Saturday, November 28, 2020

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူရေး” (အပိုင်း ၃ နိဂုံးပိုင်း)

0 comments

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူရေး” (အပိုင်း ၃ နိဂုံးပိုင်း)

(ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေးအစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ)

 

စစ်အစိုးရနဲ့ သူလျှိုဒလံတွေက မင်းမဲ့စရိုက် ဝင်လာတယ်လို့ စွပ်စွဲကြပေမယ့် ဘယ်မြို့ ဘယ်နယ်မှ ဒီအဖြစ်မျိုး မရှိခဲ့ပါဘူး။ ဆရာတော်၊ သံဃာတော်များ၊ မြို့မိမြို့ဖ၊ ရွာမိရွာဖများက ထိန်းသိမ်းပေါးတယ်။ အဲဒီကာလတုန်းက အမှုသေးမွှားများသာ ဖြစ်ခဲ့ပြီး အမှုကြီးများ မဖြစ်ခဲ့တာလည်း မှတ်တမ်းတင်စရာ ဖြစ်ပါတယ်။ အဖွဲ့တွေ ဘယ်လိုပင်ကွဲပြားနေစေဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ရှိကြပါတယ်။

နဝတ က မင်းမဲ့စရိုက်အဖြစ် စာရင်းတင်နေတဲ့ကိစ္စတွေဟာ လူထုအာဏာ” ကို ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ အများစုကိစ္စတွေဟာ ထိန်းထိန်းကွပ်ကွပ်ရှိစွာ ဆောင်ရွက်ခဲ့တာတွေဖြစ်ကြောင်း တွေ့ရပါတယ်။ လူထုတိုက်ပွဲ” ဟာ လူထုအာဏာ” ဆီသို့ တိုးတက်သွားရမှာ ဖြစ်ပါတယ်။

သူလျှိုဒလံတွေ၊ သပိတ်ဖျက်ဆီးရေးသမားတွေကို မုချနှိပ်ကွပ်ရမှာပါ။ ဒါဟာ လူထုအာဏာ” ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ပြိုပျက်သွားတဲ့နေရာမှာ လူထုအာဏာနဲ့ အစားထိုးမပေးနိုင်ရင်သာ မင်းမဲ့ဝါဒ ဝင်လာမှာ ဖြစ်ပါတယ်။

လူထုအာဏာ” တနည်းအားဖြင့် လမ်းမများပေါ်က အာဏာ” ကို အစိုးရအာဏာ” အဖြစ် ပါလီမန်ထဲက အဏာ အဖြစ် ရောက်အောင် တိုးချဲ့မသွားနိုင်တာသာ ကျနော်တို့ရဲ့ ချွတ်ယွင်းမှုကြီး ဖြစ်ပါတယ်။

အဲဒီလို တိုးချဲ့ရင် ပြည်တွင်းစစ်ကြီးဖြစ်သွားမယ်လို့ နလဗိန်းတုံးတွေ (ပြည်ပ ပြည်တွင်း) က ပြောကြပါတယ်။ ဗမာပြည်မှာ ပြည်တွင်း စစ်ကြီး ဖြစ်နေတာ နှစ် ၄၀ ရှိနေပြီဆိုတာ သူတို့ သိကြပါတယ်။ ဘာ့ကြောင့် ခုမှ ပြည်တွင်းစစ် ဖြစ်လာမယ်” လို့ ပြောကြပါသလဲ။

ရှင်းပါတယ်။ လူထုအာဏာ” က အစိုးရ အာဏာ” ဖြစ်သွားမှာကို ကြောက်လို့ပါ။ သူတို့ နယ်ချဲ့နိုင်ငံများရဲ့ ကမကထပြုမှုနဲ့ စိတ်ကြိုက်အစိုးရတခုကိုများ ဖန်ဆင်းလို့ရမလားလို့ စိတ်ကူးယဉ်တာပါ။

ဗိုလ်စောမောင် က ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ သူတို့ ဘာကြောင့် အာဏာသိမ်းရသလဲဆိုတာနဲ့ပတ်သက်ပြီး ဝန်ခံစကား ပြောခဲ့ပါတယ်။ “B.C.P. tactics ပါ” တပ်စုချေမှုန်းရေး၊ တပ်ခွဲချေမှုန်းရေး ပြီးရင် H.Q.ကို စီးမယ်။ ဒါကြောင့် အာဏာကို ငါတို့ ယူမှဖြစ်မယ် တိုင်ပင်ကြတယ်” လို့ ဝန်ခံထားပါတယ်။

ပြည်တွင်း ပြည်ပက နလဗိန်းတုံးတွေရဲ့ လေသံနဲ့ မကွာပါဘူး။ ဗကပ အန္တရာယ်ကို လက်ညှိုးထိုးပြီး နယ်ချဲ့အကူအညီယူခဲ့တာမှာ အံခွနေပြီဖြစ်တဲ့ စစ်အုပ်စုများပီပီ လူထုအုံကြွမှုကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ကြိုးကိုင်မှုနဲ့လုပ်လာတာပါလို့ ပြောလိုက်ရင် နယ်ချဲ့က ကူညီမလားလို့ စိတ်ကူးယဉ်တာပါ။

နောက်ပိုင်းမှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲတိုင်းကို ဗကပ နည်းလမ်း” ဆိုပြီး စွပ်စွဲပါတယ်။ ဒါဟာ အမေရိကန်နယ်ချဲ့သမား ကို မျက်စပစ်ပြနေတာပါ။

ဗိုလ်ခင်ညွန့်ကလည်း ဗကပရဲ့ အာဏာကို ဖြတ်လမ်းက ရယူသိမ်းပိုက်ရေး” လို့ ပြောပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ဗကပ အာဏာရရေး မဟုတ်ဘူး၊ ဒီမိုကရေစီအစိုးရ အာဏာရရေးဆိုတာ ရှင်းခဲ့ပြီးပါပြီ။

သပိတ်စခန်းနဲ့ လမ်းမပေါ်က လူထုအာဏာကနေပြီး ယာယီ” (သို့မဟုတ်) ကြားဖြတ်” (သို့မဟုတ်) ကြားဖြတ်အိမ်စောင့်” ခေါ်ချင်တာခေါ်ပါ၊ တိုက်ပွဲဝင် လူထုကြီးစိတ်ကြိုက် ဒီမိုကရေစီအစိုးရအဖြစ် တက်လှမ်းသွားနိုင်ခဲ့ရင်၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက် သွားခဲ့ရင် အနှစ် ၄၀ တိုက်နေရတဲ့ ပြည်တွင်းစစ်တောင်မှ ရပ်စဲသွားတာ၊ နိုင်ငံရေးအရ ဖြေရှင်းလို့ ပြေရှင်းသွားတာတောင် ဖြစ်လာ မှာပါ။ ပြည်တွင်းစစ် ဖြစ်မလာနိုင်ပါဘူး။

စစ်အုပ်စုဆိုတာက ဦးရေ ၂၀၀ - ၂၅၀ ရှိနေတဲ့ မဆလ ဗဟိုကော်မတီဝင်တွေ မဟုတ်ပါဘူး။ ဒီဦးရေထက်များတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သာပြီးမဟုတ်ပါဘူး။

အစိုးရအဖွဲ့ဝင်တွေအားလုံးလည်း မဟုတ်၊ အလုပ်အမှုဆောင် အားလုံးလည်း မဟုတ်ပါဘူး။ 

တကယ်သတ္တုချကြည့်ရင် ဗိုလ်နေဝင်းနဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးမှူး အပါအဝင် လက်တဆုပ်စာသာ ဖြစ်ပါတယ်။

တာယန်ထမ်းဆောင်ဆဲလို့ အထူးပြုရတာက ဗိုလ်နေဝင်းက အပြောင်းအလဲလုပ်တာ မြန်တတ်ပါတယ်။ သူနဲ့ ဘယ်သူမှ ကြာကြာမြဲလေ့ မရှိပါဘူး။

နောက်ဆုံးပိတ်စကား ပြောရရင် စစ်အုပ်စုဆိုတာ ဗိုလ်နေဝင်းပါပဲ။ ပေါ်လစီဟူသမျှ သူချနေတာပါ။ တခါတလေမှာ သူ့ရဲ့ လက်လွတ်စပယ်ပြောလေ့ရှိတဲ့ နှုတ်မိန့်” တွေက ပေါ်လစီ” ဖြစ်ကုန်တာပါ။ ဒီကိစ္စကို သူနဲ့ နီးနီးကပ်ကပ် တွဲလုပ်ခဲ့သူတိုင်း သိကြပါတယ်။

စစ်အုပ်စုကို စစ်အစိုးရ - စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ အစွယ်တွေ တပ်ပေးထားတော့ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နိုင်ငံရေးအာဏာ စစ်အုပ်စုက ရရှိနေတာပါ။ ဒီ စစ်အုပ်စု - စစ်အစိုးရ - စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ် ၃ စစ်ကို တိုက်ဖျက်ဖို့ ဒါကြောင့်ပဲ လိုအပ် နေတာပါ။ မတိုက်ဖျက်နိုင်ရင် ဒီမိုကရေစီစကားတောင် လူထုမှာ ပြောနိုင်ခွင့် မရှိပါဘူး။

တညီတညွတ်တည်းသော နည်းပရိယာယ်နဲ့ ခြေလှမ်းများကို လှမ်းနိုင်ခဲ့တာဟာ တပြည်လုံးက အတွေ့အကြုံရှိသူများက အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ။ ၁၉၃၆-၃၈ က စပြီး အဆက်ဆက်သော ခေတ်ကာလများမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

ရှေ့ဆောင်တပ်ဦးအခန်း၊ တိုက်ပွဲရဲ့လှံသွားအခန်းက ပါဝင်ခဲ့တဲ့ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အသက်စွန့်ရမှာ မကြောက်၊ အခက်အခဲကို မကြောက်တဲ့ စိတ်ဓာတ်နဲ့အမြော်အမြင်ရှိရှိ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမှုတွေကိုလည်း ဂုဏ်ပြုရမှာပါ။

ဒုတိယ အတွေ့အကြုံက အောင်သီးအောင်ပွင့်တွေကို ခိုင်မာသထက် ခိုင်မာအောင် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။

ကျနော်တို့ တိုက်ပွဲဝင်ရဲဘော်တချို့အတွင်းမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနဲ့ပတ်သက်ပြီး တဖက်သတ်ကျတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အရေးတော်ပုံ ရှုံးသွားပြီ” ဆိုတဲ့ စိတ်ပျက်အားငယ်တဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

တကြိုးတည်းနဲ့ အောင်ပွဲအထိရောက်အောင် မချီတက်နိုင်ခဲ့တာဘက်ကကြည့်ရင် ရှုံးသွားတာ အမှန်ပါ။

ဒါပေမယ့် အရေးတော်ပုံက တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အချက်တွေဘက်ကကြည့်ရင် အောင်မြင်မှုတွေ (အောင်သီးအောင်ပွင့်တွေ) မနည်းဘူးဆိုတာ တွေ့ရမှာပါ။

မဆလ တပါတီ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး တောင်းဆိုချက်ဟာ အောင်မြင်ပါတယ်။

မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ပေးထားတဲ့ ၇၄ အခြေခံဥပဒေ” ပျက်သွားပါပြီ။

အဆစ်အနေနဲ့ မဆလ ပါတီတောင် ပျက်သွားပါတယ်။ လူထုတိုက်ပွဲတောင်းဆိုချက်မှာ မဆလ ပါတီ ဖျက်သိမ်းရေး မပါပါဘူး။ ပါတီစုံထဲမှာ သူလည်း တပါတီအနေနဲ့ပါဝင်ပြီး ငြိမ်းချမ်းစွာယှဉ်ပြိုင်စေဖို့သာ လူထုက လိုလားတာပါ။

ဒါပေမယ့် သူတို့အခြေအနေကို သူတို့ သိနေလို့ မဆလကိုဖျက်သိမ်းပြီး တစည လို့ အမည်ပြောင်း၊ လမ်းစဉ်ပြောင်းတာ လုပ်လိုက် ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးပါ။ ဖျက်ချင်ဖျက် - လမ်းစဉ် ပြောင်းချင်ပြောင်း လုပ်နိုင်ပါတယ်။

နဝတ ကိုလည်း နဝတပါတီ ဖွဲ့ပြီး ပါတီစုံ ဒီမိုကရေစီထဲမှာ ပါဝင်ဖို့ အခု ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် နဝတ က ဖားတပိုင်း ငါးတပိုင်း ပါတီတခုပဲ ဖွဲ့လိုက်ပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း” လို့ အမည်ပေးထားပါတယ်။ (နဝတ ဟာ အိမ်စောင့်အစိုးရ ၅၈-၆၀ တုန်းက လုပ်ခဲ့တာတွေဟာ အောင်မြင်မှုတွေလို့ ထင်နေဟန်ရှိပါတယ်။ ဒါကြောင့် အဲဒီတုန်းက လုပ်ခဲ့တာတွေ လိုက်လုပ်လေ့ရှိပါတယ်။ တည်မြဲ ဖဆပလ အကျနာသွားပြီး သန့်ရှင်း ဖဆပလကို လူထုက တခဲနက် မဲပေးလိုက်တဲ့ လူထုရဲ့ ဒဏ်ခတ်မှုကြီးကိုတော့ သူတို့ သင်ခန်းစာ မယူပါဘူး။)

ကြံ့ခိုင်ရေးအသင်းဟာ နဝတ က ဖန်တီးလိုက်တဲ့ အသင်းလို့ နာမည်ခံတဲ့ ပါတီတခုပါ။ မဆလ ကို တော်လှန်ရေးကောင်စီက ဖန်တီးခဲ့သလို ဖန်တီးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။

နောက် အောင်သီးအောင်ပွင့် တခုက (ဒီ အောင်သီးအောင်ပွင့်က ပိုအရေးကြီးပါတယ်) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးရတာပါ။

တပါတီလား - ပါတီစုံလား ဆိုတာကို လူထုဆန္ဒခံယူပွဲ” လုပ်ရေးဆိုတာကို မဆလ စစ်အစိုးရက လုပ်ချင်တာပါ။ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရှည်လျားထွေပြားတဲ့လမ်းကိုလိုက်ဖို့ စစ်အုပ်စုက လုပ်ချင်တာပါ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ ပါဘူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာပဲ ဒီကိစ္စကို လူထုက ပယ်ချလိုက်နိုင်ပါတယ်။

နဝတ ဟာ အာဏာသိမ်းတယ်ဆိုကတည်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပါမယ်လို့ ကတိခံပြီး တက်လာရတာ ဖြစ်ပါတယ်။

ဒီကတိဟာ နဝတ စစ်အစိုးရအဖို့ မထွေးနိုင် မမျိုနိုင်ဖြစ်နေစေခဲ့တဲ့ ကိစ္စကြီးပါ။ လူထုအတွက်တော့ အောင်သီးအောင်ပွင့်တခု ဖြစ်ပါတယ်။ ၂ နှစ်လောက် အချိန်ဆွဲပြီး စိတ်ချရပြီထင်မှ၊ စိတ်ကြိုက်အဖြေလည်း ထွက်လောက်ပြီထင်ကာ ၉၀ မေလမှာ ရွေးကောက်ပွဲလုပ်လိုက်တော့ သူတို့တွက်ကိန်း လွဲသွားပါတယ်။

သူတို့လည်ချောင်းမှာ တစ်နေတဲ့ မထွေးနိုင် မမျိုနိုင်တဲ့ကိစ္စကြီးဟာ ပိုပြီး ကြီးမားလာပါတော့တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ လုပ်လို့လည်း မဖြစ်၊ ရလဒ်ကို အသိအမှတ်မပြုလို့လည်း မဖြစ်။ ဒုက္ခတွေ့တော့တာပါပဲ။

ပြည်တွင်းက လူထုအတွက် တိုက်စရာတိုက်ကွက်ကြီး ဖြစ်လာရုံမက နိုင်ငံတကာကလည်း အပြစ်ပြောစရာ ဖြစ်သွားပါတယ်။

ရွေးကောက်ပွဲမှာ အဆင်မပြေ တွက်ကိန်းလွဲသွားတာကြောင့် ဦးတည်ချက် ၆ ရပ်လည်း ရှောရှောရှူရှူဖြစ်ဖို့ မလွယ်။ အမျိုးသားညီလာခံဆိုတာနဲ့ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရေးဆိုတာတွေမှာပါ မီးခိုးကြွက်လျှောက် ဒုက္ခတွေ့နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။

သူတို့စစ်အုပ်စုရဲ့ တွက်ကိန်းအတိုင်းသာဖြစ်ရင်...

