Thursday, August 22, 2019

(ဆန္ဒပြနေလို့မပြီးပါ)

0 comments
(ဆန္ဒပြနေလို့မပြီးပါ)
ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေက သူတို့မှာ ခေါင်းဆောင်မရှိဘူးလို့ ပြောသူပြောပါတယ်။ အားလုံးဟာ ခေါင်းဆောင်ချည်းပဲလို့ ပြောသူပြောပါတယ်။ စပါးတားကပ်စ်ရုပ်ရှင်တောင် ပြန်အမှတ်ရစရာပါ။
လူထုလှုပ်ရှားမှု တနည်းပြောရရင် အုံကြွမှုတိုင်းဟာ အချိန်ရော အရှိန်ပါရလာတဲ့အခါမှာ အားလုံးကိုသိမ်းကြုံးဦးဆောင်နိုင်တဲ့ ဗဟိုတခုပေါ်လာတတ်ပါတယ်။ အမှန်က အဲ့ဒီဗဟိုဆိုတာ “နဂို“ကတည်းက ရှိနေနှင့်ပြီးသားဖြစ်တာများပါတယ်။ (ဗမာပြည် ၈၈ မှာ အဲ့ဒီဗဟို မပေါ်ခဲ့ပါ။ ခေါင်းဆောင်တွေ နယ်ကန်ရင်း နောက်လိုက်တွေ လွင့်စင်ထွက်ကုန်တာပါ)
ခုဟောင်ကောင်မှာ ဗဟိုမရှိတာလား ဗဟိုတွေများနေတာလားတော့ မပြောတတ်ပါ။ ကြွေးကြော်သံတွေကလည်း ပြောင်းလိုက် ပြင်လိုက် တက်လာလိုက် ပြန်လျှောကျလိုက် ဖြစ်နေတာပါ။ တသမတ်တည်း ထောင်တက်သွားပြီး “တည်တိုက်“နေတာမဟုတ်ပါ။ တချက်တချက် “အချုပ်အခြာအာဏာပိုင်ဟောင်ကောင်“ဆိုတာထွက်လာပေမယ့် ပြန်ပျောက်သွားတာ သတိထားမိပါတယ်။
ခုလိုမျိုး မိုးမဆုံးမြေမဆုံး မပြီးနိုင်မစီးနိုင်ဆန္ဒပြနေရုံနဲ့ ဘာကိုမှပြီးမြောက်နိုင်မယ့်မထင်ပါ။ ဆန္ဒပြနေလို့ မပြီးပါ။ လမ်းမတွေထက်ဆန္ဒပြသူတွေထဲကပဲ တိကျတဲ့ဦးဆောင်မှု(တာဝန်)တခုခုကို ယူရမယ်ထင်ပါတယ်။ အဲ့ဒီဦးဆောင်တာဝန်ယူမှုက ဘာဖြစ်မလဲက ဆန္ဒပြသူတွေအပေါ် တည်ပါတယ်။
စခဲ့တာက “ရာဇဝတ်သားတွေ ပြည်မကြီးထံ လွှဲပြောင်းရေးဥပဒေ“ကိစ္စဖြစ်ပါတယ်။ ဆုံးတဲ့အထိယူရမယ့်တာဝန်က ဘာဖြစ်လာမလဲ။ ပီကင်းနဲ့ လုံးဝကင်းရှင်းတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးစနစ်လား၊ ဟောင်ကောင်နိုင်ငံပေါ်ထွန်းရေးလား စသည်ဖြင့်တွေဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဖြစ်တဲ့ဦးတည်ချက်ကို မရွဲ့မစောင်းတည့်မတ်ပေးရမယ့် “ဗဟို“ လိုပါတယ်။ အဲ့ဒီ ဗဟိုက အဲ့ဒီအထဲကပဲ ပေါ်လာမှဖြစ်မယ်ထင်ပါတယ်။ အဲ့လိုပေါ်လာတာမှမှန်သလို အဲ့ဒီ “ဗဟို“ ပေါ်လာရင် ဆန္ဒပြသူတွေလည်း ကျေကျေနပ်နပ် လက်ခံကြမယ်ထင်ပါတယ်။
ဘယ်နိုင်ငံငယ်တွေရဲ့ ဘယ်ပြည်တွင်းရေးကိစ္စမှာဖြစ်ဖြစ် အင်အားကြီးနိုင်ငံတွေရဲ့ အခန်းကဏ္ဍကရှိပါတယ်။ နိုင်ငံငယ်လေးတွေရဲ့ အစိုးရအတင်အချတွေ၊ မင်းပြောင်းမင်းလွှဲတွေ၊ အုပ်ချုပ်ရေးအလဲအလှယ်တွေမှာ အင်အားကြီးနိုင်ငံတွေရဲ့ ပယောဂ လုံးဝ(လုံးဝ) မပါပဲဖြစ်ခဲ့ရိုးမရှိပါ။ ကမ္ဘာရွာကြီးမကလို့ ကမ္ဘာရပ်ကွက်လေးပဲဖြစ်သွားဖြစ်သွား နိုင်ငံကြီးတွေရဲ့ သြဇာအာဏာဟာ အထင်အရှားရှိနေတာ ငြင်းမရပါ။
သေချာတာကတော့ ဟောင်ကောင်ဟာ ဆန္ဒပြနေလို့ပြီးမသွားပါ။
မျိုးမြင့်ချို
သြဂုတ် ၆၊ ၂ဝ၁၉

(မဂ္ဂင်ဆရာတော်ရဲ့ ညီညွတ်ရေးတိုက်တွန်းချက် စတေးတပ်စ်အောက်မှာ သွားရေးဖြစ်တဲ့ ကွန်မန့်ပါ)

0 comments
(မဂ္ဂင်ဆရာတော်ရဲ့ ညီညွတ်ရေးတိုက်တွန်းချက် စတေးတပ်စ်အောက်မှာ သွားရေးဖြစ်တဲ့ ကွန်မန့်ပါ)
ဘုံရန်သူရှိနေပါလျက်နဲ့ ဘုံလုပ်ငန်းစဉ်မရှိတဲ့ပြဿနာပါ၊ ညီညီညွတ်ညွတ် အလုပ် လုပ်ကြဖို့ဆို အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်အခြေခံ common ground တခုတော့ရှိရမှာပါ။ ဒီအခြေခံပေါ်ကနေမှ ခရီးဆက်ရမှာပါ။ common ground ချဖို့ဆို စစ်အုပ်စုပေါ်အကဲဖြတ်ချက်က အရင်စ တူရမှာပါ။ အဲ့ဒီနေရာမှာ မတူတာနဲ့ common ground က ချမရပါ။ common ground ချမရရင် ဘုံလုပ်ငန်းစဉ် ချမရပါ။ ဘုံလုပ်ငန်းစဉ် ချမရရင် ဘုံအလုပ်မရှိတော့ပါ။ ဘုံအလုပ် မရှိေတာ့ရင် အားလုံးညီညွတ်ရေးတည်ဆောက်စရာမလိုပါ။ ညီညွတ်ရေးဟာ အလုပ်နဲ့မှ တည်ဆောက်လို့ရပါတယ်။ ဘုံအလုပ်မရှိတော့ ညီညွတ်ရေး တည်ဆောက်လို့မရပါ။ အဲ့သလိုအခြေအနေမှာအဖွဲ့အစည်းစုံ ပါတီစုံ လူစုံ စုဖို့အသာထား တဖွဲ့ချင်း တစုချင်း တပါတီချင်းထဲမှာတောင် တစုံလုံးခြုံတဲ့လုပ်ငန်း (အလုပ်)ချရ ခက်ပါတယ်။ ဒီတော့ ဖြစ်လာတဲ့ကိစ္စတခုချင်းအလိုက် ဆန်စင်ရာကျည်ပွေ့လိုက်တဲ့ဖြေရှင်းနည်းနဲ့ စဉ်းစားချက်တွေချရ လုပ်ရကိုင်ရတော့တာပါပဲ။ ဒါကိုပဲ နည်းနာအရ (လူကြားကောင်းအောင် case by case) ခွဲလုပ်နေရတယ်ဘာညာ သုံးပြီး မညီညွတ်နိုင်တာကို စကားလုံးနဲ့ကာကွယ်ကြရပါတော့တယ်။ အတိုဆုံး တချက်တည်း ချုပ်ပြောရရင် အုပ်စိုးသူလူတန်းစား(စစ်အုပ်စု)အပေါ် အကဲဖြတ်ချက် မတူကြလို့ ညီညွတ်လို့ မရကြတာပါ ဘုရား။ ( အပိုစာကြွင်း။ ။ တပည့်တော်က စစ်အုပ်စုကို "ဘုံရန်သူ"လို့ သတ်မှတ်တာမှာတင် စပြီး ကွဲလွဲကြ ငြင်းကြခုန်ကြ တဇောင်းစေးနဲ့မျက်ချေးဖြစ်ကြရမှာပါ)
မျိုးမြင့်ချို
သြဂုတ် ၁ဝ၊ ၂ဝ၁၉

