Tuesday, May 14, 2019

(သွင်းကုန်ခွန်ဆိုတာ) မျိုးမြင့်ချို

0 comments

(သွင်းကုန်ခွန်ဆိုတာ)
တရုတ်သွင်းကုန် ဘီလီယံ ၂ ရာကျော်အပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်လို့ပြောတာ တရုတ်ဆီကနေ သွားကောက်ယူမှာ မဟုတ်ပါ။ တရုတ်တွေဘက်ကနေ အခွန်ဆောင်ရမယ်လို့ပြောတာ မဟုတ်ပါ။ တရုတ်ပစ္စည်းတင်သွင်းနေတဲ့ အမေရိကန် Importers တွေက ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ တရုတ်ဘက်က ရောင်းချသူ Sellers တွေကပေးရဆောင်ရတာမဟုတ်ပါ။

အစိုးရ အစိုးချင်းလုပ်တဲ့ ကန့်သတ် ကုန်စည်တချို့ကလွဲရင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း (ကုန်သွယ်ရေး)မှာ Exporters and Importers ဆိုပြီး ရှိပါတယ်။ ပုဂ္ဂလိကကုမ္ပဏီ တွေကို ပေးထားရတာပါ။ ကန့်သတ်ကုန်စည်မဟုတ်တဲ့ အစိုးရသွင်းကုန်တွေတောင် သွင်းကုန်ထုတ်ကုန်လုပ်ငန်းလိုင်စင် ရှိသူတွေကနေ တဆင့် သွားရတာပါ။ ဒီဘက်က သွင်းသူရှိမှ ဟိုဘက်က ပို့သူက ပို့လို့ရတာပါ။

သွင်းကုန်ခွန်တွေက ဘယ်အချိန်မှာကောက်ယူမှာလဲဆိုတော့ တရုတ်ကုန်တင်သင်္ဘောနဲ့ပစ္စည်းတွေ အမေရိကန်ဆိပ်ကမ်းဆိုက်မှ ပစ္စည်းတန်ဖိုးအလိုက် ရာဖြတ်ကဖြတ်ပေးပြီး သတ်မှတ်စည်းကြပ်ခွန်ကို ဆိပ်ကမ်းမှာ ဆောင်ရတာပါ။ အဲ့ဒါက ဒီဘက်(အမေရိကန်ဘက်)က အင်ပို့တာဆိုတဲ့သူတွေက ဆောင်ရတာပါ။ သဘောက သွင်းကုန်ခွန် Tariffs ဟာ သွင်းကုန်လိုင်စင်သမားတွေအပေါ် အစိုးရကကောက်ယူ
လိုက်တဲ့ Tax သဘောဖြစ်ပါတယ်။ အဲ့ဒီအခွန်က အခွန်ပြန်အမ်းငွေ Tax Return မရှိပါ။ အဲ့ဒီအခွန်ငွေတွေဟာ အစိုးရ ဘဏ္ဏာတိုက်ထဲကို တိုက်ရိုက် ရောက်ပါတယ်။

သွင်းကုန်လုပ်ငန်းလိုင်စင်ဆိုတာကလည်း (ခြွင်းချက်တချို့မှတပါး) အမေရိကန်နိုင်ငံသားဖြစ်ပြီးသူတွေပဲ လုပ်လို့ရတာပါ။ သဘောက လူမျိုးနွယ်အရ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ လူဖြူ လူမည်း၊ လူဝါ လူညို ဘာဖြစ်ဖြစ် အမေရိကန်နိုင်ငံသားဖြစ်သွားရင် အမေရိကန်ပါ။ ဒါ့ကြောင့် တရုတ်ကုန်စည်တွေအပေါ် အခွန်ဆောင်ရမှာက အမေရိကန်သွင်းကုန်လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။

သွင်းကုန်ခွန်တိုးပေးရတော့ ရောင်းဈေးတွေလည်းတက်လာမှာပါ။ ဘယ်သူမှ ဈေးချပြီး ရောင်းမှာမဟုတ်ပါ။ တနင့်တပိုးဆောင်လိုက်ရတဲ့ အခွန်ကို ရောင်းမယ့်ပစ္စည်းတွေအပေါ် အချိုးကျတက်ပြီး တင်ယူလိုက်မှာပါ။ နောက်ဆုံးတော့ စားသုံးသူ Consumers တွေဘဲ ဈေးကြီးပေးဝယ်သုံးရမှာပါ။ ကာလတခုတော့ ဖြစ်သမျှဒဏ် ငဝက်တွေ ဝိုင်းခံရဦးမှာပါ။

ဒါက သွင်းကုန်ခွန်ဆောင်ရတဲ့သဘောနဲ့ ဖြစ်တတ်တဲ့သဘာဝလေးကို ထောင့်လေး တထောင့်တည်းကနေကွက်ပြီး ရောက်လွယ်အောင်ပြောပြတာပါ။ သွင်းကုန်ခွန်နဲ့ပတ်သက်လို့ ဗူးလုံးနားမထွင်းဖြစ်မယ့်ပြောသံတွေ ကြားနေရလို့ပါ။\မျိုးမြင့်ချို
မေ ၁၃၊ ၂ဝ၁၉

Monday, May 13, 2019

မင်းကြီး ရှောလမုန် သားတရား(မျိုးမြင့်ချို)

0 comments
“မဟော်သဓာ သားတရားစီရင်ခန်း”လို့ဆိုရင် လူတိုင်းလိုလိုသိပြီးသားပါ။ ညအိပ်ယာဝင်ပုံပြင်ကနေစလိုက်တာ ဇာတ်ကြီးဆယ်ဘွဲ့၊ အတန်းကျောင်းနဲ့အရပ်ထဲရောက်တဲ့အထိ ကြားရဖန်များလို့ နားစွဲပြီးသားနေမှာပါ။ တခါတလေမှာ ထမီကျွတ်လို့လွှတ်လိုက်ရတာမျိုး၊ မနိုင်၍သည်းခံလိုက်ရတာမျိုးတွေကိုလည်း သားတရားစီရင်ခန်းနှယ် အကျယ်အကျယ် မငြိမ်းဘွယ်လုပ်ကြတာလည်း ကြားဖူးကြမှာပါပဲ။ အဲ့ဒီ သားတရားစီရင်ခန်းက နိုင်ငံရေး(အာဏာပြဿနာ)ထဲထိပါလိုက်ပြီး မဆီမဆိုင်ကိုးကား ကာကွယ်တတ်တာလည်းရှိပါတယ်။

ဒါဝိဒ်ရဲ့သားတော် ရှောလမုန်မင်းကြီးရဲ့ “သားတရားစီခင်ခန်း”ကျ လူသိမများလှဘူး။ ခရစ်ယာန်ဘာသာဝင်တို့ကြားမှာပင် ပြောသံဆိုသံ အကြားရ နည်းလှတယ်။ ဓမ္မဟောင်းကျမ်းလာဖြစ်တဲ့အပြင် အာရေဗျဘာသာစကားနဲ့ ဒါဝိဒ်လို့ပဲအသံထွက်တဲ့၊ ဟေဗြဲဘိုင်ဘယ်လ်လာအရဆို (ညီညွတ်သောသရေလဘုရင့်နိုင်ငံတော်ရဲ့ ဒုတိယမြောက်ဧကရာဇ် David ရဲ့သား)ဆော်လမွန်မင်းကြီးလို့ မြန်မာတွေသိပြီးသား Jedidiah လို့လည်း အမည်တွင်တဲ့၊ အာရဗစ်လို ဆူလေမန် ဒါမှမဟုတ် ဆလေမန်လို့လည်းခေါ်တဲ့ King Salomon ရဲ့ သားတရားစီရင်ခန်းကိုတော့ အစ္စလာမ်ဘာသာဝင်တွေလည်း မပြောသလောက်ပါပဲ။ မဟော်သဓာတို့ ရှောလမုန်တို့ဆိုတာ ဉာဏ်ပညာအရာမှာ အံ့မခန်းကြီးကျယ်လွန်းလို့ သူတို့စီရင်ခန်းတွေဟာ လူတွေအကြား အံ့ဘနန်းဖြစ်ရတယ်မဟုတ်လား။ ခုနေများ အဲ့ ဉာဏ်ကြီးရှင်တွေလည်းရှိ၊ သားပြဿနာတွေလည်းရှိ၊ စီရင်ပေးရမယ့်အခြေနေတွေလည်းပေါ်လာလို့ကတော့ ဒီစီရင်ထုံးတွေ အလုပ်ဖြစ်တော့မယ်မထင်ဘူး။ လူတိုင်းက ဘယ်လိုစီရင်မယ် ဘယ်ပုံ ဆုံးဖြတ်မယ်ဆိုတာ သိနေနှင့်ပြီးသားမဟုတ်လား။

ကဲဗျာ မင်းကြီးရှောလမုန်ရဲ့ သားတရားစီရင်ပုံလေးကြည့်ရအောင်..(စာက ကျနော့်စိတ်ထဲလှမယ်ထင်တဲ့ပုံနဲ့ ပြန်စီထားတာပါ။ မနှစ်ခြိုက်ဘူးဆိုရင် ပြန်ပြင်စီပြီးသာ ဖတ်ကြည့်ပါဗျား)

……….ထိုအခါ
ပြည့်တန်ဆာမနှစ်ယောက်သည်လာ၍ ရှေ့တော်ရပ်လျှက်၊
- မိန်းမတယောက်က
အိုအရှင်၊ ကျွန်တော်မနှင့်ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်းနေလျှက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
သုံးရက်လွန်မှတဖန် ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ် အဘယ်ဧည့်သည်မျှမရှိ။ သူနှင့်ကျွန်တော် နှစ်ယောက်တည်းသာ ရှိပါ၏။ ဤမိန်းမသည် ညဥ့်အခါ မိမိသားငယ်ကို ဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။ သန်းကောင်ယံ သူသည် ထ၍
ကျွန်တော်မ အိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်ထားပါ၏။ သူ၏သားငယ်အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ထားပါ၏။ နံနက်အချိန်၌ ကျွန်တော်မသည် သားငယ်ကိုနို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျှက်ရှိပါ၏။
သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှူသောအခါ၊ ကျွန်တော်မဘွားမြင်သောသား မဟုတ်ပါဟု လျှောက်၏။

-အခြားသောမိန်းမကလည်း
မဟုတ်ဘူးအသက်ရှင်သောသူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုငြင်းလေ၏။ 

အရင်မိန်းမကလည်း
ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သားဖြစ်၏ဟု ဆိုလေ၏။

ထိုသို့ ရှေ့တော်၌လျှောက်ဆိုကြလျှင်၊
- ရှင်ဘုရင်က
မိန်းမတယောက်က အသက်ရှင်သောသူငယ်သည်ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျှက်၊ တယောက်က ထိုသို့မဟုတ် သင်၏သားသေပြီ၊ ငါ့သားအသက်ရှင်သည်ဟုဆိုသည်ဖြစ်၍၊ ထားယူခဲ့ဟု မိန့်တော်မူသည့်အတိုင်း ထားကို ရှေ့တော်သို့ယူခဲ့ကြ၏။
- ရှင်ဘုရင်ကလည်း
အသက်ရှင်သောသူငယ်ကိုခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
- အသက်ရှင်သောသူငယ်၏အမိသည် မိမိသားကိုအလွန်သနား၍၊
အိုအရှင် အသက်ရှင်သောသူငယ်ကိုမသတ်ပါနှင့်၊ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန်လေ၏။
အခြားမိန်းမက
ငါမပိုင်စေနှင့်၊ သင်လည်းမပိုင်စေနှင့်၊ ခွဲပါလေစေဟုဆို၏။
- ထိုအခါ
ရှင်ဘုရင်က
အသက်ရှင်သောသူငယ်ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
-ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည့်အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကိုသိမြင်၍၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြ၏။
ဓမ္မရာဇဝင်တတိယစာစောင်(ဓမ္မဟောင်းကျမ်း အခန်းကြီး၃၊ အခန်းငယ်၁၆-၂၈)

(သူ့နယ်နေလည်း ကိုယ့်လူမျိုးဘဲ သွားလုပ်လို့ မဖြစ်ပါ) မျိုးမြင့်ချို

0 comments
(သူ့နယ်နေလည်း ကိုယ့်လူမျိုးဘဲ သွားလုပ်လို့ မဖြစ်ပါ)
ဗမာတပြည်လုံး ကိုလိုနီအောက်ရောက်သွားပြီးတဲ့အခါကျမှ ဗြိတိသျှက နယ်နိမိတ်မျဉ်းတွေဆွဲတာ သတ်မှတ်တာတာတွေလုပ်ပါတယ်။ အဲ့သလိုမလုပ်ခင်က နှစ်ဘက်သဘောတူလက်ခံထားတဲ့ နယ်ခြားမျဉ်းရယ်လို့ အပီအပြင်မရှိပါ။ တိတိကျကျလိုက်နာကြတဲ့ နယ်ခြား စည်းကမ်းရယ်လို့လည်းမရှိပါ။ တမင်းတက်တမျိုး၊ အားအကြီးအသေးပေါ်မူတည်ပြီး ပဒေသရာဇ်တွေ ဘုရင်တွေနယ်ပယ်ချဲ့ကြ လုကြ ယက်ကြတာ တိုက်ကြခိုက်ကြတာဘဲရှိတယ်။ အားအပေါ်မူတည်ပြီး ကံကြွေးချနယ်တွေ ကျုံ့သွားလိုက်ကျယ်လာလိုက် ထပ်တလဲလဲ ဖြစ်နေတာပါ။ နယ်ရှင်ပယ်ရှင်တွေလည်း ကြီးလိုက်သေးလိုက်ဖြစ်နေတာပါ။

ဗြိတိသျှက နယ်နိမိတ်သတ်မှတ်တော့ မျဉ်းဆွဲချလိုက်တယ်။ ဒါ ဗမာပြည်ဘက် ဒါက ထိုင်းဘက်၊ ဒါက တရုတ်ဘက် ဒါက ဗမာဘက် စသည်ဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီမျဉ်းမဆွဲခင်က လူတွေစုဝေးနေထိုင်တဲ့ ရွာကြီးရွာသေးတွေ၊ နယ်ပယ်ဒေသတွေ၊ တူရာအလိုက် (ဘာသာစကား၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဆွေးမျိုးတော်စပ်မှု)နေကြတဲ့ ဇနပဒတွေရှိပါတယ်။ နယ်နိမိတ်မျဉ်းသားလိုက်တာအခါ ဟိုဘက်ပါသွားတဲ့ရွာ ဒီဘက်ကျန်ခဲ့တဲ့ရွာတွေရှိသလို တရွာတည်းမှာဘဲ ရွာလည်ကောင်ကမျဉ်းကျလို့ တခြမ်းက ဒီဘက်နိုင်ငံပိုင် နောက်တခြမ်းက တဘက် နိုင်ငံပိုင်တွေဖြစ်ကြရတာပါ။

ဒေသနယ်ပယ်ကြီးတွေမှာလည်း အလားတူပါဘဲ။ ဒီတော့ သူ့ဘက်ပါသွားတဲ့နယ်က သူ့နယ်၊ ကိုယ့်ဘက် ကျန်နေတာက ကိုယ့်နယ်။ သူ့ဘက်ပါသွားသူတွေက သူ့နိုင်ငံနေ လူမျိုးစု၊ သူ့နိုင်ငံသားဖြစ်ကြတာပါ။ ကိုယ့်ဘက်ပါလာတာလည်း အလားတူပါပဲ။ ဒီတော့ ဘာသာစကား ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှု ကိုးကွယ်ရာ နေထိုင်ဝတ်စားဆင်ယင်ပုံ နံမည်ပေးစနစ် အစအစအရာရာ တူပင်တူငြား နိုင်ငံသားကျ ကွဲသွားပါတယ်။ ရွာလည်ကောင်ကနေ နယ်ခြားမျဉ်းဖြတ်လို့ တမိသားစုထဲမှာတောင် ကိုယ့်ဘက်နိုင်ငံသား ဖြစ်တဲ့လူဖြစ် တဘက်နိုင်ငံသား ဖြစ်တဲ့သူဖြစ်တွေရှိပါတယ်။

ဒါ့ကြောင့် ကချင်၊ လားဟူ၊ လီရှော၊ ကိုးကန့်၊ ဝ အစရှိတဲ့လူတွေဟာ တရုတ်ဘက်မှာရော ဗမာဘက်မှာပါ ရှိနေကြတာပါ။ ဒီအတိုင်းပဲ ယိုးဒယားဘက်ပါသွားတဲ့ ပဒေါင်ရွာတွေရှိသလို ဒီဘက်ပလာတဲ့ အခြားလူမျိုးစုငယ်တွေလည်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ပါသွားတဲ့ ရခိုင်ရွာတွေရှိသလို၊ ဗမာဘက်ပါလာတဲ့ ရိုဟင်ဂျာရွာတွေနဲ့ ဘင်္ဂါလီရွာတွေလည်း မနည်းပါဘူး။ အိန္ဒိယဘက်ပါသွားတဲ့ ချင်းရွာတွေရှိသလို ဗမာဘက်ကျန်ခဲ့တဲ့ အိန္ဒိယရွာတွေလည်းရျိပါတယ်။ ဒါက လူမျိုးစုတွေထဲမှာမျ နည်းနည်းလည်းကြီး လူလည်းများ လူသိလည်းများတာတွေကို ထုတ်ပြတာပါ။ လူသိနည်းပြီး ဦးရေပါနည်းတဲ့ တချို့ သေးလွန်းတဲ့ ဘာသာစကားတူ လူ့အစု ငယ်လေးတွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ အကြောင်းအမျိုးကြောင့် ပျောက်တေင် ပျောက်ဆုံးကုန်ပါပြီ။

