Friday, November 14, 2014

စစ်သားတွေလည်း သမဂ္ဂထူထောင်ခွင့်ရှိရမယ် (ဂါမဏိ)

0 comments
စစ်သားတွေလည်း သမဂ္ဂထူထောင်ခွင့်ရှိရမယ်
(တပ်မတော်သားသမဂ္ဂ ထူထောင်ကြ)

လက်ရှိတပ်မတော်တွင်းက စစ်သည်တွေရဲ့ဘဝ နုံချာစုတ်ပြတ်လွန်းပြီး အတွေးအခေါ်တွေ ဖျက်ဆီးခံထားရတာမျိုး အနာဂတ်မြန်မာနိုင်ငံတပ်မတော်မှာမဖြစ်ဖို့ အရေးကြီးလှပါတယ်။ တပ်မတော်သားတွေ မတရားသွေးစုတ်ချယ်လှယ်ခံရတာ၊ အထက်အရာရှိကြီးတွေရဲ့ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံအသုံးချခံဖြစ်ရတာမျိုး မဖြစ်ဖို့နဲ့ နိုင်ငံကာကွယ်ရေးမဟုတ်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တလိုက်စားအကျင့်ပျက်မှုကိုက်ဖျက်ဖို့ နည်းနာတွေ ရှာကြံကျင့်သုံးရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် နောင်တချိန် မြန်မာ့တပ်မတော်အတွင်းမှာ နိုင်ငံတကာက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်သားသမဂ္ဂ (ဝါ) စစ်အလုပ်သမားသမဂ္ဂဖွဲ့စည်းထူထောင်ဖို့ စဉ်းစားသင့်ပါတယ်။

ယေဘုယျအားဖြင့် စစ်တပ်ဆိုတာ အမိန့်အာဏာနဲ့အကြပ်ကိုင်မှုအပေါ်အခြေခံပြီး တည်ဆောက်ထားတာ၊ တဦးချင်းလွတ်လပ်ခွင့်တွေကို ဖျက်သိမ်းထားတာဖြစ်တယ်။ ‘အထက်မှအောက်’ ချုပ်ကိုင်မှုနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်ဟာ တကယ်တော့ ဒီမိုကရေစီရဲ့အခြေခံမူတွေနဲ့ ကွဲလွဲနေပြီး အာဏာရှင်အဖွဲ့သဘောဖြစ်နေပါတယ်။

စစ်သားတယောက်ဟာ ပုဂ္ဂိုလ်ရေးကန့်သတ်ချုပ်ချယ်မှုတွေကိုလက်ခံရတာ ဓမ္မတာပါဘဲ။ ဒါပေမဲ့ စစ်သားတယောက်ရဲ့လွတ်လပ်ခွင့်တွေကို ကန့်သတ်ရာမှာ သူ့စစ်ရေးတာဝန်အရ လိုအပ်သလောက်ကိုဘဲ ကန့်သတ်သင့်ပါတယ်။ ဒီကန့်သတ်ချုပ်ချယ်မှုတွေကိုလည်း ဥပဒေနဲ့ တိတိကျကျသတ်မှတ်ထားရပါမယ်။ အထက်အရာရှိတွေက စိတ်ထင်သလိုအာဏာအလွဲသုံးစားပြီးကန့်သတ်တာမျိုး မဖြစ်စေသင့်ပါ။ တနည်းအားဖြင့်ပြောရရင် တဦးချင်းအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မှုကို စစ်စည်းကမ်း စစ်စွမ်းရည်ထက်မြက်မှုနဲ့ အကောင်းဆုံး ပေါင်းစပ်ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဖြစ်မြောက်စေဖို့အတွက် ၁၉၇ဝ ခုနှစ်များအစောပိုင်းကစပြီး ဥရောပတိုက်မကြီးက တပ်မတော်တွေအတွင်းမှာ တပ်မတော်သား သမဂ္ဂတွေ စတင်ထူထောင်လှုပ်ရှားလာခဲ့ကြပါတယ်။

