Friday, November 27, 2020

ဖရက်ဒရစ် - အိန်ဂယ် အနှစ် ၂၀၀ ပြည့်မွေးနေ့ကို အထိမ်းအမှတ်ပြုခြင်း ခင်အေးကြည်မြ

0 comments

ဖရက်ဒရစ် - အိန်ဂယ် အနှစ် ၂၀၀ ပြည့်မွေးနေ့ကို အထိမ်းအမှတ်ပြုခြင်း

ခင်အေးကြည်မြ

အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၃)

ကမ္ဘာ့ပစ္စည်းမဲ့လူတန်းစားခေါင်းဆောင်ကြီး ဖရက်ဒရစ်အိန်ဂယ်ဟာ ဂျာမနီပြည်၊ ရိုင်းပြည်နယ် ဘာမင်မြို့မှာ ၁၈၂၀ နိုဝင်ဘာ ၂၈ ရက်မှာ မွေးဖွားလာသူဖြစ်လို့ လာမယ့် ၂၀၂၀ နိုဝင်ဘာ ၂၈ ရက်နေ့ဟာ အိန်ဂယ်ရဲ့ အနှစ် ၂၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ အိန်ဂယ်ရဲ့ အဲဒီမွေးနေ့ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဒီစာတမ်းကလေးကို ပြုစုလိုက်ပါတယ်။

 

အိန်ဂယ်ဟာ မာ့က်စ်ဝါဒကို စတင်ထူထောင်ခဲ့သူများအနက် တဦးဖြစ်သလို တကမ္ဘာလုံးရှိ ပစ္စည်းမဲ့လူတန်းစားနဲ့ လုပ်သားပြည်သူများရဲ့ တော်လှန်ရေး ရှေ့ဆောင်ဆရာကြီးလည်းဖြစ်ပြီး၊ မာ့က်စ်ရဲ့ ရင်းနှီးတဲ့တိုက်ဖော်တိုက်ဖက်လည်း ဖြစ်တယ်။ ဂျာမနီပြည်၊ ရိုင်းပြည်နယ်၊ ဘာမင်မြို့(ယခုအခါ Uda မြို့) စက်ရုံပိုင်ရှင်မိသားစုတခုမှ မွေးဖွားလာသူဖြစ်တယ်။ ၁၈၃၄ ခုနှစ် ဆောင်းရာသီမှာ Aibeite အလယ်တန်း ကျောင်းမှာ တက်ရောက်ပညာသင်ယူတယ်။ ၁၈၃၇ အလယ်တန်းကျောင်းမပြီးဆုံးမီမှာ ကူးသန်းရောင်း ဝယ်ရေးကို လက်တွေ့ သွားရောက်လေ့လာသင်ယူရပြီး၊ ၁၈၃၈ - ၁၈၄၀ မှာ၊ Bremen လို့ခေါ်တဲ့ ကုန်သွယ်ရေးကုမ္ပဏီတခုမှာ သင်တန်းသားတယောက်အနေနဲ့ လေ့ကျင့်သင်ယူတယ်။ အဲဒီကာလအတွင်း ကြိုးကြိုးစားစားလေ့လာသင်ယူနေစဉ် တိုးတက်တဲ့အတွေးအခေါ်များနဲ့ ထိတွေ့မိကာ အဲဒီခေတ်ရဲ့ ရက်ဒီကယ်လိုင်းတခုဖြစ်တဲ့ ဂျာမန်လူငယ်များ” ဆိုတဲ့ စာပေအသင်းအဖွဲ့နဲ့ဆက်သွယ်မှုထူထောင်ပြီး၊ ဂျာမန်သတင်းစဉ်” မှာ တော်လှန်တဲ့ ဒီမိုကရက်တစ်အတွေးအခေါ်ဘက်တိမ်းညွှတ်တဲ့ ကဗျာလင်္ကာများနဲ့ စာတမ်းများရေးသားတယ်။ ၁၈၄၁ ခုနှစ်မှာ ဘာလင်သွားပြီး စစ်မှုထမ်းတယ်။ အဲဒီကာလမှာ ဘာလင်တက္ကသိုလ်အဘိဓမ္မာသင်တန်းကိုလိုက်တက်ရင်း လူငယ်ဟီဂယ်ဂိုဏ်းသား ဖြစ်လာပြီး စိတ်ဝါဒအဘိဓမ္မာသမားဖြစ်တဲ့ ဖရက်ဒရစ် ဝီလီဟမ် ဂျိုးဇက်ရှဲ့လင် (Fredrich Wilhelm Josef Schelling) ကိုဝေဖန်တဲ့ တိုက်ပွဲမှာ ပါဝင်လာပါတယ်။

