Tuesday, November 3, 2020

ယင်အန်းစာပေအနုပညာဆွေးနွေးပွဲတွင် ပြောကြားသောမိန့်ခွန်း (နိဒါန်း) မော်စီတုန်း

0 comments
ယင်အန်းစာပေအနုပညာဆွေးနွေးပွဲတွင် ပြောကြားသောမိန့်ခွန်း (နိဒါန်း)
မော်စီတုန်း
လက်ရွေးစင်ကျမ်း အတွဲ ၃ အမှတ် ၁
နိဒါန်း
(၁၉၄၂ ခုနှစ် မေလ ၂ ရက်နေ့)
ရဲဘော်တို့....
ဒီနေ့အစည်းအဝေးကိုတက်ဖို့ ရဲဘော်တို့ကို ဖိတ်ရတဲ့အကြောင်းကတော့၊ စာပေအနုပညာလုပ်ငန်းနဲ့ ယေဘုယျတော်လှန်ရေးလုပ်ငန်း ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ရဲဘော်တို့နဲ့ ထင်မြင်ချက်ဖလှယ်ယင်းအတူလေ့လာဆန်းစစ်ချင်လို့ပါဘဲ။ ဒီလိုလေ့လာဆန်းစစ်တဲ့ ရည်ရွယ်ချက်ကတော့ တော်လှန်တဲ့စာပေအနုပညာကို လမ်းမှန်အတိုင်း ဖွံဖြိုးတိုးတက်သွားစေချင်လို့ပါဘဲ၊ တခြားတော်လှန်ရေးလုပ်ငန်းတွေကို ပိုပြီးကောင်းကောင်းအထောက်အကူပြုနိုင်စေချင်လို့ပါဘဲ၊ အဲဒီလိုလုပ်ပြီးတော့၊ ကျနော်တို့အမျိုးသားများရဲ့ရန်သူကိုအပြုတ်ချေမှုန်းပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို ပြီးမြောက်အောင်မြင်စေဖို့ဖြစ်ပါတယ်။
တရုပ်ပြည်သူတွေလွတ်မြောက်ရေးအတွက် ကျနော်တို့တိုက်ပွဲဆင်ရာမှာ၊ စစ်မျက်နှာအမျိုးမျိုးရှိပါတယ်။ ဒီစစ်မျက်နှာတွေထဲမှာ၊ အနုနည်းနဲ့တိုက်တဲ့စစ်မျက်နှာနဲ့ အကြမ်းနည်းနဲ့တိုက်တဲ့စစ်မျက်နှာ၊ တနည်းပြောရယင် ယဥ်ကျေးမှုစစ်မျက်နှာနဲ့ စစ်ရေးစစ်မျက်နှာများလဲပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ရန်သူကို အပြုတ်တိုက်ချင်ယင်၊ ပထမဦးဆုံးလက်နက်စွဲကိုင်တဲ့ စစ်တပ်ကိုအားကိုးရမယ်။ ဒါပေမဲ့ဒီစစ်တပ်မျိုးရှိရုံနဲ့ မလုံလောက်သေးဘူး၊ ယဥ်ကျေးမှုတပ်မတော်လဲ ရှိဖို့ လိုသေးတယ်။ ဒီတပ်မတော်ဟာ ကိုယ့်လူအချင်းချင်းစည်းလုံးညီညွတ်လာအောင်လုပ်ပြီး ရန်သူကို အပြုတ်တိုက်ဖို့အတွက် မရှိမဖြစ်တဲ့ တပ်မတော်ဖြစ်တယ်။ မေလ ၄ ရက်နေ့အရေးတော်ပုံကစပြီး တရုပ်ပြည်မှာ ဒီယဥ်ကျေးမှုတပ်မတော် ပေါ်ပေါက်လာခဲ့တယ်။ ဒီတပ်မတော်ဟာ တရုပ်ပြည်တော်လှန်ရေးကို အထောက်အကူပြုခဲ့တယ်၊ တရုပ်ပဒေသရာဇ်ယဥ်ကျေးမှုနဲ့ နယ်ချဲ့ကျူးကျော်မှုရဲ့ အလိုကျလုပ်တဲ့ လက်ဝေခံယဥ်ကျေးမှုတို့ရဲ့ နယ်ပယ်ကို တဖြည်းဖြည်းကျဥ်းသွားစေခဲ့တယ်။ အဲဒီ ယဥ်ကျေးမှုတို့ရဲ့အင်အားကို တဖြည်းဖြည်း ချည့်နဲ့သွားစေခဲ့တယ်။ အခုအချိန်မှာဆိုယင် တရုပ်ဖေါက်ပြန်ရေးသမားတွေဟာ၊ ယဥ်ကျေးမှုသစ်ကိုဆန့်ကျင်ဖို့ “ အရည်အချင်းကို အရေအတွက်နဲ့ တိုက်ဖျက် ” ဆိုတဲ့ နည်းကိုသာကျင့်သုံးနိုင်ကြတော့တယ်။ ဆိုလိုတာက