(က) ဦးတည်ချက် ၆ ရပ် တင်လိုက်ရင် ကန့်ကွက်သူမရှိ၊ အတည်ဖြစ်မယ်။ (၁၉၆၂ ခုနှစ် တုန်းကလို)

၁၉၆၂ ခုနှစ်တုန်းက တော်လှန်ရေးကောင်စီက တပ်မတော်ညီလာခံဆိုပြီး လုပ်တယ်။ မဆလ လမ်းစဉ် တင်တယ်။ အားလုံးကို လက်မှတ်ရေးထိုးခိုင်းပြီး မော်ကွန်းတင်တယ်။ တကယ့်သဘောကတော့ တပ်မှူးတွေကို သူခိုးသေဖော်ညှိလိုက်တာပါ။ တပ်မတော် ညီလာခံမှာ ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အဆိုကို ကန့်ကွက်မလဲ။ နောက်မှ ထွေလီကာလီ ဖြစ်မလာအောင် အပိုင်ချည်တဲ့သဘောနဲ့ လက်မှတ်ထိုးခိုင်းတာပါ။

အတွေးအခေါ်ဆိုတာ လက်မှတ်ထိုးပြီးချည်တုပ်ထားလို့ မရပါဘူး။ အဲဒီ လက်မှတ်ထိုးခဲ့သူတွေ အများတကာ့အများစုကြီးက မဆလ လမ်းစဉ်ကို အခု ဆန့်ကျင်နေပါတယ်။

အခုတော့ မဆလကို ဆန့်ကျင်ရကောင်းလား ဆိုပြီး နဝတ က ဆဲရေးတိုင်းထွာနေပါတယ်။

(ခ) အမျိုးသားညီလာခံ လုပ်လိုက်ရင်လည်း ၇၄ အခြေခံဥပဒေတုန်းကလို ရှောရှောရှူရှူ ဖြစ်မယ်။ ၉၀.၁၉% က ထောက်ခံမယ်။

ဒါပေမယ့် တွက်ကိန်း လွဲခဲ့ပါပြီ။ ဒါကြောင့်လည်း အမျိုးသားညီလာခံဆိုတာကြီးဟာ ဖွင့်လိုက် ရုပ်လိုက်နဲ့ သံသရာရှည်နေတာပါ။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကရရှိလိုက်တဲ့ အဓိက အောင်သီးအောင်ပွင့် နှစ်ခုကို တင်ပြခဲ့ပြီးပါပြီ။

အောင်သီးအောင်ပွင့်တွေကို တိုးချဲ့နိုင်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။

ရွေးကောက်ပွဲကို နဝတ မတတ်သာလို့ လုပ်ပေးရတယ်။

လူထုကြီးက ရွေးကောက်ပွဲကို အသံတိတ် ဆန္ဒပြပွဲအဖြစ်သဘောထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေ ပုံအောပေး လိုက်တယ်။ (ဒါဟာ အောင်သီးအောင်ပွင့်ကို တိုးချဲ့တာ)

အမျိုးသားညီလာခံကို သူ့လူတွေ၊ နိုင်ငံရေးအရ ပေါ်တာဆွဲခံရသူတွေနဲ့ မကျင်းပနိုင်ဘူး။ မလွှဲမရှောင်သာ ဒီမိုကရေစီ အမတ်တွေကို တက်ခိုင်းရတယ်။ ဒီတော့ ဦးတည်ချက် ၆ ရပ်” ကိစ္စမှာ တစ်နေရတယ်။ ဦးတည်ချက် ၆ ရပ် ဆိုတာမှာ ရှေ့က ၅ ချက်က လူကြားကောင်းအောင် ထည့်ထားတာပါ။ အဓိက အချက်က ၆ ပါ။ တပ်မတော်က အနာဂတ် နိုင်ငံရေးမှာ ဦးဆောင်ဖို့” ဆိုတာပါ။
-----
(ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ဆိုတဲ့အခန်း တင်ပြလို့ ပြီးပါပြီ။ ဒီအစီရင်ခံစာဟာ ဖော်ပြပါအတိုင်း ၁၉၉၄ ခုနှစ်မှာ ထွက်ခဲ့တာမို့ အဲဒီတုန်းက အခြေအနေထိပဲ ၁၉၈၈ အရေးတော်ပုံနဲ့ ဆက်စပ်တင်ပြထားတာ ဖြစ်ပါတယ်။)

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူရေး” (အပိုင်း၂)

0 comments

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” (အပိုင်း၂)

(ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေးအစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ)

ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု မလုံလောက်တဲ့အတွက် တပြည်လုံးအနေနဲ့ တိုက်ပွဲကြီး တခုလုံးဟာ အလိုအလျောက်သဘော ဖြစ်နေပါတယ်။ တိုက်ပွဲဝင်အဖွဲ့အစည်းတွေ ထပ်နေပါတယ်။

ဦးတည်ရန်သူကို တဖက်ကတိုက်ရင်း တဖက်က ခေါင်းဆောင်မှုကို အောက်ခြေလူထုက ရွေးချယ်နေရတာပါ။ ၁၉၉၀ ရွေးကောက်ပွဲ ကျမှပဲ လူထုကြိုက်အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှုအဖွဲ့ကို ပြတ်ပြတ်ထင်ထင်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယသင်ခန်းစာလို့ ကျနော်တို့ ယူဆတာကတော့ တွေးခေါ်မြော်မြင်မှုအပိုင်းမှာရှုပ်ထွေးခြင်းနဲ့ မှားယွင်းသောစိတ်ကူးစိတ်သန်းများ ထားရှိခြင်း ဖြစ်ပါတယ်။

စည်းရုံးရေးအပိုင်းမှာရှုပ်ထွေးတာကို ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။ အခု တင်ပြမှာက တွေးခေါ်မြော်မြင်မှုအပိုင်းက ရှုပ်ထွေးခြင်း ဖြစ်ပါတယ်။

အရင်းရှင်နယ်ချဲ့သမားတွေက ဗမာပြည်မှာ စစ်အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီအစိုးရတရပ်နဲ့ အစားထိုးချင်နေပြီလို့မြင်တာဟာ အခြေခံအကျဆုံး အမှားပါ။

ဒီတွေးခေါ်မြော်မြင်မှုကနေပြီး ရှုပ်ထွေးမှုတွေတသီကြီးကို ဖြစ်ပေါ်လာစေပါတယ်။ လွဲမှားတဲ့စိတ်ကူးယဉ်မှုတွေကိုလည်း အများကြီး ဖြစ်ပေါ်လာစေပါတယ်။

နယ်ချဲ့သမားတွေဟာ ၂၆ နှစ်တိုင်တိုင် စစ်အစိုးရကို ကျားကန်ပေးထားခဲ့တာပါ။ 

စစ်အစိုးရကလည်း (ဒီအရင်က အစိုးရတွေပါ) ကွန်မြူနစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဆန့်ကျင်ရေး ပြည်တွင်းစစ်ကို နယ်ချဲ့သမားတွေအပေါ် လုံးလုံးမှီခိုပြီးတိုက်ခဲ့တာပါ။

နယ်ချဲ့သမားတွေ ဗမာပြည်မှာလိုချင်နေတာက သူတို့ကိုမှီခိုနေရတဲ့အစိုးရတရပ် ဖြစ်ပါတယ်။ လုံးလုံး နောက်လိုက်လုပ်မယ်ဆိုရင် ပိုကြိုက်ပါတယ်။ ၂၀ ရာစုနှစ်ရဲ့ အနှစ် ၅၀ ပိုင်း၊ ၆၀ ပိုင်း၊ ၇၀ ပိုင်းတုန်းက ယိုးဒယားအစိုးရတွေလို ကိုရီးယားစစ်ဆိုလည်း အမေရိကန်ရဲ့ နောက်က၊ ဗီယက်နမ်စစ်ဆိုလည်း အမေရိကန်ရဲ့နောက်ကလိုက်တဲ့အစိုးရမျိုးကို လိုချင်တာပါ။ ဗမာပြည်မှာ ဒီမိုကရေစီရရှိရေးထက် ဘာစနစ်နဲ့အုပ်ချုပ်နေနေ တို့လူ” “တို့နောက်လိုက်လုပ်မယ့်အစိုးရကို လိုချင်တာပါ။

ဒါပေမယ့် ဗမာပြည်မှာ ဒါမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ ကျနော်တို့ ပြည်သူတွေက နှစ်ပေါင်း ၁၀၀ ကျော်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း ရှိပါတယ်။ ဖောက်ပြန်တဲ့အစိုးရကလုပ်ချင်ဦးတော့ ပြည်သူတွေက လက်မခံပါဘူး။

၁၉၅၀ ခုနှစ် ကိုရီးယားစစ်တုန်းက အမေရိကန်နောက်လိုက် မရဲတရဲလုပ်ခဲ့မိလို့ အာဏာရဆိုရှယ်လစ်ပါတီ ကွဲခဲ့ရပါတယ်။ ဒီသင်ခန်းစာကို အုပ်စိုးသူများ မေ့နိုင်မှာမဟုတ်ပါဘူး။

တောင်အမေရိကမှာ၊ အလယ်အမေရိကနဲ့ ကာရေဘီယံဒေသတွေမှာလည်း အမေရိကန်ရဲ့ တို့လူ” စစ်အာဏာရှင်တွေ နည်းမှမနည်းပဲ။ အဲဒါမျိုးကို လိုချင်တာပါ။ အမေရိကန်နယ်ချဲ့ လိုချင်တာဟာ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။

ဗိုလ်နေဝင်းအနေနဲ့ ပြည်တွင်းက ကွန်မြူနစ်ဆန့်ကျင်ရေးကိုသာမက တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်နေတုန်းကဆိုရင် ပိုပြီးတောင် ကြည်ဖြူခဲ့ပါတယ်။ ပြစရာ သာဓကတွေ အများကြီးပါ။

သမိုင်းသင်ခန်းစာများဟာ ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ သွေးနဲ့ရင်းပြီးရယူခဲ့တဲ့ သင်ခန်းစာများ ဖြစ်ပါတယ်။ ၁၉၄၀-၄၁ ခုနှစ်က သမိုင်းသင်ခန်းစာများကို သတိရသင့်ပါတယ်။

အဲဒီတုန်းကလည်း ဂျပန်စစ်အုပ်စုဟာ ဗြုန်းစားကြီး ဗမာပြည်ရဲ့ လွတ်လပ်ရေးကို စိတ်ဝင်စားလာခဲ့ပါတယ်။ အနှစ်သာရအရကတော့ အခု အမေရိကန် - အင်္ဂလိပ်တို့က ဗမာပြည်ရဲ့ ဒီမိုကရေစီရေးကို စိတ်ဝင်စားတာနဲ့အတူတူပါပဲ။ သမိုင်းအခြေအနေ အချက်အလက်ချင်းကွာတဲ့အတွက် လုပ်ပုံလုပ်နည်းက မတူပါဘူး။

ဒီနေရာမှာ သမိုင်းအခြေအနေ အချက်အလက်များကို အခိုင်အမာ ထည့်တွက်ရေးဟာ တိုက်ပွဲဝင် ပြည်သူများအတွက် အလွန်အရေးပါ တာကို တပါတည်းတင်ပြသွားပါမယ်။

သမိုင်းဟာ ထပ်ကျော့ပြီး ထပ်တူထပ်မျှ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အနှစ်သာရချင်း ဆင်တူယိုးမှားဖြစ်တာပဲ ဖြစ်နိုင်ပါတယ်။

၁၉၄၀-၄၁ အခြေအနေက ဥရောပမှာ စစ်ဖြစ်နေပါတယ်။ ကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်ပါတော့မယ်။ ဥရောပစစ်မှာ ပြင်သစ်ကစစ်ရှုံးပြီး နယ်သာလန်က အတင်းသိမ်းပိုက်တာ ခံရပါတယ်။ အင်္ဂလိပ်ကလည်း သိမ်းပိုက်ခံရတော့မလိုလို ခြိမ်းခြောက်ခံနေရပါတယ်။ အာရှမှာ သူတို့ပိုင်ခဲ့တဲ့ ကိုလိုနီနိုင်ငံတွေကို ဂျပန်က မျက်စိကျပါတယ်။ တရုတ်-ဂျပန်စစ်ပွဲတိုက်ရေးမှာ ဗမာပြည်တွင်းက တရုတ်-ဗမာ လမ်းမကြီး ကလည်း မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါတယ်။

ဒီလို အခြေအနေ အချက်အလက်တွေကြောင့် ဂျပန်က ဗမာပြည် လွတ်လပ်ရေးကို စိတ်ဝင်စားလာတာပါ။

အထက်မှာဖော်ပြခဲ့တဲ့ အခြေအနေနဲ့အချက်အလက်များဟာ သမိုင်းဖြစ်သွားပါပြီ။ သမိုင်းဟာ ဘယ်တော့မှ ထပ်တူပြန်ဖြစ်တော့မှာ မဟုတ်ပါဘူး။

၁၉၈၈ အုံကြွမှုကြီး ဒီရေမြင့်ချိန်မှာ ရရင်ရ - မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံ ဝင်လာပါတယ်။ ဒါ သိပ်မှန်တဲ့ကြွေးကြော်သံပါ။ သန္နိဋ္ဌာန် ပြင်းပြသူများမှသာ ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်ပါ။

ချရင် ဘယ်လိုချမလဲ” “လက်နက် ဘယ်ကရမလဲ” စတဲ့မေးခွန်းတွေ တသီကြီး ပေါ်လာပါတယ်။

အဲဒီမှာ လွဲမှားတဲ့စိတ်ကူးစိတ်သန်းများ ပေါ်လာတော့တာပါ။ အမေရိကန်ရဲ့ ဒီမိုကရေစီ - ဗမာပြည်လူ့အခွင့်အရေး” စတဲ့ ကြွေးကြော်သံတွေကို ပိုပြီးတွက်ချက်မိကြပါတယ်။

လက်နက်ကို ရတဲ့ဆီက ယူမယ်။

ရဲဘော်သုံးကျိပ်နဲ့ BIA တပ်ကြီး ဖွဲ့ခဲ့သေးတာပဲ။

ရဲဘော် သုံးထောင်/သုံးသောင်းနဲ့ ပိုကြီးတဲ့ ဒီမိုကရေစီတပ်မတော်ဖွဲ့မယ်ဆိုတာတွေ ဖြစ်ကုန်ပါတယ်။

အသေးစိတ် မတင်ပြတော့ပါ။ ကျနော်တို့မှာ မှားယွင်းသောစိတ်ကူးစိတ်သန်းများ ရှိခဲ့တယ်ဆိုတာကိုပဲ ပုံပေါ်အောင်သာ တင်ပြတာ ဖြစ်ပါတယ်။

စစ်အစိုးရကို ဘယ်လိုချမှ ရမယ်၊ ဘယ်လိုချကြရမယ်ဆိုတာကို နောက်ပိုင်းမှာ ခေါင်းစီးသပ်သပ်ခွဲပြီးတင်ပြမှာဖြစ်လို့ ဒီလောက်နဲ့ ဒီကိစ္စကိုရပ်ထားပြီး ချရေးရဲ့ အရင်ပေါ်ခဲ့တဲ့ မှားယွင်းတဲ့စိတ်ကူးစိတ်သန်းတခုကို တင်ပြပါဦးမယ်။

အခု တင်ပြနေတဲ့ မှားယွင်းတဲ့စိတ်ကူးစိတ်သန်းများဆိုတာဟာ သူများတွေပေါ်တာထက် ကျနော်တို့ ယူဂျီပါတီဝင်အများအပြားနဲ့ ရှေ့တန်းရောက် တိုက်ပွဲဝင်ကျောင်းသားလူငယ်များအကြားမှာပေါ်ခဲ့တာကို ဆိုလိုပါတယ်။

စောစောပိုင်းကပေါ်ခဲ့တဲ့ မှားယွင်းတဲ့စိတ်ကူးစိတ်သန်းကို တင်ပြပါမယ်။ ဒေါက်တာမောင်မောင်ရဲ့ သမ္မတသက်တမ်း အစမှာ ပေါ်တာပါ။ အဲဒီ စိတ်ကူးစိတ်သန်း (တွေးခေါ်မြော်မြင်မှု)က...

နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်” ဆိုတာ တလောကလုံးဆိုင်ရာအမှန်တရား မဟုတ်ဘူး။ ခြွင်းချက်ရှိတယ်။ အခု ဗမာပြည်မှာ လူထုအုံကြွမှုကြီး အနုနည်းနဲ့ သွေးမြေကျတိုက်ပွဲဝင်ခဲ့မှုကြောင့် စိန်လွင် ပြုတ်ကျသွားပြီ။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်း သွားရပြီ။ လူထုရဲ့တောင်းဆိုချက်တွေ တစတစ ရလာနေပြီ။ ဒါကြောင့်...

