Wednesday, December 2, 2020

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၂)

 

သမ္မဘုရှ်သည် ဤရေးသားချက်များကို အကောင်အထည်ဖော်လိုဟန်ရှိပါသည်။ ထို့ကြောင့် NMD (အမျိုးသားဒုံးပျံကာကွယ်ရေး) အစီအစဉ်ချပါသည်။ ကျိုတိုသဘောတူညီချက်ကို တဖက်သတ်ဖျက်ပါသည်။

အပြောအဆိုကတော့ သူ့အကြံပေးတွေလို မကြမ်းဝံ့ပါ။ ယက်ကန်ယက်ကန်နှင့် သမ္မတဖြစ်လာသူက ထိုသို့ အပြောမကြမ်းနိုင်ပါ။ အပြတ်အသတ်နိုင်လာလျှင်ကား ကြမ်းပေလိမ့်မည်။

“NMD နှင့် ကျိုတို ကို ကိုင်လိုက်သောအခါ ရုရှားနှင့်တရုတ်ကဆန့်ကျင်ပါသည်။ မဟာမိတ်များက မကြိုဆိုပါ။ ဆန့်ကျင်သူတောင်ရှိပါသည်။ ဂျပန်က အင်တင်တင် လက်ခံပါသည်။ အိန္ဒိယကတော့ အမေရိကန်က ပထမဆုံး အရေးတယူလုပ်ရှင်းပြသဖြင့် ကျေနပ်ပါသည်။ သူ၏အကြံအစည်အတွက် အကျိုးရှိ၍လည်း NMD ကို လိုလားသည့်သဘောပြောပါသည်။

ရုရှားနှင့်တရုတ်ဆန့်ကျင်မည်ဟု ကြိုတွက်ပြီးဖြစ်သဖြင့် သမ္မတဘုရှ်မအံ့ဩပါ။ သို့သော် မဟာမိတ်များ၏ ရပ်တည်ချက်သိရသောအခါ အံ့ဩပုံပေါ်ပါသည်။ ယခုထိ ရှင်းလင်းမဆုံးဖြစ်နေရပါသည်။

အမေရိကန်၏ ဂျူနီယာပါတနာ (Junior Partner) အင်္ဂလိပ်ကပင် ခါတိုင်းလို လှိုက်လှဲမှုမရှိပါ။ ဥရောပသမဂ္ဂ EU နှင့်လည်း မကင်းနိုင်၊ အမေရိကန်နောက်လည်းလိုက်ချင် စိတ်ဒွိဟဖြစ်နေပုံပေါ်ပါသည်။

အမေရိကန်ကိုဝင်ရိုးပြု၍ တကမ္ဘာလုံးလည်ပတ်ရမည်ဟူသော အတွေးအခေါ်သည် အမေရိကန် လက်ဝါးကြီးအုပ်အရင်းရှင်ကြီးများ၏ အတွေးအခေါ်ဖြစ်ပါသည်။ ထို့ကြောင့် အဓိကပါတီကြီး ၂ ခု၏ အတွေးအခေါ်လည်း ဖြစ်နေရပါသည်။

ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်လော၊ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်လော ဆိုသည့်ပြဿနာသည် ယနေ့အဓိကပြဿနာဖြစ်ပါသည်။ မည်သည့်ဘက်ကမှလည်း အလျှော့ပေးကြမည်မဟုတ်ပါ။ “အမျိုးသားအကျိုးစီးပွား”ချင်း ထိပ်တိုက်တွေ့နေသည့်ပြဿနာဖြစ်၍ ကျယ်ပြန့်ပြင်းထန်လာမည်ဖြစ်ပါသည်။

ဝင်ရိုးတခုနှင့် ဝန်ရိုးအများလွန်ပွဲသည် မျက်မှောက် နိုင်ငံတကာ့အခြေအနေကို ဖန်တီးနေပါလိမ့်မည်။

ယနေ့ထိအခြေအနေကို(အပြောမကြည့်ပဲ အလုပ်ကိုကြည့်၍)သုံးသပ်လျှင် အဆိုးဆုံးအခြေအနေသို့လည်း ရောက်မသွားနိုင် အကောင်းဘက်သို့လည်းရွေ့လျားမသွားဘဲ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းပါသည်။

အဆိုးဆုံးဆိုသည်မှာ စစ်ပွဲဖြစ်ပြီး၊ အကောင်းဘက်ဆိုသည်မှာ ဝင်ရိုးအများရှိသောစနစ်ကို အမေရိကန်က လက်ခံလိုက်ခြင်းကို ဆိုလိုပါသည်။

ကမ္ဘာ့စနစ် အတည်တကျမဖြစ်သေးသမျှ ကုလသမဂ္ဂပြုပြင်ရေးကိစ္စသည်လည်း ထစ်နေပါလိမ့်မည်။

၁၉၄၅ ခုနှစ်က စစ်နိုင်သူများချမှတ်ထားသော ကမ္ဘာ့ကုလသမဂ္ဂဖွဲ့စည်းပုံကို ပြင်ဆင်ရန်အချိန်တန်ပြီဟု နိုင်ငံကြီးတွေပြောဆိုနေကြပါသည်။ သို့သော် ကမ္ဘာ့စနစ်သစ် အတည်တကျမဖြစ်သေးသမျှ လက်တွေ့ ပြုပြင်ရန်ခက်နေပါသည်။ မည်သည့် ကြီး(၅)ကြီးကမှလည်း ပြုပြင်ထားသောဖွဲ့စည်းပုံ တစုံလုံးကိုမဆိုထားနှင့် ပြုပြင်ထားသောဖွဲ့စည်းပုံ တစိတ်တဒေသကိုပင် တင်ပြနိုင်ခြင်းမရှိပါ။ ဝင်ရိုးတခုလော ဝင်ရိုးအများလော ဆိုသည့်ပြဿနာ မပြေလည်သေးသမျှ လက်ရှိဖွဲ့စည်းပုံအတိုင်းပင် ရှိနေပါလိမ့်မည်။

အမေရိကန်က ကုလသမဂ္ဂ၏ ပြင်ဘက်ထွက်ပြီး ကိုဆိုဗိုပြဿနာကို နေတိုး NATO နံမည်နှင့် ဝင်ကိုင်ကြည့်ပါသည်။ နောက်ဆုံးတွင် ရုရှားပါ ပါလာပြီး ကုလသမဂ္ဂတွင်း ပြန်ရောက်သွားပါသည်။ ကိုဆိုဗိုကိစ္စမှာ ဥရောပတွင်း ပြဿနာဖြစ်၍ ဤသို့လုပ်နိုင်ခြင်းဖြစ်ပါသည်။ အခြားနေရာဆိုလျှင် လုပ်ဖို့ခက်ပေလိမ့်မည်။

NMD ကိစ္စနှင့် ကျိုတိုဆုံးဖြတ်ချက်ကိစ္စကြောင့် ကုလသမဂ္ဂရွေးကောက်ပွဲ ၂ ခု၌ အမေရိကန်ရှုံးရပါသည်။ အရှက်ရကြပါသည်။ အမေရိကန်လွှတ်တော်က ကုလသမဂ္ဂသို့ထည့်ဝင်ရမည့်(အကြွေး) မပေးဘဲနေရန်အထိ ပြောသံကြားရပါသည်။ အမတ်တယောက်ကမူ “စူပါ ပါဝါဆိုတာ ပေးစရာရှိတဲ့အကြွေး ပေးရတယ်၊ စူပါ ပါဝါဆိုတာ မငိုရဘူး၊ နောက်ဆုံးကျမှ တခွင်လုံးသိမ်းကြတာပေါ့” ဟု အားပေးစကားလိုလိုခြိမ်းခြောက်တာလိုလို ပြောပါသည်။

ဝင်ရိုးတခုတည်းရှိတဲ့ကမ္ဘာ့စနစ်ဖြစ်မှ မင်းတို့သိမယ်ဟု မဲထည့်သူများကို ကြိမ်းသလားမပြောနိုင်ပါ။ တခွင်လုံးဆိုသည့်စကားက ကုလသမဂ္ဂကိုဆိုသလား၊ မဲနိုင်သွားသည့် ပြင်သစ်၊ ဩစတြီးယား၊ ဆွီဒင်ကိုဆိုသလား၊ ပြင်သစ်က ၅၃ ဦး မဲထည့်တာမှာ ၅၂ ဦးရသည့်အတွက် ပြင်သစ်ကိုပဲကြိမ်းသလားမပြောတတ်ပါ။

မည်သို့ပင်ဆိုစေ အမေရိကန်တဦးတည်း ဗိုလ်ကျနိုင်သည့်ခေတ် ရောက်ရမည်ဟု အမေရိကန်နိုင်ငံရေးသမားများက ယုံကြည်နေပါသည်။

အမေရိကန်လွှတ်တော်ကလည်း ကမ္ဘာ့လွှတ်တော်ကဲ့သို့ ပြုမူကျင့်ကြံနေပါသည်။

ဝင်ရိုးအများရှိသော ကမ္ဘာ့စနစ်ဘက်တွင်လည်း အားမသေးပါ။ ဤစနစ်က အသာစီးရပါက ကုလသမဂ္ဂပြုပြင်ရေးတွင် တစုံတရာ ဆုံးဖြတ်ချက်ကျနိုင်သော်လည်း ရှောရှောရှူရှူတော့ဖြစ်မည့်ပုံမရှိပါ။ အိန္ဒိယကတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ကြီးတကြီးအဖြစ်ပါရမည်ဟု ထင်ပုံပေါ်ပါသည်။ ပါကစ္စတန်က လက်ခံပါမည်လော။ ဂျပန်ပါလာလျှင် တောင်မြောက်ကိုးရီးယားက ကျေနပ်မည်လော။ အာရှကို ကွက်၍ပြောခြင်းဖြစ်ပါသည်။ အခြားထင်နေသည့်တိုင်းပြည်များ ကမ္ဘာအနှံ့ရှိပါသည်။ ကျေနပ်သူမကျေနပ်သူ ရှိပါလိမ့်မည်။ ဝင်ရိုးတခုတည်းကမ္ဘာ့စနစ် မည်သည့်အခါကမျှ မရှိခဲ့ပါ။ အင်ပါယာများရှိခဲ့ဖူးပါသည်။ သို့သော် ကမ္ဘာလွှမ်းခြုံသော အင်ပါယာမဟုတ်ပါ။

အင်္ဂလိပ်အင်ပါယာသည် ကမ္ဘာအနှံ့ကျယ်ပြန့်ပါသည်။ သို့သော် ကမ္ဘာ့အင်ပါယာမဟုတ်ပါ။ အပြိုင်အဆိုင် အင်ပါယာများရှိပါသည်။ ကမ္ဘာစစ်ဖြစ်ရပါသည်။

အမေရိကန်စိတ်ကူးနေသောပုံစံသည် တကမ္ဘာလုံး မတည်ငြိမ်မှုကိုသာ ဖြစ်စေပါလိမ့်မည်။ NMD လုပ်ထား၊ ခေါင်းထောင်ထသူကို အပြတ်နှိမ်၊ ကမ္ဘာ့ပုလိပ်ကြီးလုပ်။ ဤစိတ်ကူး အလုပ်ဖြစ်ပါမည်လော။

NMD ကို အမေရိကန်အသံ VOA က ဘာသာပြန်သည်မှာ ဒိုင်းလွှာဟု ပြန်ပါသည်။ မဆိုးပါ။ ဒိုင်းကောင်းလျှင် လှံကောင်းလာစမြဲ။ မထိုးဖေါက်နိုင်သောဒိုင်း ရှိမည်မဟုတ်ပါ။

တခုပဲရှိသည်။ ကမ္ဘာပေါ်တွင် နိုင်ငံအငယ်နှင့်အသေးချည်းရှိမည်ဆိုလျှင် မထိုးဖေါက်နိုင်သောဒိုင်း ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀၀ ရှိရေးအပြောအဆိုများကြားရသည်မှာ ဤစိတ်ကူးကြောင့်ဖြစ်မည်။

NMD မှာ ဝင်ရိုးတခုတည်းရှိသော ကမ္ဘာ့စနစ်ထူထောင်ရေးအတွက်လှမ်းသော ပထမဆုံးခြေလှမ်းဖြစ်သည်။

