Sunday, November 1, 2020

ဖေဖေ့ရဲ့ ငြိမ်းချမ်းရေးခရီးဖော် ဦးခင်မောင်မြင့်-လှကျော်ဇော-

0 comments
ဖေဖေ့ရဲ့ ငြိမ်းချမ်းရေးခရီးဖော် ဦးခင်မောင်မြင့်-လှကျော်ဇော-
၁၉၆၀-ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သန့် ရှင်း-ပထစက အပြတ်အသတ်အနိုင်ရရှိပြီး ဦးနုဦးဆောင်တဲ့ သန့်ရှင်း အစိုးရ တက်လာပါတယ်။ ဦးနုအနေနဲ့က ၁၉၅၈-အိမ်စောင့်အစိုးရကို အာဏာလွှဲပေးရတဲ့ဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး နိုင်ငံရေးသမားများ အချင်းချင်းကြား ပြန်လည်ညီညွတ်ဖို့ အားထုတ်မှုများ လုပ်လာပါတယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်ဩဇာကြီးနေတာ အစိုးရက စစ်တပ်အပေါ်မှီခိုနေရတာတွေကို သဘောပေါက်လာလို့ ပြည်တွင်းငြိမ်းချမ်း လုပ်ငန်းတွေလည်း ပြန်လည်အသက်ဝင်လာပါတယ်။
ဒါကြောင့် ဖေဖေတို့က ၁၉၆၀-မေလပိုင်းကစပြီး “ပြည်တွင်း ငြိမ်းချမ်းရေးနှိုးဆော်ရေး အဖွဲ့”ဆိုတာကို စတင်ဖွဲ့စည်းပြီး ကျန်နိုင်ငံရေးခေါင်းဆောင်များ ပါတီအဖွဲ့အစည်းများနဲ့ ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံရေးအင်အားစု အတော် များများပါဝင်တဲ့ “ပြည်တွင်းငြိမ်းချမ်းရေး (ဒုတိယအဖွဲ့)”ကို ၁၉၆၁-မတ်လမှာ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အဲဒီအချိန်နဲ့ တပြိုင်တည်းလောက်မှာ ပေါ်ပေါက်လာနေတဲ့ အမျိုးသားရေး ပြဿနာဖြစ်တဲ့ တရုတ်ဖြူကိစ္စအတွက် “တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားကော်မတီကြီး” ကိုလည်း ၁၉၆၁-မတ်လ အတွင်းမှာပဲ ဖွဲ့စည်းခဲ့ပါသေးတယ်။ (၂) ဖွဲ့စလုံးမှာ ပါဝင်သူများ အားလုံး – အတူတူလိုပါပဲ။ (၂)ဖွဲ့စလုံးရဲ့ လုပ်ငန်းများကလည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် နယ်ဘက်တွေမှာ အဖွဲ့ခွဲတွေ ဖွဲ့တဲ့အခါ (၂) ဖွဲ့ ပေါင်း ဖွဲ့ခဲ့ကြပါတယ်။
၁၉၆၁- မေလပိုင်းကစပြီး ဖေဖေတို့ကို နယ်မြို့များက လာရောက် စည်းရုံးဟောပြောဖို့နဲ့ အဖွဲ့ခွဲလေးတွေဖွဲ့ပေးဖို့ စပြီး ဖိတ်ကြားလာပါတယ်။ ပထမဆုံးဖိတ်တဲ့ ဒေသကတော့ ပုသိမ်ခရိုင်ကဖြစ်ပြီး အဲဒီကစလို့ မြစ်ဝကျွန်းပေါ်ကမြို့များ (မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ ဘိုကလေး၊ ဇလွန်)။ ပဲခူးတိုင်းကမြို့များ (ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက၊် မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ)။ မန္တ လေးတိုင်းက မြို့များ (မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည် ပျော် ဘွယ်၊ ရမည်းသင်း) အပြင် မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ မြို့ကြီး များအပါ ဗမာပြည် တနံတလျားလုံး ၁၉၆၂ နှစ်ဆန်းပိုင်းအထိ မရပ် မနား လှည့်လည်သွားခဲ့ရပါတယ်။ အဲဒီခရီးစဉ်တွေအကြောင်း လူထု တရားဟောပွဲများအကြောင်း ဖေဖေက သူမှတ်မိသမျှ သူကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။