ဒါပေမယ့် နယ်စပ်ဒေသနေသူတွေအလျှောက် တဘက်နဲ့တဘက် အကူးအလူးအဆက်အဆံေ တွရှိကြပါတယ်။ အစိုးရအုပ်ချုပ်ရေး သိတ်လက်လှမ်းမမီတဲ့ နယ်တွေဆို သူ့ရွာကိုယ့်ရွာ ရွာလူကြီးတေ နှစ်ဘက်ညှိညှက်ပြီး အမှုအခင်းတွေပြီးပြတ်စေတာပါ။ အစိုးရတွေ၊ ဘာသာရေး၊ လူမျိုးရေးတွေသာ ဝင်မနှောင့်ရင် ဘာပြဿနာကြီးငယ်မှမရှိဘဲ အေးအေးချမ်းချမ်း ကူးလူးဆက်ဆံနေကြတာဖြစ်ပါတယ်။ ဒါက ကျနော့် ကိုယ်တွေ့ နယ်စပ်ဒေသတွေနေခဲ့တဲ့အတွေ့အကြုံနဲ့ လေ့လာထားတာလေးတွေအခြေခံပြီး ပြောတာဖြစ်ပါတယ်။

ဗမာပြည်တင်မက ကမ္ဘာအရပ်ရပ်မှာပါ လူမျိုးစိတ်ဒေသစိတ်ကြီးသူတွေ၊ ဇာတိပုညဂုဏ်မာန လုပ်တတ်သူတွေလည်း နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့ဒီလူတွေဟာ အခြေအနေအရ ငုတ်နေကြပေမယ့် အခန့်သင့်ပြီဟေ့ဆို ဘွားကနဲပေါ်လာတတ်ပါတယ်။ ကိုယ်တိုင် တုတ်ဆွဲ ဒါးဆွဲလုပ်တဲ့သူနဲ့၊ အဲ့သလို မလုပ်လုပ်အောင် သွေးထိုးလှုံ့ဆော်ပေးတဲ့သူဘဲ ကွာပါတယ်။ ပေါ်တင်လုပ်သူနဲ့ ခိုးကြောင်ခိုးဝှက်လုပ်သူဘဲ ကွာပါတယ်။ ခိုးကြောင်ခိုးဝှက်သမားတွေထဲမှာမှ အင်မတန်ကောက်ကောက်ကျစ်ကျစ် လုပ်တတ်သူတမျိုးလည်းရှိပါသေးတယ်။
ကျနော် ထိုင်းမှာနေတုန်းက ဘန်ကောက်က၊ ချင်းမိုင်ကနဲ့ တခြားနိုင်ငံတွေကနေ မဲဆောက်ကို ပြန်လာကြသူတွေနဲ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးထဲကလူတွေပါ။ အဲ့ဒီလူတွေ အတူဝိုင်းထိုင်ဆွေးနွေးငြင်းခုန် သောက်စား စကားပြောခဲ့ပါတယ်။

တကြိမ်မှာ ဥရောပဘက်ကနေ ထိုင်းကို လာလည်တဲ့ ဗမာပညာတတ်(ဗမာပညာတတ်လို့ ပြောရတာက သူက ရန်ကုန်သားပါ၊ ဘွဲ့ရပါ၊ စာလေးဘာလေးလည်းရေးပါတယ်၊ နိုင်ငံရေးထဲလည်း ထဲထဲဝင်ဝင်ပါဖူးလို့ပါ)နဲ့ဆုံပါတယ်။ စကားပြောကြရင်း သူက ထိုင်းမှာရောက်နေတဲ့ ကျုပ်တို့လူမျိုးတွေဘဝဟာ ရင်နာဖို့အလွန်ကောင်းတယ်လို့ဆိုတော့ ကျနော်က ဘဝလက်တွေ့အရ ဟုတ်နေတော့အပြည့်အဝထောက်ခံပြီး ဘယ်တတ်နိုင်မလဲဗျာ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရမကောင်းလို့မှ ဒီလိုဖြစ်ရတာကိုး၊ ကျနော်တို့လည်း အလုပ်မတူပေမယ့် ဘဝတွေက တူကြတော့ တယောက်နဲ့တယောက် တတ်နိုင်သလောက် ယိုင်းပင်းရုံသာဘဲလို့ပြောလိုက်ပါတယ်။ ဒီတော့သူက ကျနော်ပြောတာ အဲ့ဒါမဟုတ်ဘူးဗျ၊ လူစင်စစ်တွေဖြစ်ရဲ့သားနဲ့ နိုင်ငံခြားသားတွေကို တိရိစ္ဆာန်တွေလို ရွာသွင်း (ရုံသွင်းမဟုတ်ပါ)ပြစားခံနေရတဲ့ ကျုပ်တို့ ပဒေါင်လူမျိုးတွေအဖြစ်ပါ။ အတော် ရင်နာစရာဗျာ၊ ကျနော်တော့ ကြည့်ရင်း စိတ်ထဲနာကျည်းပြီး ဒေါ်သတွေထွက်လို့ အသားပါ ဆတ်ဆတ်တုန်တယ်လို့ပြောပြီး မေးကြောတွေထောင်လာပါတယ်။ ကျနော်က အပေါ်မှာပြောခဲ့သလို နယ်နိမိတ်သတ်မှတ်ချက်ကြောင့်ဖြစ်ခဲ့ရတာကို ထောက်ပြပြောပေမယ့် သူက လက်မခံပါ။ လက်မခံတဲ့အပြင် ကျနော်က လူမျိုးစုငယ်တွေရဲ့ဘဝကို မစာနာနိုင်သူ အသနားမဖက်သူ စတာတွေပါသုံးပြီး မူးမူးနဲ့ စကားလုံးတွေ ရမ်းကားပါတယ်။ ပြောတာမှ အများကြီးပါ။ ကျနော်လည်း ဆက်မပြောဖြစ်တော့ပါဘူး။ အဲ့ဒီနောက် သူနဲ့ကျနော်လည်း ခုထိ ပြန်မတွေ့ကြတော့ပါဘူး။ သူပြောတဲ့ “ကျုပ်တို့ ပဒေါင်လူမျိုး”ဆိုတာက ဗမာပြည်က ပဒေါင်တွေကို ထိုင်းတွေက ဗမာပြည်ထဲအထိသွား၊ ကိုယ်ထိလက်ရောက်ဖမ်းခေါ်လာပြီး ဒီမှာ တိုးရစ်တွေကိုပြစားရင်း ဒေါ်လာရှာနေတယ်” ဆိုတဲ့သဘောအထိ ကောက်လို့ရအောင်ကိုပြောတာ ဖြစ်ပါတယ်။

ကျနော်တွေးမိတာက လည်ပင်းမှာကြေးကွင်းတွေ စွပ်ထားတာလည်းမှန်တယ်၊ ဗမာပြည်ဘက်မှာကျန်ခဲ့တဲ့ ပဒေါင်တွေနဲ့လည်း တူတယ်။ (အများစုကတော့ ထိုင်းစကားနဲ့စာပေကို မိခင်ဘာသာစကားသဖွယ်သုံးကြပါတယ်) ပဒေါင်လည်း ပဒေါင်တွေဖြစ်ကြပေမယ့် ဒီ ပဒေါင် တွေဟာ သူပြောသလို “ကျနော်တို့လူမျိုးတွေ” မဟုတ်ပါဘူး။ ထိုင်း နိုင်ငံသားတွေပါ။ ဒါက သူ သိရမယ့် အခြေခံအကျဆုံး အချက်တချက်ပါ။

နောက်တချက်က သူပြောသလို တိုးရစ်တွေကိုပြစားတယ်ဆိုတဲ့ကိစ္စပါ။ ကမ္ဘာလှည့်ရီးသွားလုပ်ငန်းဆိုတာ နိုင်ငံခြားငွေရှာဖွေပေးတဲ့ လုပ်ငန်းကြီးဖြစ်သလို ယဉ်ကျေးမှုတွေ ဖလှယ်ရာ ကူးလူးရာ ရှာဖေစေ့ငုရာသဘောလည်းပါပါတယ်။ အပျော်အပါးလိုက်ဖို့လုပ်တဲ့ ခရီးသွား လုပ်ငန်းတွေလည်း များပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားပဒေါင်တွေကို လာကြည့်ကြတာက အပျော်အပါးလိုက်စားဖို့မဟုတ်ပါ။ မမြင်ဖူးတာလို့ လာကြည့်သူတွေကများပါတယ်။ အထူးအဆန်းဆိုတော့ ဓာတ်ပုံတွေမှတ်တမ်းတွေ အမှတ်တရရိုက်ကြမှာပါ။ ဒီအထဲမှာ လူမျိုးစုဗေဒ၊ မနုဿဗေဒဒ၊ ဘာသာစကားဗေဒ အစရှိတဲ့ နယ်ပယ်စုံက ပညာရှင်တွေ၊ ပညာတတ်တွေ၊ မှတ်တမ်းရုပ်ရှင်သမားတွေလည်း ပါပါတယ်။ ပဒေါင်လူမျိုးတွေကို လာကြည့်ြ့ကလို့ အဲ့ဒီနေရာတွေဟာ Tourist Attraction စာရင်းထဲဝင်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အခြားလုပ်ငန်းတွေပါ ဝင်ငွေရပါတယ်။ ပဒေါင်ဒေသတွေကို နိုင်ငံခြားသားတွေလာလို့ လမ်းပမ်းဆက်သွယ်ရေးပိုကောင်းအောင် လုပ်ပေးရသလို လုံခြုံရေး တရားဥပဒေစိုးမိုးရေးတွေပါ အစိုးရကတာဝန်ယူလုပ်ပေးပါတယ်။

တခါ ရွာထဲနေပြီး အကြည့်ခံ ဓာတ်ပုံအရိုက်ခံကြတဲ့ ပဒေါင်တွေကိုလည်း ခရီးသွားအေဂျင်စီတွေက သတ်မှတ်တ့နှုန်းနဲ့ပိုက်ဆံပေးချေရပါတယ်။ ဧည့်သည်တွေက သဒ္ဒါပေါက်လို့ပေးတဲ့ ငွေကြေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လက်ခံယူခွင့်ရှိပါတယ်။ အဲ့ဒီအပေါ်မှာ အခွန်မကောက်ပါ။ တချို့ ပဒေါင်ရွာတွေဆို ပွင့်လင်းရာသီရောက်ပလားဆို ခရီးသွားတွေမျှော်နေကြတာပါ။ အမျိုးသားတွေကတော့ အပြင်ထွက် အလုပ် လုပ်ကြပြုကြပေမယ့် လည်ပင်းကြေးကွင်းစွပ်ထားတဲ့ ပဒေါင်သူ ကြီးကြီးငယ်ငယ်တွေကတော့ ရွာထဲချန်နေပြီး ခရီးသည်တွေကို လည်ပင်းတဆန့်ဆန့် မျှော်နေတတ်ကြပါတယ်။ သူတို့အဖို့လည်း ဝင်ငွေဖြစ်နေတာကိုး။

နောက်တချက်က ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်တွေက ပဒေါင်တွေကို အာဏာသုံးပြီး ပြခိုင်းနေတာမဟုတ်ပါ။ ဘယ်သူကမှ အဓ္ဓမ စေခိုင်းထားတာမဟုတ်ပါ။ ပြချင်စိတ်ပေါက်လာအောင် နည်းမျိုးစုံနဲ့သိမ်းသွင်းတာတွေလည်း ရှိမှာပါ။ မပြချင်တဲ့လူ မပြလို့ရပါတယ်။ ပြတဲ့အတွက်လည်း တယောက်ချင်းအနေနဲ့ အစိုးရဆီက ဘာအခွင့်အရေးမှ ပိုမရပါ။ သူ့နိုင်ငံသားဖြစ်တဲ့အလျှောက် ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေးကိုရသလို နိုင်ငံသားတာဝန်လည်း ယူရပါတယ်။ ဆိုင်ရာနိုင်ငံကို သစ္စာခံရပါတယ်။ သဘောက ပဒေါင်တွေဟာ တိုးရစ် ဆွဲဆောင်စရာတွေဖြစ်နေပေမယ့် အာဏာသုံးပြီး အလုပ်ခံနေရတာမဟုတ်သလို ဆုပေးဒဏ်ပေးစနစ်နဲ့ ဖြစ်နေကြတာလည်းမဟုတ်ပါ။ ဆန္ဒအလျှောက်ဖြစ်သလို အိမ်နေရင်း ဝင်ငွေရတဲ့အလုပ်လည်းဖြစ်နေတာပါ။

ဒီနေရာမှာပြောစရာရှိတာက ဒါဟာ စီးပွားရေးလက္ခဏာဆောင်တဲ့ကိစ္စမို့ မသမာမှု ခေါင်းပုံဖြတ်မှုတွေကတော့ အနည်းနဲ့အများရှိမှာ မလွဲပါ။ သတ်မှတ်ထားတဲ့ ခရီးသွားလုပ်ငန်းဥပဒေနဲ့ အခြားဥပဒေတွေကို ချိုးဖေါက်တာ ထင်ရှားတွေ့တယ်ဆိုရင်တော့ အရေးယူခံရမှာပါ။ ဥပဒေဆိုတာက လက်တလုံးခြားလုပ်လို့ရသလို ဗြောင်ကျကျချိုးဖေါက်မှုတွေလည်းရှိမှာ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ယေဘုယျလား ခြွင်းချက်လားကို ကျနော်တို့ စဉ်းစားရမှာပါ။

ပြောမယ်ဆိုတခြားလည်း ပြောစရာတွေရှိပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ “ဇာတိပုညဂုဏ်မာနအလံ”ဆိုတာ ထောင်ချင်ဦးတောင် ကျိုးကြောင်းကျကျ ဆင်ခြင်တုံတရားနဲ့ညီမညီ အခြေအနေနောက်ခံဗဟုသုတ စတာတွေနဲ့ချိန်ထိုးဖို့လိုပါလိမ့်မယ်။ ဒါမှမရဘူးကွာ တရုတ်ထဲ က ကချင်တွေလည်း တို့ကချင်၊ ထိုင်းထဲက ပဒေါင်လည်း တို့ပဒေါင်၊ ဘင်္ဂလားဒေ့ရှ်ထဲက ရခိုင်လည်း တို့ရခိုင်၊ အိန္ဒိထဲက ချင်းလည်း တို့ချင်းဆိုရင်တော့ မိမိရဲ့ လူသားစိတ် နိုင်ငံသားစိတ် လူမျိုးစိတ် ဒေသစိတ်တွေကို ပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီလို့ တွေးမိပါတယ်။ မျိုးချစ်စိတ်ထက် ပြည်ချစ်စိတ်ရှိဖို့လိုတာပါ။ ပြည်ချစ်စိတ်မှာတောင်မှ ဉာဏ်နဲ့ယှဉ်မိမှ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ပါတယ်။
မျိုးမြင့်ချို
မေ ၁၃၊ ၂ဝ၁၉

Sunday, May 12, 2019

(အိမ်ရှေ့မင်း နိုဘယ်လ်နံ့ထွက်သလား) မျိုးမြင့်ချို

0 comments
(အိမ်ရှေ့မင်း နိုဘယ်လ်နံ့ထွက်သလား)
ဆော်ဒီအိမ်ရှေ့မင်းကို ရှေ့နှစ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမည်စာရင်းတင်သွင်းသင့်တယ်ဆိုတဲ့ အမေရိကန်တွေရှိနေပါတယ်။ သတင်းထဲမှာလည်းတက်ပါတယ်။ ညာဏ်ကြီးရှင်အဖွဲ့လို့ အမည်ပေးထားတဲ့ Think Tank ထဲက လူတွေဆီကပါ အသံ ရိုးတိုးရိပ်တိတ်ထွက်ပါတယ်။ ခုထိတော့ ဖျိုးတိုးဖျောက်တောက်ပါ။ သထင်းထောက်ခါရှော်ဂီ အသတ်ခံရတဲ့ကိစ္စထောက်ပြပြီး အပြင်းအထန် ပြန်ကန့်ကွက်သံတွေလည်းထွက်ပါတယ်။

အမျိုးသားကိုယ်ကျိုးစီးပွားထောင့်ကနေကြည့်ရင် ခါရှော်ဂီ့ကိစ္စဟာ ဒေါ်နယ်လ်ထရမ့်နဲ့အမေရိကန်အရင်းရှင်ကြီးတွေ ဂေါက်သီးရိုက်ရင်း မြက်ခင်းပေါ်ကပုရစ်တကောင် မတော်တဆ တက်နင်းမိတာလောက်ထက် မပိုပါ၊ အဲ့ဒီ့ထက်ကြီးမား သွေးပျက်မက်ဖွယ်ကောင်းတဲ့ ရက်စက်ကြမ်းကြုပ်မှုကြီးတွေ ကျူးလွန်နေတဲ့ အနောက်ကမ္ဘာရဲ့မဟာမိတ်တွေဟာ ခုထိ တထီးတနန်းရှိနေဆဲပါ။ သူကောင်းပြုခံမြှောက်စားခံပါ။ ဆက်ဒမ်တို့ ကဒါဖီတို့ အသုတ်သင်ခံရတာဟာ Foreign Reserve လို့ခေါ်တဲ့နိုင်ငံခြားအရန်ငွေကို အမေရိကန်ဒေါ်လာကနေ အခြားငွေကြေးတခုခုနဲ့ ရွှေနဲ့ထားဖို့ပြင်ဆင်လုပ်ဆောင်တာက အဓိကပါ။ ကျန်တာတွေက အပရိကအကြောင်းတွေပါ။ နောက်ကြောင်းပြန်တော့ ဆက်ဒမ်နဲ့ ကဒါဖီ ဒီလောက် အားကြီးလာတာကလည်း အနောက်ကမ္ဘာရဲ့နိုင်ငံခြားရေးပေါ်လစီအရ လူမွေးရာကနေ အခြေခံတာပါ။ သရဲမွေးရင်း ဆရာမနိုင်နှစ်ဆောင်ပြိုင် ဖြစ်လာတော့မှ လက်စတုံးကွပ်မျက်ရတာပါ။ အယ်လ်ကိုင်းဒါးနဲ့ အိုစမာဘင်လာဒင်သမိုင်းနှယ် မနီးရိုးစွဲပါ။

