Sunday, July 15, 2012

ကားလ်ပေါ့ပါးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မင်းခက်ရဲ)

0 comments
ကားလ်ပေါ့ပါးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မင်းခက်ရဲ)

ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာဘာလဲ။ ဘယ်လိုအရာမျိုးတွေပါမှ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်နိုင်မလဲရယ်လို့ ကားလ်ပေါ့ပါးပြောတာမှာ သူ့ရဲ့အတွေးအခေါ်မှာ အဓိကအခြေခံထားတဲ့ သိမှုဗေဒတစ်ခုရှိတယ် ပေါ့ပါးက အမြဲတန်းမှန်ကန်နေတဲ့အမှန်တရား (Infallible Truth) မရှိဘူးဆိုတဲ့အုတ်မြစ်အခြေခံကနေတစ်ဆင့် ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ခုမှာရှိရမယ့်အရာတွေကို တည်ဆောက်တာ။
အမြဲတမ်းမှန်ကန်တဲ့အမှန်တရားဆိုတာမရှိတော့တဲ့အခိုက်မှာ တစ်သီးပုဂ္ဂလလူသားဟာ အဲဒီသိမှုအခြေခံနဲ့
နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့အခန်းကဏ္ဍဟာ ဘယ်လိုရှိသင့်တယ်။ ဘယ်လို နိုင်ငံရေးပေါ်လစီမျိုးနဲ့ လုပ်ကိုင်သင့်တယ်၊ နိုင်ငံရေးရဲ့အဆုံးသတ်ရည်မှန်းချက်က ဘာလဲဆိုတာတွေကို ကိုင်တွယ်သင့်တယ်လို့ ယူတယ်။

ယနေ့ခေတ်မှာသိပ္ပံပညာဟာ ကြီးမားတဲ့အမှန်တရားကြီးတွေ၊ သက်သေပြချက်အကြီးကြီးတွေနောက်ကို မလိုက်တော့သလိုဘဲ နိုင်ငံရေးဟာ အမှန်တရားကြီးတွေကိုရှာဖွေတဲ့အလုပ် မဟုတ်တော့ဘူး အမြဲတမ်းမှန်ကန်နေတဲ့အမှန်တရားမရှိတော့တဲ့နောက်မှာ နိုင်ငံရေးရဲ့အလုပ်ဟာလည်း ဘယ်လိုမှ အမှန်တရားရှာဖွေရေးမဟုတ်တော့ဘူး။ အမှန်တရားရှာဖွေပြတာထက် နိုင်ငံရေးအလုပ်ဆိုတာ လူ့အဖွဲ့အစည်းကို နာကျင်စေတဲ့လူမှုရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးတာသာဖြစ်တယ်။ တနည်းအားဖြင့် နိုင်ငံရေးအလုပ်ဟာ အမှန်တရားရှာဖွေတာထက် လူမှုရေးနဲ့နိုင်ငံရေး အင်စတီးကျူးရှင်းတွေထဲကအမှားတွေကို တဖြည်းဖြည်းဖြေရှင်းပေးတာသာဖြစ်တယ်။ ပေါ့ပါးက သူ့ရဲ့ ဒီတွေးခေါ်ပုံကို အဖျက်သဘောအရာတွေကိုဖြေရှင်းပေးတဲ့ လူအများအကျိုးဖြစ်ထွန်းရေးဝါဒ (negative utilitarianism) လို့ တံဆိပ်ကပ်တယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ နိုင်ငံရေးနဲ့လူမှုရေးသိပ္ပံတို့လုပ်ရမယ့်အလုပ်က အယေဘုယျသဘောဆောင်တဲ့သာယာမှု ဒါမှမဟုတ် အများကောင်းကျိုးတွေအတွက် တွန်းအားပေးရမှာမျိုးမဟုတ်တော့ဘူး။ အန္တရာယ်တွေ၊ ဒုက္ခတွေကို လျော့ချပေးတာ၊ အန္တရာယ်၊ ဒုက္ခဖြစ်နိုင်မယ့်အရင်းအမြစ်တွေကို ရှာဖွေပြီးကိုင်တွယ်တာမျိုးပဲ။ နိုင်ငံရေး၊လူမှုရေးအင်စတီကျူးရှင်းတွေ၊ လူထုပေါ်လစီတွေကိုလည်း အန္တရာယ်ဒုက္ခတွေလျော့ပါးဖို့အတွက် တည်ဆောက်ထားတာမျိုးဖြစ်ရမယ်။

