Tuesday, November 3, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ စတုတ္ထတွဲ၊ အခန်း(၁၃)
၅။ ဤစစ်ဆင်ရေးတွင် အောင်မြင်မှုရခြင်း၏ အခြေခံအချက်ကြီး (၂)ချက်မှာ
(၁) အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မိမိတို့၏အားနည်းချက်ဖြစ်သော လမ်းမရှိသည့်တောတောင်အတွင်း ရန်သူက နေရာစွဲ မြေကတုတ် စစ်ပွဲဆင်သော် မိမိတို့လိုအပ်သည့် အခြေခံလက်နက်ကြီးများခက်ခဲနေမှုများကို ဖယ်ရှားဖြေရှင်းလိုက်နိုင်ခြင်း

(၂) ရန်သူက မိမိထက်အားကြီးပြီး အရံတပ်ဖြင့်တန်ပြန်ထိုးစစ်ဆင်ကာ တွန်းလှန်ပစ်မည့်အန္တရာယ်ကိုလည်း စစ်ကစား၍ (ခရီးတို ထိုးဖောက် ခြိမ်းခြောက်ခြင်း) ရန်သူ့တပ်အများအပြား သောင်တင်အောင်လုပ်နိုင်ခဲ့ခြင်း (ထို့ကြောင့် ရန်သူ့အရံတပ် ရှေ့တန်းမပို့နိုင်၊ အဆင့်ဆင့်ခံစစ်၊ ကတုတ်စစ် မဆင်နိုင်ဖြစ်သွားစေခြင်း)၊ အခြားစစ်မျက်နှာအသီးသီးမှရန်သူများကိုလည်း ထိန်းချုပ်ထားနိုင်ခြင်းတို့ ဖြစ်ပါသည်။
ဤသည်တို့မှာ ကျနော် လွန်ခဲ့သည့်(၁ဝ)နှစ်ခန့်က ဘုရင့်နောင်စစ်ဆင်ရေးအကြောင်းရေးသားထားသောစာတမ်းပင် ဖြစ်ပေသည်။ အတော်ပြည့်စုံသဖြင့် ဤ ကျနော်၏အတ္ထုပ္ပတ္တိတွင် ကူးယူဖော်ပြလိုက်ပါသည်။ တချို့ကျန်သောအချက်များကို အောက်တွင်ဆက်လက် ရေးသားဖော်ပြအပ်ပါသည်။

၁။ ကျနော်တို့ ဤစစ်ဆင်ရေးကြီးဆင်နွှဲသောအခါ သတင်းစာဆရာများ ကျနော်တို့နှင့်အတူပါလာပြီး တိုင်းပြည်သို့ အဆက်မပြတ် ရေးသား တင်ပြပေးနေသည့်အတွက် ပြည်သူများကလည်း အုံကြွထောက်ခံကြပါသည်။ ကျနော်မှတ်မိသလောက် မြန်မာ့အလင်းဦးသန်းညွန့်၊ ရန်ကုန်ဦးကျော်စိန် စသူတို့ဖြစ်၍ အစိုးရကလည်း ရုပ်ရှင်ရိုက်အဖွဲ့ကိုပါစေလွှတ်ပါသည်။

၂။ ရှေ့တန်းကူညီရေးအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ တပ်မတော်အမျိုးသမီးအဖွဲ့များက လှုံ့ဆော်ပြီး ရှေ့တန်းသို့ ထောက်ခံစာများ၊ အားပေးစာများ၊ လက်ဆောင်ပစ္စည်းများပေးပို့ကြရာ ရှေ့တန်းရှိတပ်မတော်သားများ အလွန်အားတက်လန်းဆန်း ကြပါသည်။

၃။ ဤစစ်ဆင်ရေးတွင် အဓိကတိုက်ပွဲကြီးဖြစ်သော ဝမ်ဆလာကူးတို့ဆိပ်တိုက်ပွဲဦးစီးသူမှာ သေနတ်ကိုင်တပ်ရင်း(၁) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး တင်ဦးဖြစ်သည်။ (ယခု အင်န်အယ်လ်ဒီဒုဥက္ကဋ္ဌ ဦးတင်ဦး)

