Saturday, November 28, 2020

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူရေး” (အပိုင်း၁)

0 comments

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး (အပိုင်း၁)

(ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေးအစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ)

လူထုနဲ့ချီပြီးပါဝင်တဲ့ လှုပ်ရှားမှုကြီးတိုင်းမှာ အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ရှိစမြဲပါ။ ဥပမာအဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ သင်ခန်းစာကို တင်ပြပါမယ်။

၁၃၀၀ ပြည့် အရေးတော်ပုံဟာ ရည်မှန်းချက်ပန်းတိုင်အရောက် တကြိုးတည်း မချီတက်နိုင်ခဲ့ပါဘူး ဆုံးရှုံးသွားပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ သင်ခန်းစာနှစ်ခု ရခဲ့ပါတယ်။

ပထမ သင်ခန်းစာက အင်အားအဆမတန်ကြီးမားတဲ့ ခေတ်သစ်နယ်ချဲ့သမားကို အနိုင်တိုက်ဖို့ဆိုရင် တော်လှန်ရေးသဘောတရား လက်နက်တပ်ဆင်ထားတဲ့ စည်းကမ်းတင်းကျပ်တဲ့ တော်လှန်ရေးပါတီတရပ်ရဲ့ခေါင်းဆောင်မှု ရှိရမယ်။ အမျိုးသားရေးဝါဒ သက်သက်ကို လမ်းညွှန်ထားကာ လျော့ရဲရဲဖွဲ့စည်းထားတဲ့ ပါတီရဲ့ခေါင်းဆောင်မှုနဲ့ တိုက်လို့မဖြစ်ဘူးဆိုတာရယ်...

ဒုတိယသင်ခန်းစာက ခေတ်မီစစ်တပ်ကိုအသုံးပြုပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့နယ်ချဲ့အစိုးရကို အနိုင်တိုက်ချင်ရင် ခေတ်မီ အမျိုးသားတပ်မတော်တရပ် ထူထောင်ရမယ်။ လက်နက်မဲ့ရင်ဆိုင်လို့ကတော့ အနိုင်မရနိုင်ဘူးဆိုတဲ့သင်ခန်းစာများ ဖြစ်ပါတယ်။

သခင်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးဟာ ဒီနှစ်ခု ရှိလာအောင် စတင်ထူထောင်ခဲ့သူတွေထဲမှာ ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ကောင်းမှု ဖြစ်ပါတယ်။

မှန်မှန်ကန်ကန် ခြုံငုံသုံးသပ် နိဂုံးချုပ်ပြီး သင်ခန်းစာကောင်းကောင်းထုတ်ကာ ပြင်ဆင်သင့်တာ ပြင်ဆင်၊ မရှိတာ ရှိအောင်လုပ်နိုင်ရင် နောက်ဆုံးမှာ အောင်မြင်မှုရလာတာပါပဲ။ ဒါကြောင့်လည်း ဆုံးရှုံးမှုဟာ အောင်မြင်မှုအတွက် မိခင်ဖြစ်တယ်လို့ တင်စားပြီး ပြောကြတာပါ။

၁၃၀၀ ပြည့် အရေးတော်ပုံ ၁၀ နှစ်ပြည့်မြောက်တဲ့ အခါကျတော့ ကျနော်တို့ ပြည်သူများဟာ အင်္ဂလိပ်နယ်ချဲ့သမားအပေါ် လွတ်လပ်ရေးအောင်ပွဲ ရလိုက်ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံသာ မရှိခဲ့ရင်၊ အဲဒီ အရေးတော်ပုံက ပေးလိုက်တဲ့ သင်ခန်းစာကိုသာ မှန်မှန်ကန်ကန် မထုတ်ယူနိုင်ရင် ၁၉၄၈ မှာ အောင်ပွဲရမှာ မဟုတ်ပါဘူး။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကိုလည်း ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာများ ထုတ်ယူရပါမယ်။