NMD မှာ အာကာသတက်မည့်၊ ငွေအလွန်ကုန်မည့်စီမံကိန်းဖြစ်သည်။ လောလောဆယ်တွင် အမေရိကန်တဦးတည်းသာ တတ်နိုင်သည်။ ရုရှားမှာ အရင်ကလို စိန်ခေါ်လျှင် တိမ်ပေါ်အထိမလိုက်နိုင်။ အတတ်ပညာ ယှဉ်နိုင်သော်လည်း ငွေမတတ်နိုင်။ ဥရောပသမဂ္ဂ EU မှာ အတတ်ပညာလည်းရှိ ငွေလည်းရှိသည်။ သို့သော် နိုင်ငံအများ ညှိပြီးလုပ်ရမည်။ ညှိရလွယ်မည်မဟုတ်။ တရုတ်မှာ အတတ်ပညာက အာကာသတက်စ၊ ငွေကြေးအခြေခံက မတတ်နိုင်သေး။ ဂျပန်က အတတ်ပညာ၊ ငွေကြေး လုပ်မည်ဆိုလျှင် တတ်နိုင်သည်။ သို့သော် လူထုက စစ်ကိုနာကျည်းနေသည်။ အမေရိကန်ပြည်သိမ်းတပ် ရေးဆွဲပေးထားသည့် အခြေခံဥပဒေ၏ အကန့်အသတ်လည်းရှိသည်။ အချိန် အများကြီးယူရလိမ့်မည်။ အမေရိကန်နှင့် အတိုက်အခံလုပ်ဖို့လည်း မလွယ်လှ။ အမေရိကန်က ဂျပန်ကို NMD ၏ လက်အောက်ခံTMD “တာလတ်တာတို ဒုံးပျံကာကွယ်ရေး”လောက်ပဲ လုပ်စေချင်သည်။ အာကာသတက်စရာမလိုသည့် ကာကွယ်ရေးစနစ်ဖြစ်သည်။

အာကာသတက် လက်နက်တပ်ဆင်နိုင်လျှင် ကမ္ဘာကြီးအပေါ် ဗိုလ်လုပ်၍ရပြီ။

ဤကား NMD ၏စိတ်ကူး။ ထို့ကြောင့် စစ်အေးခေတ် ABM (ဒုံးခွင်းဒုံးကန့်သတ်ရေး)စာချုပ်ကို ဖျက်ချင်သည်။ ABM ရှိလျှင် NMD လုပ်မရ။

ABM ကို ရုရှားကအဖျက်မခံချင်။ ရုရှားအနီးကပ်နေရသော EU ကလည်း အင်အားချိန်ခွင်လျှာပျက်မှာစိုးသည်။ တရုတ်ကလည်း ချိန်ခွင်လျှာ အပျက်မခံနိုင်။ ဤသို့ဖြင့် အမျိုးသားအကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်ရိုးတခုကမ္ဘာ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစနစ်ကြောင့်...

(က) အမေရိကန်၏ နိုင်ငံရေးအရ ဗိုလ်ကျလွှမ်းမိုးမှုကိုခံရမည်။

(ခ) အမေရိကန်လက်ဝါးကြီးအုပ်အရင်းရှင်များ၏ စီးပွားရေးအရလွှမ်းမိုးမှုကိုခံရမည်။

(ဂ) နိုင်ငံ၏ဖွံ့ဖြိုးရေးလမ်းကြောင်း ပိတ်သွားမည်။

(ဃ) “မတော်သူသေ တော်သူနေ” စနစ်ကြီး တရားဝင်ဖြစ်လာကာ ခေတ်နှင်အမီမလိုက်နိုင်သော နောက်အကျဆုံးနိုင်ငံများနှင့်လူမျိုးများ ကွယ်ပျောက်ကုန်မည်။

(င) မြေကမ္ဘာဂြိုဟ်ကို ထိန်းညှိထားသောသဘာဝစနစ်များ ပျက်စီးမည်။

ထိုစနစ်အသေးစားနမူနာကို ယူဂိုဆလားဗီးယားနိုင်ငံဟောင်းတွင် ဖြစ်ပျက်နေသည်များကိုကြည့်က တွေ့နိုင်သည်။ လူမျိုးချင်းနှင့်နိုင်ငံငယ်ကလေး (မီနီစတိတ် Mini State)များအချင်းချင်း တကျက်ကျက် ရန်ဖြစ်နေကြသည်။ (ရန်ဖြစ်မှ ကမ္ဘာ့ပုလိပ်ကြီး အလုပ်ရှိမည်)

     စီးပွားရေးအရ လုံးဝ နို့သက်ခံနေရသည်။ (ကမ္ဘာ့အရင်းရှင်ကြီးများ စားကျက်တွေ့မည်)

     နေတိုးအဖွဲ့အတွင်းရေးမှူးက ကာယကံမြောက် “ဘုရင်ခံချုပ်”ဖြစ်နေသည်။ (ကိုလိုနီသစ်ပုံစံဖြစ်သည်)

     ရွေးကောက်ပွဲဆိုသည်များမှာ ဟန်ပြသက်သက်ဖြစ်နေသည်။(ငွေကြေးဖြင့် အာဏာဖြင့် ကိုယ့်လူ မနိုင် နိုင်အောင်လုပ်နေသည်။

ထိုကမ္ဘာ့စနစ်မျိုးသည် ဗမာပြည်အတွက် မည်သည့်ကောင်းကျိုးမှ ပေးမည်မဟုတ်ပါ။ ထို့ကြောင့်ဆန့်ကျင်ပါသည်။ ထိုစနစ် ကမ္ဘာမလွှမ်းစေရန် တားဆီးပါမည်။

အမေရိကန်အင်အားကြီးသည်မှာ မှန်ပါသည်။  သို့သော် ကမ္ဘာတခုလုံးကိုစိုးမိုးနိုင်ရန်ကား အင်အားအကန့်အသတ် ရှိပါသည်။ အမေရိကန်ကိုစိန်ခေါ်သူများ စုစည်းမိလာသောအခါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မုချပျက်စီးပါမည်။ ဒုတိယကမ္ဘာစစ်အပြီးမှ (၅၅)နှစ်ကျော် တားဆီးနိုင်ခဲ့သည့်တတိယကမ္ဘာစစ် ဖြစ်ပါလိမ့်မည်။ ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များ လိုလားပါသည်။

ကောင်းလွန်း၍ ခြောက်ပစ်ကင်း၍ လိုလားခြင်းကားမဟုတ်ပါ။ ကောက်ကောက်ထဲမှ အဖြောင့်ရှာရာတွင် ခတ်ကွေးကွေးကို အဖြောင့်သဘောထားပြီးရွေးရခြင်းဖြစ်ပါသည်။

လူလူချင်း၊ လူမျိုးချင်းဖိနှိပ်ချယ်လှယ်သွေးစုပ်သည့်စနစ် မချုပ်ငြိမ်းသေးသမျှ၊ ကမ္ဘာ့ဆိုရှယ်တော်လှန်ရေး မအောင်မြင်သေးသမျှ ဤသို့ပင် ကောက်ကောက်ထဲမှ အဖြောင့်ရှာ၊ ခတ်ကွေးကွေးဟာ အဖြောင့်ပဲဟု သဘောထားနေရပါမည်။

ဤဝင်ရိုးအများနစ်သည် ပထမကမ္ဘစစ်မတိုင်မီကစနစ်မျိုးမဖြစ်စေဖို့ တကမ္ဘာလုံးသတိရှိရပါမည်။ ကမ္ဘာကိုခွဲဝေပြီး ကိုလိုနီအဖြစ်စိုးမိုးကြသောစနစ် ဖြစ်သွားပါက ကမ္ဘာစစ်ကို အသေအချာပြန်ဖြစ်စေပါလိမ့်မည်။

ဝင်ရိုးများအတွင်း ပဋိပက္ခများကားရှိပါလိမ့်မည်။ ရှောင်လွှဲနိုင်မည်မဟုတ်ပါ။ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခသို့ တိုးပွားမသွားစေရန် ကမ္ဘာ့ပြည်သူများက သတိဖြင့်တားဆီးကြရပါမည်။

ဝင်ရိုးတွေ မည်သည့်နိုင်ငံများဖြစ်မည်ကို အတတ်မပြောနိုင်သော်လည်း ဝင်ရိုးအလောင်အလျာများကိုကား တွေ့မြင်နေရပါသည်။ စီးပွားရေးအင်အား၊ လူဦးရေအင်အား၊ နိုင်ငံရေးအင်အားရှိသူများသည် ဝင်ရိုးဖြစ်နိုင်ခြေရှိသူများ၊ ဝင်ရိုးဖြစ်ရန်မျှော်လင့်ချက်ရှိသူများ ဖြစ်ပါသည်။

ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ကို ဗမာပြည်ကွန်မြူနစ်များမလိုလားသည့် အဓိကအကြောင်းတခုရှိပါသည်။ ဤအဓိကအကြောင်းကို မတင်ပြလျှင် ပြည့်စုံမည်မဟုတ်ပါ။

အဓိကအကြောင်းမှာ ဗမာပြည်သည် အရှေ့တောင်အာရှဒေသကြီးအတွင်းပါဝင်နေသောတိုင်းပြည်ဖြစ်ခြင်း၊ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခု တရုတ်နှင့်အိန္ဒိယအကြားတွင် တည်ရှိသောဒေသဖြစ်ခြင်းနှင့် ဗမာပြည်တွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမရှိခြင်း ဖြစ်ပါသည်။

အရှေ့တောင်အာရှ၏ထူးခြားချက်မှာ

     ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်၊ အမေရိကန်တို့၏ ကိုလိုနီဖြစ်ခဲ့သောသမိုင်း ရှိခြင်း။

     နယ်ချဲ့ပေါင်းစုံ စုစည်းမိခဲ့သောနေရာဖြစ်ခဲ့ခြင်း။

     ဗီယက်နမ်စစ်ဖြစ်ခဲ့သောနေရာ၊ ဆီတိုးအဖွဲ့ဌာနချုပ်ရှိသောနေရာဖြစ်ခဲ့ခြင်း။

     ကမ္ဘာ့အရှေ့ခြမ်းတွင် ရှားရှားပါးပါးထူးထူးခြားခြားရှိနေသော လူဖြူနိုင်ငံ ဩစတြေးလျနှင့် ပထဝီအရ နီးကပ်နေခြင်းတို့ ဖြစ်သည်။

ဩစတြေးလျ၏အခန်းသည် ဝင်ရိုးတခုတည်းရှိသောကမ္ဘာ့စနစ်ဖြစ်လာပါက အရှေ့တောင်အာရှတွင် အလွန် အရေးပါသောအခန်းက ပါလာလိမ့်မည်။ အရှေ့တီမောကိစ္စတွင် ဩစတြေးလျဝန်ကြီးချုပ်က ဩစတြေးလျသည် အမေရိကန်စေတလုံးရမြို့ဝန် (Sheriff)၏ လက်ထောက်မြို့ဝန်အခန်းက ပါဝင် တာဝန်ထမ်းဆောင်ပါသည်ဟု ပြောခဲ့ဖူးပါသည်။ (ကမ္ဘာ့ရွာဟု ဆိုကြသောကြောင့် Sheriff ကို စေတလုံးရရွာသူကြီးဟု ဘာသာပြန်ရမလားမသိပါ)

ဩစတြေးလျ အမေရိကန်နှင့်အရင်းနှီးဆုံးဖြစ်ပါသည်။ အမေရိကန်တိုက်သမျှစစ်တိုင်းတွင် အမြဲပါခဲ့ပါသည်။ လက်ရှိ စစ်ရေးမဟာမိတ်လည်းဖြစ်ပါသည်။ အရှေ့တောင်အာရှအရေးတွင် စိတ်ဝင်စားမှုလည်း အလွန်ရှိပါသည်။

ဗမာပြည်၏နိုင်ငံရေးအကျပ်အတည်းတွင် သူက နည်းသစ်ဖြင့်ဝင်လာနေပါသည်။ “လူ့အခွင့်အရေးသင်တန်း”ဖြင့်ဝင်ပါသည်။ သူများလို “နိုင်ငံရေးအန်တုမှု”ဖြင့်မဝင်ပါ။

စစ်အစိုးရကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံပါသည်။ အမေရိကန်နှင့် ရင်ကြားစေ့ရန် လမ်းကြောင်းတခုပွင့်သည်ဟု ထင်ဟန်ရှိပါသည်။

