Monday, August 27, 2018

တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ် ကြည်ဝင်း

0 comments
တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်
ကြည်ဝင်း
အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ်(၁၂) မှာ ဖော်ပြမယ့်ဆောင်းပါး

ဒီနှစ် ဇူလိုင် ၆ ရက်နေ့မှာ အမေရိကန်က ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% စည်းကြပ်ဖို့ သတ်မှတ်ခဲ့တယ်။ တရုတ်ပြည်ကလည်း အလားတူပဲ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိ
အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်စည်းကြပ်မယ်လို့ ကြေညာခဲ့တယ်။ နောက်မကြာခင်မှာပဲ သမ္မတထရမ့်က ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်စာရင်းထုတ်ပြန်ပြီး အခွန် ၁၀% စည်းကြပ်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း ဒီလုပ်ရပ်ဟာ လုံးဝကျိုးကြောင်းမဆီလျော်ဘူး၊ လုံးဝလည်း လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တယ်။ ဒါ့အပြင် တရုတ်ပြည်အနေနဲ့ အလားတူ လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတထရမ့်ဟာ သမ္မတရွေးပွဲမဲဆွယ်ကာလကတည်းက တရုတ် - အမေရိကန်ကုန်သွယ်ရေးဟာ တရားမျှတမှုမရှိဘူး။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ငွေကြေးတန်ဖိုးကို ရှိသင့်တဲ့တန်ဖိုးထက် လျှော့ချသတ်မှတ်တဲ့နည်းအပါ အခြားနည်းပေါင်းစုံနဲ့ အမေရိကန်နဲ့ကုန်သွယ်ရေးမှာ မတရားအမြတ်ထုတ်နေတယ်။ ဒါကို လက်သင့်မခံနိုင်ဘူး စသဖြင့် ပြောဆိုမဲဆွယ်ခဲ့တာ ဖြစ်တယ်။ တရုတ် - အမေရိကန်ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က နှစ်စဉ် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ မှ ၆၀၀ အကြားအရှုံးပေါ်နေတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဉာဏပစ္စည်း (Intellectual Property IP) တွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသုံးစွဲနေတယ်လို့လည်း စွပ်စွဲပါတယ်။ ဒါတွေကို သူသမ္မတဖြစ်လာရင် ဖြေရှင်းမှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်လာတာလို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် နိုဝင်ဘာမှာကျင်းပမယ့် အမေရိကန်လွှတ်တော်နှစ်လည်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်နေတာကတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၇၈ မှာ တံခါးဖွင့်ပေါ်လစီစတင်ကျင့်သုံးခဲ့စဉ်ကစပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါပြီ။ မကြာခင်မှာ အမေရိကန်နေရာကို ၀င်ယူတော့မှာဖြစ်တယ်လို့လည်း အများက ခန့်မှန်းနေကြတာဖြစ်တယ်။ ဒါကြောင့် အမေရိကန်ဟာ လက်ဦးမှုယူပြီး တရုတ်ပြည်အပေါ် စီးပွားရေးထိုးစစ် စတင်လိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီနှစ် မတ်လမှာ အမေရိကန်နိုင်ငံထဲတင်သွင်းတဲ့ သံမဏိကို ၂၅% နဲ့ အလူမီနီယမ်ကို ၁၀% အခွန်စည်းကြပ်မယ်လို့ သမ္မတထရမ့်က ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကနေဒါ (သံမဏိအများဆုံးတင်သွင်းတဲ့နိုင်ငံ)၊ ဘရာဇီးလ် (ဒုတိယအများဆုံးတင်သွင်းနိုင်ငံ)၊ ဂျာမနီနဲ့တောင်ကိုးရီးယားစတဲ့နိုင်ငံတွေကို ဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့တယ်။ ဒါကြောင့် အမေရိကန်ရဲ့ အဓိကဦးတည်ချက်ဟာ တရုတ်နိုင်ငံပဲဆိုတာ ပိုထင်ရှားလာတယ်။

အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီက အဓိကအချက် ၃ ချက်လိုချင်နေတာ ဖြစ်တယ်။ ပထမအချက်အနေနဲ့ အမေရိကန်ဘဏ်ကြီးတွေနဲ့ကော်ပိုရေးရှင်းကြီးတွေဟာ တရုတ်နိုင်ငံတွင်းရှိ သူတို့လုပ်ငန်းတွေအပေါ် ပိုင်ဆိုင်ခွင့် ၅၁% ရပြီး နောက်ပိုင်းမှာ ၁၀၀% ပိုင်ဆိုင်ခွင့်အထိ ရချင်တယ်။ ဒုတိယအားဖြင့် နှစ်စဉ် အမေရိကန်ကုန်ပစ္စည်း အထူးသဖြင့် အနောက်အလယ်ပိုင်းဒေသထွက် (ရီဘတ်ပလီကန်ရဲ့အမာခံမဲဆန္ဒနယ်တွေဖြစ်တယ်။ တရုတ်နိုင်ငံကလည်း ဒီနယ်တွေကထွက်တဲ့ ပဲပုပ်၊ ဝက်သား စတာတွေကို ပစ်မှတ်ထားတယ်။) လယ်ယာထုတ်ကုန်တွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံဖိုး ထပ်ဝယ်စေချင်တယ်။ တတိယအချက်ကတော့ ဉာဏပစ္စည်းဆိုင်ရာဖြစ်တယ်။ တရုတ်နိုင်ငံတွင်းလုပ်ငန်းလာလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ပြည်ကို နည်းပညာမျှဝေပေးရတာကို ပယ်ဖျက်ပေးဖို့ ဖြစ်တယ်။ ဒါဟာ အမေရိကန် အထူးသဖြင့် ကာကွယ်ရေးနဲ့ထောက်လှမ်းရေးဌာနတွေက အစိုးရိမ်ဆုံးကဏ္ဍဖြစ်တယ်။ နောက်လာမယ့် နည်းပညာမျိုးဆက်တွေဖြစ်တဲ့ ၅ ဂျီ (5G) နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားမှာကို အထူးစိုးရိမ်နေကြတာ ဖြစ်တယ်။ ဒီကဏ္ဍတွေမှာ အမေရိကန်ကို တရုတ်က ကျော်တက်သွားရင် စီးပွားရေးမှာသာမက စစ်ရေးဘက်မှာပါ တရုတ်နိုင်ငံက အသာစီးရသွားမှာ ဖြစ်တယ်။ အမေရိကန်ရဲ့ စီးပွားရေးကော စစ်ရေးအရပါ ကမ္ဘာ့နံပါတ်တစ်နေရာကို တရုတ်က ၀င်ယူသွားမှာကို ကြိုစိုးရိမ်နေတာ ဖြစ်တယ်။ ဒီနံပါတ်တစ်နေရာကို နှစ်ပေါင်းများစွာရယူထားတဲ့ အမေရိကန်နိုင်ငံဟာ နည်းမျိုးစုံသုံးပြီး အသေအလဲကာကွယ်မယ်ဆိုတာ ဧကန်မုချပဲ ဖြစ်တယ်။ တရုတ်နိုင်ငံကလည်း နည်းပညာမှာ နောက်ကျကျန်ခဲ့လို့မဖြစ်ဘူးဆိုတာ သိတယ်။ ဒီ ၃ ချက်မှာ ပထမ ၂ ချက်ကို တရုတ်နိုင်ငံက လိုက်လျောနိုင်တယ်လို့ ဆိုတယ်။ တတိယဉာဏပစ္စည်းကဏ္ဍမှာ ထစ်နေတာ ဖြစ်တယ်။ နောက်ပြီး ထရမ့်ဟာ ဒီလွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမပြီးခင်မှာ မဲဆွယ်နိုင်ဖို့ တရုတ်ဖဲချပ်ကိုင် ကစားနေဖို့များတယ်လို့ ခန့်မှန်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တရုတ်နဲ့ဒီကြားထဲ သဘောတူညီချက်ရသွားဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုတယ်။

