Tuesday, November 3, 2020

အထက်ဗမာပြည်၏နိုင်ငံရေး သခင်သန်းထွန်း

0 comments

အထက်ဗမာပြည်၏နိုင်ငံရေး-(၁) သခင်သန်းထွန်း

အထက်ဗမာပြည်ကိစ္စသည် ဗမာပြည်နိုင်ငံရေးတွင် အရေးကြီး၏။သို့ရာတွင် အရေးကြီးသည့် ပြဿနာဟု နက်နက်နဲနဲ စဉ်းစားသူနည်း၏။ဘာကြောင့် အရေးကြီးသည်ဟု စဉ်းစားသူသာ၍နည်း၏။

အထက်ဗမာပြည်သူ ပြည်သားတို့သည် ဗမာပြည်နိုင်ငံရေး ကိစ္စတို့ထဲတွင် သူများတန်းတူ ပါခဲ့ကြ၏။သို့ရာတွင် "တို့အဖို့ဘာမှမထူး"ဟု အထက်ဗမာပြည်သူ ပြည်သားများ၏ စိတ်ထဲတွင် ရှိ၏။

လွန်ခဲ့သောခေတ်က အညာသားပါတီဟု ပေါ်ပေါက်ခဲ့၏။အညာသားပါတီ တည်ထောင်ခြင်းနှင့်ပတ်သက်၍ အထက်ဗမာပြည်ခေါင်းဆောင်တဦးက ဤသို့ပြောဖူး၏။"လူလေးငါးခြောက်ယောက်စုပြီး ပါတီဖြစ်ရင် ရာထူးတနေရာရတာမို့လို့ ကျုပ်တို့လည်း မခံချင်တာနဲ့ ထဖွဲ့တာပဲ"ဟု အကြောင်းပြ၏။

အထက်ဗမာပြည်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် အဖွဲ့ခွဲဖွဲ့စည်းသည့်အခါ ဆော်သြသူတို့အား ခေါင်းဆောင်တဦးက ဤသို့ပြောလိုက်၏။ "ရန်ကုန်သားတွေ အုပ်စိုးနေတာများလှပြီ။ဒီတခါတော့ တို့မခံတော့ဘူး"ဟု ပြောလိုက်၏။

ရန်ကုန်တွင် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးသို့ အထက်ဗမာပြည်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် စီစဉ်ကြသည့်အခါ "ရာထူးဝေရာ၌ အထက်ဗမာပြည်သားများကို သုံးပုံတပုံပေးရန်"အဆိုကိုတင်ရန် အကြံပေးသူတို့က ပေးသည်ကို သိရ၏။

"တို့ကို ပစ်ထားတယ်။အောက်သားတွေချည်း အုပ်စိုးနေတယ်" စသည်ဖြင့် အထက်ဗမာပြည် နိုင်ငံရေးခေါင်းဆောင်အချို့၏ စိတ်တွင် အဘယ်ကြောင့် ဖြစ်ပေါ်ရသနည်း။ဤကဲ့သို့ စိတ်ထားသည် သူများမျက်ခုံးပေါ် စင်္ကြ ံလျှောက်နေသည့် ခေါင်းဆောင် လူနည်းစု၏ သဘောထားလော။ အထက်ဗမာပြည်မှ "လူထုကြီး"၏ သဘောထားလော။

နိုင်ငံအကျိုးရှေးရှုသော ပုဂ္ဂိုလ်တိုင်း ဤကိစ္စမှာ လေးလေးနက်နက် စဉ်းစားအပ်သည်ဟု ယူဆပေသည်။

× × × × × ×

အထက်ဗမာပြည်ဆိုရာ၌ အုပ်ချုပ်ရေးအားဖြင့် ခွဲထားသည့်အတိုင်း ခွဲရန်မလိုပေ။ စီးပွားရေးအခြေအနေ၊နေရေး၊ထိုင်ရေး၊လူတို့၏ စိတ်သဘောထားအတိုင်း ခွဲရန်လိုပေသည်။

ဤသဘောအတိုင်း ရေနံချောင်း၊ပျဉ်းမနားတို့ကို အထက်ဗမာပြည်တွင် မထည့်ဘဲ ၎င်းတို့အထက်ကျသည့်နယ်များကိုသာ အထက်ဗမာပြည်ထဲ ထည့်ကြစို့။

အောက်ဗမာပြည်သည် လွန်ခဲ့သော အနှစ်တရာကျော်ကျော်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့၏။အထက်ဗမာပြည်မှာမူ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်က ကျရောက်ခဲ့၏။

အောက်ဗမာပြည်တွင် မှီတင်းနေထိုင်ကြသူတို့မှာ ရခိုင်၊မွန်၊ကရင်၊ထားဝယ် စသည်တို့ဖြစ်၏။

ရခိုင်ရာဇဝင်ကြည့်ခဲ့လျှင် ဘိုးတော်ဘုရားလက်ထက်အထိ မြန်မာမင်းများလက်အောက် မကျရောက်ခဲ့၊ မြန်မာမင်းများ လက်အောက် ကျရောက်သည့်အခါ နှိပ်စက်ကလူပြုမှုများ ရှိခဲ့၏။ မြန်မာမင်းလက်အောက်မှ အင်္ဂလိပ်မင်း လက်အောက် ရောက်ခြင်းသည် ရခိုင်တိုင်းသူ ပြည်သားများအဖို့ မထူးခြားခဲ့ပေ။

မွန်လူမျိုးများကို ကြည့်ပါမူကား ရာဇဝင်တွင် သူတပြန် ငါတပြန် မြန်မာလူမျိုးတို့နှင့် ဖြစ်ခဲ့၏။ အလောင်းဘုရားလက်ထက်တွင် မွန်လူမျိုးတို့ အမျိုးဖြုတ်ပစ်ခံခဲ့ရ၏။ဘကြီးတော်မင်းလက်ထက်၌ တနသာၤရီနယ်သည် အင်္ဂလိပ်အောက် ကျရောက်သည့်အခါ မွန်လူမျိုးများအဖို့လည်း မထူးခြား။သူတို့အဖို့ မင်းပြောင်းမင်းလွှဲသာ ဖြစ်၏။

ထားဝယ်၊မြိတ်စသော နယ်တို့တွင် နေထိုင်သူများအဖို့လည်း မွန်လူမျိုးများကဲ့သို့ပင် ဖြစ်ပေသည်။ အချို့မြို့များတွင် ထားဝယ်စုဟူ၍ ရှိနေခြင်းကား မြန်မာမင်းများက ထားဝယ်သားများကို ခေါ်ယူလာပြီး အတင်းနေစေခြင်းတို့၏ အမွေအနှစ်များဖြစ်၏။

ကရင်လူမျိုးတို့အဖို့မှာလည်း မြန်မာမင်းများလက်ထက်က အမျိုးမျိုးနှိပ်စက်ခံကြရသဖြင့် တောင်တောင်တို့တွင် တပ်စွဲစုရုံး နေထိုင်ခဲ့ကြရလေသည်။

သို့ဖြစ်၍ ရခိုင်၊မွန်၊ထားဝယ်၊ကရင်စသော အောက်သားများအဖို့ အင်္ဂလိပ်လက်အောက်ကျရောက်ခြင်းမှာ "တို့ထီး တို့နန်း ဆုံးရှုံးခဲ့ပြီ"ဟူသော သဘောတရားများ မပေါက်နိုင်။သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းယူသွားသည်ွှအခါ သူတို့အဖို့ ထူးခြားခြင်းမရှိပေ။

သို့ကြောင့်ပင်လျှင် မြန်မာမျိုးချစ်စိတ်သန့်သန့်ကို လှုံ့ဆော်လိုသည့် နိုင်ငံရေးအဖွဲ့များသည် မန္တလေးမြို့ကို အားပြုခဲ့ကြခြင်းဖြစ်ပေသည်။ဗြိတိသျှတို့ အုပ်စိုးမှုကို မခံမရပ်နိုင်သော စိတ်ဓာတ်မှာ အထက်ဗမာပြည်၌ ပူပူနွေးနွေးဖြစ်နေကြသေးသဖြင့် နန်းတော်ကြီး၏ အရိပ်အာဝါသကိုမှီကာ ဝံသာနုစိတ်ဓာတ်ကို လှုံ့ဆော်ခဲ့ကြပေသည်။

စီးပွားရေးသဘောအရ ပြောရလျှင် အောက်ဗမာပြည်ကား အရင်းရှင်ခေတ်သို့ ချင်းနင်းဝင်ရောက်ခဲ့လေပြီ။အထက်ဗမာပြည်ကား ပဒေသရာဇ်၊မြေရှင်ခေတ်အတွင်း၌သာရှိသေး၏။ အထက်ဗမာပြည်၌ လယ်မြေများကား အစိုးရမြေ၊အရာတော်မြေ စသည်ဖြင့် လယ်မြေများမှာ ပုဂ္ဂလိကပိုင်မြေဟူ၍ နည်း၏။

အောက်ဗမာပြည်၌မူ ဤကဲ့သို့မဟုတ် အင်္ဂလိပ်တို့ ရောက်လာသည့်အခါ တောတောင်ထူထပ်သော မြေရိုင်းကို လယ်မြေဖြစ်စေရန် စီမံခဲ့၏။" ၁၂နှစ် ဓားမဦးချလုပ်ကိုင်လျှင် လယ်ပိုင်စေရမည်"ဟူသော ဥပဒေကို ၁၈၇၆ ခုနှစ်လောက်က ပြဌာန်းခဲ့၏။ ကိုယ့်အစွမ်းကိုယ့်အစနှင့် လယ်လုပ်သူတို့ ပေါ်လာခဲ့၏။ စပါးကို စားရုံသာမဟုတ် ရောင်းဖို့ပါ စိုက်လာ၏။ စပါးစက်များ။မီးရထားများ စသည်ပေါ်ပေါက်လာခဲ့ရာ အောက်ဗမာပြည်တွင် လယ်မြေစနစ်သည်လည်ကောင်း၊ ပစ္စည်းလုပ် လုပ်ငန်းစနစ်သည်လည်းကောင်း အရင်းရှင်စနစ်၊ ပုဂ္ဂလိကစနစ်အရ ဖြစ်ပေ၏။

အထက်ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းသည့်အခါ၌ လယ်မြေဥပဒေတို့ကို အောက်ဗမာပြည်ကဲ့သိူ့မဟုတ် အထက်ဗမာပြည်တွင် မူလရှိရင်းစွဲအတိုင်း ဆက်လက်ထားခဲ့၏။ လယ်မြေစနစ် မပြောင်းလဲသဖြင့်လည်း အထက်ဗမာပြည်တွင် စက်မှုလုပ်ငန်းတို့ ကြီးကြီးကျယ်ကျယ် မထွန်းကားခဲ့။ရွှေဘို။ကျောက်ဆည်တို့တွင် စပါးစက်များ၊ မြင်းမူတွင် ဝါစက်များ၊ မန္တလေးတွင် ဆီစက်များ စသည်ဖြင့် အနည်းအကျဉ်းလောက်သာ ဖြစ်ပေးခဲ့၏။

စီးပွားရေးစနစ်ကို အခြေတည်၍ ပြောရလျှင် အထက်ဗမာပြည်နှင့် အောက်ဗမာပြည်မှာ တခေတ်စီဖြစ်နေတော့၏။

× × × × × ×

လူတို့၏နေထိုင်မှုအရ စိတ်ဓာတ်တို့သည် ဖြစ်ပေါ်လာခဲ့၏။ အရင်းရှင်စနစ်အရ ဖြစ်ပေါ်သော စိတ်ဓာတ်ကား "ငါ" ဟူသော ဝါဒဖြစ်၏။ "ငါကြီးပွားဖို့ ငါကြိုးစားရမည်" ဟူသော စိတ်ဖြစ်၏။ အောက်ဗမာပြည်၌ "တကိုယ်တည်း"ဟူသော စိတ်ဓာတ်သည် တနေ့တခြား ဖုံးလွှမ်းလာခဲ့၏။ ရန်ကုန်မြို့၌ ၎င်းစိတ်ဓာတ်သည် အထွတ်အထိပ် ရောက်ခဲ့၏။ စစ်မဖြစ်မီက ရန်ကုန်မြို့လယ်ခေါင်တွင် အခန်းချင်းယှဉ်နေသူတို့ အချင်းချင်း မသိကြ၊ မိတ်ဆွေမလုပ်၊ ကိုယ့်ကိစ္စနှင့်ကိုယ်များနေကြ၏။

အထက်ဗမာပြည်၌မူကား ပဒေသရာဇ်စနစ် ခေတ်မကုန်သေး၍ "ကိုယ့်ချည်းသက်သက်"ဟူသော စိတ်ဓာတ်မျိုး အောက်ဗမာပြည်လောက် မပျံ့နှံ့သေး၊ ရပ်မှု၊ရွာမှု၊ သာရေး နာရေး ဝိုင်းဝန်းလုပ်ကိုင်သော အလေ့အထတို့သည် ရှိနေသေး၏။

အောက်ဗမာပြည်၌ စပါးစိုက်ကြ၏။ စပါးမှာ အောက်ဗမာပြည်သာမက အထက်ဗမာပြည်ကိုပါ ကျွေးနိုင်၏။ဗမာတပြည်လုံးကို နှစ်နှစ်စာကျွေးနိုင်အောင် စိုက်ကြ၏။

အထက်ဗမာပြည်၌ မြေပဲ၊နှမ်း၊ဝါ စိုက်ကြသည်မှာ အထက်ဗမာပြည်တွင် လုံလောက်ရုံသာဖြစ်၏။….ဗမာတပြည်လုံးလိုသည်၏ တဝက်လောက်သာ စိုက်ကြ၏။

အောက်ဗမာပြည်၌ လယ်လုပ်ကြ၏။လုပ်သူတို့ကို လယ်သမားခေါ်၏။ အထက်ဗမာပြည်၌ ယာလုပ်ကြ၏။ သူတို့ကို တောင်သူဟုခေါ်သည်။

အတွေးအခေါ် ဓလေ့ထုံးစံတို့ မည်မျှကွာခြားမည်ကို တွေးကြည့်နိုင်ပေသည်။

အောက်ဗမာပြည်၌ စပါးစက်၊သစ်စက် စသည်ဖြင့် ခေတ်သစ်စက်မှုလုပ်ငန်းတွေ ထွန်းကားခဲ့၏။အထက်ဗမာပြည်၌ အနည်းအကျဉ်းသာရှိ၏။အိမ်တွင်း လက်မှုလုပ်ငန်း ထွန်းကားပေသည်။

သို့ဖြစ်၍ အထက်သားနှင့်အောက်သားတို့ တွေးပုံ ခေါ်ပုံ မတူသည်မှာကား အထူးအဆန်းမဟုတ်ပေ။

နိုင်ငံရေးအယူအဆ ကျလာသည့်အခါ အထက်ဗမာပြည်နှင့် အောက်ဗမာပြည် များစွာ ကွာခြားတော့၏။

အထက်ဗမာပြည်၌ မြန်မာမင်းတို့ ဆုံးရှုံးရသေးသည်မှာ မကြာလှသေး၍ အင်္ဂလိပ် အစိုးရတို့ကို မကျေနပ်တိုင်း ရှင်ဘုရင်ကို တမ်းတကြပေမည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌန်းကို ပြန်လည် လွမ်းဆွတ်ကြပေမည်။

ရခိုင်၊မွန်၊ထားဝယ်၊ကရင်စသော သူများအဖို့အရာကား မြန်မာမင်းများကို ပြန်မလွမ်းဆွတ်နိုင်။ သတိရစရာရှိလျှင် တို့ကိုနှိပ်စက်ခဲ့တာ သူတို့ပဲဟု သတိရပေမည်။အောက်ဗမာပြည်သို့ ဆင်းလာခဲ့သော မြန်မာများသည်လည်း ယေဘုယျအားဖြင့် မြန်မာရှင်ဘုရင်စနစ်ကို မကြိုက်ကြ။ မင်းတုန်းမင်း၊သီပေါမင်းတို့လက်ထက်တွင် အောက်ပြည်တွင် စီးပွားတိုးတက်သဖြင့် အောက်ပြည်သို့ ဆင်းသက်လာသူတို့မှာ မရေမတွက်နိုင်ခဲ့ပေ။

အောက်ဗမာပြည်တွင်ကား တိုင်းရင်းသားလူမျိုးစုံ စုရုံးရုံမက အပြင်အပမှ လူမျိုးစုတို့နှင့်လည်း ဆက်ဆံလာကြရ၏။ ဘာသာစုံတို့နှင့်လည်း ဆက်ဆံလာကြရ၏။ စီးပွားရေးတိုးတက်မှုကိုသာ အဓိကလုံးပန်းလာကြသဖြင့် အောက်ဗမာပြည်သူ ပြည်သားတို့သည် ယေဘုယျအားဖြင့် ဘာသာရေးကို နှစ်နှစ်ကာကာ မလိုက်စားကြ။လောကုတ္တရာရေးထက် လောကီရေးကိုသာ အားသန်ကြပေသည်။

ဆရာတော် သံဃာတော်များက ဒါယကာ၊ ဒါယိကာမများကို သြဝါဒ ပေးနိုင်သည်။ သူတို့စိတ်ဒာတ်ကို ထိန်းနိုင်သည် မှန်၏။ သို့ရာတွင် အောက်ဗမာပြည်တွင် လောကဓာတ်ကျောင်းများ၊ ခေတ်စာသင်ကျောင်းများ အမြောက်အများ ပေါ်ခဲ့၏။

ခေတ်ပညာတတ်များက သူတို့သည် သံဃာတော်များထက် တတ်ကျွမ်းသည်ဟု ယူဆကြပေရာ သံဃာတော်များ၏ သြဇာမှာ အောက်ဗမာပြည်တွင် စူးရှသင့်သလောက် မစူးရှပေ။

အထက်ဗမာပြည်၍မူကား အောက်ဗမာပြည်လောက် လူမျိုးမစုံ၊ ဘာသာမစုံ၊ ဗုဒ္ဓဘာသာ၏ သြဇာလွှမ်းမိုးမှုမပျက်….

