Wednesday, August 29, 2018

ကျနော်နဲ့ဘားမားရုဒ်(အပြင်လူရဲ့ဘားမားရုဒ် ၅)

0 comments
ကျနော်နဲ့ဘားမားရုဒ်
သိတ်မကြာသေးခင်က အမေရိကန်နိုင်ငံခြားရေးဋ္ဌာနမှ အဆင့်မြင့်ပုဂ္ဂိုလ်တဦး ဗမာပြည်ခရီးစဉ်သွားခဲ့၏။ ဦးသိန်းစိန်အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြကြောင်း သတင်းများတွင်တွေ့လိုက်ရသည်။ ဦးသိန်းစိန်အစိုးရဘက်မှ “အမေရိကန် အစိုးရအနေဖြင့် သူတို့နှင့်ဆက်ဆံရေးကောင်းလိုလျှင် တိုင်းပြည်အမည်ကို Burma ဟု ခေါ်နေခြင်းအစား Myanmar ဟု
ပြောင်းခေါ်ရန်လိုကြောင်း”တောင်းဆိုခဲ့သည်ဟုလည်း သတင်းများတွင်ပါ၏။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတိုင်းလိုလိုက တိုင်းပြည်အမည်အား သူတို့ ခေါ်စေချင်၍ပြောင်းသည့်အတိုင်း မြန်မာဟုခေါ်နေချိန်တွင် အမေရိကန်က ဗမာပြည်ဟုသုံးစွဲနေခြင်းအား သူတို့ နှစ်မြို့ဟန်မရှိ။ ယင်းတို့ အာဏာလက်လွှဲယူလိုက်ပြီးကတည်းက လူထုလိုချင်သည့်၊ နိုင်ငံ၏ လက်ငင်းလိုအပ်ချက်ဖြစ်သည့်၊ သမိုင်း၏တောင်းဆိုမှုဖြစ်သည့် နိုင်ငံရေးအနှစ်သာရမှတပါး အရာရာကိုပြောင်း၏။ တိုင်းပြည်အမည်မှ အစ ကြိုးကြီးချိတ်အဆုံးဖြစ်၏။ ဤတွင် ကျနော့်ခေါင်းထဲ Burma Road က ဝင်လာ၏။
တနေ့ Bowen Center မှာ ဗမာ့ယဉ်ကျေးမှုအကြောင်း ဟောပြောပွဲလေးတခုလုပ်၏။ Terry Noon ဆိုသည့် အမေရိကန်မိတ်ဆွေက အဖေါ်လိုက်ပြီး နည်းနည်းပြောပါဆိုသဖြင့် အတူပါသွား၏။ ဟောပြောပွဲကအပြန် လမ်းပေါ်ရောက်တော့ သူက ဒီနားလေးမှာ Burma Road ဆိုတဲ့အမည်နဲ့ လမ်းလေးတလမ်းရှိတာသိလားဟု မေးလာ၏။ ကျနော်က သိကြောင်း၊ လာကြည့်မည်ဟု စိတ်ကူးသာရှိပြီးတခေါက်မှ
မရောက်သေးကြောင်းပြန်ပြောဖြစ်ရာ သူက ဒါဆိုအတော်ပဲ၊ သွားကြည့်တာပေါ့ဆိုသဖြင့် ရောက်ခဲ့၏။ အဲဒါပဲ Burma Road ဟုဆိုသည့်
သူ့အသံကြောင့် ကားအပြင်ကိုကြည့်လိုက်မိ၏။ ကင်မရာ ပါမလာသည့်အတူတူ ကားပေါ်မှလှမ်းကြည့်ပြီး ပြန်ရုံသက်သက်။