ဝင်ရိုးတခုတည်းရှိသောစနစ်တွင် နယ်ချဲ့ဗိုလ်ကြီးတဦးတည်းသာရှိပါမည်။ သို့သော် ကမ္ဘာကိုပိုင်းခြား၍ လက်ထောက်များထားပါမည်။ အင်္ဂလိပ်ကတော့ နေရာဦးထားပါသည်။ သူ့ကိုယ်သူ နောက်လိုက်အပေါင်းအသင်း (Junior Partner)ဟု ပြောနေပါသည်။ သူက ဘယ်ဒေသ အပိုင်စားရလိုသလဲဆိုသည်ကား မသိရပါ။ ဩစတြေးလျကမူ အရှေ့တောင်အာရှအတွက် လက်ထောက်ဖြစ်ချင်မှန်းသိသာပါသည်။ အမေရိကန် “ဧကရာဇ်”၏ အရှေ့တောင်အာရှ “ဘုရင်ခံချုပ်”ဖြစ်ရန် တာစူနေပါသည်။

ဝင်ရိုးတခုသာရှိသောကမ္ဘာ့စနစ်၏ နမူနာတခုကို အာရှ အာဖရိကတွင်တွေ့လိုက်ဖူးပါသည်။

     “ဆိုးသွမ်းနိုင်များ”ကို သူက ဆုံးဖြတ်ပါသည်။ အားလုံး အာရှမှဖြစ်သည်။

     ပင်လယ်ပြင်မှနေ၍ အာဖဂန်နစ္စတန်နှင့်ဆူဒန်ကို ဒုံးပျံဖြင့်ပစ်သည်။

     အာရှ၏လေပြင်ပိုင်နက်ကို သူ့ပိုင်နက်အဖြစ်သဘောထားကာလုပ်သည်။

နောက်တခု နမူနာမှာ တဖက်ကိုပင်းသောဒိုင်လူကြီးလုပ်သည်။(အာရပ်−အစ္စရေးကိစ္စ) အရှေ့အလယ်ပိုင်း “ဘုရင်ခံချုပ်”အဖြစ် အစ္စရေးကိုခန့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဗမာပြည်တွင် အာဏာသိမ်းစစ်အစိုးရရှိနေသောကြောင့် ဤသို့သော ကမ္ဘာ့စနစ်မျိုးတွင် တိုင်းပြည်အနေဖြင့် သာဖို့မရှိပါ။ နာဖို့သာ ရှိပါသည်။ ဒီမိုကရေစီအစိုးရရှိခဲ့လျှင်လည်း အမြဲမပြတ် ပြည်တွင်းရေးရှုပ်ထွေးနေအောင် အလုပ်ခံရဖို့သာရှိသည်။ ထို့ကြောင့် တိုင်းပြည်အတွက် ကောင်းကွက်မရှိနိုင်ပေ။

ဝင်ရိုးအများရှိသောကမ္ဘာ့စနစ်ဖြစ်စေ၊ ဝင်ရိုးတခုသာရှိသောစနစ်ဖြစ်စေ မည်သည့်စနစ်ဖြစ်ဖြစ် “ပြည်ချစ်ဝါဒ”ဖြင့်သာ တိုင်းပြည်ကို ကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယခုအခါ ကမ္ဘာ့စနစ်သစ်အတွက် လွန်ပွဲကြီးဖြစ်နေသည်။ ဗမာပြည် ကြားညပ်ခံ၍မဖြစ်ပါ။ သတိရှိကြရပါမည်။

ဝင်ရိုးအများရှိသည့်စနစ် ဖြစ်လျှင်လည်း အပြိုင်ဆွဲကြမည့် လွန်ပွဲကလေးများတော့ ရှိနေဦးမည်။ “ပြည်ချစ်ဝါဒ”ဖြင့်သာ မိမိတိုင်းပြည်၏အဆင့်နေရာကို မြင့်တက်စေရန်လုပ်ကြရပါမည်။ “ပြည်ချစ်ဝါဒ”ကိုအခြေခံကာ အမြော်အမြင်ရှိစွာဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးရေးလမ်းမှန်ပေါ်ရောက်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၁)

0 comments

တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၁)

၂၀၀၁ ခုနှစ် ဇွန်လ

(က) နိဒါန်း။

(ခ) နိုင်ငံတကာအခြေအနေ။

(ဂ) ပြည်တွင်းအခြေအနေ။

(ဃ) ဗကပ၏ လုပ်ငန်းအရပ်ရပ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေသည်။

 

တိုင်းပြည်နှင်ပြည်သူအပေါ် အလုပ်အကျွေးပြုရေး ပြည်ချစ်ဝါဒလမ်းစဉ်။

(က) နိဒါန်း

၂၁ ရာစုသို့ ဝင်ခဲ့ပါပြီ။ ၁၈ ရာစုကအတိုင်း ဗမာပြည်နိုင်ငံရေးကို စဉ်းစားလုပ်ဆောင်၍မဖြစ်ပါ။ ၂၀ ရာစုအတိုင်းလည်း မဖြစ်ပါ။ ၂၁ ရာစုအခြေအနေအရ စဉ်းစားကြ၊ လုပ်ဆောင်ကြရန်လိုပါသည်။

အဟောင်းအတိုင်း စဉ်းစားလုပ်ဆောင်နေကြလျှင် နောက်ကျသွားပါလိမ့်မည်။ ခံရပါလိမ့်မည်။ ၁၉ ရာစု ၂၀ ရာစုများက ကျနော်တို့ဘိုးဘေးများ နောက်ကျခဲ့ပါသည်။ ကိုလိုနီဘဝကျဆင်းခါနီးအထိ မန္တလေးတွင် နန်းတွင်းသတ်ဖြတ်ပွဲများ ထီးနန်းဆက်ခံရေးပြဿနာများဖြင့် လုံးလည်လိုက်နေပါသည်။ ရန်ကုန်တွင် နယ်ချဲ့ကအခြေကျနေပြီး အထက်ဗမာပြည်တွင် တောကြောင်များထနေပါသည်။ ဗန်းမော်ကိုပင် သိမ်းကြသည့်အထိ အတင့်ရဲနေပါသည်။ တမျိုးသားလုံးညီညွတ်ရေးမပြောနှင့် မိမိမင်းမျိုးမင်းနွယ်လက်တဆုပ်စာ၏ညီညွတ်ရေးပင် မရှိခဲ့ပါ။ ကိုလိုနီဘဝကျဆင်းမှ အဆုံးသတ်သွားပါသည်။

ထိုသင်ခန်းစာမျိုး ထပ်မံမရစေလို၍ ဤလမ်းစဉ်ကိုတင်ပြပါသည်။

(ခ) နိုင်ငံတကာအခြေအနေ

ကမ္ဘာ့စနစ်ဟောင်းက တဖြည်းဖြည်းကွယ်ပျောက်နေပါသည်။ ကမ္ဘာ့စနစ်သစ်ကလည်း မရှိသေးပါ။ ကမ္ဘာ့စနစ်ဟောင်းတွင် စူပါပါဝါ နှစ်တိုင်းပြည်ဦးဆောင်သော အုပ်စုကြီးနှစ်စုနှင့် ထိုအုပ်စုများတွင်မပါသော ကြားနေဘက်မလိုက်အုပ်စုကြီးတခု ရှိခဲ့ပါသည်။ ဗမာပြည်သည် ထိုကြားနေဘက်မလိုက်အုပ်စုကြီးအတွင်း ပါခဲ့ပါသည်။ ဗိုလ်နေဝင်း စိတ်ရူးပေါက်ပြီးထွက်ခဲ့သည်ကလွဲ၍ အမြဲတမ်းပါခဲ့ပါသည်။ အခြေခံအားဖြင့် မှန်ကန်သောရပ်တည်ချက်ဖြစ်ပါသည်။ အုပ်စုကြီးသုံးစုရှိနေသောကမ္ဘာ့စနစ် ရှိနေသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တစုံတရာထိန်းထားနိုင်ခဲ့ပါသည်။ တတိယကမ္ဘာစစ် မဖြစ်ခဲ့ပါ။ သို့သော် “စစ်အေးခေတ်”ဟု ခေါ်သောခေတ်၌ ဒေသန္တရစစ်များကား ဖြစ်ခဲ့ပါသည်။ ဗမာပြည်သည် ထိုစစ်များအတွင်း ငြိတွယ်ပါဝင်ခဲ့ခြင်းမရှိပါ။ 

ယခုမူ ကမ္ဘာ့စနစ်ဟောင်း ကုန်ဆုံးနေပါသည်။ ကမ္ဘာ့စနစ်သစ်လည်း မရှိသေးပါ။ အရည်တည်ကာလ ဖြစ်နေပါသည်။ အရည်တည်ကာလသည် သူ့အလိုလို ပြီးပြတ်ပြေလည်သွားမည်မဟုတ်ပါ။

ဖြစ်လေ့ရှိသည်မှာ ကမ္ဘာ့စနစ်သစ်ကို စစ်ကြီးတခုအပြီး စစ်နိုင်သူများက ချမှတ်လေ့ရှိပါသည်။

ပထမကမ္ဘာစစ်အပြီးတွင် စစ်နိုင်သော “မဟာမိတ်အဖွဲ့”(အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်၊ အီတလီ၊ ဂျပန် အင်အားကြီး နိုင်ငံများ)က ချမှတ်ပါသည်။

ဂျာမဏီ၊ ဩစတြီးယား၊ တူရကီပိုင် ကိုလိုနီများကို ခွဲဝေယူကြပါသည်။ စစ်ရှုံးနိုင်ငံများကို ပြန်မလှန်နိုင်အောင် စာချုပ်များဖြင့်ဖိပါသည်။ လျော်ကြေး မတန်တဆတောင်းပါသည်။

နိုင်ငံပေါင်းချုပ်အသင်းကြီး (League Of Nations) ဖွဲ့ပါသည်။

“စစ်အားလုံးကို အဆုံးသတ်ပစ်မည့်စစ်ကြီး” ဟုပြောပြီး တိုက်ခဲ့ကြသော “မဟာမိတ်များ”သည် နောက်ထပ်စစ်တခု မဖြစ်မနေဖြစ်အောင် လုပ်ထားခဲ့ပါသည်။

ဤသို့ဖြင့် ဖက်ဆစ်စနစ်ပေါ်လာက ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပါသည်။ စစ်ကြီး ၂ ခုအကြားတွင် ကြားကာလ (၂၀)နှစ်သာရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်တော့မည်ဆိုသည်ကို အစောကြီးကတည်းက လူတိုင်းသိနေခဲ့ပါသည်။

 

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် စစ်နိုင်သူများက ကမ္ဘာ့စနစ်သစ်ကို ဦးစီးပြီး ချမှတ်ပြန်ပါသည်။ ချမှတ်သူများထဲတွင် တရုတ်ပါလာပါသည်။ အလွန်ထူးပါသည်။ ကိုလိုနီတပိုင်းတိုင်းပြည်က ကြီး(၅)ကြီးထဲ ပါလာခြင်းပါ။ ဂျပန်ကိုတိုက်နေစဉ် နေရာပေးရခြင်းဖြစ်ပါသည်။ စစ်ရှုံးနိုင်ငံများ မပါရပါ။ ဂျပန် မပါရတော့ပါ။

 

ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဖွဲ့ပါသည်။ ဗီတိုပိုင်ရှင်(ကြီး ၅ ကြီး)ထားပါသည်။. ဤသည်ကို အားလုံးသိပြီးဖြစ်ပါသည်။

ထူးခြားချက်မှာ ကိုလိုနီနိုင်ငံများအားလုံး လွတ်လပ်လာခြင်းဖြစ်ပါသည်။ လွတ်လပ်သောနိုင်ငံများ အားလုံးနီးပါးသည် အမေရိကန်ဦးစီးသည့် နယ်ချဲ့ဂိုဏ်းထဲလည်းမဝင်၊ ဆိုဗီယက်ယူနီယံဦးစီးသည့် ဆိုရှယ်လစ်ဂိုဏ်းအတွင်းလည်း မပါကြဘဲ သီးခြားဘက်မလိုက်ဂိုဏ်းကြီးဖွဲ့ပါသည်။

ဤဂိုဏ်း ၃ ဂိုဏ်းအတွင်း၌ အပြောင်းအလဲများရှိခဲ့သော်လည်း အခြေခံမပြောင်းခဲ့ပါ။ ၃ ဂိုဏ်း(၃ ကမ္ဘာ)ကွဲပြားနေသော ကမ္ဘာ့စနစ်အဖြစ်ပင် တည်ရှိနေခဲ့ပါသည်။