အောက်ဗမာပြည်မှာလောက် ခေတ်ပညာတတ် မများသဖြင့်လည်း သံဃာတော်များပင်လျှင် သြဝါဒစရိယများ ဖြစ်ပေသည်။နိုင်င့ရေးနှင့်ပတ်သက်၍ သြဝါဒကို သံဃာတော်များထံမှ နာယူကြကုန်၏။

အောက်ဗမာပြည်၌မူကား ရွာရှိ စာသင်ကျောင်းဆရာသည် နိုင်ငံရေးသုခမိန် တနည်းအားဖြင့် ရွာခေါင်းဆောင်ဖြစ်ပေ၏။

ဤသို့အားဖြင့် အထက်ဗမာပြည်နှင့် အောက်ဗမာပြည်သည် စီးပွားရေး၊နိုင်ငံရေး အတွေးအခေါ်တို့သည် တဘဝစီကဲ့သို့ ဖြစ်နေပေ၏။ နိုင်ငံရေးလုပ်ငန်းတို့တွင် အထက်ဗမာပြည်က ခွဲခွဲခြားခြားလုပ်လိုသည့်သဘောထားများ ပေါ်ပေါက်လာတတ်ခြင်း၏ အကြောင်းကား ၎င်းတို့ပင်ဖြစ်တော့၏။

သခင်သန်းထွန်း

လူထုဂျာနယ် အတွဲ(၁) အမှတ်(၉)

၁၅-၁၁-၁၉၄၅

စာ ၁၉-၃၀မှ ကောက်နုတ်ဖော်ပြသည်။

#အထက်ဗမာပြည်၏နိုင်ငံရေး-(၂)

ဤကဲ့သို့ဖြစ်ပေသော စိတ်ဓာတ်အကြောင်းကို နိုင်ငံရေး ရာဇဝင်ပြန်ကြည့်က ပို၍ထင်ရှားပေမည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်က ဗမာပြည်တွင် နိုင်ငံရေးလုပ်ငန်းပေါ်ပေါက်ခဲ့၏။နိုင်ငံရေးကို ဗမာပြည်ပညာတတ်လူတန်းစားက စလုပ်ခဲ့၏။ အင်္ဂလိပ်က ဘုရင်ခံ၊ရုံးစာရေးကြီးက ကုလား စသည်ဖြင့် ဗမာပညာတတ်များ မတိုးနိုင်ခဲ့ပေ။

"ပြာတာကအစ၊ဘုရင်ခံအထိ"ဗမာဖြစ်ရမည်။ဗမာပြည်သည် ဗမာလူမျိုးများအဖို့ဟူသော လိုလားချက်တို့ကို ထုတ်ပြန်ခဲ့၏။ တိုင်းသူပြည်သား လူထုကြီး ပါလာစေရန် "အမျိုး၊ဘာသာ၊သာသနာ" ဟူသော ကြွေးကြော်သံတို့ကို ထုတ်ပြန်ခဲ့လေသည်။

၁၉၀၇ ခု-၈ခုလောက်တွင် အမေရိကန်ပြည်က ကမ္ဘာ့အနှံ့အပြားတွင် မိမိတို့ ဖြန့်ထားသောငွေကြေးများကို ပြန်သိမ်းလေရာ ဗမာပြည်၌ ချစ်တီးများသည်လည်း မိမိတို့ထုတ်ထားသောကြွေးများကို ပြန်တောင်းလေသည်။ထိုအခါမှစ၍ ဗမာပြည်တွင် လယ်ဆုံးသူတို့ ပေါ်လာလေတော့၏။ဤသည်တွင် ဗမာပြည်၌ လယ်ပိုင်ရှင်ကြီး လယ်ပိုင်ရှင်ကလေးတို့သည် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာတော့၏။

၁၉၁၄-၁၈ ခုနှစ် ကမ္ဘာစစ်အတောအတွင်း၌ အိန္ဒိယပြည်မှ အရင်းအနှီးရှိသူတို့သည် စီးပွားတိုးတက်လာခဲ့၏။

စစ်ကြီးပြီးသည့်အခါ မိမိတို့ စီးပွားတိုးတက်မှုအတွက် နိုင်ငံရေး အခွင့်အရေးများကို တိုးတက်တောင်းလာကြ၏။အင်္ဂလိပ်အစိုးရတို့သည်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်အတန်း တိုးပေးမည်ဟု ကတိကို ကြေညာကြရလေသည်။

ဗမာပြည်မှ ပညာတတ်လူတန်းစား စက်ပိုင်ရှင် လူတန်းစားတို့သည်လည်း အလားတူ တောင်းဆိုကြ၏။ ပထမ၌မရကြ သို့ဖြစ်၍ လယ်ဆုံးအံံ့ဆဲဆဲဖြစ်သော လယ်ပိုင်ရှင်ကြီး လယ်ပိုင်ရှင်ကလေး လူတန်းစားဖြစ်သော လူထု၏အားကို အမှီပြုကြလေသည်။

သို့ဖြစ်သဖြင့် ၁၉၂၀-၂၂ ခုနှစ်လောက်တွင် ဗမာပြည်နိုင်ငံရေး နိုးကြားမှုမှာ အကြီးအကျယ် ဖြစ်ခဲ့လေသည်။

နိုင်ငံရေးလှုံ့ဆော်ရာတွင် စိတ်ဓာတ်အမျိုးမျိုးကို လှုံ့ဆော်ရန်လိုပေရာ ရှင်ဘုရင်ဆုံးသဖြင့် အင်္ဂလိပ်ကိုမလိုလားသည့် စိတ်ဓာတ်ဖြင့် လွှမ်းမိုးနေသော အထက်ဗမာပြည်ကို အားပြုခဲ့ကြလေသည်။မန္တလေးသည် နိုင်ငံရေးမြို့တော်ဖြစ်ခဲ့လေသည်။အကြီးအကျယ်ဆုံးသော ဂျီစီဘီအေ၏ နဝမမြောက်ကွန်ဖရင့်မှာ မန္တလေးမြို့တွင် ကျင်းပခဲ့လေသည်။

အင်္ဂလိပ်အစိုးရတို့သည် နောက်ဆုံး၌ အိန္ဒိယပြည်နှင့်အလားတူ ဒိုင်အာခီစနစ်ကို ပေးခဲ့ရလေသည်။

အိန္ဒိယပြည်တွင်၎င်း ဗမာပြည်တွင်၎င်း ဒိုင်အာခီစနစ်၏ ရည်ရွယ်ချက်မှာ ပညာတတ်လူတန်းစား၊ စက်ပိုင်ရှင်လူတန်းစား ၊ အရင်းအနှီးရှိသောလူတန်းစားကို ချော့လိုက်ခြင်းဖြစ်၏။

ဒိုင်အာခီကို လက်ခံသူ ၂၁ ဦး၊ ဟုမ္မရူးလိုလားသူ ဝံသာနုဟူ၍ ကွဲပြားခဲ့လေသည်။

၂၁ဦးတို့မှာ ပညာတတ်လူတန်းစား စက်ပိုင်ရှင် လူတန်းစားတို့ဖြစ်၏။ ဝံသာနုတို့မှာ လယ်ဆုံးအံ့သော လယ်ပိုင်ရှင်ကလေးများ၊ တောင်သူလယ်သမားများဖြစ်ကြလေသည်။

အထက်ဗမာပြည်၌ ပညာတတ်လူတန်းစားနည်းပေရာ မန္တလေးမြို့ရှိ စက်ပိုင်ရှင်အနည်းငယ်၊ အရင်းအနှီးရှိသူ အနည်းငယ်ကလွဲ၍ အထက်ဗမာပြည်တခုလုံးလိုလို ဝံသာနုနောက် လိုက်ခဲ့ကြပေသည်။

ဒိုင်အာခံလက်ခံခဲ့သော ၂၁ဦးတို့သည်လည်း လူထုကြီးနှင့် ကင်းကွာခဲ့၏။လူထုကြီးကလည်း သူတို့ကို မလိုလား အမြဲတမ်း ဆူပူနေခဲ့၏။ တဘက်၌လည်း အင်္ဂလိပ်အရင်းရှင်များ၊ ကုလားအရင်းရှင်များကို တိုက်နေရ၏။ မိမိတို့၏ လူတန်းစားခိုင်မြဲရေးအတွက် ရှိသမျှအာဏာကို အသုံးပြုခဲ့ပေရာ အတန်းအစားအဖြစ် တဖြည်းဖြည်း ခိုင်မြဲလာခဲ့၏။ ပညာတတ်များ များပြားလာခဲ့၏။ စက်ပိုင်ရှင်များ များပြားလာခဲ့၏။ အရင်အနှီးများ ကြီးထွားလာခဲ့၏။

လယ်ပိုင်ရှင်လူတန်းစားမှ လူတို့သည်လည်း ဤအတန်းအစားသို့ ပြောင်းလဲလာခဲ့၏။သို့ဖြစ်၍ ဟုမ္မရူးသမားများသည် ဒိုင်အာခီဘက်သို့ ကူးပြောင်းလာကြခြင်း ဖြစ်ပေသည်။

ဝံသာနုခေါင်းဆောင်ဖြစ်သော လယ်ပိုင်ရှင်ကလေးတို့က အရင်းရှင်လူတန်းစားသို့ ပြောင်းလဲလာသည်နှင့် အမျှ လယ်ဆုံးသည့် လယ်သမားများလည်း တနေ့ တခြား များပြားလာတော့၏။

၁၉၂၉ ခုနှစ်တွင် ကမ္ဘာ့အနှံ့အပြား စီးပွားရေးကျပ်တည်းပေရာ ဗမာပြည်တွင် တောင်သူလယ်သမားတို့သည် လယ်ဆုံးခဲ့ကြရလေသည်။ ၁၉၃၀ခု၊ ၃၁ခုနှစ်တွင် သာယာဝတီ သူပုန်ကြီး ဖြစ်ပေးလာခဲ့လေသည်။ သို့ဖြစ်၍ ၁၉၂၃ ခုနှစ် ၃၀ခုနှစ် အကြားဝယ် ဂျီစီဘီအေတို့ ဖရိုဖရဲဖြစ်ခဲ့ရလေသည်။ခေါင်းဆောင်သော လယ်ပိုင်ရှင်ကလေးများနှင့် လယ်ဆုံးသော တောင်သူလယ်သမားတို့ အကျိုးစီးပွားခြင်း မတူတော့သဖြင့် ကွဲပြားခြင်းဖြစ်ပေသည်။ အထက်ဗမာပြည်၌ အောက်ဗမာပြည်လောက် လယ်ဆုံးသည့်ကိစ္စမျိုး မဖြစ်စေကာမူ စီးပွားတိုးတက်မှု ထင်ထင်ရှားရှား မရှိသဖြင့် သာယာဝတီသူပုန်ကဲ့သို့ လယ်သမားသူပုန်ကြီးမျိုး မဖြစ်စေကာမူ အင်္ဂလိပ်အစိုးရထံမှ အခွင့်အရေးများရနေသော ပညာတတ်လူတန်းစား စက်ပိုင်ရှင်လူတန်းစား အရင်းအနှီးရှိသော လူတန်းစားကို မကျေချမ်းသည့်စိတ်ဓာတ်ကား ရှိမြဲရှိနေသေးပေ၏။

× × × × × ×

၁၉၃၀-၃၁ ခုနှစ်လောက်တွင် ခွဲရေး တွဲရေးပြဿနာ ပေါ်ပေါက်ခဲ့၏။ အင်္ဂလိပ်အစိုးရတို့က အရင်းအနှီးတိုးတက်လာသော လူတန်းစားကို အခွင့်အရေးပိုမို ပေးစေရန်လည်းကောင်း၊ မိမိတို့၏ အရင်းရှင်စနစ်ကို မထိခိုက်ဘဲ ကုလားအရင်းရှင်များဘက်ကို စစ်ဦးလှည့်ပေးရန် တီထွင်လိုက်သော ပရိယာယ်ဖြစ်၏။

အထက်ဗမာပြည်မှ လယ်ပိုင်ရှင်ကလေးများ တောင်သူလယ်သမားများအဖို့ရာကား အင်္ဂလိပ်အရင်းရှင်၊ ကုလားအရင်းရှင်၊ဗမာအလယ်အလတ်တန်းစား တမျိုးတည်းဖြစ်နေ၍ ၁၉၃၃ခုနှစ်တွင် ဗမာပြည်တခုလုံး တွဲရေးကို မဲပေးကြလေသည်။

ထိုအချိန်အခါ၌ပင် ဒေါက်တာဘမော်သည် ဗမာပြည်နိုင်ငံရေးသို့ ပါဝင်ခဲ့၏။ဒေါက်တာဘမော်ကို ဝံသာနုများက ခေါင်းဆောင်အဖြစ် လက်ခံကြ၏။ ဝံသာနုများကား လယ်ဆုံးအံ့သော လယ်ပိုင်ရှင်ကလေးများ၊ တောင်သူလယ်သမားများ အတန်းအစားဖြစ်ပေရာ ခေတ်မီသော ပညာတတ်ခေါင်းဆောင်လိုလားပေ၏။ ဒေါက်တာဘမော်သည် ခေတ်မီသော ပညာတတ်ဖြစ်ရုံမက ဥရောပတွင် ဆိုရှယ်လစ်ဝါဒကို လေ့လာသူတဦးဖြစ်ခဲ့၏။ လယ်မြေပြဿနာတို့ကို လေ့လာသူဖြစ်ခဲ့၏။ဗမာပြည်တွင် ဆိုရှယ်လစ်ဝါဒကို စထွင်သူတဦးဖြစ်ခဲ့၏။ဗမာပြည်လို လယ်သမားလွှမ်းမိုးသော တိုင်းပြည်တွင် ဆိုရှယ်လစ်ဝါဒသည် လယ်သမားအပေါ် အခြေစိုက်ရမည်ဖြစ်ရာ အထက်ဗမာပြည်သည် ဒေါက်တာဘမော်တို့ ခေါင်းဆောင်မှုနောက် လိုက်ခဲ့ပေသည်။

သို့ဖြစ်၍ ၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးအသစ်တီထွင်သည့်အခါ၌ ဒေါက်တာဘမော်၏ ပင်ကိုယ်ပါတီက အမတ်ဦးရေ ၁၁ယောက်ရစေကာမူ လယ်သမားလူတန်းစားတို့နှင့်ပတ်သက်သော ဝံသာနုပါတီများ ရခိုင်၊ကရင်စသော အဖွဲ့များသည် ဓေါက်တာဘမော်ကို ထောက်ခံခဲ့၏။

ဒေါက်တာဘမော်၏ အစိုးရသည်လည်း ၁၉၃၇ ခုနှစ် ၃၈ခုနှစ်အတွင်း လယ်သီးစားဥပဒေ လယ်မြေလွှဲပြောင်းရေးဥပဒေ စသည်တို့ကို ထုတ်ပြန်ရန် စိုင်းပြင်းခဲ့ပေသည်။ လယ်မြေလွှဲပြောင်းရေးဥပဒေမှာ အထူးသဖြင့် အထက်ဗမာပြည်နှင့် သက်ဆိုင်ပေသည်။

× × × × × ×

ဒေါက်တာဘမော်နှင့် မရှေးမနှောင်းပင် ဗမာပြည်နိုင်ငံရေးတွင် တို့ဗမာအစည်းအရုံးခေါ် သခင်အဖွဲ့သည် ပေါ်ပေါက်ခဲ့၏။

သခင်အဖွဲ့ကား အစ၌ ပညာတတ်လူတန်းစား၏ အဖွဲ့ဖြစ်၏။လူထုနှင့် အဆက်အသွယ်ရှိသော အဖွဲ့မဟုတ်ပေ။ ပညာတတ်လူတန်းစား ဆိုစေကာမူ ၂၁ဦးပါတီကဲ့သို့ ဝတ်လုံများ၊ စက်ပိုင်ရှင်များ၊ အရင်းအနှီးရှိသူများ မဟုတ်ကြ အလုပ်မရသော ပညာတတ်များ၊ အမှုမလိုက်ရသော ရှေ့နေများ၊ လူထဲမတိုးနိုင်သော ကျောင်းဆရာများဖြစ်ပေသည်။

မိမိတို့၏ ညံ့ဖျင်းသောဘဝကို မကျေမချမ်းဖြစ်ကာ ၂၁ဦးခေါ် အထက်တန်းစားကို တွင်တွင်ကြီး ရေရွတ်ဆဲဆိုကြလေသည်။

ကံတူအကျိုးပေးဖြစ်သဖြင့် တောင်သူလယ်သမား လူတန်းစားဖြစ်သော ဝံသာနုတို့က ၂၁ဦးများအားဆဲသည်ကို ကျေနပ်၏။ သို့သော် မိမိတို့လူတန်းစားအတွက် အကျိုးရှိမည့် အစီအစဉ်များမပါသဖြင့် လှိုက်လှိုက်လှဲလှဲ အားမပေးကြ။

၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များသည် လူထု၏ထောက်ခံချက်မရသဖြင့် အမတ်သုံးယောက်သာ ရခဲ့လေသည်။ အမတ်သုံးယောက်အနက် တယောက်မှာ လယ်ပိုင်ရှင်တဦးဖြစ်၏။မျိုးချစ်ပါတီဟူသော လယ်ပိုင်ရှင်တို့၏ပါတီ နောင်အခါ၌ပေါ်လာသည့်အခါ ထိုလယ်ပိုင်ရှင်သခင်သည် လယ်ပိုင်ရှင်ပါတီသို့ ကူးပြောင်းသွားခဲ့လေသည်။

၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးရောက်လာသည့်အခါ သခင်ပါတီသည် လူထု၏ပါတီဖြစ်အောင် ကြိုးပမ်းလေသည်။ လယ်သမားတို့၏အရေးကို အားသွန်ကြိုးပမ်းလေသည်။သို့ဖြစ်၍ ၁၉၃၇ခုနှစ်နှင့် ၁၉၃၉ခုနှစ်ကြားတွင် သခင်ပါတီသည် အောက်ဗမာပြည်တွင် ကြောက်ခမန်းလိလိ ကြီးထွားခဲ့ပေသည်။

သို့ရာတွင် ထိုအခါက သခင်ပါတီကို ခေါင်းဆောင်နေသူများမှာ အောက်ဗမာပြည်သားများ သို့မဟုတ် အောက်ဗမာပြည်တွင်ကြီးသော အထက်ဗမာပြည်သားများဖြစ်ကြ၏။ အထက်ဗမာပြည်ပြဿနာကို နားမလည်ကြ၊ သူတို့အားစိုက်လုပ်ကိုင်သော လယ်သမားများအရေးမှာလည်း လယ်သီးစားသမားများ အရေးလိုသာဖြစ်၏။အထက်ဗမာပြည် ပြဿနာများဖြစ်သော လယ်မြေမဆုံးရေး၊ တောင်သူတို့စီးပွားတိုးတက်ရေး၊မြေပဲ၊နှမ်း၊ဝါတို့ကို ဈေးကောင်းကောင်းရရေးတို့မဟုတ်။သို့ဖြစ်၍ ယနေ့အထိ သခင်ပါတီသည် အထက်ဗမာပြည်၌ နိုင်ငံရေးသြဇာလွှမ်းမိုးမှု မရှိခဲ့ပေ။

၁၉၃၇ ခုနှစ် အုပ်ချုပ်ရေးကို အကြောင်းပြုကာ တောင်သူလယ်သမားတို့ နိုးကြားခဲ့၏။

၁၃၀၀ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီးမှာ ဗြိတိသျှအစိုးရကိုလည်းကောင်း၊ လယ်ပိုင်ရှင်ကြီးများကိုလည်းကောင်း ချောက်ချားစေခဲ့၏။

အစိုးရညံံဖျင်း၍ ဤအရေးတော်ပုံကြီးကို မနှိပ်ကွပ်နိုင်ဟုဆိုကာ ဥရောပတိုက်သား အရင်းရှင်တို့သည် ဒေါက်တာဘမော် အစိုးရဖြုတ်ချရေးတွင် ခေါင်းဆောင်ခဲ့၏။ လယ်ပိုင်ရှင် လူတန်းစားနှင့် ပူးပေါင်းကာ ဖြုတ်ချခဲ့၏။လယ်ပိုင်ရှင်လူတန်းစား၏ ပါတီဖြစ်သော မျိုးချစ်ပါတီကို ထိုးတင်ပေးခဲ့လေသည်။

လယ်ပိုင်ရှင် လူတန်းစားသည်လည်း စည်းရုံးသထက် စည်းရုံးလာခဲ့၏။လယ်သမားတို့ကို ခေါင်းဆောင်နေသော သခင်တို့ကို ဝါးရင်းတုတ်နဲ့ရိုက်ပြီး မိမိတို့၏ အင်အားကို မြဲစေခဲ့၏။ဖက်ဆစ်စနစ်များကို အသုံးပြုလာလေသည်။

မျိုးချစ်ပါတီသည်လည်း လယ်ပိုင်ရှင်ကြီးတို့၏ အကျိုးကိုချည်း ဆောင်ရွက်နေကာ လူထုနှင့်ကင်းကွာမည်စိုး၍ လူထုကြိုက်မည့်လုပ်ငန်းများကို လယ်ပိုင်ရှင်တို့၏ အကျိုးနှင့် မဆန့်ကျင်သမျှ ဆောင်ရွက်လေသည်။

၁၃၀၀ ပြည့် အရေးတော်ပုံကြောင့် တက်ကြွလာသော မျိုးချစစ်စိတ်ဓာတ်ကို မိမိတို့ဘက် ယိမ်းယိုင်လာစေရန် အလောင်းဘုရားသင်္ချိုင်း ကန်တော့ခြင်း၊ လယ်ထွန်မင်္ဂလာကျင်းပခြင်း စသည်တို့ကို လုပ်ခဲ့ပေသေးသည်။

မျိုးချစ်ပါတီသည် အထက်တန်းစားတို့၏ ပါတီဖြစ်သည့်အတိုင်း အထက်ဗမာပြည်က လူထုကြီးသည် မပါသေး၊ မန္တလေးမြို့မှ စက်ပိုင်ရှင်များ ဆီစက်ပိုင်ရှင်များသာ ပါသေး၏။ အထက်ဗမာပြည် လူထုအတွက် ထိထိရောက်ရောက် မလုပ်ခဲ့ပေ။

ဗမာပြည်တွင် ဒေါက်တာဘမော်ကြီးမှုးသော ဆင်းရဲသားဝံသာနုပါတီ၊သခင်ပါတီ၊ မျိုးချစ်ပါတီဟူ၍ ပါတီကြီး သုံးခု ပေါ်ပေါက်ခဲ့ပေရာ ထိုသုံးပါတီလုံး အထက်ဗမာပြည်ကို ထူးထူးခြားခြား ဂရုမစိုက်ကြ။

ဒေါက်တာဘမော်၏ပါတီကို အထက်ဗမာပြည် လူထုက အားကိုးခဲ့၏။သို့ရာတွင် အားကိုးသလောက် ထိထိရောက်ရောက် မလုပ်ခဲ့။

သခင်ပါတီမှာ အောက်ဗမာပြည်တွင်သာ အချိန်ကုန်နေခဲ့၏။

မျိုးချစ်ပါတီမှာမူ အထက်ဗမာပြည်က အထက်တန်းစားများကသာ အားပေး၏။

အထက်ဗမာပြည်မှ နိုင်ငံရေးခေါင်းဆောင်တို့သည် ဤအဖြစ်ကို သည်းမခံနိုင်ကြ။

ဗမာပြည်တွင် ဝံသာနုလုပ်ငန်းပြီးကတည်းက အထက်ဗမာပြည်သည် နောက်လိုက် အဖြစ်နဲ့ နေခဲ့ရ၏။ မိမိတို့အရေးကို လျစ်လျူရှုထားသကဲ့သို့ ယူဆကြ၏။

နိုင်ငံရေးအခွင့်အရေး ရစရာရှိလျှင်လည်းကောင်း။ စီးပွားရေးအခွင့်အရေး ရစရာ ရှိလျှင်လည်းကောင်း မိမိတို့မှာ ထူးထူးခြားခြားမရှိခဲ့။

ဗြိတိသျှအစိုးရတို့နဲ့ အပေါက်အလမ်းမတည့်လျှင်လည်းကောင်း၊ မိမိလုပ်ငန်းနေရာမကျလျှင်လည်းကောင်း ၊ အထက်ဗမာပြည်သို့ ခေါင်းဆောင်ကြီးများ ကြွရောက်ကာ အစည်းအဝေးကျင်းပခြင်း၊ တိုင်ပင်နှီးနှောခြင်းတို့ လုပ်ခဲ့ကြ၏။ သာမန်အားဖြင့် မေ့နေကြသည်ကို တွေ့ရပေသည်။

"တို့ကို ခေါင်းဆောင်လို့ အသိအမှတ်မပြုတောင် တို့ရှိမှန်းသိအောင် လုပ်ရမယ်။တို့ကို နေရာထားရမယ်"ဟူသော စိတ်ဓာတ်တို့သည် အထက်ဗမာပြည်နိုင်ငံရေးခေါင်းဆောင်တို့၏ စိတ်ထဲတွင် ပေါ်ပေါက်လာမည်ကား ဓမ္မတာအတိုင်း ဖြစ်ပေ၏။

"ရာထူးခန့်စရာရှိလျှင် အထက်ဗမာပြည်ကို သုံးပုံတပုံပေးပါ"ဟူ၍ လည်းကောင်း

"ရန်ကုန်သားတွေချည်း အုပ်စားနေတာ တို့မခံဘူး" ဟူ၍၎င်း၊ အချို့နိုင်ငံရေးခေါင်းဆောင်များ၏ စိတ်တွင် ပေါ်လာခြင်းကား အဆန်းမဟုတ်ပေ။

သို့ဖြစ်၍ ၁၉၄၀ ခုနှစ်လောက်တွင် "အညာသားပါတီ"ဟု ပေးပေါက်လာခဲ့ပေသည်။

၎င်းပါတီကို တည်ထောင်သည့် ခေါင်းဆောင်တဦး၏ အဆိုအရ "ကျုပ်တို့လည်း အခွင့်အရေးရအောင် တောင်းတာပဲ"ဟု ပြောဖူး၏။

သို့ရာတွင် ၎င်းပါတီမှာ ခိုင်မြဲသောပါတီမဟုတ်ခဲ့။မခိုင်မြဲခြင်းမှာ ၎င်းပါတီသည် အထက်ဗမာပြည်၏ အမတ်များက ဝန်ကြီးတနေရာရရုံလောက်သာ စုထားသော အဖွဲ့ဖြစ်၏။လူထုကြီးပါတီမဟုတ်။

ဝါဒအားဖြင့်လည်း ကျကျနနမရှိ။အထက်ဗမာပြည်၌ ရှင်ဘုရင်လိုလားသောစိတ်ဓာတ်ရှိရာ ၎င်းစိတ်ဓာတ်ကို သိမ်းသွင်းလိုသဖြင့် တချို့က "တို့ဘုရင်ဝါဒ"ဟု ဆိုကြ၏။

အချို့ကလည်း ဆင်းရဲသားဝါဒယောင်ယောင် မျိုးချစ်ဝါဒယောင်ယောင်ဖြင့်။

လွှတ်တော်အပြင်အပ၌လည်း အစည်းအရုံး တောင့်တောင့်တင်းတင်းမရှိခဲ့။

ထိုမှတပါး အထက်ဗမာပြည်က တကယ်လိုလားတောင့်တနေသော အချက်များကို ဖြေရှင်းရန် ရည်ရွယ်ချက်များ မရှိခဲ့။

ဥပမာ-

(၁) လယ်မြေလက်ပြောင်းခြင်း မရှိစေရန်။

(၂)မြေပဲ၊နှမ်း၊ဝါ စသည်တို့ ဈေးကောင်းရစေရန်။

(၃) တောင်သူတို့ စီးပွားတိုးတက်စေရန်။

(၄) မြေပဲ။နှမ်း၊ဝါစက်များ ပေါ်ပေါက်လာစေရန်။

(၅)ပညာတတ်များ များပြားစေရန်။

(၆)ကျန်းမာရေးတိုးတက်စေရန်။

(၇)လမ်းပန်းကောင်းမွန်စေရန်။

စသည်ဖြင့် လုပ်ငန်းစဉ်များမရှိခဲ့။

အညာသားပါတီမှာ ဝါဒမရှိ၊ အစည်းအရုံးမရှိ၊လုပ်ငန်းစဉ် မရှိ၍ခိုင်ခိုင်မာမာ မရှိခဲ့။လွှတ်တော်အတွင်း၌ အစိုးရကို "အညာသားအားပြရုံလောက်သာ" ဖွဲ့ထားခြင်းဖြစ်၏။

အာဏာရှိနေသော မျိုးချစ်ပါတီသည် ရာထူးပေးသူကိုပေးပြီး အထက်ဗမာပြည်ခေါင်းဆောင်များအကြိုက် အနည်းအကျဉ်း လုပ်ပေးလိုက်ရာ အညာသားပါတီမှာ ဖရိုဖရဲ ဖြစ်ခဲ့ပေသည်။

အချုပ်ဆိုရလျှင် အထက်ဗမာပြည်သည် စီးပွားရေးအခြေအနေတို့အရ မျိုးချစ်စိတ်ဓာတ်၏ ဂိုဒေါင်ကြီးသဖွယ်ဖြစ်ပေ၏။

သခင်သန်းထွန်း

လူထုဂျာနယ် အတွဲ(၁) အမှတ်(၉)