တပ်မတော်သားသမဂ္ဂကို လိုလားထောက်ခံသူတွေဘက်ကပြောတာက ဆုံးရှုံးလျော့ကျနေတဲ့ တပ်မတော်သားတဦးချင်းရဲ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့နဲ့ကာကွယ်ဖို့ (တရားစီရင်ရေးစနစ် တိုးတက်စေဖို့၊ စစ်တရားရုံးမှာခုခံချေပခွင့် တိုးတက်စေဖို့၊ အခြေခံပြည်သူ့အခွင့်အရေးတွေ ကာကွယ်ဖို့)၊ လုပ်ငန်းခွင်အခြေအနေတိုးတက်ဖို့ (အလုပ်အကိုင်သတ်မှတ်ချက် သို့မဟုတ် တာဝန်ခွဲဝေမှုရှင်းလင်းစေဖို့၊ အပိုအလုပ်ချိန်တွေ လျှော့ချဖို့၊ အဓိပ္ပာယ်မဲ့ ဖက်တိတ်အလုပ်တွေဖျက်သိမ်းဖို့၊ ဘေးကင်းရေးနဲ့ကျန်းမာရေးအချက်အလက်တွေ တိုးတက်စေဖို့)၊ ရုပ်ပိုင်းဆိုင်ရာ ခံစားခွင့်များကာကွယ်ဖို့ (လစာနဲ့ငွေကြေးခံစားခွင့်များ၊ အိုးအိမ်၊ အငြိမ်းစားကိစ္စ၊ သွားဖက်ဆိုင်ရာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့လေ့ကျင့်ရေး၊ ခရီးစရိတ်၊ အပန်းဖြေအနားယူခွင့်၊ တပ်တွင်းသမဝါယမဆိုင်-သက်သာဆိုင်ခံစားခွင့်များ)၊ မူဝါဒနဲ့ ရာထူးကိစ္စ (နိုင်ငံရေးအရကိုယ်စားပြုနိုင်ရေး၊ အထူးအကျိုးစီးပွား အုပ်စုအရကိုယ်စားပြုနိုင်ရေး၊ ရာထူးတိုးရေး၊ စစ်သားစုဆောင်းရေးစံနှုန်းများ၊ ယူနီဖောင်းဝတ်စားဆင်ယင်မှုစည်းမျဉ်းများ၊ အလုပ်အကိုင်အရည်အချင်း သတ်မှတ်ချက်များ၊ ထုံးတမ်းစဉ်လာများ၊ အထူးပင်ပန်းဆင်းရဲ တာဝန်၊ ကိုယ်လက်ကြံ့ခိုင်ရေးစံနှုန်းများ၊ လစာ မညီမျှမှုများ၊ တပ်ထုတ်ခံရမှု၊ လုပ်သက်ခံစားခွင့်၊ လူမှုဖူလုံရေး)၊ ဘဝအရည်အသွေး တိုးတက်ရေး (အတူတကွ ဆုံးဖြတ်ဆောင်ရွက်ရေး၊ အလုပ်သမားဒီမိုကရေစီ၊ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ၊ ဗျူရိုကရေစီယန္တရားလျှော့ချရေး၊ ဖြုန်းတီးလေလွင့်မှုလျှော့ချရေး၊ စစ်ဘက်နှင့်အရပ်ဘက်ပေါင်းစည်းရေး) တို့အတွက် သမဂ္ဂလိုအပ်တယ်လို့ ပြောကြပါတယ်။

မြန်မာ့တပ်မတော်အနေအထားအရပြောရရင် အခြေခံစစ်သည်အခွင့်အရေးတွေကာကွယ်ဖို့၊ တရားခံဘက်က သက်သေအထောက်အထား တင်ပြနိုင်အောင် အချိန်လုံလောက်စွာပေးဖို့၊ နအဖတပ်ရဲ့ အမြင်ကပ်ပုဒ်မ ၆၅ သို့မဟုတ် စစ်စည်းကမ်းဖောက်ဖျက်မှုပုဒ်မသုံးစွဲမှုအား အထက်အရာရှိများက လိုရင်လိုသလို ဖိနှိပ်မှုမပြုလုပ်ဖို့၊ ပုဂ္ဂိုလ်ရေးအာဃာတတရားဖြင့်နှိပ်ကွပ်ခြင်းမပြုလုပ်ဘဲ သက်သေအထောက်အထား မခိုင်လုံပါက အမှုမှ ဂွင်းလုံးကျွတ်လွှတ်ကာ  စွပ်စွဲခံရသူစစ်သည်အား လက်ရှိတပ်မှ ပြောင်းရွှေ့ခွင့်ပြုဖို့၊ ‘ဒါဘာ’ ခေါ် တပ်တွင်းဆန္ဒဖော်ထုတ်ပွဲ တွေမှာ တဦးချင်း ကိုယ်ပိုင်နံပတ်ပြောသတင်းပို့ခြင်းထက် လျှို့ဝှက်ဆန္ဒရေးသားတင်ပြခွင့် ဖွင့်ပေးဖို့၊ ဆန္ဒဖော်ထုတ်ပွဲတွေက တင်ပြချက်တွေ ကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့၊ ကြံ့ဖွတ်လို နအဖဒေါက်တိုင်အဖွဲ့အစည်းတွေ၊ အရာရှိကြီးတွေက စစ်သည်လုပ်အားကို ညှစ်ထုတ်တဲ့ လုပ်အားပေးဖက်တိတ်တွေဖျက်သိမ်းဖို့၊ မီးဖွားခွင့်၊ ဆေးပင်စင်၊ ချပ်ဝတ်တန်ဆာနဲ့စစ်အသုံးအဆောင်ပစ္စည်းများ သတ်မှတ်ချက်နဲ့အညီ ရ မရ၊ သာမန်ရိက္ခာ၊ တိုက်ခိုက်ရေးရိက္ခာ၊ အပိုဆောင်းနို့ဆီ၊ အာမီရမ်ခွဲတမ်းအပြည့် တကယ်ရ မရ၊ ရေး-ထောက် ကိစ္စတွေကို လာဘ်မထိုးရဘဲ အမှန်အကန်ခံစားခွင့်ရဖို့တွေအတွက် သမဂ္ဂပုံစံနဲ့လှုပ်ရှားအရေးဆိုဖို့ လိုတယ်လို့ တပ်မတော်သားတွေက မြင်ကြပါတယ်။

