Saturday, November 7, 2015

အောင်ရမည် အောင်ရမည် (မျိုးမြင့်ချိ)

0 comments
ကျနော်တို့ငယ်ငယ်က ကျနော်တို့ ရပ်ကွက်ကောင်စီရုံးစာရေးက ကိုအောင်လှမြိုင်တဲ့။ ကျနော့်အမကြီးနဲ့ တနှစ်တည်း ဆယ်တန်းရောက်သူပါ။ စိတ်ကောင်းရှိပြီး ကိုယ့်ကိုယ်ကိုလည်း နှိမ့်နှိမ့်ချချနေတတ် ပြောတတ်သူပါ။ ဥက္ကဌထောက်ခံစာလိုလို့သွားရင် နေ့မကူးဘူး ရအောင်ကူညီလုပ်ကိုင်ပေးတယ်။ လဘက်ရည်ဘိုးတောင်းဖို့ဝေးစွ တခါတလေ သူ့ရေနွေးကြမ်းပါ ပြန်တိုက်လွှတ်လိုက်သေးတာ။
အဲ့ဒါဗျာ ခေတ်က မဆလခေတ်။ တော်ကြာနေ လုပ်အားပေး၊ တော်ကြာနေ မီးကင်း၊ တော်ကြာနေ မြောင်းဖော်၊ တော်ကြာနေ သန့်ရှင်းရေး၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အား ကိုယ်ကိုးတွေနဲ့ ကိုယ့်ထူးကိုယ် အတင်းချွန်ခိုင်းတဲ့ခေတ်ဆိုတော့ ကိုအောင်လှမြိုင်ခမျာလည်း စိတ်မသက်မသာနဲ့ ပွဲတိုင်းပါရတာပါပဲ။ သူက ရပ်ကွက်ရုံးစာရေးကိုး။
တခါတလေကြတော့လည်း အဲ့ဒီ ကိုယ့်အားကိုယ်ကိုးတွေ လုပ်အားပေးတွေကို စောက်မြင်ကပ်တဲ့လူငယ်တွေ နိုင်ငံရေးအခံရှိတဲ့လူလတ်ပိုင်းတွေ မဆလဆန့်ကျင်ရေးသမား လူကြီးတွေနဲ့ သူနဲ့ ကတောက်ကဆဖြစ်တဲ့အခါလည်း ဖြစ်တယ်ဗျ။ သူက တာဝန်ရှိသူဆိုတော့ စိတ်ရှည်ရှည်နဲ့ ပြောပြရှင်းပြတော့ ရှာပါတယ်။
ဒါပေမယ့် ဟိုဘက်ကလူတွေက သူ့ထက်တတ်တဲ့ အတတ်တွေမို့လား။ ဘယ်လာ သူခံပြောနိုင်ပါ့မလဲ။ ဘယ်လာ သူနိုင်အောင်ပြောနိုင်ပါ့မလဲ။ အဲ့ဒီအခါမျိုးဆို သူကလည်း စာရေးဆိုတဲ့အစွယ်လေးနဲ့ အာဏာပြသဘောပါတဲ့စကားလုံးတွေနဲ့ ပစ်တော့တာပေါ့။ ဒီအခါ ကိစ္စသေးသေးလေးကနေ ခွန်းကြီးခွန်းငယ်တွေအထိ ဖြစ်ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။ အဓိက ကတော့ လူငယ်တွေ(ကျနော်တို့အရွယ် မြီးကောင်ပေါက် ကြီးကောင်ဝင်တွေ)က သူ့ကို သိတ်ကြည့်မရတာပဲ။ အဲ့ဒီအထဲ ကျနော်လည်း ပါသပေါ့။ အခွင့်သာရင် ပြန်ကြုံးလိုက်မဟဲ့ဆိုပြီး နေသေးသပချုံထဲက ချိုသွေးတမြမြနဲ့ပေါ့လေ။
