခံရှေ့နေကြီးက လျှောက်လဲချက်ပေးသည်။ သူ၏လျှောက်လဲချက်တွင် “ခံစစ်ကြောင်း”ကို အောက်ပါအချက်ကြီးများပေါ်တွင်အခြေပြုထားသည်ကိုတွေ့ရ၏။
(၁) စာရေးဆရာ၏အဆင့်အတန်း။ သက်သေများအားလုံးကဥရောပစာပေနှင့် လောရင့်၏နေရာသည် ထိပ်ဆုံးတန်းမှာရှိနေကြာင်းကို ထွက်ဆိုသွားကြသည်။ တရားခံ၏ရှေ့နေကြီးက သက်သေထွက်ချက်များကို ကောက်နှုတ်၍ကိုးကားသွားသည်။ သက်သေများမှာကျွမ်းကျင်သူများဖြစ်၍ သက်သေထွက်ချက်များသည် လည်း ကျွမ်းကျင်သူများ၏ထင်မြင်ချက်ဖြစ်သဖြင့် အရေးကြီးကြောင်းဖော်ပြသွားသည်။
(၂) စာအုပ်၏အဓိပ္ဗါယ်အနှစ်သာရ။ ဤစာအုပ်သည် လောရင့်၏နောက်ဆုံးဝတ္ထုဖြစ်သည်။ ယင်းစာအုပ်ကို အစမှအဆုံးတိုင် သုံးကြိမ်ပြန်ရေးရသည်။ ဤစာအုပ်သည် လောရင့်၏အကောင်းဆုံးစာအုပ် မဟုတ်သော်လည်း လောရင့်၏အတွေးအခေါ်ကိုသိလိုလျှင် ဤစာအုပ်ကိုမဖတ်၍မဖြစ်ဟု သက်သေများက ထွက်ဆိုသွားကြသည်။ ဤစာအုပ်သည် ကာမရာဂစပ်ယှက်ခြင်းကိုအဓိကထားခြင်းမဟုတ်ပဲ ဖောက်ပြားသောအိမ်ထောင်ရေးနှင့် ပုံမှန်သည့်သန့်ရှင်းသောအိမ်ထောင်ရေးကို နှိုင်းယှဉ်ပြသည့် ဝတ္ထုဖြစ်သည်။ လောရင့်သည် ဘဝကိုသရုပ်ဖော်ခြင်းဖြစ်သည်။ လူသတ္တဝါများအား ကြင်နာမှု၊ ကိုယ်ချင်းစာမှုကို သရုပ်ဆောင်ခြင်းဖြစ်သည်။
(၃) ညစ်ညမ်းသောစကားလုံးများကို သုံးစွဲခြင်းမဟုတ်။ ကျွမ်းကျင်သူသက်သေများအားလုံးက 
ဤစာရေးဆရာရေးသားသော ဤစာအုပ်တွင် ဤအသုံးအနှုန်းများကိုသုံးစွဲခြင်းသည် တရားဥပဒေနှင့် ကိုက်ညီသည်ဟု ယူဆကြောင်းဖြင့်ထွက်ဆိုသွားကြသည့် ကောက်နှုတ်ချက်များကို ကိုးကားသည်။
(၄) ဖြတ်တောက်ပြီးသားစာအုပ်ဖြင့်မလုံလောက်။ ဤနေရာတွင်လာည်း တရားခံ၏ရှေ့နေကြီးက ကျွမ်းကျင် သူများ၏ထင်မြင်ချက်ကို ကိုးကားပြသည်။ ဖြတ်တောက်ပြီးထုတ်ဝေလျှင် စာရေးဆရာ၏အာဘော်မရောက်။ ဖြတ်တောက်၍ထုတ်ဝေခြင်းသာလျှင် ညစ်ညမ်းရာရောက်နေသည်။ စာရေးဆရာသည် တမင်ညစ်ညမ်းစွာ ရေးထားသလားဟုထင်ဖွယ်ရှိနေသည်။ ဖြတ်တောက်ခြင်းသည် စာရေးဆရာ၏အာဘော်ကို ပြောင်းပြန်ဖြစ် စေသည်။ အပြည့်အစုံထည့်မှ အရည်လည်ကာ လိုရင်းကိုရောက်နိုင်သည်။
(၅) အကျယ်အတည်းမရှိ ဖောက်ပြားခြင်းကို အားပေးခြင်းမရှိ။ စာရေးဆရာသည် ဖောက်ပြားခြင်းကို အားမပေးရုံမက ရှုတ်ချသည်။ ဝတ္ထုထဲတွင် တိတ်တဆိတ်ဖောက်ပြားသောအခန်းများပါသည်မှာ မှန်သည်။ သို့ရာတွင် ဤအခန်းမျိုးမှာ ယခု စာထဲပေထဲတွင်မှပါသည်မဟုတ်။ ဟိုးမား၏ အီးလိယက် ပျို့ကဗျာကြီးလို စာပေထဲမှာတောင်ပါသေးသည်။ ယင်းဝတ္ထုသည် ပျက်စီးနေသောဘဝကို သရုပ်ဖော်ခြင်းဖြစ်သည်။ 
တိတ်တဆိတ်ဖောက်ပြားခန်းကို အမွှမ်းတင်ခြင်းမရှိ။ လောရင့်သည် တိတ်ဆိတ်ဖောက်ပြားမှုများကိုမြင်တွေ့ ရသဖြင့် ကမ္ဘာပေါ်တွင်အရေးအကြီးဆုံးသောအရာသည် မှန်ကန်ကောင်းမွန်သော
အိမ်ထောင်ရေးဖြစ်သည်ဟုယူဆကာ ဤအယူအဆကိုတင်ပြခြင်းဖြစ်သည်။
(၆) ဤဝတ္ထုသည် လင်ရှိမယားမျောက်မွေးခန်းမဟုတ်။ ဤဝတ္ထုသည် စာရိတ္တပြုပြင်ရေးအတွက်
ရှေ့နေလိုက်သော ဝတ္ထုထဲတွင် မစ္စက်ဘော်လတန်ဆိုသူ၏အိမ်ထောင်ရေးကို စံပြအဖြစ်ထားသည်။ လူအချင်းချင်း မှန်ကန်သောဆက်ဆံရေးရအောင် ရှေ့ဆောင်လမ်းပြပြုသောဝတ္ထုဖြစ်သည်။
(၇) ဤဝတ္ထုသည် လူတွေအကြောင်းကိုရေးထားသောဝတ္ထုဖြစ်သည်။ (လူသည် ဒုစရိုက်ကောင်ဖြစ်သည်၊ ဒုစရိုက်မကင်းသောလူ့အကြောင်းရေးထားသည့်စာအုပ်သည် အဓိပ္ဗါယ်မရှိ) ဟု ရှင်သြဂတ်စတင်န်းက
ဆိုဖူးသည်။ (မူလစာအုပ်မှာ စာရိုက်မှားတယ်လို့တွေးပါတယ်။ ပြောချင်တာက (လူသည် ဒုစရိုက်ကောင်ဖြစ်သည်။ (ဒုစရိုက်ကင်းသောလူ့အကြောင်း) ရေးထားသည့်စာအုပ်သည် အဓိပ္ဗါယ်မရှိ-လို့ဆိုမှ Saint Augustine ရဲ့ စကားဖြစ်သလို တရားခံရှေ့နေကြီးရဲ့ ကိုးကားချက်ကိုလည်း ထင်ဟပ်မှာပါ)
(၈) သာမန်လူထုလက်ထဲသို့ ဤစာအုပ်ရောက်ခြင်းသည် အန္တရာယ်မရှိ။ ပင်ဂွင်း၏ရည်ရွယ်ချက်သည် အကောင်းဆုံးစာပေများကို အသက်သာဆုံးဈေးနှုန်းဖြင့် လူထုထံအရောက်ဖြန့်ချိရန်ဖြစ်သည်။  ယခုထိ စာအုပ်သန်းပေါင်း ၂၅၀ ကိုထုတ်ဝေပြီးဖြစ်သည်။ ပင်ဂွင်း၏စာပေကြိုးပမ်းမှုကြောင့် ပင်ဂွင်းတည်ထောင်သူ မစ္စတာအာလိန်းအား အစိုးရက ၁၉၅၂ ခုနှစ်က ဆြာဘွဲ့ချီးမြှင့်ခဲ့ပါသည်။ ပင်ဂွင်းသည် စာပေအရည်အသွေးရှိ သောစာအုပ်များ၊ ပညာပေးစာအုပ်များနှင့် လူမှုသိပ္ဗံဆိုင်ရာစာအုပ်များကို ထုတ်ဝေခဲ့သည်။ ဤစာအုပ်သည် အထက်ပါအချက် သုံးချက်စလုံးနှင့်ပြည့်စုံသည်။ တရားခံပြသက်သေတဦးဖြစ်သည့် ဘာသာရေးဆိုင်ရာ ပညာရေးဋ္ဌာနမင်းကြီးမစ္စတာ တက်တလားကိုယ်တိုင်က(ဤဝတ္ထုသည် ဖိုမဆက်ဆံရေးကိစ္စတွင်တာဝန်မဲ့မှု များကို ဆန့်ကျင်တိုက်ခိုက်ထားသောဝတ္ထုဖြစ်သည်။ လူငယ်များကိုသာမက၊ ဖိုမဆက်ဆံရေးကိစ္စတွင်
စည်းမဲ့ကမ်းမဲ့လူသရမ်းများကိုပင် အသိညာဏ်ပေးနိုင်သောဝတ္ထုဖြစ်သည်)ဟု ထွက်ဆိုသွားခဲ့သည်။ စာရေးဆရာသည် အဆင့်အတန်းရှိသောစာရေးဆရာဖြစ်သည်။ စာဖတ်သူတို့အား အသိညာဏ်ရစေရန် ရည်ရွယ်ချက်ဖြင့်ရေးခြင်းဖြစ်သည်။ ဖော်ပြပုံများနှင့်သုံးနှုန်းပုံများမှာ သူ့ရည်ရွယ်ချက်နှင့်ဆီလျော်သည်။ စာအရေးအသားသည် လှပသိမ်မွေ့၍ သူ၏အရေးအသားများထဲတွင် ထိပ်ဆုံးမှပါဝင်သည်။ စာအုပ် တအုပ်လုံးကိုခြုံကြည့်လျှင် အများပြည်သူ၏အကျိုးအတွက်ဖြစ်သဖြင့် ယခုကဲ့သို့ အများပြည်သူလက်ထဲ ရောက်အောင်ပုံနှိပ်ဖြန့်ချိသင့်သည်။
         အမှုကို စစ်ဆေးစွဲဆိုရာတွင်လည်း အောက်ပါရှူထောင့်များမှကြည့်သင့်ကြောင်းဖြင့် တရားခံရှေ့နေကြီးက ထုတ်ဖော်ညွှန်ပြသွားလေသည်။
(၁) ပါလီမန်က ပြဋ္ဌာန်းအတည်ပြုခဲ့သော ၁၉၅၉ ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေး အက်ဥပဒအရ၊ စာအုပ်တအုပ်ကို ညစ်ညမ်းသည်ဟုဆုံးဖြတ်ရာတွင် စာပိုဒ်အချို့ကိုကြည့်၍မဆုံးဖြတ်ပဲ စာတအုပ်လုံးကိုခြုံကြည့်၍သာဆုံးဖြတ်ရမည်ဟု ဆိုထားသည်။
(၂) စာအုပ်ကို ဈေးသက်သာစွာနှင့်ထုတ်ဝေခြင်းမှာ လူထုလက်သို့ များများရောက်ရေးကိုရည်ရွယ်သည်။
(၃) လူပျိုနှင့်အပျို သို့မဟုတ် လူအိုနှင့်အအိုတို့အကြောင်းကိုရေးထားရုံမျှဖြင့် စာအုပ်တအုပ်အား 
ညစ်ညမ်းသည်ဟုမခေါ်နိုင်။ ဤအတိုင်းသာဆိုပါက ၉ ၀ ရာခိုင်နှုန်းသောအင်္ဂလိပ်စာပေကို ညစ်ညမ်းသည်ဟုဆိုရတော့မည်။
(၄) ဤစာအုပ်သည် အကျင့်စာရိတ္တပျက်ပြားစေနိုင်သော သို့မဟုတ် ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေနိုင်သော ဆိုသည့် နှစ်ပြဿနာကိုဆုံးဖြတ်ရမည်ဟု ဥပဒေတွင်ဆိုမထား။ ဥပဒေတွင်ဆိုထားသည်မှာ “ဖတ်ကောင်း ဖတ်မည့်သူများအား အကျင့်စာရိတ္တပျက်ပြားရန် သို့မဟုတ် ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေရန်ရည်ရွယ်သော” ဟု ဆိုထားခြင်းဖြစ်သည်။
(၅) မသန့်ရှင်းသောအတွေးအခေါ်များကို ဖြစ်ပေါ်စေနိုင်သောသဘောရှိသော စာအုပ်တအုပ်ဟုဆိုခြင်းသည် စာရိတ္တပျက်ပြားစေသော၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေသောသဘောဆိုသည့်အဓိပ္ဗါယ်နှင့်ခြားနားသည်။ ခြားနားကြောင်းကို ရုံးတော်မှအဆုံးအဖြတ်ပေးပြီးဖြစ်သည်။
         ထို့ကြောင့် ဤစာအုပ်သည် လူငယ်များအပါအဝင် စာဖတ်သူအားလုံးအား အကျင့်စာရိတ္တပျက်ပြား စေမည်မဟုတ်ကြောင်း၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေမည်မဟုတ်ကြောင်းဖြင့် တရားခံရှေ့နေကြီးက ထုချေသွားလေသည်။
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မတ်ချ ၂၂ ရက် ၂၀၁၂။ 