သင်ခန်းစာများကို မှန်မှန်ကန်ကန် ထုတ်ယူနိုင်ရင် စစ်အစိုးရ-စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီ ယန္တရားတို့ကို နောက်တချီမှာ တိုက်ဖျက်ပစ်နိုင်ပါလိမ့်မယ်။

ဒီမိုကရေစီအစိုးရစစ်စစ်ကိုလည်း ထူထောင်နိုင်ပါလိမ့်မယ်။

ကျနော်တို့ပါတီက ထုတ်ယူရရှိတဲ့ သင်ခန်းစာကို တင်ပြပါမယ်။ ဒါဟာ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့အတွက် အဆိုတခုကို တင်ပြတဲ့သဘောပါ။ အမှန်တရားကို ဝိုင်းဝန်းရှာဖွေကြဖို့ အစပျိုးပေးတာလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်ရေးသဘောနဲ့ တင်ပြတာဖြစ်လို့ အမှားနဲ့ ချို့ယွင်းချက်များကိုသာ ဇောင်းပေးပြီးဖော်ထုတ်တင်ပြမှာပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့နှိုင်းစာရင် လူထုလူတန်းစား လူ့အလွှာများ ပါဝင်မှုဘက်ကပြောပြော၊ စွန့်လွှတ်စွန့်စားရမှု သွေးမြေကျမှုဘက်ကကြည့်ကြည့် အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။

ဒီအရေးတော်ပုံကြီးပေါက်ကွဲလာစေဖို့ ကျနော်တို့ပါတီဟာ အစောကြီးကတည်းက အားထုတ်လုံးပမ်းခဲ့ပါတယ်။ ပါတီရဲ့ သားကောင်း သမီးကောင်း အမြောက်အများကိုလည်း ပေးလှူခဲ့ရပါတယ်။ အရေးတော်ပုံရဲ့ အစ အလယ် အဆုံး တိုက်ပွဲစဉ်များမှာလည်း စွန့်လွှတ် စွန့်စားပြီး ပါဝင်ခဲ့ပါတယ်။

အခြေအနေ အချက်အလက်များ မရင့်မှည့်သေတဲ့ကာလဖြစ်တဲ့အတွက် အစောပိုင်းက လှုပ်ရှားမှုများဟာ ကြီးမားကျယ်ပြန့်တဲ့ လှုပ်ရှားမှုကြီးအဖြစ် မရောက်ရှိခဲ့ပါဘူး။ (အခြေအနေ ရင့်မှည့်မှုနဲ့ပတ်သက်ပြီး အထက်မှာ တင်ပြခဲ့ပြီးပါပြီ။)

၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင်ကြေညာတဲ့အချိန်ကတောင်မှ အုံကြွမှုကြီး ပေါ်ပေါက်မလာခဲ့ပါဘူး။

ဒီလိုအခြေအနေမျိုးမှာတောင်မှ လူထုအုံကြွမှုကြီး ဖြစ်မလာတော့ ဗမာပြည်အရေးကို စောင့်ကြည့်အကဲခတ်နေကြတဲ့ အနောက်တိုင်းက ပညာရှင်တွေက အံ့သြကြပါတယ်။ အခုလိုလည်း သုံးသပ်ကြပါတယ်။ ရှေ့ဆောင်လှုပ်ရှားမည့် ခေါင်းဆောင် မရှိလို့” “ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့လူထုဖြစ်လို့ သည်းခံစိတ် မြင့်မားလွန်းလို့

သူတို့တိုင်းပြည်တွေမှာလိုဆိုရင် ဒါမျိုးလုပ်တဲ့အစိုးရ ခုနှစ်ရက် မခံဘူး၊ ပြုတ်ကျတယ် လို့လည်း ပြောကြပါတယ်။