ဖေါက်ပြန်ရေးသမားတွေမှာ၊ ငွေဖောဖောသီသီရှိလေတော့ စာပေအနုပညာလက်ရာအကောင်းစားတွေကိုမထုတ်နိုင်ပေမဲ့၊ အညံစားတွေကိုတော့ အများကြီးထုတ်နိုင်တယ်။ မေလ ၄ ရက်နေ့အရေးတော်ပုံကစပြီး၊ ယဥ်ကျေးမှုစစ်မျက်နှာမှာ စာပေနဲ့အနုပညာဟာ အရေးလဲပါ၊ အောင်မြင်မှုလဲရရှိခဲ့တဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ တော်လှန်တဲ့ စာပေအနုပညာလှုပ်ရှားမှုဟာ ဆယ်နှစ်ကြာတဲ့ပြည်တွင်းစစ်အတွင်းမှာ အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒီလှုပ်ရှားမှုရဲ့အဓိကဦးတည်ချက်ဟာ အဲဒီအချိန်က တော်လှန်ရေးစစ်ပွဲရဲ့ အဓိကဦးတည်ချက်နဲ့ တညီတညွတ်ထဲရှိခဲ့ပေမဲ့၊ လက်တွေ့လုပ်တဲ့နေရာမှာ အပြန်အလှန်ပေါင်းစပ်ပြီး မလုပ်နိုင်ခဲ့ဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်း ကတော့ အဲဒီအချိန်က ဖောက်ပြန်ရေးသမားတွေက ဒီညီအစ်ကိုတပ်မတော်နှစ်ခုကို အဆက်ဖြတ်ထားတဲ့အတွက်ကြောင့်ဘဲ။ ဂျပန်ခုခံရေးစစ်ဖြစ်ပွါးပြီးနောက်မှာ ယင်အန်းနဲ့တခြားဂျပန်ခုခံရေးအခြေခံဒေသအသီးသီးကိုလာကြတဲ့ တော်လှန်တဲ့စာပေအနုပညာရှင်တွေပိုပြီးများလာတာဟာ အင်မတန်ကောင်းတယ်။ ဒါပေမဲ့အခြေခံဒေသကိုရောက်လာရုံနဲ့ဘဲ၊ အခြေခံဒေသက ပြည်သူလူထုတွေနဲ့ လုံးလုံးပေါင်းစပ်မိပြီလို့ မပြောနိုင်သေးဘူး။ တော်လှန်ရေးလုပ်ငန်းကို ရှေ့တဆင့်တိုးတက်အောင် ကျနော်တို့လုပ်ချင်ယင်၊ စာပေအနုပညာရှင်တွေနဲ့ အခြေခံဒေသကပြည်သူတွေ တသားထဲဖြစ်အောင် ပေါင်းစပ်ပေးကြရမယ်။ ကျနော်တို့ ဒီနေ့အစည်းအဝေး ကျင်းပတာဟာလဲ စာပေအနုပညာလုပ်ငန်းကို တော်လှန်ရေးစက်ယန္တရားကြီးရဲ့ အစိတ်အပိုင်းတခုအဖြစ် ကောင်းကောင်း ပါဝင်လာစေဖို့ဖြစ်တယ်။ ပြည်သူတွေကို စည်းရုံးရာမှာ၊ ပညာပေးရာမှာ၊ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းရာမှာ စာပေအနုပညာကို ထက်မြက်တဲ့လက်နက်တခုဖြစ်လာစေပြီးရန်သူကို ပြည်သူတွေတစိတ်ထဲတဝမ်းထဲ တိုက်လာကြအောင်ကူညီနိုင်ဖို့ဖြစ်တယ်။ ဒီရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက်ဘယ်လိုပြဿနာတွေကိုဖြေရှင်းရမလဲ? ဖြေရှင်းရမဲ့ပြဿနာတွေကတော့ စာပေအနုပညာရှင်များရဲ့ ရပ်တည်မှုပြဿနာ၊ သဘောထားပြဿနာ၊ ပရိသတ်ပြဿနာ၊ အလုပ်ပြဿနာနဲ့ လေ့လာရေးပြဿနာဖြစ်တယ်လို့ ကျနော်ယူဆတယ်။