နည်းပညာနိမ့်တဲ့ပြည်တွေလောက်သာ ရေနံဟာလောင်စာ သက်သက်ဖြစ်ပေမယ့် ရေနံဟာအမေရိကန်နဲ့ စက်မှုနိုင်ငံတွေအတွက် လာင်စာဆီသက်သက်အတွက်တင်မဟုတ်ဘဲ ရေနံကထုတ်တဲ့ ဓာတုပစ္စည်းအမယ်ပေါင်းများစွာအတွက် ရေနံဟာ ကုန်ကြမ်းလည်းဖြစ်ပါတယ်။ အိုပက်လို့ခေါ်တဲ့ရေနံထုတ်ရောင်းနိုင်ငံများအဖွဲ့မျာ ဆော်ဒီ့သြဇာအလွန်ကြီးပါတယ်။ ကြီးအောင်လည်း အမေရိကန်က လက်နက်အင်အားနဲ့ဝန်းရံပေးထားတာပါ။ ရေနံကြောင့် ပြဿနာတက်မယ်ဆို ဆော်ဒီကို ကိုင်လှုပ်လိုက်ရင် ကျန်နိုင်ငံတွေ တဖြုတ်ဖြုတ်ကြွေပါတယ်။

ဆော်ဒီဟာ အရင်းရှင်ကမ္ဘာကနေ လက်နက်အများဆုံးဝယ်တဲ့ဖေါက်သည်ကြီးဖြစ်သလို အရှေ့အလယ်ပိုင်းမှာ အစ္စရေးလ်နဲ့တွဲပြီး အမွေးခံထားတဲ့ အနောက်အုပ်စုရဲ့ လက်မရွံ့လည်းဖြစ်ပါတယ်။ အနောက်ကမ္ဘာအရင်းရှင်ကြီးတွေအတွက် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ သေနင်္ဂဗျူဟာမြောက် မဟာမိတ်ဖြစ်တဲ့အပြင် သူတို့ရဲ့အရင်းအနှီးနဲ့ အမြတ်အစွန်းတွေအတွက် အစတေးခံအသေခံပေးရမယ့် စစ်သားကောင်းလည်းဖြစ်ပါတယ်။ စစ်သားအရင်းး လိုသလောက်ရနိုင်တဲ့ပြည်လည်းဖြစ်ပါတယ်။
“မတော်တဆ“ ဆော်ဒီအိမ်ရှေ့မင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့သတင်းကြားပြီး ကြက်သေ သေကြမှာစိုးလို့ ကြားရတာလေးလှမ်းပြောပြတာပါ။

တကယ်လို့ အတင်ခံရတယ်ဆိုလည်း “မတော်တဆ“တော့မဟုတ်ပါ။
အတိအကျမဟုတ်သေးတောင် ဒီလောက်လေး တစွန်းတစသိထားတော့ ဟိုသတင်းကြားတဲ့အခါ ဝူးဝါးဝူးဝါးတွေတော့ မဖြစ်ဘူးပေါ့။ Shock မရဘူးပေါ့လေ။
ကျနော်တို့ မ “အ“ ကြဖို့ပါ။
(ကျနော့်တယောက်တည်းအတွက်ကတော့ “အ“လို့ အမေရိကန်လာပြီး စကားပြန်လုပ်စားနေပါတယ်)
မျိုးမြင့်ချို
မေ၊ ၁၂၊ ၂ဝ၁၉

Saturday, May 11, 2019

(စစ်ကမှ တိုက်ရင် ရှူံးရင်ရှူံးဦးမယ်) မျိုးမြင့်ချို

0 comments

(စစ်ကမှ တိုက်ရင် ရှူံးရင်ရှူံးဦးမယ်)
ဂျော့ဘုရှ်လက်ထက်မှာ ဖောရိန်းပေါ်လစီဖိုးကပ်စ်ကို အရှေ့အလယ်ပိုင်းကနေ အာရှပစိဖိတ်ဒေသကိုရွှေ့ဖို့ စပြင်ဆင်တယ်။ အမွှာမျှော်စင်အတိုက်ခံရပြီး အကြမ်းဖက်မှုအပေါ်နွှဲတဲ့စစ်ထဲဝင်သွားပြီး ပေါ်လစီအရွေ့ဟာ အရှိန်တန့်သွားတယ်။ အိုဘားမားလက်ထက်မှာ ဒီပေါ်လစီပြန်ကိုင်တယ်။ အရှေ့အလယ်ပိုင်းက သူ့လက်ပါးစေ ၂ နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့အစ္စရေးလ်ရဲ့ လက်နက်လူသူစုဆောင်းမှုတွေကို ကိုယ့်အားကိုယ်ကိုးရေးလုပ်ဖို့ဆော်သြတယ်။ အာရှပစိဖိတ်အတွက် ဘေ့စ်လုပ်ရမယ့်နိုင်ငံအဖြစ် သြဇီကိုထားတယ်။ စစ်အင်အားတချို့ အဲ့ဒီဒေသဘက်ကို တိုးပြီးပို့တယ်။ ဒေသမှာရှိတဲ့အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အင်အားအလုံးအရင်းဖြည့်တင်းတယ်။ ရည်ရွယ်ချက်က စစ်ဖြစ်ဖို့မဟုတ်တောင် တရုတ်ကိုရန်စောင်ဖိအားပေးဖို့။ ဖြစ်ရင်လည်း ချမယ်ဆိုတဲ့သဘောမျိုး။

ထရမ့်တက်လာတော့ ဖေါရိန်းပေါ်လစီရယ်လိုပ တခုခုကို အခိုင်အမာအနေနဲ့ပြစရာမရှိဘူး။ ဆန်စင်ရာကျည်ပွေ့လိုက်တွေ ဖြစ်နေတယ်။ တခုခုကို ကောက်ကိုင်လိုက် အစမသတ်သေးဘူး နောက်တခုကောက်ကိုင်လိုက် တို့လို့တန်းလန်းနဲ့ ပြန်လွှတ်ချလိုက်တွေဖြစ်ပြီး အမေရိကန်စစ်တပ် အိနြေ္ဒမရဖြစ်လာတယ်။ ပွဲကြီးပွဲကောင်းနဲ့ အချီကြီးတပွဲမှ မစားမသောက်ရသေးတော့ အမေရိကန်အရင်းရှင်ကြီးတွေလည်း ငွေကုန်သံပြာဖြစ်လာတယ်။ လူထုဆောင်တဲ့အခွန်ငွေတွေကို စစ်စားရိတ်တွေမှ အဆမတန်တိုးသုံးလို့ တိုင်းပြည်ဝန်ပိ ဘတ်ဂျတ်လိုငွေပြတွေဘဲ အဖတ်တင်တယ်။

သူ့အရငသင်သမ္မတွေလုပ်ခဲ့တဲ့ ဖေါရိန်းပေါ်လစီဇိုးကပ်စ်ကို အရှေ့အလယ်ပိုင်းကိုပြန်ရွှေ့တယ်မပြောပေမယ့် အီရန်ကိုအသားလွတ်ရန်လုပ်ပြီး ကျည်တချက်လောက် မပေါက် ပေါက်လာအောင် သွားဆွပေးနေတယ်။ တကယ်က အိုဘားမားလက်ထက်မှာ အီရန်နဲ့လုပ်ခဲ့တဲ့ နူကလီယားဒီးလ်ကနေ(စာချုပ်ကနေ)စ နှုတ်ထွက်တာ အမေရိကန်ဖြစ်တယ်။ တခြားနိုင်ငံတွေကတော့ အင်းမလုပ်အဲမလုပ်လုပ်နေတယ်။ ခု အီရန်ဘက်က 'စာချုပ်ကို အမေရိကန်ကစဖောက်ဖျက်တာ ဒါ့ကြောင့် စာညချုပ်ပါသဘောတူညီချက်တွေကို အီရန်အနေနဲ့ လိုက်နာတော့ဖို့ မလိုတော့ဘူး'လို့ ပြောတာဖြစ်တယ်။

စစ်ကတော့ ဖြစ်ဖို့ဘက်များတယ်ထင်တာဘဲ။ နင်မဟုတ် နင့်အမေလုပ်နေတဲ့ဇာတ်လမ်းကိုး။ ဖြစ်လာရင် ဆော်ဒီနဲ့အစ္စရေးကို လက်နက်များများရောင်းပေးပြီး ဝင်ချခိုင်းမယ့်သဘောရှိတယ်။ ဟို နှစ်နိုင်ငံကလည်း ရန်စောင်နေတယ်။ ဝင်ပါမယ့်လက္ခဏာရှိတယ်။ ရုရှကတော့ အီရန်ကိုပြဿနာမရှာဖို့ပြောတယ်။ တရုတ်ကတော့ ထုံးစံအတိုင်း ခေါင်းအေးအေးထားလုပ်ကြပါ ပြေပြေလည်လည်ရှင်းကြပါ စိတ်တွေမလောကြပါနဲ့ ဘာညာပြောပေမယ့် စစ်ဖြစ်ခဲ့လို့ စစ်ပြီးသွားတာနဲ့ ဝေစုခွဲဖို့ ကတွတ်ပေါက်ဗျိုင်းစောင့်သလို စောင့်နေတယ်။ လစ်ဗျားတုန်းကလည်း လစ်ဗျားရေနံလုပ်ငန်းနဲ့ လစ်ဗျားပြန်လည်ထူထောင်ရေးကိစ္စတွေမှာ တရုတ်တွေ ဧရာမပွပေါက်တိုးသွားတယ်။ ဓမြတိုက်တဲ့အထဲ မပါပေမယ့် ဝေစုခွဲတော့ အပုံလိုက်ကြီးရသွားတယ်။ ကဒါဖီနောက်တက်လာတဲ့အစိုးရက ပေးစရာရှိ တရုတ်ကိုဘဲ ကန်ထရိုက်ချပေးတာတွေရှိတယ်။

ခုလည်း အီရန်ကိစ္စ စစ်ဖြစ်ပါစေလို့တော့ ဆုတောင်းချင်မှတောင်းနေပေမယ့် စစ်ကြီးပြီးသွားရင်ဆိုပြီး တရုတ်စီးပွားရေးသမားတေါ ခတ်ကွင်းပြင်နေလောက်ပြီ။ အမေရိကန်ကတော့ နောက်ထပ် စစ်နွံတနွံမှာနစ်ရင်း ကြွေးလည်ပင်းခိုက်ပြီး စူပါပါဝါဝဲသြဃမှာ ချာချာလည်နေမှာဘဲ။
မျိုးမြင့်ချို
မေ ၁၁ ရက်၊ ၂ဝ၁၉

Wednesday, May 8, 2019

ကုန်သွယ်ရေးစစ်စတင်ခြင်း (၁၄) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း (၁၄)
၂ဝ၁၈ နောက်ဆုံး သုံးလပတ် လည်ပြန်
ကုန်သွယ်စစ် ၁၁ မှာ လက်ရှိအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပိုဝဲနည့်း အရင် ဥက္ကဋ္ဌဟောင်းနှစ်ဦးရဲ့ စကားဝိုင်းဆွေးနွေးပွဲအကြောင်း ရေးခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန္နဝါရီ၎ရက်နေမှာ အတ္တလန်တာမှာလုပ်တဲ့ အဲသည်ဆွေးနွေးပွဲကနေ ပိုဝဲပြောခဲ့တာက ဈေးကွက်ကို စောင့်ကြည့်နေမယ်ဆိုတာပါ။ ငွေတင်းကျပ်တဲ့ (QT) နည့်းသွားနေတယ်ဆိုပေမယ့် လိုအပ်ရင်ဘဏ်တိုးနှုန်းကိုချမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ပြဿနာအစက၂ဝ၁၈ ဒီဇင်ဘာ။ ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃လပတ်မှာ အမေရိကန်စတော့ဈေးကွက် တော်တော်ကျတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေတင်းကျပ်တဲ့ပေါ်လစီနည့်း ညာလက်က မီးစတဘက်ကိုင်ထားချိန်မှာ ၂ဝ၁၉မှာ အနည်းဆုံး၂ကြိမ်တင်မယ်လို့ ဆိုထားတဲ့ဘဏ်တိုးနှုန်းကို စောင့်ကြည့်မယ်ဆိုတဲ့ (တနည်းအခြေအနေမကောင်းရင် ဘဏ်တိုး မတင်တော့ဘူးဆိုတဲ့) ရေမှုတ်တဘက်ကို ဘယ်ဘက်လက်မှာတွေ့လိုက်ရတာပါပဲ။

၂ဝ၁၉နှစ်ဦးမှာ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌတွေစုပြီး စကားဝိုင်းလုပ်တယ်ဆိုတော့ ထူးခြားတယ်လို့ မဆိုနိုင်ဘူးလားမေးရင် ထူးတယ် လို့တော့ ပြောရမှာပါ။ ဘာလို့လည်းဆိုတော့ အပေါ်မှာပြောခဲ့သလို ၂ဝဝ၈ ဘဏ္ဍာရေးဈေးကွက်ပျက်ပြီး စီးပွားရေး ဆုတ်ယုတ်မှုကြီး ဖြစ်ပြီးတဲ့အချိန်ကစကြည့်ရင် အမေရိကန်စတော့ဈေးကွက်ဟာ ၂ဝ၁၈ စတုထ္ထ၃လပတ် (Q4) မှာ အနိမ့်ဆုံးကိုဆင်းသွားလို့ ဖြစ်တယ်။ အခြေအနေတွေက ၂ဝ၁၉ ပထမ၃လပတ်မှာရှင်းသွားတာတွေ့ရတယ်။ ကမ္ဘာ့စီးပွားရေးကိုမောင်းနှင်နေတဲ့တွန်းအားဟာ အကွေး (Debt သို့မဟုတ် Credit) သက်သက် မဟုတ်တော့ဘူးဆိုတဲ့အဖြေ ဖြစ်လာတယ်။ ဒီလိုပြောဖိုဆိုတာက နည်းနည်းတော့ရှင်းဖိုလိုလာတယ်။ ဒါဆို ဘာကမောင်းနှင်တာလ။ ၃လပတ်တခုကုန်တိုင်း စီးပွားရေးနဲ့ပါတ်သက်လို့ ကောင်းဆိုးအထွေထွေကို ထုတ်ပြန်တဲ့အစီရင်ခံစာတွေရှိတယ်။ ဘာတွေထူးလို့လဲဆိုရင် လွယ်လွယ်ရတဲ့ ဝီကီပီးဒီးယား စွယ်စုံကျမ်းရဲ့လက်ခွဲတခုဖြစ်တဲ့ Investopedia ကအစီရင်ခံစာကို အနှစ်ချုပ် ကြည့်ရအောင်။

အမေရိကန်အကြောင်းက စမယ်။ အမေရိကန်မှာ စတော့တွေကျတာကြမ်းတယ်။ အမေရိကန် စတော့ဈေးကွက်ညွှန်ကိန်းဖြစ်တဲ့ S&P 500 ညွှန်ကိန်းက ၁၇% နီးပါးကျသွားတယ်။ တော်တော်ကျတယ် ပြောနိုင်တယ်။ အဓိကအချက်တွေက စီးပွားရေးအလားအလာတွေကို စိတ် မချလို့ ဖြစ်တယ်။ တရုတ်နဲ့ကုန်သွယ်စစ်ဖြစ်နေတော့ ရင်းနှီးမြုပ်နှံသူတွေဘက်ကလည်း လက်မရဲကြဘူး။ ၂ဝ၁၈ နည့်း ၂ဝ၁၉ အတွက် ဂျီဒီပီ ခန်မှန်းချက်တွေကလည်း ကျနေတယ်။ ဗဟိုဘဏ်က ၂ဝ၁၈ ဒီဇင်ဘာက အတိုးနှုန်းတချက်တင်ခဲ့တယ်။ အလုပ်သမားနဲ့ လုပ်အားဈေးကွက် (labor market) က အခြေအနေကောင်းနေလို့ဖြစ်တယ်။ အလုပ်လက်မဲ့က လက်ခံနိုင်တဲ့အနေအထားမှာ ရှိနေတယ်။ ဒါပေမယ့် အတိုးနှုန်း က တင်သာတင်လိုက်တယ်၊ လေသံက သိပ်မမာဘူး။ ခိုသံပေါက် (dovish tone လို့ သုံးကြတယ်။ ငွေကျပ်တာ မကောင်းဘူး။

