Sunday, November 29, 2020

အရင်းရှင်စနစ် အာကာသကို နယ်ချဲ့ခြင်း

0 comments

အရင်းရှင်စနစ် အာကာသကို နယ်ချဲ့ခြင်း

ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဆောင်းပါး။

နာဆာ (NASA) အာကာသယဉ်မှူးနှစ်ဦးလိုက်ပါတဲ့ ကြိုးပမ်းချက်အမည်ရ အာကာသယဉ်ကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းကနေ ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့မှာ လွှတ်တင်လိုက်ပါတယ်။ စွန်ရဲ(၉)လို့အမည်ပေးထားတဲ့ လွှတ်ဒုံးနဲ့တွဲပြီး လွှတ်တင်လိုက်တာဖြစ်တယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အမေရိကန်ပြည်သူတွေအပါအဝင် တကမ္ဘာလုံး ပူပင်သောကရောက် ပရိဒေဝမီးတွေတောက်နေချိန်မှာ အမေရိကန်အုပ်စိုးသူလူတန်းစားနဲ့ အနောက်အုပ်စုမီဒီယာတွေက ဒီတကြိမ် အာကာသယဉ် လွှတ်တင်ပွဲကို ပွဲကြီးပွဲကောင်းလို့ ကြွေးကြော်အောင်ပွဲခံကြတယ်။ မေလကုန်မှာလွှတ်တင်လိုက်တဲ့ အဲ့ဒီအာကာသယဉ်ဟာ ဩဒုတ်၂ ၂ ရက်နေ့မှာ ကမ္ဘာမြေပေါ် ပြန်ဆင်းလာပါတယ်။ တကယ်တော့ ပုဂ္ဂလိကကုမ္ပဏီ SpaceX သူ့ ကုန်ပစ္စည်းကို ဒုတိယအကြိမ် ရှိုးပြတဲ့ပွဲ (Demo-2 Mission)ဖြစ်တယ်။

 

အမေရိကန် အာကာသလွန်းပျံယာဉ် ပျံသန်းမှု (Space shuttle) အစီအစဉ်ကို ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တာကြောင့် ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အမေရိကန်အာကာသယာဉ်မှူးတွေ လိုက်ပါမောင်းနှင်တဲ့ အမေရိကန်လုပ် အာကာသယာဉ်ကို လွှတ်တင်မှုဖြစ်တယ်။ ပိုထူးခြားတာက ပထမဆုံး အစိုးရ၊ ပုဂ္ဂလိကဖက်စပ်အစီအစဉ်ကနေ ဖန်တီးထုတ်လုပ်တဲ့ယာဉ် ဖြစ်တယ်။ ၂၀၁၁ နောက်ပိုင်းမှာ နိုင်ငံတကာအာကာသစခန်းကို အမေရိကန် အာကာသယာဉ်မှူးတွေ စေလွှတ်တိုင်း ရုရှား အာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် (ROSCOSMOS) ရဲ့ဆိုးယုဇ် (Soyuz) အာကာသယာဉ်မှာ လိုက်ပါနိုင် ဖို့ထိုင်ခုံတလုံးကို ၈၅ မီလီယံ ဒေါ်လာပေးနေရတာလည်း အဆုံးသတ်ပြီလို့ဆိုနိုင်တယ်။

 

Crew Dragon Endeavour ယာဉ်နဲ့ Falcon 9 လွှတ်ဒုံးကို ဘီလီယံနာသူဌေး အီလွန်မက်စ်ရဲ့ SpaceX က တပ်ဆင်ထုတ်လုပ်တယ်။ အခုဆိုရင် SpaceX က နိုင်ငံတကာအာကာသစခန်း(ISS) ကို အာကာသယာဉ်မှူးတွေပို့ဆောင်ပေးတဲ့ ပထမဆုံး ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာတယ်။ နာဆာရဲ့ Commercial Crew Program (CCP) အရ ပုဂ္ဂလိကကုမ္ပဏီတွေ အာကာသယာဉ် တည်ဆောက်နိုင်ဖို့ SpaceX ကို ၃.၁ ဘီလီယံခန့်၊Boeing ကို ၄.၈ ဘီ လီယံခန့် ငွေကြေး ထောက်ပံ့ထားတယ်။ ပုဂ္ဂလိကကို ကန်ထရိုက်အခွဲပေးတဲ့ အလုပ်ကို နာဆာက ၂၀၁၀ မှာ စလုပ်ခဲ့တာ ဖြစ်တယ်။ နာဆာအနေနဲ့အရင်လို အမာထည်အတွက် ပစ္စည်းဝယ်တာ၊ အာကာသယာဉ်ကို ပိုင်ဆိုင်တာ၊ စီမံခန့်ခွဲတာတွေ မလုပ်တော့ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို အကျိုးတူစီးပွားဖက်(ပါတနာ) လုပ်လိုက်တယ်။

