Sunday, September 2, 2018

(ဆေးလိပ်သောက်ခြင်း) ၂ဝ၁၂- လောက်က ရေးခဲ့တာဟု ထင်ပါသည်)

0 comments
(ဆေးလိပ်သောက်ခြင်း) ၂ဝ၁၂- လောက်က ရေးခဲ့တာဟု ထင်ပါသည်)

ကျနော့်တွင် သိပ္ပံမှူးတင်အား တစက်မှကြည့်မရခဲ့ပြီး အမှုတွဲဦးသန်းစောကိုလည်း စောက်မြင်ကပ်သည့်ကာလတခု ရှိခဲ့ဖူးပါသည်။ သူတို့သည် ဆေးလိပ် ဆန့်ကျင်ရေးသမားများဖြစ်ပါသည်။  

ကျနော် မြင်းခြံသဘာဝဆေးပေါ့လိပ်နှင့် စသောက်တတ်သွားပြီး၊ ပြတ်သည့်အချိန်မှာ အမေရိကန်မာလ်ဘိုရို(လိုက်ထ်)နှင့်ဖြစ်ပါသည်။

ဆေးလိပ်ကို ကျန်းမာရေးနှင့်ညီညွတ်အောင် သောက်လို့ကို မရပါ။ အရက်ဘီယာတို့ကား တန်ဆေး ဆင်ခြေဖြင့် ရံခါ လွန်သွားလည်း အနာကျရုံမှတပါး ဘေးတော့မဖြစ်ပါ။ ဆေးလိပ်ကြ အဖွာတိုင်း ခန္ဓာအစိတ်အပိုင်း တခုမဟုတ်တခုကို သွားသွားထိပါသည်။ အရက်ကို လူမှုရေးသောက် သောက်လို့ဖြစ်သော်လည်း ဆေးလိပ်ကြ လူမှုရေးပြဿနာတွေအထိ တက်တတ်ပါသည်။ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း ချွဲသလိပ်ခတ်ခြင်းနှင့် ဆေးလိပ်နံ့ကြောင့် မလိုတမာအကြည့်နှင့် နှာခေါင်းအရှူံ့သည် အခံရခက်ပါသည်။ တုန့်ပြန်မိလျှင် မုန်းစရှည်ပါသည်။

ထောင်ထဲရောက်စ ထောင်ဝင်စာမရှိဘာမရှိ ပုံစံအသားတုံးနှင့်လဲပြီး ရသောဆေးလိပ်ကို တကြိမ် ၃ ဖွာနှုန်း လူ လေးယောက် လှည့် သောက်ရင်း လူ့အဇ္ဈတ္တသဏ္ဍန်လည်း တွေ့ခဲ့ဖူးပါသည်။ သူ့အလှည့်ကျ အခြားသူများလို ပါးစပ်အပြည့်ဖွာ၊ အဆုပ်ထဲရှိုက်သွင်း၊ ပြန်ထုတ် နောက်တဖွာ ဖွာ မဟုတ်ပဲ၊ တပြိုင်တည်း ရှူးရှူး-ရှူးရှူးနှင့် ရှိုက်ရှည်စွဲကာ သူများ ၂ ဖွာစာ သူတရှိုက် ရှိုက်သောက်သည့်ကိုယ်တော်ကြောင့် အခြားသူများ ကသိကအောင့်ဖြစ်ကြပါသည်။ ဆေးလိပ် ရွှေလိုရှားသည့် ကျပ်တည်းချိန် ဆေးလိပ်သောက်ခြင်း လူ့အဇ္ဈတ္တနှင့်လူ့အတ္တကို မြင်ရတတ်ပါသည်။  

“ဆေးလိပ်ဆိုတာ စိတ်ကိုချည်တဲ့ကြိုး”ဟုပြောပြီး မသောက်တတ် သောက်တတ်နှင့်သောက်သော တောင်ငူထောင်အတူနေဖူးသူ ဇော်သက်ထွေးကိုလည်း အမှတ်ရပါသည်။ သူပြောတာမှန်ကြောင်း ကျနော် သက်သေခံဖူးပါသည်။ သို့သော် သူ အခု ဆေးလိပ်သောက် မသောက် ကျနော်မသိသလို ကျနော်လည်း ဆေးလိပ်မသောက်တော့သဖြင့် သက်သေခံချက် ပြန်ရုပ်ရမလိုဖြစ်နေပါသည်။

ဆေးပြင်းလိပ်ကြီးခဲ မီးခိုးငွေ့တွေကြား မှေးစင်းစင်းမျက်လုံးများနှင့် ပေါင်မုန့်ရေစိုကြီးချထားသလို အိအိကြီးထိုင်ကာ “ကဗျာဆိုတာလည်း တခါတခါ မီးခိုးလိုက်မှဗျ” ဟုပြောခဲ့သည့် မောင်လင်းယုန်(ရှမ်းပြည်)ကိုလည်း အောက်မေ့ပါသည်။ ခု သူ့ကဗျာတွေ ဆေးပြင်းလိပ်နံ့ ထွက်သေးသလား ကျနော်သိချင်လှပါသည်။ မီးခိုးလိုက်ခဲ့သည့်သူ့ကဗျာများ အလွန်လှပအားမန်ပါကြောင်း ဘယ်သူ့မှ မငြင်းကြပါ။  သက်ကြီးကဗျာဆရာများတွင် သူလည်းအပူဇော်ခံထိုက်သည့် ဝါ သမ္ဘာ ဂုဏ်အင်နှင့် ပြည့်စုံသူဖြစ်နေပါပြီ။

ဆေးလိပ်လည်းပြတ်၊ ဆေးတံသောက်ဆေးလည်းခမ်းသဖြင့် သောက်ပြီးသား ဆေးလိပ်တိုများအား ဖင်စီခံခွာပြီး ဆေးလက်ကျန်လေးများ စုကာ ဆေးတံထဲထည့်သောက်သည့် ကိုစိုးမြင့်(ဆရာစိုး)ကိုလည်း အောက်မေ့သည်။ သူနှင့်ကျနော် သာယာဝတီထောင် ၈ ပေ ၁၂ ပေ တိုက်ခန်းလေးထဲတွင် လေး ငါး နှစ်လောက်အတူနေခဲ့ဖူးသည့် သက္ကရာဇ်များကိုလည်း ခုတိုင်မှတ်မိဆဲ။

သူ့ထောင်ဝင်စာပါသည့် ဆေးလိပ်များကို သောက်သူအရေအတွက်နှင့်စားပြီး ဝေပုံကျလိုက်ပေးရင်း “ခင်ဗျားမှာ နှလုံးသွေးကျောကျဉ်းနဲ့ ကိုလက်စတြောများတာ ဖြစ်နေပြီ၊ ဆေးလိပ်၊ အရက်နဲ့ဝက်သားဖြတ်ရမယ်။ သုံးခုလုံးမဟုတ်တောင် အနည်းဆုံး ၂ ခုတော့ဖြတ်လို့ ဆရာဝန်ကပြောတာနဲ့ ဆေးလိပ်နဲ့အရက် ဖြတ်ပလိုက်တယ်ဗျာ၊ ဝက်သားတော့ စားသေးတယ်။ သုံးခုလုံးက ကျနော် ကြိုက်တာတွေ ချည်းပဲဗျ၊ ပြဿနာက ကိုယ်တိုင်က မသောက်ချင်တော့လို့ ဖြတ်လိုက်တာမဟုတ်တော့ ဆေးလိပ်အပေါ် စိတ်ကမပြတ်ဘူးဗျ၊ တခါတခါ တခုခုရေးရင်း ခံတွင်းချဉ်လိုက်များ မပြောနဲ့ဗျ၊ ဆေးလိပ်လေး တဖွာနှစ်ဖွာလောက် ဖွာလိုက်ရကောင်းမလား ကောင်းမလားနှင့်တွေးရင်း ပါးစောင်မှာ သွားရည်သီးတာပဲဗျ၊ ကိုယ်က မသောက်ချင်တော့လို့ တမျိုး၊ ခုဟာက မဖြတ်ချင်ပဲ ဖြတ်ရတာဗျ၊ ဒုက္ခအတော် ကြီးတယ်၊ ကျနော့်သဘောကတော့ ကိုယ်တိုင်မဖြတ်ချင်ပဲနဲ့တော့ ဖြတ်မနေနဲ့ဗျာ၊ သောက်ပါ၊ ကျနော့် ဒုက္ခမျိုးမခံစေချင်ဘူး၊ ကျနော်တော့ ခံလက်စနဲ့ ဆက်ခံရမှာပဲ။ ဆေးလိပ် ရှာရတဲ့ဒုက္ခထက်၊ သောက်ချင်ရက်သားနဲ့ မသောက်ပဲနေရတဲ့ဒုက္ခက ပိုကြီးတာဗျ၊ ရှိရင်သောက်၊ မရှိရင် ရှာရှက်သောက်၊ လုံးဝ ရှာမရတော့လည်း ဒီလိုပဲ ကြိတ်မှိတ်ခံဗျာ၊ သောက်ချင်ရက်နဲ့တော့ မဖြတ်နဲ့ဗျ၊ လောကမှာ မလုပ်ချင်ပဲ လုပ်နေရတာတွေကများတယ်၊ ဒါတော့ ကိုယ်လုပ်ချင်လုပ်လို့ရပြီး မလုပ်ချင်လည်း မလုပ်ပဲနေလို့ရတဲ့ကိစ္စဆိုတော့ စဉ်းစားဗျာ” လို့ ပြောဖူးသည့် ဆရာဦးဝင်းတင်ကိုလည်း ခုထိ မမေ့သေးပါ။  

ခု ကျနော် ဆေးလိပ် ဖြတ်လိုက်ပြီ။ တခုခု(ကွမ်းယာ၊ ဆေးရွက်ကြီးငုံ၊ ပီကေဝါး)နှင့် အစားထိုးခြင်းလည်းမလုပ်ချင်။ တိကနဲ ဖြတ်ချလိုက်၏။ ဖြတ်စက တခုခုစားပြီးချိန်၊ ကော်ဖီ လဘက်ရည်သောက်နေချိန်နှင့် သောက်ပြီးချိန်များတွင် ခံတွင်းချဉ်လိုက်သည်မှာ မပြောနှင့်။ ဆေးလိပ် ယင်းထသည်ဟု ပြောရမည်ဖြစ်၏။ တဖွာလောက် ကောက်ဖွာလိုက်ရကောင်းမလား။ တဖွာနှစ်ဖွာလောက်နဲ့တော့ ပြန်မငြိလောက်ပါဘူးဟု တွေးမိသည်မှာလည်း အခါခါပင်။ နောက်ဆုံးကျ မသောက်ဘူး မဖွာဘူးကွာ။ ဖြတ်မယ့်ဖြတ် တခါတည်း အပြီးဖြတ် အသေဖြတ်ပစ်လိုက်တာ ကောင်းတယ်ဟု စိတ်ကိုတင်းခံရင်း လေး ငါးရက်လောက်နေတော့ အသားကျသွားပါသည်။ ချောင်းအဆိုးလည်း မရှိတော့ပါ။ အအိပ်အနေလည်း ပိုကောင်းလာပါသည်။ စားတာလည်း များလာပါသည်။ လပိုင်းအတွင်း ကိုယ်အလေး ချိန်အနည်းငယ်တက်လာပါသည်။ အသားအရည်လည်း ပြန်စိုပြေလာပါသည်။ နေလို့ထိုင်လို့ ကောင်းလာသလိုခံစားမိပါသည်။ ခုဆိုလျှင် သောက်ချင်စိတ်အလျဉ်းမရှိတော့ပါ။

ကိုယ့်ရှေ့လာသောက်လို့လည်း အာလျမဖြစ်တော့ပါ။ ကျနော့်ထူးခြားချက်မှာ ဆေးလိပ်အနံ့ကို ခံနိုင်ခြင်းပင်ဖြစ်ပါသည်။ ကိုယ့်နားလာ သောက်သောက် ကားအတူစီးရင်း သောက်သောက် ကျနော့်အဖို့ ဘာအနှောင့်အယှက်မှမရှိပါ။ သူ မှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့များ ကျနော့်အဆုပ်တွင်း မသိမသာဝင်သွားလျှင်လည်း ဘာမှမဖြစ်တတ်ပါ။ တချို့ ဆေးလိပ်ပြတ်သွား သူများမှာ ဆေးလိပ်အနံ့ပင် မခံနိုင် တတ်တော့တာ တွေ့ဖူးပါသည်။ တချို့က ဆေးလိပ်အနံ့ကိုမခံနိုင်ကြောင်း မျက်နှာမပူဘာမပူ အမူအယာဖြင့်ပြရုံမက နှုတ်ဖြင့်ပင်ထုတ်ပြော တတ်ပါသည်။ ကျနော်က ထိုသူနှစ်ယောက်ကြားတွင် မျက်နှာပူသလိုလို တခုခုကို အားနာသလိုလိုဖြစ်နေတတ်ပါသည်။ မသောက်သူ၏ ထိုအပြုအမူ ထိုအပြောတို့ကြောင့်  ဆေးလိပ်သောက်သူမှာ ကသိကအောက်ဖြစ်ရပါသည်။ ပြောသူသည် နဂိုကတည်းက ဆေးလိပ် သောက်လာသူ ဖြစ်လျှင်တော်သေးသည်။ အရင်က  သောက်လာပြီး၊ ခုဆေးလိပ်ဖြတ်ပြီးကာမှ ထိုသို့ပြုမူပြောဆိုခြင်းအတွက် သောက်သူတွင် ပို၍ ခံပြင်းစရာ ဖြစ်ပါလိမ့်မည်။

ကျနော် ဆေးလိပ်မသောက်တော့ခြင်းအတွက် ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေချင်ပါ။ ထို့အတူ ဆေးလိပ်သောက်သူများကြောင့် လည်း ကျနော့်အတွက် အနှောင့်အယှက်မဖြစ်ပါ။ ကိစ္စတိုင်း အရာရာတိုင်း၌ တယောက်နှင့်တယောက် ဘာအနှောင့်အယှက်မှမပြုကြလျှင် မြေကမ္ဘာသည် နေပျော်မည့်နေရာ ဖြစ်ပါလိမ့်မည်။ သို့သော် မဖြစ်ပါ။ ဖြစ်လို့လည်းမရပါ။ လောကသည် ဆန့်ကျင်ဘက်တို့၏ ပဋိပက္ခများ ဝိရောဓိများဖြင့် ပြည့်လျှမ်းနေပါသည်။ လူတန်းစားတိုက်ပွဲ၊ အခွင့်အရေးနှင့်ရပိုင်ခွင့်၊ တရားမှုနှင့်မျှတမှု၊ အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မ၊ ဖိနှိပ်သူနှင့် အဖိနှိပ်ခံ စသည်များအတွက် လူသည် တယောက်ကိုတယောက် နှောင့်ယှက်နေရပါသည်။ ဆန့်ကျင်တွန်းလှန် နေရပါသည်။ တိုက်ပွဲဝင်နေရပါသည်။

ဤမျှ စိတ်အနှောင့်အယှက်ဖြစ်စရာများသည့် လောကကြီးတွင် ဆေးလိပ်သောက်ခြင်း မသောက်ခြင်းအတွက် သောက်သူမသောက်သူများ ကြားတွင် တယောက်နှင့်တယောက် အနှောင့်အယှက်လေးကင်းအောင် နေနိုင်ကြလျင် အနည်းဆုံး အသေးအဖွဲ ပြဿနာလေးတွေကို ရှောင်ပြီးသား ဖြစ်သွားမည်ဟုထင်မိပါသည်။
မျိုးမြင့်ချို

Saturday, September 1, 2018

ဒေါင်းအိုးဝေ၊ မိတ်ဆွေရှာခြင်းနှင့် တောင်းပွဲတိုက်ပွဲများ (အပြင်လူရဲ့ဘားမားရုဒ်မ နံပတ်၈)

0 comments
ဒေါင်းအိုးဝေ၊ မိတ်ဆွေရှာခြင်းနှင့် တောင်းပွဲတိုက်ပွဲများ
“မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး”၏ အာဘော်ဖြစ်သည့် “ဒေါင်းအိုးဝေ”စာစောင်အတွက် တခုခုရေးပါဟု ပြောသည့်အခါ ကျနော် ဝမ်းသာအံ့သြမိ၏။ ကျောင်းသားတပ်မတော်စာစောင်တွင် ဝင်ရေးရမည့်အတွက် ဝမ်းမြောက်သည်မှာ အထူးပြောစရာ မရှိ။ အံ့သြရသည်က အကြောင်းရှိ၏။
ကျနော်က လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သူမဟုတ်။ ကိုယ်တိုင်လည်း မလုပ်စဖူး။ သို့နှင့်တိုင် အဘယ်ကြောင့် ဝင်ရေးပါဟု ဖိတ်ခေါ်ရသနည်းဆိုပြီးအံ့သြမိခြင်း။ အကြောင်းရှိမည်ထင်၏။ ကျနော်က လက်နက်လက်ကိုင်တော်လှန်ရေးကို မယုံကြည်သော်လည်း ဘယ်တုန်းကမှမဆန့်ကျင်ခဲ့။ မဆန့်ကျင်ရုံမက လုပ်နေသူအချို့နှင့်လည်း အနေနီးခဲ့ဖူး၏။ အနေနီးသဖြင့် သူတို့ရင်ဘတ်ထဲ ဝင်ကြည့်ခွင့်ရခဲ့၏။ ဝင်ကြည့်ခွင့်ရသဖြင့်လည်း သူတို့နှလုံးသားနှင့်အတွေးအခေါ်ကို ဖတ်ခွင့်ကြုံခဲ့၏။ ဖတ်ခွင့်ကြုံသဖြင့်လည်း သူတို့ကိုနားလည်ခဲ့၏။
နားလည်သဖြင့်လည်း တူရာပန်းတိုင်ကို မတူသည့်လမ်းများမှ အတူလျှောက်သူများဖြစ်လာကြ၏။
ကျနော်က စစ်၏သားကောင်ဖြစ်ခဲ့သူပီပီ ငြိမ်းချမ်းရေးကိုချစ်၏။ စစ်ကိုမုန်း၏။ စစ်ကို လူတိုင်းမုန်းကြသည်ဟုတော့ ကျနော်မထင်။ စစ်ကို ချစ်သူများရှိ၏။ စစ်ကိုမက်သူများရှိ၏။ စစ်မက်ဖြင့် ထိုသူတို့စီးပွားရှာ၏။ သူတို့အစီးအပွားအတွက် စစ်မက်တို့ကိုဖန်တီးရ၏။ စစ်မက်သူတို့ကြောင့် စစ်မက်တို့ စဖြစ်ရ၏။
စစ်ပွဲများတွင် စစ်တိုက်နေကြသည့်စစ်သားတိုင်း စစ်လိုလားသူများ မဟုတ်ကြ။ ငြိမ်းချမ်းရေးအလိုချင်ဆုံးလူများတွင် “မတိုက်ချင်ပဲ တိုက်နေရသည့်စစ်ပွဲထဲက စစ်သားများ”ရှေ့ဆုံးကပါမည်ဟု ကျနော်က ယုံကြည်နေ၏။
တချို့က “ငြိမ်းချမ်းရေးလိုချင်လို့၊ ငြိမ်းချမ်းရေးအတွက်စစ်တိုက်နေရတာ” ဟုဆို၏။ ကျနော်က ထိုသို့မမြင်။ မငြိမ်းချမ်း၍သာ ငြိမ်းချမ်းရေး မရှိရွေ့သာ သူတို့ စစ်တိုက်နေရခြင်းဖြစ်၏။ ငြိမ်းချမ်းနေလျှင်၊ ငြိမ်းချမ်းရေးရှိနေလျှင် မည်သူက မည်သည့်အတွက် စစ်တိုက်နေရမည်နည်း။ တိုက်နေစရာ ဘာအကြောင်းမရှိ။ ဘယ်သူက ဘယ်သူ့ကို ဘာ့အတွက် သတ်နေရမည်နည်း။ သေနေရမည်နည်း။ ငြိမ်းချမ်းရေးလိုချင်လို့ စစ်တိုက်နေရခြင်းမဟုတ်၊ ငြိမ်းချမ်းရေးမရှိသဖြင့် စစ်တိုက်နေရသည်ဟု ကျနော်က နားလည်ထား၏။
ထိုအတိုင်းဆိုလျှင် မငြိမ်းချမ်းအောင် မည်သူတွေလုပ်နေသနည်း။ ရှင်းပါသည်။ စစ်မက်သူများကသာ လုပ်နိုင်ပါသည်။ သူတို့လက်တွင် အာဏာရောက်သည့်အခါ ချောင်းမြစ်သာမက တိုင်းပြည်ပါ ဖွပ်သထက်ညစ်ရ၏။ ထိုအခါ ငြိမ်းချမ်းရေးကြွေးကြော်သံသည် လှိုင်လှိုင်မည်လာ၏။ ဘဝဂ်ညံလာ၏။
ငြိမ်းချမ်းရေးလိုလားချက်ကို ဖေါ်ပြတောင်းဆို တိုက်ပွဲဝင်ရာတွင် နည်းနာတွေတော့မတူကြ။ မတူသည်မှာ သဘာဝကျ၏။ အတင်းတူရမည်ဟု လုပ်လို့မရ။ ပြောလို့မဖြစ်။ ဒါဆိုရင် မတူတာခွဲလုပ်၊ တူတာတွဲလုပ်ရအောင်ဆိုပြီးဖြစ်လာ၏။ ထို တွဲလုပ်ခွဲလုပ်သည် ပြောရလွယ်သလောက် ကြားရနားဝင်ချိုသလောက် တကယ့်နိုင်ငံရေးတွင် ခက်ပါသည်။ ငါ့နဲ့မတူငါ့ရန်သူဟု မည်သူမျှမပြောသော်လည်း ငါ့မိတ်ဆွေဖြစ်ရန်ကား အလှမ်းဝေးလွန်းသွားပြီဖြစ်၏။ အလှမ်းဝေးလွန်းသွားလျှင် အနေနီးအောင်လုပ်ဖို့ မလွယ်တော့။
ငြိမ်းချမ်းရေးကိစ္စကို အာဏာပြဿနာနှင့်ခွဲမြင်သူကမြင်၏။ တွဲမြင်သူကမြင်၏။ ကိစ္စမရှိ။ သူ့အမြင်နှင့်ကိုယ့်အမြင် မတူလို့ရသည်။ မတူခွင့်လည်း ရှိ၏။ ခွဲမြင်သူတွင် အာဏာနိုင်ငံရေးပြဿနာရော နိုင်ငံရေးအာဏာပြဿနာပါမရှိ။ သို့ဖြင့် သူ့တွင်အာဏာအတွက် ဖက်ပြိုင်ရမည့်သူမရှိ။ ပြိုင်ဘက်လည်း မလိုတော့။ ပြိုင်ဘက်ဆိုသည်က အာဏာပြဿနာကိုရှင်းကြသည့်အခါ ရန်ဘက်ဖြစ်ရသည်လည်းရှိ၏။ ပြိုင်ဘက်က ရန်ဘက်ဖြစ်သွားသည့်အခါ ရန်သူဖြစ်လာ၏။
ရန်သူဖြစ်လာလျှင် ရန်သူကိုပြိုင်တိုက်ဖို့ မိတ်ဆွေရှိဖို့လည်း လိုလာရ၏။ ရှာလည်းရှာရ၏။ မိတ်ဆွေရှာသလို ရှိသလို၊ မိတ်ဆွေမဟုတ် ရန်သူမဟုတ် ကြားလူလည်းရှိလာ၏။ ထို့ကြောင့် နိုင်ငံရေးတွင် ရန်သူ၊ မိတ်ဆွေ၊ ကြားလူဟူ၍ ရှိလာရခြင်းဖြစ်၏။
ခွဲမြင်သူအတွက် အာဏာမလို။ မလိုအပ်သဖြင့် ပြိုင်လုရမည့်ပြိုင်ဘက်မရှိ။ ပြိုင်ဘက်မရှိသဖြင့် ဖက်ပြိုင်စရာမရှိ။ မရှိတော့သဖြင့် ရန်သူမရှိ။ ဘယ်သူနှင့်မှ ရန်သူဖြစ်စရာမလိုတော့။ ရန်သူ မရှိတော့။ ရန်သူမရှိသဖြင့် ကြားလူဆိုသည်လည်းမရှိ။ မလိုတော့။ ထို့ကြောင့်သူ့တွင် ရန်သူမရှိ၊ ကြားလူမရှိ။ မိတ်ဆွေချည်းသာ ရှိတော့၏။ မိတ်ဆွေကို တိုက်စရာမလို။ မိတ်ဆွေထံ တောင်းရန်သာကျန်၏။ ညှိရန်သာရှိတော့၏။ မိတ်ဆွေဟု သတ်မှတ်သူက သူ့ကို မိတ်ဆွေဟုပြန်သတ်မှတ်သော် ကောင်း၏။ သူ့အလိုကိုလိုက်သော် ကောင်း၏။
အာဏာပြဿနာနှင့်ငြိမ်းချမ်းရေးကို တွဲမြင်သူကမူ ထိုသို့မမှတ်မယူ။ ပြောင်းပြန်ဖြစ်ရလိမ့်မည်။ ရန်သူ၊ မိတ်ဆွေနှင့်ကြားလူရှိရမည်။ မိတ်ဆွေနှင့်တွဲပြီးရန်သူကိုတိုက်ရင်း ကြားလူကိုမိတ်ဆွေဖြစ်အောင် လုပ်ရမည်။ သူ့ကိုလည်း ရန်သူအဖြစ်သတ်မှတ်ထားသူ၊ သူကလည်း ရန်သူအဖြစ်သတ်မှတ်ထားသူထံ မတောင်း၊ အနိုင်မတိုက်နိုင်သေးလျှင်တောင် အားတူလာလျှင် ညှိမည့်စကားဆိုရမည်။ တိုက်နေရင်းနှင့် ငြိမ်းချမ်းရေးတံခါးဖွင့်ထားမည်။ တံခါးဖွင့်ထားရင်း တိုက်နေလိမ့်မည်။
လက်နက်ကိုင်မှတိုက်သည်ဟု ကျနော်က ယုံကြည်သူမဟုတ်။ လက်နက်ကိုင်တော်လှန်ရေး Arm Struggle ရော Non Violence ဆိုသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးရော ၂ ခုစလုံးမှာ တိုက်ပွဲဖြစ်သည်ဟု ကျနော်ကမှတ်ယူ၏။
ငြိမ်းချမ်းရေးပေးပါဟု တောင်းဆိုသူက တောင်းလိမ့်မည်။ တိုက်သူကလည်း တိုက်ရလိမ့်မည်။ တောင်တောင်း၊ တိုက်တိုက် ထိုကိစ္စသည် နိုင်ငံရေးကိစ္စဖြစ်၏။ နိုင်ငံရေးသဘောတွင် တောင်းပွဲရောတိုက်ပွဲပါ အကြုံးဝင်၏။
ယခု နိုင်ငံရေးစကားဆို၏။ ငြိမ်းချမ်းရေးနှင့် စစ်မက်ကိစ္စပြော၏။ စစ်ကိုမက်သူတို့အတွက် စစ်မက်သည် နှစ်သက်ဖွယ်ဖြစ်၏။ စစ်မက်သူက ငြိမ်းချမ်းရေးစကား ဘယ်တော့မှမပြော။ သူတို့နှုတ်မှထွက်သည့် ငြိမ်းချမ်းရေးဆိုသည့်စကားသည် အာဏာပြဿနာနှင့်ငြိမ်းချမ်းရေးကိုတွဲမြင်သူ ကျနော့်အတွက် ယုံကြည်လက်ခံဖို့မဖြစ်နိုင်။
ကျနော်တို့ကား ငြိမ်းချမ်းရေးကိုမက်၏။ စစ်မက်သူတို့အတွက်ကား ငြိမ်းချမ်းရေးသည် မက်စရာမဟုတ်။
ကျောင်းသားတပ်မတော်က ငြိမ်းချမ်းရေးမရှိသဖြင့် လက်နက်ကိုင်တိုက်ရ၏။ ကျနော်က လက်နက်မကိုင်ပဲတိုက်ရ၏။ တိုက်နေကြတာခြင်း တူ၏။ နည်းနာကွာ၏။ မတူသည့်နည်းဖြင့် တူသည့်ခရီးကို အတူသွားနေကြခြင်းဖြစ်၏။
ထို့ကြောင့် ကျနော့်တွင်ရော ကျောင်းသားတပ်မတော်တွင်ပါ ရန်သူရှိ၏။ မိတ်ဆွေရှိ၏။ ကြားလူရှိ၏။ ထို့ကြောင့် ဒေါင်းအိုးဝေတွင် ဝင်ရေးပါဟုပြောခြင်း ဖြစ်ရမည်ယူဆ၏။
မျိုးမြင့်ချို သြဂုတ် ၂၈ ၂ဝ၁၁

သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။

0 comments
သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။
သူခိုး။ လူတိုင်းသိပြီးသားဆိုပေမယ့် တိုင်းပြည်ဘဏ္ဍာခိုးတဲ့သူခိုးကြီးက သူခိုးလေးတွေငတ်လို့ သူ့ပစ္စည်းနည်းနည်းခိုးမိတော့ “မင်းဘဏ္ဍာ ကိုယ့်ဟာမမှတ်နဲ့”လို့ ဆိုပြန်တယ်။ နောက်ပြီး ရန်သူမျိုး(၅)ပါးထဲက (၄)ပါးမြောက်မှာယူထားတယ်။ သူက ရန်သူစာရင်းသာပေါက်တာ ရန်သူချင်းတွေ မိတ်ဆွေလုပ်ဖို့ကြ သေဖော်ညှိပြီး ပြီးပျောက်သွားတတ်ပြန်တယ်။ ခုအပေါ်က တန်းစီဇယားထဲမှာ သူက အငယ်ဆုံး အရေး မပါဆုံး။ ဒါတောင် ရန်သူစာရင်းဝင်ဖြစ်နေသေးတယ်။ သူက အခြားသူတွေရဲ့ပစ္စည်းဥစ္စာကို မသိအောင်ယူတယ်။

ဓမြ။ ရန်သူမျိုးစာရင်းထဲသူ့မသွင်းတာမှာ အကြောင်းတော့ရှိမယ်။ ဒါပေမယ့် “ခိုးသူ”လို့ ဆိုရာမှ သူပါအကြုံးဝင်ကြောင်းဖတ်ဖူးတယ်။ သူက လက်ထောက်ချမယ့်သူလိုတယ်။ တိုက်လို့ရတာကို ဝေစုခွဲရတယ်။ ဗိုလ်ကအများဆုံးယူတယ်။ ဝေစုမတည့်တဲ့အခါ ဗိုလ်လုရတတ်တယ်။ ဓမြရိုးရိုးနဲ့ လူသတ်မုဒိန်းဓမြတွေလည်းရှိသေးရဲ့။ ပြီးတော့ ဓမြမှာ အေးဓမြဆိုတာလည်းရှိသေးဆိုတယ်။ ဓမြကသူ့နယ်နဲ့သူတိုက်တယ်။ သူ့ဂွင်ထဲက သူခိုးသေးလေးတွေကိုနှိပ်ကွပ်ပြီး နည်းနည်းကြီးလာတဲ့ကောင်ကိုမွေးတယ်။ နောက်တော့ သူခိုးပါးဝ ဓမြသားမွေးတွေက ဓမြပြန်ဖြစ်လာတာလည်းရှိတယ်။ သူက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို ဗြောင်လုယက်ယူတယ်။

သူပုန်။ ဒီဝေါဟာရတော့ ပဒေသရာဇ်စနစ်အောက်ကနေ ပေါက်လာတာလို့မှတ်ဖူးတယ်။ ဘုရင်ကိုပုန်ကန်လို့ ပုန်ကန်သူကနေ သူပုန်လို့ ရွေ့လာတာလို့ဆိုတယ်။ ဆိုတော့ အစိုးရ(အုပ်ချုပ်ရေးပုံစံသစ်)ဟာ ပဒေသရာဇ်စနစ်အချုပ်မှာပေါ်ပြီး၊ သူပုန်ကတော့ အစိုးရမပေါ်ခင်တည်းက ပေါ်နှင့်ပြီးသားလို့ဆိုရမယ်မှတ်တာပဲ။ ”သူပုန်”လို့ဆိုတာနဲ့ မကောင်းတဲ့အနက်နဲ့ထွက်အောင် အလုပ်ခံထားရခြင်းပဲ။ “တိုင်းစွန်ကျေးဖျားတွင် ခိုးသားဓမြများပုန်ကန်ထကြွနေသဖြင့်”တို့ ”သူပုန်သူကန်တို့အားနှိမ်နင်းရန် ရွှေနန်းရှင်မှစေလွှတ်တော်မူသော”တို့ စတဲ့အသုံးနှုန်းတွေဟာ ”သူပုန်ဆိုတာမကောင်း”ဆိုတဲ့အနက်ကောက်ကိုတိုက်ရိုက်ရတာပဲ။ သူပုန်မှာ (၂)မျိုးရှိတယ်မှတ်တာပဲ။

တစ်မျိုးက “မင်းသားသူပုန်”၊ နောက်တစ်မျိုးက “လူသူပုန်”ဖြစ်မယ်။ ပဒေသရာဇ်အုပ်စိုးမှုအောက်မှာ နန်းတွင်းကနေထတဲ့သူပုန်က မင်းညီမင်းသားနန်းလုကြတာထက် ဘာမှမပို။ နန်းတွင်းလုပ်ကြံမှု(အရေးတော်ပုံ၊ နန်းတွင်းပုန်ကန်မှု၊ အရေးအခင်း)လို့ဆိုသကိုး။ နန်းတွင်း လုပ်ကြံမှုမအောင်မြင်လို့ နောက်လိုက်နောက်ပါ (ငယ်ကျွန်)တချို့နဲ့ ထွက်ပြေးလာတဲ့မင်းသားလည်း လူထုအခြေခံနဲ့ဘုရင်ဖြစ်အောင် ကြံဆောင်တာမရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် ဘုရင်သတ်နိုင်မှ ဘုရင်ဖြစ်တဲ့ခေတ်မှာ ဘုရင့်သတ်ဖို့ရာ ဘုရင်နဲ့အနီးဆုံးလူ (နန်းတော်ထဲကျန်ခဲ့/ချန်ခဲ့တဲ့ ဒါမှမဟုတ် မင်းဟောင်း နေညိုချိန်ကိုမှန်းနိုင်ပြီး မင်းသစ်အောက်မှာအမြှောက်စားခံဖို့ အကွက်မြင်အရည်လည် အပါးဝမင်းလူယုံဖြစ်တဲ့ အတွင်းလူအခါတော်ပေး)ရဲ့အားက အဓိကကျနေတတ်တယ်။ အဲ့ဒါမပါပဲ အထမြောက် သွားတဲ့လုပ်ကြံမှုတစ်ခု ရှိတယ်လို့ မကြားမိသေးဘူး။ အဲ့သလို သူပုန်မျိုးက(အရေးတော်အောင်လျှင် မောင်မင်းများလည်း အဖိုးဝေစုပါစေ့မည်ဆိုကာ)လူသူ လက်နက်စုပြီး လက်ကိုင်တုတ်တပ် ဖွဲ့တာလောက်တော့ရှိတယ်။ နန်းရရေးလုပ်တာဖြစ်လို့ အောင်ရင် ရွှေထီးပဲ။ မအောင်ရင် အသုတ်သင် အကွပ်မျက်ခံရပြီး ကံကောင်းလို့လွတ်ရင် တနယ်ခြားမှာပြေးဝင်ခိုလှုံ။ နောက်ဆုံး လူမသိသူမသိနဲ့ဇာတ်သိမ်း။ မအောင်မြင်လို့ ”မှားပါပြီ အရှင့်သစ္စာခံပါတော့မယ်”ဆိုကာ ပြန်ဒူးထောက် အောက်ကြို့တဲ့မင်းညီမင်းသား မရှိသလောက်ရှားတယ်။ ပြန်ကြို့လည်း ဘယ်အချက် ဇက်ပေါ် ဓါးကျလာလေမလဲစိတ် တထိတ်ထိတ်နဲ့သစ္စာခံပြရင်း သေနေ့ထိုင်စောင့်ရမယ့်အဖြစ်မျိုး ဘယ်သူရွေးချင်ပါ့မလဲ။ နန်းပြင်ထွက် ပုန်ကန်ပြီး မအောင်မြင်တဲ့”မင်းသားသူပုန်တွေ”ဟာ “သူပုန်မင်းသားတွေ”အဖြစ်နိဌိတံကြတာများတယ်။ အဝေးကြီးမကြည့်နဲ့ မြင်ကွန်း မြင်းခုံတိုင်အရေးလောက် ကြည့်ရုံနဲ့မြင်ပါတယ်။

လူသူပုန်(လူထုအခြေခံ)ကျတော့ သူပုန်လည်းလူထု၊ လူထုကပဲ သူပုန်ခေါင်းဆောင်ပြန်လုပ်တာမျိုး။ တခုတော့ရှိတာပေါ့ ခေါင်းဆောင်က နောက်လိုက်တွေထက် ခေါင်းတစ်လုံးတော့ ပိုမြင့်မှရတာမျိုး။ အဲ့ဒီခေါင်းဆောင်မှုမျိုးနဲ့ ထတဲ့သူပုန်ဟာ ဘုရင်လုပ်ဖို့ထက် အဆင့်ဆင့်သော အုပ်ချုပ်ရေးယန္တရားကြီးရဲ့ ဖိစီးဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ရတဲ့လက်နက်စွဲပြီး ဖြစ်တဲ့နည်းနဲ့ပြန်ခံချရတာပဲ။ အရင်းခံသဘောကိုက စနစ်ကို ဆန့်ကျင်တာပဲ။ အခြေခံတာလည်း လူထုပဲ။ အတန်းအစားသဘောအရသာ ကွာရင်ကွာမယ်။ ဆိုတော့ အနှစ်သဘောကတော့ စနစ်ကို အရှိုက်ထိုးတာပဲ။ သူပုန်မှန်ပေမယ့် သူပုန်ချင်းမတူဘူး။ ဒီသူပုန်(၂)ပုန်ကို ကွဲအောင် “မင်းသားသူပုန်”နဲ့“လူသူပုန်”လို့မှတ်ထား မိတာပါပဲ။

ဘယ်သူပုန်မှာဖြစ်ဖြစ် ဘက်ပြောင်း၊ သစ္စာဖေါက်တွေရှိသလို ပဉ္စမံတပ်သားတွေလည်; ရှိကြတာချည်းပါ။ မနက်ဖြန်မှာ အရေးတော်ကြီး အောင်မယ်ဆိုရင်တောင် ဒီနေ့ဘက်ပြောင်းသူရှိတတ်တယ်။ ထားပါတော့။ သူပုန့်သဘာဝက သူအာဏာမရခင်စပ်ကြား သူ့အပိုင်စားမြေမှာ သူဗိုလ်ပဲ။ သူ့ကို ထောက်ပံ့ကျွေးမွေးသူကို ကာကွယ်မယ်။ အဲ့ဒီလူတွေအားကိုယူပြီး အာဏာလက်ရှိကို တိုက်မယ်။ သူအာဏာရရင် “ဘယ်လူတန်းစားအတွက်”ဆိုတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်တခုခုရှိတယ်။ အဲ့စနစ်အခြေခံတဲ့ အဘိဓမ္မာတခုခု မလွဲမသွေရှိမှရတယ်။ အဲ့စနစ်အတွက် အသေခံရဲသွားအောင် လူတွေကိုအတွေးအခေါ် သွပ်သွင်းတယ်ဆိုတာ တော်ရုံခေါင်းဆောင်မှုနဲ့ တော့မရ။ အဲ့ဒါမျိုးကိုကျ တော်လှန်ရေးလုပ်တယ်လို့ဆိုတယ်။ ကိုယ့်ခေါင်းထဲ နဂိုရှိနေတဲ့အတွေးအခေါ်ဟောင်းကို ကိုယ်တိုင်ပြန်လှန်ပြီးမှ ကျန်တာတွေ ဆက်လို့ ရတတ်တာမျိုး။ ဆိုတော့ တော်လှန်တဲ့အတွေးအခေါ်မရှိရင် အပျော်တမ်းသူပုန်ထတာလောက်နဲ့တင် ကိစ္စ ပြတ်ပြတ်သွားတယ်လို့ဆိုတာများ ကြားဖူးတယ်။ သူပုန်ဟာ သူ့နယ်ကဓမြကို သူပုန်ဖြစ်အောင် အတွေးအခေါ်အရမွေးရတယ်။ သူပုန်ဖြစ်မလာတဲ့ ဓမြကိုတော့ နာနာနှိပ်ကွပ် ပစ်ရတယ်။ ဒါ့ကြောင့် သူပုန်အားကောင်းရင် ဓမြခေါင်းထောင်လို့ မရဖြစ်တာပဲ။ အရင်တုန်းကတော့ သူပုန်လို့ပြောရင် လူတွေမကြိုက်ကြဘူး။ ခုတော့ သူပုန်ဆိုပြီး ပါးစပ်အရသာခံပြောသူတွေ ဒုနဲ့ဒေး။ သူပုန်ခေါ်မှကြိုက်တဲ့သူလည်း သိတ်မရှား။  

ပထမတစ်မျိုးက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို နိုင့်ထက်စီးနင်း ခြိမ်းခြောက်လုယက်ယူတယ်။ ဒုတိယတစ်မျိုးကတော့ စည်းရုံးသိမ်းသွင်းပြီး လူတွေကပေးလာအောင်လုပ်ယူတယ်။

အစိုးရ။ သူက ရန်သူမျိုး(၅)ပါးမှာ နံပတ်(၃)။ “ဘယ်လို မင်းမျိုးကိုသာ ရန်သူစာရင်းသွင်းရာတယ်”ဆိုပြီး ဇာတ်တော်နိပတ်တော်လာ၊ ဒဏ္ဍာရီလာ၊ ဟိုကျမ်းလာ ဒီကျမ်းလာတွေထဲက အဆိုအမိန့်တွေ၊ ပုံတိုပတ်စတွေနဲ့ ဖန်တစ်ရာထေအောင် အနက်ဖွင့်ကြတာတွေလည်း လူတိုင်းသိကြရဲ့။ “အစိုးရ”ဆိုတဲ့စကားက ဘုရင်တို့(ပဒေသရာဇ်စနစ်)နေဝင်ချိန်၊ အစိုးရ (စက်မှုအရင်းရှင်စနစ်နဲ့ အမျိုးသားအစိုးရ)များ အရုံဦးမှာ ပေါ်ခဲ့တာလို့ ဆိုတယ်။ အစိုးရမပေါ်ခင်တုန်းကတော့ လူတွေကို “အစိုးတရ”ထင်တိုင်းကြဲခွင့်ရှိတာက ပဒေသရာဇ်နဲ့ဧကရာဇ်ပဲ။ အဲ့ဒီစနစ်ထက်မကောင်းရင် “အစိုးရ”ပေါ်စရာအကြောင်းကို မရှိဘူးလို့ဆိုရမယ်။ အစိုးရဆိုတာကို “အစိုးမရ”ဆိုတာနဲ့ ထပ်ကြည့်ဟပ်ကြည့်ရင် ထင်းကနဲပေါ်တယ်။ သူပုန်နိုင်လို့(တော်လှန်ရေးအောင်လို့)ဖြစ်တဲ့အစိုးရမျိုးရှိသလို နိုင်ငံရေးကစားတတ်လို့ ဖြစ်တဲ့အစိုးရလည်းရှိတာပဲ။

ဒါပေမဲ့ လူ့သမိုင်းကို ပြန်ကြည့်တော့ စနစ်တစ်ခုကတစ်ခုကိုပြောင်းတာဟာ တော်လှန်ရေး(သူပုန်နိုင်တာ)ဖြစ်ပြီး၊ စနစ်တစ်ခုအထိုင်ကျပြီး အထိုင်ထဲကပုံစံနဲ့ အပြောင်းအလဲဖြစ်တာကတော့ “အစိုးရ”ပဲ။ အစိုးရပြောင်းတာပဲ။ စနစ်ကတော့ ဒီစနစ်ပဲ။ ဟိုနေရာ ဒီနေရာ နည်းနည်းပါး ဖါထေးတာတော့ ရှိမှာပဲ။ အစိုးရပြောင်းသက်သက်နဲ့ စနစ်တစ်ခုလုံးပြောင်းတာ မတူမှန်း လူတိုင်းသိကြတာပါပဲ။ လုံးရိုက်လို့မှ မရတာ။ အစိုးရဆိုတာက လူတန်းစားရှိတဲ့လူ့အဖွဲ့အစည်းမှာ လိုအပ်လို့ကို ရှိနေရတာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွှဲနဲ့တစ်ဖွဲ့၊ တစ်စုနဲ့တစ်စု ကြားက လူ့လွတ်လပ်ခွင့်ကို အာမခံဖို့၊ တရားမျှတမှုနဲ့တန်းတူမှုရှိဖို့ အစိုးရက ဝင်တာဝန်ခံပေးရတာပဲ။ လူတွေအတွက် ပဋိဉာဉ်ကိုလူတွေက ရေးပြီး၊ လူတွေကရွေးတဲ့သူအစိုးရလုပ်ပြီး အုပ်ချုပ်တာပါပဲ။ သူကကျ သူခိုး၊ ဓမြ၊ သူပုန်ပါမကျန် နှိပ်ကွပ်ရတာပဲ။ (ဒီနေရာမှာ ပြောစရာတွေ များပေမယ့် ခုပြောတဲ့အကြောင်းကနေ ဘေးချော်သွားမစိုးလို့ ချန်ခဲ့ပါမယ်။ ရှေ့မှာလည်း ချန်ခဲ့ရတာတွေအများကြီးရှိပါတယ်)သူကကျတော့ တိုင်းပြည်ရဲ့ဓနကိုတင်မက တိုင်းသား ပြည်သူရဲ့လုပ်အား(ငွေအား၊ ဉာဏ်ပညာအားတွေ)ပေါ်ကနေ အခွန်စည်းကြပ်တယ်ဆိုကာ ဥပဒေအရ ယူတာပဲ။

ထားပါတော့ သူခိုးဖြစ်ဖြစ်၊ ဓမြဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်ပါ၊ လူတွေရဲ့ဥစ္စာပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ယူယူပါ။ ကျနော် ပြောချင်တာက အဲ့ဒါမဟုတ်ပါ။ ပြောချင်တာက တစ်ခုကတစ်ခုကို နိုင်အောင်မထောင်းပဲ သူခိုးက ဓမြနဲ့ပေါင်း၊ ဓမြက သူပုန်နဲ့ပေါင်း၊ သူပုန်က အစိုးရနဲ့ပေါင်းပြီဆို လူတွေခမျာ သူခိုးဒဏ်၊ ဓမြဒဏ်၊ သူပုန်ဒဏ်နဲ့အစိုးရဒဏ်ပါရောပြီး ဒဏ်(၄)ဒဏ်ခံရတော့တာပါပဲ။ ပြည်နာတော့တာပါပဲ။ နိုင်ငံ ထောင်းလမောင်းကြေတော့တာပါပဲ။ ဗမာပြည်မယ် ခုဖြစ်နေတာလည်း ဒါပါဘဲ။
မျိုးမြင့်ချို (နိုဝင်ဘာ ၂ ရက်၊ ၂ဝ၁၃)

Friday, August 31, 2018

ဆေးလိပ်အရက်၊ ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ (အပြင်လူရဲ့ဘားမားရုဒ် အမှတ် ၇)

0 comments
ဆေးလိပ်အရက်၊ ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ
ကျနော့်စာတွေဖတ်ပြီး တချို့လည်း မိုးမွှန်အောင်ဆဲ၏။ တချို့မထိတထိ ရိသဲ့သဲ့လုပ်၏။ တချို့ကလိတိတိ မခံချိမခံသာဆို၏။ တချို့ ကြိမ်းဝါး ခြိမ်းခြောက်၏။ ချက်နှင့်လက်နှင့် တိတိပပ ကျကျနနပြောသူနည်း၏။ မည်သို့ဖြစ်စေ ကိစ္စမရှိ။ ကျနော်က တုန့် ပြန်လေ့ နည်း၏။ မတုန့်ပြန်သည့်အတွက် သည်းခံခြင်းသည်အောင်မြင်ရာတို့ ပြိုင်လာလျှင်အရှူံးပေး နှလုံးအေးတဲ့ဆေးစသည်တို့အား နှလုံးသွင်းသည့်သဘောလည်း မဟုတ်။ အချိန်ကုန် မခံချင်၍ဖြစ်၏။