ငွေချောင်ချိတာက ပိုကောင်းတယ်ဆိုတဲ့သဘော။ ငွေလွယ်လွယ်ပေါပေါ လုပ်တဲ့ပေါ်လစီ။ တနည်း QE ကို dovish သိုမဟုတ် ခိုသံထွက် တယ် လို့ပြောတယ်။ ဆန်ကျင်ဘက်က hawkish tone သိမ်းငှက်တွေ လေပေါ်မှာဝဲပီး ငွေဖောင်းပွတဲ့ အင်ဖလေးရှင်းကိုစောင့်ပြီး ထိန်းကွပ် တာကိုဆိုတယ်။ ဘဏ်တိုးတင်တာက သိမ်းငှက်ပေါ်လစီ။ ဒါပေမယ့် ပြန်ချချင်တဲ့သဘောဘက်ယိမ်းနေလို့ ခိုသံထွက်တယ်လို့ပြောတာ။ လက်ရှိဗဟိုဘဏ်ရဲ့ လေသံက ခိုသံထွက်တယ်။ Dovish ဖြစ်နေတယ်လို့ပြောနိုင်တယ်။ ကုမဏီကြီးတွေ အခြေအနေမကောင်းကြဘူး။ အထူးသဖြင့် နည်းပညာကုမဏီတွေ။ အဆိုးဆုံးက အက်ပဲ (Apple) ပေါ့။ ရှယ်ယာတွေ ကျတယ်။ စွမ်းအင်ဘက်ကို ကြည့်တော့လည်း လက်ကြီးတရုတ်ဘက်က ရေနံအဝယ်လိုက်ဖိုသိပ်မလွယ်ဘူး။ ဝယ်လိုအားနည်းရင် ဈေးကြမှာပဲ။ အားလုံးကြည့်တော့ ရေလိုမီးလိုဖုန်းလို (သုံးစွဲရေးဈေးကွက် utility market) တွေလောက်ပဲဟန်နိုင်တယ်။

အီးယူကိုကြည့်တော့ သူ့ညွှန်ကိန်းဖြစ်တဲ့ MSCI EMU (European Economic and Monetary Union) ကျတယ်။ အမေရိကန်လောက် မဆိုးပေမယ့် ၁၃% လောက်ကျတယ်။ သူတို့စိုးရိမ်တာတွေက ကုန်သွယ်စစ်ကြောင့် တက်လာတဲ့အခွန်အခတွေ၊ တရုတ်စီးပွားအတက် နှေးသွားတာတွေ၊ အင်္ဂလန်အထွက် (Brexit) အပြင် အမေရိကန်အတိုးနှုန်း တက်လာတာလည်းပါတယ်။ ယူရိုဇုန်မှာလည်း အမေရိကန်လို သုံးစွဲရေးပိုင်း (utilities) က မဆိုးဘူး၊ ထိမ်းထားနိုင်တယ်။ ကျနေတာက နည်းပညာဈေးကွက်ဖြစ်တယ်။ ကားဈေးကွက်လည်း ကျတယ်။ အားလုံးခြုံကြည့်တော့ ပြီးခဲ့တဲ့လေးနှစ်အတွင်း အဆိုးဆုံးအခြေအနေလို့ ပြောနိုင်တယ်။ ရောမကိုကြည့်တော့ ဘတ်ဂျက်ကို ၂.၄% လျာထား ရာကနေ ၂.ဝ၄% နဲ့ ထိန်းထားမယ်ဆိုပေမယ့် အီတလီဘတ်ဂျက်ပြသနာဟာ အလုံးစုံပြေလည်သေးတာတော့ မဟုတ်ဘူး။

ယူကေကိုကြည့်တော့ သူ့ FTSE (Financial Time Stock Exchange) စတော့ညွှန်ကိန်း က ၁ဝ.၂% လောက်ကျနေတယ်။ အခုအချိန်မှာ အင်္ဂလန်အထွက် (Brexit) က အချိန်ဆွဲဆန်လို့ရသွားတယ်ဆိုတာသိရပေမယ့် မနှစ်က နောက်ဆုံးကွာတားမှာတော့ အီးယူနဲ့ ဘာသဘော တူညီချက်မှမယူပဲ ထွက်ရမယ့် (No Deal)က ဖြစ်နိုင်ချေရှိနေတော့ နိုင်ငံရေးစီးပွားရေးအခြေအနေတွေက မရေမရာဖြစ်နေတယ်။ သိုပေမယ့် ဂျီဒီပီပိုင်းကကြည့်တော့ ကွာတားတခုချင်းစီမှာ နည်းနည်းချင်းတော့ တက်နေတယ်။ အာရှဘက်လှည့်ရင် ဂျပန်စတော့ဈေးကွက်က ၁၇.၆% လောက်ကျတယ်။ နစ်ဆန် အမှုဆောင်အရာရှိချုပ် ကာလို့စ်ဂိုဆင်ရဲ့အမှုဖြစ်နေပြီး ကုမဏီကနေ ထွက်လိုက်ရတယ်။ ဒါပေမယ့် ဘဏ်ပိုင်း မှာတော့ Soft Bank ရဲ့စီးပွားခွဲတခုဖြစ်တဲ့ မိုဘိုင်းလုပ်ငန်းကို အများပိုင် စလုပ်လိုက်နိုင်တယ်။ တရုတ်၊ တောင်ကိုရီးယား ထိုင်ဝမ် အားလုံးရဲ့ ပိုကုန်အသားပေးဈေးကွက်တွေ အားလုံးကျတယ်။ တရုတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့ စွမ်းအင်ပိုင်းတွေမှာ အထိအနာဆုံး ဖြစ်နေတယ်။ ရေနံဈေး နည်းနည်းကျတော့ ရေနံသွင်းတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အိန္ဒိယတွေအခြေအနေမဆိုးဘူး။ ထွန်းသစ်စ ဈေးကွက်တွေထဲမှာ မက္ကစီကိုအခြေအနေ အားအနည်းဆုံးဖြစ်တယ်။

(ဘွန်းဈေးကွက် နဲ့ အမေရိကန်ရီဆက်ရှင်း)
တကမ္ဘာလုံး ဘွန်းဈေးကွက်ကိုကြည့်တော့ အမေရိကန်ရဲ့ ၁ဝနှစ်ဘွန်းအတိုးနှုန်း (yield) က ၃.ဝ၆ ကနေ ၂.၆၈% ကို ကျသွားတယ်။ အီးယူ တခုလုံးမှာ ဝ.၄၇% ကနေ ဝ.၂၄%၊ ဘတ်ဂျက်ပြသနာတက်နေတဲ့အီတလီမှာ ၃.၁၅ ကနေ ၂.၇၄% ကိုကျတယ်။ အင်္ဂလန်မှာ ၁.၅၇ ကနေ ၁.၂၈% စသည်ဖြင့်ပေါ့။ ကော်ပိုရိတ်ဘွန်းတွေပြောရင် ရှည်ကြာသွားမယ်။ အနှစ်ချုပ်တော့ ပြီးခဲ့တဲ့ ၂ဝ၁၈ နောက်ဆုံး ၃လပတ်မှာ တကမ္ဘာလုံး ဘွန်းဈေးကွက်က အမြတ်နှုန်းတွေကျတယ်။ ၁ဝနှစ်အတွင်း အကျဆုံးလောက်ဖြစ်တယ်။ ဒီမှာတင် အမေရိကန် ၂ဝဝ၈ ကနေ နလံထနေပြီလားလို့ မေးခွန်းထုတ်နေသူတွေကော နောက်နှစ်တွေမှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု (Recession) ဝင်တော့မှာလားလို့ သံသယရှိနေသူတွေကြားမှာ အဖြေတခုကရှင်းလာတယ်။ ရီဆက်ရှင်းက ပိုဖြစ်နိုင်ခြေရှိလာတဲ့သဘောပဲ။ ဒီလောက်ဆိုရင် ၂ဝ၁၉အဝင်မှာ အမေရိကန်ဗဟိုဘဏ်ရဲ့ သဘောထား ဘာလို့ပြောင်းသွားသလဲ ရိပ်မိသလိုလိုရှိလာပါလိမ့်မယ်။ ကောင်းပြီ။ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးတခုတည်းကိုပဲ ထိန်းကျောင်းနေရတာလားဆိုတော့ သူ့မှာနောက်တခု သူ့ balance sheet (၄ ထရီလီယံကျော်တယ်လို့ဆိုတယ်) ကို ပြန်ကာအောင်လုပ်နေတာတခုရှိတယ်။ ၂ဝဝ၈ နောက်ပိုင်းပြသနာတွေကိုကုစားဖို့ QE လုပ်ခဲ့တာတွေကို ပြန်ကာမိအောင်လုပ်ရတဲ့ သဘောပါ။ အဲဒါက တလကို ဒေါ်လာဘီလီယံ ၅ဝ သူဖန်တီးထားတဲ့ငွေတွေကို ပြန်ဖျက်နေတာပါ။

၅ဝ ဘီလီယံဖျက်ဖိုမလွယ်လာတဲ့အခါ ခုလက်ရှိမှာ ဘီလီယံ ၃ဝ အထိချပြီးဖျက်တယ်။ မေလထဲမှာ ၁၅ဘီလီယံကို ထပ်ချပြီးဖျက်မှာဖြစ်တယ်။ အဲသည်နှုန်းအတိုင်းသွားပြီးရင် စက်တင်ဘာမှာ ဖျက်နေတာကို ရပ်ဖိုရှိတယ်။ ဒီလိုငွေတွေဖျက်နေတယ်ဆိုတာက FED ရဲ့အနေအထားက အသုံးများခဲ့တဲ့ သူ့ရသုံးစာရင်း (balance sheet) ကိုပြန်ထိမ်းဖို့ ကြိုးစားတဲ့သဘောပါ။ လတ်တလော အမေရိကန်ဗဟိုဘဏ်ကလုပ်နေတဲ့ အဓိကလုပ်ငန်း ၂ရပ်က သူ့balance sheet ထိမ်းဖိုငွေပြန်ဖျက်နေတာနဲ့ ဘဏ်တိုးနှုန်းတင်တဲ့ ငွေရင်းတင်းကျပ်မှုပေါ်လစီပါ။
ဒီ၂ခစလုံးဟာ အမေရိကန်စီးပွားရေး ပြန်ကောင်းလာနေတယ်လို့ယုံကြည်လို့ လုပ်နိုင်တာဖြစ်တယ်။ ဒါပေမယ့်၂ဝ၁၈ နောက်ဆုံးကွာတားမှာ စတော့ဈေးကွက်ရဲ့အခြေအနေတွေက ဒီလုပ်ရပ်တွေကို ပြန်စဉ်းစားဖိုဖြစ်လာစေတယ်။ စတော့ဈေးကွက်အပြင် ဘွန်းတိုးနှုန်း (yield) တွေကလည်း ငွေတင်းကျပ်တာကိုဝေဖန်တဲ့ ကိန်းဂဏ္ဍန်းတွေထွက်လာတယ်။ ၂ဝ၁၉ အေပယ်လဆန်းမှာ ၁ဝနှစ်ဘွန်းတွေဟာ ၃လဘွန်း တွေရဲ့ ဘွန်းတိုးနှုန်း (yield) အောက်ကိုပထမဆုံးအကြိမ်ရောက်သွားလို့ပါပဲ။

ဒီနေရာမှာ ဘွန်းတိုးတွေရဲ့သဘောကို နည်းနည်းပြောဖိုလိုလာတယ်။ ပုံမှန်မှာ ရေရှည်ရင်းနှီးမြုပ်နှံတဲ့ ဘွန်းတိုးတွေဟာ ရေတိုဘွန်းတိုးတွေ ထက် ပြန်ရမယ့်ဘွန်းတိုးငွေ ပိုသာရမှာပဲဖြစ်တယ်။ အဲသည်လို ရေရှည် ၁ဝနှစ်ဘွန်းတိုးက ရေတို ၁နှစ် ၃လ စသည်ဖြင့် ဘွန်းတိုးတွေထက် လျော့သွားတယ်ဆိုတာဟာ ရေရှည်စီးပွားရေးအလားအလာကို ရင်းနှီးမြုပ်နှံသူတွေက မယုံကြည်ကြတဲ့သဘောပဲ။ ကာလရှည်ဘွန်းတိုး တွေက ကာလတိုဘွန်းတိုးတွေထက်ကျသွားတာကို ဘွန်းဂရပ်ပြောင်းပြန် (inverted) ဖြစ်တယ်လို့ပြောကြတယ်။ တချိုလည်း ဘွန်းဂရပ် ပြားသွားတယ် (flat) လို့ပြောတယ်။ ပြားတယ်ဆိုတာက ပြောင်းပြန်လန်သွားတာမဟုတ်ပေမယ့် တက်ရမယ့်ဂရပ်မျဉ်းကပြန်ဆင်းလာတာ ဆိုတော့ ပြောင်းပြန်ဖြစ်တော့မယ်ဆိုတဲ့သဘောမှာလည်း သုံးတယ်။ ဆိုလိုတာပုံမှန်မှာ ကာလတိုကနေ ကာလရှည်ဘွန်းတိုးတွေဟာ အထက်ကိုထောင်တက်နေရမှာ ဖြစ်တယ်။ (ပုံကိုကြည့်ပါ)။

ဘွန်းတိုးတွေအကြောင်း ဘာလို့ဒီလောက်ပြောနေရသလဲဆိုတော့ ဘွန်းဂရပ်ပြောင်းပြန်ဖြစ်ရင် ၆လကနေ ၁နှစ်ခွဲအတွင်း စီးပွားရေး ဆုတ်ယုတ်မှု (recession) ဝင်မယ်ဆိုတဲ့ဖော်မြူလာ ရှိလို့ပါပဲ။ ပုံမှာပြထားတဲ့ဘွန်းတိုးမှာ အပေါ်ကိုတက်နေတယ်ဆိုပေမယ့် ၁ဝနှစ်ဘွန်း တိုးဟာ ၂နှစ်ဘွန်းတိုးထက် ၁၂ပွိုင့် (၂.၈ - ၂.၆၈ = ၁၂) ပဲသာတော့တယ်။ ဒါက ၂ဝ၁၈ နောက်ဆုံးကွာတားဖြစ်တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့က အခြေအနေ။ ဒါပေမယ့် ၂ဝ၁၉ မတ်လကုန် (အေပယ်လဆန်း) ထဲမှာ ၃လဘွန်းတိုးဟာ ၁ဝနှစ်ဘွန်းတိုးထက်မြင့်သွားတယ်။ အဲဒီတော့ ဖော်မြူလာအရ အမေရိကန် ရီဆက်ရှင်းက ၂ဝ၁၉ စက်တင်ဘာကနေ ၂ဝ၂ဝ စက်တင်ဘာအတွင်းမှာ ဝင်လာဖိုရှိနေတယ်။ တကယ် ဖြစ်တော့မှာလားဆိုတော့ ထီပေါက်ဂန်းတွက်သလိုပြောရရင် ရှေ့မှာ ဂရပ်ပြောင်းပြန်ဖြစ်လို့ ရီဆက်ရှင်း ၉ကြိမ်ဖြစ်ခဲ့ဘူးတယ်။

ဒါဆိုဘွန်းတိုးတွေ ဘာလို့ ဒီလို ကမောက်ကမဖြစ်သွားတာလဲ ဘယ်လိုအကျိုးဆက်တွေနေဖြစ်တာလဲဆိုတာ ကြည့်ဖိုလိုမယ်။
ပထမ ကာလတိုဘွန်းတွေရဲ့အတိုးနှုန်း (yield) ကိုကြည့်ရအောင်။ ၂ဝ၁၈ ဒီဇင်ဘာ ၁၉ မှာ အမေရိကန် ဗဟိုဘဏ်ကနေ ဘဏ်တိုးနှုန်း (interest rate ပြီးတော့ ဒါကို Fed fund rate လို့လည်းခေါ်တယ်) ကို ၂.၂၅% ကနေ ၂.၅% က တင်တယ်။ တခါတင်ရင် ဝ.၂၅%ပါ။ တခါတည်း ၂ဝ၁၉မှာ ၂ကြိမ် တင်မယ်။ ပြီးရင် ၂ဝ၂ဝ မှာ တကြိမ်တင်မယ်လို့လည်း လေသံပစ်ထားတယ်။ ဒီတော့ ၂ဝ၁၉အကုန်မှာ ဘဏ်တိုးနှုန်းက ၃%ကို ရောက်မှာဖြစ်ပြီး ၂ဝ၂ဝမှာ ၃.၂၅% ဖြစ်မယ်။ ပုံမှန်မှာ ၂နှစ်ဘွန်းတိုးတွေဟာ ဗဟိုဘဏ်တိုးနှုန်းရဲ့အထက် ၃၅ပွိုင့် လောက်မှာရှိတယ်။ ဒီတော့ လတ်တလော ဘဏ်တိုးနှုန်း ၂.၅%မှာ ၃၅ပွိုင့် ဝ.၃၅ ကို ပေါင်းရင် ၂.၈၅%လောက်ဟာ ၂နှစ်ဘွန်းတွေရဲ့ ဘွန်းတိုးနှုန်းပေါ့။ လက်ရှိ ၁ဝနှစ်ဘွန်းတွေက ၂.၈% ဘွန်းတိုးရှိတော့ အတူတူလောက်သွားဖြစ်နေမယ်။ ဒါဆို Fed ကဘာလို့ ဘဏ်တိုးတွေ တင်နေတာလည်းဆိုတော့ ငွေဖောင်းပွနှုန်း (အင်ဖလေးရှင်း) နဲ့ စတော့ပူပေါင်း (စတော့ဈေးတွေအရမ်းတက်မှာ) စိုးလို့လုပ်ရတာ။ ရှေမှာ ဘဏ်အတိုးနှုန်းတင်တာဟာ အလုပ်သမားဈေးကွက်က အားကောင်းနေလို့လို့ ဆိုခဲ့တယ်။ မနှစ်ကနောက်ဆုံးကွာတားမှာ အလုပ် လက်မဲ့နှုန်းက ၄%အောက်မှာရှိတယ်။ အရမ်းနိမ့်နေတယ်။ အလုပ်လက်မဲ့နည်းတာ မကောင်းဘူးလားဆိုတော့ မက်ခရိုသီအိုရီအရ အလုပ် လက်မဲ့နှုန်းက အရမ်းကျလို့မရဘူး။ ငွေဖောင်းပွနှုန်းကလည်း မရှိလို့မရဘူး။ အဲဒါတွေ လိုတာထက်ပိုနည်းနေရင် စီးပွားရေးမှာ အီနေတယ်လို့ ပြောလို့ရတယ်။ အလုပ်လက်မဲနှုန်းက ၄%လောက်ရှိရမယ်။ အင်ဖလေးရှင်းကလည်း ၂% လောက်တော့ ရှိဖိုလိုတယ်။ အလုပ်လက်မဲ့ မရှိဘူးဆိုတာ ဝင်ငွေတွေရှိနေတာ။ ငွေလည်ပတ်မှု ကောင်းနေမယ်ဆိုတဲ့သဘော။ ဒီတော့ ဖြုန်းအားကောင်းမယ်။ ရှယ်ယာတွေ အဝယ် လိုက်ရင်လိုတာထက်ပို ဈေးတက်လာမယ်။