ပေါ့ပါးက သူ့ရဲ့ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း တည်ဆောက်ထားရမယ့် လူမှုရေး၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေဟာ တစ်သီးပုဂ္ဂလအုပ်စိုးသူတွေ၊ အီလစ်တွေအတွက် စိတ်ကူးစံကောင်းမှု အရည်အသွေးတွေပေးအပ်မယ့် အင်စတီကျူးရှင်းတွေမဖြစ်ရဘူး။ အဲဒီအုပ်စိုးသူက ပြည်သူတွေပျက်စီးရာ ပျက်စီးကြောင်းလုပ်ခြင်းကနေအကာအကွယ်ပေးအပ်မယ့် အင်စတီကျူးရှင်းမျိုးသာဖြစ်ရမယ်။ ပွင့်လင်း လူ့အဖွဲ့အစည်းထဲက ဥပဒေဆိုင်ရာနယ်ပယ်ကလည်း အုပ်စိုးသူတွေ သူတို့ရဲ့ဆန္ဒကိုထင်ဟပ် အကောင်အထည်ဖော်ထားတဲ့နယ်ပယ် မဖြစ်ရဘူး။ ပြည်သူလူထုရဲ့ဒုက္ခကိုအကာအကွယ်ပေးတဲ့ အင်စတီကျူးရှင်း (Protective institution)တွေသာဖြစ်ရမယ်။

တစ်သီးပုဂ္ဂလူသားရဲ့ လူမှုရေးနဲ့စီးပွားရေးဘ၀ထဲကို နိုင်ငံတော်က၀င်ရောက်စွက်ဖက်တာမျိုးက တစ်ခါတစ်ရံ လိုအပ်ကောင်းလိုအပ်လိမ့်မယ်။ ဒါပေမဲ့ ၀င်ရောက်စွက်တဲ့အခါ ပြည်သူလူထုကို ကာကွယ်ဖို့တည်ဆောက်ထားတဲ့အင်စတီကျူးရှင်းတွေကနေ ၀င်ရောက်စွက်ဖက်မှသာလျင် တရားသဖြင့်ဝင်ရောက်စွက်ဖက်ခြင်းလို့ ယူဆနိုင်တယ်။ အုပ်ချုပ်သူတွေရဲ့ဆန္ဒသက်သက်ကနေ ထွက်ပေါ်လာတဲ့ ၀င်ရောက်စွက်ဖက်မှုမျိုးကို တရားသဖြင့်ဝင်ရောက်စွက်ဖက်ခြင်းလို့ မခေါ်နိုင်ဘူး။

ကားလ်ပေါ့ပါးရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ အင်စတီးကျူးရှင်းတွေရဲ့ပုံစံဟာ အရေးပါတယ်။ အဖျက်သဘောအရာတွေကို အဓိကဖြေရှင်းပေးရမယ်ဆိုတဲ့ အများဆုံးအကျိုးဖြစ်ရေးအမြင်ကိုအခြေခံပြီး အင်စတီးကျူးရှင်းတွေရဲ့အလုပ်တာဝန်ပုံစံကို တည်ဆောက်ထားတာဖြစ်တယ်။

