Monday, July 16, 2012

ဒွန်းစဏ္ဍား ဒဏ္ဍာရီ (မောင်ကျပ်ခိုး)

0 comments
ဒွန်းစဏ္ဍား ဒဏ္ဍာရီ  (မောင်ကျပ်ခိုး)
(၁)
နွေဂိမှန် သမယ ညနေချမ်း၏ဖျော့တော့သော ဆည်းဆာရိပ်အောက်တွင် ရွေးမြစ်ရေပြင်သည် တငြိမ့်ငြိမ့်စီးဆင်း နေလေ၏။ ရောင်ခြည်တစ်ထောင်ကိုဆောင်သော ဒေါင်းစကြာနေ၀န်းသည် အလင်းရောင်အကြွင်းအကျန် အကပ်အသပ်အချို့ကို မြစ်ပြင်ပေါ်သို့အန်ချထား၏။ ဆည်းဆာ၏တောက်စားမှုကြောင့်  တဖျတ်ဖျတ်တလက်လက် ပြိုးပြိုးပြက်ပြက်အရောင်အဆင်းဖြင့် လင်းလက်တောက်ပနေသည့် ကြက်သွေးရောင်မြစ်ရေပြင်သည် လှချင်တိုင်းလှနေတော့သည်။  

ထိုအခိုက်တွင် နွေ၏ဖွားဖက်တော်လေပွေရူးသည် ဓနိတောကိုဖြတ်သန်း၍တိုက်ခတ်လာပြီးလျှင် တငြိမ့်ငြိမ့် စီးဆင်းနေသောမြစ်ပြင်ကျယ်အား တသိမ့်သိမ့်လူးလွန့်စေ၏။ လေပွေရူး၏အရှိန်အဟုန်ကြောင့် မြစ်နဂါးကြီး မှေးစက်ရာမှ ဗြုန်းခနဲလန့်နိုးလာသဖြင့် မြစ်ပြင်ဝယ်လှိုင်းတံပိုးတို့ ထွန့်ထွန့်လူးသွားသည်။ လေပွေရူး၏ မြှောက်ပင့်မှုကြောင့် စိတ်ကြီးဝင်နေသည့်လှိုင်းတံပိုးငယ်တို့သည် လတာပြင်ကို ငြိုးသူရန်ဘက်အလား သဘောထားပြီး မညှာမတာဝင်ဆောင့်လေ၏။ ဝေါခနဲမြည်သံအဆုံး၌ လှိုင်းတံပိုးတစ်သိုက် ဇီဝိန်ကြွေသွားသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရသတည်း။
ဤသည်မှာ ရှေးရိုးစာဆိုတို့၏ ဖွဲ့ဆိုပုံဖွဲ့ဆိုနည်းဖြင့် ရွေးမြစ်ပြင်၏ညနေချမ်းကို စကားတန်ဆာဆင်ယင်၍ သရုပ်ဖော်ခြင်းဖြစ်ပေ၏။
ကဗျာစာပေနှင့်မနီးစပ်သောကျွန်ုပ်အဖို့မူ ညစ်ထေးထေးမည်းပုပ်ပုပ်မြစ်ရေပြင်ပေါ်သို့ မှိန်ဖျော့ဖျော့ အလင်းရောင်တန်းတို့ ဟိုတစ်စသည်တစ်စ ထိုးကျနေသည်ကိုမြင်ရသည်မှာ စိတ်ညစ်ညူးစရာကောင်း လှတော့သည်။ အရပ်ရှစ်မျက်နှာကိုဗဟိုပြု၍ တိုက်ချင်တိုင်းတိုက်ခတ်နေသည့်လေပွေရူးသည် လတာနံ့ပုပ်အဲ့အဲ့ကို လေသင့်ရာတစ်လျှောက် အခမဲ့ဖြန့်ဖြူးနေ၏။ ရွှံ့နှစ်ပုပ်တို့ဖြင့်တန်ဆာဆင်အပ်သော လတာပြင်သို့ လှိုင်းလုံးငယ်တို့ပရမ်းပတာရောက်ရှိလာပုံမှာလည်း ကဗျာစာဆိုတို့ဖွဲ့ဆိုသလို ကြည့်မကောင်းလှချေ။
ရွှံနှစ်ရောင်မြစ်ရေလျဉ်သည် လစား အုန်းသီးခြောက်၊ ငါးဖမ်းပိုက်ကွန်စုတ်၊ ဓနိပေါင်၊ ဗေဒါဖုတ်၊ သစ်တိုသစ်စ၊ ၀ါးတိုဝါးစ၊ ရေသန့်ဘူးခွံ၊ မီးချောင်းအကျွမ်း၊ ပလပ်စတစ်အိတ်စုတ်၊ မြင်းဖြူရှင်နတ်ရုပ်ဟောင်း စသည်တို့ကို ကမ်းစပ်သို့သယ်ဆောင်လာ၏။ မြစ်ရေလျဉ်နှင့်လိုက်ပါစီးမျောလာသော ရေမျောကမ်းတင်ပစ္စည်းတို့သည် လတာပြင်တွင် မည်မျှလောက်ထိကြာမြင့်အောင် အိုးအိမ်ထူထောင်ပြီးနေထိုင်ကြမည်ကို မည်သူမျှမခန့်မှန်းနိုင်။ မြစ်ရေလျဉ်က ယင်းတို့ကို တဖန်သယ်ဆောင်သွားပြန်လျှင် ယာယီခိုနားရာလတာပြင်ကို စွန့်ခွာရပေဦးမည်။ သို့တည်းမဟုတ် လတာပြင်ထက်မှာပင် ရွှံနှစ်ပုပ်တို့ဖြင့်နစ်မွန်းပြီး ပျက်စီးကောင်း ပျက်စီးသွားပေလိမ့်မည်။ ရေမျောကမ်းတင်တို့၏ဘ၀ကား ဘာမျှ မရေရာ။
မြစ်ဝကျွန်းပေါ်ဒေသအောက်ဘက်စွန်း ဖျာပုံအပိုင် အမာဒိုင်နယ်ရှိ မင်္ဂလာသောင်တန်း၊ မဟူရာသောင်တန်း၊ ဂေါ်တူ၊ ထောင်ကြီးတန်း၊ အရှေ့ဖျား၊ နောက်မီးကျေးရွာများ၌ ကျွန်ုပ် လှည့်လည်နေထိုင်စဉ်အခါက "ရေမျောကမ်းတင်"ဟူသောစကားနှင့်ခပ်ဆင်ဆင်တူသည့် "လှေမျှောကမ်းတင်"ဟူသောစကားလုံးကို ဒေသခံတို့ သုံးစွဲကြသည်ကို ထူးထူးဆန်းဆန်းမှတ်သားဖူးသည်။
မဟူရာသောင်တန်းကျေးရွာမှ ပိုက်သူကြီးတစ်ဦး၏အလိုမူကား "ရေမျောကမ်းတင်"ဟူသည့်စကားနှင့် "လှေမျှောကမ်းတင်"ဟူသောစကားတို့၏အနက်မှာ အတော်ပင်ခြားနားသည် ဟူလို။ ကံအကြောင်းမလှသဖြင့် တစ်နေရာမှတစ်နေရာသို့ ညှိုးငယ်စွာရောက်ရှိလာသူကို "ရေမျောကမ်းတင်"ဟူ၍ သုံးနှုန်းလေ့ရှိပြီး၊ ဆိုးလွန်း၊ မိုက်လွန်း၊ တေလွန်းသဖြင့် ရပ်ရွာကသည်းမခံနိုင်ဖြစ်ကာ လှေတစ်စင်းနှင့်မျှောလွှတ်လိုက်သူ လူ့အော့ကြောလန်တို့ကိုမူ "လှေမျှောကမ်းတင်"ဟူ၍ ခေါ်ဝေါ်လေ့ရှိသည် ဟူသတတ်။
မည်သို့ပင်ဖြစ်စေကာမူ လှေမျှောကမ်းတင်၊ ရေမျောကမ်းတင်တို့၏ဘ၀တို့မှာ ဘာမျှ မရေရာ၊ ဘာမျှ မသေချာ။ လောကဓံ၏အထုအထောင်းကို ခံချင်သောကော၊ မခံချင်သောကော ခံယူရင်း ယင်းတို့၏ဘ၀၊ စိတ်ထားတို့မှာ တစ်စထက်တစ်စ ကြမ်းတမ်းခက်ထရော်လာသည်မှာကား အသေအချာပင်ဖြစ်ချေသတည်း။
(၂)
တစ်ခါသော် ကျွန်ုပ်တို့နေထိုင်ရာ မြို့ငယ်ကလေးသို့ ရေမျောကမ်းတင်မိသားစုတစ်စု လာရောက်ခိုလှုံဖူးသည်။ မိသားစုဟုဆိုရသော်လည်း သားအဖနှစ်ဦးတည်းသာ ဖြစ်သည်။ မြို့ကလေးသို့ သူတို့သားအဖနှစ်ဦး မည်သို့မည်ပုံရောက်ရှိလာမှန်း မည်သူမှ ရေရေရာရာမသိကြချေ။ လူတစ်ဖက်သား၏ ရာဇ၀င်အူပေါက်ကို စစ်စစ်ပေါက်ပေါက် နှိုက်နှိုက်ချွတ်ချွတ် ခရေစေ့တွင်းကျ လက်ကုန်နှိုက်ကာလေ့လာစပ်စုလေ့ရှိသော ငါးစိမ်းသည်အဒေါ်ကြီးပင် သူတို့သားအဖ မည်သည့်အရပ်မှပြောင်းရွှေ့လာမှန်း ကောင်းကောင်းကြီး မသိချေ။ “ဘယ်ကနေဘယ်လို ရောက်သလဲ မပြောတတ်ပေါင်။ ဘဘုန်းလေး ကျောင်းနောက်ဖေးက ဖုန်းဆိုးကွင်းထဲမှာ တဲထိုးနေတာတွေ့တော့မှ ရေမျောကမ်းတင်တွေမှန်း သိတော့တယ်” ဟု ဆို၏။
ထိုခေတ်က တဲတစ်လုံးထိုးရသည်မှာ ငွေ မကုန်။ ဘုန်းကြီးကျောင်း အနောက်နားရှိဝါးရုံပင်မှ ၀ါးခုတ်ပြီး တိုင်ထူ၊ နှီးဖြာ၊ ထရံရက်လိုက်လျှင် အကာအတွက် မပူရ၊ အမိုးအတွက်မူ ဘုန်းကြီးကျောင်းမီးတင်းကုပ်မှ ဖျက်ချထားသည့် ဓနိပျစ်အဟောင်းများကောက်ပြီး ဓနိနှစ်ပျစ်ကို တစ်ပျစ်ဖြစ်အောင်၊ သို့မဟုတ် ဓနိပျစ်အဟောင်းများကို ခပ်စိပ်စိပ်မိုး၍စီမံလိုက်လျှင် မိုးလုံလေလုံမြေစိုက်တဲတစ်လုံး ပြီးမြောက်သွားသည်သာဖြစ်၏။
ရေမျောကမ်းတင်မိသားစုတို့ ဆောက်လေ့ဆောက်ထရှိသည့်မြေစိုက်တဲများမှာ ၀ါးတစ်လုံးနှင့်ပင်ပြီးနိုင်သည်။ ထို့ကြောင့် အရပ်ထဲ၌ကလေးအချင်းချင်း ရန်စကျီစယ်ရာတွင် “၀ါးတစ်လုံးနဲ့ဆောက်တဲ့ အိမ် . ဘယ်သူ့ဘယ်ဝါတို့ အိမ်” ဟုဆိုကာ လက်ညှိုးကလေး ကွေး၍ ကွေး၍ ကရော် ကရော်နှင့်သရော်တော်တော် လုပ်ကြသည်မဟုတ်လော။ လူကြီးများရန်ဖြစ်လျှင်မူ “ဟဲ့ အုတ်ကြားမြက်ပေါက်မျိုး၊ ရေမျောကမ်းတင်မျိုးရဲ့ ..  ကြမ်းခုနစ်ချောင်းတောင်မပြည့်တဲ့ တဲပုတ်နဲ့နေရတဲ့အစားတွေက ထမင်းဝလို့ ငါ့ကို အာခံတာလား၊ လည်မျိုကို ခြေမနဲ့ကလော်ထုတ်လိုက်ရရင် ငါ ကျွေးထားတဲ့ထမင်းတွေ အတောင့်လိုက်ပြန်ထွက်လာမယ်” ဟူ၍ ပျစ်ပျစ်နှစ်နှစ်တစ်တစ်ခွခွအပုပ်ချပြီး ဆဲရေးကြသည်မဟုတ်လော။
ဆိုခဲ့ပြီးသော ရေမျောကမ်းတင်သားအဖတို့ကား ယင်းတို့ စံမြန်းရန် တဲနန်းဂေဟာကို တောရကျောင်းနောက်ဖေးဖုန်းဆိုးကွင်းတွင် တည်ဆောက်ပြီးသွားလေပြီ။ သို့သော် စားစရာအတွက် မည်သို့ ရှာဖွေကြမည်နည်း။ ခါတိုင်းရောက်နေကျ ရေမျောကမ်းတင်မိသားစုများကဲ့သို့ အရပ်ထဲလှည့်ပြီး ဟိုပစ္စည်းခိုး၊ သည်ပစ္စည်းခိုး လုပ်ကြဦးမည်လော။ သို့တည်းမဟုတ် ဘုန်းကြီးကျောင်းနောက်ဖေးရှိ တမံထဲတွင် ငါးရှာ၊ ဖားရှာလုပ်ပြီး ၀မ်းတစ်ထွာအရေးကို ဖြေရှင်းကြမည်လော။ သို့တည်းမဟုတ် သင်္ချိုင်းကုန်းခြံစည်းရိုးတွင် အလေ့ကျပေါက်နေသည့် ဟင်းသီးဟင်းရွက်တို့ကို ခူးယူပြီး လှည့်လည်ရောင်းချခြင်းဖြင့် အသက်မွေးကြမည်လော။ မြို့ခံတိုင်း သို့လော သို့လော တွေးကြသည်။ ထို့သို့ မတွေးလျှင်လည်း မဖြစ်။ ရေမျောကမ်းတင်တို့ကို လက်ခံထားရသည်မှာ မလွယ်။ တစ်ခါသော် တလင်းထဲ စပါးဝင် ခိုးသည့် ရေမျောကမ်းတင်မိသားစုတစ်စုကို လက်ရဖမ်းဆီးမိသဖြင့် မြို့သူမြို့သားတို့က ရိုက်နှက်၍ဆုံးမလိုက်ရာ အခဲမကျေသူ ရေမျောကမ်းတင်တို့က ကောက်လှိုင်းပုံကိုမီးနှင့်တိုက်ပြီး ထွက်ပြေးသွားသဖြင့် မြို့ထဲတွင် အုတ်အုတ်ကျတ်ကျတ် ဖြစ်ခဲ့ရဖူးသည်။