ရန္သူငါးပါး...တဲ့

0 comments
(ရန္သူ ငါးပါးတဲ့)
ချက်မြုပ်မြေမှာ သဘာဝဘေးအန္တရာယ်ဒဏ် လူတွေခံရတာမြင်တိုင်း ရင်ထဲဆို့ဆို့တက်လာတယ်။ တချို့ဘေးအန္တရာယ်တွေက တိုင်းပြည်ကလည်းချမ်းသာ၊ အစိုးရကလည်း အာဏာသုံးရပ်အပြည့်ပိုင်တဲ့အစိုးရ၊ ခေတ်မီနည်းပညာတွေလည်းရှိရင် ကြိုတင်ကာကွယ်တာမျိုး၊ ဘေးလွတ်ရာ ကြိုရွှေ့ပေးထာတာမျိုး၊ အချိန်နဲ့အညီ သတင်းထုတ်ပြန်သတိပေးတာမျိုးတွေ လုပ်လို့ရပါတယ်။ ခက်တာက ရွှေပြည်ကြီးဟာ အဲ့ဒီ ၃ မျိုးစလုံး စံမမီတဲ့အခြေအနေဖြစ်နေတယ်။
ဖြစ်ပြီဟေ့ဆိုလည်း အစိုးရကယ်ဆယ်ရေးဌာနတွေက တမဟုတ်ချင်းလုပ်ဆောင်နိုင်တာက နည်းတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကြန့်ကြာနေတော့ အသက်တွေ ပိုဆုံးရှူံးရ ပိုထိခိုက်ပျက်စီးကြရတာတွေလည်း မြင်နေရတယ်။ အဲ့သလို အရေးပေါ်အခြေအနေတွေဆို စစ်တပ်၊ ရဲတပ်၊ မီးသတ် စတာတွေကို အစိုးရက အမိန့်ပေးပြီး ဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်နဲ့အညီ ပူးပေါင်းလုပ်မှရမှာပါ။
စစ်အုပ်စုက သူ့အကျိုးစီးပွားတိုက်ရိုက်ရှိတဲ့နေရာနဲ့ သူဝါဒဖြန့်ရမယ့်ကိစ္စမျိုးတွေက လက်သွက်ခြေသွက်ရှိသလောက် သူ့တိုက်ရိုက်အကျိုးစီးပွား မရှိတဲ့နေရာမှာ ဘာဖြစ်နေဖြစ်နေ အလေးမထားတာကတော့ ပြေးကြည့်စရာမလိုပဲတောင် သိနေပါတယ်။ စစ်အုပ်စုက တောက်လျှောက်ပြောလာခဲ့တာမှာ “အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်“ပဲပြောတာ။ အစိုးရအမိန့်နာခံမယ်လို့ တခါမှ မပြောဖူးဘူး။ သူတို့ပြောသလို ပူးပေါင်းဆောင်ရွက်မယ်ဆိုတောင် ဒီလို သဘာဝဘေးအန္တရာယ်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းတာပဲ။
တခါ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးလို့ ပြန်လည်နေရာချထားရေးတွေကြည့်တော့လည်း ဝန်ကြီးဌာနတခုတည်းက မနိုင်မနင်းတွေလုပ်နေရတာမြင်ရတယ်။ ဒါတောင် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့အင်အားက သေးလှတာမဟုတ်ဘူး။ ဒေသခံတွေသာမပါရင် အတော့ကို ချည့်ချည့်နဲ့နဲ့ဖြစ်မယ့်သဘောပဲ။ ဒီနေရာမှာလည်း စစ်အုပ်စု ဝင်မကူဘူး။ ဝင်ကူဖို့လည်း အစိုးရက အမိန့်ပေးနိုင်ပုံမရဘူး။ ပေးလည်း မနာခံပဲနေလို့ရတဲ့အနေအထား ယူထားတာပဲ။ ဒီတော့ ခံစရာရှိတာမှန်သမျှ ပြည်သူတွေက ရင်စည်းခံ ခါးစည်းခံ ခံကြရတာပဲ။
ဒီတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပရဟိတသမားတွေက နေရာဝင်ယူလာတယ်။ အရေးပါလာတယ်။ သူတို့ရဲ့ကဏ္ဍက ကြီးသထက်ကြီးလာတယ်။ တွင်ကျယ်သထက်ကျယ်လာတယ်။ သြဇာရှိသထက်ရှိလာတယ်။ လူဟာ သြဇာရှိလာရင် အာဏာဘက် လှမ်းကြည့်တတ်တဲ့သဘောရှိပါတယ်။
ပရဟိတလုပ်ငန်းတွေဟာကောင်းတယ်၊ ရှိရမယ်၊ ဖြစ်သင့်တယ်ဆိုပေမယ့် အစိုးရတွေကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေကို ချေးကအစသေးကအစလိုက်လုပ်နေရတာတော့ နေရာမကျဘူးထင်ပါတယ်။ အစိုးရကသာ တာဝန်ပြည့်ပြည့်ဝဝယူခဲ့ရင် ပရဟိတသမားတွေမလိုဘူး။ ဒါပေမယ့် ဘယ်လောက်ချမ်းသာတဲ့နိုင်ငံမှာဖြစ်ဖြစ် အစိုးရတွေက တာဝန်အပြည့်အဝယူနိုင်တာမျိုးတော့လည်း မဟုတ်ဘူး။
လူတွေ တယောက်ချင်းစီရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ စိတ်ပိုင်း(ဘာသာရေးနဲ့ ဖြေသိမ့်စရာကိစ္စများ)ဆိုင်ရာ လိုအပ်ချက်တွေရှိပါတယ်။ ဒါတွေကို ပရဟိတသမားတွေက ဝင်ကူညီကြရတာမျိုးပါ။ ဗမာပြည်ကျတော့ အစိုးရ၊ စစ်တပ်၊ ရဲ၊ မီးသတ် ဘယ်တခုကမှ တာဝန်ပြည့်ပြည့်ဝဝမယူကြတော့ ဘေးဒဏ်ခံပြည်သူတွေမှာ လိုအပ်ချက်ကပိုကြီးပါတယ်။ ပိုကြီးတဲ့အလျှောက် ကူညီပေးမယ့် ပရဟိတအဖွဲ့အစည်းတွေ လူတွေရဲ့ကဏ္ဍက ပိုကြီးကြီးလာတယ်။ ပိုတွင်ကျယ်လာတယ်။
ပရဟိတသမား(အလှူရှင်သူဌေးကြီးတွေ)ဆိုတာက ထောင်မြင်ရာစွန့်သမားတွေများပါတယ်။ ဘာကိုယ်ကျိုးမှ မမြော်မြင်တဲ့သူကြွယ်ကြီးတွေလည်း ရှိပါတယ်။ နည်းပါတယ်။ အစိုးရ အကူအညီလိုနေချိန်မှာ မရှူနိုင်မကယ်နိုင်ဖြစ်နေချိန်မှာ ဝင်ကယ်တင်ရှင်လုပ်ပေးတဲ့အတွက် နောင်တချိန်မှာ အစိုးရကပြန်ပြီး သိတတ်ရတာတွေရှိပါတယ်။ စားပြီး နားလည်ရတာတွေ ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာ နိုင်ငံ့ဘဏ္ဏာထဲဝင်ရမယ့် အခွန်အကောက်တွေမှာ သွားထိခိုက်ပါတယ်။ တိုင်းပြည်က မိအေး နှစ်ခါနာဖြစ်ရတာပါ။
နောက်တချက်က တခုခုဖြစ်ပလားဟေ့ဆိုတာနဲ့ နယ်ပယ်တခုခုမှာ နံမည်ရှိပြီးသား လူတယောက်ယောက်အမည်ခံပြီး အလှူငွေကောက်ခံတာမျိုးတွေ၊ ချက်ခြင်း အဖွဲ့တဖွဲ့ကောက်ဖွဲ့လိုက်ပြီး အလှူငွေကောက်ခံတာမျိုးတွေလည်း ရှိနေပါတယ်။ အဲ့သလို လူတွေ အဖွဲ့တွေရဲ့ ငွေကြေးအဝင်အထွက် အသုံးအစွဲစာရင်းဇယားတွေကိုရော အစိုးရက ဘယ်လိုကြပ်မတ်ပေးသလဲ မသိရပါ။ နိုင်ငံကြီးတွေမှာတော့ အလွန်တိကျတဲ့စနစ်တွေ အစီအစဉ်တွေ ဥပဒေတွေရှိပါတယ်။ ဒါတောင် လက်တလုံးခြား လုပ်တဲ့သူတွေလုပ်နေကြတာပါ။ ဗမာပြည်ဆို ပိုတောင်လုပ်မယ်ထင်ပါတယ်။
ကျနော်တို့ ဗမာလူမျိုးကလည်း လှူပဟေ့ဆို နိဗ္ဗာနပစ္စယောဟောတုလုပ်တာမျိုး၊ စေတနာသုံးတန်ပြတ်သားပြီးလှူတာမျိုးများတော့ ကိုယ့်အလှူဘယ်နားရောက်သွား ဘယ်သူစားသွား ဘယ်နားပျောက်သွားမှန်း စိတ်လည်းမဝင်စား တွေးလည်း မတွေးကြတာများပါတယ်။ အဲ့လိုဆိုတော့ ပရဟိတအမည်ခံ “လုပ်စားသမားတွေ“ ပို စားသာပါတယ်။ ကျနော်ကိုယ်တိုင်လည်း နာဂစ်တုန်းကတခါ၊ ပထမအကြိမ် မြစ်ဆုံကိစ္စ Save the Irrawaddy (သမ္မတဘုန်းကြီးသိန်းစိန်ခေတ်ဦး)က လှူခဲ့တာတွေရှိပါတယ်။ စာရင်းပျောက်အင်းပျောက်လှူတာမို့ ဘယ်ရောက်သွားသွားသဘော ကြိုထားခဲ့ပါတယ်။
ဗမာပြည်မှာကလူမှုကူညီရေး အင်န်ဂျီအိုတွေ၊ တသမတ်ရှိနေတဲ့ပရဟိတအဖွဲ့အစည်းတွေ၊ အရေးပေါ် ပေါ်လာတဲ့ ပရဟိတအဖွဲ့တွေ၊ လူတွေက အလွန်များပါတယ်။ များရတာကလည်း သဘာဝကျနေတယ်။ ကျရတာကလည်း အစိုးရက အဖြစ်မရှိ၊ နိုင်ငံ့အာဏာကို စစ်အုပ်စုက ထင်တိုင်းချည်လှယ်၊ ရှိသမျှစီးပွား လက်ဝါးကြီးအုပ်၊၊ တိုင်းပြည်ကဲ၊ လူတွေကဆင်းရဲနေတဲ့ ဂျာအေး သူ့အမေရိုက်ဇာတ်လမ်းဖြစ်နေလို့ပါ။
ဖြစ်နေတာတွေကို ဥုံဖွအပ်ချလောင်းနဲ့လည်း ပြောင်းလဲလို့မရ၊ ကြိတ်မှိတ်ပြီး ဖြစ်သမျှဒဏ်ခံနေရတာက ပြည်သူဆိုတဲ့ “ငဝက်“တွေပါ။ ဒီကြားထဲ ပရဟိတသမားတွေ၊ အဖွဲ့တွေကိုလည်း ဘဏ္ဏာရေးအရ စစ်စစ်စီစီမလုပ်နိုင်ဆိုတော့ တဦးချင်း လှူကြတန်းကြသူတွေရဲ့ ငွေကြေးနဲ့စေတနာတွေကပါ အဟောသိကံဖြစ်ကုန်တာပါ။ ဒီတော့ အစိုးရအနေနဲ့ ပရဟိတသမားတွေ၊ အဖွဲ့တွေ၊ အလှူရှင်တွေရဲ့ ငွေကြေးဆိုင်ရာလည်ပတ်မှုတွေကို ကျကျနနစစ်ဆေးတာ ကြပ်မတ်တာ အရေးယူတာတွေလုပ်ဖို့ တိကျတဲ့ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ လုပ်စေ့ချင်ပါတယ်။ လုပ်ပြီးသားတွေလည်း ရှိမယ်ထင်ပါတယ်။ ရှိတယ်ဆိုရင်လည်း ပြန် update လုပ်တန်လုပ်၊ သေချာ ကြပ်မတ်ကွပ်ကဲပြီး ဥပဒေတည်အောင် လုပ်စေချင်ပါတယ်။ ဥပဒေဆိုတာ ပြဌာန်းပြီးတည်အောင်လုပ်မှ လူနာခံပါတယ်။
မျိုးမြင့်ချို
သြဂုတ် ၁ဝ၊ ၂ဝ၁၉

(ကျနော်တို့ အမျိုးသားရေး)

0 comments
(ကျနော်တို့ အမျိုးသားရေး)
ကိုလိုနီခေတ်ဦး အမျိုးသားနိုင်ငံရေးဟာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအရ တောင်းဆိုနိုင်တာက ဟုမ်းရူးလ်တို့ ဒိုင်အာခီတို့ ခွဲရေးတွဲရေးတို့ဖြစ်ပါတယ်။
ကိုလိုနီခေတ်အဆုံးသတ်ကာနီး အမျိုးသားနိုင်ငံရေးဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်လပ်ရေးဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအရတောင်းဆိုတာက အကြွင်းမဲ့လွတ်လပ်သော အမျိုးသားနိုင်ငံတော်ဖြစ်ပါတယ်။
မျက်မှောက်ခေတ် အမျိုးသားနိုင်ငံရေးက စစ်အာဏာရှင်စနစ်၊ လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်၊ စစ်အာဏာချုပ်ကိုင်ခြယ်လှယ်ထားမှု ဆန့်ကျင်ရေးတို့ဖြစ်ပါတယ်။ နိုင်ငံရေးအရ တောင်းဆိုကြတာက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမျိုးစုအားလုံးတန်းတူရည်တူအခွင့်အရေးရှိတဲ့ ဖက်ဒရယ်လ်ပြည်ထောင်စုဖြစ်ပါတယ်။ ဒီသုံးခုကို ဖြည်ဖြည်ဖြန့်ဖြန့်ပြောရင် ပြောစရာများပါတယ်။ အချက်အလက်လည်း ဝေဝေဆာဆာ၊ အခြေအနေလည်း ပြည့်ပြည့်စုံစုံ၊ တခုချင်းအလိုက် တိတိကျကျလည်းစိစစ်ဖို့ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှတော့ ယေဘုယျသဘောမို့ ချုပ်ပါရစေ။
စစ်အုပ်စုက မျက်မှောက်ခေတ် အမျိုးသားနိုင်ငံရေးကိုတန်ပြန်ဖို့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာကိုတင်ထားပါတယ်။ သူတို့ အမျိုး၊ ဘာသာ၊ သာသနာဟာ ကိုလိုနီခေတ်ဦးက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ဘယ့်လောက် ဘယ်လိုခြားနားမှန်း လူတိုင်းသိပါတယ်။
သူတို့ အမျိုးသားရေးဟာ နိုင်ငံတော်ဦးစီးတဲ့ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ဝါဒပါ။ သူတို့ နိုင်ငံရေးအရ ကြွေးကြော်တာက တို့တာဝန်အရေးသုံးပါးပါ။ သူတို့ အာဏာသဘောအရ ရယူထားတာက “အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ“ဆိုတာဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ချုပ်ထား၊ ဇာတ်စီးထားတာပါ။ ဘယ်အရပ်သား အစိုးရဖွဲ့ဖွဲ့ သူတို့ရဲ့ဓနနဲ့အာဏာကို အခြေခံကနေ ကိုင်လှုပ်လို့မရအောင် အကွက်ချစီမံထားတာပါ။ ဖွဲ့စည်းပုံဟာ သူတို့ “အသက်ဗူး“ပါ။ ဒါ့ကြောင့် အသေအလဲ ကာကွယ်နေတာပါ။ ကာကွယ်တဲ့နေရာမှာ ဗမာ့ထေရဝါဒဗုဒ္ဓသာသနာကို အကြမ်းဖက်သာသနာ၊ အစွန်းရောက်သာသနာအဖြစ် ကမ္ဘာကမြင်လာအောင် ကြောက်ရွံ့လာအောင်အထိကို ဖန်တီးယူထားတာပါ။
ကျနော်တို့မြင်ရမှာက မျက်မှောက်ခေတ်အမျိုးသားနိုင်ငံရေးဟာ အမျိုး၊ ဘာသာ၊ သာသနာမဟုတ်ပဲ စစ်အာဏာရှင်စနစ်၊ လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက်အရင်းရှင်စနစ်၊ စစ်အာဏာချုပ်ကိုင်ခြယ်လှယ်ထားမှုဆန့်ကျင်ရေးဖြစ်ပါတယ်။ တောင်းဆိုမှုကလည်း တို့တာဝန်အရေးသုံးပါးမဟုတ်ပဲ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမျိုးစုအားလုံး တန်းတူရည်တူအခွင့်အရေးရှိတဲ့ ဖက်ဒရယ်လ်ပြည်ထောင်စုဖြစ်ပါတယ်။ အာဏာသဘောအရ ဖယ်ရှားပစ်ရမှာက စစ်အုပ်စုရဲ့ “အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍ“ ဖြစ်ပါတယ်။
ဒီအမျိုးသားရေးတာဝန်ထမ်းဆောင်ရာမှာ စစ်အုပ်စုနဲ့အလိုတူအလိုပါ တိုင်းဖျက်ပြည်ဖျက် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပြီး အကြမ်းဖက်ရေးလှုံ့ဆော်ဝါဒဖြန့်နေတဲ့ အစွန်းရောက် မဘသ ဘုန်းကြီးဆိုးဂိုဏ်းတွေကိုပါ ဆန့်ကျင်တိုက်ဖျက်သွားဖို့လိုပါတယ်။
မျိုးမြင့်ချို၊ 
ၾသဂုတ္ ၁၁၊ ၂ဝ၁၉