အခု အမေရိကန်နဲ့တရုတ် အပြန်အလှန် အခွန်တိုးကောက်နေကြတဲ့ ပမာဏဟာ တကယ်ပြောရရင် များလှတယ်လို့ မဆိုနိုင်ပါ။ တရုတ်နိုင်ငံက အမေရိကန်ထံတင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလျံနဲ့ သံမဏိနဲ့အလူမီနီယမ် ၂-၃ ဘီလျံ ပဲ ရှိပါသေးတယ်။ ၂၀၁၇ စုစုပေါင်း အမေရိကန်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ထရီလျံနဲ့ နှိုင်းယှဉ်ရင် များလှတာ မဟုတ်ပါ။
အခုလို အခွန်တိုက်ပွဲဖြစ်လာတာကြောင့် ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်သလဲ။ လောလောဆယ်တော့ တရုတ်အပါအဝင် နိုင်ငံအတော်များများရဲ့ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် ကျကုန်ပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်လာတာဟာ ကုန်သွယ်ရေးစစ်ပွဲကြောင့်သက်သက်တော့ မဟုတ်ပါ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်လိုက်တာကြောင့်လည်း ပါပါတယ်။ ဒီကုန်သွယ်ရေးစစ်ပွဲရဲ့ သက်ရောက်မှုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုများတယ်လို့ ပညာရှင်တဦးကတော့ ကောက်ချက်ပေးပါတယ်။ အထက်မှာဆိုသလို အခွန်တိုးကောက်တဲ့ ကုန်ပစ္စည်းပမာဏဟာ များလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံတွင်းမှာ စတော့ရှယ်ယာဈေးတွေ ကျပါတယ်။ အမေရိကန်စတော့ဈေးကတော့ အနည်းငယ်တက်တာ တွေ့ရတယ်။
တရုတ်နိုင်ငံဟာ ပို့ကုန်အပေါ်အဓိကမှီခိုပြီး စီးပွားရေးကြီးထွားအောင်လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြည်တွင်းစားသုံးအားကိုချဲ့ထွင်တဲ့နည်းနဲ့ စီးပွားရေးကြီးထွားစေတဲ့နည်းဘက် ပြောင်းလာနေတာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်အပေါ်မှီခိုတာဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ လျော့ကျလာခဲ့တာ တွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂၀၀၆ ခုနှစ်မှာ ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP) ရဲ့ ၃၅.၅% ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာတော့ ၁၈.၁% ပဲ ရှိတော့တယ်။ တရုတ်နိုင်ငံရဲ့ပြည်ပပို့ကုန်ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်က ၂၂.၆% ရှိပြီး ၂၀၀၈-၂၀၁၇ ဆယ်စုနှစ်မှာတော့ ၇.၉% ပဲ ရှိတော့တယ်။ အလားတူပဲ အမေရိကန်နိုင်ငံကို တရုတ်နိုင်ငံက တင်ပို့တဲ့ပို့ကုန်ကြီးထွားနှုန်းဟာ ၁၉၉၈-၂၀၀၇ ဆယ်စုနှစ်တုန်းက ၂၂% ရှိရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာတော့ ၇% ပဲ ရှိတော့တယ်။ ပြည်ပပို့ကုန်ဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို အဓိကမောင်းနှင်နေတဲ့ အင်ဂျင်မဟုတ်တော့ဘူး။ ဒါကြောင့် အခွန်တိုးကောက်တာကြောင့် တရုတ်နိုင်ငံရဲ့ပို့ကုန်ကျဆင်းမှုဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) အပေါ် သက်ရောက်မှု နည်းပါလိမ့်မယ်။

တရုတ်-အမေရိကန်ကုန်သွယ်မှုကိုကြည့်ရင် အမေရိကန်တင်ပို့ကုန်တွေက အများစု လယ်ယာထွက် ပစ္စည်းတွေနဲ့ အပြီးသတ်ကုန်ချောတွေ ဖြစ်တယ်။ အများစုက အမေရိကန်ကုမ္ပဏီပိုင်တွေ အမေရိကန်ပြည်တွင်းမှာပဲ ထုတ်လုပ်တာတွေဖြစ်တယ်။ ရာနှုန်းပြည့်အမေရိကန်ပိုင်လို့ ဆိုနိုင်တယ်။ တရုတ်ပြည်က တင်ပို့ကုန်တွေကျတော့ တခြားနိုင်ငံမျိုးစုံကလာတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တရုတ်ပြည်တွင်းမှာတပ်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေများတယ်။ တရုတ်ပြည်တွင်းရှိ အမေရိကန်ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲတွေရဲ့ ထုတ်ကုန်တွေလည်း ပါကြတယ်။ ဥပမာ တရုတ်ပြည်မှာတပ်ဆင်တဲ့ အိုင်ဖုန်းအိတ်စ် (iPhone x) မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေဟာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန်အပါ နိုင်ငံအတော်များများက ထုတ်တာတွေဖြစ်တယ်။ (iPhone x) ရဲ့ ထုတ်လုပ်တပ်ဆင်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၇၀ ဖြစ်တယ်။ အဲဒီတန်ဖိုးရဲ့ ၃-၆% သာ တရုတ်ပြည်နဲ့သက်ဆိုင်တယ်။ (iPhone x) လက်လီရောင်းဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာတပ်ဆင်ပြီး အမေရိကန်နိုင်ငံကို တင်ပို့တာကြောင့် အဲဒီ ၃၇၀ ဒေါ်လာက တရုတ်ပြည်ပို့ကုန်စာရင်းထဲဝင်သွားပေမယ့် တရုတ်နဲ့ဆိုင်တာက အဲဒီတန်ဖိုးရဲ့ ၃ - ၆% ပဲ ဖြစ်တယ်။ (iPhone x) က အခွန်တိုးကောက်တဲ့အထဲတော့ မပါပါဘူး။ ရှင်းပြရာမှာလွယ်ကူလို့ ဥပမာပေးတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တရုတ်ပြည်ပို့ကုန်ဆိုပြီး အခွန်တိုးကောက်တာမှာ တရုတ်နိုင်ငံတနိုင်တည်း ထိခိုက်မှာမဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတွေအပါ အခြားနိုင်ငံအတော်များများကိုပါ ထိလိမ့်မယ်ဆိုတာပါ။