ထိုသို့ တည်ရှိနေခြင်းသည်ပင် တတိယကမ္ဘာစစ်ကြီးမဖြစ်ရေးကို တားထားနိုင်သည်ဟုယူဆနိုင်ပါသည်။ ကမ္ဘာဖျက်လက်နက်များ ပေါ်လာခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ရှိခြင်းတို့ကလည်း ကမ္ဘာ့ငြိမ်းချမ်းရးကို တမျိုးတဖုံထိန်းသိမ်းပေးနိုင်ခဲ့ပါသည်။

နှစ်ပေါင်း(၅၅)ကျော်တည်ရှိခဲ့သော ကမ္ဘာ့စနစ်၏အခန်းသည် ယခုအခါ ကုန်ဆုံးနေလေပြီ။ ကမ္ဘာ့စနစ်သစ်တခု ချရတော့မည့်အခြေအနေ ဖြစ်ပေါ်ခဲ့ပါပြီ။ ဤတွင် ပြဿနာစပါတော့သည်။

ပြဿနာမှာ ယခင်ကနှင့်မတူဘဲ ကမ္ဘာ့စနစ်သစ်ကို ရှုံးသူနိုင်သူမရှိသောအခြေအနေတွင် ချမှတ်ရမည့်အနေအထားဖြစ်ပါသည်။ ဤကား မကြုံစဖူး ထူးခြားသောအခြေအနေဖြစ်ပါသည်။ တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာ ဖြစ်လာပါသည်။

ပြဿနာကို ကုလသမဂ္ဂက ဖြေရှင်းပေးနိုင်မည်လော။ မရနိုင်ပါ။ ကုလသမဂ္ဂက ဖြေရှင်းပေးနိုင်သောကိစ္စမဟုတ်ပါ။

 

ပြဿနာ၏အဓိကဆုံချက်မှာ စစ်အေးခေတ်အပြီးတွင် ရှုံးသူနိုင်သူရှိသလောဟူသည့်ကိစ္စဖြစ်ပါသည်။

အမေရိကန်က နိုင်သူဟု သူ့ကိုယ်သူသတ်မှတ်ပါသည်။ ရုရှားကရှုံးသည်ဟု မယူဆပါ။ အခြားနိုင်ငံကြီးအတော်များများကလည်း ရှုံးသူနိုင်သူမရှိဟု ယူဆကြပါသည်။ (သို့မဟုတ်)ယူဆကြပုံပေါ်ပါသည်။ ကြားနေ ဘက်မလိုက်ဂိုဏ်းကြီးကလည်း အရှုံးအနိုင်မရှိဟုယူဆပြီး အခြေအနေသစ်တွင် ဆက်လက်လှုပ်ရှားနေကြပါသည်။ ဤကား စစ်အေးခေတ်ပြီးဆုံးခြင်း၏ထူးခြားချက်ဖြစ်ပါသည်။ 

ဤထူးခြားချက်ကပင် ယနေ့ နိုင်ငံတကာ့အခြေအနေကို ဖြစ်ပေါ်စေပါသည်။ နိုင်ငံတကာ့အခြေအနေကိုပြဌာန်းကြရာတွင် ကမ္ဘာ့နိုင်ငံအားလုံး တန်းတူရည်တူပြဌာန်းကြရသည်မဟုတ်ပါ။ နိုင်ငံကြီးများက ပြဌာန်းကြခြင်းဖြစ်ပါသည်။ ထိုနိုင်ငံကြီးမှအုပ်စိုးသူများက သူတိုင်းပြည် “အမျိုးသားအကျိုးစီးပွား”ကို ကြည့်၍ ပြဌာန်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် “အမျိုးသားအကျိုးစီးပွား”ကို မည်သို့မည်ပုံ သူတို့ သတ်မှတ်ထားသနည်း။ မည်သို့မည်ပုံ အကောင်အထည်ဖော်ကြသနည်းဆိုသည်ကို ကြည့်ရပါမည်။

အမေရိကန်ကို ပထမဆုံးကြည့်ပါမည်။ “နိုင်သူ”ဟု သူ့ဘာသာ သတ်မှတ်ထားသူဖြစ်၍ သူကစရပါမည်။

အမေရိကန်တွင် ရီပတ်ဘလီကင်ပါတီ အာဏာရနေပါသည်။ ထိုပါတီ၏ထိပ်သီးများ ရေးကြ၊ ပြောကြ၊ လုပ်ကြသည်ကိုကြည့်ရပါမည်။

တခါက ရီပတ်ဘလီကင်ပါတီ၏ကြယ်တပွင့်ဖြစ်ခဲ့သူ ဂင်းဂရစ်ချ် (Gengrich) က “သမီးရီးစားချိန်းတွေ့သလို မရဲတရဲလုပ်မနေနဲ့၊ ကိုယ့်မယားဖြစ်နေပြီ၊ ရဲရဲသာဆက်ဆံ”ဟု ကလင်တန်ကို ဝေဖန်ဖူးပါသည်။ ကမ္ဘာကြီးတခုလုံးရထားပြီ ကြောက်ရွံ့ကြောက်ရွံ့လုပ်မနေနဲ့ဟု​ပြောခြင်း ဖြစ်ပါသည်။ ဂင်းဂရစ်ချ်မှာ သမ္မတဖြစ်ရန်ချိန်နေသူဖြစ်၍”ရဲတယ်၊ ပြတ်တယ်”ဟု အထင်ခံရရန်ပြောခြင်း ဖြစ်ပါသည်။

လက်တွေ့သမ္မတလုပ်နေသော ကလင်တန်ကတော့ တမျိုးစဉ်းစားပုံပေါ်ပါသည်။ သူ တခါက စကားမှားသွားသောအခါ ဟောင်ဖွာဟောင်ဖွာပြောလေ့ရှိသော ရုရှားသမ္မတယဲ့လ်ဆင်က “တို့မှာ အနုမြူလက်နက်တွေရှိတယ်ဆိုတာ မေ့သွားပြီထင်တယ်”ဟု ကလင်တန်ကိုခြောက်ပါသည်။ ကလင်တန်က “မမေ့ပါ”ပါဟု တုံ့ပြန်ပါသည်။

ရုရှား၏အိမ်တံခါးဝတွင် နေနေရသောတိုင်းပြည်များက အမေရိကန်ကို ဆင်ဆင်ခြင်ခြင်ပြောရန်လုပ်ရန် အတွင်းကျိတ်သတိပေးခဲ့ရပါသည်။

ရွေးကောက်ပွဲကာလက ရီပတ်ဘလီကင်ပါတီအတွင်း တွင်ကျယ်သူ ၂ ဦးက(တဦးက အမျိုးသမီး၊ ကွန်ဒိုလီဇာရိုက်စ် Codoleezza Rice အခု သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေးဖြစ်နေတယ်။ တဦးက ရောဘတ်ဇိုးလစ် Robert Zollick သူလည်း ကြီးကြီးအကောင်ပဲဖြစ်မယ်။ ဘာဖြစ်နေတယ်မသိ)မဲဆွယ်ဆောင်းပါးများ ရေးခဲ့သည်။

     ရိုက်စ်ရေးသည့်ဆောင်းပါး အချုပ်သဘောမှာ.....

     ဆိုဗီယက်ယူနီယံမရှိတော့ဘူး၊ ဒါပေမဲ့ အမေရိကန်ရဲ့ “အမျိုးသားအကျိုးစီးပွား”ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိကြသေးဘူး။

     အပြောင်းအလဲကာလဟာ အရေးကြီးတယ်။ သေနင်္ဂဗျူဟာအခွင့်ကောင်းတွေ ပေါ်တတ်တယ်။ အခုလို အရည်တည်ကာလမှာ အနာဂတ်ကမ္ဘာ့ပုံသဏ္ဍန်ကို ဩဇာသက်အောင်လုပ်နိုင်တယ်။

     အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီသစ်ချတော့မယ်ဆိုရင် အမေရိကန်မှာ ထူးခြားတဲ့အဆင့်နေရာ ရှိတယ်ဆိုတာက အစချီရမယ်။

     အင်အားကြီးနိုင်ငံက အာဏာပါဝါပြရမှာ အင်အားသုံးနိုင်ငံရေးလုပ်ရမှာကို ရှိုးတိုးရှန့်တန့်ဖြစ်နေသူတွေရှိတယ် အမျိုးသားအကျိုးစီးပွားကိုပစ်ပယ်ပြီး လူသားအားလုံးအကျိုးစီးပွား။ နိုင်ငံတကာအဖွဲ့အစည်း အကျိုးစီးပွားဆိုတာတွေနဲ့ အစားထိုးချင်ကြတယ်။ နိုင်ငံအများထောက်ခံမှ၊ ကုလသမဂ္ဂထောက်ခံမှ အင်အားသုံးတာတရားတယ်လို့ ယုံကြည်နေကြတယ်။ ဒါတွေဟာ မှားတယ်။

     အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကိုလုပ်တာဟာ လွတ်လပ်မှု၊ ဈေးကွက်နဲ့ငြိမ်းချမ်းရေး တိုးတက်အောင်လုပ်ခြင်းပဲ။

     အမေရိကန်မှာ အထူးကဏ္ဍရှိတယ်။ သူများတွေကြံဆထားတဲ့သဘောတူညီချက်တိုင်း၊ စာချုပ်တိုင်းကို လိုက်လုပ်နေစရာမလိုဘူး။

     အမေရိကန်မှာ အမျိုးသားအကျိုးစီးပွားရှိတယ်ဆိုတာလက်ခံသူတွေကတောင် အင်အားကြီးနိုင်ငံရဲ့ အာဏာပြနိုင်ငံရေးလုပ်ဖို့ တွန့်နေကြတယ်။ အာဏာပြနိုင်ငံရေးလုပ်ဖို့ မကြောက်ကြပါနဲ့။

     အမေရိကန်ရဲ့တန်ဖိုးထားချက်ဟာ အားလုံးရဲ့တန်ဖိုးထားချက်ပဲ။ အမေရိကန်ရဲ့စစ်အင်အားဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် တခုတည်းသော အာမခံချက်ဖြစ်တယ်။

     အင်အားနည်းတဲ့နိုင်ငံတွေက အင်အားကြီးတဲ့နိုင်ငံတွေထက် ပိုပြီးတော့ ခေါင်းမာလေ့ရှိတယ်။ သူတို့ရှုံးရင် အရာရာရှုံးမှာမို့လို့ပဲ။

     အိန္ဒိယကို တရုတ်ကထည့်တွက်သလို အမေရိကန်ကလည်း ထည့်တွက်ရမယ်။ သူက အင်အားကြီးနိုင်ငံတော့ မဖြစ်သေးဘူး။ တနေ့ ဖြစ်လာနိုင်တယ်။

     လူ့အခွင့်အရေးအတွက် တပါးတိုင်းပြည်ကို ဝင်ရောက်စွက်ဖက်တန် စွက်ဖက်ရမှာပဲ။ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန်မှာတာဝန်ရှိတယ်။

နောက်တယောက် ဇိုးလစ် က မော်ဒန်ရီပတ်ဘလစ်ပါတီဆိုတဲ့အသုံးအနှုန်းသုံးတယ်။ မော်ဒန်ရီပတ်ဘလစ်ပါတီရဲ့ နိုင်ငံခြားရေးမူ (၅)ချက်ဆိုပြီးရေးတယ်။

မူ(၅)ချက်က

     (၁) အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားလုပ်ဖို့ ရှက်မနေနဲ့။ အင်အား ချက်ချင်းသုံးဖို့လည်း မရှက်နဲ့။ တခြားတိုင်းပြည်တွေ ဘယ်လိုယူဆကြမယ်ဆိုတာတွေးပြီး မလုပ်ရဲမကိုင်ရဲမဖြစ်နဲ့။ တခြားတိုင်းပြည်တွေရဲ့အခန်းက အမေရိကန်နဲ့တူတာမဟုတ်ဘူး။

     (၂) မဟာမိတ် ဖွဲ့ရမယ်။ ဒါပေမဲ့ မဟာမိတ်တွေကလည်း သူတို့တာဝန် ကြေကြရမယ်။ တာဝန်ကြေသူရဲ့အမြင်ကိုမှ အမေရိကန်က လေးစားမယ်။

      (၃) နိုင်ငံတကာဥပဒေဆိုတာ ပြည်တွင်းဥပဒေနဲ့မတူဘူး။ နိုင်ငံတကာဥပဒေဆိုတာက သဘောတူပြီးသား လုပ်ပြီးသားကိစ္စကို နောက်မှ စာနဲ့ရေးရတာပဲ။ နိုင်ငံတကာဥပဒေကို အင်အားနဲ့သာ အကောင်အထည် ဖော်နိုင်တယ်။ ကိစ္စတိုင်း နိုင်ငံတကာနဲ့ ညှိစရာမလိုဘူး။