(ဟောင်ကောင်သူကြွယ်တွေ လှုပ်လာပြီ)

0 comments
(ဟောင်ကောင်သူကြွယ်တွေ လှုပ်လာပြီ)
ဆန္ဒပြပွဲတွေတလျှောက်လုံး အင်းမလုပ်အဲမလုပ် တုံဏှိဘာဝေလုပ်နေတဲ့ ဟောင်ကောင်သူကြွယ်ကြီးတွေဆီက အသံထွက်လာပါတယ်။ “ဆန္ဒပြသူတွေအနေနနဲ့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းပြကြဖို့၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်ပြုတာ၊ အများပြည်သူသုံး လမ်းမကြီးငယ်တွေကို ပိတ်ဆို့တာတွေကြောင့် ဟောင်ကောင်စီးပွားရေးကို ထိခိုက်စေတယ်၊ အသေးစိတ်တွက်ချက်ရရင် တနေ့တနေ့ ဒေါ်လာ သန်းဆယ်ဂဏန်းနီးပါးအထိ ရှိလာနေတယ်၊ ဒါတွေကြောင့် ဟောင်ကောင်ရဲ့ စီးပွားရေးလွတ်လပ်ခွင့်ပုံရိပ်အေပါ် အဆိုးမြင်တွေထွက်လာစေတယ်၊ ဟောင်ကောင်စီးပွားရေးထိခိုက်တယ်ဆိုတာ သူဌေးသူကြွယ်ကြီးတွေကိုထိခိုက်တာထက် ဟောင်ကောင်လူထုအပေါ် ဟောင်ကောင်အုပ်ချုပ်ရေးအပေါ်ထိခိုက်တာက ပိုများတယ်၊ ဒါ့ကြောင့် ဆန္ဒပြသူတွေအနေနဲ့ ချိန်ချိန်ဆဆလုပ်ကြဖို့၊ အုပ်ချုပ်ရေးပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေလုပ်လာမယ်ဆိုရင် ဆွေးနွေးဖို့ ခေါင်းဆောင်တွေအနေနဲ့ ပြင်ဆင်ထားပြီး အပေးအယူရှိရှိလုပ်ကြပါ“ဆိုပြီး ပြောလာပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးအပိုင်းကိုတော့ “ဆန္ဒပြမှုတွေကိုဖြေရှင်းဖို့ဆိုတာ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဟောင်ကောင်ပြည်သူတွေကြားကကိစ္စဖြစ်တာမှန်ပေမယ့် One Country Two System ဆိုတာကို လက်ခံကြောင်း၊ ပြည်မကြီးရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြောင်း၊ သို့သော် ခုဖြစ်နေတဲ့ ရာဇဝတ်သားလွှဲပြောင်းပေးရေးဥပဒေ အပြီးတိုင်ဖျက်သိမ်းမယ် မသိမ်းဘူးဆုံးဖြတ်ချက်ကိုတော့ ပီကင်းသြဇာနဲ့ ကင်းကင်းရှင်းရှင်းချစေလိုကြောင်း၊ ဆန္ဒပြပွဲခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့တိုက်တွန်းကြောင်း၊ အဆမတန် အင်အားသုံးဖြေရှင်းတာတွေ မလုပ်ဘူးလို့ ယုံကြည်ကြောင်း“စတဲ့သဘောပြောပါတယ်။ ခု နောက်ဆုံးရတဲ့သတင်းတွေပါ ကိန်းဂဏန်းတွေအရ အဖမ်းအဆီးခံထားရသူဟာ ၇ ရာကျော်ပါပြီ။
(ဒါ ဒီမနက်တွေ့ရတဲ့ သတင်းတချို့က အချက်အလက်တချို့ပါ)
မျိုးမြင့်ချို
သြဂုတ် ၁၃၊ ၂ဝ၁၉

(တဘက်သတ်အပြောမှာ အမှန်မပြည့်ပါ)

0 comments
(တဘက်သတ်အပြောမှာ အမှန်မပြည့်ပါ)
တောင်ပြိုတာ ရေကြီးတာတွေကို မြေအောက်သယံဇာတတွေ မဟားဒယားတူးဖော်လို့ သစ်တောတွေ ပြောင်တလင်းခါအောင်ခုတ်လို့ဆိုပြီး တဘက်သတ်ပြောတာ၊ တကြောင်းဆွဲကောက်ချက်ချတာကို သဘောမတူပါ။ ဒီတချက်တည်းကြောင့် ဒါတွေဖြစ်နေတာမဟုတ်ပါ။ အခြားအခြေအနေ အချက်အလက်ပေါင်းများစွာရှိပါတယ်။

စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကြီးကို ကျနော်တို့ဆန့်ကျင်ကြတာက အာဏာပြဿနာပါ၊ နိုင်ငံရေးပါ။ သူတို့ အာဏာနဲ့ဓန လောဘဇောတိုက်ပြီး သယံဇာတတွေကို ထင်တိုင်းတူးခဲ့တာ၊ တူးခွင့်ပေးခဲ့တာ၊ သစ်တောတေွကို စည်းမဲ့ကမ်းမဲ့ခုတ်ခဲ့တာ၊ ခုတ်ခွင့်ပြုခဲ့တာတွေကို ကျနော်တို့ဆန့်ကျင်တာက တိုင်းပြည်အနာဂတ်အတွက်ပါ၊ စီးပွားရေးအတွက်ပါ၊ ပတ်ဝန်းကျင်သဘာဝကြီးနဲ့ ဂေဟစနစ် အပျက်စီးမခံနိုင်လို့ပါ။

စီးပွားရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေး၊ ဂေဟစနစ်မပျက်စီးရေး စသဖြင့်ခေါင်းစဉ်ငယ်တွေ ဘယ်လိုခွဲခွဲ အရင်းအမြစ်က အာဏာပြဿနာပါ။ နိုင်ငံရေးပါ။
ခု တောင်ပြို၊ ရေကြီး၊ မိုးခေါင်စတာတွေဟာ ဗမာပြည်တခုတည်း ကွက်ဖြစ်နေတာမဟုတ်သလို ဗမာပြည်မှာဖြစ်နေတာတွေဟာ ဗမာပြည်ကလူတွေ လုပ်ခဲ့တာကြောင့်ချည်းပဲလည်း မဟုတ်ပါ။ တကမ္ဘာလုံးနဲ့ဆက်နွယ်ပြီး တနွယ်ငင်တစင်ပါ ဖြစ်နေတာပါ။ ခေတ်မီပါတယ် တိုးတက်ပါတယ် နည်းပညာတွေရှိပါတယ်ဆိုတဲ့ ပြည်ကြီးတွေမှာလည်း နိစ္စဓူဝဖြစ်နေတာပါ။ ဗမာပြည်လိုပြည်လိုပြည်မှာဖြစ်တာ့တော့ ပို အခံရနာပါတယ်။

စစ်အုပ်စုကိုဆန့်ကျင်စိတ်အခံရယ်၊ ကိုယ့်တာဝန်ရှိမှုကို ရှောင်လွှဲဖုံးကွယ်ချင်တာရယ်ပေါင်းပြီး အရင်အစိုးရတွေ မကောင်းလို့၊ အရင်လူတွေ ထင်တိုင်းလုပ်ခဲ့လို့၊ တောင်တွေဆက်ဖြိုနေလို့၊ တောတွေဆက်ခုတ်နေလို့ဆိုပြီး ခေါင်းရှောင်တဲ့သဘောနဲ့ တကြောင်းဆွဲကောက်ချက်ခတ်ကဲကဲ ပြောဆိုနေတာတွေဟာ အပြည့်မှန်တဲ့အမှန် မဟုတ်ပါ။ အပြစ်လုပ်ခဲ့သူကို အပြစ်ပြောတာမှန်ပေမယ့် ကိုယ့်တာဝန်ရှိမှုကို သူ့အပြစ်နဲ့ချည်းဖုံးကွယ်လို့တော့မရပါ။

တောင်ပြိုရေကြီးတာတွေထက် တိုင်းပြည်ကိုဖျက်နေတဲ့၊ နိုင်ငံတော်အာဏာကိုကိုင်၊ အစိုးရကို ဂုတ်ပိုးခွစီးထားပြီး တိုင်းပြည်ကို ထင်သလိုခြယ်လှယ်သွေးစုပ်နေတဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့အန္တရာယ်ဟာ ပိုကြီးပါတယ်။
ဗမာပြည်သူပြည်သားတွေအပါအဝင် ကမ္ဘာသူကမ္ဘာသားတွေအားလုံး
သဘာဝဘေးအန္တရာယ်တွေကရော၊ လူလုပ်ဘေးအန္တရာယ်တွေကရော ကင်းနိုင်သမျှကင်းကြပါစေ၊ ဝေးနိုင်သမျှဝေးကြပါစေ။
မျိုးမြင့်ချို
သြဂုတ် ၁၃၊ ၂ဝ၁၉

(ပဲကြီးဟင်းနှင့်စောက်စားကြီး)

0 comments
(ပဲကြီးဟင်းနှင့်စောက်စားကြီး)
ကျနော်က သမ္မတရှီကျဉ့်ဖျင်(တရုတ်)ရဲ့ One Belt One Road ကို ဖင်မနိုင်ဘဲ ပဲကြီးဟင်စားးတဲ့အဖြစ်မျိုးဖြစ်လေမလားလို့ တွေးပါတယ်။ ဒေါ်နယ်လ်ထရမ့်(အမေရိကန်)ရဲ့ တရုတ်အပေါ်လုပ်တဲ့ ကုန်သွယ်စစ်ကိုလည်း ဆန်မရှိစောက်စားကြီးလို့ မြင်ပါတယ်။ တရုတ်ဖင်နိုင်မနိုင်ကတော့ ကိန်းသေပြောဖို့ခက်သေးပေမယ့် ဆန်မရှိစောက်စားကြီးတဲ့ အမေရိကန်တော့ သူ့ဒဏ်သူပြန်ခံရစပြုပါပြီ။ ထရမ့်ခံရတာမဟုတ်ပါ။

