Saturday, February 9, 2019

(အရုပ်နိုင်ငံရေး အရုပ်အာဏာ) မျိုးမြင့်ချို

0 comments
(အရုပ်နိုင်ငံရေး အရုပ်အာဏာ)
မြစ်ဆုံဆည်တည်ဆောက်ရေးကန့်ကွက်ဆန္ဒပြလို့ ဒါမှမဟုတ် ငြိမ်းချမ်းရေးအတွက်ဆန္ဒပြလို့ အကြောင်းအမျိုးမျိုးပြ ရမယ်အမျိုးမျိုးရှာပြီးဖမ်းဟယ်ဆီးဟယ် တရားစွဲဟယ်ထောင်ချဟယ် ဆိုတာက လူကြားမကောင်းဦးတောင် "သြော်...သူ့အာဏာထိပါးလို့ပဲလေ"ဆိုပြီး ကြံဖန်နားလည်ယူလို့ ရပါသေးတယ်။ နိုင်ငံရေးနဲ့ကြည့်ပေးလို့ ရပါသေးတယ်။ ဒါတောင် ခွင့်လွှတ်စရာမဟုတ်သေးပါဘူး။ ခွင့်လွှတ်လို့လည်းမရပါဘူး။ ခွင့်လွှတ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။

ခုဟာက ရုပ်တုကြီးကိစ္စပါ။ တော်တော့်ကိုရုပ်ပျက်ဆင်းပျက်နိုင်ပြီး အဖတ်ဆယ်မရအောင်ကို အကျည်းတန်တဲ့ကိစ္စဖြစ်နေပါတယ်။ အဲ့ဒီကိစ္စနဲ့ လူတယောက်ကို ဖမ်းတယ်ဆိုတောင်များလှပြီ ခု ဖမ်းထားတာ သိရသလောက်ဆို ၃၆ ယောက်တောင်။ နောက် ဆူပူသောင်းကြမ်းလို့ ဖျက်လိုဖျက်ဆီးတွေလုပ်လို့ ဖမ်းတယ်ဆိုလည်း တော်ပါသေးတယ်။ ခုဟာက အေးအေးချမ်းချမ်း စခန်းဖွင့်ပြီး ထိုင်နေကြတာပါ။ အင်န်အယ်လ်ဒီက တာဝန်ရှိသူတွေနဲ့ တွေ့ပါရစေဆိုပြီး မေတ္တာရပ်ခံနေကြတာပါ။

စစ်တပိုင်းအစိုးရသွားနေတဲ့ မသဒ္ဓါရေစာဒီမိုကရေစီ လမ်းကြောင်းကိုလည်း ကပျက်ယဖျက်လုပ်နေတာမဟုတ်ကြပါ။ သူတို့ပြောတဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလည်း သပ်ဝင်လျှိုနေတာ မဟုတ်ကြပါ။ နိုင်ငံတော်အာဏာကို ခြိမ်းခြောက်နေတာလည်း မဟုတ်ကြပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆန့်ကျင်ရေး လုပ်နေတလည်း မဟုတ်ကြပါ။ နောက်ဆုံးကုန်ကုန်ပြောရရင် လူတကာရွံရှာစက်ဆုပ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတာတောင်မှ မဟုတ်ကြပါ။
အဲ့ဒါတွေလုပ်နေလို့ဆိုလည်း"လုပ်လို့ပါဆိုပြီး" လူကြားကောင်းအောင် အသံကောင်းဟစ်လို့ရပါသေးတယ်။

နောက်ပြီး အဲ့ဒါကြီး လာမဆောက်ဖို့ အစောကြီးကတည်းက ကန့်ကွက်နေကြ တိုင်ကြားနေကြ တောင်းဆိုနေကြတာပါ။ နောက်ဆုံး တားမရလို့ မဆောက်ရမနေနိုင်ဖြစ်နေတယ်ဆိုလည်း ဆောက်မယ့်နေရာ ထားမယ့်နေရာကိုကြိုပြီး ညှိပါ၊ အများပြည်သူ လက်ခံနိုင်မယ့်နေရာဆို လုပ်ပါလို့ တဆင့်ဆုတ်ပြီးတောင် အရေးဆိုနေတာဖြစ်ပါတယ်။

