Tuesday, October 8, 2019

ဗန်းမောင်တင်အောင် ဋီကာ (လူထုဒေါ်အမာ)

0 comments
ဗန်းမောင်တင်အောင် ဋီကာ (လူထုဒေါ်အမာ)
ကိုတင်အောင် ဆုံးပြီးတာ ၂၂ နှစ်ကြာတော့ ဗန်းမော်တင်အောင် ဋီကာ ဆိုပြီး ကိုတင်အောင် အကြောင်းတွေ ရေးဖော်တွေ၊ မိတ်ဆွေတွေက ဝိုင်းရေးထားကြတဲ့ ဆောင်းပါးတွေ စုပြီး ပုံနှိပ်တဲ့ စာအုပ်တအုပ် အားမာန်သစ်စာပေက ထွက်လာပါတယ်။ အဲဒီအထဲ ရေးကြတဲ့ ရေးဖော် စာရေးဆရာတွေ၊ သူ့ကို ခင်မင်တဲ့ မိတ်ဆွေတွေရဲ့ ဆောင်းပါးတွေက တော်တော်စုံပါတယ်။ နို့ပေမဲ့ ကျမနဲ့ ဦးလှတို့ ရေးတာတွေတော့ မပါဘူး။
ဘယ်ပါနိုင်လိမ့်မတုံး၊ ကိုတင်အောင်က ၁၉၇၈ ခု အောက်တိုဘာလမှာ ဆုံးရှာတာ။ ဦးလှရယ်၊ ကျမရယ်၊ ကျမတို့သား အငယ်ဆုံးကောင်ရယ်က သားအမိ၊ သားအဖ သုံးယောက်စလုံး ကိုတင်အောင် ခဏခဏ သွားခဲ့ရတဲ့ နေရာကို ကျမတို့က ရောက်နေကြရတာကိုး။ အဲဒီတော့ ကျမတို့က သူဆုံးတဲ့ အကြောင်း သိလည်း မသိဘူး။ အဲဒီမှာက သတင်းစာ ဖတ်ရတာမှ မဟုတ်တာ။ နောက် နှစ်လ လောက် နေတော့မှ သွင်းလာတဲ့ မဂ္ဂဇင်းလေး တစောင်မှာ ဖတ်ရမှ သိပါတယ်။
ကျမ အဲဒီထဲမှာ နေရတုန်းက ကျား ဘညိမ်း ဆုံးတာလည်း ကိုတင်အောင့် လိုပဲ ကျမ မသိဘူး။ နောက်မှ ကြာမှ သိတာ။ သိတော့လည်း စိတ်ဆင်းရဲတာကလွဲလို့ ဘာမှ မရေးနိုင် မသားနိုင်ဘူးလေ။
ကိုတင်အောင်ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က သေဆုံးတယ်။ သူ အသက်ရှင်တုန်းက နှစ်ပေါင်း ၃၀ ကျော် စာတွေ ရေးသားသွားတယ်။ ကျမ သိမီသမျှ စာရေး စရာတွေထဲမှာ ကိုတင်အောင်ရဲ့ ဇာတ်လိုက် စတိုင် တုပ ဝတ်စားရတဲ့ ကလေးတွေလည်း အများကြီး။ သူ့ ဇာတ်လိုက် တချို့က ဆေးတံသောက်ကြလို့ ဆေးတံ လိုက်သောက်သူတွေလည်း ရှိလေသေးရဲ့။ သူတို့ ရေးသားကြသားတဲ့ စာတွေမှာ ကိုတင်​အောင် စတိုင် တုရေးကြတာကလည်း များမှများ။ “တော့-ကာ-သာ-ဘဲ-ရယ်နှင့်” ဆိုတာ သူတို့စာတွေထဲမှာ ထည့် ကြရတဲ့ ကိုတင်အောင့် စတိုင်တွေလေ။
သူ့ဇာတ်လိုက်ရဲ့ နာမည်ကိုယူပြီး စာရေးလိုသူ တဦးက ကလောင် နာမည် မှည့်တယ်။ အဲဒီ ကလောင် တက္ကသိုလ် ဘုန်းနိုင်ဆိုတာဟာ နာမည်ကျော် ကလောင်ကြီး တချောင်း ဖြစ်လာတယ်။ လူငယ်တယောက် အထီးကျန်နေရင် “ဘုန်းမောင့်တယောက်ထဲ(တည်း)ရယ်” လို့ ခုထက်ထိ သုံးနှုန်း ပြောဆိုနေသေးတုန်း။ ကိုတင်အောင့်စာကို ကြိုက်ကြတာ၊ ကြိုက်ကြတာ။ တကယ့် အရူးအမူးပါပဲ။
စာရေးဆရာ တယောက်ရဲ့စာ လူငယ်တွေကြားမှာ လူကြိုက်များလိုက်ပုံကတော့ တကယ့် စံချိန်ပါပဲ။ ကျမ တသက်မှာ ကနေ့ထက်ထိ မကြုံဖူးပါဘူး။ ပြီးတော့ စာရေးဆရာတယောက်အနေနဲ့ အဖိနှိပ်ခံရပုံများကလည်း သူ မတူအောင် ရှိခဲ့တယ်။
ဦးလှနဲ့ ကိုတင်အောင်က ခင်တယ်။ ခင်တာလည်း မပြောနဲ့။ သူတို့နှစ်ယောက် အတူတူနေကြရတာ နှစ်နဲ့ချီ အကြာကြီး မဟုတ်လား။ အဲဒီလို နေရာမှာ အတူနေကြရတယ် ဆိုရင် တခြား နေရာမှာ အတူနေရတာနဲ့ မတူဘူး။ ပိုခင် ပိုသံယောဇဉ် ဖြစ်လေ့ရှိပါတယ်။ ကိုတင်အောင်နဲ့ ကျမနဲ့ကျတော့ လူချင်းက မရင်းနှီးကြဘူး။ သိတာပဲ ရှိတာ။ အတူတူ တွဲဖက်လုပ်ကိုင်ရတာက နည်းတယ်။ ဦးလှနဲ့လို မရင်းနှီးဘူး။ ဒါပေမယ့် သူဘာဆိုတာ ကျမသိသလို ကျမ ဘာဆိုတာလည်း သူက သိနေတာပါ။
ပြောရဦးမယ်။ ကျမ တခါ ရန်ကုန်သွားတာ့ မိတ်ဆွေ တယောက်မှာ ကိုတင်အောင်နဲ့ မထင်မမှတ်ဘဲ ဘွားခနဲ သွားတွေ့တယ်။ သူက အဲဒီအိမ်မှာ အသာလျှိုနေရတဲ့ ကာလ။ ကျမက သူ့ကို ခုလို ကိုယ့်အိမ်မှာ ကိုယ်မနေနိုင် မကပ်နိုင် အစစ ဒုက္ခများ နေရှာမှာ ဆိုပြီး မန္တလေး မပြန်ခင် အပိုရှိသေးတဲ့ ငွေကလေး ၃၀၀ ကျပ် သူ့ကို ပေးပါတယ်။ အဲဒါ ကိုတင်အောင်က မယူဘူးတဲ့။ ကျမကတော့ ရဲဘော်တယောက် ဒုက္ခရောက်နေချိန်မှာ ကျမမှာ ပါတာကလေးနဲ့ ကူညီတဲ့ သဘောပါ။ အနားမှာလည်း ဘယ်သူမှ မရှိပါဘူး။ သူနဲ့ ကျမ နှစ်ယောက်တည်းပါ။ သူက မယူပါဘူးတဲ့။ ကျမမှာလေ စိတ်မကောင်းလိုက်တာ။ ကိုတင်အောင် ငါ့ဆီကမို့လို့ မယူတာ။ ဦးလှဆီက ဆိုရင် ယူမှာလို့လည်း စိတ်ထဲအောက်မေ့ပြီး ငါ့အပေါ် ခွဲခြားလေခြင်းလို့ သူ့အပေါ် မကြိုက်ဖြစ်ရတယ်။ ပြီးတော့ ငါပေးတာကလေးက မဖြစ်စလောက်မို့လားလို့လည်း တွေးမိရဲ့။ နို့ပေမဲ့ ကျမရှိတာ အကုန်ပါ။ ဒါလည်း မဟုတ်နိုင်ပါဘူး။ ငါ့ကို စိမ်းလို့ အားနာလို့ မယူတာ။ ငါဟာ အားနာစရာလားလို့လည်း အောက်မေ့မိတယ်။ ကျမရင်ထဲ ခံစားရတာ အမျိုးမျိုးပါပဲ။ ကိုတင်အောင်ကတော့ ဘာကြောင့် မယူလိုက်တယ် မသိပါဘူး။ နို့ပေမဲ့ ကျမမှာတော့ ရဲဘော်ကိုဘဟိန်း အပေါ် မရိုးမသား လုပ်ခဲ့မိတာကို ကနေ့ထက်တိုင် မမေ့နိုင်ဘဲ စိတ်မကောင်းဖြစ်နေသလိုပ။ ကိုတင်အောင်ကို ငွေပေးမိတာလည်း ငါက မှားတာလား။ သူက မှားတာလားနဲ့ သတိရတိုင်း ကိုယ်မှားတာ ဆိုရင် စိတ်မကောင်း ဖြစ်မိတယ်။
ကိုတင်အောင်ဟာ သူစာရေးသက် နှစ်ပေါင်း (၃၀) ကျော်အတွင်းမှာ သတင်းစာလည်း ထုတ်ဖူးတယ်။ ဂျာနယ်လည်း ထုတ်ဖူးတယ်။ မဂ္ဂဇင်းလည်း ထုတ်ဖူး။ ဝတ္ထုတိုရှည်တွေလည်း အများကြီး ရေးခဲ့တယ်။ ဆောင်းပါးတွေကလည်း အများကြီး ရေးခဲ့သူပါ။ ရေးခဲ့တာတွေထဲမှာ နာမည်ကျော် နာမည်ကြီးတာတွေလည်း ကိုတင်အောင်က အလုပ်ကို လောဘ တကြီး လုပ်သွားတဲ့သူမို့ သူကျန်ခဲ့တဲ့ လက်ရာတွေဟာ လုပ်သက်နဲ့ မမျှအောင် အများကြီး ကျန်ရစ်တဲ့သူပါ။
ဒါကြောင့် သူ့စာတွေကို စုဆောင်းပြီး ပြန်လည် ပုံနှိပ်ထုတ်ဝေဖို့ ကြိုးစားကြစေချင်ပါတယ်။ ဒီခေတ်ဟာ စာအဟောင်းတွေ အများကြီး ပြန်ထွက်နေတဲ့ခေတ်၊ ထွက်လာတဲ့ စာအုပ်တိုင်းကို ဖတ်သူက ဝယ်နေကြတဲ့ ခေတ်မို့ ကိုတင်အောင့်စာတွေ ပြန်ရိုက်လို့ရသမျှ ပြန်ရိုက်ကြပါလို့ တိုက်တွန်းချင်လှပါတယ်။
လူထု ေဒၚအမာ
(အတွေးအမြင်၊ ၂၀၀၀ ပြည့်နှစ်)
ဗန်းမော်တင်အောင်ရာပြည့်ကျင်းပရေးကော်မတီပေ့ဂျ်ကနေကူးယူဖော်ပြတာဖြစ်ပါတယ်။

Wednesday, October 2, 2019

(စိတ်ကူးနဲ့ ဖဲရိုက်ကြည့်တာပါ)

