Saturday, January 14, 2017

ကခုန်ဆင်နွှဲရမယ့် ချစ်ခြင်းမေတ္တာ(မျိုးမြင့်ချို)

0 comments
(ကခုန်ဆင်နွှဲရမယ့် ချစ်ခြင်းမေတ္တာ)
ဒီဘက်ကယဉ်ကျေးမှုမှာတော့ (ဘာသာကိုးကွယ်သူတွေအတွက်) ဘာသာရေးထိမ်းမြားတဲ့အခမ်းအနားမှာရော လူမှုရေးအရဧည့်ခံတဲ့ပွဲမှာရော ဖခင်ကိုယ်တိုင်က သမီးကို လက်ခြင်းတွဲချိတ်ပြီး ပရိတ်သတ်ဗိုလ်ပုံအလည် တွဲခေါ်လာပြီး သားမက်လက်ထဲ အပ်တာမျိုးပါ။ ဧည့်ခံပွဲမှာ သမီးနဲ့အဖေလည်းတွဲကကြပါတယ်။ ဒါ ဆန်းတဲ့ကိစ္စမဟုတ်ပါ။ အဲ့ဒါကို ရှက်စရာလို့ မျက်နှာပူစရာလို့ မြင်ချင်လည်း မြင်လို့ရပါတယ်။ အဲ့လိုမြင်လို့ဘာကိစ္စမှ မရှိသလို၊ ကိုယ်မလုပ်ချင်ရင်လည်း မလုပ်ပဲနေလိုက်ရုံပါပဲ။ ကဲ့ရဲ့ပြစ်တင်စရာ နှာခေါင်းရှုံ့စရာမဟုတ်ပါ။

အထူးသဖြင့် ယဉ်ကျေးမှုဆိုတဲ့ ဒြပ်မဲ့စကားလုံးကြီးအကာအကွယ်ယူပြီး တပါးသူဘဝအနေကို ပုတ်ခတ်သရော်တာ စက်ဆုပ်ဟန်ပြုတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါ။ လူသားအခြင်းခြင်းကြား ကိုယ့်စည်းကိုယ်တား ကိုယ့်ဘာသာပြန်အချုပ်ချရင်း မလွတ်လပ်တဲ့ရန်လိုတတ်တဲ့ ”ယဉ်ကျေးမှုအကျဉ်းသား”ကြီးတွေဖြစ်နေတာပါ။ အဲ့လိုသဘောထား အတွေးအမြင်စိတ်အခံဟာ ဗမာပြည်လို ပိတ်ဆို့လူ့အဖွဲ့စည်းကလူတချို့မှာမှ ကွက်ပြီးရှိတတ်တာမဟုတ်ပါ။ ဒီရောက်နေတာလည်းကြာ ဒီကလူမှုဘဝထဲမှာလည်း နိစ္စဓူဝပျော်ဝင်ရှင်သန်နေရသူ(တချို့)မှာလည်း ရှိနေသေးတာတွေ့ရပါတယ်။ အတင်းပြောင်းယူရမယ်လို့ မဆိုလိုပါဘူး။ အဲ့လိုလုပ်ယူရင်လည်း နည်းလမ်းမမှန်သလို အကောင်းထက်အဆိုးတွေ ပိုများလာမှာပါ။

ဒီရောက်လာတဲ့လူတွေမှာ တသက်လုံး သူတို့မကြားဖူး မမြင်ဖူး စိတ်တောင်မကူးဖူးတဲ့ အနေအထိုင်၊ ပညာရေး၊ လူမှုရေး၊ မိဘနဲ့သားသမီးဆက်ဆံရေးတွေနဲ့ နဖူးတေ့ဒူးတေ့ အတေ့ခံလိုက်ရတာမှတင် သွေးပျက်ကုန်တွေရှိပါတယ်။ အင်္ဂလိပ်လိုတော့ Cultural Shock လို့ အလွယ်ပြောကြပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ဇိမ်ခံကားလှလှလေးကို ကားမောင်းသက်နုသေးသူက သူ့ဟာသူ သူ့အရှိန်လေးနဲ့သူ ဘေးဘယ်ညာသတိမထားမိပဲ အေးအေးလူလူမောင်းလာရင်း ရုတ်တရက် မျက်နှာချင်းဆိုင်ကနေ ဆယ်ဘီးကားကြီး ဘွားကနဲဝင်ချလာတာနဲ့ သွားတိုးတဲ့အခါဖြစ်သလိုမျိုး ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်တာမျိုးပါ။ တချို့ဆို သွေးပါပျက်ပါတယ်။

အဲ့ဒီလိုဖြစ်တတ်ကြသူအများစုဟာ စာပေအဖတ်အရှုနည်းတဲ့ ပညာအခြေခံနိမ့်ပါးတဲ့လူတွေ ဖြစ်နေတတ်တာ၊ စိတ်သဘောထားမကြီးမှု၊၊ အမြင်မကျယ်မှုတွေလည်း အဲ့လိုလူတွေမှာ အတွေ့ရများပါတယ်။ ဒါလည်း သိတ်တော့အထူးအဆန်းမဟုတ်ပါ။

သူတို့အဲ့သလိုရှော့ခ်တွေရလာ သွေးတွေပျက်လာတော့ သူတို့ကလေးတွေအတွက် ပူပန်စိတ်ကြီးလာတယ်။ သူတို့က ကလေးတွေကို ဘယ်မှာနေနေ သူတို့လိုပဲ မြင်စေတွေးစေချင် နေစေထိုင်စေချင် သူတို့ယုံကြည်တာကိုပဲ ယုံချင်ကြည်စေချင် သူတို့ရှိခိုးတာ ကိုးကွယ်တာကိုပဲ ရှိခိုးစေချင်ကိုးကွယ်စေချင်ကြတာပါ။ ချုပ်ပြောရရင် လောကကို သူတို့လိုမြင်စေချင်တာပါ။ မင်းဟာ ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်တယ်ဆိုပြီး နောက်ကနေ ကြိမ်နဲ့တို့ချင်တာပါ။ ကိုယ့်ကလေးတွေကို လူသားဖြစ်တည်မှုထက် လူတယောက်ခြင်းစီရဲ့ကိုယ်စီဖြစ်တည်မှုထက် ကိုယ်နဲ့တူသူကွက်ကွက်ကလေးကိုသာ လူထင်တဲ့စေချင်တဲ့စိတ်၊ ကိုယ့်အယူကိုယ်ယုံကြည်ရာ ကိုယ့်နေမှုသာ တပါးသူတွေအရာတွေထက် ပိုကောင်းမွန်မှန်ကန်တယ်လို့ ထင်စေချင်တဲ့စိတ်အခံတွေပါ။

ဒီတော ဘာလုပ်သလဲ ဒီမှာမွေးတဲ့ ဒါမှမဟုတ် ဒီကိုပေါက်စနလေးနဲ့ရောက်လာတဲ့ ဆယ်ကျော်သက်ကလေးငယ်တွေကို မိဘအရှိန်အဝါသုံးပြီး သူတို့နဲ့ မတူတူလာအောင် ဇွတ်ပုံသွင်းပါတယ်။ နည်းနည်း ချုပ်ချယ်ချင်ပါတယ်။ ဒါပေမယ့် သူတို့လိုသရောက်ခရီးမရောက်သလို ထင်သလောက်ထည်း မထိရောက်ပါဘူး။ တချို့ဆို ပြောင်းပြန်အကျိုးဆက်ပါထွက်ကုန်ပါတယ်။

ကလေးတွေရဲ့ဆန္ဒအလျှောက်ထက် မိဘရယ် အဝန်းအဝိုင်းရယ်အရှိန်စော်ကိုသုံးပြီးယဉ်ကျေးမှုခေါင်းစဉ်နဲ့ချုပ်နှောင်ပြီး ကလေးတွေကို ဘာသာရေးကျောင်းတွေ၊ ကျမ်းစာသင်ကျောင်းတွေ၊ နှစ်ခြင်းတွေ ဖျန်းခြင်းတွေလုပ်ခိုင်း၊ ကျမ်းစာတွေရွတ်ခိုင်း၊ ဘုန်းကြီးကျောင်းတွေကို အတင်းလွှတ်၊ ရှိတွေခိုးခိုင်း၊ သင်္ကန်းတွေစည်းခိုင်း၊ မယ်သီလတွေဝတ်ခိုင်း၊ ခေါင်းမြီးတွေခြုံခိုင်း၊ ဘာမှန်းမသိတဲ့ဝတ်စုံတွေဝတ်ခိုင်း၊ မုတ်ဆိပ်တွေထားခိုင်းနဲ့ ဆောက်တည်ရာမရ ဖြစ်ကုန်တာလည်းတွေ့ရပါတယ်။ ကလေးတွေကလည်း ဒီက အခြား ကတွေကြားမှာ အဲ့သလိုအလုပ်ခံရတာကို ရှက်ပါတယ်။ ရှက်တဲ့နေရာမှာ အနိုင်ကျင့်ခံရသလိုမျိုးအလုပ်ခံရတာကို ပိုရှက်ပါတယ်။  

ဒီအပြုတွေဟာ သူတို့စိတ်ထဲကရှိနေတဲ့အခုအခံအစွဲအလမ်းကို သူတို့ကလေးတွေကနေတဆင့် ဖော်ထုပ်ပြသဖို့ကြိုးပမ်းရင်း ယဉ်ကျေးမှုသိမ်ငယ်စိတ်ဝင်သွားတာမျိုးလို့လည်း ပြောကြဆိုကြတာကြားဖူးပါတယ်။ ကျနော့်အမြင်ကတော့ ဝန်းကျင်သစ်က ကိုယ်နဲ့မတူတဲ့အရာတွေကိုခုခံဆန့်ကျင်ဖို့ ကိုယ့်ရှိတဲ့လက်နက်စွဲကိုင်ပြီး သွေးရူးသွေးတမ်းကြိုးပမ်းချက်လို့ ထင်ပါတယ်။ မတူတာကိုကြောက်တဲ့ကြောက်စိတ်ပါ။ မတူတာကို ညှိယူလိုစိတ်နည်းပါးတဲ့ မတူမှုအပေါ်မှာ သည်းခံလိုစိတ် သဘောထားကြီးလိုစိတ်နိမ့်ပါးမှုအခြေခံပါ။ 

တခါ ကလေးတွေအရွယ်ရောက်လာတော့လည်း အဖြူတွေ အမည်းတွေ အဝါတွေနဲ့ ညားကုန်ရင်တော့ခက်ရချည်ရဲ့လို့ ပူပန်တာတွေလည်းရှိကြတယ်။ အဲ့သလိုပူပန်နေရင်းက တပြိုင်တည်းမှာပဲ မိဘတချို့မှာ ကိုယ့်သမီးလေးကိုသာ အဖြူတွေအမည်းတွေနဲ့ မညားစေချင်တာ၊ သားယောက်ျားလေးက အဖြူမလေးယူလာရင်တော့ ပျော်တပြုံးပြုံး မော်မဆုံးဖြစ်နေသူလည်းရှိပါတယ်။ တခါ သမီးမိန်းကလေးက လူမည်းအမျိုးသားနဲ့မဟုတ်ပဲ အဖြူနဲရသွားလို့ ဂုဏ်ဖော်နေကြသူတွေလည်း ရှိပါသေးတယ်။

လူမည်းအမျိုးသား(အာဖရိကန်အမေရိကန်)တွေနဲ့ သမီးတွေ ညားကုန်မှာစိုးတဲ့စိတ်အခံတွေကြောင့်ပဲ အိမ်မှာ၊ အလုပ်မှာ၊ ဗမာအချင်းချင်းတွေ့ကြတဲ့အခါတွေမှာ ငမည်းတွေက ငမည်းတွေကဆိုပြီး နင့်နင့်သီးသီး ချိုးချိုးနှိမိနှိမ် ခေါ်ဝေါ်သုံးစွဲတာတွေလည်း ကြားနေရပါတယ်။ အဲ့ဒီအခါမျိုးမှာ ဒီမှာပညာသင် ဒီကဘဝနဲ့ကြီးပြင်းရတဲ့ကလေးတွေနဲ့ သူတို့မိဘတွေ ထိပ်တိုက်တွေ့ကြတော့တာပါပဲ။ ဒီမှာက တယောက်ကိုတယောက် အဲ့သလိုခေါ်တာမျိုးဟာ ရိုင်းစိုင်းအောက်တန်းကျတဲ့အပြုအမူလို့ ယေဘုယျသတ်မှတ် သင်ကြားထားတာကိုး။ ကလေကချေချင်းအတူတူတောင် အဖြူတွေထဲက White Trash လို့ခေါ်တဲ့ ကလေကချေအပြုအမူရှိသူတွေအပေါ် ထားတဲ့သဘောထား မြင်တဲ့အမြင်နဲ့ အမည်းတွေအပေါ်ထားတဲ့သဘောထား မြင်တဲ့အမြင်မတူပါဘူး။ ဒါလည်း လူဖြူ တွေအပေါ်အထင်တကြီးရှိစိတ် အခံက လာတာများလားလို့ တွေးစရာပါ။ ကိုယ့်ကိုယ်ကို White Supremacy လို့ဆိုတဲ့ လူဖြူကြီးစိုးရေးအယူအောက် အသွပ်သွင်းခံလိုစိတ် များလားလို့လည်း တွေးချင်စရာပါ။

တချို့မိဘတွေများ နောက်ဆုံး ဘယ်လောက်ထိအောင်လဲဆိုတော့ သူတို့ကြိုက်တဲ့ စားတဲ့ အစားအသောက်တွေကိုပါ ကလေးတွေကို အတင်းစားခိုင်းတာတွေအထိ အတ္တကြီးကြီးနဲ့လုပ်တာတွေ့ဖူးပါတယ်။ ကလေးက လူမမယ်လေး။ မိဘကိုကြောက်လို့သာ ဇွတ်မြိုချနေရာတာ သူ့အတွက် မသတီစရာတခုခုကို လည်မျိုထဲဆောင့်အသွင်းခံရလို့ ပျို့ချင်အန်ချင်စိတ်နဲ့ မျက်ရည်လည်ရွဲနဲ့ မြိုမြိုသာချနေရတာပါ။ အဲ့ဒါမျိုးကို ကျနော့်မျက်စေ့နဲ့ကိုမြင်ဖူးပါတယ်။ တကြိမ်လည်းမကပါ။ အဲ့လို မိဘမျိုးဟာ အတော်နှလုံးနာစရာကောင်းတာပဲလို့ ကျနော့်စိတ်ထဲဖြစ်မိပါတယ်။ ကိုယ့်သားသမီးကို ကိုယ်နဲ့မတူတူအောင် ဇွတ်ရွတ်လုပ်ချင်တဲ့ အာဏာရှင်ဆန်တဲ့စရိုက်မျိးဗီဇမျိုးကို ကိုယ့်သားသမီးဆီ သွတ်သွင်းနေတာပါလားလို့တောင် သူတို့မှာ တွေးနိုင်မြင်နိုင်စွမ်းမရှိကြတော့ပါဘူး။

