Wednesday, April 20, 2011

ရွှေဝါရောင်စပါးတွေ ရင့်မှည့်နေပြီ ညီမလေး (သစ်ကောင်းအိမ်)

0 comments
Sunday, November 4, 2007
ရွှေဝါရောင် စပါးတွေ ရင့်မှည့်နေပြီ ညီမလေး

ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွှတ်တဲ့တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ဝပ်တွားတဲ့ ဝတ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ငါတို့ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ရန်သူကို ရန်သူလို့မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန် … ယူသန်..” လို့ အော်မယ်

မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီ မဝတ်ဘဲ
ရေနစ်နေတဲ့ ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက် ကွင်းပြင်မှာတော့
ရွှေဝါရောင် စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး ။ ။

သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)

စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး (သစ်ကောင်းအိမ်)

0 comments
Tuesday, October 30, 2007


ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်

သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်

ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး

ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ

နောက်ကျောက ဓားနဲ့
ကျောခိုင်း ရပ်ခဲ့တယ်

အနီးကြီး နီးဖို့
အဝေးကြီး အဝေးကြီး ဝေးခဲ့တယ် ။ ။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

မဲဆောက်တောင်ခြေ (သစ်ကောင်းအိမ်)

0 comments
Tuesday, July 17, 2007
မဲဆောက်တောင်ခြေ

ရွှေ့ပြောင်းအလုပ်သမား
ရွှေ့ပြောင်းအစိုးရ
ရွှေ့ပြောင်းကဗျာဆရာ
မိုဘိုင်းဖုန်းသံတွေနဲ့ ဆူညံနေတဲ့ကမ္ဘာ

ဂျနီဗာကတိ ကဝတ်တွေထက်
ဂျနီဖာလိုပက်(ဇ်)ရဲ့အတွင်းခံပစ္စည်းတွေက
ပိုပြီးအရေးပါခဲ့

စစ်ပွဲကြီးတွေအလယ်မှာ
မျက်စိသူငယ်နဲ့
မူးနော်လေး ‘ကိုဖီအာနန်’ ကိုလည်း
ရွာကိုသာပြန်ပို့ လိုက်ပါတော့

ဖတ်မိတဲ့သတင်းတပုဒ်မှာ
သူ့ကိုကိုက်တဲ့ခွေးကိုပြန်ရိုက်မိလို့
ကံဆိုးမတိုင်းပြည်က
အမျိုးကောင်းသားလေးတယောက်
မီးရှို့အလောင်းဖျောက်ခံလိုက်ရ

ညက
မဲဆောက်ည အိပ်မက်ထဲမှာ
အဖမ်းအဆီးတွေက ကြမ်းလိုက်တာ
ပြေးပေါက်ရှာမတွေ့တော့
ချောက်ချားစရာကောင်းလိုက်တာအမေရယ်

တောခြောက်သံတွေကြားမှာ
အမောဖောက်သံတွေက ကျွက်ကျွက်ဆူ
အဲဒီ အဆုပ်လိုက်ပွင့်နေတဲ့ သောကအပူတွေကိုတော့
လူဖြူတအုပ်က
စီးကရက်ကလေးဖွာလိုက်
‘Oh! Great’ ‘Oh! Great’ ဆိုပြီး
အာမေဍိတ်လေချဉ်လေးတက်လိုက်နဲ့
မဲဆောက်နိုက်ဘဇားမှာ
‘Crocodile Tears’ မှာ
ဘီယာချောင်းစီးနဲ့
စိမ်ပြေနပြေမြည်းကြ

အိမ်နီးချင်းကောင်းတွေကလည်း
စက်နင်းခုံပေါ်ကဝဋ်ကြွေး
နှစ်ထပ်အချုပ်၊ ဒုက္ခသည်စခန်းနဲ့
ပြည့်တန်ဆာတန်းတွေကို
စာနာမှုလက်ဆောင်အဖြစ်ဝေခြမ်းကြ

ပဏ္ဍိတတွေကလည်း သူဖုန်းစားပမာ ပညာရှာမြဲ
တတိယအရွယ်တွေကလည်း ငွေကမ္မဌာန်းကို စီးဖြန်းမြဲ
ကျနော်တို့နောက်ကျောမှာ လိုက်ရွာနေကျမိုးကလည်း
အမောတကောလိုက်ရွာမြဲ

နှစ်ခါပြန်ချိုးလို့ မရတဲ့မြစ်ထဲမှာ
တခါတည်းသာ နှစ်သေလိုက်ပါတော့
မည်သို့ပင်ဖြစ်စေ
မဲဆောက်တောင်ခြေ
စီးထွေထွေတည့်။ ။

07/17/07
သစ်ကောင်းအိမ်

(မူးနော်လေး - ကရင်ဘာသာစကား- အပျိုမ
ထိုင်းနိုင်ငံအတွင်း သက်ရောက်အဓိပ္ပာယ်- အိမ်ဖော်)

သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက် (သစ်ကောင်းအိမ်)

0 comments
Monday, July 16, 2007
သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်
သစ်ကောင်းအိမ်
ဒီဇင်ဘာ ၄၊ ၂၀၀၈

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။


ဘာမနာလိုစရာရှိလဲ
အင်ဒရူဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။

ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆ဝ) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင်ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။

သစ်ကောင်းအိမ်

ဗျာဒိတ် (သစ်ကောင်းအိမ်)

0 comments
Sunday, December 24, 2006

ကျနော်တို့ မျိုးဆက်တုန်းက…ဗျာ
လူရည်ချွန်နို့မှုန့်ဗူးနဲ့ စခဲ့ရတဲ့ဘဝတွေပေါ့
ကျနော့်ပါးစပ်က စညှော်တာဗျ
အဲဒီလိုလည်း မဆိုလိုပါဘူး


စင်္ကြာဝဠာထိပ်မှာ
စင်္ကြာတံဆိပ် အလံတော်က
ညှော်တယ်

ခံတွင်းပျက်ရင်း မိုးစင်စင်လင်းခဲ့
ကိုယ့်ကျင်းကိုယ်တူးပြီး
မိုးစုန်းစုန်းချုပ်ခဲ့

ပါရီ မီးလောင်ပြီလား…
မဟာရန်ကုန်မြို့ကြီးကတော့
ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်လို့
အခေါင်းထဲမှာ အလောင်းမရှိတော့

ညတာရှည်တယ်
နာတာရှည်တယ်
ကမ္ဘာမကြေသီချင်းကို ဘာသိဘာသာဆိုမိတယ်
ရိုးတွင်းချဉ်ဆီထိအောင် လောင်ရဲ့
ဆောင်းကြမ်းမွှန်းတဲ့ဓားချက်တွေအောက်မှာ
အဖေ့လက်နဲ့မွှေးတဲ့ ဆောင်းမီးပုံလေး
ငါ့ကိုပြန်ပေး..
အမေ့ပုခက်ထဲက သားချော့တေးတွေ
ငါ့ကိုပြန်ပေး..
အဖြူအစိမ်းဝတ်စုံနဲ့
ကမ္ဘောဇ လွယ်အိတ်ကလေးကိုလည်း
ငါ့ကိုပြန်ပေး..

ကဲကွယ်..
ဘာဆိုဘာမှ ပြန်ပေးမနေပါနဲ့တော့
ဟောဟို့ တောင်စွယ်မှာ
တို့အမုန်းနဲ့ နေလုံး လုံးလုံး ကွယ်ရမယ် ။ ။

သစ်ကောင်းအိမ်
(၂၄၊ ၁၂၊ ၂၀၀၆)

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၇)အာရ်အက်ဖ်အေအပတ်စဉ်အလံလွှင့်
အစီအစဉ်ကနေ ၄လပိုင်း၂၀ရက်၂ဝ၁၁နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အသံလွှင့်
ဆောင်းပါးဖြစ်ပါတယ်။ လှုပ်ရှားစစ်ကြောင်းတွေမှာ နောက်ထပ်ဆိုရိုးလေး
တခုလည်း ရှိပြန်ပါသေးတယ်။ လှုပ်ရှားစစ်ကြောင်းဆိုတာရွာတွေမှာညအိပ် နားတတ်သလို တောထဲတောင်ထဲမှာ ဖြစ်သလိုအိပ်ရတတ်တာမျိုးလည်းရှိပါတယ်။
အဲဒီအခါမျိုးမှာ တနပ်စားပြီးတာနဲ့နောက်တနပ်စာကို အဆင်သင့်ပြန်ချက်ထားရပါတယ်။
အိပ်ရတဲ့အခါမှာလည်း ပတ်လည်ကင်းနဲ့ရှေ့ကင်းနောက်ကင်းတွေအကုန်လုံးက
ကိုယ့်ပစ်ကျင်းကိုယ်ကြိုတင်တူး၊ သေနတ်ကျည်ထိုးပြီး ကျင်းထဲမှာအိပ်ရပါတယ်။
လာအတိုက်ခံရတာနဲ့ ကျင်းထဲကနေပြန်လှန်ပစ်ခတ်နိုင်ဖို့ အသင့်အနေအထား
လုပ်ထားရတာပါ။ ရဲဘော်တွေက အဲဒါကို “စားပြီးပြန်ချက် ညမနက်
၊ရောက်ရာကျင်းတူး စတင်းဒူး” လို့ ဘိုလိုနဲ့မြန်မာလိုရောပြီးပြောလေ့ရှိပါတယ်။
တခါမတော့ ကိုယ်ပစ်ကျင်းကိုယ်တူးတဲ့သူတယောက် ကိုယ့်သေကျင်းကိုယ်တူး
မိသလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။

လှုပ်ရှားစစ်ကြောင်းထွက်တဲ့အခါ ဘိန်းစားတဲ့ပေါ်တာတွေပါလာရင် စိတ်ညစ်ရပါတယ်။ ဘိန်းစွဲနေသူဟာ ဘိန်းပြတ်လိုက်တာနဲ့ ယဉ်းထပြီး ကတုန်ကယင်နဲ့နုံးခွေနေတတ်ပါတယ်။ ဒါကြာင့် သူတို့ပါလာတာပြတ်လို့ ပြဿနာပေါ်ပြီဆိုရင်ပေးနိုင်အောင် စစ်ကြောင်းမှာ ဘိန်း ဆောင်ထားရပါတယ်။ သူတို့လိုသလောက်တော့ မပေးပါဘူး။ ယဉ်းပြေရုံအာသာပြေရုံ စတိသဘောပေး တာပါ။ သစ်ဆွဲဆင်တွေကို ဘိန်းကျွေးခိုင်းသလိုမျိုးနဲ့ခပ်ဆင်ဆင်ပါပဲ။ ကျနော့်အတွက် ပေးထားတဲ့ပေါ်တာက ဗမာစကားတခွန်း စနှစ်ခွန်းစတတ်ပြီး ဂတုံးပြောင်နဲ့ အသက် ၅ဝ လောက်ရှိမယ့် လီရှောကြီးပါ။ ဘိန်းကလေးများမျိုနေရရင် ပြုံးပြုံးပြုံးပြုံးနဲ့ဗမာလို မပီကလာပီကလာတွေပြောပြီး သူ့အထမ်းကိုမညည်းမငြူ ထမ်းရှာပါတယ်။ ဒီတခေါက်လူအလဲမှာ သူပါမယ်၊ ပြန်ရတော့မယ် လို့ပြောပြထားလို့ ပျော်လည်းပျော်နေမှာပါ။

နောက်နေ့မနက်မှာ ပြဿနာစတာပါပဲ။ သူပါလာတဲ့ဘိန်းကုန်ပြီဆိုတာကို ပြောပါတယ်။ ဒါနဲ့ ကျနော် သူ့အတွက်တနေ့စာ ဘိန်း ကို လက်ဖြောင့်တပ်စိတ်မှူးဆီက သွားထုတ်ပေးလိုက်တယ်။ လက်ဖြောင့်တပ်စိတ်ဆိုတာ တပ်ရင်းမှူးသွားလေရာနောက် တကောက်ကောက်လိုက်ရတဲ့ ကိုယ်ရံတော်တွေလို့ ပြောနိုင်ပါတယ်။ လက်တကယ် ဖြောင့်/မဖြောင့်မပြောတတ်ပေမယ့် တပ်ခွဲ တပ်စုတွေကမောင်တွေထက်တော့ အနေကြော့ပြီး အခွင့်အရေးလည်း ပိုရပါတယ်။ ဒါနဲ့ နေ့လည်လောက်ကျတော့ သူက ဘိန်းထပ်တောင်းတယ်။ ကျနော်က မနက်ဖြန်မှထပ်ရမယ့် အကြောင်းပြောပြတယ်။ သူက တကျီကျီပြောပြီး ဘိန်းထည့်တဲ့ဝါး ဘူးလေး ထုတ်ပြသွန်ပြတယ်။ အထဲမှာ ဘာမှမရှိတော့ဘူး။ ညအတွက်မချန်ပဲ အကုန်မျိုလိုက်တာကိုး။ ယဉ်းလည်းတော်တော် ထနေပြီ။ အထမ်းကိုလည်းမထိန်းနိုင်တော့ဘူး။ သူ့ကြည့်ပြီး ကျနော်လည်း စိတ်ကမချမ်းသာဘူး။ ဒါနဲ့ နောက်ဆုံး ဟိုလူ့ဆီ သွားပြီး မနက်ဖြန်စာကို ထုတ်ပေးလိုက်တယ်။ အဲဒီညအတွက်တော့ အေးဆေးပေါ့လေ။

နောက်နေ့မနက် စစ်ကြောင်းသွားနေတုန်း ၁ဝနာရီလောက်ပဲရှိသေးတယ်။ သူက ဘိန်းထပ်တောင်းတယ်။ ကျနော်က ဒီနေ့ အတွက် ဝေစုမရှိတော့ကြောင်း ပြောပြပါတယ်။ သူက ယဉ်းထပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ရှာတော့ဘူး။ အထမ်းကိုပစ်ချလိုက်ပြန်ကောက်ထမ်းလိုက်နဲ့ဖြစ်နေတယ်။ သူ့ကို ချော့မော့ပြော၊ စောင့်ခေါ်ရင်းနဲ့ခရီးကမတွင်။ ကျနော်
လည်း စိတ်ကသိပ်မရှည်ချင်တော့ဘူး။ ဒါနဲ့ ဟိုလူ့ဆီသွားပြီး ဘိန်းထပ်တောင်းတော့ “ကိုဘီအီး..ခင်ဗျား အဲဒီကောင်တွေကို အဲဒီလောက်အလိုမလိုက်နဲ့ဗျ.. အလကားဘိန်းစားတွေ ကလီကမာလုပ်နေတာ..ဘယ်ကောင်လဲပြော..ကျနော်လုပ်ပြမယ်” ဆိုပြီး ကျနော်နဲ့လိုက်လာပါတယ်။ အဲဒီအချိန်မှာ လီရှောကြီးက မြေကြီးပေါ်မှာ ကွေးကွေးလေးစောင်းပြီးမှိန်းနေပါတယ်။ လှုပ်တောင်မလှုပ်နိုင်တော့တဲ့ပုံမျိုးပါ။

တပ်စိတ်မှူးက လီရှောကြီးရဲ့နံကြားကို သုံးလေးချက်ဆောင့်ကန်ပြီးထခိုင်း၊ အထမ်းကိုပြန်အထမ်းခိုင်းပါတယ်။ ဟိုလူကြီးက ဒယီး ဒယိုင်နဲ့ထပြီး လမ်းတောင်မလျှောက်နိုင်တော့ကြောင်း သူတတ်သရွေ့ဗမာလိုလေးနဲ့ပြောရှာပါတယ်။ စိတ်မှူးလည်း သူ့စိတ်သူ မထိန်းတော့ပဲ လီရှောကြီးမျက်နှာကို ၄-၅ ချက် ဆင့်ထိုးတော့တာပါပဲ။ ကျနော်ဆွဲသေးတယ်။ မမှီလိုက်ဘူး။ လဲကျသွားတယ်။ လီရှောကြီးက နာလို့ထင်ပါရဲ့။ လဲနေရာက အတင်းကြုံးထတော့တာပါပဲ။ လက်ကားယားခြေကားယားနဲ့။ မျက်နှာကြီးတခုလုံး လည်း နီရဲနေတာပါပဲ။ သူ့ကိုယ်သူဟန်နေတဲ့ကြားက ရှေ့ကိုဟပ်ထိုးပြန်လဲကျတော့မယ့်ဆဲဆဲ ဆွဲမိဆွဲရာ စိတ်မှူးရဲ့အင်္ကျီစကို ဆွဲမိလိုက်တယ်။ ဒီတင် စိတ်မှူးကကာဘိုင်ဒင်နဲ့ သူ့ဂျိုစောင်းကို “ဒုက်”ကနဲ ဆောင့်အချ၊ အဖိုးကြီးခမျာ မြေကြီးပေါ် “ကား” ကနဲ ခြေလွတ်လက်လွတ် ပြုတ်ကျသွားတော့တာပါပဲ။ ငါးစိမ်းသည်မလက်ကအလေးနဲ့ ခေါင်းအထုခံလိုက်ရတဲ့ငါးတကောင် လို မြေပေါ်မှာထွန့်ထွန့်လူးနေရှာတယ်။ ခေါင်းက ကွဲတော့ကွဲမသွားဘူး။ အထဲကို ချိုင့်ဝင်သွားတယ်။ အဖြစ်အပျက်ကမြန် လွန်းတော့ ကျနော်လည်းဘာမှလုပ်ချိန်မရလိုက်ဘူး။ ကာဘိုင်ဒင်ဆိုတာ အနှောင့်မှာ သံမဏိပြားအထူကပ်ထားတာလေ။

