Sunday, November 8, 2020

ကွန်မြူနစ်ဆိုတာ (သခင်သန်းထွန်းမိန့်ခွန်းကောက်နှုတ်ချက်)

0 comments

ကျုပ် အတိအလင်းပြောမယ် ---  

ကွန်မြူနစ်တွေဟာ ဘာသာတရားကို ဖျက်ဆီးပုတ်ခတ်သူများ မဟုတ်၊ လူတိုင်းကြိုက်တဲ့ ဘာသာအယူဝါဒရှိနိုင်သလို ကိုယ်ကြိုက်တဲ့အယူ ယူခြင်းသာဖြစ်တယ်၊ သူများအယူဝါဒကို မနှောင့်ယှက်။ 

ကွန်မြူနစ်တို့သည် သူများဆဲ၊ အတင်းပြောသူများမဟုတ်။ သူများ၏အလုပ်ကိုဝေဖန်၍ ကိုယ့်ကိုယ်လည်း ဝေဖန်သူများဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ သပိတ်မှောက်ဘို့ မလုပ်၊ စီးပွါးတိုးတက်ဘို့သာလုပ်တယ်။ 

ကွန်မြူနစ်တို့ဟာ ကိုယ်ကြီးစိုးဘို့ မလိုလား၊ ပြည်သူ့အကျိုးကိုသာ အဓိကထား၍လုပ်တယ်။ 

ကွန်မြူနစ်တို့ဟာ စိတ်နောက်ကိုယ်ပါလုပ်သူများမဟုတ်။ အကျိုး အကြောင်းနှင့်လုပ်သူများ ဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ အလွန်အကျွံဝါဒသများမဟုတ်။ တကယ့်အခြေအနေနှင့် ဖြစ်နိုင်သည်ကိုသာ လုပ်သူဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ စိတ်မနိုင်သူများမဟုတ်၊ ငလျင်တွေ၊ မုန်တိုင်းတွေ အကြားမှာပင် ရပ်တည်နိုင်သူတို့ဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ အဖျက်သမားများမဟုတ်။ ပြာထဲ အမှိုက်ပုံကနေပြီး အသစ် ထူထောင်နေသူများဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ သွေးစိမ်းသောက်ချင်တဲ့သူတွေမဟုတ်၊ ညီရင်းအစ်ကိုချစ်ခင်မှုကို လိုလားတယ်။ 

ကွန်မြူနစ်တို့ဟာ သည်းညည်းမခံ ဇပ်ဇပ်ကြဲများမဟုတ်၊ လိုက်လိုက်လျောလျောနဲ့ ဇွဲရှိသူများဖြစ်တယ်။ 

ကွန်မြူနစ်တို့ဟာ စာအုပ်ကြီးအတိုင်း လုပ်သူများမဟုတ်၊ အခြေအနေနှင့်ဆီလျော်အောင် လုပ်သူများဖြစ်တယ်။ 

တော်လှန်ရေးကို ကလေးကစားစရာလို သဘောမထား၊ လက်ဖက်ရည်ကြမ်းဝိုင်း၊ တောင်စဉ်ရေမရပြောသလို မလုပ်၊တော်လှန်ရေးကို လုပ်သင့်မှ လုပ်မယ်။ မလုပ်သင့်ရင်လုပ်ကို မလုပ်ဘူး၊ ပြောကို မပြောဘူး၊ တိုင်းပြည်အကျိုးသာ အဓိကပဲ။ 

(ဇူလိုင်လ ၂၀ ရက်နေ့တွင်ကျင်းပသော ကွန်မြူနစ်ပါတီဗဟိုရ်ဌာန၌ကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာကွန်မြူနစ်ပါတီ ကွန်ဂရက်၌ သဘာပတိ သခင်သန်းထွန်း၏ မိန့်ခွန်း မှ ) - ကောက်နုတ်ချက် 

ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီ၏အာဘော်၊ပြည်သူ့အာဏာဂျာနယ်၊ စိန်ရတုအထိမ်းအမှတ်၊ ဒုတိယအုပ်၊အမှတ် (၃၈) ဒီဇင်ဘာ၊ ၂၀၁၄၊ စာမျက်နှာ ၂၂ 

--------------

ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ် လောက်က ရဲဘော်သခင်သန်းထွန်းမိန့်ကြားခဲ့ချက်ဟာ ယနေ့ကာလမှာပါ အသက်ဝင်ဆီလျော်နေပါလားဆိုတာကို ဖတ်ရင်း အလေးအနက် သတိထားမိပါတယ်။ 

သို့အတွက် အသေအချာ ကောက်နုတ်ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ 

ရိုသေစွာဖြင့်

မောင်ကျော်မော်
 မေ ၂၀၂၀

0 comments:

Post a Comment