ရေရှည်ဘွန်းတိုးတွေကျတော့ကော ဗဟိုဘဏ်ရဲ့ဘဏ်တိုးနှုန်းနဲ့ သိပ်မဆိုင်တော့ဘူး။ သူက ဒေါ်လာဝယ်လိုအား၊ ရောင်းလိုအားနဲ့ ရေရှည်မှာ ရှိတဲ့ဒေါ်လာရင်းထားလို့ ရမယ့်အမြတ်အပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ဆိုင်တယ်။ ၂ခုစလုံးချုပ်ကြည့်ရင် ဒေါ်လာ ဘယ်လောက်မာနိုင် မလဲဆိုတာကို ချိန်ဆကြတာ။ တနည်း နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုးကိုယုံကြည်နေရသေးရင် ရေရှည်ဘွန်းတိုးတွေကမြင့်တာပဲ။ ဒီတော့ ရောင်းလိုအားဘက်ကိုကြည့်တော့ ငွေတင်းကျပ်ထားတဲ့ပေါ်လစီဆိုတော့ ဒေါ်လာအထွက် သိပ်မများဘူး။ ဝယ်လိုအားဘက်ကိုကြည့်တော့ အစိုးရက ဘယ်လောက်ယူသုံးမလဲ (Government spending)ဲ့ နိုင်ငံခြားကနေ ဒေါ်လာဘယ်လောက်ဝယ်စုမလဲ (foreign countries purchase US bonds) ဆိုတာ နဲ့ ကုန်သွယ်ရေးစတာတွေကို ကြည့်ရတယ်။ တကယ်တန်း ဝယ်လိုအားရောင်းလိုအားနဲ့သာကြည့်ရင် ဒေါ်လာရဲ့ ရေရှည်အနေအထားက ကောင်းရမှာ။ ဒါပေမယ့်ဈေးကျနေတယ်။ ဘယ်အပေါ်မှာမူတည်နေသလဲဆိုတော့ လူတွေက ရှေ့အလား အလာတွေကို အကောင်းဘက်ကမြင် မထားကြဘူး။ အကြောင်းရင်းတွေကလည်း ရှိတယ်။ ကုန်သွယ်စစ်က အရှိန်မြင့်လာနိုင်တယ်။ အမေရိကန်အစိုးရဟာ သိပ်မကြာသေးခင်က အစိုးရအုပ်ချုပ်ရေးယန္တရား ယာယီရပ်ဆိုင်း (Government shutdown) ထားရတယ်။ အမေရိကန်သမ္မတ ထရမ့် ရွေးကောက်ပွဲကာလ အရှုပ်တော်ပုံတွေကနေ တရားစွဲဆိုခံရကောင်းခံရနိုင်တယ်။ တကမ္ဘာလုံး စီးပွားရေးနှေးကွေး မှုတွေကြုံတွေ့နေရတယ်။

(မော်ဒန်ငွေကြေးသီအိုရီဆိုတာဘာလဲ)
၂ဝ၁၉ ခုပထမ၃လပတ်မှာ အမေရိကန်နည့်းအတူ တကမ္ဘာလုံးဈေးကွက်တွေပြန်ကောင်း လာခဲ့တယ်။ ရေနံဈေးကွက်လည်း တက်လာတယ်။ လောလောဆယ် အမေရိကန်ရဲ့ ငွေကြေးပေါ်လစီကို ဗဟိုဘဏ်ကပဲစီမံနေပြီး ဗဟိုဘဏ်ကလုပ်နေတဲ့ ဘဏ်တိုးနှုန်းတင်တာနဲ့ တင်းကျပ်တဲ့ ငွေကြေးပေါ်လစီအသုံးပြုနေတဲ့ အခြေအနေတွေနဲ့ သမ္မတက ဝင်ရောက်စွက်ဖက်လိုမရတဲ့အနေအထားကို မေလ ၁ရက်နေ ကမ္ဘာ့အလုပ် သမားနေမှာရေးထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့တွစ်၂ခုက ဖော်ပြနေတယ် (ပုံမှာဖော်ပြထားတယ်)။ ထရမ့်ရေးခဲ့တာကတရုတ်က ဈေးကွက်ထဲ ငွေမောင်းသွင်း (stimulus) နေတဲ့တချိန်တည်းမှာ ဘဏ်တိုးနှုန်းကိုချနေတယ်။ အမေရိကန်ဗဟိုဘဏ်ကတော့ ငွေဖောင်းပွနှုန်းကျနေ တာတောင် ဘဏ်တိုးတင်၊ ငွေတင်းကျပ်တဲ့ပေါ်လစီနဲ့ သွားနေတယ်။ ဘဏ်တိုးချပြီး ငွေချောင်ချိတဲ့ QE ကိုသာပြန်သွားမယ်ဆိုရင် ခုချိန်မှာ အမေရိကန်စီးပွားရေးဟာ ဒုံးပျံပစ်လိုက်သလို တက်သွားမယ်။ ဘဏ်တိုးလျော့တော့ နိုင်ငံမှာတင်နေတဲ့ကြွေးတွေလည်း လျော့တာပေါ့တဲ့ (နိုင်ငံခြားက အမေရိကန် အစိုးရဘွန်းတွေကို အတိုးနှုန်းအမြင့်နဲ့ ဝယ်ထားတော့ အတိုးပိုတက်နေတဲ့သဘောကို ပြောချင်တာ။ နောက်တခုက ဘဏ်တိုးကို အနုတ်ထွက်တဲ့အထိ စမ်းသပ်ထားတဲ့ ဂျပန်မှာ အစိုးရအကြွေးကို အတိုင်းအတာတခုအထိ ချလိုက်နိုင်တယ်ဆိုတာ ရှေ့မှာ ရေးခဲ့တယ်။ ထရမ့်ပြောတာ အဲသည်သဘောနဲ့လည်း ဆက်စပ်နေတယ်)

ထရမ့်ရဲ့ တွစ်ပေါ်ကိုအခြေခံပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပိုဝဲက ငွေဖောင်းပွနှုန်းမဖြစ်တာ ရေရှည်ဖြစ်မယ်ဆိုရင်တော့ ပေါ်လစီကိုပြန်သုံး သပ်သွားမယ်လို့ ဆိုတယ်။ ဒီမှာ သူသုံးခဲ့တဲ့စကားလုံးဖြစ်တဲ့ ငွေဖောင်းပွနှုန်းက ခနပဲ (transitory) ဖြစ်နိုင်ချေရှိတယ်ဆိုတယ်။ ဒီစကားက ငွေကြေးဈေးကွက်ရဲ့ အကိုးအကားပြုစရာ စကားလုံးဖြစ်သွားတယ်။ ဆိုလိုတာ လောလောဆယ် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းမချသေးဘူး ဆိုတဲ့သဘောပဲ။ ပိုဝဲ ဒီလိုပြောပြီးတာနဲ့ ဈေးကွက်ထဲမှာ ဘွန်းတိုးတွေကျတယ်။ ဒေါ်လာမာလာတယ်။ စတော့တေအမြန်ရောင်းထုတ် ပစ်ကြတယ်။ ထရမ့်ကတော့ ဘဏ်တိုးကို ၁% ချဖို့နဲ့ QE ပြန်စဖိုတိုက်တွန်းနေတယ်။
အမေရိကန်မှာ အစိုးရနဲ့ဗဟိုဘဏ်ကြား သဘောထား မတိုက်ဆိုင်နေချိန်မှာ လက်ရှိငွေကြေးပေါ်လစီဖြစ်တဲ့ QEို့  QT တို့နဲ့ ဘဏ်တိုးနှုန်း တွေ ဘွန်းတိုးတွေနည့်း အစိုးရအသုံးတွေကြားမှာ တိုင်းပြည်ရဲ့အကျပ်အတညတွေကို ဖြေရှင်းရခက်လာတဲ့အတွက် နောင်မှာ ခေတ်သစ် ငွေကြေးပေါ်လစီ (MMT – Modern Monetary Theory) ဟာ မဖြစ်မနေဝင်ရောက်လာတော့မှာဖြစ်တယ်လို့ လက်ရှိကမ္ဘာ့အကြီးဆုံး ဟက်ခ်ျဖန် (Hedge Fund) ရဲ့ စီအီးအို ဒယ်လီယို က ခုရက်ပိုင်းအတွင်း ဝေဖန်လိုက်တယ်။ ခေတ်သစ်ငွေကြေးပေါ်လစီဟာ အစိတ်အပိုင်း တခုမှာ ငွေကြေးပေါ်လစီ (monetary policy)ကို ဘဏ္ဍာရေးပေါ်လစီ(fiscal policy)ဲ့တွဲပြီးကိုင်တွယ်ဖိုလို့ဆိုတဲ့အတွက် ဗဟိုဘဏ်တခု တည်းကနေ ချုပ်ကိုင်ထားနိုင်မှာမဟုတ်တော့ပဲ အစိုးရပိုင်း အထူးသဖြင့် ကွန်ဂရက် (လွှတ်တော်ပိုင်း) တနည်းပြောရရင် နိုင်ငံရေးသမားတွေ ဘက်က ငွေကြေးပေါ်လစီကို စွက်ဖက်ခွင့်ရလာမှာဖြစ်လို့ မကြိုက်သူတွေရှိနေသလို၊ ဗဟိုဘဏ်တခုတည်းကကီးစိုးထားတဲ့ ငွေကြေးပေါ်လစီ မှာ အစိုးရနဲ့ဗဟိုဘဏ် (ထရမ့်နဲ့ပေါ်ဝဲ) ခုလိုတိုက်ဆိုင်မှုမရှိတဲ့အခါ တဘက်က နိုင်ငံရေးအားပြိုင်မှုတွေပါတဲ့ တရုတ်နဲ့ကုန်သွယ်စစ်လိုမျိုးမှာ စီးပွားရေးသက်သက်အမြင်နဲ့ပဲ ကြည့်ကစားနေရတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေတယ်။ ကမ္ဘာတတိယအချမ်းသာဆုံး စတော့ဈေးကွက် ရင်းနှီးမြုပ်နှံသူ ဂုရုကြီးဖြစ်တဲ့ ဝါရင်ဘတ်ဖတ်နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပိုဝဲ တိုက ခေတ်သစ်ငွေကြေးသဘောတရားသစ် ဖြစ်နိုင်ခြေကို ဝေဖန်ချက် အပြီးချက်ခြင်း ကန်ကွက်ခဲ့ကြတယ်။

အမေရိကန်မှာ စတော့ဈေးကွက်အတက်အကျ၊ အမေရိကန်အစိုးရက အီရန်ရဲ့ရေနံကို နိုင်ငံတချို့ကို ဝယ်ခွင့်ပေးထားတဲ့အချိန်ကုန်ဆုံးချိန်မှာ သက်တမ်း ထပ်မတိုးတဲ့အတွက် ကမ္ဘာ့ရေနံဈေးအတက်၊ ၄၉နှစ်အတွင်း အမေရိကန် အလုပ်လက်မဲ့နှုန်းအနိမ့်ဆုံးကို ကျလာတဲ့အတွက် ဖြစ်နိုင်ခြေရှိလာတဲ့ ငွေကြေးဖောင်းပွမှု (inflation after full swing employment)၊ ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေကို ခေတ္တတန့်ထားတာ (အတင်အချမရှိ လုပ်ထားတာ)၊ ထရမ့်ရွေကောက်ပွဲအတွင်း ရုရှားနဲ့အဆက်အသွယ် လုပ်မလုပ် အစီရင်ခံထွက်လာတဲ့အပေါ် စီစစ်တာတွေနဲ့ အတူ နောက်ဆုံး ဘွန်းဂရပ်ပြောင်းပြန်ဖြစ်လာခဲ့တာတွေအတွက် စီးပွားရေးကျဆင်း ဆုတ်ယုတ်မှုဖြစ်နိုင်ခြေတွေကို ဘဏ်သမားတွေ၊ ပေါ်လစီမိတ်ကာတွေ၊ ဝေါလမ်းမက စီးပွားရေးသမားတွေက မျက်ခြေမပြတ် စောင့်ကြည့်နေကြရတယ်။ ကျနော်တိုအစဉ်အလာ နားလည် ထားတဲ့ ဝင်ငွေကနေစုဆောင်းထားပြီး ပိုလျှံမှုကိုရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ (income – saving – investment and capital) အရင်းသဘော တရားဟာ ၂၁ရာစုမဝင်ခင်ကတည်းက ပြီးဆုံးသွားပြီးဖြစ်တယ်။ ငွေရဲ့ဖန်တီးပုံအပြောင်း၊ အရင်းသဘောတရားမှာ ချေးငွေဝင်ရောက်လာမှုနြ့ စီးပွားရေးကိုကြွေးမြီနဲ့ မောင်းနှင်ရတဲ့ခေတ်သစ်အရင်းစနစ်ဟာ အကျပ်အတည်းတွေဝင်လာပြီး သီအိုရီအသစ်ကို မျှော်လင့်လာရချိန်လည်း ဖြစ်တယ်။

ဒီလို ဒီမိုကရေစီကမ္ဘာ အကျပ်အတည်းတွေ့နေချိန်မှာ ချမ်းသာတာဂုဏ်သရေရှိတယ်လို့ဆိုတဲ့ တိန်ရှောင်ဖိန်ရဲ့မျိုးဆက်သစ်တွေဟာ တရုတ်ကံအင်လက္ခဏာနဲ့ ညီညွတ်တဲ့ဆိုရှယ်လစ်စနစ်ဆိုပြီး အရင်းစနစ်ကို ဖုံသုတ် ဆေးနည်းနည်းဖြန်းပြီး ကွန်မြူနစ်ပါတီဦးဆောင်မှု အောက်ကနေမောင်းနှင်နေတဲ့ တရုတ်စီးပွားရေး ခရီးကြမ်း ခရီးဆန်းဟာလည်း အခက်အခဲတွေကြားက အတော်အတန်ပြည့်စုံ အရွယ်ရောက် ရှင်သန်လာခဲ့ပြီး ကမ္ဘာဒုတိယစီးပွားအင်အားကြီးနိုင်ငံအဖြစ်ကို ရောက်ရှိနေပြီဖြစ်တယ်။ ကုန်သွယ်စစ်ရဲ့ အမေရိကန် ကုန်သွယ်ရေး အကြံ ပေးနဲ့ ကိုယ်စားလှယ် ရောဘတ်လစ်သီဇာ (Robert Lighthizer)ဲ့ ဘဏ္ဍာရေးဝန်ကြီး စတိဗ်မနုချင် (Steve Mnuchin) တို့နဲ့ ကုန်သွယ်စစ် အတွက် ရှီကျင်းပင် အာဏာကုန်နီးပါးလွှဲအပ်ထားတဲ့ တရုတ်ဒုတိယဝန်ကြီးချုပ်တိုဟာ ဝါရှင်တန်မှာဆွေးနွေးပွဲတွေ တောက်လျှောက်လုပ်လာ ခဲ့ပြီး ခုမေလထဲမှာ ထိပ်သီးချင်းတွေ့ဆုံပွဲလုပ်ဖိုရည်ရွယ်ထားကြတယ်။ မနှစ်ဒီဇင်ဘာ၁ရက်နေကတည်းက ဒေါ်လာဘီလီယံ၃၆ဝ နဲ့ ရှေ့ဆက် မတိုး နောက်မဆုတ်ဖြစ်နေတဲ့ ကုန်သွယ်ခွန်တွေဟာ ဒီလထဲမှာ သဘောတူညီချက် တစုံတခုရပြီး ဇွန်လမှာ လက်မှတ်ထိုးဖိုဆိုတာက လက်ရှိ အကြမ်းလျာထားချက်ဖြစ်တယ်။

(တရုတ်နဂါးပတ်လမ်းအစည်းအဝေးက ရှီကျင်းပင်ရဲ့သတင်းစကား)
ကုန်သွယ်စစ်အတွက် အပြီးသတ်အနေအထားတွေကို ဘယ်လိုဆက်ရမလဲချိန်ဆလို့မရနိုင်သေးခင်မှာ တရုတ်ဟာ သူ့ရဲ့နဂါးပတ်လမ်း အတွက် ဒုတိယအကြိမ် ဘီဂျင်းမှာဆွေးနွေးပွဲလုပ်ပြီး ဘယ်သူတွေ ဘယ်လောက်အာရုံစိုက်နေသလဲဆိုတာ လေ့လာကြည့်ခဲ့ပုံရတယ်။ ၂ဝ၁၇ ပထမအကြိမ် နဂါးပတ်လမ်းအစ အစည်းအဝေးမှာထက် တိုတောင်းတဲ့ မိန်ခွန်းကို ရှီကျင်းပင်ကပြောခဲ့တယ်။ ဒီမိန်ခွန်းဟာ ထရမ့်က ရှီကျင်းပင် အိမ်ဖြူတော်ကို မကြာခင်လာဖိုရှိတယ်ဆိုတဲ့ ဝါရှင်တန်သတင်းအပြီးနဲ့ ချိန်ကိုက်ထွက်လာတာလည်း ဖြစ်တယ်။ သူ့မိန်ခွန်းက အဓိကကျတဲ့အချက်တချို့ကို ခုလိုတွေ့ရမယ်။