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၅၅) မျိုးမြင့်ချို

0 comments

မတ်ခ်ျလ ၂၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက လွှင့်ထုတ်ပြီးဖြစ်ပါတယ်။
            စစ်ထောက်လှမ်းရေးကား ရဲစခန်းဝင်းထဲကနေမောင်းထွက်လာချိန်မှာတော့ အလုံပိတ်ကားနောက်ခန်းထဲမှာတယောက်ထဲထိုင်ရင်း ဘယ်နေရာ ရောက်နေပြီဆိုတာကို စိတ်နဲ့လိုက်မှတ်နေမိပါတယ်။ ဒီလမ်းက ကျနော် နေ့ရှိသ၍သွားလာနေတာဆိုတော့ ဘယ်နေရာဘာဆိုတာ အကုန်နီးနီးစိတ်နဲ့သိနေတာပါ။ ဒီလိုနဲ့ မောင်းလာလိုက်တာ ရေကြည်အိုင်စစ်ထောက်လှမ်းရေးတပ်နေရာကို ရောက်လာပါရော။ နောက်တော့ ကားရပ်သွားပြီး "နောက်လှည့်ထား"ဆိုတဲ့အသံနဲ့အတူ သစ်သားတံခါးလေးဖွင့်သံကြားရပါတယ်။ ကျနော့်ကိုအပြင်ဘက် ဆွဲထုတ်၊ ချိုင်းထောက်တွေပြန်ပေး၊ ကုတ်ကနေဆွဲခေါ်လာပါတယ်။ တနေရာရောက်တော့ ကုလားထိုင်တလုံးမှာထိုင်ခိုင်းပြီး ကိုယ်ရေးအချက်အလက်တွေမေးကြပါတယ်။ မေးရင်း ဘာအမှားအယွင်းမှ မရှိတဲ့ကြားက အသားလွတ်ဆဲဆိုကြိမ်းမောင်းပြီး လေးငါးချက်လောက် အရိုက်အပုတ်ခံရပါသေးတယ်။ နောက်တော့ မတ်တပ်ရပ်ခိုင်းပြီး တကိုယ်လုံးအနှံ့ရှာဖွေရေးလုပ်ပါတယ်။ ရှာရင်းနဲ့ ကျနော့်အိပ်ထဲက ဆေးလိပ်ဗူးမီးခြစ်နဲ့ ပါသမျှပိုက်ဆံအကုန်သိမ်းတဲ့အပြင် လက်ကလက်ပတ်နာရီပါချွတ်ယူလိုက်ကြပါတယ်။ နောင်မှာ အဲဒီပစ္စည်းတွေ ပြန်တောင်းပေမယ့် တခုမှပြန်မရတော့ပါဘူး။

            အဲဒီနောက် တနေရာကိုခေါ်သွားပြန်ပါတယ်။ ခေါင်းစွပ်ထဲကနေ ဘယ်နေရာဘာရှိတယ်ဆိုတာမသိရတော့ သူတို့ဆွဲခေါ်တဲ့နောက် လျှောက်လိုက်ရတာ အတော် ကသိကအောက်ဖြစ်ရတာပါပဲ။ "ငုံ့..ငုံ့"လို့ပြောတဲ့အခါ ငုံ့လျှောက်ပြီး "ကျော်..ကျော်"လို့ ပြောတဲ့အခါ ဘာမှန်းမသိပဲ ကျော်ရပြန်ပါတယ်။ လျှောက်နေရင်းတယောက်က မင်း ဘယ်ရောက်နေလဲဆိုတာ သိလားလို့မေးပါတယ်။ ကျနော်သိတာပေါ့။ ဒါ ရေကြည်အိုင်စစ်ထောက်လှမ်းရေးတပ်ဆိုတာ၊ ဒါပေမယ့် "သိတယ်"လို့ဖြေလိုက်ရင် ရန်များအရှာခံရမလားမသိဘူး။ "မသိဘူး"  ဖြေရင်ကောယုံပါ့မလား။ ကျနော် ဒီနယ်သားဆိုတာ သူတို့သိပြီးသားမဟုတ်လား။ မဖြေရင်လည်း ရန်ရှာခံရနိုင်တယ်။ ဒီတင် ကျနော် စလိမ်ရပါပြီ။ "သိတယ်"လို့ ခတ်တိုးတိုးဖြေလိုက်တော့ သိရင်ပြောစမ်းကွာတဲ့။ ကျနော်က "မှော်ဘီမြို့ထဲမှာပါ"လို့ အပိုင်သိသလိုလေသံမျိုးနဲ့ ဖြေချလိုက်ပါတယ်။ ဒီတော့ တယောက်က "ဟ. အတော်မှတ်ဥာဏ်ကောင်းတဲ့ခွေးကောင်ပဲကွ" ဆိုပြီး မှတ်ချက်ချတာကြားတော့ ကျနော် ခေါင်းစွပ်ထဲကနေ ပြုံးမိလိုက်ပါတယ်။
           
            နောက်ထပ်  ဘာသတိပေးသံမှမကြားတော့ ကျနော်လည်း ပုံမှန်မြေညီပေါ်မှာလိုလျှောက်လာရင်း ခြေဖျားနဲ့တခုခုနဲ့ ဒုတ်ကနဲဆောင့်မိပြီး ရှေ့ကိုဟပ်ထိုးလဲကျသွားပါတယ်။ မျက်နှာနဲ့မြေကြီးဆောင့်မိပြီး အတော်လည်းနာသွားပါတယ်။ ဒေါသနဲ့အတင်းကုန်းထပြီး ခေါင်းစွပ်ကိုဆွဲလည်းမလိုက်ရော နောက်ကနေ ဖျောင်းကနဲဇက်ပိုးကိုရိုက်ချတာခံလိုက်ရပါတယ်။ မျက့်စေ့တွေပြာပြီး လူလည်းပြန်လဲကျသွားပါတယ်။ တယောက်ကရယ်ကျဲကျဲအသံနဲ့ "ဆောရီး..ဆောရီး၊ မေ့သွားလို့"ဆိုပြီး ပြောင်သလိုပျက်သလိုလုပ်ပါတယ်။ အတော်အခံရခက်တဲ့ကိစ္စပါပဲ။

            နောက်တော့ အဆောက်အဦးတခုထဲ ရောက်လာမှန်းသတိထားမိပါတယ်။ တခါနည်းနည်းပါးပါး ထပ်မေး လက်မှတ်ထိုးခိုင်းပြီး တနေရာကိုဝင်ခိုင်းပါတယ်။ ထိုင်ခိုင်းပြီး ခေါင်းစွပ်ကိုချွတ်ပေးရင်း "မင်း ဒီမှာ ကောင်းကောင်းမွန်မွန်နေ၊ အပေါက်ကနေ ဟိုချောင်း ဒီချောင်းမလုပ်နဲ့၊ ဘေးခန်းတွေနဲ့လည်း အချက်ပေးတာဘာညာမလုပ်နဲ့၊ လိုတာရှိရင်တံခါးကို ၃ ချက်ခေါက်ပြီး နောက်လှည့်ထိုင်နေ၊ လာပြီးလုပ်စရာ ရှိတာလုပ်ပေးမယ် ကြားလား" လို့ပြောပြီး တံခါးဆောင့်ပိတ်လိုက်သံ၊ အပြင်ကနေသော့ခတ်လိုက်သံတွေပါ ကြားရပါတယ်။ အခန်းက ၈ ပေ ၁၀ ပေလောက်ကျယ်မယ်ထင်ရပြီး မျက်နှာကျက်အမိုးနိမ့်နိမ့်မှာ  နီကျင်ကျင်မီးသီးလေးတလုံး လင်းနေပါတယ်။ နောက်ဘက်မှာ ပြူတင်းပေါက်ရှိပေမယ့် ဂျက်ချထားပါတယ်။ အဝင်အထွက်တံခါးပေါက်မှာတော့ ချောင်းကြည့်ပေါက်ကလေးဖေါက်ထားပြီး အပြင်ကနေ Shutter နဲ့ ပိတ်ထားတဲ့ပုံပါပဲ။ အတွင်းဘက်နံရံတွေက အင်္ဂတေသားတွေဖြစ်ပြီး အပေါ်မှာ ၄ -၂ သစ်သားချောင်းတွေ ကပ်ရိုက်ထားပါတယ်။ ကြမ်းခင်းကတော့ကွန်ကရိဖြစ်ပြီး ထောင့်မှာတော့ ၄ လက်မလောက်မြင့်တဲ့ သစ်သားကွပ်ပျစ်လေးတလုံးချထားပါတယ်။  အဲဒီကွပ်ပျစ်ကလေးပေါ်မှာလည်း စစ်စောင်ကြမ်းတထည်က လွဲလို့ ဘာမှမရှိပါဘူး။ ရေအိုးလေးဘာလေးများ တွေ့မလားဆိုပြီးဝေ့ဝိုက်ရှာလိုက်တော့ ကွပ်ပျစ်ကလွဲလို့ ဘာမှမရှိပါဘူး။

            ကျနော်လည်း မောလည်းမော၊ နာလည်းနာ၊ ဆာလည်းဆာ၊ ရေလည်းငတ်နဲ့မို့ အတော်လေး ပင်ပမ်းနေပါတယ်။ ကွပ်ပြစ်ပေါ်တုံးလုံးလှဲချမလို့လုပ်တုန်း ရှေ့နံရံသစ်သားချောင်းပေါ်မှာ တခုခုနဲ့ခြစ်ပြီးရေးထားတာလိုလိုတွေ့တာနဲ့ အသာရွှေ့ပြီးဖတ်ဖို့လုပ်ပါတယ်။  အချွန်တခုခုနဲ့ ကသောကမျောခြစ်ထားတာမို့ မထင်မရှားနဲ့ဖြစ်နေပါတယ်။ ဖတ်လို့ရသမျှစာမှာတော့ "၁၉၇၄ ခုက ဒီကိုရောက်တယ်"ဆိုတာကလွဲလို့ ရက်နဲ့လကိုလည်း ပီပီပြင်ပြင်မမြင်ရတော့ပါဘူး။ အမည်ကလည်း စိုးထွန်းလား၊ မိုးထွန်းလား မသဲကွဲတော့ပါဘူး။ စိတ်ထဲမှာတော့ ငါ့အရင် ဒီကိုရောက်ခဲ့သူ တယောက်နေမှာပဲလို့ မှတ်လိုက်ပါတယ်။ ဒီလူ ဘယ်သူလဲ၊ ဘယ်ကလူလဲ၊ ဘာကိစ္စနဲ့ ဒီကိုရောက်ခဲ့တာလဲ၊ ဒီမှာ သူ ဘာတွေများကြုံခဲ့ရသလဲ၊ ခု ဒီလူသက်ရှိထင်ရှားရှိသေးလား၊ မရှိတော့ဘူးလား၊ ရှိတယ်ဆိုရင်ရော ဘယ်ရောက်လို့ ဘာတွေဖြစ်နေပြီလဲ၊ မရှိတော့ဘူးဆိုရင်ရော ဘယ်လိုမျိုးမရှိတော့တာလဲဆိုတာတွေကို သောင်စဉ်ရေမရတွေးနေမိပါတယ်။

