Sunday, September 20, 2020

ကွန်မြူနစ်တော်လှန်ရေးသမား၊ လေထီးတပ်သား၊ ပြောက်ကျားကွန်မန်ဒို(အရေးတော်ပုံဂျာနယ်မှ)

0 comments

ကွန်မြူနစ်တော်လှန်ရေးသမား၊ လေထီးတပ်သား၊ ပြောက်ကျားကွန်မန်ဒို

(ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) မှာ ပြည်သူ့အာဏာ ဂျာနယ်ရဲ့ စာတည်းအဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချစ်ကောင်းအကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။)

ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဆောင်းပါး။

ဗိုလ်မှူးချစ်ကောင်းရဲ့ဂုဏ်ရောင်ပြောင်တဲ့သမိုင်းကို သူ့အတ္ထုပ္ပတ္တိ၊ သူရေးတဲ့စာတွေနဲ့သူ့အကြောင်း စာအုပ်၊ စာပေတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဗဟိုကော်မတီဝင်၊ ဗကပ ပြည်သူ့တပ်မတော်က ဗိုလ်မှူးကြီး။ ပါတီရဲဘော်အဖြစ်နဲ့အိန္ဒိယသွားပြီး လေထီးသင်တန်း အပါအဝင် စစ်သင်တန်းတွေ တက်ခဲ့သူ။ ဂျပန်အထွက်၊ အင်္ဂလိပ် ပြန်အဝင်မှာ ဗမာ့တပ်မတော်ကို ပြောင်းလဲဖွဲ့စည်းတော့ တပ်ကထွက်ပြီး ပါတီတာဝန်တွေကို အားကြိုးမာန်တက် ထမ်းရွက်ခဲ့သူ။ သခင်ဗဟိန်းနဲ့အတူ ပါတီရဲ့ပထမဆုံး ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေဖို့အားထုတ်ကြိုးပမ်းခဲ့သူ။ ဂျာနယ်ရဲ့စာတည်းအဖွဲ့ဝင်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင် တော်လှန်ရေးအတွင်းမှာပဲ သူရဲကောင်းပီသစွာ၊ ကွန်မြူနစ်ကောင်းပီသစွာ ကျဆုံးသွားတဲ့ ကွန်မြူနစ်အာဇာနည်တဦး စသဖြင့် သူ့သမိုင်းကို လူအများ သိကြပါတယ်။
ဗကပ ပြည်သူ့တပ်မတော်ရဲ့နိုင်ငံရေးမှူး၊ ဗိုလ်မှူးကြီးဖြစ်လို့ဗိုလ်မှူးချစ်ကောင်း၊ ကာနယ်ချစ် ကောင်းလို့လူသိများပေမယ့် အမည်ရင်းက စိုးမောင် ဖြစ်ပါတယ်။ မြင်းခြံစိုးမောင်၊ မြင်းခြံစိုးမြင့်၊ အောင်ထွန်း၊ ဗိုလ်ချစ်ကောင်း စတဲ့ ကလောင်တွေနဲ့စာရေးသလို အဲဒီနာမည်တွေနဲ့နိုင်ငံရေးအလုပ်၊ တော်လှန်ရေး အလုပ်တွေလည်း လုပ်ပါတယ်။ ကိုတူး၊ ဗိုလ်တူးလို့လည်း သူ့ရဲဘော်တွေက ခေါ်ကြ တယ်။ မြင်းခြံ၊ လယ်သစ်ရွာမှာ မွေးဖွားပြီး မြင်းခြံမြို့ပေါ်က အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာ ပြုကျောင်း (ABM) မှာ ပညာဆည်းပူးခဲ့တယ်။ မန္တလေး ဥပစာကောလိပ်မှာ ဥပစာအထက်တန်းအောင် တဲ့အထိ ပညာသင်ခဲ့တယ်။ မြင်းခြံ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သလို ကျောင်းသား သံမဏိတပ်မှာ လည်း ပါခဲ့တယ်။ မြင်းခြံဆိုတာ ပြည်တွင်းစစ် အစောပိုင်းမှာ ထင်ရှားတဲ့ မသုံးလုံးဒေသ (မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ) ရဲ့မြို့တမြို့ပါ။ ကွန်မြူနစ်နဲ့ဆေးပေါ့လိပ်ထွက်တဲ့မြို့လို့ရာဇဝင်တွင်ပါတယ်။ ဗိုလ်မှူးချစ်ကောင်း၊ ရဲဘော်လေးမောင် စတဲ့ ကွန်မြူနစ် အာဇာနည်တွေရဲ့မွေးရပ်မြေပါ။
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ထဲဝင်ကြမယ်ဆိုပြီး ယိုးဒယားနိုင်ငံကိုသွားဖို့ကြိုးစားတဲ့ မြင်းခြံ သားအစုကို ကြည့်ရင် ကိုစိုးမောင် (ဗိုလ်မှူးချစ်ကောင်း)၊ သခင်အုန်းတင် (နောင်အခါမှာ ပြည်သူ့ရဲ ဘော်ပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာတဲ့ ဗိုလ်အုန်းတင်)၊ သခင်ဗိုလ် (ဒို့ဗမာ လက်ရုံး တပ်ခေါင်းဆောင်) ကိုဘကွန်း (မန္တလေးအရေးတော်ပုံ)၊ ကိုထွန်းမြင့် (ကျောင်းသား သံမဏိတပ်)တို့ ကို တွေ့နိုင်တယ်။ မြင်းခြံ သခင်ဗိုလ်က မြင်းခြံ လက်ရုံးတပ်ခေါင်းဆောင်အဖြစ် ထင်ရှားပါတယ်။ နာမည်တူဖြစ်တဲ့ ညောင်တုန်း သခင်ဗိုလ်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး အိန္ဒိယမှာ ဗိုလ်မှူးချစ်ကောင်းနဲ့အတူ စစ်သင်တန်း တက်ခဲ့သူပါ။ ဗမာပြည်စစ်ဆင်ရေး အတွက် အိန္ဒိယ၊ ဂျက်ဆိုလေယာဉ်ကွင်းက အထွက်မှာပဲ လေယာဉ်ပျက်ကျလို့ကျဆုံးသွားပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဗိုလ်ချစ်ကောင်း အဖမ်းခံရတော့လည်း မြင်းခြံ ပမညတအမတ် ဦးမောင်ကိုနဲ့အတူ အဖမ်းခံရတာပါ။ 
ဗိုလ်မှူးချစ်ကောင်းဟာ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်မယ်ဆိုတဲ့ သူ့ရည်မှန်းချက်ကို ဖြစ်အောင်လုပ်တယ်။ စစ်ထဲဝင်တယ်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းမှာ ကွန်မြူနစ် ကလာပ်စည်း တွေနဲ့ချိတ်မိပြီး ကွန်မြူနစ် သင်တန်းတွေတက်တယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် သခင်သိန်းဖေ (သိန်းဖေမြင့်) ရှိတဲ့ အိန္ဒိယကို သွားပြီး စစ်သင်တန်းတက်ဖို့ရွေးချယ်စေလွှတ်ခံရတယ်။ သခင်သိန်း ဖေက စစ်အတွင်းမဟာမိတ်ဖြစ်တဲ့ အင်္ဂလိပ်နဲ့ဆက်ဖို့ဗမာပြည် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုရဲ့ ကိုယ်စားလှယ်အဖြစ် အိန္ဒိယကို ကြိုရောက်နှင့်ပြီး လိုအပ်တဲ့ ချိတ်ဆက်မှုတွေ၊ အစီအစဉ်တွေ လုပ်ရ ပါတယ်။ အင်္ဂလိပ်က အရှေ့တိုင်း စစ်ဆင်ရေးအတွက် ၁၉၄၁ ခုနှစ်ကတည်းက “အိန္ဒိယမစ်ရှင်” ဆိုတာကို ဖွဲ့ထားတာပါ။ GSI (K) ဆိုတဲ့ အမည်ဝှက်ပေးထားတယ်။ ဒါကြောင့် သခင်သန်းထွန်းက ဗိုလ်မှူးချစ်ကောင်းတို့မဟာမိတ်နဲ့ဆက်သွယ်တဲ့အခါ ပြောရမယ့် စကားဝှက်အဖြစ် GSI (K) ကို ပေးလိုက်ပါတယ်။ ဒါပေမဲ့ မြစ်ကြီးနားက အမေရိကန် ဝမ်းအိုဝမ်း (၁၀၁) စခန်းကိုရောက်တဲ့အခါ ဗိုလ်မှူးချစ်ကောင်းတို့က (K) ကို 12 လို့ထင်လို့GSI (12)လို မှားပြောမိတယ်။ ဒါပေမဲ့ အမေရိကန် အရာရှိက GSI (K) ကို ဆိုလိုမှန်းသိပါတယ်။ အမေရိကန် စစ်ဗိုလ်က သူတို့အဖွဲ့ကို အင်္ဂလိပ်စစ်ဗိုလ် နဲ့ချိတ်ဆက်ပေးလိုက်ပါတယ်။
ဗိုလ်မှူးချစ်ကောင်း၊ ဗိုလ်အုန်းမောင်နဲ့မန်းဝင်းမောင်တို့အဖွဲ့က မြစ်ကြီးနားကနေ ကာလကတ္တားကို လေယာဉ်နဲ့သွားကြပါတယ်။ အိန္ဒိယမှာ စစ်သင်တန်း၊ လေထီးသင်တန်းတွေတက်မယ့် ပထမအသုတ် ပါ။ အိန္ဒိယမှာ သခင်သိန်းဖေနဲ့တွေ့ကြတဲ့အခါ ဗိုလ်မှူးချစ်ကောင်းကို သခင်သိန်းဖေက အခုလို အကဲ ဖြတ် မှတ်ချက်ပြုပါတယ်။
“ဗိုလ်တူးခေါ် အောင်ထွန်းမှာ မြင်းခြံသားဖြစ်သည်။ အရပ်ရှည်ပြီး အသားအရေခြောက်သည်။ မျက် မှောင်ကုတ်ကုတ်၊ မျက်စိစွေစွေနှင့် အောက်သိုးသိုးရှု ရှိသောကြောင့် မြင်မြင်ချင်း သူ့အတွင်းသဘော ကို အကဲခတ်မည်ဆိုပါက အထင်မှားစရာရှိပေသည်။ မျက်မှောင်ကုတ်၍ ရှုသိုးသော်လည်း အလွန် စိတ်သဘော ဖြူစင်သည်။ ရိုးသားပွင့်လင်းသည်။ သည်းခံစိတ်နှင့် ဇွဲကြီးလှပေသည်။ ခပ်ကြောင် ကြောင် ပြောတတ် ဆိုတတ် တွေးတတ်သော်လည်း မှတ်ဉာဏ်ကောင်းသည်။ စဉ်းစားဉာဏ်ကလည်း မခေလှ။ အဝတ်အစားနှင့် ဟန်အမူအရာ မသပ်ရပ်သော်လည်း လက်ရေးလက်သား သပ်ရပ်လှသည် မှာလည်း အံ့သြဖွယ်ပင်ဖြစ်၏။
သူကား မြင်းခြံစိုးမြင့် အမည်ဖြင့် ဆောင်းပါးများစွာကို ရေးသားဖူးသူဖြစ်၏။ စာရူးဟု ခေါ်ရလောက် အောင် စာဖတ်၍ စာမှတ်သူဖြစ်သည်။ ကျွန်တော်တို့စာရေးဆရာများရေးပြီး ကိုယ်ဘယ်နေရာမှာ ဘာရေးခဲ့သည်ကို မေ့နေတတ်ပေရာ သူလိုလူမျိုးက ဖော်ပေးတတ်သည်။
ဗိုလ်တူးသည် မန္တလးကောလိပ်သို့ရောက်အောင် ပညာသင်ခဲ့သော်လည်း စစ်သားရိုးရိုး အဖြစ်ဖြင့်ပင် တိုင်းပြည်တာဝန်ကို ထမ်းရွက်ရန် ဘီအိုင်အေသို့ဝင်ခဲ့လေသည်။ နောက် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းသို့တက်ရလေသည်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းမှာ ဂျပန်ဆရာတို့၏ ပါးရိုက်ခံ၍ ပညာ သင်ရင်း ကွန်မြူနစ်ကလာပ်စည်းများနှင့် တွေ့ခဲ့သည်။ တိတ်တိတ်ပုန်း ပို့ချနေသော ကွန်မြူနစ်သင် တန်းများကို တက်ခဲ့ရလေသည်။ ထို့နောက် အိန္ဒိယပြည်သို့လိုက်ပါရန် ရွေးချယ်ခြင်းခံရသဖြင့် ကျွန်တော်တို့ထံ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။”
သခင်သိန်းဖေရဲ့ဒီအကဲဖြတ်ချက် တခုတည်းနဲ့တင် မြင်းခြံအောင်ထွန်း (ခေါ်) ဗိုလ်မှူးချစ်ကောင်းဟာ ဘယ်လိုလူစားဆိုတာ ရှင်းပါတယ်။ ဓာတ်ပုံတွေထဲမှာလည်း အမြဲလိုလို ပြုံးနေတဲ့ သူ့မျက်နှာမှာ စိတ်သဘော ဖြူစင်သူတယောက် ဖြစ်တာကို အထင်းသားတွေ့နိုင်ပါတယ်။ သေရဲ၊ တိုက်ရဲတဲ့ စိတ် ဓာတ်ကိုလည်း သူ့စာအုပ် “အနှစ်နှစ်ဆယ်” ထဲမှာ တိုက်ပွဲတွေအကြောင်း ရေးသားထားပုံကို ကြည့် ရင် သိသာမြင်သာပါတယ်။ သေမင်းနဲ့ရင်ဆိုင်ပြီး စစ်ခင်းနေတာကို ပေါ့ပေါ့ပါးပါး ရေးထားတာပါ။ စာရေးတာလည်း အတော်ကောင်းတဲ့ တော်လှန်ရေးသမား စာရေးဆရာတဦးပါ။ 
ဗိုလ်မှူးချစ်ကောင်းနဲ့မန်းဝင်းမောင်က အိန္ဒိယသွားတော့လည်း ပထမအသုတ်မှာ အတူတူ၊ အိန္ဒိယက တဆင့် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုကိုသွားပြီး သင်တန်း ထပ်တက်ရတော့လည်း အတူတူပါ။ ကိုလံဘို သွားရတဲ့အစုက သခင်ဗိုလ်၊ မန်းဝင်းမောင်၊ ဗိုလ်အုန်းမောင်၊ ဗိုလ်သန်း၊ ဗိုလ်မှူးချစ်ကောင်းတို့ဖြစ်ပါ တယ်။ အိန္ဒိယသွားပြီး စစ်သင်တန်းတက်ကြတဲ့ ကာလမှာ သူတို့ချင်း တယောက်ကို တယောက် ကိုတင် (မန်းဝင်းမောင်)၊ ကိုဖြူ (သခင်ဗိုလ်)၊ ကိုမြ (ကိုအုန်းမောင်)၊ အောင်ထွန်း (ဗိုလ်တူး) လို့ခေါ် ကြတယ်။ သခင်တင်ရွှေက ဖိုးရုံ၊ ဒေါ်မြရီ (ကျောက်ဆည်) က မခင်စီ အမည်နဲ့ပါ။ သခင်တင်ရွှေနဲ့ ဒေါ်မြရီကို အိန္ဒိယမလွှတ်ခင်မှာ သခင်စိုးက လက်ထပ်ပေးပါတယ်။ အင်္ဂလိပ်တွေကတော့ သခင်တင် ရွှေကို လန့်စ်လော့ (Lancelot)၊ ဒေါ်မြရီကို ဂွန်းအစ်ဗီးယား (Guinevere) လို့အမည်ဝှက် ပေးထား တယ်။ အင်္ဂလိပ်ဒဏ္ဍာရီထဲက သူရဲကောင်းတပ်မှူးနဲ့သူ့ချစ်သူ မိဖုရားရဲ့နာမည်ပါ။
ဗမာ့လွတ်လပ်ရေးအတွက် အရှေ့ဘက်ထွက်ပြီး အကူအညီရှာသူတွေက ဂျပန်ထောက်လှမ်းရေးနဲ့ တွေ့ရပြီး ဂျပန်သင်ပေးတဲ့ စစ်ပညာကို ယူရပါတယ်။ တခါ ဂျပန်ကို ပြန်ချဖို့အနောက်ဘက်ထွက်ပြီး အကူအညီရှာသူတွေက အမေရိကန် ထောက်လှမ်းရေးနဲ့ဗြိတိသျှ ထောက်လှမ်းရေးတွေဆီက စစ်ပညာကို ယူကြရတယ်။ ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်၊ နာဇီ ဝင်ရိုးတန်းအုပ်စုရဲ့ထောက်လှမ်းရေး အဖွဲ့တွေ အရေးပါကြသလို ဖက်ဆစ်ဆန့်ကျင်ရေးလုပ်တဲ့အခါ အမေရိကန်နဲ့အင်္ဂလိပ် ထောက်လှမ်း ရေးတွေက အခရာကျပါတယ်။ အာရှမှာ အမေရိကန် သေနင်္ဂဗျူဟာဌာနရုံး (Office of Strategies-OSS) ရဲ့၁၀၁ တပ်ခွဲ (Detachment 101) နဲ့အင်္ဂလိပ် ၁၃၆ တပ်ဖွဲ့(Force 136) က အဓိက လှုပ်ရှား ကြတယ်။ ဗိုလ်မှူးချစ်ကောင်းတို့မြစ်ကြီးနားမှာ တွေ့ခဲ့တာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့၁၀၁ တပ်ခွဲပါ။ သူတို့က ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ၁၃၆ တပ်ဖွဲ့ရှိရာ ကာလကတ္တားကို လေယာဉ်နဲ့ပို့ပေးလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် OSS က နောင်အခါမှာ CIA ဖြစ်လာပါတယ်။ ဗြိတိသျှ ၁၃၆ တပ်ဖွဲ့ကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဖွဲ့ထားတဲ့ အထူးစစ်ဆင်ရေး အမှုဆောင်အဖွဲ့(Special Operations Executive-SOE) ရဲ့အရှေ့ဖျားဒေသဌာနခွဲ ဖြစ်ပါတယ်။ ၁၃၆ တပ်ဖွဲ့မှာ ဗမာပြည် ဖက်ဆစ်တော်လှန်ရေး လုပ် ငန်းတွေအတွက် ဗမာပြည်ဌာနခွဲ (Burma Country Section-BCS) ရှိပါတယ်။ ဗြိတိသျှ ထောက်လှမ်း ရေးအဖွဲ့ရဲ့ဘီလတ်စစ်ဆင်ရေး (Operation Billet) က ဗမာပြည်က တော်လှန်ရေးသမားတွေကို အိန္ဒိယနဲ့ကိုလံဘိုမှာ စစ်သင်တန်း (လျှို့ဝှက်စစ်ဆင်ရေး သင်တန်း၊ ကွန်မန်ဒိုသင်တန်း) တွေပေးပါ တယ်။ ဗိုလ်မှူးချစ်ကောင်းတို့ကို ကာလကတ္တားနဲ့၁၂ မိုင်ဝေးတဲ့နေရာက အိမ်တအိမ်မှာ သင်တန်း ပေးပါတယ်။ အဲဒီမှာ သင်တန်းကျောင်း ဖွင့်ထားပြီး အရှေ့တိုင်း စကားပြန်သင်တန်းကျောင်း(School of Eastern Interpreters-SEI) ဆိုတဲ့ ဟန်ပြအမည်ပေးထားပါတယ်။ ဒါကြောင့် ဒေါ်မြရီက SEI ကျောင်းတက်ရတယ်လို့သူရေးတဲ့စာတွေ၊ အင်တာဗျူးတွေမှာ မကြာခဏ ရည်ညွှန်းလေ့ရှိပါတယ်။ သခင်သိန်းဖေကတော့ ကျောင်းနာမည် မေ့နေတယ်လို့ရေးထားတာ ဖတ်ရတယ်။ ကျောင်းဖွင့်ထားတဲ့ အိမ်က ကဗျာဆရာကြီး ရာဘင်ဒရာနာ့သ်တဂိုးရ်ရဲ့အိမ်ပါ။ ၁၃၆ တပ်ဖွဲ့က ရုံးတွေ၊ သင်တန်းကျောင်း တွေ လုပ်ထားတဲ့အိမ်တွေထဲမှာ မူဆလင်အဖွဲ့ချုပ်က မိုဟာမက် အလီဂျင်းနားရဲ့ဘုံဘေကအိမ်လည်း ပါပါတယ်။
ဘီလတ်စစ်ဆင်ရေးမှာ လေထီးဆင်းမယ့် အဖွဲ့တွေကို သုံးအုပ်စု ခွဲထားပါတယ်။ အထက်ဗမာပြည် အတွက် ဂရိန်း (Grain)၊ အောက်ဗမာပြည်အတွက် နေးရှင်း (Nation) နဲ့ရခိုင်တိုင်းအတွက် မန်နူ ယယ် (Manual) ဆိုပြီးတော့ပါ။ အထက်ဗမာပြည်အတွက် သတ်မှတ်ထားတဲ့ ဂရိန်းအုပ်စုရဲ့လေ ထီးတပ်ဖွဲ့ကို Elephant လို့အမည်ပေးပါတယ်။ အဲဒီအဖွဲ့မှာ သခင်တင်ရွှေနဲ့ကိုကိုကြီး (ဗန်းမော်) တို့ပါပါတယ်။ ဒေါ်မြရီက ကျောက်ဆည် အခြေအနေအရ လေထီးဆင်းဖို့မလိုတော့လို့ မပါတော့ ဘူး။ ဗိုလ်မှူးချစ်ကောင်းနဲ့ကိုသန်းပါတဲ့အဖွဲ့ကို Reindeer လို့အမည်ပေးထားပါတယ်။ သူတို့အဖွဲ့ မှာပါတဲ့ အင်္ဂလိပ်အရာရှိတွေရဲ့အမည်တွေကအစ ဗိုလ်မှူးချစ်ကောင်းက“အနှစ်နှစ်ဆယ်” စာအုပ်မှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။ တခြားအင်္ဂလိပ်ဘာသာနဲ့မှတ်တမ်းတွေပါ အချက်အလက်နဲ့ ကွဲလွဲမှု မရှိပါဘူး။ အင်မတန် စေ့စပ်သူပါ။ အင်္ဂလိပ်မှတ်တမ်းမှာ ဗိုလ်မှူးချစ်ကောင်းကို အောင်ထွန်း လို့ဖော်ပြထားပါတယ်။
ဦးသိန်းဖေမြင့်ရဲ့မှတ်တမ်းမှာ “မတ်လ ၁၈ ရက်နေ့က ဗိုလ်တူးခေါ်သော မြင်းခြံအောင်ထွန်းအား သခင်သန်းထွန်းရှိရာ တောင်ငူဒေသ တနေရာတွင် လေထီးနှင့် ချပေးရသည်။ ဗိုလ်တူး ခေါ် မြင်းခြံ အောင်ထွန်းကား ကျွန်တော် အယုံကြည်ဆုံး၊ စိတ်အချဆုံး ရဲဘော်တဦး ဖြစ်သည်။ သူ့ထံတွင် ဌာနချုပ်သို့ပေးရန် စာတစောင် ရေးခဲ့၏။ ယင်းစာမှာ (၁) ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုက ရန်ကုန်မြို့ကို သိမ်းရန်၊ (၂) ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုက ခေါင်းဆောင်ပြီး ယာယီအမျိုးသား အစိုးရဖွဲ့ရန်၊ (၃) လက်နက်များကို ဝှက်ထားရန်၊ အချက် ၃ ချက် ပါလေသည်။ ထိုစာကို ဗိုလ်တူး သည် လျှို့ဝှက်စွာ ယူဆောင်ပြီး သွားရလေသည်” လို့ဖော်ပြထားပါတယ်။
ပြည်တွင်းစစ်အတွင်း ဗိုလ်မှူးချစ်ကောင်း အဖမ်းခံရပြီး ကြိုးတိုက်ထဲ ရောက်နေချိန်မှာ ဒေါ်မြရီက ထောင်ဝင်စာသွားတွေ့ပါတယ်။ “မခင်စီရေ ကျုပ်သေမယ်ဆိုရင် သေပျော်ပါပြီဗျာ။ တိုင်းပြည်အတွက် လုပ်ခဲ့ပြီးပြီပဲ။ ဒါပေမဲ့ ကျုပ် မသေချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျုပ်မှာ တိုင်းပြည်အတွက် တင် ပြစရာတွေ ရှိသေးတယ်” လို့ဗိုလ်မှူးချစ်ကောင်းက ဒေါ်မြရီကို ပြောပါတယ်။ တိုင်းပြည်အတွက် တတ်နိုင်သလောက် အလုပ်လုပ်သွားချင်တဲ့ သူ့ဆန္ဒကို အထင်းသား တွေ့ရပါတယ်။
ဒေါ်မြရီက သမ္မတဖြစ်နေတဲ့ မန်းဝင်းမောင်နဲ့တွေ့တဲ့အခါ “ကိုတင် သမ္မကြီးဖြစ်မှ ကိုတူးသေရတာမျိုး အဖြစ်မခံနိုင်ဘူး” လို့ပြောခဲ့ပါတယ်။ အိန္ဒိယမှာ စစ်သင်တန်း အတူတက်ခဲ့၊ ဖက်ဆစ် တော်လှန်ရေး မှာ အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေကြားက သံယောဇဉ်နဲ့သွေးစည်းချစ်ကြည်မှုက ဂုဏ် ယူစရာ၊ ကြည်နူးစရာပါ။ ဗိုလ်မှူးချစ်ကောင်းက သေဒဏ်ကနေ လွတ်မြောက်ခဲ့ပေမယ့် တိုင်းပြည်အ တွက် လက်နက်ကိုင် တော်လှန်ရေးမှာ အသက်ပေးသွားပါတယ်။ အဆုံးစွန်သော စွန့်လွှတ်အနစ်နာခံ မှုပြုဖို့ပိုင်းဖြတ်ထားသူတယောက် ဆိုတာကို သူ့တော်လှန်ရေးဖြတ်သန်းမှုမှာ အထင်အရှား မြင်တွေ့ နိုင်ပါတယ်။ ဗိုလ်မှူးချစ်ကောင်းဟာ တော်လှန်ရေးခရီးတဝက်မှာ ကျဆုံးသွားပေမယ့် ဂုဏ်ရောင် ပြောင်တဲ့ သူ့သမိုင်းနဲ့တော်လှန်ရေးအမွေကို နောက်မျိုးဆက်တွေအတွက် ချန်ထားခဲ့ပါတယ်။
၁၃၊ ၉၊ ၂၀၂၀။
ရည်ညွှန်း။
သိန်းဖေမြင့်၊ “စစ်အတွင်းခရီးသည်” ၊ “မဟာမိတ်နှင့် ဗမာ့တမန်”
ဗိုလ်မှူးချစ်ကောင်း၊ “အနှစ်နှစ်ဆယ်”
ဒေါ်မြရီ (ကျောက်ဆည်)၊ “ဖက်ဆစ်တော်လှန်ရေးနှင့် တော်လှန်ရေးစိတ်ဓာတ်”
သန်းဝင်းလှိုင်၊ “ကာနယ်ချစ်ကောင်း”
Terence O’Brien (1987) The Moonlight War: The Story of Clandestine Operations in Southeast Asia, 1944-1945
Keggie Carew (2017) Dadland
Richard Duckett (2017) The Special Operations Executive (SOE) in Burma: Jungle Warfare and Intelligence Gathering in World War II