အဲဒီခရီးစဉ်အတွင်း ဖေဖေနဲ့အတူသွားရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အများအပြားရှိပါတယ်။ ဖေဖေက ဒိုင်ခံလိုဖြစ်ပြီး ကျန်သူများ ကတော့ အလှည့်ကျ လိုက်ပါကြပါတယ်။ အဲဒီထဲက မြစ်ဝကျွန်းပေါ် ဒေသများကိုသွားတိုင်း အမြဲလိုပါဝင်သူများကတော့ မြစ်ဝကျွန်းပေါ် တိုင်းသားများ ဖြစ်တဲ့ ကျုံမငေး သခင်တင်မောင်တို့ ဦးခင်မောင်မြင့် (ဒေးဒရဲ)တို့ဖြစ်ပါတယ်။ ပဲခူးတိုင်းဘက်သွားရင်လည်း ဦးခင်မောင်မြင့် ပါတတ်ပါတယ်။ ဦးခင်မောင်မြင့်က ပြည်သူ့တိုးတက်ရေးပါတီကပါ။ အဲဒီပါတီက ကိုယ်စားလှယ် (၂)ဦး ဖေဖေတို့ငြိမ်းချမ်းရေးအဖွဲ့ထဲ ပါဝင် ခဲ့ပါတယ်။ နောက်တဦးက ဦးလှဝင်းပါ။ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့ပြီး နောက်ပိုင်း မဆလ ခေတ်မှာတော့ အထူးအရာရှိ ရာထူးယူပြီး မဆလနဲ့ပူးပေါင်းသွားပါတယ်။
အဲဒီကာလက အဆိုတော်-ကိုသန်းလှိုင်ကလည်း- ဥဿာ လှိုင်ထိပ်ထား- သီချင်းနဲ့ အလွန်နံမည်ကြီးပြီး လူငယ်များရဲ့ အသဲစွဲဖြစ် နေချိန်ပါ။ ကိုသန်းလှိုင်ရဲ့ အချစ်သီချင်းနဲ့ အသဲကွဲသီချင်းတွေကို စွဲလမ်းခဲ့တဲ့ လူငယ်ပရိသတ်က ကိုသန်းလှိုင်ရဲ့ အစ်ကိုဖြစ်သူ ဦးခင်မောင်မြင့်ရဲ့ ရဲရဲတောက် တရားတွေနာရတဲ့အခါ ကျပြန်တော့လည်း ကြိုက်ကြပြန်ရောတဲ့။ တချို့နိုင်ငံရေးသမားတွေကတော့ … ဘယ်နှယ် ဗျာ။ ညီအစ်ကိုနှစ်ယောက် ဆန့်ကျင်ဘက်ကြီးပါလား … လို့ဆိုကြသတဲ့။ ဖေဖေ့လုံခြုံရေးအတွက် ပါသွားတတ်တဲ့ ကျွန်မတို့အစ်ကိုဝမ်းကွဲများက ပြန်ပြောပြဖူးပါတယ်။
အဲဒီခရီးတွေသွားရင်း ဦးခင်မောင်မြင့်ဟာ ဖေဖေနဲ့ ရင်းနှီး သွားပုံရပါတယ်။ ဖေဖေနဲ့စကားလက်ဆုံကျရင်း ဖေဖေက သူတပ်ထဲတုန်းက အဖြစ်အပျက်တွေ အတွေ့အကြုံတွေကို ပြောပြထားပုံရပါ တယ်။
၁၉၆၂ – မတ်လ(၂)ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း လိုက်တော့ ဖေဖေတို့ငြိမ်းချမ်းရေး လုပ်ငန်းလည်းရပ်တန့်သွားပါတယ်။ ၁၉၆၃ စစ်တပ်ကခေါ်တဲ့ ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ’ဖြစ်လာတော့ လူထုလှုပ်ရှားမှုတွေ ပြန်ပေါ်လာပါတယ်။ ဦးခင်မောင်မြင့်က ပဲခူးတိုင်း မှာ ပါဝင်ဦးစီးလှုပ်ရှားခဲ့ပြီး ဆွေးနွေးပွဲတွေပျက်သွားတဲ့အခါ အဖမ်းခံလိုက်ရပြီး ကိုးကိုးကျွန်းတောင် ပါသွားပါတော့တယ်။ အဲဒီကစလို့ ကျွန်မတို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။