အမေရိကန်တွေက အချိန်သည်ပိုက်ဆံဟုဆို၏။ ကျနော်က အချိန်သည်ဘဝဟူသော အကောက်အယူကို အသက် (၅ဝ) ရောက်မှ နောက်ကျစွာသိမြင်လာသူ။ ထို့ ကြောင့် အချိန်သည် ကျနော့်အတွက် တန်ဖိုးရှိလာ၏။ ဘဝလက်ကျန်အချိန်တို့ ပါးသထက်ပါး ရှားသထက်ရှားလာနေချိန်တွင် (ကျနော့်အထင်) ဘာမဟုတ်သည့်ကိစ္စတွေအတွက် အချိန်လက်ကျန်လေးထဲက ဖဲ့မပေးချင်တော့။ ပြန်ပြောဖို့ ဆိုဖို့လိုသည်ဟုထင်သည့်အခါ စာတပုဒ်နှင့်ပြန်ပြောလေ့ရှိ၏။ များသောအားဖြင့် လိုသည်ဟုလည်း မထင်တတ်။

နောက်တချက်က ကိစ္စတို့သည် တကယ်ဖြစ်နေသည်ကတမျိုး၊ ဖြစ်နေသူအချင်းချင်းကြား ထင်နေကြသည်ကတမျိုး၊ ပတ်ဝန်းကျင်ထင်နေတာက တမျိုးတွေလည်း ရှိသေး၏ ယခု အချိန်နည်းနည်းအပွန်းခံ၍ ဤအကြောင်းတွေးမိ၏။

ကျနော်ဆေးလိပ်ဖြတ်တာက ဆေးလိပ်ဖိုးနှင့်ဆေးလိပ်ဒဏ်ကိုမခံနိုင်ခြင်းမှာ ရာခိုင်နှုန်းအားဖြင့် မဆိုစလောက်သာပါ၏။ အဓိက က ဆေးလိပ်သောက်ရသည့်ဒုက္ခကို မခံချင်တော့၍ဖြစ်၏။ အမေရိကားတွင် ဆောင်းတွင်းလည်းဆောင်းတွင်းမို့၊ နွေလည်းနွေမို့၊ အိမ်တွင်းလည်း အိမ်တွင်းမို့၊ အိမ်ပြင်လည်း အိမ်ပြင်မို့၊ ကားတွင်းလည်း ကားတွင်းမို့၊ ရုံးကန္နားလည်း ရုံးကန္နားမို့၊ အများဆိုင်နေရာတွေလည်း အများဆိုင် နေရာတွေမို့ ဆေးလိပ်အကန့်အသတ်တွေက တဖြည်းဖြည်း များသထက်များများလာ၏။ လူတွေကို ဆေးလိပ်မသောက်ရဟုလုပ်မထား သောက်မရအောင်လုပ်ထားတာဟု စိတ်ထဲခံစားလာရ၏။ ဤတွင် စိတ်စနိုးစနောင့်ဖြစ်လာ၏။

ဆေးလိပ်နံ့မခံနိုင်သူက အမူအယာတခုခုဖြင့် မကြိုက်မှန်းပြလျှင် စိတ်ထဲခံရခက်၏။ အဆိုးဆုံးက ကော်ဖီဆိုင် ထိုင်ချိန်များ။ ဗမာပြည်မှာလို လက်ဘက်ရည်လေးငုံလိုက် ဆေးလိပ်လေးဖွာလိုက်နှင့် လက်ဘက်ရည်ဆိုင်ထိုင်ရသည့် အဓိပ္ပါယ်နှင့်အရသာကို ဒီမှာမရ။ ကော်ဖီတကျိုက်လောက် ကျိုက်ပြီး ဆေးလိပ်လေးတဖွာ ဖွာလို့မရ။ ကြာတော့ ကော်ဖီဆိုင်ထိုင်ရခြင်း၌ မပျော်မွေ့တော့။ သို့ဖြင့် မထိုင်ဖြစ်တော့။ ဤနှယ်လုပ်ထားခြင်းကို ကောင်း၏ဆိုး၏လည်း မပြောချင်တော့။ ဆေးလိပ်မီးခိုးကြောင့် ကျန်းမာရေးထိခိုက်သည်ဟုဆိုလျှင် စက်ရုံခေါင်းတိုင်တွေက မီးခိုးတွေကြတော့ရော၊ ဆေးလိပ်သွင်းရတာ နိုင်ငံခြားငွေ ကုန်သည်ဟုဆိုလျှင် ကျည်ဆန်တွေဝယ်နေတာကြတော့ရောဟု ပြန်မေးချင်လာ၏။ ထားတော့ အကျယ်အကျယ် မငြိမ်းဖွယ်လည်းမဖြစ်ချင်။ ကိုယ့်ဒုက္ခလည်း ကိုယ်မခံချင်တော့။ ဘဝလက်ကျန် တိုရည်ရှားရည် အချိန်ကလေးကိုလည်း ဆေးလိပ်အတွက် ဖဲ့ မပေးချင်တော့။ ဒီတော့ အသောက်ရပ်လိုက်၏။

နောက်တခုက အရက်။ သုရာမေရယတွေ၊ အရက်သမား အမှားတရာတွေကြောင့် အသောက်ရပ်လိုက်ခြင်းမဟုတ်မှန်း ကိုယ့်ကိုယ်ကိုသိ၏။ “အရက်မသောက်တော့ဘူး”ဟုဆိုတော့ သာဓုခေါ်သူ ခေါ်၏။ မိမိကနားမလည်။ “သာဓုခေါ်တာကောင်းတဲ့ကိစ္စပဲ ဘာနားမလည်စရာရှိလို့လဲ” ဟု ဆိုသူလည်းဆို၏။ မိမိနားမလည်ခြင်းက နှစ်ချက်ရှိ၏။ ပထမတချက်က အရက်မသောက်တော့ခြင်းသည် ဘာအဆုံးအမ ညာအဆုံးအမတွေ၌တည်ကာ ဘုရားကို အရက်လှူလိုက်ခြင်းမျိုးမဟုတ်။ မိမိက အရက်ကြိုက်သူတွေထဲပါ၏။ နှစ်နှစ်ခြိုက်ခြိုက် မက်မက်စက်စက်သောက်ခဲ့၏။ တန်ဖိုးထားပြီးကို သောက်ခဲ့၏။ ကုန်ကုန်ပြောရလျှင် မျက်နှာမဲ့ပြီးအရက်မျိုချလျှင်ပင် မကြိုက်။ ကြိုက်တယ်ပြောပြီး မဲ့သောက်သူအား သိတ် ကြည့်မရ။

နောက်ပြီး သောက်လျှင်လည်း မူးမှကြိုက်၏။ ဘဝတွင် လူမှုရေးသောက် တခါဘူးမျှ မသောက်စဖူး။ အမူးသောက်၏။ အမူးပြေလျှင် ပြန်သောက်၏။ ပြန်မူး၏။ အရက်မူးပြီး မှားသည့်အမှားရော၊ မမူးပဲမှားသည့်အမှားပါ ဘဝတွင်အပြည့်။ ဆိုတော့ မိမိအရက်သောက်ခြင်း မသောက်ခြင်းသည် အမှားကျူးလွန်ခြင်းမလွန်ခြင်းနှင့် တိုက်ရိုက်အချိုးမကျ။ ကျူးခဲ့သမျှအမှားတိုင်း အရက်ကြောင့်ဆိုလျှင် ယခု မသောက်ခြင်းအတွက် သာဓုခေါ်ခြင်းသည်မဆိုး။ “ကဲ ဒါဆို ခုမသောက်တော့ဘူး။ အမှားကတော့ မသေမချင်းလုပ်ဖြစ်ဦးမှာပဲ၊ အဲ့ဒါတွေအပေါ်ကျတော့ရော”လို့လည်း မမေးချင်။

ဒုတိယတချက်က သာဓုခေါ်သူနှင့်ဆိုင်၏။ လူတချို့ သာဓုအခေါ်လွယ်၏။ အလွယ်ခေါ်၏။ ထိုသူတို့အနက် အများစုမှာ သူတပါးအား သာဓုခေါ်ထိုက်အောင် အကျင့်၊ သီလ၊ သိက္ခာမည်မျှရှိမှန်း မိမိလည်းမသိ။ သူတို့ကိုယ်သူတို့လည်း သိဟန်မတူ။ မကောင်းမှုဟု သူတို့ယူဆသည့်အရာကိုပြုခဲ့ဖူးသူက ယခုထိုအပြုကို မပြုတော့ပါဆိုလျှင် သာဓုခေါ်ရန် နှုတ်ပြင်ထားနှင့်ပြီးကြ၏။ နှုတ်လည်းလွယ်၏။

အရက်မဟုတ်သည့် အခြား မကောင်းမှုတွေကို သူတို့ကိုယ်တိုင် ဘယ်နှကြိမ်ကျူးလွန်ခဲ့ကြပြီးပြီနည်း။ ထိုသို့ကျူးလွန်တိုင်း အပြစ်သားဆိုလျှင် အပြစ်သားချင်း သာဓုခေါ်ထိုက်ပါသလား။ ခေါ်ရော ခေါ်အပ်ပါသလားလည်း သူတို့စဉ်းစားကြသည်မဟုတ်။ သို့သော် ခတ်တည်တည်နှင့် သာဓုကား အခေါ်မပျက်။ တချို့က “နှစ်ကြိမ်ပဲခေါ်ဦးမယ်”ဆိုတာ နှစ်ထပ်ကွမ်းကြောင်သူတော် လုပ်သေး၏။ လူထူထူတွင် သာဓုခေါ်တိုင်းသာ သူတော်ကောင်းကြေးဆို ဘုန်းကြီးကျောင်းက ကြေးစည်ထုတိုင်း အူတတ်ကြသည့်ခွေးတွေ သူတော်အကောင်းဆုံးဖြစ်မည်ထင်၏။ “ဘာ့ကြောင့်သာဓုခေါ်တာလဲ”ဟု ပြန်လည်းမမေးချင်။ သူတို့ကိုလည်း သာမန်လူတွေထက် ပိုသဘောထားလို့မရတဲ့အတူတူ ရေငုံနှုတ်ဆိတ်သာနေလိုက်၏။
အရက်မသောက်တော့သဖြင့် သောက်၍ ကုန်ရသည့်အချိန်တွေ ပိုထွက်လာ၏။ နေရသမျှ ရှည်ရမည့်အသက်ကလေးထဲတွင် အရက်နှင့်
 
ဆေးလိပ်ကြောင့် ပေးရဦးမည့်အချိန်တွေ အများကြီးပိုထွက်လာ၏။ ဤကား အမြတ်ပင်။
အစကိုပြန်ကောက်ကာ အဆုံးထိပြန်ဆက်ပါမည်။ ကျနော်ရေးတာတွေဖတ်ပြီး ဆဲသူ၊ ရိသူ၊ ကလိသူ၊ ခြိမ်းခြောက်သူတို့အား ဘဝလက်ကျန် အချိန်လေးတွေတွင်၊ ရှည်ရသမျှ အသက်တာလေးတွင် ကျန်းမာအောင်နေကြစေချင်၏။ ကျနော့်အတွက် အချိန်အကုန် မခံကြစေချင်။ တကယ် ဖြစ်နေတာ၊ မိမိတို့ထင်နေတာ၊ ပတ်ဝန်းကျင်ကထင်နေတာတို့သည် အခါများစွာတွင် မှားနေတတ်ပါ၏။ လွဲချော်နေတတ်ပါ၏။
သာဓုလည်းအခေါ်မစောကြပါနှင့် မေတ္တာလည်း အပို့ မဦးကြပါနှင့်။ ကျနော်လည်း ရေးဖြစ် ပြောဖြစ်နေသရွေ့ ရေးနေပြောနေ ပါဦးမည်။
မျိုးမြင့်ချို ဇွန် ၂၈၊ ၂ဝ၁၃

Thursday, August 30, 2018

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်- ကြည်ဝင်း (အရေးတော်ပုံဂျာကဆောင်းပါးဖြစ်ပါတယ်)

0 comments
တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်
ကြည်ဝင်း (အရေးတော်ပုံဂျာကဆောင်းပါးဖြစ်ပါတယ်)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ်(၁၂) မှာ ဖော်ပြမယ့်ဆောင်းပါး
ဒီနှစ် ဇူလိုင် ၆ ရက်နေ့မှာ အမေရိကန်က ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% စည်းကြပ်ဖို့ သတ်မှတ်ခဲ့တယ်။ တရုတ်ပြည်ကလည်း အလားတူပဲ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိ
အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်စည်းကြပ်မယ်လို့ ကြေညာခဲ့တယ်။ နောက်မကြာခင်မှာပဲ သမ္မတထရမ့်က ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်စာရင်း ထုတ်ပြန်ပြီး အခွန် ၁၀% စည်းကြပ်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း ဒီလုပ်ရပ်ဟာ လုံးဝကျိုးကြောင်းမဆီလျော်ဘူး၊ လုံးဝလည်း လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တယ်။ ဒါ့အပြင် တရုတ်ပြည်အနေနဲ့ အလားတူ လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတထရမ့်ဟာ သမ္မတရွေးပွဲမဲဆွယ်ကာလကတည်းက တရုတ်-အမေရိကန်ကုန်သွယ်ရေးဟာ တရားမျှတမှုမရှိဘူး။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ငွေကြေးတန်ဖိုးကို ရှိသင့်တဲ့တန်ဖိုးထက် လျှော့ချ သတ်မှတ်တဲ့နည်းအပါ အခြားနည်းပေါင်းစုံနဲ့ အမေရိကန်နဲ့ကုန်သွယ်ရေးမှာ မတရား အမြတ်ထုတ်နေတယ်။ ဒါကို လက်သင့်မခံနိုင်ဘူး စသဖြင့် ပြောဆိုမဲဆွယ်ခဲ့တာဖြစ်တယ်။ တရုတ် - အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က နှစ်စဉ် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ မှ ၆၀၀ အကြားအရှုံးပေါ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဉာဏပစ္စည်း (Intellectual Property IP) တွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသုံးစွဲနေတယ်လို့လည်း စွပ်စွဲပါတယ်။ ဒါတွေကို သူသမ္မတဖြစ်လာရင် ဖြေရှင်းမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်လာတာလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်လွှတ်တော်နှစ်လည် ရွေးကောက်ပွဲနဲ့ အချိန်ကိုက်နေတာကတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၇၈ မှာ တံခါးဖွင့်ပေါ်လစီ စတင်ကျင့်သုံးခဲ့စဉ်ကစပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါပြီ။ မကြာခင်မှာ အမေရိကန်နေရာကို ဝင်ယူတော့မှာဖြစ်တယ်လို့လည်း အများက ခန့်မှန်းနေကြတာဖြစ်တယ်။ ဒါကြောင့် အမေရိကန်ဟာ လက်ဦးမှုယူပြီး တရုတ်ပြည်အပေါ် စီးပွားရေးထိုးစစ် စတင်လိုက်တာလို့ ဆိုနိုင်ပါတယ်။

ဒီနှစ် မတ်လမှာ အမေရိကန်နိုင်ငံထဲတင်သွင်းတဲ့ သံမဏိကို ၂၅% နဲ့ အလူမီနီယမ်ကို ၁၀% အခွန် စည်းကြပ်မယ်လို့ သမ္မတထရမ့်က ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကနေဒါ (သံမဏိအများဆုံး  တင်သွင်းတဲ့နိုင်ငံ)၊ ဘရာဇီးလ် (ဒုတိယအများဆုံးတင်သွင်းနိုင်ငံ)၊ ဂျာမနီနဲ့တောင်ကိုးရီးယား စတဲ့နိုင်ငံတွေကို ဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့တယ်။ ဒါကြောင့် အမေရိကန်ရဲ့ အဓိကဦးတည်ချက်ဟာ တရုတ်နိုင်ငံပဲဆိုတာ ပိုထင်ရှားလာတယ်။

အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီက အဓိကအချက် ၃ ချက်လိုချင်နေတာ ဖြစ်တယ်။ ပထမအချက် အနေနဲ့ အမေရိကန်ဘဏ်ကြီးတွေနဲ့ကော်ပိုရေးရှင်းကြီးတွေဟာ တရုတ်နိုင်ငံတွင်းရှိ သူတို့လုပ်ငန်းတွေ အပေါ် ပိုင်ဆိုင်ခွင့် ၅၁% ရပြီး နောက်ပိုင်းမှာ ၁၀၀% ပိုင်ဆိုင်ခွင့်အထိ ရချင်တယ်။ ဒုတိယအားဖြင့် နှစ်စဉ် အမေရိကန်ကုန်ပစ္စည်း အထူးသဖြင့် အနောက်အလယ်ပိုင်းဒေသထွက် (ရီဘတ်ပလီကန်ရဲ့အမာခံ မဲဆန္ဒနယ်တွေဖြစ်တယ်။ တရုတ်နိုင်ငံကလည်း ဒီနယ်တွေကထွက်တဲ့ ပဲပုပ်၊ ဝက်သား စတာတွေကို ပစ်မှတ်ထားတယ်။) လယ်ယာထုတ်ကုန်တွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံဖိုး ထပ်ဝယ်စေချင်တယ်။ တတိယအချက်ကတော့ ဉာဏပစ္စည်းဆိုင်ရာဖြစ်တယ်။ တရုတ်နိုင်ငံတွင်း လုပ်ငန်းလာလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ပြည်ကို နည်းပညာမျှဝေပေးရတာကို ပယ်ဖျက်ပေးဖို့ ဖြစ်တယ်။ ဒါဟာ အမေရိကန် အထူးသဖြင့် ကာကွယ်ရေးနဲ့ထောက်လှမ်းရေးဌာနတွေက အစိုးရိမ်ဆုံးကဏ္ဍဖြစ်တယ်။ နောက်လာမယ့် နည်းပညာမျိုးဆက်တွေဖြစ်တဲ့ ၅ ဂျီ (5G) နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားမှာကို အထူးစိုးရိမ်နေကြတာ ဖြစ်တယ်။ ဒီကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားရင် စီးပွားရေးမှာသာမက စစ်ရေးဘက်မှာပါ တရုတ်နိုင်ငံက အသာစီးရသွားမှာ ဖြစ်တယ်။ အမေရိကန်ရဲ့စီးပွားရေးကော စစ်ရေးအရပါ ကမ္ဘာ့နံပါတ်တစ်နေရာကို တရုတ်က ဝင်ယူသွားမှာကို ကြိုစိုးရိမ်နေတာ ဖြစ်တယ်။ ဒီနံပါတ်တစ်နေရာကို နှစ်ပေါင်းများစွာရယူထားတဲ့ အမေရိကန်နိုင်ငံဟာ နည်းမျိုးစုံသုံးပြီး အသေအလဲ ကာကွယ်မယ်ဆိုတာ ဧကန်မုချပဲ ဖြစ်တယ်။

တရုတ်နိုင်ငံကလည်း နည်းပညာမှာ နောက်ကျကျန်ခဲ့လို့မဖြစ်ဘူးဆိုတာ သိတယ်။ ဒီ ၃ ချက်မှာ ပထမ ၂ ချက်ကို တရုတ်နိုင်ငံက လိုက်လျောနိုင်တယ်လို့ ဆိုတယ်။ တတိယ ဉာဏပစ္စည်းကဏ္ဍမှာ ထစ်နေတာ ဖြစ်တယ်။ နောက်ပြီး ထရမ့်ဟာ ဒီလွှတ်တော် သက်တမ်းဝက်ရွေးကောက်ပွဲမပြီးခင်မှာ မဲဆွယ်နိုင်ဖို့ တရုတ်ဖဲချပ်ကိုင် ကစားနေဖို့များတယ်လို့ ခန့်မှန်းတာတွေလည်းရှိတယ်။ ဒါကြောင့် တရုတ်နဲ့ဒီကြားထဲ သဘောတူညီချက်ရသွားဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုတယ်။

 အခု အမေရိကန်နဲ့တရုတ် အပြန်အလှန် အခွန်တိုးကောက်နေကြတဲ့ပမာဏဟာ တကယ်ပြောရရင် များလှတယ်လို့ မဆိုနိုင်ပါ။ တရုတ်နိုင်ငံက အမေရိကန်ထံတင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလျံနဲ့ သံမဏိနဲ့အလူမီနီယမ် ၂-၃ ဘီလျံ ပဲ ရှိပါသေးတယ်။ ၂၀၁၇ စုစုပေါင်း အမေရိကန်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလျံနဲ့ နှိုင်းယှဉ်ရင် များလှတာ မဟုတ်ပါ။
အခုလို အခွန်တိုက်ပွဲဖြစ်လာတာကြောင့် ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်သလဲ။ လောလောဆယ်တော့ တရုတ်အပါအဝင် နိုင်ငံအတော်များများရဲ့ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် ကျကုန်ပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်လာတာဟာ ကုန်သွယ်ရေးစစ်ပွဲကြောင့်သက်သက်တော့ မဟုတ်ပါ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်လိုက်တာကြောင့်လည်း ပါပါတယ်။ ဒီကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုများတယ်လို့ ပညာရှင်တဦးကတော့ ကောက်ချက်ပေးပါတယ်။ အထက်မှာ ဆိုသလို အခွန်တိုးကောက်တဲ့ ကုန်ပစ္စည်းပမာဏဟာ များလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံတွင်းမှာ စတော့ရှယ်ယာဈေးတွေ ကျပါတယ်။ အမေရိကန်စတော့ဈေးကတော့ အနည်းငယ်တက်တာ တွေ့ရတယ်။

တရုတ်နိုင်ငံဟာ ပို့ကုန်အပေါ်အဓိကမှီခိုပြီး စီးပွားရေးကြီးထွားအောင်လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြည်တွင်းစားသုံးအားကို ချဲ့ထွင်တဲ့နည်းနဲ့ စီးပွားရေးကြီးထွားစေတဲ့နည်းဘက် ပြောင်းလာနေတာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်အပေါ်မှီခိုတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ လျော့ကျလာခဲ့တာ တွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂ဝဝ၆ ခုနှစ်မှာ ပြည်တွင်း စုစုပေါင်းထုတ်ကုန် (GDP) ရဲ့ ၃၅.၅% ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာတော့ ၁၈.၁% ပဲ ရှိတော့တယ်။ တရုတ်နိုင်ငံရဲ့ပြည်ပပို့ကုန် ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်က ၂၂.၆% ရှိပြီး ၂ဝဝ၈-၂ဝ၁၇ ဆယ်စုနှစ်မှာတော့ ၇.၉% ပဲ ရှိတော့တယ်။ အလားတူပဲ အမေရိကန်နိုင်ငံကို တရုတ်နိုင်ငံက တင်ပို့တဲ့ပို့ကုန်ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်တုန်းက ၂၂% ရှိရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာတော့ ၇% ပဲ ရှိတော့တယ်။ ပြည်ပပို့ကုန်ဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို အဓိကမောင်းနှင်နေတဲ့ အင်ဂျင်မဟုတ်တော့ဘူး။ ဒါကြောင့် အခွန်တိုးကောက်တာကြောင့် တရုတ်နိုင်ငံရဲ့ ပို့ကုန်ကျဆင်းမှုဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) အပေါ် သက်ရောက်မှု နည်းပါလိမ့်မယ်။

