Monday, August 27, 2018

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရေးနဲ့ ပတ်သက်တဲ့အတွေးအခေါ် (ဆွေးနွေးချက်)ရဲဘော်ကျင်မောင်

0 comments
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရေးနဲ့ ပတ်သက်တဲ့အတွေးအခေါ်(ဆွေးနွေးချက်)
(၁)ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တဲ့အတွေ့အကြုံတွေ မိမိတို့မှာလည်းရှိပါတယ်။ ပြည်ပအတွေ့အကြုံတွေလည်း လေ့လာဖူးပါတယ်။ တွေ့ရှိရတာက ပိုပြီးကြီးကျယ်တဲ့ခြိမ်းချောက်မှုကြီ၊ အန္တရာယ်ကြီးကို နှစ်ဘက်စလုံးကမြင်ကြမှ၊ အသိအမှတ်ပြုကြမှ မိတ်ဆွေဖြစ်အောင် လုပ်ရေးအောင်မြင်တာပဲ။

၁၉၃၈-၁၉၃၉ က မိမိတို့နဲ့ အင်္ဂလိပ်ဟာ ရန်ဘက်ပဲ။ ဒါပေမဲ့ ဖက်ဆစ်ဝါဒရဲ့ခြိမ်းချောက်မှုကြီး အန္တရာယ်ကြီးပေါ်လာတော့ မိတ်ဆွေဖြစ်ရေးကို စတင်ပြီးကြိုးစားခဲ့တာပဲ။အင်္ဂလိပ်ဘက်က အင်တင်တင်လုပ်ခဲ့ပေမယ့် နောက်ဆုံးကြတော့ မိတ်ဆွေဖြစ်သွားကြတာပဲ။ ဒါဟာ ကိုယ်ပိုင် အတွေ့အကြုံဖြစ်တယ်။

ပြည်ပအတွေ့အကြုံလေ့လာတော့လည်း ဒီလိုပဲ တွေ့ရတာပါပဲ။ ရုရှားနဲ့အဂ်လိပ် ရန်ဘက်ဖြစ်နေတာကနေ ဟစ်တလာနာဇီတို့ရဲ့ ခြိမ်းချောက် မှုကြီး၊ စစ်အန္တရာယ်ကြီးကျရောက်လာတော့ မိတ်ဆွေဖြစ်သွားကြတယ်။ အိမ်နီးချင်းတရုတ်ပြည်ကို လေ့လာတော့လည်း ဒီလိုပဲတွေ့ရတယ်။ အခုဆိုရင် တရုတ်ပြည်ကွန်မြူနစ်ပါတီ (CPC) နဲ့ ကူမင်တန် (KMT) တကျော့ပြန်ပြီး မိတ်ဖက်ဖြစ်နေကြပြန်ပြီ။ ဘာ့ကြောင့်လဲ။ ပိုကြီးတဲ့ ခြိမ်းခြောက်မှုကြီးကို နှစ်ဘက်စလုံးက မြင်ကြလို့ပဲ။ နှစ်ဖက်စလုံးက မြင်ကြမှ၊ အသိအမှတ်ပြုကြမှလည်း အောင်မြင်တာပဲ။ တဘက်တည်းမြင်နေလို့တော့ ဘာမှဖြစ်မလာနိုင်ဘူး။

(၂) လက်တွေ့ကျကျ စဉ်းစားရမယ်။ နဝတ/နအဖ က NLD ကို “ဘုံရန်သူ” လို့ သတ်မှတ်ထားတယ်။ ထွက်သမျှစာနယ်ဇင်းတွေမှာ ရှေ့ဆုံးကနေပြီး ဖော်ပြခိုင်းထားတယ်။ ချေမှုန်းကြရမယ်လို့လည်း ဆိုတယ်။ ဒီလိုသဘောထားရှိသူကို မိတ်ဆွေဖြစ်အောင် ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် စေ့စပ်ဆွေးနွေးပြီး ရင်ကြားစေ့ရအောင်လို့ NLD က အာပေါက်မတတ်ပြောနေတာပဲ။ SPDC ဗိုလ်သန်းရွှေတို့ကတော့ အဲ့ဒီလိုမမြင်ဘူး။ “၂၀၀၈ အခြေခံဥပဒေ”ရဲ့အာဏာ သက်ရောက်လာရင် “ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတော်သစ်” ဖြစ်လာမယ်လို့ မြင်နေတယ်။ “ပြည်တွင်းပြည်ပ အဖျက်သမားတွေကို ဘုံရန်သူအဖြစ်” ချေမှုန်းပစ်ရမယ်လို့ ဆော်သြနေတယ်။ လက်တွေ့လည်း လုပ်နေတယ်။ အခုဆိုရင် အင်းစိန်ထောင်ထဲမှာ NLD ချေမှုန်းရေး လုပ်နေတယ်။ မိတ်ဆွေဖြစ်လာဖို့နေနေသာသာ ရန်ပွဲက ပိုပြီးကြီးလာမယ့် အနေအထားရှိနေတယ်။