        နောက်တော့ ရေငတ်နေတာနဲ့ အခန်းတံခါးကို ၃ ချက်ဆင့်ခေါက်၊  နောက်ပြန်လှည့်ပြီးထိုင်နေတုန်း တံခါးပေါက်က Shutter ဖွင့်သံနဲ့ “ဘာလဲ” ဆိုတဲ့အသံကြားလိုက်ရပါတယ်။ ရေသောက်ချင်လို့ပါလို့ ပြောတော့ “ခဏနေဦး အရေးထဲ“ဆိုပြီး တအောင့်လောက်ကြာတော့ တံခါးဖွင့်သံနဲ့အတူ အခန်းထောင့်မှာ လေးလေးပင်ပင်အရာတခုခုကိုချနေတဲ့အသံတွေ ကျနော်ကြားနေရပါတယ်။ နောက်တော့မှ “ရေကို လိုသလောက်ခပ်သောက်၊ ပိုလို့ကြမ်းပေါ် ဟိုသွန်ဒီသွန်မလုပ်နဲ့“ လို့ပြောပြီး ပြန်ထွက်သွားတော့မှ အခန်းထောင့်မှာသောက်ရေအိုးတလုံး၊ စစ်ပန်ကန်ပြားနဲ့ဖုံးပြီး စစ်မတ်ခွက်တလုံး မှောက်လျှက်တင်ထားတာ တွေ့လိုက်ရပါတယ်။ အဖုံးကိုဆွဲလှန်ပြီးအိုးထဲကြည့်လိုက်တော့ အိုးအပြည့်နီးပါးဖြည့်ထားတဲ့ရေဟာ ကြည်လင်အေးမြနေတာမို့ ကျနော့်ရေသောက်ချင်စိတ်ကိုဘယ်လိုမှတားမရအောင် ဖြစ်လာပါတော့တယ်။ ဒါနဲ့ ခွက်ကိုမယူပြီး အိုးထဲနှစ်ခပ်လိုက်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Wednesday, March 21, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၃)

0 comments

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၃)
မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
         “ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်နှစ်မျိုးရှိတယ်လို့ ကျနော်ထင်ပါတယ်၊ အမြင်တမျိုးကတော့ ဖိုမဆက်ဆံရေးကိစ္စဟာ စက်ဆုပ်ရွံ့ရှာစရာကောင်းတယ် ညစ်ညမ်းတယ်......၊ ဒုစရိုက်အလုပ်ဖြစ်တယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်။ စာရေးဆရာရဲ့အမြင်ကတော့ ဒီလိုမဟုတ်ပါဘူး။ လောရင့်ဟာ စာရိတ္တပြုပြင်ရေးသမားပီပီ....အချစ်မပါတဲ့ဖိုမဆက်ဆံရေး၊ အကွပ်အကဲမရှိ ဖောက်ပြားတဲ့ဖိုမဆက်ဆံရေး....၊ တွေ့ရကြုံရာမှာနှီးနှောတဲ့ဖိုမဆက်ဆံရေးကို  ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ သူဟာ ချစ်မေတ္တာသက်ဝင်နေတဲ့မိန်းမနဲ့ယောင်္ကျားရဲ့ ခန္ဓာကိုယ်ပေါင်းစပ်ဖွဲ့စည်းမှုနဲ့ သူတို့နှစ်ဦး တဦးနဲ့တဦးသေတပန်သက်တဆုံးခိုင်မြဲမယ့် မှန်ကန်တဲ့အိမ်ထောင်ရေးကို လိုလားပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကိုသာလျှင် သန့်ရှင်းတယ်၊ အဓိကကျတယ်၊ ပုံမှန်ဖြစ်တယ်၊ အားပေးသင့်တဲ့အရာဖြစ်တယ်လို့ ယူဆသူဖြစ်ပါတယ်”
         “ဤနေရာတွင် တရားခံ၏ရှေ့နေကြီးက စီရင်ထုံးများကို ကိုးကားပြသွားသည်။ ပြီးမှ.....“ဒါ့ကြောင့်မို့ တရားခံကိုယ်စားလျှောက်ထားလိုတဲ့အချက်ကတော့ တစ်တချက်- ဒီစာအုပ်ဟာ မညစ်ညမ်းဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မည်သူတဦးတယောက်ကိုမျှ အကျင့်ပျက်ပြားစေရန်သော်လည်းကောင်း၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေရန်သော်လည်းကောင်း ရည်ရွယ်ချက်မရှိပါဘူး။ ဒီစာအုပ်ဟာ ဥပဒေပုဒ်မ(၄)မှာ ဖွင့်ဆိုထားတဲ့အတိုင်း အများပြည်သူ၏အကျိုးစီးပွားအတွက်ပုံနှိပ်ထုတ်ဝေခြင်းသာဖြစ်ပါတယ်။ နှစ်အချက်-...စာရေးဆရာတယောက်အနေနဲ့ လောရင့်ရဲ့အဆင့်အတန်းနဲ့တကွ အင်္ဂလိပ်စာပေမှာ သူ့ရဲ့နေရာကိုထည့်သွင်းစဉ်းစားဖို့ဖြစ်ပါတယ်။ သောမတ်စ်ဟာဒီမရှိတဲ့နောက် လောရင့်ဟာ ရှေ့တန်းအကျဆုံး၊ အကြီးကျယ်ဆုံးသောဝတ္ထုရေးဆရာဖြစ်ပါတယ်။ ဒါကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး....။ သူသေပြီးနှစ်ပေါင်း(၃၀)အတွင်းမှာ သူ့စာပေကို ဋီကာဖွင့်တဲ့စာအုပ်ပေါင်း (၈၀၀)ကျော်လောက်ထွက်ခဲ့ကြပြီး ကမ္ဘာအနှံ့အပြားမှာ တွင်ကျယ်စွာရောင်းခဲ့ရတာကိုကြည့်ခြင်းအားဖြင့် စာရေးဆရာရဲ့အဆင့်အတန်းကို အကဲခတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ သုံးအချက်- ကျနော်တင်ပြမယ့် သက်သေထွက်ချက်များဟာ ဝတ္ထုရဲ့သဘာဝဦးတည်ချက်ကို ဖော်ပြပါလိမ့်မယ်။ သက်သေတဦးစီရဲ့ထွက်ချက် ဟာလည်း စာအုပ်ရဲ့စာပေအရည်အသွေးနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေပါဝင်လာပါလိမ့်မယ်။ စာပေအရည်အသွေးလို့ဆိုတဲ့နေရာမှာ ရေးဟန်၊ အဖွဲ့အနွဲ့စသည်တို့တင်မကပါဘူး။ စာရေးဆရာပြောပြ လိုတဲ့ရည်ရွယ်ချက်ပါ အကျုံးဝင်နေပါတယ်။ လူကြီးမင်းများသိတော်မူကြတဲ့အတိုင်း အဲဒီစာအုပ်မှာ လောရင့်တင်ပြလိုတဲ့ရည်ရွယ်ချက်ကတော့ တခြားမဟုတ်ပါဘူး...။ သူ့ခေတ်အင်္ဂလန်ပြည် လူမှုအဖွဲ့အစည်းဟာဖြင့် “စက်ကိရိယာခေတ်ကြီး”ကြောင့် မသန့်ရှင်းတော့ဘူး၊ လူတွေဟာ ငွေကိုသာအဓိကထားနေကြပြီ၊ ဒါ့ကြောင့်မို့ လူတွေဟာ စိတ်ချင်းသဇာတဖြစ်အောင်လုပ်သင့်ကြပြီ။ အထူးသဖြင့် ချစ်မေတ္တာသက်ဝင်နေတဲ့မိန်းမနဲ့ယောင်္ကျားရဲ့ဆက်ဆံရေးကို ပြုပြင်သင့်ပြီ၊ မိန်းမနဲ့ယောင်္ကျားရဲ့ ဆက်ဆံရေးဟာ ရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ မသန့်ရှင်းတဲ့ကိစ္စမဟုတ်ဘူး၊ မမှန်ကန်တဲ့ကိစ္စ မဟုတ်ဘူး၊ မပြောသင့်မဆိုသင့်တဲ့ကိစ္စမဟုတ်ဘူး.....ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ လေးအချက်- အဲဒီဝတ္ထုထဲမှာ မိန်းမနဲ့ယောင်္ကျားရဲ့ခန္ဓာကိုယ်ပေါင်းစပ်ဖွဲ့စည်းမှုကိုဖော်ပြထားတဲ့ကိစ္စဟာ လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုဖော်ပြမှလည်း သူဆိုလိုချင်တဲ့အဓိပ္ဗါယ်ကိုရောက်ပါလိမ့်မယ်။ လောရင့်ဟာ အကြောင်းအရာတခုခုကို ထပ်တလဲလဲရေးသားတတ်တဲ့စာရေးဆရာဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ညစ်ညမ်းတယ်လို့ဆိုတဲ့စကားလုံးများကို မကြခဏသုံးစွဲသွားတာတွေ့ရပါလိမ့်မယ်...။ သူဟာ စကားလုံးတလုံးကို စာတမျက်နှာထဲတွင် ဆယ်ခါထက်မနည်းသုံးလေ့ရှိပါတယ်။ အဲဒီဝတ္ထုထဲမှာ ညစ်ညမ်းတယ်ဆိုတဲ့စကားများကိုသုံးတဲ့ဇာတ်ဆောင်ဟာ တကယ့်ဘဝနဲ့ကိုက်ညီပါတယ်။ ဒီလိုအတန်း အစား၊ ဒီလိုလူမျိုးဟာ အပြင်မှာလည်း အဲဒီလိုသုံးစွဲလေ့ရှိပါတယ်...