 

၁၈၄၂ စက်တင်ဘာမှာ စစ်မှုထမ်းကာလ ပြည့်သွားပြီး ဗြိတိန်မန်ချက်စတာကို ထွက်လာတယ်။ အဲဒီမှာ သူ့အဖေနဲ့ တခြားလူများ ပူးပေါင်းထူထောင်ထားတဲ့ အိုမင် - အိန်ဂယ် ချည်ထည်စက်ရုံ(Omen-Engels cotton mill) အရောင်းအဝယ်ဌာနမှာ အလုပ် ဝင်လုပ်တယ်။ အဲဒီကာလမှာ အင်္ဂလိပ်အလုပ်သမားလှုပ်ရှားမှုနဲ့ ထိတွေ့ဆက်ဆံမှုကိုထူထောင်လိုက်ပြီး အလုပ်သမားများရဲ့ နေထိုင်မှုဘဝကို နက်နက်နဲနဲ စူးစမ်းလေ့လာမှုလုပ်နိုင်ခဲ့သလို အရင်းရှင်စနစ်ကိုလည်း နီးနီးကပ်ကပ် ဆန်းစစ်အကဲဖြတ်နိုင်ခဲ့တယ်။ တချိန်တည်းမှာလည်း အင်္ဂလိပ်စံတင်ဘောဂဗေဒကျမ်းများနဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒကျမ်းများကို စူးစမ်းလေ့လာ သုတေသန ပြုနိုင်လိုက်တယ်။ ၁၈၄၄ မတ်လ၊ ဂျာမန်ပြင်သစ် နှစ်ချုပ်မှတ်တမ်း” မှာ နိုင်ငံရေးဘောဂဗေဒဝေဖန်ချက်” အညွှန်းကို ဖော်ပြလိုက်တယ်။ ၎င်းစာတမ်းမှာ အရင်းရှင်စီးပွားရေးစနစ်ကို နက်နက်ရှိုင်းရှိုင်း ဝေဖန်သုံးသပ်ထားတယ်။ အိန်ဂယ်ဟာလည်း စိတ်ဝါဒသမားမှ ရုပ်ဝါဒသမားအဖြစ်သို့ ပြောင်းလဲသွားပြီး တော်လှန်တဲ့ ဒီမိုကရက်တစ်တယောက်မှ ကွန်မြူနစ်ဝါဒသို့ လုံးဝ ပြောင်းလဲသွားတော့တယ်။ 

 