0 comments
(စိတ်ကူးနဲ့ဖဲရိုက်ကြည့်တာပါ)
ကရင့်အာဇာနည်နေ့နဲ့ပတ်သက်ပြီး နော်အုန်းလှတို့ကို ဖမ်းဆီးထောင်ချလိုက်တော့ မြိ့ုနေ ဗမာမဟုတ်တဲ့အခြားလူမျိုးစုတွေကြား အပြန်အလှန်နားလည်မှု ဖေးမမှုအခြေခံပြီး စုစည်းမှုတခုရဖို့ အခွင့်အလမ်းကောင်းပေါ်လာတယ်။ နော်အုန်းလှတို့ရုံးအထုတ်မှာ လာရောက်ဝန်းရံ အားပေးထောက်ခံသူတွေထဲမှာ လူမျိုးစုံလူမျိုးစုတွေပါနေတယ်။ ဗမာထဲကလည်း ပါတာပါပဲ။ ဒါပေမဲ့ ဗမာဟာ အခြားသောလူမျိုးစုများနည်းတူ တစုဖြစ်တယ်ဆိုတာကို တင်းတင်းရင်းရင်း မပြောဝံ့ကြသေးတာပဲရှိတယ်။ အခြားလူမျိုးစုတွေအနေနဲ့ကတော့ ဗမာဟာ ငါတို့နည်းတူ လူမျိုးစုတွေထဲကတစုဖြစ်ပြီး လူများစုလူမျိုးစုကြီးဖြစ်တာကို သိမှတ်လက်ခံကြပါတယ်။ ဗမာအများတကာအများစုကလည်း မဟာဗမာလူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ စစ်အုပ်စုရဲ့ဖိနှိပ်မှုအောက်မှာ ဗိန်မသာလိန်မသာဖြစ်နေတာပါ။ ဗမာတွေထဲမှာ လူမျိုးကြီးဝါဒီတွေရှိသလို လူနည်းစုလူမျိုးစုတွေထဲမှာလည်း ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိသူတွေရှိတာတော့ ၂ ခုလုံးကိုယ်တွေ့မို့ အထူးပြောနေစရာမရှိပါ။ အဲ့ဒီအထဲမှာမှ ထူးထူးခြားခြား ဒေသစိတ် လူမျိုးစိတ်ကြီးတဲ့ လူမျိုးစုငယ်လည်းရှိပါတယ်။
ဗမာပြည်မှာ ခုပြောနေတဲ့ဖက်ဒရယ်ဆိုတဲ့ ပြည်ထောင်စုပြဿနာဟာ တကယ်တော့ လူမျိုးစုပြဿနာပါ။ လူကြီးတွေပြောဖူးသလို ဗမာပြည်က လူမျိုးစုပြဿနာကို နားမလည်ရင် ဗမာ့နိုင်ငံရေးကိုနားလည်တယ်လို့ ယူဆလို့မဖြစ်ဘူးဆိုတာလည်း အလွန့်ကိုမှတ်သားထိုက် သတိချပ်ထိုက်ပါတယ်။
လူမျိုးစုတွေထဲမှာ ဗကပနဲ့လက်တွဲပြီး အတွေးအခေါ်ရေးအရ နိုင်ငံရေးအရ စည်းရုံးရေးအရ ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းတွေရှိပါတယ်။ အလားတူပဲ မိမိလူမျိုးစုများလွတ်မြောက်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရဖို့ အာဏာရအစိုးရအဆက်ဆက်ကို ဆန့်ကျင် ခုခံတွန်းလှန်နေတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ အဲ့ဒီထဲမှာ ဘိန်းဘုရင်တွေ မူးယစ်ရာဇာတွေက အုတ်ရောရောကျောက်ရောရောဝင်ပါပြီး လူမျိုးစုတွေရဲ့ တကယ့်တော်လှန်တိုက်ပွဲဝင်မှုကို ကပျက်ယပျက်လုပ်ခဲ့တာ လုပ်နေတာလည်း တပုံကြီးပါ။ ခွင်ဝင်ရင် ဘိန်းစားချင်းလက်ဝါးရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သမတတင်ခဲ့တာတွေတောင်ရှိပါတယ်။ အခြေအနေမဟန်ရင် စစ်အာဏာရှင်ဆီမှာ လက်နက်ချ၊ တကိုယ်ရည်ထွက်ပေါက်ရှာပြီး နေသွားဖို့ပြင်ဆင်ထားသူတွေပါ။ အလားတူပဲ လူမျိုးစုလွတ်မြောက်ရေးအလံအောက်ကနေ ကွန်မြူနစ်ဆန့်ကျင်ရေးရဲရဲတောက် လုပ်နေတဲ့ လုပ်ခဲ့တဲ့အဖွဲ့တွေလည်းရှိပါတယ်။ သူတို့ရပ်တည်ချက်ကတော့ ကွန်မြူနစ်ဆန့်ကျင်ဖို့ဆို စစ်အာဏာရှင်နဲ့တောင် ပေါင်းမယ်လို့ဖြစ်ပါတယ်။ ပြောခဲ့တဲ့အစုအဖွဲ့ ၂ ခုလုံးဟာ ကွန်မြူနစ်ဆန့်ကျင်ရာမှာတော့ တူကြပါတယ်။ ကိုယ်ကျိုးစီးပွား (ဆက်ကြေး၊ နယ်မြေ၊ ဖြတ်သန်းခွင့်စတာမျိုးတွေ)နဲ့ဆက်စပ်တဲ့အခါ တချက်နှစ်ချက် ထထက်ပစ်ကြခတ်ကြပေမယ့် လက်ဝဲဆန့်ကျင်ရေး ဘုံအလံအောက်မှာတော့ ခနလေးနဲ့ ကြည်ကြည်ဖြူဖြူ ပြန်ဖြစ်သွားခဲ့တာတွေအထင်အရှားရှိပါတယ်။ အဲ့ဒီ ၂ ဖွဲ့လုံးဟာ အခြေအနေဟန်ပုံမပေါ်တော့ဘူးဆို လက်နက်ချရင်ချ မချရင် တပ်ဖျက်ပြီး ရှောင်ထွက်သွားတာတွေ့ရမှာပါ။ အလံမလှဲ ဒူးမထောက် လက်မမြှောက်ပဲ ကျန်နေခဲ့တာက မိမိတို့လူမျိုးစုများရဲ့ အခွင့်အရေးနဲ့ရပိုင်ခွင့်တွေအတွက် စစ်မှန်မှန် ခုခံတွန်းလှန်နေကြသူတွေ(အဖွဲ့)ပါပဲ။ ဒါက တောထဲက လက်နက်ကိုင်တိုက်ပွဲထဲက ယေဘုယျအခြေအနေပါ။
မြိ့ုပေါ်တွေမှာကျတော့ရော။ မြိ့ုပေါ်တွေမှာကျတော့ လူမျိုးစုပါနိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေရှိနေပေမယ့် အချင်းချင်းကြား အခြေခံအားဖြင့် ဘုံသဘောတူညီချက် Common Ground ယူထားတာ ရထားတာက မရှိသလောက်နည်းမယ်လို့ထင်ပါတယ်။ ဗမာလူမျိုးကြီး ဘာသာကြီးဝါဒကိုင်စွဲဖိနှိပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတယ်ဆိုပေမယ့် အချင်းချင်းကြားမှာလည်း အတွင်းပဏ္ဍိပက္ခတွေရှိနေပြန်ပါတယ်။ အဓိကပဋိပက္ခ (စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)ဖြေရှင်းရေးကြိုးပမ်းနေပေမယ့် တပြိုင်တည်းမှာ လက်အောက်ခံပဋိပက္ခ (အချင်းချင်းကြားပြဿနာ)တွေကလည်း အစွန်းအစ ထိုးထိုးထောင်ထောင် ထွက်နေတာပါ။ နယ်မြေချင်းတွေကလည်း ထိစပ်နေလေတော့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အမြဲစကားပြောနေရတာပါ။ အချင်းများနေရတာပါ။ ဥပမာ မွန်နဲ့ကရင်။ ဒီကြားထဲ ပြည်နယ်ကြီးထဲက ပြည်နယ်လေး(ဥပမာ ရှမ်းပြည်ထဲမှာ ဝဒေသ ပလောင်ဒေသ စသည်ဖြင့်)ကိစ္စတွေကလည်းရှိပါတယ်။ စစ်အုပ်စုက ဒီလိုဖြစ်နေတဲ့ကိစ္စတွေ မဖြစ်ဖြစ်အောင် တမင်ဖန်တီးခဲ့တာရှိသလို တခုခုကို မြန်မြန်ပြီး ပြီးရောနဲ့လက်ပူတိုက်ဖြေရှင်းရာကနေ ပြန်ဖြည်ထုတ်လို့မရတော့တာမျိုးတွေပါ။
ဆိုတော့ မြိ့ုပေါ်က လူမျိုးစုနိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ လူတွေဆီကို တောထဲက အဲ့ဒီအခြေအနေအဖြစ်အပျက်တွေက တိုက်ရိုက်ကို ရိုက်ခတ်ပါတယ်။ ဖြေရရှင်းရခက်ပါတယ်။ ခက်ရတဲ့အကြောင်းတွေထဲက တခုကတော့ မြိ့ုပေါ်မှာတည်ထောင်ထားတဲ့ လူမျိုးစုနိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေကို တောထဲကလက်နက်ကိုင်ထားတဲ့ သူတို့လူမျိုးစုအဖွဲ့တွေနဲ့ မဆက်သွယ်ရ မပကတ်သက်ရလုပ်ထားတာဖြစ်ပါတယ်။ ဆက်သွယ်ရင် ပတ်သက်ရင် ဖမ်းဆီး အရေးယူထောင်ချတာတွေလုပ်တော့ တောထဲကလူတွေရဲ့သဘောထားတွေ အမြင်တွေ ချဉ်းကပ်ပုံချဉ်းကပ်နည်းတွေ ဖြေရှင်းလိုတဲ့ပုံစံတွေဟာ မြိ့ုပေါ်ကပါတီတွေဆီ တရားဝင်ရောက်လာဖို့ ဆွေးနွေးဖလှယ်ကြဖို့တွေ ခက်ကုန်တာပါ။ အကယ်၍ တောထဲကလက်နက်ကိုင်ထားသူတွေကိုပဲ မြိ့ုပေါ်မှာ(၂ဝဝ၈ ဖွဲ့စည်းပုံအောက်ကနေပဲ) ပါတီထောင်ခွင့် လူမှုရေးနဲ့ပရဟိတလုပ်ငန်းတွေလုပ်ခွင့် အင်န်ဂျီအိုလို စီအက်စ်အိုလိုဟာတွေ လုပ်ခွင့်ပေးထားမယ်ဆိုရင် အခြေအနေက တမျိုးဖြစ်လာနိုင်ပါတယ်။ သူတို့အချင်းချင်းကြား နားလည်မှုပိုရလာနိုင်သလို လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ပါတီထောင်လုပ်တဲ့နိုင်ငံရေးနဲ့ ဟပ်စပ်မိသွားမယ်ထင်ပါတယ်။ အဲ့သလို ဟပ်စပ်မိတဲ့အခါ သူတို့လူထုတွေကိုယ်၌က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်မလား ပါတီထောင်လုပ်တဲ့နိုင်ငံရေးနည်းကို ရွေးချယ်မလား ဆုံးဖြတ်ပေးသွားနိုင်စရာရှိပါတယ်။
ခုလိုပြောနေတာဟာ အကောင်အထည်မဲ့တဲ့ လက်တွေ့အရဖြစ်နိုင်ခြေမရှိတဲ့တွေးဆချက် စဉ်းစားချက်မှန်းတော့သိပါတယ်။ ဒီလိုအခြေအနေဖြစ်ဖို့ဆို ကာချုပ်မူ ၆ ချက်တို့ တို့တာဝန်အရေး ၃ ပါးတို့ အနာဂတ်နိုင်ငံတော်၏အမျိုးသာညးရေးဦးဆောင်မှုကဋမှပါဝင်ထမ်းဆောင်နိုင်ရေးတို့မရှိပါမှဖြစ်မှာပါ။
စစ်အုပ်စုကဘက်ကနေ မင်းပြောသလို အဲ့ဒါတွေ ခနဘေးချပြီး လုပ်ကြည့်ရအောင်ကွာလို့တွေးလာလိမ့်မယ်လို့ မယုံကြည်ပေမယ့် အခြားတဘက်မှစဉ်းစားစရာတခုဖြစ်အောင် ကူတွေးကြည့်တာပါ။ စိတ်ကူးယဉ်ကြည့်တာဆိုလည်း မမှားပါ။
လောလောဆယ်မှာတော့ မြိ့ုနေ တခြားလူမျိုးစုတွေအနေနဲ့ နော်အုန်းလှတို့ ကရင့်အာဇာနည်နေ့အမှုကို အကြောင်းပြုပြီး ခုထက်ပို စုစုစည်းစည်းလေး ဖြစ်လာဖို့မျှော်လင့်ပါတယ်။ ရတဲ့အခွင့်ကောင်းလေးကို သုံးပြီး Common Ground တခုတော့ ဝိုင်းဝန်းရှာဖွေကြပါလို့ တိုက်တွန်းပါရစေ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၊ ၂ဝ၁၉

(ေလာမိတဲ့အခါ)

0 comments
(ေလာမိတဲ့အခါ)
NLD ဟာ ၂ဝ၂ဝ မှာ ခုလောက် လွတ်လွတ်ကျွတ်ကျွတ်နိုင်နိုင်ခြေမရှိဘူးလို့တွက်မိ ခုလောက်လုပ်ခွင့်ရှိနေတုန်းလေးမှာ အီးဂါးဗမင့်နဲ့ဖြစ်ရေးကို လောဆော်ပုံပေါ်တယ်။ တွန်းတွန်းထိုးထိုး လှုံ့လှုံ့ဆော်ဆော်လည်း အတော်လုပ်တယ်။ ဘယ်လောက်အထိလုပ်လဲဆို ယူနီကုဒ်သုံးရေး ဒေါ်စုကိုယ်တိုင်ထွက်ပြီး ပရိုမိုးရှင်န်းလုပ်တဲ့အထိပဲ။
အီးဂါးဗမင်န့်ဖြစ်ရေးအတွက် တခုတည်းသောစံနဲ့ ဗမာဖောင့်အသုံးပြုရေးဟာ မဖြစ်မနေလိုအပ်မှန်း လူတိုင်းသိကြပါတယ်။ အီးဂါးဗမင်န့်ဖြစ်မှ အစိုးရလုပ်ငန်းတွေ ဌာနဆိုင်ရာလုပ်ငန်းနဲ့ပုဂ္ဂလိကလုပ်ငန်းတွေမှာပါ အဆင်ပြေချောမွေ့မယ် နိုင်ငံတကာနဲ့ဆက်ဆံရေးမှာလည်း လွယ်ကူသက်သာအဆင်ပြေမယ်ဆိုတာလည်း လူတွေနားလည်သိမြင်ကြပါတယ်။
တွေးစရာက အားလုံး ယူနီကုဒ်ဖောင့်သုံးလိုက်ရုံနဲ့ အီးဂါးဗမင်န့်ဖြစ်သွားဖို့ဆိုတာ မလွယ်လှသေးဘူးဆိုတာပါ။ ဒါကတချက်ပါ။ နောက်တချက်က မြန်မြန်ဆန်ဆန် တွန်းတွန်းထိုးထိုးလုပ်တာဟာ နေရတိုင်းကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာပါ။ နိုင်ငံတကာမှာ အီးဂါးဗမင်န့်တွေဖြစ်လာဖို့ ဘယ်လောက်အချိန်ယူပြင်ဆင်ခဲ့ကြသလဲ အမြဲတမ်းလည်း စစ္စတမ်တွေ Update and Upgrade ဖြစ်အောင်လုပ်နေကြလဲ အဲ့ဒါတွေလည်းရှိပါသေးတယ်။ ကိစ္စတခုကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ပြီးပြတ်သွားဖို့ဆို ဘယ်လောက် ဖိဖိစီးစီးလုပ်နိုင်သလဲ ဘယ်လောက်စနစ်တကျရှိလဲ ဘယ်လောက် ကြိုတင်ပြင်ဆင်မှုရှိလဲ၊ ဘယ်လောက် အချိန်ယူပြီးလုံလောက်အောင်ပြင်ဆင်ထားသလဲက အလွန်အရေးကြီးပါတယ်။
ဒီနေရာမှာပြောစရာက တခုခုကို စနစ်တကျနဲ့မှန်မှန်ကန်ကန် မြန်ဆန်ဆန် အောင်အောင်မြင်မြင်ပြီးမြောက်သွားဖို့ဆို ကြိုတင်ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန်ယူကိုယူရပါတယ်။ လုံလောက်တဲ့အချိန်ယူတာနဲ့ နှောင့်နှေးဖင့်လွှဲအောင် အချိန်ဆွဲတာကမတူပါ။ စိတ်မရှည်တတ်သူတချို့အဖို့တော့ အချိန်ယူပြင်ဆင်တာကို အချိန်ဆွဲတယ်လို့ကောက်ပြီး အတင်းလောဆော်တွန်းထိုးလုပ်တတ်ကြပါတယ်။
နည်းပညာကိစ္စတွေဟာ တိုးတက်ပါတယ်ဆိုတဲ့ပြည်ကြီးတွေမှာတောင် အချိန်နဲ့အမျှ ခေတ်မီနေအောင် လိုက်လျောညီထွေဖြစ်နေအောင် Update တွေ Upgrade တွေလုပ်နေကြရတာမဟုတ်လား။ ဗမာပြည်လို နည်းပညာပိုင်းနောက်ကျကျန်နေသေးတဲ့ပြည်ဆို ပိုတောင် အားထုတ်ရမှာပါ။ အားထုတ်တာမှာ ကျန်တာတွေအကုန်ပြည့်စုံစေဦး လုံလောက်တဲ့အချိန်ယူ ကြိုတင်ပြင်ဆင်ပြီး တကယ့်ကိုဖိဖိစီးစီးလုပ်ရမှာပါ။ ငါ့လက်ထက် ဒါတွေလုပ်ခဲ့တယ်ဆိုပြီး နံမည်ကောင်းယူချင်ဇောကြီးပြီး လောလော လောလောလုပ်ရင် ခုလိုပဲ အမြဲဖြစ်နေဦးမှာပါ။ နံမည်ကောင်းရတယ်ဆိုတာ အလုပ်က ပြည့်စုံကောင်းမွန်မှရတာပါ။
ခုက ဖေါင့်ကိစ္စလေးမို့သိတ်အရေးမကြီးဘူးထင်ရပေမယ့် သုံးစွဲသူတွေမှာ စိတ်ကသိကအောက်အတော်ဖြစ်ရပါတယ်။ တိုင်းပြည်နဲ့ချီတဲ့ နိုင်ငံရေးကိစ္စကြီးတွေမှာလည်း အလားတူလောမိတဲ့အခါ တိုင်းပြည်လူထု နစ်နာပါတယ်။ ခေါင်းဆောင်ကိုယ်တိုင် နမော်နမဲ့နဲ့ လောလော လောလော လုပ်ခဲ့လို့ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက်မှာလည်း နဖူးကျည်ပွေ့တွေ့ခဲ့ဖူးပါပြီ။ ဒါကိုထောက်ပြရတာက ၂ဝဝ၈ ဖွဲ့စည်းပုံလက်ခံတဲ့အမြင်ကနေထောက်ပြတာမဟုတ်ပါ။ လက်ခံနေကြသူတွေကြားမှာတောင် ပြောစရာဖြစ်ခဲ့တယ်ဆိုတာ သိသာရုံတင်ပြတာပါ။
ဒါတွေ ပြန်တွေးပြီးသင်္ခန်းစာယူဖို့ပါ။ ခု ကျနော်တို့ သုံးစွဲသူတွေမှာ အခက်အခဲတွေတွေ့ရပါတယ်။ တဖြည်းဖြည်းချင်းတော့ ကောင်းမွန်လာ ပြည့်စုံလာလိမ့်မယ်လို့ မျှော်လင့်ပေမယ့် ဖိဖိစီးစီး အချိန်ယူကြိုတင်ပြင်ဆင်ပြီးမလုပ်ခဲ့တဲ့ဒဏ်ကို ကြိတ်မှိတ်ခံနေရဦးမှာကတော့သေချာပါတယ်။ အာဏာသဘောမို့ သာမန်လူတွေမှာ အခုအခံတွေရှိနေစေဦး မလွဲမကင်းသာ လိုက်တော့လိုက်ပါရမယ်ဆိုတာကတော့ သဘာဝပါ။
မျိုးမြင့်ချို
အောက်တိုဘာ ၂၊ ၂ဝ၁၉

