Monday, November 7, 2022

လက်ဝှေ့

0 comments

“လက်ဝှေ့”

အောင်လအန်ဆန်းတို့ပွဲက ဘယ်နေ့ထိုးမှာလဲဗျဟု ဖေ့စ်ဘွတ်ခ်မိတ်ဆွေတယောက်က မေးပါသည်။ ကျွန်တော် မသိပါ။ အောင်လ နိုင်ပွဲတွေဆက်နေတုန်းက ဝက်ဝက်ကွဲအား‌ပေးကြတာတွေကိုတော့ မှတ်မိနေပါသည်။ ခုတလော အောင်လ ရှုံးပွဲတွေ ဆက်တိုက်ဖြစ်နေသည်ဆိုလား မသိပါ။ အားပေးကြသံတွေလည်း သိတ်မကြားမိ။ ကျွန်တော်က ကိုယ်နှင့် တဇာတိတည်းဖွားဖြစ်သလို အမေရိကား၌ ပဝတ္တိသားလည်းဖြစ်နေလို့လားမသိ အောင်လကြီးကို ပွဲတိုင်းနိုင်စေချင်၏။ သို့သော် မဖြစ်နိုင်ဟုထင်ပါသည်။ သူ့ထက်စွမ်းသူပေါ်လာလျှင် သူ လူစွမ်းမဖြစ်နိုင်တော့။ ထိုကိစ္စသည် “စန်း”နှင့် မဆိုင်ပါ။ အစွမ်းကိစ္စဖြစ်ပါသည်။

ကျွန်တော်က လက်အိပ်စွပ်ထိုးရသည့် အင်္ဂလိပ်ဘောက်ဆင်ကို ရံဖန်ရံခါ ကြည့်တတ်သော်လည်း ဗမာ့လက်ဝှေ့တို့ ထိုင်းကစ်ဘောက်ဆင်တို့ မွေထိုင်းတို့ အောင်လအင်ဆန်းတို့ထိုးသည့် လက်ဝှေ့မျိုးတို့တွေတော့ ကျွန်တော်မကြိုက်ပါ။ အားကစားဟုလည်း မထင်မိပါ။ ကြမ်းလွန်းသည်ဟု ထင်ပါသည်။ တခါတခါ လူ တရားဝင်သတ်ပွဲများလားဟုပင် တွေးမိပါသည်။ ထိုးရင်း သေကြသည်ဟုလည်း ပြောသံကြားဖူးပါသည်။ သို့သော် သူ့ပရိတ်သတ်နှင်သူ သူ့အကြိုက်နှင့်သူ မဟုတ်လား။ ယင်း သတ်နည်းပုတ်နည်းလည်း တခြားအားကစားတွေလို အရှည်တည်တံ့ နေပါဦးမည်။

သိုင်း၊ ဘန်တို ဘန်ရှည်၊ ကရာတေး၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ အိုက်ကီဒို၊ တိုက်ကွမ်ဒို (တခြားလည်းရှိပါဦးမည်)စသည်တို့အား Martial Art ခေါ် ကိုယ်ခံပညာဟု သတ်မှတ်ကြသော်လည်း လက်ဝှေ့ထိုးခြင်း နပမ်းလုံးခြင်းစသည့် လက်နက်မဲ့ သတ်ပုတ်ခြင်းတို့ကိုမူ အားကစားတွင် ထည့်ထားပါသည်။ ကိုယ်ခံပညာများမှာ တသက်လုံးကျင့်သွားလို့ရသော်လည်း နပမ်းတို့ လက်ဝှေ့တို့မှာ ငယ်ရွယ်နုပျိုနေတုန်း လုပ်ရသည့်အလုပ်များဖြစ်ပါသည်။ အသက်ကြီး၍ လက်ရည် ကျသွားသည့်အခါ နားရပါသည်။ လက်ဝှေ့သမားအိုကြီးများကိုကြည့်ရင်း စိုင်းထီးဆိုင်ဆိုသည့် ဥပက္ခာလောကသား’ ထဲက အခန်းထောင့်ကစားပွဲပေါ်တင်ထားတဲ့ ဆုတံဆိပ်တွေဖုန်တက်တော့ အောင်မြင်မှုရယ် မနေ့ကကျန်ခဲ့ပြီ’ ဆိုသည့် စာသားကို သတိရတတ်ပါသည်။ 