၎။ ဤစစ်ဆင်ရေးကြီးမှာ တရုတ်ဖြူဌာနချုပ်နှင့်တကွ တရုတ်ဖြူတို့၏ ဗမာပြည်တွင်အရေးကြီးဆုံးခံတပ်ဖြစ်သော မိုင်းဆတ်လွင်ပြင်နှင့် မိုင်းတုံ-မိုင်းဟန်-ပွန်ပါကျင်လွင်ပြင်နှင့် မိုင်းပုလွင်ပြင်စသည့် လွင်ပြင် (၃)ခုကို တလခွဲအတွင်း သိမ်းပိုက်ရရှိပါသည်။ ဝမ်ဆလာ တိုက်ပွဲ ပြီးကတည်းက တရုတ်ဖြူများ ဘယ်နေရာမှာမှ ပြင်းပြင်းထန်ထန်ခုခံခြင်းမပြုတော့။ တဆုတ်တည်း ဆုတ်သွားပါတော့သည်။

ကျနော်တို့က မိုင်းဆတ်လေယာဉ်ကွင်းလည်း သိမ်းပိုက်လိုက်နိုင်သဖြင့် အပေါ်စီး ပိုရလိုက်ပါသည်။ နောက်ဆုံးသူတို့ဌာနချုပ် ပွန်ပါကျင် ကိုလည်း ကျနော်တို့က တဆက်တည်းလိုက်သိမ်းရာ အလွယ်တကူပင်သိမ်းပိုက်ရရှိလိုက်ပြီး တရုတ်ဖြူများ ထိုင်းနယ်စပ် လွယ်မဟန်ခန် တောင်တန်းပေါ်က စခန်းတခုသို့ထွက်ပြေးသွားကြပါသည်။ သူတို့ဌာနချုပ်မှ စစ်လက်နက်ပစ္စည်းအများအပြား သိမ်းပိုက်ရရှိပါသည်။ ၎င်းတို့တွင် ကားတစီးတိုက် ဆေးဝါးပစ္စည်းများ၊ ကား (၂)စီးတိုက်ခန့် ခဲယမ်းကျည်ဆန်များ၊ ယူနီဖောင်းအသစ်များ အသစ်စက်စက် လေယာဉ်ပစ်အမြောက်(၂)လက်၊ ဝိုင်ယာလက်စက်ပစ္စည်းများအပြင် ဘိန်းစည်ကြီးတစည် သိမ်းပိုက်ရရှိလိုက်ပါသည်။ ကျနော်က ထိုဘိန်းများကို မီးတင်ရှို့ခိုင်းရာ အချို့တပ်သားများက အလွန်အဖိုးတန်သဖြင့် ရင်ဘတ်စည်တီးဖြစ်ကြပါသေးသည်။

၅။ လွယ်မဟန်ခန်တောင်မှာ ထိုင်းဗမာနယ်စပ်မျဉ်းပေါ်တွင်တည်ရှိနေသဖြင့် ဆက်လိုက်တိုက်လျှင် ထိုင်းနိုင်ငံထဲ ကျည်ဆန်များ ကျရောက် နိုင်သဖြင့် ကျနော်တို့စစ်ဆင်ရေးကို ရပ်လိုက်ရပါသည်။ ဒါ့အပြင်ကျနော်တို့ မိုင်းတုံသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်း ရှေ့တန်းသို့ ရောက်ရှိ လာပါသည်။ သူကပြောပြရာတွင် ထိုင်းလေတပ်လေယာဉ် (၉)စီးခန့် မော်လမြိုင်နှင့်မုတ္တမကို အဆက်မပြတ်လာဝဲနေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကျနော်တို့အနေနှင့် ထိုင်းနယ်စပ်တွင် ဆက်လက်တိုက်၍ မဖြစ်တော့ပါ။

