Tuesday, March 7, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၇)

တော်လေးကြာတော့ ဝက်သားတတွဲနှင့် အထုတ်တွေနှင့် အမပြန်ရောက်လာသည်။ ဆရာဝဏ္ဏကမြင်တော့ မင်း ဝက်သားမစားဘူးမို့လားဟုမေးပါသည်။ ကျွန်တော် ခေါင်းညိတ်ပြတော့ မိန်းမရေ နင်တခြား ဘာပါလာသေးလဲဟ၊ မောင်မျိုးက ဝက်သားမစားဘူးဟုပြောတော့၊ ထင်တော့ထင်သား၊ ငါးဖမ်းမဆားနယ်ပါလာတယ် အဲ့ဒါ ကြော်ပေးမယ်ဟုပြောပါသည်။ ကျွန်တော် သူ့နံမည်မသိပါ။ သိစရာလည်း မလိုဟုထင်သည်။ ငတင့်လည်း သိသည်ဟုမထင်ပါ။ အမဟုခေါ်လိုက်လျှင် ပြီးပြီမဟုတ်လား။

 

နောက် အမက နောက်ဖေးကြမ်းပြင်တွင်ထိုင်ကာ ထုတာထောင်းတာ လှီးတာချွတ်တာတွေလုပ်သည်။ ထိုအချိန်တွင် မီးဖိုးပေါ်မှထမင်းအိုးက ပွက်လာသည်။ အကိုရေ တချက်လောက်မွှေပေးပါဦးဟုဆိုတော့ ဆရာကထပြီးမွှေသည်။ ပြီးတော့ အဲ့အနားတွင်ပဲ ဆောင့်ကြောင်ထိုင်နေပါသည်။ ခဏနေတော့ ဆရာက ထမင်းအိုးငှဲ့ပါသည်။ ကျွန်တော်က ဆရာ့ကိုအံ့ဩနေပါသည်။ ဆရာသည် ကွင်းထဲတွင် ဆရာမဟုတ်လား။ အိမ်တွင် ထမင်းအိုးငှဲ့စရာမလိုဟုလည်း ထင်မိပါသည်။

 

တအောင့်လောက်ကြာတော့ ကျွန်တော်တို့ ထမင်းစားကြသည်။ ကြမ်းပြင်ပေါ်ထိုင်ပြီး စားရတာဖြစ်သည်။ ဝိုင်းအလယ်တွင် ဝက်သားဟင်းတခွက်၊ ငပိရည်တို့စရာနှင့် ကျွန်တော့်ရှေ့နားတွင် ဆနွင်းဝါဝါနှင့်ငါးဖမ်းမဆားနယ်။ အမေခတို့လိုပဲ သူတို့လည်းဇွန်းကို ညာလက်နှင့်ကိုင်သည်။ ကျွန်တော် မသတီတော့။ မွေးကတည်းက ဝက်သား စားမလာသူလည်းဖြစ်၊ ဝက်သားကို မစားထိုက်သည့်အစာလည်းဖြစ်သည်ဟု သွန်သင်ခံထားရသူလည်းဖြစ်တော့ စိတ်ထဲတမျိုးကြီးဖြစ်နေသည်။ ဆိုးတာက ငပိရည်ဇွန်း။ ဝက်သားဟင်းနှင့် အားရပါးရနယ်ဖတ်စားနေသည့် သူတို့လက်များနှင့် ငပိရည်ဇွန်းကိုကိုင်တော့ ဇွန်းတွင် ဟင်းများပေနေသည်။ ဒါကို ကျွန်တော်ကပါ ညာလက်ဖြင့်ကိုင်ပြီး ခပ်လျှင် ကျွန်တော်ဝက်သားစားတာနှင့် ဘာထူးမည်နည်း။ ကျွန်တော် ဇဝေဇဝါဖြစ်နေသည်။ သူတို့ကတော့ ရိပ်ပင်မရိပ်မိ။ ကျွန်တော်က ဘယ်လက်ဖြင့်ကိုင်ချင်သည်။ သူတို့မကြိုက်မှာလည်း စိုးရသည်။ နောက်တော့ မထူးတော့ပါဘူးကွာဟုသဘောပိုက်ကာ ညာလက်ဖြင့်ပဲ ငပိရည်ဇွန်းကိုကိုင်လိုက်သည်။ 