နိုင်ငံရေးအာဏာဟာ လူထုရဲ့လက်ရုံးများကလည်း ထွက်သည်” ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက် ဖြစ်တယ်။

အဲဒီလို ထင်မြင်ယူဆလာတာတွေတောင် ရှိခဲ့ပါတယ်။ နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်လို့ ယူဆတာဟာ သမရိုးကျဖြစ်နေပြီလို့လည်း စွပ်စွဲခဲ့ပါတယ်။

အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေကလည်း အဲဒီလိုစိတ်ကူးမျိုးကို တွေးတောဖြစ်စေတာ အမှန်ပါပဲ။

စစ်အုပ်စုရဲ့ လက်မရွံ့လူသတ်သမားစိန်လွင်ဟာ ၁၉၈၈ သြဂုတ်လ ၁၂ ရက်နေ့မှာ နုတ်ထွက်သွားခဲ့ရပါတယ်။

သမ္မတသစ် ဒေါက်တာမောင်မောင် က သြဂုတ်လ ၂၄ ရက် ည ၈ နာရီမှာ အဲဒီနေ့ မွန်းလွဲ ၁ နာရီကစပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်း လိုက်ပါပြီလို့ ကြေညာလာရတယ်။ တခြား အရေးကြီးတဲ့ အလျှော့ပေးမှုတွေလည်း လုပ်လာပါတယ်။

ဒါတွေဟာ လူထုကြီးရဲ့သွေးမြေကျခံပြီး အကြမ်းမဖက် အနုနည်းသက်သက်နဲ့တိုက်ပွဲဝင်လို့ရလာတဲ့ အောင်သီးအောင်ပွင့်တွေပါ။ ဒီအောင်သီးအောင်ပွင့်တွေကို မျက်ကွယ်ပြုလို့ မဖြစ်ပါဘူး။ အလွန်လည်း မြင်သာထင်သာတဲ့အောင်မြင်မှုတွေ ဖြစ်ပါတယ်။ အောင်မြင်မှုတွေလို့ အသိအမှတ်မပြုရင် မှားပါတယ်။

စိန်လွင် နုတ်ထွက်ရတဲ့ သြဂုတ် ၁၂ ရက်နေ့က စပြီး လူထုကြီးဟာ အောက်ပွဲခံစိတ်ဓာတ်တွေ လွှမ်းမိုးနေပါတယ်။

စိန်လွင် မနုတ်ထွက်ခင်က လူထုတိုက်ပွဲကို အထက်အမိန့်အရ မတတ်သာဘဲပစ်သတ်နေရတဲ့ အစိုးရတပ်မှူးတပ်သားတွေလည်း စိတ်လက်ကြည်ရွှင် ပေါ့ပါးလားကြတယ်။ တဖက်နဲ့တဖက် တင်းမာမှုတွေ ပြေငြိမ်းစပြုလာတယ်။

ပြည်သူနဲ့တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကိုဦးစီးရှေ့ဆောင်စဉ်ကလို ကြည်ကြည်ဖြူဖြူဖြစ်ဖို့လမ်းစတွေ ပွင့်လာပါတယ်။

နေဝင်း စစ်အုပ်စုရဲ့ တလက်ကိုင်တပ်ဘဝ ချုပ်ငြိမ်းတော့မလို ဖြစ်လာပါတယ်။

မျိုးချစ်တပ်မှူးဟောင်း ၁၅ ဦး ကြေညာချက်

ဗမာ့တပ်မတော် တပ်မှူးဟောင်းများ၏ကြေညာချက်တွေဟာ အခြေခံအားဖြင့် ကောင်းမွန်ထိရောက်တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။ အချိန်လည်း မီပါတယ်။

ဒီလမ်းကြောင်းအတိုင်းသာ ဖြစ်ပေါ်တိုးတက်သွားရင် စစ်အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီအစိုးရသို့ ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်သွားမှာ သေချာပါတယ်။

၂၃၊ ၈၊ ၈၈ မျိုးချစ် တပ်မှူးဟောင်း ၁၅ ဦးရဲ့ တင်ပြချက်ထွက်လာပြီး နောက်တနေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းတာပါ။

စစ်အုပ်ချုပ်ရေးရုပ်သိမ်းလိုက်ရတာကို ခေါင်းမာတဲ့ဂိုဏ်းက လုံးဝ နောက်ဆုတ်သွားတာလို့ အကဲဖြတ်လို့ မဖြစ်ပါဘူး။

သမ္မတဒေါက်တာမောင်မောင်က မွန်းလွဲ ၁ နာရီက စပြီး စစ်အုပ်ချုပ်ရေးနဲ့ အရေးပေါ် ကြေညာချက် ရုပ်သိမ်းတယ်လို့ ပြောပါတယ်။ တကယ်က ဒီအရင်ကတည်းက နာရီပိုင်းစောပြီး ဗိုလ်မျိုးညွန့် (စစ်အုပ်ချုပ်ရေးမှူး)က သူ့သဘောနဲ့သူ စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီးပါပြီ။ 

တပ်တွေကိုလည်း မိမိစခန်းအသီးသီးသို့ ပြန်ဝင်ခိုင်းပါတယ်။

တပ်မှူးတပ်သားတွေနဲ့ ပြည်သူများ လက်မရွံ့လူသတ်ကောင်စိန်လွင်ပြုတ်ကျသွားလို့ ဝမ်းပန်းတသာ ဖက်လဲတကင်း ဖြစ်နေတာတွေ၊ အရောတဝင် ကြည်ကြည်ဖြူဖြူဖြစ်နေတာတွေကို သူတို့စစ်အုပ်စုက မလိုလားပါဘူး။ အန္တရာယ်ရှိလာပြီလို့ မြင်ပါတယ်။ ဒီအတိုင်း လွှတ်ထားရင် စစ်အုပ်စုခေါင်းမာဂိုဏ်းရဲ့ အမိန့်အာဏာ စစ်တပ်တတပ်လုံးပေါ်မှာတည်တော့မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ပြည်သူနဲ့ အရောတဝင်လုပ်ဖို့ လက်လှမ်းမမီတဲ့နေရာတွေကို အမြန်ရွှေ့ပစ်လိုက်တာပါ။

စိန်လွင်ရဲ့လမ်းစဉ်က စိန်လွင် သမ္မတမဟုတ်တော့လို့ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။

စိန်လွင်ရဲ့လမ်းစဉ်က ခပ်ပြတ်ပြတ် အမိန့်ပေး၊ လူများများသတ်၊ ၁ ယောက်သတ်လို့ မငြိမ်ရင် ၁၀ ယောက်သတ်။ မငြိမ်သေးရင် ၁၀၀၊ ၁၀၀၀ သတ်သာသွား။ နောက်ဆုံးမှာ ငြိမ်သွားရမယ်၊ ဝပ်သွားရမယ်၊ ပိပြီး ပြားသွားရမယ်။

စိန်လွင်က သူ့လမ်းစဉ်ကို သူတို့ထဲက (သူ့အထင်) ပျော့ညံ့သူများ၊ အသဲငယ်သူ၊ အသဲကြောင်သူများကြောင့် လမ်းဆုံးအောင် မလုပ်လိုက်ရတာလို့ ယူဆထားပါတယ်။

ထောက်လှမ်းရေးက စိန်လွင်လမ်းစဉ်ကို ကြိုက်ပါတယ်။ နဝတ တက်ခါစက လုပ်လိုက်တာဟာ စိန်လွင်လမ်းစဉ်ပါ။

တစတစ မိမိတို့ စစ်အုပ်စု သြဇာအောက်က တတပ်လုံး လွတ်သွားမှာကိုစိုးရိမ်လို့ စစ်တန်းလျားထဲပြန်သွင်းတာကို ကျနော်တို့တတွေ သတိမပြုမိခဲ့ပါဘူး။ အောင်မြင်မှုဘက်ကိုသာ အလေးကဲမြင်နေပြီး အခြားဘက်တဖက် ရန်သူရဲ့ကောက်ကျစ်မှုကို မမြင်မိခဲ့ပါဘူး။

တပြည်လုံးမှာလည်း စစ်တပ်ကို လူထုနဲ့မဆက်သွယ်နိုင်တဲ့နေရာမှာ ထားပါတယ်။ တပ်ထဲက သူတို့မယုံကြည်သူများကို ရှင်းလင်း ပစ်တာတွေ၊ ပြည်သူဆန့်ကျင်ရေးလုပ်ဖို့ သွေးထိုးပေးတာတွေ၊ ဂိုဏ်းဂဏစိတ်သွင်းပေးတာတွေ လုပ်ပါတယ်။ ရာထူးရာခံနဲ့ မြှူဆွယ် ပါတယ်။ ချုပ်ပြီးပြောရင် အာဏာသိမ်းပွဲအတွက် ပြင်ဆင်ပါတယ်။

ရဲဘော်မော်စီတုန်း ပြောခဲ့တဲ့ နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်ဆိုတဲ့ အမှန်တရားကို ဓနရှင် ဒီမိုကရက်များက ပြက်ရယ်ပြုကြပါတယ်။ တချို့ကလည်း နားဝင်မချိုကြပါဘူး။ သွေးဆာနေတဲ့ဆောင်ပုဒ်လို့လည်း ပြောကြပါတယ်။

ဒါပေမယ့် ဒါဟာ တလောကလုံးဆိုင်ရာ အမှန်တရားပါ။ ဘယ်နေရာမှာမဆို အကျပ်အတည်းကြီးတွေ ဖြစ်လာရင် သေနတ်ကို ဘယ်သူ အမိန့်ပေးသလဲ” ဆိုတာက အရေးပါသွားတော့တာပါ။ အမိန့်ပေးနိုင်သူက နိုင်ငံရေးအာဏာပိုင် ဖြစ်သွားတာပါ။

လူထုကိုယ်စားလှယ်များက (ယာယီ အစိုးရခေါ်ခေါ်၊ ကြားဖြတ်အစိုးရခေါ်ခေါ် လူထုကြိုက်အစိုးရက) အမိန့်ပေးနိုင်တာ မဟုတ်ခဲ့ပါ။ ကြားဖြတ်ပြီးတော့ အထူးတင်ပြချင်တာက... (၁) အထက်မှာ တင်ပြခဲ့တဲ့တင်ပြချက်တွေဟာ အစောပိုင်းက တင်ပြခဲ့သလို အမှန်တရား ရှာဖို့၊ နောင်မမှားအောင် သတိပြုဖို့ (စစ်အစိုးရ မပြုတ်မချင်း၊ လူထုတိုက်ပွဲကြီး ပေါ်ဦးမှာပါ။ အဲဒီအခါကျရင် မှန်မှန်ကန်ကန် ကျင့်သုံး နိုင်ဖို့)အစပျိုးပေးတာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ခဲ့ကြတဲ့၊ နောင်မှာလည်းဝင်ကြဦးမယ့် အင်အားစုအားလုံးသို့ ညှိနှိုင်းရန် တင်ပြချက် ဖြစ်ပါတယ်။

(၂) စစ်မြေပြင်မှာ ယမ်းခိုးဝမ်းငွေ့တွေပြယ်ပြီးမှ အေးအေးလူလူထိုင်ကာ တခွင်တပြင်လုံးကို ကြည့်ရှုသုံးသပ်နိုင်တဲ့အခြေအနေရောက်မှ (၅ နှစ် ၆ နှစ် ရှိမှ) သုံးသပ်ရတာဖြစ်လို့ ဟိုတုန်းက မမြင်ခဲ့တာတွေ မြင်လာတာဖြစ်ပါတယ်။ မသိခဲ့တာတွေ သိလာတာဖြစ်ပါတယ်။

အောင်မြင်မှုမှာ မိဘဖြစ်ချင်သူတွေများပေမယ့် ဆုံးရှုံးမှုမှာ မိဘမဲ့ဖြစ်တတ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆုံးရှုံးမှုအတွက် တာဝန် မယူချင်ကြတဲ့သဘောကို တင်စားပြောကြတာပါ။ ကျနော်တို့ကတော့ ခေါင်းမရှောင်ပါဘူး။ တာဝန်ယူစရာရှိတာ အားလုံး တာဝန်ယူ ပါတယ်။

နောင်မှာ ရှောင်ကြဉ်ရမယ့် သင်ခန်းစာယူရမယ့် အချက်များကို တင်ပြပြီးပါပြီ။ အဓိကကျတယ်ထင်တာကို တင်ပြတာပါ။ တခြား သင်ခန်းစာယူစရာကိစ္စတွေလည်း ရှိပါသေးတယ်။ ဒီအစီရင်ခံစာမှာ မတင်ပြတော့ပါဘူး။

ဆက်လက်ကိုင်စွဲ ဖွံ့ဖြိုးတိုးတက်သွားစေရမယ့် အတွေ့အကြုံတွေကို အခု တင်ပြပါမယ်။ အဓိကကျတဲ့ အချက်တွေပဲ တင်ပြ သွားပါမယ်။

အဓိကကျတဲ့ အချက်တွေကတော့...

ပထမအားဖြင့် နိုင်ငံရေးနည်းပရိယာယ်ခြေလှမ်းနဲ့ နည်းနာများ တညီတည်း ရှိခဲ့ခြင်း။

ပါတီစုံဒီမိုကရေစီကို မဏ္ဍိုင်တောင်းဆိုချက်အဖြစ် ထားနိုင်ခဲ့ပါတယ်။ ဘုံရန်သူဟာ မဆလ စစ်အစိုးရပဲ ဆိုတာကို ပျောက်မသွားအောင် တလျှောက်လုံး ထိန်းထားနိုင်ပါတယ်။

အလိုအလျောက် လက္ခဏာဆောင်နေတဲ့ လူထုတိုက်ပွဲကြီးထဲမှာ စည်းရုံးဖွဲ့စည်းထားမှု (တပြည်လုံး အတိုင်းအတာအရ) မရှိခဲ့တဲ့ အခြေအနေမှာ ဒီလိုထိန်းထားနိုင်တာဟာ ကျနော်တို့ ပြည်သူတွေရဲ့ နိုးကြားထက်မြက်မှုနဲ့ ကြီးမြတ်မှုကို ပြနေတာဖြစ်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူရေး” (အပိုင်း၁)

0 comments

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး (အပိုင်း၁)

(ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေးအစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ)

လူထုနဲ့ချီပြီးပါဝင်တဲ့ လှုပ်ရှားမှုကြီးတိုင်းမှာ အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ရှိစမြဲပါ။ ဥပမာအဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ သင်ခန်းစာကို တင်ပြပါမယ်။

၁၃၀၀ ပြည့် အရေးတော်ပုံဟာ ရည်မှန်းချက်ပန်းတိုင်အရောက် တကြိုးတည်း မချီတက်နိုင်ခဲ့ပါဘူး ဆုံးရှုံးသွားပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ သင်ခန်းစာနှစ်ခု ရခဲ့ပါတယ်။

ပထမ သင်ခန်းစာက အင်အားအဆမတန်ကြီးမားတဲ့ ခေတ်သစ်နယ်ချဲ့သမားကို အနိုင်တိုက်ဖို့ဆိုရင် တော်လှန်ရေးသဘောတရား လက်နက်တပ်ဆင်ထားတဲ့ စည်းကမ်းတင်းကျပ်တဲ့ တော်လှန်ရေးပါတီတရပ်ရဲ့ခေါင်းဆောင်မှု ရှိရမယ်။ အမျိုးသားရေးဝါဒ သက်သက်ကို လမ်းညွှန်ထားကာ လျော့ရဲရဲဖွဲ့စည်းထားတဲ့ ပါတီရဲ့ခေါင်းဆောင်မှုနဲ့ တိုက်လို့မဖြစ်ဘူးဆိုတာရယ်...

ဒုတိယသင်ခန်းစာက ခေတ်မီစစ်တပ်ကိုအသုံးပြုပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့နယ်ချဲ့အစိုးရကို အနိုင်တိုက်ချင်ရင် ခေတ်မီ အမျိုးသားတပ်မတော်တရပ် ထူထောင်ရမယ်။ လက်နက်မဲ့ရင်ဆိုင်လို့ကတော့ အနိုင်မရနိုင်ဘူးဆိုတဲ့သင်ခန်းစာများ ဖြစ်ပါတယ်။

သခင်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးဟာ ဒီနှစ်ခု ရှိလာအောင် စတင်ထူထောင်ခဲ့သူတွေထဲမှာ ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ကောင်းမှု ဖြစ်ပါတယ်။

မှန်မှန်ကန်ကန် ခြုံငုံသုံးသပ် နိဂုံးချုပ်ပြီး သင်ခန်းစာကောင်းကောင်းထုတ်ကာ ပြင်ဆင်သင့်တာ ပြင်ဆင်၊ မရှိတာ ရှိအောင်လုပ်နိုင်ရင် နောက်ဆုံးမှာ အောင်မြင်မှုရလာတာပါပဲ။ ဒါကြောင့်လည်း ဆုံးရှုံးမှုဟာ အောင်မြင်မှုအတွက် မိခင်ဖြစ်တယ်လို့ တင်စားပြီး ပြောကြတာပါ။

၁၃၀၀ ပြည့် အရေးတော်ပုံ ၁၀ နှစ်ပြည့်မြောက်တဲ့ အခါကျတော့ ကျနော်တို့ ပြည်သူများဟာ အင်္ဂလိပ်နယ်ချဲ့သမားအပေါ် လွတ်လပ်ရေးအောင်ပွဲ ရလိုက်ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံသာ မရှိခဲ့ရင်၊ အဲဒီ အရေးတော်ပုံက ပေးလိုက်တဲ့ သင်ခန်းစာကိုသာ မှန်မှန်ကန်ကန် မထုတ်ယူနိုင်ရင် ၁၉၄၈ မှာ အောင်ပွဲရမှာ မဟုတ်ပါဘူး။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကိုလည်း ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာများ ထုတ်ယူရပါမယ်။

သင်ခန်းစာများကို မှန်မှန်ကန်ကန် ထုတ်ယူနိုင်ရင် စစ်အစိုးရ-စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီ ယန္တရားတို့ကို နောက်တချီမှာ တိုက်ဖျက်ပစ်နိုင်ပါလိမ့်မယ်။

ဒီမိုကရေစီအစိုးရစစ်စစ်ကိုလည်း ထူထောင်နိုင်ပါလိမ့်မယ်။

ကျနော်တို့ပါတီက ထုတ်ယူရရှိတဲ့ သင်ခန်းစာကို တင်ပြပါမယ်။ ဒါဟာ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့အတွက် အဆိုတခုကို တင်ပြတဲ့သဘောပါ။ အမှန်တရားကို ဝိုင်းဝန်းရှာဖွေကြဖို့ အစပျိုးပေးတာလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်ရေးသဘောနဲ့ တင်ပြတာဖြစ်လို့ အမှားနဲ့ ချို့ယွင်းချက်များကိုသာ ဇောင်းပေးပြီးဖော်ထုတ်တင်ပြမှာပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့နှိုင်းစာရင် လူထုလူတန်းစား လူ့အလွှာများ ပါဝင်မှုဘက်ကပြောပြော၊ စွန့်လွှတ်စွန့်စားရမှု သွေးမြေကျမှုဘက်ကကြည့်ကြည့် အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။