ကျနော် အဲ့အကြောင်းတွေကို တခုခြင်းခွဲပြီး သူနေရာနဲ့သူ ကျယ်ကျယ်ပြန့်ပြန့်လေးပြောချင်စိတ်ရှိပါတယ်။ တနေ့တော့ ပြောဖြစ်မှာပါ။ ခုတော့ ပြောချင်တာဆီပြန်ဆက်ပါ့မယ်။ ပြောချင်တာက အရွယ်လည်းရောက်ပြီး၊ စိတ်အခြေအနေလည်းပုံမှန်ရှိ၊ လွတ်လည်းလွတ်လပ်သူဖြစ်တယ်ဆိုရင် မိမိသားသမီးက ကိုယ်တွေနဲ့မတူတဲ့ အသားအရောင် ကိုယ်တွေနဲ့မတူတဲ့အနေအထိုင်၊ အစားအသောက်၊ ကိုယ်တွေနဲ့မတူတဲ့ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ခြင်း မယုံကြည်ခြင်း၊ ချုံ့ပြောရရင် အစစအရာရာ ကိုယ်နဲ့မတူသူကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်လက်ထပ်တာကို ဘာမှ သိမ်ငယ်ရှက်ရွံနေစရာမလိုသလို ဂုဏ်ဖော်မော်ကြွားနေစရာလည်းမရှိပါ။ အဲ့ဒါကို ဘာယဉ်ကျေးမှု အကာအရံ၊ ဘာ ဘာသာရေးတံတိုင်း၊ ဘာ လူမျိုးရေး အတားဆီးအနှောင်အဖွဲ့တွေ အချုပ်အချယ်တွေမှလည်း မတားဆီးမချုပ်ချယ် မကန့်သတ်စေလိုပါ။ အဲ့လိုလုပ်လို့လည်း မရပါ။

ဆင်ခြင်တုံတရားနဲယှဉ်တဲ့ ကိုယ်ချင်းစာတရားနဲ့ခံစားတဲ့ သဘောထားကြီးမှု သီးခံနားလည်မှုတွေနဲ့ပြွမ်းတီးတဲ့စိတ်အခံကိုမွေးပြီး အဲ့ဒီအထိုင်ကနေ ချစ်ခြင်းမေတ္တာကို မိသားစုဘဝတွေကို လူသားရဲ့လိင်စိတ်အလိုနဲ့ ဘဝနေမှုတွေကို ချစ်ကြပါစေ၊ မြတ်နိုးတနာရှိကြပါစေ၊ လူသားမျိုးဆက်တွေ စည်ပင်ထွန်းကားပါစေ။

သားသမီး ထိမ်းမြားလက်ထပ်ပွဲတွေ မင်္ဂလာဧည့်ခံပွဲတွေမှာ ဖခင်တိုင်း ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ကကြခုန်ကြပါစေ။
မျိုးမြင့်ချို ဇန်နဝါရီ ၁၄၊ ၂ဝ၁၇

Friday, January 13, 2017

လူထုမှာ တာဝန်ရှိသတဲ့လား (မျိုးမြင့်ချို)

0 comments
(လူထုမှာ တာဝန်ရှိသတဲ့လား)
စစ်အုပ်စုရဲ့မှိုင်းတိုက်သမားတွေက ကချင်စစ်ဘေးဒုက္ခသည်တွေနဲ့ချိတ်ဆက်ပြီး တရုတ်ကိုဝါဒဖြန့်တဲ့နောက် ဒီမိုဆိုတဲ့ငတိတွေရော မေမေ့သားတွေရော သိုးအုပ်အမောင်းခံရသလိုခံရပြီး ဝရုန်းသုန်းကား ပါပါသွားကြတာ၊ လည်လေးတွေစင်းစင်းပြီး လိုက်လိုက်သွားကြတာသတိထားမိတယ်။

ဗမာစစ်တပ်က အရပ်သူအရပ်သားတွေ ကချင်ရွာတွေကို ပစ်ခတ် ဗုံးကြဲ သတ်ဖြတ် လုယက် မုဒိန်းကျင့် မြေလှန်မီးရှိုံ့တော့ ရွာသူရွာသားတွေက ကပ်လျက်ဖြစ်တဲ့ တရုတ်ပြည်ဘက် ပြေးဝင်ခိုလှုံကြရရှာတယ်။ အိုးပစ်အိမ်ပစ် မြို့ပစ်ရွာပစ် မိတကွဲဖတွဲ သားတကွဲမယားတကွဲ ခွဲခဲ့ကြရ။ တသက်လုံး ဓားမဦးချလုပ်လာခဲ့တဲ့ ခုတ်လာခဲ့တဲ့တောင်ယာလေးရော ဝက်ကလေးကြက်ကလေးတွေပါထားခဲ့ပြီး အသက်ဖက်နဲ့ထုပ်ရင်း ကမူးရှူးထိုးသုတ်ခြေတင်ခဲ့ကြရတာပဲ။

ဒီလူတွေကို တရုတ်ဘက်က လက်ခံ၊ နေရာချ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လိုတာတွေထုတ်ပေး ထောက်ပံ့ကူညီတော့ စစ်အုပ်စုဝါဒဖြန့်သမားတွေက သူ့လူကိုယ့်ဘက်သားလိုလိုလုပ်ပြီး တဘက်လှည့်နဲ့ (ကချင်ဘက်က (ကေအိုင်အိုဘက်က)တရုတ်က ဝင်ပါနေလို့ ဝင်ကာနေလို့ ဝင်ကူညီနေလို့ ဝင်သွေးထိုးနေလို့ ဝင်ထောက်ပံ့နေလို့ ဒီစစ်ကို သူတို့နိုင်အောင်
တိုက်မရတာ၊ ကချင်တွေ ဒီလောက်ဖင်ဂေါင်းကျယ်နေတာ ထောင်ထောင်ထောင်ထောင် လုပ်နေတာ။ တရုတ်က ကချင်ကိုကိုင်ပြီး ဗမာပြည်အရေး ဝင်စွက်ဖက်နေတာ ဘာညာ) နဲ့ ပြောတော့လည်း ဒီမိုတွေ မေမေ့သားတွေ ဟေးဝါးနဲ့အော်ပြီး ပါသွားတာပဲ လည်ကလေးတွေစင်းလို့။

ဟော အခု တရုတ်က သူ့နယ်စပ်မှာ စစ်တင်မက ဒုက္ခသည်ကိစ္စပါ ရှုပ်ထွေးလာပြီ သူ့နယ်စပ်ဒေသက သူ့ပြည်သူတွေဘက်က အသံထွက်လာပြီဆိုပြီး ကချင် အရပ်သူအရပ်သားတွေကို လက်ခံဖို့အင်တင်တင်လုပ်တော့ စစ်အုပ်စုဝါဒဖြန့်သမားတွေက(တွေ့လား တရုတ်တွေများ ကိုယ်ကျိုးကလွဲပြီး ဘာမှမကြည့်ဘူး။ တော်တော် ရက်စက်တယ်။ ဒီလောက် ဒုက္ခရောက်နေတဲ့လူတွေအပေါ် လူသားချင်းစာနာစိတ် တစက်ကလေးမှ မရှိဘူး။ ဆောင်းတွင်းကြီး အေးကလည်းအေးနဲ့ လူတွေတော့ အစာရေစာ ပြတ်လတ်ရုံတင်မက ရာသီဥတုဒဏ်ကြောင့်ပါ မချိမဆန့်ခံပြီး သေကြရတော့မယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားမပါရင် ခြေတလှမ်းတောင် မရွှေ့ဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတာ တရုတ်တွေစောက်ကျင့်ပဲဘာညာ)နဲ့ မှိုင်းတိုက်တော့လည်း ဒီမိုတွေ မေမေ့သားတွေ စုပ်သပ်လိုက် တက်ခေါက်လိုက်နဲ့ ခေါင်းငိုက်စိုက်ချပြီး စစ်တပ်ခေါ်တဲ့နောက် လိုက်သွားပါသွားပြန်တယ်။

ဒီဒုက္ခသည်အရေးဟာ ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်။ ပြည်တွင်းစစ်ဖန်တီးသူဟာ စစ်အုပ်စုဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး မလိုလားသူ စစ်လိုလားသူဟာ စစ်အုပ်စုဖြစ်တယ်။ ပြည်တွင်းစစ်မှမဟုတ်ဘူး တိုင်းပြည်မှာဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ပြဿသနာတိုင်းရဲ့ အဓိကလက်သည်ဟာ စစ်အုပ်စုဖြစ်တယ်။

စစ်တပ်က သေနတ်လက်ကမချပဲ နိုင်ငံရေးအာဏာကိုကိုင်ပြီး စစ်တိုက်စီးပွားရှာနေသရွေ့ ပြည်တွင်းစစ်သက်ဇိုး မရှည်ရှည်အောင် ဖန်တီးထားသရွေ့ ဒီပြသနာတွေ ပျောက်ပျက်သွားမှာမဟုတ်တဲ့အပြင် တနေ့တခြား ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာကို မြင်အောင်ကြည့်ပြီး ရတဲ့နည်းတဲ့ဆန့်ကျင်ဖို့ပဲလိုတာ။ စစ်အုပ်စုကို ဂုတ်ကနေဆွဲပြီး အာဏာပလ္လင်ပေါ်ကနေ ခွေးမောင်းချသလိုချဖို့ပဲရှေးရှုရမှာ။

ခုတော့ပြောင်းပြန်။ စစ်တပ်ခေါ်ရာနောက် သားသတ်ရုံအပို့ခံရတဲ့သိုးတွေလို လည်စင်းပြီးလိုက်လိုလိုသွားကြ။ သိုးထိန်းခွေးအခြောက်ခံရလို့ သွေးပျက်ပြေးတဲ့သိုးတွေလို ဆောက်တည်ရာမရ
ဖြစ်လိုဖြစ်ကြနဲ့ အကျည်းတန်လှတယ်။

စစ်အုပ်စုဖြစ်စေချင်တဲ့အတိုင်း တရားခံပျောက်နေတာလောက်ဆို မပြောသေးဘူး။ ခုဟာက တရားခံပျေက်ရုံမကတော့ဘူး တရားလိုဖြစ်တဲ့ ပြည်သူတွေ လူမျိုးစုတွေ အရပ်သူအရပ်သားတွေကိုပါ တရားခံလိုလို ယိုးစွပ်လိုစွပ်၊ မဆီမဆိုင် တရုတ်ကို လက်ညှိုးထိုးလိုထိုး ရန်လုပ်လိုလုပ်နဲ့။ ခေါင်းထဲ ဦးနှောက်မပြောနဲ့ မစင်တောင်ရှိကြတော့ရဲ့မသိဘူးလို့ ပြောယူရတော့မယ့်သဘောကြီးအထိ ဖြစ်လာနေတယ်။

ဖေဖေ့တပ်မတော်ကြီးလုပ်သမျှ ရေငုံနှုတ်ပိတ်နေတဲ့အဆင့်ကနေ
ဖေဖေ့တပ်မတော်ကြီးက သောင်းကျန်းသူအဖျက်သမားတွေ အကြမ်းဖက်သမားတွေကိုတိုက်နေတာတို့ ဘာတို့အထိ အလိုတူအလိုပါ ကြံရာပါအထိ ရှက်ဖွယ်လိလိ နိုင်ငံရေးသိက္ခာကင်းမဲ့လာတာ နိုင်ငံနဲ့ပြည်သူ့မျက်နှာ မထောက်တော့တာတွေကို မငဲ့မညှာ ပြောပြထောက်ပြဝေဘန်ပြဖို့ လူတိုင်းမှာ ပြည်သူတိုင်းမှာအခွင့်အရေးရှိတယ်။
အလားတူပဲ ပြည်တွင်းစစ်ဆန့်ကျင်ရေး ပြည်တွင်းငြိမ်းချမ်းရေး
လူထုလှုပ်ရှားမှုတွေ သဏ္ဍန်ပေါင်းစုံနဲ့ ဖော်ထုပ်လုပ်ပိုင်ခွင့်လည်း လူထုရဲ့မွေးရာပါအခွင့်အရေးဖြစ်တယ်။ လုပ်ခွင့်ရှိတယ်။
အဲ့ဒါ လူထုတာဝန်မဟုတ်ဘူး။ လူထုမှာ ဘာတာဝန်မှမရှိဘူး။ တာဝန်ရှိလို့လုပ်ရမယ့် အလုပ် မဟုတ်ဘူး။ တိုင်းပြည်ချစ်စိတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့စိတ်၊ နိုင်ငံငြိမ်းချမ်းတိုးတက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုလေးတွေ အေးအေးလူလူနေလိုတဲ့စိတ်ကြောင့် လုပ်ကြခြင်းပဲဖြစ်တယ်။
တိုင်းပြည်အေးချမ်းဖို့ ငြိမ်းချမ်းဖို့ စစ်ရပ်ဖို့လူထုမှာ ဘာတာဝန်မှမရှိဘူး။ တာဝန်ရှိရအောင် လူထုက ဘာခံစားခွင့် ဘာငွေကြေး ဘာရာထူး ဘာစည်းစိမ် ဘာအာဏာ ဘာအခွင့်အရေးမှ ယူထားတာမဟုတ်သလို ဖွဲ့စည်းပုံပြင်မယ်တို့။ ဥပဒေစိုးမိုးစေရမယ်တို့၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ပေးမယ်တို့ဆိုတဲ့ ညကတိကဝတ်တွေ ပေးထားတာလာည်း မရှိဘူး။
ခင်ဗျားတို့ အဲ့ဒါတွေလုပ်ပေးပါ့မယ်ဆိုလို့ ဟုတ်လိုဟုတ်ငြား ကိုးစားမျှော်လင့်ချက်နဲ့ မဲပေးရွေးချယ် အာဏာပလ္လင်ပါ် ဆွဲတင်ခဲ့တာပဲ။ ကတိပျက်လာလို့ ဖေါက်လွဲဖေါက်ပြန် လုပ်လာလို့ဆိုရင်တော့ အာဏာပလ္လင်ပေါ်ကနေ ဂုတ်ကနေဆွဲချဖို့ပဲ လူထုမှာတာဝန်ရှိတယ်။ လူထုတာဝန်ဆိုတာ အဲ့ဒါပဲ။ ကျန်တာ ဘာမှမဟုတ်ဘူး။
မဲဆွယ်ပွဲမှာပေးခဲ့တဲ့ကတိကဝတ်တွေ ဖြစ်မလာတာ ဖြစ်အောင်မလုပ်နိုင်တာ လူထုမှာ ဘာတာဝန် ဘာဝတ္တရားမှမရှိဘူး။ စစ်တပ်ကြောင့် အနှစ်ငါးဆယ်ကြောင့် အရင်အစိုးရကြောင့် ဘာကြောင့်ညာကြောင့်တွေနဲ့ လွှဲချလည်း အပိုဘဲ။
လူထုကို မျက်နှာမမူတဲ့အစိုးရဆို လူထုဘက်က ပါဝင်လာဖို့လည်း မျှော်လင့်လို့မရဘူး။ လူထုအပေါ် တာဝန်ပုံချလို့မှလည်း မရဘူး။