သွင်းကုန်ခွန်တွေတိုးလိုက်တော့ အခွန်ပိုဆောင်ရတာက Exporters တရုတ်မဟုတ်ပဲ သွင်းကုန်သမား Importers အေမရိကန်ဘက်ကဖြစ်ပါတယ်။ သွင်းကုန်သမားက အခွန်ပိုဆောင်ရတဲ့အလျှောက် ကုန်စည်တွေပေါ် ဈေးတင်ပါတယ်။ ဈေးတက်တဲ့ဒဏ်ကို အမေရိကန်ပြည်တွေ(စားသုံးသူတွေ)ခံရပါတယ်။ ကုန်းဈေးနှုန်းအညွှန်းဇယားတွေ မိုးထိုးလာပါတယ်။ လူတွေ ညည်းလာပါတယ်။ အဝယ်လျော့လာပါတယ်။ အရောင်းထိုင်းလာပါတယ်။

ဒီကြားထဲ ဟွာဝေးဖုန်း၊ 5G ကွန်ရက်ကိစ္စတွေကို နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ နည်းပညာကိစ္စတွေပါ တွန်းထိုးကိုင်လိုက်တော့ ပိုဆိုးကုန်ပါတယ်။ ကုန်သွယ်စစ်ဟာ အပြန့်ကျယ်သွားပြီး တကမ္ဘာလုံး ကူးစက်ကုန်ပါတယ်။ နှစ်နိုင်ငံချင်းဖြစ်တဲ့ကောင်ဖြစ်(ဥပမာ ဂျပန်နဲ့ကိုးရီးယား)၊ အုပ်စုနဲ့တနိုင်ငံဖြစ်လိုဖြစ်(အမေရိကန်နဲ့အီးယူ) ဖြစ်ကုန်ကြပါတယ်။

ဒီကြားထဲ ဘဏ်တိုးနှုန်းတွေ အပြိုင်အဆိုင်ချကြတော့ ကုန်သွယ်စစ်ကနေ ဘဏ္ဏာရေးစစ် ငွေကြေးစစ်အထိ တက်လိုက်လာပါတယ်။ ငွေတန်ဖိုးတွေ အသီးသီးချကြတယ်။ ဘဏ်တိုးနှုန်းတွေ ဘယ်လောက်အထိချသလဲဆိုရင် တချို့နိုင်ငံတွေမှာ တိုးနှုန်းက မိုင်းနပ်စ်အောက်အထိပါရောက်ပါတယ်။ အရပ်ပြော ပြောရရင်ဘဏ်တွေမှာ ငွေသွားချေးရင် အမြတ်တောင်ပြန်ရမယ့်ကိန်းကြီးပါ။
ခုတော့ အမေရိကန်စားသုံးသူတွေဆီက ညည်းသံထွက်လာပါပြီ။ လက်လီအရောင်းစတိုးကြီးတွေဆီက ငြူစူသံထွက်လာပါပြီ။ လက်ကားဖြန့်ချိရေးကုမ္ဗဏီကြီးတွေက သတိပေးသံထွက်လာပါပြီ။ နည်းပညာကုမ္ဗဏီကြီးတွေဆီက ဟန့်တဲ့အသံထွက်လာပါပြီ။

ခုနလေးကပဲ သတင်းတခုမှာတွေ့လိုက်ပါတယ် “ကုန်သွယ်ခွန်တွေ ထပ်တိုးကောက်ခံမယ့်ကိစ္စကို သူ့အနေနဲ့ ခရစ္စမတ်စ်ကာလလွန်မှစဉ်းစားမယ်၊ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ပြည်သူတွေအတွက် ခရစ္စမတ်စ်လက်ဆောင်ပါ“ဆိုပြီး သမ္မတထရမ့်ကပြောပါတယ်။

(လူထုသဘောထားကို မှန်မှန်ကန်ကန်စုပေးနိုင်တာ လူထုခေါင်းဆောင်ပါ)

0 comments
(လူထုသဘောထားကို မှန်မှန်ကန်ကန်စုပေးနိုင်တာ လူထုခေါင်းဆောင်ပါ)
စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစောပိုင်းကာလတွေမှာ ကြိမ်းမောင်းတာ ခြိမ်းခြောက်တာနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာတွေ မီးကုန်ယမ်းကုန်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဒေါ်စုရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ပါ။

နောက်ပိုင်း အိမ်ချုပ်ချထားတဲ့ကာလတွေမှာတော့ နိုင်ငံရေးအရ မသိမသာရော သိသိသာသာပါ တရစပ်တိုက်ခိုက်သလို ပုဂ္ဂိုလ်ရေးကိစ္စတွေကိုလည်း ဂွင်ဝင် ဝင်သလို ထိုးနှက်တာတွေ ယိုးစွပ်တာတွေ စောင်းလားမြောင်းလားတွေ လုပ်ပါတယ်။

အိမ်ချုပ်ကလွတ်လာပြီးနောက် ဦးအောင်ရွှေတို့ ဦးလွင်တို့ဦးဆောင်တဲ့ခေါင်းဆောင်မှုအစုက နအဖရဲ့ အမျိုးသားညီလာခံတက်နေတာကနေ နှုတ်ထွက်လိုက်ပါတယ်။ ဒီလိုနှုတ်ထွက်လိုက်တာဟာ စစ်အုပ်စုအတွက်တော့ တကယ့်ကို အရှိူက်ထိုးခံလိုက်ရတာဖြစ်ပါတယ်။ အငိုက်လည်းမိသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး ပိုပြီး သည်းသည်းမဲမဲ ပြင်းပြင်းထန်ထန်တွေ တိုက်လာပါတယ်။ အဲ့ဒီအကြိမ်တိုက်တာဟာ တကယ့်ကို မီးကုန်ယမ်းကုန်နဲ့ အခဲမကြေ အငြှိုးတကြီးကိုတိုက်တာပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေဆိုလည်း မကြားဝံ့မနာသာတွေအထိပါ ရုန့်ရင်းကြမ်းတမ်းခဲ့ပါတယ်။

အဲ့ဒီအချိန်က ၉၆၉ တို့ မဘသတို့ဆိုတဲ့ ဘုန်းကြီးဆိုးဂိုဏ်းက သိတ်အခြေမကျသေးတော့ နာဇီဂတုံးတွေကိုင်ပြီး ဗြောင်ထွက်တိုက်တာတော့ မလုပ်အားပါဘူး။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သူတို့ "ကိုင်"ထားတဲ့ ဂျာနယ်တွေ စာစောင်တွေ မဂ္ဂဇင်းတွေကနေ ပလူပျံအောင် ရစရာမရှိအောင် အယုတ္တအနတ္တတွေပါ ပါတယ်။ အဲ့ဒီအချိန်ဟာ အပြင်းထန်ဆုံး ထိုးနှက်ခဲ့ချိန်လို့ဆိုရမှာပါ။ အဲ့ဒီအချိန်မှာ လူထုကလည်း ဒေါ်စုဦးဆောင်မှုနောက်က တခဲနက်ထောက်ခံပြီးလိုက်ခဲ့ကြတာပါ။

ခု အဲ့သလောက် ရုပ်ပျက်ဆင်းပျက် အိန္ဒြေမရတိုက်ဖို့မလိုတော့ပါဘူး။ မလုပ်ရတော့တာက ၂ဝဝ၈ ဖွဲ့စည်းပုံအောက် ဆွဲသွင်းလိုက်နိုင်တာက အဓိကပါ။ နောက်ပြီး မဘသ ဘုန်းကြီးဆိုးဂိုဏ်း၊ ကြံ့ဖွံ့အပါအဝကင် စစ်အလိုတော်ရိပါတီတွေလည်း ရှိနေပြီဆိုတော့ လိုရင် အဲ့ဒီလူတွေကတဆင့် တဘက်လှည့်နဲ့ တိုက်လို့ရနေတာလည်း ပါပါတယ်။

ဒေါ်စုကို အဲ့ဒီအချိန်က(အမျိုးသားညီလာခံက ထွက်ခွာချိန်)မှာ ဘာလို့ ဒီလောက် အသည်းအသည်အပြင်းအထန်တိုက်ခိုက်ရသလဲဆိုတာ တချက်တည်းချုပ်ပြောရရင် "ဒေါ်စုက လူထုခေါင်းဆောင်အဖြစ်နဲ့ လူထုရဲ့သဘောထားတွေကို မှန်မှန်ကန်ကန် စုစည်းပေးလိုက်နိုင်တာကြောင့်"လို့ဖြေရမှာပါတယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုရဲ့သဘောထားတွေကို မှန်မှန်ကန်ကန်စုစည်းပြီး အားဖြစ်သွားအောင်လုပ်နိုင်သူကိုဆိုလိုတာပါ။

ခု ဒေါ်စု လူထုသဘောထားတွေကို မှန်မှန်ကန်ကန် စုနိုင်စွမ်းမရှိတော့ပါ။ လူထုခေါင်းဆောင်အဖြစ်ကနေ ပါတီခေါင်းဆောင်နိုင်ငံရေးသမားဘဝကို လျှောကျသွားလို့ပါ။ လူထုဘဝတွေ လူထုတိုက်ပွဲတွေနဲ့ ဝေးသွားလို့ပါ။ အရင်တုန်းကလို လူထုတရပ်လုံး သူ့ဦးဆောင်မှုနောက်မှာ တခဲနက်လိုက်ပါတာမျိုးမရှိတော့ပါ။ အထူးသဖြင့် ဗမာမဟုတ်တဲ့ အခြားလူမျိုးစုတွေရဲ့ ယုံကြည်ကိုးစားမှုဟာ အလွန့်ကို ပါးလျားသွားပါပြီ။ စစ်အုပ်စုအတွက် ဒေါ်စုဟာ ခြေသုတ်ပုဆိုး မြွွေစွယ်ကျိုးမဟုတ်သေးပေမယ့် အဆိပ်သိတ်မရှိတော့ပါ။ ဟိုတုန်းကလို ကြေက်စရာမလိုတော့ပါ။ ဟိုတုန်းကလို ဦးတည်ပစ်မှတ်ထားပြီး ရန်သူအဖြစ်တိုက်ဖို့မလိုတော့ပါ။
မျိုးမြင့်ချို
သြဂုတ် ၁၄၊ ၂ဝ၁၉

(လက်နက် ကိုင်ကိုင် မကိုင်ကိုင်)

0 comments
(လက်နက် ကိုင်ကိုင် မကိုင်ကိုင်)
လက်နက်ကိုင်ထားမှ လူရာဝင်တယ်၊ လက်နက်ရှိမှ စကားပြောတယ်ဆိုတာကြောင့် လူတွေလက်နက်ကိုင်နေကြတာမဟုတ်။ လက်နက်ကိုင်ဖိနှိပ်သူကို လက်နက်နဲ့ပြန်တွန်းလှန်ခုခံမှရမယ်၊ ခုခံတာမှန်တယ်၊ မိမိတို့အခွင့်အရေးနဲ့ရပိုင်ခွင့်ကို လက်နက်ကိုင်တိုက်ယူမှရမယ်လို့ ဘဝပြဌာန်းမှုအသိအရ ကိုင်နေကြတာဖြစ်တယ်။ ဒါနဲ့ပြောင်းပြန် လက်နက်ကိုင်တော်လှန်ရေးနည်းကို မယုံကြည်သူကလည်း လက်နက်နဲ့ဖိနှိပ်အုပ်စိုးသူကို သူယုံကြည်ရာ အကြမ်းမဖက် အနုနည်းနဲ့ဆန့်ကျင်တာပါပဲ။ သူက သေသာသွားမယ် လက်နက်တော့ မကိုင်ဘူး။ တခုတော့ရှိတယ် အကြမ်းမဖက်(အဟိံသ)နည်းမှာ အာဏာဖီဆန်ရေးပါတယ်။ အနုနည်းအကြမ်းမဖက်နည်းပြောပြီး အာဏာဖီဆန်ရေးမပါရင် လုပ်သမျှခံရေးပဲဖြစ်သွားတယ်။ ဖိနှိပ်အုပ်စိုးမှုကို ဆန့်ကျင်တွန်းလှန်ရာမှာ ဘယ်နည်းပဲသုံးသုံး လူထု(ပြည်သူ)မပါရင် မအောင်မြင်ပါ။ လူထုလည်းပါ နှစ်နည်းလုံးလည်း မှန်မှန်ကန်ကန်ပေါင်းစပ်နိုင်လို့ တော်လှန်ရေးတွေအောင်မြင်ခဲ့ ခေတ်တွေစနစ်တွေပြောင်းခဲ့တာ အထင်အရှားပါ။ ဖိနှိပ်သူတိုင်းကလည်း အဲ့ဒီနှစ်နည်း ပေါင်းစည်းမသွားရအောင် နည်းလမ်းစုံသုံးပြီး မီးကုန်ယမ်းကုန်ဖြိုခွဲ သွေးခွဲသပ်သျှိုပါတယ်။ အဲ့ဒါကိုပြပါဆိုရင် ဗမာပြည်လက်တွေ့မျက်မှောက်အခြေအနေက အမြင်သာဆုံးပြယုဂ်ပါ။
မျိုးမြင့်ချို
သြဂုတ် ၁၇၊ ၂ဝ၁၉

(သတိအထားကြီး ထားရမယ့်လူတွေ)

0 comments
(သတိအထားကြီး ထားရမယ့်လူတွေ)
စစ်အာဏာရှင်စနစ်ကမွေးထုတ်လိုက်တဲ့ စစ်ခေါင်းဆောင်မှန်သမျှ ကိုယ်ကျိုးရှာတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ခေါင်းဆောင်တချို့ ကိုယ်ကျိုးရှာတယ်။ မတူတာက အကုန်လုံးကိုယ်ကျိုးရှာတာနဲ့ တချို့တလေရှာတာပဲဖြစ်တယ်။

အဲ့ဒါကို ကြေးတန်းတိုက်ပြီး စစ်အုပ်စုရော လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေရော ကိုယ်ကျိုးရှာကြတယ်လို့ပြောတာဟာ မသိလို့ပြောတာမဟုတ်။ လက်နက်ကိုင်ဖိနှိပ်အုပ်စိုးနေတဲ့စစ်အုပ်စုကို ဆန့်ကျင်သယောင်ယောင်လုပ်ပြီး အဖိနှိပ်ခံတွေအတွက်တွန်းလှန်နေတဲ့လူမျိုးစုခေါင်းဆောင်တွေအားလုံးကို ဝါးလုံးချီးသုတ်ပြီး သိမ်းကြုံးရမ်းကားတာ။

လိုပြောတဲ့လူတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအတွင်းမှာ အောက်ခြေထုနဲ့ အပေါ်ကခေါင်းဆောင်တွေကြား သွေးကွဲပြီးအချင်းချင်းပြန်ချဖို့ ရန်တိုက်တာဖြစ်တယ်။ အဲ့လူတွေကိုကြည့်ပါ စစ်အုပ်စုကိုမတရားသဖြင့်လုပ်နေတာတွေကို ရေငုံနှုတ်ပိတ်နေတာများတယ်။ မလွဲသာအခြေအနေ မပြောရင်အဆဲခံရတော့မယ့်အခြေအနေမျိုးရောက်လို့ ပြောရပြီဆိုရင်တော့ ခတ်ဖော့ဖော့ပြောတာ ခတ်ဝါးဝါးပြောတာလောက်ပဲ လုပ်တယ်။ 
လူမျိုးစုလက်နက်ကိုင်အင်အားစုတွေဘက်တွေကျ ဆီလိုအပေါက်ရှာပြီး တစိတ်ကိုတအိပ်ပြောတာ သာသာထိုးထိုးလေးပြောတာတွေလုပ်တယ်။
သူတို့ အကာအကွယ်ယူထားတဲ့ အခွံက “စစ်ကိုမုန်းတယ်၊ သွေးထွက်သံယိုတွေမမြင်ချင်ဘူး၊ အရပ်သူအရပ်သား လက်နက်မဲ့တွေသေကြေနေရတာကို ရင်နာတယ်၊ တိုင်းပြည်ချမ်းသာစေချင်တယ်" ဆိုတာဖြစ်တယ်။

ကျနော် နိုင်ငံရေးထဲပါခဲ့တယ်၊ ထောင် ၁၅ နှစ်ကျော်ကျခဲ့တယ်။ ဒီ့မတိုင်ခင်က စစ်သားလုပ်ခဲ့တယ်။ ပြည်တွင်းစစ်အတွေ့အကြုံတွေ အနိဌာရုံတွေကို မြင်ခဲ့တွေ့ခဲ့ ကြားခဲ့သိခဲ့ရုံမကဘူး ကိုယ်တိုင်ပါ စစ်ရဲ့သားကောင်အဖြစ် ဒုက္ခိတဖြစ်ခဲ့တယ်။ ဖခင်မဲ့သွားတဲ့သားသမီးတွေ၊ သားပျောက်ရှာနေတဲ့မိခင်တွေ၊ ချစ်သူပျောက်အတွက်ရတက်မအေးဖြစ်နေတဲ့ချစ်သူတွေ၊ လင်သေမုဆိုးမတွေ၊ တစစီပြိုကွဲသွားတဲ့မိသားစုတွေကို ကိုယ်ချင်းစာတယ်။ ဒါ့ကြောင့် နိုင်ငံရေးထဲပါတာမှာ “ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး“ဆိုတာ တခုတည်းနဲ့ပါခဲ့တာ။ ဒါပေမယ့် စစ်ဆိုတိုင်းကို မဆန့်ကျင်ဘူး။ ခေါင်းဆောင်တွေထဲက ကိုယ်ကျိုးရှာသမားနဲ့ ကိုယ်ကျိုးစွန့်ခေါင်းဆောင်တွေကိုသီခြားမြင်တယ်။ စစ်အုပ်စုကျ အဲ့သလို မြင်မရဘူး။ မရတာက စစ်အုပ်စုမှာ ကိုယ်ကျိုးမရှာတဲ့ စစ်ခေါင်းဆောင် တယောက်မှမရှိလို့ပဲ။ လူမျိုးစုခေါင်းဆောင်တွေထဲက ကိုယ်ကျိုးရှာသမားတွေ သစ္စာဖေါက်(ပြည်သူကိုဖေါက်တဲ့သစ္စာဖေါက်)တွေဆို ကျနော်လည်းပြောတယ်။ ပြောတာမှ ရစရာမရှိအောင်ကိုပြောတာ။ ကျနော်ရေးတဲ့စာတွေ၊ ပို့စ်တွေ၊ လွှင့်ခဲ့တဲ့အသံတွေမှာတွေ့ရ မြင်ရ ကြားရမှာပါ။ ဒါပေမယ့် အားလုံးသိမ်းကြံုးပြီးဘယ်တုန်းကမှ မပြောခဲ့ပါ။

ပြန်ချုပ်ရရင် ခု အပေါ်မှာ ကျနော်ပြောခဲ့တဲ့လူစားတွေဟာ စစ်အုပ်စုအတွက် တဘက်လှည့်နဲ့ အလုပ်အကျွေးပြုနေ ဝါဒဖြန့်နေသူတွေများတယ်။ တချို့လည်း ကိုယ်ကျိုးစီးပွားပါလို့ အသိရှိရှိလုပ်နေကြတာ။ တချို့က လူကြားကောင်းအောင်ကြိုက်လုံးပစ်ပြီး နံမည်ဝင်ထူထောင်ကြတာ။ တောမီးလောင်နေတာကိုကြည့်ပြီး လက်ခမောင်းထခတ်ပြတဲ့တောကြောင်လိုမျိုး။ တချို့ကျ ဘာရယ်ညာရယ်မဟုတ်ဘူး၊ ကိုယ်ပြောလိုက်တဲ့စကား ဘယ်ရောက်လို့ရောက်သွားမှန်းလည်း မသိပဲ အသိညာဏ်ပညာမဲ့ ဆင်ခြင်တုံမဲ့ပြောနေကြတာဖြစ်နေတယ်။

ဘယ်လိုကြောင့်ပဲပြောပြော ဘာ့ကြောင့်ပဲပြောပြော အဲ့သလောက်ပြောတာကိုက စစ်အုပ်စုအတွက် အကျိုးအရှိကြီးရှိနေတယ်။ နိုင်ငံရေးအအမြတ် အထွက်ကြီးထွက်နေတယ်။
နိုင်ငံရေးမှာ ဘက်သဘောရပ်ခံချက်ရှိတယ်။ နိုင်ငံရေးဆိုတာ ဘက်နဲ့လုပ်ရတာဖြစ်တယ်။ ကိစ္စကြီးငယ်တခုခုပေါ်လာတိုင်း အဲ့ဒီဘက်သဘောရပ်ခံချက်တွေဟာ ဘွင်းဘွင်းပေါ်လာတာပဲ။

သာမန်ပြည်သူတွေစိတ်ထဲမှာ “လူမျိုးစုလက်နက်ကိုင်တွေနဲ့စစ်အုပ်စုနဲ့ အတူတူပါပဲကွာ၊ မထူးပါဘူး“ဆိုတဲ့ အသိကို စူးသထက်စူးနက်ဝင်သွားအောင် ကူမှိုင်းတိုက် ဝါဒဖြန့်ပေးနေတာဖြစ်တယ်။ ဒီလူစားတွေဟာ တချိန်ချိန်ကျ အရေးသာ သာတဲ့ဘက် မျက်နှာပြောင်တိုက်ပြီး ကူးပြောင်းသွားဖို့လည်း ဝန်မလေးကြတာများတယ်။ ကျနော်တို့ပြည်သူတွေအနေနဲ့ သတိအထားကြီးထားရမယ့်လူတွေထဲ သူတို့လည်းပါပါတယ်။
မျိုးမြင့်ချို
သြဂုတ် ၁၇၊ ၂ဝ၁၉

Wednesday, August 21, 2019

(ဘယ်သူက ဘယ်သူ့ကို ပိုလိုနေလဲ)

0 comments
(ဘယ်သူက ဘယ်သူ့ကို ပိုလိုနေလဲ)
NLD(ဒေါ်အောင်ဆန်းစုကြည်)နဲ့ စစ်အုပ်စုဟာ တကောင့်တကောင် အမြီးချင်းချိတ်မိနေတယ်။ တကောင်ချောက်ထဲကျရင် နောက်တကောင်ပါ ပါသွားမယ့်ကိန်းဆိုက်နေကြတာပါ။
စစ်အုပ်စုကျူးလွန်သမျှရာဇဝတ်မှုတွေအတွက် ဒေါ်စုက မျက်နှာပြောင်တိုက် ထွက်ကာကွယ်ရင်းကာကွယ်ရင်း သူ့နိုင်ငံရေးဟာ နိုင်ငံတကာအလယ်မှာ ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ သူ့ကိုယ်သူလည်း သူသိပုံရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုတက်လာတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးတောင် သွားမတက်ဝံ့ဘူးဖြစ်သွားတယ်။ စင်္ကာပူအစည်းအဝေးတုန်းကလည်း အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်နဲ့ ကြေကြေလည်လည်မဖြစ်ခဲ့ဘူး။
တခါ ရိုဟင်ဂျာတွေအပေါ် စစ်အုပ်စုကကျူးလွန်ခဲ့တာတွေအတွက် ကုလသမဂ္ဂကခန့်အပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ကြောက်ကန်ကန်ပြီးဇွတ်ငြင်းတာ စွပ်စွဲတာတွေကို နိုင်ငံခြားရေးဝန်ကြီး အမည်ခံပြီးတော့ကို မိုက်မိုက်ကမ်းကမ်း ထုတ်ပြန်ခဲ့တယ်။

သူ့ဘက်ကသာ ခုချိန်ထိ အောက်စီးကလိုက်ပြီး မူမဲ့တဲ့ရင်ကြားစေ့ရေးလုပ်နေပေမယ့် စစ်အုပ်စုကတော့ အရင်ကထက်တောင် အင်တင်တင်လုပ်ထားတာ သိသာနေတယ်။ အရင်လို လူမြင်ကောင်းရုံလေး ဖက်လှဲတကင်းတောင် လုပ်ပြဖော်မရတော့ဘူး။ စစ်အုပ်စုက အဲ့သလိုသာ ဆေးဖော်ကြောဖက်မလုပ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သုံးရမယ့်နေရာတွေရှိနေသေးတော့ လှန်ထားတဲ့သဘောလုပ်ထားတယ်။