ဒီအရေးတော်ပုံကြီးပေါက်ကွဲလာစေဖို့ ကျနော်တို့ပါတီဟာ အစောကြီးကတည်းက အားထုတ်လုံးပမ်းခဲ့ပါတယ်။ ပါတီရဲ့ သားကောင်း သမီးကောင်း အမြောက်အများကိုလည်း ပေးလှူခဲ့ရပါတယ်။ အရေးတော်ပုံရဲ့ အစ အလယ် အဆုံး တိုက်ပွဲစဉ်များမှာလည်း စွန့်လွှတ် စွန့်စားပြီး ပါဝင်ခဲ့ပါတယ်။

အခြေအနေ အချက်အလက်များ မရင့်မှည့်သေတဲ့ကာလဖြစ်တဲ့အတွက် အစောပိုင်းက လှုပ်ရှားမှုများဟာ ကြီးမားကျယ်ပြန့်တဲ့ လှုပ်ရှားမှုကြီးအဖြစ် မရောက်ရှိခဲ့ပါဘူး။ (အခြေအနေ ရင့်မှည့်မှုနဲ့ပတ်သက်ပြီး အထက်မှာ တင်ပြခဲ့ပြီးပါပြီ။)

၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင်ကြေညာတဲ့အချိန်ကတောင်မှ အုံကြွမှုကြီး ပေါ်ပေါက်မလာခဲ့ပါဘူး။

ဒီလိုအခြေအနေမျိုးမှာတောင်မှ လူထုအုံကြွမှုကြီး ဖြစ်မလာတော့ ဗမာပြည်အရေးကို စောင့်ကြည့်အကဲခတ်နေကြတဲ့ အနောက်တိုင်းက ပညာရှင်တွေက အံ့သြကြပါတယ်။ အခုလိုလည်း သုံးသပ်ကြပါတယ်။ ရှေ့ဆောင်လှုပ်ရှားမည့် ခေါင်းဆောင် မရှိလို့” “ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့လူထုဖြစ်လို့ သည်းခံစိတ် မြင့်မားလွန်းလို့

သူတို့တိုင်းပြည်တွေမှာလိုဆိုရင် ဒါမျိုးလုပ်တဲ့အစိုးရ ခုနှစ်ရက် မခံဘူး၊ ပြုတ်ကျတယ် လို့လည်း ပြောကြပါတယ်။

ဗမာပြည်တွင်းကအခြေအနေကို အတွင်းကျကျ မသိလို့ သူတို့ ဒီလို ပြောကြ သုံးသပ်ကြတာပါ။

၁၉၈၈ မှာ အုံကြွပေါက်ကွဲမှုကြီးဖြစ်လာတော့မှ သူတို့ အံ့အားသင့်သွားပါတယ်။

သူတို့သုံးသပ်တဲ့ ခေါင်းဆောင်မှုမရှိလို့ ဆိုတာကတော့ တပိုင်းမှန်ပါတယ်။ ဒါပေမယ့် အနှစ်သာရကျကျ စဉ်းစားကြည့်ရင် လူထု အုံကြွမှုကို ခေါင်းဆောင်က အချိန်မရွေး အခြေအနေမရွေး အမြဲတမ်း ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ လူထုအုံကြွမှုကသာ ခေါင်းဆောင်ကို ဘယ်အချိန်မှာမဆို ဖန်တီးနိုင်ပါတယ်။

၁၉၈၈ လူထုအုံကြွမှုကြီးအတွင်းမှာ ခေါင်းဆောင်မှုနေရာကိုရယူဖို့ အားထုတ်သူတွေ မနည်းပါဘူး။ ဒီမိုကရေစီ ဖခင်ကြီးလို့ ကိုယ့်ကိုကိုယ်ဖော်ပြီးထွက်လာတဲ့ ဦးအောင်ကြီးလိုလူတောင် ရှိပါတယ်။ ဒါပေမယ့် လူထုက (လူငယ်-လူကြီး အားလုံးက) တညီတည်းလောက် ရွေးခြယ်ဖန်တီးလိုက်သူက တခြားတယောက် ဖြစ်သွားပါတယ်။

ဘေးမှာ ကွန်မြူနစ်တွေဝိုင်းရံနေတယ်၊ ထုတ်ပစ်ရမယ် စသဖြင့် ဦးအောင်ကြီးက သဲနဲ့ပက်တာ လုပ်လာပါသေးတယ်။ အခုတလောမှာလည်း နဝတ ဗိုလ်ခင်ညွန့်က ကွန်မြူနစ်တွေက ဝိုင်းရံတဲ့နည်းနဲ့ တင်လို့ ခေါင်းဆောင်ဖြစ်လာတာ၊ နိုင်ငံခြားကသာ အထင်ကြီးထောက်ခံတာ စသည်စသည်ဖြင့် အပုပ်ချပါတယ်။ ဦးအောင်ကြီးရဲ့ လေကိုလိုက်ပြီး ပြောတာပါ။ ဒီစကား စခဲ့သူက ဦးအောင်ကြီးပါ။

ဦးအောင်ကြီးရဲ့ စာစောင်တွေအားလုံးမှာ မကွယ်မဝှက် ပါနေတဲ့အချက်အရ သူလိုလားတာဟာ စစ်အစိုးရ - စစ်အုပ်စု အာဏာရှင်စနစ် - စစ်ဗျူရိုကရေစီယန္တရားကိုဖျက်သိမ်းရေး မဟုတ်ပါဘူး။ ဦးနေဝင်းက နံပါတ်တစ်အဖြစ် သမ္မတလုပ်ပြီး သူက ဝန်ကြီးချုပ် လုပ်ချင် တာပါ။

ဗိုလ်တင်ဖေက စိတ်မနှံ့သူ၊ ဝန်ကြီးချုပ်လုပ်ခဲ့ကြတဲ့ ဗိုလ်စိန်ဝင်း၊ ဦးမောင်မောင်ခ၊ သူရဦးထွန်းတင်တို့က အရည်အချင်းမရှိသူတွေ၊ ဂျပန်အစိုးရကလည်း မကြည်ဖြူသူတွေ၊ သူသာ အထိုက်တန်ဆုံးဆိုတာ ပါပါတယ်။

တပ်က ထွက်ပြီး ဖဆပလဥက္ကဋ္ဌ လုပ်မယ်ဆိုတော့ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းကိုဖယ်ထားပြီး သခင်ဗဟိန်းကို တပ်ရဲ့ ဦးစီးဦးကိုင်အဖြစ် စစ်ဦးစီးချုပ်နေရာပေးတော့ သူက မကျေမနပ်ဖြစ်ပြီး ဗိုလ်နေဝင်းဘက်ကရပ်ခဲ့သူပါဆိုပြီး ဗိုလ်နေဝင်းကို မျက်ရည်ခံ ထိုးတာလည်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ သစ္စာရှိကျွန်ယုံတော်ဆိုတာကိုယုံကြည်ပါလို့ ရေးထားတာပါ။

စစ်တပ်က လူထုကို သွေးချောင်းစီးအောင် ပစ်သတ်နေတော့လည်း တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” လို့ ပြောခဲ့သူပါ။

အဲဒီလိုလူမျိုးကို လူထုက ခေါင်းဆောင်နေရာ မပေးတာလည်း မဆန်းပါဘူး။

လူထုက သူတို့ကိုခေါင်းဆောင်ပြီး စစ်အစိုးရ - နေဝင်းစစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ပြတ်ပြတ်သားသား တိုက်ဖျက်မယ့် သူကိုသာ လိုချင်တာပါ။ သူတို့ကို ခုတုံးလုပ်ပြီး အာဏာကုလားထိုင်မှာ သွားထိုင်မယ့်သူကို မလိုချင်ပါဘူး။

ဦးအောင်ကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို အရိုးစွဲအောင် မုန်းတီးနေသူ၊ ပြီးတော့ ရွံ့ကြောက်ကြီးဖြစ်နေသူဆိုတာကို ပါတီက သိပါတယ်။ စစ်အစိုးရကို အတိုက်အခံလုပ်သလိုလိုနဲ့ နိုင်ငံရေး အလံရှူးလုပ်နေတာကိုလည်း သိပါတယ်။ မင်းမဲ့ဝါဒ ဖြစ်လာပြီ” လို့ ဆိုကာ စစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ သူကပဲ စပြီး အချက်ပြခဲ့တယ်ဆိုတာလည်း ပါတီက သိပါတယ်။

ဒါပေမယ့် မဆလ စစ်အစိုးရကို ဖယ်ရှားပစ်ရေးမှာ အားလုံး တလုံးတစည်းတည်းရှိရေး၊ မကွဲပြဲရေးကိုဦးစားပေးပြီး ပါတီက သည်းခံ ခဲ့ပါတယ်။

ကျောင်းသားတွေ၊ လူငယ်တွေနဲ့ မြေအောက်ပါတီဝင် တော်တော်များများက ဦးအောင်ကြီးကို ဖွင့်ချချင်ကြတာကိုပင် မလုပ်ကြဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ပါတယ်။

ဘာကြောင့် ဒီလိုလုပ်သလဲဆိုတော့ ပါတီရဲ့စဉ်းစားချက်က ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးလုပ်တုန်းကလို ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖြစ်ချင်လို့ပါ။ အားလုံး စုစုစည်းစည်း ဖြစ်ချင်လို့ပါ။

အဲဒီတုန်းက အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ ချပ်သင်းသူဌေး ဦးဘတင်တို့လို အင်္ဂလိပ်အလိုတော်ရိတွေ၊ ကပ္ပတိန် ထွန်းလှအောင်တို့လို လူတွေကိုတောင် စည်းရုံးခဲ့တာပါ။ သူတို့အကူအညီတွေကို ရသလောက်ယူခဲ့တာပါ။

၁၉၄၅ မှာ ဖဆပလ တရားဝင်ဖွဲ့တော့လည်း ငါးပွင့်ဆိုင်တွေ၊ မျိုးချစ်တွေ၊ ဓားမတွေ အားလုံးပါအောင် စည်းရုံးခဲ့တာပါ။

ပြည်ပက နယ်ချဲ့ဖက်ဆစ်တွေကိုတော်လှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစုဖွဲ့ခဲ့သလို တိုင်းရင်းဖြစ်ဖက်ဆစ်တွေ (စစ်အစိုးရ)ကို တွန်းလှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖွဲ့ချင်တာဟာ ပါတီရဲ့မူ ဖြစ်ပါတယ်။

စစ်အစိုးရ - စစ်အုပ်စု - စစ်ဗျူရိုကရေစီယန္တရားကို တိုက်ဖျက်ဖို့တာဝန်ဟာ အလွန်ကြီးလေးပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာကို ပါတီက သိထားလို့ ကွန်မြူနစ်ဆန့်ကျင်သူများနဲ့တောင်မှ တပ်ပေါင်းစုထဲမှာ အတူနေဖို့ ကြိုးစား ခဲ့တာပါ။

ဒါပေမယ့် ကွန်မြူနစ်ဆန့်ကျင်သူများက (သူတို့ခေတ်ရောက်ပြီလို့ အခြောက်တိုက် ထင်နေပြီး) ဗကပ ကို အတင်းဝိုင်းပယ်ချင် နေကြတာပါ။

ဗမာပြည် ဆိုရှယ်လစ်ပါတီရဲ့ အတွေးအခေါ်ရှင်ကြီး ဦးကျော်ငြိမ်းကတောင် ပျော့ပျော့ပြောင်းပြောင်းရှိလာပေမယ့် ဦးအောင်ကြီးက (စစ်အုပ်စုထဲ ပြန်ဝင်ချင်ဇောနဲ့) ဗကပကို ဝိုင်းပယ်နေတာပါ။

ဗိုလ်အောင်ကြီးက စစ်အုပ်စုရဲ့ နံပါတ်နှစ်နေရာကို ပြန်ရနိုးနိုးနဲ့ ဘယ်လိုပဲ မျက်နှာလိုအားရလုပ်နေပေမယ့် သူ့ကို ဗိုလ်နေဝင်းက အသုံးမလိုတော့ပါဘူး။ နဝတ စစ်အုပ်စုဝင် အားလုံးကလည်း သူတို့အပေါ် ဆရာလာလုပ်မယ့်သူကို မလိုချင်ပါဘူး။ ထားရာနေမယ် ဆိုရင်တောင်မှ လက်မခံဝံ့ကြပါဘူး။ နောက်ဆုံးတော့ (သခင်စိုး အလုပ်ခံရသလို) နိုင်ငံရေးသိက္ခာသာမက လူမှုရေးသိက္ခာပါ အချခံရပြီးမှ ဘဲဥမှုနဲ့ ထောင်သွင်းခံရတာပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့ ပထမဆုံးသင်ခန်းစာဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာ ဖြစ်ပါတယ်။

ကျယ်ပြန့်တဲ့ တပ်ပေါင်းစုကို ကြိုတင်ဖွဲ့မထားနိုင်တော့ တညီတညွတ်တည်းသော အမိန့်ပေးအဖွဲ့ (ညွှန်ကြားရေးအဖွဲ့) မရှိခဲ့တာ။ ခေါင်းဆောင်မှုကို အုံကြွမှုဖြစ်နေမှသာ ရွေးချယ်နေရတာ။

သော့ချက်ကျတဲ့ နေရာတွေ၊ တရားဝင်အဖွဲ့အစည်းတွေထဲမှာ မိမိအင်အားစုများကို ကြိုတင်မြှုပ်နှံထားမှု မလုပ်နိုင်တာ - ဒါတွေဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာကိုဖော်ပြတာ ဖြစ်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက အင်္ဂလိပ်နယ်ချဲ့ပေးထားတဲ့ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ ရှိပါတယ်။ ခေါင်းဆောင်မှု ပေးရေးနဲ့ပတ်သက်ပြီး စည်းရုံးရေးအပိုင်းမှာ ပြဿနာမရှိခဲ့ပါဘူး။ သခင်ကိုယ်တော်မှိုင်းအမှူးပြုတဲ့ တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ၊ အလုပ်သမား - လယ်သမား အစည်းအရုံးများ စသဖြင့် ခေါင်းဆောင်မှုအဖွဲ့များ ဖွဲ့ဖွဲ့စည်းစည်း ရှိပြီးသားပါ။

သတင်းစာကနေပြီး ညွှန်ကြားချက်ထုတ်ရင် တရက်တည်းနဲ့ တပြည်လုံး ပြန့်ပါတယ်။ လှုံဆော် ဝါဒဖြန့် လုပ်နိုင်ပါတယ်။ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် တစုံတရာ ရှိပါတယ်။

၁၉၈၈ မှာ ဒါမျိုး မရှိပါဘူး။

ဂျပန်ဖက်ဆစ်ခေတ်မှာ လုပ်ရတာကျတော့လည်း BDA တပ်တွင်းရှိ မျိုးချစ်ပြည်ချစ်တပ်မှူးများနဲ့ ပါတီဝင်တပ်မှူးတပ်သားများရဲ့ ကူညီပံ့ပိုးမှု ရှိပါတယ်။ သူတို့အကူအညီနဲ့ ဖတပလ ကို ဖွဲ့နိုင်ခဲ့ပါတယ်။ ဂျပန်ရုပ်သေးအစိုးရ ဌာနများရဲ့ အကူအညီနဲ့ တပ်ပေါင်းစုကို တိုးချဲ့နိုင်ပါတယ်။

၁၉၈၈ မှာတော့ ပြည်တွင်းစစ် ဖြစ်နေချိန်ပါ။ ပါတီဗဟိုကလည်း မြို့တော်နဲ့ အလှမ်းကွာပါတယ်။ တပ်ပေါင်းစုကို မြေအောက်နည်းနဲ့ ဖွဲ့စည်းနေရတာပါ။

တိုက်ပွဲဝင်ပြည်သူတွေကိုယ်တိုင်ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ စသဖြင့် မရှိပါဘူး။ မဆလ က ဖွဲ့ထားတဲ့ အဖွဲ့တွေတော့ရှိပါတယ်။ ဒီအဖွဲ့တွေဟာ လူထုအုံကြွမှုကြီးအရှိန်မြင့်မားချိန်မှာ တိုက်ပွဲဝင်သူ တွေ ဖြစ်လာတတ်ပါတယ်။ ကြိုတင်ပြီး အစီအစဉ်ရှိရှိနဲ့ မိမိအင်အားစုများကို ဒီလို တရားဝင်တည်ရှိနေတဲ့ အဖွဲ့အစည်းတွေမှာ ဝင်ရောက်မြှုပ်နှံထားရပါမယ်။ ကျနော်တို့ မြှုပ်နှံတာ မလုံလောက်ခဲ့ပါဘူး။ ဒီမှာပြောတဲ့ ကျနော်တို့ဆိုတာဟာ ပါတီသက်သက်ကို ပြောတာ မဟုတ်ပါဘူး။ တိုက်ပွဲကိုပြင်ဆင်တဲ့ အဖွဲ့အစည်းအားလုံးကို ဆိုလိုပါတယ်။

ရန်သူ့စစ်တပ်ထဲမှာ မြှုပ်နှံထားတာဟာ သော့ချက်အကျဆုံးတာဝန် ဖြစ်ပါတယ်။ ရန်သူ့စစ်တပ်ရဲ့ အချို့အစိတ်အပိုင်းကို ပြည်သူတွေဘက် ကူးပြောင်းလာအောင်၊ အများပိုင်းကို ကြားနေလာအောင် စစ်အုပ်စုရဲ့အမိန့်ကိုမနာခံသူတွေဖြစ်လာအောင်လုပ်နိုင်မှ လူထုတိုက်ပွဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