၁၅-၁၁-၁၉၄၅

စာ ၁၉-၃၀ မှ ကောက်နုတ်ဖော်ပြသည်

ယင်အန်းစာပေအနုပညာဆွေးနွေးပွဲတွင် ပြောကြားသောမိန့်ခွန်း (နိဒါန်း) မော်စီတုန်း

0 comments
ယင်အန်းစာပေအနုပညာဆွေးနွေးပွဲတွင် ပြောကြားသောမိန့်ခွန်း (နိဒါန်း)
မော်စီတုန်း
လက်ရွေးစင်ကျမ်း အတွဲ ၃ အမှတ် ၁
နိဒါန်း
(၁၉၄၂ ခုနှစ် မေလ ၂ ရက်နေ့)
ရဲဘော်တို့....
ဒီနေ့အစည်းအဝေးကိုတက်ဖို့ ရဲဘော်တို့ကို ဖိတ်ရတဲ့အကြောင်းကတော့၊ စာပေအနုပညာလုပ်ငန်းနဲ့ ယေဘုယျတော်လှန်ရေးလုပ်ငန်း ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ရဲဘော်တို့နဲ့ ထင်မြင်ချက်ဖလှယ်ယင်းအတူလေ့လာဆန်းစစ်ချင်လို့ပါဘဲ။ ဒီလိုလေ့လာဆန်းစစ်တဲ့ ရည်ရွယ်ချက်ကတော့ တော်လှန်တဲ့စာပေအနုပညာကို လမ်းမှန်အတိုင်း ဖွံဖြိုးတိုးတက်သွားစေချင်လို့ပါဘဲ၊ တခြားတော်လှန်ရေးလုပ်ငန်းတွေကို ပိုပြီးကောင်းကောင်းအထောက်အကူပြုနိုင်စေချင်လို့ပါဘဲ၊ အဲဒီလိုလုပ်ပြီးတော့၊ ကျနော်တို့အမျိုးသားများရဲ့ရန်သူကိုအပြုတ်ချေမှုန်းပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို ပြီးမြောက်အောင်မြင်စေဖို့ဖြစ်ပါတယ်။
တရုပ်ပြည်သူတွေလွတ်မြောက်ရေးအတွက် ကျနော်တို့တိုက်ပွဲဆင်ရာမှာ၊ စစ်မျက်နှာအမျိုးမျိုးရှိပါတယ်။ ဒီစစ်မျက်နှာတွေထဲမှာ၊ အနုနည်းနဲ့တိုက်တဲ့စစ်မျက်နှာနဲ့ အကြမ်းနည်းနဲ့တိုက်တဲ့စစ်မျက်နှာ၊ တနည်းပြောရယင် ယဥ်ကျေးမှုစစ်မျက်နှာနဲ့ စစ်ရေးစစ်မျက်နှာများလဲပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ရန်သူကို အပြုတ်တိုက်ချင်ယင်၊ ပထမဦးဆုံးလက်နက်စွဲကိုင်တဲ့ စစ်တပ်ကိုအားကိုးရမယ်။ ဒါပေမဲ့ဒီစစ်တပ်မျိုးရှိရုံနဲ့ မလုံလောက်သေးဘူး၊ ယဥ်ကျေးမှုတပ်မတော်လဲ ရှိဖို့ လိုသေးတယ်။ ဒီတပ်မတော်ဟာ ကိုယ့်လူအချင်းချင်းစည်းလုံးညီညွတ်လာအောင်လုပ်ပြီး ရန်သူကို အပြုတ်တိုက်ဖို့အတွက် မရှိမဖြစ်တဲ့ တပ်မတော်ဖြစ်တယ်။ မေလ ၄ ရက်နေ့အရေးတော်ပုံကစပြီး တရုပ်ပြည်မှာ ဒီယဥ်ကျေးမှုတပ်မတော် ပေါ်ပေါက်လာခဲ့တယ်။ ဒီတပ်မတော်ဟာ တရုပ်ပြည်တော်လှန်ရေးကို အထောက်အကူပြုခဲ့တယ်၊ တရုပ်ပဒေသရာဇ်ယဥ်ကျေးမှုနဲ့ နယ်ချဲ့ကျူးကျော်မှုရဲ့ အလိုကျလုပ်တဲ့ လက်ဝေခံယဥ်ကျေးမှုတို့ရဲ့ နယ်ပယ်ကို တဖြည်းဖြည်းကျဥ်းသွားစေခဲ့တယ်။ အဲဒီ ယဥ်ကျေးမှုတို့ရဲ့အင်အားကို တဖြည်းဖြည်း ချည့်နဲ့သွားစေခဲ့တယ်။ အခုအချိန်မှာဆိုယင် တရုပ်ဖေါက်ပြန်ရေးသမားတွေဟာ၊ ယဥ်ကျေးမှုသစ်ကိုဆန့်ကျင်ဖို့ “ အရည်အချင်းကို အရေအတွက်နဲ့ တိုက်ဖျက် ” ဆိုတဲ့ နည်းကိုသာကျင့်သုံးနိုင်ကြတော့တယ်။ ဆိုလိုတာက ဖေါက်ပြန်ရေးသမားတွေမှာ၊ ငွေဖောဖောသီသီရှိလေတော့ စာပေအနုပညာလက်ရာအကောင်းစားတွေကိုမထုတ်နိုင်ပေမဲ့၊ အညံစားတွေကိုတော့ အများကြီးထုတ်နိုင်တယ်။ မေလ ၄ ရက်နေ့အရေးတော်ပုံကစပြီး၊ ယဥ်ကျေးမှုစစ်မျက်နှာမှာ စာပေနဲ့အနုပညာဟာ အရေးလဲပါ၊ အောင်မြင်မှုလဲရရှိခဲ့တဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ တော်လှန်တဲ့ စာပေအနုပညာလှုပ်ရှားမှုဟာ ဆယ်နှစ်ကြာတဲ့ပြည်တွင်းစစ်အတွင်းမှာ အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒီလှုပ်ရှားမှုရဲ့အဓိကဦးတည်ချက်ဟာ အဲဒီအချိန်က တော်လှန်ရေးစစ်ပွဲရဲ့ အဓိကဦးတည်ချက်နဲ့ တညီတညွတ်ထဲရှိခဲ့ပေမဲ့၊ လက်တွေ့လုပ်တဲ့နေရာမှာ အပြန်အလှန်ပေါင်းစပ်ပြီး မလုပ်နိုင်ခဲ့ဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်း ကတော့ အဲဒီအချိန်က ဖောက်ပြန်ရေးသမားတွေက ဒီညီအစ်ကိုတပ်မတော်နှစ်ခုကို အဆက်ဖြတ်ထားတဲ့အတွက်ကြောင့်ဘဲ။ ဂျပန်ခုခံရေးစစ်ဖြစ်ပွါးပြီးနောက်မှာ ယင်အန်းနဲ့တခြားဂျပန်ခုခံရေးအခြေခံဒေသအသီးသီးကိုလာကြတဲ့ တော်လှန်တဲ့စာပေအနုပညာရှင်တွေပိုပြီးများလာတာဟာ အင်မတန်ကောင်းတယ်။ ဒါပေမဲ့အခြေခံဒေသကိုရောက်လာရုံနဲ့ဘဲ၊ အခြေခံဒေသက ပြည်သူလူထုတွေနဲ့ လုံးလုံးပေါင်းစပ်မိပြီလို့ မပြောနိုင်သေးဘူး။ တော်လှန်ရေးလုပ်ငန်းကို ရှေ့တဆင့်တိုးတက်အောင် ကျနော်တို့လုပ်ချင်ယင်၊ စာပေအနုပညာရှင်တွေနဲ့ အခြေခံဒေသကပြည်သူတွေ တသားထဲဖြစ်အောင် ပေါင်းစပ်ပေးကြရမယ်။ ကျနော်တို့ ဒီနေ့အစည်းအဝေး ကျင်းပတာဟာလဲ စာပေအနုပညာလုပ်ငန်းကို တော်လှန်ရေးစက်ယန္တရားကြီးရဲ့ အစိတ်အပိုင်းတခုအဖြစ် ကောင်းကောင်း ပါဝင်လာစေဖို့ဖြစ်တယ်။ ပြည်သူတွေကို စည်းရုံးရာမှာ၊ ပညာပေးရာမှာ၊ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းရာမှာ စာပေအနုပညာကို ထက်မြက်တဲ့လက်နက်တခုဖြစ်လာစေပြီးရန်သူကို ပြည်သူတွေတစိတ်ထဲတဝမ်းထဲ တိုက်လာကြအောင်ကူညီနိုင်ဖို့ဖြစ်တယ်။ ဒီရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက်ဘယ်လိုပြဿနာတွေကိုဖြေရှင်းရမလဲ? ဖြေရှင်းရမဲ့ပြဿနာတွေကတော့ စာပေအနုပညာရှင်များရဲ့ ရပ်တည်မှုပြဿနာ၊ သဘောထားပြဿနာ၊ ပရိသတ်ပြဿနာ၊ အလုပ်ပြဿနာနဲ့ လေ့လာရေးပြဿနာဖြစ်တယ်လို့ ကျနော်ယူဆတယ်။
ရပ်တည်မှုပြဿနာ ။ ။ ကျနော်တို့ဟာပစ္စည်းမဲ့လူတန်းစားနဲ့ ပြည်သူလူထုဘက်မှာ ရပ်တည်ကြတယ်။ ကွန်မြူနစ်ပါတီဝင်တွေအဖို့ပြောရယင် ပါတီဖက်မှာရပ်တည်ရမယ်၊ ပါတီစိတ်ဓာတ်နဲ့ပါတီပေါ်လစီဖက်မှာရပ်တည်ရမယ်ဆိုတာဘဲ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျနော်တို့စာပေအနုပညာရှင်တွေထဲမှာ၊ မှန်မှန်ကန်ကန် နားမလယ်တဲ့သူနဲ့ ရှင်းရှင်းလင်းလင်း နားမလယ်သူတဲ့သူရှိသေးသလား? ရှိတယ်လို့ကျနော်ယူဆတယ်။ ရဲဘော်အမြောက်အများဟာ မှန်ကန်တဲ့ ကိုယ့်ရပ်တည်မှုကနေပြီးချော်ထွက်သွားလေ့ရှိကြတယ်။
သဘောထားပြဿနာ ။ ။ ရပ်တည်မှုကနေအရာကိစ္စအမျိုးမျိုးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့သဘောထားပုံတွေ ပေါ်လာတယ်။ ဥပမာဆိုရင် အမွှမ်းတင်မလား၊ ဖွင့်ချမလားဆိုတာဟာ သဘောထားနဲ့ဆိုင်တယ်။ ကျနော်တို့ဟာဘယ်လိုသဘောထားမျိုး ရှိသင့်လဲ? နှစ်မျိုးစလုံးရှိသင့်တယ်၊ ပြဿနာကဘယ်သူ့အပေါ်မှာ ဘယ်လိုသဘောထားရမယ်ဆိုတဲ့ပြဿနာဘဲ။ လူသုံးမျိုးရှိတယ်၊ ပထမတမျိုးက ရန်သူတွေ၊ ဒုတိယတမျိုးက ညီညွတ်ရေးတပ်ပေါင်းစုထဲကမဟာမိတ်တွေ၊ တတိယအမျိုးအစားထဲပါတာတွေကတော့ ပြည်သူလူထုနဲ့ သူတို့ရဲ့တပ်ဦးဘဲ။ ဒီလူသုံးမျိုးအပေါ် သဘောထားသုံးမျိုးထားရမယ်။ ရန်သူနဲ့ပတ်သက်လို့ရှိယင်၊ တနည်းပြောရယင်၊ ဂျပန်နယ်ချဲ့သမားနဲ့ပြည်သူ့ရန်သူအားလုံးနဲ့ပတ်သက်လို့ရှိယင် တော်လှန်တဲ့စာပေအနုပညာရှင်တွေဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ လိမ်ညာမှုတွေကိုဖွင့်ချရမယ်၊ သူတို့မုချရှုံးရမယ်ဆိုတာကိုညွှန်ပြရမယ်၊ ဂျပန်နယ်ချဲ့သမားကို ခုခံတိုက်ခိုက်နေတဲ့ တပ်မတော်သားတွေနဲ့ပြည်သူတွေကိုတစိတ်ထဲတဝမ်းထဲ ရန်သူကိုပြတ်ပြတ်သားသား အပြုတ်တိုက်ပစ်နိုင်အောင် အားပေးလှုံ့ဆော်ရမယ်။ ညီညွတ်ရေးတပ်ပေါင်းစုအတွင်းက မတူတဲ့မဟာမိတ်အမျိုးမျိုးနဲ့ပတ်သက်လို့တော့၊ ကျနော်တို့သဘောထားဟာ ပူးလဲပူးပေါင်း ဝေလဲဝေဖန်ဆိုတဲ့သဘောထားမျိုး ဖြစ်ရမယ်၊ မတူတဲ့ပူးပေါင်းပုံ အမျိုးမျိုး၊ မတူတဲ့ဝေဖန်ပုံအမျိုးမျိုး ရှိရမယ်။ သူတို့ကဂျပန်ကိုခုခံယင်၊ ကျနော်တို့က ထောက်ခံရမယ်၊ သူတို့အောင်မြင်မှုရှိရင် ချီးကျူးဂုဏ်ပြုရမယ်။ ဒါပေမဲ့ ဂျပန်နယ်ချဲ့သမားကို စိတ်မပါ့တပါနဲ့ ခုခံတိုက်ခိုက်ယင်တော့ ဝေဖန်ရမယ်။ တယောက်ယောက်က ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူဆန့်ကျင်ရေးလုပ်ငန်းတွေလုပ်လာယင်၊ တနေ့တခြားဖောက်ပြန်လာယင်ကျနော်တို့ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်။ ပြည်သူတွေ၊ ပြည်သူတွေရဲ့အလုပ်တွေတိုက်ပွဲတွေနဲ့ ပြည်သူတွေရဲ့တပ်မတော်၊ ပြည်သူတွေရဲ့နိုင်​ငံရေးပါတီတွေကိုတော့ ကျနော်တို့ချီးကျူးဂုဏ်ပြုကြရမှာဓမ္မတာဘဲ။ ပြည်သူတွေမှာလဲချွတ်ယွင်းချက်ရှိပါတယ်။ ပစ္စည်းမဲ့လူတန်းစားအတွင်းကလူအများအပြားမှာ ဓနရှင်ပေါက်စအတွေအခေါ်တွေ ရှိကြသေးတယ်။ လယ်သမားနဲ့မြို့နေဓနရှင်ပေါက်စ လူတန်းစားများမှာလဲ ခေတ်နောက်ကျတဲ့ အတွေးအခေါ်တွေရှိကြသေးတယ်။ ဒါတွေဟာတိုက်ပွဲဆင်ရာမှာသူတို့အဖို့ဝန်ထုပ်ဝန်ပိုးတွေလိုဖြစ်နေတယ်။ ကျနော်တို့ဟာသူတို့ကိုစိတ်ရှည်ရှည်နဲ့ ရေရှည်ပညာပေးသွားရမယ်၊ ဒီအထုပ်အပိုးတွေကိုကျောပေါ်က ချပစ်နိုင်အောင်၊ ကိုယ့်ချွတ်ယွင်းချက်တွေနဲ့အမှားတွေကို တိုက်ခိုက်ကျော်နင်းနိုင်အောင် သူတို့ကို ကူညီရမယ်၊ သူတို့ကိုခြေလှမ်းကျဲကျဲနဲ့ ရှေ့ကိုချီတက်သွားနိုင်အောင် ကူညီရမယ်။ သူတို့ဟာတိုက်ပွဲဆင်ယင်း၊ ကိုယ့်ကိုယ်ကိုပြုပြင်ခဲ့ကြတယ်၊ ဒါမှမဟုတ်ပြုပြင်နေကြတယ်။ ကျနော်တို့ရဲ့စာပေအနုပညာဟာ သူတို့ဒီလိုပြုပြင်တဲ့ဖြစ်စဥ်ကိုသရုပ်ဖော်ရမယ်။ အမှားကိုဇွတ်တင်းခံနေတဲ့သူတွေသာမဟုတ်ယင်၊ သူတို့ကိုတဖက်သတ်ကြည့်ပြီးမှားယွင်းစွာသရော်တာမျိုး၊ ရန်သူလိုသဘောထားတာမျိုး မလုပ်သင့်ဘူး။ ကျနော်တို့ရဲ့ ရေးသားပြုစုချက်တွေဟာ သူတို့ကိုစည်းလုံးလာစေရမယ်၊ တိုးတက်လာစေရမယ်၊ တစိတ်ထဲတဝမ်းထဲရှေ့ကိုချီတက်ပြီးကြိုးပမ်းတိုက်ခိုက်စေရမယ်၊ ခေတ်နောက်ကျတာကိုစွန့်ပစ်ပြီး တော်လှန်တာကို တိုးတက်ထွန်းကားအောင်လုပ်လာစေရမယ်၊ ဒါတွေနဲ့ဆန့်ကျင်တာမျိုး ဖြစ်ကိုမဖြစ်သင့်ဘူး။