၆။ ကျနော်တို့ ဤကဲ့သို့စစ်ရေးလှုပ်ရှားမှုအောင်မြင်လိုက်၍တကြောင်း၊ ပြည်သူလူထု၏လှုပ်ရှားမှုများကြောင့်လည်းကောင်း၊ တရုတ်ဖြူတပ်များဆုတ်ခွာရေးအတွက် သံခင်းတမန်ခင်းလုပ်ဆောင်မှုများအရှိန်မြင့်လာပြီး (တရုတ်ဖြူတပ်များ စိတ်ဓာတ်ကျ ဖရိုဖရဲဖြစ်မှု များလာသဖြင့်တကြောင်း) ၁၉၅၄၊ စက်တင်ဘာလတွင် အိမ်ထောင်သည်အများအပြားပါဝင်သည့် တရုတ်ဖြူတပ်သား (၅ဝဝဝ)ကျော်သည် လက်နက် (၈ဝဝ)ခန့်နှင့်အတူ ထိုင်ဝမ်သို့ဆုတ်ခွာသွားကြပါသည်။

၇။ ဤစစ်ဆင်ရေးနှင့် တဆက်တည်းလောက်မှာပင် (၁၉၅၄ခု၊ မေလကုန်တွင်) ထိုင်ဝမ်တွင် ဌာနချုပ်ဖွင့် ရုံးထိုင်နေသော ဗိုလ်ချုပ်လီမီက “ယူနန် ကွန်မြူနစ်ဆန့်ကျင်ရေး၊ အမျိုးသားကယ်တင်ရေးတပ်မတော်”ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတော့သည်။

၈။ ကျနော်သည် ဘုရင့်နောင်စစ်ဆင်ရေးမှတ်တမ်းနိဂုံးချုပ်တွင် ဤစစ်ပွဲအောင်မြင်ခြင်း၏ အခြေခံအကြောင်းရင်း(၇)ချက် ဖော်ပြခဲ့ရာ၊ ပြည်သူလူထု တိုက်ပွဲနှင့်ပတ်သက်သော အချက်(၃)ချက် ထည့်သွင်းရေးသားမိပါသည်။ ထိုအချက်(၃)ချက်ကို ကျနော်မှတ်မိသလောက် ဖော်ပြရလျှင်
(၈ - ၁) - တိုင်းပြည်လူထုလှုပ်ရှားမှုအရှိန်အဝါကြောင့် တပ်မတော် အားတက်ကြွပြီး ရဲစွမ်းသတ္တိရောလုံ့လဝိရိယပါ စစ်ပြီးခေတ် တပ်မတော်သမိုင်းတွင် မကြုံဖူးလောက်အောင် တက်တက်ကြွကြွရှိခြင်း။
(၈ - ၂) - တိုင်းပြည်လှုပ်ရှားမှုသည် ရန်သူ၏စိတ်ဓာတ်ကိုပါ ယိမ်းယိုင်အားနည်းစေခြင်း (၎င်းမှာ စစ်မြေပြင်ရှိ တိုက်နေသော တရုတ်ဖြူ ရန်သူများကိုသာ အဓိကဆိုလိုသော်လည်း သူ့နောက်မှ ကြိုးကိုင်သူ နယ်ချဲ့သမားများအဖို့လည်း ထိုထက်ပို၍ စိတ်ထိခိုက်မည်ဖြစ်သည်)
(၈ - ၃) - မိမိတို့ထိုးစစ်ကြီးစသောအခါ တကယ်အားထက်ပိုမို၍ အင်အားအလွန်ကြီးမားလေဟန် သတင်းစာဆရာများဖြင့် ဝါဒဖြန့်ခြင်းတို့ ဖြစ်ပါသည်။