စိတ်မှူးက “ထားလိုက်..ကိုဘီအီး.ဆေးတပ်သား ကြည့်လုပ်လိမ့်မယ် အဲဒီအထမ်းကို ဟိုကောင်တွေကိုမျှပေးလိုက်” လို့ပြော ပြီး ပြန်သွားတယ်။ ကျနော်လည်း သူ့အထမ်းက ပစ္စည်းတချို့ကို တခြားပေါ်တာတွေခွဲပေးပြီး စိတ်မချမ်းမသာနဲ့ဆက်ထွက်လာ ခဲ့တယ်။ လီရှောကြီးနဲ့ ဆေးတပ်သားတော့ ဘာတွေဖြစ်ကျန်ခဲ့လည်း မသိတော့ပါဘူး။ အဲဒီညတော့ တောင်ကြောတခုပေါ်မှာ စစ်ကြောင်းတကြောင်းလုံး ညအိပ်နားတယ်။ ထုံးစံအတိုင်း စားပြီးပြန်ချက် ညမနက်၊ ရောက်ရာကျင်းတူး စတင်းဒူးပေါ့။

စားသူစား၊ ချက်သူချက်၊ ပစ်ကျင်းတူးသူတူးနဲ့ မှောင်လိုက်လာပါပြီ။ လားတွေမြင်းတွေ၊ ပေါ်တာတွေလည်းငြိမ်နေပါပြီ။
ချက်ပြုတ်နေတဲ့ မီးဖိုတွေငြိမ်းသွားတာနဲ့အတူ တောထဲက မှက်တွေခြင်တွေလည်း တစခန်းထလာပါပြီ။ လက်ဖြောင့်တပ်စိတ် က မောင်တွေလည်း စစ်ကြောင်းမှူးနဲ့မလှမ်းမကမ်းက ပစ်ကျင်းတွေထဲမှာ သေနတ်ကိုယ်စီနဲ့နားနေကြပါပြီ။ ကျနော်လည်း နေ့ လည်ကမြင်ကွင်းကို စိတ်မျက်စေ့ထဲက ထုတ်ဖို့ကြိုးစားရင်း မှေးကနဲအိပ်ပျော်သွားပါတော့တယ်။

ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲတော့မသိပါဘူး။ “ဝုန်း” ကနဲ လက်နက်ကြီးသံတချက်နဲ့အတူ လန့်နိုးသွားပါ တယ်။ မြေကြီးတောင် တုန်သွားတယ်မှတ်တာပဲ။ နောက်တော့ သေနတ်သံတွေ။ ခေါင်းပေါ်က ကျော်ကျော်သွားတဲ့ လက်နက် ကြီးကျည်သံ တရွှီရွှီ ၊ သေနတ်ပြောင်းက မီးပွင့်တွေ၊ လားတွေမြင်းတွေလန့်ပြီး ဟီသံရုန်းသံတွေ၊ ပေါ်တာတွေကြောက်လန့် တကြားနဲ့အော်သံဟစ်သံတွေ၊ ရဲဘော်တွေရဲ့ ဆဲသံဆူသံတွေ စစ်ကြောင်းမှူးနားက ဆက်သွယ်ရေးစက်က တီတီ..တီတီတွေ အားလုံးရှုပ်ရှက်ခတ်နေတော့တာပါပဲ။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၆)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၆)အာရ်အက်ဖ်အေကနေ ၄လပိုင်း ၁၃ ၂၀၁၁ နေ့မှာထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ကျနော့်စစ်သက် တလျှောက်မှာ ပြီးခဲ့တဲ့တပတ်ကပြောခဲ့သလိုမျိုး ကြက်သီးထမိ၊ ကျောချမ်းမိ၊ စိတ်မလုံ သလိုဖြစ်မိတာတွေ သိတ်တော့ မနည်းလှပါဘူး။ နောက်တကြိမ်ကတော့ ကျနော် ခ.လ.ရ(၉)နဲ့ မန်တုံဂွင်ဘက်မှာ လှုပ်ရှားစစ်ကြောင်းဝင်ချိန် ကဖြစ်ပါတယ်။ ရွာနာမည်တော့ မမှတ်မိတော့ပါဘူး။ လှုပ်ရှား စစ်ကြောင်းတွေနဲ့ ပတ်သက်လို့ တပ်ထဲမှာဆိုစမှတ်လေးတခုရှိပါတယ်။ “ရေကန်နီးနီး အိမ်ကြီးကြီး၊ သမီးငယ်ငယ် ကြက်လွယ်လွယ်၊ အရက်ဝယ်လို့ရရမည်” တဲ့။ လှုပ်ရှားစစ်ကြောင်း ရွာတရွာကိုဝင်ပြီဟေ့ ဆိုတာနဲ့ စစ်ကြောင်းရုံး တာဝန်ရှိသူက ရွာထဲလှည့်ပတ်ကြည့်၊ အကြီးဆုံးအကောင်းဆုံးအိမ်၊ ရေလည်း နီးနီးနားနား၊ ကောင်မငယ်ငယ်လေးတွေလည်းရှိ၊ ဟင်းစားကြက်လည်း လွယ်လွယ်ရ၊ အရက်ဝယ်ဖို့လည်း အဆင်ပြေ စတဲ့ဂုဏ်ပုဒ်တွေနဲ့အပြည့်စုံဆုံးအိမ်ကို စစ်ကြောင်းမှူးအိမ် အဖြစ်ရွေးပေး နေရာချပေးရပါတယ်။ ကျနော်တို့ စစ်ကြောင်းလည်း အဲဒီလိုအိမ်တွေမှာပဲ ယာယီတည်းတာပါ။ ဒီ ဆိုစမှတ်ကလေးကို ကြည့်လိုက် ရင်ပဲ ရှေ့တန်းက ဗမာ့တပ်မတော်ရဲ့ပုံရိပ်တစွန်းတစကို မြင်နိုင်မယ်ထင်ပါတယ်။

ရှေ့တန်းဒေသက တချို့ရွာတွေမှာ ရွာသူကြီးက မိန်းမတွေဖြစ်နေတတ်ပါတယ်။ ဒါကလည်း သူကြီးလုပ် မယ့်ယောင်္ကျားသား မရှိလို့ မဟုတ်ပါဘူး။ မိန်းမသူကြီးဆိုတော့ သက်ညှာရာလေးများရကောင်းရဲ့ဆိုပြီး ခန့်ထားကြတာပါ။ စစ်ကြောင်းလာနေပြီဆိုတဲ့ အသံကြားတာနဲ့ ရွာထဲကရှိသမျှယောင်္ကျားတွေက အသက် လုပြေးပြီး တောထဲလျှိုထဲသွားပုန်းကြတော့တာပါပဲ။ ရွာထဲမှာ မိန်းမ သားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေသာကျန်ပါတယ်။ စစ်ကြောင်းပြန်ထွက်သွားပြီ။ စိတ်ချရပြီဆိုမှ ယောင်္ကျားတွေ ရွာခြေပြန် ကပ်ရဲတာပါ။ နို့မို့ဆို မလွယ်ဘူးလေ။ ပေါ်တာခေါ်၊ လမ်းပြခေါ်၊ မသင်္ကာရင်စစ်ကြောရေး အလုပ်ခံရတတ်တယ်မို့လား။

အခု ကျနော်တို့ရောက်သွားတဲ့ရွာမှာက မိန်းမသူကြီးမ။ စစ်ကြောင်းခဏနားချိန်မှာ ဗမာလိုမတတ်တတတ်နဲ့ လိုသမျှလုပ်ပေးရှာပါတယ်။ စစ်ကြောင်းပြန်ထွက်မယ်ဆိုတော့ လမ်းပြနဲ့ပေါ်တာကလိုလာပြီ။ သူကြီးမက သူကိုယ်တိုင်လမ်းပြလုပ်ပေးပြီး ပေါ်တာအဖြစ်တော့ ရွာထဲက အရွယ်လတ်အမျိုးသမီး ၄ဝ ကို ဆင့်ပေး ပါတယ်။ မိန်းမပေါ်တာတွေပေါ့လေ။ ကျနော်လည်း စိတ်မကောင်းတော့ဖြစ်မိတယ်။ ဒါပေမယ့် ဘာမှမ တတ်နိုင်ဘူးမဟုတ်လား။ မိန်းမပေါ်တာဆိုတာက ယောင်္ကျားတွေလိုမဟုတ်ဘူး။ အထိန်းရခက်သလို၊ ပြဿနာများပြီး ခရီးလည်းမတွင်တတ်ပါဘူး။

စစ်တပ်မှာ လူပေါ်တာကို ဝန်ထမ်းလို့ခေါ်ပြီး ရွာကဆင့်လာတဲ့ လား/မြင်းတွေကိုတော့ ဝန်တင်လို့ခေါ်ပါတယ်။ ဝန်တင်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ် သတ်မှတ်နှုန်းနဲ့လုပ်အားခပေးရပါတယ်။ အဲဒီငွေကို စစ်ဆင်ရေးအသုံး စရိတ်အဖြစ် သီးသန့်ချထားပေးပြီး စစ်ကြောင်းရုံးကကိုင် ထားပါတယ်။ သူတို့တွေ အချိန်စေ့လို့ပြန်တဲ့ အခါမယ် “တာဝန်ကျေ”ဆိုတဲ့လက်မှတ်ထိုးထားတဲ့ စာတရွက်နဲ့အတူ ငွေကို လား/မြင်းပိုင်ရှင်ကို ပေးရပြီး၊ လူတွေကိုတော့ လက်ထဲအပ်ရပါတယ်။ ပေါ်တာအတွက်နေ့စဉ်ရိက္ခာရှိ သလို၊ လား/မြင်းတွေအတွက် အစာဖိုးလည်းရှိပါတယ်။ ဒါပေမယ့် သူတို့ခမျာမရကြတာများပါတယ်။ ရတယ်ဆိုလည်း ဘယ်တော့မှအပြည့် အဝမရကြပါဘူး။ ပေါ်တာတွေကို ထမင်းနဲ့ငါးပိသာပေးပါတယ်။ မြင်း/လားပိုင်ရှင်တွေကတော့ ကိုယ့် အကောင်တွေအတွက်အစာကို ကိုယ့်နည်းကိုယ့်ဟန်ပဲရှင်းကြရတာပါ။

ဒီလိုနဲ့ မိန်းမပေါ်တာ အယောက် ၄ဝ နဲ့ကျနော်တို့စစ်ကြောင်း အဲဒီရွာကနေဆက်ထွက်ခဲ့ပါတယ်။ တချို့မိန်း မတွေက ၇၅ မီလီမီတာ နောက်ပွင့်ဗုံးသီးတွေကို ပလိုင်းထဲထည့်လွယ်သူလွယ် ခေါင်းပေါ်ရွက်သူရွက်နဲ့
ပေါ့လေ။ တလမ်းလုံးလည်း မကျေမနပ်ပူညံပူညံတွေနဲ့ စိတ်ညစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်း ဆိုတာမျိုးကြီးပါပဲ။ တနေကုန်လျှောက်လာလိုက်ကြတာ ညနေစောင်းတော့ တောင်ကျောတခုပေါ်မှာ ညအိပ်မယ်။ စားပြီးပြန်ချက်၊ မနက်ဆက်ထွက်မယ်ဆိုတဲ့အမိန့်နဲ့ နားကြစားကြ တာပေါ့။ မအိပ်ခင်မှာ ပေါ်တာမတွေအားလုံးကို တနေရာထဲမှာစုပြီးထားရမယ်၊ သူတို့ထွက်မပြေးနိုင်အောင် စစ်ကြောင်းရုံးလုံ ခြုံရေးတပ်စုက တာဝန်ယူရမယ်ဆိုတဲ့အမိန့်နဲ့ စခန်းချပါတယ်။ ကျနော် လည်းခရီးပမ်းတော့ စားပြီးပြီးချင်း မှေးကနဲအိပ်ပျော် သွားပါတယ်။ နောက်တော့ စကားသံလိုလိုဘာလိုလိုကြားပြီး ပြန်နိုးလာတယ်။

ပေါ်တာလုံခြုံရေးတပ်စုမှူးက “ကျနော့် ကျောပိုးအိတ်ထမ်းတဲ့ကောင်မဗျာ”ဆိုပြီး သူ့တပ်စုတပ်ကြပ်ကြီးကို ပြောနေတဲ့အသံဖြစ်နေ တယ်။ ဘာများလည်းဆိုပြီး ကျနော်အသာလေးငြိမ်ပြီး နားစွင့်နေမိတယ်။ ခနနေတော့ ပြန်လာတဲ့ခြေသံတွေနဲ့ မိန်းမတယောက် ပလောင်လို ပြောသံတွေလည်းကြားနေရတယ်။ နောက်တော့ ခပ်တိုးတိုးကြိတ်ပြီး ခြိမ်းခြောက်သံ၊ ငြင်းသံဆိုသံ၊ လှုပ်လှုပ် ရှားရှားအသံ၊ တအင်းအင်း.. တအဲအဲအသံတွေလည်း ကြားနေရတယ်။ သိတ်သဲသဲကွဲကွဲကြီးတော့မဟုတ်ပါဘူး။ ကျနော်နဲ့ ၈ ကိုက်လောက်တော့ ဝေးမယ်ထင်တာပဲ။

ခဏလောက်နေတော့ တပ်စုမှူးအသံနဲ့တပ်စုတပ်ကြပ်ကြီးအသံ ပြန်ကြားရပြန်တယ်။ “မင်းတို့ပြီးရင်.ကြည့် ကျက်လုပ်လိုက်ကွာ” ဆိုတဲ့ အသံကိုတော့ သေသေချာချာ့ကို ကြားလိုက်ပါတယ်။ တခုခုတော့ဖြစ်တော့မှာ ပဲဆိုပြီး ကျနော် ထိတ်ကနဲဖြစ်မိလိုက် တယ်။ နောက်တော့ အမျိုးသမီးကို တနေရာရာပြန်ခေါ်သွားတဲ့ပုံပါပဲ။ အသံတွေလည်း တိတ်သွားတယ်။

မနက်လင်းအားကြီး အချိန်လောက်မရှိတရှိမှာမှာ ကျနော့်နေရာရဲ့အောက်ဘက် ကိုက် ၁ဝဝ လောက် လျှိုထဲကနေ သေနတ် သံ လေး ငါးချက်ကြားလိုက်တယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ခဏနေတော့ “ပေါ်တာပြေးလို့…ပေါ်တာပြေး လို့” ဆိုတဲ့အသံတွေ ထွက်လာပါတယ်။ နောက်တော့လည်း ပုံမှန်ပါပဲ။ အခုန ဘာမှဖြစ်မသွားခဲ့အတိုင်း၊ ဆက်ထွက်ဖို့ပြင်ကြ ဆင်ကြနဲ့ပါပဲ။

ဆက်ထွက်မယ်ဆိုမှ ကျနော် ပေါ်တာမတွေကို အမှတ်မထင်ရေကြည့်မိလိုက်တော့ ၃၉ ယောက်ထဲ ဖြစ်နေတာတွေ့တယ်။ တယောက်လျော့သွားပါလားဆိုလည်း သတိပြုမိလိုက်ပါတော့တယ်။ အဲဒီတော့မှ ညက ဖြစ်စဉ်ရဲ့အကြောင်းတရားဟာ မနက်ကျတော့ လူတယောက် လောကထဲကနေအပြီးတိုင်ပျောက် ကွယ်သွားခြင်းဆိုတဲ့အကျိုးတရားနဲ့ နိဋ္ဌိတံသွားပါရော့လားဆိုတာ သိလိုက်ရပါတော့တယ်။
မျိုးမြင့်ချို

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၅)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၅)ဧပြီ ၆ ရက် ၂ဝ၁၁ နေ့ လွတ်လပ်သော အာရှအသံမှ လွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး
နောက်ထပ် ဘာအသံဗလံမှထွက်မလာတော့ပဲပြန်ငြိမ်ကျသွားပြန် ပါတယ်။ ဘာဖြစ်တာလဲဆိုတာကိုသာမတွေးတတ်သေးပေမယ့် အခုန ကွဲသံတွေဟာ ညနေကမှအသစ်ထပ်ဖြည့်လိုက်တဲ့ မိုင်းကွင်းနေ ရာကဆိုတာကိုတော့ ကျနော်ခန့်မှန်းလို့ရပါတယ်။ သဇင်တောင်စခန်း မှာက ဖြူနဲ့ခွေးတူဝက်တူကောင်တွေပေါတယ်။၊ အဲဒီကောင်တွေက ညဘက်အစာရှာရင်း ဟိုတိုးဒီတိုးနဲ့၊ ကွင်းထဲ ကမိုင်းတွေနင်းမိတိုက်မိ ဖြစ်တတ်တာမျိုးလည်းရှိပါတယ်။ မိုင်းကွဲလို့ ကင်းသမားကလှမ်းပစ်ကြည့်၊ တောကောင်တိုးလို့ဖြစ်တာ ဆိုရင်တော့ “အေးစေ”ပေးပြီး အားလုံးပြန်အိပ်ကြတာပေါ့။ အခုဟာက “အေးစေ”လည်း မပေး၊ မိုင်းကွဲတဲ့ဘက်ကိုလည်း လက်နှိပ်ဓါတ်မီးတွေထိုးနေ၊ ရဲဘော် ၃-၄ ယောက်လည်း စည်းရိုးနားဆင်းကပ်သွားဆိုတော့ တောကောင်ကြောင့် မဟုတ်တာ တာ့သေချာပြီ။ ကျနော်လည်း သတ်မှတ်ပစ်ကျင်းနေရာမှာ သေနတ်ကိုင်ရင်းနားစွင့်ရင်းနဲ့ မိုးစင်စင်လင်းရတော့တာပေါ့။ ခဏနေတော့ ကျနော့်ကိုလာခေါ်တာနဲ့ ထောက်လှမ်းရေးဘန်ကာဆီ သွားရပါတယ်။