ပရိသတ်ပြဿနာ ။ ။ ဒါကတော့ စာပေအနုပညာလက်ရာတွေဟာ ဘယ်သူ့အတွက်ဖြစ်တယ်ဆိုတဲ့ပြဿနာဘဲ။ ရှန်ရှီး-ကန်းစု-နင်ရှပြည်နယ်နယ်စပ်ဒေသမှာရော၊ တရုပ်ပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာရှိတဲ့ဂျပန်ခုခံရေးအခြေခံဒေသတွေမှာပါ ဒီပြဿနာဟာကိုမင်တန်အုပ်စိုးတဲ့ဒေသတွေမှာနဲ့မတူဘူး။ ဂျပန်ခုခံရေးစစ်မတိုင်မီက ရှန်ဟဲနဲ့ဆိုယင်ပိုပြီးမတူဘူး။ ရှန်ဟဲမှာတုန်းက တော်လှန်တဲ့စာပေအနုပညာလက်ရာတွေကိုလက်ခံတဲ့သူဟာ အဓိကအနေနဲ့ ကျောင်းသားတချို့၊ အမှုထမ်းနဲ့ဆိုင်လူငှားတချို့သာဖြစ်တယ်။ ဂျပန်ခုခံရေးစစ် စတင်ပြီးတဲ့နောက်၊ ကိုမင်တန်အုပ်စိုးတဲ့ဒေသတွေမှာ စာပေအနုပညာလက်ရာတွေကို လက်ခံသူအဝန်းအဝိုင်းဟာ နဲနဲပိုပြီး ကျယ်ပြန့်လာခဲ့ဘူးပေမဲ့၊ ဒီလူတွေပဲအဓိကဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့အဲဒီမှာရှိတဲ့အစိုးရကအလုပ်သမား၊ လယ်သမား၊ တပ်မတော်သား တွေကိုတော်လှန်တဲ့စာပေအနုပညာတွေနဲ့ အဆက်ပြတ်အောင်လုပ်ထားလို့ဘဲ။ ကျနော်တို့အခြေခံဒေသတွေမှာတော့ လုံးလုံးမတူဘူး။ အခြေခံဒေသတွေမှာစာပေအနုပညာလက်ရာတွေကိုလက်ခံသူတွေဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတွေနဲ့ တော်လှန်ရေးကေဒါတွေဖြစ်တယ်။ အခြေခံဒေသတွေမှာလဲ ကျောင်းသားတွေရှိတယ၊ ဒါပေမဲ့ဒီကျောင်းသားတွေဟာ ခေတ်ဟောင်းကကျောင်းသားတွေနဲ့ မတူဘူး။ သူတို့ဟာ ကေဒါတွေမဟုတ်ကြယင်လဲ ကေဒါလောင်းတွေဖြစ်ကြတယ်။ လုပ်ငန်းအမျိုးမျိုးကိုလုပ်ကိုင်နေတဲ့ကေဒါတွေ၊ တပ်တွင်းကတပ်သားတွေ၊ စက်ရုံကအလုပ်သမားတွေ၊ ကျေးလက်ကလယ်သမားတွေဟာ စာတတ်လာကြတော့၊ စာအုပ်တွေ သတင်းစာတွေကိုဖတ်ချင်ကြတယ်။ စာမတတ်သူတွေကလဲ ပွဲတို့၊ ပန်းချီကားတို့ဆိုတာတွေကို ကြည့်ချင်ကြတယ်၊ သီချင်းတွေဆိုချင်ကြတယ်၊ တေးဂီတတွေကိုနားထောင်ချင်ကြတယ်။ သူတို့ဟာကျနော်တို့စာပေအနုပညာလက်ရာတွေကို လက်ခံသူတွေဖြစ်တယ်။ ကေဒါတွေကိုဘဲဆိုကြပါစို့၊ ဒီကေဒါတွေရဲ့ အရေအတွက်ကိုနဲတယ်လို့မထင်နဲ့။ ဒီအရေအတွက်ဟာ ကိုမင်တန်အုပ်စိုးတဲ့ဒေသမှာထုတ်တဲ့စာအုပ်တအုပ်ကိုဖတ်တဲ့ပရိသတ်အရေအတွက်ထက် အပုံကြီးများတယ်။ ဟိုဒေသမှာစာအုပ်တအုပ်ကိုတခါပုံနှိပ်ယင် မသကာ အုပ်ရေ ၂၀၀၀ ဘဲရှိမယ်။ သုံးကြိမ်ပုံနှိပ်ထုတ်ဝေမှ ၆၀၀၀ဘဲဲရှိတယ်။ ဒါပေမဲ့အခြေခံဒေသမှာရှိတဲ့စာဖတ်နိုင်တဲ့ ကေဒါအရေအတွက်ဟာ ယင်အန်းမှာတင်ဘဲတသောင်းကျော်ရှိတယ်။ ပြီးတော့ ဒီကေဒါတွေထဲက အတော်များများဟာ နှစ်ပေါင်းအတော်ကြာအောင် ထုသားပေသားရလာတဲ့တော်လှန်ရေးသမားတွေဖြစ်တယ်။ သူတို့ဟာ ဒေသအသီးသီးကလာကြသူတွေဖြစ်တယ်။ ဒေသအသီးသီးကိုသွားပြီး အလုပ်လုပ်ကြမဲ့သူတွေဖြစ်တယ်။ ဒါ့ကြောင့် ဒီလူတွေကို ပညာပေးတာဟာအလွန်အရေးကြီးတဲ့အဓိပ္ပါယ်ရှိတယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာ သူတို့နဲ့ပတ်သက်ပြီးကောင်းကောင်းအလုပ်လုပ်ကြရမယ်။
စာပေအနုပညာရှင်တွေရဲ့ပရိသတ်ဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတွေနဲ့သူတို့ရဲ့ကေဒါတွေဖြစ်တယ်ဆိုယင်၊ သူတို့အကြောင်းကိုသိအောင်၊ သူတို့နဲ့အကျွမ်းတဝင်ရှိအောင်လုပ်ရမဲ့ ပြဿနာပေါ်လာတယ်၊ အဲဒီလိုသူတို့အကြောင်းကိုသိရှိနားလည်ဖို့၊ သူတို့နဲ့အကျွမ်းတဝင်ရှိဖို့၊ ပါတီနဲ့အုပ်ချုပ်ရေးဌာနတွေ၊ ကျေးလက်တွေ၊ စက်ရုံတွေနဲ့ အမှတ် ၈ စစ်ကြောင်းတပ်မတော်၊ အမှတ် ၄ တပ်မတော်သစ်တို့မှာရှိတဲ့ လူအမျိုးမျိုး ကိစ္စအမျိုးမျိုးကို သိရှိနားလယ်ဖို့နဲ့ အကျွမ်းတဝင်ရှိဖို့အတွက်၊ လုပ်ငန်းအတော်များများ လုပ်ရလိမ့်မယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာ ကိုယ့်စာပေအနုပညာ လုပ်ငန်းကိုလုပ်ဖို့လိုပါတယ်၊ ဒါပေမဲ့လူတွေအကြောင်းကို သိရှိနားလယ်အောင်၊ လူတွေနဲ့အကျွမ်းတဝင်ရှိအောင်လုပ်ရတဲ့လုပ်ငန်းဟာ ပထမဦးဆုံးလုပ်ရမဲ့လုပ်ငန်းဖြစ်တယ်။ ကျနော်တို့စာပေအနုပညာရှင်တွေဟာဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး၊ အယင်ကဘယ်လို ရှိခဲ့သလဲ? အယင်ကဒါတွေကိုအကျွမ်းတဝင်မရှိဘူး၊ နားမလယ်ဘူး၊ ကိုယ့်စွမ်းရည်သတ္တိကိုပြစရာနေရာမရှိတဲ့ သူရဲကောင်းနဲ့တူနေတယ်လို့ ကျနော်ဆိုချင်တယ်။ အကျွမ်းတဝင် မရှိဘူးဆိုတာဘာနဲ့အကျွမ်းတဝင်မရှိတာလဲ? လူတွေနဲ့အကျွမ်းတဝင်မရှိတာကိုဆိုလိုတာဘဲ။ စာပေအနုပညာရှင်များဟာကိုယ်သရုပ်ဖော်မဲ့သူတွေ၊ ကိုယ့်လက်ရာတွေကိုလက်ခံမယ့်သူတွေနဲ့ အကျွမ်းတဝင်မရှိကြဘူး၊ ဒါမှမဟုတ်ယင်လဲတစိမ်းပြင်ပြင်လိုကိုဖြစ်နေတယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ တပ်မတော်သားတွေနဲ့လဲ အကျွမ်းတဝင်မရှိကြဘူး။ သူတို့နဲ့ကေဒါတွေနဲ့လဲအကျွမ်းတဝင်မရှိကြဘူး။ နားမလယ်ဘူးဆိုတာဘာကို နားမလယ်တာလဲ? ဘာသာစကား အသုံးအနှုန်းကို နားမလည်တာဖြစ်တယ်။ ဆိုလိုတာကပြည်သူလူထုရဲ့ ကြွယ်ဝအသက်ပါတဲ့အသုံးအနှုန်းတွေကိုပြည့်ပြည့်စုံစုံနားလယ်မှုမရှိဘူး။ စာပေအနုပညာရှင်အတော်များများဟာ ကိုယ်ကိုယ်တိုင်ကလူထုနဲ့ကင်းကွာပြီး တနေ့တနေ့အချိန်တွေကိုဖြုန်းတီးပစ်ကြတဲ့အတွက်၊ ပြည်သူတွေရဲ့ဘာသာစကားအသုံးအနှုန်းတွေကို အကျွမ်းတဝင်မရှိကြဘူး။ ဒါကြောင့်သူတို့လက်ရာတွေမှာအသုံးအနှုန်းတွေဟာ ပေါ့ပျက်ပျက်ကြီးဖြစ်ရုံမကဘူး၊ ပြည်သူတွေရဲ့ ဘာသာစကားအသုံးအနှုန်းနဲ့ဖီလာဖြစ်တဲ့ ကိုးယိုးကားယားထွင်လုံးတွေလဲပါလာတတ်သေးတယ်။ ရဲဘော်အတော်များများဟာ “ လူထုဆန်ရေး ” ဆိုတာကိုပြောပြောနေကြတယ်။ ဒါပေမဲ့ လူထုဆန်ရေးဆိုတာဘာလဲ? ကျနော်တို့ စာပေအနုပညာရှင်တွေရဲ့ အတွေးအခေါ်နဲ့စိတ်သဘောဟာ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားတို့ရဲ့အတွေးအခေါ်စိတ်သဘောနဲ့ တထပ်ထဲဖြစ်နေရမယ်လို့ဆိုတာဘဲ။ ဒီလိုတထပ်ထဲဖြစ်နေချင်တယ်ဆိုယင်၊ လူထုရဲ့ဘာသာစကား အသုံးအနှုန်းတွေကို သေသေချာချာ လေ့လာရမယ်။ လူထုရဲ့ဘာသာစကားအသုံးအနှုန်းတွေကိုနားမလယ်ယင်၊ စာပေအနုပညာတီထွင်မှုဆိုတာကိုပြောနေလဲအပိုဖြစ်မှာဘဲ။ ကိုယ့်စွမ်းရည်သတ္တိကို ပြစရာနေရာမရှိတဲ့သူရဲကောင်းလိုဖြစ်နေတယ်ဆိုတာဟာ၊ ခင်ဗျားတို့ကကြီးကြီးကျယ်ကျယ်လုပ်ထားတာတွေကိုလူထုကမနှစ်ခြိုက်မလိုလားတာကို ဆိုလိုတာဘဲ။ လူထုရှေ့မှာ ကိုယ့်ကိုယ်ကိုဝါရင့်သူလိုဟန်ကြီးပန်ကြီး လုပ်လေလေ၊ “ သူရဲကောင်းကြီး ” လိုဟန်ရေးပန်ရေး ပြလေလေ၊ လူထုက ခင်ဗျားကို မလိုလားလေလေဘဲ၊ အရေးမစိုက်ချင်လေလေဘဲ။ ခင်ဗျားအကြောင်းကိုလူထုသိစေချင်ယင်၊ လူထုနဲ့တသားထဲဖြစ်ချင်ယင်၊ ထုသားတေသားရအောင် ရေရှည်လေ့ကျင့်ဖို့သာမက၊ အဆင်းရဲအပင်ပန်းခံပြီး လေ့ကျင့်ဖို့စိတ်ပိုင်းဖြတ်ရမယ်။ စကားစပ်မိလို့ ကျနော့်စိတ်သဘောပြောင်းလဲလာပုံကို ပြောပြရအုံးမယ်။ ကျနော်ဟာ ကျောင်းသားဘဝကနေပြီး တော်လှန်ရေးထဲဝင်ခဲ့တဲ့သူဖြစ်တယ်၊ ကျောင်းနေတုန်းက ကျောင်းသားအကျင့်တွေရခဲ့တယ်။ ဘာကိုမှမထမ်းနိုင်မသယ်နိုင်တဲ့ကျောင်းသားတွေရှေ့မှာ၊ ကိုယ့်ဝန်စည်စလယ်ကိုယ်ပိုးတဲ့ ဟာလို ကာယအလုပ်လုပ်ရတာကို အတော်ဂုဏ်ငယ်တဲ့အလုပ်မျိုးလို့ ထင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ပညာတတ်တွေသာသန့်ရှင်းတယ်၊ အလုပ်သမားလယ်သမားတွေကတော့ မသန့်ရှင်းဘူးလို့ အဲဒီတုန်းက ကျနော်ထင်ခဲ့တယ်။ ပညာတတ်တွေရဲ့အဝတ်အစားဆိုယင် သူများဟာဖြစ်ပေမဲ့ကျနော်ဝတ်ရဲတယ်၊ သန့်ရှင်းတယ်လို့ပဲထင်တယ်။ အလုပ်သမား လယ်သမားတွေရဲ့အဝတ်အစားဆိုယင်တော့ ညစ်ပတ်တယ်လို့ထင်လို့မဝတ်ချင်ဘူး။ တော်လှန်ရေးထဲဝင်ပြီး၊ အလုပ်သမားလယ်သမားတွေတော်လှန်ရေးတပ်မတော်သားတွေနဲ့အတူ နေလာတဲ့အခါမှာ၊ သူတို့အကြောင်းကို တဖြေးဖြေးသိကျွမ်းလာတယ်၊ သူတို့ကလဲကျနော့်အကြောင်းကို တစတစသိကျွမ်းလာကြတယ်။ အဲဒီတော့မှ၊ အဲဒီအချိန်ကျတော့မှ ဘဲ၊ ကျနော်ဟာ ဓနရှင်ကျောင်းတွေကသင်ပေးလိုက်တဲ့ ဓနရှင်လူတန်းစားနဲ့ဓနရှင်ပေါက်စလူတန်းစားတွေရဲ့ စိတ်နေစိတ်ထားမျိုးကို အရင်းအမြစ်ကနေပြီး ပြုပြင်ပြောင်းလဲနိုင်ခဲ့တော့တယ်။ အဲဒီအခါမှာ မပြုပြင်ရသေးတဲ့ပညာတတ်တွေကို အလုပ်သမားလယ်သမားနဲ့ ယှဥ်ကြည့်လိုက်ရင် ပညာတတ်တွေကို သန့်ရှင်းတယ်လို့မထင်​တော့ဘူး၊ အသန့်ရှင်းဆုံးဟာအလုပ်သမားလယ်သမားတွေဖြစ်တယ်၊ သူတို့လက်တွေဟာ မဲနေပြီး၊ ခြေထောက်မှာ နွားချေးတွေပေနေပေမဲ့၊ သူတို့ဟာ ဓနရှင်ပညာတတ်တွေနဲ့ ဓနရှင်ပေါက်စပညာတတ်တွေထက် သန့်ရှင်းတယ်လို့ ယူဆလာတယ်။ ဒါဟာ စိတ်နေစိတ်ထားပြောင်းလဲလာတာဘဲ၊ လူတန်းစားတခုကနေပြီး အခြားလူတန်းစားတခုကို ပြောင်းသွားတာဘဲ။ ပညာတတ်ဘဝကပြောင်းလာတဲ့ ကျနော်တို့ရဲ့ စာပေအနုပညာရှင်တွေဟာ၊ ကိုယ့်လက်ရာတွေကိုလူထုက နှစ်သက်လိုလားစေချင်ယင်၊ ကိုယ့်အတွေးအခေါ်နဲ့စိတ်နေစိတ်ထားတွေကို ပြောင်းလဲပစ်ရမယ်။ ပြုပြင်ပစ်ရမယ်။ ဒီလိုပြောင်းလဲမှုမျိုးမရှိယင်၊ ဒီလိုပြုပြင်မှုမျိုးမရှိယင်၊ ဘယ်လိုအလုပ်မျိုးကိုမှ ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူး၊ လူထုရဲ့ လိုလားချက်နဲ့လဲ ဘယ်တော့မှအံကိုက်ဖြစ်မှာမဟုတ်ဘူး။
နောက်ဆုံးပြဿနာကတော့ လေ့လာရေးပြဿနာဘဲ။ ကျနော့်သဘောက မာ့က်စ်လီနင်ဝါဒကိုလေ့လာဖို့၊ လူ့အဖွဲ့အစည်းကိုလေ့လာဖို့ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုမာ့က်စ်ဝါဒီလို့ကင်ပွန်းတပ်ထားကြတဲ့တော်လှန်ရေးစာရေးဆရာတွေ၊ အထူးသဖြင့်ပါတီဝင်စာရေးဆရာတွေဟာ၊ မာ့က်စ်လီနင်ဝါဒအသိပညာရှိရမယ်။ ဒါပေမဲ့အခုရဲဘော်တချို့ဟာ၊ မာ့က်စ်ဝါဒအခြေခံအမြင်တောင် ချို့တဲ့နေကြတယ်။ ဥပမာဆိုကြပါစို့၊ ဘဝကအသိကိုဆုံးဖြတ်တယ်၊ လူတန်းစားတိုက်ပွဲနဲ့ အမျိုးသားရေးတိုက်ပွဲဆိုတဲ့ ပကတိအခြေအနေက ကျနော်တို့ရဲ့အတွေးအခေါ်နဲ့ စိတ်နေစိတ်ထားတွေကို ဆုံးဖြတ်တယ်ဆိုတဲ့ မာ့က်စ်ဝါဒအခြေခံအမြင်တရပ်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တချို့က ဒီပြဿနာကိုပြောင်းပြန်လှန်ပြီး၊ ဘာမဆို “ မေတ္တာ ”ကိုအခြေခံရမယ်လို့ဆိုကြတယ်။ မေတ္တာဆိုတာလူတန်းစားရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတန်းစားနဲ့ဆိုင်တဲ့မေတ္တာသာရှိနိုင်တယ်။ ဒါပေမဲ့ဒီရဲဘော်တွေဟာ လူတန်းစားနဲ့ကင်းကွာနေတဲ့မေတ္တာ၊ အကောင်အထည်မဲ့တဲ့မေတ္တာ၊ အကောင်အထည်မဲ့တဲ့လွတ်လပ်မှု၊ အကောင်အထည်မဲ့တဲ့အမှန်တရား၊ အကောင်အထည်မဲ့တဲ့ လူ့သဘာဝအစရှိတာတွေကို လိုက်စားနေကြတယ်။ ဒီရဲဘော်တွေကိုဓနရှင်လူတန်းစားရဲ့သြဇာ အတော့်ကိုလွှမ်းမိုးနေတယ်ဆိုတာကိုဒီအချက်တွေကဖော်ပြနေတယ်။ ဒီလိုသြဇာလွှမ်းမိုးမှုကို ပြတ်ပြတ်သားသား ပယ်ရှင်းပစ်ရမယ်။ မာ့က်စ်လီနင်ဝါဒကို စိတ်ထားနှိမ့်ချပြီးလေ့လာရမယ်။ စာပေအနုပညာရှင်တွေဟာ စာပေအနုပညာကို ဘယ်လိုတီထွင်ဖန်တီးရမယ်ဆိုတာကို လေ့လာရမယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့မာ့က်စ်လီနင်ဝါဒဟာ တော်လှန်ရေးသမားတိုင်းလေ့လာရမဲ့ ဝိဇ္ဇာပညာဖြစ်တဲ့အတွက်၊ စာပေအနုပညာရှင်တွေလဲမလေ့လာလို့မဖြစ်ဘူး။ စာပေအနုပညာရှင်တွေဟာ လူ့အဖွဲ့အစည်းကိုလေ့လာရမယ်၊ ဆိုလိုတာက လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတန်းစားအသီးသီးကို လေ့လာဆန်းစစ်ရမယ်၊ လူတန်းစားချင်း ဘယ်လိုဆက်သွယ်နေကြတယ်၊လူတန်းစားတိုင်းရဲ့အခြေအနေက ဘယ်လိုရှိတယ်ဆိုတာတွေကို လေ့လာဆန်းစစ်ရမယ်၊ သူတို့မှာ ဘယ်လိုပုံပန်းသဏ္ဍာန် ဘယ်လိုစိတ်နေသဘောထားမျိုးရှိကြတယ်ဆိုတာတွေကို လေ့လာဆန်းစစ်ရမယ်။ ဒါတွေကိုရှင်းရှင်းလင်းလင်းသဘောပေါက်မှ၊ ကျနော်တို့ရဲ့စာပေအနုပညာတွေဟာ ကြွယ်ဝတဲ့အတွင်းသဘောနဲ့ မှန်ကန်တဲ့ဦးတည်မှုရှိလာနိုင်လိမ့်မယ်။
ဒီနေ့တော့ နိဒါန်းပျိုးတဲ့အနေနဲ့ ကျနော်ဒီလောက်ဘဲပြောမယ်၊ ဒီပြဿနာတွေနဲ့ပတ်သက်လို့ဘဲ ဖြစ်ဖြစ်၊ တခြားသက်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ်၊ ရဲဘော်တို့ ထင်မြင်ချက်ပေးကြလိမ့်မယ်လို့မြှော်လင့်ပါတယ်။