     (၄) သတင်းတွေ၊ ဆက်သွယ်ရေးတွေ၊ ကုန်သွယ်ရေးတွေ၊ ဘဏ္ဍာရေးတွေမှာ တော်လှန်ပြောင်းလဲနေပြီ။ အဲ့ဒီဟာတွေက ကမ္ဘာ့နိုင်ငံရေးနဲ့ လုံခြုံရေးကို ပုံဖော်ကြလိမ့်မယ်။ သူတို့ကို အားပေးရမယ်။ တွေးခေါ်မှုတွေ ဈေးကွက်တွေ ဖွင့်ပေးရမယ်။

     (၅) ကမ္ဘာမှာ မကောင်းဆိုးဝါးတွေရှိနေတယ်။ အမေရိကရဲ့ရပ်တည်ချက်နဲ့ အယူအဆတွေကို မုန်းသူတွေရှိနေတယ်။ ဒါ့ကြောင့် သတိရှိရမယ်။ အင်အားကြီးအောင်လုပ်ပြီး သူတို့ကို အနိုင်ယူရမယ်

နေဝင်ရီတရော၊ နေထွက်ရီတရော (သိန်းမြတ်)

0 comments
နေဝင်ရီတရော၊ နေထွက်ရီတရော
==============
မြန်မာစာဝါသနာပါသူတွေ ဆုံစည်းကြတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ နေဝင်ရီတရောဆိုတဲ့ စကားလုံးကို တွေးတောကြံဆဖြစ်ကြပါတယ်။
ပထမဆုံး အမေးပုစ္ဆာပြုသူက နေဝင်ရီတရောမှာ တရောဆိုတာ ဘာလဲလို့ မေးတာပါ။ ဒါပေမဲ့ ကြိုးစားရှာဖွေကြတဲ့အခါ တရောကို လွယ်လွယ်နဲ့ ကြံဆလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆက်ပြီး တူးဖော်ရင်း စူးစမ်းရှာဖွေမှုဟာ လမ်းကြောင်း နှစ်ကြောင်းပေါ်ကို ရောက်သွားပါတယ်။ နေဝင်ရီတရောမှာ တရောကို သပ်သပ်ခွဲမစဥ်းစားသင့်ဘူး။ ရီတရောကို တွဲစဥ်းစားသင့်တယ်လို့ ယူဆတဲ့ လမ်းကြောင်းနဲ့ တရောဟာ သရောကလာတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းပါ။
ဒီနေဝင်ရီတရောနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်ကို မေးကြည့်တော့ ဆရာကြီး ဦးထွန်းတင့်က ရီတရောကို အရင် စပြောပါတယ်။ ရီတရောမှာ ရီရောကသာ အဓိပ္ပာယ်ရှိပါတယ်။ အလယ်မှာ ထည့်ထားတဲ့ တဝမ်းပူက အာဂမလို့ဆိုပါတယ်။ အပိုဖြည့်ထားတဲ့ ပုဒ်ဖြည့်သာ ဖြစ်ပြီး “တ” မှာ အနက်မရှိဘူးလို့ ဆိုပါတယ်။ ဝိုးတဝါး၊ တိတ်တခိုး၊ လတ်တလော၊ ရုတ်တရက်၊ တမှိုင်မှိုင်တတွေတွေ၊ တသမ်းသမ်းတဝေဝေ စတဲ့နေရာတွေမှာ ပါတဲ့ တဝမ်းပူကဲ့သို့ပဲ သီးခြားအဓိပ္ပာယ်မရှိဘဲ အပိုဖြည့်ရွတ်ဆိုတဲ့ စကားသံမျှသာ ဖြစ်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
ရီရောမှာ ရီနဲ့ရော နှစ်မျိုးစလုံးမှာ အနက်ရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ နှစ်ခုစလုံးရဲ့ ရင်းမြစ်ဟာ ရောနှောတဲ့ သဘောပဲလို့ဆိုပါတယ်။ ရောရဲ့ အဓိပ္ပာယ်ကို သူနဲ့အနက်တူတွဲလေ့ရှိတဲ့ နှောကိုတွဲကြည့်ရင် ပိုပေါ်လွင်ပါတယ်။ ရောဆိုတာ တခုထက်ပိုပြီး ပါဝင်ပေါင်းစပ်တာ ဖြစ်ပါတယ်။ ရီကတော့ ရောနှောခြင်းနဲ့ ဆက်စပ်နေတဲ့ သဘောရှိပါတယ်။ ရောနှောခြင်းရဲ့ အကျိုးဆက်လို့လည်း ဆိုလို့ ရကောင်းရပါမယ်။ ရောလိုက်တော့၊ နှောလိုက်တော့ မသန့်ရှင်းမကြည်လင်တော့ဘူးပေါ့။ ဝိုးတိုးဝါးတားဖြစ်သွားမှာပေါ့။ မရှင်းမလင်းဖြစ်သွားမှာပေါ့။ ဒီနေရာမှာ အလင်းနဲ့အမှောင်နဲ့ ရောနှောလို့ ရီသွားတယ်လို့လည်း ယူလို့ ရနိုင်ပါတယ်။ ရီကို သူနဲ့တွဲသုံးလေ့ရှိတဲ့ မှုန်ရီ၊ မှိုင်းရီ၊ မှောင်ရီ၊ ရီဝေတို့ကိုကြည့်ရင် အဓိပ္ပာယ်ပိုပေါ်လွင်ပါတယ်။ ဒီတော့ ဆရာကြီး ဦးထွန်းတင့်က ရီရောဟာ မှုန်ရီရောနှောနေတာကို ပြောတာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ နေဝင်ရီတရောဟာ နေဝင်ရီရောပါပဲ။ နေဝင်ရီရောဟာ နေဝင်ချိန်မှာ မှုန်ရီရောနှောနေတာကို ဆိုလိုပါတယ်။
ဒီနေရာမှာ တခြားပညာရှင်တယောက်ရဲ့ အယူအဆကို နှိုင်းယှဥ်ဖော်ပြပါမယ်။ ဆရာတော်ဦးကောသလ္လရေးသားတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းရဲ့ စာမျက်နှာ ၆၆၆ မှာ ရီရောကို အနက်နှစ်မျိုးဖွင့်ထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။ ရီတရောမှာ အလယ်ကပါတဲ့ တဝမ်းပူဟာ ပုဒ်ဖြည့်သာဖြစ်တယ်၊ အသံပိုဖြည့်စွက်ထားတာသာ ဖြစ်တယ်ဆိုတဲ့ နေရာမှာ ဆရာကြီးဦးထွန်းတင့်နဲ့ ဆရာတော်ဦးကောသလ္လအတူတူပါပဲ။ မခြားနားပါဘူး။ ဒါပေမဲ့ ရီရောကို ဆရာတော် အဓိပ္ပာယ်ဖွင့်ရာမှာ နှစ်မျိုးဖွင့်ထားပါတယ်။
ပထမရီရောက နေဝင်ရီတရောမှာပါတဲ့ ရီရောပါ။ ရီဟာ ရီမှောင်ခြင်းလို့ ဆိုပါတယ်။ ဒါ့အပြင် ညနေကိုသာ နေဝင်ရီတရော ခေါ်ရုံမကဘဲ၊ မနက်ကိုပါရီတရောခေါ်ကြောင်းကို ဆရာတော်က အကိုးအကားအထောက်အထား ၂ ခုပြပါတယ်။
ပထမအကိုးအကားက ဘူရိဒတ်ဇာတ်ပေါင်းထဲက ဖြစ်ပါတယ်။ “နံနက်စောစော၊ ရီတရောက၊ ဖော်နှောတအုပ်”ဆိုတဲ့ နေရာမှာ နံနက်စောစောကိုလည်း ရီတရောလို့သုံးထားတဲ့အကြောင်းဖော်ပြပါတယ်။ ဒါ့အပြင် ဝေဿန္တရာဇာတ်တော်ကြီးထဲမှာလည်း “နေခြည်ရောင်နီ မတက်မီတည့် ရီတရောက”လို့ ဆိုထားကြောင်း ကိုးကားထားပါတယ်။
ဒီတော့ ဆရာတော်ရဲ့ ကိုးကားချက်အရ မနက်ပဲဖြစ်စေ၊ ညပဲဖြစ်စေ၊ အလင်းအမှောင်ရောယှက်ပြီး မသဲမကွဲမှုန်ရီနေတဲ့ ကာလကို ရီတရောလို့ ခေါ်နိုင်ကြောင်း ခေါ်ခွင့်ရှိကြောင်း သိလိုက်ရပါတယ်။
ဒါပေမဲ့ ဆရာတော်က အဲဒီရီရောမှာ ရီကသာ အနက်ရှိပြီး ရောက အနက်မဲ့လို့ ဆိုပါတယ်။ ရီကတော့ရီမှောင်တာပါတဲ့။
ဒါပေမဲ့ နောက်ထပ်ရီရောကိုလည်း ဆရာတော်ဦးကောသလ္လက အနက်ဖွင့်ထားတာ ရှိနေပြန်ပါတယ်။ နောက်ထပ်ရီရောက ဘယ်လိုနေရာမျိုးမှာသုံးသလဲဆိုတော့ “ထွန်းလစ်သောင်သဲ၊ ယှဥ်နွှဲဖော်နှော၊ ရီရောဇီဝဇိုး”ဆိုတဲ့ စာသားမှာပါတဲ့ ရီရောဟာ ရောနှောတာကို ပြောတာလို့ ဆရာတော်ကဆိုပါတယ်။ “ထွေလည်းမောစွ၊ ရီရောပြိုးပြွမ်း၊ မိုးချမ်းခါလု” ဆိုတဲ့နေရာမှာပါတဲ့ ရီရောပြိုးပြွမ်းက ရောနှောခြင်းအဓိပ္ပာယ်ဆိုတာ ပိုလို့တောင် ထင်ရှားပြန်ပါတယ်။ အဲဒီရီရောရဲ့ အနက်ဟာ ရောပြွမ်းခြင်းအနက်တည်းလို့ ဆရာတော်ကဖွင့်ဆိုပါတယ်။ အဲဒီရီရောမှာတော့ ရီဟာ အနက်မဲ့၊ ရောမှာသာ အနက်ရှိတယ်လို့ ဆိုပါတယ်။
ဆရာကြီးဦးထွန်းတင့်က ရီတာနဲ့ ရောတာ အတူတူပဲ နှစ်ခုစလုံးမှာ အနက်ရှိတယ်လို့ ကောက်ပါတယ်။ ဆရာတော်ဦးကောသလ္လက စကားလုံးနှစ်လုံးလို့မှတ်ယူပြီး ပထမရီတရောမှာ ရီက အနက်ရှိ၊ ရောက အနက်မဲ့၊ ဒုတိယရီရောမှာတော့ ရီက အနက်မဲ့၊ ရောက အနက်ရှိလို့ ယူထားတာကို ထူးထူးခြားခြား တွေ့ရပါတယ်။
ရီရဲ့ မှိုင်းရီခြင်းသဘောကို ဆရာကြီးဦးထွန်းတင့်ပြောတဲ့အထဲမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးလေးပါပါတယ်။ အဲဒါကတော့ တငိုငိုတရီရီဆိုတဲ့စကားလုံးပါ။
“တချို့ကတော့ တငိုငိုတရယ်ရယ်လို့ ရေးရမယ်လို့ ထင်ကြလိမ့်မယ်။ မဟုတ်ဘူးဗျ။ ကလေးတွေပြောကြတဲ့ ငိုလိုက်ရယ်လိုက်လုပ်တဲ့သူကို လှောင်တဲ့ ငိုရယ်ငိုရယ်ဆန်တပြည်ဆိုရင်သာ ယပလက်သတ်နဲ့ ရယ်လို့ ရေးရမယ်။ အခုပြောတဲ့ တငိုငိုတရီရီဟာ ရကောက်လုံးကြီးတင်ဆန်ခတ်နဲ့ပဲရီပါတယ်။ သူ့သဘောက ဘာလဲဆိုတော့ ခုနပြောတဲ့ မှိုင်းရီတာကိုပြောတာ။ ငိုတယ်ဆိုတာဟာလည်း ငြိုတာ၊ ညိုတာနဲ့ အတူတူပဲဗျ။ ဒီတော့ တငိုငိုတရီရီဖြစ်နေတယ်ဆိုတာဟာ တညိုညို တရီရီ ဖြစ်နေတယ်လို့ ပြောတဲ့ သဘောမို့ ရကောက်လုံးကြီးတင်ဆန်ခတ်ရီနဲ့ရေးရပါတယ်။” လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
ဒါကရီတရောရဲ့ အနက်ကိုရှာဖွေတဲ့လမ်းကြောင်းပါ။ တရောဟာ သရောကလာတယ်ဆိုတဲ့ ကြံဆချက်ဟာလည်း သိပ်မဆိုးလှဘူးလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ပုဂံခေတ်မြစေတီကျောက်စာထဲမှာ ကျန်စစ်မင်းကြီး သေအံ့မူးမူးအချိန်ကို ရေးတဲ့အခါ “သေခမူနာသုရှောတည်း”လို့ ရေးထားကြောင်း ဆရာကြီးက ဆိုပါတယ်။ အဲဒီသုရှောဆိုတာ သရောပါပဲတဲ့။ သရောဆိုတာ အချိန်ကာလပါ။ သက္ကတစကား “ဟောရ”ဟာ အချိန်အခါလို့ အဓိပ္ပာယ်ရကြောင်း ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ဟောရကနေ၊ ရဟော၊ ရဟောကနေ ရှော၊ ရှောကနေ သရောဖြစ်လာတယ်လို့ တွေးတောကြံဆသူတွေရှိကြောင်း ဆရာကြီးဦးထွန်တင့်က ဆိုပါတယ်။ ဟောရကနေ ဟူးရားဖြစ်လာပြီး အခါတော်ပေးဗေဒင်တွေ တွက်တဲ့သူတွေကို ဟူးရားလို့ခေါ်ကြောင်းလည်း ဆရာကြီး ဦးထွန်းတင့်ကရှင်းပြပါတယ်။
ဒီတော့ နေဝင်ရီတရောဆိုတာ “သရော”ကနေ ပြောင်းလာတာလို့ယူဆပြီး နေဝင်ရီသရော၊ နေဝင်ကာနီးရီမှိုင်းနေတဲ့အချိန်လို့ ကြံဆမယ်ဆိုရင်လည်း သိပ်မရိုင်းလှပါဘူးလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
နေဝင်ရိုးရီရဲ့ ရိုးရီကိုရော ဘယ်လို အနက်ဖွင့်နိုင်ပါသလဲလို့ ဆရာကြီး ဦးထွန်းတင့်ကို ဆက်မေးပါတယ်။
“အဲဒီရိုးကမှ အနက်မဲ့တာဗျ။ ရီမှာပဲအနက်ရှိတယ်။ မြန်မာစကားမှာ အိုးကာရံတွေကို အနက်မဲ့ ဖြည့်စွက်ပြောဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။”
အနက်မဲ့ အိုးကာရံတွေကို နမူနာပြောရရင် ဝိုးဝါးမှာ ဝါးကသာ အနက်ရှိပါတယ်။ မထင်ရှားတာပါ။ ဝိုးမှာအနက်မရှိပါဘူး။ ဝိုးကအိုးကာရံအပိုဖြည့်ပြောဆိုတာပါ။ စကားတန်ဆာဆင်တာပါ။ သိုးကာသီကာဆိုတဲ့ သိုးသီမှာ သိုးဟာ အနက်မရှိပါဘူး။ စကားတန်ဆာဆင်တာပါ။ သီမှာသာ အနက်ရှိပါတယ်။ လိုနေတာ၊ ညံ့နေတာဖြစ်ပါတယ်။ စိုးစီမှာလည်း အလားတူပါပဲ။ စီဟာ စီစီညံညံအနက်ရှိပါတယ်။ စိုးမှာ အနက်မရှိပါဘူး။
ဝိုးဝင်း၊ ပြိုးပြက်၊ ကိုးလိုးကန့်လန့်၊ မိုးတိုးမတ်တတ်၊ ပိုးစိုးပက်စက်၊ ဟိုးလိုးဟောင်းလောင်း၊ ခိုးလိုးခုလု၊ ဆိုးကနဲဆတ်ကနဲ၊ တိုးလိုးတန်းလန်း စတဲ့ စကားတွေမှာပါတဲ့ အိုးကာရံအားလုံးဟာ စကားတန်ဆာဆင်ထားတဲ့ အနက်မဲ့ စကားလုံးတွေသာ ဖြစ်ပါတယ်။
သရောခိုင်းတယ်၊ သရောခိုက်တယ်၊ သရောထန်တယ်ဆိုတဲ့စကားတွေမှာပါတဲ့ သရောဟာလည်း စိတ်ဝင်စားစရာပါ။ သရောကလည်း အချိန်အခါ၊ ကပ်ကလည်းအချိန်အခါ၊ ကာလကလည်း အချိန်အခါ၊ ကမ္ဘာကလည်း အချိန်အခါဆိုတဲ့ ကပ်ဘေးဆိုင်ရာ အချိန်အခါ အသုံးအနှုန်းတွေကိုတော့ နောင်မှာ အကျယ်ထပ်ဆွေးနွေးပါမယ်။
ဒီနေရာက ယူပါတယ်https://www.facebook.com/thein.abc