၁၈၄၄ သြဂုတ်လ ဂျာမနီသို့ အပြန်ခရီးအတွင်း ပဲရစ်မှာ မာ့က်စ်နဲ့ တွေ့ဆုံမိပြီး ကြီးမြတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ စတင်ခဲ့ကြတယ်။ အဲဒီနှစ် စက်တင်ဘာနဲ့ နိုဝင်ဘာလအတွင်း မွန်မြတ်တဲ့မိသားစု” (The Holy Family) ကျမ်းကို ပြုစုလိုက်တယ်။ ဒီစာအုပ်မှာ လူငယ် ဟီဂယ်ဂိုဏ်းရဲ့ ဆန္ဒစွဲဖြစ်တဲ့ စိတ်ဝါဒကိုဝေဖန်ကာ သမိုင်းရုပ်ဝါဒရဲ့အခြေခံမူတချို့ကို ရှင်းလင်းဖွင့်ဆိုပြထားတယ်။ ၁၈၄၅ မှာ အင်္ဂလိပ် အလုပ်သမားလူတန်းစားရဲ့အခြေအနေ” ဆိုတဲ့ စာအုပ်ကိုပြုစုတယ်။ စာအုပ်ရဲ့အနှစ်သာရတော့ သမိုင်းရုပ်ဝါဒအမြင်အရ အရင်းရှင်စနစ်ကို ဝေဖန်သုံးသပ်ထားပြီး၊ ပစ္စည်းမဲ့လူတန်းစားရဲ့အခန်းကဏ္ဍကို သုံးသပ်ဝေဖန်ဆွေးနွေး တင်ပြထားတယ်။ ၁၈၄၅ - ၁၈၄၆ မှာ မာ့က်စ်နဲ့ ပူးတွဲကာ ဂျာမန်အတွေးအခေါ် အယူဝါဒ”( The German Ideology) ဆိုတဲ့ကျမ်းကို ရေးသားပြုစုတယ်။ ဒီစာအုပ်ဟာ ရုပ်ဝါဒသမိုင်းအမြင်ကို ပထမဆုံးအကြိမ်အဖြစ် စနစ်တကျခွဲခြမ်းစိတ်ဖြာ တင်ပြလိုက်ခြင်းဖြစ်တယ်။ ၁၈၄၆ နှစ်ဆန်းကာလမှာ မာ့က်စ်နဲ့ ပူးတွဲပြီး ဘရပ်ဆဲမှာ ကွန်မြူနစ်ဝါဒ ဆက်သွယ်ရေးကော်မရှင်ကို စတင်ထူထောင်ပြီးနောက် အဲဒီကော်မရှင် ရဲ့ လုပ်ငန်းများကိုပြင်ဆင်ရန် ပဲရစ်ကို ထွက်ခွာလာပြီး အလုပ်သမားလှုပ်ရှားမှုအတွင်းရှိ မှားယွင်းတဲ့အတွေးအခေါ် ရေစီးကြောင်းကို တိုက်ပွဲဆင်တော့တယ်။ ၁၈၄၇ မှာ မာ့က်စ်နဲ့အတူ ပစ္စည်းမဲ့လူတန်းစားနိုင်ငံရေးပါတီကို ထူထောင်ပြီး တရားမျှတမှုအဖွဲ့ချုပ်ကို ကွန်မြူနစ်အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲလိုက်တယ်။ အဲဒီဇွန်လမှာ ကျင်းပတဲ့ အဖွဲ့ချုပ်ရဲ့ပထမအကြိမ်ညီလာခံကို တက်ရောက်ပြီး အဖွဲ့ချုပ်ရဲ့လုပ်ငန်းစဉ်မူကြမ်းအဖြစ် ကွန်မြူနစ်ဝါဒ ခံယူချက်များ” (Communist Creed) ကိုရေးသားပြုစုတယ်။ နောင်မှာ ဒါကိုအမည် ပြောင်းလိုက်ပြီး ကွန်မြူနစ်ဝါဒ မူများ”( Communist Principle) ဆိုတဲ့ နောက် ထပ်လုပ်ငန်းစဉ်တရပ် ရေးသားပြန်တယ်။ အဲဒီနှစ် နိုဝင်ဘာလ၊ အဖွဲ့ချုပ်ဒုတိယအကြိမ်ညီလာခံကို မာ့က်စ်နဲ့အတူ တက်ရောက်တယ်။ ညီလာခံက သိပ္ပံနည်းကျကွန်မြူနစ်ဝါဒရဲ့ ပထမဆုံး အကြိမ် လုပ်ငန်းစဉ်သဘောဆောင်တဲ့ စာတမ်းတခုကို မာ့က်စ်နဲ့အတူ ပူးတွဲရေးသားပြုစုဖို့ တာဝန်ပေးအပ်ခြင်းခံရတယ်။ ဆိုလိုတာက အဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ် ---- ကွန်မြူနစ်ပါတီ ကြေညာစာတမ်း (The Manifesto of Communist Party) ရေးသားပြုစုဖို့ တာဝန် ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။

 

