Tuesday, August 28, 2018

လယ်ကြွက်နှင့်လယ်စာရင်းငှား(မျိုးမြင့်ချို

0 comments
ကျနော်တခေါက် အိမ်ပြေးတော့ ဦးတာတီး ဒေါ်မြတင်တို့လယ်ပွဲမှာဖြစ်ပါသည်။ သူတို့လယ်ပွဲဆိုသော်လည်း သူတို့ပိုင်မဟုတ်ပါ။ သူတို့မှာ သူရင်းငှား(စရင်းငှား)များသာဖြစ်ပါသည်။
ငယ်သူငယ်ချင်းသိန်းစည် သူ့အကို ကိုဝင်းရွှေနှင့် သူတို့ညီမအငယ်ဆုံးလေး ပဲလှော်တို့ပါ လယ်ကုန်းတွင် လာနေကြပါသည်။ လယ်သိမ်းချိန် တလင်းသိမ်းချိန်အထိဖြစ်ပါသည်။

လယ်တဲနောက်တွင် ကန်လေးတကန်ရှိပါသည်။ ကန်ထဲတွင် ကနဖေါ့ ကညှို့ ကန်စွန်းရိုးနီ ကြာနီ ဥာဏ်ပင်နှင့် အခြားကျနော်မသိသော တို့စရာအပင်များရှိပါသည်။ ကွန်စိပ်လေးနှင့်တချက်လောက် အုပ်လိုက်လျင် ငါးပနော်လို ငါးဇင်ရိုင်းလို ငါးခူပေါက်လေးတွေလိုအပါအဝင် လည်ပုဇွန်လေးတွေ ပုဇွန်ဆိတ်လေးတွေလည်း တဟင်းခတ်ရတော့ပါသည်။

ညနေစောင်းပြီဆို ကိုဝင်းရွှေနှင့်ကျနော်သည် လည်ရှည်ဖိနပ်ကြီးတွေစီးကာ ကြွက်လည်ညှပ်တွေ တထမ်းကြီးထမ်းကာ မှဲ့ဝင်းနေသည့်စပါးခင်းတွေထဲ အသုတ်နှင်ကြပါသည်။ ကိုဝင်းရွှေက ကြွက်လမ်းကြောင်းတွေကြည့်ကြည့်ပြီး ညီလေး ဒီနေရာမှာ ဘိထောင်၊ ဒီနေရာမှာ လည်ညှပ်ထောင်ရတယ်ပြောကာ သူ့ဘာသာသူထောင်ပါသည်။ ကျနော်က မထောင်တတ်ပါ။ အကူသဘော လိုက်ဖြင်းဖြစ်ပါသည်။ ၄ နာရီလောက် ညှပ်တွေဘိတွေလိုက်ထောင်ရင်း နေညိုလာပါပြီ။ ကျနော်တို့ လည်ညှပ်တွေဘိတွေလည်း ကုန်ပါပြီ။

လယ်တဲကုန်းဆီပြန်လာကြသည့်အခါ ဒေါ်မြတင်က သွားကျိုးပါးကျိုးနှင့်ပြုံးပြီး လူလေး ပင်ပမ်းလာလားဟု ကျနော့်အားမေးပါသည်။ ထို့နောက် ငါးပိရည်တို့စရာ၊ လယ်ပုဇွန်ရင်ပုံသားပြုတ်တွေနှင့် ထမင်းပြင်ကာ တမိသားစုလုံးဝိုင်းထိုင်စားကြပါသည်။ တို့စရာကိုက်သည့်အသံမှာ အကျယ်ဆုံးဖြစ်ပါသည်။ ရေနွေးကြမ်းကလည်း ပါပါသေးသည်။ ကျနော်တော့ ထမင်းနှင့်ရေနွေးကြမ်း တွဲမသောက်တတ်သဖြင့် မသောက်ပါ။ တခါတလေ ငါးသနုတ်လေးတွေကို ငရုပ်သီးစိမ်းနှင့် အိုးကပ်လေးချက်ထားတတ်ပါသည်။