၁။ ယွမ်ငွေကိုတန်ဖိုးမချဘူး (ငွေတန်ဖိုးချပြီး ကုန်သွယ်ရေး အသာစီးရယူမှုမလုပ်ဘူး)
၂။ ကုန်သွယ်စစ်လို့ဖော်ပြမသွားပေမယ့် တရုတ်ဟာသဘောတူညီချက်တွေကို လေးစားလိုက်နာသွားမှာဖြစ်တယ် (ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ တရုတ်ကဆွေးနွေးပွဲအတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖိုတုန်ဆိုင်းနေတယ်ဆိုတဲ့ဝေဖန်ချက်ကိုဖြေရှင်းထားတာ)
၃။ နည်းပညာပစ္စည်း ပိုင်ဆိုင်မှုအခွင့်အရေးနဲ့ တန်ဖိုးတွေကို လေးစားလိုက်နာမယ် (တရုတ်တွေက အနောက်ကုမဏီတွေကနေ နည်းပညာ တွေကူးယူနေတာကိုဖြေရှင်းတယ်)
၎။ ဈေးကွက်ဖွင့်ထားတဲ့စီးပွားရေးကို ပိုအားကောင်းလာအောင်လုပ်မယ် (တရုတ်ဈေးကွက်ကိုဝင်ရတာ နိုင်ငံတကာကို တရုတ်ဝင်နေတာ လောက် မလွယ်ဘူးဆိုတာကို ပြန်ပြောတယ်)
၅။ နဂါးပတ်လမ်းဟာ တရုတ်တနိုင်ငံတည်းအတွက် မဟုတ်ဘူး (အားလုံးအပြန်အလှန်အကျိုးရှိဖိုလို့ဆိုတယ်)
၆။ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုနဲ့ ပိုလိုက်လျောညီထွေဖြစ်မယ့် ပရောဂျက်နဲ့ ရင်းနှီးမှုတွေကို ကုန်သွယ်မှုတွေကိုလုပ်မယ် (more green elements)
နဂါးပတ်လမ်းဆိုပေမယ့် တရုတ်သမ္မတရဲ့ အဓိကသတင်းစကား ၆ခုထဲက အပေါ်၎ခုဟာ ကုန်သွယ်စစ်နဲ့ပဲ ဆက်စပ်နေပြီး နံပါတ် ၅နဲ့၆ ကသာ သူဖိတ်ကြားတဲ့ဆွေးနွေးပွဲနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ပြောနိုင်တယ်။ နံပါတ် ၆ ဟာ (ယေဘူယျအားဖြင့်) မြစ်ဆုံနဲ့ ဆက်စပ် စဉ်းစားလို့ရနိုင်တဲ့ သတင်းစကားဖြစ်ပြီး ကုန်သွယ်ရေးစစ်ရဲ့သက်ရောက်မှုဟာ နဂါးပတ်လမ်းပေါ်မှာ တရုတ်ပြန်လည် စီစစ်နေရာယူနေတယ် ဆိုတာကို ဖော်ပြနေတယ်။ လျာထားချက်နဲ့ တကယ်လက်တွေ့ဖြစ်နိုင်ခြေတွေ သဲကွဲလာတာနဲ့တပြိုင်နက်တည်းမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မလေးရှားကို တစုံတရာအလိုက်ပေးပြီး ပြန်ထိမ်းထားခဲ့တယ်။ မဟာသီယာကို နောက်ဆုံးနေဓါတ်ပုံရိုက်တဲ့အချိန်မှာ ရှေဆုံးတန်း မှာ ထဲ့သွင်းထားခဲ့ပြီး (ဒေါ်အောင်ဆန်းစုကြည် ဒုတိယတန်းမှာရှိနေပြီး စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းက တတိယတန်းမှာရှိနေတယ်) ရုရှားပူတင်ဟာ ရှီကျင်းပင်ရဲ့ညာဘက်မှာ ရပ်နေတာကိုတွေ့ရတယ်။ G7 ကအီတလီဝန်ကြီးချုပ်တဦးတည်း တက်ရောက်လာပြီး အိန္ဒိယက မလာတဲ့အတွက် အိန္ဒိယနဲ့ဆက်စပ်နေတဲ့ နဂါးပတ်လမ်းထဲက စင်္ကြန်လမ်း (Corridor) တခုကို ချန်လှပ်ထားခဲ့ပြီဖြစ်တယ်။

ကုန်သွယ်ရေးစစ်ဟာ မတည်ငြိမ်တဲ့စီးပွားရေး ငွေကြေးပေါ်လစီတွေကို ပြောင်းလဲဖိုဖိအားပေးနေသလို ပထဝီနိုင်ငံရေးမှာလည်း ဇတ်လမ်း အသစ်တွေကို ဖန်တီးဖိုဖြစ်စေခဲ့တယ်။

စစ်တိုက်ချင်ရင် ငွေဘယ်လောက်ရှိသလဲ အရင်တွက်ပါဆိုတဲ့ ဆွန်ဇရဲ့အမှာစကားကို တရုတ်တွေက တခြားသူတွေထက် ပိုနားလည် လိမ့်မယ်လိုယူဆရတယ်။ မေနဲ့ဇွန် မိုးဦးမှာဖြစ်မယ့် စီးပွားရေးနိုင်ငံရေး အလှည့်အပြောင်းတွေကိုကြည့်ရင် တရုတ်ဟာ သူ့အိတ်ကပ်ထဲက ငွေကို ကုန်သွယ်စစ်ထဲသွန်ချပြီး ရှေ့ဆက်တိုးမလား၊ အမေရိကန်ကိုအချိုသတ်ပြီး နဂါးပတ်လမ်းကို အတိုင်းအတာတခုအထိ တွန်းလုပ် သွားမလား ပိုမိုပေါ်လွင်လာပါလိမ့်မယ်။ ဒုတိယအချက်ဟာ ပိုလို့ဖြစ်နိုင်ခြေရှိနေတယ်လို့ ရှီကျင်းပင်ရဲ့မိန်ခွန်းက ဖော်ပြနေတာကို တွေ့ရမှာဖြစ်တယ်။
(ဆက်လက်ဖော်ပြပါမည်)

(စစ်ပူအောင်ဆူတဲ့ပြည်) မျိုးမြင့်ချို

0 comments

(စစ်ပူအောင်ဆူတဲ့ပြည်)
ပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ဗင်နီဇွဲလားနဲ့မြောက်ကိုးရီးယားကိစ္စမှာ ထရမ့်ပရိယယ်ပြောင်းတယ်။ အမေရိကန်မီဒီယာတွေမှာ ဗင်နီဇွဲလားအရေးကို ပြန်ဖျော့ထားပြီး အီရန်ကို ရန်စွယ်ငေါငေါလုပ်လာတယ်။ ထရမ့်ပ်က လေယဉ်တင်သင်္ဘော၊ တိုက်သင်္ဘေ၊ တိုက်လေယဉ်တွေ၊ ဘီ ၅၂ ဗုံးကြဲလေယဉ်တွေနဲ့ပါ အင်အားပြအနီးကပ်ရန်စနေတယ်။ ဆွပေးနေတယ်။ အီရန်ကစပြီး သေနတ်တချက်လောက် ပေါက် မထွက် ထွက်အောင်လုပ်နေတယ်။ တချက်ပေါက်တာနဲ့ တို့အမေရိကန်ကိုတိုက်ပြီဆိုပြီး ဆော်ဒီနဲ့အစ္စရေးလ်ကပါ ဝင်ကြုံးမယ့်သဘောပြင်နေကြတယ်။ အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းရောင်းပြီး ကုန်သွယ်ရေးလိုငွေပြတာ ဘတ်ဂျတ်အကြီးအကျယ်လိုငွေပြတာတွေကို ပြန်ထေမိမလားကြိုးစားနေတာ ထင်ရှားလာတယ်။ 
 
အရင်းရှင်နယ်ချဲ့စနစ်ထုံးစံအတိုင်း သယံဇာတနဲ့ သဘာဝအရင်းအမြစ်(လောင်စာ ဓာတ်သတ္တု)ကြွယ်ဝတဲ့နိုင်ငံတွေကို ချဲ့ထွင်သိမ်းပိုက်ပြီး ကုန်ကြမ်းယူမယ် ကုန်ချောပြန်ရောင်းမယ်။ ရောင်းတဲ့နည်းမှာ အသာတကြည်ဝယ်ရင်ဝယ်(အစိုးရတွေ ပေါ်လစီပြောင်းပြီး ဈေးကွက်ဖွင့်ပေး) မဝယ်ရင် စစ်တိုက်ပြီးအတင်းရောင်းမယ်။ တဘက်မှာလည်း တရုတ်နဲ့ ဖြစ်နေတဲ့ကုန်သွယ်ရေးပြဿနာက မပြီးပြတ်သေးဘူး။ ဆီးရီးယားကိစ္စ ယီမင်ကိစ္စတွေကလည်း တိုးလို့တန်းလန်းကြီး။ တူရကီကို ရန်သွားဆောင်နေတာလည်း တကျက်ကျက်ပဲ။ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ အမြန်ဆုံးအဖြေမထွက်ရင်(အဖြေထွက်တယ်ဆိုတာက သူလိုချင်တာတွေအကုန်လိုက်လျောရမှာ) ၁ဝ ရက်နေ့ကစပြီး တရုတ်သွင်းကုန်တွေအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ခြိမ်းခြောက်စကားကလည်း ကျွံနေတယ်။ 
 
ထရမ့်ပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ဆိုင်တဲ့ အခွန်ပြန်အမ်းငွေ အထောက်အထားတွေတင်ပြဖို့ အောက်လွှတ်တော်ကတောင်းဆိုထားလည်း သူ့အစိုးရဘဏ္ဏာရေးဝန်ကြီးက မပြနိုင်ဘူးလို့ မျက်နှာပြောင်တိုက်ပြီး ငြင်းလို့ အရှက်တကွဲတွေဖြစ်နေတယ်။ ငွေကြေးစာရင်းလိမ် အခွန်ကိစ္စစာရင်းဖျောက်တာတွေ ပေါ်ကုန်မှာစိုးနေတယ်။ ရွေးကောက်ပွဲကို ရုရှားဝင်နှောက် မနှောက်ကိစ္စ ရောဘတ်မူလာရဲ့ အထူးစုံစမ်းရေးအစီရင်ခံစာကို လွှတ်တော်ကိုမူရင်းအတိုင်းမတင်ပြဘဲ နိုင်ငံတော်ရှေ့နေချုပ်ကို ဝီလီယမ်ဘားက ဖြတ်ညှပ်ကပ်သုံးသပ်ချက်ဘဲပေးလို့ လွှတ်တော်နဲ့အစိုးရ အဖုအထစ်ကြီးနေတယ်။ အောက်လွှတ်တော်က နိုင်ငံတော်ရှေ့နေချုပ်ကို လွှတ်တော်ရှေ့မှောက် လာရောက်အစစ်အဆေးခံဖြေကြားဖို့ ဆင့်ခေါ်တာကိုလည်း မလာခဲ့ဘူး။ ပြည်တွင်း နိုင်ငံရေးမှာ ထရမ့်အစိုးရသိက္ခာ အဖတ်ဆယ်မရအောင်ကျနေတယ်။ စီးပွားရေးကလည်း တနေ့ရွှေတနေ့ငွေ။ ဒ်ီတော့ ထုံးစံအတိုင်း အရင်းရှင်ကြီးတွေအတွက် နိုင်ငံခြားကိုစစ်တပ်လွှတ်ပြီး ဈေးကွက်ရှာတယ်။ 
 
စစ်ပူအောင်လုပ်ပြီး လူတွေကို အာရုံပြောင်းအောင်လုပ်နေတယ်။ နိုင်ငံခြားရေးပေါ်လစီပြဿတွေကို ပြည်တွင်းရေးပြဿနာတွေနဲ့ မွှေနှောက်ပြီး တိုင်းပြည် စိတ်ခြောက်ခြားအောင်လုပ်နေတယ်။
မျိုးမြင့်ချို
မေ ၈၊ ၂ဝ၁၉

(အာတိတ်ဒေသနဲ့ Star Wars) မျိုးမြင့်ချို

0 comments

(အာတိတ်ဒေသနဲ့ Star Wars)
အမေရိကန် ဆိုဗီယက်စစ်အေးကာလတုန်းက ဆိုဗီယက်ကိုချတာတွေထဲမှာ Star Wars ဆိုတာလည်း ဗျူဟာတခုအနေနဲ့ပါပါတယ်။ ဆိုဗီယက်ပြိုကျသွားပြီးတော့မှ အဲ့ဒါကြီးဟာ ဘာကြီးမှန်းပေါ်လာတော့ လူတွေပြုံးကြရယ်ကြ ဟားတိုက် ပြက်ရယ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဆိုဗီယက်ကို ထိုးနှက်တဲ့နေရာမှာတော့ အတော်ထိရောက်ခဲ့တဲ့လက်နက်တခုပါ။ အာကာသကိုစီးမိကြဖို့ အပြိုင်ကြိုးစားကြရင်း အသည်းအသန်ချဲ့ထွင်ကြရင်း ဆိုဗီယက်ဘက်က ဒီ Star Wars အတွက် ငွေကုန်ကြေးကျအတော်များခဲ့ရတာပါ။

ခု အမေရိကန်(ဒေါ်နယ်ထရမ့်) ပြန်ဝဋ်လည်တယ်လို့ပြောရမလားမသိပါ။ တရုတ်က လကမ္ဘာရဲ့အမှောင်ဘက်ခြမ်းကိုယဉ်ဆင်းပြလိုက်တာ၊ လပေါ်လူလွှတ်ဖို့ ပြင်ဆင်နေတာ၊ လပေါ်အခြေစိုက် သုတေသနနဲ့ဓာတ်ခွဲခန်းဆောက်ဖို့ပြင်ဆင်တာတွေကြည့်ပြီး ထရမ့်ပ်က အားကျမခံ အမေရိကန်လေတပ်မှာ Space Force ဆိုပြီး အာကာသတပ်ဖွဲ့ ဖွဲ့ရမယ်တို့ အင်္ဂါဂြိုကိုလူလွှတ်မယ်တို့တွေ ဖြစ်လာပါတယ်။

တခါ တရုတ်က ခါးပတ်တကွင်းလမ်းတစင်းဆိုလုပ်ချလိုက်ပြီး ကမ္ဘာ့နိုင်ငံအများအပြားနဲ့ချိတ်ဆက်စီးပွားရေးလုပ်လာတော့ အမေရိကန်က ဒါကြီး ဖြစ်မလာအောင် ဖြစ်လာခဲ့ရင်တောင် တရုတ်တွေထင်သလောက်အကျိုးအမြတ်မဖြစ်အောင် အတော်လေးငွေကုန်ကြေးကျခံပြီး လိုက်ဖျက်နေရတဲ့သဘောဖြစ်နေပါတယ်။ အဲ့ဒီထဲဝင်မပါဖို့ နိုင်ငံတချို့ကို ဖဲ့စည်းရုံးရတာ လက်ချည်းပဲတော့မရပါ။ အရင်ကလောက် လက်မဖွာနိုင်အားပေမယ့် ကျသလောက်တော့ ကျပေးရပါတယ်။

တခါ တရုတ်နဲ့ရုရှားက ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် အာတိတ်ဒေသက ပင်လယ်ရေခဲတွေပျော်ပြီး နွေးလာတာကြောင့် လမ်းတွေဖေါက်(ရေကြောင်း ကုန်းကြောင်း) စီးပွားရေးချဲ့ထွင်ဖို့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ အခြေစိုက်စခန်းတွေ(ခုထိတော့ စစ်ရေးအခြေစိုက်စခန်းမပါသေး)ဖွင့်ဖို့ အားထုတ်လာတော့ အမေရိကန်က အာတိတ် ၈ နိုင်ငံ (Norway, Sweden, Finland, Russia, the United States (Alaska), Canada (Yukon, Northwest Territories, and Nunavut), Denmark (Greenland), and Iceland (where it passes through the small offshore island of Grímsey) အစည်းအဝေးတက်ပြီး ကျားစီးဖားစီးတွေပြော အိနြေ္ဒမရတွေဖြစ်လာပါတယ်။ ပြောတဲ့အထဲမှာ အမေရိကန်က အာတိတ်ဒေသမှာ စစ်ရေးချဲ့ထွင်မယ် ရေတပ်တွေချမယ် သင်္ဘောတွေပြန်လည်မွမ်းမံနေတယ် အာတိတ် ၈ နိုင်ငံဆိုင်ရာ အမေရိကန်ရေတပ်အကြီးအကဲရာထူးတခုတီထွင်ပြီးခန့်မယ်ဆိုတာတွေအထိ ပါပါတယ်။ တရုတ်နဲ့ရုရှကတော့ နိုင်ငံတွေအားလုံးအကျိုးအမြတ်ဖြစ်စေဖို့ ပူးပေါင်းလုပ်ကြတာပေါ့ဆိုပြီး လေအေးအေးပဲ တုံ့ပြန်တာတွေရပါသေးတယ်။

ဟွာဝေးဖုန်းတို့၊ 5G၊ Artificial Intelligence (AI)တို့ကိစ္စတွေမှာလည်း အလားတူပါဘဲ။ တကယ့်ကို ကမူးရှူးထိုးတွေဖြစ်နေတာပါ။ အဲ့ဒါတွေကို တန်ပြန်ဖို့ ကျနော်တို့ဆောင်နေရတဲ့အခွန်ငွေတွေ သောက်သောက်လဲသုံးနေတာပါ။