ကျွန်တော်က ဝဋ်တို့ ကံတို့ ရှေးဘဝတို့ နောက်ဘဝတို့ လူဝင်စားတို့ဘာတို့တွေကို ယုံသူမဟုတ်။ သို့သော် လက်ဝှေ့ သမားသည် ကြက်သမားသေလို့ ဝင်စားသည်ဆိုသည့်အပြောကိုမူ သဘောကျချင်ချင်ဖြစ်ပါသည်။ လက်ဝှေ့သမား ကြက်သမားသေလို့ဝင်စားသည်ဆိုလျှင် လက်ဝှေ့ပွဲသွင်းသူနှင့်ပွဲကြည့်ပရိတ်သတ်က ဘာသေလို့ဝင်စားတာလဲဟု တွေးမိပါသည်။ ရှေးယဉ်ကျေးမှုတွေမှာရှိခဲ့သည့် လူနှင့်တိရိစ္ဆာန်သတ်ပွဲထဲကလူကရောဟု အရည်မရအဖတ်မရလည်း တွေးတတ်ပါသေးသည်။ ထိုပရိတ်သတ်မှာ လက်ဝှေ့ပွဲပရိတ်သတ်ထက် စိတ် ပို ခက်ထန်သည်ဟုဆိုရမည် ထင်ပါသည်။

လူတချို့သည် လူတယောက်ချင်း သတ်ကြပုတ်ကြသည်များကို ပိုက်ဆံပေးပြီး အရသာခံကာကြည့်ကြပါသည်။ မိမိနိုင်စေ့ချင်သူနိုင်သည့်အခါ ဝမ်းမြောက်ကြပြီး ရှုံးသည့်အခါ ကြိတ်မနိုင်ခဲမရ ဖြစ်ကြပါသည်။ ဤမျှအထိ နားလည်လို့ရသော်လည်း လူများစုက လူနည်းစုကို၊ အားကြီးသူများက အားနည်းသူများကို တဘက်သတ်အနိုင့်ကျင့် ရက်ရက်စက်စက် သတ်ဖြတ်ကြသည့် လူသတ်ပွဲကြီးများအကြောင်းကို နိုင်သူ့ဘက်မှ မြိန်ရည်ရှက်ရည် အရသာခံ ပြောကြ ဆိုကြသည်များကိုမူ နားလည်ရခက်ပါသည်။ နှုတ်မှထုတ်မပြောသော်လည်း ကြိတ်၍ဝမ်းသာနေသူများလည်း ရှိပါသည်။ ထိုသူများတွင် စိတ်ရောဂါတမျိုးရှိနေသောကြောင့်ဟု ပြောရမည်လားမဆိုတတ်ပါ။ ထို သွေးချောင်းစီး လူသတ်ပွဲကြီးများကို ကျူးလွန်နေသူများအားကြည့်ကာ အလကားသက်သက် အရူးထတာပါကွာဟု ဆိုကာ ဖော့ပစ် လိုက်ကြသည့် လူတချို့လည်း ရှိပါသည်။ ဤသည်မှာ စိတ်ရူးပေါက်၍လုပ်ခြင်းမဟုတ်ကြောင်း သိရန်လိုပါသည်။ ဟစ်တလာ အရူးထ၍ ဂျူးတွေကိုသတ်ခြင်းမဟုတ်ပါ။ နယ်ချဲ့သမားများ အရူးထ၍ ကမ္ဘာပတ်လူသတ်နေခြင်း မဟုတ်ပါ။

နောက်ကွယ်က အစိုးရလက်ပါသည့် ဘာသာရေးလူမျိုးရေးအခြေခံ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ဘာဥပဒေသ ဘာစည်းမျဉ်းမှ မရှိပါ။ အာဏာ၏အကာအကွယ်ကိုယူကာ ထင်သလိုကျူးလွန်နေကြခြင်းဖြစ်ပါသည်။ အစိုးရတွေ ကိုယ်တိုင်လုပ်သည့် အကြမ်းဖက်မှုမှာမူ စစ်ပွဲဖြစ်ပါသည်။ စစ်သည် သွေးဆာပါသည်။ လူသတ်ပါသည်။ မယဉ်ကျေးပါ။ လက်ဝှေ့ပွဲ မဟုတ်ပါ။ လက်ဝှေ့ပွဲသည် မည်မျှကြမ်းတမ်းသည်ဆိုစေဦး သူ့ စည်းမျဉ်းစည်းကမ်းများ ဥပဒေသများ ရှိပါသေးသည်။ ယဉ်ကျေးပါသေးသည်။

ကျွန်တော်တို့သည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင်နေနေရသည်ဟု ယူဆစရာရှိပါသည်။ သို့တိုင်အောင် တဦးချင်း ထိုးကြိတ်သတ်ပုတ်သည့်လက်ဝှေ့ပွဲများကို မက်မက်စက်စက် အရသာခံနေကြသေးရုံမက အကြမ်းဖက် သွေးချောင်းစီးသတ်ဖြတ်မှုကြီးများနှင့် စစ်ပွဲကြီးများကို ပြုလုပ်ဖန်တီးနေကြပါသည်။ ကျွန်တော်တို့ တကယ် ယဉ်ကျေးလာပြီလားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။

မျိုးမြင့်ချို။ နိုဝင်ဘာ ၇။ ၂၀၂၂

0 comments:

Post a Comment