Monday, September 14, 2020

0 comments

ရဲဘော်ဗဟိန်းကို ဘာလို့ အသိအမှတ်ပြုနေရာမပေးတာလဲ...

=======================================

တကယ်တော့ ၁၃၀၀ပြည့် အရေးတော်ပုံဟာ မြန်မာ့လွတ် လပ်ရေးတိုက်ပွဲသမိုင်းမှာ နိုင်ငံ ရေးအရလည်း ကြီးကျယ်မြင့်မား သလို အလွှာပေါင်းစုံညီညွတ် ပေါင်းစည်းမှုမှာလည်း ထင်ရှား ကြီးကျယ်ခဲ့ပါတယ်။ မဟာဗျူဟာအရရော နည်းဗျူဟာအရပါ မှန် ကန်ခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့ ရုံမက ဖက်ဆစ်တော်လှန်ရေးအ တွက်ရော၊ လွတ်လပ်ရေးတိုက်ပွဲ လမ်းကြောင်းအတွက်ရော လမ်း ညွှန်ရှေ့ဆောင်ဖြစ်ခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။

၁၉၃၀ ပြည့်နှစ်တစ်ဝိုက်မှာ ပဲ ကမ္ဘာမှာ ကမ္ဘာ့စီးပွားရေးကပ် ပျက်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံ ရေးအဖွဲ့အစည်းတွေမှာလည်း အကွဲအပြဲတွေရှိခဲ့တယ်။ ပြဿနာ ကတော့ ခွဲရေး၊ တွဲရေးပြဿနာ ပါပဲ။ မကြာပါဘူး။ ကုလား-ဗမာ အဓိကရုဏ်းတွေ ဖြစ်တယ်။ ဒီအ ခြေအနေတွေမှာ တို့ဗမာအစည်း အရုံးပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက်ဂဠုန်ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံပေါ်ပေါက်ခဲ့ တယ်။ အင်္ဂလိပ်အစိုးရက လယ် သမားအရေးတော်ပုံကို ရက်ရက် စက်စက်ဖြိုခွင်းပြီး ဆရာစံကို ကြိုးပေးကွပ်မျက်လိုက်တယ်။ ဒီနောက်မှာတော့ ၁၉၃၆ ခုနှစ်မှာ ဒုတိယ ကျောင်းသားသပိတ်ကြီးပေါ်ပေါက်ခဲ့တယ်။ နောက် ၁၉၃၈ ခုနှစ် ဇန်နဝါရီလမှာ ရေနံမြေသပိတ်ကြီးပေါ် ပေါက်ခဲ့တယ်။ အဲဒီနှစ် ဒီဇင်ဘာ လမှာပဲ ရန်ကုန်ကျောင်းသားတွေ ရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင် ကျော်ကျဆုံးခဲ့ရတယ်။ တိုင်းပြည် မှာ အထွေထွေအကျပ်အတည်း တွေနဲ့အတူ အုပ်စိုးသူရဲ့ မတရားဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြတဲ့အ ဆုံး ချောက်ရေနံမြေက အလုပ် သမားထုကြီးက အစိုးရရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်းညီညွတ်ခဲ့ကြ တယ်။ ရေနံမြေမှာရှိတဲ့ အလုပ် သမားထုကြီးနဲ့ မိသားစုများအပါ အဝင် လှည်းနေလှေအောင်းမြင်း ဇောင်းမကျန်လို့ပြောရမှာပေါ့။ ဒီစုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အုပ်စိုးသူရဲ့ ထုံးစံအ တိုင်း လက်နက်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်း သားသမဂ္ဂခေါင်းဆောင် ရဲဘော် ဗဟိန်းက အလုပ်သမားသပိတ် တပ်ကြီးရဲ့ တပ်ဦးကနေ...။

‘‘မနက်ဖြန်ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောင့်အယှက် တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဖမ်းတဲ့အတွက် မနက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွား မယ်ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်း ဟုန်းတောက်စေမယ်’’လို့ ဟစ် ကြွေးလိုက်တယ်။

၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မကွေးမြို့ မဲထီးကျောင်း တိုက် သပိတ်စခန်းမှာ ရေနံမြေ သပိတ်တပ်ကြီးကိုပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့ မိန့်ခွန်းဟာ ဘဝဂ်တိုင်ညံသွားတာပါပဲ။ ဖိနှိပ် သူအစိုးရရဲ့ ဖြိုခွင်းမှုတွေ၊ ဖိနှိပ် မှုတွေကြောင့် ချောက်၊ ရေနံ ချောင်း၊ မကွေးနဲ့ ရန်ကုန်မြို့တော် မှာအထိ လူတန်းစားအလွှာအသီး သီး သွေးစည်းညီညွတ်စုရုံးတိုက် ပွဲဝင်ကြတဲ့ ၁,၃၀၀ ပြည့် အရေး တော်ပုံကာလအတွင်းမှာ ရေနံမြေအလုပ်သမားတွေ အရိုက်အနှက် အဖမ်းအဆီးခံရတာ၊ ကျောင်း သားဗိုလ်အောင်ကျော်ကျဆုံးရ တာတွေအပေါ် မန္တလေးမှာရှိတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင် လူများကလည်း မခံမရပ်နိုင်ဖြစ် ကြတယ်။ ဒါကြောင့် အဲဒီလှုပ်ရှား မှုတွေကို ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့လုံးဆိုင်ရာ ကျောင်း သားသမဂ္ဂက ဦးစီးပြီး သပိတ် မှောက်ခဲ့တယ်။ ရဟန်း၊ သံဃာ တွေ၊ စျေးချိုသူ စျေးချိုသားတွေ၊ မြို့လူထုတွေကလည်း အားပေး ကူညီခဲ့ကြတယ်။ မန္တလေးမှာ ကျောင်းသားတွေ သပိတ်မှောက် ကြတော့ ဆရာကြီး ဦးရာဇတ်ရဲ့ ဗဟိုအမျိုးသားအထက်တန်း ကျောင်းက ကျောင်းသားတွေအ များဆုံးပါတယ်။ မန္တလေးဥပစာ ကောလိပ်၊ ဝက်စလီ၊ ကယ်လီ၊ ဘုံကျော်၊ ဘီတီအမ်၊ စိန့်ပီတာ၊ နော်မန်စတဲ့ ကျောင်းများက ကျောင်းသူကျောင်းသားတွေလည်း ပါဝင် ကြတယ်။ မန္တလေးကျောင်းသား တွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုကို မန္တလေးအခြေစိုက်ရဟန်းပျိုအဖွဲ့ ချုပ်ကလည်း ထောက်ခံတယ်။ မန္တလေးစျေးချိုတော်ကလည်း ထောက်ခံတယ်။ စျေးချိုကထောက်ခံလို့ အာဏာပိုင်တွေက စျေးချို မှာ ကန့်သတ်ဥပဒေထုတ်တော့ စျေးကို သပိတ်မှောက်ပြီး အိမ် တော်ရာဘုရားစျေးမှာ စျေးဖွင့်ကြတယ်။

၁၃၀၀ ပြည့်နှစ် တပို့တွဲလ ဟာ မန္တလေးမှာ အုပ်စိုးသူ အာဏာပိုင်အစိုးရကို အလွှာပေါင်းစုံရဲ့ ဆန့်ကျင်မှု ဒီရေအမြင့်ဆုံးကာလ တွေပါပဲ။ တပို့တွဲလပြည့်ကျော် တော့ မြို့လုံးကျွတ်လူထုအစည်း အဝေးကြီးကို အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာကျင်းပပြီး ၁၉၃၉ ခုနှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့မှာ သောင်းချီတဲ့ လူထုကြီးက အာ ဏာပိုင်အစိုးရကို ငြိမ်းချမ်းစွာ ချီ တက်ဆန္ဒပြတော့ အစိုးရရဲ့ နှိမ် နင်းမှုကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ ၁၇ ဦး သွေး မြေကျခဲ့ရတယ်။ လွတ်လပ်ရေး တိုက်ပွဲသမိုင်းကာလတစ်လျှောက် လုံး အပြစ်မဲ့ပြည်သူအပေါ် အစိုးရ ရဲ့ နှိပ်ကွပ်ပစ်ခတ်မှုကြောင့် မန္တ လေးအာဇာနည် ၁၇ ဦးကျဆုံးမှု ဟာ မြို့ကြီးပြကြီးတစ်ခုရဲ့ လမ်း လယ်ကောင်မှာ သွေးအများဆုံးကျရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလူထု တိုက်ပွဲကြီးလည်း ဖြစ်တယ်။

ဒါဟာ လွတ်လပ်ရေးတိုက် ပွဲသမိုင်းတစ်လျှောက်မှာ မန္တလေး မြို့လူထုရဲ့ ကြီးမားသော တာဝန် ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက် ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကို လည်း အထိမ်းအမှတ် ဂူဗိမာန်များနဲ့ မြို့လူထုက ထိုက်တန်စွာနေရာ ပေးပြီး ဂုဏ်ပြုခဲ့ကြတယ်။ မန္တ လေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အအုံများအဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနဲ့ မြို့ လူထုက လှူဒါန်းဂုဏ်ပြုခဲ့တာပါ။

မန္တလေးသား ရဲဘော်ဗဟိန်း (ဝါ) သခင်ဗဟိန်းဟာ ရာဇဝင် ပြောင်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့ ထီးချက်စောင့်နတ်တစ် ပါးဖြစ်တယ်။ ရဲဘော်ဗဟိန်းကို အင်းဝမြို့မှာ ၁၂၇၉ ခုနှစ် ဝါဆိုလ ဆန်း ၉ ရက် (၂၇-၆-၁၉၁၇) ဗုဒ္ဓဟူးနေ့မှာ အဖပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဒေါ်ဦးတို့က မွေးဖွားခဲ့တာပါ။ မွေးချင်း ခုနစ်ယောက်အနက် ဒုတိယအငယ်ဆုံးဖြစ်ပြီး မူလတန်းပညာကို အင်းဝမြို့မှာပဲ သင်ကြား ခဲ့ပါတယ်။ နောက်မိသားစုက မန္တလေးကိုပြောင်းရွှေ့နေထိုင်ကြ ပြီးနောက် ဗဟိုအမျိုးသားအထက် တန်းကျောင်း၊ မန္တလေးဥပစာ ကောလိပ်မှာ ပညာဆက်သင်ခဲ့ တယ်။ နောက်ရန်ကုန်တက္ကသိုလ် မှာ ဘီအေတန်းတက်ရောက်စဉ် ၁၉၃၈ ခုနှစ်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တယ်။ အဲဒီနှစ် မှာပဲ ချောက်ရေနံမြေအလုပ်သ မားထုကြီးရဲ့ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူက မတရားတားဆီးလို့ မကွေးမြို့ထိ သွားရောက်တရား ဟောခဲ့တယ်။ ဒီမှာတင် အဖမ်းအ ဆီးခံခဲ့ရပြီး ထောင်ထဲမှာ ‘‘ဓနရှင် လောက’’စာအုပ်ကို ပြုစုခဲ့တယ်။

၁၉၃၉ ခုနှစ်မှာ ကျောင်း ထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ်တို့နဲ့ အ တူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်တည်ထောင်တယ်။ နိုင်ငံရေးကို ခြေစုံပစ်ဝင်ပြီး မြေအောက်တော်လှန်ရေးကို ဦးဆောင်ကာ ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ မြန်မာတော်လှန် မှုစာတမ်းတွေကို ရေးသားခဲ့တယ်။ဒီနောက် နိုင်ငံရေးခံယူချက်တူတဲ့ မခင်ကြီးနဲ့ မေတ္တာသက်ဝင် လက်ထပ်ခဲ့တယ်။ ၁၉၄၁ ခုနှစ်မှာ တော့ ဒို့ဗမာအစည်းအရုံးမှာ အမှု ဆောင်လူကြီးတာဝန်ယူခဲ့တယ်။ ဂျပန်တော်လှန်ရေးကာလအ တွင်း ပဲခူးရိုးမမှာ သခင်သန်းထွန်း၊သခင်သန်းဖေတို့နဲ့တွဲပြီး နိုင်ငံ ရေးမှူးတာဝန်နဲ့ ပြောက်ကျား တပ်ကို ဦးဆောင်ကာ ရန်သူကို အ များဆုံးချေမှုန်းနိုင်ခဲ့တယ်။ တော်လှန်ရေးကာလအတွင်းမှာပဲ ကရင်ဗမာသွေးစည်းရေးစာတမ်းနဲ့ လီနင်ရဲ့ ‘‘အစိုးရနှင့် တော်လှန်ရေး’’ကျမ်းဘာသာပြန်တွေ ပြုစုခဲ့တယ်။

ဂျပန်တော်လှန်ရေးအပြီး ဖဆပလကို ပြန်လည်ထူထောင် သူတစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ တာဝန်ယူခဲ့သလို ဗမာပြည်ကွန် မြူနစ်ပါတီကိုလည်း စနစ်တကျ ပြန်လည်စည်းရုံးဖွဲ့စည်းရာမှာ ပေါလစ်ဗျူရိုလူကြီးအဖြစ် ဆောင် ရွက်ခဲ့တယ်။ ဒီ့နောက် အလုပ်သ မားသမဂ္ဂ တည်ထောင်ရေးကို လည်း ကြိုးပမ်းခဲ့တယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ စတင်ထုတ်ဝေတဲ့ ‘‘ပြည်သူ့အာ ဏာဂျာနယ်’’ရဲ့ ဦးစီးစာတည်း ချုပ်တာဝန်လည်း ယူခဲ့တယ်။

နိုင်ငံရေးခရီးကြမ်းတစ် လျှောက်၊ ဂျပန်တော်လှန်ရေးတစ် လျှောက်၊ ပင်ပန်းဆင်းရဲမှုတွေ ကြောင့် ကျန်းမာရေးချို့ယွင်းလာ လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခွင့်ယူပြီး မန္တလေးက မိဘများ နေအိမ်ကိုပြန်ကာ ဆေးကုသခဲ့ တယ်။ အခုအထက (၉) (စိန့်ပီတာ ကျောင်း)မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံပေါ်တက်ရောက်ဆေးကုသနေ ဆဲ ရဲဘော်ရဲဘက်တွေစုစည်းခဲ့ကြ တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ် လိုက်တဲ့ အခြေအနေတစ်ရပ်ပေါ် ပေါက်ခဲ့ပါတယ်။ ကျောင်းသား ဘဝကစပြီး သဘောထားရည် ရွယ်ချက်တူစွာ အသက်သွေးချွေး စွန့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံ ရေးခရီးကြမ်းကြီးပေါ် အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက် များအချင်းချင်း သဘောထားကွဲ လွဲကြတဲ့ ဝမ်းနည်းစိတ်မကောင်း ဖွယ်ဖြစ်ရပ်ကို ဖဆပလကိုရော၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုရော သည်းလှိုက်အူလှိုက်သံယောဇဉ် ကြီးလှတဲ့ ရဲဘော်ဗဟိန်းကို အသိ မပေးဝံ့ခဲ့ကြပါဘူး။

ဒီလိုတုန်လှုပ်ဖွယ်သတင်း က မကျန်းမာနေသူရဲ့စိတ်ဓာတ် ကို ဒုက္ခပေးလိမ့်မယ်ဆိုတာ သိရှိခဲ့ကြလို့ပါပဲ။ ဒါကြောင့်ဒီသတင်းကို သေချာပိတ်ဆို့ထားကြပါတယ်။

ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ နေ့စဉ်ထုတ် သတင်းစာများကိုပင် ရဲဘော်ဗဟိန်းထံ မပို့ရလို့ တာဝန်ကျ ဆရာဝန်က ကန့်သတ်ထားတဲ့ ကြားကနေ ဘီတီဘရားသားကုမ္ပ ဏီက လူမမာဆီအမြဲပို့တဲ့ပေါင် မုန့်နဲ့ ကော်ဖီမှုန့်ကို ထုပ်ပိုးပေးတဲ့ ဂျာနယ်ကျော်သတင်းစာဟောင်း မှာ ‘‘ဖဆပလခါးပိုက်ထဲက ကွန် မြူနစ်မြွေပွေး’’ဆိုတဲ့ သတင်းနဲ့ သရုပ်ဖော်ပုံကို ဖတ်မိသွားတဲ့ ရဲ ဘော်ဗဟိန်းဟာ စိတ်မကောင်း ဖြစ်မှု၊ ဒေါသဖြစ်မှုတွေနဲ့ ရောဂါ သည်းသွားပါပြီ။ သူချစ်တဲ့ သူ့ရဲ ဘော် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် အခြေအ နေရှင်းပြပြီး လူမမာမေးမယ့်အထိ ကိုပင် မစောင့်နိုင်တော့ဘဲ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၊ မနက် ၅ နာရီခွဲအချိန်မှာ ကွယ်လွန်ခဲ့ပါ တယ်။ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းကို ဗိုလ်ချုပ်အောင်ဆန်းစီးလာတဲ့ လေယာဉ်ဆိုက် လာချိန် မနက် ၇ နာရီမှာ နာရေး သတင်းက ဆီးကြိုနေပါပြီ။ ဗိုလ် ချုပ်က နာရေးရှင်အိမ်အထိသွား ပြီး ကျန်ရစ်တဲ့ ဇနီး ဒေါ်ခင်ကြီးကို အားပေးတယ်။ ရဲဘော်ဗဟိန်းရဲ့ ဖခင် ဦးမှင်ကိုလည်း ‘‘နိုင်ငံခြားမှာ ကုရင်ပျောက်တဲ့ရောဂါမို့ သူနဲ့ တွေ့ပြီးစီစဉ်ဖို့လာတာ။ အခု တော့ လွန်သွားကုန်ပြီ’’ဟု ဝမ်း နည်းစကားဆိုခဲ့ပါတယ်။