နောက်တခေါက် အမေရိကန်မိတ်ဆွေတယောက်နှင့် ရောက်ဖြစ်ပြန်၏။ သူက ဗမာ့နိုင်ငံရေးအခင်းအကျင်းကို အထိုက်အလျှောက် တီးမိခေါက်မိ ရှိရုံမက၊ ဖို့ဝိန်းရောက် မြန်မာပြည်သားဒုက္ခသည်များအရေးကိုလည်း တော်တော်လေးစိတ်ဝင်စားသူဖြစ်၏။ မြန်မာပြည်သားများနှင့်ဆိုင်သည့်၊ ကျင်းပသည့်ပွဲတိုင်းလိုလို လာတတ်သလို မှတ်တမ်းဗီဒီယိုများ၊ ဓာတ်ပုံများရိုက်ပြီး သူ့ဝက်ဘ်ဆိုက်မှာ တခမ်းတနားလည်းတင်၏။ ဖို့ဝိန်းမြို့မှာ HBO က Burma Soldier ကားကို အကြိုမိတ်ဆက်ပွဲ ပြမည်ဆိုစဉ်ကလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်၏။
သို့နှင့် သူ့အား “မင်း အချိန်ရတဲ့အခါ ငါ့ကိုဓာတ်ပုံရိုက်ပေးပါလား”ဟု အကူအညီတောင်းဖြစ်၏။ သူက လိုလိုလားလားနှင့် ရိုက်ပေးမည် ပြောရုံမက နောက်ခံသမိုင်းလေးပါ ရှာဖွေမေးမြန်းပေးမည်ဆို၏။ တနေ့ စီဒီကူးထားသည့်ဓာတ်ပုံများလာပေးရင်း သူ စုံစမ်းလို့ရသမျှ Burma Road နောက်ခံအကြောင်းလေးများပါ ပြောပြခဲ့၏။ သို့နှင့် သည်ဆောင်းပါးရေးဖြစ်သွား၏။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် Goshen အမည်ဖြင့် အမှတ် ၃၃ ပြည်နယ်တွင်း အမြန်လမ်းမကြီးတခုရှိ၏။ Burma Road က Goshen ပေါ်တွင်ရှိပြီးစက်ရုံအလုပ်များ ပတ်လည်ဝိုင်းထား၏။ မလှမ်းမကမ်းတွင် Showgirls ဆိုသည့် မိန်းမလှနှင့်ယမကာ မြည်းသည့်ဆိုင်၊ အမိုးနီ Red Inn ဆိုသည့်စားပွဲရုံ၊ အငှားဂိုဒေါင်များ၊ လူနေရပ်ကွက်များ၊ အခန်းတွဲအိမ်ယာများနှင့် စည်စည်ကားကား။
Goshes ကနေ ညာဘက်ချိုးလိုက်လျှင် Burma road။ သည်လမ်းလေးအတိုင်း ဆက်လျှောက်သွားက လမ်းမဆုံးခင် နောက်ထပ်ဘယ်ဘက် ချိုးဝင်သွားသည့် Tierney ဆိုသည့် လမ်းသွယ်လေးတခုရှိသေး၏။ ၁၉၄၃ ခုနှစ်တွင် Burma Road ဆိုသည့်အမည်ဖြင့် သည်လမ်းလေးကို နာမည်ပေးကင်ပွန်းတပ် ဆိုင်းဘုတ်တင်ခဲ့ချိန်က သည်လမ်းတွင် လူနေအိမ်တလုံးမှမရှိသေး။ ၁၉၄၄ ခုနှစ်ရောက်တော့မှ ပထမဆုံးအိမ်ကို စဆောက်ခြင်းဖြစ်၏။ ကျနော်ရောက်ချိန်တွင် တရပ်ကွက်လုံး အိမ်အပြည့်။ အိမ်လေးတွေက သပ်သပ်ရပ်ရပ် သန့်သန့် ပြန့် ပြန့် လေးတွေမို့  နေချင်စရာလိုဖြစ်နေ၏။ ဤရပ်ကွက်တွင် ဗမာပြည်သားမိသားစု မည်မျှနေထိုင်ကြသနည်းကိုတော့မသိ။