Thursday, January 12, 2017

အတိုင်ပင် ခံလိုတဲ့ နိုင်ငံတော်(မျိုးမြင့်ချို)

0 comments
(အတိုင်ပင် ခံလိုတဲ့ နိုင်ငံတော်)
နေဝင်းလည်း ရှင်းတယ်။ သန်းရွှေလည်း ရှင်းတယ်။ (တင်ဦးတို့၊ ကျော်ထင်တို့၊ စောမောင်တို့ကတော့ ထားလိုက် အာပလာ တပ်ချုပ်တွေလို့ပဲ) နေဝင်းထက် သန်းရွှေက ပိုပြတ်တယ်။ သူဟာ နိုင်ငံတော်ပဲ။ ပါတီမထောင်ဘူး။ အတိုင်ပင်ခံမထားဘူး။ အကြံပေး မခန့်ဘူး။ သူလုပ်ချင်ရာလုပ်မယ်၊ ခိုင်းမယ်။ ဖြစ်သမျှအကုန် ခေါင်းခံတယ်။ တာဝန်ခံတယ်။ မိဘပြည်သူများခင်ဗျားတို့ နိုင်ငံသူနိုင်ငံအပေါင်းတို့ခင်ဗျားတို့ဘာတွေနဲ့ ပလီစေ့ချောက်ခြက်တွေလည်း မလုပ်ဘူး။ အပိုတွေလည်း မပြောဘူး။ စကားနည်းတယ်။ လုပ်စရာရှိ ကောက်လုပ်ထည့်လိုက်တာပဲ။ သူ့ကောင်တွေလုပ်တာလည်း သူ့အပေါ်အကုန်ပုံချလိုက်။ အေးဆေးပဲ သေနတ်ခေါင်းအုံးပြီး စီးပွားရှာတယ်။ မင်းတို့လည်းရှာ ငါလည်းရှာတယ်။ အေး..တက်ထောင်မောင်းနင်းတော့ လုပ်မလာနဲ့ ကိုယ့်ဘဝကိုယ်တွေးထားဆိုတဲ့ "မူ"ပဲ။ အဲ့ဒီတုန်းက ရှင်းတယ် နိုင်ငံတော်ဟာ သူပဲ။ သူဟာ နိုင်ငံတော်ပဲ။ သူ ဘယ်သူ့မှ မတိုင်ပင်ဘူး။ ဘယ်သူ့အတိုင်ပင်မှလည်း မခံဘူး။ ဘယ်သူ့ကိုမှလည်း အကြံမပေးဘူး။ ဘယ်သူ့အကြံမှလည်း မယူဘူး။ ရှင်းတယ်။
ခုက ရှုပ်နေတာ။ နိုင်ငံတော်က ဘာမှန်းမသိဘူးဖြစ်နေတာ။ နိုင်ငံတော်တောင် ဘာမှန်းလေးလုံးမကွဲသေးဘူး။ နိုင်ငံတော်ဆိုတာဘာလဲ။ ဘယ်သူလဲ။ ဘယ်သူတွေလဲ။ ဘယ်လိုဖွဲ့ထားသလဲ၊ နိုင်ငံတော်က ဘာတွေလုပ်လဲ။ စစ်တပ်က နိုင်ငံတော်ထဲပါလား။ ကာချုပ်ကရော နိုင်ငံတော်ပဲလား။ နိုင်ငံတော်ထဲ သူလည်းပါလား။ စတာတွေတောင် ခုထိမရှင်းသေးဘူး။ ဒီကြားထဲ နိုင်ငံတော်၏အတိုင်ပင်ခံဆိုတာက ထပ်ပေါ်လာတယ်။ သူက နိုင်ငံတော်ကိုတိုင်ပင်တာလား နိုင်ငံတော်ကသူ့ကို တိုင်ပင်တာလား။ ဘယ်သူက ဘယ်သူ့အတိုင်ပင်ခံတာလဲ။ နိုင်ငံတော် ဘာမှန်းတောင် မသိတဲ့အနေအထားမှာ နိုင်ငံတော်အတိုင်ပင်ခံ ထပ်ပေါ်လာတော့ ပိုရှုပ်ကုန်တယ်။
ခု အဲ့ဒီထက်ပိုရှုပ်တဲ့အရှုပ်က နိုင်ငံတော်ရယ်၊ နိုင်ငံတော်အတိုင်ပင်ခံရယ်က နိုင်ငံတော်လုံခြုံရေးအကြံပေးဆိုတာကို ထပ်ခန့်ပြန်တယ်။ နိုင်ငံတော်မှာ တိုင်ပင်ဖို့ ဒါမှမဟုတ် အတိုင်ပင်ခံဖို့ အတိုင်ပင်ခံလိုတယ်။ တခါ နိုင်ငံတော်ရယ် နိုင်ငံတော်အတိုင်ပင်ခံရယ်က နိုင်ငံတော်လုံခြုံရေးအတွက် အကြံပေးမယ့်လူ လိုပြန်တယ်။ ဆိုတော့ နိုင်ငံတော်မှာ နိုင်ငံတော်အတိုင်ပင်ခံလိုတယ်။ နိုင်ငံတော်အတိုင်ပင်ခံမှာ နိုင်ငံတော်အကြံပေးလိုတယ်။
သန်းရွှေကတော့ စာဖတ်ရင်း ငါ့တုန်းက တယောက်တည်းလုပ်ခဲ့တာပါကွာ၊ နင်တို့ကြမှ စောက်ကျိုးနည်းဆိုပြီး ဘီလူးသံပုရာသီးစားတဲ့အပြုံးနဲ့ ပြုံးနေမလားပဲ။

သတင်းနဲ့ မှတ်ချက်

0 comments
သတင်းနဲ့ မှတ်ချက်
၁၂- ၁- ၂၀၁၇
ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အလှူခံတဲ့သတင်း ဖတ်ရပါတယ်။ ဒီတခါတော့ ပြည်တွင်း အလှူရှင်တွေဆီက အလှူခံတာပါ။ နိုင်ငံတကာ အကူအညီနဲ့ တင် မလောက်တော့လို့ ထင်ပါတယ်။ ပြည်တွင်းမှာ လှူနိုင်တာ ခရိုနီသူဌေးကြီးတွေပဲ ရှိတယ်။ (ပုဂ္ဂလအကျိုးအတွက်) ညောင်ရေလောင်းချင်သူတွေ ကတော့ သဘောကျမှာပဲ။ ဗမာပြည်မှာက ‘သန့် ရှင်းတဲ့’ ခရိုနီ ဆိုတာမျိုး ပြောတာလည်းရှိတယ်။ စစ်ခရိုနီပြီးတော့ ဒီမိုခရိုနီ ဆိုတာလည်း ရှိတယ်။ ရောင်စုံခရိုနီခေတ်
လို့ ပြောရမယ်ထင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းမှာ အလှူရှင်ကြီးတွေ
ရဲ့ အခန်းကဏ္ဍလည်း ပါဝင်လာပြီ ဆိုတဲ့သဘောပဲ။ လူထုအတွက်တော့ အစစအရာရာမှာ ငွေလမ်းခင်းနေရတဲ့ခေတ်
ကုန်ပလား မှတ်တယ်၊ ငြိမ်းချမ်းရေးကိုတောင် ငွေနဲ့ ဝယ်ရမလို ဖြစ်လာတယ်။

ဗမာပြည်သမိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ဖူးပါတယ်။ အခုလို ပြည် တွင်း၊ ပြည်ပ လှူဒါန်းငွေ ကုဋေကုဋာနဲ့ လုပ်တာမျိုး မဟုတ်ပါဘူး။ ဗိုလ်သိန်းစိန် လက်ထက်မှ အခုလို ပြည်ပငွေနဲ့ လုပ်ကိုင်လာတာ သတိထားမိပါတယ်။ အကြံပေးတွေ၊ ပညာရှင်တွေရဲ့  လစာတွေ၊ အဆောင်အယောင်တွေ၊ စရိတ်စခတွေလည်း အတော်ပဲ ကုန်ကျပုံ ရပါ တယ်။ တချို့များချမ်းတောင်ချမ်းသာသွားတယ်လို့ ကြားရပါတယ်။ ဟိုတယ်ခတွေ၊ ခရီးစရိတ်တွေလည်း အတော်ထောင်းပါလိမ့်မယ်။ တကယ်တော့ ငြိမ်းချမ်း ရေးကို လိုလားတဲ့ဆန္ဒကသာ အဓိက မဟုတ်လား။ လက်နက်အားကိုး ဖိနှိပ်လိုတဲ့ စစ်အုပ်စု ဘက်ကသာ ငြိမ်းချမ်းရေးကို တကယ်လိုလားဖို့ ပဲ လိုပါတယ်။ အမှန်တကယ် အပစ်ရပ်ချင်
ရင်၊ ငြိမ်းချမ်းချင်ရင် ဘယ်နေရာမှာ၊ ဘယ်လိုပဲ ဆွေးနွေးဆွေးနွေးပါ။ သဏ္ဌာန်ထက် အနှစ် သာရက ပိုအရေးကြီးပါတယ်။
နိုင်ငံတော် သမ္မတကတော့ ငြိမ်းချမ်းရေးအတွက် စိတ်ရင်းမှန် ရှိကြဖို့ လိုတယ်
လို့ ဆိုတယ်။ ဘယ်သူတွေအနေနဲ့ စိတ်ရင်းမှန်ဖို့ လိုသလဲ ထည့်မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ်ထားပုံရတယ်။ ဗိုလ်မင်းအောင်လှိုင်ကတော့ တိုင်းရင်းသား သောင်းကျန်းသူတွေ အမြင်ကျဉ်း လို့ ငြိမ်းချမ်းရေး မရတာ
လို့ ဆိုတယ်။ ဗိုလ်နေ၀င်းတို့ စစ်အုပ်စုက
စလို့  အစဉ်အဆက် တပ် မတော် ခေါင်းဆောင်တွေ အမြင်ကျယ်ပါသလား။ စစ်အုပ်စုရဲ့ စစ်ရေး၊ နိုင်ငံရေး ပေါ်လစီက ဘာလဲ။ တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး ၀ါဒသဘောထား ဆိုတာတွေက ဘာတွေလဲ။ သမိုင်း အခိုင်အမာ ရှိပြီးသား ဖြစ်ပါတယ်။ စစ်အုပ်စု အချိုးမပြောင်းသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။
အခုတော့ နှစ်စဉ်နဲ့ အမျှ စစ်စရိတ်တွေ ထောင်းနေတဲ့ကြားက ငြိမ်းချမ်းရေး
ရဖို့ လူထုက လှူရဦးမတဲ့။ သာမန်ပြည်သူတွေကတော့ လှူနိုင်မှာမဟုတ်ဘူး။ ရောင်စုံခရိုနီ အရွယ်စုံ ဆိုဒ်စုံတွေ ကတော့ လှူပါလိမ့်မယ်။ လှူထားတာ
နဲ့ တန်အောင်လည်း အဆမတန် ပြန်ယူပါလိမ့်မယ်။ လူထုကတော့ အကြိမ်ကြိမ် နာပြီးရင်း နာရဦးမှာပါ။ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံရမှ နာ တာ မဟုတ်ပါဘူး။ ဆင်းရဲမွဲပြာကျ လူလုံးမလှဘဲ မျိုးဆက်နဲ့ ချီပြီး
လူညွန့် ကျိုးနေတာလည်း နာတာပါပဲ။
ဒီနေ့ ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပါ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို အမြင်ကျဉ်းတယ်၊ သံသယတွေ ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မပါဝင်နိုင်ကြဘူးလို့ ပြောနေတဲ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်ကြည့်လိုက်ပါ။ ပြည်သူတရပ်လုံးရဲ့ ဝိုင်းဝန်းထောက်ခံမှုကို ရရှိပါလိမ့် မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်လာပါလိမ့်မယ်။ နိုင်ငံတကာ့ အကူအညီတွေ၊ ပြည်တွင်းအလှူရှင်တွေ အထူးရှာစရာ မလိုပါဘူး။
ပြည်သူလူထုသာ သမိုင်းဖန်တီးရှင်တွေဖြစ်တယ်။