ရောက်တော့ ထောက်လှမ်းရေးက “ဟိုကောင်တွေဗျာ..အလေးအပေါ့သွားပါစေတော့ဆိုပြီး ထိတ်တုံး
ခဏဖြုတ်ပေးလိက်တာ၊ ခြံစည်းရိုးဖြဲပြီး ထွက်ပြေးဖို့လုပ်တယ်။ အခုတော့ ၂ ကောင်လုံးမိုင်းနင်းပြီး မသာပေါ် ကုန်ပြီလေ၊ အဲဒါ အလောင်းထုတ်ရအောင် မိုင်း နည်းနည်းရှင်းပေးပါဦး” လို့ ပြောပါတယ်။ ကျနော့်စိတ်ထဲ တမျိုးပဲ။ ဒါပေမယ့် “အင်း” လို့ပဲတခွန်းပြန်ပြောပြီး ခြံစည်းရိုး နားကိုသွားပါတယ်။ ခံစစ်စခန်းတွေမှာ စည်းရိုးကာဝါးခြမ်းပြားတွေထိပ်မှာ သောက်ပြီးသားနို့ဆီဗူးခွံတွေ ဇောက်ထိုးစွပ်ထားကြပါတယ်။ ခြံစည်းရိုးကို ကိုင်လိုက်လှုပ်လိုက်မိတာနဲ့ ကလောက်ကလောက်အသံတွေထွက်အောင်လို့ပါ။ အသံက ကင်းသမား ငိုက်နေတယ်ဆိုရင်တောင် နိုးလောက်အောင်ကျယ်ပါတယ်။ အိမ်သာရှိတဲ့နေရာနဲ့ အခုဒီလူတွေပြေးဖို့ လုပ်တဲ့နေရာကလည်း တခြားစီ။ နောက်ပြီးတော့ ကင်းနဲ့ခြံစည်းရိုးကလည်း ကိုက်၂ဝ တောင်မဝေးဘူး။ အိမ်သာမဟုတ်တဲ့နေရာမှာ အိမ်သာတက်မလိုလိုနဲ့ ခြံစည်းရိုးဖြဲပြီးပြေးဖို့လုပ်တယ်ဆိုရင်တောင် နို့ဆီခွက်တွေက ဘာလို့အသံမမြည်ရတာလဲ။ မြည်လျက်နဲ့ကင်းသမားက မကြားလို့များလား။

ကျနော် မိုင်းကွင်းထဲမဝင်ခင် စည်းရိုးတွေထိပ်ကိုကြည့်လိုက်တယ်။ နို့ဆီခွက်တွေ မရှိပါလား။ တစ်နေရာ မှာတော့၊ တိုင်ထိပ်မှာစွပ်တဲ့ နို့ဆီခွက် ၁၄-၅လုံးလောက်ကို အပုံလိုက်ပုံထားတာတွေ့တယ်။ ဖြဲထားတဲ့နေ ရာကိုလည်းကြည့်တယ်။ အပေါက်က လက်နဲ့ကမန်းကတမ်း ဖြစ်သလိုဖြဲထားတာမဟုတ်ပဲ သေသေချာချာ အချိန်ယူပြီး စနစ်တကျဖေါက်ထားတာဖြစ်နေတယ်။ ဒါနဲ့ ကျနော်လည်း အဲဒီအပေါက်ကပဲတိုးဝင်ပြီး ဒီလူတွေ သေ/မသေ အကဲခတ်ကြည့်ပါတယ်။ လူတွေကတော့ သေနေပါပြီ။

ကျနော်လည်း ဝင်လာမယ့်သူတွေအတွက် မိုင်းလွတ်လမ်းရှင်းပေးလိုက်ပါတယ်။ ပြီးတော့မှ အလောင်းတွေ ကိုကြည့်မိတယ်။ တယောက်က မိုင်းတလုံးကိုနင်းမိပြီးမှ နောက်တလုံးပေါ် မှောက်ရက်လဲကျပုံရတယ်။ ရင်ဘတ်တခုလုံးပွင့်ထွက်နေပါတယ်။ “ငါထောင်လိုက်တဲ့မိုင်းတွေနဲ့ ဒီလူတွေသေရတာပါလား” လို့တွေးမိပြီး ကျနော် တော်တော့ကို စိတ်မချမ်းမသာဖြစ်သွားပါတယ်။ တခုခုတော့မှားနေပြီ။ သွေးရိုးသားရိုး မဟုတ်လောက်ဘူးလို့လည်း တနေကုန်တွေးနေမိပါတယ်။

နောက်တပတ်လောက်နေတော့ ထောက်လှမ်းရေးအကြပ်နဲ့ ၂ ယောက်တည်းရှိတုန်း ကျနော့်စိတ်ထဲဖြစ်နေ တာကို သူ့ကိုပြောပြမိတယ်။ သူက ကျနော်ပြောတာကိုနားထောင်ပြီး “ခင်ဗျားကလည်း တော်တော်စိတ်နုတဲ့ လူပါလား၊ သူပုန်နဲ့သူပုန်သတင်းပေး မိလာတယ်ဗျာ။ ကောင်းကောင်းမွန်မွန် မေးတယ်မြန်းတယ်ဗျာ။ မဖြေဘူးဗျာ။ မဟုတ်ဘူးပဲပြောတယ်ဗျာ။ ဝန်ခံလိုက်ရင်အေးဆေးပဲ။ ထောင်လေးဘာလေးလောက်တော့ ကျမှာပေါ့။ အခုဟာက ဝန်မခံတဲ့အပြင် ထွက်ပြေးဖို့ပါလုပ်လာတယ်ဗျာ။ မတတ်နိုင်ဘူးဗျာ။ သူတို့ထိုက်နဲ့သူ တို့ကံပေါ့ဗျ” လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောပါတယ်။ ကျနော်က “မဟုတ်ဘူးလေဗျာ။ သူတို့ဟုတ်တယ်ဆိုရင် မပေါ်ပေါ်အောင်စစ်နည်းတွေ ခင်ဗျားတို့မှာရှိနေတာပဲဟာ။ နောက်တခုကလည်း အဲဒီညနေကမှ စစ်ကြောင်းမှူးက အဲဒီနေရာမှာမိုင်းသစ်တွေ ထပ်ဖြည့်ခိုင်းတယ်ဗျာ။ အိမ်သာနဲ့လည်းတခြားစီဗျာ။ နောက်ပြီး ကင်းနဲ့ကလည်းနီးနီးလေးဗျာ။ ခြံစည်းရိုးနို့ဆီခွက်တွေလည်း ဖြုတ်ပြီးပုံထားတာတွေ့တယ်ဗျာ။ သူတို့ဖြုတ် တယ်ဆိုလည်း ကင်းသမားကဘာလို့ မကြားသလဲဗျာ။ ဖြဲထားတဲ့ အပေါက်ကလည်း လက်နဲ့ဖြဲထားတာ မဟုတ်ဘူးဗျ။ ကျနော့်စိတ်ထဲတမျိုးပဲ။ ကျနော့်ကြောင့် ဒီလူတွေသေရသလိုမျိုးကြီး ခံစားနေရလို့ပါ” လို့ မဆင်မခြင်ဆက်ပြောနေမိခဲ့ပါတယ်။

သူက စိတ်နည်းနည်းတိုသွားပုံနဲ့ “ခင်ဗျား အဲသလောက်လည်းမခံစားနဲ့ဗျ..သေတဲ့ကောင်လည်းသေပြီပဲဟာ.. ရှင်နေရင်မှ ထောင်ထဲမှာဒီကောင်မျိုးတွေအတွက် နိုင်ငံတော်က အကုန်အကျခံနေရဦးမယ်။ နောက်တခု က ဒါ ခင်ဗျားအလုပ်လည်း မဟုတ်ဘူးဗျ.. ခင်ဗျား အလုပ်က စစ်အင်္ဂျင်နီယာ..ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးဆေးနေစမ်းပါဗျာ.. ဒါခိုင်းရင် ဒါလုပ်လိုက်ရုံပဲလေ.. ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေ ဝင်လည်းမတွေးနဲ့ ဝင် လည်းမမေးနဲ့ဗျ.. စစ်တပ်ဆိုတာ နေတတ်ရင်အကျယ်ကြီးပါဗျ.. ခင်ဗျားလည်းသိရဲ့သားနဲ့” ဆိုပြီး  အတည်လို လို အပြောင်အပျက်လိုလိုလုပ်ပြီး စကားစကိုဖြတ်ချလိုက်ပါတယ်။

အဲဒီတော့မှ ကျနော်လည်း စကားလွန်သွားပြီဆိုတာ သတိဝင်လာတယ်။ ကြက်သီးမိထသလိုလို ကျောချမ်းမိ သလိုလို စိတ်မလုံသလိုလို ဖြစ်မိပါတယ်။ ကျနော့်စစ်သက်တလျှောက်မှာ အဲသလိုမျိုး ကြက်သီးထမိ၊ ကျော ချမ်းမိ၊ စိတ်မလုံသလိုဖြစ်မိတာတွေ သိတ်တော့မနည်း လှပါဘူး။ မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၄) မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၄) (မတ်လ ၃၀ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
တစ်ခါတုန်းကလည်း ကျနော့်စိတ်ထဲ တစ်ခုခုကိုကြောက်နေသလိုမျိုး ခံစားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ကျနော် ခ.မ.ရ(၁ဝ၉) နဲ့တွဲပြီး သဇင်တောင်စခန်းမှာ ထိုင်တုန်းကပါ။ တပ်မတပ်တွေ ရှေ့တန်း
ထွက်တာမှာ စခန်းထိုင်နဲ့လှုပ်ရှားစစ်ကြောင်းဆိုပြီး ၂ မျိုးရှိပါတယ်။ စခန်းထိုင်ဆိုတာက တခါတလေ ထူးခြားအခြေအနေအရ စီမံချက် တင်ပြီးထွက်တိုက်ရတာမျိုး၊ တပ်ခွဲတပ်စုတွေ တိုက်ကင်းသဘော နယ်မြေရှင်းတာမျိုးလောက်ကလွဲလို့ ခံစစ်စခန်းကြီးတွေမှာ စစ်ဆင်ရေး တစ်ပတ်လုံး နေရတာကိုခေါ်တာပါ။

သဇင်တောင်ခံစစ်ကုန်းက (ကွတ်ခိုင်)တာမုံးညဲဂွင်ထဲမှာရှိပါတယ်။ ကွတ်ခိုင်ကနေ တာမုံးညဲအထိ ယဉ် တန်းပေါက်ပါတယ်။ တာမုံးညဲကနေ အဲဒီစခန်းခြေကရွာတွေဖြစ်တဲ့ ရှောက်ဟော်-လုံထန်အထိ ၁ဝနာ ရီလောက်လျှောက်ရပါတယ်။ ရှောက်ဟော်ရွာကနေ ၃ နာရီလောက် တောက်လျှောက်ထပ်တက်ရင် သဇင်တောင်ရောက်ပါပြီ။ စစ်ကြောင်းမှူးက ဗိုလ်မှူးမြင့်သိန်းလို့ မှတ်မိနေပါတယ်။ စကားနည်းပြီး တစ်ခုခု ကိုသွေးအေးအေးနဲ့လုပ်တတ်တဲ့ ရုပ်မျိုးနဲ့ပါ။

တစ်ကြိမ်မှာ သဇင်တောင်အောက်ခြေ လုံထန်စခန်းမှာ ခံစစ်ပြုပြင်ရေးလုပ်ငန်းတွေလုပ်ဖို့ ကျနော်တာဝန်ကျ ပါတယ်။ အဲဒီစခန်းက တပ်စုတစ်စုထိုင်တဲ့ စခန်းကုန်းလေးပါ။ နိမ့်နိမ့်လေး၊ ရွာနဲ့လည်းအတက်အဆင်းက မိနစ် ၂ဝလောက်ပဲရှိတာပါ။ အမဲလေးဘာလေးလည်းပစ်ရတော့ ဟင်းစိမ်းဟင်းစိုလေး မပြတ်တတ်ဘူးဆို ပါတော့။ စခန်းရောက်တော့ စုမှူးကိုသတင်းပို့၊ ပြီးတော့ အလုပ်ကိစ္စဆွေးနွေးကြပါတယ်။ စုမှူးက အေးချမ်းမွန် ရည်ပြီး သဘောကောင်းပါတယ်။ ဒီလိုနဲ့ နောက်တနေ့မနက်ကစပြီး ကျနော်လုပ်စရာရှိတာလုပ်လိုက်တာ ၁ဝ ရက်လောက်နဲ့တင် ကိစ္စအားလုံးပြီးပါတယ်။ စခန်းမှူးက ရောက်တုန်းရောက်ခိုက် သူ့စခန်းမှာ ကျနော့် ကိုနေစေ့ချင်တာနဲ့ ကိစ္စမပြတ်သေးဘူးလို့ အထက်ကိုတင်ပြီး နားခိုင်းထားပါတယ်။ ကျနော်လည်း ယမကာလေးတမြမြနဲ့၊ ရွာထဲဆင်းလည်လိုက်၊ အမဲလေးပစ်လိုက်နဲ့ပေါ့လေ။

တနေ့တော့ နောက်ချန်အင်အား ၆ ယောက်ပဲထားခဲ့ပြီး စခန်းနဲ့သိပ်မဝေးတဲ့ရွာတစ်ရွာကို တိုက်ကင်းထွက် ဖို့ဖြစ်လာတယ်။ ကျနော့်ကိုပါ ခေါ်သွားပါတယ်။ သတင်းက အဲဒီရွာမှာ ရန်သူ့အင်အားတစိတ်လောက် ရောက်နေတယ်ဆိုပါတယ်။ တလမ်းလုံး ဘာထိတွေ့မှုမှမရှိသလို ရွာထဲအထိလည်း အေးအေးဆေးဆေးပါပဲ။ ရွာရောက်တော့ တပ်စုတပ်ကြပ်ကြီးက ရွာသားတချို့နဲ့ တွေ့နေချိန်မှာ စုမှူးနဲ့အတူကျနော်က သူကြီးအိမ်မှာ နားနေပါတယ်။ အဲဒီလိုရွာတွေမှာ သူကြီးတွေကို တပ်ကရိက္ခာထောက်သလို အထောက်တော်လို့ခေါ်တဲ့ သတင်းပေးတွေကိုလည်း လျှို့ဝှက်ပြီးမွေးထားရပါတယ်။ သူကြီးရောအထောက်တော်ပါ ၂ ဘက် အတွက် အလုပ်လုပ်ရတာပါ။ အလွန်အန္တရာယ်များပါတယ်။ တချက်မှားတာနဲ့ တဖက်ဘက်ကခေါ် အရေးယူခံရ တာတွေလည်း ဒုနဲ့ဒေးပါပဲ။ သူကြီးကအာဏာရှိတယ်ဆိုပေမယ့် လက်တွေ့မှာသတင်းပေးကို ပြန်ကြောက်နေ ရတာပါ။ သတင်းပေးရဲ့ မလိုရင်မလိုသလို ပေးတဲ့သတင်းကြောင့် ဒုက္ခရောက်ရတဲ့သာဓကတွေလည်းရှိ တာကိုး။

ခဏနေတော့ အကြပ်ကြီးရောက်ချလာတယ်။ စုမှူးနဲ့တိုးတိုးတိုးတိုးလုပ်ပြီး ပြန်ထွက်သွားတယ်။ အပြန်လည်း ကျရော ကျနော်တို့နဲ့အတူ ရွာသား ၂ယောက် လက်ပြန်ကြိုးတုပ်ရက်သား ပါလာပါတယ်။ ဘယ်သူတွေလဲ၊ ဘာတွေလည်းဆိုတာတော့ ကျနော့်မှာသိခွင့်ရော မေးခွင့်ပါမရှိပါဘူး။ စခန်းပြန်ရောက်ပြီး အဲဒီနေ့ညနေပဲ ကျနော်သဇင်တောင်ပြန်ရပါတယ်။ ကျနော့်ကို လာကြိုတဲ့တပ်စိတ်နဲ့ အခုနလူ ၂ ယောက်ပါ ပါလာပါတယ်။

သဇင်တောင်ရောက်တော့ အခုနလူ ၂ ယောက်ကို ထောက်လှမ်းရေးလက် အပ်တာတွေ့ရပါတယ်။ စစ်ကြောင်း ၁ မှာ အိုင်အို လို့ခေါ်တဲ့ ထောက်လှမ်းရေးအရာရှိပါပြီး၊ ၂ မှာတော့အများအားဖြင့် အိုင်ဆာဂျင် လို့ခေါ်တဲ့ ထောက်လှမ်းရေးအကြပ်ကြီးပါ ပါတယ်။ တပ်တွေမှာ အရာရှိခြင်းအတူတူ အခြားအရာရှိတွေက အိုင်အိုကိုလန့်ရသလို၊ အခြားအဆင့်တွေမှာလည်း အိုင်ဆာဂျင်ကိုလန့်ရပါတယ်။ အဲဒီအချိန် သဇင်တောင်မှာ အိုင်ဆာဂျင်မရှိတာနဲ့ ဒုတပ်ကြပ်တဦးကကိုင်ထားတာပါ။ အဲဒီလူစကားပြောရင် အတည်လားအပြောင် အပျက်လားဆိုတာ ခွဲရတော်တော်ခက်ပါတယ်။

အခုနလူ ၂ယောက်ကို တညလုံး စစ်ကြမေးကြသံတွေ၊ အော်ဟစ်ညည်းညူသံတွေကို ကျနော့်နေရာကနေ အတိုင်းသားကြားနေ ရတယ်။ တော်တော့ကို စိတ်မချမ်းသာစရာကောင်းပါတယ်။ မနက်လင်းတော့လည်း ထောက်လှမ်းရေးတွေရယ် စစ်ကြောင်းမှူးရယ် ဒီလူတွေထားတဲ့ ဘန်ကာထဲဝင်လိုက်ထွက်လိုက်နဲ့ တနေကုန် လိုလိုပါပဲ။ တညနဲ့တနေ့လုံးလုံး စစ်သူသာပြောင်းတယ် ဒီလူကတွေကိုတော့ ရေကလွဲလို့ ဘာမှပေးမစား၊ ပေးမအိပ်ပဲညှဉ်းပမ်းထားပုံပါပဲ။