။ စာရေးဆရာဟာ ဒီစကားလုံးတွေကို ညစ်ညမ်းတယ်ဆိုတဲ့အဘိဓာန်ထဲကနေဆွဲထုတ်ပြီး သန့်ရှင်းစင်ကြယ်မယ့်သာမန်စကားလုံးတလုံးအဖြစ် ရောက်အောင်ကြိုးပမ်းခြင်းမျှသာဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ ဒီစကားလုံးတွေဟာ ရှက်စရာကောင်းတယ်ဆိုတဲ့ပညတ်ကြီးဖုံးနေတဲ့အတွက် စာရေးဆရာဟာ ဒီပညတ်ကြီးကိုဖယ်ရှားပြီး အမှန်ကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ပထမတကြိမ်ဖတ်လိုက်ရတုန်းကတော့ ဒီစာလုံးကိုဖတ်လိုက်ရတာ ဟာ...တုန်လှုပ်ချောက်ချားစရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဖတ်သားကျလာတဲ့အခါကျတော့ စာလုံးတလုံး၊ အက္ခရာတလုံးအဖြစ်နဲ့ဘာမှာရှက်စရာမတွေ့ရဘူးဆိုတာ သိလာမှာပဲလို့ စာရေး ဆရာကယူဆခဲ့ပါတယ်။ အမှန်တော့ စာလုံးတလုံး ညစ်ညမ်းတယ် မညစ်ညမ်းဘူးဆိုတာဟာလည်း စာဖတ်သူရဲ့စိတ်ပေါ်မှာတည်ပါတယ်”
         “ပြီးတော့ ဥပဒေပုဒ်မ(၄)ထဲမှာ(အများပြည်သူနှင့်စပ်လျဉ်းသောကိစ္စများတိုးတက်ပြောင်းလဲစေခြင်း အလို့ငှာ) လို့ ဆိုထားပါတယ်။ အနုပညာ၊ စာပေနဲ့သိပ္ဗံပညာတို့ဟာ အများပြည်သူနဲ့စပ်လျဉ်းတဲ့ကိစ္စများဖြစ် ပါတယ်။ ဒါတွင်မကပါဘူး။ ဖိုမဆက်ဆံရေးကိစ္စဟာလည်း အများပြည်သူနဲ့စပ်လျဉ်းတဲ့ကိစ္စတရပ်ဖြစ်ပါတယ်။ တစ်ခါ ဒီစာအုပ်ဟာ လူမမယ်များအတွက် အင်မတန်ကြောက်ဖွယ်ကောင်းတဲ့စာအုပ်လို့ တရားလိုရှေ့နေကြီးက ဆိုကောင်းဆိုပါလိမ့်မယ်။ ကျနော် ရုံးတော်ရှေ့မှောက်ကိုတင်သွင်းမယ့် တရားခံပြသက်သေများထဲမှာ အရွယ်မရောက်တဲ့လူမမယ်များရဲ့ မိဘတွေလည်းပါပါတယ်။ ဒီပြဿနာကို သူတို့ကဖြေကြားပါလိမ့်မယ်။ တစ်ခါ ဒီစာမျက်နှာကို ဘာဖြစ်လို့ထည့်ရသလဲလို့ တရားလိုရှေ့နေကြီးက မေးချင်မေးလာပါလိမ့်ဦးမယ်။ ဒါကတော့ ပုံနှိပ်သူများဟာ သူ့အရှိအတိုင်း ပုံနှိပ်ရခြင်းဖြစ်ပါတယ်။ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်ချင်ရင် လောရင့်ရေးတဲ့အတိုင်းပုံနှိပ်ဖို့ပဲရှိပါတယ်။ ဖြတ်တောက်ထားတဲ့ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်တာဟာ ဖြတ်တောက်ထားတဲ့စာအုပ်ကိုပုံနှိပ်တာဖြစ်မှာပါပဲ၊ လောရင့်ရေးတဲ့စာအုပ်ကိုပုံနှိပ်ခြင်းတော့ မဟုတ်တော့ပါဘူး”
         “လူကြီးမင်းများခင်ဗျား၊ လူကြီးမင်းများရဲ့လက်ထဲမှာ ခဲနီပြာတံတချောင်းကိုင်ပြီး ချောက်ဇာရဲ့ ကင်တာဘာရီတေးလ် Geoffrey Chaucer (1342 - 1400)-The Canterbury Tales နဲ့ ရှိတ်စပီးယား (baptized 26 April 1564; died 23 April 1616)-Hamlet ရဲ့ ဟင်းမလက် ပြဇာတ်ကိုဖတ်ပြီး ညစ်ညမ်းတယ်လို့ထင်တဲ့ စာပိုဒ်များကိုဖြုတ်ကြည့်စမ်းပါ။ ဒီစာအုပ်နှစ်အုပ်ကို ကရွမ်းဝဲလ် Oliver Cromwell (25 April 1599 – 3 September 1658) လက်ထက်က ညစ်ညမ်းတယ်လို့ကန့်ကွက်ခဲ့ဖူးပါတယ်။ လူကြီးမင်းများကိုယ်တိုင်ဖြတ်တောက်ပြီး အဲဒီစာအုပ်နှစ်အုပ်ကို ပြန်ဖတ်ကြည့်ပါ။ ဒီအခါမှာ ဟင်းမလက်ပြဇာတ်ဟာ ရှိတ်စပီးယားရေးတဲ့ပြဇာတ်မဟုတ်တော့ပဲ လူကြီးမင်းများဖြတ်တောက်ထားတဲ့ ဟင်းမလက်ပြဇာတ်ဖြစ်နေပါလိမ့်မယ်”
         “ခု ဒီအမှုကိုစွဲချက်တင်တဲ့ အစိုးရရှေ့နေကြီးဟာ စာအုပ်ကိုဖတ်ပြီးပါပြီ။ ဒါပေမယ့် အစိုးရရှေ့နေကြီး ဟာ အကျင့်စာရိတ္တပျက်ပြားသွားပြီး၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့နေပြီလား။ မဟုတ်ပါဘူး...။ တရားလိုရှေ့နေ ကြီးဟာ ဒီစာအုပ်ကိုဖတ်ပြီးပါပြီ...။ အကျင့်စာရိတ္တပျက်ပြားမသွားပါဘူး။ သက်သေများဟာလည်း ဒီစာအုပ် ကိုဖတ်ပြီးကြပါပြီ..။ အကျင့်စာရိတ္တပျက်ပြားမသွားပါဘူး။ ဟီရိသြတ္တပ္ဗတရားပျောက်မသွားပါဘူး။ ဒီစာအုပ်ကို ဖတ်ကြမယ့် ရုံးမင်းနဲ့တကွဂျူရီလူကြီးများဟာလည်း အကျင့်စာရိတ္တပျက်ပြားပြီး ဟီရိသြတ္တပ္ဗတရားကင်းမဲ့ သွားလိမ့်မယ်လို့ ဘယ်သူကမှမထင်ကြပါဘူး..”
         “ဒီစာအုပ်ကို သက်သေခံအဖြစ်ဖတ်တဲ့နေရာမှာ ဂျူရီလူကြီးများကိုတောင်ပန်းချင်တာရှိပါတယ်။ ပထမတချက်ကတော့ ဒီအမှုဟာ တရားခံအတွက်ရော၊ ပြည်သူနဲ့ စာပေလောကအတွက်ရော 
အရေးကြီးတဲ့အမှုဖြစ်တဲ့အတွက် စာအုပ်တအုပ်လုံးကိုဖတ်ကြည့်စေလိုပါတယ်။ ဒုတိယအချက်အားဖြင့် တရားလို ပညာရှိရှေ့နေကြီးတင်ပြသွားတဲ့အချက်တွေနဲ့ ကျနော်တင်ပြတဲ့အချက်တွေကို စွဲမြဲနှိုင်းချိန်နိုင် ဖို့ဖြစ်ပါတယ်။ တတိယအချက်ကတော့ ဒီစာအုပ်ကိုဖတ်ပြီးနောက် အမှုမပြီးခင် ဒီစာအုပ်နဲ့ပတ်သက်လို့ ဇနီး ခင်ပွန်းနဲ့တောင်မှ ဒီစာအုပ်အကြောင်းမဆွေးနွေးမိအောင်ရှောင်ကြဉ်ဖို့ဖြစ်ပါတယ်။ ဂျူရီတယောက်ဟာ အမှုတခုလုံးကိုကြားနာပြီးတဲ့အခါကျမှ ဆုံးဖြတ်ချက်ချဖို့အချိန်ရောက်တယ်ဆိုတာ အတွေ့အကြုံများကပြ ထားပြီုးဖြစ်တဲ့အတွက် ဒီလိုတောင်းပန်ရခြင်းကိုခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော့်လျှောက်ထားချက်ကို သည်းခံနားထောင်တဲ့အတွက် များစွာကျေးဇူးတင်ပါတယ်...”
         ရုံးဆင်းချိန်ရောက်၍ အမှုကို အောက်တိုဘာ ၂၇ ရက်နေ့သို့ပြန်ချိန်းလိုက်သည်။ အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ နိုဝင်ဘာ ၁ ရက်နေ့ထိ သက်သေများကို စစ်ဆေးလေသည်။ တရားခံပြသက်သေများမှာ ၃၆ ယောက်ရှိ၍ သတင်းစာကြီးများမှ အယ်ဒီတာကြီးများ၊ တက္ကသိုလ်ကြီးများမှ အင်္ဂလိပ်စာပါမောက္ခများ၊ စာရေးဆရာကြီးများ၊ စာပေဝေဘန်ရေးသမားများ၊ ကျောင်းဆရာများ စသည်တို့ပါဝင်ပါသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားခံရှေ့နေကြီးက လျှောက်လဲချက်ပေးသည်။ သူ၏လျှောက်လဲချက်တွင် “ခံစစ်ကြောင်း”ကို အောက်ပါအချက်ကြီးများပေါ်တွင်အခြေပြုထားသည်ကိုတွေ့ရ၏။
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို မတ် ၂၁ ရက် ၂၀၁၂။