 

CCP မှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံရာမှာ အာကာသအိက်စ်(SpaceX) နဲ့သူ့ပြိုင်ဘက် ဘိုးအင်း(Boeing) ကို ရင်းနှီး မြုပ်နှံငွေရဲ့တဝက်စီလောက် ခွဲပေးထားတယ်။ SpaceX က နာဆာနဲ့ ကုန်စည်ပို့ဆောင်ရေးစာချုပ်လည်း ချုပ်ဆိုထားပြီး ၂၀၁၂ ကတည်းက နိုင်ငံတကာ အာကာသစခန်းကို ကုန်ပစ္စည်း ပို့ပေးနေတာပါ။ မကြာသေးခင်က နှစ်တွေမှာ အီလွန်မက်စ်၊ ဂျက်ဖ်ဘေးဇိုးစ်နဲ့ ရစ်ချတ်ဘရန်ဆန်တို့လို ကုဋေကြွယ်သူဌေးတွေကြောင့် အမေရိကန်အာကာသလုပ်ငန်း ပြန်ခေါင်း ထောင်လာတယ်။ အမေဇုန် ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘေးဇိုးစ်ရဲ့ Blue Origin နဲ့အင်္ဂလိပ် လုပ်ငန်းရှင်သူဌေး ရစ်ချတ်ဘရန်ဆန်ရဲ့ Virgin Galactic ကုမ္ပဏီတွေက အာကာသခရီးသွားလုပ်ငန်းအတွက် အားကြိုးမာန်တက် လုပ်ကိုင်နေကြတယ်။ ဒီကုမ္ပဏီတွေနဲ့နာဆာ စီးပွားဖက်တွေအဖြစ် လုပ်ကိုင်နေတဲ့ တခြားအစီအစဉ်တွေလည်း ရှိပါသေးတယ်။

 

သမ္မတ အိုဘားမား လက်ထက်ကတည်းက အမျိုးသား အာကာသပေါ်လစီ (၂၀၁၀) နဲ့အတူ အာကာသမှာ စီးပွားရေး အမြတ်ထုတ်ဖို့အရှိန်ရနေပါပြီ။ သမ္မတထရမ့်လက်ထက်မှာ အမေရိကန် အာကာသတပ်ဖွဲ့ကိုထူထောင်ပြီး အာကာသပျံသန်းရေးကို ဦးစားပေး ပေါ်လစီတရပ်အဖြစ် ချမှတ်ထားတယ်။ (အမေရိကန်လေတပ်ရဲ့ အာကာသစစ်တိုင်းကို ၁၉၈၂ ခုနှစ်ကတည်းက တည်ထောင်ပြီး ဖြစ်တယ်။) အာကာသတပ်ဖွဲ့ရဲ့တာဝန်တွေက အာကာသထဲက အမေရိကန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့၊ အာကာသ ကျူးကျော်မှုတွေကို ဟန့်တားဖို့နဲ့အာကာသစစ်ဆင်ရေးတွေလုပ်ဖို့လို့ ဆိုတယ်။ အမေရိကန်ရဲ့ပထမဆုံး စီးပွားဖြစ် အာကာသယာဉ်ကို မလွှတ်တင်ခင် လေးငါးလအလို ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်မှာ ဒီတပ်ဖွဲ့ကို ဖွဲ့စည်းတယ်။ အာကာသယာဉ် မြေပြင်ကို ပြန်ဆင်းပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ စာမျက်နှာ ၄၁ မျက်နှာရှိတဲ့အာကာသစွမ်းအား’ ဆိုတဲ့ စစ်ရေးမူဝါဒကို ထုတ်ပြန်တယ် (၁၀ ရက်၊ သြဂုတ်လ)။ သီးခြား စစ်အင်အားတရပ်ကို သတ်မှတ်လိုက်တယ်လို့ဆိုကြတယ်။