Tuesday, October 1, 2019

(ယူကရိန်းဇာတ်ထုပ်နဲ့ မိုးလင်းကမယ့်သဘောလား)

0 comments
(ယူကရိန်းဇာတ်ထုပ်နဲ့ မိုးလင်းကမယ့်သဘောလား)
အိုဘားမားလက်ထက်က ဒုသမတလုပ်ခဲ့တဲ့ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၀ သမတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သမတလောင်းအဖြစ် ပါတီတွင်းမှာစာရင်းပေးထားပြီးသူပါ။ စုစုပေါင်း ပါတီတွင်းမှာ သမတလောင်းစာရင်းပေးထားသူ ၂ ဆယ်အနက် သူက ထိပ်ဆုံးကပြေးနေသူတွေထဲပါပါတယ်။ ပါတီတွင်းကနေ သူ့ကိုသမတလောင်းအဖြစ် တင်မြှောက်လိုက်ကြရင် ၂၀၂၀ ကျ သူက လက်ရှိသမတထရမ့်နဲ့ အပြိုင်အရွေးခံရမှာဖြစ်ပြီး သူနိုင်ရင် သမတဖြစ်ပြီး ထရမ့်ရာထူးကဆင်းပေးရမှာပါ။ ဆိုတော့ သူဟာ ပါတီတွင်းမှာရော လူထုကြားမှာပါ ဒီမိုကရက်တွေထဲက သမတလောင်းအဖြစ် တစ်ပြေးနေသူလို့ ယေဘုယျဆိုရမှာပါ။
ယူကရိန်းဆိုတာက ဆိုဗီယက်ယူနီပြိုကျပြီးနောက်ပိုင်း သီးခြားလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်သွားတဲ့ တိုင်းပြည်ပါ။ ဆိုဗီယက်အောက် လွတ်လာကြတဲ့ ပြည်တွေအနက် ဒေသတွင်း လက်နက်အင်အားတောင့်တင်းတဲ့တိုင်းပြည်တခုဖြစ်သလို ရုရှနဲ့လည်း နယ်မြေပိုင်ဆိုင်မှူနဲ့စပ်လို့ အမြဲတမ်းတကျက်ကျက်ဖြစ်နေတာပါ။ အနောက်အုပ်စုက ဒါကိုအခွင့်ကောင်းယူပြီး ယူကရိန်းကို သိမ်းသွင်းလိုက်ကာ စစ်ရေး(လက်နက် စစ်ပစ္စည်း ထောက်လှမ်းရေးသတင်းအချက်အလက်) စတာတွေကူညီပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေမှာလည်း အတော့်ကို ထူထောင်ပေးထားတာပါ။ ရင့်ရင့်သီးသီးပြောရရင် ရုရှကိုဆိုင်ထားဖို့ အမာခံအနေနဲ့မွေးထားတာပါ။ အဲဒီယူရိန်းမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ “အမေရိကန်အကျိုးစီးပွား“တွေရှိပါတယ်။။ အမေရိကန်အကျိုးစီးပွားလို့ဆိုလိုက်ရင် ကိစ္စရှိပါတယ်။ ရှိတာက သေးသေးမဟုတ်ပါ ကိစ္စကြီးပါ။ စစ်ပါဝင်တိုက်တဲ့အထိကြီးတဲ့ကိစ္စမျိုးပါ။
ဂျိုးဘိုင်ဒန်ရဲ့သားတယောက်က ယူကရိန်းမှာ စီးပွားရေးလုပ်ငန်းတွေလုပ်နေပြီး အောင်မြင်နေတယ်လို့ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းလည်းဖြစ် တိုင်းပြည်ကပျက်တော့မပျက်ပေမယ့် ကဖြဲကရုန်းခနခနဖြစ်ဆိုတော့ ပြည်နာမှ ငွေရှာကောင်းတဲ့အယူစွဲသူ ဝိသမလောသမားတွေရော၊ မိစ္ဆာအာဇီဝတွေရော၊ ကော်ဇောအိပ်သမားတွေ ရက်ဒ်ဘတ်တလာတွေ ခြေချင်းလိမ်နေသလို ကောင်းရောင်းကောင်းဝယ်လုပ်စားနေသူတွေ စီးပွားရေးသီလ သမာဓိတည်ကြည်သူတွေ သိက္ခာရှိသူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးဆိုတာက စီးပွားရေးပါ။ စီးပွားရေးဆိုတာဟာသေးရင် အာဏာကို ခယရတာအစ ဒွေးရောယှက်တင်အလယ် စီးစီးပိုးပိုးအဆုံးဖြစ်တာမျိုးပါ။ တကယ့်တကယ် စီးပွားရေးကြီးသွားပြီဆိုရင်တော့ စီးပွားရေးကိုယ်တိုင်ဟာ အာဏာ၊ စီးပွားရေးကိုယ်တိုင်ဟာ စစ်ပွဲကြီးတွေဖြစ်သွားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ စီးပွားရေးကြီးသူတွေ(အရင်းအနှီး ကုန်ထုတ်ကိရိယာပိုင်ဆိုင်သူတွေ)ကိုသာ ပိုင်စိုးတဲ့အာဏာက ကာကွယ်ပါတယ်။
ဆိုတော့ ယူရိန်းသွားပြီး စီးပွားရေးလုပ်နေတဲ့ ဂျိုးဘိုင်ဒန်ရဲ့သားက ယူကရိန်းအာဏာပိုင်တွေနဲ့ မကင်းရာမကင်းကြောင်းတွေရှိနိုင်ပါတယ်။ ဒါတွေသာ ဖော်ထုတ်ပြီး ကိုင်ထားနိုင်ရင် သူ့ပြိုင်ဘက် ဒီမိုကရက်ဂျိုးဘိုင်ဒန်ယူကို အလဲထိုးနိုင်မယ်ဆိုတာ ထရမ့်ကတွက်မိပါတယ်။ သူ့အကြံပေးတွေ၊ သူ့ နိုင်ငံရေးရှေ့တွေကလည်း သူ့နည်းတူတွက်ချက်ပြီး ပူးပေါင်းကြံစည်ကြပါတယ်။ အဲ့ဒီအထဲမှာ ဂူလာနီယာတို့၊ သမတရဲ့ယူကရိန်းဆိုင်ရာအထူးအရာရှိတို့ပါနေတယ်လို့ဆိုပါတယ်။ ခု အဲ့ဒီ အထူးအရာရှိ ရာထူးကနှူတ်ထွက်သွားပါပြီ။ ဂူလာနီယာလည်း ဗြောင်လိမ်ဗြောင်စားတွေပြောနေပါပြီ။
အိမ်ဖြူတော်မှာ သမတအနေနဲ့ ဘယ်သူနဲ့ ဖုန်းစကားပြောပြော အသံမှတ်တမ်းတင်ထားရတဲ့စနစ်ရှိပါတယ်။ အဲ့ဒါတွေကို ထောက်လှမ်းရေးယန္တယားကထိန်းသိမ်းရပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို လွှတ်တော်တို့ ဗဟိုတရားရုံးတို့က တောင်းခံလာခဲ့ရင် ပေးမယ်မပေးဘူးနဲ့ ဘယ်လောက်အထိပဲပေးမယ်ဆိုတာတွေက သမတရဲ့လုပ်ပိုင်ခွင်ထဲ့မှာရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှူတို့၊ နိုင်ငံတော်သစ္စာဖောက်မှူတို့၊ နိုင်ငံတော်လုပ်ကြံမှူတို့လိုဟာကြီးတွေဖြစ်လာရင်တော့ လွှတ်တော်တွေနဲ့ ဗဟိုတရားရုံးက မခြွင်းမချန်ထုပ်ပေးခိုင်းလို့ရပါတယ်။ အဲ့သလိုအခြေအနေဆို သမတ ကာဆီးကာဆီးလုပ်လို့မရပါ။
အမေရိကန်က ယူကရိန်းကို ပုံမှန်ပေးနေကြအကူအညီတွေ သတ်မှတ်ရက်မှာ အတိအကျပေးနေတာပါ။ အဲ့ဒီရက်မှာ သမတလက်မှတ်ထိုးရတာပါ။ ခုဖြစ်တာက ထရမ့်ကအဲ့ဒါကိုလက်မှတ်မထိုးသေးပဲ ယူကရိန်းသမတဆီဖုန်းဆက်ပြီး ဂျိုးဘိုင်ဒန်ရဲ့သား စီးပွားရေးလုပ်ငန်းတွေမှာ ယူကရိန်းဘဏ်တွေ ယူကရိန်းအာဏာပိုင်တွေနဲ့ မသမာမှူတွေ၊ လာဘ်ပေးလာဘ်ယူတွေ၊ တံဆိုးလက်ဆောင်တွေရှိမရှိနဲ့၊ ရှိရင် ဘယ်လောက်ရှိကို စုံစမ်းဖော်ထုတ်ပြီး အချက်အလက်တွေသူ့ကိုပေးဖို့ ဖုန်းနဲ့ပြောတယ်လို့ အိမ်ဖြူတော်အတွင်းလူတယောက်က သတင်းဖေါက်ချလိုက်ပါတယ်။ ပွဲဆူသွားပါတယ်။ သဘောက ပေးရမယ့်ငွေကို မပေးသေးပဲ “မင်း ဒါအရင်လုပ်ပေးမယ်ဆိုမှ...“ဆိုပြီး ထစ်ထားတာပါ။
အောက်လွှတ်တော်က ဒီမိုကရက်တွေစီးထားပြီး အထက်လွှတ်တော်က ထရမ့်တို့ရဲ့ရီပတ်ဘလီကင်တွေက ချုပ်ထားတာပါ။ အောက်လွှတ်တော်သဘာပတိ နန်စီပလိုနဲ့ရော အထက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် ချပ်ခ်ရှူးမားနဲပရာက ထရမ့်နဲ့ ဘယ်နေရာမှအဆင်မပြေပါ။ နောက်ဆုံးလုပ်ခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲတွေကနေတက်လာတဲ့ လူသစ်တန်းဒီမိုကရက်အမတ်တွေက ထရမ့်ကိုအယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖြုတ်ချလို့ လောဆော်နေကြ စိုင်းပြင်းနေကြတာပါ။ ဒါကို လွှတ်တော်သဘာပတိ ဒီမိုကရက်နန်စီပလိုစီနဲ့ရှူးမားက ချင့်ချိန်ပြီး ဘရိတ်မနည်းအုပ်နေရတာပါ။ ခုတော့ နန်စီပလိုဆီကိုယ်တိုင်က ဒီ အိမ်ဖြူတော်(သမတ)နဲ့ ယူကရိန်းအရှူပ်တော်ပုံကို ကောက်ကိုင်ပြီး သမတကိုအယုံအကြည်မရှိအဆိုတင်သွင်းနိင်ဖို့ စိစစ်ရေးလုပ်ငန်းလုပ်တော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
အယုံအကြည်မရှိအဆိုတင်မယ်လို့ မဟုတ်သေးပါ။ အဆိုတင်သင့်မတင်သင့် စိစစ်စုံစမ်းမယ့်သဘောပါ။ စိစစ်စုံစမ်းမှူက မတင်လောက်ဘူး မတင်သင့်ဘူးဆို အသာပြန်ဆုတ်နေမှာဖြစ်ပြီး တင်သင့်လောက်တယ်ဆိုတင်မှာပါ။ တင်တဲ့အခါ လွှတ်တော်တွေအတွင်း မဲခွဲဆုံးဖြတ်ရမှာပါ။ မဲခွဲတဲ့အခါ အောက်လွှတ်တော်မှာတော့နိုင်ဖို့သေချာပါတယ်။ အထက်လွှတ်တော်(ဆီးနိတ်)မှာတော့ မရေရာပါ။ ခုကိုပဲ မစ်ချ်မက်ကော်နယ်လ်(ဆီးနိတ် ရီပတ်သလီကင် လူများစုခေါင်းဆောင်နဲ့ သဘာပတိ)က ခါးခါးသီးသီး ပြင်းပြင်းထန်တွေပြောနေတာပါ။ အထက်လွှတ်တော်မှာ မဲခွဲတဲ့အခါ အဆိုအောင်ဖို့ ဆီနိတ်တာ ၃ ပုံ ၂ ပုံက ထောက်ခံမှ အဆိုနိုင်မှာပါ။ အထက်လွှတ်တော်အမတ် ၁ ရာအနက် ၅၁ ယောက်က ရီပတ်ဘလီကင်ပါ။ ၄၉ ဦးက ဒီမိုကရက်ပါတီကပါ။ အယုံအကြည်မရှိအဆို အထက်လွှတ်တော်မှာ နိုင်ဖို့မလွယ်ပါ။
ခု စိစစ်စုံစမ်းနေတဲ့ဆီက အယုံအကြည်မရှိအဆိုတင်သင့်တယ်လို့ထွက်လာရင်ကိုပဲ ဒီမိုကရက်တွေ ဝမ်းအသာကြီးသာကြ အောင်ပွဲခံကြ ရီပတ်ဘလကင်တွေနဲ့ သမတထရမ့်ကို အကြီးအကျယ် ထိုးကြနှက်ကြ ဆော်ကြ ကလော်ကြမျာပါ။။ ရှေ့မှာလည်း ထရမ့်ကိုလုပ်ချင်လို့ လက်ယားနေပေမယ့် ဇက်သတ်ခံနေကြရတဲ့ ဒီမိုကရက်အမတ်တွေအတွက် အာသာတော့ပြေမှာပါ။ အဲ့ဒီအပေါ်အခြေတည်ပြီး ဒီမိုကရက်ပါတီတွင်း စုစည်းမှူညီညွတ်မှူအား ခုထက်ပိုကောင်းလာနိုင်ပါတယ်။ ရှေ့က ကာဆီးကာဆီးလုပ်နေသူတွေ(နန်စီနဲ့ရှူးမား)ကိုယ်တိုင်က ပါလာတာဖြစ်တော့ ပါတီတွင်းမှာလည်း နှစ်ထောင်းအားရဖြစ်ကြမှာပါ။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်တာ မဲမြှူတာတွေမှာ ကောင်းကောင်းအသုံးတည့်မှာမို့ အဲ့ဒီအချိန်လောက်အထိ ဒီကိစ္စကို ဆွဲဆန့်ထားမယ်လို့ ထင်ပါတယ်။ သဘောက ယူကရိန်း+အိမ်ဖြူတော်ဇာတ်ထုတ်နဲ့ မိုးအလင်းကမယ့်သဘောပါ။
တကယ်ကတော့ တူညီတဲ့စနစ်တခုတည်းအတွင်းမှာ Inner Struggle ဖြစ်လာတယ်ဆိုတာဟာ တိုင်းပြည်အကျိုး လူထုအကျိုးထက် နိုင်ငံရေးသမားချင်း သူတို့ကိစ္စ သူတို့ရှင်းကြတာမဟုတ်ပါလားခင်ဗျာ။ ဒီတော့ သာမန်လူတွေက “ကိုယ့်ကိစ္စမှမဟုတ်တာလို့“ နေမယ်ဆို နေနိုင်အားကြပါတယ်။
ဒါလက်ရှိ အမေရိကန်မီဒီယာတွေမှာရေပန်းစားပြီး အမေရိကန်နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့အမေရိကန်တွေကြား အပြောများနေတဲ့ဖြစ်ရပ်လို ရောက်လွယ်အောင်ပြန်ပြောပြတာ ပြန်ဝေငှတာပါ။ ကျနော်တို့လို လက်လှူပ်မှပါးစပ်လှူပ်ရသူတွေက ဒီအမေရိကန်နိုင်ငံရေးကိုစိတ်ဝင်စားတာတွေရှိပေမယ့် သမတနံမည်တောင်မသိတဲ့အမေရိကန်တွေလည်း အမေရိကန်မှာအများသား ခင်ဗျ။ နိုင်ငံရေးနဲ့ ဘာသိဘာသာနေတဲ့အမေရိကန်တွေလည်း မနည်းမနောပါဗျ။ ဒါတောင် ထရမ့်က မွှေလွန်းလို့ သူသမတဆိုတာ လူသိများတာတော့ အမှန်ပါဗျား။
မျိုးမြင့်ချို
စက္တင္ဘာ ၃ဝ၊ ၂ဝ၁၉