၉။ တကယ်တော့ လူထုတိုက်ပွဲများပါလာမှသာ တဖက်က စစ်ဆင်ရေးရောတိုက်ပွဲမှာပါ အထောက်အကူရရှိနိုင်ပါသည်။ ထို့ကြောင့် စစ်ရေး တိုက်ပွဲသော်လည်းကောင်း၊ သံတမန်ရေးတိုက်ပွဲသော်လည်းကောင်း၊ လူထုတိုက်ပွဲပေါ်မှီခိုရပ်တည်ပြီးတိုက်ပွဲဝင်မှသာ ပြတ်သားစွာ အောင်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်လူထုတိုက်ပွဲမှာ အရေးကြီးဆုံးဖြစ်သည်။ ကျနော့်ကိုယ်တွေ့အရ ပြည်သူလူထု ထောက်ခံလှုပ်ရှားမှု များသည် စစ်မြေပြင်တွင်အကျိုးများစွာရှိခဲ့သည်။ လူထုလှုပ်ရှားမှုနှင့် နီးကပ်စွာဆက်စပ်မှုသည် စစ်ရေးတွင် တပန်းသာစေသည်။ တပ်မတော်သားများသည် ဖက်ဆစ်တော်လှန်ရေးနောက်ပိုင်း ဤစစ်ဆင်ရေးတွင်တွေ့ရသောစိတ်ဓာတ်တက်ကြွမှုမျိုး ယခင်က မတွေ့ရဖူးပေ။ ရန်သူအနေနှင့်လည်း စိတ်ဓာတ်တုန်လှုပ်ချောက်ချားရပါသည်။

ဤသို့ တရုတ်ဖြူတပ်များ ထိုင်းနယ်စပ်မျဉ်းပေါ်ရောက်သွား၍ ကျနော်တို့ဆက်တိုက်ရန် မဖြစ်နိုင်တော့သဖြင့် ၁၉၅၄ ခုနှစ် မေလလယ်တွင် ဤစစ်ဆင်ရေးကြီးကို ရပ်ဆိုင်းလိုက်ရပါတော့သည်။

ထို့နောက် ကျနော်တို့ နယ်မြေလုံခြုံရေးများ၊ အစိုးရအုပ်ချုပ်ရေးဌာနများဖွင့်လှစ်စီစဉ်ပေးပြီးနောက် ကျနော်တို့တပ်အချို့နှင့် အတူပြန်လာ ကြပါသည်။ ကျနော်တို့ မေမြို့သို့ပြန်ရောက်သောအခါ တမြို့လုံးထွက်၍ သောင်းသောင်းဖျဖျကြိုဆိုကြပြီး ကျနော်တို့ကို ကားတွေပေါ်တင်ကာ တမြို့လုံးလှည့်ပြီးအောင်ပွဲခံကြတာကို မှတ်မိနေပါသည်။