ယခု ရောက်ရှိလာသော ရေမျောကမ်းတင်သားအဖကား ဆယ့်လေးငါးရက်ခန့်ကြာသည်အထိ ဘာမျှ မလုပ်သေး။ ဖုန်းဆိုးကွင်းအစပ်ရှိကုန်စုံဆိုင်သို့ နေ့စဉ်လာရောက်၍ ဆန် နို့ဆီဗူးတစ်လုံးခွဲဝယ်ယူပြီး အေးအေးလူလူ နေထိုင် စားသောက်ကြသည်ဟု ကြားရသည်။ လူထုအခြေပြုသတင်းထောက်ကြီးဖြစ်သော ငါးစိမ်းသည်အဒေါ်ကြီး၏ သတင်းထောက်လှမ်းချက်အရ ရေမျောကမ်းတင်သားအဖ၏တဲနန်းအတွင်းမှ မယ်ဒလင်သံကို တစ်ခါတစ်ရံ ကြားရသည်ဟု ဆို၏။ “အလုပ်ကို လက်ကြောတင်းအောင် လုပ်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီး မယ်ဒလင်လေး တီးလိုက်၊ သီချင်းလေး ဆိုလိုက် လုပ်နေတဲ့လူစားတွေ နေမှာ” ဟု သုံးသပ်ချက် ပေးသွား၏။
(၃)
တစ်နေ့နံနက်ခင်းတွင် ကျွန်ုပ်သည် အပေါင်းအဖော်များနှင့်အတူ လက်ဘက်ရည်ဆိုင်ထိုင်ရင်း လောကကြီး အသုံးမကျပုံကို အချိန်ကုန်ခံကာလေပန်းနေချိန်၌ “မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” ဟူသည့် သီချင်းသံကို ကြားလိုက်ရ၏။ သီချင်းသည်၏တေးသီသံမှာ မြတ်လေးရွှေဓားဗိုလ်၏ တေးသံဝါကြီးကဲ့သို့ မခန့်ညားလှချေ။ သူလိုငါလို သာမာန်မျှသာဖြစ်သည်။ သို့သော်လည်း မည်သို့ဖြစ်မှန်းမသိ။ မြတ်နိုးသူရယ် .. ဟု ဆွဲဆွဲငင်ငင်ဆိုညည်းလိုက်ပုံမှာ ကြားရသူတိုင်း၏ရင်ကို ဗလောင်ဆူစေသည်။ နားဆင်နေသူတို့၏အသည်းဆိုင်ကို စွဲကိုင်နိုင်စွမ်းရှိသည်ဟုဆိုသော် ဆိုရကောင်းသည်။
သို့ဖြစ်၍ ကျွန်ုပ်တို့လည်း ပြောလက်စ စကားကို ခေတ္တရပ်ဆိုင်းပြီး သီချင်းသံထွက်ပေါ်ရာနေရာသို့ လှမ်း၍ ကြည့်မိသည်။ ဈေးရောင်းဈေးဝယ်တက်လာသူ တောသားတစ်သိုက်ကို မယ်ဒလင်၊ ၀ါးဆစ်ပိုင်းတူရိယာတို့ဖြင့် ဖျေဖျော်နေသော သူတောင်းစားသားအဖကို တွေ့ရလေ၏။ ဖခင်ဖြစ်သူက မယ်ဒလင်ကိုတီး၍ သမီးကလေးလုပ်သူက ၀ါးဆစ်အတိုအရှည်နှစ်ပိုင်းဖြင့် စည်းချက်လိုက်သည်။ ကျွန်ုပ်လည်း ထိုမြင်ကွင်းကို ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိတော့သည်။ ရေမျောကမ်းတင်သားအဖ တင်ဆက်သည့် ဆွတ်ပျံ့လွမ်းမောဖွယ်ရာတေးသံသာကို ပိုက်ဆံတစ်ပြားမှမကုန်ဘဲ နားဆင်ရသည်မှာ နားဝင်ပီယံရှိလှပါပေသည်။ သနားသော်လည်း နားထောင်ကောင်း သည်မှာကား အမှန်ပင်ဖြစ်၏။
“လားလား လက်စသတ်တော့ ဒီ ရေမျောကမ်းတွေက ကယ်ပါတွေ ဖြစ်နေတော့တာကိုး” ဟု လက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တစ်ဦးက မှတ်ချက်ပြုသည်။  ထိုသော် ဘဲဥက “မင်းလဲ ပိုက်ဆံလိုချင်ရင် ဂစ်တာလေးတီးပြီး အဲသလို လိုက်တောင်းချေကွာ” ဟု နောက်တီးနောက်တောက် ဆိုလိုက်သည်။ “မင်း အရင် သွားတောင်းပါလား” ဟု အပြောခံရသူက ပြန်ပက်သည်။ ဘဲဥကလည်း ဆတ်ဆတ်ထိ မခံ။ “အေး ငါက ပိုက်ဆံမလိုတော့ ပိုက်ဆံ လှည့် မတောင်းဘူး။ မင့် အိမ်ရှေ့လာပြီး မင်းနှမကို လာတောင်းမယ်” ဟု ဆိုပြန်၏။ ဤသို့ဖြင့် လက်ဘက်ရည်ဆိုင်ထဲတွင် ငါဟယ်၊ လူဟယ်၊ မအေ နှမ ကိုင်တုပ်သံတို့ ပွက်လောရိုက်သွားလေ၏။
ဒွန်းစဏ္ဍားဟူသည်မှာ ကျွန်ုပ်တို့အဖို့ ဆန်းသည်မဟုတ်ချေ။ မြစ်ဝကျွန်းပေါ်မြို့ကလေးမှာ ဆန်ရေစပါး ပေါများသော မြို့ဖြစ်ရကား မြို့၏အရိပ်အာဝါသကိုခိုလှုံ၍အသက်မွေးကြသော ဒွန်းစဏ္ဍား မသကာ ဆယ်ဦးခန့်မျှရှိပေလိမ့်မည်။ သူတို့တွင် ပိုင်နက် အသီးသီး အသက ရှိကြသည်။ ဦးဖိုးထင်ဟု အမည်ရသည့် ကျပ်မပြည့်သောသူတောင်းစားကြီးက မြို့လယ်စေတီနှင့်အထက်တန်းကျောင်းအနီးတွင် ကျက်စားသည်။ မျက်နှာတွင် နနွင်းဝါထိန်နေအောင်လိမ်းကျံ ထားပြီး တောင်ဝှေးသံတဒေါက်ဒေါက်ပေးလေ့ရှိသောအဘွားကြီးကမူ ဈေးလေးနှင့်အထက်ပိုင်းကို အပိုင်စားရထား သည်။ ရေစီးကမ်းပြိုရောဂါကြောင့်နှာခေါင်းချိုင့်ဝင်နေသောအဒေါ်ကြီးကမူ ကမ်းနားတန်းနှင့်သဘောင်္ဆိပ်ကို သိမ်းပိုက် ထား၏။
ရွှေဝင်းဟု အမည်တွင်သည့် မွေးရာပါ ပေါင်တိုသူဖုန်းစားကြီးကမူ အောက်ပိုင်းရှိ ဗွီဒီယိုရုံများတွင် ကျင်လည်ကျက်စား လေ့ရှိသည်။ ရွှေဝင်း၏ကိုယ်အင်္ဂါချွတ်ယွင်းမှုကိုအကြောင်းပြု၍ဖြစ်ပေါ်လာသော ကောလဟာလတို့မှာ ငိုအားထက် ရယ်အားသန်မဖြစ်သွားဘဲ ရယ်အားထက် ငိုအားသန်ဆိုသလို ဖြစ်ခဲ့ဖူးသည်။ တစ်နေ့သော် အလိုဆိုးသော အောက်ပိုင်းသားတစ်သိုက်သည် ချိုင်းထောက်ကိုထောက်၍ တစ်လှမ်းချင်းလှမ်းလျှောက်ရသော ပေါင်တို သူတောင်းစားကြီးရွှေဝင်းကို ထောက်လှမ်းရေးကြီးဟု ကင်ပွန်းတပ်လိုက်လေ၏။ ထောက်လှမ်းရေးဟူသည့်စကားလုံးမှာ ထိုခေတ်တွင် အတော်ပင် ရေပန်းစားခဲ့ဖူးသည်မဟုတ်လော။
အောက်ပိုင်းသားများက ရွှေဝင်းအား ထောက်လှမ်းရေးဟုကင်ပွန်းတပ်လိုက်သည်ကို နားစွန်နားဖျားသာ ကြားလိုက်သော မြို့သူမြို့သားတို့သည် အိမ်ရှေ့သို့ ပေါင်တိုသူတောင်စားကြီးရောက်လာလျှင် ရွံ့တွန့်တွန့် ဖြစ်သွားကြကုန်၏။ ခါတိုင်းလို ပိုက်ဆံ မထည့်ဝံ့။ မထည့်ကြတော့။
အချို့သောသူတို့က ရွှေဝင်း၏ချိုင်းထောက်သည် ရိုးရိုးချိုင်းထောက် မဟုတ်။ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ လက်နက်ဆန်းတို့ကဲ့သို့ပင် အထူးတလည်စီမံထားသော လက်နက်တစ်ခုဖြစ်တန်ရာ၏ဟု သံသယ၀င်ကြသည်။ ရွှေဝင်း၏သစ်သားချိုင်းထောက်ထဲမှ ငွေကျည်ဆံများထွက်လာမည်ကို ကြောက်ကြသည်။ ရွှေဝင်း၏ ရှမ်းလွယ်အိတ်ထဲတွင် ဝေါဒဂီ တော်ဂီ (Walkie-Talkie) ထည့်ထားသည်ဟု ဆိုသူကဆိုသေးသည်။ အချို့ကမူ အပိုဆာဒါးကလေးများထည့်ပြီးလျှင် ရွှေဝင်းသည် မ၀တ ဥက္ကဌကိုပင် နင်ပဲ ငဆ ဆဲရေးပြီး မာန်မဲကြိမ်းမောင်း နေလိုက်သည်ကိုတွေ့လိုက်ရသည်ဟု ဆိုကြ၏။ ဤအဆိုကို ကြံသကာသည် အဒေါ်ကြီးက ထောက်ခံ၏။ “မ၀တ ခမျာမယ် သနားစရာပါကွယ်။ မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့ .. အရူးယောင်ဆောင်ထားတဲ့ ထောက်လှမ်းရေးကလဲ ဟိန်းလိုက်ဟောက်လိုက်တာ လွန်ရော” ဟူသတတ်။
မည်သူတို့ မည်သို့ပင်ဆိုစေကာမူ ထောက်လှမ်းရေးဟု အထင်ခံလိုက်ရသည့်နောက်ပိုင်း၌ ရွှေဝင်းအဖို့ လာဘ်သပ္ပကာ လျော့နည်းဆိတ်သုဉ်းသွားသည်မှာကား အမှန်ပင် ဖြစ်၏။ ထောက်လှမ်းရေးခေတ်ကောင်းချိန်ဝယ် ထောက်လှမ်းရေး အစစ် အဖြစ်ကြီးဖြစ်တော်မူသော ပေါင်တိုရွှေဝင်းတစ်ယောက် ထမင်းကျန်ဟင်းကျန်ပင် နပ်မမှန်တော့သည်မှာ တွေးကြည့်လျှင် အတော်ပင် ရင်နာစရာကောင်းလှသည်။ အောက်ပိုင်းသားတို့၏ ကောလဟာလစနက်ကား ကြောက်မက်ဖွယ်ရာကောင်းလှ၏။  
(၄)