ခုတလောဖတ်မိတဲ့ အာတိတ်ဒေသအရေး အမေရိကန်ပြာယာခပ်နေတဲ့သတင်းတွေ အတော့်ကိုတက်နေပါတယ်။ Star Wars ဝဋ်ပြန်လည်လားလို့တောင် တွေးချင်စရာပါ။
မျိုးမြင့်ချို
မေ၊ ၇၊ ၂ဝ၁၉

(လူလေး ခွေးခန့်ဖို့ဆိုရင်) မျိုးမြင့်ချို

0 comments

(လူလေး ခွေးခန့်ဖို့ဆိုရင်)
ဗမာပြည်လိုနိုင်ငံမှာ ခွေးလေခွေးလွင့်ပြဿနာကို ဗြိတိန်လို အမေရိကန်လို နော်ဝေလိုတွေရှင်းဖို့ စဉ်းစားတာကိုက လွဲနေတာ။ အဲ့ဒီနိုင်ငံတွေက စံတွေကိုဗမာပြည်မှာချသုံးရမှာလိုလို ပြောနေတာကိုက ချော်နေတာ။ ခွေးဂေဟာတွေဆောက် ဝန်ထမ်းတွေခန့် ရေဖိုးမီးဖိုး အစာဖိုး ဆေးဖိုး မသာစားရိတ် အစစအရာရာ အကုန်ခံပြီးလုပ်နေရအောင် လိုလို့လား။ လုပ်ရမယ့်တိုင်းပြည်လား။ တိုင်းသူပြည်သား အခွန်ထမ်းတွေဆောင်ထားတဲ့ငွေကို စစ်တပ်၊ အစိုးရ၊ ရဲတပ်တွေက ကပ်ပါးတွေအဖြစ် စားသုံးဇိမ်ယစ်နေရုံမက ဒီ ခွေးလေခွေးလွင့်ကိစ္စမှာ ထပ်သုံးမယ်ဆိုတော့ ကပ်ပါးတွေက များသထက်များလာတာပေါ့။ ခွေးလေခွေးလွင့်ပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်သင့်တယ်။ အပြတ် ရှင်းပစ်စေချင်တယ်။ 
 
အဆိပ်လုံးလည်းမချချင်ဘူး၊ လူမြင်ကွင်းမှာ မသတ်ချင်ဘူးဆို မေ့ဆေးသေနတ်နဲ့ပစ်ဖမ်းပြီး လူကွယ်ရာမှာ သုတ်သင်ပစ်ဖို့စီမံသင့်တယ်။ ဒီနေရာမှာ တိုင်းပြည်မျက်နှာ လူထုမျက်နှာကလွဲပြီး ဘာချစ်သူညာချစ်သူတွေကို ဘာမှထောက်ထားနေစရာမလိုဘူး။ ဒီလောက်တောင် ချစ်လှချည်ရဲ့ဆိုရင် မေ့ဆေးသေနတ်ဖိုး၊ မေ့ဆေးဖိုး၊ ခွေးဖမ်းခ၊ သတ်ပေးခတွေ တတ်နိုင်သလောက်ထည့်ဝင်ကြဖို့ လုပ်ပေါ့။ တိရိစ္ဆာန်အခွင့်အရေးပြောနေရအောင် လူ့အခွင့်အရေးတောင် လူတိုင်း တန်းတူရည်မျှ ခံစားခွင့်ရှိနေကြလို့လား။ လူတိုင်း ဒီမိုကရေစီရနေကြလို့လား။ လူတောင် ဘာမှမပြည့်စုံရတဲ့ကြားတဲ့ ခွေးအခွင့်အရေးပြပြီး ခွေးနဲ့လုပ်စားနေတဲ့လူမျိုးတွေလည်း အများကြီးပါ။ လူထုအတွက် တိုင်းပြည်အတွက် အကျိုးယုတ်ကဲ့ကိစ္စမျိုးတွေကို ကိုင်တွယ်တဲ့အခါ အဲ့သလို လုပ်စားနေသူတွေမျက်နှာကို ဘာမှထောက်ထားငဲ့ကွက်နေစရာမလိုဘူး။ အာဏာကို ပြတ်ပြတ်သားသားတိတိကျကျသုံးပါ။ ဒီမိုကရေစီလို့ ချော်လဲရောထိုင်အော်နေမယ့်အစား ရထားတဲ့အာဏာကို ပိုင်ပိုင်နိုင်နိုင်သုံးပါ။ 
 
ဒီကိစ္စမျိုးမှာ အာဏာရှင်ဆန်ဆန်လုပ်ဖို့ လိုအပ်ပါတယ်။ မလုပ်ရင် လူတင်မက ခွေးကပါ မခန့်လေးစားလုပ်လာမှာပါ။ လူမလေး ခွေးမခန့်အဖြစ်ခံရတာတော့ မမြင်လိုပါ။ (တောက် နောက်ဆုံးတော့ ကျနော်ပါ မနေနိုင်မထိုင်နိုင် ခွေးစကားပြောရပြီ)
မျိုးမြင့်ချို
မေ၊ ၈၊ ၂ဝ၁၈

(ထောင်ဆိုတာ ဆန္ဒပြလို့ရတဲ့နေရာမဟုတ်ဘူး) မျိုးမြင့်ချို

0 comments
(ထောင်ဆိုတာ ဆန္ဒပြလို့ရတဲ့နေရာမဟုတ်ဘူး)

ထောင်တို့စစ်တပ်တို့ဆိုတာ ဆန္ဒပြလို့ရတဲ့နေရာတွေမဟုတ်ဘူး၊ ထောင်မှာလုပ်ရင် ထောင်ဆူတာ ထောင်ထတာဖြစ်သလို တပ်မှာလုပ်ရင် အာဏာဖီဆန်မှု တပ်တွင်းပုန်ကန်မှုဖြစ်တယ်။ အကြီးအသေးနဲ့ သက်ရောက်မှုဘယ်လောက် မရှိပဲကွာတယ်။ ဗမာပြည်လို ကျီးမမြောက်ကြက်မမည် ဒီမိုကရေစီမပြောနဲ့ ဒီမိုကရေစီ့ဘိုးအေနိုင်ငံကြီးတွေမှာတောင် ထောင်ထဲလာ ရုတ်ရုတ် ရုတ်ရုတ်လုပ်လို့ အေအေးလူလူထိန်းမရင် ပစ်သတ်ပစ်ရတယ်။ တပ်ထဲလာ ဆူဆူပူပူလုပ်ရင် တပ်ထိန်းလောက် တပ်ရဲလောက်နဲ့ကိုင်ရတယ်။ ကိုင်မရရင် စစ်ပုဒ်မအမျိုးမျိုးတပ်ပြီး အာဏာဖီဆန်မှု တပ်တွင်းပုန်ကန်မှု ပုဒ်မတွေတပ်ပြီး အပြတ်ရှင်းထုတ်ရတယ်။ တပ်တွင်းဒီမိုကရေစီဆိုတာရှိပေမယ့် ဆန္ဒပြလို့တော့မရဘူး။ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးရှိပေမယ့်ထောင်ထလို့တော့မရဘူး။

စစ်တပ်တို့ထောင်တို့ဆိုတာ အစိုးရအဆောက်အအုံကြီးရဲ့ ဖိနှိပ်ရေးကိရိယာတွေဘဲ။ အဲ့ဒါတွေနဲ့ လူတန်းစားတခုက လူတန်းစားတခုကို ဖိနှိပ်ထားတာဘဲ။ အဲ့ဒါကြီးတွေကို မနိုင်ရင် အစိုးရအာဏာယိုင်တာဘဲ။ လူထုအုံကြွရင် အရင်ဆုံးထောင်ကိုစီးပြီး ထောင်ဖွင့်ပစ်ရတာပဲ။ တပ်ကပါလာရင် အစိုးရ အာဏာလက်လွတ်ရတာဘဲ။ ဆိုတော့ ထောင်တို့တပ်တို့ကို အစိုးရက နိုင်အောင်ကိုင်ရတယ်။

ခုဗမာပြည်မှာဖြစ်နေတာက အစိုးရက တပ်ကို အမိန့်မပေးနိုင်ဘူး။ တပ်က တပ်ကို ကိုင်ပြီး အစိုးရကိုဖုတ်လေတဲ့ငါးပိလုပ်ထားတယ်။ တပ်ကို မနိုင်တဲ့အစိုးရ ဒါဆို ထောင်ကိုရောလို့မေးကြည့် ထောင်ကိုလည်း နိုင်နိုင်နင်းနင်း မရှိပြန်ဘူး။ ခု သမ္မတအခွင့်အာဏာသုံးပြီး ပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ ၁ နဲ့ ရာဇဝတ်သားတွေကို တသုတ်ပြီးတသုတ်လွှတ်တယ်။ နိုင်ငံရေးအမှုက ပါလေဟန်ဘဲ။ ရာဇဝတ်မှုထဲမှာမှ အမှုခြင်းအတူတူ(ဥပမော ဆေးမှု ဆေးမှုချင်းအတူတူ)နံမည်ရှိလူသိများတွေပါ လွတ်တဲ့အထဲပါပြီး မပါသူတွေမပါဘူး။

လွှတ်ပေးမယ့်အကျဉ်းသားကို ဘယ်လိုစံသတ်မှတ်ချက် စည်းကမ်းချက်တွေနဲ့ကိုက်ညီမှဆိုတဲ့ စိစစ်မှုကို ပီပီပြင်ပြင်ရှိထားပုံမပေါ်ဘူး။ ရှိတယ်ဆိုရင် အမိန့် ကြေငြာချက်လည်းထုတ် တပြိုင်တည်းမှာ စည်းမျဉ်းစည်းကမ်းကိုလည်း ဆိုင်ရာဌာနတွေကနေတဆင့် အကျဉ်းထောင်တွေထဲအထိ ကြိုတင်ရှင်းလင်းပြထားရမှယ်။ အဲ့ဒီ စိစစ်မှုအရအကြုံးဝင်သူကိုသာလွှတ်၊ မဝင်သူထားခဲ့ရုံပဲ။ အဲ့သလို စနစ်တကျပြင်ဆင်ပြီးလုပ်ရဲ့နဲ့မှ ထောင်ထလာ ထောင်ဆူလာလို့ကတော့ ပစ်သာသတ်ပစ်လိုက် ဘာမှမဖြစ်ဘူး။ အာဏာဆိုတာ ဥပဒေနဲ့ပြဌာန်းပြီးရင် တည်အောင်လုပ်ရတယ်။ တည်အောင်လုပ်တဲ့နေရာမှာ ခတ်ကြမ်းကြမ်းကိုင်မှရတယ်ဆို ခတ်ကြမ်းကြမ်းကိုင်ရတာဘဲ။ ဒါ အာဏာရဲ့သဘောဘဲ။

ခု သမ္မတဦးဝင်းမြင့်အစိုးရလုပ်နေပုံက လွှတ်လိုက်။ မကျေနပ်လို့ ထောင်သားတွေက ထဆူလိုက်၊ ထပ်လွှတ်လိုက်၊ ထပ်ဆူလိုက် ထပ်လွှတ်လိုက်နဲ့ ပြန်ပေးရွေးငွေပေးနေရတဲ့ ဓားဆာခံလိုဖြစ်နေတယ်။
အရင်းစစ်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို သစ္စာစောင့်သိထားမှုကြောင့်ဘဲ။ ဒါ့ကြောင့်ဘဲ အစိုးရအမိန်နာခံရမယ့်စစ်တပ်ကို ပြန်ပူဇော်ပသနေရတဲ့အဖြစ်ဘဲ။ 

စစ်တပ်ပြဌာန်းထားတဲ့ဥပဒေတွေနာခံနေရပြီး တိုင်းပြည်မှာ တရားမျှတမှုရော ဥပဒေရော ဘာစိုးမိုးမှုမျရှိအောင်လု မပ်နိုင်တဲ့အစိုးရဖြစ်လာတယ်။ ဒီတော့ လူတွေစိတ်ထဲမှာ စစ်တပ်ကတောင် မကြောက်တဲ့အစိုးရ၊ တို့ကရော ဘာသောက်ရေး လုပ်နေစရာလိုက်လို့လို့ အတွေးဝင်တာဘဲ။
ဘယ်တရားဥပဒေမှ အားကိုးလို့မရ ဘာဥပဒေမှမစိုးမိုး ဘာမျှတမှုမျမရှိတော့တဲ့အခါကျတော့ လူတွေက တရားဥပဒေကို မလေးစားဘူး အားမကိုးဘူး။ ငွေများ တရားနိုင်ဖြစ်နေတဲ့အတူ မထူးဘူးကွာဆိုပြီး ထစ်ကနဲရှိ ထိုးကြိတ်ရိုက်နှက်သတ်ဖြတ်ရင်း အတင့်ရဲရဲ လက်ရဲဇက်ရဲတွေဖြစ်ကုန်ကြတာဘဲ အဲ့သလိုနဲ့ ရာဇဝတ်မှုတွေထူပြောပြီး ထောင်ထဲလူမဆန့်တွေဖြစ်လာတာဘဲ။ လူတွေ ဆင်းရဲတွင်းနက်လာတာကလည်း အဓိကအချက်ထဲပါတယ်။

ဒီတော့ ထောင်လူလျှော့ချင်တယ်။ ဒီတော့ သမ္မတအခွင့်အာဏာနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့လွှတ်ပေးတယ်။ လွှတ်ပေးတော့လည်း အပေါ်မှာပြောခဲ့သလို စိစစ်တဲ့စံ စည်းမျဉ်းအတိအကျရှိပုံမရဘူး။ ရှိခဲ့တယ်ဆိုတော့ ဆိုင်ရာဌာနတွေကတဆင့် အကျဉ်းသားတွေ ကြိုတင်ရှင်းပြထားပုံမပေါ်ဘူး။ ဒီတော့ ထောင်သားတွေမကျေနပ်ဘူး။ ထောင်ဆူတယ်။ ထောင်ထတယ်။
ဒါကို မီဒီယာတွေ(အထူးသဖြင့်အစိုးရပိုင်နဲ့ အစိုးရနဲနီးစပ်)က ထောင်ဆူတယ် ထောင်ထတယ်လို့ မပြောဘဲ ထောင်ထဲမှာအကျဉ်းသားတွေဆန္ဒပြတယ်ဆိုပြီး ကူဖုံးဖိ ဖာထေးတယ်။ အလိမ်ပေါ် အညာဆင့်လာတယ်။ အဲ့သလို မီဒီယာတွေကို အာဘော်တွေကို လူတွေ ပို စက်ဆုပ်ရွံ့ရှာလာတယ်။
ပြန်ချုပ်ရရင် ထောင်ဆိုတာ ဆန္ဒပြလို့ရတဲ့နေရာမဟုတ်ဘူး။ ထောင်မဆူအောင် စည်းစနစ်ကျကျပြင်ဆင်မှုတွေလုပ်ပြီးမှ လွတ်ငြိမ်းချမ်းသာဖြစ်ဖြစ် လွတ်ငြိမ်းသက်သာဖြစ်ဖြစ်ပေးရမယ်။ အရေးအကြီးဆုံးအချက် တရားမှုနဲ့ မျှတမှုကိုအခြေခံရမယ်။

(မှတ်ချက်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသားအဖြစ်အသိအမှတ်ပြုခံရဖို့၊ ရပိုင်ခွင့်တွေရဖို့ ထောင်တွင်းတိုက်ပွဲတွေတိုက်ခဲ့ရတာတွေနဲ့ ခုပြောနေတဲ့ ထောင်တွင်းဆန္ဒပြမှုဆိုတာနဲ့က ဘာမှမဆိုင်ပါ)
မျိုးမြင့်ချို
မေ ၈၊ ၂ဝ၁၉
Top of Form

Tuesday, May 7, 2019

ဗမာပြည် ကွန်မြူနစ်ပါတီနှင့် မင်းလတ်ရဲခေါင် (ရဲဘော်ဘဝင်း)

