Tuesday, November 24, 2020

နောက်ကြောင်းမအေးတဲ့လူ

0 comments

(နောက်ကြောင်းမအေးတဲ့လူ)

ဗိုလ်သန်းရွှေ ကန့်လန့်ကာနောက်ဝင်သွားတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် 'နောက်ကြောင်းပြန်အရေးယူခြင်း မရှိစေရ'လုပ်ကာ ဗိုလ်မင်းအောင်လှိုင်ကို ကောက်တင်သွားခဲ့၏။ အကာအကွယ်က ၂ ခု။ တခုက ဖွဲ့စည်းပုံ နောက်တခုက အာဏာ၏သော့ချက်ဖြစ်သည့် 'တပ်'နှင့် တပ်ကိုကိုင်ထားသူ။ ဒါတောင် သူက ICJ တွေ ICC တွေနှင့် နဖူးတွေ့ဒူးတွေ့ တွေ့သွားရသူမဟုတ်။ ခု ဗိုလ်မင်းအောင်လှိုင် ပင်စင်ယူရန်အချိန်ပင် လွန်ခဲ့ပေပြီ၊ မယူသေး။ ဗိုလ်သန်းရွှေလို ခိုင်မာပြီး စိတ်ချရသည့်အာမခံချက် ရှိမထားနှင့်လို့များလားဟု တွေးစရာ ရှိနေ၏။



ဘယ်နိုင်ငံမှာဖြစ်ဖြစ် အာဏာလက်ဝယ်ရှိခိုက် ရာဇဝတ်မှုကျူးလွန်ခဲ့သူများအကြောက်ဆုံးမှာ အာဏာလက်မဲ့ဖြစ်သွားချိန်တွင် နောက်လူက ထိုးကျွေးပြီး အရေးယူခိုင်း ခံလိုက်ရမှာကိုပင်ဖြစ်၏။ ထို့ကြောင့် အာဏာကိုရနိုင်သမျှ ဆွဲဆန့်ကာကိုင်ထားနိုင်ရေးလုပ်ကြ၏။ မတတ်သာ၍ အာဏာ စွန့်ရမည်ဆိုလျှင်လည်း စိတ်ချရသည့် အကာအကွယ်တွေယူပြီးမှ စွန့်ကြ၏။ ဗိုလ်သန်းရွှေလည်း ထိုလုပ်နည်းကားအတိုင်း လုပ်ခဲ့၏။၊



ဗိုလ်မင်းအောင်လှိုင်သည် ICJ တွေ ICC တွေနှင့် စွဲချက်အတင်ခံထားရသူ။ အာဏာလက်ဝယ်ရှိနေတုန်းမို့ မထောင်းတာသေးသော်လည်း အာဏာလက်မဲ့ဖြစ်သွားလျှင်(ပင်စင်ယူပြီးသွားလျှင်) ဖိထောင်းတာ ပိုခံရနိုင်မည်ထင်၏။ အပြင်က ဖိထောင်းတာထက် အတွင်းကဖိထောင်းတာကို ဆိုလိုခြင်းဖြစ်၏။ အတွင်းကဆိုသည်မှာ တပ်တွင်းက သူ့နောက်ဆက်ခံမည့်မျိုးဆက်ကို ဆိုလိုခြင်းပင်။



သူ့ကိုဆက်ခံမည့် နောက်မျိုးဆက်က သူ့အတွက် ဘယ်ရွေ့ဘယ်မျှ လုံခြုံရေးအာမခံချက်ပေးနိုင် မပေးနိုင်အပေါ် သူ စိတ်ပူမည်ဆိုလျှင် ပူလောက်၏။ ကိုယ့်ရှေ့က ပင်စင်ယူသွားသူကိုထိုးကျွေးပြီး ကိုယ့်ကို ကမ္ဘာ့မိသားစုကြီးက အမြင်တင့်တယ်အောင်လုပ်သွားကြသည့် နိုင်ငံတကာက စစ်အာဏာရှင်များ ခင်းတတ်သည့်ဇယားကလည်း ရှိထားဖူးကြသည်မဟုတ်လား။



ဗိုလ်မင်းအောင်လှိုင်နောက် စစ်အုပ်စုမျိုးဆက်သည် အရင်ကမျိုးဆက်များနှင့်မတူပဲ လူထုဘက် မျက်နှာမူမည့်မျိုးဆက်ဖြစ်မည်ဟု မည်သူမှ အာမမခံနိုင်။ သို့သော် ICJ တို့ ICC တို့နှင့် နဖူးတွေ့ ဒူးတွေ့တွေ့ကာ တကယ် ကျဉ်းထဲကြပ်ထဲရောက်လာလျှင်တော့ ထိုးကျွေးတန်သူကိုထိုးကျွေးကာ  နိုင်ငံတကာအမြင်တွင် မျက်နှာကောင်းရရန် ကြံဖန်နိုင်၏။ ကိုယ်လွတ်ရုန်းရန် ကြံစည်နိုင်၏။ ကံသေကံမ ဘာမှမပြောနိုင်သေး။ စောင့်ကြည့်ရန်ပင် လောလောဆယ်တတ်နိုင်သေး၏။

မျိုးမြင့်ချို

နိုဝင်ဘာ ၉၊ ၂၀၂၀

0 comments:

Post a Comment