Sunday, November 1, 2020

ဖေဖေ့ရဲ့ ငြိမ်းချမ်းရေးခရီးဖော် ဦးခင်မောင်မြင့်-လှကျော်ဇော-

0 comments
ဖေဖေ့ရဲ့ ငြိမ်းချမ်းရေးခရီးဖော် ဦးခင်မောင်မြင့်-လှကျော်ဇော-
၁၉၆၀-ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သန့် ရှင်း-ပထစက အပြတ်အသတ်အနိုင်ရရှိပြီး ဦးနုဦးဆောင်တဲ့ သန့်ရှင်း အစိုးရ တက်လာပါတယ်။ ဦးနုအနေနဲ့က ၁၉၅၈-အိမ်စောင့်အစိုးရကို အာဏာလွှဲပေးရတဲ့ဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး နိုင်ငံရေးသမားများ အချင်းချင်းကြား ပြန်လည်ညီညွတ်ဖို့ အားထုတ်မှုများ လုပ်လာပါတယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်ဩဇာကြီးနေတာ အစိုးရက စစ်တပ်အပေါ်မှီခိုနေရတာတွေကို သဘောပေါက်လာလို့ ပြည်တွင်းငြိမ်းချမ်း လုပ်ငန်းတွေလည်း ပြန်လည်အသက်ဝင်လာပါတယ်။
ဒါကြောင့် ဖေဖေတို့က ၁၉၆၀-မေလပိုင်းကစပြီး “ပြည်တွင်း ငြိမ်းချမ်းရေးနှိုးဆော်ရေး အဖွဲ့”ဆိုတာကို စတင်ဖွဲ့စည်းပြီး ကျန်နိုင်ငံရေးခေါင်းဆောင်များ ပါတီအဖွဲ့အစည်းများနဲ့ ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံရေးအင်အားစု အတော် များများပါဝင်တဲ့ “ပြည်တွင်းငြိမ်းချမ်းရေး (ဒုတိယအဖွဲ့)”ကို ၁၉၆၁-မတ်လမှာ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အဲဒီအချိန်နဲ့ တပြိုင်တည်းလောက်မှာ ပေါ်ပေါက်လာနေတဲ့ အမျိုးသားရေး ပြဿနာဖြစ်တဲ့ တရုတ်ဖြူကိစ္စအတွက် “တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားကော်မတီကြီး” ကိုလည်း ၁၉၆၁-မတ်လ အတွင်းမှာပဲ ဖွဲ့စည်းခဲ့ပါသေးတယ်။ (၂) ဖွဲ့စလုံးမှာ ပါဝင်သူများ အားလုံး – အတူတူလိုပါပဲ။ (၂)ဖွဲ့စလုံးရဲ့ လုပ်ငန်းများကလည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် နယ်ဘက်တွေမှာ အဖွဲ့ခွဲတွေ ဖွဲ့တဲ့အခါ (၂) ဖွဲ့ ပေါင်း ဖွဲ့ခဲ့ကြပါတယ်။
၁၉၆၁- မေလပိုင်းကစပြီး ဖေဖေတို့ကို နယ်မြို့များက လာရောက် စည်းရုံးဟောပြောဖို့နဲ့ အဖွဲ့ခွဲလေးတွေဖွဲ့ပေးဖို့ စပြီး ဖိတ်ကြားလာပါတယ်။ ပထမဆုံးဖိတ်တဲ့ ဒေသကတော့ ပုသိမ်ခရိုင်ကဖြစ်ပြီး အဲဒီကစလို့ မြစ်ဝကျွန်းပေါ်ကမြို့များ (မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ ဘိုကလေး၊ ဇလွန်)။ ပဲခူးတိုင်းကမြို့များ (ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက၊် မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ)။ မန္တ လေးတိုင်းက မြို့များ (မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည် ပျော် ဘွယ်၊ ရမည်းသင်း) အပြင် မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ မြို့ကြီး များအပါ ဗမာပြည် တနံတလျားလုံး ၁၉၆၂ နှစ်ဆန်းပိုင်းအထိ မရပ် မနား လှည့်လည်သွားခဲ့ရပါတယ်။ အဲဒီခရီးစဉ်တွေအကြောင်း လူထု တရားဟောပွဲများအကြောင်း ဖေဖေက သူမှတ်မိသမျှ သူကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။
အဲဒီခရီးစဉ်အတွင်း ဖေဖေနဲ့အတူသွားရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အများအပြားရှိပါတယ်။ ဖေဖေက ဒိုင်ခံလိုဖြစ်ပြီး ကျန်သူများ ကတော့ အလှည့်ကျ လိုက်ပါကြပါတယ်။ အဲဒီထဲက မြစ်ဝကျွန်းပေါ် ဒေသများကိုသွားတိုင်း အမြဲလိုပါဝင်သူများကတော့ မြစ်ဝကျွန်းပေါ် တိုင်းသားများ ဖြစ်တဲ့ ကျုံမငေး သခင်တင်မောင်တို့ ဦးခင်မောင်မြင့် (ဒေးဒရဲ)တို့ဖြစ်ပါတယ်။ ပဲခူးတိုင်းဘက်သွားရင်လည်း ဦးခင်မောင်မြင့် ပါတတ်ပါတယ်။ ဦးခင်မောင်မြင့်က ပြည်သူ့တိုးတက်ရေးပါတီကပါ။ အဲဒီပါတီက ကိုယ်စားလှယ် (၂)ဦး ဖေဖေတို့ငြိမ်းချမ်းရေးအဖွဲ့ထဲ ပါဝင် ခဲ့ပါတယ်။ နောက်တဦးက ဦးလှဝင်းပါ။ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့ပြီး နောက်ပိုင်း မဆလ ခေတ်မှာတော့ အထူးအရာရှိ ရာထူးယူပြီး မဆလနဲ့ပူးပေါင်းသွားပါတယ်။
အဲဒီကာလက အဆိုတော်-ကိုသန်းလှိုင်ကလည်း- ဥဿာ လှိုင်ထိပ်ထား- သီချင်းနဲ့ အလွန်နံမည်ကြီးပြီး လူငယ်များရဲ့ အသဲစွဲဖြစ် နေချိန်ပါ။ ကိုသန်းလှိုင်ရဲ့ အချစ်သီချင်းနဲ့ အသဲကွဲသီချင်းတွေကို စွဲလမ်းခဲ့တဲ့ လူငယ်ပရိသတ်က ကိုသန်းလှိုင်ရဲ့ အစ်ကိုဖြစ်သူ ဦးခင်မောင်မြင့်ရဲ့ ရဲရဲတောက် တရားတွေနာရတဲ့အခါ ကျပြန်တော့လည်း ကြိုက်ကြပြန်ရောတဲ့။ တချို့နိုင်ငံရေးသမားတွေကတော့ … ဘယ်နှယ် ဗျာ။ ညီအစ်ကိုနှစ်ယောက် ဆန့်ကျင်ဘက်ကြီးပါလား … လို့ဆိုကြသတဲ့။ ဖေဖေ့လုံခြုံရေးအတွက် ပါသွားတတ်တဲ့ ကျွန်မတို့အစ်ကိုဝမ်းကွဲများက ပြန်ပြောပြဖူးပါတယ်။
အဲဒီခရီးတွေသွားရင်း ဦးခင်မောင်မြင့်ဟာ ဖေဖေနဲ့ ရင်းနှီး သွားပုံရပါတယ်။ ဖေဖေနဲ့စကားလက်ဆုံကျရင်း ဖေဖေက သူတပ်ထဲတုန်းက အဖြစ်အပျက်တွေ အတွေ့အကြုံတွေကို ပြောပြထားပုံရပါ တယ်။
၁၉၆၂ – မတ်လ(၂)ရက်နေ့မှာ စစ်တပ်က အာဏာသိမ်း လိုက်တော့ ဖေဖေတို့ငြိမ်းချမ်းရေး လုပ်ငန်းလည်းရပ်တန့်သွားပါတယ်။ ၁၉၆၃ စစ်တပ်ကခေါ်တဲ့ ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ’ဖြစ်လာတော့ လူထုလှုပ်ရှားမှုတွေ ပြန်ပေါ်လာပါတယ်။ ဦးခင်မောင်မြင့်က ပဲခူးတိုင်း မှာ ပါဝင်ဦးစီးလှုပ်ရှားခဲ့ပြီး ဆွေးနွေးပွဲတွေပျက်သွားတဲ့အခါ အဖမ်းခံလိုက်ရပြီး ကိုးကိုးကျွန်းတောင် ပါသွားပါတော့တယ်။ အဲဒီကစလို့ ကျွန်မတို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။
၁၉၈၈ ခုနှစ်၊ လူထုလှုပ်ရှားမှုကြီးအပြီးမှာတော့ သူ့အကြောင်းတွေ ကြိုကြားကြိုကြား ပြန်ကြားလာရပါတယ်။ နဝတခေတ် သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းစာတွေထဲက ဆောင်းပါးတွေမှာ စာအုပ်စာတမ်းတွေမှာ သူ့အကြောင်းတွေ ပါလာတာပါ။ သူဟာ ဒီခေတ် ဗမာပြည်သူများရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတိုင်းမှာ အလွန်တာဝန်ကျေစွာ ပါဝင်နေတာကို မြင်ရပါတယ်။ နောက်ဆုံး ထောင်ထဲမှာပဲ ကျဆုံးသွားခံ့ရတဲ့ အထိပါပဲ။ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ အင်းစိန်ထောင်ထဲမှာ ကျ ဆုံးသွားခဲ့ရပါတယ်။
ဦးခင်မောင်မြင့်တယောက် စစ်အစိုးရရဲ့ ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှု အမျိုးမျိုးကို အန်တုရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ကို အနိုင်မခံ အရှုံးမပေး အသက်စွန့် ဆန့်ကျင် တိုက်ခိုက်သွားမှုအပေါ် ၈လေးလုံး အရေးတော်ပုံကြီးအပြီး ရှောင်တိမ်းရင်း နိုင်ငံတကာကို ပျံ့နှံ့ ရောက်ရှိလာ ခဲ့ကြတဲ့ ရဲဘော်ရဲဘက်အပေါင်းက ဝိုင်းဝန်းဦးညွှတ် အလေးပြုတဲ့အနေနဲ့ သူ့အကြောင်း မှတ်တမ်းမှတ်ရာများကို ရေးသား မှတ်တမ်းတင်မှုများ ပြုလုပ်ပြီး ပြည်ပမှာ စာအုပ်စာတမ်းများ ထုတ်ဝေ ခဲ့ကြပါတယ်။ သတင်းကွန်ရက်များကနေ လည်းဖြန့်ဝေခဲ့ကြပါတယ်။
ဒီစာအုပ်စာတမ်းတွေ ကျွန်မတို့ဆီရောက်လာတော့ ဖေဖေ က ဖတ်ပြီး သူ့ရဲဘော်ကြီး ဦးခင်မောင်မြင့်အတွက် အတော်စိတ် မကောင်း ဖြစ်ဟန်ရှိပါတယ်။ အထူးသဖြင့် ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့ တဲ့ ပြည်ပရောက်စာရေးဆရာနဲ့ ကဗျာဆရာ ဝင်းတင့်ထွန်းရဲ့‘ သံတိုင် ကြား ကြွေလွင့်သွားရတဲ့ ကြယ်စင်တွေ’ စာအုပ်ဖတ်ပြီးနောက် ကိုဝင်း တင့်ထွန်းဆီ ချက်ချင်း စာပြန်ရေးခဲ့ပါတယ်။ ကိုဝင်းတင့်ထွန်းက အဲဒီ စာကို အခုထိ သိမ်းထားပါတယ်။ ဖေဖေက “သူ့အနေနဲ့ ဒေါ်ကြည် ကြည်(သခင်ဇင်ဇနီး) အကြောင်း၊ ဦးခင်မောင်မြင့်အကြောင်းတွေ ဖတ် ရတာ သိပ်စိတ်ထိခိုက်မိတယ်” လို့ရေးထားပါတယ်။ ဖေဖေ့ကြည့်ရတာ- “သူ့ကိုယ်သူလည်း တာဝန်မကျေနိုင်သေးတဲ့အပါ် အားမလို အားမရ ဖြစ်ဟန်ရှိပါတယ်”။
ဒါ့အပြင်-၁၉၉၈ခုနှစ် ထိုင်းနယ်စပ်ကနေထုတ်ဝေလိုက်တဲ့ လွတ်လပ်ရေးရွှေရတု(အောင်စောဦး) စာအုပ်ကြီး ရောက်လာပြီး-အဲဒီထဲက ဦးခင်မောင်မြင့်ရဲ့ ၁၉၈၇ ခုနှစ် အတွင်းက လှုပ်ရှားမှုတွေမှာ သူပေးခဲ့တဲ့ မိန့်ခွန်းတွေကို ဖတ်ရပြီးတဲ့နောက်မှာတော့ ဖေဖေက ဒီလို မှတ်ချက်ချပါတယ်။
“ဪ-သူတို့က (စစ်အုပ်စုကိုဆိုလို) ဒါကြောင့် ကိုခင်မောင်မြင့် ကို ဒီလောက်မဲတာကိုး”… တဲ့။ ဖေဖေပြောလည်း ပြောစရာ ပါပဲ။ သူ့မိန့်ခွန်းတွေကိုလည်း ကြည့်ပါဦး။ “လွတ်လပ်ရေးရွှေရတု” စာအုပ်ထဲမှာ ဦးခင်မောင်မြင့်ရဲ့ မိန့် ခွန်း (၃) ပုဒ်ပါပါတယ်။
၁။ ရဲဘော်ဖုန်းမော်ကျဆုံးသော နှစ်ပတ်လည်အခမ်းအနား (၁၃-၃-၈၉) နေ့ (ရန်ကုန်စက်မှုတက္ကသိုလ်) မြက်ခင်းတွင် ပြောခဲ့သောမိန့်ခွန်း။
၂။ ပြည်သူ့တိုးတက်ရေးပါတီ၊ သင်္ကန်းကျွန်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ၄၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး အခမ်း အနားတွင် ပြောခဲ့သောမိန့်ခွန်း။ (၂၇-၃-၈၉)
၃။ ပြည်သူ့တိုးတက်ရေးပါတီ၊ ပဲခူးမြို့နယ်ဖွင့်ပွဲတွင် ပြောခဲ့သော မိန့်ခွန်း။ (၉-၄-၈၉)
မိန့်ခွန်း(၃)ပုဒ်စလုံးကို အပြည့်အစုံ ဖော်ပြထားပါတယ်။ ဦး ခင်မောင်မြင့်ဟာ ရှေ့မီနောက်မီ ပြည်သူ့ဘက်သား နိုင်ငံရေးသမား ကြီးတဦး ပီသစွာ ရသမျှလွတ်လပ်ခွင့်ကလေးကို မရရအောင်ယူပြီး ပြည်သူတွေကို မျက်စေ့ဖွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးအတွေ့အကြုံတွေပေါ်အခြေခံပြီး-
၁။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာ ပုံ။
၂။ စစ်တပ်ရဲ့အာဏာသိမ်းပွဲ(၃)ပွဲ။ (၁၉၅၈-၁၉၆၂-၁၉၈၈)။ စစ်တပ်ရဲ့ အကြောင်းပြချက် အမျိုးမျိုး။
၃။၂၆ နှစ်တာ မဆလခေတ်ကာလအတွင်း အမျိုးမျိုးလိမ်ညာခဲ့တဲ့ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ။ (ဥပမာ-တက္ကသိုလ်သမဂ္ဂ ကို ဘယ်သူဖြိုခဲ့သလဲ- ဆိုတဲ့ ကိစ္စမျိုး)
၄။ ၈-၄ လုံးကာလအတွင်း စစ်တပ်က ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တွေ။ (ဥပမာ-အင်းယားကန်ဘောင်က တံတားနီအရေးအခင်း) … စတဲ့စတဲ့ မြေပေါ်နိုင်ငံရေးလောကမှာ ဘယ်သူမှ မထိမတို့ရဲတဲ့ ပြ ဿနာတွေကို ဖွင့်ချပြောပြပြီး တရားခံတွေကို နံမည်နဲ့တကွ ဖော်ထုတ် ပြောခဲ့တာပါ။ ဒါ့အပြင်–နဝတက ရှေ့လုပ်မယ့်အစီအစဉ်တွေကိုလည်း (ဥပမာ–မဆလကို တစညနဲ့ အစားထိုးဖို့) သူမြင်သလောက် သတိပေး ပြောပြခဲ့ပါတယ်။ ပြည်သူတွေရဲ့မျက်စေ့ထဲမှာ ရန်သူဘယ်သူဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ပြောပြပြီး ရန်သူရဲ့ထောင်ချောက် တွေကိုလည်း သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ၈ လေးလုံး အရေးတော်ပုံကြီးက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင်အုပ်ကိုလည်း သတိပေးစရာတွေ ပြုပြင်စရာ တွေကို သေသေချာချာ ထောက်ပြတာ (ဥပမာ- လှုပ်ရှားမှုတွေထဲ ပြည်သူတွေပါ ပါဝင်လာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးသမားဟောင်းကြီး များဆီက အကြံဥာဏ်တွေယူဖို့) တွေလည်းတွေ့ရပါတယ်။ အလွန့်ကို တာဝန်ကျေခဲ့ပါတယ်။
အဲ…ကျန်ပါသေးတယ်။ ကျန်ပါသေးတယ်။ စစ်ဗိုလ်ချုပ်ကြီး များ အူနုကျွဲခတ်ခံရသလို အခံရခက် လောက်တဲ့အကြောင်းတွေလည်း ပါပါသေးတယ်။ ဦးခင်မောင်မြင့်ဟာ ဗိုလ်နေဝင်း ငယ်ကျိုးငယ်နာတွေ ကို သိသူပီပီ သူစိတ်ထင်တိုင်း လုပ်ခဲ့တဲ့ကိစ္စတွေ (ဥပမာ–ဂျပန်ခေတ်က သူကို ထမ်းပြေးပေးခဲ့ရုံနဲ့ နိုင်ငံဂုဏ်ရည် ပထမဆင့်ပေးတာ။)- စတာ မျိုး။ (ဦးခင်မောင်မြင့်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတုန်းက ဗိုလ်နေဝင်းရဲ့ ဆက်သားဖြစ်ပါတယ်။)
သမိုင်းကြောင်းတွေကို တမင်သက်သက် မှေးမှိန်ထားခြင်း ခံရတဲ့သူတွေ (ဥပမာ–သခင်ချစ်၊ ဗိုလ်ဇေယျ) ရဲ့ အခန်းကဏ္ဍတွေ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထည့်သွင်းပြောကြားတာတွေလည်း ရှိပါတယ်။ အဲဒါတွေထဲမှာ ဖေဖေ့ အကြောင်းတွေလည်း ပါပါတယ်။ တချို့ကိစ္စတွေဟာ အတွင်းရေးတွေ ပါ။ သူတို့ဘက်က ကြည့်ရင် အတော်အထိနာပါတယ်။ (ဥပမာ – ဖေဖေ တရုတ်ဖြူတိုက်နေရတုန်းက ဆိုရှယ်လစ်တပ်မှူးများက ဘယ်နေ့ သံလွင်မြစ်ကမ်းပါးမှာ ဗိုလ်ကျော်ဇော အလောင်းကောက်ရမလဲလို့ သ ရော်ခဲ့တဲ့ အကြောင်းအရာမျိုး) စတာတွေပါ။ (န၀တက သူ့ကိုယ်သူ နယ်ချဲ့ဆန့်ကျင်ရေးဂိုက် ဖမ်းနေချိန်ဖြစ်ပါတယ်။ တချိန်တခါက ဒင်းတို့ တတွေက တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမေရိကန် နောက် ခံ ကူမင်တန်-တရုတ်ဖြူတွေအပေါ် ဘယ်လို သဘောထားခဲ့သလဲ ဆို တာကို ဖွင့်ချတာပါ။)
၂၀၁၆ – ဖေဖော်ဝါရီ-၁၆ ရက် ဆိုရင် ဦးခင်မောင်မြင့် ကွယ် လွန်သွားတာ(၂၃) နှစ်ပြည့်သွားပါပြီ။ သူအသက်ပေး တိုက်သွားတဲ့ စစ်အာဏာရှင်စနစ်ကတော့ ဆက်လက်ရှင်သန်နေဆဲပါ။ ဒါပေမဲ့ ဗမာ ပြည်သူတရပ်လုံးကတော့ တဗိုလ်ကျတဗိုလ်တက်စိတ်ဓာတ်နဲ့ အား မလျှော့တမ်းဆက်လက်ချီတက် တိုက်ပွဲဝင်နေလျက်ပါ။
ဦးခင်မောင်မြင့်အပါအဝင် မျိုးဆက်ဟောင်း ရာသက်ပန်တော်လှန်ရေးသမားကြီးများ ငြိမ်းချမ်းစွာအနားယူပါတော့။ ရဲဘော်ကြီး တို့ ကျခဲ့ရတဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေ အသက်တွေ တစက်မှ အလဟသာမဖြစ်စေရပါဘူး … လို့ကတိပြုလိုက်ပါတယ်။
လှကျော်ဇော။
၁၆၊ ၁၊ ၂၀၁၆။
၂၀၁၆၊ ၂လ ၁၆ရက်နေ့မှာ ကျရောက်တဲ့ ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း (၂၃)နှစ်မြောက်နေ့ အထိမ်းအအမှတ်အဖြစ် ဂုဏ်ပြုရေး သားပါတယ်
အရေးတော်ပုံဂျာနယ်၊အတွဲ(၂)အမှတ်(၄)