0 comments
ဗမာပြည် ကွန်မြူနစ်ပါတီနှင့် မင်းလတ်ရဲခေါင် ရဲဘော်ဘဝင်း, အရေးတော်ပုံဂျာနယ်
BurmaDemocracy, 4 May 2019
ရဲဘော်ဘဝင်း (ရဲဘော်ထွန်းမှ ရဲဘော်ဘဝင်း နာမည်နဲ့ ရေးထားခြင်း ဖြစ်ပါသည်။)
• မင်းလတ်ရဲခေါင်အကြောင်း အကျဉ်းချုပ်
သူနဲ့ မရင်းနှီးပါ။ သူ့အနုပညာ စာတွေလည်း မဖတ်ဖူးပါ။ ဒါပေမဲ့ ၁၉၆၉ ကနေ သူကွယ်လွန်တဲ့ (၁၉၇၆ လို့ထင်တယ်) အထိကာလပိုင်းမှာတော့ တော်တော်ကလေး ပတ်သက်ခဲ့ဖူးတယ်။ သူနဲ့ ပီကင်းမှာ အတူနေခဲ့ဖူးတဲ့ ရှမ်းရဲဘော် လင်မယားဆီက သူ့အကြောင်းကို ကြားထားတယ်။ ရှမ်းစကားကို သူတို့သင်ပေး တာ လပိုင်းအတွင်း ကျွမ်းကျွမ်းကျင်ကျင် တတ်သွားကြောင်း၊ ရှမ်းစာလည်း တတ်သွားကြောင်း၊ သူတို့နဲ့ အတူ ရှမ်းစာကို လက်တင် အက္ခရာနဲ့ ပြုပြင်ဖို့ လုပ်ကြကြောင်း စတာတွေ သိထားရတယ်။
တခြားရဲဘော်တွေ ဆီကလည်း သူ ဗမာပြည်ရဲ့ မြေပေါ်နင်းမိတဲ့အခါ ပထမဆုံး လုပ်တာဟာ လေးဘက်ထောက်ပြီး မြေ ကြီးကို အကြာကြီး ကုန်းနမ်းတဲ့ အကြောင်း၊ မျက်ရည်တွေ လည်း ကျနေကြောင်း သိရတယ်။
နောက်တော့ လူချင်း ခဏတဖြုတ် ကြုံတယ်။ သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ "စာပညာရှင်" ဖြစ်ကြောင်း၊ ‘စာပေ’ မဟုတ်ကြောင်း၊ ‘ပေ’ဆိုတာက ရှေးခေတ်က စာ ဖြစ်လို့ သူက စိတ်မဝင်စားကြောင်း၊ ‘စာ’ကိုပဲ စိတ်ဝင်စားကြောင်း၊ တဆင့်မြှင့်ဖို့ ကြိုးစားတဲ့ အကြောင်းတွေ အများကြီးပြော ပါတယ်။ နားထောင်တာပဲ လုပ်လိုက်ပြီး ဘာမှ မှတ်ချက် မပေးလိုက်ပါ။
သူက ကချင်စကား ကောင်းကောင်းတတ်နေပြီး ကချင်စာမြှင့်တင်ရေးကို လုပ်နေကြောင်း နောက်တော့ ကြားရတယ်။ ဘာသာစကား တခုကို သင်ယူတာမှာတော့ အလွန်ထူးချွန် တာ သေချာပါတယ်။
နောက်ပိုင်းမှာ သူနဲ့ မကြုံတော့ပါ။ တခါမှာတော့ သူ့ကို နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ခပ်လှမ်းလှမ်းက တွေ့လိုက်ရလို့ မုတ်ဆိတ်ရိတ် ဂျုတ်နဲ့ ဓားတွေ ဝယ်သွားပြီး တကူးတက သွားပေးမိတယ်။
အဲဒီကျတော့မှ သူက သူဟာ အခု ‘စာပညာရှင်’ မလုပ် တော့ဘူး။ ‘သဘောတရားရေး ပညာရှင်’ လုပ်နေကြောင်း ပြောပါတယ်။ ‘လီနင်ဝါဒ’ကို တိုးချဲ့ပြီး ‘မင်းလတ်ရဲခေါင် ဝါဒ’ကို ရေးနေကြောင်း အများကြီး ပြောပါတယ်။ သဘောတရား ပညာရှင်ဖြစ်လို့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ပါးမုန်းမွေးတွေ တမင်မွေးထားတာ ဖြစ်ကြောင်း ပြောပါတယ်။
တနေကုန် သူ ရှင်းပြတာတွေကို ချုပ်လိုက်ရင်
+ သူက မော်စကို၊ ပီကင်းမှာ သဘောတရားရေး လေ့လာခဲ့သူမဟုတ်လို့ ဟိုက ရိုက်သွင်းတဲ့ သဘောတရားတွေ သူ့မှာ မရှိဘူး။
+ သူက လီနင်လိုပဲ အရှေ့ဥရောပတခွင် လှည့်လည်ပြီး လေ့လာခဲ့ရသူ ဖြစ်တယ်။ လီနင်လျှောက်ခဲ့တဲ့လမ်း၊ လီနင် နင်းခဲ့တဲ့ ကျောက်တုံးတွေကို နင်းလျှောက်ရင်း လီနင်ဝါဒကို တိုးချဲ့တဲ့ ‘မင်းလတ်ရဲခေါင်ဝါဒ’ကို သူ ရရှိခဲ့တာ ဖြစ်တယ်။
+ ခင်ဗျားတို့က တောထဲတောင်ထဲမှာ နေရတော့ ဘယ်လိုမှ သဘောတရားကို ကြံဆချိန် မရှိဘူး။ တောထဲတောင်ထဲမှာ မာ့က်စ်ဝါဒ-လီနင်ဝါဒ တိုးချဲ့ဖို့ အခွင့်အလမ်း မရှိဘူး။
+ သူ့ရဲ့ ‘မင်းလတ်ရဲခေါင်ဝါဒ’ ကျမ်းစာအုပ်ကြီး ရေးပြီးရင် ပါတီဗဟိုသို့ ပို့လိုက်မယ် - ဆိုတာတွေပဲ။
သူ့ရောဂါ မသေးဘူးဆိုတာ သိရပြီးနောက်မှာ သူ့စာအုပ်ကြီး ရောက်လာတယ်။ တော်တော် ထူတယ်။ စာမျက်နှာ ရာချီ ရှိတယ်။ ‘သူ့ဝါဒ’ ကို ချုပ်လိုက်ရင် တကမ္ဘာလုံးရှိ လူမျိုးတိုင်း ခွဲထွက်ကြ။
ဗမာပြည်မှာလည်း ခွဲထွက်ကြ။ လူဦးရေအနည်းအများ၊ နယ်မြေအကျယ်အဝန်း ဘာမှ ကန့်သတ်မထားနဲ့။ တကမ္ဘာလုံးမှာ တိုင်းပြည်ပေါင်း ထောင်သောင်းချီပြီး ရှိပေစေ။ အဲသလိုပဲ ဗမာပြည်မှာလည်း တိုင်းပြည်လေးတွေ ပေါ်လာပေ့စေ၊ ပြီးမှ ဆန္ဒအလျောက် ပေါင်းစည်းကြဖို့ ‘မင်းလတ်ရဲခေါင် ဝါဒ’ နဲ့ စည်းရုံးရမယ်။ 
စည်းရုံးလို့ ရသူတွေကိုစုပေါင်းပြီး “ဧရာလွင်” (ဧရာဝတီ+ သံလွင်) ပြည်ထောင်စု’ တည်ထောင်ဖို့ပဲ။
ဒါကို သူက ကျမ်းတစောင်လို ရေးထားတာပါ။ ပါတီဗဟိုက လှည့်ဖတ်တယ်။ ခေါ်ပြီး ဆွေးနွေးဖို့ စီစဉ်တယ်။
အဲဒီကာလမှာပဲ သူက တရုတ်ပြည်မှာ ‘လင်ပြောင်ဝေဖန်ရေး၊ ကွန်ဖြူးရှပ် ဝေဖန်ရေး’ လုပ်သလို ‘ဗသိန်းတင် ဝေဖန်ရေး’ ‘ဗကပ ဝေဖန်ရေး’ ပိုစတာတွေ ရေးပြီး ဈေးထဲမှာ လိုက်ကပ်တယ်။
ဒါကြောင့် ဗဟိုက အမြန်ပဲ ခေါ်ပြီး ဆွေးနွေးရတယ်။ သူ ပြောတာရဲ့ အချုပ်က -
+ ‘မင်းလတ်ရဲခေါင် ဝါဒ’ကို ပါတီက လက်ခံရင် ‘ဗသိန်းတင် ဝါဒ’ ဆိုပြီး ထုတ်ပြန်ဖို့ သူလက်ခံနိုင်တယ်။ သူ့နာမည် မပါလည်းရတယ်။ 
+ လက်မခံရင် သူက ပါတီထဲက ထွက်ပြီး သူ့ဝါဒကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်မှာပဲ။ ပိုစတာတွေ ကပ်မှာပဲ။
BIA ကို အားကျပြီး SSA , KIA လုပ်နေသူတွေကို အားပေးမှာပဲ။ (ဗမာနီ၊ ဗမာဖြူတိုက်နေတဲ့ ‘ဗမာ့အခက်’ကို ‘ရှမ်း၊ ကချင်အချက်’ ဆိုပြီး SSA, KIA က လုပ်နေကြချိန် ဖြစ်တယ်။ ရှမ်းနဲ့ မတိုက်ရပေ မယ့် ကချင်နဲ့ တိုက်နေရချိန် ဖြစ်တယ်။)
သူ့တောင်းဆိုချက်ကို (ဗဟို)က ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါကြောင့် သူ့ကို “ကာလတခု အနားယူပြီး တကမ္ဘာလုံးကအခြေအနေကို လေ့လာပါ။ အာဖရိက၊ လက်တင်အမေရိက၊ အာရှက အခြေအနေတွေ လေ့လာဖို့ စီစဉ်ပေးမယ်”လို့ ဗဟိုက ပြောတော့ သူက ပွဲကြမ်းလာတယ်။ 
သခင်ဗသိန်းတင်ကို လက်ညှိုးထိုးပြီး “ခင်ဗျားက ထားဝယ် လူမိုက်၊ ကျုပ်က လမ်းမတော် ဖိုးတုတ်ရဲ့တူ၊ ရန်ကုန်လူမိုက်။ အမိုက်ပြိုင်ကြမယ် ဆိုပြီး အစည်းအဝေး ခန်းထဲကနေ ဆောင့်ကြီးအောင့်ကြီး ထွက်သွားတယ်။
ပိုစတာတိုက်ပွဲက ဈေးထဲမှာပဲ မကတော့ဘဲ နေရာတကာမှာ လုပ်လာတယ်။ သူနဲ့ခင်တဲ့ ကချင် ရဲဘော် တွေကတောင် သူ့ကို ရှောင်ကြတယ်။ KIA ဆီကို သွားဖို့ ဘယ်သူ့ကိုမှ မြှူဆွယ်လို့ မရ ဖြစ်လာတယ်။ နောက်ဆုံးတော့ ပိုစတာတိုက်ပွဲ ဆင်လည်း ဘယ်သူမှ ဗမာစာ မတတ်တဲ့၊ ကချင်စာမတတ် တဲ့ ‘၀’မြောက်ကို ပို့ထားရတယ်။ အကျဉ်းချုပ်လည်း မဟုတ်၊ အကျယ်ချုပ်လည်း မဟုတ် လွတ်လွတ်လပ်လပ် ထားတာပဲ၊
ဒါကို ချက်ကောင်းယူပြီး သူက အကျဉ်းချထားတဲ့ ကချင်သုံ့ပန်းတယောက်ကို စည်းရုံးပြီး ထောင်ဖောက်ပြေးဖို့ စီစဉ် တယ်။ ပြေးကြတယ်။ ဒါပေမဲ့ သူက ဒီတခါတော့ ‘၀’ စကား သင်မထားမိလို့၊ ၀နယ်ထဲက လွတ်အောင် မပြေးနိုင်ဘဲ တဝဲလည်လည် ဖြစ်နေလို့ ထောင်စောင့်တွေက လိုက်လံပစ်ခတ် ဖမ်းဆီးတာကြောင့် သေသွားတာပဲ။
ဘယ်ရက်၊ ဘယ်လ၊ ဘယ်နှစ်ဆိုတာကို မှတ်မထားလို့ အတိအကျ မရေးနိုင်ပါဘူး။
• သူ့အကြောင်းကို ဘာ့ကြောင့် ရေးရသလဲ
NLD က ရွေးကောက်ပွဲ သပိတ်မှောက်တော့ ဂျာနယ်တခုက
ရဲဘော်ဌေးတို့ တစု စစ်အစိုးရကို အာခံလို့ ဇာတ်သိမ်းမကောင်း ကြောင်းကို ဆက်တိုက်ရေးတယ်။ လွန်ခဲ့တဲ့ နှစ် ‘၄၀’ ကျော်၊ ‘၅၀’ကျော်က ဓာတ်ပုံတွေ ဖောဖောသီသီ သုံးတယ်။
အဓိပ္ပာယ်က ရှင်းတယ်။ စစ်အာဏာကို အာခံရင် ဇာတ်သိမ်းမကောင်းဘူး - ဆိုတာ NLD ကို စောင်းမြောင်း ခြိမ်းခြောက် တာပဲ။ ဒါက ရွေးကောက်ပွဲ မတိုင်မီက ခြိမ်းခြောက်တဲ့ နည်း။ 
အခု ရွေးကောက်ပွဲပြီးတော့ ရဲဘော်ဌေးတို့အကြောင်း မရေးတော့ဘူး။ အရှေ့မြောက်က အကြောင်းကို လှည့်လာတယ်။ ‘
'ထို့ကြောင့် ဤသို့’ အစုကို ပွဲထုတ်ဖို့ ပြင်လာတယ်။
‘ထို့ကြောင့် ဤသို့’ အစုက အရှေ့မြောက်မှာ ကျင်လည်ခဲ့သူတွေပဲ။ အရင်းလဲလို့ အဖျား ထင်း ဖြစ်ရသူတွေပဲ။ ဖြုတ်ထုတ်သတ်ကို မကြုံဖူးကြဘူး။ မင်းလတ်ရဲခေါင် နဲ့လည်း မတွေ့ လိုက်ကြရဘူး။ ရဲဘော်ဌေးတို့အကြောင်း ရေးတုန်းက အဲဒီဂျာနယ်က မင်းလတ်ရဲခေါင် ‘ဖြုတ်ထုတ်သတ်’ ခံရသလိုလို ဘာလိုလို ဝေ့လည်လည် ရေးတာတွေ့ရတယ်။ ဒါကြောင့် အဖြစ်မှန်က ဘာဆိုတာကို သိစေချင်လို့ ရေးတာပဲ။
ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ‘ဗကပ’ ရဲ့ ရယ်ဒီကယ် (ပြတ်သားတဲ့) လမ်းစဉ် တစခန်း ထလာမှာကို ကြောက်လို့၊ NLDနဲ့ ဒီမိုကရေစီ အင်အားစုတွေ ‘ရယ်ဒီကယ်လမ်းစဉ်’ကို မလိုက်မိစေဖို့ ဘေးဆီးရန်ကာ သဘော လုပ်လာနေလို့ ရေးတာပါပဲ။
ကွယ်လွန်သွားသူ (ဘာမှ ပြန်ပြီး ဖြေရှင်းချက် မပေးနိုင်သူ) ကို ဖိထောင်းတဲ့ အလုပ်က အောက်တန်းကျတယ်။ ရွံစရာ ကောင်းတယ်။ ဒီလိုအလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ် ပါဘူး။
မင်းလတ်ရဲခေါင်ဟာ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်တတ်သူ မဟုတ်တာကိုတော့ အထက်မှာ ရေးခဲ့တာ ကြည့်ခြင်းအားဖြင့် ရှင်းပါတယ်။
‘စာ ပညာရှင်’ လုပ်နေတုန်းက သူနဲ့ အလွတ်သဘောတော့ ဆွေးနွေးဖူးတယ်။ စာတွေကို အရမ်းကာရော ပြင်တာ မလုပ်သင့်ဘူး။ ဗမာရဲ့- (က) (ခ) လိုပဲ ရှမ်းမှာ က ခ တွေနဲ့ စာရှိပြီးသားပဲ။ အဲဒါကို လက်တင်အက္ခရာနဲ့ လဲပေးရင် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး ထင်တယ်လို့ ပြောဖူးတယ်။ သူက ဇွတ်တိုးပြီး လုပ်တာ မတွေ့ရဘူး။
သူက ‘စာပညာရှင်’ ကနေ ‘သဘောတရား ပညာရှင်’အဖြစ် ကူးဖို့ စိတ်ကူးရှိသွားလို့လည်း ဖြစ်နိုင်ပါ တယ်။
သူသာ အခုထိ အသက်ရှင်နေသေးရင် အရှေ့ ဥရောပ၊ အာဖရိကနဲ့ အာရှ အလယ်ပိုင်းမှာ တိုင်းပြည်သစ်တွေ ပေါ်လာတာ၊ လူမျိုးလိုက် မျိုးဖြုတ်ကြတာကို တွေ့ရင်၊ ဗမာပြည် မှာခွဲထွက်သူတွေကို စစ်အစိုးရက ဖဲ့ထုတ်စည်းရုံးသွားတာ တွေ့ရင် သူ့‘ဧရာ- လွင် စီမံကိန်း’ ကို တမျိုးပြုပြင်ဖို့ စဉ်းစားလိမ့်မယ် ထင်ပါတယ်။
သူ့စဉ်းစားနည်းအတိုင်း သခင်စိုး စဉ်းစားဖူးတယ်။ ပါတီထဲ ပြန်ရောက်လာတဲ့ လှမင်း (ရှမ်းပြည်) တို့လို အလံနီဟောင်း တွေလည်း လက်တွေ့လုပ်ဖူးတဲ့ အကြောင်းတော့ သူ့ကို (သူ အစည်းအဝေးခန်းက ဒေါနဲ့ မောနဲ့ ထွက်သွားပြီးနောက်) ဆွေးနွေးဖူးတယ်။
ရှမ်းအမျိုးသား အဖွဲ့ချုပ်၊ အင်း အမျိုးသားအဖွဲ့ချုပ်၊ ပလောင် လီရှော- စတဲ့ အမျိုးသား အဖွဲ့ချုပ်တွေကို လှမင်း (ရှမ်းပြည်) တို့က ခွဲထွက်ဖို့ ဖွဲ့ဖူးတာပဲ။ ဦးဗဆွေနဲ့ သခင်သာခင်တို့က အဲဒီအဖွဲ့ချုပ်တွေကို ကြိတ်ပြီး စည်းရုံး လိုက်တော့ ပါသွားကြပြီး အားလုံး လက်နက်ချကြတာ နဲ့ ဇာတ်သိမ်းခဲ့ကြတာပဲ- လို့ ရှင်းပြတယ်။ သူ ဘာမှ ပြန်မပြောဘူး။
သူ့သဘောတရားကို လက်တွေ့လုပ် ကြည့်သင့်တယ်လို့ပဲ ပြောတယ်။ လက်နက်ချဖို့တော့ သူ့စဉ်းစားမှုထဲ မပါဘူး- လို့ ပြောတယ်။ သူ့ကို အကဲဖြတ်ရ ခက်ပါတယ်။
(ရဲဘော်ဘဝင်း)
အရေးတော်ပုံဂျာနယ် (အတွဲ ၁၊ အမှတ် ၄)