တရုတ်-အမေရိကန်ကုန်သွယ်မှုကိုကြည့်ရင် အမေရိကန်တင်ပို့ကုန်တွေက အများစု လယ်ယာထွက် ပစ္စည်းတွေနဲ့ အပြီးသတ်ကုန်ချောတွေ ဖြစ်တယ်။ အများစုက အမေရိကန်ကုမ္ပဏီပိုင်တွေ အမေရိကန်ပြည်တွင်းမှာပဲ ထုတ်လုပ်တာတွေ ဖြစ်တယ်။ ရာနှုန်းပြည့်အမေရိကန်ပိုင်လို့ ဆိုနိုင်တယ်။ တရုတ်ပြည်က တင်ပို့ကုန်တွေကျတော့ တခြားနိုင်ငံမျိုးစုံကလာတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တရုတ်ပြည်တွင်းမှာတပ်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေများတယ်။ တရုတ်ပြည်တွင်းရှိ အမေရိကန်ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲတွေရဲ့ထုတ်ကုန်တွေလည်း ပါကြတယ်။ ဥပမာ တရုတ်ပြည်မှာတပ်ဆင်တဲ့ အိုင်ဖုန်းအိတ်စ် (iPhone x) မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေဟာ တောင်ကိုးရီးယား၊ ဂျပန်နဲ့အမေရိကန်အပါ နိုင်ငံအတော်များများက ထုတ်တာတွေဖြစ်တယ်။ (iPhone x) ရဲ့ ထုတ်လုပ်တပ်ဆင်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၇ဝ ဖြစ်တယ်။ အဲဒီတန်ဖိုးရဲ့ ၃-၆% သာ တရုတ်ပြည်နဲ့သက်ဆိုင်တယ်။ (iPhone x) လက်လီရောင်းဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာတပ်ဆင်ပြီး အမေရိကန်နိုင်ငံကို တင်ပို့တာကြောင့် အဲဒီ ၃၇ဝ ဒေါ်လာက တရုတ်ပြည်ပို့ကုန်စာရင်းထဲ ဝင်သွားပေမယ့် တရုတ်နဲ့ဆိုင်တာက အဲဒီတန်ဖိုးရဲ့ ၃ - ၆% ပဲ ဖြစ်တယ်။ (iPhone x) က အခွန်တိုးကောက်တဲ့အထဲတော့ မပါပါဘူး။ ရှင်းပြရာမှာလွယ်ကူလို့ ဥပမာပေးတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တရုတ်ပြည်ပို့ကုန်ဆိုပြီး အခွန်တိုးကောက်တာမှာ တရုတ်နိုင်ငံတနိုင်တည်း ထိခိုက်မှာမဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတွေအပါ အခြားနိုင်ငံအတော်များများကိုပါ ထိလိမ့်မယ်ဆိုတာပါ။

သမ္မတထရမ့်က သံမဏိနဲ့အလူမီနီယမ်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုတာကို အမေရိကန်ပြည်တွင်း က သံမဏိနဲ့အလူမီနီယမ်ထုတ်လုပ်သူတွေက ကြိုဆိုကြပေမယ့် အဲဒီကုန်ကြမ်းကိုသုံးပြီး ထုတ်လုပ်နေတဲ့ အလုပ်ရုံစက်ရုံတွေအတွက်ကတော့ သတင်းဆိုးပဲ ဖြစ်ပါလိမ့်မယ်။ ဥပမာသံမဏိကို ကြည့်ပါ။ သံမဏိကိုသုံးပြီး ကား၊ ရထား၊ လေယာဉ်တွေ ထုတ်လုပ်တယ်။ အဆောက်အအုံတွေ၊ တံတားတွေ တည်ဆောက်ရာမှာလည်း သံမဏိချောင်းကို သုံးရတယ်။ စက်မျိုးစုံ ထုတ်ရာမှာလည်း မပါမဖြစ်ဘူး။ အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းမျိုးစုံမှာ အလုပ်သမား ၆.၅ သန်းရှိတယ်။ သံမဏိထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာတော့ အလုပ်သမား ၁၄ဝ, ဝဝဝ ပဲ ရှိတယ်။ သံမဏိဈေးတက်ပြီဆိုရင် သံမဏိသုံးထုတ်ထားတဲ့ပစ္စည်းတွေလည်း ကျွဲကူးရေပါ တက်ကြမှာဖြစ်တယ်။ သိသာတဲ့ ဥပမာတခုပေးရရင် အမေရိကန်ထုတ် မော်တော်ကားတွေ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါ တပန်းရှုံးတော့မှာ ဖြစ်တယ်။

နေရောင်ခြည်ကနေစွမ်းအင်ထုတ်ပေးတဲ့ ဆိုလာပြားတွေမှာလည်း အလားတူတွေ့ရမှာ ဖြစ်တယ်။ အမေရိကန်မှာ ဆိုလာပြားထုတ်လုပ်မှုမှာ တိုက်ရိုက်လုပ်ကိုင်နေတဲ့အလုပ်သမားဟာ ၂, ဝဝဝ ပဲ ရှိတယ်။ ဒါပေမဲ့ ဆိုလာပြားတပ်ဆင်တာနဲ့ထိန်းသိမ်းရေးအပိုင်းမှာတော့ အလုပ်သမားပေါင်း ၂၆ဈ, ဝဝဝ ရှိတယ်။ အခု အဲဒီလုပ်ငန်းဟာတုံ့ဆိုင်းနေပြီမို့ အဲဒီအလုပ်သမားတွေအတွက်တော့ ရင်လေးစရာပါ။

အခု ထရမ့်က ဒုတိယအကျော့အဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% ကောက်မယ်လို့ ကြေညာလိုက်ပြန်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (US Trade Representative Office) မှာ အမေရိကန်ကုမ္ပဏီတွေနဲ့စက်မှုလုပ်ငန်းအုပ်စုကြီးတွေ ဒါဇင်ပေါင်းများစွာက လာရောက်အစစ်ခံရာမှာ အခွန်တွေ ဆက်တိုးကောက်နေမယ်ဆိုရင် သူတို့အနေနဲ့ မတတ်သာဘဲ ကုန်ဈေးနှုန်းတွေတိုးမြှင့်ရလိမ့်မယ်လို့ ထွက်ဆိုခဲ့ကြတဲ့ကြားက အခုလို ထပ်တိုးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံကလည်း ချက်ချင်းပဲ အခွန်တိုးကောက်မယ့်စာရင်းထုတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံအပြင် တူရကီနဲ့လည်း အမေရိကန်နိုင်ငံသား တရားဟောဆရာကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ဖြစ်တယ်။ အဲဒါကို အကြောင်းပြုပြီး ဒဏ်ခတ်အရေးယူမှု လုပ်နေတာကြောင့် တူရကီနိုင်ငံသုံးငွေကြေးတန်ဖိုး ထိုးကျပြီး အကျပ်ဆိုက်နေတယ်။ ဒီထက်ပိုဆိုးမှာက အီရန်ဖြစ်တယ်။ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်စတဲ့နိုင်ငံတွေနဲ့ အမေရိကန်ပါ သဘောတူ လက်မှတ်ထိုးထားတဲ့ အနုမြူဆိုင်ရာ အီရန်နဲ့သဘောတူစာချုပ်ကနေ အမေရိကန်က နုတ်ထွက်ခဲ့တယ်။ သူ့တနိုင်ငံတည်းသဘောနဲ့ စည်းကမ်းချက်အသစ်တွေ တောင်းဆိုတယ်။ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြေညာထားတယ်။ ဒီပိတ်ဆို့မှုကိုဖောက်ဖျက်ပြီး အီရန်နဲ့ကုန်သွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေကိုပါ အရေးယူမယ်လို့ဆိုထားတာ ဖြစ်တယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်တယ်။
အခု ဖြစ်နေတဲ့ အမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ပွဲက အစပဲ ရှိပါသေးတယ်။ အရပ်ရပ်ကုန်သွယ်မှုပမာဏနဲ့ ယှဉ်ရင်လည်း များလှတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးပိုင်ရှင်နဲ့ ဒုတိယအကြီးဆုံးစီးပွားရေးပိုင်ရှင်တွေအကြားမှာ ဖြစ်နေတာမို့ ဂယက်ကတော့ သေးမှာမဟုတ်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မို့ ဒီ ၂ နိုင်ငံအကြားမှာပဲ ပြီးသွားမှာလည်း မဟုတ်ပါ။

အခုလို အမေရိကန်က အခွန်တိုးကောက်နေတာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆီ တရုတ်နိုင်ငံက တိုင်ကြားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (WTO)လည်း ဒီကိစ္စ ဖြေရှင်းပေးနိုင်မယ် မထင်ပါ။ ဖြေရှင်းချိန်ကလည်း တနှစ်ကျော်ကြာလေ့ရှိပါတယ်။ အခု ကုန်သွယ်ရေးစစ်ကနေ ငွေကြေးစစ်အထိ ဖြစ်သွားမယ်၊ ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲဖြစ်လာမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးသွားမှာ ဖြစ်ပါတယ်။ အခုကိုပဲ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒီကုန်သွယ်ရေးစစ်ပွဲကြောင့် ၂ဝ၂ဝ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားမှု ထိခိုက်ကျဆင်းလိမ့်မယ်လို့ ထုတ်ပြန်လာပါတယ်။ တရုတ်က အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အစောကြီးကတည်းကလုပ်ထားတာဖြစ်တဲ့အတွက် တောင့်ခံနိုင်သော်လည်း တူရကီလို အလယ်အလတ်ဖွံ့ဖြိုးဆဲနိုင်ငံတခုအဖို့ အတော်ဖရိုဖရဲဖြစ်သွားတာ မြင်တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေ ကျွဲနှစ်ကောင်ကြားနိုင်ငံငယ်များက မြေဇာပင်ဖြစ်ကြမှာပါ။
ကြည်ဝင်း

၂ဝဝ၈ အခြေခံဥပဒေရဲ့အထက်ကနေ စစ်တပ်က ထင်သလိုလုပ်နိုင်တယ်

0 comments
(၂ဝဝ၈ အခြေခံဥပဒေရဲ့ အထက်ကနေ စစ်တပ်က ထင်သလိုလုပ်နိုင်တယ် )
အရေးတော်ပုံဂျာနယ်သတင်းနဲ့မှတ်ချက်
တောင်ကြီးက စစ်တပ်ထဲမှာ“လေးလောင်းပြိုင်လူသတ်မှု”ဖြစ်ပွားပါတယ်။ သေဆုံးသူတွေထဲမှာ အပြစ်မဲ့တဲ့ လူမမယ်ကလေးငယ်တစ်ဦး ပါနေတယ်။ ဒီအကြောင်းကို ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြနေကြပါတယ်။ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်စစ်သားကိုစစ်တပ်က စီမံနိုင်တယ်ထားပါဦး။ ကျန်တဲ့ စစ်သားမယားနဲ့ကလေးကတော့ အရပ်သားပဲ။ သူတို့အရေးကိစ္စနဲ့နစ်နာမှုကို အရပ်ဘက်တရားဥပဒေက ကိုင်တွယ်ခွင့်ရှိရမှာပေါ့။ လူသတ်မှုဆိုတာ ရာဇဝတ်ပြစ်မှုကြီးပဲ။

စစ်တပ်က အရပ်သားပြည်သူတွေကို မထင်ရင် မထင်သလို ပစ်ခတ်သတ်ဖြတ်နိုင်တယ်။ စစ်တပ်ထဲမှာ သတ်ဖြတ်မှုဖြစ်ရင်လည်း စစ်တပ်ကသာ ကိုင်တွယ်စီရင်ဆုံးဖြတ်တယ်။ ယုတ်စွအဆုံး လွှတ်တော်ထဲမှာ စစ်ဗိုလ်က ရိုင်းပြဆဲရေးနိုင်ပေမယ့် စစ်တပ်ရဲ့ရက်စက်ရိုင်းပျတဲ့ လူမဆန်မှုတွေကို ဝေဖန်သရုပ်ဖော်ပြသတဲ့ သတင်း၊ သီချင်း၊ သံချပ်၊ ပြဇာတ်၊ကာတွန်း၊ ပါဖောင့်မင့်တွေပါမကျန် လက်ညှိုးထိုးပြီး ကြိုက်သလို အပြစ် ရှာနိုင်ပါတယ်။ အမှုလုပ်တရားစွဲပါတယ်။ အဲဒါတွေဟာ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ရဲ့ ပကတိသရုပ်မှန်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ဘယ်သူ့အတွက် ဒီမိုကရေစီရှိသလဲဆိုတာကို အထင်အရှား ဖော်ပြနေပါတယ်။

“အာ” ချောင်မိတဲ့ ဗိုလ်အောင်မင်းဆိုလည်း ကြည့်ပေါ့။ စာရေးပြီး ရှိခိုးတောင်းပန်ရတယ်။ 7day ဂျာနယ်။ ဗိုလ်ရွှေမန်းတို့လည်း ရွှေပေလွှာအရေးကောင်းလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးတို့၊ မြဝတီသတင်းစာတို့ကနေ အထုတ်ဖြေပြတာခံရတာပဲ မဟုတ်လား။ စစ်အုပ်စုက သူတို့ကို ချိုကိုင်တာ အမြီးနင်းတာ စသဖြင့် ထိပါးလာပြီဆိုရင် စိမ်းကျက်နီးဝေး မရွေးဘူး။ အာဃာတကြီးတယ်။

ဒီတော့ အနေအထားက “စစ်” ဆိုတာပါနေရင်၊ “စစ်”နဲ့ ဆက်စပ်ပတ်သက်နေရင် ဘယ်သူမှ တို့လို့၊ ထိလို့ မရဘူး။ ပြောင်းပြန် အားဖြင့် စစ်အုပ်စုကတော့ စစ်တပ်ကို ချုပ်ကိုင်ထားနိုင်တဲ့အောက်မှာ ဘာကိုမဆို၊ ဘယ်နေရာဘယ်ဒေသကိုမဆို စိတ်ကြိုက်လုပ်ပိုင်ခွင့်တွေ အပြည့်အဝရှိနေတယ်။
တခြားဝေးဝေးမကြည့်ပါနဲ့ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အလိုရှိနေတဲ့ ကွင်းဆက် တရားခံတစ်ဦးဖြစ်တဲ့ DSA အပတ်စဉ် ၃၆ ဆင်း ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုရင် အခုထိ ဝရမ်းပြေးနေတုန်း ဘယ်မှာမှရှာလို့ မတွေ့နိုင်ဘူးဖြစ်နေတယ်။

အဲဒီလို စစ်တပ်နဲ့ပတ်သက်လာရင် မျက်စောင်းထိုးလို့တောင် မရနိုင်တဲ့ အနေအထားဆိုတော့ စစ်တပ်ဆိုတာ ဝရမ်းပြေးတွေ၊ ဒုစရိုက်ကောင်တွေအတွက် “စစ်မှန်သော ပုန်းခိုရာ” ဖြစ်နေပြီလား။
တကယ့်လက်တွေ့မှာလည်း စစ်တပ်ဟာ အရပ်ဘက်အုပ်ချုပ်ရေးက ဘယ်လိုမှ လက်လှမ်းမမီတဲ့နေရာ၊ ထိန်းချုပ်လို့မရတဲ့ နေရာလည်းဖြစ်နေပါတယ်။ ဒီလိုဖြစ်အောင် စစ်အုပ်စုက“၂ဝဝ၈အခြေခံဥပဒေ”ကို စိတ်ကြိုက်ရေးဆွဲပြီး လုပ်ပိုင်ခွင့်အာဏာတွေ အပိုင်စားရယူထားတာပဲ မဟုတ်ပါလား။ [ ၂ဝဝ၈ အခြေခံ ဥပဒေ၊ ပုဒ်မ ၂၀ (ခ)၊ ပုဒ်မ၂၉၁၊ ပုဒ်မ ၂၉၃ (ခ)၊ ပုဒ်မ ၃၁၉၊ ပုဒ်မ ၃၄၃ (က) (ခ) တို့ကို ကြည့်ပါ ]

တကယ်တော့ “စစ်ဘက်တရားရုံးနဲ့ စစ်ဘက်တရားစီရင်မှု” ဆိုတာ အများပြည်သူမသိအောင် အကျဉ်းနည်းနဲ့ နှုတ်ပိတ်ပစ်တာမျိုးပဲဖြစ်တယ်။ တကယ်တော့ စစ်ဗိုလ်စစ်သားဟာ ကျန်အခြားပြည်သူတွေထက် ပိုပြီး မြင့်မြတ်နေသယောင်ယောင် ရေးသားပြောဆိုနေတာတွေဟာ “ဂျာမန်လူမျိုးသာ အမြင့်မြတ်ဆုံး”၊ “ငါတို့ဂျပန်တွေဟာ နေနတ်မျိုးနွယ်က ဆင်းသက်လာတယ်” ဆိုတဲ့ ဖက်ဆစ်ဝါဒလို ဖက်ဆစ်ဝါဒအမျိုးအစား တမျိုးသာဖြစ်တယ်။ စစ်ဘုရင်ဝါဒသာဖြစ်တယ်။ ပြည်သူနဲ့စစ်သားကို သွေးထိုးရန်တိုက်ပေးမှုသာဖြစ်တယ်။

တချိန်တခါကဆိုရင် ဓားမြတွေ၊ ဝရမ်းပြေးတွေဟာ သူတို့နောက်က လိုက်နေတဲ့ ရဲတို့၊ စုံထောက် တို့ကို မျက်ခြည်ဖြတ်ချင်တဲ့အခါ ကတုံးရိတ်၊သင်္ကန်းဆီးပြီး ကိုယ်ရောင်ဖျောက်တတ်ကြတယ် မဟုတ်လား။
အခုခေတ်ကပြောင်းသွားပြီဆိုတော့ မူးယစ်ဆေးမှု၊ လူသတ်မှုတို့ ကျူးလွန်ပြီး၊ လက်စလက်နဖျောက်ချင်ရင် စစ်တပ်ထဲ ဝင်ခို နေလိုက်တာက ကတုံးရိတ် သင်္ကန်းဆီးတာထက် ပိုပြီးလုံခြုံဘေးကင်းပုံရတယ်။

ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက (အပြင်လူရဲ့ဘားမားရုဒ် အမှတ် ၆)

0 comments
ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက
ပြည်သူ့အမြင်စာစောင်၏တာဝန်ခံ ဆရာရွှေပြည်စိုးက ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ တခုခုရေးပါလားဟု တိုက်တွန်းတော့ ကျနော့်စိတ်က စာရေးဆရာ၊ ကျူရှင်ဆရာ ဘိုင်အိုမင်းသစ်ဆီရောက်သွား၏။
၁၉၈၈ ခုနှစ်လူထုအုံကြွမှုနှောင်းပိုင်းကာလတွင် စင်ပေါ်သို့ လူအတော်များများ တက်လာကြ၏။ ကိုယ်သန်ရာသန်ရာထောင့်များမှနေ၍ လူထုအား စည်းရုံးသိမ်းသွင်းလှုံဆော်ခဲ့ကြ၏။ သို့နှင့် ကျနော်တို့လည်း ထိုသူများအနက် သင့်ရာတော်ရာသူများအားဖိတ်ကြားကာ တရားပွဲများလုပ်ဖြစ်၏။
တကြိမ်တွင် အခြားသူများနှင့်အတူ ဆရာဘိုင်အိုမင်းသစ်လည်းပါ၏။ တယောက်ပြီးတယောက် ဟောကြပြောကြရင်း သူ့အလှည့်ရောက်တော့ သူက သူပရိသတ်သည် လူကြီးများမဟုတ်သဖြင့် မူလတန်းအလယ်တန်း ကလေးများအား ရှေ့ဆုံးတွင်နေရာယူခိုင်း၏။ ထို့ နောက် တရားဟောမည် မဟုတ်ပဲ သူနှင့်ကလေးများ အမေးအဖြေသာလုပ်မည်ဖြစ်ပြီး လူကြီးများ ကိုယ့်နေရာကိုယ်နေကာ သူတို့ကိစ္စတွင် ဝင်မပါပါနှင့်ဟုဆို၏။
စစခြင်း သူက သားတို့သမီးတို့ရေ ဗိုလ်မင်းရောင် ခေါ် ဗိုလ်လရောင်ကို သိကြသလား”ဟု မေး၏။ ကလေးများက “သိပါတယ် သိပါတယ်”ဟု ဆိုတော့ “သိရင် ဘယ်သူလဲ”ဟု ထပ်မေး၏။ ကလေးတို့က “ဗိုလ်ချုပ်အောင်းဆန်းရဲ့အဖိုးပါ”ဟု အုံးအုံးကြွက်ကြွက် ပြန်ဖြေ၏။ “ဒါဆိုရင် “ဦးဖာနဲ့ဒေါ်စုကိုရော”ဟုဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖေနဲ့အမေပါ”ဟု သံပြိုင်ဖြေပြန်၏။ “ဒါဖြင့် နောက်ဆုံးတခု မေးမယ်”ဟုဆိုပြီး“ဒေါ်အောင်ဆန်းစုကြည်ကိုရော”ဟု ထပ်မေးပြန်၏။ ကလေးတို့ကလည်း သိကြောင်းပြောပြန်၏။ “သိရင်ပြော ဘယ်သူလဲ” ဟု ဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းသမီးပါ”ဟု သံပြိုင်ပြန်ဖြေ၏။ “မင်းတို့ကလည်း အကုန်သိနေတော့တာပါပဲလား”ဟုဆိုကာ နဖူးကို လက်ဖြင့်ရိုက်ဟန်ပြကာ“ကဲ ဒီလောက်တောင် သိတဲ့ကောင်တွေ” ဆိုပြီး“ဦးနေဝင်းကိုရောသိကြလား”ဟု အသံမြှင့်ပြီးမေး၏။
ကလေးတို့ကလည်း အားကျမခံအသံကုန်အော်ပြီး “သိပါတယ် သိပါတယ်” “ပါတီဥက္ကဋ္ဌကြီးပါ၊ ပါတီဥက္ကဋ္ဌကြီးပါ”ဟု ဖြေပြန်၏။ “ဟာ သိပြန်ပြီ။ ကဲ ဒါဆိုပြောကြစမ်း အဲဒီ ဥက္ကဋ္ဌကြီးရဲ့အဖေနဲ့အမေ နံမည်တွေ”ဟုလည်း ဆိုလိုက်ရော ကလေးတို့ဆီက ဘာသံမှထွက်မလာတော့။ အားလုံး တိတ်ပြီးငြိမ်ကျသွား၏။ သည်တော့မှ သူက “အဲဒါပဲ လူကြီးတွေပြောတဲ့ လူမှာအမျိုးကြက်မှာအရိုးဆိုတာ”ဟုဆိုကာ ပိတ်ချလိုက်တော့၏။ ကလေးပရိသတ်က ကြောင်နေဆဲ၊ လူကြီးပရိသတ်ထံမှ လက်ခုတ်သံတွေတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံတွေတရွှီရွှီ၊ ပရိသတ်ကား ပတ်တုတ်လို့မရတော့။
လောကတွင် လူတို့ မွေး၏။ နေ၏။ သေ၏။ ဘာမှမဆန်း။ သို့သော် လူတဦးခြင်းစီအလိုက် အမွေး၊ အနေ၊ အသေတွင်မူ ယုတ်ခြင်းနှင့်မြတ်ခြင်း ရှိ၏။ လူတို့က လူတဦးချင်းစီ၏တန်ဖိုးဆိုသည်ကိုလည်း ထို အယုတ်အမြတ်ဆိုသည့်နှုန်းစံတို့ဖြင့် ချင့်တွက်ကြ၏။ လူတို့အတွက် မဆန်းသောကိစ္စသည် လူတဦးချင်းစီအတွက်မူ ထူး၏။
မမွေးခင်ကပင် သန္ဓေမြတ်နှင့်သူ၊ မွေးမွေးခြင်း လောကကောင်းချီးရသူတို့အကြောင်း ဘာသာရေးကျမ်းစာများ၌သာမက သူမြတ်တို့အကြောင်း စာပေများတွင်ပါတွေ့ရ၏။ ထို သူကောင်းသူမြတ်တို့၏ မွေးခြင်းနှင့်နေခြင်းအတွက် လောကဝမ်းမြောက်ရသလို၊ ထိုသူတို့ဆုံးပါးခြင်း၌ လောက နာကျင်ရ၏။ ထိုသူတို့နေခြင်းအား ကမ္ဘာမြေသည် အမွန်မြတ် အထွဋ်တပ်သလောက် ထိုသူတို့သေခြင်းအား သင်္ခါရတို့၊ အနိစ္စတို့နှင့် နှလုံးသွင်းသည့်တိုင် စုပ်တသပ်သပ် ဖြစ်ရ၏။ “အသေစောလိုက်တာ” ဆိုသည့်မြည်တမ်းသံသည် ထိုသူတို့အားအကြောင်းပြုခြင်း ဖြစ်တန်ရာ၏။
မမွေးခင်ကပင် သန္ဓေယုတ်နှင့်သူ၊ မိခင်ဝမ်းရည်စပ်ရသူတို့အကြောင်းလည်း လောကီနှင့် လောကုတ္တရာစာပေတို့တွင်တွေ့ရ၏။ ထိုသူတို့ မွေးဖွားလာခြင်းအတွက် လောကနာကျင်ရသလို ထိုသူတို့သေဆုံးခြင်း၌ ပီတိဖြစ်စရာမဟုတ်သည့်တိုင် ဝမ်းမြောက်ရသည်လည်းရှိ၏။ “သက်ဆိုး တော်တော်ရှည်ခဲ့တာ”ဆိုသည့် ငြီးတွားသံသည် ထိုသူတို့အား အကြောင်းခံခြင်းဖြစ်တန်ရာ၏။
ကျနော်တို့သည် “အသေစောလိုက်တာ” ဟု ဆိုရလောက်အောင် ကြီးမြတ်သူတို့နှင့် ထိုက်တန်သူများဖြစ်သလို၊ “သက်ဆိုးရှည်”များနှင့်လည်း အောင့်အည်း နေနေရ၏။ ကျနော်တို့တွင် ကနောင်မင်းသားကြီးကို ရခဲ့ဖူး၏။ တန်ဖိုးထားရမှန်းမသိသူတို့လက်ချက်ဖြင့် သူရော သူ့နိုင်ငံပါ ဆုံးရှုံးခဲ့ဖူး၏။
ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်း မသိသူတို့လက်ချက်ဖြင့် သူရော သူ့တိုင်းပြည်ပါနစ်နာရ၏။
ကျနော်တို့တွင် ယခုခေါင်းဆောင်တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ်တတွက်တွင် ထိုခေါင်းဆောင်၏အသက်တာသည် ရေပွက်ပမာဖြစ်မသွားဟု မည်သူမှမဆိုနိုင်ကြ။ ထိုခေါင်းဆောင်သည်
အကောင်းကိုသာ ဆောင်ကျဉ်းလာလိမ့်မည်ဟုလည်း ယုံမှတ်ရတန်ရာ၏။
သောကဖြင့် အကောင်းကိုမျှော်ကြည့်ရခြင်းသည်လည်း ပူလောင်၏။
ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲဖြစ်ရ၏။
အပူကင်းကင်းအကောင်းမြင်မြင် ဧကစိတ်ချင့်ချင့်ရဲရဲဖြင့်ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာဆိုချင်၏။
မျိုးမြင့်ချို ၂ဝ၁၁ ဇွန်