 

ထမင်းစားပြီးကြတော့ ၄ ယောက်လုံး အိမ်ရှေ့ခန်းတွင်ထိုင်ကြသည်။ ညနေလည်း စောင်းနေပြီ။ ဆရာက အမကို ပိုက်ဆံတွေအပ်သည်။ တရက်နှစ်ရက်လောက်နေပြီး တိုက်ကြီးဘက်တက်မယ်၊ ပြည်လောက်အထိပေါ့၊ ဆယ်ရက်လောက်တော့ ကြာမှာပဲဟုပြောသည်။ အမက ဘာမှမထူးဆန်းသလိုပင် အကို အဝတ်တစုံလောက် ထပ်ချုပ်ပေါ့။ ခု ရလာနဲ့ဆို ဟိုဘက်ဆယ်ရက်လောက် လောက်တာအပြင် ပိုပါသေးတယ်ဟုပြောပါသည်။ ထား..ထား အဝတ်မချုပ်သေးဘူး၊ ငါ ဝယ်ရမှာလေးတွေရှိသေးတယ်ဟုပြောပါသည်။

 

ညကျတော့ ကျွန်တော်နှင့် ငတင့်က အပြင်ခန်းကဖျာပေါ်တွင် အိပ်ရသည်။ စောင်က နောက်တထည်ရသော်လည်း ခေါင်းအုံးကတလုံးတည်း။ ခြင်ထောင်လည်းတလုံးတည်း။ ကျွန်တော်က ခေါင်းအုံးကိုမအုံးချင်တာနှင့် မအုံး။ ခြင်ထောင်တလုံးတည်းနှစ်ယောက်အိပ်ရတာအပြင် စောင်ကသေးစော်လည်းနံသေးသည်။ တော်တော်နှင့်အိပ်မပျော်။ တအောင့်လောက်ကြာတော့ ကြမ်းက ကျွိကျွိ ကျွိကျွိနှင်မြည်ကာ လှုပ်လည်းလှုပ်လာပါသည်။ တကျွိကျွိအသံမှာ ပိုကျယ်လာသည်။ ကြမ်းလည်း ပိုလှုပ်လှုပ်လာသည်။ ထိုအချိန်တွင် ငတင့်လည်းနိုးလာပြီး ကျွန်တော့်ကို လက်ကုပ်ကာ အထဲဘက်လို့ လက်မနောက်ပြန်ပြပါသည်။ ကျွန်တော် ချက်ခြင်းသဘောမပေါက်။ ငတင့်က အမတို့ အလုပ်ဖြစ်နေကြပြီဟု လေသံတိုးတိုးဖြင့်ပြောမှ ကျွန်တော်လည်း သဘောပေါက်သွားပါသည်။ ခဏနေတော့ ကျွိကျွိမည်သံတွေတိတ်ကျသွားသည်။ အထဲက လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသံတွေတော့ ကြားရပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။

 

မနက်ကြတော့ ထမင်းကြမ်းနှင့်ပဲပြုတ်သုတ်စားကြပါသည်။ ဆရာဝဏ္ဏက ငါဒီနေ့ မြို့ထဲသွားရမယ်၊ ပစ္စည်းလေးနည်းနည်းဝယ်ဖို့ ကိုအောင်ကျော်မိုးတို့ဆီသွားရမယ်၊ ငတင့်မင်းနေခဲ့ ငါ မောင်မျိုးကို ခေါ်သွားမယ်ဟု ဆိုပါသည်။ ကျွန်တော်နှင့် ဆရာဝဏ္ဏမှော်ဘီရန်ကုန်ကားနှင့် ရန်ကုန်ဘက်ထွက်လာကြပါသည်။ ထောက်ကြန့်တွင် ကားရပ်သော်လည်း အသိတယောက်နှင့်မှ မတိုးပါ။ ကားပေါ်တွင်လည်း အသိတယောက်မှမပါပါ။ စိတ်အတော်သက်သာရာရပါသည်။ 