ဗမာပြည်တွင်းကအခြေအနေကို အတွင်းကျကျ မသိလို့ သူတို့ ဒီလို ပြောကြ သုံးသပ်ကြတာပါ။

၁၉၈၈ မှာ အုံကြွပေါက်ကွဲမှုကြီးဖြစ်လာတော့မှ သူတို့ အံ့အားသင့်သွားပါတယ်။

သူတို့သုံးသပ်တဲ့ ခေါင်းဆောင်မှုမရှိလို့ ဆိုတာကတော့ တပိုင်းမှန်ပါတယ်။ ဒါပေမယ့် အနှစ်သာရကျကျ စဉ်းစားကြည့်ရင် လူထု အုံကြွမှုကို ခေါင်းဆောင်က အချိန်မရွေး အခြေအနေမရွေး အမြဲတမ်း ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ လူထုအုံကြွမှုကသာ ခေါင်းဆောင်ကို ဘယ်အချိန်မှာမဆို ဖန်တီးနိုင်ပါတယ်။

၁၉၈၈ လူထုအုံကြွမှုကြီးအတွင်းမှာ ခေါင်းဆောင်မှုနေရာကိုရယူဖို့ အားထုတ်သူတွေ မနည်းပါဘူး။ ဒီမိုကရေစီ ဖခင်ကြီးလို့ ကိုယ့်ကိုကိုယ်ဖော်ပြီးထွက်လာတဲ့ ဦးအောင်ကြီးလိုလူတောင် ရှိပါတယ်။ ဒါပေမယ့် လူထုက (လူငယ်-လူကြီး အားလုံးက) တညီတည်းလောက် ရွေးခြယ်ဖန်တီးလိုက်သူက တခြားတယောက် ဖြစ်သွားပါတယ်။

ဘေးမှာ ကွန်မြူနစ်တွေဝိုင်းရံနေတယ်၊ ထုတ်ပစ်ရမယ် စသဖြင့် ဦးအောင်ကြီးက သဲနဲ့ပက်တာ လုပ်လာပါသေးတယ်။ အခုတလောမှာလည်း နဝတ ဗိုလ်ခင်ညွန့်က ကွန်မြူနစ်တွေက ဝိုင်းရံတဲ့နည်းနဲ့ တင်လို့ ခေါင်းဆောင်ဖြစ်လာတာ၊ နိုင်ငံခြားကသာ အထင်ကြီးထောက်ခံတာ စသည်စသည်ဖြင့် အပုပ်ချပါတယ်။ ဦးအောင်ကြီးရဲ့ လေကိုလိုက်ပြီး ပြောတာပါ။ ဒီစကား စခဲ့သူက ဦးအောင်ကြီးပါ။

ဦးအောင်ကြီးရဲ့ စာစောင်တွေအားလုံးမှာ မကွယ်မဝှက် ပါနေတဲ့အချက်အရ သူလိုလားတာဟာ စစ်အစိုးရ - စစ်အုပ်စု အာဏာရှင်စနစ် - စစ်ဗျူရိုကရေစီယန္တရားကိုဖျက်သိမ်းရေး မဟုတ်ပါဘူး။ ဦးနေဝင်းက နံပါတ်တစ်အဖြစ် သမ္မတလုပ်ပြီး သူက ဝန်ကြီးချုပ် လုပ်ချင် တာပါ။

ဗိုလ်တင်ဖေက စိတ်မနှံ့သူ၊ ဝန်ကြီးချုပ်လုပ်ခဲ့ကြတဲ့ ဗိုလ်စိန်ဝင်း၊ ဦးမောင်မောင်ခ၊ သူရဦးထွန်းတင်တို့က အရည်အချင်းမရှိသူတွေ၊ ဂျပန်အစိုးရကလည်း မကြည်ဖြူသူတွေ၊ သူသာ အထိုက်တန်ဆုံးဆိုတာ ပါပါတယ်။