၁၉၈၈ ခုနှစ်၊ လူထုလှုပ်ရှားမှုကြီးအပြီးမှာတော့ သူ့အကြောင်းတွေ ကြိုကြားကြိုကြား ပြန်ကြားလာရပါတယ်။ နဝတခေတ် သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းစာတွေထဲက ဆောင်းပါးတွေမှာ စာအုပ်စာတမ်းတွေမှာ သူ့အကြောင်းတွေ ပါလာတာပါ။ သူဟာ ဒီခေတ် ဗမာပြည်သူများရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတိုင်းမှာ အလွန်တာဝန်ကျေစွာ ပါဝင်နေတာကို မြင်ရပါတယ်။ နောက်ဆုံး ထောင်ထဲမှာပဲ ကျဆုံးသွားခံ့ရတဲ့ အထိပါပဲ။ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ အင်းစိန်ထောင်ထဲမှာ ကျ ဆုံးသွားခဲ့ရပါတယ်။
ဦးခင်မောင်မြင့်တယောက် စစ်အစိုးရရဲ့ ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှု အမျိုးမျိုးကို အန်တုရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ကို အနိုင်မခံ အရှုံးမပေး အသက်စွန့် ဆန့်ကျင် တိုက်ခိုက်သွားမှုအပေါ် ၈လေးလုံး အရေးတော်ပုံကြီးအပြီး ရှောင်တိမ်းရင်း နိုင်ငံတကာကို ပျံ့နှံ့ ရောက်ရှိလာ ခဲ့ကြတဲ့ ရဲဘော်ရဲဘက်အပေါင်းက ဝိုင်းဝန်းဦးညွှတ် အလေးပြုတဲ့အနေနဲ့ သူ့အကြောင်း မှတ်တမ်းမှတ်ရာများကို ရေးသား မှတ်တမ်းတင်မှုများ ပြုလုပ်ပြီး ပြည်ပမှာ စာအုပ်စာတမ်းများ ထုတ်ဝေ ခဲ့ကြပါတယ်။ သတင်းကွန်ရက်များကနေ လည်းဖြန့်ဝေခဲ့ကြပါတယ်။
ဒီစာအုပ်စာတမ်းတွေ ကျွန်မတို့ဆီရောက်လာတော့ ဖေဖေ က ဖတ်ပြီး သူ့ရဲဘော်ကြီး ဦးခင်မောင်မြင့်အတွက် အတော်စိတ် မကောင်း ဖြစ်ဟန်ရှိပါတယ်။ အထူးသဖြင့် ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့ တဲ့ ပြည်ပရောက်စာရေးဆရာနဲ့ ကဗျာဆရာ ဝင်းတင့်ထွန်းရဲ့‘ သံတိုင် ကြား ကြွေလွင့်သွားရတဲ့ ကြယ်စင်တွေ’ စာအုပ်ဖတ်ပြီးနောက် ကိုဝင်း တင့်ထွန်းဆီ ချက်ချင်း စာပြန်ရေးခဲ့ပါတယ်။ ကိုဝင်းတင့်ထွန်းက အဲဒီ စာကို အခုထိ သိမ်းထားပါတယ်။ ဖေဖေက “သူ့အနေနဲ့ ဒေါ်ကြည် ကြည်(သခင်ဇင်ဇနီး) အကြောင်း၊ ဦးခင်မောင်မြင့်အကြောင်းတွေ ဖတ် ရတာ သိပ်စိတ်ထိခိုက်မိတယ်” လို့ရေးထားပါတယ်။ ဖေဖေ့ကြည့်ရတာ- “သူ့ကိုယ်သူလည်း တာဝန်မကျေနိုင်သေးတဲ့အပါ် အားမလို အားမရ ဖြစ်ဟန်ရှိပါတယ်”။
ဒါ့အပြင်-၁၉၉၈ခုနှစ် ထိုင်းနယ်စပ်ကနေထုတ်ဝေလိုက်တဲ့ လွတ်လပ်ရေးရွှေရတု(အောင်စောဦး) စာအုပ်ကြီး ရောက်လာပြီး-အဲဒီထဲက ဦးခင်မောင်မြင့်ရဲ့ ၁၉၈၇ ခုနှစ် အတွင်းက လှုပ်ရှားမှုတွေမှာ သူပေးခဲ့တဲ့ မိန့်ခွန်းတွေကို ဖတ်ရပြီးတဲ့နောက်မှာတော့ ဖေဖေက ဒီလို မှတ်ချက်ချပါတယ်။