Saturday, September 28, 2019

(ဆင့်သုံးဆယ်ဟာ ဒေါ်လာတရာတန်သတဲ့)

0 comments
(ဆင့်သုံးဆယ်ဟာ ဒေါ်လာတရာတန်သတဲ့)
အမေရိကန်ဟာ ပြည်ပကို ကျန်တဲ့ကုန်ပစ္စည်းတွေတင်ပို့ရရောင်းချရာကတဲ့အမြတ်ထက် ဒေါ်လာတင်ပို့ရောင်းချရာကရတဲ့ အမြတ်အစွန်းက အကြီးဆုံးဖြစ်နေတာပါ။ ဒေါ်လာဟာ အရင်းအနှီးနည်းသလောက် အမြတ်အစွန်းအလွန်ကြီးတဲ့ ပို့ကုန်တခုဖြစ်ပါတယ်။ ဥပမာ တခုပြရရင် ၂ဝ၁၈ ခု တနှစ်တည်းမှာတင် အမေရိကန်ဗဟိုဘဏ်ကနေ ဒေါ်လာ ၂၄၃ ဘီလီယံတန်ဖိုးရှိတဲ့ ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ကမ္ဘာ့ငွေကြေး ဈေးကွက်ထဲကို သွန်ချခဲ့ပါတယ်။ အဲ့ဒီအထဲက သုံးပုံနှစ်ပုံနီးပါးက ဒေါ်လာတရာတန်တွေပါ။ နှစ်ဆယ်တန်ဆို တရာဖြစ်ဖို့ ငါးရွက်ရိုက်ရမှာပါ။ ရွက်ရေများလေ အကုန်အကျပိုများလေပါ။ ၂၄၃ ဘီလီယံ တန်ဖိုးရှိတဲ့ငွေစက္ကူတွေရိုက်နှိပ်ခစုစုပေါင်းက ဒေါ်လာ သန်းရှစ်ရာဝန်းကျင်သာ ရှိတဲ့အတွက် အရင်းအနှီးလို့ပြောရမယ့်ပမာဏက ရာခိုင်နှုန်းနဲ့ဆို သုညဒဿမ သုံးပဲရှိပါတယ်။ သဘောက ပြားသုံးဆယ်ရင်းပြီး တရာရတဲ့ သဘောပါ။ နှစ်ဆယ်တန်များရင် အရင်းက ဒီ့ထက်ပိုမှာပါ။ အမေရိကန် ပိုက်ဆံရိုက်ထုတ်တယ်ဆိုတာ ငွေရောင်းဖို့ ဖြစ်ပါတယ်။ ရိုက်ချင်တိုင်းရိုက် ထုတ်ချင်တိုင်းထုတ် ဘုံးဘောလအောမဖြစ်အောင် စီမံထားတာတွေရှိပေမယ့် အဲ့သလောက်ကြီးလုပ်လာတဲ့အခါကျတော့ တခြားနိုင်ငံကြီးတွေ ရင်ခံကြရတာအမှန်ပါပဲ။ ဒီနေရာမှာ ဆက်စပ်စဉ်းစားနိုင်ဖို့ ရွှေကိစ္စလေး တချက်လောက်တင်ပြပါရစေ။ အဲ့ဒီ ၂ဝ၁၈ တနှစ်တည်းမှာပဲ တကမ္ဘာလုံးမှာ ရွှေ ၁၃၆ ဘီလီယံဒေါ်လာဖိုး တူးဖော်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့ဒီ ၁၃၆ ဒေါ်လာဘီလီယံဖိုးရဖို့ တူးဖော် ထုတ်လုပ် သန့်စင် စတာတွေအတွက် စုစုပေါင်းကုန်ကျစရိတ်က ၁၂၂ ဘီလီယံဒေါ်လာကျပါတယ်။ ဒေါ်လာအတွက်အရင်းအနှီးနဲ့ ရွှေအတွက်အရင်းအနှီးကို ချိန်ထိုးကြည့်ဖို့ပါ။



ဘောဂဗေဒစကားမှာ fiat currency ဆိုတာရှိပါတယ်။ ရောက်လွယ်အောင်ပြောရရင် အစိုးရကအာမခံပေးပြီး ပိုက်ဆံတွေထုတ်တယ်။ အဲ့ဒီငွေတွေကို ရွှေ ဒါမှမဟုတ် ငွေသတ္တုနဲ့ အပေါင်သဘောထားတယ်။ အဲ့ဒီငွေမှာ လဲလှယ်မှုတန်ဖိုးရော ပကတိတန်ဖိုးရောရှိနေတယ်။ အမေရိကန်လည်း ဒီနည်းနဲ့ ငွေတွေထုတ်နေတာဖြစ်ပေမယ့် သူ့ငွေကိုယ်တိုင်က ရောင်းကုန်ပစ္စည်းဖြစ်နေတာပါ။ နောက်တချက် မဖြစ်မနေသိထားစရာက ကမ္ဘာ့နိုင်ငံအသီးသီးမှာ Foreign Reserve လို့ခေါ်တဲ့ နိုင်ငံခြားအရန်ငွေထားကြပေမယ့် အမေရိကန်ဟာ နိုင်ငံခြားအရန်ငွေမထားတဲ့ပြည် ဖြစ်တယ်ဆိုတာပါ။ သူ့ငွေကို ရွှေနဲ့ချိတ်ဆက်ထားကိုဖြုတ်လိုက်ပေမယ့် ရွှေတွေဝယ်လှောင်ထားပြီး အာမခံထားတာရှိထားပါတယ်။ အမေရိကန်ဟာ သူ့တိုင်းပြည်စီးပွားရေးအနေအထားပေါ်တည်ပြီး ငွေတွေဖောင်းပွအောင်လုပ်တဲ့အခါ လုပ်(Inflation) ငွေတန်ဖိုးတက်လာအောင်လုပ်(Deflation)လုပ်တဲ့အခါလုပ်ပါတယ်။ ငွေတိုးနှုန်းအတင်အချကိုလည်း အလားတူ လုပ်ပါတယ်။ အဲ့သလိုလုပ်တဲ့အခါ အခြားငွေကြေးတွေကိစ္စ သိတ်ငဲ့ကွက်နေစရာမလိုပါဘူး။ မလိုရတာက ဒေါ်လာဟာ ကမ္ဘာသုံးငွေသဖွယ် ဖြစ်နေလို့ပါ။ ငွေကို ငွေနဲ့ဝယ် ငွေနဲ့ရောင်းလုပ်လို့ရတဲ့ငွေ ဖြစ်နေလို့ပါ။  



ဘဏ္ဏာရေးနယ်ပယ်မှာ အတိုကောက် S.W. I. F. T လို့ခေါ်တဲ့ The Society for Worldwide Interbank Financial Telecommunication စနစ်တခုရှိပါတယ်။ သူက ဘာလုပ်လဲဆိုတော့ ကမ္ဘာပေါ်က ဘဏ်တွေအချင်းချင်းကြား ငွေကြေးလွှဲပြောင်းလက်ခံလုပ်ကြတဲ့ သတင်း အင်ဖော်မေးရှင်းတွေ ချိတ်ဆက်ဖြည့်ဆည်းပေးပါတယ်။ သဘောက ဘယ်နိုင်ငံက ဘယ်ဗဟိုဘဏ်က ဘယ်အချိန် ဘယ်ငွေ ဘယ်လောက် စီးဝင်စီးထွက်သွား၊ ဘာငွေနဲ့ဘာငွေ ဘယ်လောက်အရောင်းအဝယ်ဖြစ်၊ ဘယ်ငွေတန်ဖိုးဘယ်လောက်တက် ဘယ်လောက်ကျစတာတွေကို ဖလှယ်ပေးတာပါ။ အဲ့သလိုလုပ်ရင်းကနေ ခုဆိုသူက ငွေကြေးဘွတ်ကီဒိုင်သဖွယ်ဖြစ်လာပါတယ်။ ကမ္ဘာ့အစိုးရတွေကလည်း အဲ့ဒီ SWIFT စနစ်အခြေခံပြီး ငွေကြေးစနစ်အသစ်တခုစီစဉ်ဖို့ ခေါင်းချင်းရိုက်နေကြတာပါ။ ရိုက်ရတဲ့အကြောင်းက အမေရိကန်ဟာ ဒေါ်လာကို ကမ္ဘာသုံး ငွေသဖွယ်လုပ်ပြီး ဒေါ်လာအရောင်းအဝယ်နဲ့ကြီးပွားနေတာ၊ ကမ္ဘာ့ငွေကြေးဈေးကွက်ကို စီးပိုးချယ်လှယ်ထားတာ၊ ငွေကိုင်ပြီး ကုန်သွယ်မှု တွေမှာ အသာစီးယူထားတာတွေကိုလျှော့ချဖို့၊ (ဖြစ်နိုင်ရင်) ဒေါ်လာနေရာမှာ အခြား ဘုံလက္ခဏာပါတဲ့ငွေကြေးတခုခုအစားထိုးဖို့ဖြစ်ပါတယ်။ ကုန်သွယ်ရေးမှာ ဒေါ်လာကြားခံလုပ်မယ်ဆို ဒေါ်လာအရင်ဝယ်ပြီးမှ အရောင်းအဝယ်လုပ်ရတာဖြစ်တော စရိတ်စခပွန်းပြီး အကုန်အကျပိုများ ပါတယ်။ ဒီကြားထဲ ဒေါ်လာငွေတန်ဖိုးက မတည်မငြိမ်အလှုပ်အရမ်းများရင်များသလောက်  တခြားနိုင်ငံတွေ မျက်ခုံးလှုပ်ကြရတာပါ။



နောက်တချက်က ထရမ့်ပ်လက်ထက်မှာ ထစ်ကနဲရှိ စီးပွားရေးပိတ်ဆို့ခြင်းဆိုတဲ့လက်နက်ကို မထင် မထင်သလိုသုံးလာတော့ ဒေါ်လာငွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတဲ့ တိုင်းပြည်တွေမှာ ကသိကအောက်တွေဖြစ်ကြရတာပါ။ ဒီတော့ SWIFT စနစ်ကိုခံပြီး ဒေါ်လာအစား ကောင်းနိုး ရာရာငွေကြေးတခုခုကို ကြံဆလာကြတာပါ။  ဒီတော့ Crypto currency တို့ ဇူကာဘာ့ဂ်ကြံစည်နေတဲ့ Libra ငွေတို့က အလှည့်အပြောင်းများ ဖြစ်မလားလို့ လူတွေ ငဲ့စောင်းကြည့်စရာဖြစ်လာပါတယ်။ ခု ဒေါ်လာငွေကြေးဖြစ်နေတာက ပကတိတန်ဖိုးပျောက်သလိုဖြစ်နေပြီး အင်စတီ ကျူးရှင်းတွေ (IMF, World Bank)နဲ့ အစိုးရကအာမခံထားလို့သာ လူတွေက စိတ်ချလက်ချသုံးနေကြပေမယ့် အဲ့ဒီအာမခံမှုဟာ ဘယ်မျှခိုင်မာ ပါ့မလဲလို့ စိတ်ထဲအတွေးဝင်လာတာနဲ့ ဒေါ်လာငွေ ဝရုန်းသုန်းကား ဖြစ်သွားနိုင်ပါတယ်။ နန်းကျသွားနိုင်ပါတယ်။ ဒေါ်လာ အဲ့လိုဖြစ်လို့ ယူရိုငွေ အားကိုးရမလားကြည့်တော့ သူလည်း ဗိန်မသာလိန်မသာပါ။ ဂျာမဏီ၊ ပြင်သစ် ဆင် ၂ ကောင် ကျွဲဖြစ်နေပါတယ်။ ဂရိပြဿနာ မပြေလည်သေးပါ။ ဗြိတိန်ရဲ့ Brexit ကိစ္စက ထိပ်တက်နေပြီး အင်္ဂလန်ရောအီးယူပါ အထိနာနေတာပါ။ ဒါ့ကြောင့် ယူရိုငွေလည်း သိတ်ကြီး တော့ စွာနိုင်မာနိုင်တဲ့အနေအထားမရှိလှပါ။



ဒီကြားထဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ငွေတန်ဖိုးတွေအပြိုင်အဆိုင်ချကြ၊ အတိုးနှုန်းတွေ သူ့ထက်ကငါလျှော့ပေးကြ၊ ငွေကြေးနဲ့ ဘဏ္ဏာရေးဆိုင်ရာပေါ်လစီတွေဖြေလျှော့ကြဆိုတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကြီးနဲ့ ဘဏ္ဏာရေးအခြေအနေဟာ သရိုးသရီဖြစ်လိုက်၊ တပွဲတိုးကုလိုက်၊ ဆေးမြီးတိုရှာလိုက်နဲ့ ချာလပတ်ရမ်းနေတာပါ။ ဒီအခြေအနေမှာ လူတွေ ရွှေဘက်လှည့်လာပါတယ်။ ရွှေက ပိုက်ဆံလို ရိုက်ချင်တိုင်းရိုက်ထုတ်လို့မရတာကတကြောင်း၊ စက်မှုနည်းပညာနယ်ပယ်မှာသုံးရတာနဲ့ လူတွေဝတ်စားဆင်ယင်မှုတွေမှာ သုံးကြတာမို့ ငွေစက္ကူထက် အာမခံချက်ရှိနေတာပါ။ ရှေးဗမာကြီးများပြောသလို ရှိတန်ဆာ မရှိဝမ်းစာဖြစ်နေတာကိုး။ ငွေ(ပိုက်ဆံ)အပေါ် သံသယ ဝင်လာတော့ လူတွေရွှေအလုအယက်စုလာပါတယ်။ နိုင်ငံတွေ ရွှေအကြီးအကျယ်လှောင်လာပါတယ်။ ရွှေထုပ်ကြီးတွေ သူ့ထက်ငါ ပိုက်နိုင်အောင် လုပ်ကြပါတယ်။ ဒီတော့ ရွှေဈေးဟာ မကြုံစဖူး ထူးထူးကဲကဲတက်လာသလို ငွေတန်ဖိုးတွေက ချတာရော ကျတာရောဖြစ်ပြီး စိုက်ဆင်းနေတာပါ။ ဒီနေရာမှာ ဆယ်ရေးတရေးကိုးရေးတရာ တွေးစရာရှိလာပါတယ်။