သူ့ရဲ့အမြင်က လူရေးအင်ဂျီယာတစ်ယောက်ရဲ့အမြင်မျိုးနဲ့ တစ်ရစ်ချင်းတည်ဆောက်မှုမျိုးပဲ။ ဒါကြောင့် ကားလ်ပေါ့ပါးက ရုတ်ခြည်းအစွန်းရောက်ပြောင်းလဲမှုတွေကို ပယ်ချထားတယ်။ ပြုပြင်ပြောင်းလဲမှုတိုင်းဟာ အစွန်းမရောက်ရဘူး။ ပြုပြင်ပြောင်းလဲမှုတိုင်းဟာ ကိုယ့်ရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီးပြီလဲ၊ ဘာတွေ မဖြစ်ခဲ့သေးဘူးလဲ၊ ယခုပစ္စုပ္ပာန်အခြေအနေထဲရောက်လာအောင် ဘာတွေက လုပ်လိုက်သလဲဆိုတာကိုတန်ဖိုးထားနားလည်မှုအပေါ် အခြေခံပြီးလုပ်ရမယ်။ ကားလ်ပေါ့ပါးရဲ့ ပြုပြင်ပြောင်းလဲမှုကိုဖော်ဆောင်ပေးမှာက လူတွေရဲ့ဒုက္ခအကြပ်အတည်းတွေကိုဖြေရှင်းပေးမယ့်၊ ကာကွယ်ပေးမယ့်အင်စတီးကျူးရှင်းတွေ (Protective Institution)ပဲ ဒီလိုအလုပ်လုပ်နေတဲ့အင်စတီကျူးရှင်းတွေက ခေါင်းဆောင်တွေရဲ့အာဏာအပေါ် စောင့်ကြည့်စစ်ဆေးရမယ်။ ရုတ်ခြည်းယတိပြတ်ပြောင်းလဲမှု(radical change)တွေမဖြစ်အောင် တားဆီးရမယ်။ တစ်သီးပုဂ္ဂလလူသားရဲ့ လွတ်လပ်မှုနဲ့ဒီမိုကရက်တစ်ဒိုင်ယာလော့ခ်အတွင်းမှာ လူသားအချင်းချင်းပေါင်းစည်းလာစေမယ့် ပတ်ဝန်ကျင်မျိုးပေါ်ပေါက်လာအောင် အထောက်အပံ့ပေးရမယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းကို ဖော်ဆောင်မယ့်အင်စတီကျူးရှင်းတွေက တစ်သီးပုဂ္ဂလလွတ်လပ်မှုကို ကာကွယ်တာနဲ့ ယတိပြတ်အစွန်းရောက်ပြောင်းလဲမှု (၀ါ) တာဝန်ယူမှုကင်းမဲတဲ့ပြောင်းလဲမှုတွေကနေ လူ့အဖွဲ့အစည်းကိုကာကွယ်တာကြောင့် နိုင်ငံသားတွေဟာဥပဒေဘောင်ကိုသိနားလည်လာလိမ့်မယ်လို့ ကားပေါ့ပါးက ယုံကြည်တယ်။ တစ်ဖက်ကနေ လှည့်ပြောကြည့်ရရင် ဥပဒေဘောင်နယ်နမိတ်နဲ့
အလုပ်လုပ်ပုံကို နိုင်ငံသားတိုင်းနားလည်လာခြင်းဟာလည်း ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အချင်းအရာတစ်ရပ်ပဲလို့ ဆိုရမယ်။