“ဪ-သူတို့က (စစ်အုပ်စုကိုဆိုလို) ဒါကြောင့် ကိုခင်မောင်မြင့် ကို ဒီလောက်မဲတာကိုး”… တဲ့။ ဖေဖေပြောလည်း ပြောစရာ ပါပဲ။ သူ့မိန့်ခွန်းတွေကိုလည်း ကြည့်ပါဦး။ “လွတ်လပ်ရေးရွှေရတု” စာအုပ်ထဲမှာ ဦးခင်မောင်မြင့်ရဲ့ မိန့် ခွန်း (၃) ပုဒ်ပါပါတယ်။
၁။ ရဲဘော်ဖုန်းမော်ကျဆုံးသော နှစ်ပတ်လည်အခမ်းအနား (၁၃-၃-၈၉) နေ့ (ရန်ကုန်စက်မှုတက္ကသိုလ်) မြက်ခင်းတွင် ပြောခဲ့သောမိန့်ခွန်း။
၂။ ပြည်သူ့တိုးတက်ရေးပါတီ၊ သင်္ကန်းကျွန်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ၄၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး အခမ်း အနားတွင် ပြောခဲ့သောမိန့်ခွန်း။ (၂၇-၃-၈၉)
၃။ ပြည်သူ့တိုးတက်ရေးပါတီ၊ ပဲခူးမြို့နယ်ဖွင့်ပွဲတွင် ပြောခဲ့သော မိန့်ခွန်း။ (၉-၄-၈၉)
မိန့်ခွန်း(၃)ပုဒ်စလုံးကို အပြည့်အစုံ ဖော်ပြထားပါတယ်။ ဦး ခင်မောင်မြင့်ဟာ ရှေ့မီနောက်မီ ပြည်သူ့ဘက်သား နိုင်ငံရေးသမား ကြီးတဦး ပီသစွာ ရသမျှလွတ်လပ်ခွင့်ကလေးကို မရရအောင်ယူပြီး ပြည်သူတွေကို မျက်စေ့ဖွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံတွေပေါ်အခြေခံပြီး-
၁။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာ ပုံ။
၂။ စစ်တပ်ရဲ့အာဏာသိမ်းပွဲ(၃)ပွဲ။ (၁၉၅၈-၁၉၆၂-၁၉၈၈)။ စစ်တပ်ရဲ့ အကြောင်းပြချက် အမျိုးမျိုး။
၃။၂၆ နှစ်တာ မဆလခေတ်ကာလအတွင်း အမျိုးမျိုးလိမ်ညာခဲ့တဲ့ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ။ (ဥပမာ-တက္ကသိုလ်သမဂ္ဂ ကို ဘယ်သူဖြိုခဲ့သလဲ- ဆိုတဲ့ ကိစ္စမျိုး)
၄။ ၈-၄ လုံးကာလအတွင်း စစ်တပ်က ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေ။ (ဥပမာ-အင်းယားကန်ဘောင်က တံတားနီအရေးအခင်း) … စတဲ့စတဲ့ မြေပေါ်နိုင်ငံရေးလောကမှာ ဘယ်သူမှ မထိမတို့ရဲတဲ့ ပြ ဿနာတွေကို ဖွင့်ချပြောပြပြီး တရားခံတွေကို နံမည်နဲ့တကွ ဖော်ထုတ် ပြောခဲ့တာပါ။ ဒါ့အပြင်–နဝတက ရှေ့လုပ်မယ့်အစီအစဉ်တွေကိုလည်း (ဥပမာ–မဆလကို တစညနဲ့ အစားထိုးဖို့) သူမြင်သလောက် သတိပေး ပြောပြခဲ့ပါတယ်။ ပြည်သူတွေရဲ့မျက်စေ့ထဲမှာ ရန်သူဘယ်သူဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ပြောပြပြီး ရန်သူရဲ့ထောင်ချောက် တွေကိုလည်း သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ၈ လေးလုံး အရေးတော်ပုံကြီးက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင်အုပ်ကိုလည်း သတိပေးစရာတွေ ပြုပြင်စရာ တွေကို သေသေချာချာ ထောက်ပြတာ (ဥပမာ- လှုပ်ရှားမှုတွေထဲ ပြည်သူတွေပါ ပါဝင်လာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးသမားဟောင်းကြီး များဆီက အကြံဥာဏ်တွေယူဖို့) တွေလည်းတွေ့ရပါတယ်။ အလွန့်ကို တာဝန်ကျေခဲ့ပါတယ်။