 

လှိုင်ရောက်တော့ တနေရာတွင်ဆင်းကြပါသည်။ ရပ်ကွက်တွေထဲဖြတ်ပြီး လျှောက်လာရင်း ပျဉ်ထောင်အိမ်ကြီးကြီး တလုံးရှေ့ရောက်တေ့ ဒါ ဆရာ အောင်ကျော်မိုးအိမ်ပဲ။ နောက်အပတ်လောက်ဆို ငတင့်ဒီမှာနေရတော့မှာ၊ မင်းကတော့ ငါနဲ့အတူနေပေါ့ဟုပြောပါသည်။ ငတင့်ပြောပြောနေသည့် ဆရာကြီးအောင်ကျော်မိုးဆိုပါလား။ ကျွန်တော် တွေ့ဖူးချင်နေသည်။ ဆရာကြီးမှာ ပြကွက်တွေအများကြီးကွ၊ သံစည်ပိုင်းထဲလူထည့်ပြီး မီးရှို့ပြတာတွေ၊ ထန်းခေါက်ဖာထဲလူထည့်ပြီး သံချွန်တွေနဲ့ ထိုးပြတာမျိုးတွေရောပဲကွဟု ငတင့်ပြောဖူးသည်။

 

ကျွန်တော်တို့ အိမ်ထဲဝင်သွားတော့ အောက်ထပ်ကဧည့်ခန်းထဲမှာ ဆရာအောင်ကျော်မိုးနှင့်တွေ့ရသည်။ ဝဏ္ဏလာကွ ဘယ့်နှယ်လဲ မင်းတောင်ငူပွဲဆက်တွေဟုမေးပါသည်။ ဆရာဝဏ္ဏပြန်ပြောတာတွေကြားတော့မှ တောင်ငူကနေ ကျွန်းကလေးအထိ တောက်လျှောက်ပြလာခဲ့မှန်းသိရသည်။ မဆိုးပါဘူးဆရာ အလုပ်ဖြစ်ပါတယ်ဟုပြောပြီး စကားအဆုံးသတ်သည်။ ဆရာအောင်ကျော်မိုးကို ပိုက်ဆံတွေပေးတာမြင်သည်။ ကျွန်တော်ဆယ်ရက်လောက် ဆက်ယူထားဦးမယ်ပြောတော့ မြွေကြီးကိစ္စများလားဟု တွေးမိပါသည်။ ပစ္စည်းယူဦးမယ်ဆရာဟု ပြောပြီး နှစ်ယောက်သား အပေါ်ထပ်တက်သွားကြပါသည်။ ဆရာအောင်ကျော်မိုးကအိမ်မှာက ဘဘကြီးတို့အိမ်မှာလိုပဲ ပစ္စည်းတွေစုံသည်၊။ ဆောင်းဘောက်ကြီးတွေ သေတ္တာကြီးတွေလည်း မြင်သည်။ နောက်တော့ ဆရာဝဏ္ဏက သူ့ အတက်ချီကေ့စ်လေးဆွဲကာ ပြန်ဆင်းလာသည်။ လက်ထဲမှာတော့ အထုတ်တဘက်နှင့်။ 

 

ပြန်ကြစို့ကွာ သမိုင်းလမ်းဆုံရောက်ရင် ထမင်းစားမယ်ဟုပြောပြီး သူ့လက်ထဲကအထုတ်ကို ကျွန်တော့်အားပေးသည်။ အထုတ်က တော်တော်မွှေးသည်။ ဆရာပြောသည့် သိဒ္ဓိတင်ပြီးသားနံ့သာဖြူဆီအနံ့။ အထဲမှာ ဖန်ပုလင်းတွေက တလုံးနှင့်တလုံးပွတ်တိုက်သံကြောင့် တကျီကျီမြည်နေသည်။ ဟာ...ဒါ ဆရာပြောတဲ့ ဓာတ်ခန်းဝင်ထားတဲ့ ကြုတ်ကလေးတွေပါလား။ ကျွန်တော် တော်တော်အံ့အားသင့်သွားပါသည်။ ဆရာပြောတော့ ပုပ္ပါးနယ်ဘက်က  တရားကျင့်ကာ သာသနာပြုရင်း ဘုရားတည်နေသည်ဆိုသည့် အထက်လမ်းပုဂ္ဂိုလ်ဆီကမဟုတ်ဘဲ ဆရာအောင်ကျော်မိုးဆီကဖြစ်နေသည် မဟုတ်ပါလား။ 