တပ်ပေါင်းစုလုပ်ငန်းကိုလုပ်ရတာဟာ ပါတီယူဂျီများအဖို့ အများကြီးစွန့်စားရပါတယ်။ ရန်သူက ဖော်ထုတ်ပြီး ဖမ်းဆီးသွားခဲ့နိုင်တာတွေ အားလုံးလောက်ဟာ တပ်ပေါင်းစုဖွဲ့စည်းရေးလုပ်ငန်းလုပ်ရင်းက အစ ရသွားတာပါ။ စကားတခွန်း ပြောဖို့၊ စာတစောင်ပေးဖို့ ပါတီက ဘယ်လောက် ရင်းနှီးခဲ့ရတယ်၊ စွန့်လွှတ်စွန့်စားရတယ်ဆိုတာကိုပေါ်လွင်အောင် တင်ပြနေတာပါ။ ဒီလို စွန့်လွှတ်စွန့်စားခဲ့ရတာတွေ အတွက် နောင်တရနေမှာမဟုတ်ဘဲ ဂုဏ်ယူနေတာဖြစ်ပါတယ်။

၁၉၈၀-၈၁ ကစပြီး ပါတီစုံဒီမိုကရေစီ” ကြွေးကြော်သံ ထုတ်ပြန်ခဲ့စဉ်ကတည်းက စတင်ပြီး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူထုအုံကြွမှုကြီးကိုခေါင်းဆောင်မယ့် ခေါင်းဆောင်မှုအဖွဲ့ကို ၁၉၈၈ အထိ တူတူတန်တန် မဖွဲ့နိုင်ခဲ့ပါဘူး။

စစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီး ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ မုချသဘောကို ပါတီက သိရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘာကိုအကြောင်းပြုပြီး ဘယ်နေရာမှာဖြစ်လာမလဲဆိုတဲ့ ရှောင်တခင်သဘော (ကြုံကြိုက် တိုက်ဆိုင်မှုသဘော)ကိုတော့ မသိနိုင်ပါဘူး။

၁၉၈၈ ခုနှစ်၊ မတ်လမှာတော့ ဒါဟာ လူထုအုံကြွမှုကြီးရဲ့အစဆိုတာ တွက်ချက်လို့ ရပါပြီ။ အဲဒီအချိန် ရောက်သည်အထိ ခေါင်းဆောင်မယ့် ကျယ်ပြန့်တဲ့တပ်ပေါင်းစု အမြုတေ ဖွဲ့လို့မပြီးသေးပါဘူး။

လှုပ်ရှားမှုကြီးကိုခေါင်းဆောင်မယ့်တပ်ပေါင်းစု မရှိတော့ တညီတညွတ်တည်းသော ခေါင်းဆောင်မှုမပေးနိုင်ဘဲ တယောက် တပေါက်ဖြစ်ကာ စည်းလုံးမှုပျက်ပြားစေပါတယ်။ ရန်သူက ဝင်ပြီး သပ်လျှိုသွေးခွဲနိုင်ဖို့ ရေခံမြေခံ ဖန်တီးပေးသလို ဖြစ်ရပါတယ်။

ယာယီအစိုးရ ဖွဲ့စည်းရေး” ကြွေးကြော်သံကို လက်တွေအကောင်အထည်ဖော်ဖို့ အခြေအနေတရပ်ဖြစ်ပေါ်လာတော့ ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။

တစုတစည်းတည်းသော ခေါင်းဆောင်မှုအဖွဲ့ ရှိနေပြီး တညီတညွတ်တည်းသောရှေ့ဆောင်မှုကိုသာ ပေးနေနိုင်ခဲ့ရင် ဒါမျိုး မဖြစ်နိုင်ပါဘူး။

သန္နိဋ္ဌာန် ပြတ်သားခိုင်မာမှုနဲ့ စွန့်လွှတ်စွန့်စားမှုတွေဘက်မှာ လုံးဝ ပြည့်စုံပါတယ်။ တိုက်ပွဲဝင် ကျောင်းသားလူငယ်တွေနဲ့ လုပ်သားပြည်သူတွေဟာ အံ့သြလေးစားဖွယ်ကောင်းအောင် စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ပါတယ်။ တပြည်လုံး အုံးအုံးကြွက်ကြွက် အုံကြွလာခဲ့တာ ဖြစ်ပါတယ်။

ဗမာ၊ မြန်မာပြဿနာစာအုပ်မှာပါတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြတာပါ။

0 comments

ဗမာ၊ မြန်မာပြဿနာစာအုပ်မှာပါတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြတာပါ။

ဗ၊ မ ပြဿနာ

 

 

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နာမည်မှာ ဗမာနေရာကို မြန်မာနဲ့ အစားထိုးပြောင်းလဲဖို့ ပြောကြတဲ့အသံတွေကို ဒီနေ့ခေတ်မှာ အသစ်တဖန်ပြန်ကြားလာရပါတယ်။ အထူးသဖြင့် အဲသလို ပြောကြတဲ့အထဲမှာ တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်လာကြတဲ့အတွက် ဒီကိစ္စဟာ ပိုပြီး အလေးအနက်ထားရမယ့်အကြောင်းအရာ ဖြစ်လာပါတယ်။ အဲဒီတိုင်းရင်းသားလူငယ်တွေထင်နေတာက ဗမာနိုင်ငံလုံးဆိုင်ရာဟာ တိုင်းရင်းသားတွေ မပါဘူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုမှ သူတို့ပါမယ်လို့ထင်နေကြတာကိုး။ ဒီတော့ အဲသလို မဟုတ်ကြောင်း၊ သူတို့ထင်တာဟာ ပြောင်းပြန်ဖြစ်နေကြောင်း ရှင်းလင်းဖို့ အရေးတကြီးလိုအပ်လာပါတယ်။

 

 

သမိုင်း အစဉ်အလာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဆိုတဲ့ နာမည်ကို ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး နာမည်ခံခဲ့တာဖြစ်ပါတယ်။ သူ့ထက်အရင်စောတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ABSU) ကိုတော့ ဒုတိယကျောင်းသားသပိတ်အပြီး ၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ ခေတ်ပါ။

ခေတ်အဆက်ဆက် ဗကသနဲ့ ဗကသများအဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားကျောင်းသားခေါင်းဆောင်တွေ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ရှမ်းကျောင်းသားခေါင်းဆောင် ကိုတင်ဧ (ပင်လုံ)၊ ရှမ်းကျောင်းသား ခေါင်းဆောင် ကိုခင်မောင်ကြီး (လက်ရှိ အမေရိကန်ပြည်ထောင်စု)၊ ရခိုင်ကျောင်းသားခေါင်းဆောင် ကိုသာဘန်း (လက်ရှိ ALD ခေါင်းဆောင်တဦး ဖြစ်တဲ့ ကြေးမုံဦးသာဘန်း)၊ ကရင်ကျောင်းသားခေါင်းဆောင် စောဒေးဗစ်သာကပေါ( လက်ရှိ KNU ခေါင်းဆောင်)၊ ကရင် ကျောင်းသား ခေါင်းဆောင် ပဒိုမန်းရှာလာဖန်း( ကွယ်လွန်သူ KNU ခေါင်းဆောင်)၊ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ( စစ်အစိုးရက ကြိုးမိန့်ပေးသတ်ဖြတ်)၊ မွန်ကျောင်းသားခေါင်းဆောင် မင်းစိုးမင်း၊ မင်းအုန်းမြိုင်တို့ အပါအဝင် တိုင်းရင်းသား ကျောင်းသားခေါင်းဆောင်အများအပြားဟာ တကသ၊ ဗကသ၊ ဗကသများအဖွဲ့ချုပ်အလံတွေအောက်မှာ ပါဝင်လှုပ်ရှားခဲ့ကြဖူးပါတယ်။ အဲဒီဗကသ၊ ဗကသများအဖွဲ့ချုပ် သမိုင်းတလျောက်လုံးမှာ ဗ၊မ ပြဿနာကို မကြားခဲ့ရဖူးပါဘူး။ ဗမာနိုင်ငံလုံးဆိုင်ရာဟာ တိုင်းရင်းသားအကျုံးမဝင်ဘူးလို့ ငြင်းခုန်ပြောဆိုမှုမျိုး မတွေ့ခဲ့ပါဘူး။ ဘယ်တိုင်းရင်းသားကျောင်းသားခေါင်းဆောင်ကမှ ဗမာနိုင်ငံလုံးဆိုင်ရာဆိုတာ တိုင်းရင်းသားမပါဘူးလို့ သံသယဝင်ခဲ့ပုံ၊ စောဒကတက်ခဲ့ပုံလည်း မရပါဘူး။


ဒါ့အပြင် သမိုင်းဝင်အဖွဲ့အစည်းတွေထဲမှာလည်း ဗမာနာမည်ခံယူတဲ့ တခြားနိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်၊ တို့ဗမာအစည်းရုံး၊ ဗမာ့တပ်မတော်၊ ဗမာ့လက်ရုံးတပ်ဖွဲ့၊ တို့ဗမာရဲတပ်ဖွဲ့၊ တို့ဗမာ ရှပ်နီတပ်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ တို့ဗမာ ဆင်းရဲသား အစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး၊ဗမာပြည် တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအစည်းအရုံး၊ ဗမာပြည် အလုပ်သမား အစည်းအရုံးများအဖွဲ့ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ဆိုရှယ်လစ်ပါတီ (ပြည်သူ့ အရေးတော်ပုံပါတီ)၊ ဗမာပြည် အလုပ်သမား၊ လယ်သမားပါတီတို့ဟာ ဗမာနာမည်ခံခဲ့ကြတဲ့ သမိုင်းဝင် အဖွဲ့အစည်းတွေပါ။ အဲဒီအဖွဲ့အစည်းအားလုံးဟာ ဗမာဆိုတာကို တိုင်းရင်းသားအားလုံး အကြုံးဝင်တယ်လို့ မှတ်ယူသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ချုပ်လို မြန်မာနာမည်ခံယူတဲ့ အဖွဲ့အစည်းမျိုးလည်း မရှိမဟုတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ တို့ဗမာအစည်းအရုံးခေတ်ကနေ လွတ်လပ်ရေးရတဲ့အချိန်အထိ ကာလတလျောက်မှာ ဗမာနာမည်ခံတဲ့ အဖွဲ့အစည်းတွေကသာ အများစုဖြစ်ပါတယ်။

ဗကသမှာလည်း မြန်မာနာမည်ခံယူသုံးနှုန်းခဲ့ဖူးတဲ့ ကာလတိုတခုရှိခဲ့ဖူးပါတယ်။ ဗကသ ဖွဲ့စည်းကာစ ကနဦးကာလမှာ ဖြစ်ပါတယ်။ ကနဦးကာလမှာ နာမည် သုံးစွဲမှုနဲ့ ပတ်သက်ပြီး တည်ငြိမ်မှု မရှိသေးဘဲ စမ်းသပ်သုံးစွဲခဲ့တယ်လို့ ယူဆဖွယ်ရာဖြစ်ပါတယ်။


၁၉၃၆ စတင်ဖွဲ့စည်းစဉ်ကနေ ၁၉၃၇ နှစ်ဆန်းပိုင်းလောက်အထိမှာ ဗမာနိုင်ငံလုံးဆိုင်ရာလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၃၇ နှစ်ဆန်းပိုင်းကနေ ၁၉၃၈ နှစ်ဆန်းပိုင်း လောက်ကာလအတွင်းထုတ်တဲ့ စာရွက်စာတမ်းတချို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာလို့သုံးခဲ့တာမျိုးကို ထူးထူးခြားခြားတွေ့ရပါတယ်။ (မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့ သုံးတာကို မှတ်တမ်းတချို့မှာတွေ့ရပေမဲ့ အတိုကောက်အားဖြင့် မကသ လို့ သုံးတာမျိုးတော့ မတွေ့မိပါ။) တနှစ်ဝန်းကျင်လောက်ကြာမယ့် အဲဒီကာလတိုတခုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့သုံးစွဲတဲ့ စာရွက်စာတမ်းတချို့တွေ့ရတဲ့အတွက် အဲဒီကာလမှာ မြန်မာဆိုတဲ့ စကားလုံးကို စမ်းသပ်သုံးစွဲခဲ့တယ်လို့ ယူဆစရာဖြစ်ပါတယ်။ ဒါမှ မဟုတ် မြန်မာနဲ့ ဗမာကို ပြတ်ပြတ်သားသားမခွဲခြားဘဲ ကြုံသလို အရောရောအနှောနှော သုံးစွဲခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ၁၉၃၈ ကနေ နောက်ပိုင်း တလျောက်လုံးမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာဆိုတဲ့စကားကိုသာ တသမတ်တည်း တည်တည်ငြိမ်ငြိမ်သုံးစွဲ သွားခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုတဲ့စကားလုံးကို နောက်ထပ် ကြားဖောက်သုံးစွဲတာမျိုး မတွေ့ရတော့ပါဘူး။ ဒီတော့ ဗကသဟာ တနှစ်လောက်ကြာအောင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမည်ကို စမ်းသပ်သုံးစွဲကြည့်ခဲ့ပြီး၊ သို့မဟုတ် ရောနှောသုံးစွဲပြီး နောက်ပိုင်းမှာတော့ အပြီးအပိုင်စွန့်လွှတ်လိုက်တယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။

ဘာ့ကြောင့် အဲသလို တနှစ်လောက် သုံးကြည့်ပြီးနောက်မှာ မြန်မာကို အပြီးအပိုင်စွန့်လွှတ်ပြီး ဗမာနာမည်ကို ခံယူလိုက်ပါသလဲ။

နောက်တခါ အဲဒီခေတ်မှာ အဖွဲ့အစည်းအများအပြားဟာ ဗမာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ပါရက်နဲ့ ဘာ့ကြောင့် ဗမာဆိုတဲ့စကားလုံးဟာ တိုင်းရင်းသားတွေ ပါမှပါရဲ့လားဆိုတဲ့ သံသယစကားမျိုးကို (ဒီနေ့ခေတ်လို) တိုင်းရင်းသားတွေဘက်က မပြောမဆိုခဲ့ကြတာပါလဲ။

ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသားအားလုံးအပါအဝင်ဖြစ်တဲ့ တနိုင်ငံလုံးကို မြန်မာလို့ မသုံးဘဲ၊ ဗမာဆိုတဲ့ နာမည်နဲ့ပဲ ခေါ်ဝေါ်သုံးစွဲမယ်လို့ အဲဒီခေတ်က နိုင်ငံရေးအရဦးဆောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးအတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့လို့ ဖြစ်ပါတယ်။

အဲသလို ဆုံးဖြတ်ချက်ချပြီး ပြဌာန်းသတ်မှတ်ခဲ့ကြောင်းကို တို့ဗမာအစည်းအရုံးသမိုင်းမှာ အခုလို အတိအလင်းဖော်ပြထားပါတယ်။

တို့ဗမာ အစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာ…..

သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည်ဆိုသောစကားမှာ မြန်မာလူမျိုးများနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ် ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များကပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာပြည်ဟု မသုံး၊ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟု ခေါ်သည်။လို့ ရှင်းလင်း ရေးသားထားပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံဆိုတာဟာ ပြည်မနေ မြန်မာလူမျိုးတွေကပိုင်ဆိုင်တဲ့နိုင်ငံလို့ အဓိပ္ပါယ်သက်ရောက်တဲ့အတွက် တိုင်းရင်းသားအားလုံးပိုင်ဆိုင်တဲ့နိုင်ငံကို မြန်မာနိုင်ငံလို့ မသုံးဘဲ ဗမာနိုင်ငံလို့သုံးမယ်လို့ တို့ဗမာအစည်းအရုံးက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်ဟာ မြန်မာလူမျိုးကြီးဝါဒကိုဆန့်ကျင်ကြောင်း အထင်အရှားပြသနေပါတယ်။


တို့ဗမာအစည်းအရုံးသမိုင်းဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်မှာ တနိုင်ငံလုံးက သခင်ခေါင်းဆောင်တွေ ရန်ကုန်မှာ စုဝေးရောက်ရှိလာခဲ့ကြရာကနေစတင်ပြီး ၁၉၆၈ ခုနှစ်အထိကာလအတွင်းမှာ တနိုင်ငံလုံးက သခင်ခေါင်းဆောင်တွေ စုပေါင်းပြီးရေးသားခဲ့တဲ့ သမိုင်းစာအုပ်ဖြစ်ပါတယ်။

တို့ဗမာ အစည်းအရုံး သမိုင်းရဲ့ အဲဒီ စာမျက်နှာ ၂၁၅ မှာပဲ

မြစ်ကြီးနားမှ တို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ်မှ တို့ဗမာများက ဆတ်ဆတ်ခါအောင် နာကြပါလို့ ဟောပြောခဲ့ကြကြောင်းကိုလည်း အတိအလင်းရေးသားထားပါတယ်။

တို့ဗမာ အစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃ မှာတော့ ဒီလိုရေးထားပါတယ်။

တို့ဗမာအစည်းအရုံးဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအမှတ်အဖြစ် တို့ဗမာဟု ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်သည်၊ မာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ငုံမိစေရန် ဗမာဟူသောစကားလုံးကို ရွေးသည်၊ အသံထွက်မာကျော၍ သုံးစွဲသည်။ တဖန် ဘ ကုန်းနှင့် ဘမာဟု မရေးပဲ ဗ လချိုက်နှင့် ရေးခြင်းမှာလည်း၊ ဘ သည် ရံဖန်ရံခါ ဖ သံ ထွက်သဖြင့် စိတ်မချရသောကြောင့် ဗလချိုက်နှင့် ဗမာဟုရေးသည်

လို့ ဖွင့်ဆိုထားပါတယ်။

rjefrm၊ ဗမာ ​ေဝါဟာရ ဘယ်ကစသလဲ။

မြန်မာဆိုတဲ့ဝေါဟာရကို အစောဆုံးတွေ့ရတာဟာ ပုဂံခေတ်ဖြစ်တယ်ဆိုတဲ့အချက်ကို မြန်မာစာပညာရှင် သမိုင်းပညာရှင် အများအပြား သဘောထားကိုက်ညီကြပါတယ်။

ဆရာ သိပ္ပံစိုးရင်ရဲ့ ၁၉၆၈ ခုနှစ်မှာထုတ်တဲ့ မြန်မာ့ယဉ်ကျေးမှုသမိုင်း၊ စာမျက်နှာ ၅၆ ကနေ ၅၈ အတွင်းမှာ ဖော်ပြထားတာက မြန်မာဟူသော ဝေါဟာရကို ပထမဦးစွာ အစောဆုံး သက္ကရာဇ် ၄၅၂ (အေဒီ ၁၁၉၀) ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် စတင်တွေ့ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ ခန့်စောသော ကျန်စစ်မင်းကြီး၏ နန်းတည်မွန်ကျောက်စာ (၁၁၀၂ အေဒီ) တွင် မြန်မာကို မိရမာ” ဟူ၍ ရေးထိုးထားသည်ကိုတွေ့ရ၏။ အေဒီ ၁၃၄၂ ခုနှစ်တွင် ရေးထိုးသည့် မြန်မာ ကျောက်စာတွင် မြံမာဟူ၍ ရေးထိုးထားသည်ကို အစောဆုံးတွေ့ရ၏။ ထို့နောက် ကျောက်စာများနှင့် မင်စာများတွင် မြန်မာ” “မြံမာ” “မြမ္မာဟူ၍ရေးထိုးလာကြသည်ကို တွေ့ရှိရပြန်သည်။


တရုတ်ရာဇဝင် မှတ်တမ်းများအလိုအားဖြင့် ရှေးက မြန်မာနိုင်ငံကို စောပိုး” ဟူ၍ ခေါ်ဆိုကြ၍ တရုတ်ဟန်မင်းများ လက်ထက် (ဘီစီ ၂၀၂- အေဒီ ၂၆၃) တွင် မြန်မာနိုင်ငံကို တန်” ဟူ၍ ခေါ်ဆိုလျက် တရုတ်တန်မင်းများလက်ထက် (အေဒီ ၆၁၈ - ၉၀၇ )တွင် မြန်မာနိုင်ငံကို ပိယော (ပျူ)ဟုခေါ်ဆိုကြသည်။ ဆွန်မင်းများလက်ထက် (အေဒီ ၉၆၀) တွင် မိယင်ဟုခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်းတို့လက်ထက်မှ မိယင်” တို့သည် တရုတ်တို့နှင့် ဆက်ဆံ သွားလာမှုများ စတင်ပြုလုပ်ကြသည်ဟု ဆို၏။ မိယင်” ဆိုသော အမည်မှာ မြန်မာ” ဆိုသော အမည်ကို အဖျားဆွတ်၍ ခေါ်ဆိုရေးမှတ်ခြင်းဖြစ်လိမ့်မည်ဟု သုတေသီများကယူဆကြသည်။ တနည်းအာဖြင့်ဆိုသော် တရုတ်မင်းတို့က အေဒီ ၆၁၈ - ၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့သည်။ မြန်မာ” ဟူ၍ ထင်ပေါ်ခြင်း ရှိဟန်မတူသေးပေ။ မြန်မာတို့ကို အသိအမှတ်ပြုလာသည်မှာ အေဒီ ၉၆၀ ခုနှစ်ခန့်မှ အစပြုသည်ဟုယူဆရပါသည်။ မြန်မာ့ရှေးဟောင်းသမိုင်း အဆိုအရလည်း ပုဂံကို သက္ကရာဇ် ၂၁၁ (အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟု ဆိုထားသဖြင့် ယုတ္တိရှိသည်ဟုဆိုရပေမည်။


ဒီတော့ မြန်မာဆိုတဲ့စကားဟာ ပုဂံခေတ်ကတည်းက ပေါ်လာခဲ့တာဖြစ်ကြောင်း ထင်ရှားပါတယ်။ အဲဒီတုန်းကခေါ်တဲ့ မြန်မာဟာလည်း အခုပြည်မမှာနေကြတဲ့ လူမျိုးကိုသာ ခေါ်ကြတာဖြစ်ပြီး၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား ဆိုတဲ့ လူမျိုးတွေ မပါကြောင်း ထင်ရှားပါတယ်။


ဒါဆိုရင် ဗမာဆိုတဲ့စကားကရော ဘယ်တုန်းကပေါ်လာတဲ့စကားပါလဲ။ ထူးခြားတာက ဗမာဆိုတဲ့ စကားကို ကျောက်စာတွေမှာ အထောက်အထားနဲ့ မတွေ့ရတဲ့ အချက်ပါပဲ။ ဒီတော့ ဗမာဆိုတဲ့စကားရဲ့ မူလရင်းမြစ်ကရော ဘာပါလဲ။ မြန်မာဆိုတဲ့ စကားကရော မူလရင်းမြစ်ကဘာပါလဲ။

ဗမာ၊ မြန်မာဆိုတဲ့ စကားရဲ့မူလရင်းမြစ်ကို လေ့လာဆန်းစစ်တဲ့အခါ ဆရာအမျိုးမျိုးက အယူအဆအမျိုးမျိုး တင်ပြကြပါတယ်။ ၁၉၃၃ ခုနှစ်မှာ ထုတ်တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် JBRS အတွဲ ၂၃ ၊ အမှတ် ၂ မှာ ဆရာ ဦးကျော်ထွန်းက အယူကွဲ၊ မူကွဲအမျိုးမျိုးကိုဖော်ပြပြီး မြန်မာဆိုတဲ့စကားလုံးရော၊ ဗမာဆိုတဲ့စကားလုံးရောဟာ ဗြဟ္မာဆိုတဲ့ ပါဠိစကားလုံးကဆင်းသက်လာတဲ့ဝေါဟာရဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ (အသေးစိတ်သိလိုသူတွေ ဆရာ ဦးကျော်ထွန်းရဲ့ဆောင်းပါးကို ဖတ်ရှုကြပါ။ ရှာဖွေမရသူများ ဗကသနဲ့ဆက်သွယ် တောင်းခံနိုင်ပါတယ်။ ဆရာဦး ကျော်ထွန်းရဲ့ အယူအဆကို ဒီနေ့ခေတ် မြန်မာဘာသာဗေဒပညာရှင်အများစုက ထောက်ခံကြပါတယ်။)

ဗြဟ္မာဆိုတဲ့စကားကနေ ဗြမ္မာ၊ ဗြမ္မာကနေ မြမ္မာ၊ မြမ္မာကနေ မြန်မာအဖြစ် ပြောင်းလဲလာတယ်လို့ ဆရာဦးကျော်ထွန်းကဆိုပါတယ်။ ဗမာဆိုတဲ့စကားလုံးဟာလည်း ဗြဟ္မာဆိုတဲ့စကားကနေ ဗမ္မာ၊ ဗမ္မာကနေ ဗမာဖြစ်လာတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာလည်းကျွန်တော်တို့ကို ဗြဟ္မာ (အသံထွက်အားဖြင့် ဗရမာ)လို့ ခေါ်ပါတယ်။ အိန္ဒိယကုလားတွေက ကျွန်တော်တို့ကို ဗရမာ ခေါ်တာကို ကြားကြတဲ့အတွက် အင်္ဂလိပ်က ဗမာကို ခေါ်တဲ့ အခါ Burma လို့ ထည့်ပေါင်းခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဗမာတွေခေါ်တဲ့အသံကိုသာ အရင်ကြားရင် Bamar သို့မဟုတ် Bama လို့ခေါ်ကောင်းခေါ်နိုင်ပါတယ်။ ထိုင်းနိုင်ငံကလည်း ကျွန်တော်တို့ကို ဖမာလို့ ခေါ်ပါတယ်။ ဘမာကနေ ဖမာအဖြစ် အသံပြောင်းသွားတာဖြစ်နိုင်ပါတယ်။


ဒါဖြင့် ကျောက်စာတွေမှာ မြမ္မာ၊ မြံမာ၊ မြန်မာဆိုတဲ့စကားလုံးတွေကို အကြိမ်ကြိမ်တွေ့ရပြီး ဗမာဆိုတဲ့စကားကို မတွေ့ကြရတာက ဘာ့ကြောင့်လဲ။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့စာပေမှာ အရေးနဲ့အဖတ် ကွာခြားနေတတ်တဲ့ ရေးတော့အမှန် ဖတ်တော့အသံ” ထုံးစံ ထွန်းကားခဲ့လေတော့ မြန်မာနဲ့ဗမာဟာလည်း အရေးနဲ့အဖတ်ကွဲပြားခဲ့တာဖြစ်ပုံရတယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ ရေးတဲ့အခါမှာ မြန်မာလို့ပဲရေးခဲ့ကြပြီး ပြောတဲ့အခါမှာတော့ ဗမာလို့ပဲ ပြောခဲ့၊ တွင်ကျယ်ခဲ့ကြမယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ တချို့ကလည်း ကျောက်စာ အထောက်အထားမတွေ့ရတဲ့အတွက် ဗမာဆိုတဲ့စကားလုံးဟာ ပေါ်တာ သိပ်မကြာသေးဘူးလို့ ယူဆကြတာမျိုးရှိပါတယ်။ ဒါပေမဲ့ မြန်မာ၊ ဗမာဟာ ရင်းမြစ်တခုတည်းကနေ လာရိုးမှန်ရင် မြန်မာက ရှေးပဝေသဏီကတည်းကပေါ်ခဲ့ပြီး ဗမာက မနေ့တနေ့ကမှ (ကုန်းဘောင်ခေတ်နှောင်းလောက်မှ) ပေါ်တယ်ဆိုတာ ဖြစ်နိုင်ချေတော်တော်နည်းပါတယ်။ ဒီတော့ ကျောက်စာ၊ ရှေးစာ အထောက်အထားမတွေ့ရတဲ့အတွက် ဗမာဟာ နောက်မှပေါ်တယ်ဆိုတဲ့ အယူအဆထက် ဗမာဟာ ပြောစကားမို့သာ ကျောက်စာ၊ ရှေးစာမှာမတွေ့ရတာဆိုတဲ့အချက်က ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ အပြောနဲ့အရေးဆိုတာဟာ အပြောက ပိုရှေးကျတာမို့ ဗမာကတောင် မြန်မာထက်စောချင်စောနိုင်ပါသေးတယ်။ အပြောကပိုရှေးကျတဲ့အတွက် ဗမာကပိုစောနိုင်တယ်ဆိုတဲ့အယူအဆမျိုးကိုတော့ ဆရာမောင်သာနိုးက ယူဆကြောင်း ဘီဘီစီ အလင်္ကာပုလဲပန်းအစီအစဉ်မှာ ပြောထားပါတယ်။

အထက်အညာဒေသနဲ့ ဗမာလူမျိုးတွေနေထိုင်တဲ့ ကျေးလက်တောရွာတွေကိုသွားကြည့်ရင် ဒီအယူအဆမှန်ကြောင်း ပိုမို သိမြင်နိုင်ပါတယ်။ ကျေးလက်တွေမှာ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတာသိပ်နည်းပါတယ်။ ဗမာလို့သာ ခေါ်ဝေါ် သုံးနှုန်းကြပါတယ်။


တကယ်တော့ ရှေးပဒေသရာဇ် ခေတ်အဆက်ဆက်မှာ စာတတ်ပေတတ်ဆိုတာကလည်း ပဒေသရာဇ်အနွယ်တွေ၊ မှူးမျိုး မတ်မျိုးတွေကသာ များပါတယ်။ သူတို့ပဒေသရာဇ်တွေက သာမန်အရပ်စကား အရပ်ဟန်နဲ့ပြောတာကို တောဆန်တယ်ထင်ပြီး စာသံပေသံနဲ့ဟန်လုပ်ပြောတတ်ကြပါတယ်။ ဒါ့ကြောင့် ပဒေသရာဇ်ခေတ်တလျောက်မှာ မြန်မာဆိုတဲ့စကားကို ထီးရိပ်နန်းရိပ်၊ ပဒေသရာဇ်အရိပ်နင်းတဲ့သူတွေကသာ အသုံးပိုများကြပြီး ရပ်ထဲရွာထဲက သာမန်လက်လုပ်လက်စားတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဗမာလို့သာခေါ်ကြပါတယ်။


ဒါ့ကြောင့်လည်း တို့ဗမာအစည်းအရုံးက မြန်မာဟာ ပဒေသရာဇ်တွေပေးတဲ့နာမည်လို့ ဆိုတာဖြစ်ပါတယ်။ တို့ဗမာ သခင်တွေဟာ ပဒေသရာဇ်ခေတ်နဲ့ သိပ်အဝေးကြီးအလှမ်းမကွာလှသေးတဲ့အတွက် ဒီအချက်ကို ကောင်းကောင်းသဘောပေါက်ပါတယ်။ တခြားတိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်ဖျက်ဆီးပြီး နှိပ်စက်ကလူပြုတာဟာလည်း ပဒေသရာဇ်တွေသာဖြစ်ပြီး သာမန်အရပ်သားတွေ မပါဝင်တဲ့အတွက် မြန်မာဆိုတဲ့ ပဒေသရာဇ်နာမည်ဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရန်ငြိုးရန်စရှိပြီး၊ ဗမာဆိုတဲ့နာမည်ဟာ တိုင်းရင်းသားနဲ့ ရန်ငြိုးအစဉ်အလာမရှိဘူးလို့ တို့ဗမာအစည်းအရုံးက ယူဆခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မူလရင်းမြစ်ကိုကြည့်မယ်ဆိုရင်တော့ မြန်မာရော၊ ဗမာပါ တိုင်းရင်းသားနဲ့မဆိုင်၊ ပြည်မနေလူမျိုးနဲ့သာ သက်ဆိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါဆိုရင် ဗမာ” ဆိုတဲ့စကားဟာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ပအိုး၊ ပလောင် စတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တယ်ဆိုတဲ့ အယူအဆဟာ ဘယ်တုန်းက စဖြစ်လာတာပါလဲ။

တို့ဗမာအစည်းအရုံးက စဖြစ်လာတာပါ။ တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒီလိုဆိုထားပါတယ်။

တို့ဗမာအစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ကြောင်း၊ တို့” ဟူသောစကား၊ ဗမာ” ဟူသောစကား၊ ဗမာနိုင်ငံ၊ ဗမာပြည်ဟူသောစကားတို့ကို တီထွင်၍ တိုင်းရင်းသားစစ်စစ်ဟူသော အမည်နာမတပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။လို့ ဆိုထားပါတယ်။

ဒီနေရာမှာ တီထွင်၍ဆိုတဲ့စကားလုံးကို အထူးသတိပြုဖို့လိုမယ်ထင်ပါတယ်။ မြန်မာပဒေသရာဇ်တွေသုံးတဲ့ မြန်မာဆိုတဲ့စကားလုံးကို တနိုင်ငံလုံးအတွက်သုံးရင် လူမျိုးကြီးဝါဒသဘော သက်ဝင်မှာစိုးလို့ ဗမာနိုင်ငံဆိုတဲ့အသုံးကို တို့ဗမာ အစည်းအရုံးက တီထွင်သုံးစွဲခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဗမာဆိုတဲ့ဝေါဟာရကို တို့ဗမာအစည်းအရုံးက တီထွင်တယ်လို့တော့ဆိုလိုတာ ဟုတ်ဟန်မတူပါဘူး။ ဒီတော့ ဗမာဆိုတာ တနိုင်ငံလုံး တိုင်းရင်းသားအားလုံး အပါအဝင်ဆိုတာဟာ တို့ဗမာအစည်းအရုံးကပြဌာန်းခဲ့တဲ့ ပြဌာန်း အသုံးအနှုန်း” ဖြစ်ပါတယ်။ ပြဌာန်းခြင်းရဲ့ရည်ရွယ်ချက်ဟာလည်း ခေတ်အဆက်ဆက် ပဒေသရာဇ်များသုံးစွဲခဲ့ပြီး ပုဂံခေတ်ကတည်းက ပြည်မနေလူမျိုးနဲ့ ယှဉ်တွဲထင်ရှားလာတဲ့ မြန်မာဆိုတဲ့ အသုံးအနှုန်းကို သုံးခြင်းအားဖြင့် လူမျိုးကြီးဝါဒ၊ မဟာမြန်မာဝါဒကျင့်သုံးရာ မကျစေချင်လို့ ဖြစ်ပါတယ်။

ဒီတော့ ဗမာနိုင်ငံ၊ ဗမာပြည်ဆိုတဲ့ စကားဟာ စတင်သုံးနှုန်းလာကတည်းက မြန်မာလူမျိုးကြီးလွှမ်းမိုးရေးဝါဒကို ဆန့်ကျင်တဲ့စိတ်ဓါတ်၊ လူမျိုးစုအားလုံးညီညွတ်ရေးကို ရှေ့ရှုတဲ့စိတ်ဓါတ်နဲ့ ပေါ်ပေါက်လာတယ်လို့ အတိအကျ မှတ်ယူနိုင်ပါတယ်။

တို့ဗမာအစည်းအရုံးရဲ့ အဲဒီမူကိုပဲ အထက်မှာ ဗမာနာမည်သုံးခဲ့ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လက်ခံကျင့်သုံးကြတာဖြစ်ပါတယ်။ အဲသလိုလက်ခံကျင့်သုံးကြတဲ့ အဖွဲ့အစည်းတွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) တို့လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။


ဗမာ၊ မြန်မာ ရောထွေးသုံးစွဲလာကြခြင်း

နယ်ချဲ့တော်လှန်ရေး ကာလတလျောက်လုံးမှာ တို့ဗမာအစည်းအရုံးရဲ့ ဗမာသည် တိုင်းရင်းသားအပါအဝင် တနိုင်ငံလုံး” မူကို စွဲစွဲမြဲမြဲ ကျင့်သုံးလာကြပေမဲ့ နောက်ပိုင်းမှာ အထူးသဖြင့် တို့ဗမာအစည်းအရုံး မှေးမှိန်ပျောက်ကွယ်ပြီးနောက်ပိုင်းမှာ ဗမာနဲ့မြန်မာကို အလေးအနက်မစဉ်းစားဘဲ အရောရောအနှောနှော သုံးစွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဗမာဆိုတဲ့စကားကို ဖျောက်ဖျက်ပြီး မြန်မာလူမျိုးကြီးဝါဒ ပြန်လည်အကောင်အထည်ဖော် အသက်သွင်းချင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲ သုံးစွဲလာကြတယ်လို့တော့ ဗိုလ်နေဝင်း မတိုင်ခင်ကာလတွေမှာ သက်သေအထောက်အထား မတွေ့ရပါဘူး။

မြန်မာဆိုတဲ့နာမည်ကို သိသိသာသာ ပြန်လည်သုံးစွဲလာတာက ၁၉၄၇ ခုအခြေခံဥပဒေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၄၇ အခြေခံဥပဒေရေးဆွဲရာမှာ နိုင်ငံရဲ့နာမည်ကို အလေးအနက်စဉ်းစားခဲ့ပုံမရပါဘူး။ အငြင်းပွားမှု တစုံတရာရှိခဲ့ကြောင်းလည်း အထောက်အထားမတွေ့ရသလို အလေးအနက်ဆွေးနွေးခဲ့တဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူး။ တို့ဗမာအစည်းအရုံး မူကိုလည်း မေ့လျော့နေခဲ့ပုံရပါတယ်။ အင်္ဂလိပ်အမွေခံပြီး အင်္ဂလိပ်သုံးလက်စနာမည်ကိုပဲ လွယ်လွယ်ဆက်ခံ မှည့်ခေါ်လိုက်တာ တွေ့ရပါတယ်။ ဘာ့ကြောင့် အင်္ဂလိပ်အမွေခံပြီး အလွယ်သုံးလိုက်တယ်လို့ ပြောသလဲဆိုတော့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၂ မှာ အခုလို ရေးသားထားတဲ့ အတွက် ဖြစ်ပါတယ်။

မြန်မာပြည်၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံတော်ဟူသော စကားရပ်တို့သည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု ဥပဒေ၌ပါရှိသော အဓိပ္ပါယ်မျိုးကိုဆောင်သည်။

အင်္ဂလိပ်ခေတ်တခေတ်လုံးမှာ အင်္ဂလိပ်အစိုးရက Burma မြန်မာပြည်လို့ ကို့လို့ကန့်လန့်သုံးခဲ့တဲ့အသုံးကို ၁၉၄၇ အခြေခံဥပဒေက လွယ်လွယ်ပဲအမွေခံခဲ့ပါတယ်။ ဒီလိုနဲ့ လွတ်လပ်တဲ့ နိုင်ငံတော်ဟာလည်း မြန်မာနိုင်ငံ Burma ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာလူမျိုးကြီးဝါဒကို အသက်သွင်းချင်တဲ့အတွက် တမင်သက်သက်လုပ်ခဲ့သလားဆိုတာကိုတော့ သက်သေအထောက်အထားပြသစရာ မရှိပါဘူး။ သဘောရိုးနဲ့ပဲ အင်္ဂလိပ်အမွေကို အမှုမဲ့အမှတ်မဲ့ ဆက်ခံလိုက်တယ်လို့ ထင်ရပါတယ်။

အဲဒီကနေနောက်ပိုင်း ဖဆပလ ခေတ်တလျောက်လုံးမှာလည်း ဗမာ၊ မြန်မာဝေါဟာရ ကို နိုင်ငံရေးလက်နက်တခုအနေနဲ့ ထုတ်သုံးတာ မတွေ့ရသေးပါဘူး။ မြန်မာနဲ့ဗမာကို မူမရှိဘဲ အုတ်အရောရော၊ ကျောက်အရောရော ရောနှောသုံးစွဲခဲ့တာမျိုးကိုပဲ တွေ့ရပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗမာကနေ မြန်မာကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလာတဲ့ လက္ခဏာတချို့တွေ့ရပါတယ်။ အထင်ရှားဆုံးဥပမာကတော့ ဗမာ့တပ်မတော်ကို မြန်မာ့တပ်မတော်အဖြစ် မသိမသာ ပြောင်းလဲပစ်လိုက်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ကျောင်းသားသမဂ္ဂကိုလည်း ဖျက်ဆီးလိုက်ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ သူ့ဘဝတလျောက်လုံး ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာမရှိသူမို့ တကသ၊ ဗကသတွေအပေါ်မှာ ဝန်တိုစိတ်ရှိပါတယ်။ ဗကသရဲ့ ကြီးမားတဲ့အစဉ်အလာကိုလည်း ဖျောက်ဖျက်ချင်တဲ့ ဆန္ဒရှိပါတယ်။ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်နေဝင်းဟာ ပါဝင်လှုပ်ရှားခဲ့ဖူးသူ မဟုတ်ပါဘူး။ သခင်ရှုမောင်နာမည်ဟာလည်း ဂျပန်သွားကာနီးကျမှ အရေးပေါ်ကောက်တပ်လိုက်တဲ့ သခင်နာမည်မျှသာ ဖြစ်ပါတယ်။ သူမပါခဲ့တဲ့ တို့ဗမာအစည်းအရုံးရဲ့ အစဉ်အလာကိုလည်း ဗိုလ်ချုပ်နေဝင်းဟာ လိုလားနှစ်သက်မှု မရှိပါဘူး။ ဗိုလ်ချုပ်နေဝင်း ဂျပန်ကို လိုက်ပါသွားခွင့်ရတာကလည်း သူ့ရဲ့ဦးလေးဖြစ်သူ သခင်ညီ မကျန်းမာလို့ လူစားထိုးလိုက်ပါခဲ့ရတာသာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဗိုလ်ချုပ်နေဝင်းဟာ ဗမာအစား၊ မြန်မာကို တဖြည်းဖြည်း အစားထိုးလာပါတယ်။ ဗမာနာမည်နဲ့အဖွဲ့အစည်းတွေကိုလည်း မှေးမှိန်အောင် လုပ်ပါတယ်။ တခြားတဘက်မှာ လည်း မြန်မာလူမျိုးကြီးဝါဒကို တဖြည်းဖြည်း ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ဗမာအစား မြန်မာကို အစားထိုးပြောင်းလဲလိုက်ကြောင်းတော့ တရားဝင် နာမည်တပ် ကြေညာတာမျိုး လုပ်တဲ့ အထိ အတင့်မရဲခဲ့ပါဘူး။

တို့ဗမာအစည်းအရုံးသမိုင်းကို ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေတဲ့အခါ တို့ဗမာအစည်းအရုံးသမိုင်းမှာပါတဲ့ ဗမာ၊ မြန်မာ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ မဆလရဲ့ မြန်မာ” နဲ့ နိုင်ငံရေးအနှစ်သာရအားဖြင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လာပါတယ်။ အဲဒီအခါမှာ တို့ဗမာအစည်းအရုံးသမိုင်း စာအုပ်ထဲက ဗမာ၊ မြန်မာ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါတဲ့ စာမျက်နှာ ၂၁၅ မှာ အောက်ခြေမှတ်စု အဖြစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိပ္ပါယ်ရှင်းလင်းချက်စာတမ်း စာမျက်နှာ ၁၈ မှာပါတဲ့ စာပိုဒ်ကို ထည့်သွင်းခိုင်းခဲ့ပါတယ်။ အဲဒီမှတ်စုက..

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဟုခေါ်ထားခြင်းမှာ တိုင်းရင်းသားလူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း သမိုင်းအစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ပဲ၊ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသောနိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျုံးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသောလူမျိုးများ မှီတင်းနေထိုင်ရာနိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေရန်ဖြစ်သည်

ဗိုလ်ချုပ်နေဝင်းဟာ တိုင်းရင်းသားလူမျိုးအားလုံး ကိုယ်စားပြုပြဌာန်းထားတဲ့ ဗမာစကားလုံးအစား၊ မြန်မာလူမျိုးကြီးစိုးရေးကိုသာလိုလားကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် မြန်မာကို တိုင်းရင်းသားအားလုံးကိုယ်စားပြု သုံးစွဲသင့်ကြောင်းကိုတော့ အကျိုးသင့်အကြောင်းသင့် ရှင်းမပြနိုင်တာကိုလည်း ထင်းထင်းကြီးမြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းဟာ ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်း ပြောင်းပြန်မလှန်ရဲသေးတာကိုလည်း သတိပြုရင် တွေ့နိုင်ပါတယ်။ ဗမာနဲ့ မြန်မာကို အဓိပ္ပါယ်အတိအကျ ခွဲခြားပြဌာန်း သတ်မှတ်တာမျိုးမလုပ်ဘဲ သူ့သက်တမ်းတလျောက်မှာ မသိမသာပဲ ဆက်လက် ရောထွေးသုံးစွဲသွားခဲ့ပါတယ်။


နိုင်ငံရေး ပယောဂ ဝင်လာခြင်း

တကယ်တန်း ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်းကြီး ပြောင်းပြန်လှန်ပစ်ရုံသာမက ဗ၊ မ အပြောင်းအလဲကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့သူကတော့ ဗိုလ်ချုပ်နေဝင်းရဲ့ လူယုံတပည့်ကျော်ကြီး ဗိုလ်ချုပ်ခင်ညွန့်ဖြစ်ပါတယ်။ အခွင့်အရေး ပေါ်လာလို့လည်း ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

အခွင့်အရေး ပေါ်လာပုံက ဒီလိုပါ။

၁၉၈၈ မတ်လမှာ ဖုန်းမော် အရေးအခင်းပေါ်လာတော့ ဦးဆောင်လှုပ်ရှားခဲ့သူ ကျောင်းသားတွေထဲမှာ အခုပါတီထောင်ထားတဲ့ ကိုအေးလွင်၊ မြေလတ်ကျောင်းသားသမဂ္ဂခေါင်းဆောင်လုပ်ခဲ့တဲ့ ကိုကျော်နိုင်မင်းတို့ ပါဝင်ခဲ့ပါတယ်။ မတ်လ ၁၆ ရက် တံတားနီအရေးအခင်းမှာ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်မျိုးတင့်၊ ကိုညိုထွန်း၊ ကိုတင်အေး စတဲ့သူတွေ ပါဝင်ခဲ့ပါတယ်။ မတ်လ ၁၇ ရက် ကျောင်းထဲမှာ ကျောင်းသားတွေကို စစ်တပ်က ကျောင်းဝိုင်းကိုပိတ်ဆို့ပြီး ရိုက်နှက်ဖမ်းဆီးတဲ့အထဲမှာ ကိုမင်းဇေယျပါဝင်ခဲ့ပါ တယ်။ အကျဉ်းချုပ်ပြောရရင် မတ်လ လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့သူတချို့ဟာ စောစောစီးစီး အဖမ်းခံခဲ့ကြရပါတယ်။

ဇွန်လ မြေနီကုန်းလှုပ်ရှားမှုမှာတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ မောင်မောင်ကျော်၊ အောင်ဒင်တို့ဟာ ခေါင်းဆောင်တွေ အဖြစ်ထွက်လာပါတယ်။ မတ်လမှာ အဖမ်းမခံရဘဲလွတ်နေသေးတဲ့ ညိုထွန်းလည်း အဲဒီ အဖွဲ့နဲ့ အတူ ပါလာပါတယ်။ သူတို့ဟာ ဒုတိယကျောင်းသားခေါင်းဆောင် အသုတ် ဖြစ်လာပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာအဖမ်းခံထားရတဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအုပ်စု ပြန်လွတ်လာကြပါတယ်။ မန္တလေးဆောင်မှာ ရုံးခန်းဖွင့်ပါတယ်။

မတ်လ ၂၈ ရက် သမဂ္ဂရင်ပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုမိုးသီးဇွန်တို့ဟာ အလုပ်အမှုဆောင်တွေ ဖြစ်လာကြပြီး ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအသုတ်ခေါင်းဆောင်တွေ ကျန်နေခဲ့ပါတယ်။ အဲဒီလို အခြေအနေအပေါ်မှာ သဘောထားကွဲလွဲကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရေးကော်မတီ မကသဖ ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မကသရဲ့ ရှေ့ပြေးဖြစ်လာပါတယ်။ ဇွန်လအုပ်စုတွေဟာ ဗကသ ဖြစ်လာပြီး၊ မတ်လအုပ်စုထဲက တချို့ဟာ မကသ ဖြစ်လာပါတယ်။ နေရပ်အရ ပြောရရင်လည်း ဇွန်လအုပ်စု အများစုဟာ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာဘက်မှာ နေကြပြီး မတ်လ အုပ်စု တော်တော်များများဟာ စမ်းချောင်းဘက်မှာ နေကြပါတယ်။ သူ့အုပ်စုလေးနဲ့သူ သီးခြားလိုလို ဖြစ်နေပါတယ်။

ကျောင်းသားတွေကြားမှာ ဒီလို သဘောထားကွဲပြားနေတာကို ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေးလက်နက်အဖြစ် အခွင့်အရေးယူ အသုံးချပြီး ကျောင်းသားတွေ ပိုကွဲအောင်လုပ်ပါတော့တယ်။ တနိုင်ငံလုံးက ကျောင်းသားထုကြီးပါ နှစ်ခြမ်းကွဲသွားအောင်အထိ ရည်ရွယ်ချက်ကြီးကြီးမားမားထားပါတယ်။ ကျောင်းသားတွေမလိမ္မာခဲ့ရင် ကျောင်းသားထုကြီးကြားမှာ သွေးထွက်သံယို ဖြစ်ရပ်တွေတောင် ဖြစ်လာနိုင်တဲ့အထိ အန္တရာယ်ကြီးနိုင်တဲ့ ဧရာမ နိုင်ငံရေးလုပ်ကြံမှုကြီးတခုပါ။

လုပ်ကြံပုံက ဒီလိုပါ။ စစ်တပ်အာဏာသိမ်းပြီး သူတို့အာဏာ မခိုင်မာသေးခင်၊ ကျောင်းသားနဲ့ ပြည်သူလူထုတွေ နောက်တခါ အုံကြွဆန့်ကျင်လာမှာကိုကြောက်နေတဲ့ အချိန်ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်ဟာ ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ပြီးတွေ့ခဲ့ပါတယ်။ ပထမအဆင့်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့တပည့် ဗိုလ်မှူးလှသန်းက ကျောင်းသားခေါင်းဆောင်တွေကို တွေ့ဆုံပြီး ကျောင်းသားသမဂ္ဂ တရားဝင်တည်ထောင်ခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျောင်းသားတွေဘက်က ဗိုလ်ချုပ်ခင်ညွန့်ကို မယုံကြည်တဲ့အတွက် အဲဒီကျောင်းသားခေါင်းဆောင်တွေကို ရာဇဝတ်ပြစ်မှုကျူးလွန်သည်မှ တပါး တခြားပြစ်မှုနဲ့ ဖမ်းဆီးအရေးယူတာမျိုးမလုပ်ပါဘူးလို့ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးရဲ့နာမည်ပါဝင်ပြီး ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့စာမူရင်းကို သုံးစောင်လက်မှတ်ရေးထိုးပေးတဲ့အတွက် ကျောင်းသားတွေ ခွဲပြီး သိမ်းဆည်းခဲ့ကြပါတယ်။

အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့် နဲ့ သွားရောက်တွေ့ဆုံခဲ့ကြသူတွေထဲမှာ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုဝင်းကြွယ်၊ ကိုကျော်နိုင်မင်း၊ ကိုညိုထွန်း၊ ကိုလှမျိုးနောင်၊ မခင်ဥမ္မာ၊ ကိုအေးလွင်၊ မခင်မာဝေ၊ ကိုဇော်မင်းတို့ အပါအဝင် ကျောင်းသားပေါင်း ၂၈ ယောက် လို့ထင်ပါတယ်၊ သွားတွေ့ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီး၊ ကိုအောင်ဒင်တို့က သွားမတွေ့ခဲ့ကြပါဘူး။