Monday, January 9, 2017

အညွန့်ချိုးမခံရဖို့ အရေးကြီးတယ်

0 comments
"အညွန့်ချိုးမခံရဖို့ အရေးကြီးတယ်"
ဒီဆောင်းပါးကို ရဲဘော်ကြင်မောင်ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထုတ် အရေးတော်ပုံ ဂျာနယ် အတွဲ(၁) အမှတ်(၁) ထဲမှာ“လေးမြတ်သွင်” ကလောင်နာမည်နဲ့ ရေးခဲ့တာပါ
(၁) လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က တောခိုလာတဲ့ကျောင်းသားတယောက်ဆီက (တက္ကသိုလ်ဆရာတဦးက“လေထီး ဗိုလ်အုန်းမောင်လည်း သေမှာကြောက်တာပဲ။”လို့ စာသင်ခန်းမှာ ပြောတယ်လို့)ကြားဖူးတယ်။“သက်ရှိသတ္တဝါတိုင်း သေမှာကိုကြောက်တာ ချည်းပေါ့။ အရေးကြုံရင် အသက်စွန့်ပြီးတိုက်ကြရတာပဲ”လို့ပဲ ပြန်ပြောခဲ့တယ်။
(၂) အခုတော့ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ “လူတွေ ကြောက်နေကြပြီ။ စစ်အစိုးရကို အန်မတုလေနဲ့”ဆိုတဲ့အသံတွေ ညံနေအောင် ကြားရလို့ပဲ။ ဒီအတွေးအခေါ်ဟာ “စစ်ကျွန်ဘ၀မှာပဲနေကြပေတော့” “သူတို့ ပြုသမျှ နုကြပေတော့”လို့ ပြောနေတာပဲ။ ဒါဟာ လူညွန့်တုံးအောင် အညွန့်ချိုးတဲ့အတွေးအခေါ်ပဲ။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတာပဲ။
(၃) ကျွန်တော်တို့လူဖြစ်စက အင်္ဂလိပ်ရဲ့ကျွန်ဖြစ်တာ နှစ်ပေါင်း (၃၀)ကျော်ပဲ ရှိသေးတယ်။ အင်္ဂလိပ်ကိုကြောက်တဲ့စိတ်က မွေးကတည်းကပါလာသလိုပဲ။ ငွေတိုက်စောင့်ဖို့ ကုလားစစ်သား ၃-၄ ယောက်ချီတက်လာရင် ပေတရာလမ်းပေါ်မှာ ဂွေလှိမ့်-ထွေပစ် ကစားနေတဲ့ကလေးတွေအားလုံး “စစ်ဗာရီလာပြီလို့ အော်ပြီး အိမ်ထဲပြေးဝင်ကြရ တဲ့ခေတ်ပဲ။ တနေ့မှာ သူတို့က (၂)ခါ ချီတက်လာနေကျဆိုတော့ နေ့တိုင်း (၂) ခါ ဆက်ပြေးရတာပေါ့။ မိဘတွေကလည်း ကလေးအငိုတိတ်အောင် “စစ်ဗာရီ”နဲ့ပဲ ခြောက်ပါတယ်။ ဒေဝေါကြီးနဲ့ မခြောက်ပါဘူး။ လူမျိုးတမျိုးလုံး ကြောက်နေတဲ့အချိန်ပါ။ အချုပ်တန်းဆရာဖေရဲ့ တေးထပ်ထဲကလို“ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်၊ စာသင်တောင် ဦးချလို့...ပလူးရ ပြေးကျို့ခါခါ၊ ခွေးသို့ပမာ၊ တွေးမိတိုင်း အရိုးနာသည်” ဆိုတဲ့ အဖြစ်မျိုးပါပဲ။ ကြောက်အောင်လည်း အင်္ဂလိပ်ကလုပ်ထားတာကိုး။ ကြောက်ပေမပေါ့။ ဒါပေမဲ့ အညွန့်မကျိုးခဲ့ပါဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်ကို အန်တုဖို့ လုပ်ခဲ့ကြတာပဲ။
ကျွန်တော်တို့ ဆယ်ကျော်သက်ဖြစ်လာတော့ စပြီး အန်တုပြီ။ ၁၉၃၆-၁၉၃၈ (၁၃၀၀ပြည့် အရေးတော်ပုံ)နဲ့ အန်တုခဲ့တယ်။ နောက်တော့ လက်နက်နဲ့ အန်တုခဲ့တယ်။ဂျပန်ခေတ်ကျတော့လည်း ဒီလိုပါပဲ။ ဂျပန်ရောက်ခါစက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ခဲ့ ရတာပဲ။ သူတို့က အင်္ဂလိပ်ထက်တောင် ကြမ်းပါတယ်။ အင်္ဂလိပ်က လူတကာကို ပါးရိုက် နားရိုက်မလုပ်ဘူး။ ဒါပေမဲ့ ကျွန်စိတ် ပေါ်လာအောင်တော့“သခင်” အခေါ်ခံတယ်။ ဂျပန်ကိုလည်း “မာစတာ”လို့ ခေါ် ရတာပဲ။ ဘာထူးလဲ။ သူကသိပ်ကြမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အညွန့်မကျိုးခဲ့ပါဘူး။ ပြန်ပြီး တော်လှန်ခဲ့တာပဲ။
(၄) ပဲရစ်ဘုံအဖွဲ့ဆုံးရှုံးတော့ မာ့က်စ်က တော်လှန်ရေးသမားတွေကို ‘ရှုံးတာတော့ ရှုံးပြီ။ ဒါပေမဲ့ အညွန့်ချိုးတာမခံကြနဲ့’ ဆိုတဲ့သဘော အကြံပေးစာ ရေးဖူးတယ်။ အညွန့်ချိုးခံရရင် ယာယီအရှုံးက ထာဝရအရှုံးဖြစ်သွားမှာကိုစိုးလို့ သတိပေးတာပါ။
(၅) နေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက ‘စစ်တပ်က သေအောင်ပဲ ပစ်မှာ၊ မသက်သာဘူး မှတ်’လို့ ပြောခဲ့တယ်။ န၀တက သွေးချောင်းစီးလူသတ်ပွဲလုပ်တယ်။ နောက်လည်း သံဃာအထိ သတ်တယ်။ အခုတော့ လူကို ထောင်ထဲထည့်ပြီး ထောင်နှစ်ရှည်ချပြီးသတ် နေတယ်။ ဒီနည်းက လူတယောက်ကို ရေရှည်ဆွဲပြီးသတ်ရုံမကဘူး၊ တဆွေလုံး တမျိုးလုံးကိုပါ ဒုက္ခပေးတဲ့နည်းပဲ။
(၆) ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အညွန့်အချိုးတော့မခံမိပါစေနဲ့။ တနေ့မှာြ
ပန်လှန်နိုင်မှာပါ။
(Hla Win ဆီကတဆင့် ကူးယူဖော်ပြတာဖြစ်ပါတယ်)

ငရဲသားချင်းချစ်ခြင်းဖွဲ့(မျိုးမြင့်ချို)

0 comments
(ငရဲသားချင်းချစ်ခြင်းဖွဲ့)
လောကုတ္တရာယုံကြည်မှု တနည်းပြောရရင် ဘာသာကိုးကွယ်ယုံကြည်မှုဆိုတာ လူတိုင်း ကိုယ်ယုံကြည်တာက ပိုကောင်းတယ်ထင်နေကြတာမျိုးချည်းပါ။ ဘယ်ဟာပိုကောင်းတယ် မကောင်းဘူးပြောရအောင် စံသတ်မှတ်ချက်လည်း ရှိလို့မှမရတာ။

နောက်ပြီး ယုံကြည်မှုမှာ မဖြစ်နိုင်ဘူးဆိုတာလည်းမရှိဘူး မဟုတ်လား။ ဘာသာတရားကို ဖြစ်နိုင်ပါ့မလားဆိုတဲ့သံသယနဲ့ သွားချည်းကပ်ရင် သဒ္ဓါသဘောပျောက်သွားမှာပဲ။

သိပ္ပံဆိုတဲ့ပေတံလည်း ဘာသာတရားကိုတိုင်းစရာ အတိုင်းအတာမဟုတ်ဘူး။ သိပ္ပံနည်းကျတယ် မကျဘူးတွေလည်း အချိန်ကုန်ခံပြောနေလို့မဖြစ်ချေဘူး။ ကျချင်လို့လည်း မဖြစ်ဘူး။ သိပ္ပံနည်းကျမှတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ကြိုတင်စွဲမှတ်ထားမှု ပျောက်သွားတော့မပေါ့။ အဲ့ဒါပျောက်မှတော့ ယုံကြည်မှု ပွန်းပဲ့ပါးလျားသွားတော့မပေါ့။

လောကီအခြေပြုတွေးခေါ်ဆင်ခြင်တုံတရားတွေ တွေးနည်းကားတွေနဲ့လည်း သွားမတွေးနဲ့။ အလကားပဲ။ လောကီအခြေပြုတွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရားကိုလည်း ယုံကြည်ရာကိုအမှန်ပြုဖို့ လက်ကိုင်သွားမထားလေနဲ့။ လွဲမှာပဲ တက်တက်စင်အောင်ကို။ ဟိုလူတွေက တွေးစရာရှိ ရက်ရက်စက်စက်တွေးသလို ပြောစရာရှိလည်း ပိုးပိုးပေါက်ပေါက်ပြောတာဆိုတော့ ကိုယ်ပဲမချိမဆန့်ခံရမှာ။

ဆိုတော့ ကောင်းတယ်မကောင်းဘူးလည်း ပြောမနေနဲ့၊ မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်တွေလည်း ငြင်းမနေနဲ့။ သိပ္ပံနည်းအကျလည်း ပြိုင်မနေနဲ့။ လောကီအတွေးအခေါ်တွေနဲ့လည်း သွားမတွေးနဲ့။ ထားလိုက်။ ကိုယ်ယုံကြည်ရာကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်လေး ယုံကြည်ခွင့်ရှိရုံမက သူတပါးယုံကြည်တာကိုလည်း လွတ်လွတ်လပ်လပ်လေး ကိုးကွယ်ခွင့်ရအောင် ဆောင်ကျဉ်းပေးနိုင်ဖို့ပဲ။ ယုံကြည်မှုမှာ သည်းခံစိတ်မွေးဖို့ပဲ။ စော်ကားမော်ကားမပြောနဲ့ လှောင်တာ သရော်တာ ပျက်ရယ်ပြုတာတောင် မလုပ်ရင်ကောင်းတယ်။ ဒါလောက်လေး စိတ်ထားတတ်တယ်ဆို လောကချမ်းသာလှပြီ။

တချို့ကလည်း ဒီဘာသာဝင်ဖြစ်ရလို့ဂုဏ်ယူတယ်တို့ ဒီဘာသာဝင်မိဘတွေဆီ သန္ဓေတည်လို့ ကံကောင်းတယ်တို့ ပြောကြတာရှိတယ်။ သံသရာတို့၊ နောက်ဘဝရှေ့ဘဝတို့၊ ဘုရားသခင်အလိုတော်ကျတို့ အလ္လာအရှင်အမြတ်အလိုရှိသည့်အတိုင်းတို့ ဘာတို့ညာတို့ဆိုပြီး ဘာအကြောင်းပြပြ ဒီအမိဒီအဖကလာမွေးပြီးတော့ သူတို့ကိုးကွယ်တာကို ဘုမသိဘမသိနဲ့ ဘာရွေးချယ်ဆုံးဖြတ်မှုမျိုးမှလုပ်ခွင့်မရပဲ လိုက်ကိုးကွယ်ရခြင်းမှာ ဘာဂုဏ်ယူစရာ ဘာဝင့်ကြွားစရာလိုလိမ့်မလဲ။

လူဖြစ်ရခြင်း လူပီပီ လူလိုသူလိုနေရခြင်း လူ့လောကကောင်းကျိုး သယ်ပိုးနိုင်ခြင်း ကျန်းမာပျော်ရွှင် အသက်ရှည်ရခြင်း စတာမျိုးတွေအတွက်တော့ ယူစမ်းပါ အဲ့ဒီဂုဏ်ကြီး။

အဘိဓမ္မာတွေဘာတွေခဏထား ရိုးရိုးပဲတွေးကြည့် ဘာသာတိုင်းဟာ သူ့အယူသာသမ္မာဒိဌိ သူနဲ့မတူတာမှန်သမျှ မိစ္ဆာဒိဌိလို့ဆိုတယ်မဟုတ်လား။ သမ္မာဒိဌိဖြစ်မှသာ နောက်ဘဝတို့ဘာတို့ နတ်ပြည်တို့ ဗြမ္မာ့ပြည်တို့ ကောင်းကင်ဘုံတို့ ဂျန္နတ်သ်တို့ ထာဝရအသက်တာတို့မှန်းနိုင်တာ မဟုတ်လား။ မိစ္ဆာဒိဌိတွေကတော့ အပါယ်လေးဘုံပဲ၊ ဂျဟန္နမ်ပဲ Hell ပဲမဟုတ်လား။ ဘာသာတိုင်းမှာ ကိုယ်ပိုင်ငရဲနဲ့ နတ်ပြည်တွေ ရှိကြတယ်မဟုတ်လား။

အယူတခုခုမှာ အစစ်အမှန်ယုံကြည်ပြီး အဲ့ဒီအယူကသွန်သင်တဲ့အတိုင်းနေတဲ့သူတွေ အနည်းဆုံး သူ့ဘာသာကငရဲတော့ မကျဘူး။ သူများဘာသာက ငရဲကတော့မလွတ်ဘူး။ တခါ အဲ့ဒီမှာမှ သူ့အယူက သွန်သင်တဲ့အတိုင်းလည်း မနေဘူးဆိုလို့ကတော့ ဘာပြောကောင်းမလဲ။ တွေးကြည့် သူများငရဲရော ကိုယ့်ငရဲပါခံရမှာ။ ၂ ထပ်ကွမ်းပဲ။ ၂ ခါပြန် ခံရဦးမှာ။ သေပြီဆရာပဲ။

လောကမှာရှင်နေခိုက်မှာတောင် ဒုက္ခဆိုတဲ့ဟာတွေက များလှပြီ။ ဒီကြားထဲ သေပြီးနောက် ရဦးမယ်ဦဆိုတဲ့ဒုက္ခတွေ ဘာလို့ ထပ်ဖန်တီးနေတော့မလဲ။ ရှင်တုန်းရှိတဲ့ဒုက္ခဆိုတာတောင် ဘယ်သူမှသတ်သတ်ကြီး တကူးတက လိုက်ရှာလို့ရကြတာမှ မဟုတ်တာ။ ကောင်းမယ်ထင်လို့လုပ်ရာက လွဲသွားလို့
ရလာတဲ့ကိစ္စပဲမဟုတ်လား။ ဒုက္လသက်သက်ကို အချိန်ကုန်ရှာတဲ့သူ လောကမှာတယောက်မှမရှိဘူးမဟုတ်လား။ 