Tuesday, December 1, 2020

သက်တမ်းအရှည်ဆုံး ဝန်ကြီးကတော်ဟောင်း ဒေါ်ခင်ကြည်ကြည်

0 comments
သက်တမ်းအရှည်ဆုံး ဝန်ကြီးကတော်ဟောင်း ဒေါ်ခင်ကြည်ကြည်
၂၉ နိုဝင်ဘာ ၂၀၂၀
ဒေါ်ခင်ကြည်ကြည်ကို ဦးသိန်းဖေမြင့်ရဲ့ဇနီးအဖြစ် သိသူများပါတယ်။ တကယ်က သူဟာ ဗမာ့အမျိုးသားတပ်မတော် (ဘီအန်အေ) ရဲ့ အစောဆုံး အမျိုးသမီးတပ်ဖွဲ့မှာပါသလို မြန်မာ့ နိုင်ငံရေးမှာ ပါတီဗဟိုကော်မတီဝင်နေရာကို အစောဆုံးရတယ်လို့ဆိုနိုင်တဲ့ အမျိုးသမီးနိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူဟောင်းတွေထဲမှာလည်း အသက် (၁ဝဝ) တမ်းထိ နေသွားသူအဖြစ် ကလေးပုံပြင်ဆရာမ ဒေါ်စောရင်၊ RIT ဆရာမဒေါ်ငြိမ်း၊ သမိုင်းဆရာမ ဒေါ်ကြန်တို့နဲ့အတူ စာရင်းဝင်သွားခဲ့ပါတယ်။
ဖျာပုံဇာတိ ဒေါ်ခင်ကြည်ကြည်ဟာ ပညာရေးနဲ့ နိုင်ငံရေးနိုးကြားမှုများတဲ့ မိသားစုရပ်ရွာမှာ ကြီးပြင်းလာသူဖြစ်ပြီး ဇော်ဂျီ၊ ဗိုလ်လက်ျာ၊ ဒေါက်တာလှရွှေ၊ ဗိုလ်မှူးကြီးလှဟန်၊ ဒေါ်နှင်းမေ၊ လေထီးဦးအုန်းမောင် စတဲ့ သူနဲ့ခေတ်ပြိုင် ထင်ရှားတဲ့ နိုင်ငံရေး စစ်ရေး စာပေဘက်က ခေါင်းဆောင်တွေလည်း ဖျာပုံက အများအပြားထွက်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နဲ့ ကြုံပြီး ခေတ်ပျက်မသွားခဲ့ရင် သူ့အဖေက သူ့ကို လန်ဒန်ပို့ပြီး ပညာသင်ပေးချင်တဲ့သူလို့လည်း သူမကွယ်လွန်ခင် ၂ဝဝ၉ က ရနံ့သစ်မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
နောက် တော်လှန်ရေးထဲကို ဆရာဇော်ဂျီရဲ့ညီ လေထီးကိုလှသောင်းရဲ့စည်းရုံးမှုနဲ့ ပါလာခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းအမိန့်နဲ့ ဖွဲ့တဲ့ အမျိုးသမီးတပ်မှာ မခင်ကြည်ကြည် ဒုဗိုလ်ဖြစ်လာခဲ့ပါတယ်။ အသက် (၂ဝ) ကျော်မှာ တပ်ထဲဝင်လာသူဖြစ်ပေမယ့် ကောလိပ်နောက်ဆုံးနှစ်ထိ စာသင်ခဲ့တဲ့ ကျောင်းသူဖြစ်ပါတယ်။ ဂန္ထဝင်စာပေ ဖတ်ရှုမှုများသူဖြစ်လို့ စာရေးဆရာမကြီး ခင်မျိုးချစ်လို အနောက်တိုင်းစာပေ နှံ့စပ်သူကတောင် ချီးကျူးခဲ့ရပါတယ်။ စစ်ရုံးမှာ ဆုံခဲ့တဲ့ စိတ်နေစိတ်ထား ပြတ်သား တည်ကြည်တဲ့ ခင်ကြည်ကြည်ကို သူ့ထက် အသက်ငယ်ပေမယ့် အထင်ကြီး လေးစားရကြောင်းလည်း ခင်မျိုးချစ်က စာဖွဲ့ခဲ့ပါတယ်။
သီရိကျော်ထင်နဲ့ ကြက်ကျွန်း
အင်းလျားကန်စပ်က ကြက်ကျွန်းမှာ စုနေကြပြီး သူတို့တတွေကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်က ကန်စပ်တစ်နေရာမှာ လေ့ကျင့်ပေးခဲ့ပါတယ်။ ကန်စွန်းရွက်ကို အစိမ်းစားတတ်အောင် လေ့ကျင့်တာအစ လက်နက်သင်တန်းလည်း တက်ခဲ့ရကြောင်း မြောက်အီလီနွိုင်းတက္ကသိုလ်က ပါမောက္ခ သရဖီသန်းရဲ့ ခေတ်သစ်မြန်မာပြည်အမျိုးသမီးများ စာအုပ်မှာ ပါရှိပါတယ်။ ခင်ကြည်ကြည်နဲ့ သူ့ညီမ ခင်ထားထား၊ အလံနီမစောမြ၊ ဗိုလ်ရဲထွဋ်ကတော် ဖြစ်လာမယ့် မခင်ကြည်နဲ့ ပဲခူးက မနှင်းဆီ စတဲ့ ရဲမေတစ်စု ထောက်လှမ်းရေးပညာ သင်ခဲ့ရတယ်လို့လည်း ပဲခူးတက္ကသိုလ် သမိုင်းကထိက ဒေါက်တာအေးအေးမွန်က ဖက်ဆစ်တော်လှန်ရေးနဲ့ မြန်မာ အမျိုးသမီးတို့ကဏ္ဍ စာတမ်းမှာ ရေးပါတယ်။
ဒီပထမဆုံးတပ်ဖွဲ့ဝင် စစ်သမီးအရေအတွက်နဲ့ ပတ်သက်ပြီး (၇) ဦး၊ (၉) ဦးကနေ (၁၂) ဦးထိ ကွဲလွဲနေတာကိုလည်း တွေ့ရပါတယ်။ တော်လှန်ခါနီးမှာ ကပ်ဖွဲ့ရတဲ့တပ်မို့ ရဲမေမဟုတ်တဲ့ အပြင်က နိုင်ငံရေး အမျိုးသမီးတွေလည်း စစ်တိုင်းတွေမှာ ပါလာတဲ့အတွက် အရေအတွက် တွက်ရာမှာ မတူကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးမစခင် မတ်လ (၁၂) ရက်ကတည်းက သူနဲ့ တခြား အမျိုးသမီး အမျိုးသားရဲဘော်တွေ ရန်ကုန်ကနေ ကားနဲ့ ခိုးထွက်ခဲ့ကြပါတယ်။ သရက်ခရိုင်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးအောင်တို့ စစ်ဌာနချုပ်နားမှာ နေပြီး အနီးဝန်းကျင် ရွာတွေက လယ်သမားတွေကို သူတို့ စည်းရုံးရေးဆင်းပါတယ်။ နောင်မှာ သမ္မတနဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ့် ဗိုလ်စန်းယုနဲ့ ဗိုလ်စိန်ဝင်းတို့လည်း သူတို့နဲ့အတူ တစ်နယ်ထဲ ရှိခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဖြစ်လာမယ့် ဗိုလ်ခင်မောင်ကလေးကတော့ သူသွားတဲ့ခရီးမှာ အမျိုးသမီးတွေပါရင် ခရီးဖင့်မယ်ဆိုပြီး ခင်ကြည်ကြည်တို့ကို ခေါ်မသွားဘဲ ထားခဲ့ဖူးတယ် လို့ သခင်တင်မြက ဆိုပါတယ်။
ဒီလို တောနယ်တွေ ရောက်တဲ့အခါ သူနေခဲ့တဲ့ ဖျာပုံ၊ ရန်ကုန်စတဲ့ ချမ်းသာတဲ့ မြို့တွေနဲ့မတူတဲ့ မြန်မာပြည်ရဲ့ အဆင်းရဲဆုံးနယ်တွေထဲမှာပါတဲ့ ကျေးရွာတွေက ချင်းလူမျိုးတွေရဲ့ဘဝကို သူသိလာပါတယ်။ ရသယာ၊ ကျောက်စောင်းစတဲ့ ဒီရွာတွေက ချင်းလူမျိုးတွေကို ဗမာတွေက ခွဲခြားဆက်ဆံပြီး မပေါင်းသင်းဘဲ ထားခဲ့တာတွေကိုလည်း မခင်ကြည်ကြည် တွေ့လာပါတယ်။ ချင်းအမျိုးသမီးတွေရဲ့ ဖော်ရွေခင်မင်မှုနဲ့ သူတို့မြို့သူတွေကို ဂရုစိုက် ဧည့်ဝတ်ကျေတာတွေကို ကိုယ်တွေ့မြင်လာခဲ့တဲ့ ခင်ကြည်ကြည်က ဒီလို လူနည်းစုတွေကို စည်းရုံးမှ လွတ်လပ်ရေးကို ညီညီ ညွတ်ညွတ်နဲ့ ယူနိုင်မယ်ဆိုတာကို သိလာပြီး စစ်ပြီးခေတ်မှာ ထုတ်တဲ့ ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့အာဏာဂျာနယ်က ရေးသားလှုံ့ဆော်ခဲ့ပါတယ်။
တော်လှန်ရေးကာလမှာ စစ်ကိုယ်တိုင်မတိုက်ခဲ့ရပေမယ့် အိန္ဒိယက မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ရာမှာ အင်္ဂလိပ်လို ကူညီပြန်ဆိုတာအပြင် ပြောက်ကျားစစ်ဆင်ရေးဆိုင်ရာ စာပေတွေ ဘာသာပြန်ပေးခဲ့ပါတယ်။ သတင်းပို့ ဆက်သွယ်ရမယ့် ဝိုင်ယာလက် ထရန်စမစ်တာတွေကို လက်နဲ့လှည့် အားသွင်းရတဲ့အတွက် အမျိုးသားရဲဘော်တွေ ပင်ပန်းတဲ့အခါ သူတို့ သီရိကျော်ထင်တပ်က အမျိုးသမီးရဲမေတွေက ကူပြီးလှည့်ပေးကြ ရတာလို့လည်း ၂ဝဝ၄ က ရွက်နုဝေမှာရေးတဲ့ အမှတ်တရနေ့ ဆောင်းပါးမှာ ဒေါ်ခင်ကြည်ကြည်က ပြန်ပြောင်း ရေးပြခဲ့ပါတယ်။