အသက် (၂၉) နှစ်အရွယ်နှင့် ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း (ဝါ) သခင်ဗဟိန်းကို မန္တလေးရွာဟိုင်း သုသာန်မှာ အုတ်ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါတယ်။ မန္တလေးကဝါရင့် နိုင်ငံ ရေးသမားကြီးတွေ၊ ရဟန်းပျိုအ ဖွဲ့တွေ၊ ကျောင်းသားတွေဟာ ရွာ ဟိုင်းသုသာန်ရောက်တိုင်း ရဲဘော်ဗဟိန်းအုတ်ဂူမှာ ဂါရဝပြုကြ၊ အ လေးပြုကြ၊ အမျှအတန်းဝေနေ ကျပါ။ ၁၉၉၀ ပြည့်နှစ်ကျော်ရွာဟိုင်းသုသာန်ဖျက်သိမ်းတော့ ကျောင်းသားနဲ့ ရဟန်းပြည်သူတို့က မပျက်စီးအောင် ကာကွယ်နိုင်ခဲ့ကြလို့ ဘူဒိုဇာထိုးထားတဲ့ ကွက်လပ်ကြီးထဲမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေး ထီးတည်းကျန်ရစ်နေသေး ရဲ့။

ရွာဟိုင်းသုသာန်နေရာမှာ ကျောက်မျက်စျေး၊ အားကစား ကွင်းနဲ့ စျေးဆိုင်တန်းတွေ တည် ဆောက်ပြီးတဲ့နောက် ဒီသမိုင်းဝင် အုတ်ဂူလေးဟာ ဆိုင်ကြိုဆိုင် ကြားရောက်နေပြီး အခုတော့ အစအနပင်မကျန်အောင် ပျက်စီးပျောက်ဆုံးသွားပါပကော...။

ဒါကြောင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအောင်မြင်ရေးအ တွက် ‘‘မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ်’’ဆို တဲ့ မိန့်ခွန်းနဲ့ ရဲရဲတောက်ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအ တွက် ကျန်းမာရေးနဲ့ အသက်ကို ပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ တဲ့ ရဲဘော်ဗဟိန်း (ဝါ) သခင်ဗ ဟိန်းအမှတ်တရ ကမ္ပည်းကျောက်တိုင်ကို မန္တလေး ၁၃၀၀ ပြည့်အ ရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်အတွင်း တင့်တယ်ဂုဏ်ယူ စွာစိုက်ထူဖို့ ၁၃၀၀ ပြည့်အရေး တော်ပုံ (၇၅) နှစ်ပြည့်စဉ်ကတည်း က ဒေသအာဏာပိုင်တွေကို ခွင့် ပြုချက်တောင်းခံခဲ့တာ ဒီကနေ့ အထိ ခွင့်မပြုပါဘူး။ ရဲဘော် ဗဟိန်းကို ဘာလို့ အသိအမှတ်ပြု နေရာမပေးကြတာလဲ။

ဆူးငှက် On Thu, 2015-10-29 06:30Issue No.No.901 Thursday, October 29, 2015
http://www.7daydaily.com/story/49687

Friday, September 11, 2020

ပေဖူးလွှာသင်းရနံ့ တိုက်စိုး -------------------------------- ဒဂုန်တာရာ

0 comments

ပေဖူးလွှာသင်းရနံ့ တိုက်စိုး

--------------------------------
ဒဂုန်တာရာ

(၁)
ကျွန်တော်စတင်သိရသည်က တိုက်စိုးမဟုတ်။ သန်းထွတ်။ ကျွန်တော်တို့ ကျောင်းသားဘဝက သူနှင့် စတင်ခင်မင်ခဲ့သည်။ ယခုတော့ ဦးသန်းထွတ်၊ သန်းထွဋ်ဟုခေါ်ရသည်မှာ အခြားကြောင့် မဟုတ်။ ကိုသန်းထွတ်၊ ကိုမောင်မောင် ကျွန်တော်တို့သည် ပိုမိုခင်မင်ရင်းနှီးရာတွင် ခင်ဗျားနှင့် ကျွန်တော်မပြောကြဘဲ မင်းနှင့်ငါနှင့် ရင်းရင်းနှီးနှီးပြောရအောင်ဟု ကိုမောင်မောင်က လုပ်လာ၍ ကျွန်တော့်ကို ဌေးမြိုင်၊ သူတို့ကို မောင်မောင်၊ သန်းထွတ်ဟူ၍နှုတ်ကျိုးနေပြီ။ နှစ်ပေါင်းကလည်း ၆၀ ကျော်ပြီကိုး။
သူနှင့်ခင်မင်ရသည်က အခြားကြောင့်မဟုတ်။ စာဖတ်သူချင်းဖြစ်သည်။ သန်းထွတ်ကလည်း စာဖတ်သည်။ မောင်မောင်ကလည်း စာဖတ်သည်။ ကျွန်တော်ကလည်း စာပေဖွဲ့နွဲ့စ၊ စာဖတ်စ။ ကျောင်းသားဘဝဆိုသည်က 'ဘဝပုံသဏ္ဌာန် ပီသထင်ရှားသည်မဟုတ်၊ ကျောင်းသားဘဝက စာဖတ်သမားများ၊ စာပေသမားများ၊ ကျောင်းသားသမဂ္ဂမိတ်ဆွေများနှင့် ဂီတမိတ်ဆွေများ ကျွန်တော့်တွင်ရှိသည်။ မောင်မောင်က နေ့ကျောင်းသား။ သန်းထွတ်က သထုံကျောင်းဆောင်မှာ။ သို့သော် ကျွန်တော်တို့ ဆုံဖြစ်ကြသည်။ ထိုအခါက ကိုသန်းထွတ်သည် စာမရေးသေး။ သို့သော် စာအင်မတန်ဖတ်သူဖြစ်သည်။ မြန်မာစာရော၊ အင်္ဂလိပ်စာပါ ဖတ်သူဖြစ်သည်။ မောင်မောင်ကလည်း အင်္ဂလိပ်ရော မြန်မာစာရော ဖတ်သူပင်။

သူက အင်္ဂလိပ်စာပိုဖတ်သည်။ ကျွန်တော်ကလည်း သူတို့နှင့်အတူပင်။ နိုင်ငံရေးစာပေများကို သူတို့ကသိပ်မဖတ်။ ကျွန်တော်က ဘယ်လိုကဘယ်လို နိုင်ငံရေးသဘောတရားများ ဖတ်မိသည်မသိ။ ဆိုရှယ်လစ်သဘောတရားများကို ပိုဖတ်ဖြစ်သည်။ ဒါကတော့ သူ့အကြောင်းနှင့်သူ။ သမိုင်းဖြတ်သန်းမှုတွင် တစ်ယောက်နှင့်တစ်ယောက် "မူ"။ ခံစားမှုလည်း တူချင်မှ တူမည်။

ကိုမောင်မောင်ကတော့ စကားအော်ကျယ်အော်ကျယ် ပြောတတ်သည်။ သန်းထွတ်ကတော့ ဣန္ဒြေသမ္ပတ္တိနှင့်။ သန်းထွတ်က စိတ်ကတစ်မျိုး။ တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်ခါတစ်ရံ လေးလေးနက်နက်။ မောင်မောင်ကတော့ ဘယ်တော့မှလေးနက်သည်ဟုမထင်ရသော အသွင်မျိုးဖြင့် ရယ်ရယ်မောမော။ မောင်မောင်က သတင်းစာ ပတ်ဝန်းကျင်ရှိသူ။ သူ့အဖေက ရန်ကုန်မြို့ဝန်၊ သူရိယသတင်းစာတိုက်အုပ်။ သတင်းစာဆရာ။ ထို့ကြောင့်ပင် သူကျောင်းထွက်ပြီးသောအခါ သူ့ဖခင်တည်ထောင်ထားသော သမာဓိသတင်းစာတွင်အယ်ဒီတာလုပ်သည်။ ထို့နောက်သူက နိုင်ငံခြားသတင်းထောက် ဖြစ်သွားသည်။

သန်းထွတ်ကတော့ တစ်မျိုး။ သူက စာပေမွေ့သူ။ စာအုပ်များကြားတွင် ရှိနေသူ။ သူ့စိတ်ကတော့ တစ်ခါတစ်ရံ ထိုင်းမှိုင်းနေတတ်သည်။ ထိုအခါ ကျွန်တော်က အင်္ဂလိပ်စကားဖြင့် မောင်မောင်ကို Morose ဟု ပြောလိုက်သည်။ သည်တော့မှ ကိုသန်းထွတ်က ဘာလဲကွ မင်းတို့ကကွာဟု ပြောလိုက်သည်။ ကျောင်းသားဘ၀ စာပေသမားချင်းတွဲဖြစ်ခဲ့သည်။ ကိုတက်တိုး၊ ညိုမြ၊ မန်းတင်၊ ကိုမြစိန် စသူများ။ သန်းထွတ်က ညိုမြနှင့်အတွဲများသည်။ ကိုသန်းထွတ်၊ မောင်မောင်နှင့် ကျွန်တော်က အတွဲများသည်။ ဒါက ကျွန်တော်တို့ ကျောင်းသားဘဝက။

(၂)
စစ်ဖြစ်လိုက်သောအခါ ကျွန်တော်တို့ ကျောင်းသားဘဝက သူငယ်ချင်းများကွဲသွားကြသည်။ စစ်ကာလဖြစ်သည်။ သို့သော် ဂျပန်ခေတ်က ပြန်တွေ့ကြပြန်သည်။ အချို့တော့လည်း မတွေ့။ ဂျပန်ခေတ်တွင် ကျွန်တော်သည် ရွှေတောင်ကြားတွင် ရောက်နေသည်က များသည်။ ဂျပန်ခေတ်တွင် ကျောင်းသားသမဂ္ဂမိတ်ဆွေများသည် အစိုးရအဖွဲ့ဝင်များ ဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်တော်တို့က သူတို့အိမ်များတွင် ရှိနေသည်။ သူတို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် ရှိနေသည်။ အစိုးရအဖွဲ့ ထဲတွင် ရှိနေသည်။ သန်းထွတ်ကိုလည်း တွေ့ရသည်။ သူကဗဟန်းရှိ ကြေးဆင်းတုတော်ကြီးအနီးတွင် ရေကန်နားမှ ဇရပ်တစ်ဆောင်တွင် တွေ့ရသည်။ ကျွန်တော်သူနှင့်အတူ သွားအိပ်သည်။ သူနှင့်တော့ စာပေစကားများပြောဖြစ်၍ သွားအိပ်သည်။ သူက စာဖတ်နေသည်။ ကျွန်တော်က သူ့ဆီက စာအုပ်များကို ယူဖတ်နေသည်။

ရွှေတောင်ကြားမှ မိတ်ဆွေများနှင့်တော့ စာပေစကားများ မပြောဖြစ်၊ သူတို့က နိုင်ငံရေးသမားများဖြစ်သဖြင့် နိုင်ငံရေးစကားများတော့ ပြောဖြစ်သည်။ နိုင်ငံရေးအကြောင်း ပြောဖြစ်ရင်းက စာပေအကြောင်းပြောဖြစ်ပြန်သည်။ ကိုသန်းထွတ်သည် မကြာမီ နယ်သို့ရောက်သွားသည်။ လက်ထောက်မြို့ပိုင်အဖြစ် သွားရသည်။ မန်းတင်ကလည်း လက်ထောက်မြို့ပိုင်အဖြစ် သာယာဝတီသို့ သွားရသည်။ တက္ကသိုလ်ထင်ကြီး၊ ကိုတင့်တယ်၊ ကိုလှကျော်တို့မှာ ဗဟန်း ဦးပြားတောရတောင်ကုန်းပေါ်ရှိ ဇရပ်တစ်ဆောင်မှာနေသည်။ သူတို့နှင့် စာစကားပြောရန် သူတို့ဇရပ်သို့ သွားရသည်။

တစ်ည နှစ်ညအိပ်ပြီး ကျွန်တော် ရွှေတောင်ကြားအိမ်များသို့ ပြန်ရောက်သွားသည်။ ကိုတက်တိုးမှာ ရွှေတိဂုံရင်ပြင်တော်တွင်ရှိသော ဇရပ်တစ်ဆောင်တွင် ရုံးခန်းလုပ်သောရုံးတွင် အလုပ်လုပ်နေသည်။ ကိုတင့်တယ်လည်း ယင်းရုံးတွင် အလုပ်လုပ်သေးသည်။ ၎င်းဌာနမှာ ဘာသာပြန်ဌာနဖြစ်သည်။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့လည်း ထိုရုံးတွင် အလုပ်လုပ်သည်။ ရွှေတိဂုံရင်ပြင်တွင် ရုံးလုပ်သည်မှာ အခြားမဟုတ်။ မဟာမိတ်အင်္ဂလိပ်စစ်တပ်များက ဗုံးကြဲလေ့ရှိသည်။ ဘုရားရိပ်ခိုတော့ ရန်ကလွတ်မြဲ။ ထို့ကြောင့် ဘုရားကျောင်းကန်အနီးတွင် ရုံးလုပ်ခြင်းဖြစ်သည်။ ကိုတင့်တယ်က ကမ္ဘာ့ရာဇဝင်ကျမ်းကို ဘာသာပြန်ဖြစ်သည်။ ထိုအခါက ကိုတင့်တယ် ကလောင်နာမည်ပင် မယူရသေး။

တက္ကသိုလ်ထင်ကြီးမှာ နောင်အခါ နိုင်ငံခြားရေးရုံးတွင်အရာရှိဖြစ်နေသည်။ နိုင်ငံခြားရေးဌာနတွင် ကိုဘဟိန်းက ဒုတိယအတွင်းဝန်၊ ကျွန်တော့်ကို နိုင်ငံခြားရေးအရာရှိ လုပ်ရန်ပြောသည်။ ကျွန်တော်က မလုပ်။ မောင်ထင် (ဦးထင်ဖတ်) သည်လည်း စစ်ပြီးခါနီးတွင် နိုင်ငံခြားရေးဌာနတွင် အရာရှိအဖြစ် တွေ့ရသည်။

ကိုသန်းထွတ်သည် စစ်ပြီးစတွင် တက္ကသိုလ်တွင် အင်္ဂလိပ်စာနည်းပြဆရာလုပ်သည်။ ထို့နောက် တက္ကသိုလ်စာကြည့်တိုက်တွင် ဆရာဇော်ဂျီ၏ လက်ထောက်အဖြစ် ဆောင်ရွက်သည်။ သူက စာဖတ်ဝါသနာကြီးသည်။ ထို့ကြောင့် စာကြည့်တိုက်နှင့် သင့်လျော်သည်။ ကိုထင်ကြီးသည်လည်း စာပေဗိမာန်သို့ ပြောင်းရွှေ့သွားသည်။ စာအုပ်လုပ်ငန်းဆိုတော့ သူနှင့်ကိုက်သည်။

ကျွန်တော်တို့သည် သမိုင်းခေတ်များကို ဖြတ်သန်းပြီး ကြီးပြင်းလာရာ မိမိတို့၏ ဘဝပုံသဏ္ဌာန်သည်လည်း ဖြတ်သန်းလာသည့် ခေတ်တစ်လျှောက်တွင် ဘဝပုံသဏ္ဌာန်များ ပီသလာကြရသည်။ ကိုထင်ကြီးသည် စာပေဗိမာန်တွင်အလုပ်လုပ်ရင်း အငြိမ်းစားယူလိုက်သည်။ ကိုသန်းထွတ်သည် တက္ကသိုလ်စာကြည့်တိုက်၊ ထို့နောက်ယဉ်ကျေးမှုဗိမာန်၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ရင်း အငြိမ်းစားယူလိုက်သည်။ မန်းတင်သည်လည်း အဆင့်ဆင့် မြို့ပိုင်၊ ဝန်ထောက်၊ အတွင်းဝန်၊ တိုင်းမင်းကြီးစသည်တို့ဆောင်ရွက်ပြီး အငြိမ်းစားယူလိုက်သည်။ သို့သော် စာရေးကတော့ မပျက်။

ကိုမြစိန်သည်လည်း နိုင်ငံခြားတွင် သံအမတ်ကြီးအဖြစ် ဆောင်ရွက်ရင်း အငြိမ်းစား ယူလိုက်သည်။ ကျောင်းထွက်ပြီးနောက် ကျွန်တော်တို့ စာပေမိတ်ဆွေ သူငယ်ချင်းများ အလုပ်ကိုယ်စီဖြင့် သူ့နေရာနှင့်သူဆိုတော့ တစ်ခါတစ်ရံသာ တွေ့ကြသည်။ တွေ့သည့်အခါလည်း စာပေအကြောင်း ပြောဖြစ်သည်။

ကျွန်တော်ကတော့ ဘယ်နေရာမှ မဟုတ်။ ဘယ်နေရာမှ မလုပ်၊ ဘာမှလည်း မဟုတ်။ စာရေးလိုက်၊ စန္ဒရားလေး တီးလိုက်၊ ပန်းချီလေးဆွဲလိုက်နှင့် ဘဝသည် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ရသည်။ တော်တော်များများ အစိုးရအလုပ် လုပ်ကြသည်။ ကျွန်တော် တစ်ယောက်သာ ဘာမှမဖြစ်ခဲ့သည်မှာ အမှန်ပင်။

(၃)
ကိုသန်းထွတ်နှင့်ကတော့ တွေ့တတ်သည်။ သူအင်္ဂလန်မှာ စာကြည့်တိုက်ပညာသင်ပြီး ပြန်လာခါစတွင် ကျွန်တော်က တာရာမဂ္ဂဇင်းထုတ်ဝေနေစဉ် ၁၉၅၀၊ ထို့နောက်မဂ္ဂဇင်းတွင် စာကြည့်တိုက်ပညာအကြောင်း ဆောင်းပါးရေးပေးသည်။ ထို့နောက် ကျွန်တော်မဂ္ဂဇင်းတွင် အက္ခရာစဉ် စာစုဇယားလုပ်ပေးမည်ဟုပြောသည်။ တစ်ပတ်လောက်လုပ်ပြီး သူလည်း မရေးဖြစ်၊ သူကအမှုထမ်းဖြစ်၍ သိပ်အားလပ်ဟန် မတူ။ သို့သော် သူသည်တိုက်စိုးအဖြစ် စာများ ရေးသားနေသည်။ သူက စာရေးဆရာတိုက်စိုးဖြစ်နေပြီ။ သူ၏ ကလောင်အမည်ယူပုံမှာလည်း စာကြည့်တိုက်မှူးသဘောကိုယူ၍ စာကြည့်တိုက်စိုးသောသူဟု အဓိပ္ပာယ်ယူ၍ မှည့်လေသလား မသိ။ သူရေးသောစာအုပ်များမှာ စာများများဖတ်ပြီး စာအုပ်ထဲမှ မှတ်ယူဖော်ပြသော၊ ရှာဖွေထားသော အကြောင်းအရာရပ်များ အတ္တုပ္ပတ္တိများ ဖြစ်သည်။ စာပေသမိုင်းကို မှတ်တမ်းတင်သော စာအုပ်။ သူ နိုင်နင်းသောအလုပ်။ သူက စာကြမ်းပိုး။ သို့သော် သူသည် ပေါ့ပေါ့ဆဆတော့ မလုပ်။ စာများဖတ်ပြီး ဝေဖန်သုံးသပ်ပြီးနောက် ရေးသောသဘော။

စာပေဝေဖန်ရေးအဖြစ် ရေးသည်။ သို့သော်သူက လေးလေးနက်နက် လုပ်သည်။ စာပေ အကဲဖြတ်ရေးကို သူကပို၍ ဆောင်ရွက်ခဲ့သည်။ သူနိုင်နင်းကျွမ်းကျင်သော အလုပ်။ ကျကျနန လေ့လာဖတ်ရှုပြီးမှ သူက နိဂုံးချုပ်သည်။ ပေါ့ပေါ့ဆဆ နိဂုံးချုပ်သည် မဟုတ်။

သူသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူထုတ်ဝေသောစာအုပ်များမှာ သမိုင်းအချက်အလက်များကို အခြေခံပြု၍ ကျကျနနမှီငြမ်းပြုစုသော စူးစမ်းဖော်ထုတ် လေ့လာတင်ပြသော အချက်အလက်များဖြင့် ပြည့်စုံသည်။ သုတေသန အစည်းအဝေးများတွင်လည်း တင်ပြသည်။ သူနှင့်အကိုက်ဆုံး အလုပ်။ ယခု သူသည် မြန်မာစာပေအဖွဲ့တွင် သမိုင်းကော်မရှင်တွင် ဆောင်ရွက်နေရာ သူနှင့်အသင့်တော်ဆုံး အလုပ်။

ယနေ့ခေတ်တွင် မိမိနှင့်မကိုက်သော အလုပ်များလုပ်နေကြသော အခြင်းအရာများထဲတွင် သူ မပါ။ သူ ယုံကြည်တာ သူလုပ်သည်ဆိုသော သဘော။ ကျွန်တော်တို့ဆုံမိကြလျှင် စာပေရေးရာသာ မဟုတ်၊ သမိုင်းကြောင်းများလည်း ပါသည်။ ကျွန်တော်တို့က သူ့ကို မေးရသည်။ ချက်ချင်း ဖြေနိုင်သည်။ အကိုးအကား စာအုပ်ဆိုလျှင်လည်း ကောက်ခနဲ ယူပြနိုင်သည်။ ဤမျှပင် အမှတ်အသား ကောင်းသူ။

ကျွန်တော်တို့က သမိုင်းခေတ်ကို ခံစားမှုဖြင့် မှတ်သားထားသည်။ သူက ခံစားမှုဖြင့်မဟုတ်၊ မှတ်တမ်းမှု အသိဉာဏ်ဖြင့် မှတ်ထားသည်။ သူ့ကိုမေးလျှင် ကျကျနန ဖြေနိုင်သည်။ ကျွန်တော်တို့ကတော့ သက္ကရာဇ်ဆိုလျှင်လည်း တူချင်မှတူမည်။ နည်းနည်းပါးပါး လွဲမည်။ ထို့ကြောင့် သမိုင်းခေတ် မျက်မှောက်ခေတ်နှင့် ပတ်သက်၍ သူ့ကို အားကိုးရသည်။ သမိုင်းအချက်အလက်များကို စုဆောင်းရာတွင် သူက သမိုင်းအဖြစ်အပျက် စတင်ပေါ်ပေါက်လာပုံ၊ ပင်ရင်းဇာတိ အချက်အလက်ကို ကိုးကားသည်။ ထို့ကြောင့် သူပြောပြသော အချက်အလက်များမှာ အမှန်အကန်ဆုံးနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု ယုံကြည်ထားသည်။

သူရေးသောစာအုပ်များကလည်း မနည်း၊ သမိုင်းတန်ဖိုးမနည်း၊ ဂျူဘလီဟော၊ မင်းတုန်းမင်း စသည် စသည်။