ဆိုတော့ သေပြီးနောက် ကိုယ်မရှာပဲရမယ့်ဒုက္ခအတွက် ဘာ့အတွက် လှည်းအောက်အိပ်မယ် မအိပ်ဘူးတွေးနေဦးမလဲ။ အဲ့ဒီငရဲဆိုတဲ့ဒုက္ခက ကိုယ်ဖန်တီးတာလည်းမဟုတ် ကိုယ်ရှာတာလည်းမဟုတ် လုပ်ကြံသူတစုရဲ့လက်ချက်နဲ့ ကိုယ့်လက်ထဲလာပိုက်မိနေတဲ့ အရှုပ်ထုတ်ကြီး။ ကိုယ်မယူလည်းရ ယူလည်းရတဲ့ ရွေးချယ်ပိုင်ခွင့်ကြီး။ မယုံရင် မယူဘူးလို့ လွှတ်ချကြည့်လိုက်၊ အဲ့ဒီဒုက္ခရှိတယ်လို့ ဘုမသိဘမသိ ဝါဒဖြန့်စားသောက်ကြီးပွားနေသူတွေ သူ့ဒုက္ခသူ့ဘာပြန်ယူသွားလိမ့်မယ်။

အဲ့ဒီတော့ ဒီလိုတွေးကြည့် (နတ်ပြည်တွေဘာတွေခနထား) ဘာသာတခုခုကိုးကွယ်မိတာနဲ့ ခင်ဗျားဟာ ငရဲကျပြီးသားလူဖြစ်နေပြီ။ လွတ်ကိုမလွတ်ဘူး။ တခုတော့ရှိတယ် ငရဲချင်းအတူ အခံရသက်သာတဲ့ငရဲကိုရွေးတဲ့သဘောနဲ့ ဒီဘာသာကနေ ဟိုဘာသာပြောင်းလို့တော့ ရမယ်ထင်တာပဲ။ အဲ့ဒါလည်း သေချာတယ်လို့ ဘယ်သူဖြေနိုင်မလဲ။

အဲ့တော့ ဘာမှ ငြင်းခုန်မနေကြနဲ့ ခင်ဗျားလည်း ဟိုအယူကနေဆို ငရဲကျမယ့်လူပဲ။ သူလည်း ဒီအယူကနေဆို ငရဲကျမယ့်သူပဲ။ ငရဲကျမယ့်သူအချင်းချင်း ငရဲသားလောင်းလေးတွေအချင်းချင်း ငရဲအိုးဇောက်ထိုးမဆင်းခင်လေး ချစ်ချစ်ခင်ခင်နေကြတာ မကောင်းဘူးလားဗျာ။ (ရေးတာတော့ ရီစရာပဲ မရီရဘူးဆိုရင် ကျနော် ဟာသမရေးတတ်သေးဘူးလို့ဆိုရမှာပါ)

မျိုးမြင့်ချို ၂ဝ၁၄ အောက်တိုဘာ

Saturday, January 7, 2017

မနှစ်ကရေးတဲ့ ဒိုင်းနက်အမျိုးသားနေ့(လင်းထင်)

0 comments
ဒိုင်းနက် အမျိုးသားနေ့ ဇန်န၀ါရီ ၇ ၇က်တဲ့။ ရခိုင်မှာ ၄သောင်းလောက် ရှိသတဲ့... ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းပေါ်နဲ့ အင်းဒီးယား ထဲမှာနဲ့ဆို ၁သန်းကျော် ရှိတယ်။ ဒိုင်းနက်တွေက သူတို့ကို သူတို့ ကျက်ကမ လို့ ခေါ်စေချင်တယ်... ဗမာသံနဲ့ဆို စက်ကမပေါ့။

ရခိုင်ထဲက ဒိုင်းနက်ရွာမှာ အမျိုးသားနေ့ လုပ်တော့ အင်းဒီးယား မီဇိုရမ်ပြည်နယ်ရဲ့ ဒိုင်းနက် တိုင်းရင်းသားရေးရာ ၀န်ကြီး လာတက်တယ်။ ခုထိ ဒိုင်းနက်လို ပြောနေသေးတာထာက်အပံ့ သတ်သတ်မှတ်မှတ် မရတာတွေ့တော့ စိတ်မကောင်းဘူးလို့ပြောတယ်။

မြန်မာ သတင်းဌာနတစ်ခုက ရပို့လုပ်တာကို ကြည့်ပြီး ဒီမှတ်စုရေးတယ်။ မီဇိုရမ် ဒိုင်းနက် ကာလီကူးမားကို Mr ကာလီလို့ လှိ တွေ့လို့ ၀မ်းသာတယ်တဲ့.. ဒါပေမယ့် မြန်မာ အစိုးရဆီက လူမျိုးစုရေးရာ အမေ့်ပြောနေတာ တစ်ခုတော့ နားမချမ်းသာ။ တိုင်တယ်လ်ကို ဆာနိမ်းနဲ့ တွဲခေါ်ရတယ်... မစ်စတာ ကူးမား ဆိုပြီး။ ထားတော့။
တကယ် ပြောချင်တာ သွေးသားရင်း ညီနောင်တွေ တိုင်းရင်းသားတွေ ဆိုတဲ့ စိတ္တဇနာမ် abstract စကားလုံး အကြောင်း။ တိုင်းရင်းသား ညီနောင်တွေ ဆိုတာ နိုင်ငံရေး အလို့ငှာ သုံးစွဲတဲ့ ဝေါဟာရ... unionist တို့ရဲ့ ဝေါဟာရ တစ်ခု ဖြစ်ကြောင်း နားလည်သင့်တယ်။

နိုင်ငံရေး အရ နယ်နမိတ် ပိုင်းခြား ကြတဲ့ ခေတ်သစ် လုပ်ထုံးတွေမှာ အနှစ် ရာထောင်ချီ ရှိနှင့် နေနှင့်ပြီးတဲ့ "လူ" တွေလည်း ပိုင်းခြား ခံရပြီး ကိုယ့် ပိုင်နက်ထဲက သူတွေကို သွေးရင်းတွေ ဖမ်းခေါ်တာ ဖြစ်တာ။ ဒီတော့ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိတယ် ပြောပြော အခြေခံ နားလည်ရမှာ အဲဒီလို သတ်မှတ်ခြင်း လုပ်နည်းလုပ်ဟန်ဟာ နိုင်ငံရေးအရ အဓိပ္ပါယ် သတ်မှတ်တာဖြစ်တယ်။ အတည်ပေါက်ကြီး ဟာ.. ၁၃၅ မျိုးက.. ဒါမှတ်မဟုတ် ၁၂၀ က.... ဒါမှမဟုတ် ၁၄၀က သွေးရင်းသားရင်းတွေ... ဆိုပြီး ပြောဆို ယုံမှတ် တတ်တာဟာ ကျပ်မပြည့် လူရီစရာ ဖြစ်တယ်။

ကိုးကန့် နယ် ထဲက ဟန်တရုတ်ကို တိုင်းရင်းသား အုပ်စုထဲထည့်ပြီး နိုင်ငံရေး နည်းနာနဲ့ အသိအမှတ် ပြုတော့ ဘာဖြစ်လဲ တိုင်းရင်းသား သွေးချင်းဖြစ်တယ်ပေါ့။ ယဉ်ကျေးမှု မျိုးနွယ်စု ဘာသာစကား ကိုးကွယ်ရာ အရ သွေးချင်းဖြစ်တာ မဟုတ်ဘူး... နိုင်ငံရေးအရ သွေးချင်းဖြစ်တာ။ ဒီတော့ ပြည်မ ဗဟိုအစိုးရက နိုင်ငံရေး အာမခံချက်တွေ မပေးနိုင်ရင်… ခေါ်မနေနဲ့ သွေးချင်းဆိုပြီး၊ အင်မတန် အကြားပြင်း ကပ်စရာကောင်းတယ်။

အခုတော့ လူမျိုးစုနယ်မြေတွေကို ပိုင်နက် သတ်မှတ်ချင်တော့ သွေးချင်းတွေဆိုပြီးလို့တော့ ခေါ်တယ်... နိုင်ငံရေး အာမခံချက်ကျ ဘာမှ မလုပ်ဘူး... အင်မတန် လူပါးဝတဲ့ ပြည်ထောင်စု ဖြစ်တယ်။
နောက်ပြီး ၁၃၅ မျိုး ဘယ်နှစ်မျိုးဆိုပြီး ကိန်းဂဏန်းတစ်ခုဖန်တီးပြီး စာရင်း မဝင်သူတွေအပေါ် လူစာရင်း မသွင်းတတ်အောင် သင်ကြားလမ်းညွှန်တဲ့ ဖက်ဆစ်ပြည်ထောင်စုလည်း ဖြစ်တယ်။

တောင်တန်း နယ်ခြား ဖွံ့ဖြိုးရေး အတွက် လုပ်ပေးနိုင်စွမ်း မရှိဘဲ ပြည်မမှာတောင် မြေလက်လွှဲ ရောင်းစားဖို့ စိုက်ပျိုးမြေတွေ လိုက်သိမ်းနေရတဲ့ ကောက်ကျစ်တဲ့ ဂီလာန ပြည်ထောင်စုလည်းဖြစ်တယ်။ -လင်းထင်

Friday, January 6, 2017

မြွေဖမ်းတာလား ဖေဖေဒေါ်(မျိုးမြင့်ချို)

0 comments
(မြွေဖမ်းတာလား ဖေဖေဒေါ်)
ဖေဖေဒေါ်က အင်တာနက်ဟက်ကင်းကိစ္စ(ဘယ်လောက်အထိ တကယ်ဟုတ်တာ မဟုတ်တာ ခနထား)နဲ့ပတ်သက်ပြီး စီအိုင်အေကို ကျားမြီးသွားဆွဲတယ်။

၏ဟုတ်တာမဟုတ်တာ ခနထားဆိုတာက ဒီမှာလည်း သူ့ဘာသာ အမေရိကန်ကန် ဘာကန်ကန် ဒီရွေးကောက်ပွဲအပြီး ကမ္ဘာ့တခြားနိုင်ငံတွေက နိုင်ငံရေးသမားတွေလိုပေါ့။ နိုင်တဲ့သူက ရွေးကောက်ပွဲကြီး တရားလှချည်ရဲ့ မျှတလှခည်ရဲ့ဘဲ။ ရှူံးတဲ့ကောင်ကလည်း ထုံးစံအတိုင်း မတရားဘူး ညစ်ပစ်တယ် မဲလိမ်တယ် မဲခိုးတယ် မဲမသာမှုတွေရှိတယ်ပေါ့။ ဒီမှာပိုထူးခြားတာက နည်းပညာပိုင်းရှေ့တန်းနိုင်ငံဖြစ်တော့ အင်တာနက်တွေ ဟက်ကာတွေဘာတွေပါ ပါလာတာပေါ့။ ဖေဖေဒေါ်လည်း သူ နိုင်မှနိုင်ပါ့မလား တထိတ်ထိတ်ဖြစ်နေတုန်းက မဲဆန္ဒရှင်စာရင်း ဘာဖြစ်တယ်ညာဖြစ်တယ် လုပ်သေးတာ။ နိုင်လည်းနိုင်သွားရော အဲ့ကိစ္စအသာလေး ဒိုင်ထားလိုက်တယ်။

ခု ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဒီမိုကရက်ပါတီရဲ့အတွင်းရေးတွေကိုရုရှားက အင်တာနက်ကနေနှိုက်ယူပြီး ကမောက်ကမတွေလုပ်ပလိုက်လို့ ရွေးကောက်မှာ ဝင်မွှေလို့ဆိုတဲ့ကိစ္စကောက်ကိုင်ပြီး ကုလားလေးအိုဘားမားက ပူတင့်ကို ရန်ထောင်တယ်။ ဟီလာရီရှူံးတာ နင့်ကြောင့်ဆိုပြီး။ ဆန်ရှင်တွေထပ်လုပ် နှုတ်ခမ်းတလန်ပန်းတလန်တွေလုပ်နဲ့။

ဖေဖေဒေါ်ကတော့ ပူတင်နဲ့ နှစ်ကိုယ်တူချစ်သမျှလုပ်ချင်တာဆိုတော့ အလကားပါကွာ ဒီကုလား လျှောက်အာနေတာပါ။ တကယ်က အဲ့လောက်ကြီးမဟုတ်ပါဘူး ဘာညာနဲ့ အိုဘားမားကို လှည့်ကစ်နေတယ်။ ပြီးတော့ အိုဘားမားကဲယားလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပရိဂရမ်ရယ် သက်ကြီးပင်စင်ကိစ္စရယ်တွေဘက်ပါ လှည့်ရမ်းလာတယ်။ အဆိုးဆုံးကတော့ အိုဘားမားနဲ့ဒီမိုကရက်တွေရဲ့ပေါ်လစီတွေကို အရေခွံခွာပြချင်တာ။ သူ့လက်စောင်းထက်ကြောင်းပြချင်တာ။ လွှတ်တော် ၂ ရပ်လုံး သူတို့လူတွေချည်း စီးထားလို့ ထင်တိုင်းလုပ်လို့ရမယ်လို့တွက်တာတွေပေါင်းပြီး စီအိုင်အေကျားမြီးသွားဆွဲတာပဲ။

စီအိုင်အေဆိုတာ အစိုးရခိုင်းတာလုပ်ရတဲ့ ထောက်လှမ်းရေးယန္တယားဆိုပေမယ့် လုပ်ချင်ရာလုပ်ပြီးမှ အစိုးရကိုအသိပေးတာ၊ အစီရင်ခံတာ စတာမျိုးတွေ လုပ်ခဲ့တဲ့နောက်ခံရှိတယ်။ အရင်ကလည်း အဲ့ဒါမျိုးတွေလုပ်ခဲ့တယ်။ ခုလည်း လုပ်နေတာတွေရှိတယ်။ စီအိုင်အေနဲ့အစိုးရ သီးခြားမဟုတ်သလို စီအိုင်အေက အစိုရကိုမနာခံဘဲ ထင်ရာလျှောက်လုပ်နေသယောင်ယောင်ပုံကို လိုအပ်တဲ့အခါ အစိုးရနဲ့စီအိုင်အေလက်ဝါးရိုက်ပြီး ပုံဖော်ပေးရတာတယ်။

ကမ္ဘာပေါ်က တချို့နိုင်ငံတွေ တချို့လူတွေက စီအိုင်အေကို လူဆိုးလူကြမ်းလူသရမ်းကြီး အမေရိကန်အစိုးရကို လူချောလူလှ ခြောက်ပြစ်ကင်းသဲလဲစင် မင်းသားလေးလိုကို ထင်နေတတ်ကြတာ။ တကယ်က စီအိုင်အေလည်းအစိုးရယန္တယားပဲ။ အစိုးရပေါ်လစီတွေ အကောင်အထည်ဖော်ရတာပဲ။