Wednesday, August 29, 2018

ကျနော်နဲ့ဘားမားရုဒ်(အပြင်လူရဲ့ဘားမားရုဒ် ၅)

0 comments
ကျနော်နဲ့ဘားမားရုဒ်
သိတ်မကြာသေးခင်က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနမှ အဆင့်မြင့်ပုဂ္ဂိုလ်တဦး ဗမာပြည်ခရီးစဉ်သွားခဲ့၏။ ဦးသိန်းစိန်အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြကြောင်း သတင်းများတွင်တွေ့လိုက်ရသည်။ ဦးသိန်းစိန်အစိုးရဘက်မှ “အမေရိကန် အစိုးရအနေဖြင့် သူတို့နှင့်ဆက်ဆံရေးကောင်းလိုလျှင် တိုင်းပြည်အမည်ကို Burma ဟု ခေါ်နေခြင်းအစား Myanmar ဟု
ပြောင်းခေါ်ရန်လိုကြောင်း”တောင်းဆိုခဲ့သည်ဟုလည်း သတင်းများတွင်ပါ၏။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတိုင်းလိုလိုက တိုင်းပြည်အမည်အား သူတို့ ခေါ်စေချင်၍ပြောင်းသည့်အတိုင်း မြန်မာဟုခေါ်နေချိန်တွင် အမေရိကန်က ဗမာပြည်ဟုသုံးစွဲနေခြင်းအား သူတို့ နှစ်မြို့ဟန်မရှိ။ ယင်းတို့ အာဏာလက်လွှဲယူလိုက်ပြီးကတည်းက လူထုလိုချင်သည့်၊ နိုင်ငံ၏ လက်ငင်းလိုအပ်ချက်ဖြစ်သည့်၊ သမိုင်း၏တောင်းဆိုမှုဖြစ်သည့် နိုင်ငံရေးအနှစ်သာရမှတပါး အရာရာကိုပြောင်း၏။ တိုင်းပြည်အမည်မှ အစ ကြိုးကြီးချိတ်အဆုံးဖြစ်၏။ ဤတွင် ကျနော့်ခေါင်းထဲ Burma Road က ဝင်လာ၏။
တနေ့ Bowen Center မှာ ဗမာ့ယဉ်ကျေးမှုအကြောင်း ဟောပြောပွဲလေးတခုလုပ်၏။ Terry Noon ဆိုသည့် အမေရိကန်မိတ်ဆွေက အဖေါ်လိုက်ပြီး နည်းနည်းပြောပါဆိုသဖြင့် အတူပါသွား၏။ ဟောပြောပွဲကအပြန် လမ်းပေါ်ရောက်တော့ သူက ဒီနားလေးမှာ Burma Road ဆိုတဲ့အမည်နဲ့ လမ်းလေးတလမ်းရှိတာသိလားဟု မေးလာ၏။ ကျနော်က သိကြောင်း၊ လာကြည့်မည်ဟု စိတ်ကူးသာရှိပြီးတခေါက်မှ
မရောက်သေးကြောင်းပြန်ပြောဖြစ်ရာ သူက ဒါဆိုအတော်ပဲ၊ သွားကြည့်တာပေါ့ဆိုသဖြင့် ရောက်ခဲ့၏။ အဲဒါပဲ Burma Road ဟုဆိုသည့်
သူ့အသံကြောင့် ကားအပြင်ကိုကြည့်လိုက်မိ၏။ ကင်မရာ ပါမလာသည့်အတူတူ ကားပေါ်မှလှမ်းကြည့်ပြီး ပြန်ရုံသက်သက်။
နောက်တခေါက် အမေရိကန်မိတ်ဆွေတယောက်နှင့် ရောက်ဖြစ်ပြန်၏။ သူက ဗမာ့နိုင်ငံရေးအခင်းအကျင်းကို အထိုက်အလျှောက် တီးမိခေါက်မိ ရှိရုံမက၊ ဖို့ဝိန်းရောက် မြန်မာပြည်သားဒုက္ခသည်များအရေးကိုလည်း တော်တော်လေးစိတ်ဝင်စားသူဖြစ်၏။ မြန်မာပြည်သားများနှင့်ဆိုင်သည့်၊ ကျင်းပသည့်ပွဲတိုင်းလိုလို လာတတ်သလို မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံများရိုက်ပြီး သူ့ဝက်ဘ်ဆိုက်မှာ တခမ်းတနားလည်းတင်၏။ ဖို့ဝိန်းမြို့မှာ HBO က Burma Soldier ကားကို အကြိုမိတ်ဆက်ပွဲ ပြမည်ဆိုစဉ်ကလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်၏။
သို့နှင့် သူ့အား “မင်း အချိန်ရတဲ့အခါ ငါ့ကိုဓာတ်ပုံရိုက်ပေးပါလား”ဟု အကူအညီတောင်းဖြစ်၏။ သူက လိုလိုလားလားနှင့် ရိုက်ပေးမည် ပြောရုံမက နောက်ခံသမိုင်းလေးပါ ရှာဖွေမေးမြန်းပေးမည်ဆို၏။ တနေ့ စီဒီကူးထားသည့်ဓာတ်ပုံများလာပေးရင်း သူ စုံစမ်းလို့ရသမျှ Burma Road နောက်ခံအကြောင်းလေးများပါ ပြောပြခဲ့၏။ သို့နှင့် သည်ဆောင်းပါးရေးဖြစ်သွား၏။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် Goshen အမည်ဖြင့် အမှတ် ၃၃ ပြည်နယ်တွင်း အမြန်လမ်းမကြီးတခုရှိ၏။ Burma Road က Goshen ပေါ်တွင်ရှိပြီးစက်ရုံအလုပ်များ ပတ်လည်ဝိုင်းထား၏။ မလှမ်းမကမ်းတွင် Showgirls ဆိုသည့် မိန်းမလှနှင့်ယမကာ မြည်းသည့်ဆိုင်၊ အမိုးနီ Red Inn ဆိုသည့်စားပွဲရုံ၊ အငှားဂိုဒေါင်များ၊ လူနေရပ်ကွက်များ၊ အခန်းတွဲအိမ်ယာများနှင့် စည်စည်ကားကား။
Goshes ကနေ ညာဘက်ချိုးလိုက်လျှင် Burma road။ သည်လမ်းလေးအတိုင်း ဆက်လျှောက်သွားက လမ်းမဆုံးခင် နောက်ထပ်ဘယ်ဘက် ချိုးဝင်သွားသည့် Tierney ဆိုသည့် လမ်းသွယ်လေးတခုရှိသေး၏။ ၁၉၄၃ ခုနှစ်တွင် Burma Road ဆိုသည့်အမည်ဖြင့် သည်လမ်းလေးကို နာမည်ပေးကင်ပွန်းတပ် ဆိုင်းဘုတ်တင်ခဲ့ချိန်က သည်လမ်းတွင် လူနေအိမ်တလုံးမှမရှိသေး။ ၁၉၄၄ ခုနှစ်ရောက်တော့မှ ပထမဆုံးအိမ်ကို စဆောက်ခြင်းဖြစ်၏။ ကျနော်ရောက်ချိန်တွင် တရပ်ကွက်လုံး အိမ်အပြည့်။ အိမ်လေးတွေက သပ်သပ်ရပ်ရပ် သန့်သန့် ပြန့် ပြန့် လေးတွေမို့  နေချင်စရာလိုဖြစ်နေ၏။ ဤရပ်ကွက်တွင် ဗမာပြည်သားမိသားစု မည်မျှနေထိုင်ကြသနည်းကိုတော့မသိ။
နောက်တခုက ဒီနေရာမှာ ဒီလမ်းလေးကို ဘာကြောင့် ဒီနံမည်ပေးခဲ့ရသလဲ။ ဘယ်သူ့စိတ်ကူးလဲ။ ထိုစိတ်ကူး ဘယ်လိုရခဲ့သလဲ။ ဖို့ဝိန်းနေ ဗမာပြည်သားတွေကရော သည်လမ်းကို Burma Road လို့ပဲ ဆက်တွင်နေစေချင်သလား။ Myanmar Road ဟု အမည်ပြောင်းစေချင်သူတွေရော မရှိနိုင်ဘူးလား။ ရှိမည်ဆိုလျှင်ရော ဘယ်နှရာခိုင်နှုန်းလောက် ရှိနေမလဲ။ အကယ်၍ Myanmar Road အဖြစ်ပြောင်းပေးပါဟုဆိုလျှင်ရော သက်ဆိုင်ရာက ပြောင်းပေးလေမလား။ ကျနော်သိချင်တာတွေရော တွေးချင်တာတွေပါ တွေးနေမိ၏။
ဖို့ဝိန်းက အင်ဒီယားနားပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စီးတီးလိမစ်အတွင်းလူဦးရေ (၂)သိန်းခွဲ ဝန်းကျင်ခန့် ရှိ၏။ လူမျိုးစုံ၊ ဘာသာစုံ၊ စကားစုံသည့်မြို့ကလေး၊ လူဝင်မှုအနေအထားမျိုးစုံနှင့်ရောက်လာသည့် မြန်မာနိုင်ငံသား(၇)ထောင်ဝန်းကျင်ခန့် တစုတဝေး နေထိုင်ရာအရပ်။ တောမြို့လေးဖြစ်သည့်အလျှောက် နားအေးပါးအေးနှင့် တိတ်တိတ်ဆိတ်ဆိတ်။ ဗမာစာ၊ ဗမာဆေး၊ ဗမာပစ္စည်း၊ ဗမာဆိုင်များနှင့် ဗမာနံ့သင်းပြီး ဗမာပြည်အလွမ်း ဖျောက်ကောင်းသည့်အရပ်။
ကျနော်က ဗမာဗမာဆိုပြီးထပ်တလဲလဲသုံးသဖြင့် မြန်မာဟုသုံးရသည်ကို ခံတွင်းလိုက်သူများအဖို့ နားခါးစရာဖြစ်နိုင်၏။ ဤနေရာတွင် ဗမာနှင့်မြန်မာကိစ္စကို ပြောလိုရင်းမဟုတ်သော်လည်း ချက်မြုတ်မြေကို ဗမာပြည်ဟုပြောရခြင်းတွင် နှုတ်မြိန်သလို တယောက်ယောက်က ဗမာပြည်ဟုဆိုသံကြားလိုက်သည်လျှင်လည်း ကျနော်အဖို့ နားဝင်ချို၏။
နံမည်ဆိုသည်မှာ ပြောင်း၍ရ၏။ ပြောင်းလည်းပြောင်းကြ၏။ သို့သော် လူတယောက်နံမည်ပြောင်းခြင်းနှင့် တိုင်းပြည်တပြည်၏အမည်ကို ပြောင်းခြင်းကမူ ခြားနား၏။ မတူ။ လူနံမည်ပြောင်းခြင်းက ကာယကံရှင်၏ရွေးချယ်ဆုံးဖြတ်မှုဖြစ်ပြီး၊ လူထုနှင့် သမိုင်းနှင့်ဆိုင်သည့်အရာကို အမည်ပြောင်းခြင်းကား ထိုသို့မဟုတ်တော့။ လူထုသဘောထား ပါရလိမ့်မည်။ ငါ့မြင်းငါစိုင်းထင်တိုင်းကြဲပါမူ တိုင်းပြည်နှင့်လူထုအပေါ် နိုင့်ထက်စီးနင်းလုပ်ဆောင်ခြင်း ဖြစ်၏။
လူတဦးနံမည်ပြောင်းလိုက်ရုံဖြင့် သူ့ပင်ကိုယ်စရိုက်ဖျောက်မရသလို တိုင်းပြည့်အမည်ပြောင်းလိုက်ရုံဖြင့်လည်း လူမျိုး၏ဇာတိပုညဂုဏ်မာန ပျောက်မသွား။
ထို့ အတူ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ စသည်တို့လည်း သမိုင်းတည်သရွေ့ရှိနေရမည့် အမည်များသာဖြစ်နေ၏။ ထင်တိုင်း ပြောင်းလို့မရ။ လူထုသဘောထားအမြင်ပေါ် အခြေခံကို ခံရမည်၊ အမည်ပြောင်းလိုက်ပြီးစေဦး သမိုင်းကိစ္စပြောလျှင် သမိုင်းစကားဆိုလျှင် မူရင်းအတိုင်း ဖော်ပြသုံးစွဲရလိမ့်မည်။
ပြည်သူလူထုကို သမိုင်းနှင့်မျက်ခြေဖြတ်လိုခြင်း၊ လူထုနှင့်သမိုင်းအဆက်အစပ်ကို လက်စဖျောက်လိုခြင်းသည် ကောင်းသည့်ရည်ရွယ်ချက်မဟုတ်။ မယဉ်ကျေးသေးသော၊ သမိုင်းတန်ဘိုးဆိုသည်ကိုနားလည်လောက်သည့်အသိဉာဏ် မရှိသည့်သေးသော သဘောလက္ခဏာဖြစ်၏။
ကျနော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သမိုင်းနှင့်အတူသမိုင်းဝင်ခဲ့ သမိုင်းတွင်ခဲ့သည့်အမည်များသည် သမိုင်းနှင့်ရှင်သန်နေရမည် ဖြစ်၏။ အတွေးအခေါ်၊ နိုင်ငံရေး၊ သမိုင်းစသည်များနှင့်ဆိုလျှင် အစွဲအလမ်းကြီးခြင်းနှင့် အညှာလွယ်လွန်းခြင်းတို့သည် ကိစ္စကောင်းမဟုတ်ဟု ထင်၏။ သို့သော် ယုံကြည်ချက်အပေါ်ခိုင်မာခြင်းနှင့် အစွဲအလမ်းကြီးခြင်းသည် ကိစ္စတခုစီဖြစ်၏။ တွေဝေခြင်းနှင့် တည်ငြိမ်ခြင်း၊ ပျော့ညံ့ခြင်းနှင့် ပျော့ပျောင်းခြင်း၊ ခိုင်မာခြင်းနှင့်တင်းမာခြင်းတို့သည် တခါတရံတွင် ဝေခွဲရခက်၏။ ကျနော်တို့သည် အစွဲကြီးရန်မလိုသော်လည်း သမိုင်းဆိုင်ရာတန်ဖိုးကိုမူ သမိုင်းအမြင်နှင့်ကြည့်၍ သမိုင်းအဖြစ် တန်ဖိုး ထားကိုထားတတ်ရမည်ဖြစ်၏၊
ယခု ဗမာပြည်တွင် အပြောင်းအလဲများဖြစ်နေပြီဟု ဆိုသူတို့လည်းရှိ၏။ ထိုအထဲတွင် ဗမာကနေ မြန်မာလည်း ပါပါသည်။ အပြောင်း အလဲဟုဆိုရာ၌ ဗမာကနေ မြန်မာဟုပြောင်းပြောင်း၊ မြန်မာကနေ နောက်တခုခုကိုထပ်ပြောင်းပြောင်း နိုင်ငံရေးအနှစ်သာရမပြောင်းလျှင် ဘာမှမပြောင်း။ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်နှင့် သမိုင်း၏တောင်းဆိုမှုသည် အနှစ်သာရပြောင်းရေးဖြစ်၏။ ဘာမှမပြောင်းခြင်းတွင် ဘာ အပြောင်းအလဲမှ မရှိခြင်းသည်မဆန်း။
ထို့ ကြောင့် ပြောင်းရန်လို၏။ သို့သော် နံမည်မဟုတ်။
မျိုးမြင့်ချို ဇွန်၊ ၃၊ ၂ဝ၁၁

အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့် (အပြင်လူရဲ့ဘားမားရုဒ်နံပတ် ၄ )