နောက်တခုက ဒီနေရာမှာ ဒီလမ်းလေးကို ဘာကြောင့် ဒီနံမည်ပေးခဲ့ရသလဲ။ ဘယ်သူ့စိတ်ကူးလဲ။ ထိုစိတ်ကူး ဘယ်လိုရခဲ့သလဲ။ ဖို့ဝိန်းနေ ဗမာပြည်သားတွေကရော သည်လမ်းကို Burma Road လို့ပဲ ဆက်တွင်နေစေချင်သလား။ Myanmar Road ဟု အမည်ပြောင်းစေချင်သူတွေရော မရှိနိုင်ဘူးလား။ ရှိမည်ဆိုလျှင်ရော ဘယ်နှရာခိုင်နှုန်းလောက် ရှိနေမလဲ။ အကယ်၍ Myanmar Road အဖြစ်ပြောင်းပေးပါဟုဆိုလျှင်ရော သက်ဆိုင်ရာက ပြောင်းပေးလေမလား။ ကျနော်သိချင်တာတွေရော တွေးချင်တာတွေပါ တွေးနေမိ၏။
ဖို့ဝိန်းက အင်ဒီယားနားပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး စီးတီးလိမစ်အတွင်းလူဦးရေ (၂)သိန်းခွဲ ဝန်းကျင်ခန့် ရှိ၏။ လူမျိုးစုံ၊ ဘာသာစုံ၊ စကားစုံသည့်မြို့ကလေး၊ လူဝင်မှုအနေအထားမျိုးစုံနှင့်ရောက်လာသည့် မြန်မာနိုင်ငံသား(၇)ထောင်ဝန်းကျင်ခန့် တစုတဝေး နေထိုင်ရာအရပ်။ တောမြို့လေးဖြစ်သည့်အလျှောက် နားအေးပါးအေးနှင့် တိတ်တိတ်ဆိတ်ဆိတ်။ ဗမာစာ၊ ဗမာဆေး၊ ဗမာပစ္စည်း၊ ဗမာဆိုင်များနှင့် ဗမာနံ့သင်းပြီး ဗမာပြည်အလွမ်း ဖျောက်ကောင်းသည့်အရပ်။
ကျနော်က ဗမာဗမာဆိုပြီးထပ်တလဲလဲသုံးသဖြင့် မြန်မာဟုသုံးရသည်ကို ခံတွင်းလိုက်သူများအဖို့ နားခါးစရာဖြစ်နိုင်၏။ ဤနေရာတွင် ဗမာနှင့်မြန်မာကိစ္စကို ပြောလိုရင်းမဟုတ်သော်လည်း ချက်မြုတ်မြေကို ဗမာပြည်ဟုပြောရခြင်းတွင် နှုတ်မြိန်သလို တယောက်ယောက်က ဗမာပြည်ဟုဆိုသံကြားလိုက်သည်လျှင်လည်း ကျနော်အဖို့ နားဝင်ချို၏။
နံမည်ဆိုသည်မှာ ပြောင်း၍ရ၏။ ပြောင်းလည်းပြောင်းကြ၏။ သို့သော် လူတယောက်နံမည်ပြောင်းခြင်းနှင့် တိုင်းပြည်တပြည်၏အမည်ကို ပြောင်းခြင်းကမူ ခြားနား၏။ မတူ။ လူနံမည်ပြောင်းခြင်းက ကာယကံရှင်၏ရွေးချယ်ဆုံးဖြတ်မှုဖြစ်ပြီး၊ လူထုနှင့် သမိုင်းနှင့်ဆိုင်သည့်အရာကို အမည်ပြောင်းခြင်းကား ထိုသို့မဟုတ်တော့။ လူထုသဘောထား ပါရလိမ့်မည်။ ငါ့မြင်းငါစိုင်းထင်တိုင်းကြဲပါမူ တိုင်းပြည်နှင့်လူထုအပေါ် နိုင့်ထက်စီးနင်းလုပ်ဆောင်ခြင်း ဖြစ်၏။
လူတဦးနံမည်ပြောင်းလိုက်ရုံဖြင့် သူ့ပင်ကိုယ်စရိုက်ဖျောက်မရသလို တိုင်းပြည့်အမည်ပြောင်းလိုက်ရုံဖြင့်လည်း လူမျိုး၏ဇာတိပုညဂုဏ်မာန ပျောက်မသွား။