တရုတ်ဖြူအရေး အတော်ရင်အေးသွားရပြီဖြစ်သော်လည်း နယ်စပ်တလျှောက်လှုပ်ရှားနေသောတရုတ်ဖြူများ အချိန်မရွေး ပြန်လည် စုစည်းမိပြီး ခြိမ်းခြောက်မှုအသစ်များဖြစ်လာနိုင်ပါသည်။ ထိုကြောင့် ဘုရင်နောင်စစ်ဆင်ရေးတရပ် အပြတ်ဆင်နွှဲရန် ကျနော်က ဖဆပလ အစိုးရကိုတင်ပြပါသည်။ ဗမာ့တပ်မတော်က ဗမာပြည်ကွန်မြူနစ်ပါတီကိုထိုးစစ်ဆင်ဖို့ပြင်ဆင်ချက်များရွှေ့ဆိုင်းပြီး ကျနော့်အား တပ်များ ထပ်ဖြည့်ပေးရန်လည်း တင်ပြလိုက်ပါသည်။ တရုတ်ဖြူများကို နာလန်မထူအောင်မလုပ်လိုက်နိုင်လျှင် မိမိတပ်များ စိတ်ဓာတ်ထိခိုက်နိုင်ပြီး ရန်သူကလည်း အားတက်လာနိုင်သညိဟု ကျနော်က တင်ပြပါသည်။ ထို့ကြောင့် ကျနော်က ၅၅ ခုနှစ်တွင် “ရန်ကြီးအောင်စစ်ဆင်ရေး”ကို ဆင်နွှဲရန် ပြင်ဆင်ပါတော့သည်။ ဤစစ်ဆင်ရေးကြီးအတွက် အတားအဆီးအခက်အခဲတရပ်မှာ ထိုင်းနယ်စပ်ပြဿနာဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော်-
(၁) ဘုရင့်နောင်စစ်ဆင်ရေးတွင် နယ်စပ်မျဉ်းကြောင်းပေါ်ဆုတ်ပြေးသောရန်သူကို ပွန်ပါကျင်ဘက်မှ လိုက်တိုက်ပါသည်။ သို့သော် လက်တွေ့မှာ အိမ်ခေါင်မိုးမှာထိုင်နေသကဲ့သို့ တောင်ကြောပေါ်ထိုင် တပ်စွဲနေသဖြင့် ပစ်ကြခတ်ကြလျှင် ထိုင်းဘက်ကရွာများထိခိုက်မှာ စိုးနေရပါသည်။ နယ်စပ်အနေအထားအရလည်း ထိုင်းဘက်ကဆိုလျှင် ကျနော်တို့တိုင်းပြည်ဘက်နှင့် မတူပါ။ ထိုင်းဘက်က မြေပြန့်လွင်ပြင် ဖြစ်ပြီး ရွာတွေမြို့တွေရှိပါသည်။ ကျနော်တို့ဘက်မှာမူ တောတောင်တွေသာရှိပြီး၊ လူနေအိမ်ခြေမရှိပါ။ ထို့ကြောင့် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်မရလျှင် ကျနော်တို့မတိုက်နိုင်ပါ။ ဤသည်မှာ သေနင်္ဂဗျူဟာအခက်အခဲကြီးတရပ်ဖြစ်သည်။

(၂) ကျနော်တို့ ဘုရင့်နောင်စစ်ဆင်ရေးအတွင်းတုန်းက စမ်း၍ လိုက်တိုက်ကြည့်ဖူးပါသည်။ ကျည်ဆန်ကျော်မသွားအောင် မိမိတို့ဘက်က တောင်စောင်းဘက်ကိုသာ၊ ရန်သူ့အောက်ဘက်ပိုင်းကိုသာ ချိန်ရွယ်ပစ်ခတ်ပြီး လှံစွပ်တက်ထိုးရပါသည်။ ရန်သူကိုထိမှန်အောင် တည့်တည့် ပစ်လျှင် ဟိုဘက်ကိုကျော်သွားနိုင်ပါသည်။ ရန်သူကလည်း နောက်ဆုံးအထိခုခံပြီး လှံစွပ်ထိုးခါနီး ကိုက် (၄-၅)ဆယ်လောက်ကျမှ ဟိုဘက် ဆင်ခြေလျော ကိုက်(၃ဝ)လောက် ဆင်းသွားကြလျှင် ကျနော်တို့ဘာမှ ဆက်မလုပ်နိုင်ဘဲ ထိုင်ကြည့်နေလိုက်ရပါသည်။ ရန်သူ့စိတ်ဓာတ် ကိုလည်း ဘာမှထိခိုက်နိုင်ခြင်း မရှိပါ။ ဤကဲ့သို့သောရန်သူကို သေနတ်နှင့်မပစ်ဘဲ တိုက်လို့မဖြစ်နိုင်ပါ။ တောင်ထွတ်ပေါ်က နေရာစွဲခုခံတဲ့ ရန်သူကို အမြောက်၊ လေယာဉ်စတဲ့ လက်နက်ကြီးတွေမသုံးဘဲ မရနိုင်ပါ။ ယခုတော့ ရိုးရိုးရိုင်ဖယ်သေနတ်တောင် ပစ်ဖို့ခဲယဉ်းနေပါသည်။
ရန်သူများအနေနှင့် သူတို့ရဲ့ ထာဝရလုံခြုံတဲ့နိုင်ငံရေးခံတပ်ဟုဆိုနိုင်သော ထိုင်း-မြန်မာနယ်စပ် မဲခေါင်မြစ်အထိ မိုင်နှစ်ရာရှည်သော နယ်စပ် မျဉ်းပေါ်တွင် အခြေခံစခန်း (၄)ခု တည်ဆောက်ထားပါသည်။ ဌာနချုပ်ကိုမူ ထိုစခန်း (၄)ခုအနက် လွယ်လန်းစခန်းမှာ ထားရှိပါသည်။