(၄)
ကျွန်တော်တို့ သူနှင့်ဆုံမိကြလျှင် စကားအလျဉ်မပြတ်၊ တစ်ခါတစ်ရံ ကျွန်တော့်အကြိုက်နှင့် သူ့အကြိုက် တူကြသည်။ သူက ဟတ်စလေကို ကြိုက်သည်။ စစ်မဖြစ်မီ ကျောင်းသားဘဝကတည်းက ဖတ်သည်၊ ကြိုက်သည်။ ထိုအခါက ဟတ်စလေရေးသော ဝတ္ထုများအကြောင်း ပြောဖြစ်ကြသည်။ ထိုအခါက ဟတ်စလေဖတ်သူများနှင့် သိပ်မတွေ့။ ယနေ့ ခေတ်တွင်တော့ ကြားဖူးသူပင် နည်းမည်။ ခေတ်တွေက မတူ။

ကျွန်တော်က အာရုံံတံခါးပေါက်များဟူသော ဟတ်စလေ၏ စာအုပ်အကြောင်း ပြောသောအခါ သူက 'အေး ဟတ်စလေအကြောင်းပြောတဲ့သူ သိပ်မတွေ့ဘူး' ဟု သူက ပြောသည်။ ကျွန်တော်တို့သည် ကြီးပြင်းလာသောအခါ ရုပ်ပုံလွှာများ ပြောင်းလဲတတ်သည်။ ဖွံ့ဖြိုးလာတတ်သည်။ သို့သော် ကျောင်းသားဘဝက အစအနလေးများကတော့ သိပ်ပြောင်းလဲသည်မဟုတ်။ ဖူးခါစနှင့် ပွင့်ပြီးမွှေးလာသော၊ လှလာသော ပုံကားချပ်များနှင့် ဖြစ်ထွန်းတော့သည်။ ယင်းသည် သဘာဝကျသည်။ တချို့လည်း ဖူးငုံလာရာမှ ပွင့်ဖူးလာသည်။ သို့သော် အမွှေးသိပ်မရ။

ကျွန်တော်တို့နှင့်တွေ့လျှင် မင်းနှင့်ငါနှင့် ပြောနေကြပြီး ကျောင်းသားဘဝကလို နုပျိုလာကြ သည်။ ကျောင်းသားဘဝကို ပြန်ရောက်သွားသည်ဟု ထင်ရသည်။ ယခုလည်း ကျွန်တော်တို့ ပြန်တွေ့လျှင် မင်းနှင့်ငါနှင့်ပင်ပြောကြ၍ ငယ်ငယ်ကလို ဖြစ်သွားကြသည်။ တချို့ ကျွန်တော်တို့နှစ်ယောက် စကားပြောသည်ကို မမြင်ဖူးသောသူတို့က အထူးအဆန်း ဖြစ်နေဟန် တူသည်။ ယခု ကိုသန်းထွတ် မဟုတ်။ ဦးသန်းထွတ် ဖြစ်နေပြီ။

ဖူးငုံရာမှ ပွင့်လာပြီး အရောင်အသွေးက မွှေးလျက်၊ လှပလျက်။

ဒဂုန်တာရာ
၁၄၊ ၁၁၊ ၉၇
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
အတွဲ(၁၆) ၊ အမှတ်(၆) ဇွန်လ၊ ၂၀၀၀

Sunday, August 30, 2020

“သေနတ်ကျည်ဆန်တွေက ဈေးပိုကြီးနေပြီလား”

0 comments
“သေနတ်ကျည်ဆန်တွေက ဈေးပိုကြီးနေပြီလား”
မနေ့က ရှေ့နောက် နှစ်ယောက်နင်းစက်ဘီး Tandem တစီးဝယ်ရန် ကျနော်တို့လင်မယား မြို့ပတ်ခဲ့ကြပါသည်။ အိမ်မှာရှိသည့်တစင်းက 7 Speed ဖြစ်ပြီး ကုန်းအတက် ဂီယာချိန်းလိုက်လျှင် ဂျိဂျိ ဂျိဂျိ မြည်ကာ ကောင်းကောင်း အလုပ်မလုပ်ချင်တော့။ ဘီးကလည်း အိုပြီ။ ဒီတခါဝယ်ဖြစ်လျှင် Multi Speed မဟုတ်သည့် ဂီယာမချိန်းရသည့် ရိုးရိုးဘီးပဲဝယ်မည်ဟု နှစ်ယောက်သားတွေးထား၏။ ထို့ကြောင့် ဖို့တ်ဝိန်းရှိ Summit City Bicycle ဆိုင်ကို တမြန်နေ့ သွားကြည့်ခဲ့ကြ၏။ ဆိုင်တွင်ရှိသည် Tandem ကို ဒီဇိုင်း မကြိုက်သဖြင့် ဈေးပင်မမေးမိခဲ့ကြ။ ကျနော်တို့ လိုချင်သည့်ဒီဇိုင်းကိုပြောပြသည့်အခါ ဆိုင်အရောင်းသမားတဦးက တခြားမြို့များတွင်ရှိသည့် သူတို့ဆိုင်ခွဲများတွင်ရှိမရှိ အွန်လိုင်းမှတက်ကြည့်ပေး၏။ ဖလော်ရီဒါကဆိုင်ခွဲတွင် တစီးရှိတာကိုတွေ့၏။ ဈေးက ၉ ရာနီးပါး။ လိုချင်လျှင် မှာပေးမည် သယ်ယူခကို ကျနော်တို့ဘက်မှကျခံရမည်ဆို၏။ ဒါနှင့် တေ့တေ့ဆိုင်ဆိုင်လိုချင်လျှင်ပြန်လာပါမည်ဟု ပြောကာ အိမ်ပြန်ခဲ့ကြ၏။ စက်ဘီးဈေးကြောင့်မဟုတ် သယ်ယူခကျခံရမည်ကို ဘဝင်မကျသော့ကြောင့်ပင်။
အိမ်ပြန်ရောက်တော့ ဇနီးက အိုင်ပက်ဒ်တလုံးနှင့် အွန်လိုင်းတွင်မွှေနှောက်ရှာဖွေ၏။ သူတွေ့သည့်ဘီးများ လာလာပြ၏။ နင့်စိတ်ကြိုက်တွေ့ရင်ပြောလေဟုပြောပြီး ကျနော်က စာတအုပ်နှင့် ငြိမ့်နေ၏။ ခနနေတော့ စာအုပ်ချကာ ဖေ့စ်ဘွတ်ခ် တက်ရင်း ဟိုဟိုသည်သည်များလိုက်ဖတ်နေခိုက် နှစ်ယောက်နင်းစက်ဘီး ကြော်ငြာများ ကျနော့်စာမျက်နှာတွင် တက်တက်လာ၏။ Marketplace ကနေလည်း ဖို့တ်ဝိန်းနှင့်အနီးတဝိုက်မှ Tandem ဘီး ကြော်ငြာတွေပို့ပို့လာ၏။ အံ့ဩစရာတော့မရှိ။ ဇနီးသည်သုံးသည့် အိုင်ပက်ဒ်တွင် ဖေ့စ်ဘွတ်ခ် app ကို Install လုပ်ထားရုံမက ကျနော် ရံဖန်ရံခါ ထိုအိုင်ပက်ဒ်နှင့် ဖေ့စ်ဘွတ်ခ်သုံးတတ်သည်မဟုတ်ပါလား။ သည်တော့ မှတ်ဉာဏ်တုနည်းပညာကမှတ်မိနေပြီး ကြော်ငြာတွေ ကျနော့်ဆီ ပို့နေခြင်းပင်။ ဒါနှင့် ကျနော်လည်း Marketplace ထဲဝင်ကာ Tandem ဘီး ရောင်းမည့်သူများနှင့် မက်ဆင်ဂျာမှ ဆက်သွယ်ကြည့်၏။ ရောင်းမည့်သူတွေကများသော်လည်း ကျနော်တို့စိတ်ကြိုက် ဘီးပုံစံက စုစုပေါင်းမှ သုံးနေရာသာရှိ၏။
ရောင့်သည့်သူများအား လာကြည့်လို့ရမလား။ ဘယ်အချိန်လောက်လာလျှင် အဆင်ပြေမလဲ။ အစမ်း စီးကြည့်လို့ ရမလား။ ဈေးကရော အလျှော့အတင်းရှိနိုင်လား စတာတွေမေးမြန်းကြည့်ပြီးမှ နှစ်ယောက်သား မြို့ပတ်ခဲ့ကြ၏။
ပထမဆုံး စုံစမ်းခဲ့သည့်သူက ဖို့တ်ဝိန်းမို့လည်ကောင်နားတွင်နေ၏။ ၉ နာရီအတိတွင်ချိန်းပြီး သူ့အိမ်ရောက်ခဲ့၏။ အိမ်က ၁၉၃၀ ကာလများဆီကဆောက်သည့် စတိုင်လ်နှင့်အိမ်။ ၃ ထပ်။ စုလစ်မွန်းချွန်ဆန်ဆန် ရဲတိုက် အငယ်စားလေးနှင့်ပင် တူနေသေး၏။ အိမ်ရှေ့မျက်နှာစာ ဟိုးအမြင့်က နဖူးစည်းတွင် နံရံကပ်နာရီအကြီးစားကြီးတလုံး ကပ်ထား၏။ နာရီက အိုမင်းလှပြီ။ လက်တံများက အလုပ်မလုပ်တော့။ ၁၂ နာရီတိတိတွင်ရပ်နေ၏။ အိမ်ရှေ့ လူ့မျက်နှာနှင့်အညီ မှန်ပြူတင်းဘောင်တွင် အတွင်းမှနေ၍ ကော်ငြာစာရွက်အလတ်စားအရွယ်တရွက် ကပ်ထားတာ တွေ့ရ၏။ သေနတ်ပြောင်းရှည်တလက်ပုံနှင့် ကျည်ဆန်ပုံများအပြင် စာတွေလည်းရေးထား၏။ အိမ်မှာ ခွေးရှိကြောင်းလို အိမ်မှာသေနတ်ရှိကြောင်း သတိပေးစာတခုခုရေးထားတာနေမှာပါဟုထင်ပြီး စာတွေကို သေချာမဖတ်ဖြစ်ခဲ့။
ကျနော်တို့ အိမ်ရှေ့တံခါးမကြီးတည့်တည့်ရပ်မိသည်နှင့် တံခါးပွင့်လာက ဟဲလိုဟူသည့် နှုတ်ဆက်သံနှင့်အတူ ထောင်ထောင်မောင်းမောင်း တောင့်တောင့်တင်းတင်း အသက် ၇ ဆယ်ခန့် ဘောင်းဘီတိုနှင့် လူဖြူအဖိုးအိုတဦး ထွက်လာ၏။ အသက်နှင့်စာလျှင် အရွယ်က အတော်တင်ပြီး ဖြတ်ဖြတ်လတ်လတ်လည်းရှိ၏။ စက်ဘီးကြည့်မည့်သူတွေမှတ်တယ်ဟုဆိုကာ စက်ဘီးလိုက်ပြ၏။ ကျနော်တို့ မြက်ခင်းပေါ် စမ်းစီးကြည့်တော့ ထိုင်ခုံတွေမြင့်နေသည်မှတပါး အားလုံးအဆင်ပြေ၏။ ဈေးကလည်း မဆိုး။ သို့သော် လာကြည့်ပါမည်ဟု ချိန်းထားပြီးသား အခြားနှစ်ဦးဆီကလည်းသွားရဦးမည်။ ဟိုနှစ်စီးက ခုအစီးထက်ပို အဆင်ပြေမည်ဆိုလျှင် အတွေးကလည်းရှိသေး၏။ သို့ဖြင့် ကျနော်တို့ ချိန်းထားတဲ့ တခြားနှစ်စီးလည်းရှိသေးတယ်၊ လိုက်ကြည့်လိုက်ပါဦးမယ်၊ ကြည့်လို့ ဒီတစီးက ပိုအဆင်ပြေတယ်ဆိုလည်း ဒါကိုပဲလာပြန်ယူပါ့မယ်၊ ဒီတော့မှ ဈေးစကား ပြောကြတာပေါ့ဆိုတော့ သူက ကောင်းပြီလေ မက်ဆင်ဂျာကနေပဲဆက်သွယ်ပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ဆို၏။ နောက် နှစ်စီးလိုက်ကြည့်တော့ အဆင်မပြေ။
ဒါနှင့် မက်ဆင်ဂျာကနေ သူ့ဆီ ပြန်ဆက်သွယ်ပြီး ငါတို့ တခေါက်ပြန်လာမယ်။ ထိုင်ခုံတွေလည်း အနိမ့်ဆုံး နှိမ့်ထားပေးပါ၊ လမ်းပေါ်မှာ တခေါက်လောက် ကြာကြာလေးစမ်းနင်းကြည့်ချင်တယ်ဟုဆိုတော့ အိုကေဟုဆိုပြီး မင်းက စစ်ပြန်လားဟု မေး၏။ ကျနော်က စစ်ပြန်တော့ စစ်ပြန်ပဲ ဒါပေမဲ့အမေရိကန်စစ်ပြန်မဟုတ်ဘူး ဗမာစစ်ပြန်ဟုဆိုတော့ ကောင်းပါလေ့ကွာ ဒါဆို ၄၅ ဒေါ်လာလျှော့ပေးမယ်။ ထိုင်ခုံတွေလည်း နှိမ့်ထားပေးမယ် ပြန်လာခဲ့ကြပါဟုဆို၏။ သို့ဖြင့် သူ့အိမ်တခေါ ထပ်ရောက်ရပြန်၏။
ဒီတခေါက်တော့ အိမ်ရှေ့ရောက်ရောက်ခြင်းတံခါးက ပွင့်မလာခဲ့။ ဇနီးက တံခါးမကြီးဆီသွားပြီး လူခေါ်ဘဲလ် တီးနေခိုက် ကျနော်က မျက်နှာနှင့်တူရှူရာမှာရှိနေသည့် တံခါးပြူတင်းမှန်တွင်ကပ်ထားသည့်စာရွက်ပေါ်က စာတွေကိုဖတ်နေမိ၏။ ရေးထားသည့်က Due to prices of guns and ammo, don’t expect warning shoot. သဘောက သေနတ်ဈေး ကျည်ဆန်ဈေးတွေကြောင့် သတိပေးပစ်ခတ်တာမျိုးတော့ မမျှော်လင့်ပါနဲ့ဟု ဆိုခြင်းပင်။
ကျနော်ဖတ်ရင်း ကြက်သီးထသွား၏။ ကျောရိုးထဲလည်း စိမ့်သွား၏။
ကိုဗစ်နိုင်တင်န်း အမေရိကကိုကူးလာတော့ လူတွေ သေနတ်ဝယ်နှုန်း တမဟုတ်ခြင်းမြင့်တက်လာ၏။ ကပ်ဘေးကြောင့် ဆင်းရဲကြပ်တည်းလာလျှင် ပစ်ခတ်လုယက်တာတွေဖြစ်လာနိုင်သည်ဟုတွေးကာ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ဟုအကြောင်းပြချက်နှင့် လူတွေ သေနတ်ဝယ်ကြခြင်းပင်။ တချို့လည်း လုဖို့ သေနတ်ဝယ်တာဖြစ်ချင် ဖြစ်လိမ့်မည်ထင်၏။ ဘယ်လိုပဲဖြစ်ဖြစ် သေနတ်ဝယ်လိုအားတွေ ထောင်တက်နေသည်မှာ ကိုဗစ်အစကတည်းကနေ ခုချိန်ထိ အရှိန်မသေသေးတာတော့ သေချာ၏။ ဝယ်လိုအားရှိတော့ ရောင်းလိုအားဘက်က ဈေးတွေတက်လာ၏။ သေနတ်ဈေး ကျည်ဆန်ဈေးတွေ အတော်ကြီးတက်နေသည်ဟု အသိတယောက်ပြောသံလည်း ကြားမိ၏။ သေနတ် လက်ဝယ်ရှိသူများ အရင်ကလောက် အပျော်ပစ်အစမ်းပစ် လျှောက်ပစ်တာတွေ သိတ်မလုပ်ကြ။ ကျည်ချွေတာ နေကြသည်ဟုဆို၏။ ယခု သတိပေးစာသည် ထိုကိစ္စနှင့်အဆက်အစပ်ဖြစ်နေမှန်းသိသာ၏။
NRA ခေါ် အမျိုးသားရိုင်ဖယ်လ်အသင်းကြီးအကြောင်းနှင့် အမေရိကန်တွင် လူတိုင်း လက်နက်ကိုင်ဆောင်ခွင့်ရှိမှန်း အများသိပြီးသားမို့ ဤနေရာတွင် ဘာမှမပြောလိုတော့။ အမေရိကန်တချို့သည့် လူ့အသက်ထက် လက်နက် ကိုင်ဆောင်ခွင့်ကို ပို၍တန်ဖိုးထားတတ်ကြသလားမပြောတတ်။ တနှစ်တနှစ် သေနတ်ကြောင့် လူ့အသက်တွေ မနည်းမနော သေကြေနေကြသည်မှာလည်း ကြားသည့်အတိုင်းပင်။ ဖြစ်၏။ ပစ်ခတ်သံတွေဆူပြီးတိုင်း Gun Control စကားသံတွေ ညံစမြဲ။ သို့သော် ပွဲပြီးမီးသေတွေနှင့် ပြီးပြီးသွား၏။ သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးဟု ဆိုလိုက်တိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ အခွင့်အရေးဆိုသည်နှင့် ကိုင်ပေါက်ပြီး အနိုင်ပိုင်းသွားကြသည်ချည်း ဖြစ်၏။ သေနတ်ကိုင်ဆောင်ခြင်း မကိုင်ဆောင်ခြင်းသည် ပုဂ္ဂလိကလွတ်လပ်ခွင့်ဖြစ်၏။ လူ့အသက်ထက် တကိုယ်ရည်လွတ်လပ်ခွင့်သည်လည်းကောင်း ဥပဒေပါအခွင့်အရေးသည်လည်းကောင်း ပို၍ အရေးပါနေသည့်သ‌ဘော ဖြစ်နေခြင်းပင်။
ကျနော်က ကျောချမ်းချမ်းနှင့် ကပ်ထားသည့် သတိပေးစာကိုဖတ်နေမိ၏။ ကျည်ဆန်တွေဈေးကြီးလာသဖြင့်သူ့ အိမ်နား မသင်္ကာဖွယ်ရာ လူကပ်လာလျှင် သတိပေးပစ်ခတ်ပြီး ခြောက်လှန့်ထုတ်မနေနိုင်အားတော့ ပစ်မည့်အချက်တိုင်းတည့်တည့်ပစ်မည် မှန်အောင်ပစ်မည်ဟု ခြိမ်းခြောက်ထားခြင်းပင်။ သေနတ်နှင့်ကျည်ဆန်တွေက လူ့အသက်ထက် ဈေးကြီး လာပြီလားဟု တွေးနေမိ၏။
မျိုးမြင့်ချို
၃၀ ဩဂုတ် ၂၀၂၀