 

ထရမ့်အစိုးရက စစ်အေးခေတ်ကရှိခဲ့တဲ့ အမျိုးသား အာကာသကောင်စီကို ၂၀၁၇ မှာ ပြန်တည်ထောင်တယ်။ နိုင်ငံတကာ အာကာသစခန်းကို သယ်ယူပို့ဆောင်ပေးတဲ့ ထောက်ပို့လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်ဖို့အဆိုပြုတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်က အာကာသလုပ်ငန်းဟာ ၃၃၀ ဘီလီယံဒေါ်လာတန်ဖိုးရှိတဲ့ လုပ်ငန်းဖြစ်နေပြီ။ မကြာခင် ဆယ်စုနှစ်တွေမှာ ဒေါ်လာ ထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့လုပ်ငန်းတခု ဖြစ်လာမယ်လို့ဆိုတယ်။ ထရမ့်အစိုးရရဲ့ရည်မှန်းချက်တခုက ’ ကို အာကာသ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေအတွက် ခရီးတထောက်မှာ လောင်စာဖြည့်ပေးတဲ့နေရာ (gas station)အဖြစ် ပြောင်းလဲနိုင်ရေးပဲ လို့ဆိုတယ်။

 

အမေရိကန် အာကာသ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လွတ်လပ်သောလုပ်ငန်း အက်ဥပဒေ (American Space Commerce Free Enterprise Act) က အာကာသကို တကမ္ဘာလုံးက ဘုံပိုင်တာ မဟုတ်ဘူးလို့ကြေညာထားတယ်။ ဒီလိုကြေညာလိုက်တာဟာ နိုင်ငံတကာ သဘာတူစာချုပ်တွေကိုဖောက်ဖျက်တာ ဖြစ်တယ်။ အာကာသထဲက အဖိုးတန် သယံဇာတတွေကို အမြတ်ထုတ်ဖို့ပုဂ္ဂလိကပိုင်လုပ်ဖို့ည်ရွယ်လိုက်တာလည်းဖြစ်တယ်လို့ သုံးသပ်သူတချို့က ဆိုကြပါတယ်။ အမျိုးသား အာကာသကောင်စီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး စကော့ပေ့စ်က အာကာသဟာ လူသားမျိုးနွယ်ရဲ့ဘုံ အမွေအနှစ်မဟုတ်၊ ပြည်သူပိုင်ပစ္စည်း မဟုတ်ဘူးလို့ဆိုလာတယ်။

 

အမေရိကန်၊ ဆိုဗီယက်ယူနီယံနဲ့တခြားနိုင်ငံတွေ (မြန်မာနိုင်ငံ အပါအဝင်) ကုလသမဂ္ဂကတဆင့် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ၁၉၆၇ ခုနှစ် ကမ္ဘာ့လေထု၏ ပြင်ပအာကာသဆိုင်ရာ သဘော တူစာချုပ်(Outer Space Treaty)’ မှာ အာကာသဟာ လူသားအားလုံး၊ နိုင်ငံအားလုံးရဲ့ဘုံပိုင် (res communis) လို့ဆိုထားတာပါ။ အာကာသထဲက ဘယ်အရာကိုမဆို ပိုင်ဆိုင်ကြောင်း ဘယ်နိုင်ငံကမှ မကြေညာရ၊ အာကာသကို ခြိမ်းခြောက်ပြီးဖြစ်စေ၊ သိမ်းပိုက်ပြီးဖြစ်စေ၊ တခြားတနည်းနည်းနဲ့ဖြစ်စေ အချုပ်အခြာအာဏာ ထူထောင်လို့ရဘူးလို့ကြေညာထားတာ ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နယ်ချဲ့သမားက ဒီသဘောတူညီချက်ကို ဖောက်ဖျက်ဖို့ ကြိုးစားလာတယ်။ လိုအပ်ရင် အာကာသစစ်ပွဲ ဆင်နွှဲဖို့စစ်ရေးပြင်ဆင်မှုတွေပါ အချိန်ကိုက် လုပ်လာတာပါ။