ဒီလိုနဲ့ တနေ့သား ရပ်ကွက်ပါတီစိတ်မှူးက လာမယ့်အပတ်ကြရင် မြို့နယ်အားကစားကွင်းမှာ ရန်ကုန်တိုင်း ဒေသပါတီကော်မကီကနေ ဘာနေ့ဆိုလား နေ့ကြီးတနေ့အောင်ပွဲကျင်းပ မယ်တဲ့။ အဲ့ဒါ တအိမ်တယောက် မတက်မနေရတက်ရမယ်တဲ့။ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကြော်ဆိုလား တယောက်တထုတ်ဝေမယ်တဲ့ဆိုပြီး ကောင်စီကနေတဆင့် ပြောခိုင်းတယ်။ တိုတိုပြောရရင် ကျနော်တို့အိမ်ကနေတက်မှာက ကျနော်ပဲ။
အဲ့ဒါနဲ့ အဲ့နေ့မနက်ကတည်းကထ ရေမိုးချိုးပြီး လမ်းဆုံမှာ တန်းစီထိုးထားတဲ့ ချောကားတွေပေါ်တက် အတိုင်အဖေါက်ကြွေးကြော်သံတွေရေးထားတဲ့ စာရွက်လေးတွေရယ် နိုင်ငံတော်အလံလေးတွေရယ်ဝေတာကိုယူပြီး နောက်ဆုံး နေပူပူကွင်းကြီးထဲ ရောက်ကြရောပေါ့။
ကွင်းထဲမရောက်ခင် ကျနော့်ဘေးမှာထိုင်တဲ့ အောင်မြတ်စံဆိုတဲ့အကောင်က စာရွက်ကလေးကိုကြည့်ရင်း ”ဂွင်ပဲ”လို့ပြောတာနဲ့ ဘာလဲကွဆိုတော့ ”ဒီမှာလေ ကုလားကြီးရ”ဆိုပြီး ကြွေးကြော်သံအောက်ဆုံးတန်းက “ဆိုရှယ်လစ်ခေတ်ပြောင်း အရေးတော်ပုံ....”ဆိုတဲ့စာသားကိုထောက်ပြတယ်။ ကျနော်လည်း ဒီ တရုတ်အူကြောင်ကြား ဘာတွေလျှောက်ပြောနေမှန်းမသိပါဘူးဆိုပြီး ထားလိုက်တယ်။ ဒါနဲ့ နောက်ဆုံး ခုနပြောတဲ့ နေပူခံကွင်းကြီးထဲရောက် ဖိနပ်လေးတွေဖင်ခုပြီး ဆောင့်ကြောင့်လေးတွေထိုင်ကြရတာပေါ့။
ပြောလိုက်တာဗျာ လူကြီးတွေမှ မနည်းဘူး။ လော်စပီကာကြီးတွေနဲ့ နားကွဲမတတ်ပဲ။ ၂ နာရီလောက်ကြာတော့ ပြီးပါပြီလို့ အခမ်းအနားမှူးကကြေညာတယ်။ အခမ်းအနားကို ကြွေးကြော်သံတွေနဲ့ ရုပ်သိမ်းပါမယ် သူ စင်ပေါ်ကနေတိုင်ပေးတာကို စာရွက်တွေကြည့်ပြီး ကြွေးကြော်သံအတိုင်း ပရိသတ်က လိုက်အော်ပေးကြပါရန်ဆိုပြီးပြောတော့ ကျနော်တို့လည်း မတ်တပ်တွေရပ် စာရွက်လေးတွေထုတ် ဖြန့်ဖြက်ပြီး အော်ဖို့ပြင်တာပေါ့။