ပေါ့ပါးက စနစ်ကြီးတစ်ခုလုံးကို ပြည်သူတွေနားလည်နေအောင် ဒီဇိုင်းဆင်ထားမှသာလျင် အဲဒီလို လူ့အဖွဲ့အစည်းကို ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ခံစားမိပုံရတယ်။ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းက နိုင်ငံရေးနဲ့လူမှုရေးအင်စတီကျူးရှင်းတွေအလုပ်လုပ်ပုံကို ပြည်သူတွေနားလည်ထားမှသာလျင် လူ့အဖွဲ့အစည်းအတွက် ကြိုတင်မှန်းဆလို့ရတဲ့အရာမျိုးတွေ ရလာမှာဖြစ်တယ်။ ကိုယ်လူ့အဖွဲ့အစည်းမှာ အုပ်စိုးသူတွေရဲ့ဆန္ဒကိုသာ ထင်ဟပ်အလုပ်လုပ်နေမယ်ဆိုရင် ဒီလိုစနစ်ကြီး ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာကို ပြည်သူတွေခန့်မှန်းလို့ရမှာမဟုတ်ဘူး။ နားလည်မှာ မဟုတ်ဘူး။ အုပ်စိုးသူရဲ့ ပုဂ္ဂလိကဆန်တဲ့ ၀င်ရောက်စွက်ဖက်မှုတွေများနေတဲ့အတွက် ပြည်သူတွေရဲ့လူမှုရေးဘ၀ဟာလည် မတည်ငြိမ်ဘဲ ကြိုတင်ခန့်မှန်းလို့မရတဲ့အဖြစ်တွေသာ လုံးထွေးနေရမယ်။ ပြည်သူတွေရဲ့လူမှုရေးဘ၀ဟာ ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့နေတဲ့ အခြေအနေဖြစ်လာပြီး လုံခြုံမှုကင်းမဲ့နေမှာဖြစ်တယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ဒါမှမဟုတ် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းဖော်ဆောင်ရမယ့်
ပေါ်လစီတွေကိုတော့ ကားလ်ပေါ့ပါးက ဒုက္ခတွေကိုဖြေရှင်းပြီး လူ့အများအကျိုးကျေးဇူးအဖြစ်ဆုံးဝါဒ (၀ါ) negative utilitarianism ကနေသာ ကိုင်တွယ်တာချည်းပါပဲ။ ရေရှည်မှာကောင်ကျိုးဖြစ်ထွန်းမယ်လို့ အခြေခံထားတဲ့ပေါ်လစီမျိုးကို ပယ်ချတယ်။ ဒီအစား လက်တွေ့မှာဖြစ်ပေါ်နေတဲ့လူမှုရေးပြဿနာတွေကို ဖြေရှင်းမယ့်ပေါ်လစီကိုသာ လုပ်ရမယ်လို့ယူတယ်။ ပြည်သူတွေခံစားနေရတဲ့ လူမှုရေးဆိုင်ရာဒုက္ခတွေဟာ လူမှုရေးအရပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာကုစားနိုင်မှာဖြစ်တယ်။ ထပ်ခြုံပြီးဆိုရရင် ပွင့်လင်းလူ့အဖွဲ့အစည်းအတွက်ပေါ်လစီတွေဆိုတာ ရေရှည်မှာမှ ကောင်းကျိုးချမ်းသာခံစားရမယ်လို့ပြထား တဲ့ပေါ်လစီ မျိုး(မ)ဖြစ်ရမယ်။ လက်တွေ့ရင်ဆိုင်နေရတဲ့ဒုက္ခတွေဖြစ်တဲ့ ဆင်းရဲမွဲတွေမှု အလုပ်လက်မဲ့ဖြစ်မှု၊ လူမှုရေးဆိုင်ရာမလုံခြုံမှုဖြစ်စေမယ့်ပုံသဏ္ဌာန်တွေ၊ နာမကျန်းဖြစ်မှု၊ ဘာသာရေးနဲ့လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု၊ ပညာရေးအခွင့်အလမ်းချို့တဲ့မှု၊ လူတန်းစားကွာဟာမှု၊ စစ်မက် စတဲ့လူမှုရေးပြဿနာတွေကို ကိုင်တွယ်မယ့်ပေါ်လစီသာဖြစ်ရမယ်။ ဒီပြဿနာကိုဝေဖန်စစ်ကြောပြီး ကိုင်တွယ်ဖြေရှင်းဖို့က ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းက အင်စတီးကျူးရှင်းရဲ့တာဝန်ပဲ။