ညနေစောင်းတော့ စစ်ကြောင်းမှူးက မိုင်းကွင်းမြေပုံတွေကြည့်မယ်ဆိုလို့ ကျနော်သွားသတင်းပို့ရပါတယ်။ သူက စည်းရိုး၃ထပ် ကြားထဲက မိုင်းကွင်းတနေရာကို လက်နဲ့ထောက်ပြီး “အဲဒီနေရာကို မိုင်းနည်းနည်း ထပ်ဖြည့်စမ်း” လို့ပြောတာနဲ့ ကျနော်လည်း ချက်ခြင်းပဲ သူပြောတဲ့နေရာကိုသွားပြီး မိုင်းဆယ်လုံးလောက် ထပ်ဖြည့်ပါတယ်။ နောက်တော့ ပြီးစီးကြောင်းသတင်းပို့၊ ကျနော့် ဘန်ကာထဲပြန်လာ၊ မြေပုံပြန်ပြင်ဆွဲ၊ စားသောက်ပြီးအိပ်ယာပေါ်လှဲနေရင်းက ဟိုတွေးဒီတွေးနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ဖြစ်စဉ်က ထူးဆန်းနေ သလိုပဲလို့လည်း စိတ်ထဲထင်နေတယ်။ နောက်တော့ ကျနော်လည်း အိပ်ပျော်သွားတယ်။

“ဂျိုင်းဂျိုင်း..ဂျိုင်းဂျိုင်း” နဲ့ပေါက်ကွဲသံလေးငါးချက်ကြောင့် ကျနော်လန့်နိုးသွားပါတယ်။ သေနတ်ကောက် ကိုင်လိုက်ချိန်မှာပဲ စခန်းတခုလုံး ဝီစီသံ၊ အမိန့်ပေးသံအော်သံဟစ်သံတွေဆူညံပွက်ပြီး ရုတ်တရက်ကမ္ဘာ ပျက်သွားတဲ့အတိုင်းပါပဲ။ တဆက်တည်းပဲ “ပစ်..ပစ်” ဆိုတဲ့ အမိန့်ပေးသံနဲ့ ဂျီဖိုးသေနတ်သံတွေ တဝေါဝေါထွက်လာပါတော့တယ်။ မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၃)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း ၃) မတ်လ ၂၃ ရက် ၂ဝ၁၁ နေ့လွတ်လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး
အဲဒီဝရုန်းသုန်းကားသေနတ်သံ၊ စဥ့်အိုးကွဲသံတွေကြားကပဲ “အား”ကနဲအော်သံနဲ့အတူ လူတယောက်အရုပ်ကြိုးပြတ်လဲကျသွား တာကိုပါ ကျနော်မြင်လိုက်ရတယ်။ အသံတွေပြန်တိတ်သွားတယ်။ စဥ့်အိုးနောက်က ညည်းသံတဟင်းဟင်းကြားနေရတယ်။ ကျနော်လူးလဲထလိုက်ပြီး တပ်စိတ်မှူးနောက်က ကပ်လိုက်သွားပါတယ်။ ဒီတော့မှ သွေးအိုင်ထဲမှာ ပက်လက်ကြီးလဲကျနေ တဲ့မိန်းမတယောက်။ သူ့ဘေးမှာ မှောက်ခုံလေးလဲကျနေတဲ့ ကလေးတယောက်။ ကလေးက သွေးအိုင်ထဲမှာဓါတ်လိုက်နေသလို တကိုယ်လုံးဆန့်ငင်ဆန့်ငင်နဲ့တုန်နေတယ်။ ကျနော့်ဘေးက ရဲဘော် တယောက်က ကလေးကိုပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ပြီး ပက်လက်ဆွဲလှန်ချလိုက်တယ်။ မျက်လုံးတွေ ပိတ်နေပြီ။ ရင်ဘတ်နဲ့ခေါင်းတခုလုံး သွေးတွေနစ်နေတာပဲ။ အဲဒီနေရာတွေကိုချည်းပဲ ထိသွားပုံရတယ်။ ကြည့်နေတုန်းမှာပဲ ကလေးကတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ မလှုပ်မရှက် ပက်လက်ကလေး။

ကလေးရဲ့ဘေး ကြမ်းပြင်ပေါ်ပက်လက်လဲကျနေတဲ့ မိန်းမဘက်ကို ကျနော်ကြည့်လိုက်တယ်။ သူ့ရင်ဘတ်မှာ ထိထားတာတွေမြင်နေရတယ်။ အပေါ်ပိုင်းတခုလုံးသွေးတွေရွှဲနေတာ မြင်မကောင်းဘူး။ အားယူပြီးထထိုင်ဖို့ လုပ်လိုက် ပြန်လန်ကျသွားလိုက်နဲ့ဖြစ်နေတယ်။ သူ့ဘေးမှာတော့ ပစ်ချလိုက်တဲ့တပ်စိတ်မှူးက သေနတ်ကိုင် ပြီး မတ်တပ်ကြီးကြောင်နေတယ်။ ဘာမှလည်းမပြောဘူး။ ရုတ်တရက်ဆွံ့အသွားတဲ့လူတယောက်လိုပဲ သူ့ ကိုကြည့်ရတာ။ ကျနော်က မိုင်းရှာစက်နဲ့သေနတ်ကို ဘေးချလိုက်ပြီး အဲဒီမိန်းမကိုပွေ့ထူဖို့ သူ့ကျော အောက်လက်လျှိုလိုက်တော့ လက်တခုလုံးစေးထန်းထန်းနဲ့ နွေးကနဲဖြစ်သွားတယ်။ အတင်းပွေ့ထူပြီး ထိုင်ပေးဖို့၃-၄ခါလောက် လုပ်တာတောင်မရဘူး။ သေတော့ မသေသေးပါဘူး။ ဒါနဲ့ သူ့ကို သေသေချာချာ ကြည့်လိုက်တယ်။ ဗိုက်က ကွဲပြီးပွင့်ထွက်နေတယ်။ မိန်းမက သူ့ဗိုက်ကို၊ အဲဒါကြီးကို လက်တဘက်နဲ့ တအားဖိထားတယ်။

ကျနော်က ဒီလက်တောင့်ခံနေလို့ ထူ မရတာဖြစ်မယ်ထွက်ပြီး သူ့လက်ကို ဇွတ်ဖယ်ထုတ်တယ်။ သူက တင်းခံ ထားတယ်။ ကျနော်က ပိုအားစိုက်ပြီးထပ်လုပ်တယ်။ သူကလည်း ပိုပြီးလက်ကိုတောင့်ခံထားတယ်။ ဒါနဲ့ ကျနော်သူ့ဗိုက်ကို သေသေချာချာ ထပ်ကြည့်တယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ကိုး။ ကျနော်လည်း ဘေး ကကြောင်ကြည့်နေတဲ့ တပ်ကြပ်ကို “ဟေ့လူ.. ဘာလုပ်နေတာလဲ၊ နည်းနည်းကူဦးလေ” ဆိုတော့မှ သူလည်း အသက်ပြန်ဝင်လာတဲ့လူလို လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မိန်းမဆီက အသံထွက်လာတယ်။ သတိပြန်လည် လာသလို မျက်လုံးတွေပွင့်လာတယ်။ ပါးစပ်ကလည်း ဗမာလိုပီပီသကြီး “မလုပ်ပါနဲ့.မလုပ်ပါနဲ့.ကလေးကို မသတ်ပါနဲ့” လို့အော်ပြီး အတင်းရုန်းးထလိုက်တာ မတ်တပ်ရပ်မိသွားတယ်။ ကျနော် ဘာလုပ်ရမှန်းမသိပဲ ကြောင်နေတုန်း အဲဒီမိန်းမ ဗိုင်းကနဲပြန်လဲကျသွားတယ်။ ပြန်ထဖို့လုပ်တယ်။ ကျနော်က သူ့ကို ရင်ဘတ် ကနေဖိပြီး ထမရအောင်လုပ်ထားရတယ်။ ပြန်ထမိရင်ပြန်လဲကျမှာလည်း စိုးနေတယ်။

အဲဒီအချိန်မှာပဲ တပ်စုမှူးရောက်ချလာတယ်။ သေနေတဲ့ကလေးကို၊ ကျနော့်ကို၊ မိန်းမကို၊ တပ်စိတ်မှူးကို တလှည့်စီကြည့်လိုက်တယ်။ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ တပ်စိတ်မှူးကိုပြန်ကြည့်ပြီး “မင်းထိထားတာ အတော်များလား” လို့မေးတယ်။ တပ်စိတ်မှူးက “ရပါတယ် ဗိုလ်လေး”လည်းဆိုရော။ “မင်း ချန်ခဲ့၊ ဒုစိတ်မှူးနဲ့ ကျန်တဲ့ကောင်တွေ ရွာလည်လမ်းကိုဆက်ရှင်း၊ ဟေ့ကောင်..ဆေးတပ်သားခေါ်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ကျနော့်ကိုလည်း သွေးတွေပေနေတာမြင်လို့ထင်ပါရဲ့ “ဘီအီး..မင်းရောထိထားလား”တဲ့။ “မထိပါဘူး.. ဒီကသွေးတွေပါ”ဆိုပြီး ကျနော်က မိန်းမကိုထိုးပြလိုက်တယ်။ “အေး.. ဒါဆို မင်းဒီမှာ ခဏနေခဲ့၊ ဆေးတပ်သားလာလိမ့်မယ်၊ နည်းနည်းကူလိုက်ဦး” ဆိုပြီး အပြင်ပြန်ထွက်မလို့လုပ်နေတုန်း ဆေး တပ်သားဝင်လာတယ်။ နားကျပ်တွေဘာတွေထုတ်။ မိန်းမရင်ဘတ်ကို ထောက်ကြည့်။ လက်ကောက်ဝတ်ကို စမ်းကြည့်လုပ်နေတာတွေ တွေ့နေရတယ်။ မိန်းမက မျက်စေ့တော့မပွင့်ဘူး။ ပါးစပ်ကတော့ “မလုပ်ပါနဲ့…မလုပ်ပါနဲ့”လို့ပဲ ရေရွတ်နေတယ်။ ခဏနေတော့ ဆေးတပ်သားက တပ်စုမှူးကိုမော့ကြည့်တယ်။ “အခြေ အနေမကောင်းဘူး ဗိုလ်လေး”တဲ့။ စုမှူးက “မရတော့ဘူးလား”လို့ မေးတယ်။ "မလွယ်တော့ဘူး”လို့ သူကပြန်ဖြေတယ်။

စုမှူးလည်း ဘာလုပ်ရင်ကောင်းမလဲ ခနစဉ်းစားလိုက်ပုံရတယ်။ နောက်တော့ “မင်းတို့ကောင်တွေကလည်း လုပ်လိုက်ရင် အရမ်းချည်းဘဲ၊ ကလေးကပြဿနာမရှိဘူး၊ သေပြီ။ ဒီမိန်းမက ပြဿနာ” ဆိုပြီးတပ်စိတ်မှူး တပ်ကြပ်ကို လှည့်ကြိမ်းပါတယ်။ “ကျနော်လည်း ရုတ်တရက်ဆိုတော့..ရန်သူထင်ပြီး…” ပြောနေတဲ့ တပ်ကြပ် စကားမဆုံးလိုက်ပါဘူး။ “ဘာရန်သူဟုတ်လား၊ မင်းအမေ့လင်တွေကဟိုးမှာ၊ ကြာတယ်ကွာရှင်းပစ် လိုက်”ဆိုပြီး တပ်ကြပ်ကိုအမိန့်ပေးလိုက်တယ်။ ကျနော်ရော ဆေးတပ်သားပါ နောက်နည်းနည်းဆုတ်မိ ရက်သား ဖြစ်သွားတယ်။ တပ်ကြပ်က “ဟာ..ဗိုလ်လေး..ကျနော်.ကျနော်” ဆိုပြီး စကားတွေထစ်နေတယ်။ ဗိုလ်လေး က “မင်း. စ ထားတာလေကွာ၊ မင်း ဆုံးလိုက်” လို့ ခပ်တင်းတင်းအမိန့်ပေးတယ်။ သူ့လက်ကလည်း ခါးကပစ္စတိုလ်ပေါ်မှာ အသင့်အနေအထားနဲ့။ “ဗိုလ်လေး.. ကျနော့်မိန်းမလည်း ကိုယ်ဝန်ကြီးနဲ့.. ကျနော်.. ကျနော်..”ဆိုပြီး တပ်ကြပ်ဟာ ကတုန်ကယင်ကြီး ဖြစ်နေပါတယ်။ ဒီမှာတင် ဗိုလ်လေးက “ပေးစမ်း… ”ဆိုပြီး တပ်ကြပ်လက်ထဲကသေနတ်ကို ဆောင့်ဆွဲယူလိုက်တယ်။ သေနတ်ကကျည်ထိုးပြီးသား။ ပြီးတော့ အဲဒီမိန်းမရဲ့ ခေါင်းကိုချိန်ပြီး ဒိုင်း..ဒိုင်းနဲ့ ၂ ချက်ဆင့် ပစ်ချလိုက်တယ်။ မိန်းမလည်း ငြိမ်ကျသွားတယ်။ စုမှူးက သေနတ်ပြန်ပေးရင်း “ဟေ့ကောင် ဆေးတပ်သား ဒီမိန်းမက မင်းမရောက်ခင်ကတည်းက သေနေပြီနော်. ဟုတ်လား၊ ဘီအီးရော ဒီအတိုင်းပဲ ဟုတ်ပြီလား၊ ဒါပဲ ဒီ့ထက်ပိုပြီး ဘာမှမကြားချင်ဘူး.. ဟုတ်ပြီလား”

ကျနော် သွေးအိုင်ထဲကအလောင်းတွေကိုကြည့်ရင်း စိတ်ထဲမှာဘာမှန်းမသိတဲ့ ခံစားမှုတွေဖြစ်နေတယ်။ ကြောက်လည်းနည်း နည်းကြောက်နေတယ်။ ဘာကိုကြောက်တာလဲဆိုတာတော့ သေသေချာချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကြောက်နေတယ်ဆို တာကိုတော့ ကျနော် သေသေချာချာကြီး သိနေပါတယ်။ မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၂) မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ”(အပိုင်း၂) (မတ်လ ၁၆ရက် ၂ဝ၁၁ နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး) ကျနော် အဲဒီ ရွာပျက်ကြီး ၂ ခုကိုကြည့်ပြီး၊ ဗမာပြည်မှာ စီစီဝမ်တာပန်တွေ ဘယ် လာက်များနေပြီလဲလို့တွေးနေမိတယ်။ မြေပုံပေါ်မှာပဲရှိနေတော့ပြီး မြေပြင်ပေါ်မှာမရှိတော့တဲ့ရွာပျက်တွေ ကျနော်အများကြီးတွေ့ဖူးပါ
တယ်။ လူဆိုတာ ကိုယ်ချက်မြှုတ်ရာကိုယ့်ဇာတိမှာ ခေါင်းချချင်မှာပဲ လို့လည်းတွေးမိသေးတယ်။ အခြေအနေအရခေါင်းချရာနဲ့ချက်မြှုတ်
ရာ လွဲရတော့မယ်ဆိုရင်လူတွေဟာ အိမ်ကိုလွမ်း၊ ရွာကိုလွမ်း၊ ပြည်ကိုလွမ်း၊ မြေကိုလွမ်း၊ လွမ်းတတ်ကြတာကိုး။ စီစီဝမ် တာပန်သားတွေ လည်း ဒီအတိုင်းပဲနေမှာပေါ့။ ကျနော့်စိတ်က စီစီဝမ်တာပန်သားတွေဆီကနေ နာ့အော်ကြီး-နာ့အော်လေး က ရွာသားတွေဆီကို ရောက်သွားပါတယ်။

နာ့အော်ကြီး-နာ့အော်လေးဆိုတဲ့ရွာတွေက နမ္မတူခရိုင်၊ မန်တုံဂွင်ထဲကရွာတွေပါ။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေ သာမက လူမျိုး စုံနေကြတာပါ။ ဂွင်အလိုက်အများစု နေတတ်ကြတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ မန်တုံဂွင်မှာ တော့ ပလောင်က အများစုဖြစ်မယ် ထင်ပါတယ်။

ကျနော် ဒီဂွင်ကို ခ.လ.ရ (၄) (မန္တလေး) ပုသိမ်ကြီးကတပ်နဲ့တွဲတုန်းက ရောက်ခဲ့တာပါ။ တပ်ရင်းမှူးကဒုဗိုလ် မှူးကြီး မောင်မောင်စိုး။ ဒုရင်းမှူးအပါအဝင် တခြားသူတွေကို ကောင်းကောင်းမမှတ်မိတော့ပေမဲ့ တပ်ခွဲမှူး ဗိုလ်ကြီးလှမြင့်ကိုတော့ အခုထက်ထိမှတ်မိနေတုန်းပါပဲ။ အသားညိုညို၊ လူကောင်ထွားထွား၊ ကျောက်ပေါက်မ သဲ့သဲ့၊ စကားပြောရင် ကျယ်ကျယ်ကြမ်းကြမ်း။ မူးလာရင် “ဗ.က.ပအသဲ မီးကင်စားလာတဲ့ကောင်ကွ” လို့ အမြဲပြောတတ်သလို၊ အမြဲလိုလိုလည်း မူးနေတတ် ပါတယ်။ တပ်ရင်းမှူးရဲ့ညာလက်ရုံးလို့လည်း ပြောသံကြား ရရဲ့။

