Tuesday, August 28, 2018

ဘာစန်းသီး အောင်မေသုနှင့်အမှတ်ရစရာများ (အပြင်လူရဲ့ဘားမားရုဒ် နံပတ် ၂)

0 comments
ဘာစန်းသီး အောင်မေသုနှင့် အမှတ်ရစရာများ
“နင့် နံမည်လေးက အတော်လှတာပဲ”ဟု ဆိုချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော ဦးလေး”တဲ့ “အင်း လူလား လူလည်းချောပါတယ်ဟာ”ဟု မယုတ်မလွန်ပြန်ဖြေမိသည်။
တကယ်က မစန်းသီသည် မိန်းမလှစာရင်းဝင်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့်အတိုင်း မျက်လုံးမျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်နှင့် ကြည့်ကောင်းသည်။ မဲသော်လည်း အသားအရည်စိုစိုပြေပြေရှိသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ ကြိုးစားပြောတတ်၏။ စာမတတ်၊ ကျောင်းမနေဖူး။ လမ်းထိပ် ထမင်းဆိုင်က တောက်တိုမယ်ရအလုပ်သမား။ နိုင်ငံရေးနှင့် စင်္ကြဝဋ္ဌာတခုစာလောက်ဝေးသူ။
၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု (မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်)ကိုမြင့်(ထောက်ကြန့် )၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး(ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့် ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။
ကျနော်တို့က သူ့ကို ဦးသုဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ကျနော်လည်း မမေးမိခဲ့။ ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင်ဆုံး။ ကျွန်းပြန်။ (၉)တန်းကျောင်းသားဘဝမှစတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ် ကန်သင်းများ တင်းကြမ်း။ မဆလတခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကို အပမ်းတကြီးထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေး ခပ်ယိုင်ယိုင်၊ အူကျရောဂါ ဆိုးဆိုးရွားရွား၊ ထောင်ဝင်စာဆိုသည် ကလည်း လာတချက် မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မညီးညူတတ်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။
တယောက်နှင့်တယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင် မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ ဒဿန၊ စာပေအနုပညာ၊ သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို တခါတရံ မတူသည့်အမြင်များက လေးလေးနက်နက် ပြင်းပြင်းထန်ထန် ငြင်းကြခုံကြဆီအထိ ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူက ဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့မရှိ။ သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသူရပ်သည်။
“မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီး နှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ၊ အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီထူထောင်ရေး၊ ဆိုတော့ ကျနော်တို့ အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်”
“ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်၊ ကွန်မြူနစ်ကိုတိုက်ဖို့ဆို စစ်အာဏာရှင်နဲ့တောင်ပေါင်းမယ် ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး၊ သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်သွားမှာပါဗျာ”
“နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ၊ တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ၊ အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ၊ တခုတော့ရှိတယ်ဗျ ဘုရင်လုပ်ချင်သူဆိုတာ ညံ့လို့မရဘူးဗျ၊ ညံတဲ့သူလည်း ဘယ်တော့မှ ဘုရင်မဖြစ်ဘူး” စသည်ဖြင့် သူပြောခဲ့ဖူးသည့် စကားများစွာအနက်မှတချို့ကို ယခုတိုင် မှတ်မှတ်ထင်ထင်ရှိနေသေး၏။
တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နံမည်က တော်တော်ထူးခြားတယ်နော်၊ ဒီလိုနံမည်မျိုးက အမှည့်နည်းတယ်လို့ထင်တာပဲဟုဆိုကာ သူ့အမည်ကို စပ်စုမိ၏။ သူက ထုံးစံအတိုင်း ပါးချိုင့်ပေါ်သည်အထိ တချက်ပြုံးလိုက်ပြီး“ကျနော်က အရင်တုန်းက နီအောင်မေသုဗျ၊ နံမည်ရှေ့မှာ နီပါတယ်။ ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ ဧဝံမေသုတံတဲ့၊ ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲ အတွေးအခေါ်ရှိသူတချို့ နံမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်းတပ်တာပေါ့ဗျာ”ဟုဆို၏။
“ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ၊ ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့၊ ဥပမာဗျာ သုမောင်ဆိုပါတော့ ကောင်းသောလူကလေး ဆိုတာမျိုး”ဟုဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။
သည်တော့မှ ကျနော်က မစန်းသီအကြောင်းသူ့ကိုပြောပြသည်။ “ဒါနဲ့ မစန်းသီ၊ နင့် ဒီနံမည်ကို ဘယ်သူပေးတာလဲဟ၊ ပြောပါဦး၊ နင့်မိဘ ပေးတာလား” ဗမာစကားပင် အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့်နံမည်လှလှလေးကို ရွေးပေးနိုင်လောက်မည်မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေးကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေ လာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမ သွားတယ်၊ အဲဒီ စာရေးတဲ့လူကြီးက ကျမနံမည်မေးတော့ ကျမက နံမည်ပြောပြတယ်၊ ကျမမှာ ဗမာနံမည် မရှိဘူး၊ ကုလားနံမည်ပဲ ရှိတာ၊ ဟိန္ဒူလို ဘာစန်းသီးလို့ခေါ်တယ်၊ ဘာစန်းသီးလို့ပြောတော့၊ သူက ၂ ခါ ၃ ခါ ပြန်မေးတယ်၊ ကျမကလည်း ဘာစန်းသီး ဘာစန်းသီးလို့ပဲ ပြန်ပြန်ဖြေတယ်၊ သူက ဘယ်လို ကြားသလဲတော့မသိပါဘူး ဦးလေးရာ၊ နောက် မှတ်ပုံတင်ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့ နင်က ဗမာနံမည်တွေ ဘာတွေနဲ့ပါလား”လို့ ပြောပြီး“ဒီမှာလေ နင့်နံမည်က မစန်းသီဖြစ်သွားပြီတဲ့၊ ဒါနဲ့ပဲ မစန်းသီဖြစ်သွားတာ ဦးလေးရ”ဟု ကျနော့်ကို ပြောဖူးကြောင်း ဦးသုကို ကျနော် ပြန်ပြောပြ၏။
ကျနော့စကားဆုံးတော့ “ခင်ဗျားက ကျနော့နံမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ”ဟု မေး၏။ “ကျနော့်အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ဆိုတဲ့နံမည်နဲ့ မွတ်စလင်မ်တွေရှိတယ်၊ ကျူလီယာတွေလို့ထင်တာပဲ၊ သိတ်တော့ မသေချာဘူး၊ ဗမာစကားပြောတာ လည်း မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်၊ တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ့်နံမည်လည်း ရှိမှာပေါ့၊ နောက်ပြီးဦးသု ပြောတာမှာလည်း ဦးသုအဖေက ဗမာလိုသိပ်မပီဘူးဆိုတော့၊ ကျနော်တွေးမိတာက မစန်းသီလိုမျိုး မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီးရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ”ဟု ပြန်ဖြေ၏။
ကျနော့်စကားဆုံးတော့ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာ ဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျား တော်တော် ကြံကြံဖန်ဖန်တွေးတဲ့သူပဲ၊ ယုတ္တိလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ၊ ဒါပေမယ့် ခင်ဗျားတွေးမိသလို ဟုတ်တယ်မဟုတ်ဘူးဆိုတာထက် ဒီ အောင်မေသုဆိုတဲ့နံမည်က ကျနော့်အဖေကိုယ်တိုင် ရွေးပြီးပေးခဲ့တာဗျာ၊ ဘာပဲ ဖြစ်ဖြစ်လေ၊ ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသု ဖြစ်တာဖြစ်ဖြစ်၊ အောင်မေသုကနေပဲ အောင်မေသုဖြစ်တာ ဖြစ်ဖြစ်ပါ၊ အရေးမကြီးပါဘူး၊ ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာကိုပဲ ကြိုက်ပါတယ်၊ နောက်လည်း အောင်မေသုပဲဖြစ်နေဦးမှာပါ”ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး၊
သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။ ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။
မျိုးမြင့်ချို၂ဝ၁၁ မတ်

0 comments:

Post a Comment