တပ်မတော်သားသမဂ္ဂဖွဲ့စည်းရေး ဆန့်ကျင်သူတွေဘက်ကပြောတာကတော့ စစ်တပ်ရဲ့သဘာဝဖြစ်တဲ့ တဦးချင်းထက် အဖွဲ့အစည်းကို ဦးစားပေးတာ ပျက်သွားမယ်၊ ယေဘုယျအားဖြင့် အလုပ်သမားသမဂ္ဂတွေဟာ ရန်လိုတဲ့သဘာဝရှိပြီး သပိတ်မှောက်ဆန္ဒပြတာတွေ အားသန်လာမယ်၊ သမဂ္ဂတွင်းဗျူရိုကရေစီကြီးသလို သမဂ္ဂကြောင့် လုပ်ငန်းခွင်အတွင်းမှာကို ဗျူရိုကရေစီအဆင့်တွေ ပိုလာမယ်လို့ဆိုပါတယ်။ နိုင်ငံရေးဂယက်အနေနဲ့ စစ်တပ်ဟာ နိုင်ငံရေးဆန်လာမယ်၊ အရပ်ဖက်အာဏာပိုင်ထိန်းချုပ်မှု ပျက်ယွင်းသွားမယ်၊ စုပေါင်းအရေးဆိုတာ ဖြစ်လာမယ်၊ ဘတ်ဂျက်နဲ့ပရိုပိုဆယ်(ငွေရဖို့) အဓိကထားတာဖြစ်လာမယ်၊ တခြားအလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ကုန်မယ်၊ အထူးအကျိုးစီးပွားအုပ်စုတွေကို တရားဝင်နေရာပေးတာ ဖြစ်သွားမယ်။ စစ်ရေးဂယက်အနေနဲ့ စစ်ရေးသတိရှိမှုကျဆင်းမယ်၊ စည်းကမ်း လျော့လျဲလာမယ်၊ တပ်ဖက်နဲ့ သမဂ္ဂဖက်ဆိုပြီး အမိန့်ပေးကွပ်ကဲမှုနှစ်မျိုး စင်ပြိုင်ဖြစ်သွားမယ်၊ တရားဝင်အာဏာပိုင်ကို စိန်ခေါ်မှုတွေ ဖြစ်လာမယ်။ သစ္စာရှိမှုတွေ ပြိုကွဲကုန်ပြီး အစွန်းနှစ်ဖက်ကွာဟလာမယ်၊ ရဲဘော်ရဲဘက် စိတ်လျော့နည်းလာမယ်၊ တပ်မတော်သားတွေကို အမြတ်ထုတ်အသုံးချဖို့ လွယ်လာမယ်၊ အုပ်ချုပ်ရေးနဲ့လေ့ကျင့်ရေးစရိတ်စကတွေ များလာမယ်၊ ထုံးတမ်းစဉ်လာတွေပြောင်းလဲကုန်မယ်လို့ ဆင်ခြေပေးကြပါတယ်။

အထက်အရာရှိတွေက တပ်ကိုဂရုမစိုက်ရင် သမဂ္ဂဖွဲ့တာ အမှန်ဆုံးဖြစ်သလို အထက်အရာရှိတွေရဲ့အာဏာအလွဲသုံးမှုတွေကို တိုက်ဖျက် ကန့်သတ်ဖို့လည်း သမဂ္ဂဟာ အသုံးကျပါတယ်။ ဒါပေမဲ့ သမဂ္ဂတွေဟာ စစ်ဆင်ရေးနဲ့စစ်စည်းရုံးပြင်ဆင်ရေးကို အနှောင့်အယှက်မဖြစ်စေရဘဲ အရေးကြီးအခြေအနေ၊ အရေးပေါ်အခြေအနေ၊ စစ်ပွဲအခြေအနေတွေမှာတော့ တပ်မတော်သားသမဂ္ဂလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။

၁၉၈၄ ခု ဧပြီလမှာ ဥရောပပါလီမန်က စစ်သား၊ ရဲ၊ အကျဉ်းဦးစီးနဲ့ ပြည်သူ့စစ်တွေ ငြိမ်းချမ်းစဉ်ကာလမှာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်ကို တရားဝင်ချမှတ်ခဲ့တယ်။ ဒီအခွင့်အရေးရဲ့အခြေခံသဘောထားက မိမိတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းပိုင်းနဲ့ လူမှုရေးပိုင်း အကျိုးစီးပွားတွေဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေထဲ ပါဝင်ဆွေးနွေးပိုင်ခွင့်ရှိရေး၊ မဝင်မနေရစနစ်နဲ့ စစ်သားကောက်ထားသည်ဖြစ်စေ၊ ဆန္ဒအလျောက်စစ်သားလုပ်သည်ဖြစ်စေ ဒီမိုကရေစီလူ့ဘောင်နဲ့ ကင်းကွာမသွားစေရေး၊ မိမိတို့ကာကွယ်စောင့်ရှောက်နေတဲ့ ဒီမိုကရေစီကျင့်စဉ်ကို ကိုယ်တိုင်ကိုယ်ကျခံစားကျင့်သုံးနိုင်ရေး၊ စစ်သားဆိုတာကို “ယူနီဖောင်းဝတ်ထားတဲ့နိုင်ငံသား”အဖြစ် သဘောထားရေး၊ သို့သော်လည်း စစ်သားတွေရင်ဆိုင်ကြုံတွေ့ရတဲ့လူမှုရေးပြဿနာတွေကို ဖြေရှင်းရာမှာ သပိတ်မှောက်နည်းကို မစဉ်းစားနိုင်စေရေးတို့ ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့သမဂ္ဂ ထူထောင်ရာမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ဥရောပကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်များကာကွယ်စောင့်ရှောက်ရေးသဘောတူစာချုပ်၊ ဥရောပလူမှုပဋိညာဉ်တွေရဲ့ သက်ဆိုင်ရာ ပုဒ်မတွေကို ထည့်သွင်းစဉ်းစားဖို့လည်း ဥရောပပါလီမန်ကတိုက်တွန်းခဲ့ပါ တယ်။