ထို့ အတူ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ စသည်တို့လည်း သမိုင်းတည်သရွေ့ရှိနေရမည့် အမည်များသာဖြစ်နေ၏။ ထင်တိုင်း ပြောင်းလို့မရ။ လူထုသဘောထားအမြင်ပေါ် အခြေခံကို ခံရမည်၊ အမည်ပြောင်းလိုက်ပြီးစေဦး သမိုင်းကိစ္စပြောလျှင် သမိုင်းစကားဆိုလျှင် မူရင်းအတိုင်း ဖော်ပြသုံးစွဲရလိမ့်မည်။
ပြည်သူလူထုကို သမိုင်းနှင့်မျက်ခြေဖြတ်လိုခြင်း၊ လူထုနှင့်သမိုင်းအဆက်အစပ်ကို လက်စဖျောက်လိုခြင်းသည် ကောင်းသည့်ရည်ရွယ်ချက်မဟုတ်။ မယဉ်ကျေးသေးသော၊ သမိုင်းတန်ဘိုးဆိုသည်ကိုနားလည်လောက်သည့်အသိဉာဏ် မရှိသည့်သေးသော သဘောလက္ခဏာဖြစ်၏။
ကျနော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သမိုင်းနှင့်အတူသမိုင်းဝင်ခဲ့ သမိုင်းတွင်ခဲ့သည့်အမည်များသည် သမိုင်းနှင့်ရှင်သန်နေရမည် ဖြစ်၏။ အတွေးအခေါ်၊ နိုင်ငံရေး၊ သမိုင်းစသည်များနှင့်ဆိုလျှင် အစွဲအလမ်းကြီးခြင်းနှင့် အညှာလွယ်လွန်းခြင်းတို့သည် ကိစ္စကောင်းမဟုတ်ဟု ထင်၏။ သို့သော် ယုံကြည်ချက်အပေါ်ခိုင်မာခြင်းနှင့် အစွဲအလမ်းကြီးခြင်းသည် ကိစ္စတခုစီဖြစ်၏။ တွေဝေခြင်းနှင့် တည်ငြိမ်ခြင်း၊ ပျော့ညံ့ခြင်းနှင့် ပျော့ပျောင်းခြင်း၊ ခိုင်မာခြင်းနှင့်တင်းမာခြင်းတို့သည် တခါတရံတွင် ဝေခွဲရခက်၏။ ကျနော်တို့သည် အစွဲကြီးရန်မလိုသော်လည်း သမိုင်းဆိုင်ရာတန်ဖိုးကိုမူ သမိုင်းအမြင်နှင့်ကြည့်၍ သမိုင်းအဖြစ် တန်ဖိုး ထားကိုထားတတ်ရမည်ဖြစ်၏၊
ယခု ဗမာပြည်တွင် အပြောင်းအလဲများဖြစ်နေပြီဟု ဆိုသူတို့လည်းရှိ၏။ ထိုအထဲတွင် ဗမာကနေ မြန်မာလည်း ပါပါသည်။ အပြောင်း အလဲဟုဆိုရာ၌ ဗမာကနေ မြန်မာဟုပြောင်းပြောင်း၊ မြန်မာကနေ နောက်တခုခုကိုထပ်ပြောင်းပြောင်း နိုင်ငံရေးအနှစ်သာရမပြောင်းလျှင် ဘာမှမပြောင်း။ တိုင်းပြည်၏လက်ငင်းလိုအပ်ချက်နှင့် သမိုင်း၏တောင်းဆိုမှုသည် အနှစ်သာရပြောင်းရေးဖြစ်၏။ ဘာမှမပြောင်းခြင်းတွင် ဘာ အပြောင်းအလဲမှ မရှိခြင်းသည်မဆန်း။
ထို့ ကြောင့် ပြောင်းရန်လို၏။ သို့သော် နံမည်မဟုတ်။
မျိုးမြင့်ချို ဇွန်၊ ၃၊ ၂ဝ၁၁

0 comments:

Post a Comment