ဒါ နိုင်ငံရေးကိစ္စမဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။
ဒါ အာဏာကိစ္စမဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။

ဘယ်လျိုနိုင်ငံရေးကိစ္စလဲ။ ဗမာလူမျိုးကြီးဝါဒ ဗြောင်ကျကျထူထောင်လိုတဲ့ နိုင်ငံရေးဖြစ်တယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ရုပ်တုကိုးကွယ်မှုကို အတိအလင်းကျင့်သုံးလိုတဲ့နိုင်ငံရေးဖြစ်တယ်။ လူမျိုးစုငယ်တွေရဲ့ ခံစားချက် ခံယူမှု စံတန်ဖိုးတွေကို မထေမဲ့မြင်ပြုတဲ့နိုင်ငံရေးဖြစ်တယ်။ ဖက်ဒရယ်မူကိုလက်တွေ့ မကျင့်သုံးနိုင်သေးခင်မှာ ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာ ဖြောင့်ဖြောင့်ဖျဖျ စည်းစည်းရုံးရုံးလုပ်ရမယ့်အစား တန်ခိုးအာဏပြတဲ့ကိစ္စဖြစ်နေတယ်။ ဒီလောက်သေးသေးဖွဲဖွဲလေးတောင် မလိုက်လျောနိုင်ဘူးလို့ လူသိရှင်ကြား ငြင်းဆိုအာဏာပြတဲ့ကိစ္စဖြစ်နေပါတယ်။

သမီးရင်း ငုတ်တုတ်ကြီးရှိနေပါတယ်။ မျက်စေ့မမှုံသေးပါ။ နားမထိုင်းသေးပါ။ နိုင်ငံတော်အတိုင်ပင်ခံဆိုပြီး နိုင်ငံ့လူကြီးအင်္ဂါစဉ်မှာ နံပတ်နှစ်နေရာယူထားသူဖြစ်ပါတယ်။ အရာရာကို(သိချင်စိတ်ရှိရင်) လက်လှမ်းမှီပါတယ်။ စစ်အုပ်စုကို တိုက်ရိုက်နဲ့ဗြောင်ကျကျမပြောဝံ့တော့ ဆွေးနွေးညှိနှိုင်းတဲ့ယဉ်ကျေးမှုအားနည်းတယ်ဆိုပြီး ကိုယ့်လူမျိုးကိုပြန် နမ်နှိမ်နေတဲ့သဘောမှန်းမပေါ်လွင်အောင် ကိုယ့်ကိုယ်ကိုယ် ပြန်ထိမ်းမယ်ဆို ထိန်းလို့ရပါသေးတယ်။

နောင်တချိန်ချိန်မှာ အရုပ်ကြီးလည်ပင်းကြိုးတပ်ပြီး ဆွဲလှဲတွန်းဖြိုခံရတာ မမြင်လိုပါ။ မိုင်းတွေဘာတွေ လာ ကပ်ကက်ခွဲချလိုက်တာမျိုးလည်း မကြားလိုပါ။ သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်တဲ့အလျှောက် အရုပ်ကြီးမရှိတောင် သမိုင်းက တန်ဖိုးထားတဲ့အတိုင်းရှိနေစေ့ချင်ပါတယ်။ အရုပ်ကြီးအနေနဲ့ရှိချင်တယ်ဆိုရင်တောင် သူနဲ့သူ တန်တဲ့သင့်တဲ့နေရာမှာရှိမှ သမိုင်းတန်ဖိုးရှိတဲ့အရုပ်ဖြစ်မှာဖြစ်ပါတယ်။

ကျနော် ဒီကိစ္စမှာ ကယားလူမျိုးစုတွေဘက်က ရှိပါတယ်။ သူတို့ကိုထောက်ခံပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၈၊ ၂ဝ၁၉

0 comments:

Post a Comment