စားပြီနောက် ဦးတာတီး ကိုဝင်းရွှေတို့က တဲပြင်ထွက်ကာ ဂဠုန်ညီနောင်ဆေးလိပ် ကိုယ်စီဖွာကြချိန်တွင် ကျနော်နှင့်သိန်းစည်က ကန်စောင်းတွင်ထိုင်ရင်း အနော်ရထာကို ထိန်ပင်စောင့်နတ်က ကျွဲယောင်ဆောင်ပြီး ခတ်သည့်အကြောင်း၊ ပန်းဘဲမောင်တင့်တယ် တူတချက်ထုလျင် ဘယ်နှမိုင်ကကြားရကြောင်း၊ ကွင်းစောင့်နတ် ပုန်းမကျီနတ် စတာတွေပြောပါသည်။ ထိုအခါ ရှဥ့်မီးလေးနှင့် ပဲလှော်မက ကျနော်တို့နားထိုင်ရင်း ပါးစပ်လေးအဟောင်းသားဖြင့် နားထောင်ပါသည်။

ထိုအချိန်မှာ ဗျိုင်းတွေ အိပ်တန်းပြန်ချိန်ဖြစ်ပါသည်။ သိန်းစည်က စကားပြောနေရင်းတန်းလန်းမှ ထထပြီး ငါးခုံးမအသေလေးတွေထဲ ပေါ်တက်ထည့်ကာ သူဗျိုင်းထောင်ထားသည့်နေရာသို့ ထထကြည့်ပါသည်။ တခါတလေ တညနေထဲ ဗျိုင်း လေးငါးကောင်အထိရပါသည်။ ဗျိုင်းရလာလျင် ကန်စောင်းမှာတင် မောင်းချဓားလေးနှင့် ချက်ခြင်းရင်ခွဲ အူတွေအသဲတွေထုတ် အမွှေးဘာညာနှုတ်ပြီး ဒေါ်မြတင်ကို သွားပေးပါသည်။ ပိန်ညောင်ညောင်နိုင်သော်လည်း ဗျိုင်းသားမှာ စားလို့အလွန်ကောင်းပါသည်။ ပေါ်တက်နှင့်ထောင်သဖြင့် ဗျိုင်းတကိုယ်လုံးအဆိပ်မပြန့်ခင် ကလီစာတွေရှင်းထုတ်ရတာမှန်း အဲ့ဒီတုန်းက ကျနော်မသိပါ။

နောက်တော့ နေလည်းဝင် မိုးလည်းစုံးစုံးချုပ်ပါသည်။ ဦးတာတီး ဒေါ်မြတင်နှင့် ပဲလှော်မတို့က တဲအတွင်းက ၂ ပေလောက်မြင့်သည့် ဝါးကြမ်းခြင်းကွပ်ပျစ်ပေါ်အိပ်ကြပြီး ကျနော် သိန်းစည်နှင့် ကိုဝင်းရွှေက ကောက်ရိုးခင်းမြေအပြင်ပေါ်အိပ်ကြပါသည်။

ည ၁၂နာရီလောက်ကြတော့ ကိုဝင်းရွှေက ကျနော်နှင့်သိန်းစည်ကို အသာပုတ်နှိုးပြီး မီးအုပ်တွေ တောစီးဖိနပ်တွေနှင့် လယ်တွေထဲပြန်ထွက်ကြပါသည်။ ထိုအချိန်တွင် ချမ်းနေပါပြီ။ ရာသီလည်း အေးနေပါသည်။ ကျနော်တို့ ညနေကထောင်ခဲ့သည့်ဘိတွေ ချခဲ့သည့်လည်ညှပ်တွေကို လိုက်ဖြုတ်ကြပါသည်။ ဘိပိပြားနေသည့် လယ်ကြွက်ကြီးများရပါသည်။ တချို့ဘိများလည်း ဘာမှ ပိမနေပါ။ လည်ညှပ်ထိနေသည့်လည်ကြွက်ကြီးတွေရှိသလို ဘာမှမညှပ်မိသည်များလည်း ရှိပါသည်။ လိုက်ဖြုတ်ရင်း ပြန်သိမ်းရင်းနှင့် မနက်၎နာရီလောက်တွင် လယ်ကုန်းဆီပြန်ရောက်ပါသည်။

ထိုအချိန်တွင် ဒေါ်မြတင် နိုးနေပါပြီ။ ရေနွေးကြမ်းနှင့် ထမင်းလှော်လည်းလုပ်ထားပါသည်။ ငါးပိရည်လည်း အသင့်ဖြစ်နေပါသည်။ ကိုဝင်းရွှေက ရလာသည့်လယ်ကြွက်ကြီးတွေကို သူ့အားပေးပြီး ထမင်းလှော်စားကြပါသည်။ ကျနော်တို့ ထမင်းလှော်စားနေချိန်ရော စားပြီးနောက်ပြန်အိပ်ချိန်ရောအထိရော မိုးလင်းသည့်အထိ ကြွက်မီးမြှိုက် ကြွက်ကြပ်တိုက် ကြွက်ခေါင်းဖြတ် ကြွက်အရေခွာတွေလုပ်ပါသည်။