တခါတလေ ပြင်ပနိုင်ငံတွေမှာလုပ်နေရင်း အစိုးရကို အစီရင်ခံနေဖို့အချိန်မရလို့ အစီရင်ခံနေစရာမလိုလို့ သူ့လုပ်ပိုင်ခွင့်ထဲကနေ သူလုပ်သွားတာတွေရှိတယ်။ သူ့မှာ သူ့လူသူမွေးထားတာတွေရှိတယ်။ တခြားနိုင်ငံတွေမှာ လူမွေးတာ ဒလျှိုဒလန်ထည့်တာ လိုအပ်ရင်ဖြောင်ပစ်တာမျိုးတွေလူသိမခံချင်ရင် စီအိုင်အေက အစိုးရကိုကာပြီး သူ့ဘာသာလုပ်လိုက်တာပဲ။

နိုင်ငံတကာမှာရှိတဲ့ အမေရိကန်သံရုံးတွေဆိုတာလည်း (တခြားနိုင်ငံတွေလိုပါပဲ) ထောက်လှမ်းရေးအလုပ် စပိုင်အလုပ် လုပ်ရတာပါပဲ။ ဒါပေမယ့် အမေရိကန်တို့လို နိုင်ငံကြီးတွေကြတော့ ပိုလုပ်ရတာအမှန်ပဲ။ သံတမန်အမည်ပေါက်နဲ့ သံရုံးတွေထဲမှာထည့်ထားတဲ့ စီအိုင်အေတွေဆိုတာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးအပါအဝင် နယ်ပယ်တိုင်းလိုလိုမှာ သဏ္ဍန်အမျိုးမျိုးနဲ့ ချေခြင်းလိမ်နေတာပါ။
ဆိုတော့ သံရုံးတွေမှာ စီအိုင်အေတွေ မြှုတ်ထားတယ်။ သံရုံးတွေဆိုတာ စပိုင်လုပ်ငန်းအတွက် အခြားနိုင်ငံတွေမှာလိုက်ဖွင့်ထားတဲ့ စီအိုင်အေဌာနခွဲတွေသဘောပဲ။

ပြည်တွင်းမှာလည်း လူမွေးတာ သတင်းပေးမွေးတာ လူထည့်ထားတာတွေ ရှိတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့လုပ်ကြံမှု သတ်ဖြတ်မှု လက်စဖျောက်မှု သုတ်သင်မှု လူမသိသူမသိဖြောင်မှုစတာတွေမှာ စီအိုင်အေနဲ့အာဏာရအစိုးရ ပင်းပြီး ပေါင်းပြီးလုပ်တာတွေလည်းရှိတယ်။

သန်းရွှေခေတ်အဦးပိုင်းက ဗမာပြည်မှာ စစ်ထောက်လှမ်းရေး ခင်ညွန့်တို့အုပ် တန်ခိုးထွားခဲ့တာနဲ့ ထပ်တူပြုလို့မရပေမယ့် တချို့နေရာတွေမှာ နည်းနည်းဆင်တယ်။ လူကြီးဆိုသူတွေရဲ့အားနည်းချက်တွေ မသမာမှုတွေ ကြိတ်ပုန်းခုတ်တာတွေ စားပွဲအောက်ကလက်တွေ စတဲ့အညှာတွေရအောင်နှိုက်ပြီး လိုတဲ့အခါသုံးဖို့ နိုင်ဖဲအဖြစ် ဖိုင်တွဲထားတာတွေလည်းရှိတယ်။ အဲ့ဒါမျိုးမှာ ခင်ညွန့်တို့နဲ့တူတယ်။ တူတာကလည်း စစ်အုပ်စုကိုယ်တိုင်လည်း တချို့နေရာနေရာတွေမှာ စီအိုင်အေနဲ့မကင်းရာမကင်းကြောင်းဖြစ်နေတာ သြဇာခံနေရတာတွေရှိတာကိုး။ ထားပါတော့ အဲ့ဒါတွေ။

ပြောချင်တာက အခု ဖေဖေဒေါ်က ပြည်တွင်းကစီအိုင်အေကို လူလဲဖို့ (ရုရှားနဲ့အဆင်ပြေရေးရှေးရှုပုံပေါ်တယ်)၊ သူ့လူတွေဖြစ်ပြီး သူ့သြဇာငြောင်းဖို့နဲ့ ပူတင်ကြီး စိတ်ပြေအောင်လုပ်ပေးဖို့ ခြေလှမ်းပြင်ပုံပဲ။
ပိုဆိုးတာက သူသမ္မတကျမ်းကျိန်ပြီးတာနဲ့ နိုင်ငံတကာမှာဖွင့်ထားတဲ့ အမေရိကန်သံရုံးတွေက အမေရိကန်သံအမတ်ကြီးတွေအကုန် ပြည်တွင်းကို
ပြန်လာရမယ့်သဘောမျိုး၊ သူတခုခုလုပ်မယ့်သဘောမျိုးပြောလိုက်တယ်။
စီအိုင်အေအဖွဲ့ကြီးကို ခေါင်းကိုင်ဖို့လုပ်တာရယ် နိုင်ငံတကာက အမေရိကန်သံအမတ်တွေ ပြန်ခေါ်မယ်ဆိုတာရယ်က တကယ်တော့ ကိစ္စတခုတည်းလို့ရှုမြင်မယ်ဆို မြင်လို့ရပါတယ်။

အဲ့ဒါတွေသွားကိုင်တာ မီးနဲ့ကစားသလိုပဲ။ ပွဲကတော့ ကြည့်ကောင်းမယ့်သဘောရှိတယ်။ ဘယ်ကောင် အပီကစားနိုင်မလဲ။ နိုင်မယ့်ကောင် ကော်လံထောင်ရုံပဲ။ ရှူံးမယ့်ကောင်ကတော့ ကိုယ့်ဘဝကိုယ်တွေးထားပဲ။

ဖေဖေ့ဒေါ့်မလည်း ထောက်လိုက်တိုင်း လွတ်မယ့်အကွက်ကသိတ်မမြင်ဘူး။ ရိုက်ကွက်တွေလည်း သိတ်မလွတ်ဘူး။ အခွန်ကိစ္စတွေတင်မက ဖွန်ကိစ္စတွေက ရှိသေးတယ်လို့လည်းကြားတယ်။

ဖေဖေဒေါ်တော့မြွေဖမ်းပြီ။
ဇန်နဝါရီ ၆၊ ၂ဝ၁၇

Wednesday, January 4, 2017

ဦးထင်ကျော်ရယ် လုပ်ပေးလိုက်ပါဗျာ(မျိုးမြင့်ချို)

0 comments
ဦးထင်ကျော်ရယ် စစ်ဗိုလ်တွေကို ပြောလို့ရရင် ပြောပေးပါလားဗျာ။ ကျနော့်အတွက်မဟုတ်ပါဘူး။ ကျနော့်အတွက်လည်း ကျနော် ဘယ်တော့မှမပြောသလို ဘယ်တုန်းကမှလည်း မပြောဖူးပါဘူး။ ခုဟာက ကျနော်တို့တွေအတွက်မို့လို့ပါ။

ဒီလိုပါ ကိုမိုးသီးဇွန်အပါအဝင် ပြန်ချင်သူတွေကို ပြန်ဝင်ခွင့်ပေးဖို့လေးပါ။ အဲ့ဒါသူတို့အတွက် ကျနော်တို့ကပါ ကြားကဝင်ပြီးမေတ္တာရပ်ခံတာပါ။

ကျနော်တို့အတွက်လည်း ကျနော်တို့ မေတ္တာရပ်ခံပါရစေ။ အဲ့လူတွေကို ဝင်ခွင့်ပေးပြီးရင် ပြန်ထွက်ခွင့်လည်း မပေးပါနဲတော့ဗျာ။ တခါတည်း အပြီးသာ သိမ်းထားလိုက်ပါတော့ဗျာ။ ဒီမှာ နားတွေ ပူလွန်းလို့ပါ။

ဒီလူတွေကလည်း ဒီလူတွေပျါော ပေးဝင်တုန်းက နေလိုက်ပေါ့။ အမေရိကန်သံရုံးသွား။ ဖောင်တခုဖြည့်။ ပါ့စ်ပို့တ်ပြန်အပ်ပြီး ဗမာနိုင်ငံသား ပြန်လျှောက်ထားပေါ့။ ရတာမရတာက တပိုင်းပေါ့။ ပြောလာရင် ဒီလိုပြန်ပြောပေါ့..တခြားနိုင်ငံသားလည်း စွန့်လွှတ်ပြီးပြီ။ ဗမာနိုင်ငံသားလည်း ပြန်မဖြစ်သေးဘူး။ ငါ့နိုင်ငံ ငါနေဖို့ပြန်လာတာဆိုပြီး ပေကပ်နေပေါ့။

သိန်းစိန်အစိုးရ ဘာလုပ်လို့ရမလဲ။ ဘယ်နေရာ ဘယ်နယ်စပ်မှလည်း သွားသွန်လို့မရဘူး။ ဘယ်လေယဉ်ပေါ်မှလည်း ပြန်တင်ပေးပြီး ဘယ်နိုင်ငံမှလည်း ပြန်ပို့လို့မရဘူး။ အလွန်ဆုံးလုပ် ထောင်ထဲထည့်ထားရုံပေါ့။ ထည့်ထားလည်း နေပေါ့။ ဘာဖြစ်လဲ တော်လှန်ရေးသမားတွေပဲဟာ။ ထောင်လောက်တော့ အပျော့ပေါ့။

သိန်းစိန်အစိုးရကရော ဘယ်လောက်ခံမှာမို့လို့လဲ။ ဘာပုဒ်မနဲ့ရော
ကိုယ့်ကိုထောင်ထဲမှာ ဘယ်လောက်ကြာကြာ ထားလို့ရမှာမို့လို့လဲ။
အဲ့ဒီတုန်းကတော့ ဟိုကပြန်ဆိုတော့ ခေါင်းငိုက်စိုက်ချပြန်လာပြီး ခုမှ နောက်တခါပြန်မဝင်ရလို့ တကျီကျီလုပ်နေကြတာဗျ ဦးထင်ကျော်ရဲ့။ ခင်ဗျားတို့က အဝေးကြီးမှာနေတာ။ ဘာမှကြားရမြင်ရသိရတာမဟုတ်ဘူး။ ကျုပ်တို့မှာတော့ နားတွေငြီးလှပြီ။ စိတ်တွေညစ်လှပြီ။
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၆

သင်္ဂျိုင်းကုန်းကမျိုးချစ်ဝေဒနာသည်(မျိုးမြင့်ချို)

0 comments
အိန္ဒိယက သီပေါသချိုံင်းသွားတာရော ရန်ကုန်က ဇဖါးရှားအုတ်ဂူသွားတာရောက သူတို့ကိုယ်သူတို့ မျိုးချစ်တွေနယ်ချဲ့ဆန့်ကျင်ရေးသမားတွေလို့ ပုံဖော်နေတာဟ။

သီပေါဟာ ဗမာပြည်ရဲ့ကျန်ဖြတ်ပဒေသရာဇ်ဖြစ်သလိ ဇဖါးရှားဟာ အိန္ဒိယရဲ့နောက်ဆုံး ဧကရာဇ်ပဲ။ နယ်ချဲ့သမားက ဒီကတယောက်ကို ဟိုပို့၊ ဟိုကတယောက်ကို ဒီပို့ပြီး သူ့လူတွေနဲ့ သူတို့ဥသျှောင်ကို အဆက်ဖြတ်တာ။

တကယ့်လက်တွေ့မှာ အဲ့ဒီနယ်ချဲ့တွေဆီကနေ လက်ဝါးဖြန်တောင်ရမ်းစားသောက်ရင်း ကြီးပွားနေတာ၊
တိုင်းပြည်ကို နယ်ချဲ့လက် တဘက်လှည့်နဲ့ရောင်းစားနေတာဟ။


သူတို့တောင်းရတာနဲ့တင် ဗိုက်မဝေးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ အငှားသူတောင်းစား လုပ်ခိုင်းနေတာဟ။ ဗိုက်ဝရင်ဘာဖြစ်မလဲ သိဖို့ကောင်းတယ်။

တိုင်းပြည်ကလိုနေတာ မျိုးချစ်စိတ်ရှိသူတွေမဟုတ်ဘူး။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေပါ။
မျိုးချစ်စိတ်ဟာ ကျဉ်းမြောင်းသလောက် တရားသေဆန်ပြီး တဇောက်ကန်းနဲ့ အကြမ်းဖက်မှုဆီဦးတည်တယ်။
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူမှာ ဘာသာလူမျိုးခွဲခြားမှုကင်းစင်တယ်။ တပြည်ထဲနေသူအချင်းချင်း ယိုင်းပင်းတယ်။ တိုင်းပြည်အပေါ်ကျလာတဲ့ ရန်မှန်သမျှ ပူးပေါင်းလက်တွဲဖြေရှင်း ရင်ဆိုင်ကြတယ်။

ဗမာမွတ်စလင်မ်တွေထဲမှာလည်း စောက်ရူးတွေရှိတယ်။ နလပိန်းတုံးတွေရှိတယ်။ ရိုးလွန်းလို့ အတဲ့လူတွေရှိတယ်။ လှည့်သမျှ လည်ထွက်သွားသူတွေရှိတယ်။ ကြောက်ရလွန်းလို့ လိုက်ထောက်ခံသံပေးနေသူတွေရှိတယ်။ အတော်များတယ်။ စစ်အုပ်စုဒလန်တွေလည်း မနည်းဘူး။ သူတို့အတွင်းထဲ ဝင်အောင်းနေတဲ့ ပွေးတွေလည်း တပုံကြီးဘဲ။

မင်းအောင်လှိုင် ဇဖါးရှားအုတ်ဂူသွားတာပဲ ကိုယ့်အမေ့လင်သချိုံင်းသွားပြီး ဇေယာရတ်သ်လုပ်တော့မှာမို့ ပျော်နေတာလိုလို၊
အိန္ဒိယရဲ့ နောက်ဆုံးဘုရင်မွတ်စလင်မ့်ဂူကိုသွားတာမို့
ဗမာမွတ်စလင်မ်တွေကိုပဲချီးမြှင့်တာလိုလို စစ်ဝါဒကူဖြန့်ပေးနေတဲ့ ဗမာမွတ်စလင်မ်အမည်ခံတွေ ချီးစားကြဖို့ကောင်းတယ်။
ဒီဇင်ဘာ ၂၆၊ ၂ဝ၁၆