အပေါ်မှာပြောခဲ့သလို ဒေါ်လာငွေဟာ ပကတိတန်ဖိုးရောဖလှယ်မှုတန်ဖိုးတွေ ကျသထက်ကျကျလိုက်လာရင်းက နောက်ဆုံး သူ့ထုတ်လို့ ကုန်ကျတဲ့စရိတ်(စက္ကူဖိုး မင်ဖိုး ပုံနှိပ်ခ ထုပ်ပိုးခ သယ်ယူခ)အထိပြန်ကျသွားရင် ဘယ့်နှယ်လုပ်ကြမလဲဆိုတာဖြစ်ပါတယ်။ ၂ဝ၁၈ မှာ ဒေါ်လာ ၂၄၃ ဘီယီယံဖိုး ငွေစက္ကူအသစ် ထပ်ထုတ်တယ်။ ကုန်ကျစရိတ်(အရင်းက) ဒေါ်လာသန်းရှစ်ရှာပဲရှိတယ်။ ငွေတန်ဖိုးရဲ့ ဒဿမ ၃ ပဲရှိတယ်။ ဒေါ်လာတရာဟာ တကယ်တမ်း ကျ ၃ ဒေါ်လာပဲတန်တယ်။ အဲ့ဒီအထိ ပြန်ကျသွားရင်ဘာတွေဖြစ်မလဲဆိုတာထက် အဲ့ဒီအထိပြန်မကျမသွားအောင် ဘာတွေလုပ်ကြမလဲကို ခု လူ့ပုရွက်ဆိတ်ခေါင်းကြီးတွေ ဦးနှောက်စားနေကြတာပါ။ ရွှေတွေချည်း နင်းကန်စုနေလို့လည်း ရေရှည်မှာ အလုပ်မဖြစ်နိုင်ပါဘူး။



ဒီလိုအခြေအနေမှာပဲ နိုင်ငံရေးဘက်ကလည်း  စူပါပါဝါတခုတည်းနဲ့လည်ပတ်တဲ့ ဝင်ရိုးတခုတည်းကမ္ဘာဆိုတဲ့ ကမ္ဘာ့အစီအစဉ် World Order ကို ပြောင်းပစ်နိုင်မယ်လို့ဆိုသူတွေပေါ်လာပါတယ်။ သူတို့ပြောတဲ့နည်းက Might  စစ်အင်အားနဲ့ မဟုတ်ပဲ ငွေကြေးနည်း ဘဏ္ဏာရေးစနစ်နဲ့ Monetary and Financial Power ပြောင်းဖို့ပါ။ အဲ့သလိုပြောင်းတဲ့နေရာမှာ ဘယ်သူ စီးပွားသြဇာပိုကြီးလဲ၊ ဘယ်သူ ရွှေအများဆုံးပိုင်ထား နိုင်သလဲ၊ ဘယ်သူ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုကိုင်ထားနိုင်သလဲစတာတွေကို အဓိကထားတွက်ပါတယ်။ စံသဘောကိုက်ကြည့် ဆန်တုတ်တိုက်ကြည့်ကြပါတယ်။ နည်းပညာကိစ္စ၊ သံခင်းတမန်ခင်း၊ နိုင်ငံရေးစစ်ရေးသြဇာနဲ့ မဟာမိတ်ဖွဲ့မှုစတာတွေ ကိုလည်း ပစ်ပစ်ခါခါ လျှစ်လျှူရှုလိုက်တဲ့သဘောတော့ လုံးဝမပါပါဘူး။ အဲ့ဒီ ဇကာနဲ့တိုက်ချလိုက်တဲ့အခါ အမေရိကန်နဲ့ ပခုန်းချင်းယှဉ်လာနိုင်စရာ ထီးတည်းနိုင်ငံတခုကို အပီအပြင်ဆွဲထုတ်မပြနိုင်သေးပေမယ့် တရုတ်၊ ရုရှားတို့လည်း ဆန်ကာတင်ထဲပါလာပါတယ်။



ခုတော့ ရွှေဈေးတွေတက် ငွေဈေးတွေကျဖြစ်နေချိန်ပါ။ ကျနော်ကတော့ လက်လုပ်လက်စားမို့ ဒေါ်လာတွေကိုင်မထားနိုင်သလို ရွှေလည်း မူးလို့ရှူစရာတောင်မရှိပါ။ မိတ်ဆွေတွေအနေနဲ့ လက်ထဲရှိတဲ့ဒေါ်လာတွေ ရွှေတွေဘာလုပ်ရကောင်းမလဲတွေးတဲ့အခါ ထည့်စဉ်းစားနိုင်ဖို့ ကျနော် ခုတလော ဖတ်မိသိမ်လေ့လာမိတာလေးတွေကို တတ်နိုင်သမျှနေရာကျအောင် စီကာစဉ်ကာ ပြန်ပြောပြတာပါ။ ဟိုရောက်ဒီရောက်မို့ ဖတ်ရ ပိုအဆင်ပြေအောင်ဆို အင်တာနက်မှာ တက်ရောက်မွှေနှောက်ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျား။

မျိုးမြင့်ချို

စက်တင်ဘာ ၂၈၊ ၂ဝ၁၉

Friday, September 27, 2019

(ဘယ်အမျိုးကို ချစ်တာလဲ)

0 comments
(ဘယ်အမျိုးကို ချစ်တာလဲ)
မျိုးချစ်စိတ်ဆိုတာ အသွား ၂ ဘက်ပါတဲ့ဓားနဲ့တူပါတယ်။ လူတွေနဲ့နိုင်ငံကိုစုရတာလွယ်ကူပြီး ကောင်းမွန်ပါတယ်။ အလားတူပဲ အဲ့ဒီမျိုးချစ်စိတ်ကြောင့် လူတွေနဲ့နိုင်ငံတွေ အစိတ်စိတ်အမွှာအမွှာ ကွဲထွက်သွားကြပါတယ်။ မျိုးချစ်စိတ်ဟာ လူစုတဲ့နေရာနဲ့ပြည်စုတဲ့နေရာမှာ အသုံးတည့်သလောက်အစွမ်းထက်ပြီး လူတွေအစုလိုက်အစုလိုက်ခွဲထုတ်တာ ပြည်ထောင်တွေတခုခုစီတခုစီခွဲထွက်ကုန်တာမှာလည်း အဆိပ်ပြင်းသလောက် ကြောက်စရာကောင်းပါတယ်။
ဆိုဗီယက်ယူနီယံပြိုကျပြီး အိုင်ဒယော်လော်ဂျီတိုက်ပွဲ နောက်ရောက်သွားတော့ မျိုးချစ်စိတ်လှူံဆော်သံတွေနဲ့အတူ ဘာသာရေး လူမျိုးရေး (ယဉ်ကျေးမှူခြင်းပဋိပက္ခClash of Civilization ဆိုပြီး ပါမောက္ခဒေါက်တာဆင်မြူရယ်လ်ဟန်တင်တန်က ပြောဖူး)တွေ ရှေ့တန်းရောက်လာတာ၊ ဗော်လ်ကန်နိုက်ဇေးရှင်းဖြစ်လာတွေအပြင် အကြမ်းဖက်ခြိမ်းခြောက်သတ်ဖြတ်မှူတွေ တမဟုတ်ခြင်း ကြီးထွာညးလာပါတယ်။ တနည်းပြောရရင် အိုင်ဒယော်လော်ဂျီတိုက်ပွဲ လစ်ဟာသွားတဲ့ကွက်လပ်မှာ ဘာသာရေးလူမျိုးရေးတွေ အတင်းနေရာဝင်ယူကြီးစိုးသွားတဲ့သဘောဖြစ်မယ်ယူဆပါတယ်။ ဒီမျိုးချစ်စိတ်နဲ့အတူ လူဖြူကြီးစိုးရေးတွေ၊ Antisemitism ဂျူးဆန့်ကျင်ရေးတွေ နေရာယူလာပါတယ်။ ဗုဒ္ဓဘာသာထဲမှာလည်း ဘာသာရေးအယူသီးအစွန်းရောက်တွေ ခေါင်းထောင်ထလာပါတယ်။ အထူးသဖြင့် သီရိလင်္ကာလို ဗမာပြည်လို ထေရဝါဒဗုဒ္ဓသာသနာထဲမှာ အမြစ်စွဲပါတယ်။
အဲ့သလို ဘာသာရေး လူမျိုးရေးအခြေခံ ကသောင်းကနင်း သွေးထွက်သံယိုမှူတွေ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှူကြီးတွေ ဒေသန္တရအကန့်အသတ်စစ်ပွဲတွေကို ယဉ်ကျေးမှူစစ်ပွဲဆိုတဲ့အထိပြောသူပြောပါတယ်။ တကယ်က လူတန်းစားပဋိပက္ခဟာ အခြားပုံသဏ္ဏန်တခုနဲ့ ထွက်ပေါ်လာတာပါ။ ပြောရရင် အမျိုးသားရေး Nationalism ဆိုတဲ့ခေါင်းစဉ်နဲ့ ပေါ်လာတာပါ။ တခု သတိပြုသင့်တာက အမျိုးသားရေးမှာလည်း လူတန်းစားလက္ခဏာပါတယ်ဆိုတာနဲ့ ဘာသာရေးကိုခုတုံးလုပ်တဲ့လုပ်ဟန်ပါတယ်ဆိုတာပါ ခု လူအများပြောပြောနေတဲ့ အမျိုးသားရေးဆိုတာဟာ အရင်းရှင်စနစ်အခြေခံပေါ်ကအမျိုးသားရေးပါ။
အရင်းရှင်အမျိုးသားရေးလက္ခဏာမှာ အမျိုးသားကိုယ်ကျိုးစီးပွားကို အလွန်အမင်းရှေ့တန်းတင်လွန်းခြင်း ကာကွယ်လွန်ခြင်းပါပဲ။ အမျိုးသားကိုယ်ကျိုးစီးပွားတွေအတွက်ကြောင့်ပဲ ရေနံ လောင်စာ၊ သဘာဝသယံဇာတလက်ဝါးကြီးအုပ်လိုမှူ၊ ဈေးကွက်ထိန်းချုပ်စိုးမိုးထားရေး၊ ပထဝီနိုင်ငံရေးအရ အသာစီးရရေးခြေကုပ်ယူတာတွေအထိ ဆင့်ထက်ကဲလာတာပါ။ အဲ့ဒီအချိန်မှာ နယ်ချဲ့တာကျူးကျော်တာ၊ လူနည်းစုတွေကိုနှိပ်ကွပ်တာ၊ ဘာသာအယူမတူသူတွေအပေါ် ဗိုလ်ကျလွှမ်းမိုးတာတွေလုပ်ကြတော့တာပါ။ အဲ့သလိုလုပ်တဲ့အခါ မျိုးချစ်စိတ်ဆိုတာ လူကြိုက်များ ရေပန်းစား Popular ဖြစ်လာပါတယ်။
ဒီတော့ နိုင်ငံရေးသမားတွေရော စစ်အာဏာရှင်တွေရော Popular Politics ကိုင်ပြီးထွက်လာကြတာပါ။ ဒါကို မျိုးချစ်ဝါဒ Patriotism လို့ အလွယ်တံဆိပ်ကပ်ကြပါတယ်။ ဒီနိုင်ငံရေးလုပ်တဲ့သူတွေကိုတော့ Populists တွေခေါ်ကြပြီး အများစုကတော့ “လူပြိန်းကြိုက်နိုင်ငံရေးသမား“လို့ကင်ပွန်းတပ်ပေမယ့် ကျနော်က “ကြိုက်လုံးပစ်နိုင်ငံရေးသမား“တွေလို့ အနက်ကောက်ခဲ့ပါတယ်။ လူထုကိုဦးတည်ဖွင့်တဲ့အနက်နဲ့ နိုင်ငံရေးသမားကိုရှေးရှူတဲ့ အနက်ကောက်ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီ “ကြိုက်လုံးပစ်နိုင်ငံရေးသမားတွေ“ဟာ ကိုယ့်ကိုယ်ကို မျိုးချစ်နိုင်ငံရေးသမား၊ မျိုးချစ်စိတ်ရှိသူ၊ မျိုးချစ်ဝါဒီတွေအဖြစ် ပုံဖော်လေ့ရှိကြပါတယ်။
အဲ့သလို မိမိကိုယ်ကိုယ် မျိုးချစ်နိုင်ငံရေးသမား၊ မျိုးချစ်စိတ်ရှိသူလို့ အလံထောင်လာရင် ဖွင့်ဟပြောလာရင် ဘယ်အမျိုးကိုချစ်မှာလဲ ဒါမှမဟုတ် ချစ်တာလဲလို့မေးကြည့် တိတိကျကျပြန်မဖြေရဲကြပါဘူး။ ဝေ့လည်ကြောင်ပတ်နဲ့ လှည့်ထုတ်သွားတဲ့အဖြေပဲပေးကြလိမ့်မယ်။ နိုင်ငံသားတွေလိုလို တိုင်းရင်းသားတွေလိုလို ဘာသာတူသူတွေလိုလို မတူသူတွေပါ ပါသလိုလို လုံးထွေးပြီး မလိမ့်တပတ်ချည်းဖြေပါလိမ့်မယ်။ နိုင်ငံသားတွေ၊ ဌာနေတိုင်းရင်းသားတွေ၊ ပြည်ပကလာနေသူတွေ၊ ပြည်တွင်းကလူတွေ၊ ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသားပြုခွင့်ရသူတွေဘာတွေညာတွေပါ မဆီမဆိုင် အတင်းဆွဲသွင်းပြီး သူဘယ်အမျိုးကိုချစ်တယ် ဘယ်သာဝင်ကိုချစ်တယ်ဆိုတာကို ဖုံးကွယ်တတ်ပါတယ်။
ကျနော်တို့ဟာ နိုင်ငံတကာဝါဒ လူမျိုးစုံချစ်ကြည်ရေးဝါဒကိုကိုင်စွဲကြ ထွေးပိုက်ကြပေမယ့် မျိုးချစ်စိတ်ကိုလည်း လုံးလုံးလျားလျားပစ်ပယ်ပစ်လို့တော့ မရဘူးမြင်ပါတယ်။ အသွား ၂ ဘက်ပါတဲ့ အစွမ်းလည်းထက် အန္တရာယ်လည်းများတဲ့ အမျိုးသားရေးဝါဒကိုလည်း သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး မွေးမြူယုယရမယ်တွေးပါတယ်။
တပြိုင်တည်းမှာ မိမိကိုယ်ကိုယ် မျိုးချစ်နိုင်ငံရေးသမားလို့ကြွေးကြော် အလံထောင်နေတဲ့ Populist ကြိုက်လုံးပစ်နိုင်ငံရေးသမားတွေရဲ့အန္တရာယ်ကိုလည်း သိတ်ထားပြီး ပြတ်ပြတ်သားသားဒဆန့်ကျင်ကြဖို့လိုမယ်တွေးမိပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၂၇၊ ၂ဝ၁၉