သမ္မတထရမ့်က သံမဏိနဲ့အလူမီနီယမ်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုတာကို အမေရိကန်ပြည်တွင်း က သံမဏိနဲ့အလူမီနီယမ်ထုတ်လုပ်သူတွေက ကြိုဆိုကြပေမယ့် အဲဒီကုန်ကြမ်းကိုသုံးပြီး ထုတ်လုပ်နေတဲ့ အလုပ်ရုံစက်ရုံတွေအတွက်ကတော့ သတင်းဆိုးပဲ ဖြစ်ပါလိမ့်မယ်။ ဥပမာသံမဏိကို ကြည့်ပါ။ သံမဏိကိုသုံးပြီး ကား၊ ရထား၊ လေယာဉ်တွေ ထုတ်လုပ်တယ်။ အဆောက်အအုံတွေ၊ တံတားတွေ တည်ဆောက်ရာမှာလည်း သံမဏိချောင်းကိုသုံးရတယ်။ စက်မျိုးစုံထုတ်ရာမှာလည်း မပါမဖြစ်ဘူး။ အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းမျိုးစုံမှာ အလုပ်သမား ၆.၅ သန်းရှိတယ်။ သံမဏိထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာတော့ အလုပ်သမား ၁၄၀, ၀၀၀ ပဲ ရှိတယ်။ သံမဏိဈေးတက်ပြီဆိုရင် သံမဏိသုံးထုတ်ထားတဲ့ပစ္စည်းတွေလည်း ကျွဲကူးရေပါ တက်ကြမှာ ဖြစ်တယ်။ သိသာတဲ့ ဥပမာတခုပေးရရင် အမေရိကန်ထုတ် မော်တော်ကားတွေ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါ တပန်းရှုံးတော့မှာ ဖြစ်တယ်။