Friday, October 23, 2020

"ကျနော်နဲ့ ဦးလေးဦးတင်အောင်" ရေးသူ- ဖိုးသံ(လူထု)

0 comments
"ကျနော်နဲ့ ဦးလေးဦးတင်အောင်"ရေးသူ- ဖိုးသံ(လူထု)
ကျနော့် စာဖတ်တတ်ကာစ ကာလတွေမှာ ကျနော်အဖတ်များဆုံး စာတွေက ရွှေဥဒေါင်း(စုံထောက် မောင်စံရှားစသည်)၊ ဒဂုန်ရွှေမျှား(အမ်ကြာရိုးစသည်)နဲ့ ဇ၀န(ဆိုးပေစသည်) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာကိုပဲ ကျနော်အလေးစား၊ အထင်အကြီးဆုံးစာရေးဆရာဟာ ဗန်းမော်တင်အောင်ပါ။ ကျနော် သူ့အကြောင်းကို စသိတဲ့အချိန်မှာ သူဟာ ထောင်ထဲရောက်နေပါပြီ။ သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦး စတဲ့၀တ္ထုတွေကြောင့် ဖြစ်ပါတယ်။ သူ့စာရဲ့ အရသာနဲ့ တန်ဘိုးကို မသိခင်ကတည်းက သူ့ရပ်တည်ချက်ကြောင့် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။အဲဒီတုန်းက ကျနော့်ပတ်၀န်းကျင်က လူကြီးတွေဟာ ကျနော်ဖတ်နေတဲ့ စာပေတွေအကြောင်း မဆွေးနွေး၊ မပြောဆိုကြပဲ ဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ သူ့အကြောင်းကိုပြောတာ မကြာခဏ ကြားရပါတယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း သူ့အမှုနဲ့ ပတ်သက်လို့ မကြာမကြာ ဖတ်နေရပါ တယ်။ သူ့စာအုပ်တွေ၊ အထူးသဖြင့် ဖဆပလအစိုးရက ပိတ်ပင်တဲ့ စာအုပ်တွေကို တခုတ်တရ စုံစမ်းစုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော့အနေနဲ့ အဲဒီစာအုပ်တွေကို နာမည်နဲ့လွမ်းခဲ့ရတာ အကြာကြီးပါ။နောက်တော့ မထင်မှတ်ပဲ ဦးလေးဗန်းမော်တင်အောင်ကို သွားတွေ့ပါတယ်။ နွေရာသီကျောင်း ပိတ်ရက်ကာလ တခုမှာပါ။ ဘယ်မှာလဲဆိုတော့ ရန်ကုန်ထောင်ကြီးအထဲမှာပါ။ ဘယ့်နှယ်၊ ၁၉၅၅ ခုလောက်အချိန်မှာ ကျနော်က အသက်ဘယ်နှနှစ် ရှိလိုမို့ ထောင်ထဲရောက်သွားရတာလဲလို့ မေးစရာရှိ ပါတယ်။ ဟုတ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ လူဖြစ်လာသူတွေအဖို့ လုံး၀နားမလည်စရာ ဖြစ်မှာပါ။
အဲဒီတုန်းက ကျနော့အဖေကို ဖဆပလအစိုးရက ပုဒ်မ(၅)နဲ့ ထောင်ထဲထည့်ထားတုန်း ကျနော်က သွားတွေ့ပါတယ်။ ကျနော့်အဖေဟာ ထောင်သားတွေအတွက် သာရေးနာရေး၊ ဘာသာရေးတွေမှာ၊ အကုန်လုပ်ကိုင်ပေးနေလို့ ထောင်အာဏာပိုင်များကလည်း သူ့ကို လေးစားပါတယ်။ ဒါနဲ့ ကျနော်သူ့ကို သွားတွေ့တဲ့အခါမှာ ထောင်အထဲ၊ အဆောင်အထဲထိ သွားတွေ့လို့ ရခဲ့ပါတယ်။ မနက်မှာ ၀င်သွား၊ ညနေထောင်မပိတ်ခင် ပြန်ထွက်လာ၊ အဲဒီအထဲမှာပဲ နေ့လည်စာစား၊ ကလေးဆိုတော့ နေချင်သလိုနေ၊ သွားချင်ရာကို သွားခွင့်ရခဲ့ပါတယ်။
ရန်ကုန်ထောင်ကြီးကို ၆၀ ခုနှစ်တဝိုက်လောက်မှာ ထောင်အဖြစ်ကနေ ကောက်ပဲသီးနှံဌာန ဆန်ဂို ဒေါင်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ နောက်တော့ ၇၀ ခုနှစ်များထဲမှာ ဖျက်ပစ်လိုက်ပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ပုဒ်မ (၅)နဲ့ ဆွဲတာ၊ စတာတွေကို အင်းစိန်ထောင်မှာ မထားလေ့ပါဘူး။ ရန်ကုန်ထောင်ကြီးထဲမှာ ထားလေ့ရှိပါတယ်။ ကျနော့်အဖေကို ပုဒ်မ(၅)အဆောင်လို့ ခေါ်တဲ့ အဆောင်ကြီးထဲမှာ ထားပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံရေးလောကသားတွေနဲ့ စာနယ်ဇင်း လောကသားတွေချည်းလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်အကုန် မသိခဲ့၊ မမှတ်မိခဲ့ပေမယ့်၊ တွေ့ခဲ့ သိခဲ့အထဲမှာတော့ နိုင်ငံရေးလောက ကဆိုရင် ဗကပက ဗိုလ်အုန်း မောင်၊ အလံနီက သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ စသူတွေ ရှိပါတယ်။ စာနယ်ဇင်း သမားတွေ အထဲကတော့ ကျနော့်အဖေအပါ ဦးလေးဗန်းမော်တင်အောင်၊ မောင်နေ၀င်း(လူထု)၊ ရွှေဒါး၊ စသူတွေ ရှိပါတယ်။ ဒီမှာ တောထဲက မိလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအမျိုးက လူတွေ အတော်များပါတယ်။ စစ်မော်တော်ယဉ်တစင်းကို မောင်းပြီးတောခိုလာတဲ့ ကွန်မြူနစ်ပါတီက ဗိုလ်ဖုန်း၊ ထောင်ထဲမှာကျသွားတဲ့ တကသ ကိုတင်မောင်၀င်း(ခရမ်း)ရဲ့ အကို ပြည်သူ့ရဲဘော်က ဗိုလ်စက်စိန် စတဲ့ လူမျိုးတွေပါ။
ပုဒ်မ(၅) အဆောင်ကြီးထဲကို ရောက်သွားတယ်ဆိုတော့ အဲဒီတုန်းက သတင်းစာတွေထဲမှာ မျက်နှာဖုံးက ပါလေ့ရှိတဲ့ သခင်ဖေဌေးတို့၊ ဗိုလ်အုန်းမောင်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရတော့ ကျနော် အတော်ကျေနပ်သွားပါတယ်။ ဒါပေမယ့် အာသာမပြေပါဘူး။ ကျနော် အတွေ့အမြင်ချင်ဆုံးလူကို မတွေ့ရ သေးလို့ပါ။ ဒါကြောင့် ကျနော်က အဖေ့ကို "အဖေ၊ ဗန်းမော်တင်အောင် ဘယ်မှာလဲဟင်"လို့ တဖွဖွ မေးနေမိပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းစာတိုက်မှာ လက်ထောက်အယ်ဒီတာနဲ့ သတင်းထောက်လုပ်တဲ့ ကိုနေ၀င်းက ကျနော့်ကို အဆောင်အောက်ထပ်၊ အ၀င်ပေါက်ကနေဆိုရင် ဘယ်ဘက်တန်းမှာနေတဲ့ ဦးလေးဦးတင်အောင်ဆီကို လိုက်ပို့ပါတယ်။ ဟောဒါ မင်းတွေ့ချင်တဲ့ ဗန်းမော်တင်အောင်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျနော်က ကလေးပေမယ့် ဦးလေးဦးတင်အောင်က သူ့ အမှတ်တဆိပ်ဖြစ်တဲ့ ကြည်လင်ရွှင်ပြတဲ့ အပြုံးနဲ့ ကြိုဆိုပါတယ်။ သူ့အပြုံးက တသက်မမေ့နိုင်တဲ့ အပြုံး မျိုးပါ။ နောင်ဆယ်စုနှစ်တွေ လွန်တော့လည်း မပြောင်းလဲတဲ့ အပြုံးဖြစ်ပါတယ်။
နောက်တော့သူ ကျနော်တို့အိမ်၊ ကျနော့်မိဘများဆီကို လာတာ နှစ်ခါ၊ သုံးခါလောက်တွေ့ဖူး ပါတယ်။ ဒါပေမယ့် အရွယ်ကွာတော့ အဲဒီစကားဝိုင်းထဲမှာ ကျနော်မပါနိုင်ပါဘူး၊ ရေနွေးကြမ်းချရင်း၊ လက်ဖက်ချရင်း ခိုးကြည့်ရတာမျိုးပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တယောက် သူ့စာတွေနဲ့ ရင်းနှီး နေပါပြီ။ အထက်မှာပြောခဲ့တဲ့ စာအုပ်တွေသာမက မြိုင်၊ ဒေါက်တာရေချမ်း၊ ချောကလက်ဗိုလ်ကြီး၊ ပါမောက္ခအုန်းကျော်၊ မုန်တိုင်းထဲကလူ၊ ပြောရရင် စာရင်းက အရှည်ကြီးပါ။ ကျနော့်ပတ်၀န်းကျင်က လူတွေကလည်း သူ့စာတွေနဲ့ ရင်းနှီးတဲ့ လူတွေချည်း ဖြစ်ပါတယ်။ တနည်း-ကျနော်က သူ့စာတွေကို ဖတ်တဲ့လူမျိုးတွေနဲ့မှ အပေါင်းများလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ မိတ်သစ်ဖွဲ့ရင် ဒါမှမဟုတ် လူတယောက်ကို ကိုယ်က နိုင်ငံရေးအရ စည်းရုံးချင်ရင် ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေကို အရင်ဆုံး ပေးဖတ်ကြည့်ပါတယ်။ ပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ဆက်လှမ်းတာပါ။ ဒါကို နိုင်ငံရေး လုပ်ဖူးသူတိုင်း ကြုံဖူးမယ်လို့ ယုံပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ်ကကြိုက်တဲ့ မိန်းကလေးကိုတောင်မှ စာဖတ်စေချင်ရင် ဦးလေးရဲ့ 'မြိုင်' ကို ပေးဖတ်ပါတယ်။ အခုကျနော်နေတဲ့မြို့ကို သူများက ဘယ်မှာရှိတာလဲလို့မေးရင် ကျနော်က ဗန်းမောင်တင်အောင်ရဲ့ ငွေနှင်းမှုန်မှုန် ထဲကမြို့ ကလေးလို့ ပြောလေ့ရှိပါတယ်။
ကာလတခုရောက်တော့ ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေဟာ ရောင်းအကောင်းဆုံး စရင်းမှာပါ နေတာ မှတ်မိနေပါတယ်။ ဖေတော့မောင်တော့ ၀တ္ထုတွေ၊ အလွယ်ဖတ် အပေါ့ဖတ်စာတွေအကြားမှာ သူ့စာအုပ်လိုဟာတွေ ထိပ်ဆုံးရောက်ခဲ့တာဟာ ကျနော်တို့ ဗမာစာပေလောကရဲ့ ထူးခြားချက် လည်းဖြစ်၊ ဂုဏ်ယူစရာလည်း ဖြစ်တယ်လို့ အောက်မေ့မိပါတယ်။ တခြားနိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရခဲလှပါတယ်။ ကျနော်တို့နိုင်ငံဟာ ဆင်းရဲလှ၊ နောက်ကျလှပေမယ့် နိုင်ငံရေးနိုးကြားမှုနဲ့ စာပေကို တန်ဘိုးထားမှုတို့မှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ဆိုရဲပါတယ်။ ဦးလေးဦးတင်အောင်ဟာ ဗမာစာဖတ်ပရိသတ်ကို အဲဒီလို အဆင့်မြင့်အောင် ကူညီတွန်းပို့ခဲ့သူတွေထဲက တဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
နောက်တခါ ဦးလေးဦးတင်အောင်နဲ့ တွေ့တာကတော့ တသက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့ည။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တဲ့ ပြည်တော်အေး သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ တွဲဖက်ထောင်ထဲက ခေါ်လာတဲ့ အညာဖက်က နိုင်ငံရေးအကျဉ်းသမားတွေကို သင်္ဘော၀မ်းထဲဆင်းခိုင်းလို့ ဆင်းလိုက်တော့ ၀ပ်လေးဆယ်အား လောက် မီးလုံးတွေ ထွန်းထားတဲ့ သင်္ဘော၀မ်းခန်းထဲမှာ ကိုယ့်အရင်ရောက်နှင့်တဲ့ အောက်ပြည်က ဘ၀တူတွေကို တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်အရင်ဆုံး လုပ်တာဟာ ထောင်ထဲရောက်နေသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ကိုယ်သိတဲ့လူ ဘယ်သူများပါလေသလဲလို့ စူးစမ်းတာပါ။ မေးတော့တာပေ့ါ။ အဲဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ကိုယ့်အရင် သင်္ဘော၀မ်းထဲရောက်နေသူက "ဗန်းမောင်တင်အောင်၊ မြသန်းတင့်....." စသဖြင့် ပြောပြပါတယ်။ သင်္ဘော၀မ်းခန်းက ကျယ်လှတာ မဟုတ်ပေမဲ့ သူသူကိုယ်ကိုယ် ပင်ပမ်းငြီးငွေ့နေ၊ လူတွေ ပြွတ်သိပ်ကျပ်နေ စတဲ့အကြောင်းတွေကြောင့် အစမှာ လူရုပ်တွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် သူလက်ညှိုးထိုးပြတဲ့ ဖက်ကို လှမ်းကြည့်လိုက်တော့ သင်္ဘော၀မ်းခေါင်း နံရံကိုမှီပြီး ထိုင်နေကြတဲ့ သခင်ခင်အောင်(နောင်ကျတော့ ကျွန်းမှာ အားလုံးက အန်ကယ်ကြီးလို့ ချစ်ချစ်ခင်ခေါ်တာ ခံရသူ)၊ ဦးလေးဦးတင်အောင်နဲ့ ဦးလေးမြသန်းတင့်။
သူတို့သုံးယောက်စလုံးဟာ စျာန်သမာပတ် ၀င်စားနေသလား ထင်ရလောက်အောင် အင်မတန် အေးဆေး တည်ငြိမ်တဲ့ မျက်နှာထားတွေနဲ့ ထိုင်နေကြပါတယ်။ ဒါဟာ နောင်မှာ ကျနော် အနီးကပ် ထပ်တွေ့ရမယ့် ဦးလေးဦးတင်အောင်ရဲ့ သမာဓိရုပ်ပုံလွှာပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတဲ့အခါပဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို ရင်ဆိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ သူဟာ အဲဒီလို တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ရင်ဆိုင်တာချည်း တွေ့ရပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတိုက်ပွဲတွေ ကျင်းပတယ်ဆိုရင် တိုက်ပွဲစတယ် ဆိုတာနဲ့ ပထမအသုတ် တိုက်ပွဲ၀င်တွေကို တိုက်ပွဲဆောင်ရဲ့ အရှေ့မှာ ရပ်စေပြီး ကျန် အကျဉ်းသားများနဲ့ မိတ်ဆက်ပေးလေ့ ရှိပါတယ်။