နာ့အော်လေးကို စစ်ကြောင်းဝင်ခါနီးတော့ ရင်းမှူးကကျနော့်ကို ပွိုင့်တပ်ခွဲနဲ့လိုက်ဖို့ပြင်ခိုင်းပါတယ်။ စစ်အင်္ဂျင် နီယာဆိုတာက တိုက်စစ်မှာရှေ့ဆုံးက၊ ခွာစစ်ကျတော့နောက်ဆုံးကနေ ဖြစ်ပါတယ်။ တိုက်စစ်မှာ မိုင်းရှင်းရ တာ၊ ခံစစ်စည်းရိုးဖေါက်ခွဲပေး ရတာမျိုးတွေ လုပ်ရသလို။ ခွာစစ်မှာ ကိုယ့်နောက်က ရန်သူလိုက်မလာနိုင် အောင် မိုင်းထောင်တာ၊ တံတားချိုးတာ၊ လမ်းဖျက်တာတွေလုပ်ရပါတယ်။ ၂ ခုစလုံးက သေမင်းနှုတ်ခမ်း နမ်း ရသလိုမျိုးပါ။ ဒါနဲ့ ကျနော်လည်း သေနတ်၊ အီကွင့်ပ်မင်န့်၊ မိုင်းရှာစက်တွေပြင်ပြီး ပွိုင့်တပ်ခွဲမှူးဆီ သတင်းသွား ပို့ပါတယ်။ “ဟေ့ကောင် ဘီအီး.. မင်းစစ်တိုက်ဖူးလား”လို့ မေးတော့ ကျနော်က “မတိုက်ဖူးဘူး..ဗိုလ်ကြီး”လို့ ပြန်ဖြေလိုက်ပါတယ်။ “အေး..ဒါဆို ပွိုင့်တပ်စုသွား၊ စုမှူးကိုသတင်းပို့၊ သူခိုင်းတဲ့အတိုင်းလုပ်၊ ရွာထဲမှာရန်သူရှိ တယ်၊ ကြားလား”တဲ့။ ကျနော်လည်း နည်းနည်းတော့လန့်သွားတယ်။ ရွာထဲမှာရန်သူရှိတယ်ဆိုပါလား။

ပွိုင့်တပ်စုမှူးက အလုပ်သင်ဗိုလ်။ စစ်တပ်မှာ အလုပ်သင်ဗိုလ်တွေကို ဗိုလ်လေးလို့ခေါ်ရပါတယ်။ အဲဒီဗိုလ် လေးက စစ်ဗိုလ်ပုံထက် လမ်းသရဲပုံပိုပေါက်ပါတယ်။ ပစ္စတိုလ်ကိုလည်း ကောင်းဘွိုင်မင်းသားလို ခါးမှာတို့ လို့တွဲလောင်းချိတ်လို့။ ကျနော် သူ့ကိုသတင်းပို့တော့ တပ်စုတပ်ကြပ်ကြီး ရိုင်းဗဟာဒူးကိုခေါ်ပြီး “သူလိုတာ လုပ်ပေးလိုက်.ဆရာကြီး” ဆိုပြီး အပ်လိုက်ပါတယ်။ ရိုင်းဗဟာဒူးက တည်ငြိမ်အေးဆေးတဲ့ပုံပါ။ “စားပြီးပြီလား၊ မစားရသေးရင်ရော့”ဆိုပြီး ကောက်ညှင်းထုတ် တထုတ်ပေးတယ်။ ကျနော်က “မစားတော့ပါဘူးဆရာကြီး” ဆိုတော့ “ရော့.. တခွက်နှခွက်လောက်တော့ချထား၊ အထိအတွေ့ဘာမှမရှိရင်တော့ ဆက်ထွက်မယ်ထင် တာပဲ” ပြောပြီး ဗူးတဗူးပေးတယ်။ ဒါနဲ့ ကျနော်လည်း ၃ ပက်စာလောက် တချက်တည်းမော့ချလိုက် တယ်။ သွေးပူပြီး လူလည်းဖျတ်ဖျတ်လတ်လတ် ဖြစ်သွားပါတယ်။

အချိန်က နေ့လည်တနာရီလောက်ရှိနေပါပြီ။ ကျနော်တို့ပွိုင့်တပ်စုလည်း ရွာနားကပ်နေပါပြီ။ ရွာစွန်ကအိမ် တချို့နဲ့ ရွာ့နောက်ပိုင်း တောင်စောင်းကအိမ်တွေကိုလည်းရှင်းရှင်းမြင်နေရပါပြီ။ ရွာထဲက ဆန်ကြိတ်စက် အင်ဂျင်သံနဲ့အတူ ခွေးဟောင်သံသဲ့သဲ့ လည်းကြားနေရပါပြီ။ ရွာထဲကလူတွေ ကျနော်တို့ ရွာခြေမှာကပ်မိနေ ပြီဆိုတာကို သိ/မသိတော့ ကျနော်လည်းမပြောတတ်ပါဘူး။ ရိုင်းဗဟာဒူးက ရှေ့ကသွားနေတဲ့တပ်စိတ်မှူးကို လမ်းဘေးကိုဖဲ့ဆင်းဖို့ လှမ်းအချက်ပြလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရွာစပ်ချုံကွယ်တွေကြားက သေနတ်သံတွေ “ဝေါ” ကနဲ ထွက်ချလာပါတော့တယ်။ ကျနော် လည်း ဖျတ်ကနဲ ဝမ်းလျားမှောက်ချလိုက်တယ်။ ပွိုင့်တပ်စိတ်ကနေ ပြန်ပစ်သံတွေလည်း ဆူညံပွက်သွားတာ ပဲ။ သေနတ်ကိုသာ လက်ကတင်းတင်းဆုတ်ထားပေမယ့် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ရင်တွေက
တော့ တဒိုင်းဒိုင်းခုန်နေပါတယ်။ ကျနော့် ပတ်လည်မှာတော့ “တက်..တက်”အော်သံတွေ မော်တာလောင် ချာသံတွေ သေနတ်သံတွေယမ်းနံ့တွေ ဆူညံမွှန်ထူနေပါတယ်။ ၁၅ မိနစ်လောက်ကြာတော့ တဘက်က ပစ်ခတ်သံတွေ ဖြည်းဖြည်းချင်းဝေးဝေးသွားပါတယ်။ ကျနော်တို့တပ်စုလည်း ရှေ့ကို တဖြည်းဖြည်းတိုးလိုက် လာပါတယ်။ ကျနော်တို့တစုလုံး ရွာထဲရောက်သွားတော့ တဘက်ကသေနတ်သံတွေက ရွာအစွန်တောင် ကုန်းတွေပေါ်ရောက်သွားပြီ။ သဘောကတော့ ရွာကိုကျနော်တို့စီးမိလိုက်ပြီပေါ့။ ကျနော်တို့ဘက်မှာ အထိ အခိုက်ရှိမှန်းတော့ သိလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူလဲဘယ်နှယောက်လဲဆိုတာတော့ ကျနော်မသိ။

တပ်စုမှူးက ကျနော့်ကို “ဘီအီး..မင်းပွိုင့်စိတ်နဲ့လိုက်သွား”လို့ပြောပြီး ပွိုင့်တပ်စိတ်ကို “ဆန်စက်နဲ့ရွာလယ် လမ်းကိုဝင်ရှင်း” ဆိုပြီး တဆက်တည်းအမိန့်ပေးပါတယ်။ တပ်စိတ်မှူးကိုကြည့်လိုက်တော့ လက်ဖျံနဲ့ပေါင်မှာ ထိထားပုံပဲ။ သွေးတွေလည်းရွှဲလို့။ ဒေါသလည်း ဖြစ်နေပုံပါပဲ။ “ကျုပ်တို့အခု အရင်ဆုံးဆန်စက်ကိုဝင်စီးမယ်၊ အထဲရောက်မှကြည့်ကျက်လုပ်တာပေါ့။ အရင်ဆုံးအထဲရောက်ဖို့လိုတယ်”လို့ပြောပြီး ရှေ့ဆုံးကနေ ကာဘိုင် နဲ့ပစ်ရှင်းရှင်းပြီး တံခါးကိုဆောင့်ကန်ထည့်လိုက်ပါတယ်။ တံခါးလည်းပွင့်ရော သူ့ နောက်ကရဲဘော် ၂ ယောက်နဲ့အတူ အိမ်ထဲကိုဒလောဟော ပစ်သွင်းတော့တာပါပဲ။ ကျနော်က သူတို့ဘေးမှာရပ်လျက်သား။ နောက်တော့ “ဝင်..ဝင်”ဆိုပြီး သူကအရင် အိမ်ထဲဝင်ချလိုက်ပါတယ်။ ဘာသံမှမကြားရပဲ တိတ်ဆိတ်နေ ပုံကြီးက စိတ်ချောက်ခြားစရာကြီးပါပဲ။ ရှေ့ဘက်အခန်းရှင်းအပြီး သေနတ်ကိုယ်စီနဲ့ နောက်ဖက်အခန်းကို ဝင်လိုက်တယ်ဆိုရင်ပဲ ရေဖြည့်ထားတဲ့ရာဝင်အိုးကြီးတွေနောက်က ရုတ်ကနဲအရိပ်ကနဲတခုအလှုပ်၊ ကျနော်ကြမ်းပြင်ပေါ်မှောက်အချ၊ တပ်စိတ်မှူးသေနတ်ပြောင်းက ကျည်ဆန်တွေဝေါကနဲ ထွက်အလာ။ အားလုံး ဝရုံးသုန်းကား ဖြစ်သွားပါတော့တယ်။
မျိုးမြင့်

“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း ၁)မျိုးမြင့်ချို

0 comments
“စစ်မြေပြင်မှပုံရိပ်များ” (အပိုင်း၁) (မတ်လ ၉ ရက် ၂ဝ၁၁နေ့ လွတ် လပ်သောအာရှအသံမှလွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါး)
၁၉၈၄ ခုနှစ် ဖေါ်ဝါရီလ ၁၈ ရက်၊ မနက် ၁ဝ နာရီ ၁၈ မိနစ်။ “ဝုန်း”ကနဲ ပေါက်ကွဲသံနဲ့အတူကျနော့်တကိုယ် လုံးမြင်းကန်ခံလိုက်ရသလို လွင့် ထွက်သွားပါတော့တယ်။ မျက်စိတွေပြာပြီး ပတ်ဝန်းကျင်တခုလုံး ယမ်းငွေ့ ကန့်လန့်ကာ ဖုံးချလိုက်သလိုမှောင်အတိ။ မြေကြီး ပေါ် “ဘုန်း”ကနဲ ပက် လက်ပြန်ကျကျချင်း "ဟ..ငါဘာဖြစ်တာပါလိမ့်"လို့ ကျနော် ချက်ချင်း မတွေးမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး။ အားယူပြီး အတင်းကျုံးထမယ်လုပ်တော့မှ ညာခြေထောက်က ဆတ်က နဲလေထဲမြောက်တက်လာတာ။ တကယ့်ကိုပေါ့ပေါ့လေး။ ခြေထောက်ကိုကြည့်လည်းကြည့်လိုက်ရော ဒူးဆစ် အောက်ကနေပြတ်ထွက်သွားပြီ။ “ဟာ…ငါ့ ခြေထောက် ပြတ်သွားပါလား” ဆိုတာကိုလည်း အဲတော့မှ သိ လိုက်ရတာ။ ပြီးလည်းပြီးရော လူက သွေးရူးသွေးတမ်းနဲ့ ဟိုကြည့်ဒီကြည့်တွေ လိုက်ကြည့်မိတယ်။ ကျနော်နဲ့ ၄ ကိုက်လောက်မရှိတရှိ၊ ယမ်းငွေ့တွေကြား၊ တောစီးဖိနပ်စွပ်ရက်သား ပြတ်နေတဲ့ခြေတဖက်က မြေကြီးပေါ် မှာကျလို့။ ကျနော့်အကြည့်က ကိုယ်မှာကျန်နေသေးတဲ့ ခြေထောက်တဖက်ဆီကို ပြန်ရောက်လာတယ်။ အသားစတွေကဖွာလန်ကျဲလို့။ တိုးလို့တွဲလောင်း၊ သက်ကယ်ခြောက်တွေ မြေကြီးခဲအစအနတွေက သွေးတွေ နဲ့ကပ်ပြီးမြင်မကောင်း။ သွေးတွေပန်းထွက်နေတဲ့ ငုံးတိတိခြေပြတ်ကြီးက တဆတ်ဆတ်နဲ့တုန်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ စက်လတ်အတွဲလိုက်ဆွဲချသံတွေ ညံထွက်လာတယ်။ ကျည်ဆန်တွေ ကျနော်လဲကျနေ တဲ့နေရာနဲ့ ၃ ကိုက်လောက်မှာ လာလာထောက်နေပါလား။ မဖြစ်သေးဘူး “မှောက်မှ”ဖြစ်မယ် ဆိုတဲ့အသိနဲ့ ကျနော် ညာဘက်ကိုစောင်းချလိုက်တယ်။ ဒီတော့မှ ညာဘက်လက်ကိုလည်း တွေ့လိုက်ရတော့တာ။ ညာ လက် တတောင်ဆစ်အောက်ကနေ ပြတ်ထွက်သွားပါရောလား။ စိတ်ထဲက “ဟာ”လို့ အော်လိုက်မိတယ် ထင်တာပဲ။ ပြတ်ထွက်သွားတဲ့ညာလက်ကို ဘယ်လက်နဲ့ဆွဲပွေ့၊ ရင်ဘတ်ပေါ်ဆွဲကပ်၊ ပြီးတော့ ကုန်းစောင်း အတိုင်း ကျနော်လှိမ့်ချလိုက်တယ်။ တခုခုနဲ့တိုက်မိပြီး အရှိန်သေသွားတော့မှ လက်နှစ်ဘက်လုံးရင်ဘတ် အောက်ထိုးထဲ့ပြီး ငြိမ်နေလိုက်တယ်။ လူလည်းတော်တော့် ကိုမောနေတယ်။ သတိတော့မလစ်ဘူး။ ဘာဖြစ် သွားတာလဲ။ ဘာတွေဖြစ်နေတာလဲ မသိသေးဘူး။ လူသံ၊ အော်သံဟစ်သံ၊ ပစ်သံခတ်သံတွေနဲ့နားတွေအူပြီး တလောကလုံး ငရဲပွက်နေမှန်းတော့သိနေတယ်။

အရှင်လတ်လတ်မီးမြှိုက်ခံရတဲ့အတိုင်း ကျနော့်တကိုယ်လုံးပူနေတယ်။ နာတော့မနာဘူး။ နောက်တော့ တယောက်ယောက် ကျနော့် ကိုပွေ့ချီလိုက်တယ်။ စုတ်သပ်သံလိုလို၊ ငြီးတွားသံလိုလိုအသံတွေ၊ “ဒီမှာဒီမှာ.” ဆိုတဲ့အသံတွေက နားထဲဗလုံးဗထွေး ဝင်နေတယ်။ တယောက်ယောက်က “ဘယ်ဘက်လက်.. ဘယ်ဘက် လက်” လို့ ပြောသံကြားတယ်။ ဘာပါလိမ့်ဆိုပြီး ဘယ်လက်ကို ကြည့်လိုက်တော့မှ.. ဘယ်လက်ချောင်းတွေ ကြေမွနေတာ၊ လက်သူကြွယ်လေးက ပြတ်ထွက်မသွားသေးပဲ အရေပြားတန်းလန်း လှုပ်တုပ်လှုပ်တုပ်ဖြစ်နေ တာ၊ ကိုယ့်အသားကို ကျပ်ကျေးနဲ့တရွှပ်ရွှပ်ညှပ်နေတာကိုလည်းသိနေတယ်။ မေ့ဆေးမရှိ။ ထုံဆေးမရှိ။ အစိမ်းလိုက်။ ၁ဝ မိနစ်လောက်ရှိတော့ စ နာလာပြီ။ စစချင်းတော့ ခပ်ဖြည်းဖြည်း ။ နောက်တော့ တကိုယ် လုံးနေရာအနှံ့။ မခံနိုင်တော့ဘူး။ အခုနေ သေသွားရင်ကောင်းမှာပဲလို့ ကျနော် တွေးမိလိုက်တယ်။

“မင်း..ဘယ်နေ့ စစ်ကြောင်းပါတယ်။ ခ.လ.ရ(၉)နဲ့။ စစ်ကြောင်း (၂)။ စီစီဝမ်တာပန်။ အီကွပ်မင်န့်ပြင်ထား” လို့ ခွဲအရာခံဗိုလ်ရုံးက ခေါ်ပြောတဲ့အချိန်က ကျနော့်စိတ်တွေ ပုံမှန်အတိုင်းပါပဲ။ ကျနော်က စစ်ကြောင်းကြောက် သူမဟုတ်။ ကျနော်တို့ စစ်မြေပြင်အင်္ဂျင်နီယာတပ် တွေမှာ တိုင်းလက်အောက်ခံတပ်တွေကို တိုင်းတပ်တွေ လို့ခေါ်ပြီး၊ တပ်မလက်အောက်ခံ တပ်တွေကိုတော့ တပ်မတပ်တွေလို့ခေါ်ပါတယ်။ ကျနော့်တပ်က အမှတ်(၉ဝ၉)စစ်မြေပြင်တပ်ခွဲ(အင်္ဂျင်နီယာ)။ တပ်မ (၉၉)လက်အောက်ခံတပ်ခွဲ။ တပ်ခွဲမှူးက ဗိုလ်မှူးဇော်ဝိတ်။ တပ်မ(၉၉) နောက်တန်းဋ္ဌာနချူပ်က မိတ္ထီလာမှာ၊ ရှေ့တန်းဋ္ဌာနချူပ် ကတော့ ကွတ်ခိုင်။