ရေမျောကမ်းတင်သားအဖနှစ်ယောက် သီချင်းဆိုနေသည်ကို ကျွန်ုပ်တို့လူသိုက် ကြည့်ကောင်းကောင်းနှင့် ကြည့်နေ မိသည်မှာ အတော်ပင်ကြာသွား၏။ ဖခင်ဖြစ်သူ သူတောင်းစားကြီးက “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ” ဟူ၍ ချွဲချွဲပျစ်ပျစ်ဆိုလိုက်လျှင် တစ်တောင့်ထွာ၊ တစ်တောင့်တစ်မိုက်ခန့်မျှသာရှိသေးသည့် သူတောင်းစားမင်းသမီးကလေးသည် တီးလက်စ ၀ါးဆစ်ပိုင်းနှစ်ပိုင်းကို ချထားပြီး၊ ခေါင်းကလေးကို ဆတ်ခနဲမော့ကာ ရင်ကလေးဖွင့်၍  လက်ကလေးမြှောက်ပြီး ကွေးနေအောင် ကလေ၏။
တဖန် ဖခင်ကြီးက “မြတ်နိုးသူရယ် ချစ်မိုးဆွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” ဟူသည့်သီချင်းကို ကောက်ခါငင်ခါ ပြန်ဆိုလိုက်လျှင် မင်းသမီးကလေး ကကြိုးကကွက် ပြောင်းရတော့လေ၏။ လက်ကလေးကို မြှောက်ထားရာမှ ရင်တွင်ကပ်ပြီး လက်အုပ်ချီလိုက်သည်။ ထို့နောက်  ဒူးတုပ်ပြီး ကျုံ့ရရုံ့ ထိုင်ချလိုက်သည်။ တစ်ဖန် ဒူးထောက်ရာမှထပြီး လက်အုပ်ကိုအသာဖြည်၍ လက်ကလေးမြှောက်ကာ ခြေကလေးလှုပ်ကာ မြေပြင်တွင် လူးလှိမ့်ပြီး ငါးရံ့ပြာလူးကကြိုးကို ဆင်လေ၏။ လေးတွဲ့ကြည်မြသော မယ်ဒလင်သံနှင့်လိုက်ဖက်အောင် ကပြနေရ ရှာသောမင်းသမီးကလေးကိုရှုစားရသည်မှာ အတော်ပင် ခံရခက်လေ၏။ ကျွန်ုပ်၏အသည်းနှလုံးကို လက်ကြမ်းကြီးဖြင့် တအားကုန် ဖျစ်ညှစ်ဆုပ်နယ်နေသည့်နှယ်။
ဖခင်ကြီး သူတောင်းစားကြီးသည် “မြတ်နိုးသူရယ် ချစ်မိုးဆွေခဲ့တယ် ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” ဟူသည့် အပိုဒ်ကို အတော်ပင်ခံတွင်းတွေ့ဟန် တူသည်။ ထပ်ချည်းတလဲလဲ ပြန်ကျော့၏။ မင်းသမီးကလေး မသက်သာတော့ပြီ။ မောလွန်းလှပြီးဖြစ်သဖြင့် ပါးစပ်ကလေး ဟစိဟစိ ဖြစ်နေရှာသည်။ အမြင်မတော်သူတို့က “ဟဲ့ တော်ပါတော့ သေနာကောင်ကြီးရဲ့ ဘုံကြိုးချည်းပဲ ပြတ်မနေနဲ့။ ဟိုမှာ ကလေးက မောလွန်းလို့ အမြုပ်တစီစီ ထွက်နေပြီ။ နင် ဆက်တီးနေရင် ကလေးအသက်ထွက်လိမ့်မယ်။ တအောင့်တဖြုတ် နားဦး” ဟူ၍ ဖခင်သူတောင်းစားကြီးကို ကြိမ်းမောင်းမာန်မဲပြီး တတ်စွမ်းသမျှစွန့်ကြဲလိုက်ပါမှ မင်းသမီးလေး နားရရှာတော့သည်။
(၅)
“မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” ဟူသည့်အပိုဒ်ကို နောက်တစ်ကြိမ် ကြားရ ပြန်လေပြီ။ ဘဲဥ၏ စပ်ဖြဲဖြဲမျက်နှာ ကွက်ခနဲပျက်သွား၏။ ဘဲဥသည် ကိုယ်နှုတ်အမူအရာ ခက်ထန်ကြမ်းကြုတ်သော်လည်း စိတ်နှလုံးနူးညံ့သူဖြစ်၏။ “မြတ်နိုးသူရယ် .. ချစ်မိုးဆွေခဲ့တယ် .. ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” ဟူသောတေးသံသည် ဘဲဥ၏နှလုံးသားကို မီးဖုတ်ထားသည့်အပ်ဖြင့် တရစပ်ထိုးဆွနေသကဲ့သို့ဖြစ်ရကား ဘဲဥသည် အိပ်ကပ်ထဲလက်နှိုက်၍ ငါးကျပ်တန်တစ်ရွက်ကိုထုတ်ယူကာ ထိုင်ခုံမှဗြုန်းခနဲထတဲ့ပြီး ရေမျောကမ်းတင်သားအဖတို့ရှေ့ရှိ ဒန်ခွက်ကလေးထဲသို့ထည့်လိုက်သည်။ အခြားသူတို့ကား ထိုမြင်ကွင်းကို မမြင်ရက်လေသဖြင့် သူတောင်းစားသားအဖကို မျက်နှာလွှဲကာနေလိုက်ကြသည်။
ထိုအခိုက်တွင် “ဟဲ့ အုတ်ကြားမြက်ပေါက်မျိုး၊ ရေမျောကမ်းတင်မျိုးတွေ” အစချီသောဆဲရေးသံကို ကြားလိုက်ရသဖြင့် ကျွန်ုပ်တို့အားလုံး ခေါင်းနပန်းကြီးသွား၏။ အသံပိုင်ရှင်ကား နှယ်နှယ်ရ မဟုတ်ချေ။ ကမ်းနားတန်းနှင့် သဘောင်္ဆိပ်တစ်ခွင်ကိုအပိုင်စားရသော သူတောင်းစားအဒေါ်ကြီးဖြစ်၏။ ရေစီးကမ်းပြိုရောဂါကြောင့် နှာခေါင်းချိုင့်ဝင် နေသဖြင့် သူ့မျက်နှာမှာ ကြောက်မက်ဖွယ်ရာကောင်းလှသည်။ အနောက်တိုင်းရုပ်ရှင်ဇာတ်ကားများထဲမှာ စုန်းမကြီးများနှင့် ခပ်ဆင်ဆင်တူသည်ဟုဆိုပါက သင့်နိုးအံ့သည်။ နှာခေါင်းချိုင့်ဝင်နေသဖြင့် သူ၏အသံမှာ နှာသံကဲ၍ မပီကလာ ပီကလာ ဖြစ်နေလေ၏။ ဓာတ်သိမဟုတ်လျှင် သူ ဘာပြောသည်ကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ချေ။
ထိုအဒေါ်ကြီးသည် ပိုက်ဆံမရသေးမီတွင် တူလေးရယ်၊ သားလေးရယ်၊ ကျန်းမာပါစေ၊ ချမ်းသာပါစေနှင့် တစာစာ မေတ္တာပို့တတ်သော်လည်း ပိုက်ဆံရပြီးလျှင်မူ သက်ရှည်ပါစေ၊ ဘုန်းကြီးပါစေဟု ၀တ်ကျေတန်းကျေ ဆုတောင်းပေးရန်မဆိုထားဘိ ပိုက်ဆံပေးသူကို စောင်း၍ပင် မကြည့်၊ ပေးလိုက်သည့်ပိုက်ဆံကို အနုစိတ် ကြည့်ရှု စစ်ဆေးပြီး စုတ်သလေး၊ နွမ်းသလေး၊ နည်းသလေး၊ များသလေး စသဖြင့် အပြစ်တစ်ခုမဟုတ်တစ်ခုရှာပြီး ပြောတတ်သည်။ တစ်ခါသော် ကျွန်ုပ်သည် ယင်း ရေစီးကမ်းပြိုအဒေါ်ကြီးကို  နေ့စဉ်နေ့တိုင်းပေးနေကျ လက်ဘက်ရည်ဖိုးမပေးမိဘဲ ငါးကျပ်မျှသာပေးမိသဖြင့် ကျွန်ုပ်ကို လူကြားထဲတွင် အော်ကြီးဟစ်ကျယ်လုပ်ပြီး ရန်ထောင်ဖူးသည်။ အရပ်သိ၊ ဓာတ်သိ ဈေးသည်အချို့၏အဆိုအရ ထိုအဒေါ်ကြီးသည် သူ တောင်းရမ်း၍ရရှိသော ငွေတိုငွေစတို့ကို နေ့ပြန်တိုး ပြန်ချေးထားသည်ဟူသတတ်။
ယခုလည်း ရေစီးကမ်းပြိုအဒေါ်ကြီးသည် ရေဆင်းတံတားဦးတွင် ဆောင့်ကြောင့်ထိုင်၍ ရေမျောကမ်းတင်သားအဖ၏ လမ်းဘေးတီးဝိုင်းရှိရာအရပ်သို့ ဖရုဿဝါစာလက်နက်ကြီး၊ လက်နက်ငယ်တို့ကို တရစပ်လွှတ်၏။ “ဟေ့ရောင် ကျပ်ခိုး မင့် သူတောင်းစားအဒေါ်ကြီးတော့ သူ့ ခွင်ကို သူများလာလုလို့ ဆဲနေပြီ” ဟု ဘဲဥက ဆိုလိုက်သည်။ “ငါ့ အဒေါ်ကြီး မဟုတ်ပါဘူးကွာ” ဟု ကျွန်ုပ်လည်း ကမန်းကတန်းဖြေလိုက်ရသည်။ ထိုအဒေါ်ကြီးကို ကျွန်ုပ် စေတနာရှိခဲ့ရိုး မှန်ပါ သည်။ သို့သော် ကျွန်ုပ်ကို လူကြားထဲတွင် ဆူဆူဆောင့်ဆောင့်လုပ်ပြီးနောက်တွင် သူ့ အပေါ် စေတနာ မရှိတော့ပြီ။ သို့သော်လည်း ရှိရင်းစွဲစေတနာကိုမပျက်လိုသည့်အပြင် ကျွန်ုပ်ကို လူကြားထဲတွင် ထပ်ပြီးအော်ကျယ်အော်ကျယ် လုပ်မည်ကိုစိုးသဖြင့် တစ်နေ့လျှင် ဆယ့်ငါးကျပ်တိတိမျှအကုန်အကျခံပြီး လက်ဘက်ရည်ဖိုးပေးကမ်းနေရခြင်းသာ ဖြစ်ပါသည်။
ရေစီးကမ်းပြိုအဒေါ်ကြီးသည် အဝေးမှ ဆဲရေးနေရသည်ကို အားရဟန်မတူ။ တောင်ဝှေးကို တဒေါက်ဒေါက် မြည်အောင်ဆောင့်၍ထောက်ပြီးလျှင် ရေမျောကမ်းတင်သားအဖရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်လာလေ၏။ ရေစီးကမ်းပြိုအဒေါ်ကြီး၏ မီးဝင်းဝင်းတောက်သောအကြည့်နှင့် မိုးထစ်ချုန်းသံကဲ့သို့ကျယ်လောင်သည့် ဆဲရေးသံသည် ရေမျောကမ်းတင်သားအဖ၏ “ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်” တေးသရုပ်ဖော်ကကြိုးကို ကတ်ကြေးဖြင့်ဖြတ်ချလိုက်သည့်နှယ်။  သူတောင်းစားအဒေါ်ကြီး၏ ရေမျောကမ်းတင်ဟူသည့်ဆဲရေးသံကြောင့် သူတောင်းစားကြီး၏မျက်နှာ မည်းခနဲ ဖြစ်သွားသည်။ သူတောင်းစားမင်းသမီးလေးမှာလည်း ငိုမဲ့မဲ့။
လောကလူ့ဘောင်တွင် သူ့စည်းနှင့်သူ ရှိသည်သာဖြစ်၏။ လူ့စည်း၊ ဘီလူးစည်းဟူသည့်စကားအတိုင်းပင် သူတောင်စားတို့၌ သူတောင်းစား စည်း ရှိသည်။ အပိုင်စားနယ်မြေ အသီးသီး ရှိကြ၏။ ကျွန်ုပ်တို့လူသိုက်မှာ ရေမျောကမ်းတင်သားအဖနှင့် ရေစီးကမ်းပြိုအဒေါ်ကြီးတို့၏ နယ်မြေလုပွဲကိုကြည့်ရှုပြီး အတော်ပင်စိုးရိမ်မကင်း ဖြစ်မိသည်။ ထို့ကြောင့် သောက်လက်စလက်ဘက်ရည်ခွက်ကိုချထားပြီး ဆေးပေါ့လိပ်ကိုယ်စီဖွာ၍ ရေစီးကမ်းပြို အဒေါ်ကြီးနှင့် ရေမျောကမ်းတင်သူတောင်းစားသားအဖတို့၏ပဋိပက္ခကို စိတ်ဝင်စားစွာ ကြည့်ရှုနေမိတော့သည်။   