(၃) သူ့ဘက်ကမမြင်ရင်လည်း မြင်တဲ့ဘက်ကလျှော့ပေးလိုက်လို့ပြောရင်တော့ အဲ့ဒါဟာ မူမဲ့တဲ့ကျေအေးရေးပဲ။ သစ္စာဖောက်မှုပဲ ဖြစ်လိမ့်မယ်။ မူပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်၊ နည်းနာမှာ ပျော့ပျောင်းဖို့ပဲ လိုတယ်။ မူမဲ့တဲ့ကျေအေးရေးလုပ်ရင် ပြည်သူကလက်မခံဘူး။ ဒဏ်ခတ် လိမ့်မယ်။ ဦးနု ပထစ အကျနာတာကို သင်္ခန်းစာယူရမယ်။ ဦးနုလည်း ရန်သူကိုမိတ်ဆွေဖွဲ့ခဲ့တာပဲ မဟုတ်ဘူးလား။ ဒီ့အရင်ကလည်း “စော စိန် မော်” အကျနာခဲ့တယ်မဟုတ်လား။

(၄) ရန်သူက မိတ်ဆွေဖြစ်ဖို့ဆိုရင် ပြည်တွင်းပြည်ပအဖျက်သမားအား ဘုံရန်သူအဖြစ်ချေမှုန်းကြဆိုတဲ့ သဘောထားကို ဖြုတ်ပေးတာက အစချီပါ။ ဒုတိယက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။ တတိယခြေလှမ်းက စေ့စပ်ဆွေနွေးပါ။ အဲဒီခြေလှမ်း သုံးလမ်း SPDC က လှမ်းရင် မိတ်ဆွေဖြစ်ဖို့ နီးစပ်ပါပြီ။ နအဖက ဒီခြေလှမ်း လှမ်းမယ့်အရိပ်အယောင်မတွေ့ပါဘူး။ ဒီခြေလှမ်း သုံးလမ်းလှမ်းရင် ဘယ်သူနဲ့မဆို မိတ်ဆွေဖြစ်မှာပဲ။

(၅) “လက်တွေ့နိုင်ငံရေး” ထောင့်က ချဉ်းကပ်ပြီးတဲ့နောက်မှာ အတွေးအခေါ်(အဘိဓမ္မာ) ထောင့်က ချဉ်းကပ်ကြည့်ကြပါဦးစို့။ ကွန်မြူနစ်တွေယုံကြည်တာက ဆန့်ကျင်ဘက်ချင်းပေါင်းစည်းရေး(ညီညွတ်မှု) ဟာ အခြေအနေတခုသာ ဖြစ်ပါတယ်။ ယာယီသာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရသာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ချင်း တိုက်ခိုက်မှုကတော့ အကြွင်းမဲ့ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီညွတ်မယ်ဆိုရင် ဘာအတွက် ညီညွတ်မှာလဲ။ ရန်ဖြစ်ရမှာ ကြောက်သွားလို့လား၊ ပျင်းသွားလို့လား၊ ကိုယ့်ဘက်ကရှုံးမှာပဲ ထင်လို့လား၊ အဲဒီလို ညီညွတ်ရေးမျိုးဆိုရင် ကြာရှည်မခံပါဘူး။ ကျနော်တို့ရဲ့ ဦးသိန်းဖေ(မြင့်)ဟာ ‘ရှက်ကိုး ရှက်ကန်းမာ့က်စ်ဝါဒီ” မာ့က်စ်ဝါဒီအဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်သွားရပါတယ်။ သူဟာ ဦးနု၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်းတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းကဆိုရင် ဗကပကို မတရာသင်း မကြောညာပဲ ထားပါသေးတယ်။ ဦးသိန်းဖေမြင့်က ဗကပကို အပိုင်စီးနိုင်မယ်ထင်လို့ပါ။