အခုအခါ ဂျာမဏီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဆိုက်ပရပ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ နော်ဝေး၊ သြစတြေးလျနဲ့ တောင်အာဖရိက၊ ကွန်မြူနစ်ဟောင်းအရှေ့ဥရောပနိုင်ငံတွေထဲမှာတော့ ဘူလ်ဂေးရီးယား၊ ချက်၊ မက်ဆီဒိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ ပိုလန်၊ ရုရှား၊ ဆလိုဗက်၊ ဆလိုဗေးနီးယား နဲ့ ယူကရိန်းတို့မှာ လွတ်လပ်တဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ စစ်အလုပ်သမားသမဂ္ဂ(ဝါ) တပ်မတော်သားသမဂ္ဂတွေ တရားဝင်ထူထောင်ထားပါတယ်။ တောင်အာဖရိကနိုင်ငံဟာ ၁၉၉၄ ခု အသားအရောင်ခွဲခြားရေး လူဖြူအာဏာရှင်စနစ်ဖျက်သိမ်းလိုက်ပြီး မင်ဒဲလားတို့အာဏာရတဲ့အခါကျမှ တပ်မတော်သားသမဂ္ဂကို စတင် ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ စစ်သားသမဂ္ဂ မရှိပါ၊ ဒါပေမဲ့ ဗြိတိသျှစစ်တပ်တွင်းက ဓနသဟာယနိုင်ငံသား လူမည်းစစ်သားတွေက လူမျိုးခွဲခြား ဆက်ဆံမှု၊ လူမှုဖူလုံရေးချို့တဲ့မှု၊ မမျှတတဲ့ဆက်ဆံမှုတွေကိုရင်ဆိုင်နိုင်ဖို့ (သပိတ်မှောက်ခွင့်၊ အရေးဆိုခွင့်မရှိတဲ့)သမဂ္ဂကို ၂ဝဝ၇ မတ်လ အတွင်း ဖွဲ့စည်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း စုပေါင်းအရေးဆိုခွင့်ရှိတဲ့၊ လက်ရှိစစ်မှုထမ်းဆဲတပ်မတော်သားတွေရဲ့သမဂ္ဂတွေ ဖွဲ့ခွင့်မရဘဲ စစ်ပြန် သို့မဟုတ် အရံစစ်သားအသင်းအဖွဲ့တွေသာ ဖွဲ့ခွင့်ရှိပါတယ်။ အမေရိကန်တပ်မတော်တွင်းသမဂ္ဂ ဖွဲ့စည်းခွင့်ကို ကွန်ဂရက် လွှတ်တော်က ၁၉၇၈ ခုမှာ တရားဝင်ပိတ်ပင်ခဲ့ပါတယ် (အမေရိကန်ပုလိပ်တွေကတော့ သမဂ္ဂဖွဲ့ခွင့်ရှိတယ်)။ ဒါပေမဲ့ အမေရိကန် တပ်မတော်သားတွေဟာ တိုင်းရင်းသားလူနည်းစုအရေး၊ အမျိုးသမီးအခွင့်အရေး၊ မိန်းမရှာ-ယောက်ျားရှာအခွင့်အရေး၊ ဘာသာရေး၊ မြစိမ်းရောင်ဝါဒီပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ အထူးအကျိုးစီးပွားအသင်းအဖွဲ့တွေနဲ့ ပုံစံအမျိုးမျိုးဆက်စပ်နေကြပြီး ထိရောက်တဲ့ လော်ဘီလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ကြတယ်။ ဥရောပစစ်တပ်တွေဟာ အရွယ်အစားသေးငယ်ပြီး ကမ္ဘာလုံးဆိုင်ရာ တာဝန် (ဝါ)မဟာဗျူဟာတာဝန်ကျဉ်းတာကြောင့် ပြဿနာမရှိနိုင်တာဖြစ်တယ်၊ အမေရိကန်တပ်မတော်လို အရွယ်ကြီးပြီး မဟာဗျူဟာတာဝန် ကျယ်ပြန့်မြင့်မားရင် စစ်သားသမဂ္ဂဖွဲ့လို့ ထိခိုက်မှုရှိနိုင်တယ်လို့ အမေရိကန်တပ်တွင်းသမဂ္ဂဖွဲ့ရေးဆန့်ကျင်သူတွေက ဆိုနေပါတယ်။