Tuesday, March 20, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၂)

0 comments

မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။ ယင်းအမှုသည် ကမ္ဘာ့စာပေလောကနှင့် တရားဥပဒေလောကအဖို့ စိတ်ဝင်စားဖွယ်ဖြစ် လာသည်။ တရားလိုရှေ့နေမှာ မစ္စတာဂရစ်ဖစ်ဂျုံးဖြစ်၍ တရားခံရှေ့နေ များမှာ မစ္စတာဂျီနယ်ဂါးဖီးဒါး၊ မစ္စတာဟတ်ချင်ဆန်နှင့် မစ္စတာဒူကန်းတို့ ဖြစ်ကြသည်။ အမှုကို ၁၉၆၀ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိစစ်ဆေးသည်။ တရားခံဘက်က သက်သေပေါင်း ၃၆ ယောက်ကိုတင်ပြခဲ့သည်။ ယင်းတို့အနက် တက္ကသိုလ်များမှ အင်္ဂလိပ်စာပါမောက္ခများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းစာဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပုံနှိပ်ထုတ်ဝေသူများ စသည်တို့ပါဝင်သည်။ မစ္စတာဂရစ်ဖစ်ဂျုံးက“ညစ်ညမ်းသောစာပေ”ကို ရှည်လျားစွာအဓိပ္ဗါယ်ဖွင့်ပြပြီးနောက် စီရင်ထုံးများကိုလည်း ကိုးကားကာ စွဲချက်တင်သွားလေသည်။
         “ဂျူရီလူကြီးများခင်ဗျား...ခု စာအုပ်အကြောင်းကိုနည်းနည်းပြောချင်ပါတယ်။ အတိုချုပ်ပြီးပြောရမယ် ဆိုရင်တော့ စာအုပ်ဟာ လေဒီချက်တာလေဆိုတဲ့ ဂုဏ်သရေရှိအမျိုးသမီးတယောက်အကြောင်းကို ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ လေဒီချက်တာလေဟာ ခတ်ရွယ်ရွယ်မိန်းမတယောက်ဖြစ်ပြီး ပထမကမ္ဘာစစ်ကြီးမဖြစ်ခင်လေးမှာ ဆာကလစ်ဖို့ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ စစ်ကြီးဖြစ်လာတော့ ဆာကလစ်ဖို့ဟာ စစ်ထဲမှာဒဏ်ရာရလာခဲ့ပါတယ်။ ခါးအောက်ပိုင်းတပိုင်းလုံးချိနဲ့ပြီး သူ့မိန်းမနဲ့ ကာမရာဂစပ်ယှက်ခြင်းမပြုနိုင်လောက်အောင် သွက်ချာပါဒလိုက်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ယောင်္ကျားရဲ့ဖျော်ဖြေမှုကိုမရတော့ပဲနဲ့ သူ့ယောင်္ကျားရဲ့ အမဲပစ်ကွင်းစောင့်သမားနဲ့ ကာမဆန္ဒကို ဖြေဖျောက်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ကာမရာဂငတ်မွတ်ခေါင်းပါးတဲ့အမျိုးသမီးနဲ့ ကွင်းစောင့်သမားတို့ ဖောက်ပြားကြပုံကို ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာအုပ်တအုပ်လုံးမှာ ကာမရာဂစပ်ယှက်ကြပုံတွေကို ရေးပြထားပါ တယ်။ ကျနော့်အထင်မှာဖြင့် စာအုပ်တအုပ်လုံးမှာ ကာမရာရစပ်ယှက်ကြပုံကို (၁၃)ကြိမ်လောက် ရေးပြထားတယ်လို့ ထင်ပါတယ်။ ဒီလိုရေးပြတဲ့အခါမှာလည်း ပထမတကြိမ်ကလွဲလို့ ကျန်တဲ့(၁၂)ကြိမ်ဟာ အသေးစိတ်ရေးဖွဲ့ထားချက်များဖြစ်ပါတယ်။ ပထမအကြိမ်ကာမစပ်ယှက်ပုံကို ရေးထားတာလောက်ကိုဖတ်ရင်တော့ ဒီစာအုပ်ဟာပြောသလောက်မဆိုးပါဘူးလို့ လူကြီးမင်းများကိုယ်တိုင် ထင်ကောင်းထင်မိမှာပါပဲ။ ဒါပေမယ့် နောက်(၁၂)ကြိမ်ရေးထားပုံကတော့ တွေးလုံးတောင်ချန်မထားတော့ပဲ အသေးစိတ်ပယ်ပယ်နယ်နယ်ကြီး ဖော်ပြသွားပါတယ်။ ကန့်လန့်ကာဖုံးထားတဲ့ အခါရယ်လို့တောင် မရှိတော့ပါဘူး။ ဒီစာအုပ်ကိုဖတ်ရင်း စာဖတ်သူဟာ သူတို့နှစ်ယောက်နဲ့တွင်မကဘူး အိပ်ယာပေါ် အထိပါသွားတယ်လို့ ခံစားရလောက်အောင်ရေးထားပါတယ်။ အိပ်ယာပေါ်တွင်ဆို တော်ပါသေးရဲ့။ ခုတော့ အိပ်ယာပေါ်တွင်မကဘူး တွေ့တဲ့နေရာမှာဖောက်ပြန်ကြပုံတွေကိုပါ ရေးထားပါသေးတယ်။ တခါက မိန်းမဆောင်မှာဖြစ်ပါတယ်။ တခါက သူ့ယောင်္ကျားရဲ့အခန်းထဲမှာ ဖြစ်ပါတယ်။ တခါက တောထဲက တဲကပြင်ကလေးမှာ စောင်ခင်းလျှက်ဖြစ်ပါတယ်။ တခါက ချုံအောက်မြက်ခင်းပေါ်မှာဖြစ်ပါတယ်။ တခါဟာ မိုးရေထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက သူတို့ နှစ်ယောက်လုံး အဝတ်ဗလာဖြစ်ပြီး.......ရေတွေစိုရွှဲနေပါတယ်။ တခါဟာ ကွင်းစောင့်ရဲ့တဲကလေးထဲမှာဖြစ်ပါတယ်။ အဲဒီအခန်းမှာလည်း ပထမတကြိမ် ကာမရာဂစပ်ယှက်ကြတော့ အိမ်ရှေ့မှာဖြစ်ပြီး၊ နောက် တညလုံး အိမ်ခန်းထဲမှာ ဖောက်ပြန်ကြပြန်ပါတယ်။ တခါဟာ.....ဘလွန်းစ်ဘဲရီရပ်က တည်းခိုခန်းထဲမှာဖြစ်ပါတယ်။ လူကြီးမင်းများခင်ဗျား အဲဒီအခန်းတွေကို ဖတ်တဲ့အခါတိုင်းမှာ နေရာနဲ့အချိန်သာကွဲပြားပါတယ်၊ အလေးအနက်ပြုထားတဲ့အချက်ကတော့ ကာမဂုဏ်ခံစားမှု၊ ဖြေဖျော်မှုနဲ့ကာမရာဂနှိုးဆွမှုတို့ကို အလေးပေးထားတာချည်းပါပဲ....“
         “စာအုပ်ထဲမှာပါတဲ့စကားလုံးများဟာလည်း ညစ်ညမ်းလှပါတယ်။ သာမန်အားဖြင့်တော့ ဒီစကားလုံးများဟာ ရုံးတော်ရှေ့မှာ ပါးစပ်ကထွက်ဖို့အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒါတွေကြောင့် စွဲချက်တင်ရခြင်းဖြစ်တဲ့အတွက် မထွက်ပဲမနေလို့မရတော့လောက်အောင် ဖြစ်လာပါတယ။ Fuck ဆိုတဲ့စကားလုံးက အကြိမ်ပေါင်း(၃၀)ထက်မနည်း သုံးထားတာတွေ့ရပါတယ်။ Cunt ဆိုတဲ့စကားလုံးကို (၁၄)ကြိမ်သုံးထားပါတယ်။ Balls ဆိုတဲ့စကားလုံးကို (၁၃)ကြိမ်သုံးထားပါတယ်။ Shit ဆိုတဲ့စကားလုံးနဲ့ Arse ဆိုတဲ့စကားလုံးကို(၆)ကြိမ်၊ Piss ဆိုတဲ့စကားလုံကို(၃)ကြိမ်သုံးစွဲထားတာကို တွေ့ရပါတယ်”
         “ဒီစာအုပ်ကို ရုံးတော်မှာတင်ပြီးတရားစွဲဖို့ရှိလာပါတယ်။ ဒါကြောင့်မို့လို့ တရားလိုရှေ့နေအနေနဲ့ ဝတ္ထုသွားနဲ့စာပုဒ်တချို့ကို ရုံးတော်ကသိရှိအောင် ကောက်နှုတ်ပြရခြင်းဖြစ်ပါတယ်”
         တရားလိုရှေ့နေ မစ္စတာဂျုံးက ရုံးတော်သို့စွဲချက်တင်လိုက်သည်။ တရားခံ၏ရှေ့နေကြီး မစ္စတာဂါဒီနားက စွဲချက်မတင်သင့်ကြောင်း ပြန်၍လျှောက်လဲသည်။ သူ၏လျှောက်လဲချက်တွင် “ပင်ဂွင်း”စာအုပ်တိုက်၏ဂုဏ်ပုဒ်များကို ထုတ်ဖော်သွားပြီးနောက် ညစ်ညမ်းသောစာပေပုံနှိပ်ရေးဥပဒေ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြသွားသည်။ “ညစ်ညမ်းသော”ဆိုသည့် စကားလုံးများ၏အဓိပ္ဗါယ် ကိုလည်း တင်ပြသွား၏။ စာအုပ်အကြောင်းနှင့်ပတ်သက်၍မူ တရားခံရှေ့နေကြီးမစ္စတာဂါဒီနားက အောက်ပါအတိုင်းပြောဆိုသွားလေသည်။
         “၁၉၅၉ ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေကို မပြဋ္ဌာန်းမီတုန်းကဆိုရင် ညစ်ညမ်းတဲ့စာပေတွေနဲ့ပတ်သက်ပြီး ဗြိတိသျှကွန်မွန်းလောမှာ ချို့ယွင်းချက်သုံးခုရှိခဲ့ပါတယ်။ ဒါကို ပါလီမန်ကလည်း ဝန်ခံအသိအမှတ်ပြုခဲ့ပြီးလည်းဖြစ်ပါတယ်။ ပထမ- တရားလိုဟာ စာအုပ်တအုပ်လုံးကို မဖတ်ပဲ၊ ကိုယ်လိုချင်တဲ့အပိုဒ်လောက်ကိုသာရွေးထုတ်ပြီး သက်သေပြခွင့်ရခြင်းဖြစ်ပါတယ်။ ဒုတိယ- စာအုပ်တအုပ်ကို ညစ်ညမ်းတယ် မညစ်ညမ်းဘူးလို့ဆုံးဖြတ်တဲ့စံထားမှုဟာ လူငယ်တွေရဲ့စိတ်ဓါတ်ကိုပဲ စံထားပါတယ်။ တခြား အသက်အရွယ်ရောက်ပြီး စဉ်းစားညာဏ်ကို စံမထားတော့ဘူး။ လူငယ်တွေဖတ်လို့ မသင့်ဘူးထင်ရင် ညစ်ညမ်းတဲ့စာပေစာရင်းထဲသွင်းလိုက်တော့တာပါပဲ....။ စာအုပ်တအုပ်ဟာ လူငယ်ဖတ်ရင်လည်း ညစ်ညမ်းရမယ်၊ လူကြီးဖတ်ရင်လည်း ညစ်ညမ်းရမယ်။ ဒါမှ ညစ်ညမ်းတယ်လို့ ခေါ်နိုင်ပါလိမ့်မယ်။ လူကြီးဖတ်လို့မညစ်ညမ်းပဲ လူငယ်ဖတ်မှညစ်ညမ်းမယ်ဆိုလို့ရှိရင် ညစ်ညမ်းတယ်လို့ မခေါ်နိုင်သေးပါဘူး။ တတိယ- ဒီဥပဒေမပြဋ္ဌာန်းခင်အထိ ဥပဒေထဲမှာ စာပေနဲ့ ညစ်ညမ်းတဲ့စာကို ခွဲခြားခြင်းမပြုခဲ့ပါဘူး။ ပေါ်နိုဂရပ်ဖီလို့ခေါ်တဲ့ ညစ်ညမ်းတဲ့စာဆိုတာကို တိုက်ရိုက်အဓိပ္ဗါယ်ပြန်ရင် ပြည့်တန်ဆာများကရေးတဲ့စာလို့ အဓိပ္ဗါယ်ထွက်ပါတယ်......။ ညစ်ညမ်းတဲ့စာနဲ့ပတ်သက်လို့ တရားဝန်ကြီးမစ္စတာတေးဘဲလ်က အောက်ပါအတိုင်း ဖွင့်ဆိုသွားခဲ့ဖူးပါတယ်......။ (ညစ်ညမ်းသောစာပေများကို မနှိပ်ကွပ်အပ်ကြောင်းဖြင့် ရုံးတော်မှဂျူရီလူကြီးများက ယူဆကြသည်ဟု ကျွန်ုပ်မထင်ပေ။ ညစ်ညမ်းသောစာအုပ်များသည် စာပေမဟုတ်ပေ။ ၎င်းတို့တွင် ရည်ရွယ်ချက်မရှိ။ ၎င်းတို့၌ စေတနာမရှိ။ ၎င်းတို့၌အတွေးအခေါ်မရှိ။ ၎င်းတို့၌ ဘာမှမရှိပေ။ ၎င်းတို့သည် အညစ်အကြေးမျှသာဖြစ်၍ နှိပ်ကွပ်ပစ်အပ်ပေသည်)လို့ ဆိုဖူးပါတယ်။ ယခု ၁၉၅၉ ခု ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေး အက်ဥပဒေကို အတည်ပြုပြီးပါပြီ။ ဒီဥပဒေမှာ ရည်ရွယ်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ညစ်ညမ်းတဲ့ စာပေများပုံနှိပ်ခြင်းနှင့်ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန်၊ စာပေကိုအကာအကွယ်ပေးရန်နှင့် ညစ်ညမ်းတဲ့စာပေနဲ့ပတ်သက်တဲ့ဥပဒေကို ခိုင်မာသည်ထက်ခိုင်မာအောင် ပြုလုပ်ရန်ဖြစ်ပါတယ်။ နောက်တချက်ကတော့ ညစ်ညမ်းသောစာတွေကိုတရားစွဲဆိုရာမှာ လွယ်ကူစေရန်နှင့် စာပေကိုကာကွယ်ရာမှာ အထောက်အကုပြုစေရန်တို့ ဖြစ်ပါတယ်....”
         “ဂျူရီလူကြီးမင်းများခင်ဗျား..... ဒီစာအုပ်ကို လူကြီးမင်းများ ဖတ်ရှူကြည့်တဲ့အခါမှာ စာရေးဆရာဆိုလိုချင်တဲ့ အဓိပ္ဗါယ်ကိုတွေ့လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ စာရေးဆရာဟာ ဃရာဝါသဆိုတဲ့ အိမ်ထောင်ပြုခြင်းကိစ္စကို လေးလေးနက်နက်ထောက်ခံသူဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တိတ်တဆိတ်ဖောက်ပြားခြင်းဟာ စိတ်ကျေနပ်မှုကို မပေးနိုင်ဘူး......။ မိန်းမနဲ့ယောင်္ကျားဟာ မှန်ကန်တဲ့ အချစ်ပေါ်မှာအခြေခံပြီး မှန်ကန်တဲ့ဆက်ဆံရေးကိုသာ ထူထောင်သင့်တယ်လို့ စာရေးဆရာက ညွှန်ပြထားပါတယ်......။
         “နောက်ပြီးတော့လည်း စာရေးဆရာဟာ ကျနော်တို့ခေတ် လူ့အဖွဲ့အစည်းကြီးနဲ့ပတ်သက်လို့ သူ့ရဲ့ထင်ပုံမြင်ပုံများကို ဖော်ပြထားပါသေးတယ်။ သူဟာ စက်မှုတော်လှန်ရေးကြီးကို မနှစ်သက်ပါဘူး။ ကျနော်တို့ခေတ်လူငယ်တွေဟာ ကိုယ်ခန္ဓာကိုအသားမပေးကြပဲ၊ စိတ်အလိုဆန္ဒတွေကိုအသားပေးလွန်းကြ တယ်လို့ စာရေးဆရာကယူဆပါတယ်။ ကျနော်တို့ခေတ်ကြီးမှာ ကြုံတွေ့နေရတဲ့အနိဋ္ဌာရုံတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ကုစားမရဘူးလို့ သူက ယူဆပါတယ်။ အနိဋ္ဌာရုံတွေကိုကုစားဖို့ရာ လူအချင်းချင်း အထူးသဖြင့် မိန်းမနဲ့ယောင်္ကျားတို့အချင်းချင်းကြားမှာ မှန်ကန်တဲ့ဆက်ဆံရေးကို ပြန်ရောက်အောင်လုပ်ဖို့ နည်းလမ်းတလမ်းပဲရှိတယ်လို့ စာရေးဆရာကယူဆပါတယ်။ သူ့အဆိုအရ လူ့ဘဝမှာ အရေးအကြီးဆုံး အရာတခုကတော့ ချစ်မေတ္တာသက်ဝင်နေတဲ့ မိန်းမနဲ့ယောင်္ကျားရဲ့ဆက်ဆံရေးပဲဖြစ်ပါတယ်။ မိန်းမနဲ့ယောင်္ကျားရဲ့ကိုယ်ခန္ဓာချင်းဖွဲ့စည်းပေါင်းစပ်မှုဟာ ဆက်ဆံရေးမှာအဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ ဒီကိစ္စဟာ မှန်ကန်ပြီး အဓိကကျပါတယ်။ ရှက်စရာကြောက်စရာကိစ္စ မဟုတ်ပဲ..... ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်း ကျွေးမွေးသင့်တဲ့(ဖြည့်ဆည်းပေးသင့်ယူသင့်)ကိစ္စဖြစ်တယ်လို့ဆိုပါတယ်....”
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို မတ် ၂၀ရက် ၂၀၁၂။

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၁)