Thursday, September 26, 2019

(ပါခဲ့သူမို့ ပြောပါရစေ)

0 comments
(ပါခဲ့သူမို့ ပြောပါရစေ)
စက်တင်ဘာ ၂၅ မှာ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအခွင့်အရေး ရရှိရေး၊ ထောင်တွင်းဖိနှိပ်မှူများရပ်စဲရေး၊ အနိုင်ရပါတီကိုအာဏာလွှဲပြောင်းရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးစတဲ့ သိတ်ရှေ့နောက်အဟပ်မညီတဲ့တောင်းဆိုသံတွေကြွေးကြော်ပြီး ထောင်တွင်းတိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ကြွေးကြော်သံတွေ ရှေ့နောက်အစပ်မတည့်တာ(ဥပမာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းနေတဲ့ကြားမှာပဲ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးရရှိရေးက တွဲပါနေတာမျိုး)တွေရှိခဲ့ပါတယ်။ အဲ့သလိုဖြစ်ရတာက အဆောင်တွေနဲ့တိုက်တွေ တပြိုင်တည်း ထဖြစ်ကြတယ်ဆိုပေမယ့် ဦးဆောင် ဗဟိုချက်တခုတည်းမရှိခဲ့တာကြောင့်ပါ။ ဗဟိုမဲ့လို့ ကြွေးကြော်သံတင်မက လုပ်ဟန်တွေပါ မတူခဲ့ကြပြီး ပါဝင်သူမပါဝင်သူလည်း ခြားခဲ့တာရှိပါတယ်။
ဘာ့ကြောင့်ဖြစ်ရလဲရဲ့အခြေခံအကြောင်း ယေဘုယျကတော့ ထောင်တွင်းဖိနှိပ်မှူတွေ အကြီးအကျယ်ရှိနေတယ်၊ ပြည်တွင်းနိုင်ငံရေးက အီလည်လည်လိုဖြစ်နေတယ်။ အနိုင်ရပါတီက လမ်းစပျောက်နေတယ်။ နိုင်ငံတကာက အာဏာလွှဲပြောင်းရေးကိစ္စထက် ဒေါ်စုအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်ရေးဘက် ဇောင်းပေးသွားတယ်။ နိုင်ကျဉ်းတွေကလည်း ရွေးကောက်ပွဲပြီးရင် အာဏာလွှဲတာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ ဆက်တိုက်လာလိမ့်မယ်လို့ မျှော်လင့်စောင့်စားနေကြတယ်။ အနီးကပ်အကြောင်းတွေလည်းရှိပါတယ်။ အဲ့ဒီထဲမှာ အပြင်မှာအဖမ်းအဆီးတွေရှိလာတာ၊ ဒေါ်စုလွတ်မယ့်ပုံမပေါ်တာ၊ အာဏာရယူရေးနဲ့ပတ်သက်လို့ အင်န်အယ်လ်ဒီမှာ လက်တွေကျပြီး ခိုင်မာတဲ့မူရှိမနေတာ စတာတွေပါတယ်။ အနီးကပ်အကြောင်းအရာတွေထဲမှာ ထောင်တွင်းဖိနှိပ်မှူတွေ၊ အလုပ်ချတာတွေ၊ လူခွဲတာတွေလည်းပါပါတယ်။ စက်တင်ဘာ ၂၅ နဲ့ပတ်သက်လို့ ကျနော် ၂ ပုဒ်လောက် ရေးဖူးပါတယ်။ ၄ ရှည်နေသူတွေထဲက ကျနော်လည်း အဲ့ဒီပွဲမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ၄ ရှည်ကနေ ထုတ်အရိုက်ခံရ ထောင်ပြောင်းခံရ တိုက်ပြောင်းခံရသူ ၄ ယောက်ရှိပါတယ်။ ကိုခွန်ဆိုင်း ခေါ် ကိုမျိုးထွန်း(ယခုအင်္ဂလန်)။ ကိုမြင့်ရီ (ဗကသ/၄၈၂၈ UG) ယခုဗမာပြည်။ ကိုအောင်သန်း (သဲကုန်း အင်န်အယ်လ်ဒီဥက္ကဌ)။ ကိုကျော်သန်း(DAB ဦးစိန်မြအမှူတွဲ) နဲ့ ကျနော်ပါ။ (ကျော်သန်းက နံမည် လွဲချော်ရင်ချော်နိုင်ပါတယ်။ အမှန်သိသူပြင်ပေးပါ) ပြန်စဉ်းစားလို့ရပါပြီ ကိုကျော်အေးပါ။ ရခိုင်အမျိုးသား လူစွန့်စားတယောက်ပါ။
လုပ်ကြမယ်ဆိုပြီး အသံတွေစထွက်လာကတည်းက “ကျွန်းလိုမဟုတ်တဲ့အတွက် ထောင်တွင်းတိုက်ပွဲမှာ အကန့်အသတ်ပိုကြီးတယ် ပို ခက်ခဲမယ့်အကြောင်းပြောပြီး တခြားနည်းနာရွေးချယ်ဖို့“တိုက်တွန်းဖျောင့်ဖြသူတွေထဲမှာ ကျနော်နဲ့တခန်းတည်းနေတဲ့ ဦးအောင်မေသုလည်း ထိပ်ဆုံးကပါပါတယ်။ ဒါပေမယ့် တကယ့်တကယ်ဖြစ်လာတော့ သူလည်း ကြွေးကြော်သံတွေတိုင်ရင်း အော်ရင်း တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ တိုက်သာအပြောင်းမခံရ ထုတ်သာအရိုက်မခံရပေမယ့် တခြားသူတွေနည်းတူ သူလည်း အနှိပ်ကွပ်ခံရပါတယ်။ သူတို့လိုလူတွေမြှောက်ပေးလို့ ဒါဖြစ်လာတာဆိုတဲ့အထိ စွပ်စွဲတာဆဲရေးတာခံခဲ့ရပါတယ်။
ခု အဲ့ဒီဖြစ်စဉ်ကို ရုပ်ရှင်(မှတ်တမ်းကား)ရိုက်မယ်လို့ စိတ်ကူးရှိသူရှိတာကြားပါတယ်။ ကျနော့်သဘောကတော့ လုပ်နိုင်လို့ လုပ်ချင်လို့ လုပ်တတ်လို့ လုပ်ဖို့အခွင့်အလမ်းရှိလို့လုပ်မယ်ဆို ပြောစရာမရှိပါ။ လုပ်တော့လုပ်တယ် မဖြစ်ညစ်ကျယ်လည်းဖြစ်သွားမယ် လူ့အစာအနာ လူ့ကရုဏာရရမယ့်အစား ထောင်ထဲသွား ဒီလိုလုပ် ဒီဖြစ်မှာပေါ့ နည်းတောင်နည်းသေးဆိုတဲ့ အငေါ်တူးသံထွက်လာမှာတော့ စိုးရိမ်ပါတယ်။ ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိတော့ မဖြစ်စေ့ချင်ပါ။
ကျနော့်မှာ အရိုက်ခံရပြီး ခုထိ ခါးဆစ်ပဲ့သွားတဲ့ဒဏ် ခံနေရတုန်းပါ။ စိတ်ထဲ အမှတ်သည်းတုန်းပါ။ ရုပ်မှာ နာကျင်နေတုန်းပါ။ ရင်ထဲ နင့်နေတုန်းပါ။ တခါတခါ ခြောက်အိပ်မက်တွေနဲ့ လန့်လန့်နိုးတုန်းပါခင်ဗျာ။
မျိုးမြင့်ချို
စက္တင္ဘာ ၂၆၊ ၂ဝ၁၉q

(ဂဟေဆက်မပျက်ရအောင်) မျိုးမြင့်ချို

0 comments
(ဂဟေဆက်မပျက်ရအောင်) မျိုးမြင့်ချို
ICC တင်ပြီးလည်း မျက်ကွယ်စီရင်ချက်မချပါဘူး။ R2P ဆို ပိုတောင်ဝေးသေး။ ဆက်ဒမ်ကိုလုပ်သလို၊ ကဒါဖီကိုလုပ်သလို၊ အိုစမာဘင်လာဒင်ကိုလုပ်သလို မင်းတို့ကို မလုပ်ရေးချမလုပ်။
ဒါပေမဲ့ ခြောက်လုံးသက်သက်တွေပါကွာလောက်အထိတော့ လျှော့မတွက်နဲ့။ ခုပဲ လျှော့တွက်လို့ခံနေရပြီ မဟုတ်လား။ ပစ်မှတ်ထားပိတ်ဆို့တာ ဘာအထိမှ မနာပေမယ့် နိုင်ငံရေးအရတော့ ခံစစ်ဖြစ်သွားတယ်မဟုတ်လား။ အရှက်ကွဲသွားတယ်မဟုတ်လား။
ဒေါ်စုလည်း ဗြိတိန်သံအမတ်နဲ့အတွေ့မှာ အာစေးပိတ်သွားတာ မြင်လား။ သူ့ဗီဇအတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်း ခေါင်းမာမာနဲ့ အရွဲ့တိုက်တတ်တဲ့ညဉ်ကို ပြန်ပြင်ဖို့တွေးရပြီ။ ရွေးကြစတမ်းဆို အာဆီယံဖြစ်ဖြစ် အီးယူဖြစ်ဖြစ် အနောက်အုပ်စုဖြစ်ဖြစ် စစ်အုပ်စုကိုပဲရွေးခဲ့တာချည်းပဲဆိုတာ သူလည်းသိနေပြီပဲ။
အခုက သူ့ကိုဖယ်ပြီး စစ်ခေါင်းဆောင်တွေကို သဟောက်သဟန်း လုပ်နေတာကို သူသဘောပေါက်ပြီး အသာလေး လက်ရှောင်နေဖို့ ဆက်ပြီးအကာအကွယ်ပေးမနေဖို့ အတိအလင်း လာပြောတာပဲ။ ဒါးခုတ်ရာ ဝင်လျှိုတဲ့လက်ကို လာရုပ်ခိုင်းတာ။ ဗြိတိန်နိုင်ငံခြားရေးဝန်လာတာ သံတမန်လာသလို လာတာမဟုတ်ဘူး။ နိုင်ငံရေးစကား လာပြောတာ။ မင်းတို့ မတွေ့ဝံ့လို့ ရှောင်နေမှန်း လူတကာသိတယ်။ ဒေါ်စုလည်း တွေ့ချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက နိုင်ငံခြားရေးဝန်နေရာ ကိုင်ထားတော့ Counterpart ကို မတွေ့ချင်ဘူးလို့ ငြင်းမရဘူး။
မင်းက ငါ့ပဲရွေးမှာကွာလို့ မန်တော့သိတ်မတက်နဲ့။ ဒီတချက်မှာ အရင်ကလောက် အနောက်ဘက်က အောက်ရေတိုးပေးဖို့ သိတ်မလွယ်ဘူး။ ဒါပေမဲ့ မင်းလည်း အပြင်ထွက် လတ်လျားလတ်လျားတော့ သိတ်မလုပ်နဲ့။ ခလုပ်တိုက်တတ်တယ်။ တခြားလူတွေလည်း မျက်စေ့နောက်တယ်။ ရုရှားတို့ တရုတ်တို့သွားလည်း ဒါရိုက်ဖလိုက်နဲ့သွား။ လေယဉ်ပေါ်က ခုန်မချနဲ့။ ရထားစီးရင်လည်း ထိုင်စီး။ အပေါ်လက်ကိုင်တန်းမှ မမီပဲဟာ။
Army Reform ဘယ်တုန်းကမှ မလုပ်ချင်မှန်း လူတိုင်းသိတယ်။ နေရာ ဖယ်မပေးချင်မှန်း လူတိုင်းသိတယ်။ အာဏာ လက်မလွှတ်ချင်မှန်း လူတိုင်းသိတယ်။ နည်းနည်းလေး အချိုးပြင်လိုက်ရင် လူလဲကစားလိုက်ရင် အိုကေသွားမှာပါ။ သူတို့ကတော့ ဗျာမထူးမချင်း မောင်မောင်ပဲခေါ်နေမှာပါ။
ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့နားချတာ အောင်မြင်သွားတော့ အိုဘားမားက သူ့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုလို့ လက်မထောင်ပြတာ မှတ်မိတယ်မဟုတ်လား။ ဗမာပြည်သူတွေရဲ့တိုက်ပွဲပေါ်ကနေ လာအမြတ်ထုတ်သွားတာ မဟုတ်လား။ ပြည်သူတွေ ဘဝတွေအသက်တွေနဲ့ရင်းပြီး စွန့်လွှတ်တွန်းလှန်ခဲ့လို့မှ စစ်အုပ်စုက ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာသွားတာ မဟုတ်လား။ စစ်တပ်နဲ့ NLD ကို လာပေးစားပြီး ဘိသိတ်ဖတ်သွားတာ မဟုတ်လား။ NLD လည်း ဖုတ်ဖက်ခါပြီး ၂၀၀၈ အောက် ကောက်ကောက်ပါသွားရတယ်မဟုတ်လား။
လူထုတိုက်ပွဲလည်း မလုပ်ဝံ့၊ အာဏာလည်းမဖီဆန်ဝံံ့တော့ပဲ နိုင်ငံရေးအီနေချိန် မူမဲ့နေချိန်မှာ ဟီလာရီ လာအောင်သွယ်လိုက်တော့ NLD အသက်ရှူပေါက်ချောင်သွားတာ ကယ်ပေါက်ရသွားတာမဟုတ်လား။ သူတို့နိုင်ငံခြားရေးပေါ်လစီက စစ်တပ်နဲ့တက်လာသမျှ အရပ်သားအရွေးကောက်ခံတွေနဲ့ နိုင်ငံရေးအရ ပေးစားထားဖို့။ ဂဟေဆော်ထားဖို့ပဲ။ ဒီစစ်တပ် ချည့်နဲ့သွားမှာ သူတို့ အစိုးရိမ်ဆုံးပဲ။
ခုမင်းလည်း လူလဲကစားပြီး အချိုးလေးနည်းနည်းပြင်လိုက်ရင် သူတို့နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုလို့ လက်မထောင်မယ့်သူတွေ အဆင်သင့်ရှိတယ်။ ကျောသပ်ရင်သပ်လေးနဲ့ ကောင်းချီးပါပေးကြမှာပဲ။ ဗမာပြည် ဒီမိုကရေစီထွန်းကားတာ မကားတာ သူတို့ ဦးစားပေး အရေးထားချက် မဟုတ်ဘူး။
အရှက်ပြေကတော့ ကျန်းမာရေးမကောင်းလို့ပေါ့။ ပင်စင်ယူရမယ့်အရွယ် ရောက်နေလို့ပါပေါ့။ ဒါမှ ပေကပ်နေဦးမယ်ဆို ပြည်သူ့ နွားကန်စာမိလိမ့်မယ်။ ပြည်သူတွေ မင်းလောင်းမျှော်ဖူးပြီ၊ ကယ်တင်ရှင် တမ်းတဖူးပြီ။ သုမနကျောလည်း ဒဏ်ရာတွေ ဗလဝဖြစ်နေပြီ။ လှိုင်းတကယ်ကြီးရင် ရှေ့က ကာဆီးကာဆီးလုပ်နေသူပါ တိုက်ချသွားလိမ့်မယ်။ (ဒီထဲကမင်းဟာ မင်းအောင်လှိုင်တွေကိုပြောတာပါ)
မျိုးမြင့်ချို
စက္တင္ဘာ ၂ဝ၊ ၂ဝ၁၈