Thursday, August 27, 2020

"စစ် ဘာ့ကြောင့်ဖြစ်" -ရဲဘော်ဖိုးသံချောင်း-

0 comments
"စစ် ဘာ့ကြောင့်ဖြစ်"-ရဲဘော်ဖိုးသံချောင်း- 
အခုတလော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကား၊ ရင်ကြားစေ့ရေးစတဲ့အသံတွေ အများကြီး ကြားနေရပါတယ်။ သူ့ခေတ်နဲ့သူ့အခါကြားရတာမို့ မဆန်းဘူးလို့ပဲအောက်မေ့နေလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောမှုဆိုမှုတွေထဲမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ သုံးမျိုးပဲရှိတယ်ဆိုတဲ့ ပြောနည်းမျိုးကို ကြားလိုက်ရပါတယ်။ ပြောကြတာက စစ်မက်ဖြစ်ပွားတယ်ဆိုတာဟာ (၁)လူမျိုးရေး၊ (၂)ဘာသာရေး၊ (၃)ဝါဒရေးဆိုတဲ့ အကြောင်းရင်း သုံးခုကြောင့်ဖြစ်ပွားတာဖြစ်တယ်၊ တခြားအကြောင်းရင်းမရှိဘူးဆိုတဲ့အယူအဆဖြစ်ပါတယ်။ သဘောတရားတခု တင်လာတဲ့ သဘောလိုဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလိုအပြောအဆိုကို အရင်ကလည်း ဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်း များလာတဲ့သဘောရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ ပြောမှပဲဆိုပြီး ကီးဘုတ်ကိုနှိပ်နေမိပါတယ်။ တချိန်ထဲမှာ ကိုယ်လက်လှမ်းမီတဲ့ စစ်ပွဲတွေကိုလည်း ပြန်စဉ်းစားနေမိပါတယ်။
ဦးဆုံးကတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဗမာပဒေသရာဇ်တွေ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေပါ။ ၁၉ ရာစုနှစ်အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကို စစ်သုံးကြိမ်တိုက်ပြီး ကျူးကျော်သိမ်းပိုက်တာဟာ ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာမှ မဟုတ်ပါဘူး။ ဒါဖြင့် အဲဒီအရင်လေးကဖြစ်ခဲ့တဲ့ မင်းတုန်းနဲ့ကနောင် မင်းသားညီနောင်တို့ ရွှေဘိုကိုသွား အောင်မြေနင်းပြီး သူတို့ရဲ့အကို ပုဂံမင်းကို ပုန်ကန်တာကရော- ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာကြောင့်မှ မဟုတ်ပါဘူး။ ဗမာပြည် ပြည်သူတွေက အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေကို လက်နက်ကိုင်ခြင်းအပါ နည်းမျိုးပေါင်းစုံနဲ့တော်လှန်တိုက်ပွဲဝင်ကြတာဟာ အဲဒီလူမျိုးတွေကို မုန်းလို့လား၊ ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် အယူဝါဒတွေ ကွဲနေလို့လား။ မဟုတ်ပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ကိုချစ်လို့၊ လွတ်လပ်ချင်လို့ဆိုတာ သိပ်ရှင်းနေပါတယ်။
ဒါဖြင့် ဒီနေ့ဗမာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကကော-။ ဘာကြောင့်ဖြစ်နေတာလဲ။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာလူမျိုးတွေအကြား စစ်ဖြစ်နေတာလား။ မဟုတ်ပါဘူး။ ခရစ်ယံတွေနဲ့ ဗုဒ္ဓဘာသာတွေအကြားက စစ်ပွဲလား။ ဒါလည်း မဟုတ်ပါဘူး။ ဒါဖြင့် ဘာအယူဝါဒနဲ့ ဘာအယူဝါဒအကြားက တိုက်ပွဲလဲ။ သူတို့ပြောတဲ့ အထက်က စံသုံးချက်ထဲက တချက်နဲ့မှ မကိုက်ဘူးထင်ပါတယ်။ ဒီတိုင်းပြည်မှာ ရာစုနှစ်တဝက်ကျော် ဖြစ်နေတဲ့စစ်ပွဲဟာ ဗမာလူမျိုးထဲက လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကတဘက်၊ စစ်အာဏာရှင်စနစ်နဲ့လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့ ဗမာအပါလူမျိုးစုံပြည်သူတွေကတဘက် ဖြစ်တဲ့စစ်ပွဲပါ။
သမိုင်းမှာ ဘာသာရေးစစ်ပွဲ၊ လူမျိုးရေးစစ်ပွဲဆိုတာတွေ မရှိခဲ့ဖူးဘူး မဟုတ်ပါဘူး။ အားလုံးသိကြတဲ့ ခရူးဆိတ်စစ်ပွဲလိုဟာတွေ အများအပြားပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပဒေသရာဇ်စနစ် ကုန်ဆုံးတာနဲ့ အခြေခံအားဖြင့် ခေတ်ကုန်ဆုံးသွားတယ်လို့ဆိုနိုင်ပါတယ်။ ခြွင်းချက်လောက်ပဲ ကျန်တတ်ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာ ပဒေသရာဇ်စနစ်လွှမ်းမိုးနေတုန်းက ဝါဒရေးရာဆိုတာ မရှိသလောက်ပါ။ အဲဒီတုန်းက အဓိကအားဖြင့် အယူဝါဒ-ဘာသာရေးပဲရှိပါတယ်။ အဲဒီနောက် ကမ္ဘာကြီးကို အရင်းရှင်စနစ်က အဓိကလွှမ်းမိုးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားတဲ့စစ်ပွဲတွေထဲက အများတကာ့အများစုဟာ အရင်းရှင်လက္ခဏာဆောင်တဲ့၊ နယ်ချဲ့ဖို့ဖြစ်တဲ့၊ အရင်းရှင်နယ်ချဲ့တွေအတွက် အရင်းမြှုပ်နှံ စရာ၊ သွေးစုပ်စရာနယ်ပယ်နဲ့ သယံဇာတ လုယက်စရာနယ်တွေလုဖို့၊ အဲဒီအတွက် သြဇာခံနယ်တွေ ထူထောင်ဖို့စတဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ကြတာတွေပါ။
ဝါဒကြောင့်ဖြစ်တဲ့စစ်ပွဲ-။ သမိုင်းမှာ ကွန်မြူနစ်ဝါဒနဲ့အရင်းရှင်ဝါဒတို့အပါ၊ ဝါဒတခုနဲ့တခုအကြား၊ ဝါဒအတွက်ဖြစ်ခဲ့တဲ့စစ်ပွဲလို့ ပြောနိုင်တာဘယ်တခုများ ပီပီပြင်ပြင်ရှိခဲ့လို့လဲ။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲစတာတွေဟာ ဝါဒနှစ်ခုအကြားစစ်ဖြစ်တာဆိုတာထက် သြဇာခံဒေသလုယက်မှုကနေ ပေါ်ပေါက်တယ်ဆိုမှသာ ပိုမှန်မယ်လို့ထင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေအများဆုံးဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့အာဖရိကတိုက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ(ခဲ့)တဲ့စစ်ပွဲတွေဟာ ခုနက အကြောင်းရင်းသုံးခုကြောင့် ဖြစ်ပေါ်နေ(ခဲ့)တာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာရှိတဲ့ သယံဇာတတွေအတွက် မမှန်ကန်တဲ့ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဝင်တိုက်နေကြတာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘုံဘေဘားမားသစ်ကုမ္ပဏီအတွက် အထက်ဗမာပြည်ကို ဆက်တိုက်သိမ်းတယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ဘာမှမကွာပါဘူး။ ဒီနေ့အခါမှာ တရုတ်နဲ့အမေရိကန် ရှားစောင်းစေးနဲ့မျက်ချေးဖြစ်နေကြတာကကော- အယူဝါဒကြောင့်လား။ လုံးဝမဟုတ်ပါဘူး။ သူတို့ချင်း အခုလို ဘာကြောင့်စောင်နေကြတယ်ဆိုတာ ဗမာပြည်သားတွေ အသိဆုံးပါ။ တိုင်းပြည်ရဲ့လူအင်အား၊ ဓနအင်အားတွေ အမြောက်အမြားအဆုံး အရှုံးခံပြီး အယူဝါဒအတွက် စစ်ပွဲတွေဆင်နွှဲရလောက်အောင် ဒီနေ့ခေတ်မှာ ဘယ်သမတ၊ ဘယ်ဝန်ကြီးချုပ်မှ မမိုက်ပါဘူး။ “အကြမ်းဖက်ဝါဒ”ကို တိုက်ပါတယ်ဆိုတဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေဟာ သူတို့ပြောတဲ့ “အကြမ်းဖက်”ဝါဒီတွေကို သူတို့ကိုယ်တိုင်က ပြုစုပျိုးထောင်ခဲ့တယ်ဆိုတဲ့အချက်ကို ထုတ်မပြောပါဘူး။ ထိန်ထားကြပါတယ်။ နောက်ပြီး“အကြမ်းဖက်ဝါဒကို နှိမ်နင်းတဲ့”စစ်ပွဲဆိုတာတွေ အားလုံးဟာလည်း သယံဇာတ (အထူးသဖြင့်ရေနံ) ပေါကြွယ်ဝတဲ့၊ ပထဝီအရ အချက်အခြာကျတဲ့ဒေသတွေမှာချည်း ဖြစ်နေတာဟာလည်း တိုက်ဆိုင်လွန်းလှချည့်လားလို့တောင် ပြောရမလို ဖြစ်နေပါတယ်။
တခါ ပြည်တွင်းစစ်တွေဆိုရင်လည်း အာဏာသိမ်းမှုတွေနဲ့၊ လက်နက်ကိုအမိန့်ပေးနိုင်တဲ့ အုပ်စိုးသူတွေက သူတို့အာဏာလိုချင်လို့၊ ဒါမှမဟုတ် အာဏာကိုလက်မလွှတ်ချင်လို့ အကြမ်းဖက်ရာကနေ ဖြစ်ပေါ်ခဲ့တာတွေက ဧရာမအများစုဖြစ်ပါတယ်။ ဒီစစ်ပွဲတွေဟာ အာဏာရှင်စနစ်နဲ့ အာဏာရှင်မဟုတ်တဲ့စနစ် စသဖြင့် စနစ်တွေအကြား တိုက်ပွဲပေါ်ပေါက်တာပါ။ နောက်ပြီး အဲဒီစနစ်တွေကို ကိုယ်စားပြုတဲ့ လူတန်းစားတွေရှိတယ်ဆိုတာကို ဒီနေ့ဗမာပြည်အခြေအနေလောက် သိသာထင်ရှားတာ မရှိဘူးလို့ထင်ပါတယ်။
သူတို့ပြောသလိုသာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ ဒီသုံးမျိုးထဲရှိတယ်လို့ အသေသတ်မှတ်ထားရင် ဒီနေ့ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကို သုံးသပ်တာတွေ အကုန် မှားကုန်နိုင်ပါတယ်။ တခြားမပြောနဲ့ ဗမာပြည်ကပြည်တွင်းစစ်ကို အဲဒီ စံသုံးခုနဲ့တိုင်းလိုက်ရင် စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုနဲ့(တိုင်းရင်း သားပေါင်းစုံ) ပြည်သူလူထုအပေါ်စစ်ခင်းခြင်းဆိုတဲ့ တကယ့်သွင်ပြင်လက္ခဏာတွေကို ဖုံးကွယ်ပေးပြီးသားဖြစ်သွားမယ့်အပြင် စစ်အုပ်စုနဲ့ခရိုနီတွေအတွက် စစ်ခင်းနေတဲ့စစ်ဗိုလ်ချုပ်တွေဟာ “ဗမာလူမျိုး”တွေကို ကိုယ်စားပြုသလိုလို၊ “ဗမာလူမျိုး”အားလုံးအတွက် တိုက်ပွဲဝင်နေကြသယောင်ယောင်၊ သူတို့ကို“ဗမာလူမျိုး”အားလုံးကပဲ တခြားတိုင်းရင်းသားတွေကိုတိုက်ဖို့ တာဝန်ပေးထားတဲ့အလား တလွဲ အဓိပ္ပါယ်တွေပေါက်ကုန်နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျမှ ပေါ်ပေါက်တဲ့ ပြည်တွင်းစစ်အမြောက်အမြားဟာ စစ်တပ်က (သူတို့နောက်ကွယ်မှာ ပြည်ပအင်အား ပါချင်ပါမယ်၊ မပါချင်မပါဘူး) အာဏာသိမ်းလို့ ဖြစ်ပွားတဲ့စစ်ပွဲတွေ အာရှ၊ အာဖရိကနဲ့လက်တင်အမေရိကတို့မှာ နည်းသမို့လား။ သူတို့ပြောတဲ့စံသုံးချက်ဟာ ဒီအချက်ကို တမင်ရှောင်သွားတာလား၊ ဖုံးပေးတာလား၊ စဉ်းစားစရာပါ။
နောက်ပြီး ဗမာပြည်သားတိုင်း အသဲထဲမှာစွဲနစ်နေတဲ့ ဆရာစံလယ်သမားအုံကြွမှု။ ဒီသူပုန်ထမှုကြီးဟာ အဲဒီ စံသုံးချက်အထဲက ဘယ်အချက်ကြောင့်ဖြစ်ပေါ်ခဲ့တာလဲ၊ လယ်သမားတွေဆီက လယ်တွေကိုလုယူ၊ ဆန္ဒပြတော့အကြမ်းဖက်နှိမ်နင်း၊ အဲဒီလို လူတန်းစား ပဋိပက္ခတွေကနေ ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာကို သမိုင်းမသင်ဖူးတဲ့လူတောင် သိပါတယ်။ နောက်ပြီး ၁၉၄၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ လယ်ဝေးသူပုန်။ အင်္ဂလိပ်ကိုလိုနီအစိုးရ တာဝန်ပေးချက်နဲ့ ဗိုလ်နေဝင်း ကိုယ်တိုင်သွားပြီး နှိမ်နင်းခဲ့တဲ့ လယ်သမားသူပုန်ထမှုကြီး။ အားလုံးဟာ လူတန်းစားတိုက်ပွဲက ပေါ်ထွက်လာတာတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစံသုံးချက်ထဲမှာတော့ ဒီနေ့ မြေယာလုယက်မှုတွေရဲ့ ဆိုးဝါးမှုကို လျှော့ပေါ့ချင်ထားချင်လို့လားမသိဘူး လူတန်းစားတိုက်ပွဲတွေကနေ စစ်ပွဲတွေဖြစ်တယ်ဆိုတဲ့အချက်ကို တမင်ချန်ထားသလိုဖြစ်နေပါတယ်။
ဒီနေရာမှာ တပါတည်းထောက်ပြသင့်တာတခုက “စစ်ရဲ့အကြောင်းရင်းမှာ ဘာသာရေးနဲ့လူမျိုးရေးတို့ ပါဝင်တယ်”ဆိုတဲ့အပြောမျိုးအရဆိုရင် ဒီနေ့ဗမာပြည်မှာ တမင်ဖန်တီးထားတဲ့ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေကနေ စစ်ပွဲတွေ ပေါ်ပေါက်လာနိုင်တယ်၊ ဒါကြောင့် စစ်တပ်ရဲ့အခန်းကို အသိအမှတ်ပြုရမယ်၊ “အာဏာသိမ်းသင့်လို့သိမ်း”တာကို အသိအမှတ်ပြုရမယ်ဆိုတဲ့ လောဂျစ်တွေ ဆက်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်က “တိုင်းရင်းသားတွေ အစည်းအဝေးလုပ် လို့ ဖြစ်ပေါ်လာတဲ့ လက်တလုံးခြားသာလိုတော့တဲ့” အခြေအနေမျိုးတွေကလည်း ပေါပြီးရင်းပေါ်နေပါလိမ့်မယ်။
ဒီကနေ့ ကမ္ဘာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ အဓိကအားဖြင့် နိုင်ငံကြီးတွေရဲ့ သြဇာခံနယ်မြေတိုးချဲ့မှု၊ သယံဇာတလုယက်မှု၊ နောက်ပြီး ဒေသခံအာဏာရှင်တွေရဲ့ ကိုယ့်အာဏာနဲ့ဓနခိုင်မြဲရေးတို့ကနေ ဖြစ်ပေါ်တာသာဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ထုတ်ဖို့လိုနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာဏာသိမ်းခွင့်ကို ပြဋ္ဌာန်းထားတာကိုကပဲ အချိန်မရွေး စစ်ဖြစ်ဖို့အခြေအနေတွေ ဖန်တီးထားတာဖြစ်တယ်ဆိုတာကို ထောက်ပြကြရပါတော့မယ်။
-ရဲဘော်ဖိုးသံချောင်း-
-----
၂၀၁၆ ဩဂုတ်