တရုတ်ပြည်က ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်လည်းဖြစ်၊ စစ်ပါရဂူတွေလည်းဖြစ်တဲ့ ကွယ်လွန်သူဥက္ကဋ္ဌကြီးမော်စီတုန်းနဲ့ မာရှယ်ချူတေးတို့ကလည်း တပ်မတော်သားတွေရဲ့အခွင့်အရေးကာကွယ်ဖို့နဲ့ စစ်ရေး၊ သက်သာချောင်ချိရေး၊ နိုင်ငံရေးစွမ်းရည်တွေ မြှင့်တင်နိုင်ဖို့အတွက် တပ်တွင်းမှာ “တော်လှန်ရေးတပ်သားကော်မတီ”တွေဖွဲ့စည်းဖို့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတည်းက မူချ ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်တခုလုံးကိုလွှမ်းခြုံတဲ့အသင်း သို့မဟုတ် သမဂ္ဂတော့မဟုတ်ဘဲ တပ်ခွဲအလိုက်သာဖွဲ့စည်းစေပါတယ်။ ဒီတပ်သားကော်မတီတွေမှာ တပ်ခွဲနိုင်ငံရေးမှူး သို့မဟုတ် တပ်ခွဲမှူးက ကော်မတီအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး တပ်သားထုထဲက ရွေးကောက်တဲ့ကိုယ်စားလှယ်တွေပါဝင်တယ်။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးဆိုတဲ့ တပ်တွင်းဒီမိုကရေစီသုံးရပ်ကို ‘တစုံတရာ အတိုင်းအတာအထိ’ကျင့်သုံးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 'စီးပွားရေးဒီမိုကရေစီ'ဆိုရာမှာ တပ်ခွဲထောက်ပံ့ရေးနဲ့စားသောက်ရေးမှာ တပ်သားကိုယ်စားလှယ်တွေက ပါဝင်ကူညီခွင့်၊ စာရင်းအင်းတွေ အများသိအောင်ကြေညာခွင့်နဲ့ အပန်းဖြေပျော်ရွှင်ရေးတွေဖြစ်ပြီး 'စစ်ရေးဒီမိုကရေစီ' ကတော့ စစ်လေ့ကျင့်ရာမှာ တပ်မှူးကတပ်သားကိုသင်၊ တပ်သားကတပ်မှူးကိုသင်၊ တပ်သားအချင်းချင်းသင်တာ၊ စစ်မတိုက်မီ၊ တိုက်နေစဉ်နဲ့ တိုက်ပြီးနောက် တပ်ခွဲလိုက်အစည်းအဝေးတွေလုပ်ပြီး တိုက်ခိုက်ရေးတာဝန်အောင်မြင်ဖို့နဲ့ ချို့ယွင်းချက်တွေ သုံးသပ်ဖို့ဆွေးနွေးတာတွေ လုပ်ပါတယ်။ 'နိုင်ငံရေးဒီမိုကရေစီ'ကတော့ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်၊ စစ်အရာရှိဆိုးတွေရဲ့ အမှားတွေ ပြစ်မှုတွေကို ဝေဖန်ဖွင့်ချတိုက်ပွဲဆင်ခွင့်၊ ‘အလွန်လိုအပ်တဲ့အခါ’‘အောက်ဆင့်အရာရှိငယ်’တွေကို တပ်သားထုထဲမှ ရွေးကောက် တင်မြှောက်ခွင့်တွေဖြစ်ပါတယ်။ ဒါ့အပြင် တပ်တွင်းရိုက်နှက်ဆဲဆိုမှုတွေ ဖျက်သိမ်းရေး၊ ဇီဇာကျယ်တဲ့ အဆောင်အယောင်အပြုအမူတွေ ဖျက်သိမ်းရေးတွေကိုလည်း တောင်းဆိုတိုက်ပွဲဝင်ကြတယ်။

နိုင်ငံတကာမှာတည်ရှိနေတဲ့စစ်သားသမဂ္ဂတွေကိုကြည့်ရင် တချို့က အခြားအဆင့်တွေအတွက်ဖြစ်ပြီး တချို့ကတော့ အရာရှိအဆင့်တွေ အတွက်၊ တချို့ကတော့ စစ်သားအားလုံးအတွက်ဖြစ်သလို၊ စစ်တက္ကသိုလ်ဗိုလ်လောင်းတွေအတွက် သီးသန့်သမဂ္ဂတွေလည်း ရှိပါတယ်။ စစ်ပြန်စစ်မှုထမ်းဟောင်းသမဂ္ဂတွေကတော့ ပဌမဆုံးစပေါ်ခဲ့တာဖြစ်ပါတယ်။ ဥရောပတိုက်ကတပ်မတော်သားသမဂ္ဂတွေမှာ ပုံစံနှစ်မျိုး တွေ့ရပါတယ်။ တမျိုးက တပ်မတော်သားရာထူးအဆင့်လိုက် သီးခြားသမဂ္ဂတွေထားရှိတာဖြစ်ပြီး နောက်တမျိုးကတော့ ကောက်ယူစစ်သားနဲ့ စေတနာစစ်သားအတွက် ခွဲခြားဖွဲ့စည်းထားတဲ့သမဂ္ဂတွေ ဖြစ်ပါတယ်။ အကြီးတန်းအရာရှိတွေ၊ အငယ်တန်းအရာရှိတွေနဲ့ ပြန်တမ်းမဝင် အရာရှိတွေအတွက် မတူကွဲပြားတဲ့အဖွဲ့အစည်းတွေလည်း တည်ရှိကြတယ်။ တချို့နိုင်ငံတွေမှာတော့ လုပ်ငန်းအလိုက် (အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ ခြေလျင်၊ ယန္တရား စသဖြင့်) ဖွဲ့စည်းသလို၊ ဘာသာရေးတူညီမှုအရ သို့မဟုတ် နိုင်ငံရေးသဘောထားအရ ဖွဲ့စည်းတာလည်း ရှိတယ်။ စေတနာစစ်သားသမဂ္ဂတွေက ကောက်ခံစစ်သားသမဂ္ဂတွေထက် အရေအတွက်ပိုများပြီး အင်အားပိုကြီးပါတယ်။ တပ်မတော်သား သမဂ္ဂတွေဟာ အရပ်ဖက်အလုပ်သမားသမဂ္ဂတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားကြတယ်။ ဒါကြောင့် အင်အားကြီးတဲ့ အရပ်ဖက် အလုပ်သမားသမဂ္ဂတွေက တပ်မတော်သားသမဂ္ဂတွေအတွက် အရေးဆိုပေးတာ ဆွေးနွေးညှိနှိုင်းပေးတာတွေလုပ်ကြပါတယ်။ အလုပ်ရှင်-အလုပ်သမား(ဝါ) အစိုးရ-တပ်မတော်သားသဘောတူညီချက်စာချုပ်တွေကို ပုံမှန်အားဖြင့် နှစ်နှစ်တကြိမ်ချုပ်ဆိုကြတယ်။