(တရားကို တရားက မစောင့်ထိန်းသေးသမျှ)

0 comments
(တရားကို တရားက မစောင့်ထိန်းသေးသမျှ)
ဗမာပြည်က သာမန်ပြည်သူတချို့ရဲ့ နှလုံးသားတွေ ခက်ထန်လာတာ၊ စိတ်တွေကြမ်းတမ်းလာတာ သတိထားမိတယ်။ တုတ်တပျက် ဓားတပျက်တွေလည်း များလာတယ်။ ထစ်ကနဲရှိ ခုတ်လိုက် ထစ်လိုက် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်တွေလည်း ပုံလာတယ်။ သွေးသံရဲရဲတွေ၊ အလောင်းကောင်တွေ၊ သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာ ဗလပွတွေ၊ ထိပ်ပေါက်ခေါင်းကွဲတွေ၊ တယောက်တယောက်ချင်းတွေ၊ အုပ်စု အုပ်စုချင်းတွေ၊ အုပ်စုက တယောက်ကို ရိုက်နှက်သတ်တာဖြတ်တာတွေ၊ တရားလက်လွတ်ဥပဒေမဲ့ လက်လွတ်စပယ် သတ်ပစ်တာမျိုးတွေ များသထက်များလာနေတယ်။ တခြားသဏ္ဍန်စုံနဲ့ဖြစ်နေတဲ့ ရာဇဝတ်မှုတွေလည်း ထူပြောလာနေတယ်။ လူတွေဟာ လမ်းပေါ်တင်မကပဲ ကိုယ့်အိမ်ထဲကိုယ်နေရင်း မလုံခြုံသလို အကာအကွယ်မဲ့သလိုခံစားမှုတွေဖြစ်လာတယ်။
တနေရာရာမှာ ဘာတခုခုလေး မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ တုတ်ဆွဲဓားဆွဲပြီး ထွက်လာကြတယ်။ သတ်လိုက်ကြပါတော့လား ဖြတ်လိုက်ကြပါတော့လားတွေ အော်ဟစ်ဆူညံနေတယ်။ ဓားလွတ်တွေ စလွယ်သိုင်းပြီး လူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင် သွားလာနေကြတယ်။ တရားဥပဒေမရှိတဲ့၊ အုပ်ချုပ်သူမရှိတဲ့၊ တရားစီရင်ရေး လုံးဝပျက်ဆီးတဲ့အထိ မရောက်သေးရုံတမယ်ပဲရှိတော့သလို ဖြစ်လာနေတယ်။
တခါ တရားရုံးတွေကို လူအုပ်နဲ့ သွားခြိမ်းခြောက်ပြီး အမှုရင်ဆိုင်နေဆဲ တရားခံကို တရားရုံးအပြင် ထုတ်ပေးဖို့၊ သူတို့လက်နဲ့ သူတို့ဘာသာ တရားစီရင်မယ်ဆိုတာတွေအထိ အတင့်ရဲလာတယ်။ ဒါမှမဟုတ်လည်း အဲ့ဒီတရားခံကို သေဒဏ်ပေးဖို့တောင်းဆိုရင်း တရားသူကြီးတွေ တရားရုံးတွေကို ဖိအားပေးကြတယ်။
လွှတ်တော်ထဲကြည့်ပြန်တော့လည်း အမတ်တချို့က သက်ငယ် မုဒိန်းသမားတွေကို သေဒဏ်ချမယ့်ဥပဒေတွေပြဌာန်းဖို့ လက်သီးလက်မောင်းတန်းနေကြတယ်။ ပိုယဉ်ကျေးတဲ့ ပိုတရားဥပဒေစိုးမိုးတဲ့ ပိုညှာတာထောက်ထားမှုပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ သေဒဏ်ဖျက်သိမ်းတာတွေလုပ်နေသလို ဖျက်သိမ်းပြီးသား ပြည်တွေလည်း ရှိနေတယ်။ သေဒဏ်ဖျက်သိမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ဆထက်ကဲဖြစ်နေတယ်။ ဗမာပြည်မှာတော့ ပြောင်းပြန်။ သေဒဏ်ကို အငမ်းမရတောင်းဆိုနေကြတယ်။ သေဒဏ်ငတ်မွတ်နေကြတယ်။ ဖေ့စ်ဘွတ်ခ်လိုဟာမျိုးပေါ်မှာတောင် ထီကနဲအသံကြားတာနဲ့ ဆော်လိုက်ပါတော့လား၊ နှက်လိုက်ပါတော့လား၊ သတ်လိုက်ပါတော့လား၊ အရှင်မထားနဲ့တွေ အချိန်နဲ့အမျှ နားမဆန့်အောင် ကြားနေ မြင်နေရတယ်။ အပြင်မှာကပုံရိပ်ဟာ ဆိုရှယ်လ်မီဒီယာပေါ် လာထင်ဟပ်နေတာပဲ။ ပြောရရင် စိတ်လက် မချမ်းသာစရာတွေချည်းပဲ။ ဘာသာမတူ လူမျိုးမတူသူတွေဆို နေစရာမရှိအောင်ကို ပိုတောင်ဆိုးပါတယ်။ အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေကြရရှာတယ်။
ဒါတွေဘာ့ကြောင့် ဖြစ်ရသလဲ။ တခွန်းတည်းပြောရရင် အုပ်စိုးသူတွေကြောင့်ပဲ။ အုပ်စိုးသူတွေဖန်တီးထားတဲ့ ကိစ္စတွေပဲ။ ဗမာပြည်မှာက တကယ်အုပ်စိုးနေတာ ခြယ်လှယ်နေတာ စစ်အုပ်စုပဲ၊ အစိုးရ ၂ ခုဖြစ်နေတာလည်း မဟုတ်ပါဘူး။ အစိုးတရလုပ်နေတာက တခုထဲပါ။ စစ်တပ်ပါ။ သမဏိရှည်ကြာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ပါ။ စစ်အတွေးအခေါ်ပါ။ စစ်တပိုင်းအင်န်အယ်လ်ဒီအစိုးရဆိုတာက ဘာကိုမှ မယ်မယ်ရရ ထိန်းချုပ်နိုင်တဲ့အခွင့်အာဏာ သြဇာမရှိပါ။ လူထုဘက်ကနေရပ်ပြီး အပြည့်အဝ အကာအကွယ်မပေးနိုင်ပါ။ စစ်အုပ်စု ထင်ရာစိုင်းနေတာကို လက်ပိုက်ကြည့်တဲ့အခါကြည့်၊ ဖေးမတဲ့အခါဖေးမပေး၊ သိတ်လိုအပ်တဲ့အခါ ဗြောင်ထွက်ရပ် အကာအကွယ်ပေးရတဲ့ဘဝ ရောက်နေရှာတာပါ။ အဲ့သလိုမရောက်ရောက်အောင်လည်း ကျုံးအသွင်းခံထားရတာပါ။ စစ်တပိုင်းအစိုးရမှာ အဲ့လို သြဇာအာဏာတွေ မရှိမှန်းသိတော့ လူထုကလည်း အားမကိုးချင်ပါ။ အားကိုးလို့လည်းမရ ဖြစ်နေတာပါ။
စစ်အုပ်စုကလူတွေကို ကျီးလန့်စာစားဖြစ်နေအောင်၊ နယ်ဘက်အရပ်ဘက် အုပ်ချုပ်ရေးကို မယုံကြည်တော့အောင်၊ လက်နက်ကိုင်ထားသူအပေါ်ပဲ အတွင်းစိတ်ကကြိတ်ပြီး အားကိုးစိတ် မှီခိုစိတ်ဖြစ်နေအောင် လုပ်နေတာပဲ။ ဒီ့ထက်ချဲ့ပြောရရင် တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို စနစ်တကျ ဖျက်ဆီးထားလို့ပဲ။ လူတွေက ဥပဒေ၊ ဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးတွေ အပေါ် အယုံအကြည်မရှိတော့လို့ပဲ။ လူတွေကို ဥပဒေမဲ့ ကိုယ့်ဓားနဲ့ ကိုယ့်တရားစီရင် ကိုယ့်စိတ်ကြိုက်သတ်ဖြတ်တာဟာ မှန်တယ် တရားတယ်လို့ထင်လာအောင် လုပ်ထားလို့ပဲ။
သတ်ဖြတ်သူတွေကိုယ်တိုင်က စိတ်မလုံခြုံဘဝမလုံခြံုသလိုဖြစ်ပြီး သူတို့ကိုမှ ငါတို့မသတ်ရင် ငါတို့ကို သူတို့ကသတ်တော့မှာပဲဆိုတဲ့ အတွေးမျိုးကိန်းနေလို့လည်းဖြစ်တယ်။ အဲ့လိုတွေလုပ်ရင်း လူတွေဟာ ပို လက်ရဲဇက်ရဲတွေဖြစ်လာတယ်၊ လက်ယဉ်လာတယ်။ ရဲစခန်းကို၊ ရဲကို၊ အချုပ်ထောင်ကို၊ တရားရုံးကို၊ တရားစီရင်ရေးကို၊ ဥပဒေကို၊ အစိုးရ (အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရ)ကို မထေမဲ့မြင်ပိုပို လုပ်တတ်လာကြတယ်။ စစ်တပ်ကိုတော့ မော်မကြည့်ဝံ့အောင် လုပ်ထားတယ်။
လူတွေ တရားလက်လွတ် လုပ်တတ်အောင် ဖြစ်နေအောင်လည်း စစ်အုပ်စုက ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိလုပ်နေတာဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုင်ပြီး အစိုးရအနေနဲ့ စစ်တပ်ကို မကျိုးနွံကျိုးနွံနေအောင် ပြန်မလှန်ရဲအောင်၊ လှုပ်မရအောင်၊ ကျဉ်းထဲကျပ်ထဲပိတ်မိနေအောင် ဦးချိုးနမ်နှိမ်ထားတာပါ။ ဒါတွေက လူတကာသိပြီးသားမို့ ဘာမှ ဝိတ္တာရချဲ့နေစရာမလိုတော့ပါ။
သိမ်မွေ့ပါတယ် မေတ္တာတရားအားကြီးပါတယ်ဆိုတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာလည်း ကမ္ဘာပုံအလယ်မှာ အကြမ်းဖက်ဝါဒ အစွန်းရောက်ဝါဒအဖြစ် မြင်သွားအောင် ပို့ပစ်လိုက်ကြပြီ။ ဘုန်းကြီးရဟန်းတွေထဲမလည်း သူ့ဘုန်းကြီးတွေမွေးပြီး လိုတဲ့အခါတိုင်း တိုင်းပြည်ဆူအောင် မငြိမ်မသက်ဖြစ်အောင်လုပ်တာ၊ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်အောင် လူသတ်အားပေးတွေ၊ လူသတ်လှုံ့ဆော်ရေး သမားတွေ ဝါဒမှိုင်းတိုက်ရေးသမားတွေကို ချီးမြှောက်ပစားပေးလိုက် ဘွဲ့တွေတံဆိပ်တွေကပ်လိုက် လုပ်နေတာလည်း လူတိုင်းအသိပါပဲ။ ဗမာ့လူ့အဖွဲ့အစည်းကို စစ်တပ်ထောင်လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ တဘက်ကဖိထားသလို ဘာသာရေးမှိုင်းတိုက်ပြီး အတွေးအခေါ်အရလည်း တဘက်က ဖျက်ဆီးနှိပ်ကွပ်ထားတာပဲ။
ဒီအခြေအနေဆိုးတွေ၊ ဒီလိုတရားမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာတွေ၊ လူတွေရဲ့ စိတ်ဓာတ်ရေးရာ ဖျက်ဆီးခံနေရတာတွေ၊ နှလုံးသားခက်ထန် မာကြောနေတာတွေ အားလုံးရဲ့ အရင်းလက်သည်ဟာ စစ်အာဏာရှင်စနစ်ပဲ၊ စစ်ဗျူရိုကရေစီယန္တရားပဲ၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ပဲဆိုတာ တိုင်းသိပြည်သိကမ္ဘာသိပါ။ ကျနော်တို့အနေနဲ့ သိရုံနဲ့မပြီးပါ။ ရောက်တဲ့နေရာ၊ ရတဲ့အခြေအနေ၊ ပေးလာတဲ့မျက်နှာစာ အသီးသီးကနေ စစ်အာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ကြရမှာပါ။ ဒါကို လက်နက်ကိုင်တော်လှန်ရေးမျက်နှာစာမှတင်၊ ပါတီထောင် နိုင်ငံရေးလုပ်တဲ့မျက်နှာစာမှတင် လုပ်နိုင်တာမဟုတ်ပါဘူး။ စာပေအနုပညာမျက်နှာစာ၊ လူမှုကူညီရေးမျက်နှာစာ၊ ပညာရေးမျက်နှာစာ၊ ဥပဒေတွင်းမျက်နှာစာတွေကလည်း လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်နေကြတာ မြင်နေရပါတယ်။ လုပ်လည်း လုပ်နေကြရမှာဖြစ်ပါတယ်။
ကျနော်တို့ စိတ်ရှည်ရှည်၊ ဇွဲသန်သန်၊ အတွေးအခေါ်ခိုင်ခိုင်မာမာ၊ မူရှိရှိ ရပ်တည်ချက်ပြတ်ပြတ်သားသား၊ ရေရှည်အမြင်ပါပါနဲ့ လုပ်ကြဖို့ပါပဲ။
အစိုးရပြောင်းတယ်ဆိုတာ စနစ်တခုကိုပြောင်းရတာထက် အပုံကြီး လွယ်ပါတယ်။ ပြောင်းလည်း ပြောင်းနေကြတာပါပဲ။ ဗမာပြည်မှာ အစိုးရတွေ ခုချိန်ထိ အမျိုးမျိုးပြောင်းခဲ့ကြပေမယ့် စစ်အာဏာရှင်စနစ်ကတော့ အမြစ်တွယ်နေဆဲပါ။
ကျနော်တို့မသေခင် လုပ်နိုင်သမျှလုပ်နေကြဖို့ လုပ်သွားကြဖို့ပဲလိုပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၆၊ ၂ဝ၁၈)

သခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှစ်စပ်လျဉ်း၍ သံဃာတော်များသို့ လျှောက်ထားချက်