ဒီလို တန်းတူလုပ်ခဲ့ကြပေမယ့် ဘောင်းဘီဝတ် စစ်သမီးတွေကို နီပွန်း ဆိုပြီး စစ်ဗိုလ်စစ်သားတွေက ပြောင်လှောင် ခေါ်ဝေါ်တာတွေ ရှိခဲ့တယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ပြောပြဖူးပါတယ်။ ဒီလိုပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအပြီးမှာ ဗိုလ်ရဲထွဋ်၊ ဗိုလ်ကျော်ဇော၊ သခင်သန်းထွန်းတို့က လူကြီးလုပ်ပြီး စစ်ဗိုလ်တွေနဲ့ စစ်သမီးတွေကြား ဖြေရှင်း ကျေအေး ပေးခဲ့ရတယ်လို့ သခင်တင်မြက ရေးပါတယ်။
စစ်ပြီး ရန်ကုန်အပြန်လမ်းမှာတော့ သူတို့လက်ထဲ တန်ဖိုးမရှိတော့တဲ့ ဂျပန်ပိုက်ဆံတွေပဲ ပါလာတဲ့အတွက် လမ်းမှာ ထမင်းငတ်ခဲ့သလို စစ်ဒဏ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီး ထဲမှာလည်း ဘယ်သွားရမှန်း မသိလို့ အသိအိမ်တစ်အိမ်ကို ဖျက်ဝင်ပြီး အမျိုးသမီး သုံးယောက် ညအိပ်ခဲ့ရတယ်လို့ ဒေါ်ခင်ကြည်ကြည်က ပြောပါတယ်။
ပါတီဌာနချုပ်
စစ်ပြီးစ မြေပေါ်မှာ တရားဝင်ပေါ်လာတဲ့ ကွန်မြူနစ်ပါတီမှာ မခင်ကြည်ကြည် ပါဝင် ခဲ့ပါတယ်။ သူနဲ့ရွယ်တူ ကျောင်းသူတွေလို ပညာဆက်သင်ပြီး ဘွဲ့ရ၊ အလုပ်လုပ် စတဲ့ လမ်းရိုးဟောင်းကို မလိုက်ဘဲ ပါတီဌာနချုပ်အပေါ်ထပ်မှာ စစ်ပြန်ရဲမေတစ်စုနဲ့အတူနေပြီး နိုင်ငံရေးကို ခြေစုံပစ် ဝင်ခဲ့တာ ဖြစ်ပါတယ်။ စမ်းချောင်း ဗားကရာလမ်းက ဒီကွန်မြူနစ် ဌာနချုပ်မှာပဲ အိန္ဒိယကပြန်လာတဲ့ ခင်ပွန်းလောင်း သိန်းဖေမြင့် မဖြစ်သေးတဲ့ သခင်သိန်းဖေနဲ့ တွေ့ပြီး သူတို့ လက်ထပ်ခဲ့ကြပါတယ်။ သခင်သိန်းဖေ ပါတီအထွေထွေ အတွင်းရေးမှူးဘဝ အစည်းအဝေးမှာ ဘဏ္ဍာရေးရှင်းတမ်းကို စာရွက်မကြည့်ဘဲ ကိန်းဂဏန်းတွေ အလွတ်ပြောသွားတဲ့ ဘဏ္ဍာရေးမှူး ခင်ကြည်ကြည်ကို အံ့သြ သဘောကျစိတ်နဲ့ ချစ်ကြိုက်ခဲ့တယ်လို့လည်း သမီးဖြစ်သူ ကြည်သာမြင့်က လမ်းကိုတော့ ဆက်လျှောက်ပါမည် ဆောင်းပါးမှာ အမှတ်တရ ရေးခဲ့ပါတယ်။ သူတို့နှစ်ယောက် အသက် (၇)နှစ် ကွာပြီး နိုင်ငံရေးဝါမှာလည်း သခင်သိန်းဖေက (၁ဝ) နှစ်လောက်ပိုကြီးပါတယ်။ သူတို့ကို သခင်သန်းထွန်းနဲ့ သခင်ဗသိန်းတင်က လူကြီးလုပ်ပြီး လက်ထပ်ပေးခဲ့တာပါ။
တစ်ဖက်မှာလည်း ၁၉၄၅ ဇူလိုင် ပါတီ ဒုတိယကွန်ဂရက်မှာ မခင်ကြည်ကြည်နဲ့ ဒေးဒရဲမစောချစ် (မူကွဲ-မစောမြ)တို့ကို ပါတီ ဗဟိုကော်မတီဝင် တင်မြှောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဓားမ၊ မျိုးချစ် စတဲ့ ပါတီအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို ထိပ်တန်းနေရာ ထင်ထင်ရှားရှား ပေးခဲ့တာ မရှိဘဲ စစ်ပြီးခေတ် ကွန်မြူနစ်ပါတီမှာ ပထမဆုံး တွေ့ရတာ ဖြစ်ပါတယ်။ ၁၉၄၆ မတ်မှာ ကျန်းမာရေးကြောင့် မခင်ကြည်ကြည် ပါတီဗဟိုကော်မတီလူကြီးက ဆင်းပေးတယ်လို့ ဗကပထုတ်ပြန်ချက်တစ်ခုမှာ ပါရှိပါတယ်။
ပါတီရဲ့ အမျိုးသမီးကွန်ဂရက်မှာလည်း သခင်ဗဟိန်းဇနီး ဒေါ်ခင်ကြီးက ဥက္ကဋ္ဌ၊ သူက အတွင်းရေးမှူးနေရာကနေ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ ကွန်ဂရက်ရဲ့ လှုပ်ရှားမှု အနေနဲ့ အမျိုးသမီးတွေကို နေရာမရွေး အလုပ်တွေခန့်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ဘက်၊ ရဲဘက်နဲ့ အုပ်ချုပ်ရေးတွေမှာ ခန့်အပ်တာဟာ လွတ်လပ်ရေးရပြီးနောက် နှစ်တော်တော်ကြာမှ ဖြစ်လာခဲ့ပါတယ်။ မြန်မာတိုင်းလုံးဆိုင်ရာ အမျိုးသမီး လွတ်လပ်ရေးအဖွဲ့မှာတော့ ဒေါ်ခင်ခင်ကြီး၊ ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီး၊ ဒေါ်ခင်ခင်ကြည် စတဲ့ နာမည်ကြီး အမျိုးသမီးတွေနဲ့အတူ မခင်ကြည်ကြည် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
စစ်ပြီးခေတ် နိုင်ငံရေးအကွဲအပြဲတွေကြောင့် ၁၉၄၆ အောက်တိုဘာမှာ ကွန်မြူနစ်နဲ့ ဖဆပလ ကွဲပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက် စည်ပင်ဝပြောရေး ဝန်ကြီးဖြစ်နေတဲ့ သခင်သိန်းဖေ ရာထူးက ထွက်ခဲ့ရသလို လွတ်လပ်ရေးရပြီးနောက်ပိုင်း တောခိုခါနီး သခင်သိန်းဖေနဲ့ ကွန်မြူနစ်ပါတီ လမ်းခွဲချိန် မှာလည်း မခင်ကြည်ကြည် နိုင်ငံရေးဆက်မလုပ်ဘဲ နေခဲ့ပါတယ်။ ပထမကလေး ကိုယ်ဝန်ကြောင့် နားတယ် ဆိုပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း စာပေဗိမာန်စာပြု လုပ်နေရာက ကျောင်းပြန်တက် ဘွဲ့ယူပြီး တက္ကသိုလ်မှာ ရူပဗေဒဆရာမလုပ်ရင်း နိုင်ငံရေး နဲ့ ဝေးသွားပါတယ်။
အမတ်ကတော် သတင်းစာဆရာကတော်ဘဝ
ဒီလိုဝေးနေပေမယ့်လည်း ခင်ပွန်းနဲ့ သားတွေကြောင့် နိုင်ငံရေးနဲ့ ထိစပ်မှုကတော့ တစ်သက်လုံး ရှိခဲ့ရပါတယ်။ လွတ်လပ်ရေးရတဲ့နှစ်မှာ တောခိုသွားတဲ့ ကွန်မြူနစ်နဲ့ မြေပေါ်က ဖဆပလအစိုးရကြား ပြန်ညီညွတ်ရေးရအောင် လက်ဝဲညီညွတ်ရေးလုပ်ရင်း ငှက်သင့်လို့ ခင်ပွန်းသည် အဖမ်းခံရပါတယ်။ ထောင်ထဲမှာရေးတဲ့ လမ်းစပေါ်ပြီ ဝတ္ထုကနေပြီး သိန်းဖေမြင့် ဖြစ်လာပါတယ်။
၁၉၄၉ မှာ ထောင်ကပြန်လွတ်လာပြီးနောက် မြေပေါ်အတိုက်အခံအဖြစ် ဆောင်ရွက်ရင်း ဦးသိန်းဖေမြင့် ပါလီမန်အမတ်၊ ဗိုလ်တထောင်သတင်းစာပိုင်ရှင် ဖြစ်လာပါတယ်။ တောမခိုလို့ ဦးသိန်းဖေမြင့်ကို ဗကပနဲ့ လက်ဝဲသမားတချို့ တိုက်ခိုက်တာ ခံခဲ့ရပေမယ့် သူတို့ သမီးခင်ပွန်းဟာ ကွန်မြူနစ်ပါတီမှာ ခင်ခဲ့တဲ့ လေထီးဦးအုန်းမောင်လို ရဲဘော် မိတ်ဆွေတွေ တောထဲမှာမိလို့ ထောင်ကျလာရင် ဆေးရုံမှာ သွားတွေ့ကြပါတယ်။ ဦးအုန်းမောင်နဲ့ ဗိုလ်မှူးချစ်ကောင်းဟာ အိန္ဒိယမှာ ဦးသိန်းဖေမြင့်ရဲ့ သဘောတရားရေး သင်တန်း တက်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်လို့ သူတို့ကြားမှာ နိုင်ငံရေးအမြင်မတူတာတွေ ရှိပေမယ့် မိတ်ဆွေလို ဆက်ဆံရေးက ဆက်ရှိတယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ရေးပါတယ်။ ဒီလေထီးရဲဘော်တွေနဲ့ တော်လှန်ရေးနေ့ကိုလည်း နှစ်ပေါင်း (၃ဝ) ကျော်တိုင်အောင် သူတို့ ဟာမစ်တစ်လမ်းက အိမ်မှာ ဆင်နွှဲခဲ့ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ လမ်းစဉ်ပါတီကို ထောက်ခံတဲ့ ဦးသိန်းဖေမြင့် သြဇာကြီး လာပါတယ်။ ဒါကို ဒေါ်ခင်ကြည်ကြည်က သဘောမကျဘူးလို့လည်း မော်လင်းက ကြေးမုံမှာ ရေးပါတယ်။ သူ့ခင်ပွန်းဟာ ဆိုရှယ်လစ်အနံ့ပေးရင် လိုက်သွား တာပဲ လို့လည်း ဒေါ်ခင်ကြည်ကြည် ရှိစဉ်က ပြောဖူးပါတယ်။ သူတို့အချင်းချင်း ညှိနှိုင်းကြိတ်ခြေလို့ မရတဲ့ ကိစ္စတွေမှာ နှစ်ဦးသဘောတူ သဘောကွဲလွဲကြတယ်လို့လည်း ဒေါ်ခင်ကြည်ကြည်ရေးဖူးပါတယ်။