"ရက် ၄၀ တိုက်ပွဲ" မှာ ပထမအသုတ် တိုက်ပွဲ၀င်တွေကို မိတ်ဆက်ပေးတုန်းက အရပ်မြင့်မြင့်နဲ့ မားမားရပ်နေတဲ့ ဦးလေးဦးတင်အောင်ရဲ့ တည်ငြိမ်ခိုင်မာ ပြတ်သားတဲ့ သဏ္ဍန်ကို အခုထိ မြင်ယောင်နေ ပါတယ်။ ဒါနဲ့ သူတို့ရှိရာကို ကျနော်က သွားပြီး ကိုယ့်ကိုယ်ကို ဘယ်သူပါလို့ ပြောပြ ဂါရဝြပုတော့မှ ဦးလေးဦးတင်အောင်ရဲ့ မျက်နှာမှာ ကျနော်မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ ၁၃-၁၄နှစ်က တွေ့ဖူးတဲ့ အပြုံးကို ပြန်တွေ့ရပါတယ်။ မတူတာ တခုက အခုတခါမှာတော့ သူ့အပြုံးမှာ ဂရုဏာအရိပ်အယောင်တွေ သန်းနေပါပဲ။
ကိုကိုးကျွန်းကို ရောက်တော့ သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို ဒုက္ခသည်တွေလို အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ လှိုင်းတွေအကြားမှာ အလဲလဲ အကွဲကွဲ လျှောက်လာခဲ့ကြပြီးတဲ့နောက် ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ကျနော်တို့ကို ထိုင်စောင့်ခိုင်းထားပါတယ်။ အဲဒီနောက် အကျဉ်းထောင်အထူးအရာရှိ ဒုဗိုလ်မှူးကြီး ထွန်းရင်လောဆိုသူက သတိပေးခြိမ်းခြောက် တဲ့ မိန့်ခွန်းတခုခြွေပါတယ်။ မိန့်ခွန်းပြောပြီးတော့ သူက- ဒီထဲမှာ စာရေးဆရာဗန်းမော်တင်အောင် ပါတယ်လို့ သိရတယ်။ ရပ်ပြစမ်းပါလို့ တောင်းဆိုလို့ ဦးလေးဦးတင်အောင်က ရပ်ပြရပါတယ်။ ရန်သူ လေးစားအသိအမှတ်ပြုရတဲ့ ကျနော်တို့ ဦးလေးပါလား။
ကျွန်းပေါ်ကိုရောက်တော့ သဘာ၀ကျစွာပဲ တခြားအဖွဲ့အစည်းကလူတွေနဲ့ ထောင်အမှုထမ်းတွေ အပါအ၀င် လူတိုင်းဟာ သူလိုပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်ကြပါတယ်။ ကျနော်လည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျနော် ပထဆုံးသတိထားမိတာက ဦးလေးဟာ အနေအထိုင် အင်မတန် စည်းကမ်းရှိ၊ သပ်ယပ်တာပါ။ နောက်တော့ ဆက်သတိထားမိတာက သူဟာ အပြောအဆိုမှာလည်း အင်မတန် စည်းကမ်းရှိ သပ်ယပ်တာပါပဲ။ ဒါဟာ အတွေ့အကြုံ၊ အသိပညာ ပြည့်၀တယ်ဆိုတဲ့ လက္ခဏာသာမကပဲ ပုဂ္ဂိုလ်ရေး မာန်မာနလည်း ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဒေါသထွက်တယ် ဆိုတာ တွေ့ရခဲလှပါတယ်။ ကျနော်တော့ တခါမှ မတွေ့ဖူးပါ။ လူငယ်တွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ သိမ်သိမ်မွေ့မွေ့၊ လေအေးလေးနဲ့ ပြောတတ်တဲ့ ဦးလေးဟာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရပါတယ်ဆိုတဲ့ အစည်းအဝေးတွေမှာလည်း အလားတူပဲ အေးအေးဆေးဆေး ပြောတတ် ပါတယ်။ ဒီနေရာတွေမှာ ကျနော့်အဖေနဲ့ တူလိုက်လေလို့ အောက်မေ့မိခဲ့ပါတယ်။
ဦးလေးက နိစ္စဓူ၀လို မပျက်မကွက်လုပ်တဲ့ အလုပ်တွေကတော့ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ညမှာ ရေဒီယိုသတင်း နားထောင်တာ၊ နောက်ပြီး အဲဒီသတင်းကို နောက်မနက်မှာ ကျောက်သင်ပုန်းပေါ်မှာ အများဖတ်ရအောင် ရေးပြတာပါပဲ။ ရေဒီယိုကို အိပ်ဆောင် ၁၁ ဆောင်က တညစီ အလှည့်ကျ ယူနား ထောင်ကြတာဆိုတော့ သူများအဆောင်တွေကို သွားပြီးနားထောင်ရတဲ့ ဇွဲမျိုး ရှိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဦးလေးကတော့ တခြားအဖွဲ့အစည်းက အဆောင်တွေကိုပါ ညစဉ်သွားပြီး မှန်မှန်နားထောင်၊ မှန်မှန် သတင်းရေးပါတယ်။ မနက်စာ သွားစားတဲ့အခါ ဦးလေးရဲ့ ကျောက်သင်ပုန်းသတင်းကို ကျနော်တို့ နေ့စဉ် စောင့်ဖတ်ခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။ အစာအိမ်ရောဂါ ဆိုးဆိုးဝါးဝါးရှိတဲ့ ဦးလေးဟာ သတင်းရေးတာ ပျက်ကွက်ခဲလှပါတယ်။
ကိုကိုးကျွန်းမှာ အယူအဆရေးရာတိုက်ပွဲ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာကို လူအတော်တော် များများ ကြားဖူးကြမှာပါ။ ဦးလေးဟာ အဲဒီအရှုပ်အထွေးပေါင်းစုံ အကြားမှာ သူလုပ်စရာရှိတာကို မယိမ်းမယိုင်လုပ်သွားတာဟာ အတုယူစရာပါ။ မှန်တာပြောရရင် ဦးလေးရဲ့ တချို့အရည်အချင်းတွေကို ကျနော့်အနေနဲ့ အသက်လေးရလာမှ ပိုသဘောပေါက်လာတာ ဖြစ်ပါတယ်။ သူတပါးရင့်ကျက်တာကို သဘောပေါက်ဖို့အတွက် ကိုယ်ကလည်း တစုံတရာတော့ ရင့်ကျက်ဖို့လိုတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူနဲ့ နီးနီးနေရတုန်းက နားမလည်လိုက်တာတွေအတွက်လည်း နှမြော၀မ်းနည်းရပါတယ်။
ခုဒီစာကိုရေးတော့ ကျနော့ခေါင်းထဲမှာ နောင်တလိုလို၊ ဦးလေးကို တောင်းပန်ချင်စိတ်လိုလိုတွေ ပေါ်နေတာ အမှန်ပါပဲ။ မှန်တာပြောရရင် ကျွန်းပေါ်တုန်းက ကျနော်ဦးလေးကို မကောင်းပြောခဲ့တာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်အလေ့တခုက လူကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေတတ်တာပါ။ ဒါကြောင့် ကျနော့်မိဘဆီကို စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လာလည်ရင် ကျနော်က ရှောင်လို့သာ နေပါတယ်။ ဒီတော့ ဦးလေးဦးတင်အောင်နဲ့ ကျနော် သုံးနှစ်နီးပါးနေခဲ့တဲ့ ကိုကိုးကျွန်းပေါ်မှာ စကားများများ မပြောခဲ့ရပါဘူး။ အဲဒီအကျင့်ကြောင့် ကျနော်ဦးလေးနဲ့ နောက်ဆုံးတွေ့တဲ့တခါမှာလည်း စကားမပြောလိုက်ရပဲ ဖြစ်သွားခဲ့ပါတယ်။
အဲဒါက ကျနော် ထောင်ကလွတ်လာတဲ့ ၁၉၇၂ခုနှစ်၊ ဇွန်လအဆန်းပိုင်းမှာပါ။ ကျနော် အင်းစိန်ထောင်က လွတ်တော့ ကျနော့်အဖေနဲ့အမေက ထောင်ဗူး၀မှာ လာကြိုပါတယ်။ ပြီးတော့ နောက်တနေ့ညမှာ လူတချို့ကိုဖိတ်ပြီး တရုတ်ထမင်းဆိုင်တဆိုင်မှာ ထမင်းကျွေးပါတယ်။ ညစာပါ။ အဲဒီတုန်းက အဖိတ်ခံရသူတွေက သခင်လွင်၊ သခင်လှကျွေနဲ့ ဦးလေးဦးတင်အောင်၊ ဦးလေး မြသန်းတင့်တို့ပဲ ဖြစ်ပါတယ်။ စီစဉ်ပေးသူက ကျနော့်အကို၀မ်းကွဲတော်တဲ့ ၀င်းမော်ဦး ဦးတင်မောင် ဖြစ်ပါတယ်။ အဲဒီလို ထမင်းအတူစားကြရာမှာ ကျနော့်အနေနဲ့ စကားတခွန်းမှ မပြောခဲ့ပါဘူး။ လူကြီးတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးတဲ့အခါမှာ ကျနော်က ပြုံးပြတာလောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်သူ့ကို နောက်ဆုံးတွေခဲ့တာပါပဲ။ သူကတော့ ကျနော် ၁၀နှစ်သားလောက်တုန်းက တွေ့ဖူးတဲ့ အပြုံးနဲ့ပဲ ကျနော့်ကို နှုတ်ဆက်ပါတယ်။ လူကြီးဝိုင်းမို့ ကျနော်က ဘယ်သူ့ကို ဘာစကားမှ မပြောခဲ့ပါ။ ဘေးက နားထောင်သူသာ လုပ်နေခဲ့ပါတယ်။ အဲဒါ ကျနော်နဲ့သူ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။
သူကွယ်လွန်တယ်လို့ ကြားတော့ ကျနော်က ၀နယ်၊ ပန်ဆန်းမှာပါ။ ကြားတဲ့အခါမှာ ကျနော် စကားမပြောနိုင်ပဲ ငိုင်သွားခဲ့ပါတယ်။ စောလိုက်၊ မြန်လိုက်တာလို့ တွေးမိပြီး ပြည်သူ့အရေးတော်ပုံ အတွက် စာပေစစ်မြေပြင်က တပ်မှူးကြီးတယောက် လျော့သွားရပြီလို့ ၀မ်းနည်းမိပါတယ်။ တဆက်တည်း သူ့အကြောင်းတွေကို ကျနော်ပြန်စဉ်းစားတော့ ကျနော့်ဘ၀မှာ သူ့စာပေတွေ၊ သြဇာညောင်းခဲ့ပုံကို ပြန်တွေးမိနေပါတယ်။ ဒီနေရာမှာ သူ့စာပေတွေကို ဆွေးနွေးဖို့ မရည်ရွယ်တာမို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျနော့်အပေါ် သူ့ကျေးဇူးကိုတော့ ချန်လို့မဖြစ်တာနဲ့ အနည်းအပါး ထောက်ပြချင်ပါတယ်။
ဦးလေးဦးတင်အောင်ရဲ့ ကျေးဇူးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ တချက်က သူဟာ လူငယ်တွေ အတွက် စံပြပုံစံတွေ ထုဆစ်ပြသွားခဲ့တာပါပဲ။ ဒီဖက်မှာ သူ့လောက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူဟာ မရှိသလောက်နီးပါးပါ။ သူဟာ အချစ်အတွက် အရက်ပုလင်းထဲ ခေါင်းနှစ်ပြီး ဘ၀ကို အရှုံးပေးဖို့ အားမပေးခဲ့ပါဘူး။ လူငယ်ပဲ၊ လောကကြီးမှာ ပျော်ပျော်နေသေခဲ ဆိုသလို ထင်သလိုနေ၊ လုပ်ချင်သလိုလုပ်တဲ့ လမ်းမျိုးဆီကိုလည်း တွန်းမပို့ပါဘူး။ ငွေဟာ အရာရာကို ဖန်တီးနိုင် တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း တည်ဆောက်မပေးပါဘူး။ သူ့ခေတ်က စာပေနယ်မှာ အဲဒီလို အယူအဆတွေကို သင်ပေးနေတဲ့ ကျော်ကြားတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက ဦးလေးဦးတင်အောင်ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်လို့မရတော့ လက်ဝဲဆိုပြီး အယူအဆကို ဖိတိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် ရာစုနှစ်တ၀က်မှ မကြာဘူး၊ ပတ္တမြားမှန်ရင် နွံမှာမနစ်ကြောင်း တွေ့ခဲ့ကြရပါတယ်။
အဲဒီခေတ်တုန်းက ဗန်းမော်တင်အောင် ဇာတ်လိုက်ပုံ လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လိုက်လုပ်သူတွေဟာ လူ့သိက္ခာ၊ လူကျင့်၀တ်တွေကို စောင့်စည်းရတာမို့ တယ်မသက်သာလှတာတော့ အမှန်ပါ။
သူ့စာတွေကိုဖတ်ပြီး၊ သူ့အကြောင်းတွေကိုကြားပြီး၊ လူတယောက်ဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ရမယ်၊ ကိုယ့်ယုံကြည်ချက်အတွက် အနစ်နာခံရမယ်ဆိုတဲ့ ခံယူချက်တွေ စွဲမြဲစေပါတယ်။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်တာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယုံကြည်လာစေပါတယ်။ ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။
တလောဆီတုန်းက ဗမာပြည်စာပေလောကနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား အမျိုးသမီးကြီးတဦးက ကျနော့်ဆီကို သူဗမာပြည်က ၀တ္ထုရေးဆရာတွေအကြောင်း စာတမ်းတစောင် ရေးနေတဲ့အကြောင်း ပြောပြရင်း ဗမာပြည်က စာရေးဆရာတွေအထဲမှာ ဘယ်သူတွေဟာ သြဇာကြီးခဲ့တယ် ထင်သလဲလို့ မေးပါတယ်။ ကျနော်က တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ (နာမည်တွေ ရှေ့မှာ ဆရာ-ဦးမတတ်ခဲ့တာကို နားလည်ပါ)စသူတွေဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာအညောင်းဆုံးကတော့ ဗန်းမော်တင်အောင်ပဲလို့ ပြန်ရေးပြလိုက်ပါတယ်။
ဒီတော့ သူက ဗန်းမော်တင်အောင်ရဲ့စာဟာ ဒီလောက် သြဇာကြီးနိုင်ပါ့မလား၊ သူ့စာအရေးအသား ဟာဆိုပြီး အတတ်ပညာပိုင်းတချို့ ပြောပြပါတယ်။ အဲဒီတော့ ကျနော်က တခြားတော့ မသိဘူး၊ သူ့ အသုဘနဲ့ ပါတ်သက်ပြီး ရေးကြတာတွေ၊ အထူးသဖြင့် ဆရာပါရဂူရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး ဦးလေးဦးတင်အောင် သေရပုံကို ကျနော်သိတ်အားကျမိတယ်လို့ ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လုံး၀မပါတ်သက်တဲ့ အနောက်နိုင်ငံသူ ပညာရှင်တယောက်အနေနဲ့ ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ရဲ့လား မပြောတတ်ပါ။ ကျနော်သာ အဲဒီအသုဘကို ရောက်ရင် သူတကာလိုပဲ ပန်းခွေတွေက ပန်းတပွင့်ကို နှုတ်ယူပြီး ရင်ပတ်မှာ အမြတ်တနိုး ထိုးလာခဲ့မှာပါ။
-ဖိုးသံ(လူထု)-
[ ၁၃၆၇ ဝါဆိုလဆန်း၂ရက်၊ သက္ကရာဇ် ၂၀၀၅ ဇူလိုင် ၇ ရက်ထုတ် မာယာမဂ္ဂဇင်းက ပြန်လည် ကူးယူဖော်ပြပါတယ်]