အဲ့ဒီ ဦးကျော်ငြိမ်းလှည့်ကွက်ကြောင့်ပဲ အထက်ဗမာပြည်မှာ ပြဿနာပေါ်ဖူးတယ်။ ကွန်မြူနစ်ဖမ်းပွဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ခရိုင်ခေါင်းဆောင်တွေ မတ် ၃ဝ ရက်နေ့မှာ “မိုးစပ်တောင်ဆွေးနွေးပွဲ” လုပ်တယ်။ သုံးခရိုင် မြင်းခြံ၊ စစ်ကိုင်း၊ ကျောက်ဆည်ကလူတွေ တက်ပါတယ်။ အမျာုးက လက်နက်ကိုင်တိုက်ဖို့ ပြောပါတယ်။ မြင်းခြံသံမဏိမောင်မောင်(ကိုအောင်သူ)ကတော့ ပါတီကို မတရားသင်း ကြေညာတာမဟုတ်ဘူး။ ဗဟိုကညွှန်ကြားချက်(လက်နက်ကိုင်တိုက်ပွဲတိုက်ဖို့) လည်း မရှိဘူး။ လက်ဝဲကျွံနေတဲ့ခင်ဗျားတို့ကိုသာ ဖမ်းတာပဲ။ မြို့ပေါ်မှာ ပါတီဆိုင်းဘုတ်တွေဖြုတ်မပစ်ပဲ ထားကြည့်ပါ။ ဒါ့ကြောင့် သူက မြင်းခြံပြန်မယ်။ ဗဟိုနဲ့ဆက်မယ်။ ခင်ဗျားတို့ကို လက်ဝဲကျွံလူတွေ အဖြစ် ပါတီကထုတ်ပစ်တဲ့ ကြေညာချက်ထုတ်မယ်ပြောပြီး မြင်းခြံပြန်သွားတာပါ။ နောက်ကျမှသိရတာက သူ မန္တလေးထောင်ထဲ ရောက်နေတယ်ဆိုတာ သိရတာပါပဲ။ ကိုသိန်းဖေအဖြစ်မရှိမှန်း ကိုကျော်ငြိမ်းသိမှ မတရားသင်းကြေညာတာပဲ။ ဒီကိစ္စရေးတာက NLD အစဉ်းစား မမှားဖို့ ရေးတာပဲ။

(၆) ခု ဖဆပလတို့၊ ဆိုရှယ်လစ်ပါတီတို့ ပြန်ပြီးထူထောင်မယ်ဆိုရင် နအဖအပေါ်(ထားတဲ့)  သူတို့ရဲ့သဘောထားလည်း သိရရင် အားပေးမှာပါ။ ဒါကို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပဲလို့ပြောရင် ရပါတယ်။ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိနိုင်ပါဘူး။ ဘယ်သမိုင်းတကွေ့မှာ ဘယ်လိုရပ်တည်လဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ပြည်ပရေးရာမှာဆိုရင်လည်း ဒီလိုပဲ ချဉ်းကပ်ရရပါမယ်။ သမိုင်းဆိုတာ နောက်ပြန်ရစ်ကြည့်လို့သာ ရပါတယ်။ ရှေ့ကိုရစ်ကြည့်လို့ မရပါဘူး။ ဒီကိစ္စ နောင်မှာဆွေးနွေးသင့် ဆွေးနွေးကြတာကောင်းပါတယ်။ ခုတော့ ပစ္စုပ္ပန်နဲ့အနာဂတ်ကိုပဲကြည့်တာ ကောင်းပါတယ်။

ရဲဘော်ကျင်မောင်
၂ဝဝ၉ သြဂုတ်
ဒီဆောင်းပါးဟာ၂၀၀၉ ကနေ ၂၀၁၃ အတွင်းထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ်များထဲမှာ ရဲဘော်ကျင်မောင်ရေးခဲ့တဲ့ ဆောင်းပါးများအနက်က တပုဒ်ဖြစ်ပါတယ်။ ကျနော် စာအုပ်ဖတ်ပြီး ကျန်သူတွေလည်း သိသင့်တယ်ထင်လို့ စာရိုက်ပြီး ပြန်တင်တာဖြစ်ပါတယ်။

0 comments:

Post a Comment