အခြေအနေက ဒေါ်စု(အင်န်အယ်လ်ဒီ)ကလည်း စစ်အုပ်စုကိုလိုအပ်သလို စစ်အုပ်စုကလည်း ဒေါ်စုကိုလိုအပ်နေတယ်။ အပြန်အလှန် လိုအပ်နေတယ်။ လိုအပ်တာချင်းအတူတူ ဒေါ်စုဘက်ကလိုအပ်မှုက ပိုကြီးပါတယ်။ စစ်အုပ်စုကတော့ ဒေါ်စုမရှိတော့လည်း ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အထိုင်ကျနေသရွေ့ တက်လာသမျှလူတိုင်း(အစိုးရတိုင်း)နဲ့ မှေးထားပြီး နေလို့ဖြစ်နေသေးတယ်။ သဘောက ဒေါ်စုမရှိလည်း စစ်အုပ်စုကဖြစ်တယ်။

ဒေါ်စုကျတော့ လက်ရှိအနေအထားမှာ စစ်အုပ်စုမရှိလို့ကို မဖြစ်ဘူး။ အစိုးရကစစ်တပ်ကို အမိန့်မပေးနိုင်ဘူး။ လူမျိုးစုတွေက သူတို့တပ် သူတို့သေနတ် သူတို့အမိန့်ပေးနိုင်နေတယ်။ ပြည်တွင်းစစ်ပြဿနာ၊ လူမျိုးစုပြဿနာတွေကိုရှင်းဖို့ဆို စစ်တပ်ပါမှရမယ့်သဘောဖြစ်နေတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းတယ်ဆိုတာ ပြောတော့သာလွယ်တာ။ တကယ်က ကိုယ့်မှာ အားမရှိရင် ရှင်းမရပါဘူး။ ဒိုင်ခံရှင်းနိုင်လောက်တဲ့အားနဲ့ ရှင်းကြရမယ့်ဘက်တွေရဲ့ လေးစားခန့်ငြားမှုလည်း ရမှဖြစ်တယ်။ ဒေါ်စုမှာ အဲ့ဒီ “အား“က မရှိဘူး။ လူထုရှိတယ်ဆိုပေမယ့် အဲ့ဒီလူထု“အား“ က လက်နက်တပ်ဆင်ထားတဲ့ “အား“မဟုတ်ဘူး။ ဒေါ်စုအပေါ် အားကိုးသမှုပြုကြတဲ့အားသဘောက ပိုကဲပါတယ်။

Might is Right ကို ဘယ်လိုပဲ လက်မခံခံ Might ဆိုတဲ့ “အား“မရှိရင် ဘာမှလုပ်မရပါ။ ဗမာပြည်ပြဿနာမှ မဟုတ်ပါ တကမ္ဘာလုံးကပြဿနာတွေကိုလည်း Mighty ဖြစ်သူတွေကသာ ဦးဆောင်ဖြေရှင်းကြတာပါ။ “အား“ကိုင်ပြီး စကားပြောနေကြတာပါ။ ဗမာပြည်ကျတော့ ပိုပေါ်လွင် ပိုသိသာပါတယ်။ သိသာအောင်လည်း စစ်အုပ်စုက နှစ်ပေါင်းများစွာလုပ်ယူလာခဲ့တာပါ။

ဒေါ်စုအနေနဲ့ အဲ့ဒီပြည်တွင်းစစ်ပြဿနာလို၊ လူမျိုးစုပြဿနာတွေလိုဟာတွေကို ရှင်းချင်စိတ်ရှိဦးတောင်(ရှိတယ်လို့ယုံပေမယ့် ရပ်ခံချက်မူမမှန်တာတွေကြောင့် အပြတ်ပြောဖို့ခက်ပါတယ်) ရှင်းနိုင်ဖို့ အလွန့်ကိုခဲယဉ်းပါတယ်။ စစ်တပ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းဖြစ်နေရုံသက်သက်ကြောင့်တင်မဟုတ်ပဲ နိုင်ငံရေးရာထူးကြီးတွေနဲ့ အစိုးရရာထူးကြီးတွေကိုစီးထားတဲ့ စစ်ဗျူရိုကရေစီယန္တယားကြီး(စစ်ဗျူရိုကရက်ကြီးတွေ/ငယ်တွေ) ခံနေလို့ပဲ။ ဒုက္ခက စစ်တပ်ကတင်ပေးနိုင်တာမဟုတ်ပဲ နေရာပေါင်းစုံ ထောင့်ပေါင်းစုံကနေ ပေးနိုင်အောင် စစ်အုပ်စုက စနစ်တကျအကွက်ချစီမံထားတာပါ။

ကျပ်တာကတော့ ၂ ဘက်လုံးကျပ်တည်းနေကြတာပါ။ ပဋိပက္ခကလည်း ဘက်နှစ်ဘက်တည်းမှာဖြစ်နေတာပါ။ တဘက်က စစ်အုပ်စုဖြစ်ပြီး၊ အခြားတဘက်က အဖိနှိပ်ခံလူမျိုးပေါင်းစုံလူထုကြီးဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ “ကြား“ မရှိပါ။ တတိယသမားမရှိပါ။ မြေဇာပင်မရှိပါ။
မျိုးမြင့်ချို
သြဂုတ် ၁၈၊ ၂ဝ၁၉

(အကြမ်းဖက်တယ်ပဲထားပါ)

0 comments
(အကြမ်းဖက်တယ်ပဲထားပါ)
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို အင်န်အယ်လ်ဒီအမည်ခံအစိုးရက အကြမ်းဖက်မှုဆိုပြီး သုံးစွဲဖော်ပြသွားတာတွေ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေး/လက်နက်ကိုင်ခုခံစစ်တခုခုဟာ အကြမ်းမဖက်တဲ့နည်းလို့များ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်ခံအစိုးရကို တယောက်ယောက်က ပြောမိလိုက်သလား။ ဒါမှမဟုတ်လည်း သူတို့ဟာသူတို့ ကိုယ်ပိုင်နားလည်ချက်တွေနဲ့ လျှောက်ပြောနေတာများလား၊ တမင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သုံးစွဲတာလားက တွေးစရာတွေဖြစ်ပါတယ်။ တကယ်က လက်နက်ကိုင်နည်းဆိုတာ အကြမ်းဖက်တော်လှန်ရေးပါ။ Civil Disobedience မဟုတ်ပါ။ ဒါပေမယ့် Terrorism နဲ့မတူပါ။

Terrorism ဆိုတဲ့ဝေါဟာရကို ဘယ်လိုနားလည်ကြသလဲ။ နောက်ပြီး စကားလုံးဝေါဟာရရဲ့ အနက်အဓိပ္ဗါယ်နဲ့ လုပ်ရပ်ရဲ့သက်ရောက်မှုပါ။ လူတွေက Terrorism ကို အကြမ်းဖက်မှုလို့ ဘာသာပြန်ကြတော့ လူတွေအမြင်မှာ နားလည်ချက်က တမျိုးတမည်ဖြစ်သွားတာလည်း ပါမယ်ထင်ပါတယ်။ Terrorism ကို ဗမာပြည်ကွန်မြူနစ်ပါတီကတော့ “ခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒ“ဆိုပြီး ဘာသာပြန်ဖူးတာ မှတ်မိနေတယ်။ အဲ့သလိုလုပ်တဲ့သူဆိုရင် “ခြိမ်းခြောက်သတ်ဖြတ်သူ“ ဒါမှမဟုတ် “ခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒီ“လို့ဖြစ်မှာပါ။

မွတ်စလင်မ်အခြေခံဝါဒီတွေ ဒါမှမဟုတ် မွတ်စလင်မ်အစွန်းရောက်ဝါဒီတွေကပြီး ဒီနည်းကိုသုံးတာမဟုတ်ပါ။ ရှေးပဝေသဏီကတည်းက ဖိနှိပ်ခံတွေက သူတို့ရဲ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရာမှာ အဆမတန်အားကြီးတဲ့ရန်သူကို ခံချတဲ့နည်းအဖြစ် တွင်တွင်ကျယ်ကျယ်သုံးခဲ့တာပါ။ ပစ်မှတ်ရွေးချယ်တာတွေက ရန်သူ့ထိပ်သီးတွေ၊ ခေါင်းဆောင်တွေ၊ ရန်သူ့အဆောက်အဦးတွေ၊ ရုံးတွေဌာနတွေဖြစ်ပါတယ်။ ဒါပေမယ့် ပစ်မှတ်ပျော့ Soft Targets လို့ဆိုတဲ့ လက်နက်မဲ့ပြည်သူတွေ၊ နေရာဌာနတွေ၊ အဆောက်အဦးတွေလည်း ပါပါသွားတတ်တာတွေ့ရပါတယ်။ ဒီနည်းသုံးခဲ့တာမှာ အမြင်သာဆုံးဥပမာအနေနဲ့ပြရရင် ဗြိတိသျှအင်ပါယာကိုအန်တုခဲ့တဲ့ အိုင်းရစ်ရှ်တော်လှန်ရေးက IRA ကိုပြရမှာပါ။ IRA ဟာ ဒီနည်းကို အတော်လေးလက်ကိုင်ပြုခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာတော့ ဆိုဗီယက်ယူနီယံက အာဖဂန်နစ္စတန်ကိုကျူးကျော်လာတဲ့အခါ ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံတွေဖြစ်တဲ့ တာလီဘန်တွေနဲ့ အိုစမာဘင်လာဒင်တို့က ခုခံတွန်းလှန်ကြစဉ် အမေရိကန်က အဓိကအားပေးအားမြှောက်ပြုသူအဖြစ် ထောက်လှမ်းရေးနဲ့ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်၊ လေ့ကျင့်သင်ကြားရေး၊ ငွေကြေးနဲ့ အခြားစစ်ပစ္စည်းတွေ ပုံအောပြီး ထောက်ခံပံ့ပိုးခဲ့တာပါ။ ဒီလိုနဲ့ တာလီဘန်တွေရော အိုစမာဘင်လာဒင်တို့ရော ဒီနည်းတွေကို ပိုကျင်လည်လာကြ၊ ပိုအသုံးပြုလာကြ၊ ပိုတွင်ကျယ်လာကြတာပါ။ ဒီလိုနဲ့ ပညာတတ်တွေကိုပါ သိမ်းသွင်းလာနိုင်ခဲ့တော့ ဒီအုပ်စုတွေဟာ နည်းနာတွေရော နည်းပညာတွေမှာပါ ပိုအဆင့်မြင့်လာပါတယ်။

နောက်ပိုင်း (အထူးသဖြင့် ဆိုဗီယက်ယူနီယံပြိုကျသွားပြီးနောက်) အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်မယ်ဆိုပြီး ကြွေးကြော်လာတဲ့အချိန်ကျတော့မှာ တာလီဘန်တို့ အိုစမာဘင်လာဒင်တို့နဲ့ အမေရိကန်နဲ့ ခွာစပြဲပါတယ်။ ဒီနောက် ၉/၁၁ အမွှာမျှော်စင် လေယဉ်တွေနဲ့အတိုက်ခံရပါတယ်။ ပစ်မှတ်ပျော့ကိုတိုက်တာဖြစ်တဲ့အတွက် အိုစမာဘင်လာဒင်တို့ကို ကမ္ဘာ့နိုင်ငံအများအပြားက မလိုလားတော့တာ အကြီးအကျယ်ဆန့်ကျင်လာတာတွေဖြစ်လာပါတယ်။ အဲ့ဒီအခါကျမှ အယ်လ်ကိုင်းဒါးအမည်နဲ့အတူ Terrorists and Terrorism ဟာ အကြမ်းဖက်သမား အကြမ်းဖက်ဝါဒအဖြစ် ဘာသာပြန်တာတွေမှာ ပိုထင်ရှားလာသလို လူသိများလာတာလည်းဖြစ်ပါတယ်။
အနောက်ဖက်နဲ့ဥရောပမှာ အကြမ်းဖက်သမားလို့ပြောလိုက်ရင် အာရဗ်တွေဝတ်စားဆင်ယင်မှု၊ မုတ်ဆိတ်ကျင်စွယ်နဲ့ အေကေ ၄၇ ကိုင်ထားတဲ့လူတွေပုံကိုသရုပ်ဖော်ကြပါတယ်။ ဒီဝါဒကိုင်စွဲကြတဲ့ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေးသမားတွေနဲ့ တိုက်ကြတဲ့စစ်ကိုလည်း War on Terrorism လို့အမည်ပေးပြီး စစ်ဆင်ရေးတခုချင်းစီကိုလည်း ဘာသာရေးနဲ့နွယ်ပြီးဖြစ်ခဲ့တဲ့ ရှေးစစ်ပွဲတွေက စကားလုံးတွေယူသုံးတာရှိပါတယ်။