ကျနော်တို့က(၉၉) လက်အောက်ခံတပ်တွေနဲ့တွဲပြီး ရှေ့တန်းထွက်ရတာကို “စစ်ကြောင်းပါတယ်” ။ (၉၉)လက်အောက်ခံ ဗျူဟာ(၃) ခုနဲ့တွဲရတာကိုတော့ “ဗျူဟာပါတယ်”လို့ခေါ်ပြီး၊ ရှေ့တန်းတပ်မဋ္ဌာနချူပ်နဲ့ သွားတွဲ ရတာကိုတော့ “တပ်မပါတယ်” ဆိုပါတယ်။ ဗျူဟာတို့ တပ်မတို့ပါတယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ နောက်တန်းကလူတွေနဲ့ အဆက်အသွယ်မပြတ်။ တခြားအကြံအဖန်လေးဘာလေးလည်း ရသေးတယ်လေ။ အိမ်ထောင်သည်တွေကျတော့ ယဉ်တန်းကြုံရှိရင် နောက်တန်းက မိန်းမတွေလိုက်လာပြီး ခဏတဖြုတ်အတူ နေလို့လည်းရတယ်။ မိန်းမတွေအပြန်မှာ တရုပ်ပစ္စည်းလေးတွေ ဝယ်ထဲ့ပေးလိုက်၊ မန္တလေးကျ ပြန်ရောင်း၊ အမြတ်ကလေးစို့စို့ပို့ပို့။ လူပျိုတွေကျတော့လည်း မြို့နားမြို့ပေါ်နေရင်း မိန်းမပိုးချိန်ရည်းစားရှာချိန်လည်းရ။ “ဗျူဟာတပ်မ”တွဲရင်း တိုင်းရင်းသူတွေနဲ့ညားကုန်ကြတဲ့ လူပျိုတွေလည်းအများသားပေါ့။ ဆိုတော့ “တပ်မ ဗျူဟာ” ဆိုရင် လိုက်ချင်သူပေါတာဘာမှမဆန်း။ “စစ်ကြောင်းပါတယ်”ဆိုရင် မျက်နှာမသာ။ သေဖို့၊ ဒဏ်ရာ ရဖို့ ပိုနီးတာကိုး။ ဒါ့ကြောင့် တပ်မှူးက အကြပ်တပ်သားတိုင်းကို “စစ်ကြောင်းနဲ့တပ်မဗျူဟာ” အလှည့်ကျ ထဲ့ပေးရမယ်ဆိုပြီး အမိန့်ထားရတာပေါ့။ တပ်မဗျူဟာဆိုတာက လူကြီးနားနေရတာဆိုတော့ လူရွေးတိုင်း ဖြစ်နိုင်သမျှ အသောက်အစားကင်းသူတွေကို ဦးစားပေးရွေးရမယ်လို့ ကန့်သတ်မိန့်တော့ရှိတယ်။ ကျနော်က မကင်းဘူး။ မူးလာရင်နည်းနည်းလည်း “ရစ်”တတ်သေးတယ်။ ဆိုတော့ ကျနော့်စစ်သက်တလျှောက်လုံး “တပ်မဗျူဟာ” တခါမှမပါခဲ့ဖူးဘူး။ “မပါနိုင်မယ့်အတူတူဆိုပြီး” ကျနော်က စစ်ကြောင်းပဲတောင်းလိုက်တာ
ပေါ့။ တပ်ရင်းတရင်းရှေ့တန်းထွက်ပြီဆိုရင် ကျနော်တို့စစ်အင်္ဂျင်နီယာ၊ ဆက်သွယ်ရေးနဲ့ ဆေးတပ်သား ၄ ဦးစီတွဲပြီး လိုက်ရပါတယ်။ ရှေ့တန်း ရောက်ပြီဆိုတာနဲ့ စစ်ကြောင်း ၂ ကြောင်းပြန်ခွဲ။ တွဲဘက်စစ်သည် တွေလည်း တကြောင်းမှာ ၂ ယောက်စီပြန်ခွဲ။ ဒီလိုနဲ့ ဒီတပတ်လည်း အရင်တပတ်လိုပေါ့လေ။ ကျနော့် အတွက်တော့ သိတ်မဆန်းပါဘူး။

သွားရမယ့်နေရာက စီစီဝမ်တာပန် မဆုတ်တမ်းခံစစ်စခန်းတဲ့။ ကျနော်ရောက်ဖူးချင်တဲ့စခန်း။ စစ်တိုင်း အလိုက်အရပြောရင် အရှေ့မြောက်ဒေသ။ မြန်မာပြည်မြေပုံအရပြောရင် ရှမ်းပြည်မြောက်ပိုင်း။ ကွတ်ခိုင်နဲ့ မူဆယ်အကြား။ မိုင်းယု(၁ဝ၅) မိုင်ရောက်ရင် ယဉ်တန်းကဆင်း ၈ နာရီလောက်လျှောက်ရင် စီစီဝမ်တာပန် အောက်ခြေက ရွာကိုရောက်ပြီ။

“အဲဒါပဲ..စီစီဝမ်တာပန်ဆိုတာ”။ ဆိုတဲအသံကြောင့် ကျနော်လှမ်းကြည့်ဖြစ်လိုက်တယ်။ လွင့်နေအောင်မြင့်တဲ့ ညိုမှောင်မှောင် တောင်တန်းကြီး။ စတက်လိုက်တာနဲ့ အရင်ဆုံးရောက်တာက တင်ရွှေကုန်း။ ဗ.က.ပနဲ့ မီးကုန်ယမ်းကုန် တိုက်ခဲ့တဲ့ပွဲတပွဲမှာ စစ်တပ်ကကျခဲ့တဲ့ ဗိုလ်ကြီးတင်ရွှေကိုဂုဏ်ပြုပြီး ဒီကုန်းက “တင်ရွှေ ကုန်း”ဖြစ်လာတာပါ။ တပ်စု ၂ စုစာအင်အားနဲ့ တပ်ခွဲမှူးရုံးစိုက်ထားတယ်။ အဲဒီကနေ ဆက်တက်ရင် တပ် စိတ်တွေလောက်ထားတဲ့ ကြားစခန်း(၁-၂-၃-၄)။ စစ်ကြောင်းမှူးရုံးထိုင်ရာ ဘိန်းမုန့်ကုန်း။ နောက်တော့ တပ်ခွဲ မှူးရုံးနဲ့တပ်စု ၂ စု ထိုင်တဲ့ ဇော်ဝင်းကုန်း။ ဘိန်းမုန့်ကုန်းရဲ့ ညာဘက်မှာ အရံခံစစ်စခန်းငယ် (၄) ခု။ အားလုံးကို တစုတည်းအနေနဲ့ပြောတော့ စီစီဝမ်တာပန်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အသေအကြေတိုက်ယူပြီးနောက်ပိုင်း မဆုတ်တမ်းခံစစ်အဖြစ် တပ်ထောင်တာဗိုလ်ထုနဲ့ စီးနင်းထားရာစိုးမိုးကုန်း။ မူဆယ်လားရှိုးလမ်းမကြီးရဲ့ အချက်အခြာဒေသ။

ဘိန်းမုန့်ကုန်းရဲ့တဖက်တချက်မှာ စီစီဝမ်နဲ့တာပန် ခေါ်တဲ့ရွာပျက်ကြီး ၂ ခု။ တချိန်က ဒီရွာတွေမှာကြားခဲ့ရမယ့် မောင်းထောင်း သံ၊ ကလေးအော်သံခွေးခေါ်သံ၊ တေးချင်းဆိုသံ၊ လူပျိုလှည့်သံ၊ ကြက်တွန်သံတွေတော့ မရှိတော့။ မကြားရတော့။ ဒီနေရာမှာ အရင်တုန်းက လူတွေနေခဲ့ဖူးတယ်လို့ သက်သေပြစရာတချို့ကလွဲလို့ ပကတိတိတ်ဆိတ်ခြင်းမင်းမူနေတဲ့ သုဿန်တစပြင်ကြီးလို။ မီးကျွမ်းအိမ်တိုင်ငုတ်တိုတွေ၊ ကျည်ဆံရာဗလပွ ပင်စည်တွေ၊ အရာရာအလှမဲ့နေတဲ့ စစ်မက်အနိဋ္ဌာရုံတွေပြွမ်းနေတဲ့ စီစီဝမ်တာပန်။
မျိုးမြင့်

Friday, April 8, 2011

“တောင်းပွဲတိုက်ပွဲနှင့်ခြင်းထဲကကြက်များ” (ဧပြီ ၈။ ၁၁။ မျိုးမြင့်ချို)

0 comments
တလောက လွတ်လပ်သောအာရှအသံ၏စီစဉ်ပေးမှုကြောင့် ဦးဝင်တင်နှင့်ရေဒီယိုစကားပြောခန်းတခုတွင်ပြောခွင့်ရခဲ့၏။ ကိစ္စက နိုင်ငံရေးအကျဉ်းသားအစ်ရှူး။ မိတ်ဆက်ပြီးနောက် သူ့ဘက်မှပြောစရာ များပြောပြသွားသလို ကျနော့်ဘက်ကလည်း တင်ပြစရာများ တင်ပြဆွေးနွေးဖြစ်ခဲ့၏။ ရသည့်အချိန်အတွင်း သူရောကျနော်ပါ ပြောလိုသလောက် ပြောချင်သလောက်ပြော၍ မဖြစ်နိုင်ခဲ့ကြ။ အချိန်အကန့်အသတ်အတွင်းမို့ သူ့ဘက်တွင်ပြောစရာများ ကျန်နေသေးသလို ကျနော့်ဘက်တွင်လည်းဆွေးနွေး လိုသည်များ တို့လို့တန်းလန်းဖြစ်ကျန်ခဲ့၏။ အားမလိုအားမရဖြစ်ကာ နောက် တကြိမ်ပြောခွင့်ကြုံရင်ဖြင့် ပြောဖြစ်အောင်ပြောမည်ဟု အားခဲပြီးနေလိုက်ရသော်လည်း ဘဝင်ကမကျ။

အမေရိကန်ပြည်ထောင်စု ဝေါ်ရှင်တန်ဒီစီ(ဂျော့ခ်ျဝေါ်ရှင်တန်တက္ကသိုလ်တွင်) ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်ကျင်းပ ခဲ့သည့် ယူအက်စ်ကင်ပိန်းဖေါ်ဘားမား၏ နှစ်ပတ်လည်ညီလာခံနှင့်ဗမာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့၏။ ဆွေးနွေးပွဲ တွင် အမေရိကန်ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နှင့် သမတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးကောင် စီမှ ဒေါက်တာမိုက်ကယ်လ်ဂရင်းတို့နှင့် တက်ရောက်သူများ အမေးအဖြေကကဏ္ဍတခုလည်းပါ၏။ နောက်တကြိမ်ပြောခွင့်ကြုံ သည်ဟုတွေးပြီး နိုင်ငံရေးအကျဉ်းသားအစ်ရှူး ပြောဖြစ်ခဲ့၏။ လှိုက်လှဲသည့်တုန့်ပြန်ချက်အတွက်လည်း စိတ်တွင်နွေးနွေးထွေးထွေးဖြစ်မိ၏။

နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပါဟု တလျှောက်လုံးတောင်းဆိုလာခဲ့ကြ၏။ မလွတ်။ မလွတ်သဖြင့် အကျိုးမရှိ။ အကျိုးမရှိ သဖြင့်အပိုအလုပ်။ အပိုအလုပ်သည်အလုပ်မဖြစ်ဆိုပြီး ထားလိုက်မည်ဆိုလျှင်လည်းမဟုတ်သေး။ တောင်းရုံဖြင့်မလွတ်နိုင်ကို သိသိနှင့် ဘာကြောင့်တောင်းဆိုနေရသနည်း။ ရှင်းပါသည်။ အနိုင်တိုက်ပြီးမိမိလက်ဖြင့် ထောင်တံခါးများမဖွင့်နိုင်သေး။ သော့ကိုင် ထားသူက ဖြစ်နိုင်လျှင်နိုင်ငံရေးသမားတွေ သူ့မျက်စေ့အောက်မှာအသက်ပျောက်တာကိုမြင်လို၏။ အရှင်ထွက်ထက် အသေထွက် သာမြင်ချင်၏။ နောက်ဗူးကသာထုတ်ပေးလို၏။

သူ့မျက်စေ့အောက်မှာ အသက်ပျောက်တာလည်းမခံချင်၊ အရှင်ထွက်ဖြင့်အရှေ့ဗူးကထွက်လာစေချင်တော့ သော့ကိုင်ထားသူကို နားပူနားဆာလုပ်ရ၏။ အပေးအယူလုပ်ရ၏။ စကားပြောရ၏။ ဈေးဆစ်ရ၏။ အလျော့အတင်းလုပ်ရ၏။ ဒါကိုပဲ နိုင်ငံရေးဝေါဟာရ အရ တောင်းဆိုသည်ဖြစ်ရ၏။ လူမှုရေးတို့၊ လူသားချင်းစာနာမှုတို့ကျတော့တမျိုး။ မေတ္တာရပ်ခံသည်တို့ စာနာထောက်ထား စိုးရိမ် ပူပန်မိတို့ဖြစ်ရ၏။ ကိုယ့်လက်ကိုယ့်ခြေ မဖြစ်နိုင်သေးသ၍ "တောင်းဆိုခြင်းနှင့်မေတ္တာရပ်ခံခြင်း" တလှည့်စီရှိနေရဦးမည်ထင်၏။

လွတ်လပ်ချင်လျှင် “ရှိစုမဲ့စုတကိုယ်စာလွတ်လပ်ခွင့်ကလေးကို အရင်းတည်ပြီးအရင်တိုက်” ဆိုသည့်ဆိုရိုး စကား ရှိ/မရှိတော့ မသိ။ ဗမာပြည်တွင် တကိုယ်စာလွတ်လပ်ခွင့်ကလေးအရင်းတည်တိုက်ရင်း တဘဝလုံးချကျွေးသူများ၊ ယခင်၊ ယခုနှင့်နောင်တွင် ရှိခဲ့၊ ရှိနေ၊ ရှိနေရဦးမည်။ ထိုသူတို့အတွက် “တိုက်သူကတိုက်”နေသလို “တောင်းသူကလည်းတောင်း”နေရဦးမည်။ နိုင်ငံရေး ဆိုသည့် သဘောတွင် “တောင်းပွဲရောတိုက်ပွဲ”ပါ အကျုံးဝင်၏။

သော့ကိုင်ဘက်ကလည်း မြက်မြက်ကလေးရလျှင် ဈေးစကားပြောချင်၏။ သူက နိုင်ငံရေးအကျဉ်းသားတွေကို ဓါးစာခံလုပ်ပြီး အပေးအယူတိုင်းတွင်ဈေးဆစ်၏။ ၂ ဘက်စလုံးတွင်လည်း ဗမာ့နိုင်ငံရေးအပြောင်းအလဲအတွက် ထိုသူတို့မည်မျှအရေးပါကြောင်း ကိုသိမြင်ထား၏။ ဤတွင် နိုင်ငံရေးဈေးကွက်ပေါ်လာ၏။ ဈေးကွက်၏ဖလှယ်ကုန်ကား ထိုသူတို့ဖြစ်လာပြန်၏။ ဤတွင် ဈေး စကားပြောရ၊ အပေးအယူတွေလုပ်ကြရ၊ ဈေးညှိတာတွေလုပ်လာကြရတော့၏။

ရနိုင်သမျှထစ်ထားပြီး နောက်ဆုံးလွှတ်ရတော့မည့်အချိန်လေးအထိ အမြတ်ထုတ်တတ်သည့် သူတို့၏အကြောကို နောကြေလာ သည့်အလျှောက် တောင်းသည့်နေရာတွင်လည်း လွှတ်ပေးပါဟုရိုရိုးပြောလို့မဖြစ်မှန်း သိမြင်ရန်လိုမည်ထင်၏။ “လွှတ်ပေးပါ” “Free” ဆိုသည့် ကြိယာပုဒ်တွင် “ခြွင်းချက်မရှိ” “Unconditional” ဆိုသည့် ဝိသေသနထပ်ဖြည့်ရန်လို၏။ ထိုသို့ အစကတည်းက ဈေး “ဆိုင်” မထားလျှင် သူ့ဘက်ကအဆုတ်အတက်သာ၏။ ထို့ကြောင့် တောင်းဆိုချက်သည် “နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး” ဖြစ်ရလိမ့်မည်ဟုမြင်၏။

သူတို့လက်သူတို့ခြေ သူတို့လူတွေနှင့်အပိုင်တွက်ပြီးအနိုင်ပိုင်းခဲ့သည့် ၂ဝ၁ဝ ဇာတ်ထုတ်ကြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာခံပါ့မည် ဟု ဒူးထောက်အောက်ချခဲ့သူတို့ပင်လျှင် နိုင်ငံတော်ပုန်ကန်လို့ဆိုကာ “ငါတို့ရုံနားမကပ်ရ”တွေလုပ်ထား၏။ (အမှန်က နိုင်ငံတော်နှင့်စစ်ခေါင်းဆောင်များဘာမှမဆိုင်။ စစ်အာဏာရှင်များကနိုင်ငံတော်ကို ကိုယ်စားမပြု။ ထိုသူတွေက စစ်အာဏာရှင်စနစ်နှင့် စစ်တပ်ကိုကိုယ်ကျိုးသုံးနေသည့် စစ်ခေါင်းဆောင်များကိုသာ ပုန်ကန်ခဲ့ခြင်းဖြစ်၏) ဤတွင် ထပ်ပြောစရာပါပြန်၏။ လွှတ်ပေးရေး တောင်းဆိုချက်နှင့်တပါတည်း “လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရှိရေး” ထပ်ဖြည့်ရမည်ဟုမြင်၏။