မနက် ၉ နာရီလောက်ရှိတော့ ဂျလောင်တခုထဲ ခေါင်းမပါသည့်ကြွက်ကြပ်တိုက်တွေကို သိန်းစည်က သယ်ပြီး ထောက်ကြန့်ဈေးထဲသွားရောင်းပါသည်။ တကောင်ကို ၂ ကျပ် ရပါသည်။ အပြန်တွင် ဒေါ်မြတင်မှာသည့် ငရုပ်သီးမှုန့် အချိုမှုန့် ငါးခြောက် ကုလားပဲစတာတွေဝယ်ပြီး ပိုငွေလေးကျစ်ကျစ်ဆုပ်ကာ လှည်းကူးထောက်ကြန့်ကားစီးပြီး ဘားလားချောင်းမှာဆင်း လယ်ကုန်းအထိပြန်လျှောက်လာပါသည်။

မနက်စာသည် နေ့တိုင်းလိုလို ကြွက်ခေါင်းဟင်းဖြစ်ပါသည်။ မနက်ကဖြတ်ထားခဲ့သည့်ကြွက်ခေါင်းများအား ငရုပ်သီးရှစ်စိတ်ကွဲလေးနှင့် အိုးကပ်လေးချက်ထားပါသည်။ အရည်သောက်မှာ လယ်ပုဇွန်ခပ်သည့် ကန်စွန်းနီချဉ်ရေဟင်းဖြစ်ပါသည်။ ငါးပိရည်ကျို တို့စရာလည်းစုံပါသည်။

ကျနော် စ စားကာစက အတော် ဒုက္ခရောက်ရပါသည်။ ကြွက်ခေါင်းတွေသည် သွားအပြူးသားကြီးတွေနှင့် သံပန်းကန်ပြားထဲက ကျနော့်ကိုကြည့်နေကြပါသည်။ သူတို့သွားကြီးတွေအရောင်လည်း ညိုတိုတိုကြီးတွေ ဖြစ်ပါသည်။ ချက်ပြုတ်လိုက်သဖြင့် မျက်နှာကြွက်သားတွေပုံပြောင်းကာ အပြင်သို့ခေါထွက်နေသည်မှာ ကြောက်စရာကြီးတွေလို ဖြစ်ပါသည်။ နားရွက်တွေကလည်း ထိုးထိုးထောင်ထောင်နှင့်နေပါသည်။ ဘယ်နေရာကနေ ဘယ်လိုစစားဖို့မပြောနှင့် သံပန်းကန်ထဲကကြွက်ခေါင်းပြူးတူးပြဲတဲတွေကြည့်ရင်း ကျနော်လန့်နေပါသည်။

ဤတွင် ဦးတာတီးက လူလေး ဒီမှာကြည့် အဘပြမယ်ဆိုကာ ကြွက်ခေါင်းချက်ကို ဘယ်လိုကိုင်ရ ဘယ်လိုကိုက်ရ ဘယ်လိုစုပ်ရကိုပြပါသည်။ ကျနော်လည်း သူပြောသည့်အတိုင်း လိုက်လုပ်စားတော့ သုံးလေးခုလောက်အပြီးမှာ အဆင်ပြေသွားပါသည်။ နောက်ဆို ကြွက်ခေါင်းဟင်းစားရ ကြွက်ခေါင်းကိုက်ရ သည်မှာ ဘာအခက်အခဲမှမရှိတော့ပါ။ လယ်ကြွက်ကြီးတွေမှာ အကောင်ကြီးပြီး ဆူဖြိုးသလောက် ဦးနှောက်သေးပါသည်။ ထို ဦးနှောက်သေးသေးလေးမှာ စားလို့အလွန်ကောင်းပါသည်။

လယ်ကြွက်ထောင်ရောင်းသည့် ဦးတာတီးတို့ ဒေါ်မြတင်တို့ ကိုဝင်းရွှေတို့ သိန်းစည်တို့ ပဲလှော်တို့ကား သေသာသွားရော လယ်ကြွက်တကောင်လုံးအသား စားဖူးသည်ဟုကျနော်မထင်ပါ။ ကျနော်ကတော့ ခု လယ်ကြွက်ခေါင်းစုပ်ချင်နေပါသည်။

0 comments:

Post a Comment