၁၈၄၈ ဧပြီလဆန်းမှာ ဂျာမနီသို့ ပြန်သွားပြီး ဂျာမန်တော်လှန်ရေးမှာ ပါဝင်ကာ ရိုင်းသတင်းစာသစ်” ထူထောင်ရေးမှာ အထောက်အကူ ပြုပေးတယ်။ ဒီသတင်းစာကို ကူညီခြင်းအားဖြင့် သူဟာ ဂျာမန်တော်လှန်ရေးကို တွန်းဆော်ပေးခြင်းဖြစ်တယ်။ ဒါ့အပြင် ဒီမိုကရေစီ အင်အားစုများကို လှုံ့ဆော်စည်းရုံးရေးနဲ့ စည်းရုံးဖွဲ့စည်းရေးများကို ဆောင်ရွက်နေခြင်းလည်းဖြစ်တယ်။ ၁၈၄၉ မေလနဲ့ ဇူလိုင်လအတွင်း မှာ ဂျာမနီအနောက်တောင်ပိုင်း ပုန်ကန်ရေးတပ်ဖွဲ့များမှာ ပါဝင်တယ်။ တော်လှန်ရေး အောင်သီးအောင်နှံများ ကာကွယ်ထိန်းသိမ်းရေး အတွက် ကိုယ်တိုင် ၄ ကြိမ်တိုင်တိုင် စစ်မြေပြင်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်။ ၁၈၄၉ ဇူလိုင်လ၊ ဂျာမန်တော်လှန်ရေး ရှုံးနိမ့်သွားပြီးနောက် လန်ဒန်ကိုရောက်သွားပြီး ဂျာမန်လယ်သမားစစ်ပွဲ” “ဂျာမန်တော်လှန်ရေးနဲ့ တန်ပြန်တော်လှန်ရေး” စတဲ့ ကျမ်းများကို ရေးသားပြုစုရေး အတွက် တော်လှန်ရေးအတွေ့အကြုံများကို မာ့က်စ်နဲ့အတူ နိဂုံးချုပ်တယ်။ ၁၈၅၀ နိုဝင်ဘာမှာ အဲဒီကာလရဲ့ စီးပွားရေးအကျပ်အတည်း အခက်အခဲများက လွတ်ကင်းရေးအတွက် အထူးသဖြင့် မာ့က်စ် မိသားစုတအိမ်ထောင်ကို စီးပွားရေးအရ ကူညီနိုင်ရေးအတွက် မန်ချက် စတာ အရောင်းအဝယ်လုပ်ငန်းဘက် ထပ်မံရောက်သွားပြီး ၁၈၇၀ အထိ လန်ဒန်မှာ တောက်လျှောက်နေထိုင်သွားတယ်။ ဒီအနှစ် ၂၀ အတွင်း အရောင်းအဝယ်လုပ်ငန်းမှအပ ကျန်တဲ့အချိန်များကို ကျယ်ပြောလှတဲ့ သဘောတရားစူးစမ်းလေ့လာရေးမှာ အသုံးပြုပါတယ်။ သဘာဝသိပ္ပံပြဿနာတွေအပြင် စစ်ရေးသဘောတရားတွေကိုလည်း အလေးဂရုပြု စူးစမ်းလေ့လာသုတေသနပြုတယ်။ သူဟာ မာ့က်စ် ဝါဒဆိုင်ရာ စစ်ရေးသိပ္ပံအခြေခံအုတ်မြစ်ချရေးအတွက် များပြားလှတဲ့ စစ်ရေးစာတမ်းများကို ရေးသားပြုစုခဲ့တယ်။ တချိန်တည်းမှာ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများနဲ့ပတ်သက်တဲ့ သုံးသပ်ဆွေးနွေးချက်စာတမ်း အမြောက်အမြားကိုလည်း ပြုစုခဲ့သေးတယ်။ ၁၈၇၀ စက်တင်ဘာမှာ စီးပွားရေးကူးသန်းရောင်းဝယ်ရေး လှုပ်ရှားမှုများမှရုန်းထွက်ကာ လန်ဒန်ကို ပြန်လာပြီး၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အထွေထွေကော်မတီအဖွဲ့ဝင်အဖြစ် အရွေးခံရတယ်။ ရှေ့စဉ်နောက်ဆက်ဆိုသလို ဘယ်ဂျီယန်၊ စပိန်၊ အီတလီတို့ရဲ့ သတင်းဆက်သွယ်ရေး အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ရင်း နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်အတွင်း အချောင်ဝါဒဆန့်ကျင်ရေးတိုက်ပွဲမှာ ပါဝင်ဆင်နွှဲတယ်။ 

 