ပါမောက္ခဆင်မြူရယ်လ်ဟန်တင်တန်က Clash of Civilizations “ယဉ်ကျေးမှုများ ထိပ်တိုက်တိုးမိခြင်း“ ဆိုပြီးသုံးခဲ့တာရှိပါတယ်။ တချို့ကတော့ ဘာသာရေးစစ်ပွဲ ဒါမှမဟုတ် အစ္စလာမ်ယဉ်ကျေးမှုနဲ့ခရစ်ယာန်ယဉ်ကျေးမှုကြားက ပဋိပက္ခဆိုပြီး ခတ်စွန်းစွန်းကိုပြောတာရှိပါတယ်။ တကယ်ကတော့ ဒီ ခြိမ်းခြောက်သတ်ဖြတ်ရေးလုပ်ငန်းနဲ့ လုပ်သူတွေဟာ လူ့အဖွဲ့အစည်းတခုချင်းစီတိုင်းမှာရော၊ လူမျိုးစုတွေကြားထဲမှာရော၊ ဘာသာရေးတိုင်းမှာရောရှိပါတယ်။ ရှိတာမှ သံမနိရှည်ကြာစွာရှိခဲ့တာပါ။

ခုတော့ ဒီ Terrorism ကိုကြမ်းဖက်ဝါဒ လုပ်သူကို အကြမ်းဖက်သမားဆိုပြီး သုံးရင်းသုံးရင်း ကျနော်အပါအဝင် လူအမြောက်အများဟာ နှုတ်ကျိုးသွားပါပြီ။ အသားကျသွားပါပြီ။ အကြမ်းဖက်သမားဆိုရင် လက်နက်မဲ့အရပ်သူအရပ်သားတွေကိုပဲ လိုက်လံသတ်ဖြတ်နေသူလို့ဆိုတဲ့အထိ တွေးသူတွေးပါတယ်။ တွေးကြတာကလည်း လုပ်တဲ့သူတွေထဲကတချို့က အဲ့သလိုကို လုပ်တာတွေကြောင့်ပါသလို နောက်ပြီး မီဒီယာတွေရဲ့ ဝါဒဖြန့်မှုကလည်း အဲ့ဒီအပေါ် ဇောင်းပေးမှုများတာလည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် မပြေးသော်လည်း ကန်ရာရှိပါတယ်။

ပြန်ကောက်ရရင် ဗမာ့ပြည်က လက်နက်ကိုင်တော်လှန်ရေး/လက်နက်ကိုင်ခုခံစစ် ဆင်နွှဲနေသူတွေမှာလည်း ဒီခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒကို အသုံးပြုတာရှိပါတယ်။ (ဒီနေရာမှာ ဒီဝါဒကို ဗမာအစိုးရစစ်တပ်တွေကသုံးတာ၊ နိုင်ငံတော်ကိုယ်တိုင် ဦးစီးအသုံးပြုတာတွေကိုပြောရင် စာရှည်မစိုးလို့ချန်ခဲ့ပါရစေ)။ ဒီလိုသုံးခဲ့တယ်ဆိုလည်း “အကြမ်းဖက်မှု“လို့သုံးတာထက် အခြားဝေါဟာရတခုခုရွေးချယ်သုံးဖို့လိုပါတယ်။ သုံးမှဖြစ်ပါမယ်။ ခုလို အကြမ်းဖက်မှုဆိုပြီးသုံးလိုက်တော့ အနက်အဓိပ္ဗါယ်က ရွေ့သွားပါတယ်။ တမင့်ကို ရွေ့စေချင်လို့သုံးတာဆိုရင်တော့ ဒါဟာ မသမာမှုဖြစ်ပါတယ်။ ဒေါက်တာမျိုးညွန့်ပြောလေ့သလို ပြောရရင်တော့ “ဒါ နိုင်ငံရေးတွေပါတယ်“ လို့ဖြစ်ပါလိမ့်မယ်။

တကယ်တော့လည်း နိုင်ငံရေးလုပ်နေကြတာပဲ မဟုတ်လား။ နိုင်ငံရေးမပါလို့ ဘာပါကြမှာလဲ။ သမ္မာအာဇီဝလုပ်နေကြတာမှ မဟုတ်ပဲ။ သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေကြတာမှ မဟုတ်ပဲ။
မျိုးမြင့်ချို
သြဂုတ် ၁၉ ၊ ၂ဝ၁၉

(အဆံချောင်တာ မကောင်းပါ)

0 comments
(အဆံချောင်တာ မကောင်းပါ)
အင်န်အယ်လ်ဒီအစိုးရက(အစိုးရလို့ပဲ ခနထားပါ)စစ်အုပ်စုရဲ့ အစေစားခံပါ။ စစ်တပ်ကိုအမိန့်မပေးနိုင်တဲ့အပြင် လွန်ဆန်လို့မရ။ တချို့နေရာတွေမှာ နာပါ နာခံနေရတာပါ။ လူမျိုးစုလက်နက်ကိုင် ဘယ်အင်အားစုကမှ လေးစားခန့်ငြားနေတာမဟုတ်သလို ယုံကြည်ကိုးစားမှုလည်း ရမထားပါ။ အစိုးရဲ့ အပစ်အခတ်ရပ်စဲရေးကော်မရှင်ဟာ ဘာမှလုပ်မရပါ။ ဒေါက်တာတင်မျိုးဝင်းဟာ ကိုယ်စွမ်းကိုယ်စ(နိုင်ငံရေး)နည်းရတဲ့အထဲ ဘာကိုမှ တထိုင်တည်း ဆုံးဖြတ်ခွင့်မရှိပါ။ ပြန်တင်ပြပါ့မယ်နဲ့ပြီးတဲ့ ဆက်သွယ်ရေးအရာရှိအဆင့်သာသာပါ။ အဲ့သလိုအခြေအနေတွေမှာ အင်န်အယ်လ်ဒီက လုပ်ချင်တဲ့ ၂၁ ရာစုပင်လုံဟာ ဘယ်နည်းနဲ့မှအကောင်အထည်ဖော်မရပါ။

NCA ဆိုတာကလည်း စစ်အုပ်စု(သိန်းစိန်လက်ထက်က)ချပေးထားတဲ့အခင်းအကျင်းအောက်က သွားနေတာပါ။ အားလုံးကို ချုပ်ထားတာက “ဒို့တာဝန်အရေး ၃ ပါး“ပါ။ ထပ်ဆင့်ချုပ်ထားတာက “ကာချုပ်မူ ၆ ချက်“ပါ။ ဒီကြားထဲ လှေကြီးပေါ်လှေငယ်တင်ပြီး အပစ်ရပ်ကိစ္စတွေနဲ့ပတ်သက်လို့ စစ်အုပ်စုက သီးခြားကော်မရှင်ဖွဲ့ထားတာရှိပါတယ်။ ကိစ္စရပ်တိုင်းရဲ့ထိပ်မှာ ထိုင်ထားက “တပ်မတော်၏အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဍ“ပါ။ အားလုံးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်ကနေသွားနေရတာပါ။ အင်န်အယ်လ်ဒီလုပ်မယ်ကြံသမျှ လုပ်ချင်တာမှန်သမျှကို စစ်အုပ်စုက တချက်မှ အလွတ်မပေးပဲ ကဖျက်ယဖျက် လုပ်နေတာပါ။ လုပ်ပြီးသားပါ။ ဒါက အချက်အလက်နဲ့အခြေအနေပါ။

အပစ်ရပ်ကိစ္စ(ပြည်တွင်းစစ်ကိစ္စအထိအပါ)ကို စစ်အုပ်စုကလုပ်နေတယ်။ အစိုးရ ဘာမှလုပ်မရပါ။ စစ်အုပ်စုက သူလုပ်နေကြောင်းကို မင်းအောင်လှိုင်ကတဆင့် တကမ္ဘာလုံးကို “၂ဝ၂ဝ မှာ ပြည်သူတွေလက်ထဲ ငြိမ်းချမ်းရေးကို အပ်နှင်းမယ်“ဆိုပြီး အတိအလင်းပြောထားပြီးသားပါ။ အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တောင် “ကာချုပ်ကြီးက ၂ဝ၂ဝ မှာ ပြည်သူတွေလက်ထဲ ငြိမ်းချမ်းရေးအပ်မယ်ပြောထားလို့ ပါတီစည်းကမ်းထိန်းသိမ်းရေး ပါတီပြုပြင်တည်ဆောက်ရေးတွေကို ငြိမ်းချမ်းရေးရမှလုပ်မယ်“ ဆိုပြီး အပြေးအလွှား ထွက် “ဝမ်းသာပြတာ“ အထင်အရှားရှိပါတယ်။
ခု မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက နောင်ချို၊ ကျောက်မဲ၊ မြေမြိ့ုစတာတွေကို ဝင်ပစ်ပါတယ်။ ဂုတ်တွင်းတံတား မိုင်းခွဲခံရပါတယ်။ ဒါကို အစိုးရကလုပ်နေတဲ့ အပစ်အခတ်ရပ်စဲေျရး ငြိမ်းချမ်းရေး အမျိုးသားရင်ကြားစေ့ရေး စတဲ့ကိစ္စတွေကို ထိခိုက်စေတယ်ဆိုပြီး ပြောသံတွေ အလွန်ကျယ်လောင်လာပါတယ်။

မေးစရာရှိတာက အပေါ်မှာ ကျနော်ပြောခဲ့တဲ့ အချက်အလက်နဲ့အခြေအနေတွေအရ အစိုးရက တခုခုကိုမှ အောင်အောင်မြင်မြင်မလုပ်စွမ်းပါ။ လုပ်နေတယ်ပြောရအောင်လည်း ထူးထူးခြားခြားတိုးတက်မှု ဘာတခုမှမတွေ့ရပါ။ တရားဝင်တွေ့တယ်၊ အလွတ်သဘောတွေ့တယ်၊ ထပ်တွေ့တယ်၊ ထပ်တွေ့ဖို့ သဘောတူတယ်ဆိုတာတွေနဲ့ ပြီးပါတယ်။ အချိန်တွေကုန်ပါတယ်။ တိုင်းပြည်ဘဏ္ဏာပြုန်းပါတယ်။ လူထုပိုက်ဆံ ဆုံးရှူံးပါတယ်။

အပစ်ရပ်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေစသည်ဖြင့် တခုခုကို တိုးတိုးတက်တက် အောင်အောင်မြင်မြင်လုပ်ပြနေတုန်း တိုက်ပွဲတွေဖြစ်လာလို့ ခုလိုမျိုးပြောတယ်ဆိုတယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ပြောသင့်ပါတယ်။ ပြောရမှာပါ။ ခုက ဘာမှလည်း လုပ်မရ။ ဘာမှလည်း ထိထိရောက်ရောက် လုပ်မနေပါပဲ ခုလိုမျိုးထွက်ပြီး “နိုင်ငံရေးအဆံချောင်“တာကတော့ မကောင်းပါ။ ဘာအလုပ်မှ မပြနိုင်ပဲ “မင်္ဂလာဝင်ယူ“တဲ့သဘောဆန်ပါတယ်။

အပေါ်ယံဆန်ဆန်တွေ ဟန်ပြအဆောင်အယောင်တွေ မစားရဝခမန်းတွေ လျှောက်လုပ်နေမယ့်အစား “အပစ်အခတ်ရပ်စဲရေးကိစ္စ/ပြည်တွင်းစစ်ရပ်စဲရေးကိစ္စ/ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ကျနော်/ကျမတို့ ဘာမှ လုပ်မရဘူး၊ လုပ်ခွင့်မရှိဘူး၊ မလုပ်နိုင်ပါဘူး၊ အဲ့ဒီကိစ္စတွေမှာ စစ်အုပ်စုက သူ့လက်သူ့ခြေ သူ့စိတ်တိုင်းကျစီမံခွင့် ဆုံးဖြတ်ခွင့်တွေရယူထားပြီးသားမို့ အဲ့ကိစ္စမှာ ဝင်ပါနေလည်း တိုင်းပြည်အတွက် လူထုအတွက် အစိုးရအတွက် ပါတီအတွက် ဘယ်ဘက်ကမျှ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်လို့ လုပ်လက်စတွေကို ရပ်ဆိုင်းလိုက်ပါမယ်“လို့ တိုင်းပြည်နဲ့လူထုကို မှန်မှန်ကန်ကန် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ နှိမ့်နှိမ့်ချချပြောကြည့်ပါ လူထုရဲ့ စာနာစိတ်၊ မေတ္တာတရားနဲ့ ကရုဏာမဲတွေ ဒလဟောရလာမှာပါ။ အထူးသဖြင့် လူမျိုးစုတွေဆီက ပိုတောင် လာနိုင်ပါတယ်။
မျိုးမြင့်ချို
သြဂုတ် ၂ဝ၊ ၂ဝ၁၉

