Thursday, April 19, 2012

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၉) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၅၉) (မျိုးမြင့်ချို) ဧပြီ ၁၉  ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
            ကျနော် ကြမ်းပေါ်ကိုအားလွန်ကျသွားပြီးတော့မှ နောက်ကနေဆွဲထူပြီး ခုံပေါ်ပြန်ထိုင်ခိုင်းလိုက်ပြန်ပါတယ်။ ဘာမှဆက် မေးမနေကြတော့ပဲ စာရွက်တွေမှာတခုခုတွေရေးလိုက်၊ ထွက်သွားလိုက်၊ ပြန်ဝင်လာလိုက်၊ အခန်းထောင့်နားလေးမှာ အချင်းချင်း တိုးတိုး တိုးတိုးပြောလိုက်ကြနဲ့ သူတို့ဘာသာသူတို့အလုပ်တွေရှုပ်နေကြပုံပါပဲ။ ကျနော်ကတော့ မျက်နှာနဲ့လည်ပင်းနေရာတွေမှာ အပူရှိန်တွေသက်သာလာတာမို့ နည်းနည်း နေသာထိုင်သာရှိတာမှန်ပေမယ့် မျက်လုံးတွေကတော့ ခုချိန်ထိ ပြာပြီးအောင့်လည်းအောင့်နေတုန်းပါပဲ။ ကျနော့်ကို ဘာမှဆက်ပြီး မမေးမမြန်းမနှိပ်စက်တော့တာကြောင့် စိတ်ထဲသက်သာရာရမိတာကတော့ အမှန်ပါပဲ။
            ခနနေတော့ ကျနော့်ကို ခေါင်းစွပ်ပြန်စွပ်ပြီး တနေရာကိုခေါ်သွားကြပြန်ပါတယ်။ ခေါင်းစွပ်ချွတ်လိုက်တော့မှ ကျနော့် အရင်အခန်းမဟုတ်ပဲ နောက်အခန်းတခန်းမှန်းသိလိုက်ရပါတယ်။ ခုအခန်းက နည်းနည်းပိုကျယ်သလို နောက်ဖက်ကပြတင်းပေါက်လည်းဖွင့်ထားတာမို့ အပြင်ကိုမြင်ရတာတင်မက၊ လေဝင်လေထွက်လည်းကောင်းပြီး လင်းလင်းချင်းချင်းလည်းရှိနေပါတယ်။ အခန်းထောင့်ရေအိုးထဲကရေတခွက် ခပ်သောက်လိုက်ပြီး ကွပ်ပျစ်ပေါ်သက်သောင့်သက်သာပဲ လှဲနေလိုက်ပါတယ်။ ဒီလိုနဲ့ အပြင်မှာ တဖြည်းဖြည်းမှောင်စပြုလာပါတယ်။ အဲဒီတုန်းမှာပဲ လူတယောက်ဝင်လာပြီး ထမင်းနဲ့ဘဲဥချဉ်ရေဟင်းထည့်ထားတဲ့ စစ်ပုံစံပန်းကန်ပြားတချပ်ရယ်၊ အရွက်ပြုတ်ရည်ထည့်ထားတဲ့ သတ္တုပန်းကန်လုံးလေးတလုံးရယ် လာချပေးပါတယ်။ “စားဟေ့ကောင်..ပြီးရင် တံခါးခေါက်လိုက်” လို့ပြောပြီးပြန် ထွက်သွားပါတယ်။ ဗိုက်အတော့်ကိုဆာနေတာမှန်ပေမယ့် “အထဲမှာ တခုခုခပ်ထားရင်တော့ ဒုက္ခပဲ”လို့တွေးပြီး ပထမတော့ တွန့်ကနဲတချက်ဖြစ်မိပါသေးတယ်။ နောက်တော့လည်း “ဖြစ်ချင်ရာဖြစ်ကွာ”ဆိုပြီး အကုန် ကုန်အောင်ကိုစားပြစ်လိုက်ပါတယ်။ ဗိုက်ဆာဆာနဲ့မို့ထင်ပါတယ် စားလို့အတော့်ကိုကောင်းပါတယ်။