Tuesday, August 25, 2020

ဖေ့စ်ဘွတ်ခ်ကတွေ့တဲ့စာ

0 comments
အခုလထဲမှာ..သံတော်ဆင့်ဂျာနယ်ဖတ်ရပါတယ်။အခုသြဂုတ်လလည်ထုတ်ပါ။ဂျာနယ် တစောင်စောင်ကိုအမြဲဝယ်ဖတ်နိုင်သူတော့လည်းမဟုတ်ပါ။ကြုံတုန်းကောက်ဝယ်ဖတ်ပြီး၊တည့် တည့်တိုးသွားတဲ့ဆောင်းပါးတစောင်ကရတဲ့အတွေးကိုပြောပြချင်တာပါ။ဆောင်းပါးရှင်က-တာရာ ဝေယံ-တဲ့။ဒဂုန်တာရာရဲ့အန္တေဝါသိကထဲကတဦးဖြစ်ပါလိမ့်မယ်။ဦးအုန်းမြင့်(သခင်အုန်းမြင့်)နဲ့တွေ့ ဆုံမေးမြန်းထားတာကိုအပြည့်အစုံပြန်လည်တင်ပြထားတာဖြစ်ပါတယ်။အဲဒီသခင်ကြီးမကွယ်လွန်မီက မှတ်မှတ်ရရမေးမြန်းမှတ်တမ်းတင်ထားတဲ့တကယ့်သမိုင်းဝင်အကြောင်းအရာမို့၊မေးထားဖြစ်တဲ့သူကို ရော၊အသေးစိတ်မှတ်မှတ်သားသားလည်းရှိ-မခြွင်းမချန်လည်းပြန်ပြောပြတဲ့ဦးအုန်းမြင့်ကိုရော၊အလွန် ကျေးဇူးတင်ရလေးစားရပါတယ်။ပြီးတော့ဦးအုန်းမြင့်(သခင်အုန်းမြင့်)ကိုက၊သာမန်နိုင်ငံရေးသမားအို ကြီးမဟုတ်ပဲ၊ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)နဲ့အနီးကပ်နေခဲ့သူ၊အလွန်ရင်းနှီးသူဖြစ်ကာ၊ အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကာလတလျှောက်လုံးမှာရော၊လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်သူ့ဒီမိုကရေစီတိုက်ပွဲကာလတလျှောက်လုံးမှာရော၊သူယုံကြည်တဲ့အတွေးအခေါ်တခုကိုမြဲမြန်စွာ ဆုပ်ကိုင်ပြီး၊လူထုအတွက်ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ရပ်တည်လုပ်ဆောင်သွားခဲ့တာ…အိုကြီးအိုမ၊သူ ကွယ်လွန်တဲ့အထိပါ။စစ်တပ်အာဏာသိမ်းပြီးတော်လှန်ရေးကောင်စီခေတ်ကာလထိ၊ကျော်လင်းစာ နယ်ဇင်းတည်ထောင်ပြီး၊တိုးတက်တဲ့နိုင်ငံရေးစာပေများကိုတာဝန်ဝတ္တရားတခုလိုထုတ်ဝေဖြန့်ချိခဲ့သူ လည်းဖြစ်ကာ၊ကိုးကိုးကျွန်းထိပို့ဆောင်အကျဉ်းချခံခဲ့ရသူလည်းဖြစ်ပါတယ်။၁၉၈၈အရေးတော်ပုံလွန် ကာလများမှာလည်း၊အင်းစိန်ထောင်မှာနှစ်ရှည်ထောင်ဒါဏ်ကျခံခဲ့ရပါသေးတယ်။သူ့အကြောင်းကိုဒီ လောက်ဖော်ပြနေရတာက၊သူပြန်လည်ပြောပြပြီးတာရာဝေယံမှတ်တမ်းတင်ရေးသားတင်ပြထားတဲ့၊ သမိုင်းဖြစ်ရပ်ဟာ…တကယ့်ကိုခိုင်ခိုင်မာမာယုံကြည်ရတဲ့သမိုင်းဝင်အထောက်အထားတခုဖြစ်တယ်လို့ အလေးအနက်ပြုချင်လို့ပါ။
အဲဒီဆောင်းပါးက….ဒေါ်အောင်ဆန်းစုကြည်အပျိုပေါက်စအရွယ်မှာဦးအုန်းမြင့်နဲ့စတင်တွေ့ဆုံ ကြရပုံကစလို့၊ဒီကြားထဲဒေါ်ခင်ကြည်မိသားစုနဲ့ဆက်ဆံရေးတွေ၊ဒေါ်ခင်ကြည်မကျန်းမာတော့ဆေးရုံပို့ရ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၀လောက်ကထည်းကတိုင်းပြည်နိုင်ငံရေးသဘောထား၊၁၉၈၈သူမပါဝင် ပတ်သက်လာပုံ၊၁၉၈၈-ကထည်းကလူထုအရေးတော်ပုံအပေါ်သူမရဲ့အမြင်၊ဒီနိုင်ငံရေးထဲမှာပါဝင်လာ တဲ့သူမရဲ့ရပ်တည်ချက်နဲ့ကိုင်စွဲထားတဲ့မူတွေကို…အတိအကျဖော်ပြထားတာတွေ့ရပါတယ်။ဆက်ရန်ဆိုတာပါသေးတော့၊နောက်အပတ်ထုတ်ကိုစောင့်ဖတ်ရအုံးမှာပါ။
အသေးစိတ်သိရှိလိုသူ၊စိတ်ဝင်စားသူများအဲဒီဂျာနယ်ကိုရှာဖတ်ပါလို့ပဲပြောပါရစေ။ဆောင်းပါးပါ အကြောင်းအရာများကိုဒီမှာအသေးစိတ်ပြန်လည်တင်ပြဖို့ရည်ရွယ်ချက်မရှိပါဘူး။ပြောချင်တာက.. ဒေါ်အောင်ဆန်းစုကြည်ရဲ့အဲဒီကာလကထည်းကသဘောထားနဲ့ရပ်တည်ချက်ကိုပြောချင်တာပါ။််််််််််််အဲဒီကတဆင့်သမိုင်းရေးကောက်ချက်တခုချမိတာကိုပြောချင်တာပါ။
၁၉၈၀ မြန်မာပြည်ကိုခနပြန်စဉ်ကထည်းက၊တိုင်းရေးပြည်ရေးကိုစိတ်ဝင်စားနေတာတွေ့ရပါ တယ်။၁၉၈၈ သူမအမေဆေးရုံတင်ထားရစဉ်သူမအမေထံရောက်လာတဲ့ကာလဟာ၊၁၉၈၈လူထုအ ရေးတော်ပုံကြီးအရှိန်ကောင်းနေပြီဖြစ်ပါတယ်။ဒေါ်ခင်ကြည်ထံလာကြတဲ့ဦးအုန်းမြင့်၊ဦးထွေးမြင့်တို့လို နိုင်ငံရေးသမားဟောင်းကြီးများနဲ့ဆုံမိတော့၊ “ တခုခုတော့လုပ်ကြမှဘဲ.. “ လို့၊သူတို့သဘောပေါက်ခဲ့ကြ ပါတယ်။ဦးစိန်လွင်..သမ္မတဖြစ်လာတဲ့ရက်သတ္တပတ်ထင်ပါရဲ့။
သူတို့အကြံရတဲ့ “ တခုခု “ က၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ဦးဆောင်မှုအောက်ကနိုင်ငံ တော်ကောင်စီအပါအဝင် အစိုးရထံကိုအဆက်အသွယ်ယူဖို့ပါ။ပညာတတ်ဉာဉ်အတိုင်းပဲဘဝတူပညာ တတ်ဒေါက်တာမောင်မောင်ကိုပြေးမြင်ပြီးဆက်သွယ်ချဉ်းကပ်ဖို့ကြိုးစားခဲ့ကြပါတယ်။အဆင်ပြေမလိုလိုနဲ့အဆင်မပြေပါဘူး။ဒါနဲ့ဗိုလ်ချုပ်ကြီးကျော်ထင်ကို “ ကျမ..ဗိုလ်ချုပ်အောင်ဆန်းသမီးအောင်ဆန်းစု ကြည်ပါ “ ဆိုတဲ့၊ INTRO နဲ့ဆက်သွယ်ပါတယ်။ဟိုကမိတ်ဆွေကြီးများကပါတီဌာနချုပ်မှာ အရေးတကြီးခေါင်းချင်းရိုက်နေကြတဲ့အချိန်ပါ။လူချင်းတွေ့ဖို့လုံးဝမဖြစ်နိုင်တော့၊(လူချင်းတွေ့ခွင့်မရ နိုင်တော့လို့ဆိုရပါမယ်)စာရေးတင်ပြဖို့သာစီစဉ်နိုင်ပြီး၊သူတို့တွေတိုင်ပင်ဆွေးနွေးစာရေးကြပါတယ်။ စာကိုတောင်သွားမပေးနိုင်ပဲ..ဗိုလ်ချုပ်ကြီးကျော်ထင်ကအရာရှိတယောက်စေလွှတ်ယူခိုင်းရတဲ့အဖြစ် ပါ။ပြီးတော့…သူတို့စာကိုဘာမှအရေးမလုပ်ခဲ့ပါဘူး။
သူတို့တင်ပြစာထဲမှာ(သူပြောတဲ့…တခုခု က)သမ္မတရဲ့အကြံပေးအဖွဲ့ဖွဲ့စည်းပေးဖို့ပါ။၁၉၇၄ခု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ၊တိုင်းပြည်အတွက်လိုအပ်ရင်နိုင်ငံတော်သမ္မတကကော် မရှင်ဖွဲ့စည်းတာဝန်ပေးနိုင်တယ်လို့….အဓိပ္ပါယ်ရတဲ့ပုဒ်မပါတယ်လို့ဆိုပါတယ်။ကျနော်တို့တော့မသိပါ ဘူး။အခုလည်းရှာမကြည့်အားပါဘူး။တပ်မတော်နဲ့ပြည်သူလူထုအကြားမှာနားလည်မှုတော့လွဲနေပြီ၊သ ဘောထားကွဲလွဲမှုတော့ဖြစ်နေပြီ။အရပ်သားတွေပါတဲ့(သူတို့ပါတဲ့)အကြံပေးကော်မရှင်ဖွဲ့ပေးပြီး၊အဲဒီ ကော်မရှင်က တပ်မတော်(အစိုးရ)နဲ့အခု ၁၉၈၈ လူထုကြီးအကြားညှိနှိုင်းဆွေးနွေးဖြေရှင်းကာ၊လူထု ထိခိုက်နစ်နာမယ့်အရေးကရှောင်နိုင်မယ်ဆိုတဲ့သဘောထားပါ။ဟိုက…လမ်းစဉ်ပါတီနဲ့အစိုးရခေါင်း ဆောင်များက(ကန်တော့ပါရဲ့)သောက်ဂရုကိုမစိုက်ခဲ့ပါဘူး။စစ်အုပ်စုကသူတို့အလုပ်သူတို့လုပ်တာ ပြတ်ပါတယ်။အောင်ဆန်းသမီးသော..ဘာသောညာသော…အရေးကိုမလုပ်ပါဘူး။သူတို့အကျိုး စီးပွားအတွက်သူတို့ဖက်ကသာ..အခိုင်အမာရပ်ခံ၊နည်းမျိုးစုံနဲ့လူထုကိုဖြိုခွဲ၊ဖိနှိပ်တိုက်ခိုက်လာခဲ့တာ အခု ၁၉၈၈ ကျမှလုပ်တာမှမဟုတ်တာ။သူတို့သဘာဝအတိုင်း…ချေမှုန်းရေးစိတ်ဓါတ်အပြည့်နဲ့ကံ၃ ပါးစလုံး အားထုတ်လာခဲ့တာ၁၉၆၂ ကစလို့ဒီနေ့အထိမဟုတ်လား။
အဲဒီကာလ….ပြည်သူလူထုတရပ်လုံးနဲ့တပါတီစစ်အာဏာရှင်စနစ်(စစ်အုပ်စု)တို့ရဲ့ပဋိပက္ခဟာ နားလည်မှုလွဲတာ၊သဘောထားကွဲလွဲတာ၊အချင်းများရန်ဖြစ်တာမဟုတ်ဘူး။ဖိနှိပ်သူနဲ့အဖိနှိပ်ခံတွေရဲ့ အကြားကပဋိပက္ခဖြစ်ပြီး၊သည်းမခံနိုင်တော့တဲ့အဆင့်၊လိုက်လျောဖြေရှင်းလို့မရတော့အဆင့်ရောက် လာလို့၊အဖိနှိပ်ခံလူထုတရပ်လုံးဆန့်ကျင်ပေါက်ကွဲအုံကြွတာဖြစ်တယ်ဆိုတာ၊သူတို့(ဒေါ်အောင်ဆန်းစု ကြည်အပါအဝင်)သဘောမပေါက်တာလား၊လက်မခံချင်တာလား…မဆိုနိုင်တော့ပါဘူး။ဒါမှမဟုတ်.. လူထုနဲ့တသားထည်းရပ်တည်ပြီး ၁၉၇၄ အခြေခံဥပဒေကိုဆန့်ကျင်တိုက်ဖျက်၊စစ်အုပ်စုကိုအပြီးအပိုင် ဖြုတ်ထုတ်ဖို့အတွက်….ဆန္ဒမရှိကြတာလား၊မလုပ်ဝံ့ကြတာလား…..ဒါလည်းစဉ်းစားစရာပါ။ဒါကြောင့် ၁၉၇၄ အခြေခံဥပဒေဘောင်ထဲဝင်ပြီး..ဥပဒေနဲ့အညီကော်မရှင်လေးဘာလေးဖွဲ့ပြီး၊“ အေးအေးချမ်းချမ်း ပြေပြေလည်လည် “ ဖြစ်သွားအောင်ကြားလူအဖြစ်အားထုတ်ဖို့(အမျိုးသားရင်ကြားစေ့ဖို့)စိတ်ကူးယဉ်ခဲ့ ကြတာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုမက်မက်မောမောဖက်တွယ်ထားတဲ့စစ်အုပ်စုက၊အခု ၈၈၈၈ လူထုအုံကြွမှုကြီးဟာသူတို့ကိုအမြစ်ဖြုတ်မယ့်လူထုတော်လှန်ရေးကြီးဖြစ်တယ်ဆိုတာသဘောပေါက် ပါတယ်။သူတို့ရှင်သန်ရေးအတွက်နည်းလမ်းပေါင်းစုံနဲ့အစွမ်းကုန်စီမံလုပ်ဆောင်လာလိုက်တာ၊ဗိုလ် စောမောင်လက်ထက်လေပြေထိုးတာကအစ၊၁၉၉၀ ရွေးကောက်ပွဲလုပ်ပေးတာအလည်၊ဗိုလ်သန်းရွှေ လက်ထက်..လမ်းပြမြေပုံ (၇)ချက်အထိ……အကောင်အထည်ကြီးနဲ့ကိုမြင်နေရတဲ့အခုထိပါဘဲ။သူတို့ အကျိုးစီးပွားအတွက်ဘယ်သူ့မျက်နှာမှမထောက်ထားပဲ၊သူတို့အလုပ်သူတို့လုပ်နေကြတာကိုရှေ့ လျှောက်လည်းတွေ့ကြုံရအုံးမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ၊လူထုနဲ့စစ်အုပ်စု၊ဆိုရှယ်လစ်ယောင်အစိုးရ၊ဆိုရှယ်လစ်ယောင် ပါတီင်္တို့ရဲ့ပဋိပက္ခမှာ၊တိုက်ပွဲမှာလူထုဖက်ကရပ်တည်ပြီးတတ်နိုင်သမျှ(အောင်ပွဲရသည်အထိမဆိုလိုပါ) ပါဝင်ကူညီဖို့၊လူထုနဲ့တသားထည်းရပ်တည်တိုက်ပွဲဝင်ဖို့စိတ်ကူးမရှိပါဘူး။လုံးဝကိုစိတ်မကူးပါဘူး။ အကြံပေးကော်မရှင်ဖွဲ့ဖို့လည်းသူကပဲမူချပြီး၊အဲဒီမူတဲမှာ # ဥပဒေဘောင်အတွင်းကသာလုံးဝရပ်တည် လုပ်ဆောင်ဖို့၊အကြမ်းဖက်နည်းလမ်းကိုမသုံးဖို့၊လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကိုလုံးဝမသုံးဖို့# ၃-ချက်ချမှတ်ပြီးအခိုင်အမာဆုပ်ကိုင်ထားပါသတဲ့။ဦးအုန်းမြင့်ကတော့အဲဒီမူ ၃ ချက်ကိုသဘောမတူ နိုင်လို့၊ကော်မရှင်မှာမပါဝင်တော့ဘူးလို့ဖိုပါတယ်။ဥရောပကနိုင်ငံရေးသိပ္ပံကျောင်းဆင်း၊ပါလီမန်ဒီမို ရေစီနိုင်ငံရေးမှာ “ နိုင်ငံရေးလုပ် “ နေတဲ့တကယ့်ပရိုဖက်ရှင်နယ်နိုင်ငံရေးသမား၊လစ်ဘရယ်ဝါဒီပီသ လွန်းတဲ့လုပ်ရပ်ပါဘဲ။ရဟန်းရှင်လူ.အရွယ်သုံးပါးတွေပေတရာပေါ်မှာသွေးခြင်းခြင်းနီနေ၊ဆေးရုံတွေနဲ့ သချင်္ ိင်းမှာမသေမရှင်မြေမြှုတ်ခံနေရတဲ့အချိန်မှာ၊သူတို့အမြင်က(သူမအမြင်က)နင်တန်..နင်တန်၊ပန်း ကန်ကွဲ…လောက်အမြင်နဲ့ဝင်လာတာဖြစ်ကြောင်း၊ဆောင်းပါးကိုဖတ်ရင်းသဘောပေါက်လာမိပါတယ်။ The leader of mass movement, mass uprising, mass revolution အဖြစ်ထက် Negotiator အ ဖြစ်သာအခြေခံသဘောထားရှိနေခဲ့ကြောင်းသတိပြုမိနိုင်ပါတယ်။
ပြောစရာက၊၁၉၈၈ လူထုအရေးတော်ပုံကိုစစ်အုပ်စုနဲ့ပြည်သူလူထုကြားကဒီမိုကရေစီတိုက်ပွဲအ ဖြစ်မမြင်ပဲ၊အဲလိုမမြင်တဲ့အပြင်..လူထုဖက်ကရပ်တည်ပြီင်္းတိုက်ပွဲဝင်သွားဖို့ပိုင်းဖြတ်မှုမရှိတဲ့၊သူ..ချစ်တဲ့ တပ်မတော်နဲ့ ပြည်သူလူထုအကြား၊အကြံပေး..ဖြန်ဖြေသူအဖြစ်သာ “ ဥပဒေနဲ့အညီ “ လုပ်ဆောင်ဖို့သ ဘောထားရှိတဲ့၊သူမလို..အနောက်ကျောင်းဆင်းတဦးကို၊အရေးတော်ပုံအတွင်းမှာရှေ့တန်းရောက်ရှိလာ စေတဲ့ဖြစ်ရပ်ပါဘဲ။ဒါလည်း…တကြောင်းဆွဲအကြောင်းရင်းကြောင့်မဟုတ်ပဲ၊ပတ်သက်ရာပတ်သက် ကြောင်း၊ဆက်စပ်ရာဆက်စပ်ကြောင်းအကြောင်းတွေတော့ရှိမှာသေချာပါတယ်။အဲဒီအကြောင်းများထဲ မှာမှ..လူအတော်များများ( နိုင်ငံရေးသမား၊လူကြီးလူငယ်၊သာမန်လူထုကြီး)ရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု Personal cult ကလည်းမသေးငယ်တဲ့အကြောင်းရင်းတခုအဖြစ်ပါတယ်လို့ဆိုချင်ပါတယ်။လူတိုင်းဟာ ခက်ခဲကြမ်းတမ်း၊သွေးထွက်သံယို…အကြမ်းဖက်တော်လှန်လုပ်ရပ်မျိုးကို၊စိတ်ဆန္ဒအရ..ဝါသနာအရ မလုပ်လိုကြပါဘူး။အထူးသဖြင့်မြန်မာလူထုဟာအဲဒါမျိုးအားသန်တဲ့၊တိမ်းညွှတ်တဲ့သဘာဝမရှိပါဘူး။ ဒါပေမယ့်…နှစ်ကာလရှည်ကြာ၊ဆယ်စုနှစ်နဲ့ချီပြီးခါးစည်းခံစားလာခဲ့ရတဲ့လူထုအဖို့၊ဆက်လက်မခံစား နိုင်တော့တဲ့အဆုံးမှာ၊အုံကြွပေါက်ကွဲလာတဲ့…၈၈၈၈ အရေးတော်ပုံလိုလူထုတော်လှန်ရေးမျိုးကိုအရှိန် သတ်၊ သူတို့ပြဌာန်းထားတဲ့ဥပဒေနဲ့အညီပါးစပ်နဲ့ညှိနှိုင်းအပေးအယူလုပ်၊အဖြေရှာဖို့ကျတော့…။နိုင်ငံ တကာတော်လှန်ရေးအတွေ့အကြုံများ၊ခေတ်သမိုင်းအလှည့်အပြောင်းများမှာဒါမျိုးမရှိခဲ့ပါဘူး။မဖြစ်နိုင် ပါဘူး။ပြန့်ကြဲနေတဲ့ပြည်သူ့ဒီမိုကရေစီအင်အားစုများကိုစုစည်းဦးဆောင်၊ဆက်လက်တိုက်ပွဲဝင်သွား နိုင်မယ့်ဦးဆောင်အဖွဲ့အစည်းမရှိသေးပေမယ့်၊လူထုတော်လှန်ရေးကတော်လှန်ရေးခေါင်းဆောင်ကို တိုက်ပွဲထဲကပဲရရှိလာမှာပါ။ဒါပေမယ့်…စစ်အုပ်စုကလက်ဦးမှုရှိရှိ..မဆလအစိုးရကိုယ်တိုင်က၊စစ်တပ် လက်ထဲအာဏာအပ်လိုက်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ “ နဝတ အာဏာသိမ်းမှု “ ဖြစ်လာပြီး၊လူထု တရပ်လုံးလည်းရက်ရက်စက်စက်နှိမ်နင်းခံလိုက်ရပါတယ်။တဆက်ထည်း ပါတီစုံရွေးကောက်ပွဲနွားလံ ကိုင်းနဲ့ အချိန်ယူဆွဲဆန့်လာလိုက်တာ။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီနိုင်ငံရေးအခင်းအကျင်းများကို တော့မပြောချင်တော့ပါဘူး။တာရာဝေယံဆက်ရေးမယ့်ဆောင်းပါးထဲမှာပါကောင်းပါလာပါလိမ့်မယ်။ အဲဒီကာလ..ဦးအုန်းမြင့်ရဲ့ပြန်ပြောင်းဖော်ပြချက်တွေရှိရင်၊သိတ်စိတ်ဝင်စားစရာပါ။၁၉၉၀ လွန်ကာလ ကနေ ဒီနေ့ အထိကတော့၊အားလုံးသိကြမြင်ကြပြီးပါပြီ။တိုင်းပြည်နဲ့လူထုရဲ့နိုင်ငံရေး၊စီးပွားရေး၊
လူမှုရေးအခြေအနေ၊၈၈၈၈မျှော်မှန်းချက်တွေဘယ်ကမ်းဘယ် သောင်ဆိုက်နေပြီဆိုတာအလွယ်
တကူမြင်သာနေပါပြီ။
မိုးရွာပြီးစနေသာတဲ့ကောင်းကင်မှာရောင်စုံသက်တန့်ကွေးကွေးကြီးဟာ၊အလွန် ကြည့်ရှုခံစားလို့ကောင်းတာသဘာဝပါ။ဒါပေမယ့်…သွေး၊ခြွေး၊မျက်ရည်..ဘဝဘဝပေါင်းများစွာဆုံးရှုံး နစ်နာ(စွန့်လွှတ်/ပေးဆပ်လို့မပြောပါဘူး၊ကြွေးတောင်းတယ်ထင်နေမှာစိုးလို့)ခဲ့ကြပြီးမှ၊၈၈၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံနဲ့တိုင်းပြည်ရဲ့ “သမိုင်း ကွေး “ သွားတာကျတော့၊အလွန်ကိုအရုပ်ဆိုးအကျည်း တန်၊ခံပြင်းဝမ်းနည်းစရာကောင်းလှပါတယ်။တိုက်ပွဲကိုတိုက်ပွဲလို့မမြင်တော့ပဲ၊စစ်အုပ်စုအလိုကျ အတု အယောင်ဒီမိုကရေစီ….၂၀၀၈ ချည်မန်းကွင်းကြီးကိို နဝရတ်ကိုးသွယ်စလွယ်ကြီးအဖြစ်၊အလုအယက် အပြိုင်ဲကြဲ သိဒ္ခိတင်ပေးနေတဲ့…ဒီနေ့အုတ်အော်သောင်းတင်းကြီးကတော့၊ဘယ်အထိဆန့်ထွက်ရှည် ကြာအုံးတော့မလဲ….လို့သာစဉ်းစားနေမိရပါတယ်။ ။

ဒီနေရာကယူပါတယ် https://www.facebook.com/permalink.php?story_fbid=653553755302343&id=100019431724828