နေရောင်ခြည်ကနေစွမ်းအင်ထုတ်ပေးတဲ့ ဆိုလာပြားတွေမှာလည်း အလားတူတွေ့ရမှာ ဖြစ်တယ်။ အမေရိကန်မှာ ဆိုလာပြားထုတ်လုပ်မှုမှာ တိုက်ရိုက်လုပ်ကိုင်နေတဲ့အလုပ်သမားဟာ ၂, ၀၀၀ ပဲ ရှိတယ်။ ဒါပေမဲ့ ဆိုလာပြားတပ်ဆင်တာနဲ့ ထိန်းသိမ်းရေးအပိုင်းမှာတော့ အလုပ်သမားပေါင်း ၂၆၀, ၀၀၀ ရှိတယ်။ အခု အဲဒီလုပ်ငန်းဟာတုံ့ဆိုင်းနေပြီမို့ အဲဒီအလုပ်သမားတွေအတွက်တော့ ရင်လေးစရာပါ။
အခု ထရမ့်က ဒုတိယအကျော့အဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅% ကောက်မယ်လို့ ကြေညာလိုက်ပြန်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (US Trade Representative Office) မှာ အမေရိကန်ကုမ္ပဏီတွေနဲ့စက်မှုလုပ်ငန်းအုပ်စုကြီးတွေ ဒါဇင်ပေါင်းများစွာက လာရောက်အစစ်ခံရာမှာ အခွန်တွေ ဆက်တိုးကောက်နေမယ်ဆိုရင် သူတို့အနေနဲ့ မတတ်သာဘဲ ကုန်ဈေးနှုန်းတွေတိုးမြှင့်ရလိမ့်မယ်လို့ ထွက်ဆိုခဲ့ကြတဲ့ကြားက အခုလို ထပ်တိုးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံကလည်း ချက်ချင်းပဲ အခွန်တိုးကောက်မယ့်စာရင်းထုတ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံအပြင် တူရကီနဲ့လည်း အမေရိကန်နိုင်ငံသားတရားဟောဆရာကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ဖြစ်တယ်။ အဲဒါကို အကြောင်းပြုပြီး ဒဏ်ခတ်အရေးယူမှု လုပ်နေတာကြောင့် တူရကီနိုင်ငံသုံးငွေကြေးတန်ဖိုး ထိုးကျပြီး အကျပ်ဆိုက်နေတယ်။ ဒီထက်ပိုဆိုးမှာက အီရန်ဖြစ်တယ်။ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်စတဲ့နိုင်ငံတွေနဲ့ အမေရိကန်ပါ သဘောတူလက်မှတ်ထိုးထားတဲ့ အနုမြူဆိုင်ရာ အီရန်နဲ့သဘောတူစာချုပ်ကနေ အမေရိကန်က နုတ်ထွက်ခဲ့တယ်။ သူ့တနိုင်ငံတည်းသဘောနဲ့ စည်းကမ်းချက်အသစ်တွေ တောင်းဆိုတယ်။ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ကြေညာထားတယ်။ ဒီပိတ်ဆို့မှုကိုဖောက်ဖျက်ပြီး အီရန်နဲ့ ကုန်သွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေကိုပါ အရေးယူမယ်လို့ဆိုထားတာ ဖြစ်တယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်တယ်။

အခု ဖြစ်နေတဲ့ အမေရိကန် - တရုတ်ကုန်သွယ်ရေးစစ်ပွဲက အစပဲ ရှိပါသေးတယ်။ အရပ်ရပ်ကုန်သွယ်မှု ပမာဏနဲ့ ယှဉ်ရင်လည်း များလှတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးပိုင်ရှင်နဲ့ ဒုတိယအကြီးဆုံး စီးပွားရေးပိုင်ရှင်တွေအကြားမှာ ဖြစ်နေတာမို့ ဂယက်ကတော့ သေးမှာမဟုတ်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မို့ ဒီ ၂ နိုင်ငံအကြားမှာပဲ ပြီးသွားမှာလည်း မဟုတ်ပါ။
အခုလို အမေရိကန်က အခွန်တိုးကောက်နေတာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဆီ တရုတ်နိုင်ငံက တိုင်ကြားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (WTO)လည်း ဒီကိစ္စ ဖြေရှင်းပေးနိုင်မယ် မထင်ပါ။ ဖြေရှင်းချိန်ကလည်း တနှစ်ကျော်ကြာလေ့ရှိပါတယ်။ အခု ကုန်သွယ်ရေးစစ်ကနေ ငွေကြေးစစ်အထိ ဖြစ်သွားမယ်၊ ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲ ဖြစ်လာမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးသွားမှာ ဖြစ်ပါတယ်။ အခုကိုပဲ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒီကုန်သွယ်ရေးစစ်ပွဲကြောင့် ၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားမှု ထိခိုက်ကျဆင်းလိမ့်မယ်လို့ ထုတ်ပြန်လာပါတယ်။ တရုတ်ကအဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအစောကြီးကတည်းကလုပ်ထားတာဖြစ်တဲ့အတွက် တောင့်ခံနိုင်သော်လည်းတူရကီလိုအလယ်အလတ်ဖွံ့ဖြိုးဆဲနိုင်ငံတခုအဖို့အတော်ဖရိုဖရဲဖြစ်သွားတာ မြင်တွေ့ရပါတယ်။မည်သို့ပင်ဆိုစေကျွဲနှစ်ကောင်ကြားနိုင်ငံငယ်များက မြေဇာပင်ဖြစ်ကြမှာပါ။
ကြည်ဝင်း

0 comments:

Post a Comment