            ထမင်းစားပြီး တံခါးခေါက်လိုက်တော့ လူတယောက်ဝင်လာပြီး ပန်းကန်တွေပြန်ယူရင်း “မင်း..စစ်သားဟောင်းလား”လို့ ခတ်တိုးတိုးမေးပါတယ်။ ဟုတ်တယ်လို့ပြန်ဖြေတော့ သူက “မင်းကလည်းကွာ..ကိုယ့်ဘာသာ အေးအေးဆေးဆေးမနေဘူး၊ ဒုက္ခိတလည်းဖြစ်နေပြီး မဆိုင်တာတွေ ဝင်ပါတာကိုးကွ၊ စစ်ကြောရေးကိစ္စကတော့ ငါနဲ့မဆိုင်ပါဘူး၊ ဒါပေမယ့်..ကိုယ့်ရဲဘော်ချင်း ခုလိုမြင်ရတော့ စိတ်မကောင်းဘူးကွာ၊ မင်း..ဆေးလိပ် သောက်တတ်လား၊ သောက်တတ်ရင်ပြော၊ ခနနေရင် ငါတခေါက် ပြန်လာရမယ်၊ မနက်ဖြန်ကျရင်တော့ မင်းကို ရေချိုးထုတ်လိမ့်မယ်ထင်တယ်၊ ငါပဲ ပို့ပေးရမှာ” လို့ပြောပါတယ်။ ကျနော့်စိတ်ထဲ “ဒီလူ့ကြည့်ရတာ စိတ်ကောင်းရှိမယ့်ပုံပဲ”လို့တွေးမိပြီး ကျေးဇူးလည်း တင်မိပါတယ်။ ဘာပဲပြောပြော ခုလိုအခြေအနေမျိုးမှာ ကျနော့်အပေါ်ခုလောက်လေး ပြောဖော်ရတာတောင် မနည်းဘူးမဟုတ်လား။ ကိုယ့်ကို ဘာမှအကာအကွယ်မှ မပေးနိုင်မှန်းသိပေမယ့် စိတ်ထဲ အားတော့နည်းနည်းတက်မိသလိုပါပဲ။ ကျနော်လည်း သူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဖြေပါတယ်။
            သိပ်မကြာလိုက်ပါဘူး သူပြန်ရောက်လာပါတယ်။ အခန်းတံခါးကိုဖွင့်၊ သူ့ကိုယ်နဲ့မှီထားပြီး မီးခြစ်နဲ့ဆေးတလိပ်ပေးပါတယ်။ “သောက်.. သောက် ဟေ့ကောင်၊ လေးငါးဖွာလောက်ချလိုက်ကွ၊ ငါစောင့်နေမယ်”ဆိုတာနဲ့ ကျနော်လည်း လေးငါးဖွာလောက် အငမ်းမရကိုသောက်ပစ်လိုက်ပါတယ်။ သူက “တော်တော့”လို့ပြောပြီး ကျနော့် သောက်လက်စဆေးလိပ်ကိုယူ၊ သူ့ပါးစပ်မှာခဲပြီး ပြန်ထွက်သွားပါတယ်။ ကျနော်လည်း ဗိုက်ကလည်းပြည့်လာ၊ ဆေးလိပ်ကလည်းသောက်ပြီးနေတာမို့ အိပ်ရင်ကောင်းမယ်လို့တွေးပြီး ကွပ်ပျစ်ပေါ်ပြန်လှဲနေလိုက်ပါတယ်။ အိပ်မယ်သာပြောတာပါ။ တကယ်က အိပ်ဖို့မပြောနဲ့ အိပ်ချင်စိတ်တောင်ပျောက်နေပါပြီ။ ဒါနဲ့ပဲ မျက်နှာကျက်က ခတ်မှိန်မှိန်လင်းနေတဲ့မီးလုံးလေးကြည့်လိုက်၊ မီးလုံးတဝိုက်က ပိုးကောင်လေးတွေကိုလိုက်ဖမ်းစားနေတဲ့ အိမ်မြှောင်လေးတွေကိုကြည့်လိုက်၊ အပြင်က မှောင်မဲနေတဲ့ကောင်းကင်ကြီးကိုကြည့်လိုက်နဲ့ နောက်တော့ တဖြည်းဖြည်းအိပ်ပျော်သွားပါတယ်။
            ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသလဲတော့ မပြောတတ်ပါဘူး၊ အသံတွေကြားလို့ပြန်နိုးလာတော့ အခန်းထဲမှာ လူတယောက်ရောက်နေပါတယ်။ မျက်နှာပေါက်ဆိုးဆိုးနဲ့ စကားပြောတော့လည်း ခတ်ကြမ်းကြမ်းနဲ့ရိုင်းစိုင်းလွန်းတဲ့သူပါပဲ။ ပါးစပ်ကလည်း အရက်နံ့က တထောင်းထောင်းကိုထွက်နေတာပါ။ ကျနော့်ကို “မင်း..တပ်ထဲနေခဲ့တဲ့ တလျှောက်လုံး ဘာမှအပြစ်အနာအဆာမှ မရှိခဲ့တာမှန်ပေမယ့်..ခု တပ်ကထွက်ပြီးတော့မှ ဘာလို့ တပ်ကိုပြန် ကလန်ကဆန်လုပ်ရတာလဲကွာ.. ဘာလို့များ တပ်ဆန့်ကျင်ရေးတွေလုပ်နေရတာလဲ” လို့ မေးပါတယ်။ ကျနော်က သူ့ကို ကျနော်ကလန်ကဆန်လုပ်နေတာမဟုတ်သလို၊ တပ်ဆန့်ကျင်ရေး လုပ်နေတာလည်း မဟုတ်တဲ့အကြောင်းပြန်ပြောတော့ ကျနော့်မျက်နှာနား လက်ရွယ်ပြီး “ဘာကွ မင်းအခုလုပ်နေတာ တပ်ဆန့်ကျင်ရေးမဟုတ်လို့ ဘာလဲကွ”လို့ အံကြိတ်သံနဲ့ကြိမ်းပါတယ်။ သူ့ပုံက မထင်ရင်မထင်သလို လုပ်မယ့်ပုံပေါက်နေတာနဲ့ ကျနော်လည်း ဘာမှဆက်မပြောတော့ပဲ အသာပဲပြန်ငြိမ်နေလိုက်ပါတယ်။ “အေး..