ဗြစ်ရည်နဲ့ချိုတဲ့ဓမ္မတေး(မျိုးမြင့်ချို)

0 comments
ကျနော် အရက်ကို ဘဝကိုဖြုန်းသလို သောက်သုံးခဲ့ချိန်ကရော၊
ခုလို မိတ်ဖြစ်ဆွေဖြစ်တို့၊ လူမှုရေးအရတို့၊ နံမည်ပျက်ရုံလောက်တို့နဲ့ ကြောင်သူတော်လုပ်နေချိန်မှာရော အရက်သောက်တာမကောင်းဘူးလို့ ဘယ်သူ့ကိုမှမပြောမိဖူးဘူး။

အရက်ကို ကျနော်လိုသောက်ရင်
ငွေကုန်တယ်(ငွေဝင်လမ်းရှာတာမှ မဟုတ်တာ)။
အချိန်ကုန်တယ်(ကုန်စေချင်တဲ့အချိန်တွေရှိနေလို့)။
ကျန်းမာရေးထိခိုက်တယ်(စိတ်ထိခိုက်ရတာထက်သက်သာလို့)။
လူမှုရေးပျက်တယ်(နဂိုတည်းက ကောင်းသူမဟုတ်) စတာမျိုးတွေတော့ ကိုယ့်ဘာသာတွေးမိဖူးတယ်။ အရက်မူးမူးနဲ့ ဘယ်သူ့ကိုမှ မဆုံးမဖူးဘူး။


ငွေဝင်လမ်းရှာဖို့။
အချိန်ကုန်အကျိုးရှိဖို့။
စိတ်ပျော်ရွှင်ဖို့။
လူမှုရေးကောင်းဖို့သောက်သူတွေလည်း ဘာမှမပြောမိဖူးဘူး။

အရက်ပဲဟာ မသောက်မနေရမှ မဟုတ်တာ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပေါ့။ ဒီနှစ်သစ်ကူးက စ မသောက်တော့ဘူးဆိုလည်း မသောက်နဲပေါ့။ စသောက်မယ့်လူတွေလည်း သောက်ကြပါစေ။
တခုပဲ ဗမာရုပ်ရှင်တွေကလို မုဒိန်းကျင့်တဲ့ကောင် မဟုတ်ကဟုတ်ကလုပ်တဲ့ကောင်တွေကို အရက်မူးနေလို့ဆိုတဲ့ဆင်ခြေပြတာတော့ မကောင်းဘူး။ လောကမှာ လူဟာ မူးမူး မမူးမူး သူ့ဟာသူလုပ်ချင်ရာလုပ်နေကြတာ။ မုဒိန်းကောင်ဟာ အရက်မမူးလည်း ကျင့်တယ်။ အရက်မပြောနဲ့ လှော်ဇာနံ့တောင် မခံနိုင်သူက ကလေးလေးတွေကို မုဒိန်းကျင့်တဲ့ မုဒိန်းသမားဖြစ်နေတတ်တယ်။ အနန္တဂိုဏ်းဝင်ဆိုတဲ့ ကျောင်းဆရာတချို့ ဘုန်းကြီးတချို့ မုဒိန်းကောင်တွေဖြစ်နေတာ မျက်မြင်ပဲ။

သုရာမေရယဝေတာမဏိသိက္ခာပဒံအော်ပြီး၊
ကိုယ်ပေါ်အရက်တစက်ကျရင် ကျတဲ့နေရာ အရေပြားကွက်လှီးပစ်ရမယ်တို့ပြောပြီး၊ လောကတဏှာနဲ့ယစ်မူးနေသူတွေထက်စာရင်
ဗြစ်ရည်လေးထွေတေတေနဲ့ ဓမ္မကိုသီချင်းလုပ်ဆိုရတာ ပိုမကောင်းဘူးလား။

လောကဆိုတာ ဂါထာကိုတေးဖြစ်အောင်ဆိုတတ်မှ ရသပြည့်တာမဟုတ်လား။
ဒီဇင်ဘာ ၂၇၊ ၂ဝ၁၆

ထားလိုက်လို့မပြီးပါ(မျိုးမြင့်ချို)

0 comments
(ထားလိုက်လို့မပြီးပါ)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကတော့ ဒေါ်ခင်ဝင်းကို
သတ်ပြလိုက်ပြီး ဒေါ်စုအစီရင်ခံနဲ့ ချောဆီသွင်းနှစ်ပင်လိမ်လိုက်တာ ပွဲပြီးသလောက်ဖြစ်သွားပြီလို့ထင်ရပေမဲ့ အနာငြိမ်းသွားတာမဟုတ်ဘူး။ အကင်းမသေသေးဘူး။ အနာက မြုံသွားတာ။ အတွင်းထဲမှာ လှိုက်စားနေတုန်း။ ယဉ်းနေတုန်း။ ဖွဲမီးလို တငွေ့ငွေ့လောင်နေတုန်း။ ဘယ်အချိန် ပြည်ပုပ်သွေးပုပ်တွေ ပေါက်ထွက်လာပြီး
ဘယ်အချိန် မီးထတောက်မယ်သာ မပြောတတ်သေးတာ။

မြစ်ဆုံကိစ္စလည်း သောင်မတင်ရေမကျဖြစ်နေဆဲ။ တရုတ်ဘက်က ပြန်စချင် ပြန်လုပ်ချင်ပေမယ့် စစ်အုပ်စုအတွက်က မီးစိမ်းပြဖို့ခက်နေသေးတယ်။ တရုတ်အနေနဲ့ မြစ်ဆုံမှာရင်းထားတဲ့ငွေ ပလုံသွားမှာ မှုစရာမရှိပေမယ့် အဲ့ဒီကထွက်လာမယ့် လျှပ်စစ်ဓာတ်အားကတော့ မက်မောစရာဖြစ်နေတယ်။ ပိုက်ဆံပြန်လျော်ပြီး စီမံကိန်းရပ်ပစ်လိုက်ဖို့ထက် စာချုပ်စာတမ်းပြန်ပြင်ချုပ်တာမျိုး အပေးအယူ အလျှော့အတင်း ပြန်လုပ်တာမျိုးတွေနဲ့ ဒီစီမံကိန်းကို ဆက်သွားချင်တာ သေချာတယ်။

ဒီစီမံကိန်းအကြောင်းပြောရင် ရှိနေတဲ့ သမ္မတလေးထင်ကျော်ရဲ့ စစ်တပိုင်းအစိုးရကို ဖယ်ပြီးပြောနေရတာကိုက အလုပ်မဟုတ်ဘူး။ ထည့်ပြောဖို့ကြတော့လည်း ပြောစရာ ဘာအကြောင်းမှမရှိဘူး။ စစ်အုပ်စုသွားနေတဲ့ပုံက ကိစ္စကြီးငယ်ရှိတိုင်း အစိုးရတွေ လွှတ်တော်တွေဘေးချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုင်ကစားနေတာ။ စစ်အုပ်စုအကြံက ဒေါ်စုကို ခေါင်းခံခိုင်းပြီး စီမံကိန်းပြန်စဖို့ဖြစ်တယ်။ ဒေါ်စုကလည်း ဒါကိုသိတယ်။ တရုတ်ကလည်း ဒီအတိုင်းဖြစ်သွားစေချင်တယ်။
ခက်တာက ဒီကိစ္စက ကြေးနီစီမံကိန်းထက်ပိုကြီးသလို ကချင်အမျိုးသားတွေရဲ့ ပူပန်မှုကလည်း မသေးလှဘူး။ နောက်ပြီး ဧရာဝတီပါ ပါလာတဲ့အတွက် တပြည်လုံးနဲ့ဆိုင်နေပြန်တယ်။ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ထွန်းကားလာခဲ့တဲ့ လူ့အဖွဲ့အစည်းလိုဖြစ်ခဲ့တော့ သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ စုရာ ဆုံရာလည်း ဖြစ်နေတယ်။

ပြည်မကနိုင်ငံရေးသမားတချို့မှာ မြစ်ဆုံအလှ
ပျက်မှာမပျက်မှာ၊ ပတ်ဝန်းကျင်သဘာဝ ပျက်စီးမှာမစီးမှာ၊ ဒေသခံ ရွာသူရွာသားတွေ ဘဝပျက်မှာမပျက်မှာ၊ ကချင်ပြည်နယ်မှာ တရုတ်ကြီးက စီးပွားရေးအရ ကြီးစိုးထိန်းချုပ်လာ မလာမှာတွေထက် ဧရာဝတီထိ ဓားကြည့် လုပ်ပြပြီး ယဉ်ကျေးမှုတွေ သမိုင်းတွေကိုင်ပြီး၊ အကြေဘက် မြစ်ရိုးတလျှောက်ကလူတွေနဲ့ရင်းပြီး ပင်းပြီး တရုတ်ဆန့်ကျင်ရေးလုပ်ဖို့က အဓိကဖြစ်နေတာလည်း သတိထားမိတယ်။

ကမ္ဘာပေါ်မှာ သူ့နိုင်ငံ သူ့အစိုးရ သူ့စီမံကိန်းနဲ့ သူ့မြစ်ကြီးတွေပိတ်ပြီး ဆည်တွေဆောက် ရေအားလျှပ်စစ်ထုတ်တာတောင် ပြသနာအမျိုးမျိုးတက်နေတာ အသံဗလံပေါင်းစုံထွက်နေတာမဟုတ်လား။ မြစ်ဆုံစီမံကိန်းဟာ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်အစိုးရမဟုတ်တဲ့စစ်အုပ်စုရဲ့ ကိုယ်ကျိုးရှာစီမံကိန်းနဲ့ ကိုယ့်ပြည်ကမြစ်ကြီးကိုပိတ်ပြီး ပြင်ပနိုင်ငံကို ဆည်ဆောက် လျှပ်စစ်ထုတ် ထွက်သမျှယူစေသတည်းဆိုပြီး တဘက်ဇောင်းနင်းစာချုပ်နဲ့ လုပ်ခဲ့တာဖြစ်တယ်။ တက်ပြီပေါ့ ပြဿနာပေါင်း သောင်းခြောက်ထောင်။ ပိုဆိုးသွားတာက ဒီကိစ္စဟာ နိုင်ငံရေးဖြစ်သွားတာပဲ။ အမျိုးသားအကျိုးစီးပွားခေါင်းစဉ်အောက်နေ တရုတ်ဆန့်ကျင်ရေးဂယက် ထလာတာပဲ။

တကယ့်လက်သည်ရင်းက စစ်အုပ်စုပဲ။ သူ့ရဲ့ကိုယ်ကျိုးရှာမှုပဲ။ လူတင်ပါလို့ နွား ကျားအကိုက်ခံရတဲ့ကိစ္စပဲ။ ခုတော့ လက်သည်ကို မသိမသာရော သိသိသာသာရောဖျေက်ပြီး ပျောက်အောင်ဝိုင်းလုပိကြပြီး တရုတ်ကိုပဲ တွင်တွင်လက်ညှိုးထိုးပြီး ဦးတည်ပစ်မှတ်လုပ်ပြီး ရန်သွားသွားရှာနေတာ အဖြေမဟုတ်ဘူးလို့မြင်တာပါပဲ။

ကျနော်တို့ဟာ လက်သည်ရင်းကို မြင်အောင်ကြည့် ရအောင်ဖော်ထုတ်ပြီး ဆန့်ကျင်တိုက်ဖျက်ဖို့လည်း လိုသလို မြစ်ဆုံစီမံကိန်းကို လူအများလက်ခံနိုင်မယ့်အဖြေလည်း ကူရှာကြဖို့လိုတယ်လို့မြင်ပါတယ်။
မြစ်ဆုံဟာ ဒီအတိုင်းထားလိုက်လို့ပြီးသွားမယ့်ကိစ္စမဟုတ်ပါ။
(မျိုးမြင့်ချို) ဒီဇင်ဘာ ၂၉၊ ၂ဝ၁၆

ဥပဒေနဲ့အညီထတဲ့သူပုန်(မျိုးမြင့်ချို)

0 comments
စောစောစီးစီး အံ့စရာတခုပြောပြချင်တယ်။ တတိယနိုင်ငံတခုမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ ABSDF မှာလုပ်ခဲ့ဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေးသမား(ဟောင်း)တယောက်နဲ့ ခုနလေးကပဲ စကားပြောဖြစ်ပါတယ်။

သူက စစ်အုပ်စုနဲ့အပစ်ရပ်ထားတဲ့ ABSDF ဗဟိုကော်မတီဝင်ကိုမင်းဌေး(ရမ်ဘို ပါတ်ဖိုးကားထဲမှာ ဗမာစစ်ဗိုလ်နေရာက သရုပ်ဆောင်ဖူးသူ)ကို စစ်အုပ်စုက လမ်းခရီးမှာ ဖမ်းလိုက်တယ်တဲ့။ ခုတရားစွဲမယ်တဲ့။ တပ်တဲ့ပုဒ်မက
မတရားသင်းဆက်သွယ်မှု (၁၇/၁)တဲ့။

ဒါနဲ့ကျနော်က "အဖမ်းခံရတာတော့ ကျနော်လည်းကြားတယ်ဗျ၊ ဘယ်လိုဖြစ်ကြတာတုန်း။ သူက ဘယ်သူနဲ့သွားဆက်သွယ်လို့တုန်းဗျ"ဆိုတော့ "ABSDF နဲ့"တဲ့။ "ဗျာ ခုမှ ပိုရှုပ်ကုန်ပြီ။ အေဘီကလူ အေဘီနဲ့ဆက်သွယ်တာ ဘယ့်နှယ်လို့ အစိုးရကကြားဝင်ပြီး မတရားသင်းပုဒ်မနဲ့ ဖမ်းရပြန်တာလဲဗျ" လို့မေးတော့ 'အပစ်မရပ်သေးတဲ့ ABSDF နဲ့ ဆက်သွယ်လို့"ဆိုပြီးပြောတယ်။
ဒါနဲ့ကျနော်ကဆက်ပြီး"နောက်ပြီး အခုသူတို့လည်း

ကားပါမစ်အပစ်ရပ်သာလုပ်ထားပေမယ့် သူတို့ကို စစ်အစိုးရက ခုထိ တရားဝင်အသင်းအပင်း/အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားလည်း မရှိသေးဘူးလေ။ သဘောက မတရားသင်းအဖြစ်ကနေ တရားဝင် ပယ်ဖျက်ပေးထားတာ မရှိသေးဘူးလေ။ အလုပ်ဖြစ်ပြီးရောဆိုပြီး လွယ်လွယ်ပေးထားတဲ့ နှုတ်စကားတွေပဲ ရှိသေးတာမဟုတ်လား'ဆိုတော့ မိတ်ဆွေက