အဲ့အချိန်မှာ ကိုအောင်လှမြိုင်က လူတွေကို လိုက်သတိပေးတာ နှိုးဆော်တာတွေ လုပ်ရတာပေါ့။ စင်ပေါ်ကကြွေးကြော်သံ စလည်းတိုင်လိုက်ရော သူက ကျနော်နဲ့ တရုတ်ကြီးအောင်မြတ်စံတို့နားလေးရောက်ပြီး ရပ်လိုက်တယ်။ တရုတ်ကြီးက အောက်ဆုံးစာကြောင်းကိုလက်နဲ့ထောက်ပြီး ဒီနားကြရင် မင်းနဲ့ငါနဲ့ဒီလိုအော်မယ်ဆိုပြီး ကိုအောင်လှမြိုင်ကို မေးထိုးပြတယ်။ ကျနော်က အဲ့အချိန်ထိ သဘောမပေါက်သေးဘူး။
ဒါနဲ့ အပေါ်ကလည်း ကြွေးကြော်သံတွေ တိုင်တာပေါ့ဗျာ။ သူက တိုင်လိုက် ကျနော်တို့ကလည်း အသံကုန် ဒို့အရေး ဒို့အရေးအော်လိုက်နဲ့ ဟုတ်နေတာပဲ။ နောက်ဆုံးကြွေးကြော်သံအတိုင်က ဆိုရှယ်လစ်ခေတ်ပြောင်းအရေးတော်ပုံ... ဖြစ်ပြီး ကျနော်တို့က ”အောင်ရမည် အောင်ရမည်”အော်ရမှာ။ အဲ့တိုင်သံလည်းဆုံးရော တရုတ်ကြီးက “အောင်လှမြိုင် အောင်လှမြိုင်”ဆိုပြီး အသံဗြဲကြီးနဲ့ အသားကုန် ထအော်တော့တာပဲ။ ဘေးက ကျနော်တို့ဘော်ဒါတွေလည်း ရုတ်တရက် အားလုံးကြောင်ကုန်ကြတယ်။ နောက်တော့ ချက်ခြင်းသဘောပေါက်သွားကြပြီး တယောက်နဲ့တယောက် မျက်စပျစ် လက်ကုတ် ခေါင်းညိတ် မေးဆတ်တွေနဲ့ အချက်ပေးလိုက်ကြတယ်။ မြန်မှ့မြန်ပဲ။ ဒီတော့မှ ကျနော်လည်း သဘောပေါက်သွားတယ်။
ဒုတိယအကြိမ် ဆိုရှယ်လစ်ခေတ်ပြောင်းအရေးတော်ပုံလည်းဆိုရော ကျနော်တို့လည်း တရုတ်ကြီးဖက်လှည့်ပြီး အောင်လှမြိုင် အောင်လှမြိုင်ဆိုပြီး အသံကုန်အော်တော့တာပေါ့။ တကွင်းလုံးကို ကျနော်တို့တသိုက်ရဲ့အသံ မလွှမ်းနိုင်ပေမယ့် ကျနော်တို့ ရပ်ကွက်အစုထဲတော့ ညံထွက်သွားတာပေါ့။
အပြန်လည်းကြရော ကားပေါ်မှာ ကိုအောင်လှမြိုင်ကြီးက မျက်နှာကြီး နီလို့။ စိတ် အတော်ဆိုးနေပုံပဲ။ ကျနော်တို့လည်း တယောက်နဲ့ လက်ကုတ်ပြီး ခွိခွိ ခွိခွိနဲ့ သဘောတွေကျလို့။
ဒီလိုနည်းနဲ့ ကျနော်တို့လည်း ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး အရေးတော်ပုံကြီးကို ပါဝင်ဆင်နွှဲခဲ့ကြဖူးပါရဲ့။
အင်း ခုလည်း ရွေးကောက်ပွဲ ကြွေးကြော်သံတွေထဲမယ် အောင်လှမြိုင် အောင်လှမြိုင်တွေများ ပါနေဦးမလားမပြောတတ်ပါဘူး။
နိုဝင်ဘာ ၇၊ ၂ဝ၁၅

0 comments:

Post a Comment