0 comments

မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
         အင်္ဂလိပ်စာတတ် မြန်မာပရိသတ်အချို့သည် စာရေးဆရာကြီး ဒီအိပ်ခ်ျလော့ရင့်ရေးသည့် “လေဒီချက်တာလေ၏ချစ်သူ” ဝတ္ထုကို ကြားဖူးကြ၏။ အချို့လည်း ဖတ်ဖူးကြ၏။ ဖတ်ဖူးကြသည်ဆိုသော်လည်း လောရင့် အပြည့်အစုံရေးထားသောဝတ္ထုကားမဟုတ်။ ထုတ်ဝေသူတို့ဖြတ်တောက်ထားသော “လေဒီချက်တာလေ၏ ချစ်သူ” ကိုသာ ဖတ်ဖူးကြခြင်းဖြစ်၏။
         ထို လေဒီချက်တာလေ၏ချစ်သူဝတ္ထု အပြည့်အစုံကို ညစ်ညမ်းသည်ဟူ၍အရေးယူခံရမည်စိုးသောကြောင့် အင်္ဂလိပ်လူမျိုးစာရေးဆရာကြီးသည် မိမိတိုင်းပြည်အင်္ဂလန်၌မထုတ်ဝေဝံ့ပဲ အီတလီ၊ ပြင်သစ်စသောနိုင်ငံများမှ ထုတ်ဝေခဲ့ရသည်။ အင်္ဂလန်၌ထုတ်ဝေသောစာအုပ်မှာ ဖြတ်တောက်ထားသောဝတ္ထုမျှသာဖြစ်၏။
         ထို လေဒီချက်တာလေ၏ချစ်သူဝတ္ထုကို ဒီအိပ်ခ်ျလောရင့်သည် သုံးကြိမ်ရေးလေသည်။ ၁၉၂၆ ခုနှစ် အောက်တိုဘာလတွင် သူသည် အင်္ဂလန်ပြည်သို့ နောက်ဆုံးအခေါက်အဖြစ်ရောက်ပြီးအပြန်တွင် အီတလီပြည် ဖလောရင့်နယ်၊ စကင်ဒီချီမြို့၊ ဗီလားမီရင်ဒါးအမည်ရှိသောအိမ်တွင် စ၍ရေးသည်။ ၁၉၂၇ ဇန်နဝါရီလတွင် ပထမစာမူပြီးစီးလေသည်။ ထိုနှစ် ဧပြီလတွင် ဒုတိယစာမူကိုရေးပြန်သည်။ ၁၉၂၇ ခုနှစ် ကုန်ဆုံးခါနီးတွင် လောရင့်သည် အတော်ပင်မကျန်းမမာဖြစ်နေသည့်ကြားမှ တတိယစာမူကိုရေးလေရာ ၁၉၂၈ ဇန်နဝါရီလတွင် ပြီးစီးလေသည်။
         နောက်ဆုံးစာမူကို အင်္ဂလိပ်စာရေးဆရာကြီး အောက်လ်ဒတ်စ်ဟတ်စလေးဇနီး၏အကူအညီနှင့် လက်နှိပ်စက်ဖြင့်ကူးပြီးလျှင် လောရင့်မြို့ရှိ စာအုပ်ရောင်းသမား အော်ရိယိုလီအား မိတ်ဆွေများတဝိုက်တွင် ပုံနှိပ်ရန်ထုတ်ဝေစေသည်။ ယင်းသို့ပုံနှိပ်ရာ၌ ပုံနှိပ်သူစာစီတို့မှာ အင်္ဂလိပ်စာလုံးဝမတတ်ကြချေ။ အင်္ဂလိပ်စာလုံးများကို လက်နှိပ်စက်မူမှာပါသည့်အတိုင်းကြည့်၍ စီကြရိုက်ကြသည်။
         ၁၉၂၈ ခုနှစ် မတ်လ ၁၅ရက်နေ့တွင် လောရင့်သည် အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ရှိ မိတ်ဆွေများထံသို့ သူ့ဝတ္ထုစာအုပ်ဝယ်ရန် စာရင်းသွင်းပုံစံများကို စ၍ပို့သည်။ ဧပြီလတွင် သူသည် ပရုများကို စ၍ဖတ်သည်။ မေလ ၂၄ ရက်နေ့တွင် နောက်ဆုံးပရုကိုဖတ်၍ပြီးသည်။ စာအုပ်ရိုက်နှိပ်ပြီးသည်နှင့်တပြိုင်နက် ဇူလိုင်လပထမပတ်တွင် စာရင်းသွင်းထားသူများထံသို့ စာတိုက်မှပို့လေသည်။ ထိုနှစ်မကုန်ခင်မှာပင် ပုံနှိပ်သူ အောရိလိယိုက ဒုတိယအကြိမ် အုပ် ၂၀၀ ထပ်၍ရိုက်ပြီးလျှင် စက္ကူအကြမ်းစားဖြစ်သောကြောင့် တစ်ဂီနိနှင့်ရောင်းလေသည်။ (ပထမအကြိမ်တွင် အုပ်ရေ ၁၀၀၀ ရိုက်သည်။ တအုပ်လျှင် နှစ်ပေါင်နှင့်ရောင်းသည်)
         ဝတ္ထုမှာလူကြိုက်များသဖြင့် အမေရိကန်ပြည် ပြင်သစ်ပြည်တို့တွင် ခိုး၍ရိုက်ကြသည်။ ထိုသို့ ခိုးရိုက်ခြင်းကို ရပ်တန့်စေရန် လောရင့်ကိုယ်တိုင်ပင် ပဲရစ်မြို့တွင် ၁၉၂၉  ခုနှစ် မေလ၌ (စာရေးဆရာများ၏ အများသုံးစာအုပ်ထုတ်ဝေခြင်း) ဟုခေါ်ဆိုကာ ထုတ်ဝေသည်။ ထိုအကြိမ်ထုတ်ဝေရာတွင် လောရင့်က လေဒီချက်တာလေ၏ချစ်သူဝတ္ထု၌ ညစ်ညမ်းသောစကားလုံးများပါသည်ဟူသောစွပ်စွဲချက်ကိုချေပသည့် နိဒန်းဆောင်းပါးကိုထည့်သွင်းပေးသည်။
         ထို့နောက် ၁၉၃၀ ခုနှစ် လောရင့်ကွယ်လွန်ပြီးနောက် နှစ်နှစ်ခန့်တွင် နူးယော့ခ်မြို့ရှိ အဲလ်ဖရက်ကနော့ဖ်နှင့် လန်ဒန်မြို့က မာတင်ဆက်ကားတို့သည် ဝတ္ထုကိုအကျဉ်းချုပ်ပြီးလျှင် ထုတ်ဝေကြသည်။ ညစ်ညမ်းသည်ဆိုသောအပိုင်းများကို ဖြတ်တောက်၍ထုတ်ဝေသဖြင့် လေရင့်၏မူရင်းဝတ္ထုဟုမဆိုသာပေ။ မူရင်းအပြည့်အစုံကို ဥရောကတိုက်၌သာ ထုတ်ဝေရဲလေသည်။ အင်္ဂလန်ပြည်နှင့်အမေရိကန်ပြည်တို့၌ ဥပဒေကိုကြောက်နေကြရ သောကြောင့် မဝံ့ရဲကြချေ။
         အမေရိကန်ပြည်၌ လောရင့်၏ပထမစာမူကိုယူ၍ ဒိုင်ယလ်ပုံနှိပ်တိုက်က ပထမလေဒီချက်တလေဟူသော အမည်ဖြင့်ထုတ်ဝေခဲ့သည်။ ဒုတိယစာမူကိုမူ မည်သူကမျှ မူလအတိုင်းမထုတ်ကြပါ။ သို့ရာတွင် အီတလီပြည်၌ အီတာလျံဘာသာပြန်၍ ထုတ်ဝေခဲ့လေသည်။
         လောရင့်၏စာစုတွင် ဤ လေဒီချက်တာလေ၏ချစ်သူဝတ္ထုမှာ နောက်ဆုံးဝတ္ထုကြီးဖြစ်သည်။ လောရင့်သည် ဤဝတ္ထုကို သုံးကြိမ်ရေးသည်။ ပထမရေးပြီးစာမူကို ထပ်၍ပြင်ခြင်းမဟုတ်။ စာမူသုံးခု ပေါ်ပေါက်လာလေအောင် သုံးကြိမ်ပြန်၍ရေးခြင်းဖြစ်သည်။ ထိုစာမူသုံးခုလုံးသာ် ယခုအခါ၌ လောရင့်၏ဇနီး ကွန်လွန်သူဖရီဒါး၏ဒုတိယခင်ပွန်း အိန်ဂျယ်လ်လိုရဝက်ဂလီ၏ လက်ဝယ်တွင်ရှိသည်ဟုဆိုသည်။
         ၁၉ ၅၉  ခုနှစ်တွင် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေကို ဗြိတိသျှပါလီမန်ကပြဋ္ဌာန်း လိုက်သောအခါ ယင်းဥပဒေ၌ချွင်းချက်များပါရှိလာသည်။ ညစ်ညမ်းသောစာအုပ်နှင့်စာပေကို ခွဲခြားသတ်မှတ်ထားချက်များပါလာလေသည်။
         ပင်ဂွင်းစာအုပ်တိုက်သည် ထိုဥပဒေ၏အကာအကွယ်ဖြင့် စာရေးဆရာကြီးလောရင့်အပြည့်အစုံရေး သားထားသော လေဒီချက်တာလေ၏ချစ်သူဝတ္ထုကို ၁၉၆၀ ခုနှစ် ထုတ်ဝေလိုက်၏။
         ဤတွင် အင်္ဂန်အစိုးရပင် ပင်ဂွင်းစာအုပ်တိုက်ကို ညစ်ညမ်းသောစာအုပ်ထုတ်ဝေမှုဖြင့် တရားစွဲဆိုခဲ့လေရာ၊ အမှုစစ်ဆေးသောအခါ ပင်ဂွင်းစာအုပ်တိုက်က အစိုးရရှေ့နေချူပ်ကြီး၏စွဲချက်တင်ပုံ၊ သက်သေများထွက်ဆိုပုံတို့ကို အသေးစိတ်မှတ်တမ်းတင်ကာ “လေဒီချက်တာလေ၏အမှု”ဟူသောစာအုပ်ကို ပြုစုထုတ်ဝေပြန်လေသည်။ အောက်ပါဆောင်းပါးမှာ အဆိုပါစာအုပ်မှ အချက်အလက်များကို ရွေးနှုတ်ချူပ်ယူ၍တင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ရှူမဝ၏သက်တမ်းတလျှောက်တွင် ရှူမဝသည်ရာဇဝတ်မှုအားပေးသောအောက်လမ်းစာအုပ်များ၊ ကာမရာဂလှုံ့ဆော်သောစာအုပ်များကို အမြဲတမ်းဆန့်ကျင်ခဲ့သည်။ ဤဆောင်းပါးကို ထည့်သွင်းရာ၌ ရှူမဝ၏ရည်ရွယ်ချက်မှာ (၁) စာပေနှင့် ညစ်ညမ်းသောစာအုပ်ကို စာဖတ်သူတို့ခွဲခြားသိမြင်နိုင်စေရန် (၂) ပွက်လောရိုက်သွားစေသည့် “လေဒီချက်တာလေ၏ချစ်သူ”နှင့်စပ်လျဉ်း၍ ပါမောက္ခများ၊ စာပေဝေဘန်ရေးဆရာများ၊ စာာရေးဆရာများ၊ ဥပဒေပညာရှင်များ စသူတို့၏ထင်မြင်ချက်တို့ကို ရှူမဝပရိသတ်များကြားနာနိုင်စေရန် (၃) နိုင်ငံတွင် အောက်လမ်းစာပေများမပေါ်ပေါက်ရေးအတွက် ပြည်သူတို့ကပါ အသိညာဏ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြစေရန် (၄) ၁၉၅၉  ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ရေးအက်ဥပဒေအရ ပထမဆုံးတရားစွဲခံရသောဝတ္ထုဖြစ်ပြီး Test case ဥပဒေကို မှတ်ကျောက်တင်ကြည့်သောအမှုဖြစ်နေ သဖြင့်လည်း စာပေလိုက်စားသူများ လေ့လာလိုက်စားစေရန်ရည်သန်၍ ထည့်သွင်းလိုက်ခြင်းဖြစ်ပေသည်။ (စာတည်း)
         ၁၉၆၀ ခုနှစ်သည် ကမ္ဘာကျော်“လေဒီချက်တာလေ၏ချစ်သူ” အမည်ရှိဝတ္ထုကိုရေးသူ ဒီအိပ်ခ်ျလောရင့်၏ ၇၅ ကြိမ်မြောက်နှစ်ပတ်လည်ဖြစ်သည်။ သူ ကွယ်လွန်သည့် အနှစ် ၃၀ မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုနှစ်တွင် ကမ္ဘာကျော် “ပင်ဂွင်း”စာအုပ်တိုက်က “လေဒီချက်တာလေ၏ချစ်သူ” မူရင်းဝတ္ထုကို အင်္ဂလန်ပြည်တွင် ပထမဆုံးအကြိမ်ထုတ်ဝေလိုက်သည်။ ယခင်က ညစ်ညမ်းသည်ဟုဆိုကာ ထုတ်ခွင့်မရပဲနေခဲ့ရာမှ ပထမဆုံးအကြိမ်ထုတ်ဝေခြင်းပေတည်း။
         ဤတွင် အစိုးရရှေ့နေချူပ်ကြီးက “ပင်ဂွင်း”စာအုပ်တိုက်အား ၁၉ ၅၉  ခုနှစ် ညစ်ညမ်းသောစာပေ ပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေအရ စွဲချက်တင်လိုက်သည်။
         “ယေဘုယျ ခြုံ၍ကြည့်ပါက စာအုပ်၏အကျိုးသက်ရောက်မှုသည် စာအုပ်ထဲတွင်မရှိသည့်အကြောင်းအရာများကို ဖတ်စရာအကြောင်းရှိသူများအား ဟီရိသြတ္တပ္ဗတရားကင်းမဲ့ကြောင်းနှင့် အကျင့်စာရိတ္တပျက်ပြားစေကြောင်းရည်ရွယ်ရန်ကဲ့သို့ဖြစ်လျှင် ထိုစာအုပ်ကို ညစ်ညမ်းသည်ဟုမှတ်ယူရမည်.......” လို့ဖော်ပြထားပါတယ်။ ဒါဟာ “ညစ်ညမ်း”သော ဆိုတဲ့စကားကို အဓိပ္ဗါယ်ဖွင့်ဆိုချက်ပင်ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၂)ကတော့ အဲဒီလိုညစ်ညမ်းတဲ့စာကို ပုံနှိပ်သူကိုပေးရမယ့်ပြစ်ဒဏ်နဲ့ပတ်သက်ပါတယ်။ ခု ကျနော်ဖော်ပြတဲ့ ပုဒ်မ(၄)ကတော့ အဆိုပါပြစ်မှုက ကင်းလွတ်ချက်ပုဒ်မဖြစ်ပါတယ်။ အကယ်၍ ဥပဒေပုဒ်မ (၁)အရ ညစ်ညမ်းတယ်လို့ဆိုနိုင်တဲ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေမိသည့်တိုင် ခု ဖော်ပြမယ့် ပုဒ်မ(၄)အရ အခြေအနေများနဲ့ကိုက်ညီရင် ကင်းလွတ်ချက် ရနိုင်ပါသေးတယ်။ ပုဒ်မ (၄)မှာ အောက်ပါအတိုင်းဆိုထားပါတယ်။ “အငြင်းထွက်နေသောစာအုပ်ကို ပုံနှိပ်ထုတ်ဝေခြင်းသည် သိပ္ဗံပညာ၊ စာပေ၊ အနုပညာ သို့မဟုတ် ပညာဗဟုသုတရှာမှီးခြင်း သို့မဟုတ် အခြားအများပြည်သူနှင့်စပ်လျဉ်းသောပြဿနာများ၏ အကျိုးစီးပွားအတွက်ဟူသောရည်ရွယ်ချက်ဖြင့် အများပြည်သူကောင်းကျိုးအတွက်ထုတ်ဝေခြင်းဖြစ်သည်ဟု မှန်ကန်စွာပြောဆိုနိုင်ပြီးဖြစ်လျှင် မည်သူတစ်ဦးတယောက်ကိုမျှ ပုဒ်မ(၂)သို့ ကျူးလွန်သည်ဟု ပြစ်ဒဏ်စီရင်ခြင်းမပြုရ” လို့ဆိုထားပြန်ပါတယ်။ ဒါ့ကြောင့်မို့ ............ဂျူရီလူကြီးမင်းများရှေ့မှောက်မှာ စဉ်းစားဆုံးဖြတ်ဖို့ပြဿနာ ၂ ရပ်ပေါ်ထွက် လာပါတယ်။ ပထမပြဿနာကတော့ ဖော်ပြစာအုပ်ထုတ်ဝေခြင်းသည် ဥပဒေပုဒ်မ (၁)နှင့် ငြိစွန်းခြင်း ရှိသလား။ ဒီစာအုပ်ကို ဖတ်သူအများအဖို့ အကျင့်စာရိတ္ထပျက်ပြားစေရန်နှင့်ဟီရိသြတ္တပ္ဗတရား ပျက်ပြားစေရန်ရည်ရွယ်သောသဘောရှိသလား......ဆိုတဲ့ပြဿနာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မညစ်ညမ်းဘူးဆိုရင် ပြဿနာဟာဆုံးခန်းတိုင်ရောက်သွားပါပြီ။ လူကြီးမင်းများက တရားခံဟာအပြစ်မရှိဆိုပြီး လွှတ်လိုက်ဖို့ပဲရှိပါတယ်။ ဒီလိုမဟုတ်ပဲ ဒီစာအုပ်ဟာ ပုဒ်မ(၁)နဲ့ ငြိစွန်းပြီး ညစ်ညမ်းတယ်ဆိုလို့ရှိရင် လူကြီးမင်းများဟာ ပုဒ်မ(၄)ပါ ကင်းလွတ်ချက်နဲ့အကျုံးဝင်နေတဲ့ ဒုတိယပြဿနာကို ဆက်လက်စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒီစာအုပ်ကို ပုံနှိပ်ခြင်းဟာ သိပ္ဗံပညာ၊ စာပေ၊ အနုပညာ သို့မဟုတ် ပညာဗဟုသုတရှာမှီးခြင်း သို့မဟုတ် အများပြည်သူနှင့်စပ်လျဉ်းသောပြဿနာများ၏ အကျိုးစီးပွားဟူသောရည်ရွယ်ချက်ဖြင့် အများပြည်သူတို့ကောင်းကျိုးအတွက်ထုတ်ဝေခြင်းဖြစ်တယ်လို့ မှန်ကန်စွာ ပြဆိုပြီးဖြစ်ပါသလား”
         ယင်းအမှုသည် ကမ္ဘာ့စာပေလောကနှင့် တရားဥပဒေလောကအဖို့ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။
(အခန်းလိုက် ဆက်လက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို
မတ် ၂၀ ရက် ၂၀၁၂