အဲ…ကျန်ပါသေးတယ်။ ကျန်ပါသေးတယ်။ စစ်ဗိုလ်ချုပ်ကြီး များ အူနုကျွဲခတ်ခံရသလို အခံရခက် လောက်တဲ့အကြောင်းတွေလည်း ပါပါသေးတယ်။ ဦးခင်မောင်မြင့်ဟာ ဗိုလ်နေဝင်း ငယ်ကျိုးငယ်နာတွေ ကို သိသူပီပီ သူစိတ်ထင်တိုင်း လုပ်ခဲ့တဲ့ကိစ္စတွေ (ဥပမာ–ဂျပန်ခေတ်က သူကို ထမ်းပြေးပေးခဲ့ရုံနဲ့ နိုင်ငံဂုဏ်ရည် ပထမဆင့်ပေးတာ။)- စတာ မျိုး။ (ဦးခင်မောင်မြင့်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတုန်းက ဗိုလ်နေဝင်းရဲ့ ဆက်သားဖြစ်ပါတယ်။)
သမိုင်းကြောင်းတွေကို တမင်သက်သက် မှေးမှိန်ထားခြင်း ခံရတဲ့သူတွေ (ဥပမာ–သခင်ချစ်၊ ဗိုလ်ဇေယျ) ရဲ့ အခန်းကဏ္ဍတွေ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထည့်သွင်းပြောကြားတာတွေလည်း ရှိပါတယ်။ အဲဒါတွေထဲမှာ ဖေဖေ့ အကြောင်းတွေလည်း ပါပါတယ်။ တချို့ကိစ္စတွေဟာ အတွင်းရေးတွေ ပါ။ သူတို့ဘက်က ကြည့်ရင် အတော်အထိနာပါတယ်။ (ဥပမာ – ဖေဖေ တရုတ်ဖြူတိုက်နေရတုန်းက ဆိုရှယ်လစ်တပ်မှူးများက ဘယ်နေ့ သံလွင်မြစ်ကမ်းပါးမှာ ဗိုလ်ကျော်ဇော အလောင်းကောက်ရမလဲလို့ သ ရော်ခဲ့တဲ့ အကြောင်းအရာမျိုး) စတာတွေပါ။ (န၀တက သူ့ကိုယ်သူ နယ်ချဲ့ဆန့်ကျင်ရေးဂိုက် ဖမ်းနေချိန်ဖြစ်ပါတယ်။ တချိန်တခါက ဒင်းတို့ တတွေက တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမေရိကန် နောက် ခံ ကူမင်တန်-တရုတ်ဖြူတွေအပေါ် ဘယ်လို သဘောထားခဲ့သလဲ ဆို တာကို ဖွင့်ချတာပါ။)
၂၀၁၆ – ဖေဖော်ဝါရီ-၁၆ ရက် ဆိုရင် ဦးခင်မောင်မြင့် ကွယ် လွန်သွားတာ(၂၃) နှစ်ပြည့်သွားပါပြီ။ သူအသက်ပေး တိုက်သွားတဲ့ စစ်အာဏာရှင်စနစ်ကတော့ ဆက်လက်ရှင်သန်နေဆဲပါ။ ဒါပေမဲ့ ဗမာ ပြည်သူတရပ်လုံးကတော့ တဗိုလ်ကျတဗိုလ်တက်စိတ်ဓာတ်နဲ့ အား မလျှော့တမ်းဆက်လက်ချီတက် တိုက်ပွဲဝင်နေလျက်ပါ။
ဦးခင်မောင်မြင့်အပါအဝင် မျိုးဆက်ဟောင်း ရာသက်ပန်တော်လှန်ရေးသမားကြီးများ ငြိမ်းချမ်းစွာအနားယူပါတော့။ ရဲဘော်ကြီး တို့ ကျခဲ့ရတဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေ အသက်တွေ တစက်မှ အလဟသာမဖြစ်စေရပါဘူး … လို့ကတိပြုလိုက်ပါတယ်။
လှကျော်ဇော။
၁၆၊ ၁၊ ၂၀၁၆။
၂၀၁၆၊ ၂လ ၁၆ရက်နေ့မှာ ကျရောက်တဲ့ ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း (၂၃)နှစ်မြောက်နေ့ အထိမ်းအအမှတ်အဖြစ် ဂုဏ်ပြုရေး သားပါတယ်
အရေးတော်ပုံဂျာနယ်၊အတွဲ(၂)အမှတ်(၄)

0 comments:

Post a Comment