0 comments
အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်

အင်္ဂလန်က မြန်မာ့အရေးဆောင်ရွက်နေသူ(အသက်မွေးနေသူ)ဓာတ်ပုံဆရာ James Mackay က တရက်တွင် ကျနော့်ဆီ အီးမေးလ်ပို့ပြီး ဆက်သွယ်လာ၏။ သူက နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဓာတ်ပုံကမ်ပိန်းတခုလုပ်နေသည်။ မကြာခင် အမေရိကန်က ဖို့ဝိန်းမြို့ကို လာမည်။ ဒီက နိုင်ကျဉ်းဟောင်းတွေနှင့် တွေ့ချင်သည်။ မိမိလွတ်စေ့ချင်သူ နိုင်ကျဉ်းတဦးဦး၏အမည်ကို လက်ဖဝါးတွင်ရေးပြီး ဓာတ်ပုံရိုက်ယူမည်။ ပြီးလျှင် ထိုပုံတွေကိုစုပြီး ဓာတ်ပုံပြပွဲလုပ်မည်။ ပြီးလျှင် စာအုပ်ထုတ်မည်။ စီစဉ်ပေးနိုင်ပါသလားဟုမေး၏။ ကျနော်က အတတ်နိုင်ဆုံး အဆင်ပြေအောင်ကူညီမည်။ လာသာလာခဲ့ပါဟု အကြောင်းပြန်လိုက်၏။ ထို့နောက် ကျနော်လည်း ဒီမှာရှိသည့် လက်လှမ်းမီသမျှ နိုင်ကျဉ်းဟောင်းတွေကို အသိပေး၏။ ဖိတ်ခေါ်၏။ တချို့ပါကြသလို တချို့လည်း မပါ။ သူ့အကြောင်းနှင့်သူ ရှိကြလိမ့်မည်။ နောက်တော့ သူရောက်လာ၏။
လက်ဖဝါးပေါ်တွင် မိမိလွတ်စေ့ချင်သူတဦး၏နံမည်ရေးပါဆိုတော့ စိတ်မွန်းကျပ်ရတော့သည်။ ဖြစ်နိုင်လျှင် ထောင်ထဲက နိုင်ကျဉ်းအားလုံး၏ အမည်ကို ရေးချလိုက်ချင်၏။ သို့သော်မဖြစ်။ သူ့ကမ်ပိန်းက သူ့အစီအစဉ်သာဖြစ်သည်။ သူမလာခင်ကတည်းက လူဆယ်ဦးအမည်ကို ရွေးထုတ်ထားခဲ့၏။ ထိုသူတွေထဲမှ တဦးဦးကိုကျနော်ရွေးမည်။ သူများရွေးပြီးသူကို ထပ်ယူခွင့်မရှိဆိုတော့ ထိုဆယ်ဦးတွင် အနည်းဆုံး တဦးတော့ သူများ မရွေးရသေးသူ ဖြစ်ပါစေဟု ဆန္ဒဖြစ်မိ၏။ သူ့စာရင်းတွေထဲက မိမိတေးထားသူတွေကို လိုက်ရှာ၏။ တယောက်ကြည့်လည်း ရွေးပြီးသား။ နောက်တယောက်လည်း ရွေးပြီးသား။ ဒီလိုနှင့် ကျနော့်ဆယ်ဦးက ကုန်လုကုန်ခင်မှာပဲ တယောက်ကို သွားတွေ့သည်။ ဘယ်သူမှ မရွေးရသေး။ သို့နှင့် ကျနော်သူ့ကို ရွေးလိုက်၏။ ကျနော့်လက်ဖဝါးတွင် သူ့နံမည်ကိုတင်ပြီး ဓာတ်ပုံရိုက်က်၏။ သူက ဦးနေမင်း(ခေါ်)ဦးဝင်းရွှေ။
နိုင်ကျဉ်းတွေလွှတ်ပေးမည်ဟု အသံထွက်လာကတည်းက လွတ်လာလေမလားဟု စိတ်မောမောနှင့်မျှော်မိသူများထဲတွင် ကိုစိုးမြင့်(ဆရာစိုး) နှင့် ဦးနေမင်း ထိပ်ဆုံးကပါခဲ့၏။ ဆရာစိုးကိုမျှော်မိသည်က တဘဝလုံးတွင် ထောင်ထဲကုန်ရသည့်အချိန်က ပိုများသူဖြစ်နေ၍။ ဦးနေမင်းကို မျှော်မိသည်က ငါနံမည်ရွေးထားသူမို့ဆိုသည့် စိတ်အခံကြောင့်ဖြစ်သည်ကိုလည်း မိမိဘာသာသိနေ၏။ ဆရာစိုးနှင့်ကျနော်က သာယာဝတီတွင် တခန်းတည်း ၅ နှစ်ခန့်အတူနေခဲ့သူမို့ လက်ပွန်းတတီးရှိသော်လည်း ဦးနေမင်းအကြောင်းတော့ များများစားစားမသိ။ သို့သော် ထောင်တွင်း မတရားမှုများစွာအနက်မှတခုတွင် သူနှင့်ကျနော် အတူတိုက်ခဲ့ကြဖူးသဖြင့် စိတ်အမှတ်တွင် ထင်းနေသူဖြစ်၏။ သူကား ၁၉၈၈ အစမှအဆုံးတိုင် ပြည်ပမီဒီယာများနှင့်ဆက်သွယ်ပြီး ပြည်တွင်းအခြေအနေကို ဖော်ထုတ်တင်ပြသတင်းမျှခဲ့သူ၊ တချို့က သူ့ကို ခရစ္စတိုဖာဂါးနက်ဟုခေါ်၏။ လူပုံက ပုပြတ်ပြတ် သေးသေးညှက်ညှက်၊ ယုံကြည်ရာတွင် ပြတ်ပြတ်သားသားရှိသူ၊ စကားပြောလျှင် ဌာန်နှင့်မာန်နှင့်ပြောတတ်သူ၊ အပြုံးပိုတွေနှင့် လူမှုရေးကောင်းပြသူတော့ မဟုတ်။
သူနှင့်အတူလုပ်ခဲ့သည့်ကိစ္စကိုရေးမည်ဟု စိတ်တွင်ရှိနေသော်လည်း မရေးဖြစ်ခဲ့။ သူက ထောင်ထဲမှာမို့  သူ့ကိုထောက်ထားရ၏။ ခုတော့ ချရေးဖြစ်၏။ ဘယ်တော့ပြန်အဖမ်းခံရဦးမည်မဆိုနိုင်သော်လည်း ယခု သူ နောက်တကြိမ် လွတ်လာပြန်ပြီ။ ဒါကတချက်။ နောက်တချက်က လွန်ခဲ့သည့် အနှစ် ၂ဝ ကျော် က ထောင်တွင်းမှာဖြစ်ခဲ့သည့်ကိစ္စအတွက် သူ ပြန်အဖမ်းခံရစေဦး အာဏာပိုင်တို့အညှိုးအတေးပြေပြီး လက်စားလည်း မချေတန်ကောင်းရဲ့ဟု တွေးမိတာလည်းပါ၏။
ကျနော် ဒုတိယအကြိမ်ပြန်အဖမ်းခံရပြီး
အင်းစိန်ထောင် ၁ တိုက်သို့ ပုဒ်မ ၁ဝ(က)နှင့်ရောက်လာ၏။ ၁ တိုက်တွင် သူရှိနေပြီ။ ထိုအချိန်ကား အဖမ်းအဆီးကြမ်းပြီး စိတ်သလောက် အနှိပ်အကွပ်လည်းပြင်း၏။ တနေ့တနေ့ ထောင်ကိုရောက်သည့် နိုင်ငံရေးမှု မည်မျှများသလဲဆို ဝါဒါတွေကပင် ၅(ည)တွေကလည်း ကျိုင်းကောင်အုပ်ကျနေသလိုဟု ပြောရသည်အထိဖြစ်၏။ ရောက်လာသည့်သူအများစုကို တိုက်ဝင်းထဲ ပို့၏။ တိုက်ဝင်းထောင်မှူးများကလည်း စစ်ထောက်လှမ်းရေးအလိုကျ ၅(ည)တွေကို ပယ်ပယ်နယ်နယ်နှိပ်ကွပ်ပေး၏။
၅(ည)ဟု ဆိုရာတွင်လည်း စီးပွားရေး ၅(ည)များလည်းပါ၏။ ထိုသူတွေက ငွေကြေးတတ်နိုင်၏။ ထောင်မှူးထောင်ပိုင်တွေကို ဝယ်နိုင်၏။ ဝယ်ထား၏။ ထောင်နှင့်ထောက်လှမ်းရေးအမြင်တွင် ထိုသူများသည် ကိုင်တွယ်ရလွယ်ပြီး အန္တရာယ်နည်းသူများဖြစ်၏။ ထောင်ဘက်ကလည်း ၅(ည)ချင်းအတူတူ နိုင်ငံရေး ၅(ည)နှင့် စီးပွားရေး၅(ည)ကို အတူထားသော်လည်း ခွဲခြားကိုင်တွယ်ဆက်ဆံ၏။ တချို့ စီးပွားရေးသမား များကား နိုင်ငံရေးနှင့်နွယ်၍သာ ထောင်ထဲရောက်သည်မှန်သော်လည်း နိုင်ငံရေးစိတ်မဝင်စား။ အထူးသဖြင့် အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက်တိုက်ရသည့် တိုက်ပွဲတို့တွင်ပါလေ့မရှိကြ။ ထိုသို့မပါသဖြင့် အပြစ်မဆိုသာဟုထင်၏။ တချို့က နိုင်ငံရေးသမားကို ကူညီပင်ကူညီကြသေး၏။
ကျနော် (၁)တိုက်သို့မရောက်ခင် ရက်ပိုင်းကလေးကမှ တိုးကျော်လှိုင်အမှုတက်ထား၏။ ကိစ္စက ပုံစံစောင်ပေါ်တွင် ကဗျာရေးမှု။ တလာစီတော့ သူ့အခန်းမှာ ထိုစောင်ကို ထောင်မှူးမောင်ပြုံးက မိသည်ဆို၏။ ထိုအချိန်က တိုက်ဝင်းထောင်မှူးများအနက် မောင်ပြုံးနှင့် ထောင်မှူးချစ်မောင်မှာ နံမည်ကြီးအာဏာပါးကွက်သားများ။ ပုံစံစောင်ပေါ်ကဗျာရေးမှုအတွက် တိုးကျော်လှိုင်ကို ကျန် ၅ (ည)များရှေ့တွင် ထောင်မှူးမောင်ပြုံးက နှိပ်ကွပ်ပြလိုက်၏။ ၅(ည)တွေ မကျေမချမ်းဖြစ်ကာ အခန်းများအတွင်းက အော်ဟစ်ဆန္ဒပြကြ၏။ မောင်ပြုံးကား မလျှော့။ မလျှော့သည့်အပြင် တိုးကျော်လှိုင်ကို စစ်ခွေးတိုက်သို့ပါ ပို့လိုက်သေး၏။ ပါးစပ်ကလည်း မင်းတို့ချစ်တဲ့တိုးကျော်လှိုင် အခုတော့ ဘာဖြစ်သွားပြီလဲဟုဆိုကာ မထေမဲ့မြင်ဆိုသေး၏။ တိုးကျော်လှိုင်က (ထိုအချိန်က)လူချစ်လူခင်များသူဆိုတော့ မောင်ပြုံးအပေါ် ၅(ည)တို့ အမျက် နှစ်ထပ်ကွမ်းသင့်၏။ သင့်လည်း သင့်ထိုက်သည်မြင်၏။
ကျနော်ရောက်တော့ တခန်းတည်းအတူနေ ကိုတင်ဆန်း(ရကသ) က ထိုအကြောင်းပြောပြရင်း မျက်ရည်လည်သည်ကိုလည်းကောင်း၊ ကိုအောင်လွင်(မင်းသား၊ ဒါရိုက်တာ)မျက်နှာပေါ်တွင် ကြိတ်မနိုင်ခဲမရ အမျက်ရိပ်တို့ ဖျတ်ဖျတ်ထနေသည်ကိုလည်းကောင်း၊ စစ်ကိုင်းတင်ဝင်းနှုတ်မှ ဒီကောင့်ကို တခုခုတော့ပြန်လုပ်မှဖြစ်မယ်ဟု အံကြိတ်ပြောသံကိုလည်းကောင်း ယခုတိုင်မှတ်မိနေသေး၏။ ကျနော်ကိုယ်တိုင်မတွေ့လိုက်ရလည်း လက်သဲဆိတ်တော့လက်ထိပ်နာ၏။ သို့နှင့် ထောင်မှူးမောင်ပြုံးအား တနည်းနည်းဖြင့်တုန့်ပြန်ရေးအတွက် အများနှင့်အတူတွေးမိ၏။
ထိုစဉ်က (၁)တိုက်တွင် ဦးရဲထွန်းအမှုတွဲ ဒါဝတ်ဂျင်းဝါးလား (ဒါဝတ်ဂျမားဟုလည်း တချို့ကဆိုသည်)ဟုခေါ်သည့် စူရတီမွတ်ဆလင်မ် အဖိုးကြီးတဦးရှိနေ၏။ ကျန်းမာရေးသိတ်မကောင်းလှ။ ဆေးဝါးအစုံ မှီဝဲနေရသူဖြစ်၏။ သူက စီးပွားရေးသမားမှန်သော်လည်း နိုင်ငံရေးနှင့်နွယ်ပြီး ရောက်လာသူ။ သူနှင့်တခန်းတည်းတွင် နိုင်ငံရေး ၅(ည) ၃ ဦးလည်း အတူနေရ၏။( ခု အင်န်အယ်လ်ဒီအမတ် ဝင်လုပ်နေသည် ကိုပြုံးချို၊ ခုနိုင်ကျဉ်းအရေးလုပ်နေသူကိုထွန်းကြည်တို့နှင့် တခန်းတည်းဟုထင်၏။ (အမည်များမမှတ်မိတော့ပါ၊ မှတ်မိသူများရှိပါက ဖော်ပေးပါရန်)။ ဦးဒါဝတ်လည်း အခြား ၅(ည)များနည်းတူ ထောင်ဝင်စာမရှိ။ တပတ်တကြိမ် အိမ်မှလာပေးသည့် ပါဆယ်လ်သာရနေ၏။ သို့သော် ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်က သူ့အိမ်သို့အဝင်အထွက်လုပ်ကာ သူလိုသမျှ ဒိုင်ခံသွင်းပေးထားသဖြင့် ဆေးဝါး၊ အစားအသောက်တင်မက ဖတ်စရာစာအုပ်တွေပါရှိနေ၏။ သူအဆင်ပြေနေ၊ စားနေ၊ ဖတ်နေရသည့်အတွက် ကျနော်တို့တွင် မကျေမနပ်ဖြစ်စရာအကြောင်းလည်း မရှိ။ သူ့အပေါ်လည်း အားလုံးက စာနာနားလည်ကြ၏။ သူကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးသည့်အပြင် ကူညီပါ ကူညီသေး၏။ ပထမသော် ထောင်မှူးမောင်ပြုံး၏ခွဲခြားဆက်ဆံမှုနှင့် လာဘ်ပေးလာဘ်ယူမှုကိုဖွင့်ချပြီးမှ တိုက်ရမည်ဆိုလျှင် သူပါ မောင်ပြုံးနှင့် အမှုတွဲသွားနိုင်သဖြင့် ဘာမှမလုပ်ပဲနေနေကြ၏။
သို့သော် ယခုကား အခြေအနေပြောင်းသွားပြီ။ မောင်ပြုံးအပေါ်အမျက်က ကြီးသထက်ကြီးသွားပြီ။ သူ့ဖိနှိပ်မှုကလည်း အမြင့်ဆုံးစော်ကားမှုသို့ ရောက်သွားပြီ။ နောက်ဆုံးတော့ ဒါဝတ်ဂျင်းဝါးလားကြီးကိစ္စကို တည်ပြီး တိုက်မှရတော့မည်။ ဟိုလူကြီးပါ ထိသွားနိုင်သည်။ မတတ်နိုင်။ လုပ်တာကတော့လုပ်ရတော့မည်။ အားလုံးအကျိုးစီးပွားအတွက်ဆိုတာကိုသာ မျက်နှာမူရတော့မည်။ ရွေးစရာ အခြားနည်းလမ်းကမရှိ။ ဆိုတော့ စစ်ထောက်လှမ်းရေးကိုပြောရတော့မည်။ ထောင်အာဏာပိုင်ကိုတိုက်ဖို့ သူတို့နှင့်ပူးရမည်။ နိုင်ငံရေးမသတီစိတ်ဖြစ်သော်လည်း အခြားမရှိ။
ထောင်အာဏာပိုင်ကိုတိုက်ဖို့ ထောက်လှမ်းရေးနှင့် ပူးရမည်ဆိုသည့်အမြင်ကို လက်ခံဖို့ခက်သော်လည်း လောလောဆယ်မှာ သည်လမ်းပဲရှိ၏။ ထောင်အာဏာပိုင်ဆိုသည်က စစ်ထောက်လှမ်းရေးခိုင်းသည့်အတိုင်းလုပ်ရသူများ။ သူကြီးခိုင်း၍ ဆယ်အိမ်ခေါင်းက ရွာသားကိုရိုက်၏။ မခံနိုင်သည့်အဆုံး ရွာသားက သူကြီးကိုတိုင်၏။ အဖြေက ရှင်းနေသည်။ သူကြီးက ဆယ်အိမ်ခေါင်းကို ကာနိုင်သမျှကာမည်။ ဖေးမမည်။ မကာနိုင်၊ ဖေးလို့ပင်မရနိုင်တော့လျှင် ဆယ်အိမ်ခေါင်းကိုထိုးကျွေးပြီး သူတော့ အလွတ်ရုန်းမည်။ ဒါက ဥပဒေမဲ့သူတို့ လုပ်နေကြ။ ကျနော်တို့က သူကြီးကိုတိုက်ရင်း ထောင်ထဲရောက်လာတာမှန်သော်လည်း လက်ရှိအနေအထားက သူကြီးကိုမဖြုတ်နိုင်သေး။ ဆိုတော့ ဆယ်အိမ်ခေါင်းကိုလှန်ရင်း သူကြီးကို နှံရတော့မည်။ လောလောဆယ်မှာ ဆယ်အိမ်ခေါင်းတုတ်စာဝေးလျှင်ပဲ တော်လှပြီဟုတွေး၏။
နည်းလမ်းတော့ ရပြီ။ ဘယ်သူတွေလုပ်ကြမလဲဆိုသည့်အမေး ထပ်ထွက်လာ၏။ လက်သဲကြားအပ်စိုက်ပြီးရွေးရမည့် အနေအထားလည်း မဟုတ်။ ကျနော်လုပ်မယ်ဟု ဦးနေမင်းနှင့်တိုင်ပင်ဖြစ်၏။ လက်ပေါ်သွားလျှင် နည်းနည်းနာနိုင်သည်ကို ၂ ယောက်စလုံးတွက်ထားကြ၏။ တချို့ကိုသာ အသိပေးထားသော်လည်း အများစုကိုတော့လုံးဝအသိမပေး။
သို့နှင့် ဦးနေမင်းက စစ်ထောက်လှမ်းရေးနှင့်တွေ့ချင်သည်ဟု တောင်းဆိုလိုက်၏။ တွေ့တော့ သူက အခြေအနေအချို့ကို အရိပ်အမြွက်ပြောပြီး မျိုးမြင့်က ထောက်လှမ်းရေးကိုပြောစရာရှိနေဆိုကာ တည်ပေးလိုက်၏။ နောက်တော့ ကျနော့်ကို စစ်ထောက်လှမ်းရေးကခေါ်၏။ ကျနော်က (၁)တိုက်တွင်းမှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့အကြောင်း သိထားသမျှအချက်အလက်တွေ အကုန်ဖွင့်ချလိုက်၏။ “ကျုပ်တို့ နိုင်ငံရေးသမားတွေကို ထောင်ကနှိပ်စက်နေတာတွေအတွက် အရေးယူပေးဖို့လာပြောတာ မဟုတ်၊ ၅(ည)ချင်းအတူတူ ခွဲခြားဆက်ဆံတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ရေရှည်မှာထောင်အုပ်ချုပ်ရေးမှာ ပြဿနာပေါ်လာနိုင်စရာရှိလို့”ဟု အတိအလင်းပြောပြလိုက်၏။ ဒီတော့ စစ်ထောက်လှမ်းရေးက “ပြောသလိုမဟုတ်ရင် မင်းလည်းအရေးယူခံရမယ်”ဟုခြိမ်းခြောက်၏။ မမှန်သတင်းပေးမိလျှင် အရေးယူခံမည့် အကြောင်း ခံဝန်လက်မှတ်လည်းထိုးခိုင်း၏။ ချက်ခြင်းထိုးပေးလိုက်၏။
နောက်တနေ့မနက်မှာ စစ်ထောက်လှမ်းရေးနှင့် ထောင်အာဏာပိုင်တချို့ တိုက်ထဲပေါက်ချလာပြီး ဦးဒါဝတ်အခန်းကို တလာစီတော့၏။ ဒီတော့မှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့ လိုင်းဝင်ပြီးသွင်းပေးသည့်ပစ္စည်းတွေ တပုံတခေါင်းကြီးထွက်လာ၏။ ရှောင်တခင်နှင့်အများရှေ့မို့  ဘာတခုမှ လက်စဖျောက်ချိန်မရတော့။ ကိစ္စကတော့ပြတ်ပြီ။ သို့သော် နောက်ဆက်တွဲကား ကျန်နေသေး၏။
ဘယ်သူ့လက်ချက်ဆိုတာ သူတို့ရိပ်မိသွား၏။ ကျနော်တို့ထဲက တယောက်ကလည်း ရလာဒ်အပီအပြင်ထွက်မလာသေး နှစ်ထောင်းစိတ်ဖြင့် နိုင်ငံရေးသမားကိုထိရင် ခုလိုခံရမယ်ဆိုကာ အနည်းငယ်ဝင့်ဝါလိုက်၏။ ဤတွင် နောက်နေ့မနက် ကျနော်တို့အခန်းသို့ ထောင်မှူးမောင်ပြုံး ရောက်ချလာက အကျဉ်းထောင်လက်စွဲဥပဒေအရခွင့်ပြုလို့မရဟုဆိုကာ ကျနော့်ဂျိုင်းထောက်တွေသိမ်းသွားတော့၏။ ကျနော်လည်း အခန်းတွင်း အပေါ့အလေးသွားသည့်အခါ ဖင်ရွှေ့ဖင်ရွှေ့ဖြင့်သွားရသလို အခန်းပြင်ထွက်ရေချိုးရသည့်အခါလည်း ကိုအောင်လွင်၊ စစ်ကိုင်းတင်ဝင်းနှင့် ကိုတင်ဆန်းတို့က ကျနော့်လူဂျိုင်းထောက်ဘဝ ရောက်ကြတော့၏။ ရေချိုးဖွင့်ချိန် ၄၅ မိနစ် သူများတွေ လမ်းလျှောက်ချိန်မှာ ကျနော်က သစ်သားကွပ်ပြစ်ကလေးပေါ်က ထိုင်ငေးနေရ၏။ ဦးနေမင်းအပါအဝင်အားလုံး စိတ်မကောင်းကြ။ ကျနော်လည်း မသက်သာလှ။
ဒီလိုနှင့် ၅ ပတ်လောက်အကြာမှာ မောင်ပြုံးနှင့်ချစ်မောင်ပြုတ်သွား၏။ ကျနော်လည်း ဂျိုင်းထောက်တွေပြန်ရ၏။ ထိုတော့မှ သက်ပြင်းလည်း ရဲရဲချနိုင်တော့၏။ ဦးနေမင်း၏ ‘အဲဒါပဲ ကိုမျိုးမြင့်၊ ခံနေလို့ကတော့ ခံနေရမှာပဲ၊ နာလည်း နာနာကွာဆိုတဲ့စိတ်နဲ့ပြန်ချတော့လည်း ထိသင့် သလောက်တော့ ထိတာပါပဲဗျ’ ဆိုကာ ရေချိုးအဆင်းမှာ လက်မထောင်ပြသည်ကို ခုတိုင် ပြန်အမှတ်ရမိ၏။
အခု သူပြန်လွတ်လာပြန်ပြီ။ ခြင်းထဲကကြက်တကောင် ခြံထဲထွက်လာသလို ထွက်လာပြန်ပြီ။ ဘယ်အချိန် ခြင်းထဲပြန်ရောက်မည် မပြောတတ်။ ကျနော်တောင်းသဖြင့် သူလွတ်တာမဟုတ်သော်လည်း သူလွတ်ရေးအတွက် ကျနော့်လက်ဖဝါးပေါ်တွင် သူ့အမည်ကို ကမ္ဗည်းတင်ကာတောင်းခဲ့ဖူးသည်ကိုကား သူသိစေချင်ပါ၏။ သူသိလျှင် ကျနော့်ကိုလည်း ပြန်အမှတ်တရရှိလိမ့်ကိုလည်း ယုံနေမိ၏။ ကျနော်ကား သူ့ကို အမှတ်တရရှိနေဆဲ။ (မျိုးမြင့်ချိ) မေလ၊ ၂ဝ၁၁

Tuesday, August 28, 2018

‘ဒေါ်စုကိုမြှောက်၊ ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ ဗျူဟာသစ်(အရေးတော်ပုံဂျာနယ်မှ)

0 comments
‘ဒေါ်စုကိုမြှောက်၊ ဒေါ်စုနဲ့ ခြောက်၊ ဒေါ်စုနဲ့ထိန်း’ ဗျူဟာသစ်
သတင်းနဲ့မှတ်ချက်
စစ်အုပ်စုက ဒီချုပ် ရွေးကောက်ပွဲနိုင်ကတည်းက နည်းမျိုးစုံသုံးပြီး ဒီချုပ်ကို လုံးပါးပါးအောင်လုပ်သလို တပြိုင်တည်းမှာ လူထုကို ငြိမ်ဆေးကျွေးတဲ့အလုပ် လုပ်ပါတယ်။ ဒီချုပ်လုံးပါးပါးလာနိုင်တဲ့ အခြေအနေတွေထဲမှာ လွှတ်တော်တွင်းအခြေအနေက အတော်ဆိုးတယ်လို့ ပြောရမှာပါ။ 

ဒီချုပ်အမတ်တွေထဲမှာ အရေခြုံ၊ အသွင်ပြောင်း၊ သာကူး၊ အချောင်သမားတချို့ကလွဲရင် ပြည်သူနဲ့အတူ တသားတည်းရပ်လိုသူတွေ ရှိပါတယ်။ အဲဒီလို ပြည်သူ့ဘက်သား လွှတ်တော်အမတ်တွေရဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြတာတွေကို ပယ်ချတာ၊ ဖျက်သိမ်းတာ၊ ချောင်ထိုးတာတွေ မကြာခဏ တွေ့လာရတယ်။ 

တခြားတိုင်းရင်းသားပါတီတွေက စစ်အုပ်စု ငြိုငြင်မယ့် အသုံးအနှုန်းမျိုးသုံးမိလို့ ကန့်ကွက်ခံရရင်လည်း စစ်တပ်ဘက်ကိုရပ်ပြီး စစ်တပ်အကြိုက် ဖြေရှင်းတယ်။ “အခုလည်း မြေယာအဆိုတခုကို လွှတ်တော်တွင် ယမန်နေ့က ဆွေးနွေးစဉ် ရခိုင်ပြည်နယ်ကိုယ်စားလှယ်တဦးက သုံးစွဲခဲ့သည့် ‘အာဏာရှင်’ စကားရပ်ကို ပယ်ဖျက်ပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းက ကန့် ကွက်လာပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကန့်ကွက်ချက်နှင့်ပတ်သက်၍ ပြန်လည်စိစစ်ပြီး အဆိုနှင့်မသက်ဆိုင်လျှင် ပယ်ဖျက်ပေးမည်ဟု ဆိုပါတယ်။”

စစ်တပ်ကိုယ်စားလှယ်တွေ၊ ကြံ့ဖွံ့အမတ်တွေက ရလေလိုလေ အိုတစ္ဆေဖြစ်ပြီး ကန်းတက်လာတယ်။ စစ်အုပ်စုက ကိုယ်တိုင်ဖိနှိပ်ဖို့မလို အချက်ပြရုံနဲ့ ဒီချုပ်ခေါင်းဆောင်တွေက ကိုယ့်လူ ကိုယ် နာနာ ဖိထောင်းတဲ့အလုပ်ကို လုပ်လာတယ်။ ဒီချုပ်အမတ်တွေ ကြာရင်ဘာလုပ်ရမှန်းမသိ ဖြစ်လာမယ်။ စိတ်ကုန်လာမယ်၊ စိတ်ပျက်လာမယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းခံရလို့ တပ်ပျက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဘာတွေကို အလျှော့ပေးမလဲ၊ ဘယ်ကိစ္စမှာတော့ မူပေါ်မှာ ကြံ့ကြံ့ခံမလဲရေရေရာရာမရှိဘဲ ရင်ကြားစေ့ရေး ဆိုင်းဘုတ်အောက်မှာ ဘာဖြစ်ဖြစ် စစ်အုပ်စုကို ငုံ့ခံလိုက်၊ အလျှော့ပေးလိုက်၊ အရှုံးပေးလိုက်ဆိုသလို ဖြစ်လာနေတယ်။ အသိုက်ထဲကနေ ကိုယ့်ဥကိုယ် ကန်ထုတ်တဲ့ ငှက်လို ဖြစ်လာတယ်။

ဒီချုပ်ခေါင်းဆောင်တွေက ရင်ကြားစေ့ချင်ပေမယ့် စစ်အုပ်စုက ပူးသတ်တဲ့အလုပ်ပဲ လုပ်နေတဲ့အခါ ဒီချုပ်ရဲ့အဖြစ်ဟာ လုံးပါးပါးလာဖို့ပဲ ရှိပါတယ်။

တချိန်တည်းမှာ ဒီချုပ်ထောက်ခံသူ အရေခြုံထားတဲ့ သူလျှိုဒလန်၊ သတင်းပေး၊ ထောက်လှမ်းရေးတွေ အပါအ၀င် စစ်အုပ်စုဘက်သားတွေက ‘ဒေါ်စုကိုမြှောက်၊ ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ ဆိုတဲ့ ဗျူဟာနဲ့ လူထုကို ခြေချုပ်၊ လက်ချုပ်လုပ်နေတာတွေ ရှိတယ်။