0 comments
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးသခင်သန်းထွန်း၏ နိုင်ငံ့ရေးရာကိစ္စနှစ်စပ်လျဉ်း၍ သံဃာတော်များသို့ လျှောက်ထားချက်(ကောက်နှုတ်ချက်)
ခြေတော်ဦးခိုက်လျှောက်ထားပါသည်၊ တပည့်တော်ကိုယ်တိုင် အလုပ်များနှင့်မအားမလပ်ဖြစ်နေပါသဖြင့် စာဖြင့်ရေးသား လျှောက်ထားပါသည်၊ ခွင့်လွှတ်နိုင်မည်ဟု ယုံကြည်ပါသည်ဘုရား
ရန်ကုန်နေပြည်တော်တွင် ဂျပန်များထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သံဃာတော်အရှင်သူမြတ်များပါဝင်သည်ကို မတွေ့ကြရသဖြင့် အထက်ဗမာပြည်ရှိသံဃာတော်များ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသည်ဟုသိရှိရပါသည်။
အမှန်အားဖြင့်လျှောက်ထားရလျှင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များသိမ်းပြီးသည့်နောက် တပည့်တော်တို့ရောက်သည့်အခါကစ၍ သံဃာတော်များအား နိုင်ငံရေးအခြေအနေ လျှောက်ထားခြင်း၊ ကုန်သည်အသင်း၊ ကျောင်းဆရာအသင်း စသော အဖွဲ့အသင်းများကို လှုံ့ဆော်ပေးခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ဆောင်ရွက်ကြသဖြင့်လည်း နိုင်ငံရေးအသက်ပြန်ဝင်လာသည်ဟု လျှောက်ထားရပါမည်။
ရန်ကုန်မြို့တော်တွင် ဂိုဏ်းပေါင်းစုံမဟာသံဃာ့အဖွဲ့ချုပ်၊ ပြည်သူ့လွတ်လပ်ရေးသံဃာအဖွဲ့ချုပ်ဟူ၍ ရှိပါသည်။ ဂိုဏ်းပေါင်းစုံမဟာသံဃာ့ အဖွဲ့ချုပ်မှာ လွန်ခဲ့သောခေတ်အခါကဖွဲ့စည်းထားသော သံဃာ့အဖွဲ့အစည်းဖြစ်ပါသည်။ တပည့်တော်သိရသလောက် စည်းမျဉ်းမှာ အလွန် ကျနပြီး စည်းစည်းလုံးလုံးရှိသည်ဟုသိရပါသည်။
ပြည်သူ့လွတ်လပ်ရေးသံဃာအဖွဲ့ချုပ်မှာ ဂျပန်လက်ထက်က တိတ်တိတ်ပုန်းဖွဲ့စည်းသောအဖွဲ့ချုပ်ဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးကို လျှို့ဝှက်စွာ ကူညီဆောင်ရွက်ခဲ့သောအဖွဲ့ဖြစ်ပါသည်။
ဂျပန်ခေတ်က အလုပ်သဘောချင်းမတူသောအဖွဲ့၊ ၎င်းအပြင် ဗြောင်ဖွဲ့ထားသောအဖွဲ့၊ တိတ်တိတ်ပုန်းဖွဲ့သောအဖွဲ့ဟူ၍ သီးခြားခြားနားနေသော အဖွဲ့ဖြစ်ပါသည်။ နိုင်ငံရေးအတိအလင်းလုပ်လာနိုင်သောအခါ ဤနှစ်ဖွဲ့ကို တဖွဲ့တည်းဖြစ်အောင် တပည့်တော်တို့ကကြိုးစားခဲ့ပါသည်။ အောင်မြင်သင့်သလောက် မအောင်မြင်သေးပါ။
တပည့်တော်၏သဘောမှာ..
(က) သံဃာတော်အရှင်သူမြတ်များသည် တစည်းတလုံးတည်းရှိသင့်ပါသည်။
() သံဃာတော်များအဖွဲ့ချုပ်အနေဖြင့် တဖွဲ့ကိုပယ်၍ ကျန်တဖွဲ့ကိုအားပေးခြင်းမပြုသင့်။
() သံဃာတော်များအဖွဲ့ချုပ်အနေဖြင့် သာသနာကိစ္စများ၊ သာသနာသန့်ရှင်းရေးကိစ္စများကို အထူးကြိုးစားသင့်ပါသည်။
() တိုင်းပြည်လွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး စသော အများနှင့်ဆိုင်သည့်ကိစ္စမျိုးတွင် တပည့်တပန်းများအား သင့်လျော်သောသြဝါဒများပေးသင့်သည်ဟု ယူဆပါသည်ဘုရား။
နိုင်ငံရေးလုပ်ငန်းမှာ ရှေးအခါက အရှင်ဘုရားများ သိတော်မူသည့်အတိုင်း မသန့်ရှင်းသောလုပ်ငန်းဖြစ်သည့်အတိုင်း တဂိုဏ်းအဖွဲ့ အနေဖြင့်ကား အားပေးရန်မသင့်ပါ။ သို့ရာတွင် ယခုအခါ နိုင်ငံရေးမှာ လတ်လတ်ဆတ်ဆတ်ရှိပြီး အတော်ပင် သန့်ရှင်းနေပါသည်။ တတိုင်းတပြည်လုံးညီညွတ်လိုသောဆန္ဒ၊ ပြာကျနေသောတိုင်းပြည်ကို ပြန်လည်ထူထောင်လိုသောဆန္ဒဖြင့် လွှမ်းမိုးလျက်ရှိပါသည်။ ဤကဲ့သို့ သန့်ရှင်းသောလုပ်ငန်းမျိုးကိုကား ဆရာတော်များ အားပေးရန် အထူးသင့်ပါသည်ဘုရား။
ညီညွတ်ရေးကိစ္စနှင့်ပတ်သက်၍ တပည့်တော် ဆက်လက်ရှင်းလင်းလိုပါသည်။ တပည့်တော်သဘောအရ ညီညွတ်ရေးထက် စည်းလုံးရေးဟူသောစကားက ပိုမိုမှန်ပါလိမ့်မည်။
အဖွဲ့အသင်းဆိုသည်တို့မှာ အလိုအလျောက်ပေါ်လာခြင်းမဟုတ်ပါ။ ကုန်သည်၊ လယ်လုပ်၊ ကျောင်းသား၊ ကျောင်းဆရာ စသည်ဖြင့် အသက်မွေးမှုကိုအကြောင်းပြု၍ လူအမျိုးအစားကွဲပြားနေသမျှ မိမိတို့ဆိုင်ရာအကျိုးစီးပွားကာကွယ်မည့် အဖွဲ့အစည်းများရှိပေမည်။ ဥပမာ.. ကုန်သည်အသင်း၊ ပွဲစားအသင်း၊ ကျောင်းသားအသင်း စသည်တို့ဖြစ်ပါသည်။ ၎င်းအသင်းများသည် အကျိုးစီးပွားတူသည့်အခါ တွဲလုပ်ကြပါသည်။ မိမိတို့ဆိုင်ရာအကျိုးသက်သက်ဆိုလျှင် မိမိတို့ဆိုင်ရာအဖွဲ့အတွင်း လုပ်ကြပါသည်။
နိုင်ငံရေးပါတီဆိုသည်မှာလည်း အမှန်အားဖြင့် ၎င်းအဖွဲ့အစည်းများ၏ကိုယ်စားလှယ်ဖြစ်ပါသည်။ တချို့ပါတီသည် ကုန်သည်အကျိုးကို အဓိကထား၍ဆောင်ရွက်မည်။ အချို့ပါတီက လယ်သမားတို့၏အကျိုးကို အဓိကထား၍ဆောင်ရွက်မည်။ သို့ရာတွင် တတိုင်းပြည်လုံးကိစ္စများတွင် ရည်ရွယ်ချက်တခုတည်း အတူတူလုပ်မည်။
နိုင်ငံရေးပါတီများမရှိရဟုဆိုလျှင် အောင်မြင်မည်မဟုတ်ပါ။ ဗြောင်မလုပ်ရလျှင် တိတ်တိတ်ပုန်းလုပ်ကြပါမည်။ ဂျပန်လက်ထက်က တိတ်တိတ်ပုန်းလုပ်ကြပါသည်။ အဖွဲ့ဆိုင်းဘုတ်မတင်စေကာမူ ကိုယ့်အစုကလေးနှင့်ကိုယ်ဖြစ်နေမည်ကို မရှောင်နိုင်ပါ။
ကိုယ့်အစုကလေးနှင့်ကိုယ်နေလိုကနေ၊ သို့ရာတွင် တိုင်းပြည်လုံးကိစ္စများတွင် တသဘောတည်း၊ တစည်းမျဉ်းတည်း လုပ်ကြရမည်ဟူသောသဘောနှင့် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းကြပါသည်။ ကိုယ့်အိမ်နဲ့ကိုယ်နေကြ၊ အရပ်ကိစ္စဝိုင်းလုပ်ကြဟူသောသဘောဖြစ်ပါသည်။ အဖွဲ့တွေဖျက်ဆိုလျှင် နာမည်လောက်ဖျက်ပြီး တိတ်တိတ်ပုန်းခြေထိုးသောအလုပ်များ ပိုလာမည်ကားမလွဲပါ။
ယခုဆိုလျှင် (က)စစ်အုပ်ချုပ်ရေးရပ်ဆိုင်းရေး ()ယာယီအမျိုးသားအစိုးရ ရရှိရေး ()ရွေးကောက်ပွဲပြုလုပ်ရေး ()တိုင်းပြည်လွှတ်တော် ရရှိရေးတို့တွင် အဖွဲ့တိုင်း ပါတီတိုင်း အားကြိုးမာန်တက် ဆောင်ရွက်နေကြပါသည်။ စီးပွားရေးအားသန်သည့်ပါတီသည် စီးပွားရေဆောင်ရွက်၍ လယ်သမားအားသန်သည့်ပါတီသည် လယ်သမားအရေးဆောင်ရွက်ပါသည်။ လယ်ပိုင်ရှင်နှင့်လယ်သမား ပဋိပက္ခဖြစ်ခဲ့သော် စေ့စပ်ဆောင်ရွက်ကြရန်လည်း သဘောထားရှိကြပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့များ၏စည်းလုံးရေးမှာ အောင်မြင်နိုင်ပါသည်။
သံဃာတော်များ နိုင်ငံရေးမလိုက်ရဟူ၍ တပည့်တော်ကြေညာချက်ထုတ်သည်ဟု အချို့ဆရာတော်များ နားပေါက်သည်ဟုသိရပါသည်။ တပည့်တော်ဤကဲ့သို့ကြေညာစာတန်းထုတ်ခဲ့ဖူးသည်ဟု အမှတ်မရပါ။ တပည့်တော်ပြောသည့်စကားအချို့ကို အကြားလွဲသူတို့က တမျိုးပြောချင်လည်း ပြောစရာရှိပါသည်။
(က)နိုင်ငံရေးလုပ်ငန်းတွင် မြန်မာ၊ ကရင်၊ ရှမ်းတို့ပါသည်။ သို့ဖြစ်၍ နိုင်ငံရေးလုပ်ငန်းမှာ လူတမျိုး (သို့မဟုတ်)ဘာသာတမျိုးတည်း၏ လုပ်ငန်းမဟုတ်။
()လူမျိုး၊ ဘာသာစုံပါဝင်သောလုပ်ငန်းတို့တွင် ဗုဒ္ဓဘာသာကိစ္စကိုချည်းပြောလျှင် အခြားလူမျိုး၊ အခြားဘာသာတို့ကို ထိခိုက်စရာရှိသည်။
()သို့ဖြစ်၍ ဗုဒ္ဓဘာသာကိစ္စများဆောင်ရွက်စရာရှိလျှင် သန့်သန့်ဆောင်ရွက်ရန်သင့်ပေသည်။
()သို့သော် တိုင်းပြည်ကိစ္စမှာ သံဃာတော်များလျစ်လျူရှုမထားနိုင်သဖြင့် ဗုဒ္ဓဘာသာကိစ္စတခုတည်းသဘောမျိုးမဟုတ်ဘဲ ဒါယကာ၊ ဒါယိမများအကျိုးရည်စူး၍ တတ်စွမ်းသမျှ သြဝါဒပေးသင့်သည်။
တပည့်တော်၏အယူအဆမှာ သည်အတိုင်းဖြစ်၍ သည်အတိုင်းပြောတတ်သည်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်ပါလိမ့်မည်။
တပည့်တော်၏ အတွေ့အကြုံအရ အောက်ဗမာပြည်နှင့် အထက်ဗမာပြည်မှာ မတူပါ။ အထက်ဗမာပြည်၌မူ သံဃာတော်များနှင့် ဒါယကာ ဒါယိမများအားကူညီရန် ပိုမိုတာဝန်ကြီးပါသည်။ ဒါယကာ ဒါယိမများကိုလျစ်လှူရှုရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အထက်ဗမာပြည်၌မူ အောက်ဗမာပြည်မှာထက် သံဃာတော်အရှင်မြတ်များသည် နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပိုမိုပါဝင်ဆောင်ရွက်ကြရပါမည်။
တပည့်တော် နိုင်ငံရေးဟူသောစကားကို မသုံးလိုပါ။ နိုင်ငံအရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးဟူသောစကားကိုသာ သုံးလိုပါသည်။ နိုင်ငံရေးဆိုလျှင် တဂိုဏ်းတပါတီကိုအားပေးလျှင် ယခင်လွှတ်တော်နိုင်ငံရေးများကို သတိရစရာဖြစ်ပါသည်။ ဤကဲ့သို့ ခြေရှုပ်သောနိုင်ငံရေးများတွင်ကား သံဃာတော်များပါဝင်ထိုက်သည်ဟု တပည့်တော်မယူဆပါ။ ရခိုင်ပြည်တွင် ဦးပညာသီဟကိုယ်တော်သည် ဂျပန်တော်လှန်ရေးတွင်ခေါင်းဆောင်ခဲ့သည့်လုပ်ငန်းမျိုးကိုကား တပည့်တော်သဘောကျပါသည်။
တပည့်တော်၏သဘောအတိုချုပ်မှာ ခြေရှုပ်သောနိုင်ငံရေးမပါဘဲ သန့်ရှင်းသောနိုင်ငံရေးတွင် ပါဝင်ရန်ဖြစ်ပါသည်။
သန့်ရှင်းသောနိုင်ငံရေးလုပ်လျှင် ပြာကျနေသောတိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မည်။ တိုင်းပြည်သာယာမည်။ သို့မှသာလျှင်ရေမြင့်မှကြာမြင့်ဆိုသောစကားကဲ့သို့ သာသနာတော်သည်လည်း သန့်ရှင်းစရာရှိပါသည်။
တပည့်တော် ဤမျှအကျိုးအကြောင်းလျှောက်ထားသည်မှာ ရှင်းလင်းပြီဟုယူဆပါကြောင်း အဆုံးသတ်လျှောက်ထားပါသည်ဘုရား။
သန်းထွန်း အထွေထွေအတွင်းရေးမှူး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ရန်ကုန်
(သခင်သန်းထွန်း၏ အထက်ပါ လျှောက်ထားချက်အား မန္တလေးမြိ့ု နေပြည်တော်အဖွဲ့ချုပ် နာယကဆရာတော် သံဃာတော်များထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၁၉၄၅ ခုနှစ်အောက်တိုဘာလ၊ ၁၉ ရက် နေ့လည် ၃း ၄၅ နာရီတွင် မန္တလေးမြိ့ုဘုရားကြီးကျောင်းတိုက်၌ ၎င်းလျှောက်ထားလွှာကို ဖတ်ကြားခဲ့သည်)
ဤစာစု အကိုးအကားကို Northern Star ဂျာနယ် အမှတ် ၂၈၃ မှ ယူပါသည်။ ကျနော်ယူတာက ဒီနေရာကပါ။ https://www.facebook.com/aungmyo.tun.52?fref=ufi