Monday, August 27, 2018

ဗကပနဲ့ ကျောင်းသားသမဂ္ဂ(ရဲဘော်ကျင်မောင်)

0 comments
ဗကပနဲ့ ကျောင်းသားသမဂ္ဂ
ဗကပ၏ဇာတိဇစ်မြစ်
တကသ၊ ဗကသနဲ့ တို့ဗမာအစည်းအရုံး(သခင်ပါတီ)တို့အထဲမှာ ဗကပ သန္ဓေတည်ပြီး ၁၉၃၉ မှာမွေးဖွားလာတာ ဖြစ်ပါတယ်။

ဗမာပြည်က ခေတ်ပညာတတ်တွေဟာ ၁၉၁၇ ရုရှားတော်လှန်ရေးအမြောက်သံကို ၁၉၂၀ မတိုင်မီကတည်းက ကြားပါတယ်။ ၁၉၂၀ လွန်တော့ ဗမာပြည်မှာ အိန္ဒိယကွန်ကွန်မြူနစ်ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့ လှုပ်ရှားမှုများကတဆင့်လည်း အောက်တိုဘာတော်လှန်ရေး၊ ဗော်လ်ရှီဗစ်ပါတီ ကွန်မြူနစ်ပါတီသဘောတရားများကို လေ့လာမှတ်သားရပါတယ်။ ဘိလပ်ပြန်များကယူလာတဲ့ မာ့က်စ် လီနင် စတာလင်တို့ရဲ့ ကွန်မြူနစ်သဘောတရားစာအုပ်များကိုလည်း လေ့လာရပါတယ်။ ဒီလိုနဲ့ (တကသ၊ ဗကသ) ကျောင်းသားတွေ၊ သခင်ပါတီထဲက သခင်ပါတီဝင် တွေဟာ မာ့က်ဝါဒလေ့လာရေးအစုအဖွဲ့များ ဖွဲပြီး မာ့က်ဝါဒလေ့လာကြပါတယ်။ စာအုပ်စာတမ်းရေးပြီး ထုတ်ဝေကြတယ်။

၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ်များနဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပြီးတဲ့နောက်မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီဖွဲ့စည်းဖို့ အခြေအနေပေးလာတယ်။ ဖွဲ့စည်းတော့ သဘာဝကျစွာပဲ လေ့လာရေးအုပ်စု ခေါင်းဆောင်တွေဟာ ဗကပရဲ့ခေါင်းဆောင်တွေ ဖြစ်လာကြတယ်။ အစုဝင်တွေက ပါတီဝင်တွေ ဖြစ်လာကြတယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက တိုးတက်တဲ့ နိုင်ငံရေးကျောင်းသားများဟာ တို့ဗမာအစည်းအရုံး (သခင်ပါတီ) ဝင်စမြဲပဲ။ ဒါကြောင့်ပဲ ဗကပရဲ့ခေါင်းဆောင်ရော၊ ပါတီဝင်တွေပါ သခင်ဘွဲ့ခံသူချည်း ဖြစ်လာရတာပဲ။

ကြုံကြိုက်လို့ အဖြစ်အပျက်ကလေးတခုကို ပြောချင်ပါတယ်။ KIO နဲ့ ဗကပ မဟာမိတ်ဖွဲ့တုန်းက ဖြစ်တာပါ။ ဗကပ က KIO ကို လက်နက်တွေကူညီခဲ့တယ်။ လက်နက်မပေးခင် KIA တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ ဒီမိုကရေစီလုပ်ငန်းစဉ်သဘောတရား သင်တန်းပေးတယ်။ သင်တန်းဆရာက “ဗကပသမိုင်း” ပြောတော့ ပါတီခေါင်းဆောင်တွေအားလုံးက သခင်ဘွဲ့ခံသူတွချည်း ဖြစ်နေတယ်။ နားကလောလာလို့ထင်ပါရဲ့။ KIA ဗိုလ်တယောက်က ထပြီးကောတယ်။ “သခင်ယေရှုတယောက်ပဲ ကြားဖူးတယ်။ ခုတော့ ဗကပမှာ သခင်တွေများလှချည်လှပါလား” လို့ပြောဖူးတယ်။

၁၉၄၅ အလွန် ဗကပရဲ့ရေသောက်မြစ်
ရေသောက်မြစ်က “ဗကသ”””အလုပ်သမားသမဂ္ဂ””တောင်သူလယ်သမားသမဂ္ဂ” စတာတွေဖြစ်တယ်။ သခင်ပါတီ တဇာတ်သိမ်းသွားပြီ။ ဖောက်ပြန်သွားပြီ။ အဲ့ဒီတုန်းက ဗကပလည်း ဥပဒေတွင်း O/G ပါတီဖြစ်သလို ဗကသ၊ အလုပ်သမား လယ်သမားသမဂ္ဂတွေလည်း တရားဝင်တွေချည်းဖြစ်တယ်။ ဒါ့ကြောင့် ဘာမှ လျှို့လျှို့ဝှက်ဝှက် လုပ်နေစရာမလိုဘူး။ ဗကပရဲ့ ကွန်ဖရင့်တွေ၊ အစည်းအဝေးတွေမှာ ဗကသကျောင်းသားတွေ တက်မြဲဖြစ်တယ်။ ဒါ့ကြောင့်လည်း ဘယ်ကျောင်းသားက ကွန်မြူနစ်ပဲဆိုတာကို အားလုံးကသိကြတာပဲ။ ဗကပရဲ့ တင်းကျပ်တဲ့စည်းမျဉ်းကို မလိုက်နာနိုင်တော့လို့ ကိုသန်းထွန်း (ဒေါက်တာ သန်းထွန်း) က ပါတီကထွက်ပြီး ကျောင်းဆရာလုပ်တယ်။ ပညာတော်သင်သွားဖို့လျှောက်တော့ ပညာသင်ရွေးချယ်ရေးအဖွဲ့က လူခေါ်တွေ့တယ်။ အဖွဲ့ဥက္ကဌဦးကျော်ငြိမ်းက သူ့ကို ကွန်မြူနစ်ယူဂျီ လုပ်နေတယ်လို့ သံသယဖြစ်ပြီး မေးမြန်းစစ်ကြောခဲ့တာပဲ။ မေးပုံဖြေပုံကို “ငါပြောချင်သမျှ ငါ့အကြေင်း” မှာ ဖတ်ရတယ်။