(၃) ကျနော့်အဖို့ ထိုင်းနယ်စပ်တွင် တရုတ်ဖြူတပ်များ တပ်စွဲထားမှုအပေါ် အလွန်ခေါင်းခဲရပါသည်။ ထိုင်းနယ်စပ်သည် ရှမ်းပြည်နယ်သာမက အချက်အချာကျလှသော ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီအထိဆက်စပ်နေသဖြင့် ဘယ်နေရာကိုမဆို စစ်ဦးဝင်ရောက် လာနိုင်ပါသည်။ ဘေးစောင်းနံပါးကဝင်လျှင် ပိုပြီး ဗမာပြည်အတွက်အန္တရာယ်များလှပါသည်။ ထို့ကြောင့် ထိုတရုတ်ဖြူများကို ကျိုင်းတုံ အရှေ့ဘက် မဲခေါင်ဘက် မောင်းထုတ်နိုင်မှ ဗမာပြည်အတွင်းပိုင်းစိတ်ချ လုံခြုံမည်ဖြစ်သည်။ တရုတ်ဖြူအနေနှင့်လည်း သုတို့ရည်မှန်းချက် သည် ဗမာပြည်နှောင့်ယှက်ရန်အဓိက ဖြစ်သဖြင့်၊ အရှေ့မဲခေါင်ဘက် ရွှေ့ရလျှင် သူတို့ မူလသေနင်္ဂဗျူဟာရည်မှန်းချက်ကြီးကို ကြီးစွာထိခိုက် မည် ဖြစ်သည်။ ထို့ကြောင့် တွယ်ကပ်နေဖို့ သူတို့အစွမ်းကုန်ကြိုးစားမည် ဖြစ်သည်။

(၄) ကျနော်တို့တပ်များက ဘုရင့်နောင်စစ်ဆင်ရေးအပြီး ရှမ်းပြည်အတွင်းရှိ လွင်ပြင်အားလုံးကိုသိမ်းပိုက်လိုက်ပြီးဖြစ်သဖြင့် တရုတ်ဖြူများ အနေနှင့် ရိက္ခာကို ထိုင်းကိုသာ အဓိကမှီခိုနေရပေသည်။ ထိုင်းတွင်သူတို့၏ တရုတ်ဖြူသံရုံးလည်းရှိသည်။ ထို့ပြင် ထိုင်းမှာ အမေရိကန် သြဇာကြီးသဖြင့် တရုတ်ဖြူများအနေနှင့် နိုင်ငံရေးအရရော၊ စစ်ပစ္စည်းလက်နက်ရိက္ခာထောက်ပံ့ရေးရော စိတ်ချလွယ်ကူသည်။ စစ်နောက်ပိုင်း လုံခြုံတောင့်တင်းသည်ဟု ဆိုနိုင်ပေသည်။ 

ထို့ပြင် ထိုင်းဘက်နယ်စပ်ခြမ်းမှာ မြေပြန့်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသည်။ သယ်ယူပို့ဆောင်ရေးလည်း ကောင်းသည်။ ထို့ပြင် တခြားလုပ်ငန်းများဖြစ်သည့် ဘိန်းလုပ်ငန်း၊ ဗမာငွေစက္ကူအတု လုပ်ငန်း၊ ကျွန်းသစ်၊ ဝူဖရမ်းစသော သစ်တောထွက်ကုန်များ၊ ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်း စတာများကိုလည်း လုပ်ကိုင်နိုင်သည်။ ဤစီးပွားရေးလုပ်ငန်းများသည် တရုတ်ဖြူတစိတ်တပိုင်း (အထူး သဖြင့်) အထက်အရာရှိများကိုတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်သော (မက်လုံး)ကိစ္စများ ဖြစ်နေပေသည်။ ထိုစီးပွားရေးလုပ်ငန်းများတွင် ထိုင်းမှ စစ်ဘက် နယ်ဘက်အရာရှိအတော်များများလည်း ပါဝင်ပတ်သက်နေပါသည်။