ရပ်တည်မှုပြဿနာ ။ ။ ကျနော်တို့ဟာပစ္စည်းမဲ့လူတန်းစားနဲ့ ပြည်သူလူထုဘက်မှာ ရပ်တည်ကြတယ်။ ကွန်မြူနစ်ပါတီဝင်တွေအဖို့ပြောရယင် ပါတီဖက်မှာရပ်တည်ရမယ်၊ ပါတီစိတ်ဓာတ်နဲ့ပါတီပေါ်လစီဖက်မှာရပ်တည်ရမယ်ဆိုတာဘဲ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျနော်တို့စာပေအနုပညာရှင်တွေထဲမှာ၊ မှန်မှန်ကန်ကန် နားမလယ်တဲ့သူနဲ့ ရှင်းရှင်းလင်းလင်း နားမလယ်သူတဲ့သူရှိသေးသလား? ရှိတယ်လို့ကျနော်ယူဆတယ်။ ရဲဘော်အမြောက်အများဟာ မှန်ကန်တဲ့ ကိုယ့်ရပ်တည်မှုကနေပြီးချော်ထွက်သွားလေ့ရှိကြတယ်။
သဘောထားပြဿနာ ။ ။ ရပ်တည်မှုကနေအရာကိစ္စအမျိုးမျိုးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့သဘောထားပုံတွေ ပေါ်လာတယ်။ ဥပမာဆိုရင် အမွှမ်းတင်မလား၊ ဖွင့်ချမလားဆိုတာဟာ သဘောထားနဲ့ဆိုင်တယ်။ ကျနော်တို့ဟာဘယ်လိုသဘောထားမျိုး ရှိသင့်လဲ? နှစ်မျိုးစလုံးရှိသင့်တယ်၊ ပြဿနာကဘယ်သူ့အပေါ်မှာ ဘယ်လိုသဘောထားရမယ်ဆိုတဲ့ပြဿနာဘဲ။ လူသုံးမျိုးရှိတယ်၊ ပထမတမျိုးက ရန်သူတွေ၊ ဒုတိယတမျိုးက ညီညွတ်ရေးတပ်ပေါင်းစုထဲကမဟာမိတ်တွေ၊ တတိယအမျိုးအစားထဲပါတာတွေကတော့ ပြည်သူလူထုနဲ့ သူတို့ရဲ့တပ်ဦးဘဲ။ ဒီလူသုံးမျိုးအပေါ် သဘောထားသုံးမျိုးထားရမယ်။ ရန်သူနဲ့ပတ်သက်လို့ရှိယင်၊ တနည်းပြောရယင်၊ ဂျပန်နယ်ချဲ့သမားနဲ့ပြည်သူ့ရန်သူအားလုံးနဲ့ပတ်သက်လို့ရှိယင် တော်လှန်တဲ့စာပေအနုပညာရှင်တွေဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ လိမ်ညာမှုတွေကိုဖွင့်ချရမယ်၊ သူတို့မုချရှုံးရမယ်ဆိုတာကိုညွှန်ပြရမယ်၊ ဂျပန်နယ်ချဲ့သမားကို ခုခံတိုက်ခိုက်နေတဲ့ တပ်မတော်သားတွေနဲ့ပြည်သူတွေကိုတစိတ်ထဲတဝမ်းထဲ ရန်သူကိုပြတ်ပြတ်သားသား အပြုတ်တိုက်ပစ်နိုင်အောင် အားပေးလှုံ့ဆော်ရမယ်။ ညီညွတ်ရေးတပ်ပေါင်းစုအတွင်းက မတူတဲ့မဟာမိတ်အမျိုးမျိုးနဲ့ပတ်သက်လို့တော့၊ ကျနော်တို့သဘောထားဟာ ပူးလဲပူးပေါင်း ဝေလဲဝေဖန်ဆိုတဲ့သဘောထားမျိုး ဖြစ်ရမယ်၊ မတူတဲ့ပူးပေါင်းပုံ အမျိုးမျိုး၊ မတူတဲ့ဝေဖန်ပုံအမျိုးမျိုး ရှိရမယ်။ သူတို့ကဂျပန်ကိုခုခံယင်၊ ကျနော်တို့က ထောက်ခံရမယ်၊ သူတို့အောင်မြင်မှုရှိရင် ချီးကျူးဂုဏ်ပြုရမယ်။ ဒါပေမဲ့ ဂျပန်နယ်ချဲ့သမားကို စိတ်မပါ့တပါနဲ့ ခုခံတိုက်ခိုက်ယင်တော့ ဝေဖန်ရမယ်။ တယောက်ယောက်က ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးလုပ်ငန်းတွေလုပ်လာယင်၊ တနေ့တခြားဖောက်ပြန်လာယင်ကျနော်တို့ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်။ ပြည်သူတွေ၊ ပြည်သူတွေရဲ့အလုပ်တွေတိုက်ပွဲတွေနဲ့ ပြည်သူတွေရဲ့တပ်မတော်၊ ပြည်သူတွေရဲ့နိုင်​ငံရေးပါတီတွေကိုတော့ ကျနော်တို့ချီးကျူးဂုဏ်ပြုကြရမှာဓမ္မတာဘဲ။ ပြည်သူတွေမှာလဲချွတ်ယွင်းချက်ရှိပါတယ်။ ပစ္စည်းမဲ့လူတန်းစားအတွင်းကလူအများအပြားမှာ ဓနရှင်ပေါက်စအတွေအခေါ်တွေ ရှိကြသေးတယ်။ လယ်သမားနဲ့မြို့နေဓနရှင်ပေါက်စ လူတန်းစားများမှာလဲ ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေရှိကြသေးတယ်။ ဒါတွေဟာတိုက်ပွဲဆင်ရာမှာသူတို့အဖို့ဝန်ထုပ်ဝန်ပိုးတွေလိုဖြစ်နေတယ်။ ကျနော်တို့ဟာသူတို့ကိုစိတ်ရှည်ရှည်နဲ့ ရေရှည်ပညာပေးသွားရမယ်၊ ဒီအထုပ်အပိုးတွေကိုကျောပေါ်က ချပစ်နိုင်အောင်၊ ကိုယ့်ချွတ်ယွင်းချက်တွေနဲ့အမှားတွေကို တိုက်ခိုက်ကျော်နင်းနိုင်အောင် သူတို့ကို ကူညီရမယ်၊ သူတို့ကိုခြေလှမ်းကျဲကျဲနဲ့ ရှေ့ကိုချီတက်သွားနိုင်အောင် ကူညီရမယ်။ သူတို့ဟာတိုက်ပွဲဆင်ယင်း၊ ကိုယ့်ကိုယ်ကိုပြုပြင်ခဲ့ကြတယ်၊ ဒါမှမဟုတ်ပြုပြင်နေကြတယ်။ ကျနော်တို့ရဲ့စာပေအနုပညာဟာ သူတို့ဒီလိုပြုပြင်တဲ့ဖြစ်စဥ်ကိုသရုပ်ဖော်ရမယ်။ အမှားကိုဇွတ်တင်းခံနေတဲ့သူတွေသာမဟုတ်ယင်၊ သူတို့ကိုတဖက်သတ်ကြည့်ပြီးမှားယွင်းစွာသရော်တာမျိုး၊ ရန်သူလိုသဘောထားတာမျိုး မလုပ်သင့်ဘူး။ ကျနော်တို့ရဲ့ ရေးသားပြုစုချက်တွေဟာ သူတို့ကိုစည်းလုံးလာစေရမယ်၊ တိုးတက်လာစေရမယ်၊ တစိတ်ထဲတဝမ်းထဲရှေ့ကိုချီတက်ပြီးကြိုးပမ်းတိုက်ခိုက်စေရမယ်၊ ခေတ်နောက်ကျတာကိုစွန့်ပစ်ပြီး တော်လှန်တာကို တိုးတက်ထွန်းကားအောင်လုပ်လာစေရမယ်၊ ဒါတွေနဲ့ဆန့်ကျင်တာမျိုး ဖြစ်ကိုမဖြစ်သင့်ဘူး။
ပရိသတ်ပြဿနာ ။ ။ ဒါကတော့ စာပေအနုပညာလက်ရာတွေဟာ ဘယ်သူ့အတွက်ဖြစ်တယ်ဆိုတဲ့ပြဿနာဘဲ။ ရှန်ရှီး-ကန်းစု-နင်ရှပြည်နယ်နယ်စပ်ဒေသမှာရော၊ တရုပ်ပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာရှိတဲ့ဂျပန်ခုခံရေးအခြေခံဒေသတွေမှာပါ ဒီပြဿနာဟာကိုမင်တန်အုပ်စိုးတဲ့ဒေသတွေမှာနဲ့မတူဘူး။ ဂျပန်ခုခံရေးစစ်မတိုင်မီက ရှန်ဟဲနဲ့ဆိုယင်ပိုပြီးမတူဘူး။ ရှန်ဟဲမှာတုန်းက တော်လှန်တဲ့စာပေအနုပညာလက်ရာတွေကိုလက်ခံတဲ့သူဟာ အဓိကအနေနဲ့ ကျောင်းသားတချို့၊ အမှုထမ်းနဲ့ဆိုင်လူငှားတချို့သာဖြစ်တယ်။ ဂျပန်ခုခံရေးစစ် စတင်ပြီးတဲ့နောက်၊ ကိုမင်တန်အုပ်စိုးတဲ့ဒေသတွေမှာ စာပေအနုပညာလက်ရာတွေကို လက်ခံသူအဝန်းအဝိုင်းဟာ နဲနဲပိုပြီး ကျယ်ပြန့်လာခဲ့ဘူးပေမဲ့၊ ဒီလူတွေပဲအဓိကဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့အဲဒီမှာရှိတဲ့အစိုးရကအလုပ်သမား၊ လယ်သမား၊ တပ်မတော်သား တွေကိုတော်လှန်တဲ့စာပေအနုပညာတွေနဲ့ အဆက်ပြတ်အောင်လုပ်ထားလို့ဘဲ။ ကျနော်တို့အခြေခံဒေသတွေမှာတော့ လုံးလုံးမတူဘူး။ အခြေခံဒေသတွေမှာစာပေအနုပညာလက်ရာတွေကိုလက်ခံသူတွေဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတွေနဲ့ တော်လှန်ရေးကေဒါတွေဖြစ်တယ်။ အခြေခံဒေသတွေမှာလဲ ကျောင်းသားတွေရှိတယ၊ ဒါပေမဲ့ဒီကျောင်းသားတွေဟာ ခေတ်ဟောင်းကကျောင်းသားတွေနဲ့ မတူဘူး။ သူတို့ဟာ ကေဒါတွေမဟုတ်ကြယင်လဲ ကေဒါလောင်းတွေဖြစ်ကြတယ်။ လုပ်ငန်းအမျိုးမျိုးကိုလုပ်ကိုင်နေတဲ့ကေဒါတွေ၊ တပ်တွင်းကတပ်သားတွေ၊ စက်ရုံကအလုပ်သမားတွေ၊ ကျေးလက်ကလယ်သမားတွေဟာ စာတတ်လာကြတော့၊ စာအုပ်တွေ သတင်းစာတွေကိုဖတ်ချင်ကြတယ်။ စာမတတ်သူတွေကလဲ ပွဲတို့၊ ပန်းချီကားတို့ဆိုတာတွေကို ကြည့်ချင်ကြတယ်၊ သီချင်းတွေဆိုချင်ကြတယ်၊ တေးဂီတတွေကိုနားထောင်ချင်ကြတယ်။ သူတို့ဟာကျနော်တို့စာပေအနုပညာလက်ရာတွေကို လက်ခံသူတွေဖြစ်တယ်။ ကေဒါတွေကိုဘဲဆိုကြပါစို့၊ ဒီကေဒါတွေရဲ့ အရေအတွက်ကိုနဲတယ်လို့မထင်နဲ့။ ဒီအရေအတွက်ဟာ ကိုမင်တန်အုပ်စိုးတဲ့ဒေသမှာထုတ်တဲ့စာအုပ်တအုပ်ကိုဖတ်တဲ့ပရိသတ်အရေအတွက်ထက် အပုံကြီးများတယ်။ ဟိုဒေသမှာစာအုပ်တအုပ်ကိုတခါပုံနှိပ်ယင် မသကာ အုပ်ရေ ၂၀၀၀ ဘဲရှိမယ်။ သုံးကြိမ်ပုံနှိပ်ထုတ်ဝေမှ ၆၀၀၀ဘဲဲရှိတယ်။ ဒါပေမဲ့အခြေခံဒေသမှာရှိတဲ့စာဖတ်နိုင်တဲ့ ကေဒါအရေအတွက်ဟာ ယင်အန်းမှာတင်ဘဲတသောင်းကျော်ရှိတယ်။ ပြီးတော့ ဒီကေဒါတွေထဲက အတော်များများဟာ နှစ်ပေါင်းအတော်ကြာအောင် ထုသားပေသားရလာတဲ့တော်လှန်ရေးသမားတွေဖြစ်တယ်။ သူတို့ဟာ ဒေသအသီးသီးကလာကြသူတွေဖြစ်တယ်။ ဒေသအသီးသီးကိုသွားပြီး အလုပ်လုပ်ကြမဲ့သူတွေဖြစ်တယ်။ ဒါ့ကြောင့် ဒီလူတွေကို ပညာပေးတာဟာအလွန်အရေးကြီးတဲ့အဓိပ္ပါယ်ရှိတယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာ သူတို့နဲ့ပတ်သက်ပြီးကောင်းကောင်းအလုပ်လုပ်ကြရမယ်။
စာပေအနုပညာရှင်တွေရဲ့ပရိသတ်ဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတွေနဲ့သူတို့ရဲ့ကေဒါတွေဖြစ်တယ်ဆိုယင်၊ သူတို့အကြောင်းကိုသိအောင်၊ သူတို့နဲ့အကျွမ်းတဝင်ရှိအောင်လုပ်ရမဲ့ ပြဿနာပေါ်လာတယ်၊ အဲဒီလိုသူတို့အကြောင်းကိုသိရှိနားလည်ဖို့၊ သူတို့နဲ့အကျွမ်းတဝင်ရှိဖို့၊ ပါတီနဲ့အုပ်ချုပ်ရေးဌာနတွေ၊ ကျေးလက်တွေ၊ စက်ရုံတွေနဲ့ အမှတ် ၈ စစ်ကြောင်းတပ်မတော်၊ အမှတ် ၄ တပ်မတော်သစ်တို့မှာရှိတဲ့ လူအမျိုးမျိုး ကိစ္စအမျိုးမျိုးကို သိရှိနားလယ်ဖို့နဲ့ အကျွမ်းတဝင်ရှိဖို့အတွက်၊ လုပ်ငန်းအတော်များများ လုပ်ရလိမ့်မယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာ ကိုယ့်စာပေအနုပညာ လုပ်ငန်းကိုလုပ်ဖို့လိုပါတယ်၊ ဒါပေမဲ့လူတွေအကြောင်းကို သိရှိနားလယ်အောင်၊ လူတွေနဲ့အကျွမ်းတဝင်ရှိအောင်လုပ်ရတဲ့လုပ်ငန်းဟာ ပထမဦးဆုံးလုပ်ရမဲ့လုပ်ငန်းဖြစ်တယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး၊ အယင်ကဘယ်လို ရှိခဲ့သလဲ? အယင်ကဒါတွေကိုအကျွမ်းတဝင်မရှိဘူး၊ နားမလယ်ဘူး၊ ကိုယ့်စွမ်းရည်သတ္တိကိုပြစရာနေရာမရှိတဲ့ သူရဲကောင်းနဲ့တူနေတယ်လို့ ကျနော်ဆိုချင်တယ်။ အကျွမ်းတဝင် မရှိဘူးဆိုတာဘာနဲ့အကျွမ်းတဝင်မရှိတာလဲ? လူတွေနဲ့အကျွမ်းတဝင်မရှိတာကိုဆိုလိုတာဘဲ။ စာပေအနုပညာရှင်များဟာကိုယ်သရုပ်ဖော်မဲ့သူတွေ၊ ကိုယ့်လက်ရာတွေကိုလက်ခံမယ့်သူတွေနဲ့ အကျွမ်းတဝင်မရှိကြဘူး၊ ဒါမှမဟုတ်ယင်လဲတစိမ်းပြင်ပြင်လိုကိုဖြစ်နေတယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ တပ်မတော်သားတွေနဲ့လဲ အကျွမ်းတဝင်မရှိကြဘူး။ သူတို့နဲ့ကေဒါတွေနဲ့လဲအကျွမ်းတဝင်မရှိကြဘူး။ နားမလယ်ဘူးဆိုတာဘာကို နားမလယ်တာလဲ? ဘာသာစကား အသုံးအနှုန်းကို နားမလည်တာဖြစ်တယ်။ ဆိုလိုတာကပြည်သူလူထုရဲ့ ကြွယ်ဝအသက်ပါတဲ့အသုံးအနှုန်းတွေကိုပြည့်ပြည့်စုံစုံနားလယ်မှုမရှိဘူး။ စာပေအနုပညာရှင်အတော်များများဟာ ကိုယ်ကိုယ်တိုင်ကလူထုနဲ့ကင်းကွာပြီး တနေ့တနေ့အချိန်တွေကိုဖြုန်းတီးပစ်ကြတဲ့အတွက်၊ ပြည်သူတွေရဲ့ဘာသာစကားအသုံးအနှုန်းတွေကို အကျွမ်းတဝင်မရှိကြဘူး။ ဒါကြောင့်သူတို့လက်ရာတွေမှာအသုံးအနှုန်းတွေဟာ ပေါ့ပျက်ပျက်ကြီးဖြစ်ရုံမကဘူး၊ ပြည်သူတွေရဲ့ ဘာသာစကားအသုံးအနှုန်းနဲ့ဖီလာဖြစ်တဲ့ ကိုးယိုးကားယားထွင်လုံးတွေလဲပါလာတတ်သေးတယ်။ ရဲဘော်အတော်များများဟာ “ လူထုဆန်ရေး ” ဆိုတာကိုပြောပြောနေကြတယ်။ ဒါပေမဲ့ လူထုဆန်ရေးဆိုတာဘာလဲ? ကျနော်တို့ စာပေအနုပညာရှင်တွေရဲ့ အတွေးအခေါ်နဲ့စိတ်သဘောဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတို့ရဲ့အတွေးအခေါ်စိတ်သဘောနဲ့ တထပ်ထဲဖြစ်နေရမယ်လို့ဆိုတာဘဲ။ ဒီလိုတထပ်ထဲဖြစ်နေချင်တယ်ဆိုယင်၊ လူထုရဲ့ဘာသာစကား အသုံးအနှုန်းတွေကို သေသေချာချာ လေ့လာရမယ်။ လူထုရဲ့ဘာသာစကားအသုံးအနှုန်းတွေကိုနားမလယ်ယင်၊ စာပေအနုပညာတီထွင်မှုဆိုတာကိုပြောနေလဲအပိုဖြစ်မှာဘဲ။ ကိုယ့်စွမ်းရည်သတ္တိကို ပြစရာနေရာမရှိတဲ့သူရဲကောင်းလိုဖြစ်နေတယ်ဆိုတာဟာ၊ ခင်ဗျားတို့ကကြီးကြီးကျယ်ကျယ်လုပ်ထားတာတွေကိုလူထုကမနှစ်ခြိုက်မလိုလားတာကို ဆိုလိုတာဘဲ။ လူထုရှေ့မှာ ကိုယ့်ကိုယ်ကိုဝါရင့်သူလိုဟန်ကြီးပန်ကြီး လုပ်လေလေ၊ “ သူရဲကောင်းကြီး ” လိုဟန်ရေးပန်ရေး ပြလေလေ၊ လူထုက ခင်ဗျားကို မလိုလားလေလေဘဲ၊ အရေးမစိုက်ချင်လေလေဘဲ။ ခင်ဗျားအကြောင်းကိုလူထုသိစေချင်ယင်၊ လူထုနဲ့တသားထဲဖြစ်ချင်ယင်၊ ထုသားတေသားရအောင် ရေရှည်လေ့ကျင့်ဖို့သာမက၊ အဆင်းရဲအပင်ပန်းခံပြီး လေ့ကျင့်ဖို့စိတ်ပိုင်းဖြတ်ရမယ်။ စကားစပ်မိလို့ ကျနော့်စိတ်သဘောပြောင်းလဲလာပုံကို ပြောပြရအုံးမယ်။ ကျနော်ဟာ ကျောင်းသားဘဝကနေပြီး တော်လှန်ရေးထဲဝင်ခဲ့တဲ့သူဖြစ်တယ်၊ ကျောင်းနေတုန်းက ကျောင်းသားအကျင့်တွေရခဲ့တယ်။ ဘာကိုမှမထမ်းနိုင်မသယ်နိုင်တဲ့ကျောင်းသားတွေရှေ့မှာ၊ ကိုယ့်ဝန်စည်စလယ်ကိုယ်ပိုးတဲ့ ဟာလို ကာယအလုပ်လုပ်ရတာကို အတော်ဂုဏ်ငယ်တဲ့အလုပ်မျိုးလို့ ထင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ပညာတတ်တွေသာသန့်ရှင်းတယ်၊ အလုပ်သမားလယ်သမားတွေကတော့ မသန့်ရှင်းဘူးလို့ အဲဒီတုန်းက ကျနော်ထင်ခဲ့တယ်။ ပညာတတ်တွေရဲ့အဝတ်အစားဆိုယင် သူများဟာဖြစ်ပေမဲ့ကျနော်ဝတ်ရဲတယ်၊ သန့်ရှင်းတယ်လို့ပဲထင်တယ်။ အလုပ်သမား လယ်သမားတွေရဲ့အဝတ်အစားဆိုယင်တော့ ညစ်ပတ်တယ်လို့ထင်လို့မဝတ်ချင်ဘူး။ တော်လှန်ရေးထဲဝင်ပြီး၊ အလုပ်သမားလယ်သမားတွေတော်လှန်ရေးတပ်မတော်သားတွေနဲ့အတူ နေလာတဲ့အခါမှာ၊ သူတို့အကြောင်းကို တဖြေးဖြေးသိကျွမ်းလာတယ်၊ သူတို့ကလဲကျနော့်အကြောင်းကို တစတစသိကျွမ်းလာကြတယ်။ အဲဒီတော့မှ၊ အဲဒီအချိန်ကျတော့မှ ဘဲ၊ ကျနော်ဟာ ဓနရှင်ကျောင်းတွေကသင်ပေးလိုက်တဲ့ ဓနရှင်လူတန်းစားနဲ့ဓနရှင်ပေါက်စလူတန်းစားတွေရဲ့ စိတ်နေစိတ်ထားမျိုးကို အရင်းအမြစ်ကနေပြီး ပြုပြင်ပြောင်းလဲနိုင်ခဲ့တော့တယ်။ အဲဒီအခါမှာ မပြုပြင်ရသေးတဲ့ပညာတတ်တွေကို အလုပ်သမားလယ်သမားနဲ့ ယှဥ်ကြည့်လိုက်ရင် ပညာတတ်တွေကို သန့်ရှင်းတယ်လို့မထင်​တော့ဘူး၊ အသန့်ရှင်းဆုံးဟာအလုပ်သမားလယ်သမားတွေဖြစ်တယ်၊ သူတို့လက်တွေဟာ မဲနေပြီး၊ ခြေထောက်မှာ နွားချေးတွေပေနေပေမဲ့၊ သူတို့ဟာ ဓနရှင်ပညာတတ်တွေနဲ့ ဓနရှင်ပေါက်စပညာတတ်တွေထက် သန့်ရှင်းတယ်လို့ ယူဆလာတယ်။ ဒါဟာ စိတ်နေစိတ်ထားပြောင်းလဲလာတာဘဲ၊ လူတန်းစားတခုကနေပြီး အခြားလူတန်းစားတခုကို ပြောင်းသွားတာဘဲ။ ပညာတတ်ဘဝကပြောင်းလာတဲ့ ကျနော်တို့ရဲ့ စာပေအနုပညာရှင်တွေဟာ၊ ကိုယ့်လက်ရာတွေကိုလူထုက နှစ်သက်လိုလားစေချင်ယင်၊ ကိုယ့်အတွေးအခေါ်နဲ့စိတ်နေစိတ်ထားတွေကို ပြောင်းလဲပစ်ရမယ်။ ပြုပြင်ပစ်ရမယ်။ ဒီလိုပြောင်းလဲမှုမျိုးမရှိယင်၊ ဒီလိုပြုပြင်မှုမျိုးမရှိယင်၊ ဘယ်လိုအလုပ်မျိုးကိုမှ ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူး၊ လူထုရဲ့ လိုလားချက်နဲ့လဲ ဘယ်တော့မှအံကိုက်ဖြစ်မှာမဟုတ်ဘူး။