 

ဂြိုဟ်တုလွှတ်တင်တဲ့ လုပ်ငန်း၊ အာကာသ ခရီးသွားလုပ်ငန်း၊ ဥက္ကာခဲ တူးဖော်ရေးလုပ်ငန်းနဲ့တခြား လုပ်ငန်းတွေကနေ အမြတ်အစွန်းတွေ ထုတ်ယူနိုင်အောင် အာကာသကို စီးပွားရေးလုပ်ငန်းနယ်ပယ်အဖြစ် ပြောင်းလဲပစ်တဲ့ ခေတ်တစ်ခုကို ချင်းနင်း ဝင်ရောက်လာပြီဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေး နည်းပညာကော်ပိုရေးရှင်း (SpaceX) နဲ့Blue Origin လို ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေ စိုးမိုးချုပ်ကိုင်လာနေတဲ့ အာကာသလုပ်ငန်းကို အာကာသသစ်လို့ လေ့လာသုံးသပ်သူတွေက အမည် ပေးထားကြတယ်။ ဒုတိယ အာကာသခေတ်လို့လည်း ဆိုကြတယ်။ ဆိုဗီယက်ယူနီယံက ၁၉၅၇ ခုနှစ် မှာ စပွတ်နစ်ဂြိုဟ်တု (၁)ကို အာကာသထဲလွှတ်တင်ပြီး (ပထမ) အာကာသခေတ်ကို စတင်ခဲ့တာ ဖြစ်တယ်။

 

အာကာသဟောင်းဟာ အစိုးရတွေက အာကာသဆိုင်ရာလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့၊ တိုးတက်မှု နှေးကွေးလေးလံတယ်လို့ဆိုတဲ့ စစ်အေးခေတ် အာကာသဆက်ဆံရေးစနစ် ဖြစ်တယ်လို့ဆိုကြတယ်။ အာကာသခေတ်ဟောင်းမှာ အမေရိကန်အစိုးရက ဘိုးအင်းနဲ့ လော့ဟိမာတင်လို လက်တဆုပ်စာ ကော်ပိုရေးရှင်းကြီးတွေကိုပဲ ကန်ထရိုက်ပေးထားတယ်။ အာကာသခေတ်သစ်မှာတော့ အာကာ သဆိုင်ရာ စီးပွားရေးကုမ္ပဏီတွေ တဒါဇင်လောက် ရှိပါတယ်။ အာကာသကို စျေးကွက်စီးပွားရေးနယ်ပယ်အဖြစ် လုပ်ခဲ့တာက ၁၉၆၀ ခုနှစ်များ ကတည်းက ဖြစ်ပါတယ်။ သမ္မတရေဂင်လက်ထက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အာကာသသို့လွှတ်တင်မှု အက်ဥပဒေ (၁၉၈၄) ကို လက်မှတ်ရေးထိုး အတည်ပြုတယ်။ ဒါပေမဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေဟာ အကန့်အသတ်နဲ့ သာ ပါဝင်နိုင်တယ်။

 