ဥရောပတလွှား နိုင်ငံပေါင်း (၂၂)နိုင်ငံက စစ်ဖက်ဆိုင်ရာသမဂ္ဂတွေနဲ့ အသင်းအပင်းတွေ (၃၄)ဖွဲ့ကိုစုစည်းထားတဲ့ လွတ်လပ်တဲ့ ‘ဥရောပ စစ်ဘက်အသင်းအပင်းများအဖွဲ့’(EUROMIL) ကို ၁၉၇၂ ခုကတည်းကဖွဲ့စည်းခဲ့ပြီး စစ်သား ငါးသိန်းကျော်ပါဝင်နေပါတယ်။ စစ်အေးတိုက်ပွဲ ပြီးတဲ့နောက်မှာတော့ ဒီအဖွဲ့ကြီးဟာ အရှေ့ဥရောပနဲ့ အလယ်ဥရောပ က စစ်ဘက်သမဂ္ဂတွေကိုပါ လက်ခံခဲ့ပါတယ်။ ယူရိုမင်းလ်ရဲ့အခြေခံမူ ကတော့ ‘ယူနီဖောင်းဝတ်နိုင်ငံသား’ဆိုတဲ့မူ ဖြစ်ပြီး စစ်သားတွေဟာ ယူနီဖောင်းမဝတ်တဲ့သာမန်နိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေခံစားစေရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် စစ်ရေးတာဝန်ထမ်းဆောင်မှုကြောင့် မလွဲမရှောင်သာဖြစ်လာရတဲ့ ပြည်သူ့အခွင့်အရေး-လူမှုအခွင့်အရေး ကန့်သတ်ချုပ်ချယ်ထားမှုတွေကလွဲရင် တခြားမဆီမဆိုင် ကန့်သတ်ချုပ်ချယ်မှုအားလုံးဖျက်သိမ်းဖို့ ယူရိုမင်းလ်က ဥရောပနိုင်ငံအစိုးရတွေကို တောင်းဆိုတိုက်ပွဲဝင်ပါတယ်။

ယူရိုမင်းလ် (EUROMIL) ရဲ့ ရည်မှန်းချက်တွေကတော့ (၁)တပ်မတော်သားတွေရဲ့ နေထိုင်ရေးနဲ့လုပ်ငန်းခွင်အခြေအနေတွေ တိုးတက် ကောင်းမွန်ရေး၊ လုံခြုံစိတ်ချရရေး (၂)ဥရောပသမဂ္ဂကချမှတ်ထားတဲ့ အနိမ့်ဆုံးလူမှုဖူလုံရေးစံနှုန်းတွေကို တပ်မတော်သားတွေအနေနဲ့ ခံစားနိုင်ရေး (၃)တပ်မတော်များအတွင်း လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်များ လေးစားလိုက်နာရေးတို့ဖြစ်ပြီး အသေးစိတ်ပေါ်လစီတွေ အဖြစ် လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၊ ဥရောပလူ့အခွင့်အရေးသဘောတူစာချုပ်၊ ဥရောပလူမှုပဋိညာဉ်၊ အီးယူအခြေခံအခွင့်အရေးများပဋိညာဉ်၊ ဥရောပဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥရောပယူနီဖောင်းဝတ် နိုင်ငံသားအယူအဆ၊ ပါဝင်ဆွေးနွေး ဆောင်ရွက်ပိုင်ခွင့်တို့ကို အကောင်အထည်ဖော်ကျင့်သုံးရေး၊ လူမှုရေးနဲ့အရပ်ဖက်ဆိုင်ရာ စေ့စပ်ဆွေးနွေးရေး၊ လုပ်ငန်းခွင်ကျန်းမာရေး၊ ဘေးကင်းရေးနှင့်သက်သာချောင်ချိရေး၊ စစ်ပြန်-စစ်ပြီး(လူမှုရေး-ကျန်းမာရေး၊ စိတ်ဓာတ်ရေး စိတ်ဒဏ်ရာ) ပြဿနာများ၊ အလုပ်ချိန်ကိစ္စ၊ ပင်စင်ကိစ္စ၊ လူနည်းစုပြဿနာ၊ ကျား-မတန်းတူရေး၊ နိုင်ငံတကာတာဝန်များ-မူဝါဒများ-ဖွဲ့စည်းမှုများ ပညာပေးမိတ်ဆက်ပေးရေးနဲ့ ပြဿနာတွေဖြေရှင်းပေးရေး၊ ခေါင်းဆောင်မှုနဲ့လေ့ကျင့်ရေး၊ အသွင်ပြောင်းရေး၊ အရပ်ဖက်လုပ်အားဈေးကွက်အတွင်း ပြန်လည်ပေါင်းစည်းရေး၊ ပုဂ္ဂလိကစစ်လုပ်ငန်း (ကြေးစားစစ်သားလုပ်ငန်း)၊ နိုင်ငံတကာစစ်ဘက်ဥပဒေ၊ ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး၊ စစ်တပ်နဲ့ ရဲ ဆက်ဆံရေး၊ မီဒီယာလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေး၊ ဥပဒေရေးရာအကြံပေးမှု၊ ပြန်ကြားရေး၊ စာကြည့်တိုက်၊ ဘတ်ဂျက်နဲ့ ဘဏ္ဍာရေးစီမံကိန်းဆွဲခြင်း၊ စာရင်းကိုင်စာရင်းစစ်၊ စီမံခန့်ခွဲရေး စတာတွေကိုကိုင်တွယ်ပါတယ်။

ဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ယူရိုမင်းလ်ဟာ ဥရောပလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဥရောပပါလီမန်၊ ဥရောပကော်မရှင်၊ ဥရောပ ကောင်စီ၊ နေတိုးအဖွဲ့၊ တခြား အလုပ်သမားသမဂ္ဂတွေနဲ့ အနီးကပ်ဆက်သွယ်မှုတွေ၊ ကိုယ်စားလှယ်စေလွှတ်ပါဝင်မှုတွေရှိတယ်။

ယေဘုယျအားဖြင့် စစ်သားသမဂ္ဂ (ဝါ) စစ်မှုထမ်းသမဂ္ဂလေးမျိုးတွေ့ရပါတယ်။
ပထမအမျိုးအစားက တပ်တွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့ခွင့်မပြုပေမဲ့ တခြားအသင်းအပင်းတခုခုဖွဲ့ခွင့် ပါဝင်ခွင့်ရှိတယ်။ ဥပမာ၊ ဂျာမဏီနိုင်ငံ။ အကန့်အသတ်နဲ့ညှိနှိုင်းဆွေးနွေးခွင့်ရှိပြီး စုပေါင်းအရေးဆိုခွင့်မရှိ၊ တခြားအရပ်ဖက်အလုပ်သမားသမဂ္ဂတွေနဲ့ စည်းရုံးရေးအရ ချိတ်ဆက်ခွင့် မရှိ။

ဒုတိယအမျိုးအစားက တပ်တွင်းအလုပ်သမားသမဂ္ဂဖွဲ့ခွင့်ရှိပေမဲ့ စုပေါင်းအရေးဆိုခွင့်၊ သပိတ်မှောက်ခွင့်မရှိ။ တိုင်ပင်ညှိနှိုင်းခွင့်ဘဲ ရှိတယ်။ စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ စွက်ဖက်ခွင့်မရှိ။ ဥပမာ- နယ်သာလန်၊ ဂျာမဏီ။

တတိယအမျိုးအစားက စုပေါင်းအရေးဆိုခွင့်ရှိပေမဲ့ သပိတ်မှောက်ခွင့်မရှိ။ စစ်မှုထမ်းအခြေအနေတွေ၊ အခွင့်အရေးတွေနဲ့ပတ်သက်လို့ အရေးဆိုခွင့်ရှိ။ အရပ်ဖက်အစိုးရဝန်ထမ်းတွေနဲ့ အခွင့်အရေးတူဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အရပ်ဘက်အစိုးရဝန်ထမ်းတွေလည်း သပိတ်မှောက်ခွင့်မရှိဘဲ သမဂ္ဂဖွဲ့ခွင့်နဲ့အရေးဆိုခွင့်တော့ရှိတယ်။ ဥပမာ-ဒိန်းမတ်၊ တောင်အာဖရိက။

စတုတ္ထအမျိုးအစားက စုပေါင်းအရေးဆိုခွင့်၊ သပိတ်မှောက်ခွင့်ရှိတယ်။ ဥပမာ-ဆွီဒင်နိုင်ငံဟာ ကမ္ဘာမှာ စစ်သားတွေသပိတ်မှောက်ခွင့်ရှိတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဆွီဒင်တပ်မတော်သားသမဂ္ဂစနစ်ဟာ ဥရောပတိုက်မှာ အဆင့်အမြင့်ဆုံးအာဏာအရှိဆုံးဖြစ်ပြီး တပ်မတော်သားတွေရဲ့ တဦးချင်းအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ရာမှာ ရှေ့တန်းအရောက်ဆုံးဖြစ်ပါတယ်။

အင်အားအကောင်းဆုံးတပ်မတော်သားသမဂ္ဂတွေကို ဆွီဒင်၊ ဂျာမဏီနဲ့ နယ်သာလန်မှာ တွေ့ရပါတယ်။ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယမ်၊ ဂျာမဏီနဲ့ နယ်သာလန် ခြောက်နိုင်ငံမှာ တပ်မတော်သားအသင်းအပင်းပေါင်း (၆ဝ)ကျော်ရှိတယ်။ စကင်ဒီနေးဗီးယား နိုင်ငံတွေမှာဆိုရင်အရာရှိ ၁ဝဝ% သမဂ္ဂဝင်တွေဖြစ်ကြတယ်။ ဒါပေမဲ့ တက်ကြွလှုပ်ရှားမှုအရှိဆုံး တပ်မတော်သားသမဂ္ဂတွေကတော့ အရာခံဗိုလ်တွေ၊ ဒုအရာခံဗိုလ်တွေနဲ့ တပ်ကြပ်ကြီးတွေရဲ့သမဂ္ဂတွေဖြစ်ပါတယ်။ ဂျာမန်တပ်မတော်သားအသင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သားအသင်းအဖွဲ့ဖြစ်ပါတယ်။