ဒီချုပ်လုံးပါးပါးအောင် နည်းမျိုးစုံနဲ့ ဝိုင်းကြံရင်း၊ ၀ိုင်းဖျင်ကြရင်း တိုင်းပြည်နဲ့လူထုအကျိုးအတွက် ဝေဖန်တည့်မတ်ပေးသူတွေကိုပါ နာနာနှက်ဖို့ လုပ်နေတာဖြစ်တယ်။ ရန်သူစစ်အုပ်စုရဲ့ ပရိယာယ်မာယာတွေကို ကောင်းကောင်းသတိပြုမိဖို့ လိုပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ဖွင့်ချပြသူဆို သူတို့ သိပ်မုန်းပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေမှန်တွေထဲမှာ ဒီချုပ်ရဲ့ပကတိအဖြစ်မှန်လည်း ပါပါတယ်။ ဒေါ်စုကိုမြှောက်တိုင်းလည်း လူကောင်းမထင်နဲ့။ ‘ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ လုပ်နေတာတွေကိုလည်း သတိပြုကြ။ စစ်အုပ်စု သွေးရူးသွေးတမ်းဖြစ်လာနေပြီလို့ သတိပေးလိုက်ပါတယ်။

ခြင်းထဲကကြက်များ(အပြင်လူရဲ့ဘားမားရုဒ် အမှတ် ၃မျိုးမြင့်ချို

0 comments
(၃)ခြင်းထဲကကြက်များ
တလောက လွတ်လပ်သောအာရှအသံ၏စီစဉ်ပေးမှုကြောင့် ဦးဝင်းတင်နှင့် ရေဒီယိုစကားပြောခန်းတခုတွင် ပြောခွင့်ရခဲ့၏။ ကိစ္စက နိုင်ငံရေးအကျဉ်းသားအစ်ရှူး။ မိတ်ဆက်ကြပြီးနောက် သူ့ဘက်မှပြောစရာများပြောပြသွားသလို ကျနော့်ဘက်ကလည်း တင်ပြစရာများ တင်ပြဆွေးနွေးဖြစ်ခဲ့၏။ ရသည့်အချိန်အတွင်း သူရောကျနော်ပါ ပြောလိုသလောက် ပြောချင်သလောက်ပြော၍ မဖြစ်နိုင်ခဲ့ကြ။

အချိန်အကန့် အသတ်အတွင်းမို့  သူ့ဘက်တွင်ပြောစရာများကျန်သေးသလို ကျနော့်ဘက်တွင်လည်း ဆွေးနွေးလိုသည်များ တို့လို့တန်းလန်း ဖြစ်ကျန်ခဲ့၏။ အားမလိုအားမရဖြစ်ကာ နောက်တကြိမ်ပြောခွင့်ကြုံရင်ဖြင့် ပြောဖြစ်အောင်ပြောမည်ဟု အားခဲပြီးနေလိုက်ရသော်လည်း ဘဝင်က မကျ။

အမေရိကန်ပြည်ထောင်စု ဝေါ်ရှင်တန်ဒီစီ (ဂျော့ခ်ျဝေါ်ရှင်တန်တက္ကသိုလ်တွင်) ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျင်းပခဲ့သည့် ယူအက်စ်ကင်ပိန်းဖေါ်ဘားမား၏ နှစ်ပတ်လည်ညီလာခံနှင့် ဗမာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့၏။ ဆွေးနွေးပွဲတွင် အမေရိကန် ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နှင့် သမတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးကောင်စီမှ ဒေါက်တာမိုက်ကယ်လ်ဂရင်းတို့နှင့် တက်ရောက်သူများ အမေးအဖြေကဏ္ဍတခုလည်းပါ၏။ နောက်တကြိမ် ပြောခွင့်ကြုံသည်ဟုတွေးပြီး နိုင်ငံရေးအကျဉ်းသားအစ်ရှူး ပြောဖြစ်ခဲ့၏။ 

လှိုက်လှဲသည့်တုန့်ပြန်ချက်များအတွက်လည်း စိတ်တွင် နွေးနွေးထွေးထွေးခံစားရ၏။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဟု တလျှောက်လုံးတောင်းဆိုလာခဲ့ကြ၏။ မလွတ်။ မလွတ်သဖြင့် အကျိုးမရှိ။ အကျိုးမရှိသဖြင့် အပိုအလုပ်။ အပိုအလုပ်သည် အလုပ်မဖြစ်ဆိုပြီးထားလိုက်မည်ဆိုလျှင် မဟုတ်သေး။

တောင်းရုံဖြင့်မလွတ်နိုင်ကိုသိသိနှင့် ဘာကြောင့်တောင်းဆိုနေရသနည်း။ ရှင်းပါသည်။ အနိုင်တိုက်ပြီး မိမိလက်ဖြင့် ထောင်တံခါးများ မဖွင့်နိုင်သေးသောကြောင့်။ ထောင်သော့ကိုင်ထားသူက ဖြစ်နိုင်လျှင်နိုင်ငံရေးသမားတွေ သူ့မျက်စေ့အောက်မှာ တဖြုတ်ဖြုတ် အသက်ပျောက်ကုန်တာ မြင်လို၏။ အသေထွက်ဖြင့် အနောက်ဗူးကသာ ထုတ်ပေးလို၏။ ကိုယ့်လက်နှင့်လည်း သော့မဖွင့်နိုင်၊ သူ့မျက်စေ့အောက် အသက်ပျောက်တာလည်း မခံချင်၊ အရှင်ထွက်ဖြင့် အရှေ့ဗူးက ထွက်လာစေချင်တော့ သော့ကိုင်ထားသူကို နားပူနားဆာလုပ်ရ၏။ အပေးအယူလုပ်ရ၏။ စကားပြောရ၏။ ဈေးဆစ် ရ၏။ ဤလျှော့အတင်းလုပ်ရ၏။ ဒါကိုပဲ နိုင်ငံရေးဝေါဟာရအရ တောင်းဆိုသည်ဖြစ်ရ၏။ လူမှုရေးတို့၊ လူသားချင်းစာနာမှုတို့ကြတော့ တမျိုး။ မေတ္တာရပ်ခံသည်တို့ စာနာထောက်ထားပါရန်တို့ဖြစ်မည်လား မပြောတတ်။ ကိုယ့်လက်ကိုယ့်ခြေမဖြစ်သေးသ၍ တောင်းဆိုခြင်းနှင့် မေတ္တာရပ်ခံခြင်းတို့ တလှည့်စီတော့ရှိနေရဦးမည်ထင်၏။

လွတ်လပ်ချင်လျှင် ရှိစုမဲ့စု တကိုယ်စာ လွတ်လပ်ခွင့်ကလေးကို အရင်းတည်ပြီးအရင်တိုက် ဆိုသည့်ဆိုရိုးစကား ရှိမရှိတော့ မသိ။ ဗမာပြည်တွင် တကိုယ်စာလွတ်လပ်ခွင့်ကလေး အရင်းတည်တိုက်ရင်း တဘဝလုံးချကျွေးသူများ၊ ယခင်၊ ယခုနှင့်နောင်တွင် ရှိခဲ့၊ ရှိနေ၊ ရှိနေရဦးမည်။ ထိုသူတို့အတွက် တိုက်သူကတိုက်နေသလို တောင်းသူကလည်းတောင်းပေးနေရဦးမည်။

နိုင်ငံရေးဆိုသည့်သဘောတွင် တောင်းပွဲရောတိုက်ပွဲပါအကျုံးဝင်၏။ သော့ကိုင်ဘက်ကလည်း မြက်မြက်ကလေးရလျှင် ဈေးစကားပြောချင်၏။ သူက နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလုပ်ပြီး အပေးအယူတိုင်းတွင် ဈေးဆစ်၏။ ၂ ဘက်စလုံးတွင် လည်း နိုင်ငံရေးအပြောင်းအလဲအတွက် ထိုသူတို့ မည်မျှအရေးပါကြောင်းကို သိမြင်ထား၏။ ဤတွင် နိုင်ငံရေးဈေးကွက်ပေါ် လာ၏။ ဖလှယ်ကုန်ကား ထိုသူတို့ဖြစ်လာပြန်၏။ ဤတွင် ဈေးစကားပြောရ၊ အပေးအယူတွေလုပ်ကြရ၊ ဈေးညှိတာတွေ လုပ်လာကြရတော့၏။

ရနိုင်သမျှထစ်ထားပြီး မတတ်သာ၍လွှတ်ရတော့မည့် အချိန်လေးအထိ အမြတ်ထုတ်တတ်သည့်သူတို့၏အကြောကို နောကြေလာသည့်အလျှောက် တောင်းသည့်နေရာတွင်လည်း လွှတ်ပေးပါဟု ရိုးရိုးပြောလို့မဖြစ်မှန်း သိမြင်ရန်လိုမည်ထင်၏။ လွှတ်ပေးဆိုသည့်ကြိယာပုဒ်တွင် ခြွင်းချက်မရှိဆိုသည့် ဝိသေသနထပ်ဖြည့်ရန်လို၏။ ထိုသို့ အစကတည်းက ဈေး“ဆိုင်” မထားလျှင် သူ့ဘက်က အဆုတ်အတက်သာ၏။
 
ထို့ကြောင့် တောင်းဆိုချက်သည် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေးဖြစ်ရလိမ့်မည်။
သူတို့လက်သူတို့ခြေ သူတို့လူတွေနှင့် အပိုင်တွက်ပြီး အနိုင်ပိုင်းခဲ့သည့် ၂ဝ၁ဝ ဇာတ်ထုတ်ကြီးတွင် ၂ဝဝ၈ ဖွဲ့စည်းပုံကို သစ္စာခံပါ့မည်ဟု ဒူးထောက်အောက်ကျို့ခဲ့သူတို့ပင်လျှင် နိုင်ငံတော်ပုန်ကန်ခဲ့လို့ဆိုကာ “ငါတို့ရုံနားမကပ်ရ”တွေ လုပ်ထား၏။ 

ဤတွင် ထပ်ပြောစရာပါပြန်၏။ လွှတ်ပေးရေးတောင်းဆိုချက်နှင့်တပါတည်း “လွတ်လာသည့်နိုင်ငံရေးအကျဉ်းသားဟောင်း များအား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် ကန့်သတ်ချက်မရှိ ပါဝင်ခွင့်ရရှိရေး” ထပ်ဖြည့်ရမည်ဟုမြင်၏။

ချုပ်၍ဆိုသော် “နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေး”နှင့် “လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း များအား ဗမာ့နိုင်ငံရေးဖြစ်စဉ်၏ အဆင့်တိုင်းအဆင့်တိုင်းတွင် ကန့်သတ်ချက်မထားပဲပါဝင်ခွင့်ရရေး”သည် လက်ငင်း တောင်းဆိုချက်တွင် ဖြည့်စွက်ရန်လိုမည့် အချက်များဖြစ်ရပါမည်။

ဦးဝင်းတင်နှင့်ပြောဖြစ်ခဲ့စဉ်က မပြောဖြစ်ခဲ့သည်များကို ယူအက်စ်ကင်န်ပိန်းဖေါ်ဘားမားညီလာခံတွင် အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအား ပြောဖြစ်ခဲ့၏။
မျိုးမြင့်ချို ဧပြီ ၈၊ ၂ဝ၁၁

လယ်ကြွက်နှင့်လယ်စာရင်းငှား(မျိုးမြင့်ချို

0 comments
ကျနော်တခေါက် အိမ်ပြေးတော့ ဦးတာတီး ဒေါ်မြတင်တို့လယ်ပွဲမှာဖြစ်ပါသည်။ သူတို့လယ်ပွဲဆိုသော်လည်း သူတို့ပိုင်မဟုတ်ပါ။ သူတို့မှာ သူရင်းငှား(စရင်းငှား)များသာဖြစ်ပါသည်။
ငယ်သူငယ်ချင်းသိန်းစည် သူ့အကို ကိုဝင်းရွှေနှင့် သူတို့ညီမအငယ်ဆုံးလေး ပဲလှော်တို့ပါ လယ်ကုန်းတွင် လာနေကြပါသည်။ လယ်သိမ်းချိန် တလင်းသိမ်းချိန်အထိဖြစ်ပါသည်။

လယ်တဲနောက်တွင် ကန်လေးတကန်ရှိပါသည်။ ကန်ထဲတွင် ကနဖေါ့ ကညှို့ ကန်စွန်းရိုးနီ ကြာနီ ဥာဏ်ပင်နှင့် အခြားကျနော်မသိသော တို့စရာအပင်များရှိပါသည်။ ကွန်စိပ်လေးနှင့်တချက်လောက် အုပ်လိုက်လျင် ငါးပနော်လို ငါးဇင်ရိုင်းလို ငါးခူပေါက်လေးတွေလိုအပါအဝင် လည်ပုဇွန်လေးတွေ ပုဇွန်ဆိတ်လေးတွေလည်း တဟင်းခတ်ရတော့ပါသည်။

ညနေစောင်းပြီဆို ကိုဝင်းရွှေနှင့်ကျနော်သည် လည်ရှည်ဖိနပ်ကြီးတွေစီးကာ ကြွက်လည်ညှပ်တွေ တထမ်းကြီးထမ်းကာ မှဲ့ဝင်းနေသည့်စပါးခင်းတွေထဲ အသုတ်နှင်ကြပါသည်။ ကိုဝင်းရွှေက ကြွက်လမ်းကြောင်းတွေကြည့်ကြည့်ပြီး ညီလေး ဒီနေရာမှာ ဘိထောင်၊ ဒီနေရာမှာ လည်ညှပ်ထောင်ရတယ်ပြောကာ သူ့ဘာသာသူထောင်ပါသည်။ ကျနော်က မထောင်တတ်ပါ။ အကူသဘော လိုက်ဖြင်းဖြစ်ပါသည်။ ၄ နာရီလောက် ညှပ်တွေဘိတွေလိုက်ထောင်ရင်း နေညိုလာပါပြီ။ ကျနော်တို့ လည်ညှပ်တွေဘိတွေလည်း ကုန်ပါပြီ။

လယ်တဲကုန်းဆီပြန်လာကြသည့်အခါ ဒေါ်မြတင်က သွားကျိုးပါးကျိုးနှင့်ပြုံးပြီး လူလေး ပင်ပမ်းလာလားဟု ကျနော့်အားမေးပါသည်။ ထို့နောက် ငါးပိရည်တို့စရာ၊ လယ်ပုဇွန်ရင်ပုံသားပြုတ်တွေနှင့် ထမင်းပြင်ကာ တမိသားစုလုံးဝိုင်းထိုင်စားကြပါသည်။ တို့စရာကိုက်သည့်အသံမှာ အကျယ်ဆုံးဖြစ်ပါသည်။ ရေနွေးကြမ်းကလည်း ပါပါသေးသည်။ ကျနော်တော့ ထမင်းနှင့်ရေနွေးကြမ်း တွဲမသောက်တတ်သဖြင့် မသောက်ပါ။ တခါတလေ ငါးသနုတ်လေးတွေကို ငရုပ်သီးစိမ်းနှင့် အိုးကပ်လေးချက်ထားတတ်ပါသည်။

စားပြီနောက် ဦးတာတီး ကိုဝင်းရွှေတို့က တဲပြင်ထွက်ကာ ဂဠုန်ညီနောင်ဆေးလိပ် ကိုယ်စီဖွာကြချိန်တွင် ကျနော်နှင့်သိန်းစည်က ကန်စောင်းတွင်ထိုင်ရင်း အနော်ရထာကို ထိန်ပင်စောင့်နတ်က ကျွဲယောင်ဆောင်ပြီး ခတ်သည့်အကြောင်း၊ ပန်းဘဲမောင်တင့်တယ် တူတချက်ထုလျင် ဘယ်နှမိုင်ကကြားရကြောင်း၊ ကွင်းစောင့်နတ် ပုန်းမကျီနတ် စတာတွေပြောပါသည်။ ထိုအခါ ရှဥ့်မီးလေးနှင့် ပဲလှော်မက ကျနော်တို့နားထိုင်ရင်း ပါးစပ်လေးအဟောင်းသားဖြင့် နားထောင်ပါသည်။

ထိုအချိန်မှာ ဗျိုင်းတွေ အိပ်တန်းပြန်ချိန်ဖြစ်ပါသည်။ သိန်းစည်က စကားပြောနေရင်းတန်းလန်းမှ ထထပြီး ငါးခုံးမအသေလေးတွေထဲ ပေါ်တက်ထည့်ကာ သူဗျိုင်းထောင်ထားသည့်နေရာသို့ ထထကြည့်ပါသည်။ တခါတလေ တညနေထဲ ဗျိုင်း လေးငါးကောင်အထိရပါသည်။ ဗျိုင်းရလာလျင် ကန်စောင်းမှာတင် မောင်းချဓားလေးနှင့် ချက်ခြင်းရင်ခွဲ အူတွေအသဲတွေထုတ် အမွှေးဘာညာနှုတ်ပြီး ဒေါ်မြတင်ကို သွားပေးပါသည်။ ပိန်ညောင်ညောင်နိုင်သော်လည်း ဗျိုင်းသားမှာ စားလို့အလွန်ကောင်းပါသည်။ ပေါ်တက်နှင့်ထောင်သဖြင့် ဗျိုင်းတကိုယ်လုံးအဆိပ်မပြန့်ခင် ကလီစာတွေရှင်းထုတ်ရတာမှန်း အဲ့ဒီတုန်းက ကျနော်မသိပါ။

နောက်တော့ နေလည်းဝင် မိုးလည်းစုံးစုံးချုပ်ပါသည်။ ဦးတာတီး ဒေါ်မြတင်နှင့် ပဲလှော်မတို့က တဲအတွင်းက ၂ ပေလောက်မြင့်သည့် ဝါးကြမ်းခြင်းကွပ်ပျစ်ပေါ်အိပ်ကြပြီး ကျနော် သိန်းစည်နှင့် ကိုဝင်းရွှေက ကောက်ရိုးခင်းမြေအပြင်ပေါ်အိပ်ကြပါသည်။

ည ၁၂နာရီလောက်ကြတော့ ကိုဝင်းရွှေက ကျနော်နှင့်သိန်းစည်ကို အသာပုတ်နှိုးပြီး မီးအုပ်တွေ တောစီးဖိနပ်တွေနှင့် လယ်တွေထဲပြန်ထွက်ကြပါသည်။ ထိုအချိန်တွင် ချမ်းနေပါပြီ။ ရာသီလည်း အေးနေပါသည်။ ကျနော်တို့ ညနေကထောင်ခဲ့သည့်ဘိတွေ ချခဲ့သည့်လည်ညှပ်တွေကို လိုက်ဖြုတ်ကြပါသည်။ ဘိပိပြားနေသည့် လယ်ကြွက်ကြီးများရပါသည်။ တချို့ဘိများလည်း ဘာမှ ပိမနေပါ။ လည်ညှပ်ထိနေသည့်လည်ကြွက်ကြီးတွေရှိသလို ဘာမှမညှပ်မိသည်များလည်း ရှိပါသည်။ လိုက်ဖြုတ်ရင်း ပြန်သိမ်းရင်းနှင့် မနက်၎နာရီလောက်တွင် လယ်ကုန်းဆီပြန်ရောက်ပါသည်။

ထိုအချိန်တွင် ဒေါ်မြတင် နိုးနေပါပြီ။ ရေနွေးကြမ်းနှင့် ထမင်းလှော်လည်းလုပ်ထားပါသည်။ ငါးပိရည်လည်း အသင့်ဖြစ်နေပါသည်။ ကိုဝင်းရွှေက ရလာသည့်လယ်ကြွက်ကြီးတွေကို သူ့အားပေးပြီး ထမင်းလှော်စားကြပါသည်။ ကျနော်တို့ ထမင်းလှော်စားနေချိန်ရော စားပြီးနောက်ပြန်အိပ်ချိန်ရောအထိရော မိုးလင်းသည့်အထိ ကြွက်မီးမြှိုက် ကြွက်ကြပ်တိုက် ကြွက်ခေါင်းဖြတ် ကြွက်အရေခွာတွေလုပ်ပါသည်။

မနက် ၉ နာရီလောက်ရှိတော့ ဂျလောင်တခုထဲ ခေါင်းမပါသည့်ကြွက်ကြပ်တိုက်တွေကို သိန်းစည်က သယ်ပြီး ထောက်ကြန့်ဈေးထဲသွားရောင်းပါသည်။ တကောင်ကို ၂ ကျပ် ရပါသည်။ အပြန်တွင် ဒေါ်မြတင်မှာသည့် ငရုပ်သီးမှုန့် အချိုမှုန့် ငါးခြောက် ကုလားပဲစတာတွေဝယ်ပြီး ပိုငွေလေးကျစ်ကျစ်ဆုပ်ကာ လှည်းကူးထောက်ကြန့်ကားစီးပြီး ဘားလားချောင်းမှာဆင်း လယ်ကုန်းအထိပြန်လျှောက်လာပါသည်။

မနက်စာသည် နေ့တိုင်းလိုလို ကြွက်ခေါင်းဟင်းဖြစ်ပါသည်။ မနက်ကဖြတ်ထားခဲ့သည့်ကြွက်ခေါင်းများအား ငရုပ်သီးရှစ်စိတ်ကွဲလေးနှင့် အိုးကပ်လေးချက်ထားပါသည်။ အရည်သောက်မှာ လယ်ပုဇွန်ခပ်သည့် ကန်စွန်းနီချဉ်ရေဟင်းဖြစ်ပါသည်။ ငါးပိရည်ကျို တို့စရာလည်းစုံပါသည်။

ကျနော် စ စားကာစက အတော် ဒုက္ခရောက်ရပါသည်။ ကြွက်ခေါင်းတွေသည် သွားအပြူးသားကြီးတွေနှင့် သံပန်းကန်ပြားထဲက ကျနော့်ကိုကြည့်နေကြပါသည်။ သူတို့သွားကြီးတွေအရောင်လည်း ညိုတိုတိုကြီးတွေ ဖြစ်ပါသည်။ ချက်ပြုတ်လိုက်သဖြင့် မျက်နှာကြွက်သားတွေပုံပြောင်းကာ အပြင်သို့ခေါထွက်နေသည်မှာ ကြောက်စရာကြီးတွေလို ဖြစ်ပါသည်။ နားရွက်တွေကလည်း ထိုးထိုးထောင်ထောင်နှင့်နေပါသည်။ ဘယ်နေရာကနေ ဘယ်လိုစစားဖို့မပြောနှင့် သံပန်းကန်ထဲကကြွက်ခေါင်းပြူးတူးပြဲတဲတွေကြည့်ရင်း ကျနော်လန့်နေပါသည်။

ဤတွင် ဦးတာတီးက လူလေး ဒီမှာကြည့် အဘပြမယ်ဆိုကာ ကြွက်ခေါင်းချက်ကို ဘယ်လိုကိုင်ရ ဘယ်လိုကိုက်ရ ဘယ်လိုစုပ်ရကိုပြပါသည်။ ကျနော်လည်း သူပြောသည့်အတိုင်း လိုက်လုပ်စားတော့ သုံးလေးခုလောက်အပြီးမှာ အဆင်ပြေသွားပါသည်။ နောက်ဆို ကြွက်ခေါင်းဟင်းစားရ ကြွက်ခေါင်းကိုက်ရ သည်မှာ ဘာအခက်အခဲမှမရှိတော့ပါ။ လယ်ကြွက်ကြီးတွေမှာ အကောင်ကြီးပြီး ဆူဖြိုးသလောက် ဦးနှောက်သေးပါသည်။ ထို ဦးနှောက်သေးသေးလေးမှာ စားလို့အလွန်ကောင်းပါသည်။

လယ်ကြွက်ထောင်ရောင်းသည့် ဦးတာတီးတို့ ဒေါ်မြတင်တို့ ကိုဝင်းရွှေတို့ သိန်းစည်တို့ ပဲလှော်တို့ကား သေသာသွားရော လယ်ကြွက်တကောင်လုံးအသား စားဖူးသည်ဟုကျနော်မထင်ပါ။ ကျနော်ကတော့ ခု လယ်ကြွက်ခေါင်းစုပ်ချင်နေပါသည်။

မေမှဆိတ်ဖလူးနံ့ရီဝေရာသို့(တာရာလင်းယုန်)