ကျွန်ုပ်တို့လူသိုက်မှာ ကိုယ့်ထမင်းကိုယ်စားပြီး အချိန်ဖြုန်းနိုင်စွမ်းရှိသူများဖြစ်ရကား ရေစီးကမ်းပြိုအဒေါ်ကြီး၏ ဆဲရေးခြင်းကို အကျယ်တ၀င့်ဆန်းစစ်ဝေဖန်ပြီးလျှင် ဤကမ္ဘာတွင် ဆဲရေးခြင်းများ ကင်းစင်ရလေအောင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ကိုဖော်ထုတ်ရန်အလို့ငှာ တိုင်ပင်ဆွေးနွေးကြ၏။ “သူတောင်းစားတွေက သူတို့ အချင်းချင်း ရန်ဖြစ်ရင် သူတောင်းစားမျိုး၊ ဒွန်းစဏ္ဍာမျိုး၊ ကယ်ပါမျိုး၊ သူဖုန်းစားမျိုးဆိုပြီး သူတို့ အသက်မွေးတဲ့အလုပ်အကိုင်ကို ထိပါးပြီး မဆဲကြဘူး။ ဒီအချက်ကို တို့တွေသုတေသနပြုပြီး မှတ်တမ်းတင်ထားရမယ်” ဟု ဘဲဥက ဆိုလိုက်သည်။ သူ၏အဆိုပြုချက်မှာ သင့်မြတ်လှပါပေ၏။ အားလုံးလည်း သဘောတူကြ၏။ ရေစီးကမ်းပြိုအဒေါ်ကြီး၏ ဆဲရေးသံ သည် ကျွန်ုပ်တို့၏တက်ကြွသောဆွေးနွေးမှုတို့အောက်တွင် ပျောက်ကွယ်သွားလေ၏။ ကျွန်ုပ်တို့မှာ ဆွေးနွေးခြင်းကိုသာအားစိုက်နေရသဖြင့် သူတောင်းစားတို့၏ သေးနုပ်သိမ်ဖျင်းသောဆဲရေးသံကို လွယ်လင့်တကူ မေ့ထားလိုက်ကြသည်။
“ဟော ဟို  အဒေါ်ကြီးဆဲတာကို သေသေချာချာ နားထောင်ကြည့်စမ်း။ ပေါင်ပြတ်ကြီးလို့ ဆဲလိုက်တာ ကြားတယ်” ဟု တစ်ဦးက ဆို၏။ ရေမျောကမ်းတင်သူတောင်းစားကြီး၏ ညာဘက်ခြေထောက်ပြတ်နေသည်ကို ရေစီးကမ်းပြို အဒေါ်ကြီးဆဲခါမှ ကျွန်ုပ်တို့သတိထားမိတော့သည်။ “အေးကွ ပေါင်ပြတ်နေတယ်ဆိုတာကို သေသေချာချာလေ့လာ ကြည့်ရမယ်” ဟု သူငယ်ချင်းတစ်ဦးက ဆိုပြန်သည်။ “ဗမာပြေမှာရှိတဲ့ ခြေထောက်ပြတ်တဲ့သူတွေကို လေ့လာကြည့် မယ်ဆိုရင် (၁) စစ်သားဟောင်း (၂) ပေါ်တာ (၃) တောထဲသွားရင်းမိုင်းနင်းမိတဲ့သူ အကြမ်းအားဖြင့် ဒီလို သုံးမျိုးသုံး စားခွဲခြားနိုင်မယ်။ ဒီတော့ကာ ဒီလူကြီးဟာ စစ်သားဟောင်း ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အကျဉ်းသား ပေါ်တာ၊ ဒါမှမဟုတ် တောထဲသွားရင်းမိုင်းနင်းမိတဲ့သူဖြစ်မယ်ဆိုတာ ထင်ရှားလာပြီ” ဟု ဆိုကာ ဘာမှ မရေရာသော အနုမာန အယူအဆ သုံးသပ်ချက်တစ်ခုကို စေ့စပ်သေချာစွာထုတ်ဖော်လိုက်လေ၏။
သို့နှင့်ပင် ကျွန်ုပ်တို့တစ်သိုက်ဆွေးနွေးနေခိုက်မှာပင် ရေမျောကမ်းတင်သားအဖနှင့် ရေစီးကမ်းပြိုအဒေါ်ကြီးတို့၏ရန်ပွဲ နိဋ္ဌိတံသွားလေ၏။ စစ်ရှုံးသူ ရေမျောကမ်းတင်သားအဖကား သူတို့၏တူရိယာများကိုသိမ်းဆည်းပြီး ခေါင်းငိုက်စိုက် ချကာ ရုတ်ခြည်းထွက်ခွာသွားလေ၏။ ရေစီးကမ်းပြိုအဒေါ်ကြီးလည်း အတော်ပင်မောသွားဟန်ထင့်။ ဆေးပေါ့လိပ်တိုကို မီးတ၀င်းဝင်းတောက်အောင် ခပ်ဆတ်ဆတ်ရှိုက်ဖွာရင်း အမောဖြေနေသည်ကို တွေ့ရ၏။ ကျွန်ုပ်၏ ဆွေးနွေးပွဲမှ တိကျပြတ်သားသောရလဒ်တစ်ခုမျှ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း အိမ်ပြန်ပြီးထမင်းစားရန် အချိန်ကျပြီဖြစ်သဖြင့် ပြောလက်စ စကားကို တိခနဲဖြတ်ချပြီး လက်ဘက်ရည်ဆိုင်မှ တပ်ခေါက်ခဲ့ရလေသတည်း။
(၆)
နောက်တစ်နေ့နံနက်တွင် ကျွန်ုပ်တို့လူသိုက်သည် ယမန်နေ့က မပြီးပြတ်ခဲ့သောအကြောင်းအရာကို အစပြန်ဖော်၍ အလုပ်မရှိအလုပ်ရှာပြီး ဆွေးနွေးမိပြန်သည်။ ရေမျောကမ်းတင်သားအဖမှာမူ ကမ်းနားတန်းနှင့်သင်္ဘောဆိပ်တွင် လှည့်လည်ကျက်စားရန်အခွင့်မသာသဖြင့် စာသင်ကျောင်းနားသို့ ပြောင်းရွှေ့သွားသည်ဟု သိရ၏။
“တို့မြို့လေးမှာ သူတောင်းစားတွေ ပိုများလာပြီ” ဟု လက်ဘက်ရည်ဆိုင်ထိုင်ဖော်ထိုင်ဖက်က အရင်းမရှိ၊ အဖျားမရှိ ဆိုလေသည်။ စင်စစ် မြို့ကလေး၏အရိပ်အာဝါသကိုခိုလှုံသူ သူတောင်းစားအရေအတွက်မှာ သူပြောသလောက် မဆိုးလှပါ။ မြို့နေလူဦးရေနှင့်နှိုင်းယှဉ်လျှင် အတော်ပင် နည်းပါးလှပါသည်။ ထိုသူကပင် ဆက်လက်၍ “သူတောင်းစား တွေရဲ့ဘ၀အခြေအနေပြောင်းလဲလာအောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်” ဟု ဆိုပြန်သည်။ “အိန္ဒိယမှာတော့ သူတောင်းစားတွေကို အရင်းအနှီးထည့်ရအောင် ငွေထုတ်ချေးပေးတဲ့အဖွဲ့မျိုး ရှိသတဲ့” ဟု ဆက်၍ ဆိုပြန်သည်။ “သူတောင်းစားတွေကို အရင်းအနှီးထုတ်ပေးလိုက်ရင် သူတို့တွေ ဒီလိုဘ၀ကနေလွတ်ကင်းသွားမှာ အသေအချာပဲ” ဟု ကွန့်ပြန်သည်။ “အေး တယ်ကောင်းတဲ့နည်းလမ်းပဲ” ဟု တစ်ဦးကထောက်ခံသည်။ ထို ထောက်ခံသူကပင် ဆက်လက်၍ “အဲဒီ တိုင်းပြေကသူတောင်းစားတွေ ငွေချေးပြီးတော့ ဘယ်လိုလုပ်ငန်းမျိုးတွေလုပ်ကြသလဲဆိုတာ လေ့လာရမယ်” ဟု စိတ်အားထက်သန်စွာ ပြောလေ၏။
ထိုသော် လက်ဘက်ရည်ဆိုင်အတွင်း၌ ခြေဆင်း၍ထိုင်နေတော်မူသော လူကြီးတစ်ဦးက “သူများ တိုင်းပြေမှာ လုပ်သလိုလုပ်လို့ ဖြစ်ပါ့မလား။ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ကိုက်ညီတာကိုပဲ ရွေးချယ်ရမှာပေါ့။ ပြောရရင်ကွာ ဒို့မြို့မှာ အုန်းဆံဖတ်ထုရင်တောင် ပိုက်ဆံလွယ်လွယ်ကူကူရှာလို့ ရနေတာပဲ။ ဒါမှမဟုတ် အုန်းတောထဲသွား၊ အုန်းလက် ကောက်ပြီး အုန်းတံမြက်စည်းလုပ်ရောင်းရင်တောင် တွက်ခြေကိုက်တယ်။ ဒီလိုလုပ်ဖို့ ဘာ အရင်းအနှီးမှ မကုန်ဘူး။ ဓားတစ်ချောင်းရှိရင် ရပြီ။ အရင်းအနှီး ငွေကြေးဆိုတာထက် သူတို့တွေ လုပ်တတ်ကိုင်တတ် ရှာတတ်ဖွေတတ်အောင် ကပ္ပယ်စတီး (Capacity) မြင့်မားလာအောင်လုပ်ပေးမှ ဒီပြဿနာကို ရှင်းလို့ရမယ်။ အရေးကြီးဆုံးနဲ့အမြန်ဆုံးလုပ်ရ မှာက ဒီ သူတောင်းစားတွေကိုစုပြီး တံမြက်စည်းလုပ်နည်းသင်တန်းပေးဖို့ ကိစ္စပဲ” ဟု ဒေါနှင့်မောနှင့် ဆိုလိုက် လေသည်။
ထိုလူကြီးကား အတော်ပင်ထူးဆန်း၏။ ဗမာလူမျိုးများနှင့်ဆက်ဆံပြောဆိုလျှင် ဘောနာရေဘဲ (Vulnerable) ဒေပလုပ်မန့် (Development)၊ ဂယက်ရု(စ်) (Grassroots)၊ ဆွိတ်တဂျီ (Strategy) အစရှိသည့် သိုးဆောင်း စကားလုံးတို့ကို အခွင့်သင့်သောကော၊ မသင့်သောကော ရှေ့နောက်မကြည့်ဘဲ တွင်တွင်ကြီးသုံးတတ်သော်လည်း သိုးဆောင်းလူမျိုးတို့နှင့် ပြောဆိုဆက်ဆံလျှင်မူ ယား (Yeah)၊ ယား (Yeah)၊ ယား (Yeah) နှင့် တယားယားတည်း ယားနေသည်ကို ကျွန်ုပ် မျက်ဝါးထင်ထင်မြင်တွေ့ဖူးသည်။ သိုးဆောင်းလူမျိုးတို့နှင့် ဓာတ်မတည့်သောရောဂါကြောင့် အသွေးအသားထဲတွင့်စိမ့်၍ ယားယံနေခြင်း ဖြစ်ပေလိမ့်မည်။
သူ့ စကားမှာ ဟုတ်တုတ်တုတ် ဖြစ်၏။ မဟုတ်ခံနိုင်ရိုးလား။ ကျွန်ုပ်တို့၏မြို့ကလေးတွင်လုပ်ကိုင်နေသည့် နိုင်ငံတကာ လူထုဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုမှ လာဘ်စားမှုကြောင့်အလုပ်ပြုတ်ဖူးသူဖြစ်ရကား ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် ကိစ္စတို့ကိုကိုင်တွယ်ရာ၌ အတွေ့အကြုံအတော်ပင်ရှိသည်ဟု ဓာတ်သိတို့က ဆိုကြ၏။ ရှေ့မီနောက်မီ ဖွံ့ဖြိုးရေးသမားကြီး၏သဘောတရားရေးရာစကားတို့ကို မပယ်ရှားသင့်။