ချုပ်၍ဆိုသော် “နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိလွှတ်ပေးရေး”နှင့်“လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများ အား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏ အဆင့်တိုင်းအဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရေး” သည် လက်ငင်းတောင်းဆိုချက် တွင်ဖြည့်စွက်ရန်လိုမည့် အချက်များဖြစ်ရပါမည်။

ဦးဝင်းတင်နှင့်ပြောဖြစ်ခဲ့စဉ်က မပြောဖြစ်ခဲ့သည်များကို ယူအက်စ်ကင်န်ပိန်းဖေါ်ဘားမားညီလာခံတွင် အမေရိကန်ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား ပြောဖြစ်ခဲ့၏။
(မျိုးမြင့်ချို)

ဗိုလ်ဥတ္တမမှသည်ရွှေဝါရောင်ဆီသို့(၃ဝ၊ စက်တင်ဘာ၊ ၂ဝဝ၇)မျိုးမြင့်ချို

0 comments

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့်နိုင်ငံဖြစ်သည်။ ရဟန်းဦးရေမှာလည်း သိန်းနှင့်ချီ၍ရှိသည်။ ဘုရားစေတီ ပုထိုးကျောင်းကန်များမှာလည်း လက်ညှိုးထိုးမလွဲအောင်ပင်ဖြစ်ပေသည်။ အခြားဗုဒ္ဓဘာသာဝင်များနည်းတူ ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ရာတွင်လည်း မြန်မာလူမျိုးတို့သည် ကိုင်းရှိုင်းလှပေသည်။ လှူရေးတန်းရေးကိစ္စများ ဆိုလျှင်လည်း တမူးရလို့ တပဲလှူဆိုသည့် ဆောင်ပုဒ်ထဲကလိုပင်။ ထိုသို့သောနိုင်ငံတွင် ရဟန်းနှင့်ဒကာ တနည်းဆိုသော် သံဃာနှင့်ပြည်သူတို့၏ အပြန် အလှန်ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်အကျိုးစီးပွားဆောင်ရွက်ပေးမှုတို့ရှိရမည်မှာ ဓမ္မတာပင်ဖြစ်ရလိမ့်မည်။

နိုင်ငံ၏အချုပ်အခြာအာဏာကို စစ်တပ်မှမတရားသိမ်းပိုက်၍ လက်နက်ဖြင့်ဗိုလ်ကျစိုးမိုးအုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျင် အနှစ်လေးဆယ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အခြေအမြစ်မရှိ၊ မဟုတ်မှန်သည့်အကြောင်းများကို ကလိန်စေ့ငြမ်းဆင်ကာ အာဏာ တည်မြဲရေးတခုတည်းအတွက် လုပ်ဆောင်လာခဲ့ခြင်း၏ရလဒ်ကား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းသွတ်သွင်းခံယူ လိုက်ရခြင်း ပင်ဖြစ်တော့သည်။ ပြည်သူတို့ဘဝများ ဆင်းရဲတွင်းနက်သထက်နက်လာနေချိန်ဝယ် စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့်နီးစပ် သည့်အဝန်းဝိုင်းများမှပုဂ္ဂိုလ်များကား တိုင်းပြည်ဘဏ္ဍာများ သယံဇာတများကို ထုတ်ငင်သုံးစွဲရင်း ထားစရာမရှိအောင်ပင် ကျိကျိ တက်ချမ်းသာနေကြသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။

ပြည်သူပြည်သားတို့စီးပွားဥစ္စာချောင်လည်လျင် ရဟန်းသံဃာတို့ ဆွမ်းကွမ်းဖူလုံရုံမျှမက မရှိဆင်းရဲသားတို့ကိုပင် ပြန်လည်ပေး ကမ်းစွန့်ကြဲတတ်ကြသည်မှာလည်း ကြည်ညိုဖွယ်အစဉ်အလာတရပ်ပင်ဖြစ်ပေသည်။ သံဃာတော်များအေးချမ်းစွာ တရားဓမ္မ ရှာဖွေကျင့်ကြံ အားထုတ်နိုင်သဖြင့်လည်း ဘာသာသာသနာအတွက်ကြီးစွာသော အကျိုးဖြစ်ထွန်းမှုများရရှိကြပေသည်။ သို့သော် ပြည်သူပြည်သားများ ဆင်းရဲနွမ်းပါးလာပြီဆိုပါမူ လှူချင်တန်းချင်ပါလျက်က စိတ်ရှိသလောက် မလှူနိုင်မတန်းနိုင်တော့ သဖြင့် ဒကာဒကာမတို့မှာကြီးစွာသော စိတ်ဆင်းရဲမှုမျိုးနှင့်ကြုံရတော့သည်။ ရဟန်းသံဃာတို့လည်း ဆွမ်းကွမ်းပါးရှားနွမ်းပါး ရတော့သည်။ ရသမျှလေးဖြင့် ခြိုးခြံနေရတော့သည်။ ရဟန်းသံဃာတို့လည်း ပြည်သူပြည်သားတို့၏ ဘဝကိုကြည့်ကာ နှလုံး စိတ်ဝမ်းမချမ်းမြေ့နိုင်တော့။ သာသနာတော်အတွက်မကောင်းလှ။ ထိုအခါမျိုးတွင် ပြည်သူတို့၏အရေးသည် ရဟန်းတို့အရေး၊ သံဃာ့အရေး၊ သာသနာ့အရေးဖြစ်လာတော့သည်။

အာဏာလက်ဝယ်ရှိသူတို့က ရဟန်းတို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် မည်သို့ပင်တားမြစ်ကန့် သတ်စေကာမူ မြန်မာနိုင်ငံတွင် ပြည်သူတို့၏အရေးအရာကိစ္စရပ်များ၌ ရဟန်းတော်တို့ပါဝင်ခဲ့ကြသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါချေ။ သမဏိ ရှည်လျားလှသည့် သမိုင်းကြောင်းနောက်ခံများ အထင်အရှားရှိပါသည်။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စလင်းနယ်မှ ဦးဥတ္တမဆိုသည့် ရဟန်းလူထွက်တဦးက လူ(၃ဝဝဝ) ခန့် စုဆောင်းပြီး နယ်ချဲ့တို့ အား တော်လှန်ပုန်ကန်ရန် မန္တလေးသို့ချီတက်ခဲ့သည်။ သို့သော် ထိုပုန်ကန်မှုမှာအရေးနိမ့်ခဲ့ရပြီး ဗိုလ်ဥတ္တမလည်း ကြိုးပေးကွပ် မျက်ခြင်းခံခဲ့ရသည်။ ရဟန်းတော်တို့တွင် သူ့အသက်မသတ်ရဟူသည့်(ပါဏာတိပါတာ) ကံကို စောင့်ထိန်းရသည့်အတွက် လက်နက်ကိုင်တော်လှန်ပုန်ကန်မည်ဆိုလျှင် လူဝတ်လဲပြီးမှသာ ဆောင်ရွက်ကြရပါသည်။ မြန်မာနိုင်ငံနယ်ချဲ့သမားတို့ လက်အောက်တွင်ရှိစဉ် ဗြိတိသျှတို့အား မြန်မာတို့အလေးအမြတ်ပြုရာအရပ်များဖြစ်သည့် ဘုရားစေတီ၊ ကျောင်းကန်များသို့ ဝင်ရောက်သည့်အခါ ဖိနပ်မချွတ်ဘဲတက်ရောက်ခြင်းကို ကန့်ကွက်ဆန့်ကျင်မှုများဖြစ်ခဲ့ကြ၏။

၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ဘုရားပေါ်သို့ ဖိနပ်မချွတ်ဘဲတက်လာကြသည့် ဗြိတိသျှလူမျိုးအချို့အား ရဟန်းတော်တို့ က မောင်းနှင်ထုတ်ရန်ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုတခုဖြစ်ခဲ့၏။ ထို သံဃာစု၏ခေါင်းဆောင်မှာ နောင်တွင် အာဇာနည် ဆရာတော်ဦးဝိစာရအဖြစ် တိုင်းပြည်ကအသိအမှတ်ပြုရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်အား ဗြိတိသျှတို့ကဖမ်းဆီးပြီးနောက် လူသတ်ရန် ကြံစည်သည်ဟုဆိုကာ ထောင်ဒဏ်တသက်တကျွန်းချပစ်လိုက်၏။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ မြန်မာပြည်တဝှမ်း လူထုစည်းဝေးပွဲကြီးများဖြစ်ခဲ့သည်။ လူထု၏ နိုင်ငံရေးအမြင်ကိုနှိုးဆွပေးလိုက် သကဲ့သို့ဖြစ်သွားစေ၏။ ထောင်သွင်းအကျဉ်းချခံ လိုက်ရသည့် ဆရာတော်အား ထောင်တွင်း၌သင်္ကန်းဝတ်ခွင့်မပြု။ ထို့ကြောင့် ဆရာတော်သည် သင်္ကန်းဝတ်ခွင့်ရရေးအတွက် (၁၁၆) ရက်ကြာ တဦးတည်း အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အာဇာနည်ပီသစွာ သက်တော်ကိုစွန့်လွှတ်ခဲ့ သည်။ လွတ်လပ်ရေးရပြီးနောက် အာဇာနည်ဆရာတော်၏ ဂုဏ်ကျေးဇူးကို နှောင်းလူတို့သတိရစေရန် ရည်ရွယ်၍ ကျောက် တိုင်ပေါ်တွင် ရုပ်တုကိုထွင်းထုကာ ထိုကျောက်တိုင်ရှိရာလမ်းကိုလည်း ဦးဝိစာရလမ်းဟု ခေါ်တွင်စေခဲ့၏။ အလားတူပင် ရခိုင်ပြည်နယ်မှ လူအများကြည်ညိုကိုးကွယ်သည့် နိုင်ငံတကာအတွေ့အကြုံများစွာရှိသည့် ဆရာတော်ဦးဥတ္တမ ကိုယ်တော်မှာ လည်း သူ၏ ကိုလိုနီဆန့်ကျင်ရေး ရဲရဲတောက်မိန့်ခွန်းများကြောင့် အကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပြန်သည်။ ဆရာတော်က ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်အား “ဆာရက်ဂျီနယ်ကရက်ဒေါက်ပြန်သွား”ဟု မိန့်ခွန်းပြောကာ ဘုရင်ခံအား မောင်းထုတ်ဝံ့ခဲ့သူ ဖြစ်သည်။

ဗိုလ်ဥတ္တမ၊ ဦးဝိစာရ၊ ဦးဥတ္တမစသည့် ဆရာတော်များကဲ့သို့ပင် အခြားသော ရဟန်းတော်ပေါင်းများစွာတို့သည် နယ်ချဲ့ဆန့် ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်တွင် ပြည်သူတို့ဘက်မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ထိုရဟန်းတော်တို့နှင့်စပ်လျဉ်း၍ အသေးစိတ်ရေးစရာ အကြောင်းအရာ အချက်အလက်ပေါင်း မြောက်မြားစွာရှိမည်ဖြစ်ပါသည်။ ထို့အတူ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ဒီမို ကရေစီရေး လူထုလှုပ်ရှားမှုကြီးတွင်လည်း ရဟန်းတော်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့ကြသည်မှာ အထင်အရှားဖြစ် သည်။ သွေးမြေကျ သက်တော်စွန့်ခဲ့ရသည့် ရဟန်းတော်များမှာလည်း များလှသည်။ ထိုလှုပ်ရှားမှုထဲတွင် ပါဝင်ခဲ့သဖြင့် ယခုတိုင် ထောင်သွင်းအကျဉ်းချခံနေရဆဲ သံဃာတော်ဦးရေမှာ မနည်းလှချေ။

လောကဓာတ်ကျောင်း (အစိုးရစာသင်ကျောင်း) များမပေါ်ခင်ကတည်းကပင် မြန်မာဘုန်းတော်ကြီးကျောင်းများမှာ မြန်မာတို့ အတွက် လောကီလောကုတ္တရာ စာပေပရိယတ္တိ လေ့လာဆည်းပူးရာနေရာဖြစ်ခဲ့သည်မှာ ပြောစရာပင်လိုမည်မထင်ပါ။ စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့်အမိန့်အမျိုးမျိုးသုံးကာ အချို့အချို့သော နိုင်ငံရေးအဖွဲ့အစည်းတို့အား ဥပဒေဘောင်တွင်းမှ လွင့်စဉ်ထွက်သွားအောင်လုပ်ပစ်ခဲ့သည်။ ဥပဒေဘောင်တွင်း နိုင်ငံရေးလုပ်ခွင့်မရကြရှာသည့် အဖွဲ့အစည်းတို့သည် မလွှဲ မရှောင်သာ လျှို့ဝှက်နိုင်ငံရေး (မြေအောက်လုပ်ငန်း) အသွင်ပြောင်းလိုက်ကြရတော့သည်။ ထိုရောအခါ သက်ဆိုင်ရာ ရဟန်းတော်တို့၏ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့ အတွက် လျှို့ဝှက်လှုပ်ရှားသူများအဖို့ လုံခြုံစွာယာယီပုန်းခိုရာနေရာများလည်းဖြစ်နေပြန်သည်။ ကျေးဇူးကြီးလှ၏။

ယခု များမကြာမီက သံဃာတော်များဦဆောင်ကာ မေတ္တာသုတ် မောရသုတ်များရွတ်ဆိုလျက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ များ ဖြစ်ခဲ့သည်။ လူထုသိန်းနှင့်ချီကာ ထောက်ခံပါဝင်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် သမိုင်းတွင်မည့်ထူးခြားချက်တရပ်အဖြစ် မှတ်တမ်းတင်ရပေလိမ့်မည်မှာမလွဲပေ။ စစ်အစိုးက အကြမ်းဖက်ဖြိုခွဲခဲ့သော်လည်း ထိုလှုပ်ရှားမှုကား အကင်းသေသွားမည့်အနာ မဟုတ်။ ပြည်သူတို့ရင်ထဲမှအနာကား သည်းသထက်သည်းသွားလေပြီ။ တိုင်းတပါးသား ဘာသာခြားတို့အုပ်ချုပ်စဉ်ကပင် ယခုလောက်ကြမ်း ကြုတ်ရက်စက်စွာမပြုမူခဲ့။ ရဟန်းကို၊ သံဃာကို၊ သာသနာကိုစော်ကားလိုက်ခြင်း။ လူထု၏ဆင်းရဲဒုက္ခကိုမျက်ကွယ်ပြု လျစ်လျူရှူမနေနိုင်အားသည့် ရဟန်းတော်တို့၏ကျေးဇူးကား အတိုင်းအဆမရှိကြီးလှ၏။

ဗုဒ္ဓဘုရားသခင်သည် သူ့အားရန်မက်ပြုတိုက်ခိုက်လာသူအပေါင်းအား အနန္တမေတ္တာတရားဖြင့် နှိမ်နင်းအောင်မြင်နိုင်ခဲ့၏။ ထိုမေတ္တာရှင်ဗုဒ္ဓက လူသားအားလုံးအကျိုးအလို့ငှာထားရစ်ခဲ့သော ဓမ္မနှင့် သာသနာတော်တည်တံ့ပြန့်ပွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိစေရန် ရဟန်းတော်များ၏အစုအစည်းအဖြစ် သံဃာကိုထူထောင်ခဲ့၏။ သံဃာ့အစည်းအရုံးဝင် ရဟန်းတော်များက ထိုဓမ္မနှင့် သာသနာကို အစဉ်အဆက်စောင့်ရှောက်ထိန်းသိမ်းနေကြ၏။ ယခုကား သာသနာကိုစော်ကား၊ သံဃာကိုသင်းခွဲသည့် စစ်အာဏာရှင်တို့၏ အဓမ္မဓားသွားအောက်တွင် ဓမ္မသည်၊ သံဃာသည်၊ ရဟန်းသည် သွေးစွန်းပွက်အံနှိမ်နင်းခံရလေပြီ။ မည်သို့ပင်ဆိုစေ မေတ္တာတရားသည် အမုန်းတရားအားအောင်ပွဲခံရ ပေလိမ့်မည်။ ဓမ္မသည် အဓမ္မအား အောင်ပွဲခံရပေလိမ့်မည်။

ဤဆောင်းပါးဖြင့် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ ပေးဆပ်ခဲ့ကြသော ပေးဆပ်နေကြဆဲဖြစ်သော သံဃာတော်အပေါင်းအား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
သံဃံသရဏံ ဂစ္ဆာမိပါဘုရား။
မျိုးမြင့်ချို

ယူဖရေးတီးစ်နဲ့တိုက်ဂရစ်ကြားက ညပ်နေတဲ့ဖိနပ်တစ်ရံ(၁၂၊ ၁၉၊ ၂ဝဝ၈ မျိုးမြင့်ချို)