တပ်က ထွက်ပြီး ဖဆပလဥက္ကဋ္ဌ လုပ်မယ်ဆိုတော့ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းကိုဖယ်ထားပြီး သခင်ဗဟိန်းကို တပ်ရဲ့ ဦးစီးဦးကိုင်အဖြစ် စစ်ဦးစီးချုပ်နေရာပေးတော့ သူက မကျေမနပ်ဖြစ်ပြီး ဗိုလ်နေဝင်းဘက်ကရပ်ခဲ့သူပါဆိုပြီး ဗိုလ်နေဝင်းကို မျက်ရည်ခံ ထိုးတာလည်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ သစ္စာရှိကျွန်ယုံတော်ဆိုတာကိုယုံကြည်ပါလို့ ရေးထားတာပါ။

စစ်တပ်က လူထုကို သွေးချောင်းစီးအောင် ပစ်သတ်နေတော့လည်း တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” လို့ ပြောခဲ့သူပါ။

အဲဒီလိုလူမျိုးကို လူထုက ခေါင်းဆောင်နေရာ မပေးတာလည်း မဆန်းပါဘူး။

လူထုက သူတို့ကိုခေါင်းဆောင်ပြီး စစ်အစိုးရ - နေဝင်းစစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ပြတ်ပြတ်သားသား တိုက်ဖျက်မယ့် သူကိုသာ လိုချင်တာပါ။ သူတို့ကို ခုတုံးလုပ်ပြီး အာဏာကုလားထိုင်မှာ သွားထိုင်မယ့်သူကို မလိုချင်ပါဘူး။

ဦးအောင်ကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို အရိုးစွဲအောင် မုန်းတီးနေသူ၊ ပြီးတော့ ရွံ့ကြောက်ကြီးဖြစ်နေသူဆိုတာကို ပါတီက သိပါတယ်။ စစ်အစိုးရကို အတိုက်အခံလုပ်သလိုလိုနဲ့ နိုင်ငံရေး အလံရှူးလုပ်နေတာကိုလည်း သိပါတယ်။ မင်းမဲ့ဝါဒ ဖြစ်လာပြီ” လို့ ဆိုကာ စစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ သူကပဲ စပြီး အချက်ပြခဲ့တယ်ဆိုတာလည်း ပါတီက သိပါတယ်။

ဒါပေမယ့် မဆလ စစ်အစိုးရကို ဖယ်ရှားပစ်ရေးမှာ အားလုံး တလုံးတစည်းတည်းရှိရေး၊ မကွဲပြဲရေးကိုဦးစားပေးပြီး ပါတီက သည်းခံ ခဲ့ပါတယ်။

ကျောင်းသားတွေ၊ လူငယ်တွေနဲ့ မြေအောက်ပါတီဝင် တော်တော်များများက ဦးအောင်ကြီးကို ဖွင့်ချချင်ကြတာကိုပင် မလုပ်ကြဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ပါတယ်။

ဘာကြောင့် ဒီလိုလုပ်သလဲဆိုတော့ ပါတီရဲ့စဉ်းစားချက်က ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးလုပ်တုန်းကလို ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖြစ်ချင်လို့ပါ။ အားလုံး စုစုစည်းစည်း ဖြစ်ချင်လို့ပါ။

အဲဒီတုန်းက အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ ချပ်သင်းသူဌေး ဦးဘတင်တို့လို အင်္ဂလိပ်အလိုတော်ရိတွေ၊ ကပ္ပတိန် ထွန်းလှအောင်တို့လို လူတွေကိုတောင် စည်းရုံးခဲ့တာပါ။ သူတို့အကူအညီတွေကို ရသလောက်ယူခဲ့တာပါ။

၁၉၄၅ မှာ ဖဆပလ တရားဝင်ဖွဲ့တော့လည်း ငါးပွင့်ဆိုင်တွေ၊ မျိုးချစ်တွေ၊ ဓားမတွေ အားလုံးပါအောင် စည်းရုံးခဲ့တာပါ။

ပြည်ပက နယ်ချဲ့ဖက်ဆစ်တွေကိုတော်လှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစုဖွဲ့ခဲ့သလို တိုင်းရင်းဖြစ်ဖက်ဆစ်တွေ (စစ်အစိုးရ)ကို တွန်းလှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖွဲ့ချင်တာဟာ ပါတီရဲ့မူ ဖြစ်ပါတယ်။