ထို ဒေပလုပ်မန့် (Development) ဆြာကြီး၏ လေမိသွားသူတစ်ဦးက “ဒါဖြင့်ရင် သူတောင်းစားတွေကိုစုပြီး အုန်းတံမြက်စည်းလုပ်နည်းသင်တန်းပေးရင် တယ်ကောင်းမှာပဲ” ဟု ဆိုလေ၏။ ဆြာကြီး မနေတတ်၊ မထိုင်တတ် ဖြစ်သွားလေပြီ။ မျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်သွား၏။ အတန်ကြာမှာ ပြုံးဖြဲဖြဲမျက်နှာထားကို မျက်နှာပိုးသပ်၍ “Income-growth Approach နဲ့ Basic-Needs Approach သဘောတရားတွေကို သိမှ ဒီ ဘောနာရေဘဲ (Vulberable) တွေရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်းရှိမယ်။ ဒီတော့ကာ မင်းတို့အနေနဲ့ ဘောနာရေဘဲ (Vulnerable) ဖြစ်နေတဲ့ သူတောင်းစား တွေရဲ့ လိုက် (Lives) တွေကို တကယ်တမ်း ချိန်း (Change) စေချင်တယ်ဆိုရင်တော့ နည်းစနစ်တကျလုပ်ရမယ်။ တို့မြို့ကလေးမှာ (၁) အုန်းတံမြက်စည်းရောင်းတဲ့ဆိုင် ဘယ်နှစ်ဆိုင်ရှိသလဲ၊ (၂) အုန်းတံမြက်စည်းသုံးတဲ့အိမ် ဘယ်နှစ်အိမ်ရှိသလဲ၊ (၃) အိမ်တစ်အိမ်မှာ အုန်းတံမြက်စည်းဘယ်နှစ်ချောင်း သုံးသလဲ၊ (၄) အုန်းတံမြက်စည်း တစ်ချောင်းကို ဘယ်လောက်တန်သလဲ၊ (၅) အုန်းတံမြက်စည်းတစ်ချောင်းရဲ့သက်တမ်း ဘယ်လောက်ရေရှည်ခံသလဲ ဆိုတာတွေကို အရင်ဆုံးလေ့လာရမယ်။ ဒီ အချက်အလက်တွေကိုကောက်ယူပြီးရင် ဈေးကွက်အနေအထားကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပြီ။ ပြီးတော့မှ အုန်းတံမြက်စည်းလုပ်နည်းသင်တန်းအတွက် လိုအပ်မယ့် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရမယ်” ဟု ဆိုလိုက်လေ၏။
ထိုဆြာကြီး၏ ရှင်းလင်းပြတ်သား၍ ခိုင်မာကျစ်လစ်သောစကားတို့ကြောင့် လက်ဘက်ရည်ဆိုင်ထိုင်နေသူအားလုံး ဟင်ခနဲ ဟယ်ခနဲဖြစ်သွားပြီး စိတ်ထဲတွင် ကြိတ်၍ချီးကျူးကြကုန်၏။ ဆြာကြီးထံမှ ထုံးတီးနည်းနာအဖြာဖြာကို လေ့လာလိုသဖြင့် ခေါင်းထောင်လာကြကုန်၏။ ဆြာကြီးကား အကွက်ဆိုက်ပြီဖြစ်သဖြင့် မစားရ၀ခမန်း လုပ်ထုံး နည်းနာအဖြာဖြာကို အိတ်သွန်ဖာမှောက် ပို့ချလေ၏။ ကျွန်ုပ်ပင်လျှင် ထိုလူကြီး၏လက်ချာကို စိတ်ဝင်စားစွာ နားထောင်နေမိသဖြင့် အလိုက်ကန်းဆိုးမသိဘဲ ပိုက်ဆံလာတောင်းသူ ရေစီးကမ်းပြိုသူတောင်းစားအဒေါ်ကြီးကို စိတ်တိုတိုဖြင့် အော်ငေါက်လွှတ်မိသည်။
ဆြာကြီး၏  ဒေသနာအဆုံး၌ ကျွန်ုပ်တို့လူသိုက်မှာ ချက်ချင်း ထတဲ့ပြီး အုန်းတံမြက်စည်းလုပ်နည်းသင်တန်းဖွင့်ရမလို ဘာလိုလို ဖြစ်သွားလေ၏။ သို့သော်လည်း အုန်းတံမြက်စည်းလုပ်နည်းသင်တန်းဖွင့်လှစ်ရန် (၁) အုန်းလက်ကုန်ကြမ်း အခက်အခဲ၊ (၂) အုန်းတံမြက်စည်းပြုလုပ်နည်းဆိုင်ရာ နည်းပညာအခက်အခဲ၊ (၃) အုန်းလက်ဝယ်ယူသိုလှောင်ရန် နေရာထိုင်ခင်း အခက်အခဲ၊ (၄) အုန်းတံမြက်စည်းပြုလုပ်နည်း သင်ကြားပို့ချမည့် လူ့စွမ်းအားအရင်းအမြစ်အခက်အခဲ (၅) ဘဏ္ဍာရေးအခက်အခဲ စသည်တို့အပြင် (၆) သူတောင်းစားတို့ကိုစည်းရုံးရန်အခက်အခဲ စသည်တို့ကို တွက်ဆမိသဖြင့် ကျွန်ုပ်တို့လူသိုက်ဖော်ထုတ်ထားသည့် အလွန်တရာမှ တော်တည့်ကောင်းမွန်လှစွာသော “သူတောင်းစားတို့၏ဘ၀များ မြင့်မားတိုးတက်လာစေရေး” သို့မဟုတ် “Enhancing socio-economic condition of beggars”  ဟု အမည်ပေးထားသောစီမံချက်ကြီးကို စတင်ခြင်းမပြုရသေးမီမှာပင်ဖျက်သိမ်း၍ လက်ဘက်ရည်ဆိုင်မှ ထွက်ခွာခဲ့ရလေသတည်း။
သို့နှင့်ပင် တစ်မိုးကုန်၍၊ တစ်ဆောင်းသစ်ကာ တစ်နွေကူးခဲ့၏။ ကျွန်ုပ်တို့လူသိုက်တွင် သူတောင်းစားတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးကိစ္စထက် ပို၍အရေးပါသော မိသားစုကိစ္စများဖြစ်သည့် စပါးပေး ဓနိပေး အကြွေးသိမ်းခြင်း၊ အကြွေးမပေးနိုင်သူများကို တရားစွဲဆိုရခြင်း အစရှိသည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရသဖြင့် ရေမျောကမ်းတင်သားအဖအကြောင်းကို မေ့မေ့ပျောက်ပျောက်ပင် ထားလိုက်ကြတော့သည်။ စပါးသိမ်းချိန်ကစ၍ လက်ဘက်ရည်ဆိုင်သို့ မရောက်ဖြစ်တော့သည်။
ရံဖန်ရံခါတွင် ရေမျောကမ်းတင်သားအဖတို့ ကျောင်းလမ်းနံဘေးတွင် ဖျေဖျော်ပွဲ လုပ်နေသည်ကို တွေ့ရ၏။ ရံဖန်ရံခါတွင် သူတို့သားအဖနှစ်ဦး ကုန်းလေးဈေးထိပ်တွင် သီဆိုဖျေဖျော်နေသည်ကို တွေ့ရသည်။ သူတို့ကို မြင်သော် ကျွန်ုပ်တို့မှာ မစတင်မီကဖျက်သိမ်းလိုက်ရသော “သူတောင်းစားတို့၏ဘ၀များ မြင့်မားတိုးတက်လာစေရေး” စီမံချက်ကြီးကို နှမြောတသမိတော့သည်။ သို့သော်လည်း ငါ့ဝမ်းပူဆာမနေသာဆိုသည့်အတိုင်း နိစ္စဓူဝလုပ်ငန်း ဆောင်တာတို့ကိုဆောင်ရွက်နေရသဖြင့် ယင်း ရေမျောကမ်းတင်တို့အကြောင်းကို မေ့မေ့ပျောက်ပျောက် ထားလိုက်တော့သည်။
(၇)
သို့နှင့်ပင် တစ်နွေကုန်၍ တစ်မိုးဝင်ခဲ့ပြန်၏။ ကျွန်ုပ်တို့လူသိုက်အဖို့ မိုးဥတုသည် ပျင်းရိဖွယ်ရာကောင်းလှသည်။ တောသူတောင်သားလယ်သမားတို့ မိုးထဲလေထဲတွင် ကျွဲ၊ နွားတို့နှင့်ဖက်ပြိုင်ရုန်းကန်နေခိုက်တွင် ကျွန်ုပ်တို့ လူသိုက်မှာ အလုပ်မရှိ လက်ဘက်ရည်ဆိုင်ထိုင်လိုက် ထင်ရာမြင်ရာပြောဆိုလိုက်ဖြင့် မိုးရာသီကို ရင်ဆိုင်ကျော်လွှား ကြရတော့သည်။
တစ်ခုသော နံနက်ခင်းတွင် ကျွန်ုပ်တို့လူသိုက်သည် လက်ဘက်ရည်ဆိုင်တွင်ကျောက်ချထိုင်ရင်း တရိပ်ရိပ် တလိပ်လိပ်တက်လာသည့်မိုးတိမ်တို့ကို ကြည့်ရှုကာ “ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်းသည့် ယောင်းမတို့လေ။ ၀ါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာ့တောင်က ချောင်း၊ ရွာ့နောက်ပေါင်းကို၊ ထနောင်းကြောင်ပျစ် (ချစ်)၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာသည်၊ ရွာပါသော်လည်း မိုးမသဲ။ ။” ဟူသည့် အိုင်ချင်းကို ရှင်ငြိမ်းမယ် ရေးစပ်ခဲ့ခြင်းပေလော၊ သို့တည်းမဟုတ် ကျေးလက်လယ်သူမတို့ ရေးဖွဲ့ခဲ့ခြင်းပေလောဟူသည့်ပြဿနာကို အစဖော်၍ လေပန်းနေကြ၏။ ထိုအခိုက်တွင် မိုးတိမ်တမန်၏ရှေ့တော်ပြေး မုတ်သုန်လေသည် ဆိုင်အတွင်းသို့ ရုတ်ခြည်းဝင်ရောက်လာ၏။ မုတ်သုန်လေ၏နောက်တွင် မိုးစက်တို့ တပါတည်းလိုက်ပါလာ၏။
မိုးရွာလေပြီ။ အောက်ပြေအောက်ရွာတွင် ရွာသည့်မိုးမှာ တစိမ့်စိမ့်တသိမ့်သိမ့်နှင့် တစ်နေကုန်တစ်နေခန်း နေ မမြင်ရအောင်ရွာသောမိုး ဖြစ်၏။ ကြည်စင်တောက်ပနေသည့်မိုးကောင်းကင်သည် မျက်တောင်တစ်ခတ်၊ လက်ဖျစ် တစ်ချက်တီးခန့်မျှသောအချိန်ကာလအတွင်းမှာပင် ဘယ်ဝယ်ဆီသို့ပုန်းရှောင်သွားပြီမှန်း မသိ။ ရှစ်ခွင်တိုင်းတွင် မျက်နှာမည်း ဒေဝေါကြီးသာ ထီးထီးကြီးကျန်တော့သည်။
မိုးရောလေပါ သည်းထန်လာ၏။ တ၀ူးဝူး တဝေါဝေါမြည်ဟီးနေသည့် မိုးသံလေသံကြောင့် ကျွန်ုပ်တို့ ဆွေးနွေးလက်စ အိုင်ချင်းရေးဖွဲ့သူ မည်သူနည်းဟူသည့်ပြဿနာကို ခေတ္တမျှရပ်ထားလိုက်ရသည်။ ထိုအခိုက်တွင် မိုးထစ်ချုန်းသံ ကြားရ၏။ လျှပ်ရောင်အပြက်တွင် လက်ဘက်ရည်ဆိုင် ရှေ့လမ်းမနံဘေးရှိ ဗာဒံပင်အောက်တွင် မိုးခိုနေသောသဏ္ဌာန် တစ်ခုကိုတွေ့လိုက်ရ၏။ မိုးသည်းနေသဖြင့် မြင်ကွင်းမှာမသဲကွဲချေ။ ကျွန်ုပ်တို့အားလုံး ဘာရည်ရွယ်ချက်မှမရှိပါဘဲနှင့် ဗာဒံပင်ကိုအကာအကွယ်ပြု၍ သည်းကြီးမည်းကြီးရွာသွန်းနေသည့်မိုးစက်တို့ကို အန်တုရန်ပြင်နေသည့် မိုးခိုနေသူကို မမှိတ်မသုန်ကြည့်နေမိသည်။
လျှပ်ရောင် ၀င်းခနဲအလက်တွင် မိုးခိုနေသူ၏ခန္ဓာကိုယ်မှာ အခြားသဏ္ဌာန်တစ်ခု ထပ်မံပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်တို့အားလုံး ဟယ် ခနဲ ဖြစ်သွားသည်။ လက်စသတ်တော့ ရေမျောကမ်းတင်သားအဖတို့ ဖြစ်နေပကလားလို့ ရေရွတ်မိတော့သည်။  “ဟာကွာ ဒီလောက်မိုးသည်းနေတာ သစ်ပင်အောက်မှာ ရပ်နေရတယ်လို့” ဟု တစ်ဦးက မချိတင်ကဲရေရွတ်လိုက်ပြန်သည်။ ကျန်တစ်ဦးကလည်း “ဟုတ်ပါ့ကွာ ကလေးက မိုးရေထဲမှာ အအေးပတ်ပြီးဖျားတော့မှ ဒုက္ခများကုန်မယ်” ဟု ဆိုရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံ၏။
ဘဲဥသည် နှုတ်ခမ်းတွင်ခဲထားသည့်ဆေးပေါ့လိပ်တိုကို ဆိုင်ရှေ့ရေမြောင်းထဲသို့လွှတ်ပစ်လိုက်ပြီးလျှင် ထိုင်ရာမှ ဗြုန်းခနဲထတဲ့၍ ခုံအောက်တွင်ထိုးထည့်ထားသော ထီးများအနက်မှ ထီးနှစ်ချောင်းကိုဆွဲယူကာ မိုးရေထဲသို့ လျင်မြန်စွာထွက်ခွာသွားလေ၏။ သူ၏လှုပ်ရှားမှုမှာ စနစ်တကျလေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားတစ်ဦးကဲ့သို့ သပ်ရပ်၊ တိကျ၊ မြန်ဆန်လွန်းလှသည်။ ဘဲဥသည် ဗာဒံပင်အောက်တွင်မိုးခိုနေသည့် ရေမျောကမ်းတင်သားအဖကို လက်ဘက်ရည်ဆိုင်ထဲသို့ ခေါ်လာသည်။ ကလေးမလေးရော ဖခင်ကြီးပါ မိုးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေရှာ တော့သည်။ “လက်ဘက်ရည်နှစ်ခွက် ကိုစစ်ထွေးရေ” ဟု ဘဲဥက လက်ဘက်ရည် မှာလိုက်သည်။ “မုန့်လဲ ချကျွေး လိုက်ကွာ” ဟု တစ်လက်စတည်းမှာပြန်သည်။ ရေမျောကမ်းတင်သားအဖကား ဘဲဥကို ကြောင်တက်တက် ကြည့်နေလေ၏။
သူတောင်းစားမင်းသမီးလေးမှာ ချမ်းရှာလွန်း၍ နှုတ်ခမ်းပင်ပြာနေလေပြီ။ သူဝတ်ထားသည့် သင်တိုင်းတိုနံ့နံ့ကလေးမှ မိုးရေစက်တို့ တစ်စက်ပြီးတစ်စက် ကျဆင်းနေသဖြင့် သူ့ ထိုင်နေသည့်ခွေးခြေပုအောက်တွင်  ရေအိုင်ထွန်းနေလေ၏။ ဘဲဥကား သူ့ ထုံးစံအတိုင်း ရေမျောကမ်းတင်သားအဖကို စပါးရောဖွဲရောလုပ်ရင်း ဟိုမေး ဒီမေး မေးနေသည်။ ဘဲဥ၏ ငေါက်ဆတ်ဆတ်လေသံသည် တဝေါဝေါရွာသွန်းနေသည့်မိုးသံကို တစ်ချက်တစ်ချက်တွင် ကျော်၍ထွက်လာသည်။
အတန်ငယ်ကြာပြီးနောက် မိုးတိတ် သွားလေ၏။ လက်ဘက်ရည်ဆိုင်ထိုင်နေသူအားလုံး အိမ်ပြန်ရန် ပြင်ကြကုန်၏။ ရေမျောကမ်းတင်သားအဖလည်း သူများနည်းတူ ရောယောင်ထပြီး အိမ်ပြန်ရန် ပြင်၏။ ဖခင်သူတောင်းစားကြီး၏ မျက်နှာမှာ ရှိုးတိုးရှန့်တန့်ဖြစ်နေသည်ဟု ကျွန်ုပ် ထင်မိသည်။ “ဟေ့ရောင် ကျပ်ခိုး ငါ့ကို ပိုက်ဆံငါးရာလောက် ပေးစမ်း” ဟု ဘဲဥက လှမ်းပြောလိုက်သည်။ ဘဲဥသည် ကျွန်ုပ်ပေးလိုက်သည့် ငါးရာတန်ငွေစက္ကူကို သူတောင်းစားကြီး၏လွယ်အိတ်ထဲသို့ ထည့်ပေးရင်း “မြန်မြန်ပြန်တော့ မိုးတွေသိပ်ရွာနေရင် အပြင်မထွက်နဲ့။ ကလေး ဖျားမယ်” ဟု တည်ငြိမ်စွာ ဆိုလိုက်သည်။
(၈)
ထိုနှစ်က မုတ်သုန် အားကောင်းလှသည်။ မိုးရေလေပါ သည်းထန်လွန်းသဖြင့် လက်ဘက်ရည်ဆိုင်သို့ ကျွန်ုပ် မသွားနိုင်တော့ချေ။ အိမ်တွင်အောင်းပြီး မိခင်နှင့်နှမများကို ကဏ္ဍကောဇလုပ်ခြင်းဖြင့် ပျင်းရိဖွယ်ကောင်းလှသော မိုးနေ့ မိုးညများကို ကုန်လွန်ရတော့သည်။ ထိုကာလအတွင်းမှာပင် ကျွန်ုပ်တို့မိသားစုပိုင်လယ်မြေများရှိရာ ဒေါင့်ကြီးကျွန်းမှသူရင်းငှားတစ်ဦးသည် မြို့သို့တက်လာပြီး စပါးခင်းများရေမြုပ်နေပြီဖြစ်ကြောင်း သတင်းပေးပို့လာ၏။ မိခင်နှင့်ဖခင်ကြီးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တော့သည်။ သူရင်းငှားတို့အလိုမူကား အထက်ရေ (မိုးရွာသဖြင့် မြစ်ညာမှစီးဆင်းလာသော မြစ်ရေ) နှင့် အောက်ရေ (ရှိရင်းစွဲ မြစ်ရေ) ရင်ဆိုင်တွေ့ကြသည်တွင် ကျွန်ုပ်တို့မိသားစု၏ စပါးခင်းမှာ ခေါင်းမဖော်နိုင်တော့ပြီဟု ဆို၏။
လယ်ရေကြီးနစ်မြုပ်ခြင်းသည် ကျွန်ုပ်နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိသော်လည်း မိဘတို့က ကျွန်ုပ်ကို ရေကြီး နစ်မြုပ်နေသောစပါးခင်းကို သွားကြည့်ပြီးလိုအပ်တာလုပ်ခဲ့ဟု ဟု တာဝန်အပ်နှင်းလာသည်။ မိခင်ကြီး၏ “ဟဲ့ အကောင် အိမ်မှာကျောခင်းပြီး ယောင်တောင်ပေါင်တောင်လုပ်မနေနဲ့။ တောဆင်းပြီး စပါးခင်းကိုသွားကြည့်။ ပြီးရင် လိုတာကြည့်လုပ်ခဲ့” ဟူသည့် စကားကိုကြားရသည့်အခါ ကျွန်ုပ်တို့ လူလားမြောက်စ ခေတ်ကြီးတွင် ရေပန်းစားခဲ့ဖူးသည့် သတင်းစာအရေးအသားဖြစ်သော “သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညွှန်ကြား” ဟူသည်ကို သတိရမိတော့သည်။ ကျွန်ုပ်မှာလည်း သတင်းစာဇာတ်လိုက်ကြီးများကဲ့သို့ လုပ်ရချေတော့မည်။ သို့နှင့် အိမ်မှ လယ်စရိတ်ယူ၍ ဘဲဥကိုအဖော်ခေါ်ပြီးလျှင် လယ်မြေရှိရာ ဒေါင့်ကြီးကျေးရွာသို့ သွားရောက်ရန် သဘောင်္ဆိပ်သို့ဆင်းရန် ပြင်ရတော့သည်။  
တစ်ပတ်ကျော်မျှ သည်းသည်းမည်းမည်းရွာသွန်းနေသည့်မုတ်သုန်မိုးမှာ အားလျော့စပြုလာပြီဖြစ်သော်လည်း မစဲတတ်သေး။ ခပ်ဖွဲဖွဲ ရွာနေဆဲပင်ဖြစ်သည်။ ဘဲဥနှင့်ကျွန်ုပ်လည်း လယ်တောဆင်းရာတွင် လိုအပ်မည့်ရိက္ခာ ဖြစ်သော ရမ်အရက်၊ စီးကရက် စသည့်ပစ္စည်းများကိုဝယ်ယူပြီးနောက် သဘောင်္ဆိပ်သို့ဆင်းခဲ့လေ၏။ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် သင်္ဘောဆိပ်သို့သွားရာလမ်းတလျှောက် ဗွက်ပေါက်နေ၏။ ကျွန်ုပ်နှင့်ဘဲဥလည်း ဗွက်အိုင်များကိုရှောင်ကွင်း၍ လျှောက်လှမ်းလာရင်း မြူနီစီပယ်အဖွဲ့ကိုမေတ္တာပို့ကြကုန်၏။
သဘောင်္ဆိပ် ရေဆင်းတံတားအနားသို့ ရောက်ရှိလာသည်တွင် “တစ်ရွာသား အချစ်က ပိုပါတယ်။ တစ်ရွာသူ အချစ်လေးရယ်” ဟူသည့်တေးချင်းသံကို ကြားလိုက်ရသည်။ အလို … ရေမျောကမ်းတင် သူငယ်မလေးပါကလား။ ကုန်တင်ကုန်ချအလုပ်သမားရုံး တံစက်မြိတ်အောက်တွင် ကျုံ့ကျုံ့ထိုင်၍ တဖွဲဖွဲရွာသွန်းနေသည့် မုတ်သုန်မိုးဒဏ်ကို တိမ်းရှောင်ကာ ပိုက်ဆံတောင်းနေလေ၏။ “တယ် ခက်တော့တာပဲ” ဟု ကျွန်ုပ် လွှတ်ခနဲညည်းညူ မိတော့သည်။ ဘဲဥလည်း ဘာမှ မပြောနိုင်တော့။ သို့နှင့်ပင် ကျွန်ုပ်တို့သူငယ်ချင်းနှစ်ဦးမှာ ရေမျောကမ်းတင်သူငယ်မလေး ထံပါးသို့ မည်သူကမျှတိုက်တွန်းစေ့ဆော်ခြင်းမပြုပါဘဲနှင့် ရောက်ရှိသွားလေ၏။
“ဟဲ့ နင် တစ်ယောက်တည်းလား” ဟု ဘဲဥက ကျုံရရုံ့ထိုင်ရင်း သီချင်းဆိုကာပိုက်ဆံတောင်းနေသူ သူငယ်မလေးကို မေးလိုက်သည်။ တေးသံ တိခနဲပြတ်သွားလေ၏။ သူငယ်မလေးကား ဘာမျှ ပြန်မပြော။ ပြူးကြောင်ကြောင် မျက်လုံးအစုံဖြင့် ဘဲဥကိုမော့ကြည့်၏။ “နင့်အဖေ မပါဘူးလား” ဟု ဘဲဥ ဆက်၍မေးပြန်သည်။ ကလေးမလေးကား ဘာမျှ ပြန်မဖြေ။ ဘဲဥ ကျွဲမြီးတိုသွားသည်။ “ဟဲ့ နင့်အဖေရောလို့ မေးနေတယ်လေ” ဟု ငေါက်ဆတ်ဆတ် ဆိုလိုက် သည်။ ထိုသော်မှ သူငယ်မလေးသည် နီကျင်ကျင်ဆံနွယ်ထွေးတို့ဖုံးလွှမ်းအပ်သောဦးခေါင်းကို ဘယ်ညာခါရမ်းပြရင်း “အဖေကြီး နေမကောင်းဘူး” ဟု ခပ်တိုးတိုးဆိုရှာသည်။ သူ့ စကားကြောင့် ကျွန်ုပ်တို့နှစ်ဦး၏နှလုံးသားအစုံမှာ ဓာတ်လိုက်ခံရသလို ကျဉ်ခနဲဖြစ်သွားသည်။
ဘဲဥသည် လေပူကိုမှုတ်ထုတ်ရင်း “မိုးရေထဲ ပိုက်ဆံတောင်း မနေနဲ့။ ပိုက်ဆံထည့်မယ့်လူတွေလဲ အိမ်ထဲကနေ အိမ်ပြင်ထွက်တာ မဟုတ်ဘူး။ သွား သွား .. ကမ်းနဖူးမှာ လေက တိုးက တိုးသနဲ့။ နင်ပါဖျားမှ ဒုက္ခအချောင်းလိုက် ရောက်တော့မယ်။ ရော့ ပိုက်ဆံယူသွား အိမ်ပြန်တော့” ဟုဆိုကာ ငွေတစ်ထောင် ထုတ်ပေးလိုက်သည်။ ငွေတစ်ထောင်သည် ကျွန်ုပ်တို့အဖို့ များပြားသောပမာဏမဟုတ်သော်လည်း ရေမျောကမ်းတင်သားအဖတို့အတွက်မူ တစ်စုံတစ်ရာသော တိုင်းအတာမျှ အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့ထင်မိသည်။ ထို့နောက် ကျွန်ုပ်တို့နှစ်ဦးမှာ ပဲ့ထောင်ကိုစက်နှိုး၍ အချမ်းပြေ ရမ်နှစ်ပက်မျှသောက်ပြီး တရုတ်နီ (၁၃) ကောင် အင်ဂျင်စက်ကို မီးပွင့်အောင် မောင်းနှင်ပြီး ဒေါင့်ကြီးကျွန်းသို့ ယွန်းခဲ့၏။
လမ်းတစ်လျှောက်တွင် စိတ်ကူးတည့်ရာပြောဆိုရင်း ရေမျောကမ်းတင်သားအဖအကြောင်းသို့ ရောက်သွားပြန်သည်။ “ဒီလိုပုံစံနဲ့ ဒီကလေးမလေးကြီးလာရင် ဘာဖြစ်မလဲဆိုတာ မတွေးဝံ့ဘူး” ဟု ဘဲဥက တွေးတွေးဆဆ ဆိုသည်။ သူ့ စကားကြောင့် ကျွန်ုပ်လည်း ရှိစုမဲ့စုညာဏ်ကိုထုတ်၍ စဉ်းစားမိသည်။ ရေမျောကမ်းတင်တို့၏ဘ၀ကား ဘာမျှ မရေရာ။ ဤကဲ့သို့ ကလေးဘ၀ကတည်းက ပိုက်ဆံတောင်းရမ်း၍ အသက်မွေးမြူ၍ကြီးပြင်းရသည့်သူငယ်မအဖို့ ရှေ့ဆက် ပို၍ ဆိုးရန်အကြောင်းတရားကား အတော်ပင်သေချာသည်။ “မတော်ကွာ ကလေးက အပျိုအရွယ်ရောက်လာရင် ဒုက္ခပဲ” ဟု ကျွန်ုပ် ဆိုမိသည်။
ဤသူငယ်မလေး၏ဘ၀မှာ မြစ်ရိုးတလျှောက်တွင် စုန်ဆန်မျောနေသည့် ဗေဒါပန်းပွင့်နှင့် အလားသဏ္ဌန်တူလှချေ၏။ သို့သော် ပန်းပွင့်ဘ၀သို့ မရောက်တတ်သေး။ အငုံအဖူးဘ၀ပင် ရှိသေးသည်။ လောကဓံတရား၏ အထုအထောင်း၊ ပတ်ဝန်းကျင်အခြေအနေ ပယောဂတို့ကြောင့် ပန်းအဖြစ် ကောင်းမွန်စွာဖူးပွင့်ရန်အခြေအနေ နည်းပါးလှသည်။ ရံဖန်ရံခါတွင် အကောင်းမြင်လွန်းသောစိတ်ကူးသည် ရေတွင်အရုပ်ရေးသည့်နှယ်ဖြစ်တတ်သည့်သဘောကို ကျွန်ုပ်တို့ ကောင်းစွာနားလည်ပြီး ဖြစ်ပါသည်။ သို့နှင့်ပင် ထင်ရာမြင်ရာပြောရင်းဆိုရင်း ဒေါင့်ကြီးသို့ရောက်လေသတည်း။
ဒေါင့်ကြီးတွင် ကျွန်ုပ်တို့နှစ်ဦးအဖို့ အလုပ်များများစားစား မရှိချေ။ ရေမြုပ်နေသည့်စပါးခင်းတို့မှာ ကျွန်ုပ်တို့နှစ်ဦးနှင့် သက်ဆိုင်သော အလုပ် မဟုတ်ချေ။ သို့နှင့် သက်ဆိုင်ရာသူရင်းငှားတို့ကို ရေဖောက်ထုတ်ရန်ခိုင်းလိုက်ပြီး ကျွန်ုပ်တို့ နှစ်ဦးမှာ အရက်သောက်လိုက်၊ သူရင်းငှားတို့ ရှာဖွေချက်ပြုတ်ပေးသည့် ဖားကြော်၊ ငါးကြော်တို့ကို ပါးဖြဲနားဖြဲ စားလိုက်ဖြင့် ဇိမ်ကျနေလေ၏။ မြို့မှ ယူလာသည့် အရက်နှင့်စီးကရက်ကုန်သော် သူရင်းငှားခေါင်းကိုခေါ်၍ လုပ်ငန်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားကာ မြို့သို့ ပြန်ခဲ့ကြလေ၏။
(၉)
ခုနစ်ရက်၊ ခုနစ်လီ စွေခဲ့သောမိုးမှာ ယခုအခါတွင် ဖြိုးတိုးဖြောက်တောက်သာ ရွာနိုင်တော့သည်။ မြို့ကလေး၏ ကောင်းကင်ထက်တွင် တိမ်တိုက်တို့အုံ့ဆိုင်းနေသော်လည်း ရံဖန်ရံခါတွင် နေမင်းသည် တိမ်တိုက်တို့ကို ထွင်းဖောက်ကာ သ့ ရောင်လျှံကို ပြနိုင်သေးသည်။ မနာလိုငြူစူစိတ်ကြီးလွန်းသောမိုးတိမ်တို့က နေမင်း၏ အလင်းရောင်လျှံကို ဖုံးအုပ်ကွယ်ရှားလိုက်လျှင် နေမင်းခမျာ တိမ်ထက်သို့  ခပ်ယို့ယို့ဆုတ်သွားရပြန်သည်။ သို့သော် နေမင်းကား မာန် မချ။ အခွင့်သာသည်နှင့်တပြိုက်နက် မိုးတိမ်မည်းတို့ကိုဖောက်ခွင်း၍ ပေါ်ထွန်းလာပြန်သည်။
ကျွန်ုပ်နှင့်ဘဲဥမှာ လက်ဘက်ရည်ဆိုင်ထိုင်ရင်းနှင့် နေမင်းနှင့်တိမ်တိုက်တို့၏စစ်ပွဲကို ရှုစားနေကြသည်။ ထိုအခိုက်တွင် ခပ်ဝေးဝေးဆီတွင် လေကိုင်းသဏ္ဌာန်သက်တန့်ကြီး ပေါ်ထွက်လာ၏။ ကလေးများကား အိမ်ရှေ့သို့ထွက်လာပြီး သက်တံ့ကို သူ အရင်မြင်သည် ငါ အရင်မြင်သည်နှင့် ကျွက်ကျွက်ညံအောင် ငြင်းခုန်နေကြ၏။ ကလေးတို့၏ ပျော်ရွှင်မြူးတူးသံကြောင့် ကျွန်ုပ်နှင့်ဘဲဥတို့ အလိုလို ပြုံးမိတော့သည်။ ဘဲဥက မလုံမလဲအမူအရာဖြင့် ကျွန်ုပ်ကို ပြုံး၍ ကြည့်သည်။ ကျွန်ုပ်တို့နှစ်ဦးလုံး မြူးတူးနေသည့်ကလေးငယ်တို့ကိုကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မော မိတော့သည်။ စင်စစ် ကျွန်ုပ်တို့နှစ်ဦးငယ်စဉ်က ဤကလေးတို့ထက်ပင် ပို၍ ဆိုးသေးသည်။ သက်တန့်ကြီး ရေသောက်ဆင်းသည့်ချောင်းမှာ သိကြားဘုရားကုန်း အနောက်ဘက်တွင် ရှိမည်ဟုထင်မှတ်ပြီး မြို့နှင့် တစ်မိုင်ခန့် ဝေးသော သိကြားဘုရားကုန်းသို့ BMX စက်ဘီး ကိုယ်စီ စီးနင်းပြီး သက်တန့်၏မူလဘူတကို စွန့်စွန့်စားစား မိုက်မိုက်မဲမဲ ရှာဖွေဖူးခဲ့သည်မဟုတ်လော။
ပျော်မြူးနေသည့်ကလေးငယ်တို့ကိုကြည့်ရင်း ရေမျောကမ်းတင်သူငယ်မလေး၏အကြောင်းသည် ဘဲဥ၏ အတွေးထဲသို့ရောက်ရှိလာဟန်တူသည်။ “ဒီလောက်လှတဲ့ သက်တန့်ကြီး ထွန်းနေတာကို ဟို ရေမျောကမ်းတင် ကောင်မလေး မြင်ရပါ့မလား” ဟု လွှတ်ခနဲဆိုလိုက်သည်။ သူ့ စကားကြောင့် ကျွန်ုပ်လည်း စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။ သက်တန့်ကြီး ပေါ်ထွက်နေရာ သိကြားဘုရားကုန်းဘက်သို့ ဖုန်းဆိုးကွင်းဘက်မှလှမ်းကြည့်ရန် မလွယ်လှ။ ဖုန်းဆိုးကွင်းနှင့် သိကြားဘုရားကုန်းအကြားတွင်း အုန်းတောကြီးပိတ်ဖုံးနေသည် မဟုတ်လော။ “ဒီလိုပဲပေါ့ ဘဲဥရယ်” ဟုသာ ကျွန်ုပ် ပြောမိတော့သည်။ အလှတရားပြည့်စုံသောဤကမ္ဘာမြေကို ကြည့်မြင်ခွင့်မရသူ အဘယ်မျှ များပြားလိမ့်မည်နည်းဟု စဉ်းစားခန်းဖွင့်မိတော့သည်။
ဘဲဥကား လက်ကျန်စီးကရက်ကို ကုန်အောင်ဖွာရှိုက်လိုက်ပြီး လက်ဘက်ရည်ဖိုး ရှင်းလိုက်သည်။ ထို့နောက် “ဟေ့ရောင် ကျပ်ခိုး လာကွာ … အပြင်ထွက်ရအောင်” ဟု ဆိုသည်။ “မင်း စက်ဘီးကို ဆိုင်မှာပဲားခဲ့လိုက်။ ငါတို့ ငယ်ငယ်တုန်းကလိုပေါ့ကွာ။ မင်းက ငါ့ စက်ဘီး ဘားတန်းပေါ် တက်ထိုင်” ဟု ဆိုပြန်သည်။ “ဟေ့ မင်း ဘယ် သွားမလို့တုန်း” ဟု ကျွန်ုပ် မေးမိသည်။ “ဖုန်းဆိုးကွင်းဘက်ကို သွားမယ်လေကွာ။ ကဲ တက်မှာသာ တက်စမ်း” ဟု ဘဲဥက ဆိုလိုက်သည်။ ဘဲဥ ဘယ်ကိုသွားမည်ကို ငယ်ပေါင်းကြီးဖော် ကျွန်ုပ် အတပ်သိပါသည်။
ဖုန်းဆိုးကွင်းသို့ သွားရာလမ်းမှာ ဗွက်ပေါက်နေလေ၏။ ဘဲဥသည် ဟိုတစ်ကွက် သည်တစ်ကွက် အိုင်ဖွဲ့မင်းမူနေသည့် ဗွက်အိုင်တို့ကိုရှောင်ကွင်း၍ စက်ဘီးကို နင်းသည်။ လမ်းတလျှောက်တွင် ကျွန်ုပ်တို့ငယ်စဉ်က ဆိုညည်းဖူးသည့် “ကပါ … ကပါ … ရွှေသုန္ဒရီရယ်” ဟူသည့် တေးသီချင်းကို ပြိုင်တူဆိုညည်းမိတော့သည်။ တေးညည်းနေရင်း ဘဲဥသည် နောက်သို့လှည့်၍ သက်တန့်ကြီး ပေါ်ထွန်းနေသည့် မိုးကောင်းကင်ကို စိုးရိမ်မကင်းဟန်ဖြင့် မကြာခဏ လှည့်ကြည့် သည်။
သို့နှင့်ပင် တောရကျောင်း ကုက္ကိုပင်တန်း၊ ရွှေသာလျောင်းဘုရား၊ ကျိုက်ထီးရိုးလေး စေတီတော်တို့ကိုကျော်လွန်၍ ဖုန်းဆိုးကွင်းအစပ်သို့ ရောက်ခဲ့လေ၏။ ဖုန်းဆိုးကွင်းတစ်ပြင်လုံး မြက်ရိုင်းတို့ဖုံးလွှမ်းနေသဖြင့် မြစိမ်းရောင်ကမ္ဗလာ ဖြန့်ခင်းထားသည့်နှယ် စိမ်းချင်တိုင်း စိမ်း၍ နေလေ၏။ ဘဲဥနှင့်ကျွန်ုပ်လည်း ဖုန်းဆိုးကွင်းကိုဖြတ်သန်း၍ တိုက်ခတ် လာသည့်မိုးလေအေးကို တ၀ကြီးရှုရှိုက်လိုက်သည်။ ထို့နောက် ရေမျောကမ်းတင်သားအဖတို့ ကိန်းအောင်းစမ္ပယ်ရာ တဲပုတ်ကလေးသို့ ခြေဦးလှည့်လိုက်သည်။  