ဗိုလ်ချုပ် နှင့် ကျွန်တော် ရေးသူ - ညိုမြခေါ်- မောင်သုမန

0 comments
အောက်ပါဆောင်းပါးသည် ၁၉၅၁ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း အတွဲ ၁၀၊ အမှတ် ၄ တွင် ဖော်ပြခဲ့သောာ ဆောင်ပါးရှင်ညိုမြ ခေါ် သုမန၏ လက်ရာဖြစ်သည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပုံရိပ်ကိုသာမက၊ အိုးဝေမဂ္ဂဇင်း၏ ပုံရိပ်နှင့် ကိုအောင်ဆန်းတို့ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလောက၏ ပုံရိပ်ကိုပါ ထင်ဟပ်စေသောကြောင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။ 
▪️ဗိုလ်ချုပ် နှင့် ကျွန်တော်
ရေးသူ - ညိုမြခေါ်- မောင်သုမန
ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင်သုမနတို့မှာ ကျောင်းနေဘက် သူငယ်ချင်းအရင်းအချာများဖြစ်ကြပေသည်။ ကျောင်းနေဘက်ဟု ဆိုရာ၌၊ ပုဆိုးကွင်းသိုင်းလျက်၊ ဖင်မလုံ-ခေါင်းမလုံဘုန်းကြီးကျောင်းတွင် ဂုန်ညင်းထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည်၌ အကြီးကျယ်ဆုံးဖြစ်သောအဓိပတိထိပ်သီးအေရာမ_ ရန်ကုန်တက္ကသိုလ်ကြီး၌ စာပေအတူ သင်ကြားနေထိုင်ခဲ့ကြရာမှ၊ သူနှင့်ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီးကို မီးရှို့ကာ၊ ၁၉၃၆-ခု၊ သပိတ်ကြီးအားလှုံ့ဆော်ပေါ်ပေါက်ခဲ့စေသူများ ဖြစ်ကြပေသည်။
စ,တွေ့ပုံ
ကိုအောင်ဆန်းနှင့်ကျွန်တော် စ,တင်တွေ့ဆုံပုံကို ယနေ့တိုင် မှတ်မိပါ‌သေးသည်။
ပဲခူးကျောင်းဆောင် အပေါ်ဆုံးထပ်ရှိ ကျွန်တော်၏ ဝမ်းကွဲအစ်ကိုကိုတက်ထွတ်၏ နေထိုင်ရာ၊ လက်ထောက်အဆောင်မှူး အခန်းရှည်ကလေးအတွင်း၊ တညသ၌ စကားပြောနေကြစဉ် ရုတ်တရတ် ကိုအောင်ဆန်း ဝင်လာလေသည်။ ယောင်လည်လည် မချိုမချဉ်မျက်နှာထားနှင့် ကျွန်တော့်အား သူကအတန်ကြာ ကြည့်နေပြီးနောက်၊ ‘ဒီနှစ်အတွင်း ကိုယ့်လူကို တက္ကသိုလ်သမဂ္ဂမှာ အယ်ဒီတာအဖြစ်နဲ့ ခန့်ထားချင်တယ်…….’ ဟု ပြောလေတော့သည်။
ထိုနေ့မတိုင်ခင်က သူနှင့်ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်းမရှိခဲ့ပေ။ ထို့သို့
ရင်းနှီးခြင်းမရှိပါဘဲလျက်၊ ယခုလို အရေးကြီးသောအလုပ်တခုကို ယုံကြည်စွာလာရောက်ပုံအပ်ခြင်းကြောင့် အတော်ပင်အံ့ဩသွားပေမိသည်။
သုမန ။ ။ထိုင်ပါအုံးဗျာ။ အခုလို ကျွန်တော့်ကို ရွေးချယ်ချီးမြှင့်တာကတော့
ဟုတ်ပါပြီ။ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က အိုင်အေတောင် မအောင်သေးဘူးဗျ။
အယ်ဒီတာဆိုတာ ဘီအေ အထက်တန်း ကျောင်းသားကြီးတွေ၊ ဘာတွေသာ လုပ်ဘို့ကောင်းတယ်။
ကိုအောင်ဆန်း ။ ။စာပေဘက်မှာ ဝါသနာပါပြီး ရေးတတ်-ဘတ်တတ်တဲ့လူကို
ခန့်ရင်အကောင်းဆုံးဘဲ။ ခင်ဗျားက (ညိုမြ)ကလောင်အမည်နဲ့ ဂန္တလောကမဂ္ဂဇင်းမှာရေးတဲ့စာတွေကိုကျွန်တော်ကြိုက်တယ်။
သုမန ။ ။ ကျေးဇူးပါဘဲဗျာ။ နို့ပေမယ့် အိုင်အေ မအောင်သေးတဲ့ ချာတိတ်ကိုခန့်ရင်၊ တက္ကသိုလ်သမဂ္ဂကြီးတခုလုံး ဂုဏ်ငယ်သွားလိမ့်မယ်။ 
ထိုအချိန်က တက္ကသိုလ်မှထုတ်ဝေသော ကောလိပ်မဂ္ဂဇင်းနှင့်သမဂ္ဂတို့မှထုတ်ဝေ‌သောမဂ္ဂဇင်းတို့မှာ အပြိုင်အဆိုင် ဖြစ်လေသည်။ ကောလိပ်မဂ္ဂဇင်းအယ်ဒီတာကို ကျောင်းအုပ်ကြီး မစ္စတာစလော့ကိုယ်တိုင် ရွေးချယ်ခန့်ထားလေ့ရှိသဖြင့် အလိုတော်ရိသံပါလေသည်။ သမဂ္ဂမှာကား လူဆူလူပူတို့၏ စုဝေးရာ အရပ်ဖြစ်၍၊ တော်လှန်ရေးစာပေများမွေးထုတ်ရာ ဌာနဖြစ်၏။ ထိုနှစ်အဘို့ သမဂ္ဂဥက္ကဌမှာ သခင်နုဖြစ်လေသည်။
ကိုအောင်ဆန်းမှာ ကျွန်တော်နှင့်ရွယ်တူဖြစ်သော်လည်း၊ သူက ကျွန်တော့်ထက်တတန်းပို၍ မြင့်၏။ ထို့ကြောင့် သူပင် အယ်ဒီတာလုပ်ရန် ကျွန်တော်က တိုက်တွန်းလေသည်။ နောက်ဆုံး၌ သူကအယ်ဒီတာလုပ်၍၊ ကျွန်တော်က မဂ္ဂဇင်းမန်နေဂျာလုပ်ရန် သဘောတူညီကြ၏။ သမဂ္ဂမဂ္ဂဇင်းဟုခေါ်တွင်ခြင်းကို သူက မကြိုက်သဖြင့် နာမည်အသစ်ရွေးချယ်ကြရာ၌လည်း၊ ကျွန်တော်ကအကြံပေးသည့်အတိုင်း (အိုးဝေမဂ္ဂဇင်း) ဟူသောအမည်ဖြင့်၊ ထိုနှစ်မှစ,၍ ထုတ်ဝေခဲ့ကြလေသည်။
အိုးဝေမဂ္ဂဇင်း
ကိုအောင်ဆန်းကား စာပေဝါသနာပါ၏။ သူများလို ဝတ္ထုများ၊ ကဗျာများ ရေးချင်ကြောင်း ကျွန်တော့်အား ပြောဘူးပါ၏။ သို့သော် ကျွန်ဘဝမှ လွတ်မြောက်ရေးစိတ်ဓာတ်များနှင့်အထူး လွှမ်းမိုးနေသူဖြစ်ရကား၊ ဆန်းသစ်နုယဉ်စာပေများကို ရေးသားလေ့ကျင့်ရန်အချိန်မရဘဲ၊ သမဂ္ဂ၏ဝါဒထုတ်ပြန်ချက် ကျေညာစာတမ်းများကို ရေးရခြင်းဖြင့်၊ အချိန်ကုန်သူဖြစ်လေသည်။ အိုးဝေမဂ္ဂဇင်းကို အတူလုပ်ကြရာတွင် တိုင်ပင်နိုင်ကြရန်၊ ကိုအောင်ဆန်းသည် ကျွန်တော်၏ထမင်းစားပွဲသို့ ပြောင်းရွှေ့လာကာ၊ ထိုအချိ်နမှစ၍ ထမင်းအတူတူ စားသောက်ခဲ့ကြလေသည်။
သခင်သန်းထွန်း
ထမင်းအတူစားကြရာတွင် ကိုအောင်ဆန်းမှာကျွေးသမျှဟင်းနှင့်ရောင့်ရဲတတ်သည်။
အခြားသူများအတွက် ဘာမျှမကျန်အောင် အလိုက်ကန်းဆိုးမသိ အစားကြီးသူမဟုတ်ပေ။ ထိုအခါက သခင်သန်းထွန်းသည် ကုလားကျောင်းတခု၌ ကျောင်းဆရာလုပ်လျက်ရှိရာမှ၊ ထမင်းဝဝမစားရ၍လားမသိ၊ ကျွန်တော်တို့၏ ထမင်းစားပွဲသို့မကြာခဏလာ၍
စားတော်ခေါ်တတ်ပေသည်။ ထိုသို့ ဧည့်သည်များလာသောအခါ တရုပ်ဆိုင်မှ ဟင်းများအပိုမှာယူကာ၊ ကျွန်တော်နှင့် ကိုအောင်ဆန်းတို့ကဝေခွဲ၍ တကာခံရစမြဲပင်။ (ဘုရားလည်းပြီး-ပြည်ကြီးလည်းပျက်)ဆိုသော စကားပုံကဲ့သို့၊ ကျွန်တော်တို့နှစ်ဦး တကုတ်ကုတ် လုပ်ကိုင်ခဲ့ကြသော အိုးဝေမဂ္ဂဇင်း ထွက်လာသောအခါ၊ တကျောင်းလုံး
ပွက်လောရိုက်လျက်၊ ရာဇ၀င်တွင်သော ၁၉၃၆ ခု၊ တက္ကသိုလ်သပိတ်ကြီး မှောက်သွားတော့၏။
ကျောင်းသားထုအုံကြွချိန်
ထိုနှစ်က သမဂ္ဂဥက္ကဌရာထူးကို သခင်နုရရှိချိန်မှစ၍၊ (ဒီနှစ်တော့ သပိတ်မှောက်ကြလိမ့်မယ်)ဟု ကျောင်းသားအများပင် ထင်ကြေးပေးခဲ့ကြ၏။ ကျွန်ပညာနှင့်မျက်နှာဖြူဆရာများကိုလည်း အနှစ်နှစ်-အလလက မုန်းတီးခဲ့ကြရာမှ၊ ထိုနှစ်တွင် ကျောင်းသားအများအုံပွင့်ကာ၊ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန်ဖြစ်ပေသည်။ နယ်ချဲ့တိုက်ဖျက်ရေးမှာ နိုင်ငံရေးနယ်ပယ်မှ ကျောင်းသားလောကသို့ ကူးစက်လာ၏။ တက္ကသိုလ်၌ အလိုတော်ရိ ကျောင်းသားများကို အထူးအခွင့်အရေးများပေး၍၊ မျိုးချစ်စိတ်ရှိသော ကျောင်းသားများကိုအထူးဖိနှိပ်သော စနစ်တို့မှာလည်း၊ တနေ့တခြားဇက်ရဲလာချိန်ဖြစ်ပေသည်။ တက္ကသိုလ်ပညာကို မရမကဆည်းပူးလို၍ မိဘများက အထူးခြိုးခြံထောက်ပံ့ခဲ့သော ကျောင်းသားအချို့တို့မှာ၊ လူဖြူဆရာအား(ဆာ)ဟုမထူး၍သော်၎င်း၊ ကျောင်းတက်ရက်မမှန်ဟုဆို၍သော်၎င်း၊ ဘာမဟုတ်သောပြစ်ချက်တို့ဖြင့် မတရားအပြစ်ရှာကာ၊ တချက်လွှတ်ကျောင်းထုတ်ခံကြရချိန်ဖြစ်ပေသည်။ နောက်ဆုံး၌ ကျောင်းအုပ်ကြီးဒီဂျေစလော့နှင့် အထူးမျက်မုန်းကျိုးသူသခင်နုကိုလည်း ဆရာများကိုပုတ်ခတ်သော မိန့်ခွန်းများပြောသည်ဟု ဆိုကာ၊ ကျောင်းထုတ်လိုက်ပြန်လေသည်။ ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ်တရွရွ ဖြစ်နေချိန်၌၊ အိုးဝေမဂ္ဂဇင်းပေါ်ထွက်လာကာ၊ ဒီဂျေစလော့တို့လူစုအား အပြင်းအထန်ဆော်ထည့်လိုက်ရာ တကျောင်းလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခြင်းဖြစ်လေသည်။ မှတ်မိသေးသည်၊ အိုးဝေမဂ္ဂဇင်းမထွက်ခင်တရက်က၊ ကိုအောင်ဆန်းနှင့်ကျွန်တော်တို့သည် စာပုံနှိပ်တိုက်သို့သွားကာ စာအုပ်များအချိန်မှီချုပ်လုပ်ပြီးစီးစေရန်၊ ကုလားများကို ချော့မော့လျက် ကူညီလုပ်ကိုင်ပေးကြ၏။ ညနေ ၆-နာရီ လောက်တွင် အားလုံးပြီးစီး၏။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ဝမ်းသာအားရနှင့် မကြုံစဘူး အထူးဇိမ်ခံကာ၊ တက္ကစီကားတစ်စီးငှား၍
စာအုပ်ထုပ်များတင်ဆောင်ကာ၊ လေညှင်းခံလျက် ကျောင်းသို့ပြန်ခဲ့ကြလေသည်။ ခင်မင်သော အင်္ဂလိပ်စာပါမောက္ခမစ္စတာရုတ်စ် အိမ်သို့ဝင်ကာ၊ အိုးဝေတအုပ်ကို ဦးဦးဖျားဖျား လက်ဆောင်ပေးကာ သူ့ထံမှ ဘိလပ်ရည်များတောင်းသောက်ခဲ့ကြလေ၏။ ထိုကားပေါ်တွင် မဂ္ဂဇင်းစာအုပ်များတင်လျက်၊ လေညှင်းခံကာလိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော်ကား၊ နက်ဖြန်မဂ္ဂဇင်းထွက်လျှင် ဗုန်းပေါက်ကွဲသလို တကျောင်းလုံး တပြည်လုံး ဂယက်ရိုက်သွားမည်ကို လားလားမျှမမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်းစာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် ပေါက်ကွဲစေတတ်သော လက်နက်ပုန်းများကိုခိုးယူတင်ဆောင်လာသကဲ့သို့ပင်ဖြစ်လေသည်။ သို့သော်
ကလောင်တည်းဟူသော လက်နက်ဖြင့်၊ ထိုသို့ ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ်ရေးသားလိုက်သော တရားခံဖြစ်သူ ကျွန်တော်ပင်လျှင်၊ မိမိ၏လက်နက်ကြောင့်၊ ဤမျှ ပြင်းထန်စွာပေါက်ကွဲလိမ့်မည်ဟု မထင်မိခဲ့ပေ။ ထိုဆောင်းပါးမှာ အင်္ဂလိပ်ဘာသာဖြင့် တိုတိုတုပ်တုပ်နှင့် နာမည်ဝှက်ကာ ရေးလိုက်သောဆောင်းပါးဖြစ်၏။ ထိုအချိန်က ကျောင်းအုပ်စလော့နှင့်ကပ်ကာ မျိုးချစ်ကျောင်းသားများကို အထူးဂျောက်တွန်းနေသော ဆရာတဦးအား ကျွန်တော်က ငရဲခွေးနှင့်နှိုင်းယှဉ်ကာ၊ ပက်ပက်စက်စက် ဆော်ထည့်လိုက်ခြင်း ဖြစ်ပေသည်။
ပေါက်ကွဲလေပြီ
ထိုဆောင်းပါးကိုရေးရာ၌၊ ကျွန်တော်သည် တက္ကသိုလ်၌ရှုပ်ထွေးနေပုံကို အတွင်းသိတဦးဖြစ်သည့်အလျှောက်၊ ကလောင်ရှင်တို့၏ ဝတ္တရားအတိုင်းဆော်သင့်သောသူကို-
ထုတ်ဖော် ဆုံးမလိုက်ခြင်းဖြစ်ပေသည်။ မည်သူမျှ ကျွန်တော်အား မြှောက်ပေးခြင်းမရှိပေ။ ကျောင်းသားနှင့်ဆရာတိုက်ပွဲတွင် သခင်နုနှင့်တကွ အများအပြား မျိုးချစ်ကျောင်းသား ၁၁ ဦးတို့မှာ၊ ကျောင်းအုပ်ကြီး၏ အာဏာပြင်းထန်မှုကြောင့် ကျောင်းထွက်ရခြင်းတည်းဟူသော ဒဏ်ရာများရရှိလျက်နေလေပြီ။ အခြားကျောင်းသားများလည်း တဗိုလ်ကျရင် တဗိုလ်တက် လမ်းစဉ်အတိုင်း၊ စစ်ကျေညာလျက်‌၊ အလှည့်ကျ ချီတက်တိုက်ခိုက်ကြရန်သာ ရှိတော့၏။ ထိုသို့ အိုးဝေမဂ္ဂဇင်းမှ တင်သွင်းလိုက်ရာ၊ ထိုဆောင်းပါးမှာကျောင်းအုပ်ကြီးရုံးခန်းတွင် နောက်တနေ့ သိုက်မြိုက်စွာပေါက်ကွဲလေသည်။ အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းအား မစ္စတာစလော့က ဆင့်ခေါ်စစ်ဆေးတော့၏။ ထိုဆောင်းပါးရေးသူကို အပြင်းအထန်အရေးယူမည်ဖြစ်၍၊ ၎င်း၏ အမည်ကိုထုတ်ဖော် ပြောရမည်။ မပြောလျှင် ကိုအောင်ဆန်းကိုကျောင်းမှထုတ်ပစ်မည်ဟု စလော့က ဆို၏။ စာ-နယ်-ဇင်းထုံးတမ်းအရ၊ အယ်ဒီတာလုပ်သူက ထုတ်ဖော်ပြောခွင့်မရှိသဖြင့်၊ ထုတ်ဖော်မပြောနိုင်။ လုပ်ချင်ရာ လုပ်ပါဟု ကိုအောင်ဆန်းက ဘုပြောခဲ့လေသည်။ ခေါင်က မိုးမလုံဆိုသကဲ့သို့၊ ကျောင်းဆရာလုပ်သူများက မတရားလုပ်ခဲ့ကြသဖြင့်၊ ထိုမတရားမှုများကို ပြုပြင်စေရန်ကလောင်ဖြင့် လူထုအားရေးသားတိုင်တန်းခဲ့ရာတွင်၊ မတရားမှု-ဖန်တီးသူများကို အရေးမယူဘဲ၊ တိုင်တန်းသူကိုသာ အပြစ်ရှာတတ်ခြင်းမှာ အာဏာပိုင်တို့၏ထုံးဓလေ့ပင်ဖြစ်ပေသည်။ ကိုအောင်ဆန်းကိုကျောင်းထုတ်လိုက်သော အခါ၌ကား‌၊ ကျောင်းသားများသည် ထိုဓလေ့ဆိုးကို ကွက်ကွက်ကွင်းကွင်းကြီး သဘောပေါက်ကာ အထူးလှုပ်လှုပ်ရွရွ မခံမရပ်နိုင်ဖြစ်ကုန်ကြတော့၏။ နောက်တနေ့၌ သမဂ္ဂခန်းမကြီးတွင်၊ မစ္စတာရာရှစ်၊ ကိုထွန်းအုံနှင့် ကိုအုံးအစရှိသော ကျောင်းသားခေါင်းဆောင်များက မည်သို့ အရေးယူသင့်ပုံကို စည်းဝေးဟောပြောကြသောအခါ၊ ကျောင်းလုံးကျွတ် ပရိသတ်များက (သပိတ် သပိတ်- မှောက်မှောက်) ဟု သံပြိုင်အော်ကြလျက်၊ အားလုံးပင် တက္ကသိုလ်ကြီးကိုစွန့်ပစ်ကာ၊ ရွေတိဂုံ ကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ သပိတ်မှောက်ခဲ့ကြသည်မှာ ရာဇဝင်၌ စာတင်ပြီးဖြစ်၍ အထူးရေးရန်မလိုတော့ပေ။
အပြောနှင့်အရေး
ထိုအချိန်၌သခင်နု-ရာရှစ်-ကိုအောင်ဆန်းစသော ကျောင်းသား ခေါင်းဆောင်များက
သပိတ်မှောက်ရန် ကြိတ်၍-ကြိုးဆွဲ-ခြေထိုး စီမံခဲ့ကြသည်ဟု စွပ်စွဲခြင်း ခံခဲ့ရ၏။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း ဘာမျှတိုင်ပင်ခြင်းမရှိခဲ့ပေ။ ကျောင်းသားခေါင်းဆောင်တိုင်း မိမိတို့၏တာဝန်များကို ခပ်အေးအေးနှင့်မကြောက်မရွှံ့ ရွက်ဆောင်ကြရာတွင်၊ အခြေအနေမှာလည်း အလိုလိုပင်တဆင့်ပြီးတဆင့် ကျွန်ုပ်တို့ဘက်မှ အရေးသာစေဘွယ်ဖြစ်ပေါ်လာခဲ့ရလေသည်။ ရာရှစ်စသော ကျန်သမဂ္ဂ ခေါင်းဆောင်များကလည်း၊ တာဝန်အတိုင်း ကျောင်းသားထုကြီးထံသို့ ထိုပြဿနာကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏။ ကျောင်းသားထုကြီးကလည်း အထိရောက်ဆုံးဖြစ်သော သပိတ်လမ်းစဉ်ကိုချက်ခြင်း စွန့်စားဆုံးဖြတ်ကာ တက္ကသိုလ်မှထွက်ခွာခဲ့ကြ၏။
ကျွန်တော်မှတ်မိသလောက်တွင် ထိုမျှအပူတပြင်း အရေးကြီးလှသော ရက်အနည်းငယ်အတွင်း၌ကိုအောင်ဆန်းသည် ကျွန်တော့်အား ထိုအရေးတော်ပုံကြီးနှင့်ပက်သက်၍ (အေးဆေးနေပါ)ဟူသော စကားတခွန်းသာ ပြောဘူးလေသည်။ ကျွန်တော်တို့ အချင်းချင်း၊ ထိုထက် နက်နဲရှုပ်ထွေးသော စည်းလားရိုက်မှု၊ စက်ပုန်းခုတ်မှုများ ဘာမျှမရှိခဲ့ချေ။ ဤမျှရှင်းလင်းပြတ်သားစွာ ခပ်အေးအေးနှင့်တခုပြီး တခု အလိုကျ ဖြစ်မြောက်သွားသော ကိစ္စများကို၊ ယခုတိုင် တခါမျှမတွေ့ကြုံဘူးပေ။
တက္ကသိုလ်၌အတူစား၊ အတူသွား၊ အတူတူတိုက်ပွဲဆင်းလျက်၊ လေးနှစ်ကြာမျှ ကိုအောင်ဆန်းနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာတွင်၊ ကျွန်တော်သည် အောက်ပါအဖြစ်အပျက် ကလေးများကို သတိရမိ၏။
ကိုအောင်ဆန်း၏စိတ်ဓာတ်
ကိုအောင်ဆန်းစိတ်တိုတက်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂရဲဘော်များမှအပ၊ သူ့အဖို့ မိတ်ဆွေများများမရှိပေ။ သမဂ္ဂ၌လည်း သူနှင့်ဘုမကျသူဟူ၍ မရှိချေ။ တခါက ရွှေတိဂုံ သပိတ်စခမ်းမှ အပြန်တွင် ထိုနှစ်အတွက်သူ့မှာ တခြားအလုပ်ကိစ္စများရှိနေသဖြင့်၊ သူလုပ်ရန်ရှိသော အလုပ်များကို ကျွန်တော်က လုံးဝတာဝန်ယူရန်လွှဲအပ်လေသည်။ ကျွန်တော်ကလည်း ထိုနှစ်အဘို့ အိုးဝေအယ်ဒီတာအဖြစ် တာဝန်ယူပြီးဖြစ်၍၊ နောက်ထပ် လက်မခံနိုင်ကြောင်းပြောသောအခါ၊ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထသတ်ကြရန် ဟန်ပြင်လေသည်။ အခြားအမှုဆောင်များ ဝိုင်းဝန်းဖြန်ဖြေသဖြင့်ပြီးသွား၏။ ထိုညနေ၌ ကျွန်တော့် အခန်းသို့သူရောက်လာကာ၊ သူက စိတ်မကောင်းဖြစ်နေသဖြင့် လွန်ကြူးမိကြောင်းကို ဝန်ချတောင်းပန်လေသည်။ သူကမတောင်းပန်လျှင်လည်း ကျွန်တော်က အကြောင်းသိခြင်းဖြစ်၍ ကြေနပ်ပြီးဖြစ်လေသည်။ သို့သော်-သူက ကလေးသဘွယ်၊ ဖြူစင်သော စိတ်ဓာတ်နှင့် မိမိ မှားသည်ကိုသိရှိချိန်၌ အကြွေးမထားဘဲ မာန်မာနများကို လုံးဝပယ်ဖျောက်ကာ၊ ချက်ချင်းဖွင့်ဟပြောဆိုသည်ကို ကျွန်တော်ဝမ်းမြောက်စွာနှင့် မှတ်သားမိ၏။ ဤကား ကိုအောင်ဆန်း၏
ချီးကျုးဘွယ်အချက်ကြီးတရပ်ပေတည်း။ ထိုနှစ်က မစ္စတာရာရှစ်သည် သမဂ္ဂဥက္ကဌအဖြစ်နှင့် ဆောင်ရွက်ရာတွင်၊ ၎င်းကိုကုလားဖြစ်၍ မလိုမုန်းထားအပြစ်ရှာသူများ ပေါများခဲ့လေသည်။ တခါကစည်းဝေးပွဲတခုတွင် ရာရှစ်အား အယုံအကြည်မရှိ အဆိုသွင်းရန် စီစဉ်ကြသည်ကိုကျွန်တော်က တင်ကြိုကြားသိလေသည်။ ထိုအချိန်၌ အခြားသော သပိတ်ရဲဘော်ကျောင်းသားခေါင်းဆောင်တို့မှာလည်း နယ်ထွက်နေကြ၏။
ကိုအောင်ဆန်းမှာလည်း ဖျားနေ၍ ဆေးရုံတက်နေ၏။ ကျွန်တော်ကလည်း အရေးသမားဖြစ်ပြီး စကားမပြောတတ်၍၊ ထိုစည်းဝေးပွဲတွင် ဝင်ရောက်ပြောဆိုရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်ဆုံး၌ ဆေးရုံတွင် ငှက်ဖျားတိုးနေသော ကိုအောင်ဆန်းထံသို့ပင်သွားရောက်ကာ (ကိုယ့်လူထပါအုံး….ခင်ဗျားမရှိရင်မဖြစ်ဘူး) ဟုဆိုကာသူ့ကို ဆေးရုံမှသမဂ္ဂအထိဖက်တွဲခေါ်ဆောင်ခဲ့ရလေသည်။ သမဂ္ဂလဘက်ရေဆိုင်ခန်းသို့ရောက်မှ ကွီနိုင်နှင့် လဘက်ရေအနည်းငယ်တိုက်ကာ စည်းဝေးရာခန်းမကြီးသို့ တွဲတက်ခဲ့ရလေသည်။ ထိုနေ့အဘို့ ကိုအောင်ဆန်းမှာ နေမကောင်းသော်လည်း ရာရှစ်၏ ကောင်းသောအချက်များကို ဖော်ထုတ်၍ အထူးလေးနက်စွာပြောဆိုရာတွင်၊ အတိုက်အခံလူစုက
၎င်းတို့အဆိုကို ရုတ်သိမ်းသွားကြလေသည်။ ကိုအောင်ဆန်းသည် ရဲဘော်လူကောင်းများအတွက်၊ မယိမ်းမယိုင် ထောက်ခံကူညီတတ်ခြင်း၊ မိမိကျန်းမာရေးကို ဂရုမစိုက်ဘဲ တာဝန် ရွက်ဆောင်ခြင်းတို့မှာ၊ ကျောင်းသားဘဝ၌ပင် ထင်ရှားခဲ့လေသည်။
ဒေါင့်မကျိုးလို့ ရာရှစ်၏ ဥက္ကဌသက်တန်းကုန်ဆုံးခဲ့ပြီးနောက်၊ ဥက္ကဌသစ်ရွေးချယ်ရန်
အချိန်ကျရောက်ခဲ့ရာတွင်၊ ဒုတိယဥက္ကဌဖြစ်သူ ကိုအောင်ဆန်းကိုထုံးစံအတိုင်း
တင်မြှောက်ကြရန်ပင်ဖြစ်သည်။ သို့သော်ထိုအချိန်၌ သူ့အားအမှုဆောင်အဖွဲ့၌ထောက်ခံသူမှာ ကျွန်တော်တယောက်သာရှိလေတော့၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ဒေါင့်မကျိုးသူဖြစ်၍၊ သူရသင့်ရထိုက်သောနေရာတွင်၊ ကိုဘဂျမ်း(ယခု ဝန်ကြီး)အား
ရွေးချယ်တင်မြှောက်လိုက်ကြလေသည်။ ဦးထွန်းအုံး၊ ကိုလှရွှေ၊ ကိုသိန်းအောင်၊ ကိုဘဟိန်း စသည်တို့က သူ့အားတနှစ်လောက် စောင့်ဆိုင်း၍ ပေါင်းသင်းဆက်ဆံရေး၊ လေ့လာရန်ပြောဆိုခဲ့ကြလေသည်။ ကိုအောင်ဆန်းသည် သူငယ်ချင်းများ၏ ဆုံးမချက်များကို ဘာမျှပြန်မပြောဘဲ၊ စည်းကမ်းသေဝပ်စွာကြိုးစား လိုက်နာခဲ့ပေသည်။ နောက်တနှစ်တွင် ထိုသို့အများ၏ ဆန္ဒကို မသွေမဖီလိုက်နာတတ်သော အရည်အချင်းကိုပင် အထူးထုတ်ဖော်ချီးကြူးကာ၊ ကိုအောင်ဆန်းကို အားလုံးက ဥက္ကဌအဖြစ် ရွေးချယ်လိုက်ကြလေသည်။
နိုင်ငံရေးသို့
ထိုနှစ်အတွင်း တညနေတွင် ကိုအောင်ဆန်းနှင့် ကျွန်တော်သည် သထုံကျောင်းဆောင်ရှေ့၌လမ်းရှောက်လျက် ရှိကြစဉ်၊ ရုတ်တရတ် သူက(ကိုယ့်လူ-ကိုယ်တော့သွားတော့မယ်၊ ကျောင်းထွက်ပြီးနိုင်ငံရေးထဲကို ခြေစုံပစ်ဝင်တော့မယ်….)ဟုပြော၍၊ သခင်ပါတီသို့ဝင်ကာ၊ တကယ့်တိုက်ပွဲများတွင်ဝင်နွှဲတော့မည်ဖြစ်ကြောင်းများကို ပြောလေသည်။ သူက ထိုသို့ပြောပြနေစဉ်ကျွန်တော်သည်အထူးဝမ်းနည်းလာ၏။ ကျွန်တော်တို့ သူငယ်ချင်းများ လေးနှစ်ကြာမျှ ဥမကွဲသိုက်မပျက် နေထိုင် အလုပ်လုပ်လာခဲ့ကြသည်မှာ၊ ကမ္ဘာလေးတခုကဲ့သို့ပင် မှတ်ထင်ကာ၊ ထိုကမ္ဘာသည် မည်သည်အခါမျှ ပျက်မည်မဟုတ်ဟူ၍ မှတ်ထင်နေခဲ့ကြ၏။ သို့သော် အချိန်သည်ကုန်မှန်းမသိကုန်ဆုံးခဲ့၍ ကိုအောင်ဆန်းကား ဘီအေ အောင်ပြီးဖြစ်လျက်၊ ကျွန်တော့် အဖို့လည်း ထိုနှစ်မှာ
နောက်ဆုံးနှစ်ပင် ဖြစ်ကြောင်းကိုသတိရမိလေသည်။ ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူလာအတူ နေထိုင်ခဲ့ကြသော လေးနှစ်ရာသီ ခေတ်ကလေးကား ကုန်ဆုံးလေပြီ။ လောကတွင် အပျော်ဆုံး၊ အရွှင်ဆုံး၊ အရူးဆုံး၊ အမိုက်ဆုံးဖြစ်သော
ကျောင်းသားဘဝကား ဆုံးခမ်းတိုင်လေပြီ။ ကျွန်တော်က စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက်စွန့်စားရန် အဓိဌာန်ကိုချီးကြူးမိသော်လည်း သူ့အတွက် စိုးရိမ်မကင်းရှိမိပုံကို ပြောပြ၏။ (နိုင်ငံရေးလောကဟာသိပ်ပြီးရှုပ်တယ်-ဆိုးတယ်။ ဒီမှာဆိုရင် ကျွန်တော်တို့အချင်းချင်း ခင်ဗျားကိုနားလည်တယ်၊ အစစအရာရာမှာ သူငယ်ချင်းတွေမို့ ခင်မင်ယုယရှိကြတယ်။ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ရင် ခြေထိုးထားတာတွေ ကြမ်းတမ်းယုတ်မာတာတွေနဲ့ တွေ့ပြီး၊ နေရာတကာ ခင်ဗျားဘဲ ဒုက္ခရောက်စရာတွေများတယ်ဗျာ…။ ခင်ဗျားကလဲ ငယ်သေးတယ်) ဟုကျွန်တော်က ပြောမိလေသည်။
ဗိုလ်ချုပ်ကား-ဆည်းဆာချိန် ကောင်းကင်သို့မော့ကြည့်လျက်၊ (အမေ့အတွက်လဲ ဘာမျှ
ကျေးဇူးမဆပ်ရသေးဘူး၊ လခစားလုပ်ဘို့ကိုလည်း စိတ်မရှိတော့ဘူး။ ဘာဘဲဖြစ်ဖြစ်လေ သွားမဲ့လမ်းကိုသွားရမှာဘဲ….) ဟုလွမ်းစိတ်နှင့် အဓိဌာန်စိတ်များရောပြွမ်းကာ၊ အသံခပ်မာမာနှင့်ပင် ပြောလေသည်။ (သွားတော့မည်….)ဟု သူကပြောလိုက်သဖြင့်၊ ကျွန်တော့်အဖို့ ထိုသမဂ္ဂ ကမ္ဘာလေးနှင့်တကွ၊တိုတောင်းလှသော တက္ကသိုလ်ကျောင်းသားခေတ်ကလေးကိုကားလိပ်ချလိုက်သလိုပင်ဖြစ်သွားတော့၏။
(မူရင်း စာလုံးပေါင်းသတ်ပုံများအတိုင်းဖော်ပြထားပါသည်။)

