Thursday, March 15, 2012

မြန်မာဘင်္ဂလားဒေ့ရှ်အကြားအငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နမိတ်ပိုင်ဆိုင်မှုတရားရုံး ဆုံးဖြတ်ချက်အပေါ်ရှင်းလင်းချက် (ငြိမ်းချမ်းအေး)

0 comments
တရားရုံးမြင်ကွင်း
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြားအငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှုပြဿနာအပေါ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေအတွက်) အထိုက်အလျောက်နားလည်နိုင်ဖို့ က အသုံးအနှုန်း၊ အခေါ်အဝေါ်တွေရဲ့အနက်ကို အရင်သိမှဖြစ်ပါမယ်။

Internal Water  (ကုန်တွင်းရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)
ကုန်တွင်းရေပိုင်နက်သတ်မှတ်ရာမှာ ရေမိုင်အတိအကျမရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့အကွာအဝေးကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူ တည်။ ဒါကြောင့်  ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်းကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်းရေပိုင်နက်ဟု ခေါ်။ ကုန်တွင်းရေပိုင်နက်အတွင်းမှာ သက်ဆိုင်ရာကမ်းရိုးတန်းနိုင်ငံကဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြားသင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။
Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)
အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေနဲ့သယံဇာတလုပ်ပိုင်ခွင့်မှာ ကုန်တွင်းရေပိုင်နက်နှင့်အတူတူ။ သက်ဆိုင်ရာကမ်းရိုးတန်းနိုင်ငံရဲ့အချုပ် အခြာအာဏာကို မထိပါးစေတဲ့၊ အန္တရာယ်မရှိတဲ့သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တရာယ် မရှိတဲ့သင်္ဘောအနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင်(သဘာဝပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက်စမ်းသပ်ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြား စစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ်ရှိနေလို့ ဖြတ်တဲ့သဘောနဲ့(ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။
Contiguous Zone (အချုပ်အခြာအာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)
Territorial Waters ဧရိယာမှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင်(၂၄) မိုင် အကွားအဝေးကိုသတ်မှတ်။ သက်ဆိုင်ရာကမ်းရိုးတန်းနိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထုညစ်ညမ်းမှုနဲ့ပတ်သက်လို့ ဥပဒေပြဌာန်းနိုင်။ ဥပမာ - အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာနိုင်ငံရေတပ်က  မိမိရဲ့ကမ်းလွန်ရေပိုင်နက်ကိုကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။
Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ရေပိုင်နက်)
အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇၀ ကီလိုမီတာ/ ၂၃၀ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာကမ်းရိုးတန်းနိုင်ငံမှ Exclusive Economic Zones အတွင်း ထွက်သမျှ သဘာဝသယံဇာတ ပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ရှာ အကုန်ပါ။

ခု အထက်ကဖော်ပြထားတဲ့ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့(သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာကွာပေမယ့်) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက်အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာရေပိုင်နက် (International waters) လို့ခေါ်။
ပုံ(၀)

အထပ်မှာဖ်ာပြထားတဲ့သတ်မှတ်ချက်တွေကို ပုံ () တွင်ကြည့်။ အဲ့သလို အတိ အကျသတ်မှတ်ထားပေမယ့် (မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လို) အိမ်နီးချင်းနိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline) တနည်းအားဖြင့် ကမ်းဦးရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှာ လုံလောက်တဲ့အကျယ်အဝန်းမရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။

ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ရှာတော့ ဘင်္ဂလားဒေ့ရှ် က (နှစ်နိုင်ငံ)အခြေခံမျဉ်းသတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။
ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျနားလည်သွားပြီဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက်မှတ်တမ်းမှာပါတဲ့ ဓာတ်ပုံတွေကိုကြည့်လို့ရပြီ။

ပုံ(၁)
ပုံ () က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့အပြည့်အဝပိုင်တဲ့ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်) က တရားရုံးကိုတင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်းနှစ်ကြောင်း။
ပုံ(၂)

ပုံ() က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေး လိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ () အရ ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက်ဧရိယာပိုရဟု သတ်မှတ်နိုင်။

ပုံ(၃)
ပုံ() က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံကမ်းရိုးတန်း ဧရိယာအကျယ်အဝန်း။ မြန်မာက ကမ်းရိုး တန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈၇ ကီလိုမီတာ) ဘင်္ဂလားဒေ့ရှ်(၄၁၃ ကီလိုမီတာ)

ပုံ(၄)
ပုံ() က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း(မူပိုင်)စီးပွားလုပ် ကိုင်နိုင်တဲ့ရေပိုင်နက်)အတွက် နှစ်ဖက် (မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်)က တရားရုံးကိုတင် တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။

ပုံ(၅)
ပုံ() က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံ တည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ရေပိုင် နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ် မှတ်မျဉ်း။

ပုံ(၆)
ပုံ() က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း(မူပိုင်)စီးပွားလုပ် ကိုင်နိုင်တဲ့ရေပိုင်နက်)အတွက် အကွာအဝေးပေါ်မူတည်ပြီး(နောက်ဆုံး အတိုးအလျော့လုပ်ပြီး)သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။
ပုံ()နဲ့ ပုံ()ကို နှိုင်းယှဉ်ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကိုမနစ်နာစေဘူးဆိုတာ သိသာ ထင်ရှားစေတယ်။

ပုံ(၇)
ပုံ() အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့် အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက် တဲ့ရေပိုင်နက်နှစ်ခုထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့နေရာရှိတယ်။ အညိုရောင်ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ () တွင်ကြည့်။  
အဲ့တာဟာ နိုင်ငံတကာမှာ ထိစပ်နေတဲ့ရေပိုင်နက် နယ်နိမိတ်တွေရှိ တဲ့နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင်ဧရိယာအတွင်းလုပ်ပိုင် ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတကာနဲ့မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။