ပေါ့ပါးအတွက် နိုင်ငံရေးဆိုတာ နိုင်ငံရေးစိတ်ကူးယဉ်အိပ်မက်အတွင်းက စိတ်ကူး စံ အရာတွေမဟုတ်ဘူး လက်တွေ့မှာ လူ့အဖွဲ့အစည်းအမှန်တကယ်ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့စီးပွားရေးပြဿနာတွေကို အမျိုးအစားခွဲခြားသတ်မှတ်ပြီးကိုင်တွယ်ဖြေရှင်းဖို့သာဖြစ်တယ်။ ဒီပြဿနာတွေထဲက နိုင်ငံရေးအရဦးစားပေးလုပ်ရမယ့်အရာဟာ ဘာလဲလို့သိဖို့ကလည်း လူထုတစ်ရပ်လုံးရဲ့ဆွေးနွေးမှုတွေပေါ်ကိုသာ အခြေခံပြီးလုပ်ရမှာဖြစ်တယ်။ ပေါ့ပါးရဲ့နိုင်ငံရေးမှာ လူမှုရေးပြဿနာတွေကိုဖြေရှင်းခြင်းနဲ့ တွဲကပ်ပါနေတဲ့အရာက တစ်သီးပုဂ္ဂလ
လူသားရဲ့လွတ်လပ်မှုကို ၀င်ရောက်စွက်ဖက်မှုတွေကနေအကာအကွယ်ပေးဖို့ပဲ။ လူမှုရေးပြဿနာတွေကို လူထုဆွေးနွေမှုအတွင်းက ဦးစားပေးရွေးတဲ့အခါ လူအများစုအာဏာရှင်စနစ်ကနေ အကာအကွယ်ပေးဖို့ တစ်သီးပုဂ္ဂလလွတ်လပ်မှုဟာလိုအပ်တယ်။ တစ်သီးပုဂ္ဂလလွတ်လပ်မှုရှိမှသာလျင် လူ့အဖွဲ့အစည်းအတွင်း မေးခွန်းမထုတ်ဘဲထားတဲ့အမှန်တရားတွေရဲ့ အထက်အောက်ဖိစည်းမှုကနေ လွတ်လပ်လာမှာဖြစ်တယ်။ ပြီးရင် တစ်သီးပုဂ္ဂလလူသားတွေကို နိုင်ငံရေးနဲ့ပတ်သတ်တဲ့ဆွေးနွေးမှုတွေကို ဆက်သွယ်နိုင်တဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးလာအောင်လည်းလုပ်ရမယ်။ တစ်သီးပုဂ္ဂလလူသားဟာလူမှုရေးနဲ့နိုင်ငံရေး အင်စတီကျူးရှင်းတွေရဲ့ မှန်ကန်တဲ့အဆုံးသတ်အပေါ် ကိုယ်ပိုင်အမြင်တွေနဲ့ အလုပ်လုပ်နိုင်ရမယ်။ သူတို့ဟာ
သူတို့ရဲ့အမြင်တွေကို ဖော်ထုတ်နိုင်ရမယ်။ ဒီမိုကရေစီစနစ်အတွင်း ပါဝင်ဆောင်ရွက်နိုင်ရမယ်။ ပေါ့ပါးရဲ့ ဘပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းကနိုင်ငံရေးဆိုတာ ဒါမှမဟုတ် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်ရမယ့်နိုင်ငံရေးဆိုတာ တစ်သီးပုဂ္ဂလလွတ်လပ်မှု၊ ဒီမိုကရေစီနဲ့လူမှုရေးပြဿနာရပ်တွေကို ခွဲခြားသတ်မှတ်ပြီးသုံးသပ်နိုင်ရေးပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ကားလ်ပေါ့ပါးရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ပတ်သတ်တဲ့အမြင်ကို ပြန်အကျဉ်းချုံ့ကြည့်ရင် အပိုင်းနှစ်ပိုင်းတွေ့ရမယ်။ တစ်ခုက ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်လုပ်ရမယ့်အပိုင်းဖြစ်ပြီး နောက်တစ်ခုက ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့သဘောရယ်လို့ မြင်ကြည့်နိုင်တယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာအောင်လုပ်ရမယ့်အပိုင်းမှာ-