ဤအချက်များကြောင့် ထိုင်း-ဗမာနယ်စပ်ပြဿနာသည် ကျနော်တို့ဆက်လက်ဆင်နွှဲမည့်စစ်ဆင်ရေးကြီးအတွက် အခက်အခဲကြီးတရပ် ဖြစ်နေပါတော့သည်။

ဤကဲ့သို အခက်အခဲတွေ့နေစဉ်မှာပင် မမျှော်လင့်သောကိစ္စတရပ် ပေါ်ပေါက်လာပါသည်။ ထိုင်းတွင်သြဇာကြီးလှသော ပြည်ထဲရေးဝန်ကြီးနှင့် ပုလိပ်မင်းကြီး ဗိုလ်ချုပ်ဖောင်း Pao ဗမာပြည်ကို လာရောက်လည်ပတ်ခြင်းဖြစ်သည်။ သူသည် မေမြို့သို့တက်လာပြီး ကျနော်နှင့် လာရောက် တွေ့ဆုံပါသည်။ ကျနော်နှင့်အတူ ဘုရင့်နောင်စစ်ဆင်ရေးတွင်ပါဝင်ခဲ့သောအရာရှိများနှင့်တွေ့ဆုံပြီး သူက ကျနော်တို့ ယခင်တိုက်ပွဲများတွင် ဘာအခက်အခဲများရှိပါသလည်းဟု မေးမြန်းစုံစမ်းလာပါသည်။

ကျနော်က ပွင့်ပွင့်လင်းလင်းပင် ထိုင်းနယ်စပ်မှာစစ်တိုက်ရတဲ့အခက်အခဲများကို ပြောပြလိုက်ပါသည်။ တရုတ်ဖြူတပ်များ ထိုင်း ဝင်သွားလျှင် ကျနော်တို့ ဘာမှမလုပ်နိုင်တော့ကြောင်း၊ ထို့ကြောင့် တရုတ်ဖြူများကိုလိုက်လံတိုက်ခိုက်ရာမှာ ထိုင်းနယ်တွင် သုံးကီလိုမီတာလောက် ဝင်ခွင့် ပေးစေလိုကြောင်း၊ လေယာဉ်များကိုလည်း ငါးကီလိုလောက်အထိ၊ အမြောက်ဆန်များကိုလည်း နှစ်ကီလိုလောက်အထိ ကျခွင့်ပေးစေလို ကြောင်း ကျနော်က ဆက်တောင်းဆိုလိုက်ပါသည်။ အံ့သြစဖွယ်ပင် ဗိုလ်ချုပ်ဖောင်းက ခွင့်ပြုခဲ့ပါသည်။ (နောင်မှသိရသည်မှာ ဘိန်းလုပ်ငန်း များလုပ်ရာတွင် ဗိုလ်ချုပ်ဖောင်းကို တရုတ်ဖြူများကညစ်လွှတ်လိုက်သည့်အတွက် ဗိုလ်ချုပ်ဖောင်းက လက်စားချေခြင်းဖြစ်ပါသည်)

ထိုင်းဘက်မှ စစ်အရာရှိအချို့ကို ကျနော်တို့စစ်ဆင်ရေးဌာနချုပ်သို့ ဆက်သွယ်လုပ်ဆောင်ရန် ပို့လွှတ်ပေးခဲ့ပါသည်။ ၎င်းတို့မှတဆင့် ထိုင်းနယ်ထဲဝင်ရောက်ဖို့ကိစ္စဖြစ်လာပါက ဗိုလ်ချုပ်ဖောင်းထံ ကြေးနန်းဖြင့်ပို့ အခွင့်တောင်းရန်ဖြစ်ပါသည်။


0 comments:

Post a Comment