စစ်အစိုးရ - စစ်အုပ်စု - စစ်ဗျူရိုကရေစီယန္တရားကို တိုက်ဖျက်ဖို့တာဝန်ဟာ အလွန်ကြီးလေးပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာကို ပါတီက သိထားလို့ ကွန်မြူနစ်ဆန့်ကျင်သူများနဲ့တောင်မှ တပ်ပေါင်းစုထဲမှာ အတူနေဖို့ ကြိုးစား ခဲ့တာပါ။

ဒါပေမယ့် ကွန်မြူနစ်ဆန့်ကျင်သူများက (သူတို့ခေတ်ရောက်ပြီလို့ အခြောက်တိုက် ထင်နေပြီး) ဗကပ ကို အတင်းဝိုင်းပယ်ချင် နေကြတာပါ။

ဗမာပြည် ဆိုရှယ်လစ်ပါတီရဲ့ အတွေးအခေါ်ရှင်ကြီး ဦးကျော်ငြိမ်းကတောင် ပျော့ပျော့ပြောင်းပြောင်းရှိလာပေမယ့် ဦးအောင်ကြီးက (စစ်အုပ်စုထဲ ပြန်ဝင်ချင်ဇောနဲ့) ဗကပကို ဝိုင်းပယ်နေတာပါ။

ဗိုလ်အောင်ကြီးက စစ်အုပ်စုရဲ့ နံပါတ်နှစ်နေရာကို ပြန်ရနိုးနိုးနဲ့ ဘယ်လိုပဲ မျက်နှာလိုအားရလုပ်နေပေမယ့် သူ့ကို ဗိုလ်နေဝင်းက အသုံးမလိုတော့ပါဘူး။ နဝတ စစ်အုပ်စုဝင် အားလုံးကလည်း သူတို့အပေါ် ဆရာလာလုပ်မယ့်သူကို မလိုချင်ပါဘူး။ ထားရာနေမယ် ဆိုရင်တောင်မှ လက်မခံဝံ့ကြပါဘူး။ နောက်ဆုံးတော့ (သခင်စိုး အလုပ်ခံရသလို) နိုင်ငံရေးသိက္ခာသာမက လူမှုရေးသိက္ခာပါ အချခံရပြီးမှ ဘဲဥမှုနဲ့ ထောင်သွင်းခံရတာပါ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့ ပထမဆုံးသင်ခန်းစာဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာ ဖြစ်ပါတယ်။

ကျယ်ပြန့်တဲ့ တပ်ပေါင်းစုကို ကြိုတင်ဖွဲ့မထားနိုင်တော့ တညီတညွတ်တည်းသော အမိန့်ပေးအဖွဲ့ (ညွှန်ကြားရေးအဖွဲ့) မရှိခဲ့တာ။ ခေါင်းဆောင်မှုကို အုံကြွမှုဖြစ်နေမှသာ ရွေးချယ်နေရတာ။

သော့ချက်ကျတဲ့ နေရာတွေ၊ တရားဝင်အဖွဲ့အစည်းတွေထဲမှာ မိမိအင်အားစုများကို ကြိုတင်မြှုပ်နှံထားမှု မလုပ်နိုင်တာ - ဒါတွေဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာကိုဖော်ပြတာ ဖြစ်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက အင်္ဂလိပ်နယ်ချဲ့ပေးထားတဲ့ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ ရှိပါတယ်။ ခေါင်းဆောင်မှု ပေးရေးနဲ့ပတ်သက်ပြီး စည်းရုံးရေးအပိုင်းမှာ ပြဿနာမရှိခဲ့ပါဘူး။ သခင်ကိုယ်တော်မှိုင်းအမှူးပြုတဲ့ တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ၊ အလုပ်သမား - လယ်သမား အစည်းအရုံးများ စသဖြင့် ခေါင်းဆောင်မှုအဖွဲ့များ ဖွဲ့ဖွဲ့စည်းစည်း ရှိပြီးသားပါ။