အာကာသသစ်ကတော့ အမေရိကန်နဲ့ဆိုဗီယက်ယူနီယံရဲ့စစ်အေးခေတ် အာကာသပြိုင်ပွဲနဲ့မတူတော့ဘူး။ အာကာသကို အတိုင်းအတာ ကြီးကြီးမားမားနဲ့ကုန်သွယ်ရေး၊ စီးပွားရေးနယ်ပယ်အဖြစ် ပြောင်းလဲပစ်တဲ့ခေတ်ကို ရောက်လာပြီ။ အာကာသသစ်က အာကာသမှာ အရင်းရှင်စနစ်ပေါ်ထွန်းမှုကို အချက်ပြလိုက်တာပဲလို့ သုံးသပ်ကြတယ်။ အင်္ဂါဂြိုဟ်ကို ကိုလိုနီအဖြစ်သိမ်းပိုက်မယ့် Starship အာကာသယာဉ်ဟာ ကုမ္ပဏီရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ SpaceX ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ် က သူ့ဝန်ထမ်းတွေဆီ ပို့တဲ့ အီးမေးတစောင်မှာ ဖော်ပြပါတယ်။ ဒီယာဉ်က အင်္ဂါဂြိုဟ်ကို တခေါက်မှာ လူတရာအထိ ပို့ပေးနိုင်မယ်လို့ဆိုတယ်။ အင်္ဂါဂြိုဟ်ကို ဘယ်လိုလူတွေသွားနိုင်မလဲ စဉ်းစားကြည့်ပါ။ ခြေလျင်လျှောက်နေရသူ၊ စက်ဘီးစီးသူ၊ ကားမောင်းသူ၊ လေယာဉ်စီးနိုင်သူ စသဖြင့် လက်တွေ့ဘဝထဲကအခြေအနေကိုပဲ နှိုင်းယှဉ်စဉ်းစားကြည့်ပါ။ ကိုဗစ် ၁၉ ကပ်ဆိုက်မှု ပြင်းထန်လာတော့ မီလီယံနာ သူဌေးတွေဟာ ရောဂါကင်းစင်တယ်လို့ယူဆရတဲ့နေရာတွေကို သွားပြီး အပန်းဖြေနေကြတယ်လို့ ဆိုတယ်။

 

အာကာသအဟောင်းတုန်းက လူသားမျိုးနွယ်အတွက် အကျိုးဖြစ်ထွန်းဖို့ဦးစားပေးပြီး လုပ်ကြတယ်။ နိုင်ငံတကာ သဘောတူ စာချုပ်တွေရဲ့ကန့်သတ်ချက်တွေလည်း ရှိတယ်။ အာကာသအသစ်မှာတော့ အမေရိကန်က နိုင်ငံတကာစာချုပ်တွေကို ဖောက်ဖျက်တဲ့ စကားတွေ ဗြောင်ပြောလာသလို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့လည်း ဗြောင်လက်တွဲပြီး ဓနရှင်လူတန်းစားရဲ့အကျိုးအတွက် အင်တိုက် အားတိုက်လုပ်လာပါတယ်။ သယ်ယူပို့ဆောင်ရေးဒုံးတွေ ထုတ်လုပ်တာ၊ ကမ္ဘာ့ပတ်လမ်းမှာ ဂြိုဟ်တုတွေ နေရာချထားတာ၊ အာကာသကို စူးစမ်းလေ့လာရေး၊ အမြတ်ထုတ်ရေးနဲ့ကိုလိုနီအဖြစ် သိမ်းပိုက်ရေးတွေကို လူသားမျိုးနွယ်အတွက်လုပ်နေတာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်ကို ကိုယ်စားပြုသယောင်ယောင် လိမ်ညာဗန်းပြနေတဲ့ အရင်းရှင် စီးပွားရေးသမားတွေက သူတို့လူတန်းစားအကျိုးအတွက် လုပ်နေတာပါ။ မကြာခင် အချိန်တိုအတွင်းမှာ အာကာသလုပ်ငန်းဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံတန်လုပ်ငန်း ဖြစ်လာမယ်၊ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ သူဌေးတွေလည်း ပေါ်ထွက်လာမယ်လို့သုံးသပ်နေ ကြတယ်။