၁၉၄၈ အလွန်ကာလ
ဗကပ ပါတီက တောထဲရောက်သွားပြီ။ ဗကသ က တရားဝင်အဖွဲ့အစည်းပဲ။ အာဏာပိုင်တွေက “ဗကသ” ကို မယုံဘူး။ ဦးနုကစပြီး ဦးကျော်ငြိမ်း ဗိုလ်ခင်မောင်လေးတို့ကလည်း ရန်ဘက်လို့ပဲသဘောထားတယ်။ သူတို့က တချိန်က ဗကသခေါင်းဆောင်တွေချည်းပဲ။ ဒါပေမဲ့ ဗကသကို ရန်ဘက်လို့ပဲ သဘောထားတယ်။ ဗကသကို ဗကပ ယူဂျီလို့ပဲ သံသယရှိကြတယ်။
ဦးနုက ပါးစပ်နဲ့ပဲခြိမ်းခြောက်တယ်။ ဦးကျော်ငြိမ်းက သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဗိုလ်ခင်မောင်လေးကတော့ သူကိုယ်တိုင်သေနတ်ဖောက်ပြီး ခြိမ်းခြောက်တယ်။ ဒါက “ဗကသ” ခေါင်းဆောင်ဟောင်းတွေရဲ့ ရန်လုပ်ပုံဖြစ်တယ်။ စစ်အာဏာသိမ်းအစိုးရလက်ထက်မှာလည်း ဗကသကို ဗကပယူဂျီလို့ပဲ သံသယရှိတယ်။သူတို့က “ဗကသ”မှာ တခါမှမလုပ်ဖူးဘူး။ သံယောဇဉ်မရှိဘူး။ ဒါ့ကြောင့် သေနတ်နဲ့ခြိမ်းခြောက်ရုံတင်မကဘူး။ သေနတ်နဲ့ ပစ်တယ်။ ပစ်တာကလည်း သေအောင် ချိန်ပစ်တာ။ အစုလိုက်အပြုံလိုက်သေအောင် ပစ်တာပဲ။
ဒီလိုနဲ့ ဗကပလည်း မြေလျှိုးရပြီ။ မြေလျှိုးရတာ နှစ် ၅၀ နီးနေပြီ။ ရှေ့မှာလည်း မြေလျှိုးနေရမှာပဲ

ရှေ့တခေါ်မျှော်ကြည့်
ဗကပနဲ့ ဗကသ ရပ်တည်ချက်တူနေလို့ အမြင်တူ၊ အတွေးတူ၊ အလုပ်တူခဲ့ကြတယ်။ ရှေ့တခေါ်မျှော်ကြည့်တော့ “၂၀၀၈ အခြေခံဥပဒေ” နဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ကိစ္စဟာ ဘီလူးစည်း လူ့စည်းခွဲမယ့် စည်းကြောင်းဖြစ်မယ်။ ပြီးရင် အကြီးအကျယ် ပြန်လည်စုစည်းမှုကြီးဖြစ်မယ်လို့ ဗကပ က မြော်မြင်ပါတယ်။ ဘယ်သူတွေ ဘယ်လိုလုပ်ကြမယ်တော့ မပြောတတ်ပါ။ သတင်းတွေတော့ အများကြီး ကြားပါတယ်။ “ရွေးကောက်ပွဲ ဥပဒေ” ထွက်လာရင် ရှင်းလာပါလိမ့်မယ်။ ဒီတခါမှာလည်း ဗကပနဲ့ဗကသ အမြင်တူ၊ အတွေးတူ၊ အလုပ်တူကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ချီတက်ရမယ့်ခရီး ဝေးပါတယ်။ အခက်အခဲတွေ တင်းကျမ်းဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့ သံန္နိဌာန်ခိုင်မာစွာနဲ့ချီတက်ရင် ကျော်နင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဗကပရဲ့ နှစ် ၇၀ ပြည့် သဝဏ်လွှာဖြစ်ပါတယ်။ ဗကသ က ၇၃ နှစ်ပါ။ မကြာမီ ၇၅ နှစ်ပြည့်ပါမယ်။ ပိုမိုကောင်းမွန်တဲ့ တောက်ပတဲ့အနာဂတ်ကို ချီတက်ကြပါစို့။
ရဲဘော်ကျင်မောင်
၂၀၀၉ သြဂုတ်
ဒီဆောင်းပါးဟာ၂၀၀၉ ကနေ ၂၀၁၃ အတွင်းထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ်များထဲမှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့ ဆောင်းပါးများအနက်က တပုဒ်ဖြစ်ပါတယ်။ ကျနော် စာအုပ်ဖတ်ပြီး ကျန်သူတွေလည်း သိသင့်တယ်ထင်လို့ စာရိုက်ပြီး ပြန်တင်တာဖြစ်ပါတယ်။

0 comments:

Post a Comment