(အနံဆံုးဟာ အေမႊးဆံုးထဲမွာသံုးတာ)

0 comments
အနံဆံုးဟာ အေမႊးဆံုးထဲမွာသံုးတာ)
Skunk ဆိုတဲ့အကောင်ဟာ အနံ့ပြင်းရုံမက သူ့အနံ့က အကြာကြီးစွဲနေတတ်တယ်။ တခါတလေများ ကားမောင်းသွားရင်း ကားထဲကို Skunk အနံ့ကဝင်လာတယ်။ ဘယ်အချိန်က ကားလမ်းကို ဖြတ်သွားမှန်းသာမသိရတာ သူ့အနံ့က ကားမှန် အလုံပိတ်ထားတဲ့ကြားက ဝင်လာတာ။ အဲ့လောက်အနံ့ဆိုး အနံ့ပြင်း အနံ့စွဲတဲ့သတ္တဝါရဲ့ အနံ့ထုတ်တဲ့အကျိတ် (အနံ့အိပ်ဆိုပါတော့)ကတော့ ဈေးကြီးသလား မမေးနဲ့ဆိုတာမျိုး။

ဘယ်နေရာမှာသုံးတာလဲဆိုတော့ ရေမွှေးလုပ်ငန်းတွေမှာသုံးတာတဲ့။ အရင်ဆုံး အဲ့ဒီအကျိတ်ထဲက ဒီကောင့်ပင်ကိုယ်နံတဲ့အနံ့ကို အနံ့ချွတ်ဓာတုဆေးတွေနဲ့ လုံးဝစင်သွားတဲ့အထိ ဆေးပစ်ရတယ်။ ပြီးတော့မှ အနံ့အကြာကြီးစွဲနေတတ်တဲ့ဓာတ်ချည်း ပြန်သန့်စင်ထုတ်ရတယ်။ အဲ့ဒီ အနံ့မဲ့ပေမယ့်(လူ့အရေပြားအပါအဝင်) အဝတ်တို့ဘာတို့ တခုခုမှာ အကြာကြီးအနံ့စွဲစေတဲ့ အဲ့ဒီဓာတ်ကို ရေမွှေးထဲ ထည့်စပ်ရတာတဲ့။ ဒါဆို လူ့ကိုယ်မှာ(အဝတ်မှာ)ဆွတ်လိုက်တဲ့ရေမွှေးက အနံ့တော်တော်နဲ့မပြယ်တော့ဘူးတဲ့။ အကြာကြီးစွဲနေတော့တာတဲ့။ အဲ့ဒီပစ္စည်းကို တော်ရုံတန်ရုံရေမွှေးတွေမှာ ထည့်မသုံးနိုင်ဘူးတဲ့။ ဈေးအလွန်ကြီး အမျိုးအစားလည်းကောင်း နံမည်လည်းကြီးတဲ့ ရေမွှေးကြီးတွေမှာပဲ သုံးနိုင်သတဲ့။

အဲ့ဒီ အကျိတ်ထုတ်တာက လွယ်ပေမယ့် အဲ့ဒီအကျိတ်ကို အနံ့ပျောက်အောင်လုပ်တဲ့ဆီရောက်အောင် သယ်ယူရတာက ဒုက္ခနည်းနည်းများတယ်တဲ့။ လမ်းမှာ အနံ့အသက်ထွက်မှာ လူတွေကိုဒုက္ခပေးမိမှာထက် ဓာတ်ခွဲခန်းမရောက်ခင် အကျိတ်က ပျက်စီးသွားမယ့်အန္တရာယ်က ပိုများသတဲ့။ သတ်မှတ်ထားတဲ့ အပူချိန်အအေးချိန် ချိန်ထားတဲ့ လျှပ်စစ်ဗူးတွေထဲထည့်ပြီး လေယဉ်နဲ့ပို့တာတောင် မိနစ်ပိုင်းလောက်လေး အလွဲအချော်ဖြစ်တာနဲ့ အဲ့ဒီအကျိတ်က ပျက်သွားသတဲ့။ ပျက်သွားရင် ဘာမှ ဆက်လုပ်မရတော့ဘူး လွှင့်ပစ်လိုက်ရတယ်တဲ့။

တခါ အချိန်မီတော့ရောက်ပါရဲ့ အနံ့ချွတ်တဲ့ Process က အတိမ်းအစောင်းလုံးဝ မခံဘူးတဲ့။ အချွတ်အချော် နည်းနည်းလေးဖြစ်လိုက်တာနဲ့ အားလုံးပစ်လိုက်ရရောတဲ့။ ဘာအတိမ်းအစောင်းမှမရှိပဲ အားလုံးကွက်တိဖြစ်ရင်တောင် အချိန်မနည်းကြာဆိုဘဲ။ထားပါတော့၊ ပြောချင်တာက လူများ တော်တော် ကပ်သီးကပ်သတ်တွေးတတ်တယ်ပြောမလား ကြံကြီးစည်ရာလုပ်တတ်တယ်ပြောမလားပဲ။ ဒီလောက် နံတဲ့အကောင်ကိုတောင် ချမ်းသာမပေးဘူး အသုံးချပစ်တာ။ ခု ပြင်သစ်ကလာတဲ့ ဘာရေမွှေးတို့ အီတလီက ဘာတံဆိပ်တို့ အမေရိကန်က ဘာ Brand ရေမွှေးတို့ကို ဈေးကြီးပေးဝယ်သုံးနေကြတဲ့ မယ်မင်းကြီးမတွေနဲ့ မောင်မင်းကြီးသားတွေကိုအဲ့ဒီ Skunk ကောင်အနံ့တော့ တခါလောက်ဖြစ်ဖြစ် ခံကြည့်စေချင်တယ်။ ဘယ်လိုနေမလဲမပြောတတ်ဘူး။

ကျနော်ကတော့ အော်ဂလီဆန်ပြီး အိပ်မက်ထဲအထိပါ လိုက်နံတယ်။ (ဟိုးတလောက မိတ်ဆွေတယောက်နဲ့ တောဘက် ကားလျှောက်မောင်းရင်း Skunk အနံ့ရတာကနေ စကားစပ်မိပြီး သိခဲ့ရတာလေး ပြန်ပြောပြတာပါ။)

Thursday, August 15, 2019

(ဓားသွားလည်းခွေ လှံလည်းကြွေအံ့)

0 comments
(ဓားသွားလည်းခွေ လှံလည်းကြွေအံ့)
ပလောင်လွတ်မြောက်ရေးတပ်မတော်အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးဖေါက်ဝင်ရောက်နိုင်စွမ်းက မြင့်လာပြီ။ မေမြိ့ုအထိရောက်လာပြီ။ ပြည်တွင်းစစ်ဟာ မြိ့ုကြီးပြကြီး(ရန်ကုန်/မန္တလေး/မော်လမြိုင်စသည်)တွေအထိရောက်လာပြီး မြိ့ုတွင်းပြောက်ကြားတိုက်ပွဲတွေ ယာယီမြိ့ုသိမ်းတိုက်ပွဲတွေဖြစ်ဖို့ ခဲယဉ်းသေးပေမယ့် ခုလောက်ထိတိုးဝင်လာနိုင်တာနဲ့တင် စစ်အုပ်စု နိုင်ငံရေးအရ အထိနာလှပြီ။

ပြန်ဝန်ဟောင်းရဲထွဋ်ပြောသလို ထောက်လှမ်းရေးယန္တယားကြီးမရှိတော့လို့လည်း မဟုတ်ဘူး။ သန်းကောင်စာရင်းစစ်တာမရှိတော့လို့လည်း မဟုတ်ဘူး။ အစိုးရ ပေါ့လျော့လို့လည်း မဟုတ်ဘူး။ အဲ့ဒီထောက်လှမ်းရေးတွေ သန်းကောင်စာရင်းတွေရှိနေတဲ့ကာလတလျှောက်လုံးလည်း မြိ့ုလည်ကောင်တွေမှာ ဗုံးကွဲနေတာပဲ။ အသံလွှင့်ရုံ လောင်ချာနဲ့အထုခံရတာပဲ။ စိစစ်လှပါတယ် တင်းကျပ်လှပါတယ် ဖိနှိပ်မှုလက်ပေါက်စိပ်လှပါတယ်ဆိုတဲ့ စစ်အစိုးရအုပ်ချုပ်နေချိန်ကလည်း ဒီ့ထက်မကပြင်းထန်ပြီး အထိအခိုက်အကျအဆုံးများတဲ့ တိုက်ပွဲကြီးငယ်တွေရှိခဲ့တာပဲ။ တကယ်တော့ ဒါဟာ စစ်အာဏာရှင်တွေ သူတို့လက်ပါးစေတွေ အလိုတော်ရိတွေပြောသလို ဟိုဟာကြောင့်ဒီဟာကြောင့်ဆိုတာတွေကြောင့် မဟုတ်ဘူး။

အစိုးရ အကိုင်အတွယ်အပေါ့အလျော့လို့ပြောရအောင်လည်း စစ်ရေးစစ်ရာတွေ စစ်ကိစ္စတွေ စစ်အသုံးစရိတ်တွေ စစ်ဆင်ရေးကိစ္စတွေမှာ အစိုးရက ဘာမှ လုပ်ခွင့်ပြောခွင့်မရှိဘူး။ ယုတ်စွအဆုံးပြောရင် စစ်ဗိုလ်စစ်သားတယောက်ယောက်က လူသတ်မုဒိန်းကျင့်ဦးတောင် နယ်ဘက်တရားရုံးတွေက စီရင်ခွင့်မရှိဘူး။ ဒီတော့ ဒီတိုက်ပွဲတွေကိစ္စ အစိုးရကို တာလွှဲချလို့မရဘူး။
ဒီနောင်ချို ဂုတ်ထိပ် ကျောက်မဲ မေမြို့တိုက်ပွဲငယ်တွေမှာ စစ်တပ်ဘာ့ကြောင့်အထိနာရသလဲဆိုတာက ဒါဟာ သူတို့ကို ပြည်သူ(လူထု) ထောက်ခံမှု ဘယ်လောက်ရှိမရှိကိုပြနေတဲ့အချက်ဖြစ်တယ်။ အတိုင်းအတာဖြစ်တယ်။ စစ်မှာ လူထုမပါရင် ရန်သူနဲ့ပတ်သက်တဲ့ ဘာသတင်းမှ ထောက်လို့ မရပါ။ ဒါက အချက်အလက်ကိုပြောတာပါ။

အကြောင်းရင်း(တရားကိုင်ပြောရရင်)ကို ပြောရရင်တော့ ဒါဟာ “ပြည်တွင်းစစ်ပြဿနာ“ပါ။ ပြည်တွင်းစစ်ပြဿနာလို့ပြောလိုက်တာနဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကြီးတွေဟာ လက်သည်ဆိုတာ တန်းကနဲပေါ်လာတယ်။ ပြည်တွင်းစစ်ရှိနေသမျှ ဒီလိုတိုက်ပွဲကြီးငယ်တွေရှိနေမှာပဲ။ သူ့ဘက် ကိုယ့်ထိခိုက်ကျဆုံးတွေရှိမှာပဲ။ အရပ်သူအရပ်သားတွေ နာကြကျင်က ထိကြခိုက်ကြဦးမှာပဲ။

ချုပ်ရရင် စစ်အုပ်စု စစ်အာဏာရှင် စစ်ဗျူရိုကရေစီယန္တယားရှိနေသမျှ ပြည်တွင်းစစ်ရှိနေမှာပဲ။ ပြည်တွင်းစစ်ရှိနေသမျှ တိုင်းပြည်လည်း ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဖြစ်နေမှာပဲ။ ပြည်သူတွေလည်း အတိဒုက္ခရောက်နေကြရဦးမှာပဲ။ ဒါတွေအားလုံးချုပ်ငြိမ်းဖို့ဆိုရင် စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် သုတ်သင်နိုင်မှဖြစ်မှာပါ။
မျိုးမြင့်ချို
သြဂုတိ၁၅၊ ၂ဝ၁၉