ဘယ်လမ်းရွေးမလဲ ကာချုပ်မင်းအောင်လှိုင်

0 comments
ဘယ်လမ်းရွေးမလဲ ကာချုပ်မင်းအောင်လှိုင်
(ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဆောင်းပါး)
-----
ဒီတလောမှာ ကာချုပ်မင်းအောင်လှိုင်တယောက် အတော်လေးပွဲဆူနေတာ တွေ့ရပါတယ်။ ပွဲစတာကတော့ ဒီနှစ် ဇွန်လတုန်းက ရုရှားနိုင်ငံရဲ့ ၇၅ နှစ်ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲအခမ်းအနားသွားတက်စဉ်က စခဲ့တာလို့ ပြောနိုင်ပါတယ်။ အဲဒီခရီးစဉ်အတွင်း ရုရှားနိုင်ငံမှာ ရုပ်မြင်သံကြားအစီအစဉ်၊ နောက်ပြီး သတင်းဌာနတချို့နဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တယ်။ 
အဲဒီအထဲမှာ ရခိုင်တပ်တော် (AA) နဲ့ပတ်သက်ပြီးတော့ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းတခု ရပ်တည်နေနိုင်တာဟာ ပြည်ပအင်အားကြီးအဖွဲ့အစည်းတရပ်က ထောက်ပံ့ပေးထားလို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါဟာ အိမ်နီးချင်းတရုတ်ပြည်ကို ရည်ညွှန်းတာပဲဆိုပြီး ဂယက်ထသွားပါတယ်။ နောင်မှာတော့ တရုတ်ပြည်ကို ရည်ညွှန်းတာ မဟုတ်ပါဘူးလို့ ငြင်းပေမယ့် ဘယ်သူ့ကို ပြောတာလဲဆိုတာတော့ မပြောပါဘူး။ 
ဒီနောက် အဲဒီရုရှားခရီးစဉ်မှာပဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုကို ဒီဩဂုတ်လဆန်းကျမှ ပုံနှိပ်ဖော်ပြလာတာ တွေ့ရတယ်။ အဲဒီအထဲမှာတော့ နာမည်တပ်မပြောပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ကာလုံမခေါ်ဘဲ တယောက်တည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတာဟာ တိုင်းပြည်အတွက်အန္တရာယ်ကြီးတယ်လို့ ပြောထားပါတယ်။ 
မကြာသေးခင်ကတော့ကြံ့ဖွံ့ပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီနဲ့ ကာချုပ်တွေ့ကြပါတယ်။ လက်ရှိရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိကြကြောင်း၊ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင် ကာချုပ်က အရေးယူဆောင်ရွက်ပေးဖို့ ခပ်ပြောင်ပြောင်ပဲ တိုးလျှိုးတိုင်တောကြပါတယ်။ သတင်းတရပ်အရတော့ ဒီပွဲမှာ ‘တိုင်းပြည်နဲ့လူမျိုးကောင်းစားဖို့ဆိုရင် သူမလုပ်ရဲတာ ဘာမှမရှိဘူး’ လို့ ကာချုပ်က ပြောတယ်လို့ ဆိုပါတယ်။ လူမိုက်စကား ပြောလိုက်တာပါ။ စစ်တပ်က ထုတ်ပြန်ချက်ထဲမှာတော့ ‘နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးခြယ်ရာမှာ နိုင်ငံရေးမှာ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကို နားလည်တဲ့သူတွေကို ရွေးချယ်ကြဖို့’ မှာကြားတယ်လို့ တွေ့ရတယ်။ 
အခု ကျင်းပပြီးစီးသွားတဲ့ ပင်လုံညီလာခံအဖွင့် မိန့်ခွန်းကတော့ အတော်လေး ပွဲဆူသွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝပေးထားပြီး ဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောသွားပါတယ်။ အဲဒီတော့ အခုတိုင်းရင်းသားအခွင့်အရေးတွေ တောင်းဆိုနေတာဟာ မလိုအပ်ဘူးလို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတာဟာ တပ်မတော်နဲ့မဆိုင်ဘူး၊ ခေတ်အဆက်ဆက်က အစိုးရတွေနဲ့ ဖြစ်နေကြတာ၊ တပ်မတော်က အစိုးရအဆက်ဆက်ကို အကာအကွယ်ပေးနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို သဘောထားမျိုးနဲ့ကတော့ ငြိမ်းချမ်းရေးခရီးက ကြာလေဝေးလေလို့ပဲ ပြောရမှာပါ။
တဖက်မှာလည်း ဒီတလော ကြံ့ဖွံ့လှုပ်ရှားမှုတွေဟာ စစ်တပ်နဲ့ ဇာတ်တိုက်ထားသလိုပါပဲ။ သူတို့သာ အစိုးရဖြစ်ရင် ‘ငြိမ်းချမ်းရေးအရယူပြမယ်’ လို့ ကြုံးဝါးပါတယ်။ ဒီချုပ်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ‘ဦးသိန်းစိန်လက်ထက်နဲ့ မတူဘူး။ ဟိုတုန်းက အစိုးရနဲ့တပ်မတော်က တဖွဲ့တည်း တသဘောတည်းဖြစ်တယ်။ အခုက (၃) ဖွဲ့ဆွေးနွေးရသလို ဖြစ်နေတယ်’ လို့ အသံထွက်တယ်။ စစ်တပ်ကလည်း အဲဒီလိုဖြစ်အောင် လုပ်နေတယ် မဟုတ်လား။ ဒီချုပ်ကိုယ်တိုင်ကလည်း သူဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကြားဒိုင်လူကြီး နေရာကပါလို့ အောက်ကလိသံထွက်ရပါတယ်။ ဟုတ်မှာပါ။ ဒီချုပ်အစိုးရက စစ်တပ်ကို အမိန့်ပေးနိုင်ပုံ မရပါဘူး။ စစ်တပ်ကတော့ ‘သမ္မတကသာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ အမိန့်ပေးရင် နာခံမှာပါ’ လို့ ဆိုပါတယ်။ သူတို့သဘောထားနဲ့ကိုက်ရင် ‘ဖွဲ့စည်းပုံနဲ့ညီပြီး’ မကိုက်ရင်တော့ ‘ဖွဲ့စည်းပုံနဲ့မညီဘူး’ ဖြစ်မှာပါ။ ‘ရခိုင်တိုက်ပွဲမှာ ရဟတ်ယာဉ်တွေသုံးပြီးတိုက်ပါ’ ‘အေအေကို အကြမ်းဖက်အဖွဲ့လို့ သဘောထားပြီး ချေမှုန်းပါ’ ဆိုတာတွေကတော့ ဖွဲ့စည်းပုံနဲ့ညီပုံ ရပါတယ်။
အခုလို ဒီချုပ်အစိုးရလက်ထက် ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ’ တွေမှာ စစ်တပ်က ကဖျက်ယဖျက်လုပ်နေပြီး ကြံ့ဖွံ့ အစိုးရဖြစ်လာရင်တော့ အဲဒီလို မလုပ်တော့ဘဲ ငြိမ်းချမ်းရေးရလိမ့်မယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ မဟာလူမျိုးကြီးဝါဒကျင့်သုံးနေတဲ့ စစ်အာဏာရှင်တွေရှိနေသမျှ (ကြံ့ဖွံ့ဟာလည်း ဒီပုတ်ထဲက ဒီပဲပါ။) ဒီမိုကရေစီရော တိုင်းရင်းသားတွေလိုချင်နေတဲ့ အခွင့်အရေးတွေပါရကြမှာ မဟုတ်ပါဘူး။ 
ကြံ့ဖွံ့ က ဒီတလောလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောရေးဆိုခွင့်ရှိသူတယောက်ပြောသွားတာကလည်း ခြိမ်းခြောက်မှုတမျိုးလို့ ဆိုရမှာပါ။ ရွေးကောက်ပွဲသာ တရားမမျှတရင် (သူတို့မနိုင်ရင်) လူထုက ငုံ့ခံနေမှာ မဟုတ်ဘူးဆိုပဲ။ အထက်က ကာချုပ်ရဲ့ ‘မလုပ်ရဲတာ မရှိဘူး’ ဆိုတာနဲ့ ဆက်စပ်စဉ်းစားဖို့ပါ။ သူတို့ပြောတဲ့ လူထုဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူတို့လက်ကိုင်တုတ် (မဘသ) စတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီတွေပေါ့။ သူတို့ရဲ့ အစွမ်းအစတွေကတော့ တကယ့်ပြည်သူတွေ တွေ့ပြီးသိပြီး ဖြစ်ပါတယ်။ 
ဒီအချက်တွေကို ကြည့်ရင် စစ်တပ်နဲ့ကြံ့ဖွံ့ဟာ ဒီချုပ်အစိုးရဖြစ်တာကို လုံးဝလက်မခံနိုင်ကြဘူးဆိုတာ သိသာထင်ရှားလှတယ်။ စစ် (၃) ကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ခြေဥ ဟန်ပြကောင်းဖို့အတွက် ဒီချုပ်က လွှတ်တာ်ထဲမှာ အတိုက်အခံနေရာကသာ အသုံးတော်ခံတာကို မြင်ချင်ကြတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်လိုပေါ့။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်က သောင်ပြိုကမ်းပြို အနိုင်ရသွားတာကြောင့် အတော့်ကို မခံချိမခံသာ ဖြစ်သွားကြတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် မီးကုန်ယမ်းကုန် ကြိုးစားကြလိမ့်မယ်။ အခုကိုပဲ ဘီလူးဆိုင်းတီး ဘီလူးကြိမ်းကြိမ်းနေကြပြီ မဟုတ်လား။
အထက်မှာ ပြောထားသလို ကာချုပ်မင်းအောင်လှိုင်ကလည်း ပုံပျက်ပန်းပျက် ပျာရာခတ်နေတာ တွေ့ရတယ်။ ဘာကြောင့်လဲ။ သူက လာမယ့်နှစ်မှာ ၆၅ နှစ် ပြည့်တော့မှာ ဖြစ်တယ်။ ပင်စင်ယူရတော့မှာလားဆိုတဲ့ ပြဿနာရှိပါတယ်။
ကာချုပ်သက်တမ်းနဲ့ပတ်သက်ပြီး ၂၀၁၆ သတင်းစာရှင်းလင်းပွဲတခုမှာ ‘၆၀ ကျော်သွားတော့ သက်တမ်းတိုးထားလား’ လို့ သတင်းထောက်တယောက်က မေးလာတာကို သူကိုယ်တိုင် ဖြေထားတာ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ အရပ်ဘက်ဝန်ထမ်းစည်းမျဉ်းတွေက သူတို့အပေါ် မသက်ရောက်ဘူး။ စစ်တပ်နဲ့ဆိုင်တဲ့ ဥပဒေတခုအရ ‘စစ်မှုဆက်ထမ်းဖို့ လိုအပ်ရင် ဆက်ထမ်းနိုင်တယ်’ တဲ့။ ဒါပေမဲ့ မသေမချင်း ရာထူးမစွန့်တာမျိုး မဖြစ်အောင် ကန့်သတ်ထားတာ ရှိတယ်။ စစ်တပ်မှာ ဥပေဒကဲ့သို့ အမိန့်ထုတ်နိုင်တဲ့ ကာကွယ်ရေးဌာနကောင်စီ (ကကန) ဆိုတာရှိတယ်။ အဲဒီ ကကန က ၁၉၇၃ ခုနှစ်မှာ အမိန့်တရပ်ထုတ်ထားတယ်။ အဲဒါက ဘယ်အဆင့်ဆိုရင် သက်တမ်းဘယ်လောက်ပဲ တာဝန်ထမ်းခွင့်ရှိတယ်လို့ သတ်မှတ်ထားတာလို့ ဆိုပါတယ်။ သူ့အသုံးအနှုန်းအရတော့ ရာသက်ပန်ရာထူးမစွန့်တာမျိုး မဖြစ်အောင် သက်တမ်း ‘ကန့်သတ်ထားတာ’ တဲ့။ သက်တမ်းတိုးတာ မဟုတ်ဘူးဆိုပဲ။ (မောင်မင်းကြီးသားများ ကျေးဇူးကြီးလှပါပေတယ်။) သက်တမ်းကန့်သတ်ချက်ကိုတော့ ထုတ်မပြောပါဘူး။ ဒါကတော့ ကာချုပ်ဝှက်ဖဲလို့ ဆိုရမှာပါ။ တခုတော့ရှိပါတယ်။ ဗိုလ်သန်းရွှေရဲ့ ကာချုပ်သက်တမ်းပြန်ကြည့်ရင်တော့ မှန်းဆလို့ ရနိုင်ပါမယ်။
သက်တမ်းပြည့်တော့မယ်ဆိုရင်တော့ ရှေ့ခရီးအတွက် သူ့အနေနဲ့ ကြိုတင်စဉ်းစားပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ သူဘယ်လမ်းကြောင်းသွားချင်နေသလဲဆိုတာတော့ လယ်ပြင်မှာ ဆင်သွားနေသလိုပါပဲလို့ ဖြေရမှာပါ။ အထက်မှာ ပြောထားတဲ့ အင်တာဗျူးတွေမှာလည်း မေးမြန်းသူတွေက ရေလာမြောင်းပေး (သမ္မတလုပ်မှာလား) မေးကြသလို ဖြေသူကာချုပ်ကလည်း ရေစီးကမ်းပြိုဖြေထားတာ တွေ့ရမှာပါ။ 
ကာချုပ်ရဲ့ ‘နိုင်ငံတော်သမ္မတအိပ်မက်’ က တကယ်အကောင်အထည်ပေါ်လာနိုင်ပါ့မလား။ လောလောဆယ်အခင်းအကျင်းတွေအရတော့ ဖြစ်နိုင်ချေ ‘သုည’ လို့ပဲ ဆိုရမှာပါ။ သမ္မတဖြစ်ဖို့ဆိုရင် ဒီချုပ်က ရွေးကောက်ပွဲရှုံးရမယ်။ ကြံ့ဖွံ့ နိုင်ပြီး အစိုးရ ဖြစ်ရမယ်။ ကြံ့ဖွံ့အစိုးရဖြစ်ရင်တောင် သူ့ကို သမ္မတတင်ပါ့မလားဆိုတာကလည်း ရှိသေးတယ်။ ဥက္ကဋ္ဌကြီးဗိုလ်သန်းဌေးကလည်း သူတို့အမှုဆောင်ကော်မတီက တာဝန်ပေးရင် သမ္မတလုပ်မယ်လို့ လေသံပစ်နေတာ မဟုတ်လား။ ပြောရရင်တော့ ဒီလမ်းက ကာချုပ် အကြိုက်ဆုံးဖြစ်ပေမယ့် ဖြစ်နိုင်ချေကတော့ အနည်းဆုံးပါပဲ။ 
နောက်တလမ်းကတော့ သက်ပြည့်ပင်စင်ယူပြီး နိုင်ငံရေးထဲလည်း ဝင်မပါတော့ဘဲ ခပ်လျှိုလျှိုနေဖို့ပါ။ ဒါပေမဲ့ နအဖ ခေတ် မဟုတ်တော့လို့ ဗိုလ်သန်းရွှေတို့လို ပင်စင်လစာတနင့်တပိုးတော့ ရနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး သူက ဗိုလ်သန်းရွှေလောက် အရှိန်ဩဇာကြီးတာ မဟုတ်တော့ နောင်ရေးစိတ်အေးရပါ့မလား ဆိုတာလည်း ပူပန်စရာပါပဲ။ ဩဇာကြီးလှတဲ့ ဗိုလ်နေဝင်းတောင် ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါ။ နောက်ပြီး လောလောလတ်လတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေအရပြစ်မှုရှိခဲ့တာကို သိရှိပြီးနောက် ၃ နှစ်အတွင်း အရေးယူနိုင်တယ်ဆိုတာကလည်း ရှိနေတယ် မဟုတ်လား။ ကိုယ့်ရှူးကိုယ်ပတ်မယ့်ကိန်းပါပဲ။ ဒါကြောင့် ဒီလမ်းက ကာချုပ်မင်းအောင်လှိုင်အတွက်တော့ ခြောက်အိပ်မက် ဖြစ်နေမှာပါ။
၂၀၂၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ဆိုပြီး အထက်မှာ ဖော်ပြခဲ့သလို (မဘသ) စတဲ့ အစွန်းရောက်တွေက အကြမ်းဖက် အဓိကရုဏ်းတွေ ဖန်တီး၊ စစ်တပ်က အခြေအနေတွေ ဝင်ထိန်းရပါတယ်ဆိုပြီး စစ်အာဏာသိမ်းတဲ့ လမ်းကြောင်းလည်း သူတို့ (စစ်တပ်နဲ့ကြံ့ဖွံ့) က အကွက်ဆင်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် ဖြစ်မလာဘူးလို့လည်း ယတိပြတ် မပြောနိုင်ပါဘူး။ ဒီလိုလုပ်လာရင်တော့ လူထုကြီးတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း သတိပြု ပြင်ဆင်ထားကြဖို့ လိုပါမယ်။
ကျန်တဲ့တလမ်းကတော့ သူ့ဝှက်ဖဲကို ထုတ်သုံးတဲ့ လမ်းပါ။ သက်တမ်းကန့်သတ်ချက် မပြည့်သေးဘူးဆိုပြီး ကာချုပ်နေရာမှာ ဆက်နေသွားမယ့်လမ်းပါ။ ဒီလမ်းကျပြန်တော့လည်း သူ့တပ်ထဲကကို သဘောမတွေ့သူတွေ ရှိနိုင်ပါတယ်။ သူက ထိပ်က ပိတ်ထိုင်နေတော့ ၇၃ ခုနှစ် ကကန အမိန့်အရ အောက်က ဗိုလ်ချုပ်တွေ ရာထူးဆက်မတက်နိုင်ဘဲကန့်သတ်ချက်ထိပြီး တပ်က နားရမှာတွေ ဖြစ်လာကြမယ်။ ဒီလို မဖြစ်ချင်တဲ့ ဗိုလ်ချုပ်တွေက သူကာချုပ် ဆက်လုပ်နေမှာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ 
ဘယ်လမ်းဖြစ်မလဲဆိုတာကတော့ ပိတ်ကားပေါ်ဆက်စောင့်ကြည့်ကြရပါမယ်။ ဒါပေမဲ့ ဖြစ်လာနိုင်ချေတွေအတွက် သတိကြီးကြီးနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါမယ်။ 
ဖူးချစ်ရဲ့ မှာတမ်းနဲ့ပဲ အဆုံးသတ်ပါမယ်။
‘ပြည်သူအပေါင်း နိုးနိုးကြားကြားရှိကြလော့’