၁၉၇ဝ နောက်ပိုင်း လမ်းစဉ်ပါတီ အမှားအယွင်းတွေကို ထောက်ပြတဲ့ ဦးသိန်းဖေမြင့်ကို ဦးနေဝင်း အမြင်မကြည်တဲ့အတွက် အစိုးရသတင်းစာ ဖြစ်သွားတဲ့ ဗိုလ်တထောင်က သူ့ဆောင်းပါးတွေ မထည့်ဘဲ လက်ရှောင်ခဲ့ပါတယ်။ ၁၉၇၄ ပြည်သူ့လွှတ်တော်အတွက် ရွေးချယ် တင်မြှောက်ပွဲမှာလည်း ဦးသိန်းဖေမြင့် ကိုယ်စားလှယ်လောင်း အရွေးမခံရဘဲ အပယ်ခံရပါတယ်။ နောက်ဆုံး ၁၉၇၆ မှာ ပါတီကို တင်ပြခဲ့တဲ့ သူ့စာတမ်းကို သူကွယ်လွန်ပြီးနောက် ဒေါ်ခင်ကြည်ကြည် က ရှာပေးလိုက်တဲ့အတွက် မန္တလေး ဟံသာဝတီစာပေဝိုင်းမှာ သခင်ကျော်စိန်က ထည့်သွင်းပြောကြားရာကနေ သတင်းစာ အပိတ်ခံရပြီး အယ်ဒီတာချုပ် ဦးဝင်းတင်ပါ အလုပ်ပြုတ်ခဲ့ပါတယ်။
တစ်ခါ ၁၉၈၈ အရေးအခင်းမှာပါလို့ အစိုးရ အင်ဂျင်နီယာအလုပ်က ပြုတ်ခဲ့တဲ့ သားကြီး ဦးဟံသာမြင့် NLD အမတ်ဖြစ်လာတာနဲ့ ဖိအားပေးလို့ ထွက်ရတာတွေကိုလည်း ဒေါ်ခင်ကြည်ကြည် ကြုံခဲ့ရပါတယ်။ ဦးသိန်းဖေမြင့်နဲ့ ဦးဟံသာမြင့်တို့ သားအဖဟာ ဘုတလင်က ၁၉၅၆ နဲ့ ၁၉၉ဝ ရွေးကောက်ပွဲတွေမှာ အရွေးခံရတဲ့ အမတ်သားအဖလည်း ဖြစ်ပါတယ်။ နာဂစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရာမှာတော့ နောက်သား တယောက် ဖြစ်တဲ့ ဦးခွန်သာမြင့်က ဆောင်ရွက် ပေးခဲ့ပါတယ်။
သူတို့လင်မယားရဲ့ အိမ်ထောင်ရေးအမြင်
ဦးသိန်းဖေမြင့်က သူဟာ နယ်စပ်တာချီလိတ်လို နေရာကို သွားရင် နိုင်ငံငွေကုန်မှာစိုးလို့ မှောင်ခိုပစ္စည်း ဝယ်လေ့မရှိဘူးလို့ ခရီးသွားဆောင်းပါးတစ်ပုဒ်မှာ ရေးဖူးပါတယ်။ ဒါပေမဲ့ တစ်ခါက ဘုတလင်သွားရင်း ယာထဲမှာ စိုက်ထားတဲ့ မေမြို့ပန်းတွေကို ပိုင်ရှင်ဆီက ခွင့်တောင်းခူးလာပြီး ဇနီးရှိရာ တည်းအိမ်ထိ ပန်းစည်းကို အောက်မကျအောင် တံတောင်ဆစ်ကွေးကိုင်ပြီး ယူလာခဲ့တယ်လို့ သူ့မိတ်ဆွေ ဘုတလင်ဦးသန်းဖေက ရေးပါတယ်။ ဒေါ်ခင်ကြည်ကြည်နဲ့ တွေ့တဲ့အခါမှာတော့ ဟောဒီမှာ ခင့်အတွက် လက်ဆောင်ဆိုပြီး ဖိုးဖိုးနဲ့ဖွားဖွား အချစ်ပွားကြတယ်လို့ ဦးသန်းဖေက ရေးပါတယ်။
တကယ်တော့ ဦးသိန်းဖေမြင့်မှာ နိုင်ငံရေးနယ်ထဲကပဲ ရည်းစားတစ်ယောက် ရှိခဲ့ပြီး စစ်အတွင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါ်ခင်ကြည်ကြည်ကိုလည်း တော်လှန်ရေး ကာလက ဗိုလ်မှူးအောင်၊ ဗိုလ်လှမော် စတဲ့ စစ်ဗိုလ်တွေက ကြိုက်ကြတယ်လို့ သခင်တင်မြက ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာမှာ ရေးပါတယ်။ ဒီလို နိုင်ငံရေးတောမှာ ကျင်လည်ရင်း ဆုံခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ဆိုဗီယက်နဲ့ တရုတ်ပြည်က တန်းတူတဲ့ အိမ်ထောင်ရေးမျိုး တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဦးသိန်းဖေမြင့်ဟာ အိမ်မှာ မိသားစုနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်တဲ့ ခင်ပွန်းကောင်းဖြစ်တယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ချီးကျူးခဲ့ပါတယ်။
တစ်ခါက လက္ခဏာဆရာတယောက်က ဒေါ်ခင်ကြည်ကြည့်လက်ကို ကြည့်ပြီး အောင်မြင်ခြင်းလမ်းကြောင်း သိပ်ကောင်းတယ်လို့ ပြောပါတယ်။ သူဌေးလည်းမဖြစ်၊ ပညာလည်းမချွန်၊ ရာထူးကြီးလည်းမရှိ၊ ဘယ်မှာ အောင်မြင်တာလဲ ဆိုပြီး သူက ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ အိမ်ပြန်ရောက်မှ ခင်ပွန်းကို ပြောပြတဲ့အခါမှာတော့ တို့အိမ်ထောင်ရေးက အောင်မြင်မှုတစ်ခုပေါ့ဆိုပြီး သူ့ကို ပြောတယ်ဆိုပြီး ဒေါ်ခင်ကြည်ကြည် က မွေးနေ့အတွေး ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စာပေ နှစ်ခုလုံးမှာ တွဲဖက်မိတဲ့ သူတို့စုံတွဲဟာ တောင်တော်သခင်များ ရေအိုင် ဆိုတဲ့ ရုရှား ဝတ္ထုတစ်ပုဒ်ကိုလည်း အတူပြန်ဆိုခဲ့ကြပါတယ်။
သူတို့နိုင်ငံရေးအမွေကို သားတွေက ဆက်ခံပေမယ့် အနုပညာကိုတော့ မြေးဖြစ်သူ မှတ်တမ်းရုပ်ရှင်ဆရာ မောင်မောင်သာမြင့်က ဆက်ခံတာ တွေ့ရပါတယ်။ သိန်းဖေမြင့်ဟာ စစ်ကြီးမဖြစ်ခင်က ယောက်ျားဂုဏ်ရည် ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး စစ်အပြီးမှာလည်း ပြဇာတ်နဲ့ ဇာတ်ညွှန်းတွေ ရေးခဲ့ပါတယ်။
စာပေထဲက ခင်နဲ့မောင်
ဦးသိန်းဖေမြင့်က အသက် (၈ဝ) ထိနေမယ်ဆိုပြီး ကျန်းမာရေးလိုက်စားခဲ့ပေမယ့် (၆၄) နှစ် မပြည့်ခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါ်ခင်ကြည်ကြည်ကတော့ သူ့ခင်ပွန်း ကွယ်လွန်ပြီး (၄၂) နှစ်ကျော်ကြာမှ ကွယ်လွန်ခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာရဲ့ ပထမဆုံး ကွန်မြူနစ် ဝန်ကြီး၊ အာရှ အရှေ့ဖျားမှာ မြောက်ဗီယက်နမ်နဲ့ မွန်ဂိုလီးယားပြီးရင် အစောဆုံးဖြစ်တဲ့ မြန်မာကွန်မြူနစ်ဝန်ကြီးကတော် ဒေါ်ခင်ကြည်ကြည်ကို သူ့ခင်ပွန်းရဲ့ စာပေပုံရိပ် တွေကနေ မြန်မာစာဖတ်သူတွေ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ အမေ၊ ရှင်သုမန၊ တခုသောငွေရတုသဘင် စတဲ့ သိန်းဖေမြင့်ရဲ့ မိသားစုနောက်ခံ ဝတ္ထုတွေဟာ အကြောင်းအရာသာမက အရေးအဖွဲ့မှာပါ ပြောစမှတ် ဖြစ်ခဲ့တဲ့ လက်ရာတွေ ဖြစ်ပါတယ်။
သူတို့လင်မယား (၃၄) နှစ် ဝတ္ထုဆိုရင်လည်း သူတို့အိမ်ဝန်ထမ်းမောင်နှံအကြောင်း ရေးတာ ဖြစ်ပါတယ်။ ဝတ္ထုဇာတ်ဆောင် မင်းသမီး အိမ်မှုရေးရာ အလုပ်သမ ဒေါ်လှရီ နေမကောင်းတာကို ကွယ်လွန်တဲ့အထိ ဒေါ်ခင်ကြည်ကြည်က ထဘီအဝတ်က အစ လျှော်ပေးပြီး သုံးနှစ်လောက် ပြုစုခဲ့တယ်လို့ ဆောင်းပါးရှင် မော်လင်းက အမှတ်တရ ရေးပါတယ်။ အသက် (၇ဝ) ကျော် အဘွားဘဝနဲ့ အိမ်ဖော်ကို ပြန်ပြီး ပြုစုတာပါ။
ဒေါ်ခင်ကြည်ကြည်ရဲ့ ရုပ်ကြွင်းပြာကို ဘုတလင်က ခင်ပွန်းသည်ရဲ့ သင်္ချိုင်းမှာ မြှုပ်နှံမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဟာမစ်တစ်လမ်းက ဗိသုကာ ခင်မောင်ရင် ဆောက်တဲ့ သူတို့အိမ် မရှိတော့ပေမယ့် ဘုတလင်အရိုးဂူကတော့ သူတို့စာဖတ်ပရိသတ်တွေအတွက် အမှတ်တရနေရာ ဖြစ်လာနိုင်ပါတယ်။