လစ်ဘရယ်ဒီမိုကရေစီအားကောင်းတဲ့နိုင်ငံတွေမှာ စစ်တပ်အလုပ်ကို အသက်မွေးဝမ်းကျောင်းပညာတရပ် profession မဟုတ်ဘဲ အသက်မွေးအလုပ်အကိုင်တခု occupation အဖြစ်သာ ရှုမြင်ကြပါတယ်။ ဒါကြောင့်လည်း စစ်တပ်တွင်းသမဂ္ဂဖွဲ့ရေးကို ထောက်ခံကြတာ ဖြစ်ပါတယ်။ ဥရောပတပ်မတော်သားသမဂ္ဂတွေဟာ စီးပွားရေးပိုင်းနဲ့ လုပ်ငန်းပိုင်းအကျိုးစီးပွားတွေကို အဓိကထားကြတယ်။ လုပ်ခလစာနဲ့ အခွင့်အရေးပိုရရေးဟာ ဘုံရည်မှန်းချက်ဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီး အလုပ်ချိန်ကန့်သတ်ရေးနဲ့ အချိန်ပိုလုပ်ခရရေးကို ဆောင်ရွက်ကြတယ်။ တချို့နိုင်ငံတွေမှာ တပ်မတော်သားသမဂ္ဂတွေကြောင့် စစ်သားတွေအတွက် တပတ်အလုပ်ချိန် နာရီ(၄ဝ) ရခဲ့တယ်။

နယ်သာလန်စစ်သားသမဂ္ဂတွေဟာ ဆံပင်ရှည်ထားခွင့်ကိစ္စ၊ ချိုးနှိမ်ရာရောက်တဲ့အလေးပြုခြင်းကိစ္စနဲ့ တပ်တွင်းဆင်ဆာကိစ္စတွေမှာ တိုက်ပွဲအောင်မြင်ခဲ့ကြတယ်။ ဒါ့အပြင် အိုဗာတိုင်ကြေးရဖို့၊ စစ်ဘက်ပြစ်မှုဥပဒေပြင်ဆင်ဖို့၊ လစာတိုးဖို့၊ ခံစားခွင့်တွေပိုရဖို့၊ မလိုအပ်တဲ့ တန်းစီတပ်စုဝေးမှုနဲ့ တပ်စစ်ဆေးမှုတွေပယ်ဖျက်ရေးမှာလည်း အောင်မြင်ခဲ့တယ်။

တပ်မတော်သားသမဂ္ဂတွေဖွဲ့စည်းထားတာ နှစ်ပေါင်း ၂ဝ-၃ဝရှိနေပြီဖြစ်တဲ့ ဥရောပဒီမိုကရေစီနိုင်ငံတွေမှာ ဒီသမဂ္ဂတွေကြောင့် စစ်တပ် သို့မဟုတ် အစိုးရအပေါ် ကြီးကြီးမားမားဗယုတ်သုက္ခဖြစ်စေတာ မတွေ့ရပါဘူး။ လက်ရှိ အီရတ်မှာ တပ်မတော်သားသမဂ္ဂမရှိတဲ့အမေရိကန်-အင်္ဂလိပ်စစ်တပ်ရော၊ တပ်မတော်သားသမဂ္ဂရှိတဲ့ ဥရောပစစ်တပ်တွေပါတိုက်နေကြရာမှာ သမဂ္ဂရှိလို့ စစ်ရေးစွမ်းဆောင်ရည်ကို ထိခိုက်တာ မရှိပါဘူး။ ဒါပေမဲ့ စစ်သားသမဂ္ဂမရှိတဲ့အမေရိကန်စစ်တပ်တွေကတော့ အဘူဂရစ်အကျဉ်းသားနှိပ်စက်မှု၊ ဟာဒီသာမြို့လူသတ်ပွဲလို နံမယ်ပျက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံလို စစ်အာဏာအလွဲသုံးစားမှုမြင့်မားအားကြီးတဲ့နိုင်ငံမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်မထိခိုက်စေဘဲ စစ်ခေါင်းဆောင်တွေ ကိုယ်ကျိုးကြည့်မှုကိုတိုက်ဖျက်ဟန့်တားကာကွယ်ပြီး အောက်ခြေတပ်မတော်သားတွေရဲ့ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လူ့အခွင့်အရေးတွေအမှန်တကယ်ရရှိစေဖို့အတွက် ဒီမိုကရေစီဖက်ဒရယ်ခေတ်ရောက်တဲ့အခါ တပ်တွင်းဒီမိုကရေစီအာမခံနိုင်မယ့် တပ်မတော်သားသမဂ္ဂတွေဖွဲ့စည်းသင့်ကြောင်း အလေးအနက်အဆိုပြုလိုက်ရပါတယ်။
ဂါမဏိ
https://www.facebook.com/Garmarnee?pnref=story


0 comments:

Post a Comment