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့အရပ်(၃) မျိုးမြင့်ချို

0 comments

ကျနော်တို့ မံမီရုပ်အလောင်းတွေပြခန်းထဲမဝင်ခင် တိဗက်ပြည်ပြခန်း၊ အာဖရိကပြခန်းများဆီ အရင်ဝင်ကြည့်ကြ၏။ တိဗက်ပြည်ပြခန်း၌ ကမ္ဘာကျော် လာဆာကကျောင်းတော်ကြီးပုံစံငယ်နှင့် အခင်းအကျင်းတွေပြထားသလို တိဗက်မှယူလာသည့် ဘာသာရေး၊ သာရေးနာရေး၊ ဓလေ့ထုံးတမ်းအခမ်းအနားတို့တွင်အသုံးပြုသည့် အဆောင်အယောင်များလည်းမြင်၏။ အိမ်အသုံးအဆောင်နှင့် အိုးခွက်ပန်းကန်တွေလည်းမြင်၏။ တနေရာမှာ ဘုန်းတော်ကြီး ဒလိုင်လားမား၏ပုံတော် ချိတ်ထားသည်ကိုမြင်တော့ ကျနော် အမေရိကားရောက်စ ရှစ်လေးလုံးအနှစ် ၂၀မြောက်အခမ်းအနား နူးယော့ခ်စီတီးမှာသွားတက်ခဲ့တာကို ပြန်အမှတ်ရမိ၏။ ထိုတကြိမ်သည် ကျနော် ဒီရောက်ချိန်မှစပြီးခုချိန်ထိ  ဒီကဆန္ဒပြပွဲများတွင် ပထမဆုံးနှင့်နောက်ဆုံးအကြိမ် ပါဝင်ခြင်းလည်းဖြစ်ပြန်၏။
         သည်တုန်းက နဂိုရည်ရွယ်ချက်နှင့်သွားခဲ့ခြင်း မဟုတ်တာတော့အမှန်ပင်ဖြစ်၏။ ကျနော့်မှတ်တမ်းကားဒါရိုက်တာက ထိုအခန်းပါစေ့ချင်သည်ဟုဆိုပြီး ကောက်ကာငင်ခါစီစဉ်ကာ ကတိုက်ကရိုက်သွားတက်ခဲ့ခြင်းဖြစ်၏။ တခါမှ မကြုံဖူးသူဆိုတော့ ကျနော်လည်းသွားချင်နေ၏။ မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ခွင့်ရလိုက်ခြင်း၊ အတွေ့အကြုံသစ်ပေါ်က အသိအမြင်သစ်တချို့ ရခွင့်ကြုံလိုက်ခြင်းတို့အတွက်တော့ ဝမ်းသာရ၏။ အမှန်က ကျနော် ဒီကိုထွက်မလာခင်ကတည်းက ဒီရောက်ရင်ဆန္ဒပြပွဲတွေဝင်မနွှဲဟု ရည်ရွယ်ရင်းရှိခဲ့၏။ ဤသို့ရည်ရွယ်ရင်းရှိသဖြင့်လည်း ဝင်မပါခဲ့။ မပါသည်သော်လည်း အခြားသူတွေလုပ်နေကြတာကို မဆန့်ကျင်။ ကိုယ်တိုင်ဝင်မပါရသည်ကတော့ ၈၈ အရေးတော်ပုံကြီးတွင် ဘာလိုချင်၊ ဘာဖြစ်ချင်ဆိုသည့် ကျနော့်ဆန္ဒတွေအကုန်ပြခဲ့ပြီးပြီ။ ဆိုတော့ ကျနော့်တွင် ပြစရာဆန္ဒမရှိတော့သလို၊ ပြချင်သည့်ဆန္ဒလည်း ကျနော့်တွင်မရှိတော့။
         ရှစ်လေးလုံး နှစ် ၂၀ ပွဲက ကျနော့်အတွက်တော့ အမြင်ဆန်းနှင့်အတွေ့အကြုံသစ်။ နူးယော့ခ်က မြန်မာသံရုံးရှေ့တွင်လူစုကြပြီးနောက် ဦးဆောင်စီစဉ်သူတွေက မြန်မာသံရုံးတာဝန်ခံအား ကြေညာချက်စာကို ပေးအပ်မည်ဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူကထွက်မယူ။ မယူသည့်အပြင် အဆောက်အဦးတံခါးကိုပါ ပိတ်လိုက်သေး၏။ ထို့ကြောင့် စာကို သံရုံးစာတိုက်ပုံးထဲထဲ့ပြီးနောက် ကြွေးကြော်သံများတိုင်ကြ၊ ပြောကြဟောကြပြီးနောက် တရုတ်သံရုံးဘက်သို့ ထွက်လာကြ၏။ တရုတ်သံရုံးနှင့်မလှမ်းမကမ်းနေရာတွင်  ဆန္ဒပြကြပြီးနောက် ကုလသမဂ္ဂအဆောက်အဦးရှေ့က ဆန္ဒပြမည့်နေရာသို့ ဆက်ထွက်ကြ၏။ သတ်မှတ်နေရာမရောက်ခင်ကလေးတွင် လမ်းရှင်းရဲများက
ရပ်ခိုင်းသဖြင့် လူတန်းရပ်သွား၏။ လှမ်းကြည့်လိုက်တော့ Free Tibet, Free Tibet, ဆိုသည့်တောင်းဆိုသံများ ဟိန်းဟိန်းထနေသည့် လူတန်းကြီးတတန်း။ ထောင့်ငါးရာခန့်ရှိမည်ထင်၏။ ဒလိုင်လားမားပုံတော်ကို ကိုင်ထားသူတွေလည်းပါ၏။  အလံတွေတလူလူ၊ လက်ကိုင်စပီကာတွေတစာစာ၊ ကြွေးကြော်သံတွေ တိုင်ကာဖေါက်ကာနှင့်ဆန္ဒပြနေသည့် အမေရိကန်ရောက်တိဗက်များကို မြင်လိုက်ရ၏။ တိဗက်ဝတ်စုံနှင့်တိဗက်လူမျိုးကို အပြင်မှာတခါမှ မမြင်ဖူးသေး။ ဤသူတွေကို တိဗက်ပြည်တွင်မြင်လျှင် ဘယ်လိုနေမည်မဆိုနိုင်သော်လည်း ဒီနေရာမှာ တွေ့လိုက်ရခြင်း၌အမြင်ဆန်းနေ၏။ စာနာစိတ်လည်း ဖြစ်မိပြန်၏။ လူတန်းခြင်းဆုံမိပြီး ဖြတ်ကြတော့ ကျနော့်နှုတ်မှ Free Tibet ဟု အလိုလိုထွက်သွား၏။ သူတို့ ဘက်ကလည်း Free Burma, Free Burma, တွေပြန်အော်ပြီး အပြန်အလှန်အားပေးကြွေးကြော်ကြ၏။  လွတ်မြောက်ပါစေဟု အပြန်အလှန်ဟစ်ကြွေးတောင်းဆိုခဲ့ကြသည့် ကျနော်တို့နိုင်ငံရော၊ သူတို့တိုင်းပြည်ပါ ခုထက်တိုင် ခါးတောင်ကျိုက်မဖြုတ်နိုင်ကြသေး။ လှုပ်ရှားမှုများကတော့ ပြည်တွင်းပြည်ပ၌ တရံမလပ် ရှိနေဆဲ။ ကြွေးကြော်ဆဲ။ တောင်းဆိုဆဲ။ တိုက်ပွဲဝင်ဆဲ။ နူးယော့ခ်ရှစ်လေးလုံး နှစ်နှဆယ်အကြောင်းတွေးကောင်းဆဲ ဇနီးဖြစ်သူ၏  “မံမီပြခန်းဘက် သွားရအောင်” ဟုဆိုသည့်အသံကြောင့် စိတ်သည်ပစ္စုပ္ဗန်သို့ ပြန်ရောက်လာ၏။
         အီဂျစ်ပြည် မံမီတွေပြခန်းအဝင်တွင် “ဤပြခန်းတွင် မံမီရုပ်အလောင်းများပြသ ထားခြင်းနှင့်အီဂျစ်လူမျိုးတို့၏သေသည်၏ အခြားမဲ့၌ယုံကြည်မှုဆိုင်ရာကိစ္စများကိုသာမြင် ရမည်ဖြစ်သဖြင့် ဤအရာများကိုကြည့်ပြီး ထိုလူမျိုး၏ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းတခုလုံးကို ဆုံးဖြတ်၍မရနိုင်ဆိုသည်ကို သတိပြုပါရန်” ဆိုသည့်သဘောစာတမ်းတခု ကပ်ထား၏။ အီဂျစ်ပြည်ဟုတွေးလိုက်သည်နှင့်စိတ်တွင် ခေတ်ဟောင်းနှင့်ခေတ်သစ်အီဂျစ်ပြည်၏ ပထဝီနိုင်ငံရေးတွင်အရေးပါမှု၊ နိုင်းလ်မြစ်ဝှမ်း မှတော်လှန်ရေး၊ အန်ဝါဆဒတ်၊ စူးအက်တူးမြောင်း၊ အာရပ်အစ္စရေးလ်စစ်ပွဲများ၊ ရေနံလက်နက်နှင့် အရှေ့အလယ်ပိုင်းပြဿနာ စသည်တို့နှင့်ယက်ရှယ်ဆက်နွယ်နေသည့်ပဋိပက္ခများစွာတို့ထက် ပိရမစ်ကြီးများ၊ စဖင့်ရုပ်တုကြီးများ၊ ပိုင်းပရပ်စ်ပေရွက်များပေါ်က သင်္ကေတအရုပ်စာ၊ ကလီရိုပါထရာ၊ ကျွန်စနစ်အောက်ကလွတ်မြောက်ရေးတိုက်ပွဲများနှင့် စပါတားကပ်စ်တို့ကိုသာ စိတ်ထဲတန်းကနဲပြေးမြင် တတ်ကြသည်မဟုတ်လား။ ထို့ကြောင့် ဤစာတမ်းလေးကပ်ထားခြင်းဖြစ်မည်ဟု အတွေးပေါ်မိ၏။ ပြခန်းထဲ၌ အီဂျစ်ပြည်မှယူလာပြီးပြထားသည့် မံမီရုပ်များ။ တချို့က အလောင်းကိုမံထားသည့်နဂိုနေအတိုင်း လက်ရာခြေရာမပျက်၊ အချို့မှာ မျက်နှာပိုင်းအပြင်ကာကို လှီးဖြတ်ဖွင့်ထုတ်ပြီး မျက်နှာနေရာကလေးသာ ကွက်ကွက်ဖော်လျှက်၊ အချို့က ကျောခင်းသာချန်ပြီး ရှေ့ပိုင်းတခြမ်းလုံးဖွင့်လျှက် ပြထား၏။ လေးနှစ်သားအရွယ် မံမီရုပ်အလောင်းတခုကိုတော့ အပြင်သားအကာတွေအကုန်ခွာထားပြီး ဒီအတိုင်းချပြထား၏။ ကိုင်ကြည့်လို့တော့မရ။ သူ့အသက်ရှင်စဉ်ကတော့ ဘယ်လိုပုံပန်းသဏ္ဍန်ရှိမည် မဆိုတတ် ယခုကြည့်ရသည်ကတော့ အသားအရေရှိအစိုဓါတ်တို့ တစ်စမကျန်ခြောက်ခမ်း ပုပ်ပွဆွေးမြေ့သွားပြီးနောက် ကျန်နေခဲ့သည့်အရိုးစုသက်သက်ကြီးလိုလည်းမဟုတ်။ လတ်လတ်ဆတ်ဆတ် အလောင်းကောင်လိုလည်းမဟုတ်။ မဲတူးတူးမွဲခြောက်ခြောက်နှင့်မို့ ကျနော့်စိတ်ထဲ ငါကျည်းကျပ်တိုက်ခြောက်တွေကို မြင်နေ၏။ မဖွင့်ပဲထားသည့်မံမီရုပ်များ၏ အတွင်းပိုင်းကိုဖြတ်ရိုက် ထားသည့်ဓါတ်မှန်ချပ်တွေကိုမီးထိုးပြီး ပြထားသည်လည်းရှိ၏။ ရုပ်အလောင်းများထည့်သည့် ကျောက်သားဂူများလည်းမြင်၏။ ပိရမစ်ကြီးများ၏ အတွင်းခန်းဖွဲ့စည်းမှုတွေအတိုင်းတထေရာတည်း လုပ်ထားသည့်နေရာသို့ ဝင်ကြည့်မိ၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဂူသဂိင်္ျုင်းကြီးတခုထဲ ရောက်သွားတာလိုလိုဖြစ်ကာ လှောင်အိုက်မွန်းကျပ်သွား၏။  
       တနေရာမှာတော့ တချိန်တုန်းက ပင်လယ်နီ သို့မဟုတ် နိုင်းလ်မြစ်ကြီးအတွင်း စုံချည်ဆန်ချီဖြင့် တက်စုံရွက်စုံဖွင့်ခဲ့မည်ဖြစ်သည့် သစ်သားလှေကြီးတစီးချပြထား၏။ လှေကြီးကား အတော်ပင်ဆွေးမြေ့နေလေပြီ။ ပိုင်းပရပ်ပေစာထုတ်များ၊ ကျောက်ထွင်းတဖက်ဖေါင်းရုပ်ကြွများ၊ အရုပ်စာများ၊ လေးမြားလက်နက်များ၊ ကြာပွတ်ကြီးများ၊ သံလုံးတန်းလန်းကြီးတွေနှင့်သံချေကျဉ်းများလည်း မြင်ရ၏။ တနေရာတွင် သစ်သားဒလိမ့်တုံးနှင့်သစ်သားဘီးများတပ်ထားသည့်ပျဉ်ချပ်ကြီးပေါ်တွင် တင်ထားသော လေးထောင့်စပ်စပ်ကျောက်တုံးကြီးတစ်တုံး။ လူ့ခါးစောင်းခန့်မြင့်၏။ ကျောက်တုံးကြီးပတ်လည်တွင် ဧရာမကြိုးလုံးကြီးတွေဆိုင်းကာ ရှေ့နှင့်ဘက်တွင်ဆွဲရန် ကြိုးစရှည်ကြီးကတန်းလန်း။ အလေးချိန်ဘယ်လောက်မှန်း မမှတ်မိတော့။ ကျေးကျွန်တွေက မိုင်ရာချီအကွာကျောက်တောင်ကြီးတွေဆီမှ ဤအရွယ်ကျောက်တုံးကြီးတွေကို ဖြတ်ထုတ်ဖဲ့ယူ၊ ဒလိမ့်တုံးတွေပေါ်တင်ပြီး ရှေ့ကဆွဲနောက်ကတွန်းပြီး သယ်ယူပေးခဲ့ကြရ၏။ ကျွန်ခေါင်းတို့၏ ကြာပွတ်သံတရွှမ်းရွှမ်း၊ သွေးစိမ်းလွှမ်းဟက်တက်ကွဲကျောပြင်များ၊ သေကောင်ပေါင်းလဲ အရိုးပေါ်အရေတင်ခန္ဓာများနှင့် သူတို့၏ဝိဥာဏ်တွေက ထို ကျောက်တုံးကြီးတွေမှာ ခုထက်တိုင် ပူးကပ်နေဆဲ။ နားထဲတွင်လည်း “တွန်းထား..ဆွဲထား” ဆိုပြီးညာသံပေးအချီအချအော်ဟစ်သံများ
ကြားလာသလိုလို မျက်စေ့ရှေ့မှ ကျောက်တုံးကြီးပင်နည်းနည်းရွေ့သွားသလိုလိုခံစားမိ၏။ ရှင်စဉ်ကလည်း အာဏစက်နှင့်ဓါးအထက်ပြိုင်ဖို့ ဤကျွန်တွေကိုပဲစတေးခဲ့ကြ၏။ သေလွန်ပြန်တော့လည်း ဤကျွန်တွေ၏ အသွေးအသားနှင့်လုပ်အားကို နိုင်လိုမင်းထက်လုယက်ကာ ဂူသင်္ဂျိုင်းအကြီးပြိုင်ခဲ့ကြ၏။ သင်္ဂျိုင်းကြီးလေ ဂုဏ်ကြီးလေခေတ်က  အဖိနှိပ်ခံပြည်သူတို့၏ သနားစဖွယ်ငိုကြွေးသံများ၊ မချိတင်ကဲမျက်ရည်စများ၊ နာကျည်းအံကြိတ်တက်ခေါက်သံများ၊ တော်လှန်ပုန်ကန်မှုများနှင့် တန်ပြန်ရက်စက်ဖြိုခွဲနှိပ်ကွပ်မှုများကို စိတ်မျက်စေ့တွင်မြင်ပြန်၏။ တရုတ်ပြည်မှ မဟာတံတိုင်းကြီး၏ အုတ်အချပ်တိုင်း အုပ်အချပ်တိုင်းတွင်လည်း ဤနှယ် အနိဋ္ဌာရုံများ ပြွမ်းနေမည်ဖြစ်၏။ ကမ္ဘာ့အံ့ဘွယ်တွေဆိုပြီး ကြည့်ရှူရင်သပ်နေကြသည့် ဤအရာတို့သည် ရှေးက အဖိနှိပ်ခံလူတို့၏ အသက်သွေးချွေးနှင့်အသားဆိုင်အသားစ အစုအပုံကြီးတွေမှန်း ခံစားနားလည်ပေးနိုင်ကြရင်ကောင်းမှာပဲဟု တွေးမိပြန်သေး၏။
         မံမီတွေပြခန်းကထွက်ပြီး အပေါ်ထပ်တက်ကြည့်ရင်း တနေရာ၌ လည်ပင်းတွင် ကြေးဝါကွင်းတွေစွပ်လျှက် ကြေးသွန်း ပဒေါင်အမျိုးသမီးကိုယ်တပိုင်းပုံ ရုပ်တုတခုကိုလည်းမြင်၏။ အနားတိုးပြီး ရုပ်တုအောက်ခြေကစာတွေဖတ်နေတုန်း နောက်မှ “မင်းက ဗမာလား”ဟု အင်္ဂလိပ်လိုမေးသံကြားသဖြင့် လှည့်ပြီး“ဟုတ်တယ်”ဟုဆိုတော့ “ငါ မင်းတို့တိုင်းပြည်ကို ရောက်ဖူးတယ်၊ ဒီ လူမျိုးစုတွေရှိတဲ့ဒေသကိုတော့ မရောက်ခဲ့ဖူး၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ သူတို့နေတဲ့ရွာတွေမှာ သူတို့ကိုပြပြီး ကမ္ဘာလှည့်ခရီးသည်တွေဆီကပိုက်ဆံရှာတဲ့လုပ်ငန်းကတော့ တော်တော် အလုပ်ဖြစ်နေတာပဲကွ၊ ငါတောင်သွားကြည့်ပြီး ဓါတ်ပုံတွေရိုက်ယူလာခဲ့သေးတယ်၊ ဒို့ဆီက ရက်အင်ဒီယန်းတွေနဲ့ သူတို့ရွာတွေလိုပေါ့ကွာ”ဟုဆိုတော့ ကျနော့်စိတ်ထဲ ထောင်းကနဲတချက်ဖြစ်လိုက်မိပြန်၏။ ဘာကို ဖြစ်လာလဲ၊ ဘာကြောင့်လဲ၊ ဘယ်သူ့ကိုလဲ။ ကျနော် သူ့ကိုတော့ ဘာမှပြန်မပြောဖြစ်။ စိတ်ထဲ အတွေးတို့သီတန်းစုဖွဲ့လာပြန်၏။
(ဆက်ပါဦးမယ်) မျိုးမြင့်ချို မတ်လ ၂၀ ရက် ၂၀၁၂။