0 comments

ကိုရင်မောင်ရေ
ခင်ဗျားလည်း ကျုပ်ရဲ့ “သော့အိမ်”အကြောင်း ပြောမဆုံးပေါင်တောသုံးတောင်တွေနဲ့ နည်းနည်းတော့ငြီးလောက်ရော့မယ်။ ဒီတော့ ဒီတပတ် ခင်ဗျားလည်း အငြီးပြေလေးဖြစ်အောင်လို့ ကာလပေါ်လေးတွေပြောင်းပြောချင်တယ်ဗျာ။ မနေ့က
ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ဆေးလိပ်လေးကောက်ဖွာရင်းတောင်တွေးမြောက်တွေး လုပ်နေချိန်ပေါ့၊ မိတ်ဆွေတယောက်က “ရုပ်မြင် သံကြားသတင်း ဖွင့်ကြည့်-ဖွင့်ကြည့်၊ သမ္မတကြီးအကြောင်းလာနေတယ်”လို့ ရေးကြီးသုတ်ပြာပြောပြီး ဖုန်းချလိုက်တယ်။ ကျုပ်လည်း ဒီလူ့နှယ် အဆုံးမရှိအစမရှိဘာပါလိမ့်ပေါ့။ ဒါနဲ့ တီဗွီလေး ထဖွင့်လိုက်တယ်ဗျာ။ သတင်းကဆုံးတော့မယ်။ သတင်းကြေ ညာသူကလည်း နောက်က “ကျား” လိုက်နေတဲ့အတိုင်းပဲ။ ပြောနေလိုက်တာ။ ကျုပ်လည်း သေသေချာချာမကြားလိုက်မိဘူး။ နားစွန်နားဖျားကြားလိုက်ရတာ “ရှူးဖိနပ်” ဆိုတာရယ် “သမ္မတဘုရှ်” ဆိုတာရယ်လောက်ပဲ။ ဟ.. ဘာများတုန်း။ သတင်းက သမ္မတကြီး ရှူးဖိနပ်များဘယ်ညာမှားစီးမိလို့လား။ ဖိနပ်ကို သာမန်လူတယောက်က ဘယ်/ညာမှားစီးမိရင် သတင်းမဖြစ်ပေမယ့် သမ္မကြီးတယောက် မှားစီးမိရင်တော့သတင်းဖြစ်နိုင်တာပေါ့။ သမ္မကြီးတယောက်လုံးလုပ်နေပြီး ဖိနပ် ဘယ်/ညာတော့ မှား မစီးလောက်ပါဘူး။ ဒါဆို သူများဖိနပ်များမှားစီးမိလို့လားပေါ့။ ဒါလည်းမဖြစ်လောက်ပါဘူး။ တို့ဆီမတော့ အလှူမင်္ဂလာဆောင်တွေ များဖြစ်ပလားဆို လူတွေတယ်လည်းဖိနပ်မှားတတ်ကြသကိုး။ ဒီမှာ ဖိနပ်မှားရအောင်လည်း သူတို့အလှူမင်္ဂလာဆောင်တွေမှာ ဖိနပ်ချွတ်စရာမလိုတဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါဆို ဘာဖြစ်တာလဲ။ သိချင်စိတ်က ရွပိုးထိုးလာတယ်။ ဒါနဲ့ ဘယ်ရမလဲ အွန်လိုင်း တက်ကြည့်တာပေါ့။ သတင်း နောက်တကြိမ်ပြန်စောင့်ရမှာကကြာနေဦးမယ်။
တွေ့ပြီဗျို့တွေ့ပြီ..။ အမေရိကန်သမ္မတကြီး ဂျော့ရှ်ဒဗလျူဘုရှ်တယောက် အီရတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အီရတ် လူမျိုး အယ်လ်ဇိုင်းဒီဆိုတဲ့ သတင်းထောက်တယောက်က စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ထပေါက်ထဲ့လိုက်တာတဲ့ဗျား။ ကျုပ်လည်း တီဗွီရှိုးမှာတင်ထားတာတွေ အကုန်လိုလိုလိုက်ကြည့်လိုက်တယ်။ တခုတည်းဆို မသေချာမှာစိုးတာရယ်။ မပြည့်စုံမှာစိုးတာရယ်နဲ့။ ဟုတ်တယ်ဗျို့သေချာတယ်။
စစခြင်း အမေရိကန်သမ္မကြီးနဲ့ အီရတ်ဝန်ကြီးချုပ် နော်ရီအယ်လ်မလီကီးတို့ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ကြတယ်ဗျ။ ပြီးတော့ သမ္မတကြီးက တက်လာတဲ့သတင်းစာဆရာတွေကိုပြောဖို့ စလိုက်တယ်ဆိုရင်ပဲ နောက်နားမကျတကျက လူတယောက်က ရုတ် တရက်ထတဲ့ပြီး စီးထားနဲ့ဖိနပ်နဲ့ချွတ်ပေါက်တော့တာဗျို့။ ဘယ်ရမလဲ သမ္မတကြီးကလည်း အသာလေးငုံ့ရှောင်လိုက်တာပေါ့။ အံမယ် တဖက်နဲ့ပေါက်ပြီး အားမရလို့ထင်တယ်။ ပုဂ္ဂိုလ်က နောက်တဖက်ပါချွတ်ပြီး ထပ်ပေါက်တာဗျို့။ သမ္မကြီးကလည်း ထပ်ရှောင်ပေးလိုက်တာပေါ့။ အာဂလူဗျာ။ မပေါက်ခင်ပါးစပ်ကလည်း တခုခုရေရွတ်လိုက်သေးတယ်။ ဘာလဲတော့ မသဲကွဲ ဘူး။ ဘေးကလူတွေကဆွဲတော့ဆွဲကြတယ်။ ဒါပေမယ့် မမှီလိုက်ဘူး။ မြန်ချက်တော့။ လက်လည်းအတော်တည့်တဲ့ကောင်ဗျာ။ ရှောင်လို့၊ မရှောင်ရင် မျက်နှာတဲ့တဲ့ကြီး။ ချက်ခြင်းတော့ချက်ချင်းပါပဲ၊ သမ္မတကြီးရဲ့ အနီးကပ်အရပ်ဝတ်သက်တော်စောင့်တွေ ဒီလူ့ကိုအတင်းဝင်ဖမ်းချုပ်ပြီး အခန်းပြင်ဆွဲထုတ်သွားတယ်။ ဒီလူလည်း "This is a goodbye kiss from the Iraqi people, dog. This is from the widows, the orphans and those who were killed in Iraq," he shouted before being overpowered by security guards and bundled out of the room. လို့အော်ပြီး ကန့်လန့်ကန့်လန့်နဲ့ ဒယဥ့်တိုက်ပါသွားတော့ပါဘဲ။ ဒါပေမယ့် ဖိပ်နဲ့အပေါက်မခံရအောင်တော့ ကြိုတင်မကာကွယ်လိုက်နိုင်ကြရှာဘူး။ ဖြစ်ဖြစ်ချင်းတော့ အခန်းထဲရှိတဲ့လူတွေလည်း ရုတ်ရုတ် သဲသဲတော့ နည်းနည်းဖြစ်သွားတာပေါ့။ အံ့အားလည်းသင့် လန့်လည်းလန့် သွားကြတယ်ထင်ပါရဲ့ဗျာ။ ဖြစ်လည်းဖြစ်လောက် စရာပဲ။ စဉ်းစားကြည့်လေ။ ဖိနပ်နဲ့မို့သာပဲ။ သေနတ်နဲ့သာဆိုပြဿနာ။ ခဏနေတော့ သမ္မတကြီးကလည်း သတင်းစာရှင်းလင်းပွဲ ကိုပြန်စပြီး ပြီးတဲ့အထိလုပ်သွားတယ်။ ပြန်စစချင်းတော့သမ္မတကြီးလည်း မျက်နှာတော့ပျက်ချင်ချင်ရယ်။ မနည်းပြန်အဖတ်ဆယ် ရတာပေါ့။ ရာဇအိနြေ္ဒကို ထိပါးခံရတားကိုး။ ခင်ဗျားလည်း စဉ်းစားကြည့်လေ။ သမ္မတ ဖိနပ်နဲ့အပေါက်ခံရတယ်လို့။ ကျုပ်တော့ ကြား ကြားဖူးပေါင်ဗျာ။ သမ္မတမှ ရိုးရိုးသမ္မတမဟုတ်ဖူး။ အမေရိကန်သမ္မတ။ အမေရိကန်သမ္မတဆိုတာ ကမ္ဘာပေါ်မှာ စကြာ ဝတေးမင်းလောက်နီးနီး တန်ခိုးထက်တယ်လို့ဆိုသကိုးဗျ။ အမေရိကန်သမ္မတရွေးကောက်ပွဲများ လုပ်ပလားဟေ့ဆို၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အာရုံစိုက်ပြီးတော့ကို နားထောင်ကြတာမို့လား။ ဘယ်သူများနိုင်မလဲ။ ဘယ်သူနိုင်ရင် ကမ္ဘာကြီးဘာတွေဖြစ်ဦးမှာ လဲ။ ကောင်းမလား။ ဆိုးမလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကျုပ်လည်း အမေရိကန်ပြည်ထောင်စုမှာ ဖိနပ်ပေါက်ခံရတဲ့သမ္မတ သူ့အပြင်ဘယ်သူများရှိသေးလဲလို့ လက်လှမ်းမီသလောက်မေးမြန်းကြည့်တော့လည်း ဘယ်သူမှ မရှိခဲ့ဖူးဘူးလို့ပြောကြတယ်။ အံ့ရောဘဲ။
လူတယောက်ကို စီးထားတဲ့ဖိနပ်နဲ့ပေါက်တယ်ဆိုတာ အီရတ်အမျိုးသားတွေမှာတော်တော့ကို မဖွယ်ရာတဲ့အပြုအမူလို့ဆိုတယ်။ လူတယောက်ကို အရှက်ခွဲချင်ရင်၊ မနှစ်မြို့တာကို အဆုံးစွန်ဆုံးထိပြချင်ရင် အဲသလိုလုပ်လေ့ရှိတယ်လို့ ပြောကြတယ်ဗျ။ ကျုပ်က ဒါကို ကြည့်ပြီး၊ ဒီလူဘာတွေများ ဒီလောက်တောင် ဖြစ်သွားရတာလဲ။ ဘာကို မကြေမချမ်းဖြစ်သွားတာလဲ။ သမ္မတကြီးကရော ဘာတွေများ သူမကြိုက်တာတွေ သွားပြောမိလိုက်လဲ။ ဒီလောက်တောင် ချက်ချင်းကြီး ဘယ်လိုမှတားမရဆီးမနိုင် ဒေါသတွေ ထွက်ရတာလဲ။ နောက်ဆက်တွဲသတင်းတွေ ဆက်နားထောင်ကြည့်တယ်ဗျာ။ နည်းနည်းလည်း စိတ်ဝင်စားတာကိုး။ သတင်းဌာ နတွေအဆိုအရတော့ အမေရိကန်နဲ့အီရတ်အစိုးရကြားမှာ သဘောတူညီချက်စာချုပ်တစ်ခုကို အပြန်အလှန်လက်မှတ်ထိုးတယ် ဆိုတယ်ဗျာ။ စာချုပ်ထဲ ဘာတွေပါတယ်၊ ဘာတွေ သဘောတူလိုက်ကြတယ်ဆိုတာတော့ ကျုပ်လည်းမသိသေးဘူးဗျ။ ကျုပ်တွေ့ တာမှာလည်း သမ္မတကြီးက ဘာမှတောင် သိပ်ပြီးစမပြောရသေးဘူး ဖြစ်သွားတာဗျ။
အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ အရေးအခင်းကြီး ဖြစ်ပြီးကတည်းက ဘယ်တုန်းကနဲ့မှမတူအောင် ပြည်တွင်းလုံခြုံရေးအစီ အစဉ်တွေတင်းကျပ်လာတယ်ဗျာ။ အရင်ကထက် ပိုပြီးလုံခြုံဖို့လိုလာတယ်၊ အခုအရင်ကလောက် လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အမိမြေလုံခြုံရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့ယူရတဲ့အထိဖြစ်လာတယ်။ ပြည်သူတချို့နဲ့ အခွင့်အရေးဆိုင်ရာအုပ်စုတွေက ဒါကိုမကြိုက်ကြဘူး။ ဒါပေမယ့်လုပ်ရတာပါပဲ။ အခု သမ္မတကြီးခရီးစဉ်ဆိုလည်းကြည့်လေ။ တရားဝင်ဘယ်နိုင်ကို၊ ဘယ်အချိန်မှာ သွားမှာပါလို့ ကြိုတင်ကြေညာတာမလုပ်ဘဲနဲ့ထွက်သွားခဲ့တာ။ ဒါပေမယ့် လုံလောက်တဲ့လုံခြုံရေးအစီအမံတွေ ရှိထားပြီးသားနေ မှာပါ။ နောက်တခုကလည်း သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ နှယ်နှယ်ရရမှမဟုတ်တာကလား။ သတင်းသမားတွေကို ကြိုတင်ပြီးလိုအပ်တဲ့ စစ်ဆေးရှာဖွေမှုတွေလုပ်ပြီးမှတက်ရတာလေ။ သွားတာက အီရတ်နော် တခြားနိုင်ငံမဟုတ်ဘူး။ ပိုတောင်လို ဦးမယ်။ နောက်ပြီး လုပ်တဲ့နေရာကလည်း ဟင်းလင်းပြင်ကွက်လပ်ထဲမှာမဟုတ်ဘူး။ အဆောက်အဦးထဲမှာ ကျကျနနလုံခြုံရေး အစီအစဉ်တွေမပါပဲ လုပ်ခဲ့တာတော့မဖြစ်နိုင်ဘူး။ လုံခြုံရေးတာဝန်ရှိသူတွေကလွဲလို့ဘယ်သူ့မှ လက်နက်ကိုင်ဆောင်ဝင်ရောက် ခွင့် ပေးမှာလည်းမဟုတ်ပါဘူး။
ဒီတော့ ကျုပ်တွေးမိတယ်။ ဒီ့လူ ဒီလုပ်ရပ်ဟာ လုပ်ကြံသတ်ဖြတ်ဖို့တော့ ဘယ်နည်းမှမဟုတ်ဘူး၊ ထင်ရှားတယ်။ ဒါဆို အရှက် တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ သက်သက်တင်ပဲလား။ ဒါမှမဟုတ် နာမည်မကြီးကြီးအောင် စတန့်ထွင်တာလား။ စတန့် ဆိုရင်လည်း သူ့စတန့်က မြွေပွေးကိုသွားကလိထိုးသလိုပဲ။ အန္တရာယ်သိပ်ကြီးတယ်။ သူလည်း မသိပဲတော့နေမှာမဟုတ်။ သိမှာပဲ။ သမ္မတကြီးစကားထဲမှာ ဒီလို ထလုပ်ဖြစ်လောက်အောင် ဘာများမခံချင်စရာပါသွားလည်း။ ကျုပ်လည်း ဉာဏ်မီ သလောက်တော့ တွေးကြည့်နေတုန်းဗျာ။ အချက်အလက်ကလည်းမရသေး၊ မရှိသေးဘူးဆိုတော့ ပြောဖို့တော်တော်ခက်နေတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်မှာ လုပ်သူဖက်ကကြည့်ရင်လည်းမတော်ပါဘူးဗျာ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတခုလို့ ကျုပ်ခံစားမိတယ်။ မလုပ်ကောင်းဘူးလို့ထင်တာပါဘဲ။ ခံရသူဖက်က ပြန်တွေးကြည့်ပြန်တော့လည်း အောင့်တောင့်ကြီး။ မသကာ သေနတ်နဲ့ပစ်ခံရတယ်ဆို လူကြားလို့ကောင်းသေးတယ်။ သေရင်လည်းသေပေါ့ဗျာ။ မသေမပျောက်ခဲ့ရင်လည်း ဒီလူ့ကို လုပ်ကြံမှုနဲ့ တရားစွဲထောင်ချ။ လိုအပ်ရင်သေဒဏ်ပေးလိုက်ရုံရှိတာပဲ။ အခုတော့ဗျာ အရပ်ရပ် အပြည်တော် ကျော်မကောင်းကြား မကောင်း။
ဒီလူ့ သတင်းဌာနကတော့ ဒီလိုပြောတယ်ဗျ “ဂျော့ခ်ျဘုရှ်က အီရတ်ကိုဝင်တိုက်တုန်းက၊ အီရတ်မှာ ဒီမိုကရေစီနဲ့လူ့အခွင့် အရေးတွေ အပြည့်အဝရရှိအောင် လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်။ အခုလည်း သူတို့သတင်းထောက်ဟာ သူမကြေနပ်ချက်ကို ဒီလိုနည်းနည်းနဲ့ဆန့်ကျင်ပြသတာဟာ သူ့ရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ကို ဖေါ်ထုတ်ပြသလိုက်တယ်ဖြစ်တယ်။ သူ့ကို ဖမ်းဆီးလို့မရဘူး။ ချက်ချင်းပြန်လွှတ်ပေးရမယ်” လို့ပြောတယ်ဗျ။
ကျုပ်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရပိုင်ခွင့်တွေအရ ဒီလိုပြုမူလုပ်ဆောင်တာဟာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုဦးတော့ ဒီလူ့လိုတော့ မလုပ်ချင်ပါဘူး။ တခြားနည်းတွေကို ရွေးမိမလားမပြောတတ်ပါဘူး။ သမ္မတကြီးနေရာက ကြည့်ပြန်တော့ လည်း သေနတ်နဲ့အပစ်ခံလိုက်ရတာကမှတော်ဦးမယ၊် အခုတော့ ဖိနပ်နဲ့အပေါက်ခံလိုက်ရတာဆိုတော့…။ ကျုပ်သူငယ်ချင်း သစ်ကောင်းအိမ်ကတော့ပြောတယ် “ဖနောင့်နဲ့ပေါက်သူကို ဖိနပ်နဲ့ပေါက်တာကတော့ တရားပါတယ်နော်”တဲ့။ အင်း…သူပြောတာလည်း ဟုတ်သားပဲ။ (မှတ်ချက်။ ဂျော့ခ်ျဒဗလျူဘုရှ်ဖိနပ်စာမိချိန်မှာ ဒီဇင်ဘာ ၁၄ ရက် ၂ဝဝ၈ ဖြစ်ပြီး၊ ဦးဉာဏ်ဝင်း ဖိနပ်စာထိချိန်မှာ စက်တင်ဘာ ၂၈ ရက် ၂ဝဝ၉ ဖြစ်ပါသည်)
မျိုးမြင့်ချို