"ဒီလို နားလည်လိုက်ဗျာ အပစ်မရပ်သေးတဲ့အခြမ်းကလူတွေက "တရားမဝင်သူပုန်" အပစ်ရပ်အခြမ်းကလူတွေက "တရားဝင်သူပုန်"ဆိုပြီး။ ဒါဆို ရှင်းသွားမယ်။ လူခြင်းတူပေမယ့် အသက်ရှူခြင်းကွဲတယ်ဆိုတာမျိုးလိုပေါ့ဗျာ"တဲ့။
အင်းသူပြောမှ ဟုတ်သားဟလို့တွေးမိတယ်။ ကမ္ဘာပေါ်မှာ ဒီလို နှစ်ရှည်လများဖြစ်နေတဲ့ အပစ်ရပ်နဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ရယ်၊ တဖွဲ့တည်းမှာတောင်မှ သူပုန် သူပုန်ခြင်းတောင်မှာမှ ဥပဒေနှင့်အညီ ထခွင့်ရှိသောသူပုန်ရယ်၊ ဥပဒေပြင်ပ ထနေသောသူပုန်ရယ်ဆိုပြီး ရှိတာ။

အင်း မေမေပြောတဲ့ ဥပဒေစိုးမိုးရေးဆိုတာ ဒါနေမယ်။
ဇန်နဝါရီ၂ ၊ ၂ဝ၁၇

စစ္စတာစီးတီးဆိုတာ(မျိုးမြင့်ချို)

0 comments

မင်းအမေဂွေးစိ ဒဲ့မှပဲ။ ဂျပန်နဲ့စစ္စတာစီးတီးဖြစ်တာကိုပဲ အိုင်ယာလန်ထီပေါက်သလိုလို တိုကျြို
မြို့ကြီးပဲ ဗမာပြည်ရွေ့လာတော့မလိုလိုနဲ့ ဆင့်လီးခွေးမျှော်သလို မျှော်နေကြပြန်ပါရောလား။

မကောင်းတဲ့ကိစ္စမဟုတ်တာမှန်ပေမယ့် ကောင်းတာက ကောင်းသူတွေအတွက်လေး ကွက်ကောင်းတာပါဟ။ ပေါက္ခရဝဿကောင်းလေး ကောင်းတာဟ။

စစ္စတာစီးတီးဆိုတာ ဘာမှမဟုတ်ဘူးဟ စောက်တုံးတွေရ။ လုပ်နေတဲ့သူတွေလည်း သူ့ဟာနဲ့ အဲ့လိုဘဲ နှစ်ဘက် ဟိုဘက်ဒီဘက် ဂွင်လေးတွေဖန်ဖက်ပြီး အိတ်ထဲကပိုက်ဆံမကုန်ပဲ လျှောက်လျှက်လည်ကြ ပတ်ကြတာလေးတွေလည်း ပါတာပေါ့ဟ။

နှစ်ဘက်မြို့က ကလေးတချို့လည်း ခနတဖြုတ်လာလက်ရင်း ကျောင်းတက်ဖို့ အခွင့်အလမ်းလေးများ ရမလားဆိုပြီး အပြန်အလှန် လည်ကြပတ်ကြတာဟ။ ခုန်ချဖို့တော့ စိတ်မကူးနဲ့။ သောက်ရှက်ပါ ဗျန်းဗျန်းကြီး အတုံးလိုက် အတစ်လိုက်ကြီးကွဲမှာ။

ဒီလာလည်တော့လည်း အဲ့ကျောင်းသားကို လက်ခံမယ့်အိမ်ရှင် လိုသေးတာဟ။ ဟိုကလွှတ်မယ်ဆိုလည်း ဘယ်လူ့သားသမီး ဘယ်ကျောင်းသားမျိုးလောက်ပဲ ခေါင်းကောက်ရွေးလွှတ်မလဲ
ဆိုတာလေးလည်း ကိုယ့်ဘာသာတွေးကြည့်ပေါ့ဟ။ ဒီလာလည်တယ်ဆိုတာလည်း တပတ်တန်သည် နှစ်ပတ်တန်သည်ပေါ့ဟ။ အဲ့လိုနဲ့ အဆက်ကလေး ချိတ်ကလေးဘာလေး ရရက်သွားဦးတောင် ကိုယ်ကဆက်ဖေါက်နိုင်မှ ပေါက်တာဟ။ နို့မို့ဆိုဘာမှမဟုတ်ဘူး။ လာလည်ပြီးပြီးသွားတာဟ။

ဖို့တ်ဝိန်း အနုပညာပြတိုက်ရှေ့သွားကြည့်။ ဂျပန်ပင်ပုလေးနဲ့ ဂျပန်ပုံရေတံခွန်လေးနဲ့ တံတားလေးနဲ့ ခေါင်ကော့အိမ်ပေါက်စနလေးနဲ့ အားလုံးပေါင်းမှ ဖျာနှစ်ချပ်စာလောက်ပြထားပြီး ပြစားနေကြတာဟ။

မထင်နဲ့ ဖို့တ်ဝိန်းမှာ မန္တလေးနန်းတော်ကြီး လာဆောက်လို့ရမယ်လို့များ။ မထင်နဲ့ အင်ဒီယားနားယူနီဗားစတီးက စတူးဒကင်န့်အိပ်စ်ချိန်းပရိုဂရမ်ကြီးပါ ရတော့မလိုလိုနဲ့။

အရူးဆိုတာ တော်ရုံထပါကွာ။ စတူးဒင်န့်အိတ်ချိန်းဆိုတဲ့ တက္ကသိုလ်တွေဘာတွေ အင်စတီကျူးရှင်းတွေက လုပ်နေတာနဲ့ စစ္စတာစီးတီးက ကျောင်းသား အပြန်အလှန်လည်တာပတ်တာနဲ့က တခြားစီ ဘာမှမဆိုင်ဘူးဟ။

လုပ်နေသူတွေတော့ သူတို့ဟာသူတို့ ပရောဂျက်က မြို့ကချပေးတဲ့ ငွေယားလေးဘာလေး နည်းနည်းပါးပါးရကြတော့လည်း ရကြပေ့စေပေါ့ကွာ။ ဘာမနာလိုစရာရှိလဲ။ တလောကလုံး ဒီလိုပဲ လုပ်လက်စားနေကြတာပဲဟာ။

မင်းတို့နဲ့လည်း ပြောရတာ အာပေါက်တယ်။ မင်းတို့ကိုက အတာပါကွာ။ ခေါင်းကိုင်ခံရတာလည်းမပြောနဲ့။
ဇန်နဝါရီ ၄၊ ၂ဝ၁၇

သတင်းနဲ့ မှတ်ချက်

0 comments
သတင်းနဲ့ မှတ်ချက်
၎- ၁- ၂၀၁၇
(၁-၁- ၂၀၁၇) မှာ နှစ်သစ်အဖွင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတခု ပြုလုပ်တာ တွေ့ရပါတယ်။
တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ လူငယ်ကိုယ်စားလည်များ အစုံအညီမတက်ရောက်နိုင်တာကတော့(ကချင်၊ ကယားနဲ့ ချင်းတို့ကို ကိုယ်စားပြုတဲ့ လူငယ်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ပါ) ချို့ယွင်းချက်တရပ်ပါ။
ဒါပေမဲ့ ဒီမှာတော့ အဲဒီစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ငြိမ်းချမ်းရေးသဘောထားကိုပဲ အဓိက မှတ်ချက်ပေးလိုပါတယ်။
သူ့ပြောကြားချက်ထဲက-
ပစ်ရင်း ခတ်ရင်းနဲ့ ငြိမ်းချမ်းရေးရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ (ယေဘုယျအားဖြင့် မှန်ပါတယ်။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီကရော၊ ဆွေးနွေးပွဲကာလအတွင်းမှာရော၊ ဆွေးနွေးပွဲ အပြီးမှာရော ဘာလို့ စစ်ပွဲတွေ ဖြစ်နေသလဲ။ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးကြသေးတာတွေကိုချည်း အပြစ်တင်နေလို့ မရပါဘူး။ အဲသလို လက်မှတ်မထိုးနိုင်အောင် စစ်တပ်ဘက်က တောင်းဆိုချက်၊ ကန့်သတ်ချက်တွေနဲ့ ဟန့်တားထားတာတွေကိုလည်း ပြန်လည် သုံးသပ်ရမှာပါ။ တိုင်းရင်းသားတွေဘက်က တောင်းဆိုတာတွေကိုချည်း “ကိုယ်က ရချင်တာကိုပဲ မကြည့်နဲ့- ကိုယ်က ဘာပေးနိုင်သလဲဆိုတာ စဉ်းစားကြရမယ်”လို့ ပြောရင် တဖက်သတ်ကျပါလိမ့်မယ်။ စစ်အာဏာပိုင်တွေဘက်က တောက်လျှောက် အပေါ်စီးနဲ့ တောင်းဆိုချက်တွေ လုပ်နေတာကို မကြည့်မြင်လို့ဒါမှမဟုတ် ထည့်မပြောလို့ မရပါဘူး။ အဖွဲ့အစည်းတွေ ကိုယ်ကျိုးမကြည့်ဖို့ ပြောရင်လည်း စစ်အာဏာပိုင်တွေဘက်က ကိုယ့်အတွက်ပဲ ရယူလိုနေတာတွေကို ရဲရဲပြောမှ မှန်ကန်မျှတမှာပါ။)
(စစ်ပွဲတွေရပ်) များများပြောပေးပါ၊ တချို့တွေက နားနည်းနည်းလေးတယ်၊ များများပြောပေးမှ ကြားမယ်-၊
(ပြည်သူများရဲ့ ငြိမ်းချမ်းရေးလိုလားတောင့်တမှုနဲ့ ပေါင်းစပ်ပေးလိုတဲ့ ရည်ရွယ်ချက်လို့ အကောင်းဘက်က ကြည့်ပြီး လက်ခံနိုင်ပါတယ်။ မိမိတို့နေထိုင်ရာဒေသတွင်း ထိုးစစ်များဝင်လာလို့ မိမိတို့တိုင်းရင်းသားများ သေကြေ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးနေရတဲ့ တိုင်းရင်းသားပြည်သူများကတော့ ငြိမ်းချမ်းရေးခေါ်သံကို မကြားရအောင် နားလေးနေမယ်မထင်ပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဟန့်တားပိတ်ပင် အတားအဆီး လုပ်နေသူများ(အထူးသဖြင့် တပ်မတော်ကို အမိန့်ပေးနေတဲ့ ကာချုပ်)ဘက်ကသာ နားလေးနေတယ်လို့ ယူဆရပါလိမ့်မယ်။)
(အင်အားကြီးမားလေလေ တာဝန်သိသိနဲ့ ဒီအင်အားကို သုံးရလေလေပဲ။ အင်အားကြီးမားတဲ့ သူများက တာဝန်မသိဘူးဆိုရင် နိုင်ငံ အင်မတန် ဒုက္ခရောက်ပါတယ်)- ဆိုတဲ့ စကားကလည်း ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ မှန်းဆနိုင်တာမို့ ကြိုဆိုရမယ့်စကားလို့ ထင်ပါတယ်။ အင်အားအကြီးဆုံးဖြစ်တဲ့ တပ်မတော်ဘက်က အရင်ဆုံး စစ်ရပ်စဲရေး ကြေညာပြီး ငြိမ်းချမ်းရေးနဲ့ပြည်တွင်းစစ်ရပ်စဲရေးအတွက် မှန်ကန်မျှတဲ့ သဘောထားတွေ၊ အားလုံးလက်ခံကြိုဆိုမယ့်သဘောထားတွေ ဖော်ထုတ်ကမ်းလှမ်းရမှာပါ။ )
ပြည်သူလူထုက ငြိမ်းချမ်းရေးဆန္ဒတွေ ဖော်ထုတ်ကြဖို့ များများ ပြောပေးကြဖို့ဆိုတာဟာ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီပါတယ်။ ပြည်သူတွေကလည်း မိမိတို့ရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဖော်ထုတ်ပြသလိုကြပါတယ်။ ဒီလို ဖော်ထုတ်ဖို့ တချို့နေရာတွေမှာ ပြင်ဆင်နေတာလည်း ကြားရပါတယ်။ ဒါပေမဲ့ စစ်အုပ်စုနဲ့ သူ့နောက်လိုက်အင်အားစုတွေက ဖန်တီးဖော်ထုတ်လာတဲ့ တရားသောစစ် ထောက်ခံပွဲဆိုတာတွေကျ ဗမာပြည်အဝန်း အမြို့မြို့အနယ်နယ်မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရနေတာမို့ သူတို့ကျ ခွင့်ပြုပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးလိုအပ်ဆန္ဒတွေ ဖော်ထုတ်လာတာကိုကျ မပိတ်ပင်ကြဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးစကား များများပြောပေးဖို့ တောင်းခံတဲ့အခါ ဒီမိုကရေစီ စည်းဝိုင်းကိုလည်း ကျယ်ကျယ်ဖွင့်ပေးထားရပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ကျယ်ကျယ်ပြောကြဖို့ များများထုတ်ဖော်ပြောကြားကြဖို့ဆိုတာကို တချို့က ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ခြေချုပ်မိနေသူတဦးရဲ့ အကူအညီတောင်းခံချက်လို့ အဓိပ္ပာယ်ကောက်ယူကြတာလည်း ရှိပါတယ်။ ပြည်သူလူထုနဲ့ ပေါင်းစပ်လက်တွဲတယ်ဆိုတာ ပြည်သူတွေ မဲထည့်ဖို့ လှုံ့ဆော်တာ၊ ပြည်သူတွေက ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပြောဆိုပါလို့ တောင်းခံရုံသက်သက် မဖြစ်သင့်ပါဘူး။ ပြည်သူ့အကျိုးစီးပွားဘက်က ပြတ်ပြတ်သားသားရပ်ခံ၊ ပြည်သူ့အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်၊ ပြည်သူ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးခြင်းတို့ဟာ အရေးကြီးတဲ့အကြောင်းအချက်တွေအနေနဲ့ရော ဆောင်ကြဉ်းပေးသင့်တဲ့ အကြောင်းအချက်တွေအနေနဲ့ပါ ပါဝင်နေပါတယ်။