၁၈၇၁ ပြင်သစ်မှာ ပဲရစ်ဘုံအဖွဲ့တော်လှန်ရေးဖြစ်ပွားပြီးနောက် သူဟာ ပြင်သစ် ပဲရစ်ဘုံအဖွဲ့က အလုပ်သမားလူတန်းစားရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို မြင့်မြင့်မားမားချီးကျူးဂုဏ်ပြုပြီး၊ ဘုံအဖွဲ့ရဲ့ တော်လှန်ရေးရှုံးနိမ့်သွားပြီးနောက်မှာလည်း အတွေ့အကြုံနဲ့ သင်ခန်းစာများကို နက်နက်နဲနဲ နိဂုံးချုပ်ခဲ့တယ်။ ၁၈၇၃ ကစတင်ပြီး သဘာဝအနုပဋိလောမ သုတေသနပြုမှုကို စတင်ဆောင်ရွက်ပြီး များပြားလှတဲ့ သုံးသပ်ချက်စာတမ်းများ၊ မှတ်စုများပြုစုကာ အဲဒီကာလက သဘာဝသိပ္ပံ ထမြောက်အောင်မြင်မှုကို အနုပဋိလောမ ရုပ်ဝါဒရဲ့ ယေဘုယျပေါင်းချုပ်ချက်အဖြစ် ရေးသားခဲ့တယ်။ (ဒီလက်ရေးစာမူများကို သူကွယ်လွန်သွားပြီးနောက်မှာ သဘာဝအနုပဋိလောမ” အမည်နဲ့ တည်းဖြတ်ပုံနှိပ် ထုတ်ဝေထားပါတယ်။) ၁၈၇၇ - ၇၈ မှာ ဂျူးရင်းဆန့်ကျင်ရေးကျမ်း (Anti- Duhring) ကို ရေးသားပြုစုပြီး မာ့က်စ်ဝါဒ အဘိဓမ္မာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒတို့နဲ့ပတ်သက်လို့ စနစ်တကျ သိပ္ပံနည်းကျ ရှင်းလင်းဖွင့်ဆိုပြလိုက် တယ်။ 

 

 

 

၁၈၈၃ မတ် ၁၄ ရက်နေ့မှာ မာ့က်စ်ကွယ်လွန်သွားတော့ ကွယ်လွန်သွားလေပြီဖြစ်တဲ့ တိုက်ဖော်တိုက်ဖက်ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းများ အောင်မြင်ပြီး မြောက်ရေးအတွက် အရင်းကျမ်း” ဒုတိယတွဲနဲ့ တတိယတွဲတို့ကို အဓိက ကိုယ်အားဉာဏ်အားထုတ်ကာ စုစည်းတည်းဖြတ်ခဲ့တယ်။ (မာ့က်စ်ရဲ့ သမီးလည်းဖြစ် မာ့က်စ်ရဲ့ အတွင်းရေးမှူးအဖြစ်လည်းလုပ်ခဲ့တဲ့ အယ်လီနာ မာ့က်စ်ရဲ့ အကူအညီများနဲ့ ၎င်း ၂ တွဲကို ၁၈၈၅ နဲ့ ၁၈၉၄ ခုနှစ်များမှာ အသီးသီး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။) ရှေ့ဆင့်နောက်ဆက်ဆိုသလို အိမ်ထောင်စု၊ ပုဂ္ဂလိကနဲ့ နိုင်ငံတော်ရဲ့ မူလအစ” (၁၈၈၄)၊ လူးဝစ်ဖျူးဝါးဘတ်နဲ့ ဂျာမန်စံတင်အဘိဓမ္မာရဲ့ နိဂုံး” (၁၈၈၈)၊ ၁၈၉၁ ဆိုရှယ်ဒီ မိုကရက်ပါတီရဲ့ လုပ်ငန်းစဉ်မူကြမ်း ဝေဖန်သုံးသပ်ချက်” (၁၈၉၁) ပြင်သစ်၊ ဂျာမန် လယ်သမား ပြဿနာ” (၁၈၉၄)၊ ပြင်သစ်လူတန်း စားတိုက်ပွဲ-နိဒါန်း” (၁၈၉၁) စတဲ့ အရေးပါတဲ့ ကျမ်းအမြောက်အမြားကို ရေးသားပြုစုပါတယ်။ ဒီကျမ်းများဟာ မာ့က်စ်ဝါဒအဘိဓမ္မာ၊ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒနဲ့ ပစ္စည်းမဲ့လူတန်းစား နည်းပရိယာယ်အတွေးအခေါ်ကို ကြွယ်ဝဖွံ့ဖြိုးတိုးတက်စေ လိုက်ပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုရဲ့ ကြီးလေးတဲ့ဝန်ထုပ်ဝန်ပိုးကို ညွှန်ပြလှုံ့ဆော်ကာ မာ့က်စ်ဝါဒ အခြေခံအုတ်မြစ်ပေါ်မှာ နိုင်ငံအသီးသီးရှိ အလုပ်သမားပါတီများ ခိုင်မာလာစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အကူအညီပေးခဲ့လို့ နိုင်ငံတကာ ပစ္စည်းမဲ့လူတန်းစားရဲ့ ချစ်ခင်ကြည်ညိုလေးစားတဲ့ ရှေ့ဆောင်လမ်းပြဆရာကြီးနဲ့ အတိုင်ပင်ခံ အကြံပေးအရာရှိ ဖြစ်လာတယ်။ ၁၈၈၉ ခုနှစ်မှာ သူရဲ့ အလေးဂရုပြုမှုနဲ့ ရှေ့ဆောင်လမ်းပြမှုအောက်မှာ အနိုင်နိုင်ငံ အလုပ်သမားလူတန်းစား နိုင်ငံရေးပါတီများဟာ ပူးပေါင်းဆောင်ရွက် လာကြပြီး ဒုတိယအင်တာနေရှင်နယ်ကို ထူထောင်လိုက်ကြတယ်။ ၁၈၉၅ သြဂုတ်လ ၅ ရက်နေ့ လန်ဒန်မှာ ကွယ်လွန်ခဲ့တယ်။

 

သူကွယ်လွန်သွားတဲ့အခါ သူ့ဈာပနမှာ Wilhelm Liebknecht ဝဝီလ်ဟမ်လစ်ဘ်နစ်ချ်က ဈာပနမှာ လူအနည်းအကျဉ်း သာပါပေမယ့် ဒီအနည်းအကျဉ်းဟာ အထောင်အသောင်းသောလူများကို ကိုယ်စားပြုသူများ၊ ကမ္ဘာတဝန်းလုံးကို ကိုယ်စားပြုသူများ ဖြစ်ကြတယ်…………သူဟာ လမ်းညွှန်ပြသူနဲ့ ရှေ့ဆောင်လမ်းပြသူဖြစ်ရုံသာမက သူဟာခေါင်းဆောင်ကြီးလည်းဖြစ်၊ စစ်သားကြီးလည်း ဖြစ်တယ်။ သူ့ရဲ့ခန္ဓာကိုယ်တခုလုံးဟာ သဘောတရားနဲ့လက်တွေ့ပေါင်းစပ်မှုရဲ့ ထင်ဟပ်ချက်ဖြစ်တယ်” လို့ အိန်ဂယ်ကို မြင့်မြင့်မားမားတန်ဖိုးဖြတ် ပြောကြားခဲ့တယ်။

 

ဒီနှစ် ၂၀၂၀ ဟာ မာ့က်စ်ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ တိုက်ဖော်တိုက်ဖက်လည်းဖြစ်ကာ မာ့က်စ်ဝါဒကို မာ့က်စ်နဲ့ အတူတကွ ထူထောင်ခဲ့တဲ့သူလည်းဖြစ်၊ ကမ္ဘာ့ ပစ္စည်းမဲ့လူတန်းစားနဲ့ အလုပ်သမားလူတန်းစား အဖိနှိပ်ခံပြည်သူများရဲ့ တော်လှန်ရေး ရှေ့ဆောင်လမ်းပြနဲ့ ဆရာကြီးလည်းဖြစ်၊ ကမ္ဘာ့ခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ ဖရက်ဒရစ် - အိန်ဂယ်ရဲ့ အနှစ် ၂၀၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို သူဟာ ၁၈၂၀ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ၂၀၂၀ ဟာ အိန်ဂယ်အတွက် အထူးအမှတ်ရစရာ နှစ်တနှစ်ဖြစ် နေပါတယ်။

 

အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက်ပါတီ ဝင်များ၊ရဲဘော်များ၊ လူငယ်များအနေနဲ့ မာ့က်စ်ဝါဒလေ့လာရေးများကို သန္နိဋ္ဌာန်ရှိရှိ လုပ်ဆောင်သွားကြဖို့ နှိုးဆော်တိုက်တွန်း လိုက်ပါတယ်။

မာ့က်စ်ဝါဒ၊လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်အဓွန့်ရှည်ပါစေ။

ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။

ကိုးကား။ ။ (၁) ကမ္ဘာ့ဆိုရှယ်လစ်ဝါဒ အဘိဓာန်သစ်၊ ၁၉၉၆ ဒီဇင်ဘာ (တရုတ်ဘာသာ) (၂) မာ့က်စ်ဝါဒ အဘိဓာန်ကြီး၊ ၂ဝ၁၉ ဖေဖော်ဝါရီ (တရုတ်ဘာသာ)

ခင်အေးကြည်မြ မေ၊ ၇ ရက်၊ ၂၀၂၀။

0 comments:

Post a Comment