0 comments
မေမှဆိတ်ဖလူးနံ့ရီဝေရာသို့
မေ
ရုပ်ပုံလွှာ
ဒဂုန်တာရာ၏ဒဂုန်တာရာ
သာမာန်လူတယောက်အတွက်ဆိုလျှင် ဤသုံးအုပ်ထဲမှ တအုပ်လောက်ရေးမိလျှင်ပင် တသက်လုံး ဂုဏ်ယူမဆုံး ဖြစ်နိုင်လောက်သည်။ သို့သော် ဆရာဒဂုန်တာရာရေးခဲ့သည်က တအုပ်ထဲမဟုတ်။ သုံးအုပ်၊ သုံးအုပ်ထဲမဟုတ်- လူ အမြောက်အမြားအနေဖြင့် ခေတ်သစ်ကဗျာများအတွက် စံပြုကြရသည့် ‘မတ်လာတော်လှန်ရေး’၊ ‘ပိတောက်ပန်း’၊ ‘တဟီတီ သွားရအောင်’ စသည့်ကဗျာများ။ နောက်ပြီး ကိုးကားပြီးရင်း ကိုးကားနေကြရသည့် ဗညားသီဟ၊ စာပေသဘောတရားဆောင်းပါးများ၊ နောက်ပြီး တာရာမဂ္ဂဇင်း၊ သမိုင်းတခေတ်ထူသည့်တာရာ၊ သမိုင်းတွင်သည့်တာရာ။
 

ဒဂုန်တာရာ၏ဒဂုန်တာရာကိုဖတ်ရသောအခါ၊ တနည်းဒဂုန်တာရာကိုယ်တိုင်ဝန်ခံထားသော သူဏ္ဍပင်ကိုယ်စရိုက်များကို ဖတ်ကြည့်သောအခါတွင် သူသည်စာပေအနုပညာတွင် ပျော်မွေ့လိုသော။ အေးချမ်းတည်ငြိမ်မှုကိုလိုလားသော၊ အမှန်တရားကိုလိုလားသော သာမန်လူတဦးမျှသာ ဖြစ်ကြောင်းတွေ့ရပေသည်၊ သို့သော်ထူးခြားသည်က သူလူဖြစ်လာသောကာလ၊ ပတ်ဝန်းကျင်နှင့် သူမိတ်ဆွေဖွဲ့ရသူများဖြစ်သည်။
 

သူသည် ဗမာပြည် သူ့ကျွန်ဘ၀တွင်လူဖြစ်လာရသည်။ ထို့ပြင် ဗမာပြည်တွင်ဗြိတိသျှကိုလိုနီစနစ်ကို တွန်းလှန်မှုတွေ အရှိန်ရလာသောကာလတွင် တက္ကသိုလ်သို့ရောက်ရှိလာသည်။ ထိုတက္ကသိုလ်သည် ထိုအခါက ထိုတိုက်ပွဲများ၏ ဗဟိုချက်မလိုလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် သူသည် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုနု စသည့် ထိုပုဂ္ဂိုလ်ကလေးများနှင့်လည်း အပေါင်းအသင်းဖြစ်သွားခဲ့သည်။
တဖန် သူ့အသိဉာဏ်ရင့်ကျက်လာချိန်နှင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည်နှင့် တိုက်ဆိုင်နေပြန်သည်။ ထိုအခါ အထက်တွင်ပြောခဲ့သော သူ့အပေါင်းအသင်းများသည် အင်္ဂလိပ်အခက်-တို့အချက်ဆိုပြီး လွတ်လပ်ရေးအတွက် လုံးပမ်းကြသည်။ သူ့အပါး။ သူ့မျက်စေ့အောက်မှာပင် ထိုသူများမနားမနေ အလုပ်များအလုပ်လုပ်နေကြသည်၊ တခါတွင် သူ့အား သခင်ဗဟိန်းက တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးထွက်ရာတွင် အဖော်အဖြစ်ခေါ်ဆောင်သွားခဲ့သည်။၊ သူသည်ရှမ်းပြည်အလှကို ငေးမောရင်း လိုက်ပါသွားခဲ့သည်၊ ထိုအခေါက်တွင် သူတို့သည် တရုတ်ကွန်မြူနစ်များကို့တော့ မတွေ့ခဲ့ရ၊ ရှမ်းပဒေသရာဇ်တို့၏မတရားမှုကိုသာ တွေ့ခဲ့ရလေသည်။
 

ဂျပန်ခေတ်ရောက်ပြန်တော့လည်း သူ့ကိုသခင်အောင်ဆန်း၊ သခင်သန်းထွန်းစသူတို့က ဂိုလ်ဒင်ဗယ်လီ -ရွှေတောင်ကြားလမ်းတွင် သူ့အားစန္ဒရားတီးစေသလို နိုင်ငံရေးတာဝန်လည်းပေးခဲ့ကြပြန်သည်။ သူမငြင်းသာ။ သို့သော် လက်နက်ကိုင်ပြီး ဂျပန်တော်လှန်ခြင်းကို သူ မလုပ်တတ်၊ သူ့အလုပ်မဟုတ်။ သူနှင့်လက်နက်မှာ ဘုန်းကြီးနှင့်ဘီးဖြစ်၏။ ထို့ကြောင့် သူသည် မြေအောက်လုပ်ငန်းများတွင် ပါဝင်ခဲ့လေသည်၊
 

ဒုတိယကမ္ဘာစစ်ပြီးလို့ ဗမာနိုင်ငံသားတွေ လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြသောအခါတွင် ဆရာဒဂုန်တာရာသည် မာက်စ်ဝါဒကို အတော်လေ့လာမိပြီးဖြစ်နေသည်၊ ထို့ပြင် ထိုစဉ်က မာ့က်စ်ဝါဒီများနှင့်လည်း လည်ပင်းချင်းဖက်နေပြီဖြစ်သည်။ သို့ဖြင့် သူသည်သူသန်ရာစာပေနယ်တွင် တခေတ်ထူတော့သည်။ စာပေသစ်ခေတ်။ သူ့ တာရာမဂ္ဂဇင်းသည် နောင်ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ထွန်းတောက် အလင်းရောင်ပေးနေခဲ့သည်၊ ထုတ်ပြီးနောက် နှစ်ပေါင်း ၃-၄ဆယ်ကျော်သော အခါတွင် စာပေ၀ါသနာပါသူများက တာရာမဂ္ဂဇင်းအဟောင်းများကို ဈေးကြီးပေးကာ တခုတ်တရ ၀ယ်ယူစုဆောင်းနေကြသည်။
 

သို့သော် သူ့စာပေခရီးသည် ပန်းခင်းသောလမ်းမဟုတ်ချေ။ စကတည်းက ဘက်စုံမှတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အစိုးရအားကိုးဖြင့်တိုက်သူ၊ အဖွဲ့အစည်းအားကိုးဖြင့်တိုက်သူ၊ သံရုံးအားကိုးဖြင့်တိုက်သူ၊ တိုက်သူတွေကတကယ့်ကို စုံမှစုံ ဖြစ်သည်။ တလောက စာရေးဆရာနီကိုရဲက ဆရာ့ကိုတိုက်သည်ကို မြင်ရသောအခါ ရယ်ချင်မိသည်။ ဆရာ့အဖို့ တိုက်ခိုက်ခံရခြင်းဆိုသည်မှာ အဆန်းမဟုတ်။ နောက်ပြီး ဆရာ့ကို တချိန်ကတိုက်ခိုက်ခဲ့သူများမှာ နီကိုရဲလို သာမညောင်ည ကလောင်ရှင်များမဟုတ်။ ထိုစဉ်က ဗမာပြည်စာပေလောက၏ ထိပ်တန်းရောက်နေသူများပါဝင်သည်၊ (နာမည်တွေမဖော်တော့ပါ) သို့သော် ဆရာက ထိုသူများနှင့် အခြေအတင်ငြင်းခုံနေမှုတွင် အချိန်ဖြုန်းတီးတာမလုပ်၊ သူလုပ်စရာရှိသည်ကိုသာ လုပ်သည်။
 

ထို့ပြင် ဆရာသည် “စာပေနှင့်နိုင်ငံရေးမရောယှက်သင့်”ဟူသော ပြောဆိုတိုက်ခိုက်မှုများ အကြားကပင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအပါးမှာ မားမားရပ်ခဲ့သည်။ ဗိုလ်ချုပ်ကျော်ဇော၊ ဗန်းမော်တင်အောင်၊ ဒေါက်တာဆင်ဖိုး၊ ၀တ်လုံဦးထွန်းတင်စသူတို့နှင့်အတူ ဗောဓိပင်ရုပ်ပုံပါအလံအောက်တွင် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သည်၊ ထိုစဉ်ကခေတ်စားခဲ့သော ကိုမြတ်လေး၏သီချင်းတပုဒ်ထဲကလိုပင် သူသည် ‘ငြိမ်းချမ်းရေးအတွက် အေးလျက်မနေသာပြီ’ဖြစ်ခဲ့သည်။
 

စာရေးဆရာအသင်း။ စာပေသမဂ္ဂစတာတွေမှာလည်း သူဟာသူ ယုံကြည်ရာအမှန်တရားဖက်က မတုန်မလှုပ် ရပ်တည်သူဟု နာမည်ရခဲ့သည်။ သူ့ကိုစာပေသဘောတရားအရ၊ နိုင်ငံရေးအရတိုက်ခိုက်လို့ မနိုင်ကြသောအခါ လူပုဂ္ဂိုလ်အရတိုက်ခိုက်ခြင်းများပင်ပြုလုပ်ခဲ့ကြသည်။ သို့သော် ဆံပင်ဖြူဖြူ။ မျက်စေ့မှုံမှုံနှင့်လူကြီးကတော့ ၂၁ရာစုနှစ်အတွင်းသို့ ပန်းပန်လျက်ချီတက်ခဲ့သည်။ နှစ်စဉ် သူ့မွေးနေ့ ရောက်တိုင်း စာပေအနုပညာသည်များက သူ့ကို သွားပြီးဂါရ၀ပြုနေကြသည်။ အနီတစ္ဆေ အမြဲအခြောက်ခံနေရသော ဖဆပလအစိုးရနှင့် မဆလအစိုးရတို့သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်နိုင်ငံတွင် မက္ကာသီဝါဒဖြင့် ကွန်မြူနစ်နှိမ်နင်းရေးလုပ်ခဲ့သလို ဗမာပြည်တွင်လည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို အရေးကြီးလုပ်ငန်းကြီးတရပ်အဖြစ် လုပ်ခဲ့ကြသည်။ ထိုအာဏာရှိသူများက သူ့ကို‘အနီ’ဟုသတ်မှတ်ကာ မျက်စေ့ဒေါက်ထောက်ကြည့်နေခဲ့သည်။ ၀န်ကြီးကလှောင်၊ သံရုံးကပြောင်ခြင်းများခံခဲ့ရသည်။ ၁၉၆၃ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပျက်သောအခါ သူ့ကိုအင်းစိန် ထောင်ထဲ ထည့်လိုက်ကြလေသည်။ သူကတော့ဆိတ်ဖလူးနံ့ကိုသာ အာရုံပြုနေခဲ့သည် ဟု ဆိုသည်။
 

ဆရာဒဂုန်တာရာ့ဘ၀ကို ပြန်ကြည့်လိုက်ရင် ဗမာပြည်လိုနိုင်ငံမှာ ကိုယ့်လိပ်ပြာကိုယ်ရှက်တတ်သူ တယောက် ဘယ်လို ဘယ်ပုံနဲ့လက်ဝဲစာရေးဆရာဟုအသတ်မှတ်ခံလာရသည်၊ လူထုတိုက်ပွဲတွေထဲ ပါလာသည်၊ ထောင်ထဲရောက်ရသည်ဆိုတာတွေကို တွေ့ရပါမည်၊ တရုတ်စကားတွင် ‘သူရဲကောင်းဆိုတာ တွန်းပို့ခြင်းခံရသူ’ဟူသော အဆိုတခုရှိပါသည်။ ဆရာမှာ ကဗျာလေးရေး။ ပန်းချီလေးဆွဲ။ စန္ဒရားလေးတီး နေချင်သော်လည်း ထောင်နှစ်ရှည်ကျရသည်အထိ နိုင်ငံရေးလုပ်လာသည့်ဘ၀ကိုရောက်လာပုံ တွေ့ရပါမည်၊ ထို့ပြင်သူ၏ နိုင်ငံရေးတွင်ပါဝင်မှုမှာလည်း ဒုတိယကမ္ဘာစစ်အစပိုင်းမှစလို့ ထောင်ထဲရောက်တဲ့အထိ တဆင့်ပြီးတဆင့် မြင့်တက်လာသည်။ နိုင်ငံရေးနယ်ပယ်နှင့် အဝေးကနေ အနီးသို့ရောက်လာခဲ့သည်၊ အပြင်ကနေ အတွင်းသို့ရောက်လာခဲ့သည်။
 

ဤစာကိုရေးရင်း ကျနော့်ဖာသာအချက်တချက် စဉ်းစားနေမိသည်။ စာဖတ်သူလည်း စဉ်းစားကြည့်စေ ချင်ပါသည်၊
အကယ်၍သာ ဒဂုန်တာရာဆိုသောပုဂ္ဂိုလ်ကြီးသည် သခင်အောင်ဆန်း။ သခင်ဗဟိန်း။ သခင်သန်းထွန်း စသူတို့နှင့် မပေါင်းမိခဲ့လျှင်-
အကယ်၍သာ ဒဂုန်တာရာသည် တာရာမဂ္ဂဇင်းကို မထုတ်ဝေခဲ့လျှင်-
အကယ်၍သာ ဒဂုန်တာရာသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နောက်က မလိုက်ခဲ့ဘူးဆိုလျှင်-
အကယ်၍သာ ဒဂုန်တာရာသည် ဆိတ်ဖလူးနံ့သင်းသောနေရာသို့ ရောက်မသွားခဲ့လျှင်-

တာရာလင်းယုန်
(၂၀၀၈ခုနှစ်တုန်းက မာယာဝက်ဘ်ဆိုက်မှာတင်ခဲ့တဲ့ဆောင်းပါးလေးပါ)

အတိတ်ကိုကြောက်သူတွေ (၈၈ ဗကသ ကျေင်သားဟောင်း)

0 comments
အတိတ်ကိုကြောက်သူတွေ ( ၈၈ ဗကသ ကျေင်သားဟောင်း Zaw Win ရဲ့စာပါခင်ဗျ)
စကားပုံတခုရှိတယ်။ သူတော်ကောင်းတွေမှာ အတိတ်ရှိတယ်။ သူယုတ်မာတွေမှာ အနာဂတ်ရှိတယ် တဲ့။ စကားပုံက ဆိုချင်တာကတော့ သူတော်ကောင်းတွေဟာ သူတို့ဘဝတလျှောက်မှာ ကောင်းတာတွေကိုပဲ အများအပြားလုပ်ခဲ့ဖူးတော့ သူတို့အတိတ်ဟာလှပတယ်။ ပြန်တွေးချင်စရာ လွမ်းစရာတွေသိပ်များတယ်။ ဒါ့ကြောင့် သူတော်ကောင်းတွေမှာ အတိတ်ရှိတယ်။ သူယုတ်မာတွေကတော့ သူတို့တသက်မှာ သူတပါးကို မတရားလုပ်ခဲ့တာ၊ မမှန်မကန်လုပ်ခဲ့တာတွေကများနေတယ်။ သူတို့မှာ စည်းစိမ်ခံစားခဲ့ရတာ၊ ကာမဂုဏ် အာရုံတွေနဲ့ပျော်ပါးခဲ့တာ၊ သူတပါးအပေါ် သြဇာအာဏာပေးခဲ့တာတွေရှိပေမယ့် အဲဒီအရာအားလုံးဟာ မကောင်းမှုတွေနဲ့ချိတ်ဆက်နေတော့ လွမ်းစရာမကောင်းဘူး။ ကြောက်စရာကောင်းနေတယ်။ ဒါကိုတခြားသူတွေထက် သူတို့ကိုယ်တိုင်က ပိုသိတယ်။ ဒီတော့ အတိတ်ကို ပြန်မတွေးချင်ဘူး။ အတိတ်ဟာ သူတို့ကိုခြောက်လှန့်နေတဲ့ တစ္ဆေဖြစ်တယ်။ အတိတ်ကို တယောက်ယောက်က ပြန်ဖော်မှာကို သေလုခမန်းကြောက်တယ်။

အတိတ်ကိုပြန်ဖော်မှာကို သေလောက်အောင် ကြောက်သူတွေဟာ လူယုတ်မာတွေဖြစ်တယ်။ အတိတ်မှာ သူတို့မကောင်းမှုများစွာ ကျူးလွန်ခဲ့ကြတာကို သူတို့ဖာသာ သိကြသူတွေဖြစ်တယ်။ ကျနော်တို့ ဗမာပြည်မှာ စစ်အာဏာရှင်တွေက နောက်ကြောင်းမပြန်ရဆိုပြီး အခြေခံဥပဒေမှာ အဓမ္မထည့်သွင်းတယ်။ အဲဒီအခြေခံဥပဒေကို မတရားမဲခိုးပြီး အတည်ပြုတယ်။ အဲဒီနောက်မှာ အတိတ်အကြောင်းပြန်ပြောသူ
မှန်သမျှကို ရန်သူလို့သဘောထားတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ သိပ်ရှင်းပါတယ်။

စကားပုံကထွက်ပေါက်ပေးထားတယ်။ သူယုတ်မာတွေမှာ အနာဂတ်ရှိတယ်တဲ့။ ဆိုချင်တာက သူယုတ်မာတွေဟာ မကောင်းမှုမျိုးစုံနဲ့ ပြည့်နှက်ထုံမွှမ်းနေတဲ့အတိတ်သာရှိလို့ သူတို့ဟာ အကုသိုလ်တုံးကြီးတွေဖြစ်နေပေမယ့် သူတို့ဟာ အနာဂတ်မှာ ကောင်းတာလေးတွေလုပ်မယ်ဆိုရင် မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောထားတာဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်လုပ်ခဲ့တဲ့ကံဆိုတာက လှည်းသွားတဲ့နောက်မှာ လှည်းဘီးရာပါနေသလို တကောက်ကောက် လိုက်နေတာဆိုတော့ ဖြတ်ဖို့ခက်တယ်။ အတိတ်ကမကောင်းမှုကို ဖုံးဖိဖို့ကြိုးစားရင်း နောက်မကောင်းမှုကို ပြုမိတတ်ကြတယ်။ vicious circle လို့ခေါ်တဲ့ အဆိုးသံသရာစက်ဝိုင်းကနေ ရုန်းမထွက်နိုင်ကြဘူး။ အဲဒီ အဆိုးသံသရာစက်ဝိုင်းက ရုန်းထွက်နိုင်ဖို့ဆိုရင် ပြီးခဲ့တဲ့အမှားကို ဝန်ခံရတယ်။ ဝန်ချတောင်းပန်ရတယ်။ ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံယူပြီး အပြစ်ကိုဆေးကြောရတယ်။ အဲဒီအလုပ်ကို ရှောင်ဖယ်ဖို့ကြိုးစားနေသမျှမှာ နောက်ထပ်မကောင်းမှုတွေကို မလွှဲမရှောင်သာ ထပ်လုပ်ရတော့မှာပဲ။ အတိတ်က မကောင်းမှုတွေကို လိမ်လည်တယ်၊ ဖုံးဖိတယ်၊ ကာကွယ်တယ်ဆိုတာမျိုးဟာ နောက်ထပ် မကောင်းမှုမလုပ်ဘဲ မဖြစ်နိုင်ဘူး။ အဲဒါမျိုးတွေဆက်လုပ်ပြီး ထပ်ကာထပ်ကာမိုက်နေမယ့် သူယုတ်မာတွေအတွက်တော့ အတိတ်ရော၊ အနာဂတ်ရော မရှိဘူး။

ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဟာ ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ရေးမရှိဘဲ မဖြစ်နိုင်ဘူးလို့ ကျနော်တို့က ထပ်ဖန်တလဲလဲ ပြောနေတာဖြစ်တယ်။

အတိတ်ရဲ့ အကျဉ်းသားမဖြစ်စေနဲ့လို့ပြောတဲ့လူ ၂ မျိုး ၂ စားရှိတယ်။ တမျိုးက ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ ဗိုလ်ချုပ်သန်းရွှေတို့လို အများပြည်သူလူထုအပေါ်မှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့လူစားတွေ။ တနေ့က မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်မင်းအောင်လှိုင် ထည့်ပြောသွားတာကို ကြားလိုက်ကြမှာပါ။ အဲဒီလိုလူတွေထဲမှာ သူရရွှေမန်းတို့ သူရအောင်ကိုတို့လည်းပါတယ်။ သူတို့ဟာလည်း ဘက်ပြောင်းဟန်ဆောင်နေကြပေမယ့် သူတို့အတိတ်ကို သူတို့ပြန်မကြည့်ရဲတဲ့သူတွေပဲ။

ဒုတိယတမျိုးကတော့ ဒေါ်အောင်ဆန်းစုကြည်တို့လို ဦးနုတို့လို မူမဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ချင်တဲ့သူတွေ ဖြစ်တယ်။ သူတို့က ပြီးခဲ့တာတွေကိုမေ့လိုက်ရင် သင်ပုန်းချေလိုက်ရင် အားလုံး အသစ်ကပြန်စလို့ရမယ်လို့ ထင်နေကြတယ်။ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့လူတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိတာကတကြောင်း၊ မတရားမှုကို တကယ် ဆိုးဆိုးဝါးဝါး ခါးခါးသီးသီးခံခဲ့ရတဲ့သူတွေက သူတို့ကိုယ်တိုင် မဟုတ်တာလည်းတကြောင်းမို့ လွယ်လွယ်နဲ့မေ့ပစ်လိုက်စေချင်တယ်။

စစ်အာဏာရှင်တွေကို တည့်တည့်မရင်ဆိုင်ရဲတာကြောင့် တရားမျှတမှုဖော်ထုတ်ဖို့ဟာ သူတို့အတွက် အခက်ကြီးခက်နေတယ်။ သူတို့အတွက် လွယ်တဲ့လမ်းက မေ့လိုက်ပါ၊ အသစ်ကပြန်စရအောင်ဆိုတဲ့ လမ်းပဲ။ အားနည်းပျော့ညံ့တဲ့သူဟာ အလွယ်လမ်းကို လိုက်စမြဲပဲ။

တပါးသူတွေကို အတိတ်ရဲ့အကျဉ်းသားလို့စွပ်စွဲနေတဲ့ သူတို့တတွေဟာ အမှန်တရားကိုရင်မဆိုင်ရဲတဲ့ အသည်းငယ်သူ လူကြောက်တွေဖြစ်နေကြတယ်။ ကိုယ်တိုင်အပြစ်ကျူးလွန်လို့ မရင်ဆိုင်ရဲတဲ့သူရှိတယ်။ လက်နက်အင်အားကိုကြောက်လို့ မရင်ဆိုင်ရဲတဲ့သူရှိတယ်။

ဒါပေမယ့် သမိုင်းကြောင်းနဲ့ချီပြီး ဖြစ်ခဲ့တဲ့အဖြစ်တွေကို ပြန်မလှန်ပဲ၊ မဖြေရှင်းဘဲ ရှေ့ဆက်တိုးလို့မရဘူးဆိုတာ ခုတော့ သူတို့ တဖြည်းဖြည်းသဘောပေါက်လာပြီ။ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဟာ သက်သေပဲ။

ပြီးခဲ့တဲ့ ၂၁ ပင်လုံမှာ နိုင်ငံရေးမဆွေးနွေးဘူး၊ လုံခြုံရေးမဆွေးနွေးဘူးဆိုပြီး အကြောက်တရားနဲ့ ပုန်းရှောင်ခဲ့ကြတယ်။ အခုတော့ ဒါဟာ အမှန်တရားကို ရင်ဆိုင်ရမှာကြောက်လို့ သက်သက်အချိန်ဖြုန်း၊ ငွေဖြုန်း ပုန်းကွယ်နေတာပဲဆိုတာ သူတို့ဖာသာ တဖြည်းဖြည်း သဘောပေါက်စပြုလာပြီ။

နိုင်ငံရေးသမားတယောက်အနေနဲ့ အမှန်တရားကိုရင်ဆိုင်ဖို့ရာ သိပ်ခက်ခဲလာပြီဆိုရင် လုပ်လေ့ရှိတဲ့ နည်း ၂ နည်းရှိတယ်။ ပထမနည်းက ပြည်သူလူထုရဲ့အကူအညီကို ရယူတဲ့နည်း။ ဒုတိယနည်းက ပြည်သူလူထုကို လိမ်ညာတဲ့နည်းပဲ။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း