သတင်းစာကနေပြီး ညွှန်ကြားချက်ထုတ်ရင် တရက်တည်းနဲ့ တပြည်လုံး ပြန့်ပါတယ်။ လှုံဆော် ဝါဒဖြန့် လုပ်နိုင်ပါတယ်။ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် တစုံတရာ ရှိပါတယ်။

၁၉၈၈ မှာ ဒါမျိုး မရှိပါဘူး။

ဂျပန်ဖက်ဆစ်ခေတ်မှာ လုပ်ရတာကျတော့လည်း BDA တပ်တွင်းရှိ မျိုးချစ်ပြည်ချစ်တပ်မှူးများနဲ့ ပါတီဝင်တပ်မှူးတပ်သားများရဲ့ ကူညီပံ့ပိုးမှု ရှိပါတယ်။ သူတို့အကူအညီနဲ့ ဖတပလ ကို ဖွဲ့နိုင်ခဲ့ပါတယ်။ ဂျပန်ရုပ်သေးအစိုးရ ဌာနများရဲ့ အကူအညီနဲ့ တပ်ပေါင်းစုကို တိုးချဲ့နိုင်ပါတယ်။

၁၉၈၈ မှာတော့ ပြည်တွင်းစစ် ဖြစ်နေချိန်ပါ။ ပါတီဗဟိုကလည်း မြို့တော်နဲ့ အလှမ်းကွာပါတယ်။ တပ်ပေါင်းစုကို မြေအောက်နည်းနဲ့ ဖွဲ့စည်းနေရတာပါ။

တိုက်ပွဲဝင်ပြည်သူတွေကိုယ်တိုင်ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ စသဖြင့် မရှိပါဘူး။ မဆလ က ဖွဲ့ထားတဲ့ အဖွဲ့တွေတော့ရှိပါတယ်။ ဒီအဖွဲ့တွေဟာ လူထုအုံကြွမှုကြီးအရှိန်မြင့်မားချိန်မှာ တိုက်ပွဲဝင်သူ တွေ ဖြစ်လာတတ်ပါတယ်။ ကြိုတင်ပြီး အစီအစဉ်ရှိရှိနဲ့ မိမိအင်အားစုများကို ဒီလို တရားဝင်တည်ရှိနေတဲ့ အဖွဲ့အစည်းတွေမှာ ဝင်ရောက်မြှုပ်နှံထားရပါမယ်။ ကျနော်တို့ မြှုပ်နှံတာ မလုံလောက်ခဲ့ပါဘူး။ ဒီမှာပြောတဲ့ ကျနော်တို့ဆိုတာဟာ ပါတီသက်သက်ကို ပြောတာ မဟုတ်ပါဘူး။ တိုက်ပွဲကိုပြင်ဆင်တဲ့ အဖွဲ့အစည်းအားလုံးကို ဆိုလိုပါတယ်။

ရန်သူ့စစ်တပ်ထဲမှာ မြှုပ်နှံထားတာဟာ သော့ချက်အကျဆုံးတာဝန် ဖြစ်ပါတယ်။ ရန်သူ့စစ်တပ်ရဲ့ အချို့အစိတ်အပိုင်းကို ပြည်သူတွေဘက် ကူးပြောင်းလာအောင်၊ အများပိုင်းကို ကြားနေလာအောင် စစ်အုပ်စုရဲ့အမိန့်ကိုမနာခံသူတွေဖြစ်လာအောင်လုပ်နိုင်မှ လူထုတိုက်ပွဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