ဗိုလ်ချုပ်ခင်ညွန့်က မကသ နာမည်နဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ပြုခဲ့ပါတယ်။ နေရာနဲ့ ထောက်ပံ့မှုတချို့ ပေးခဲ့ပါတယ်။ ဗကသကို တရားဝင် အသိအမှတ်မပြုဘဲ၊ မကသကိုသာ တရားဝင် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားအုပ်စု နှစ်အုပ်စုကို ပိုပြီးကွဲအောင် သပ်လျှိုလိုက်တာဖြစ်ပါတယ်။ မကသတွေ ထောက်လှမ်းရေးနဲ့ ပေါင်းသလား။ ထောက်လှမ်းရေးကို ဒူးထောက်ခဲ့သလား။ ထောက်လှမ်းရေးက ဘာ့ကြောင့် သူတို့ကို ထောက်ပံ့သလဲ။ စသည်ဖြင့် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။ ဒီလိုဖြစ်အောင် ဗိုလ်ချုပ်ခင်ညွန့်က ထောင်ချောက်ဆင်တာပါ။

အကောက်ဉာဏ်သုံးပြီး အဖွဲ့အစည်းတွေကြားထဲဝင် သပ်လျှိုဖြိုခွဲတဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားသူ ဗိုလ်ချုပ်ခင်ညွန့်ဟာ အကွဲပိုကြီးအောင် အားဖြည့်တဲ့အနေနဲ့ ၁၉၈၉ ခုနှစ် မေလမှာ နိုင်ငံရေးလက်နက်ကို ထုတ်သုံးပါတယ်။ ပြည်မနေလူမျိုးကို ဗမာလို့ခေါ်ရမယ်၊ ရှမ်း၊ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း စတဲ့ တိုင်းရင်းသား အားလုံး အပါအဝင် တနိုင်ငံလုံးနေလူတွေအားလုံးကိုတော့ မြန်မာလို့ ခေါ်ရမယ်လို့ ဗိုလ်ချုပ်ခင်ညွန့်က အမိန့်ထုတ်ပြီး အစဉ်အလာကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။

ဘာ့ကြောင့် ဒီလို ပြောင်းပြန်လှန်သလဲ။ အဖြေကရှင်းရှင်းလေးပါ။

၁။ ကျောင်းသားတွေကြားထဲမှာ အကွဲအပြဲကို ကြီးသထက်ကြီးအောင် လုပ်တာပါ။

၂။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ တို့ဗမာအစည်းရုံးတို့ရဲ့ အစဉ်အလာကို ကျဉ်းမြောင်း သေးသိမ်သွားအောင် လုပ်တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားနဲ့ မဆိုင်သယောင်ဖြစ်သွားအောင် လုပ်တာပါ။

အဲဒီတုန်းက ” မှန်သမျှကို အကုန် ” နဲ့ အစားထိုး ပြောင်းလဲရေးကို စစ်ဆင်ရေးတခုလိုလုပ်လိုက်တာဟာ တော်တော် မျက်စိနောက်စရာ ဖြစ်ခဲ့ပါတယ်။ ” မှန်သမျှကို ” နဲ့ လိုက်အစားထိုးလို့ ဗကသ ကျောင်းသားခေါင်းဆောင် ညိုထွန်းက မခံနိုင်ဖြစ်ပြီး ဗိုလ်ခင်ညွန့်လုပ်ပုံနဲ့တော့ ဗုဒ္ဓတောင် မုဒ္ဓ ပြောင်းရတော့မလိုဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်ခင်ညွန့်က စကားလုံးနည်းနည်း ဖြတ်ညှပ်ကပ်လုပ် ၊ လိုရာဆွဲပြီး ဗုဒ္ဓကို မုဒ္ဓဟုခေါ်သူ ညိုထွန်းဆိုပြီး သတင်းစာထဲမှာ ခေါင်းစီးစာလုံးမဲကြီးနဲ့ ဖော်ပြခဲ့ပါသေးတယ်။

တကယ်တန်း နောက်ပိုင်းမှာတော့ မကသတွေဟာလည်း ကျောင်းသားထုကို သစ္စာဖောက်သူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားလာပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူကိုယ်တိုင် စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေးထားတဲ့ကတိကို ဖျက်ပြီး သူမဖမ်းဘူးလို့အာမခံထားတဲ့ ကျောင်းသားတွေအားလုံးကို သိမ်းကျုံးဖမ်းဆီးခဲ့ပါတယ်။ မကသခေါင်းဆောင်တွေဟာ ရှေ့ဆုံးက အဖမ်းခံကြရပါတယ်။ ဗကသတွေလည်း အဖမ်းခံရပါတယ်။ ညှဉ်းပမ်းနှိပ်စက်မှုအမျိုးမျိုးကို ခံရပါတယ်။ စစ်ဗိုလ်ဆိုတာ ပေးထားတဲ့ကတိ ဘယ်တော့မှ မဖျက်ဘူးလို့ ဒီနေ့ စစ်ဗိုလ်တွေ အပြောကြီး နေကြပေမဲ့ စစ်ဗိုလ်တွေဟာ သူတို့ပေးထားတဲ့ကတိကို ဖျက်ခဲ့ကြတာဟာ မရေမတွက်နိုင်အောင် များလှပါတယ်။

စာပေစိစစ်ရေးကလည်း ဗမာမြန်မာကို စောင့်ပြီး စိစစ်ရေးလုပ်ပါတယ်။ ထုတ်ဝေပြီးသားဖြစ်တဲ့ ဆရာမောင်သာနိုးရဲ့ ဗမာစာ၊ ဗမာစကား စာအုပ်တောင်မှ နောက်တကြိမ်ထုတ်တော့ မြန်မာစာ၊ မြန်မာစကားလို့ ပြောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အာဏာသုံးပြီး သူတို့ပြဌာန်းချက်ကို လူတွေ စွဲသွားအောင် နှစ်ပေါင်း နှစ်ဆယ်အစိတ်ကျင့်သုံးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီနေ့ခေတ် တိုင်းရင်းသားလူငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့ ပြောင်းပြန်ပြဌာန်းချက်ကိုပဲ အမှန်လို့ထင်လာကြတာဖြစ်ပါတယ်။ သူတို့မွေးကတည်းက ဒီအတိုင်းတွေ့လာရတာကိုး။

စစ်အာဏာရှင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံအဖွဲ့အစည်း မဟုတ်ဘဲ၊ ပြည်မနေလူမျိုးတမျိုးတည်းကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းလို့ တိုင်းရင်းသားတွေအထင်မှားအောင် သပ်လျှိုချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါတွင်မကဘဲ နောင်ခေတ်အဆက်ဆက်မှာ ဗ၊မ ပြဿနာအမွေဆိုးကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကျောင်းသားတွေကြားထဲမှာ အကွဲကြောင်း ဆက်တိုက်ပေါ်နေအောင် ရည်ရွယ်တာဖြစ်ပါတယ်။

ဒီတော့ ခြုံငုံပြီး ပြောရရင် ဗမာသည် တနိုင်ငံလုံး” မူဟာ လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့အခြေခံပေါ်မှာ စတင်သုံးစွဲလာတဲ့ မူဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ သမိုင်းတန်ဖိုးကိုလည်း ကိုယ်စားပြုပါတယ်။ မြန်မာသည် တနိုင်ငံလုံး” မူ ကတော့ လူမျိုးကြီးဝါဒကို ကိုယ်စားပြုပါတယ်။ သွေးခွဲသပ်လျှိုခဲ့တဲ့ သမိုင်းကို ကိုယ်စားပြုပါတယ်။

ဗမာသည် တနိုင်ငံလုံး မူဟာ တို့ဗမာ အစည်းအရုံးမူဖြစ်ပါတယ်။ မြန်မာသည် တနိုင်ငံလုံး” မူ ကတော့ ဗိုလ်ချုပ်ခင်ညွန့် မူဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်ရဲ့ နာမည်သည်ပင် စစ်အာဏာရှင် အငွေ့အသက်၊ ပဒေသရာဇ် အငွေ့အသက်လွှမ်းခြုံနေတဲ့ မြန်မာဆိုတဲ့ နာမည်အစား၊ ဗမာဆိုတဲ့နာမည်ကို ယူသင့်ပါတယ်။ ပြည်ထောင်စု ဗမာနိုင်ငံတော် ဖြစ်သင့်ပါတယ်။ လူမျိုးစုံသွေးစည်းညီညွတ်ရေးအစဉ်အလာနဲ့မှည့်ခေါ်ထားတဲ့ ဗမာကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။


ဗမာဆိုတဲ့ နာမည်ကလည်း ရင်းမြစ်အရ ဗမာလူမျိုးစုနဲ့ ဆက်စပ်နေသေးတဲ့ အတွက် တိုင်းရင်းသားတွေထဲကလက်မခံချင်ဆိုတဲ့ အယူအဆမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ၁၉၉၄ ခုနှစ် မာနယ်ပလောမှာ တိုင်းရင်းသားအများစုပါတဲ့ ညီလာခံတခုမှာ မြန်မာနာမည်ကို ပြောင်းလဲဖို့ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ နိုင်ငံနာမည်ကို မြန်မာရော၊ ဗမာပါ မပါအောင်ရှောင်ပြီး သာယာရွှေပြည်၊ ရွှေပြည်ဗိမာန်၊ သံလွင်ဧရာ၊ ဇေယျာသီရိဆိုပြီး အမျိုးမျိုး စမ်းပေးကြည့်ဖူးကြပါတယ်။ သူတို့ပေးတဲ့ နာမည်ကို သူတို့ကိုယ်တိုင် မကြိုက်နိုင်ခဲ့ကြပါဘူး။ နာမည်တွေက သင်္ဘောနာမည်လိုလို၊ ကားဂိတ်နာမည်တွေလိုလို အများစိတ်ထဲမှာ ရယ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကြိုက်နိုင်တယ်ဆို စေဦးတော့ အဲဒီ နာမည်တွေဟာလည်း မြန်မာဘာသာနဲ့ပေးထားတဲ့နာမည်တွေ ဖြစ်နေပါသေးတယ်။ ဒီတော့ မြန်မာအရိပ်နဲ့လွတ်အောင် ချင်းစာ၊ ရှမ်းစာ၊ မွန်စာ၊ ကချင်စာနဲ့ ပေးမယ်ဆိုရင်ရော၊ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုနိုင်မှာပါလား။ ဒါမှ မဟုတ် အင်္ဂလိပ်လိုပေးဦးမလား။ အဲဒါက ပိုတောင် ဆိုးပါသေးတယ်။ ဒီတော့ ဒီလို အသစ်ထွင်ဖို့ စဉ်းစားချက်မျိုးဟာ နာမည်ဆိုတဲ့ ပညတ်အပေါ် အယူသီးလွန်းတဲ့သဘောသာ ဖြစ်နေပါလိမ့်မယ်။ ပညတ်က အဓိကမဟုတ်ဘဲ၊ နိုင်ငံရေးသဘောထား၊ နိုင်ငံရေး ရည်ရွယ်ချက်၊ ထားရှိတဲ့ စေတနာကသာ အဓိကဖြစ်ပါတယ်။ လူမျိုးစု စည်းလုံးညီညွတ်ရေးကိုရည်ရွယ်ပြီး တီထွင် သုံးစွဲထားတဲ့ သမိုင်းအစဉ်အလာကောင်းတဲ့ ဗမာနိုင်ငံဆိုတဲ့စကားလုံးဟာ တိုင်းရင်းသားလူမျိုးစုအားလုံးအပါအဝင်ဖြစ်တဲ့ နိုင်ငံတော်ကို ခေါ်ဆိုထိုက်တဲ့ အသင့်တော်ဆုံးနာမည်ဖြစ်ပါတယ်။


ဒါ့ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့လည်း ဗမာ” နာမည်ကို ရဲရဲရင့်ရင့်၊ လိပ်ပြာသန့်သန့်နဲ့ ခံယူဖို့လိုပါတယ်။ အခုလို နာမည် ရဲရဲ ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ “” နဲ့ ” ကွဲပြားခဲ့ဖူးတဲ့ ကိုမင်းကိုနိုင်တို့နဲ့ ကိုမင်းဇေယျတို့ ကြားမှာရှိခဲ့တဲ့ ပြဿနာဟောင်းကို အစပြန်ဖော်တာမဟုတ်ကြောင်းကိုတော့ အတိအလင်း ပြောကြားချင်ပါတယ်။ ပြဿနာ အစပြန်ဖော်တာမဟုတ်သလို ကိုမင်းကိုနိုင်တို့ဘက်ကို ဘက်လိုက်တာလည်း မဟုတ်ဘူး။ အားလုံး အတူတကွအနစ်နာခံခဲ့ကြသူတွေ ဖြစ်ကြတဲ့အတွက် ဘယ်သူ့ဘက်မှလည်း လိုက်စရာမလိုပါဘူး။

” နာမည်ခံယူတာဟာ ပြဿနာကို အစဖော်တာလည်းမဟုတ်ပါဘူး။ ပြဿနာကို အဆုံးသတ်တာဖြစ်ပါတယ်။ နောက်နောင် မျိုးဆက်တွေလက်ထဲမှာ ဒီပြဿနာပါမလာတော့အောင် အဆုံးသတ်တာပါ။ ကွဲ အမွေကို လက်ဆင့်မကမ်းချင်လို့ ဒီမှာ အဆုံးသတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။


ဒီ့ထက် ပိုအရေးကြီးတဲ့စကားကို ဆိုရရင် ဗ၊မ ပြဿနာရဲ့ အဓိက နိုင်ငံရေးဝိရောဓိဟာ ၈၈ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဗကသ၊ မကသ အုပ်စုနှစ်စုကြားက ဝိရောဓိက အဓိကမဟုတ်ဘူး။ ဗကသ၊ မကသ ကို အကြောင်းပြုပြီး ဒီပြဿနာစခဲ့တာဖြစ်ပေမဲ့ တကယ့်ဝိရောဓိ တကယ့်ပဋိပက္ခက ဒီ့ထက်ပိုကြီးကျယ်ပါတယ်။

တကယ့်အဓိကဝိရောဓိက စစ်အာဏာရှင်တွေရဲ့ နဲ့ တို့ဗမာအစည်းအရုံးရဲ့ ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ရဲ့ ကြားက ဝိရောဓိကသာ တကယ့်ဝိရောဓိ၊ တကယ့် ပဋိပက္ခဖြစ်ပါတယ်။


ဗကသနာမည် ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ

၁။ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ခံယူခဲ့တဲ့ သမိုင်းအစဉ်အလာ၊ ကျောင်းသားထုကြီးတခုလုံးက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခံယူခဲ့တဲ့ သမိုင်းအစဉ်အလာကို ကိုယ့်သဘောနဲ့ကိုယ် ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်လို့၊

၂။ တို့ဗမာအစည်းအရုံးက အတိအလင်းကြေညာ ပြဌာန်းထားတဲ့ သတ်မှတ်ချက်ကို ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ ဆန့်ကျင်ဖို့ မဖြစ်နိုင်လို့၊

၃။ စစ်အာဏာရှင်တို့ရဲ့ သမိုင်းကို ပြောင်းပြန်လှန်တဲ့လုပ်ရပ်ကို မထောက်ခံနိုင်လို့၊

၄။ စစ်အာဏာရှင်တို့ရဲ့ မြန်မာ မဟာလူမျိုးကြီးဝါဒကို လက်မခံနိုင်လို့၊

၅။ ဗကသကို တမင်သက်သက် ကျဉ်းမြောင်းအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ စစ်အာဏာရှင်တို့ရဲ့ ဦးချိုးတဲ့ လုပ်ရပ်ကို ဒူးထောက်လက်ခံတာမျိုး မလုပ်နိုင်လို့ဆိုတဲ့ အချက်ငါးချက်ကြောင့်ဖြစ်ပါတယ်။

ဗမာ၊ မြန်မာပြဿနာဟာ ပြည်ထောင်စုကြီး တခုလုံးနဲ့ဆိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ်ဆိုတာဟာလည်း ကျောင်းသားထုကြီးတခုလုံးနဲ့ဆိုင်တဲ့ နာမည်ပါ။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ဒီနာမည်အပေါ်မှာ ကျေနပ်မှုမရှိဘူးဆိုရင်ဖြင့် လွတ်လွတ်လပ်လပ် စည်းရုံးပြောဆိုခွင့်ရတဲ့အခြေအနေတခုအောက်မှာ စာပေပညာရှင်၊ သမိုင်းပညာရှင်တွေ၊ ဝါရင့် နိုင်ငံရေးခေါင်းဆောင်တွေ အကြေအလည် ပါဝင်ဆွေးနွေးပြီးနောက် ကျောင်းသားထုညီလာခံကြီးခေါ်ယူပြီး၊ ဒါမှမဟုတ် ကျောင်းသား အားလုံးဆန္ဒခံယူပွဲကြီးလုပ်ပြီးမှသာ ပြောင်းလဲသင့်ပါတယ်။ ဗကသနာမည်ကို ကိုယ့်သဘောနဲ့ကိုယ် လွယ်လွယ်ပြောင်းဖို့ ဆိုတာဟာ မကြံကောင်း မစည်ရာ ကိစ္စကြီးပါ။

သိန်းဇော်မြင့်

ကိုးကား

၁။ တို့ဗမာ အစည်းအရုံးသမိုင်း

၂။ သိပ္ပံစိုးရင်ရဲ့ မြန်မာ့ယဉ်ကျေးမှု သမိုင်း

၃။ ဦးကျော်ထွန်းရဲ့ မြန်မာဟူသော စကားဖြစ်လာရင်း မူလအကြောင်း။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်။ အတွဲ ၂၃၊ အမှတ် ၂။

၄။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ

၅။ ဘီဘီစီ အလင်္ကာပုလဲပန်း အမှတ် ၃။ ဗမာ၊ မြန်မာပြဿနာ။