နောက်ဆုံးပြဿနာကတော့ လေ့လာရေးပြဿနာဘဲ။ ကျနော့်သဘောက မာ့က်စ်လီနင်ဝါဒကိုလေ့လာဖို့၊ လူ့အဖွဲ့အစည်းကိုလေ့လာဖို့ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုမာ့က်စ်ဝါဒီလို့ကင်ပွန်းတပ်ထားကြတဲ့တော်လှန်ရေးစာရေးဆရာတွေ၊ အထူးသဖြင့်ပါတီဝင်စာရေးဆရာတွေဟာ၊ မာ့က်စ်လီနင်ဝါဒအသိပညာရှိရမယ်။ ဒါပေမဲ့အခုရဲဘော်တချို့ဟာ၊ မာ့က်စ်ဝါဒအခြေခံအမြင်တောင် ချို့တဲ့နေကြတယ်။ ဥပမာဆိုကြပါစို့၊ ဘဝကအသိကိုဆုံးဖြတ်တယ်၊ လူတန်းစားတိုက်ပွဲနဲ့ အမျိုးသားရေးတိုက်ပွဲဆိုတဲ့ ပကတိအခြေအနေက ကျနော်တို့ရဲ့အတွေးအခေါ်နဲ့ စိတ်နေစိတ်ထားတွေကို ဆုံးဖြတ်တယ်ဆိုတဲ့ မာ့က်စ်ဝါဒအခြေခံအမြင်တရပ်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တချို့က ဒီပြဿနာကိုပြောင်းပြန်လှန်ပြီး၊ ဘာမဆို “ မေတ္တာ ”ကိုအခြေခံရမယ်လို့ဆိုကြတယ်။ မေတ္တာဆိုတာလူတန်းစားရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတန်းစားနဲ့ဆိုင်တဲ့မေတ္တာသာရှိနိုင်တယ်။ ဒါပေမဲ့ဒီရဲဘော်တွေဟာ လူတန်းစားနဲ့ကင်းကွာနေတဲ့မေတ္တာ၊ အကောင်အထည်မဲ့တဲ့မေတ္တာ၊ အကောင်အထည်မဲ့တဲ့လွတ်လပ်မှု၊ အကောင်အထည်မဲ့တဲ့အမှန်တရား၊ အကောင်အထည်မဲ့တဲ့ လူ့သဘာဝအစရှိတာတွေကို လိုက်စားနေကြတယ်။ ဒီရဲဘော်တွေကိုဓနရှင်လူတန်းစားရဲ့သြဇာ အတော့်ကိုလွှမ်းမိုးနေတယ်ဆိုတာကိုဒီအချက်တွေကဖော်ပြနေတယ်။ ဒီလိုသြဇာလွှမ်းမိုးမှုကို ပြတ်ပြတ်သားသား ပယ်ရှင်းပစ်ရမယ်။ မာ့က်စ်လီနင်ဝါဒကို စိတ်ထားနှိမ့်ချပြီးလေ့လာရမယ်။ စာပေအနုပညာရှင်တွေဟာ စာပေအနုပညာကို ဘယ်လိုတီထွင်ဖန်တီးရမယ်ဆိုတာကို လေ့လာရမယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့မာ့က်စ်လီနင်ဝါဒဟာ တော်လှန်ရေးသမားတိုင်းလေ့လာရမဲ့ ဝိဇ္ဇာပညာဖြစ်တဲ့အတွက်၊ စာပေအနုပညာရှင်တွေလဲမလေ့လာလို့မဖြစ်ဘူး။ စာပေအနုပညာရှင်တွေဟာ လူ့အဖွဲ့အစည်းကိုလေ့လာရမယ်၊ ဆိုလိုတာက လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတန်းစားအသီးသီးကို လေ့လာဆန်းစစ်ရမယ်၊ လူတန်းစားချင်း ဘယ်လိုဆက်သွယ်နေကြတယ်၊လူတန်းစားတိုင်းရဲ့အခြေအနေက ဘယ်လိုရှိတယ်ဆိုတာတွေကို လေ့လာဆန်းစစ်ရမယ်၊ သူတို့မှာ ဘယ်လိုပုံပန်းသဏ္ဍာန် ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြတယ်ဆိုတာတွေကို လေ့လာဆန်းစစ်ရမယ်။ ဒါတွေကိုရှင်းရှင်းလင်းလင်းသဘောပေါက်မှ၊ ကျနော်တို့ရဲ့စာပေအနုပညာတွေဟာ ကြွယ်ဝတဲ့အတွင်းသဘောနဲ့ မှန်ကန်တဲ့ဦးတည်မှုရှိလာနိုင်လိမ့်မယ်။
ဒီနေ့တော့ နိဒါန်းပျိုးတဲ့အနေနဲ့ ကျနော်ဒီလောက်ဘဲပြောမယ်၊ ဒီပြဿနာတွေနဲ့ပတ်သက်လို့ဘဲ ဖြစ်ဖြစ်၊ တခြားသက်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ်၊ ရဲဘော်တို့ ထင်မြင်ချက်ပေးကြလိမ့်မယ်လို့မြှော်လင့်ပါတယ်။

0 comments:

Post a Comment