အရင်းရှင်စနစ်က အရင်းစုပုံတိုးပွားမှုကို ဖြစ်စေတယ်၊ အရင်းပိုလျှံမှုကို ဖြစ်စေတယ်။ အဲဒီအခါ ပိုလျှံတဲ့အရင်းကို တခြား နယ်မြေသစ်တွေကို တင်ပို့ဖို့လုပ်ကြပါတယ်။ ဒါကြောင့် အရင်းရှင်စနစ်ရဲ့အမြင့်ဆုံးစနစ်ဟာ နယ်ချဲ့စနစ်ပဲလို့လီနင်က ဆိုခဲ့တယ်။ အရင်းရှင်စနစ် ခိုင်မြဲသက်ဆိုးရှည်အောင် နေရာသစ်ရှာတယ်၊ နယ်မြေချဲ့ထွင်တယ်၊ နယ်မြေသစ်တွေကို သိမ်းပိုက်ပါတယ်။ ၂၁ ရာစုမှာ နယ်ချဲ့လက်သစ်တွေ၊ ဓနရှင်လူတန်းစား လက်သစ်တွေက ကမ္ဘာပေါ်မှာ နယ်ချဲ့စရာ နေရာမကျန်တော့လို့ အာကာသကို နယ်ချဲ့ဖို့ ကြိုးပမ်းလာကြပြီ။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် နယ်ချဲ့သမားဟာ ပုံစံတူပါတယ်။ အာကာသသစ် အရင်းရှင်နယ်ချဲ့တွေဟာ ၁၉ ရာစုက ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီနဲ့သိပ်မကွာပါဘူးလို့ပညာ ရှင်တချို့က ဆိုကြတယ်။ အရှေ့အိန္ဒိယကုမ္ပဏီက အစိုးရနဲ့ဓနရှင်လူတန်းစား ပေါင်းဖက်ထားတာပါ။

 

တချိန်က သင်္ဘောတွေနဲ့သမုဒ္ဒရာဖြတ် ကမ္ဘာပတ်ပြီး နယ်ချဲ့ခဲ့သူတွေဟာ အခု အာကာသဟင်းလင်းပြင်ထဲမှာ နယ်ချဲ့ဖို့ အားထုတ်နေကြပြီ။ ၂၁ ရာစု ကိုလံဘတ်စ်တွေ ပေါ်လာပြီ။ ၂၁ ရာစု အာကာသကုမ္ပဏီတွေ ပေါ်လာပြီ။ စကြာဝတေးမင်းဖြစ်ဖို့ သူတို့အချင်းချင်းလည်း စစ်ခင်းကြပါလိမ့်မယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကလို တကယ်ဖြစ်လာတော့မယ်လို့ဆိုကြတယ်။ ဘယ်ခေတ်မှာဖြစ်ဖြစ် နယ်ချဲ့အရင်းရှင်တွေဟာ သူတို့လူတန်းစားအကျိုးအတွက် နယ်ချဲ့ကြတာပါ။ အာကာသ ခေတ်သစ် နယ်ချဲ့အရင်းရှင်တွေဟာလည်း လူသားမျိုးနွယ်ကို အကျိုးမပြုဘဲ ချမ်းသာတဲ့လုပ်ငန်းရှင်တစုကိုသာ အကျိုးပြုတဲ့၊ ဓနရှင်လူတန်းစား အကျိုးကိုသာဦးတည်တဲ့ နယ်ချဲ့အရင်းရှင်တွေဖြစ်ပါတယ်။ လပေါ်ကို ပထမဆုံးခြေချခဲ့ တဲ့ နေးလ်အမ်းစ်ထရောင်းက လပေါ်ကို လူသားတွေ ခြေချနိုင်တဲ့အဖြစ်ဟာ လူသားမျိုးနွယ်အတွက် ခုန်ပျံကျော်လွှားမှုကြီးတခု’ လို့ဆိုခဲ့တယ်။ မျက်မှောက် အာကာသ အရင်းရှင်စနစ်ရဲ့ အောင်မြင်မှုတွေကတော့ အရင်းရှင်မျိုးနွယ်အတွက် ခုန်ပျံကျော်လွှားမှုကြီးတခု’ ဖြစ်တယ်လို့ပညာရှင်တချို့က ဆိုကြပါတယ်။

ရည်ညွှန်း

One giant leap for capitalistkind: private enterprise in outer space

https://www.nature.com/articles/s41599-019-0218-9

'The big show': US poised to return to human spaceflight with historic launch

https://www.theguardian.com/.../spacex-nasa-human-space...

How NASA and SpaceX plan to launch astronauts in May despite a pandemic

https://www.cnbc.com/.../nasa-spacex-to-launch-astronauts...

'Spacepower': US Space Force releases foundational doctrine

https://www.space.com/space-force-spacepower-doctrine...

Elon Musk’s Top Priority Now Is Going to Mars and the Moon

https://observer.com/.../elon-musk-spacex-top-priority.../

0 comments:

Post a Comment