တပ်ပေါင်းစုလုပ်ငန်းကိုလုပ်ရတာဟာ ပါတီယူဂျီများအဖို့ အများကြီးစွန့်စားရပါတယ်။ ရန်သူက ဖော်ထုတ်ပြီး ဖမ်းဆီးသွားခဲ့နိုင်တာတွေ အားလုံးလောက်ဟာ တပ်ပေါင်းစုဖွဲ့စည်းရေးလုပ်ငန်းလုပ်ရင်းက အစ ရသွားတာပါ။ စကားတခွန်း ပြောဖို့၊ စာတစောင်ပေးဖို့ ပါတီက ဘယ်လောက် ရင်းနှီးခဲ့ရတယ်၊ စွန့်လွှတ်စွန့်စားရတယ်ဆိုတာကိုပေါ်လွင်အောင် တင်ပြနေတာပါ။ ဒီလို စွန့်လွှတ်စွန့်စားခဲ့ရတာတွေ အတွက် နောင်တရနေမှာမဟုတ်ဘဲ ဂုဏ်ယူနေတာဖြစ်ပါတယ်။

၁၉၈၀-၈၁ ကစပြီး ပါတီစုံဒီမိုကရေစီ” ကြွေးကြော်သံ ထုတ်ပြန်ခဲ့စဉ်ကတည်းက စတင်ပြီး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူထုအုံကြွမှုကြီးကိုခေါင်းဆောင်မယ့် ခေါင်းဆောင်မှုအဖွဲ့ကို ၁၉၈၈ အထိ တူတူတန်တန် မဖွဲ့နိုင်ခဲ့ပါဘူး။

စစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီး ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ မုချသဘောကို ပါတီက သိရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘာကိုအကြောင်းပြုပြီး ဘယ်နေရာမှာဖြစ်လာမလဲဆိုတဲ့ ရှောင်တခင်သဘော (ကြုံကြိုက် တိုက်ဆိုင်မှုသဘော)ကိုတော့ မသိနိုင်ပါဘူး။

၁၉၈၈ ခုနှစ်၊ မတ်လမှာတော့ ဒါဟာ လူထုအုံကြွမှုကြီးရဲ့အစဆိုတာ တွက်ချက်လို့ ရပါပြီ။ အဲဒီအချိန် ရောက်သည်အထိ ခေါင်းဆောင်မယ့် ကျယ်ပြန့်တဲ့တပ်ပေါင်းစု အမြုတေ ဖွဲ့လို့မပြီးသေးပါဘူး။

လှုပ်ရှားမှုကြီးကိုခေါင်းဆောင်မယ့်တပ်ပေါင်းစု မရှိတော့ တညီတညွတ်တည်းသော ခေါင်းဆောင်မှုမပေးနိုင်ဘဲ တယောက် တပေါက်ဖြစ်ကာ စည်းလုံးမှုပျက်ပြားစေပါတယ်။ ရန်သူက ဝင်ပြီး သပ်လျှိုသွေးခွဲနိုင်ဖို့ ရေခံမြေခံ ဖန်တီးပေးသလို ဖြစ်ရပါတယ်။

ယာယီအစိုးရ ဖွဲ့စည်းရေး” ကြွေးကြော်သံကို လက်တွေအကောင်အထည်ဖော်ဖို့ အခြေအနေတရပ်ဖြစ်ပေါ်လာတော့ ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။

တစုတစည်းတည်းသော ခေါင်းဆောင်မှုအဖွဲ့ ရှိနေပြီး တညီတညွတ်တည်းသောရှေ့ဆောင်မှုကိုသာ ပေးနေနိုင်ခဲ့ရင် ဒါမျိုး မဖြစ်နိုင်ပါဘူး။

သန္နိဋ္ဌာန် ပြတ်သားခိုင်မာမှုနဲ့ စွန့်လွှတ်စွန့်စားမှုတွေဘက်မှာ လုံးဝ ပြည့်စုံပါတယ်။ တိုက်ပွဲဝင် ကျောင်းသားလူငယ်တွေနဲ့ လုပ်သားပြည်သူတွေဟာ အံ့သြလေးစားဖွယ်ကောင်းအောင် စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ပါတယ်။ တပြည်လုံး အုံးအုံးကြွက်ကြွက် အုံကြွလာခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment