Wednesday, August 1, 2012

ကိုကိုကြီးသို့အိပ်ဖွင့်ပေးစာအပြည့်အစုံ(မလှမြိုင်(ခ)မိုင်ပိုပိုတင်)

0 comments

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့
စစ်အာဏာရှင်တို့၏ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး မိသားစုမှ အိတ်ဖွင့်ပေးစာ
ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရှင့် ...
အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကိုဦးဆောင်ရင်း စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ကျဆုံးသွားတဲ့ (၁၉၇၄-၁၉၇၆ မျိုးဆက်) ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးရဲ့ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။
ကျမတို့မိသားစုအကြောင်းကို ကိုကိုကြီး ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။ အနည်းငယ်ပြန်ပြီးမိတ်ဆက်ပါရစေ။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် ၉ နှစ်၊ ကျမမောင်ကိုလှရွှေက ထောင်ဒဏ် ရ နှစ်၊ ဘာမှ အပြစ်မရှိတဲ့မိဘနှစ်ပါးက ထောင်ဒဏ် ၅ နှစ်စီ၊ မောင်အငယ်ဆုံးကလေး မောင်သန့်ဇင်က နှိပ်စက်ညှဉ်းပမ်းခံခဲ့ရ ... စသဖြင့် မိသားစုတစုလုံးဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကျမတို့မိသားစုတစုပဲ ရှိမယ်ထင်ပါတယ်။ ဒီလို ဘ၀ပေးအသိရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းပြီး စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့်သတ္တိရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လေးစားချစ်ခင်တဲ့နေရာမှာ ကျမတို့ထက်သာသူမရှိဘူးလို့တောင် ပြောနိုင်ပါတယ်ရှင်။
ကျမတို့မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအားဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်းမှာနေလို့ မရတော့လောက်အောင်ကို အခြေအနေဆိုက်ရောက်လာတဲ့အတွက် ရှစ်လေးလုံးပြီးကတည်းက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာအခြေချနေထိုင်လျက်ရှိပါတယ်။
ကျမရဲ့အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့နှစ်ပတ်လည်နေ့ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့တုန်းက ရန်ကုန်မှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေဖြစ်တဲ့ (အသက်ကြီးလှပြီဖြစ်ပေမယ့် သတ္တိရှိစွာလှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာဆရာကြီးဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နဲ့ အခြားခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ကြောင်း ပထမပြောချင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေထဲမှာ ကိုကိုကြီးလည်းပါရင် ကျေးဇူးတင်ပါရစေရှင်။
“တကယ်တော့ သံလျက်တော်ယူတဲ့သူခိုးကဆိုတဲ့ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်ကသူခိုးဖြစ်နေတာပဲ မဟုတ်လား။ ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာမဟုတ်ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကိုကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာ ရောက်အောင်တွန်းတင်တဲ့အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့် ပါချင်ရတာလဲ။”
ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ... စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲခဲ့ကြ တာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီးမတိုင်ခင် လူထုလှုပ်ရှားမှုကို စတင်ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြ တာတွေ ... စတာတွေကို ကျမတို့ မိသားစုတစုလုံးက လေးစားအသိအမှတ်ပြုလျက်ရှိဆဲပါရှင်။
အခု လူတွေအတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့မိသားစုတစုလုံး မျက်ခြေမပြတ်ကြည့်နေပါတယ်။ ကျမတို့ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန်အရသာ အရေခွံဟောင်းကိုခွာ၊ အရေခွံအသစ်ကိုထပ်တင်လိုက်တာကလွဲလို့ အနှစ်သာရအရ ဘာမှမပြောင်းဘူး။ ၁၉၆၂ ခုနှစ်တုန်းက ကျောင်းသားသမဂ္ဂကိုဖြို၊ သားသမီးတွေလို သဘောထားရမယ့်ကျောင်းသားတွေကိုသတ်ပြီး ဗိုလ်ချုပ်နေ၀င်းက ဓားဓားချင်းလှံလှံချင်းစိမ်ခေါ်ခဲ့တာ ကိုကိုကြီး မေ့သွားပြီလား။ ကိုကိုကြီးအမွှမ်းတင်ဖို့အစချီလာတဲ့တပ်မတော်ဆိုတာဟာ သည်အတွေးအခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင်စွဲထားတာကို သတိမပြုမိဘူးလားရှင့်။ အခု ခဏကလေး ဖုံးထားတဲ့အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်းဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့တယ်မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့အစွယ်ကို တချက်လောက်ပဲ လှစ်ပြလိုက်တာမဟုတ်ပါလားရှင်။
အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက်တည်ရှိနေတယ်ဆိုတာ ကိုကိုကြီး သိမှာမလွဲပါဘူး။ အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်သစ်တွေကပဲ တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထားတာကြောင့် လူသစ်တွေလည်းနေရာရသင့်တယ်ရယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင်ပြောဆိုသွားခဲ့တာ ကိုကိုကြီး ကြားမှာပါ။
ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည်အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိပြောကြားလိုက်တဲ့ အောက်ပါစကားတွေကိုကြားလိုက်ရတော့ ကျမတို့ အံသြတုန်လှုပ်သွားခဲ့တယ်ရှင့်။ ဒါကြောင့်လည်း ဒီအိတ်ဖွင့်ပေးစာကို ရေးလိုက်တာပါပဲ။
“ရိုဟင်ဂျာကိစ္စမှာ ကျနော်တိုနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာကိစ္စကို အခုအပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ ကျနော်တို့ မြန်မာနိုင်ငံတိုင်းရင်းသား လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်မောင်းတောကိစ္စတွေမှာ နိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံကိစ္စကို အပြည့်အစုံနားမလည်ဘဲ ၀င်ရောက်ပက်သတ်စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး။ ကျနော်တို့နိုင်ငံရဲ့အချုပ်အခြာကိုထိပါးတယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ နိုင်ငံတကာနဲ့ မျက်နှာမပျက်အောင် ဒုက္ခသည်များလို့ယူဆပြီး လူသားချင်းစာနာမှု ကိုယ်ခြင်းစာနာမှုနဲ့လိုက်လျောမှုကို နိုင်ငံကြီးတွေကဖိအားပေးလာရင် ကျနော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နဲ့ လက်တွဲဖြေရှင်းသွားမယ်။”
အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေဟာ ကျမတို့မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
“နိုင်ငံကြီးတွေကဖိအားပေးလာရင် ကျနော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နဲ့ လက်တွဲဖြေရှင်းသွားမယ်။”
ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားမယ့်ကျောင်းသားခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လားရယ်လို့ ကျမတို့ သံသယ၀င်သွားခဲ့တယ်ရှင့်။ ကိုကိုကြီး "လေ"မျိုးကို ကျန်တဲ့ကျောင်းသားတွေအတုယူလာရင် စစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့ကျောင်းသားတွေဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကိုအကျိုးပြုတဲ့ကျောင်းသားတွေဖြစ်သွားမှာ စိုးရိမ်မိတယ်။
ရှစ်လေးလုံးကာလအတွင်းမှာ ဒီမိုကရေစီဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော်ရှည်ပါစေလို့ လူထုက တန်ဖိုးထားကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက “တပ်မတော်ကို စိတ်နဲ့တောင်မပစ်မှားနဲ့” လို့ ပြောခဲ့တဲ့အတွက် လူထုက နိုင်ငံရေးမြောင်းထဲကိုပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေချင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကိုသာ ခိုင်မာအောင်လုပ်နေကြတာ မျက်မြင်ပါပဲ။
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့တိုက်ပွဲတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ဆက်ပြီးဆင်နွှဲသွားအောင် ရှင်းလင်းတဲ့အမြင်တွေတင်ပေးရမယ့်အစား စစ်အာဏာရှင်စနစ်ကိုဒူးထောက်တဲ့လမ်းကြောင်းကို ဦးတည်မယ့်စကားလုံးတွေကို ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။
၁၉၆၇ ခုနှစ် အာဏာရှင်ဗိုလ်ချုပ်နေ၀င်းဖန်တီးခဲ့တဲ့ တရုတ်-မြန်မာအရေးအခင်းတုန်းက ကျမတို့မိဘတွေရော ကျမအကိုကြီး ဆလိုင်းကိုတင်မောင်ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြဿနာဖြစ်ပြီး စစ်တွေမှာဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့သွားပြီလား သို့မဟုတ် ငယ်သေးလို့များ မသိတာလား။ ဆန်ပြဿနာအရေးအခင်းကိုအာရုံလွှဲချင်တော့ တရုတ်-ဗမာအဓိကရုဏ်းဖြစ်အောင် နေ၀င်းက ဖန်တီးခဲ့တယ်။ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့လုံခြုံရေးအဖွဲ့လက်ပါးစေတွေကို
အရပ်ဝတ်လဲ၊ အခြေမဲ့အနေမဲ့လူရမ်းကားတွေကိုမြှောက်ပေး၊ တရုတ်အိမ်တွေကို ၀င်ရောက်မီးရှို့ဖျက်ဆီး (တချို့ သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့စစ်တပ်က လူအုပ်ကြီးနောက်ကလိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင်အောင်သာ မီးငြှိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊ နှိပ်စက်၊ တရုတ်အိမ်တွေမီးရှို့တဲ့ လူရမ်းကားတွေအပေါ် ဘာမှ ထိထိရောက်ရောက် အရေးမယူခဲ့ဘူး။
ကျမအကိုကြီး ဆလိုင်းကိုတင်မောင်ဦးဆိုရင် အဲသည်တုန်းက သူ့အသက် ၁၆ နှစ်ပဲ ရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့တရုတ်မိသားစုတစုကို ဘုန်းကြီးကျောင်းထဲမှာဝှက်ပြီး ကယ်ခဲ့သေးတယ်။ တရုတ်တွေအပေါ် လူမျိုးမတူတာအပထား၊ လူသားချင်းစာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့လူတွေရဲ့) လူ့အသက်တွေကိုတော့ ကယ်တင်သင့်တယ်ဆိုတဲ့ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။
စစ်အာဏာရှင်တွေက လူမျိုးရေးအဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ပဲဖန်တီးပြီး လက်နက်အားကိုးနဲ့အုပ်ချုပ်ခွင့်ရအာင် အဲသည်လိုလုပ်ခဲ့ကြတာပါ။ ကိုကိုကြီး ပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာသည်လိုမျိုးဖြစ်မှာ ကျမတို့ သိပ်ကိုစိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီလို့လည်း ယူဆတယ်။
ကျမတို့က ရိုဟင်ဂျာတွေဘက်က သတ်ဖြတ်ကျူးလွန်မှုတွေမရှိဘူးလို့ ဘက်လိုက်ပြီးခုခံကာကွယ်ပြော ဆိုနေတာမဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေရှိသလို ဗလီတွေဖျက်ဆီးခံရတာတွေ ရှိကြောင်း ကြားရတယ်။ ပြစ်မှုကျူးလွန်တဲ့နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလိုမဟုတ်ဘဲနဲ့ အမျိုးသားရေးကိစ္စဆိုပြီး ရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့အပြုအမူတွေ ပြုကျင့်မယ်ဆိုရင်တော့ ကျမတို့ လက်မခံနိုင်ဘူးရှင့်။ ကိုကိုကြီးသုံးနှုန်းသွားတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ သည်လိုမတရားတာတွေပြုကျင့်စေဖို့ အားပေးရာရောက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါရစေ။
ကိုကိုကြီးအပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ်တချို့လောက် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုပဲ စစ်အာဏာရှင်လွှမ်းမိုးကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြီး လေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေအများစုကြီးက အပြောင်းအလဲလို့ယူဆနေကြတဲ့ အနေအထားတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ Guided Democracy လို့ခေါ်တဲ့ လမ်းညွှန်ဒီမိုကရေစီအောက်ကရခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးကိုတောင် မမီသးဘူးရှင့်။ အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရတဲ့အဆင့်ပဲရှိသေးတယ်။ သည့်ထက်သာတဲ့အခွင့်အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင်ဆူဟာတိုရှိစဉ်ကတည်းက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရဘာမှမပြောင်းလဲသေးဘူးဆိုတာ ရှင်းနေပါတယ်။
ဘာဘဲဖြစ်ဖြစ် ရသမျှအခွင့်အရေးကလေးတွေကိုယူပြီး စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကြီးတွေ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေက အချင်းချင်းအပြန်အလှန်စုစည်း စည်းရုံးနေကြတာတွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ခေါင်းဆောင်တဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေက တပြည်လုံးထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကိုခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံးမှာဗကသတွေပြန်လည်ဖွဲ့စည်းဖို့ လုပ်နေကြတာတွေ၊ ဒါတွေအားလုံးကို ကျမတို့ လုံးဝတန်ဖိုးထားအသိအမှတ်ပြုပါတယ်။ အခက်အခဲတွေကြားကနေလုပ်နေကြရတဲ့ အခြေအနေကိုလည်း သဘောပေါက်ပါရဲ့ရှင်။
ဒါပေမယ့် တချိန်တည်းမှာ လူထုတွေကျောင်းသားတွေကို အခြေအနေမှန်ကို အမှန်အတိုင်းအသိပေးဖို့၊ မျှော်လင့်ချက်အမှားတွေရှိမလာစေဖို့၊ နိုင်ငံရေးအရလမ်းကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေမပြောမိစေဖို့ ရိုးရိုးသားသားအကြံပေးချင်တာကြောင့် သည်စာကိုရေးလိုက်တာပါပဲရှင်။
“ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်” လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ “ဒီမိုကရေစီအင်အားစုတွေားလုံးက” လို့ ကိုကိုကြီး ဘာကြောင့် သုံးသွားတာလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘောဆန္ဒလည်း တိတိကျကျထုတ်ဖော်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ဖွင့်ပြောတာလည်း နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ ရွာတွေမီးရှို့တာရှိရင် အဲဒါတွေအားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ထိထိရောက်ရောက် အရေးယူဖို့လည်းတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်ကပါ ရိုဟင်ဂျာနဲ့ရခိုင်လူထုတွေဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ပြဿနာမှာ အမျိုးသားရေးလို့သတ်မှတ်တယ်ဆိုပြီး ဘက်တဘက်ထဲကပဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ချင်သလိုသတ်ဖြတ်၊ ရက်စက်ချင်သလိုရက်စက်၊ လူသားချင်းစာနာထောက်ထားတဲ့အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင်မရအောင် ခံစားနေကြရတဲ့အခြေအနေမျိုးဖြစ်စေမယ်ဆိုရင်တော့ ဒါကို လျှစ်လျှရှုထား၊ မသိချင်ယောင်ထားပြီး ထောက်ခံတဲ့သဘောနဲ့နေလိမ့်မယ်လို့ ကျမတို့တော့ မထင်ဘူးရှင့်။
ပြီးတော့ ဒီမိုကရေစီအင်အားစုတွေအားလုံးကလို့ ကိုကိုကြီးသုံးသွားတာ ကျမတို့လို မလွှဲသာလို့ တိုင်းပြည်ပြင်ပရောက်နေကြတဲ့ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာရောက်နေကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွတဲ့အဖွဲ့အစည်းအသီးသီးတွေကို ထည့်မတွက်တော့ဘူးလားရှင့်။ ဒီမိုကရေစီအင်အားစုတွေအားလုံးကိုကိုယ်စားပြုပြီး ပြောချင်ဆိုချင်တယ်ဆိုရင် သူတို့သဘောထားဆန္ဒကို ကြိုတင်မေးဖို့မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ကိုကိုကြီးတို့ထောင်ထဲမှာ ရှိနေတုန်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ကမ္ဘာပတ်ပြီးတောင်းဆို၊ စစ်အစိုးရကို ဖိအားပေးခဲ့ကြသူတွေပါ။ သူတို့သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့သဘောဆန္ဒကို လည်းမယူဘဲနဲ့ ကိုကိုကြီးနဲ့နီးစပ်သူတချို့လောက်ရဲ့သဘောထားနဲ့ပဲ ဘာကြောင့် အမျိုးသားရေးကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။
ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ်ဆိုရင်ရော ဒါဟာ အမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ သဘောဆန္ဒကိုမယူသင့်ဘူးလား။ သူတို့သဘောမပါဘဲနဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့စစ်အစိုးရသစ်နဲ့ သဘောထားချင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ်လို့ ရပါ့မလားရှင့်။
အခု ရိုဟင်ဂျာ-ရခိုင်အရေးအခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီးစဉ်းစားကြည့်ပါ။ လက်ရှိ တက်နေတဲ့သမ္မတဦးသိန်းစိန်နဲ့ သူ့အောက်က ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေပဲ။ တိုင်းပြည်အုပ်ချုပ်နေရင် ကိုယ့်လူထုအကြောင်းကို ကိုယ်သိရမှာပေါ့။ ရိုးရိုးသားသားဖြစ်ဦးတော့ ရခိုင်ပြည်နယ်မှာဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ်ဆိုတာ ကလေးကအစ သိတယ်။ ဖြစ်ဖြစ်ချင်း ဘယ်ဘက်ကပဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဘက်လုံးကို ချက်ချင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ချင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ချင်းလုပ်၊ အဓိကရုဏ်းမဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေအရ စဖြစ်ကတည်းက ကျမတို့မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Human Rights Watch ရော အခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေ အတော်များများကပါ  ဦးသိန်းစိန်အစိုးရရဲ့ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့အခါကျတော့မှ ကျမတို့ ပိုပြီးသေချာသွားတယ်။
တကယ်တော့ သံလျက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ်နေတာပဲ မဟုတ်လား။ ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာမဟုတ်ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကိုကာကွယ်သယောင်ပြပြီး စစ်တပ်ကိုလူစွမ်းကောင်းနေရာမှာ ရောက်အောင်တွန်းတင်တဲ့အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့် ပါချင်ရတာလဲ။
ရိုဟင်ဂျာတွေဝင်လာတာဟာ အမျိုးသားရေးကိုထိပါးတယ်၊ အမျိုးသားလုံခြုံရေးပြဿနာဖြစ်တယ်ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တလေးတမြို့လုံးလောက်နီးနီး တရုတ်တွေသိမ်းထားသလိုဖြစ်တာ ဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ်အမျိုးမျိုးကိုင်နေကြတာတွေကို ဘယ်လိုရှင်းမလဲရှင့်။
နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီးဝင်လာတဲ့ကိစ္စမှာ အဓိကတာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကိုအာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်က အခုအချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှသွားပြီးပြဿနာမရှာရဲ၊ အားနည်းတဲ့ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့လုပ်တဲ့အတွက် မကောင်းတဲ့အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသား လူထုတွေအတွင်းမှာမတည်မငြိမ်တောက်လျှောက်ဖြစ်၊ ကိုယ့်လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူးဆိုရင် စီးပွားရေးလည်း စိတ်အေးလက်အေးလုပ်ခွင့်မရ၊ ဒီလိုအခြေအနေဟာ ရခိုင်လူထုအတွက် အမျိုးသားအကျိုးစီးပွားလို့ ပြောနိုင်ပါ့မလားရှင့်။
ကျမတို့မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်တာ၊ Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှာမျိုးကိုတော့ ဘယ်လိုနည်းနဲ့ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ရှင်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးစိတ်ဓာတ်ကို ကျမတို့မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီး ထူထောင်ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ်လို့ လုံးဝယုံကြည်တယ်။ တော်လှန်ရေးဟာမပြီးသေးဘူးလို့ ကျမတို့ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့ အရှိန်အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓာတ်ပဲ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးဟာ သူ့အသက်ကိုပေးပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။ ကိုကိုကြီး ပြောလိုက်တဲ့စကားတလုံး၊ နောင်သည်လိုမျိုးဆက်ပြောနိုင်တဲ့စကားလုံးတွေကြောင့် ကျောင်းသားတွေ၊ လူထုတွေစိတ်ဓာတ်ဦးကျိုးသွားမှာကို စိုးရိမ်တယ်။
စစ်အာဏာရှင်စနစ်ကိုအသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက်ဆက်အောက်မှာ ကိုကိုကြီးပြောတဲ့တပ်မတော်ဆိုတာဟာ လူထုကိုကာကွယ်တဲ့အနှစ်သာရ ပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ခါစက လူထုချစ်တဲ့တပ်မတော်ဆိုတာ သမိုင်းထဲမှာပဲကျန်သွားပြီ။ တိုင်းရင်းသားပေါင်းစုံလူထုတွေကိုသာမက သံဃာတော်တွေကိုပါ ပစ်သတ်တဲ့ “သတ် မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ခေါင်းဆောင်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ရက်စက်မှုတွေကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲခဲ့တာပဲရှင့်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို စစ်အာဏာရှင်စနစ်ရှိနေသမျှ ကိုကိုကြီး စိတ်ကူးမယဉ်စေချင်ဘူး။ ရဲရင့်တဲ့ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ (ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေ စစ်အာဏာရှင်စနစ်ကို အရင်ဖြုတ်ပါ) လို့ ဘာကြောင့် မပြောသလဲရှင့်။
ရိုဟင်ဂျာကိုလက်ညှိုးထိုးပြီး အဲဒီစစ်တပ်ကို သူရဲကောင်းလို လူထုတွေကထင်ယောင်ထင်မှားဖြစ်လာစေမယ့် စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေမသုံးဖို့ မေတ္တာရပ်ခံပါရစေရှင်။
မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက်တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ရဲ့ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ကိုကိုကြီးကို မြင်တွေ့လိုပါကြောင်းပြောရင်း သည်စာကိုနိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ မိသားစုတစုလုံးကိုယ်စား
ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၂ ခုနှစ်

Contact Information
Email: salaitinmaungoofamily@yahoo.ca
Telephone: 1 + (604) 379-3104

0 comments:

Post a Comment