ခန နေရင် မင်းကို ရေချိုးလာထုတ်မယ်၊ အဲဒါလာပြောတာ၊ ပြင်ထား”ဆိုပြီး ပြန်ထွက်သွားပြန်ပါတယ်။ ခနနေတော့ ကျနော့်ကို ဆေးလိပ်လာခိုးတိုက်တဲ့သူ ပြန်ရောက်လာပါတယ်။ ယူနီဖေါင်းနဲ့ဖြစ်ပြီး လက်မောင်းမှာလည်း အရစ်၂ရစ်နဲ့ တပ်ကြပ်တယောက်ဖြစ်နေတာတွေ့ရပါတယ်။
            ရေချိုးရမယ့်နေရာအထိ ကျနော့်နောက်ကနေ သူ လိုက်လာပါတယ်။ ကျနော်က စကားမရှိစကားရှာပြီးပြောတာတောင် ဘာမှပြန်မပြောပဲ မျက်နှာတည်ကြီးနဲ့လုပ်နေပါတယ်။ ရေချိုးခန်းထဲအဝင် တံခါးပိတ် မလို့လုပ်တော့မှ သူက “ဟေ့ကောင် မပိတ်နဲ့၊ ဖွင့်ပြီးချိုး”လို့ဆိုပါတယ်။ ရေလဲပုဆိုးကလည်းမရှိ၊ အဝတ်ပိုကလည်း မပါဆိုတော့ ဒီအတိုင်း ချိုးရတော့ မယ့်ကိန်းပါပဲ။  ဒါနဲ့ “ဒါဆိုလည်း မချိုးတော့ဘူးဗျာ၊ ခြေလက်မျက်နှာလောက်ပဲ ဆေးတော့မယ်”လို့ပြောတော့ သူက “မင်းကလည်း..အရေးထဲ ရှက်နေရသေးတယ်၊ ချိုးမှာချိုးစမ်းပါကွာ၊ ငါ ဟိုဘက်လှည့်ပေးထားမယ်၊ မြန်မြန်ချိုး၊ ဇိမ်တော့ဆွဲမနေနဲ့ဟေ့ကောင်၊ နောက်တကြိမ်က ဘယ်တော့မှ ချိုးရမယ်မှန်းလည်းမသိပဲနဲ့၊ ရတုန်းချိုးထား” လို့ ညင်ညင်သာသာပဲ ပြန်ပြောပါတယ်။ ရေက အေးပြီးသန့်နေတာဆိုတော့ လူလည်းအတော့်ကို လန်းသွားပါတယ်။ တခွက်ပြီးတခွက် ခေါင်းပေါ်ကနေ တဗွမ်းဗွမ်းလောင်းလောင်းချပြီး လက်စသတ်ချင်၊ မရပ်ချင်လောက်အောင်ကိုပဲ ချိုးချနေလိုက်မိပါတယ်။
            တအောင့်လောက်ကြာတော့မှ ဟိုလူ့ဆီက “တော်တော့ ဟေ့ကောင်၊ ကြာနေပြီ၊ မကောင်းဘူး၊ တော်ကြာနေ ငါပါအပြောခံထိနေမယ်”ဆိုပြီး သတိပေးသံထွက်လာတာနဲ့ ကျနော် ရေအချိုးရပ်လိုက်ပြီး အဝတ်အစားပြန်ဝတ်၊ အပြင်ပြန်ထွက်လာပါတယ်။ အပြင်ရောက်တော့  သူပါးစပ်ကသောက်လက်စ ဆေးလိပ်ကိုဖြုတ်ပြီး “ရော့..ဟေ့ကောင်..တဖွာ နှစ်ဖွာလောက်ချလိုက်၊ ချမ်းတယ်”လို့ပြောပြီးပေးတာနဲ့ ကျနော်လည်း သူပြောသလို တစ်ဖွာနှစ်ဖွာကို ကမန်းကတမ်းကို ဖွာပြစ်လိုက်ပါတယ်။ ရေချိုးအပြီး လူကလည်းလန်းလန်းဆန်းဆန်း၊ ဆေးလိပ်ကလေးကလည်းသောက်လိုက်ရတော့ စိတ်တွေပေါ့ပါး လတ်ဆတ်နေသလိုမျိုးခံစားရပါတယ်။ အပြင်လောကကြီးကိုလည်း မျက်စေ့တဆုံးမြင်နေရတာဆိုတော့ လက်ရှိဘဝအခြေအနေကိုတောင့် မေ့တေ့တေ့ဖြစ်သွားမိပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်ချို

0 comments:

Post a Comment