-လက်တွေ့ကျတဲ့လူမှုရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမယ်။

-လူမှုရေး နိုင်ငံရေးအင်စတီကျူးရှင်းတွေဟာ ပြည်သူတွေရဲ့လူမှုရေးဒုက္ခကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အခြေခံနဲ့အလုပ်လုပ်နေတဲ့ အင်စတီကျူးရှင်းတွေဖြစ်ရမယ်။

-အုပ်စိုးသူတွေက ပြည်သူတွေကို ပျက်စီးပျက်စီးရာလုပ်မယ့်အခြေအနေကနေ ကာကွယ်ပေးရမယ်။ အုပ်စိုးသူခေါင်းဆောင်တွေရဲ့ပါဝါကို အမြဲစောင့်ကြည့်နေရမယ်။

- ပြုပြင်ပြောင်းလဲမှုတွေကို ရုတ်ခြည်းအစွန်းရောက်ပြောင်းလဲမှုတွေမဖြစ်အောင် အင်စတီကျူးရှင်းတွေက ထိန်းထားပေးရမယ်။

- ဥပဒေဆိုင်ရာဘောင်တွေဟာ အုပ်စိုးသူတွေရဲ့ဆန္ဒကိုထင်ဟပ်မှုထက် ပြည်သူတွေရဲ့လူမှုရေးဒုက္ခကို အကာကွယ်ပေးတဲ့ဥပဒေမျိုးတွေဖြစ်ရမယ်။

- တစ်သီးပုဂ္ဂလူသားရဲ့လွတ်လပ်မှုကို မြှင့်တင်ပေးရမယ်။

-ဒီမိုကရေစီဖြစ်စဉ်နဲ့လူမှုရေးပြဿာနတွေအပေါ် လူထုတစ်ရပ်လုံးဆွေးနွေးငြင်းခုန်မှုမှာပါဝင်လာနိုင်တဲ့ အရည်အသွေးရှိအောင် မြှင့်တင်ပေးရမယ်။

- လူမှုရေးပြဿနာတွေကို ချက်ချင်းဖြေရှင်းပေးနိုင်မယ့်ပေါ်လစီတွေကို ဦးစားပေးလုပ်ဆောင်ရမယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကတော့ _______

- လူမှုရေးဒုက္ခတွေကိုကိုင်တွယ်ဖြေရှင်းပေးမယ့် အင်စတီကျူးရှင်းတွေရှိရမယ်။

- တစ်သီးပုဂ္ဂလ လွတ်လပ်မှုရှိရမယ်။

- ဒီမိုကရက်တစ်ဒိုင်ယာလော့ခ်အတွင်းမှာ လူသားအချင်းချင်းပေါင်းစည်းလာမယ့်ပတ်ဝန်းကျင်မျိုးရှိရမယ်။

- နိုင်ငံသားတွေဟာ ဥပဒေဘောင်နဲ့ စနစ်ကြီးအလုပ်လုပ်ပုံ နားလည်ရမယ်။

- လူမှုရေးဒုက္ခနဲ့ပတ်သတ်ပြီး လူထုတစ်ရပ်လုံးဆွေးနွေးငြင်းခုန်မှုမှာ ပါဝင်ဆွေးနွေးနေကြရမယ်။ သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ဖော်ပြနိုင်မယ်။ ဖော်ပြတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ်ဖော်ပြနိုင်ရမယ်။

မင်းခက်ရဲ
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/မင်းခက်ရဲ-min-khet-ye/ကားလ်ပေါ့ပါးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း/498024463557796

0 comments:

Post a Comment