ပုံ(၈)
ပုံ() က နှစ်နိုင်ငံ ပင်လယ်နဲ့ထိစပ်လို့ ပိုင်တဲ့ရေပိုင်နက်ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ() ရဲ့ သဘောတရားအတိုင်း မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့အတွက် ဧရိယာပိုရ၊ ဧရိယာပိုကျယ်ဟု ဆိုနိုင်။

ပုံ() က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက်နယ်နိမတ်မျဉ်း။ ပုံ() နဲ့ပုံ () ကို နှိုင်းယှဉ်ကြည့်တဲ့ သဘော အတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကိုနှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။

ပုံ(၉ )
ပုံ () အတိုင်း နောက်ဆုံးသတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက်ကင်းလွတ်သွားတာက စိန့်မာတင်ကျွန်း (St. Martin's Island) ပုံ () ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်း ကို မြန်မာပိုင်တယ်။ ဒါပေမယ့် ကျွန်းပိုင်ဆိုင်မှုကိုသတ်မှတ်ရာမှာ ပုံ () ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှုမရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်းပုံ () အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ်ပိုင်လို့ သတ်မှတ်လိုက်တယ်။

(နိဂုံး)

စာရေးသူကိုယ်တိုင် ပင်လယ်ရေကြောင်းဝေါဟာရတွေနဲ့ဝေးတဲ့ သာမန် လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့မြန်မာပြန်မှာ တကယ့်ဝေါဟာရအမှန်ပြန်ထားတာနဲ့ကွာနိုင်ပါတယ်။ ဒါပေမယ့် အနက်အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံးမှန်ကန်အောင် ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုသာ(ခု မိတ်ဆွေတွေအကြား "ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်"ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟဖြစ်နေတာတွေကို ပျောက်စေလိုတဲ့အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့အကြောင်းရှာပြီးရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ဥပဒေ၊ နည်းပညာသဘောတရားတွေကို နားလည်တဲ့ပညာရှင်များကသာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကိုဆန်း စစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့အချက်အလက်တွေကိုအခြေခံပြီး ကျနော့်အမြင်ကိုတင်ပြ ရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှုနဲ့အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့နှစ်နိုင်ငံ စလုံး မနစ်နာစေပါလို့ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။
ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမို စိတ်ပါဝင်စားပြီး အမှန်အတိုင်းနားလည်လက်ခံနိုင်ကြပါစေ။ 

ငြိမ်းချမ်းအေး ၁၅ မတ်လ၊ ၂၀၁၂


နောက်ဆက်တွဲ ရှင်းလင်းချက်။     

ရေပိုင်နက်အငြင်းပွားမှုဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့ မင်းကဆိုရင် ဘာကြောင့် နိုင်ငံ တကာသတင်းတချို့မှာ "ဘင်္ဂလားနိုင်တယ်" လို့ရေးသလဲလို့မေးကြတယ်။ အဲ့ဟာကိုရှင်းရရင် ကိုယ့် တိုင်းပြည်ကိုခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေအသုံးမကျလို့ လို့ပြောရမယ်။  မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့မဆိုချင်နဲ့။  အဲ့ဘူတာက အရေးကြီးလို့ကိုဆိုက်ရတာ။ နောက်ဆုံး တရားရုံး ဆုံးဖြတ်ချက်ကြားနာပွဲကို ဘင်္ဂလားကနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့ လည်း သတင်းစာတွေနဲ့တွေ့ပြီး သူ့အမြင်၊ တရားရုံးဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့် နဲ့ပြောတယ်(ပြောနိုင်တယ်)  အဲ့သလိုပြောတဲ့နေရာမှာ အမှန်ကိုအခြေခံပြီးပြောရပေမယ့် ကိုယ့်ပြည်တွင်း နိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီဂုဏ်တက်အောင်ပြောရတယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ "ဘင်္ဂလားနိုင်တယ်"ဆိုတဲ့ သတင်းတွေတက်ရခြင်း ဖြစ်တယ်။ ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးတက်တယ်လို့ လက်လှမ်းမီသမျှသတင်းမှာ မတွေ့ရ။ (EU sanction က ခရီးသွားလာ ခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီးဖြစ်။) တက်လည်း ပြီးရင်သတင်းစာတွေနဲ့တွေ့ဆုံ ပြောလေ့မရှိ၊ ပြောနိုင်တဲ့ အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန်ဂုဏ်တက်အောင်လုပ်ရင်ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့အသိဥာဏ် လည်း (အစိုးရတစ်ဖွဲ့လုံးမှာ) မရှိ။ တကယ်အရည်အချင်းရှိလို့ ဒီကိစ္စ အစအဆုံးတာဝန်ခံလုပ်ပေးခဲ့တဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေကလည်း သူတို့အမြင်အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့သတ္တိလည်းမရှိ။ နောက် ခဏကြာရင်တော့ ပြည်တွင်းမှာသတင်းစာ ရှင်းလင်းပွဲလုပ်ပါလိမ့်မယ်။ အဲ့တော့ "ဘင်္ဂလားနိုင်တယ်" ဆိုတဲ့သတင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။

Photo Source:  itlos.org
Ref: ITLOS Final Judgement Report
(ရေးတာက ငြိမ်းချမ်းအေး)
(ယူတာကသူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ) http://www.facebook.com/notes/nyein-chan-aye/မြန်မာ-ဘင်္ဂလားဒေ့ရှ်-့-အကြား-အငြင်းပွားခဲ့တဲ့-ပင်လယ်ပြင်နယ်နိမိတ်-ပိုင်ဆိုင်မှု-တရ/10150667859358704   

0 comments:

Post a Comment