ရေမျောကမ်းတင်သားအဖတို့နေထိုင်ရာ တဲအိမ်ကလေးမှာ ကြမ်းခုနစ်ချောင်း မဆိုထားဘိ၊ ကြမ်း တစ်ချောင်းမျှပင် ရှိဟန် မတူ။ တဲပုတ်ကလေး၏အရှေ့တွင် ကြွပ်ကြွပ်အိတ်များ လမ်းသလားနေသည်ကို တွေ့ရ၏။ ဘဲဥနှင့်ကျွန်ုပ်သည် ခွင့်တောင်းခြင်း မပြုဘဲ တဲအိမ်ကလေး အရှေ့သို့ ရောက်ခဲ့သည်။ ဘဲဥက  ချောင်းသံ ပေးလိုက်သည်။ မည်သူမှ ပြန် မထူး။ မည်သည့် အရိပ်အရောင်ကိုမျှ မတွေ့ရ။ သို့ဖြစ်၍ ကျွန်ုပ်နှင့် ဘဲဥတို့ မရိုးမရွ ဖြစ်လာသည်။ စိတ်မြန်လက်မြန် ရှိသူများပီပီ “ကျွန်တော်တို့ ၀င်လာပြီ” ဟု အသံပြု၍ တဲအိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်လိုက်လေ၏။
တဲအိမ်ကလေး၏၀င်ပေါက်မှာနိမ့်လွန်းလှသဖြင့် ခေါင်းငုံ့၍ ၀င်ရသည်။ အမှောင်ထုကြီးစိုးနေသဖြင့် တဲအိမ် အတွင်း မြင်ကွင်းမှာ မသဲကွဲ။ မျက်စိကို ခေတ္တမျှမှိတ်ထားပြီး ဖွင့်ကြည့်လိုက်ပါမှ တဲအိမ် အတွင်းမြင်ကွင်းကို ကောင်းစွာ မြင်ရတော့သည်။ ၀င်ပေါက်၏ညာဘက်တွင် သံပုဂံပြားဖြင့်ဖုံးအုပ်ထားသည့် သောက်ရေအိုး တစ်လုံး၊ တဲအိမ်၏ ပင်မနေရာတွင် ဖြန့်ခင်းထားသည့် သပေါ့ဖျာစုတ်တစ်ချပ်၊ ခေါင်တိုင်တွင်ချိတ်ဆွဲထားသည့် မယ်ဒလင်တစ်လက်၊ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည့် တိုလီမုတ်စပစ္စည်းများကို တွေ့ရသည်။ ရေမျောကမ်းတင်ဖခင်ကြီးသည် သပေါ့ဖျာစုတ်ပေါ်တွင် ထီးထီးကြီး ထိုင်နေလေ၏။ အလင်းရောင်ကို ကျောပေးပြီးထိုင်နေသဖြင့် သူ့မျက်နှာကို သဲသဲကွဲကွဲ မမြင်ရချေ။
“ကလေးမလေး မတွေ့ပါလားဗျ” ဟု ဘဲဥက မေးလိုက်သည်။ ထို့နောက် “သက်တန့် ကြည့်ရအောင် လာပြောတာ” ဟု ဘဲဥက ကသောကမျော ပြောလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးကား ဘာမျှ မပြော။ တုပ်တုပ်မျှ မလှုပ်ချေ။ “ကလေး အပြင်ကို သွားနေတာလား” ဟု ဘဲဥက မေးလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးထံမှာ မည်သည့် အဖြေမျှ မထွက်လာပေ။
“ကလေးမလေး ဘယ်သွားနေတုန်းဗျ” ဟု ဘဲဥ က ထပ်မံပြီး မေးလိုက်ပြန်သည်။ ရေမျောကမ်းတင်ကြီးထံမှ တအိအိ ငိုရှိုက်သံ ထွက်ပေါ်လာ၏။ ကျွန်ုပ်တို့နှစ်ဦးလုံး စိတ်ရှုပ်သွားလေ၏။ တစ်ခုခု မှားယွင်းနေပြီမှန်း သိလိုက်သည်။ “ဘာဖြစ်လို့တုန်းဗျာ၊ ကလေးမလေး နေမကောင်းဘူးလား” ဟု ဘဲဥက ပျာပျာသလဲ မေးလိုက်သည်။ ရေမျောကမ်းတင်ကြီးကား ဘဲဥ၏မေးခွန်းကို ပြန်၍ မဖြေ။ တအိအိနှင့် ငိုရှိုက်နေလေ၏။
သူ၏ ဟန်ပန်အမူအရာမှာ ပေါက်ကွဲရန်အသင့်ဖြစ်နေသည့်မီးတောင်ကြီးနှင့် အလားသဏ္ဌာန်တူလှ၏။ တအိအိ ငိုရှိုက်သံသည် တဗွမ်းဗွမ်းမြည်ဟီးနေသည့်ချော်ရည်ပွက်သံ အလားပင်။ ရေမျောကမ်းတင်ကြီးကိုကြည့်ရင်း ဘဲဥ ကျွဲမြီးတိုလာ၏။ “ခင်ဗျားကို မေးနေတယ်လေဗျာ။ ကလေး ဘာဖြစ်တာတုန်း။ မြို့ထဲသွားပြီး ပိုက်ဆံ တောင်းခိုင်းထား တာလား” ဟူသည့် မေးခွန်း၏အဆုံးတွင် ရေမျောကမ်းတင်ကြီး ဟီးလေးချ၍ငိုကြွေးသည်ကို တွေ့ရလေသတည်း။
သူ့ ငိုသံသည် မီးတောင်ကြီးပေါက်ကွဲမြည်ဟည်းသည့်အလား ကျယ်လောင်လွန်းလှသည်။ သူ့ငိုသံကို မီးတောင် ပေါက်ကွဲသံနှင့်ခိုင်းနှိုင်းလျှင် သူ့မျက်ဝန်းမှ တသွင်သွင်ကျဆင်းလာသည့်မျက်ရည်တို့ကို ချော်ရည်ပူဟု ဆိုရချေမည်။ ထို့နည်းတူ ရှိုက်သံစွက်နေသော “သမီးလေး သေသွားပြီ” ဟုသည့် စကားကိုမူ ချော်ရည်ပူတို့အထဲမှ လွင့်စဉ်ထွက် လာသောကျောက်စိုင်ခဲကြီးဟု တင်စားရပေမည်။ ယင်း ကျောက်စိုင်ခဲကြီးသည် ရေမျောကမ်းတင်ကြီး၏ လည်ချောင်းဝမှ ခုန်ပျံထွက်လာပြီးလျှင် ဘဲဥနှင့်ကျွန်ုပ်တို့၏ရင်ဝကို ပြင်းစွာဆောင့်၏။

ရေမျောကမ်းတင်ကြီး၏ လည်ချောင်းမှ ချော်ရည်ပူတို့ ဆက်၍စီးဆင်းလာလေ၏။  “ကျွန်တော် မိုးမိပြီး အဖျားဝင်တာ အတော် ကြာပြီ။ စားစရာမရှိတော့ ကလေးက ဗိုက်ဆာတာပေါ့။ လူကြီးက အောင့်ခံလို့ရပေမယ့် ကလေးဆိုတော့ ဆာတာပေါ့။ သမီးလေးက မိုးနည်းနည်းစဲတော့ မြို့ထဲကို သွားသေးတယ်။ ငွေတစ်ထောင် ရလာတယ်တဲ့။ အဲဒီ ငွေလေးနဲ့ ဆန်ဝယ်လာပြီး ကျွန်တော့်ကို ဆန်ပြုတ် ပြုတ်တိုက်တယ်။ အဲဒီနေ့ညမှာပဲ ကလေးလဲ ဖျားတယ်။ ကျွန်တော်ကလဲ အိပ်ရာထဲက မထနိုင်ဘူး။ နောက်နေ့ကျတော့ ကလေးက တစ်နေ့လုံးဖျားပြီး ခွေနေတယ်။ ညနေစောင်းတော့ ပိုသည်းလာတယ်။ နောက်တော့ ကယောင်ကတမ်းတွေလျှောက်ပြောပြီး  တက်တယ်။ မိုးမလင်းခင် ဆုံးသွားတာပဲ” ဟု တသီတတန်းပြောပြီးနောက် တရှုတ်ရှုတ်နှင့်ငိုပြန်သည်။ မထင်မှတ်ဘဲ ကြားလိုက်ရသည်စကားတို့ကြောင့် ကျွန်ုပ်တို့နှစ်ဦးလုံး ဖင်ထိုင်ရက်ကျလုမတတ် ဖြစ်ရတော့သည်။ ဘဲဥသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ရေမျောကမ်းတင်ကြီးကား ငိုကောင်းဆဲပင်။
(၁၀)
ဘဲဥနှင့်ကျွန်ုပ်သည် စိတ်မကောင်းခြင်းကြီးစွာနှင့် တဲအိမ်ငယ်အတွင်းမှ အပြင်သို့ထွက်ခဲ့သည်။ စူးရှသော အလင်းရောင်သည် ကျွန်ုပ်တို့၏မျက်နှာပေါ်သို့ ကျဆင်းလာ၏။ တဲအိမ်ကလေး၏အရှေ့စူးစူးရှိ သင်္ချိုင်းကုန်းအစပ်ရှိ လယ်ကွက်များတွင် အစာရှာနေသည့်ဗျိုင်းဖြူတစ်အုပ်ကို တွေ့ရ၏။ အနောက်ရမ်းသည် သင်္ချိုင်းကုန်းကိုဖြတ်သန်း၍ တိုက်ခတ်လာသည်။ သင်္ချိုင်းကုန်းခံစည်းရိုးတွင် အလေ့ကျပေါက်နေသော အရပ်အခေါ် ဘောလုံးပန်းဟု အမည်ရသည် ပန်းနုရောင် မိုးနှင်းပန်းတို့ အဆုပ်လိုက်အဆုပ်လိုက် ပွင့်ဖူးနေသည်ကိုတွေ့ရသည်။ ကျွန်ုပ်တို့နှစ်ဦးလုံး တိုင်ပင်ထားခြင်းမရှိပါဘဲနှင့် သင်္ချိုင်းကုန်းအစပ်ရှိ ဘောလုံးပန်းခင်းကြီးကို ကြည့်နေမိတော့သည်။
“ဟေ့ရောင် ကျပ်ခိုး …. ကလေးမလေးကို မြုပ်ထားတာ ဟောဟို ဘောလုံးပန်းခင်းအနောက်နားမှာ ဖြစ်မယ်ကွ” ဟု ဆိုရင်း ဘဲဥသည် ခဲတစ်လုံးကိုကောက်ယူပြီး ဘောလုံးပန်းခင်းထဲသို့ ပစ်ထည့်လိုက်၏။ ယင်းနောက် ကျွန်ုပ်တို့နှစ်ဦး သည် ဖုန်းဆိုးကွင်းမြက်ရိုင်းတောကိုဖြတ်သန်း၍ မြို့သို့ တိတ်ဆိတ်စွာပြန်ခဲ့တော့သည်။ မိုးရွာသွန်းပြီးစဖြစ်သဖြင့် လောကဓာတ်အ၀ှန်းသည် သစ်လွင်လန်းဆန်းနေလေ၏။ မိုးဆွေငှက်၏ “မိုး … သည်း သည်း သည်း” ဟူသည့် မိုးခေါ်သံကို ကြားရပြန်သည်။
မြို့ဆီသို့အပြန်လမ်းတွင် ကောင်းကင်ကိုမော့ကြည့်မိသည်။ သိကြားဘုရားကုန်းထက်တွင် သက်တန့်ကြီး ပေါ်ထွန်း နေဆဲပင် ဖြစ်သည်။ သိကြားဘုရားကုန်းအနောက်ဘက်ရှိချောင်းရိုးတွင် ရေသောက်ဆင်းနေသော သက်တန့်ကြီး သည် ဖုန်းဆိုးကွင်းဘက်သို့ တဖြည်းဖြည်းလှမ်းသွားနေသည်ကို ကျွန်ုပ်တွေ့ရသည်။ ကျွန်ုပ်၏အမြင်အာရုံမှားယွင်း နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ တရွေ့ရွေ့လှမ်းသွားနေသည့်သက်တန့်ကြီးအား ဖုန်းဆိုးကွင်းနှင့် သုဿာန်အကြားရှိဘောလုံးပန်းခင်းတွင် ခရီးတစ်ထောက်နားလှည့်ပါဦးဟု ကျွန်ုပ် လှမ်းအော်ပြောမိတော့သည်။
မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပထမ ၀ါဆိုလပြည့်ကျော် ၁၁ ရက် စနေနေ့ ၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်။
(ယူတာကဒီနေရာကပါ) http://www.kaungkin.com/index.php?option=com_content&view=article&id=808%3Astory&catid=36%3A2009-04-17-01-30-11&Itemid=67

0 comments:

Post a Comment