(ဆက်ပါဦးမည်)

စပ်မိစပ်ရာအတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ

0 comments
(စပ်မိစပ်ရာ) အတွင်းအပြင်/အတွေးအခေါ်တိုက်ပွဲ။
ဟိုတုန်းက အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဆိုပြီးရှိခဲ့တယ်။ NLD(LA)ဆိုပြီး ရှိခဲ့တယ်။ ပြည်တွင်းမှာ ဒေါ်စု နေအိမ်အချုပ် ကျကျ/မကျကျ ပင်မ NLD ကြီးရှိနေတယ်။ အဲ့ ၂ ခုကြားမှာ နိုင်ငံရေးပွတ်တိုက်မှု (အတွေးအခေါ်တိုက်ပွဲ) မရှိပေမယ့် ပြည်တွင်း NLD က NLD(LA) တို့ NCGUB တို့နဲ့ ကင်းအောင်နေတယ်။ ပြည်ပရောက်နေတဲ့သူတွေကလည်း သူတို့လုပ်နိုင်တာ လုပ်တတ်တာတွေလုပ်ပြီး ပြည်တွင်း NLDကို ကျားကန်ပေးကြတယ်။ တချိန်မှာ ဦးအောင်ရွှေတို့က စစ်အုပ်စုအလိုကျ ဒေါ်စုကို NLD ကနေထုတ်ပေးခဲ့ရတယ်။ ပါတီတည်ရှိရေးအတွက် အကြောင်းပြတယ်။ ဒါကို ပြည်ပရောက်တွေက စိတ်အလိုမကျပေမယ့် ဦးအောင်ရွှေတို့ကို နိုင်ငံရေးအရနားလည်ပေးခဲ့တယ်။ ပါတီတည်ရှိရေးအတွက် ဇောင်းပေးခဲ့တယ်။ ဘာမှသာ မယ်မယ်ရရ မလုပ်ပေမဲ့ မီဒီယာနဲ့တွေ့လို့မေးလိုက်တိုင်း ဦးလွင်တို့ ဦးအောင်ရွှေတို့က "ကျွန်တော်တို့လုပ်စရာရှိတာတွေ လုပ်နေပါတယ်"ချည်းဖြေတာပါပဲ။ ဒေါ်စုပြန်လွတ်လာတော့ သူမရှိတုန်း ပါတီအအုပ်အစည်းမပျက်အောင် ထိန်းထားပေးတဲ့အတွက် "ကျေးဇူးရှင်ကြီးတွေပါ"လို့ပြောပြီး ဦးအောင်ရွှေတို့ ဦးလွင်တို့ကိုသွားကန်တော့တယ်။ ပြည်ပရောက်တွေကလည်း ဒေါ်စုမလွတ်သေးရင် လွှတ်ပေးဖို့တောင်းဆိုကြပြီး၊ လွတ်လာရင်လည်း "အမျိုးသားပြန်လည်သင့်မြတ်ရေး" ခေါ်ခေါ် "စစ်အုပ်စုနဲ့ရင်ကြားစေ့ရေး"ပြောပြော အဲ့ဒါလုပ်ဖို့ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ်တောင်းဆိုတယ်။ စစ်အုပ်စုကတော့ အဖက်မလုပ်ပါ။ စစ်အုပ်စုက NLD ကို ဦးတည်ရန်သူအဖြစ်ထားသလို ဖျက်လည်း ဖျက်ပစ်ချင်ပေမယ့် မဖျက်ဝံ့ပါ။ လူထုနောက်ခံရှိနေလို့ပါ။ လူထုအားရှိနေလို့ပါ။
ခုလည်း အာဏာသိမ်းပြီးနောက် ပြည်ပရောက်သူတွေစုဖွဲ့ထားတဲ့ NUG တို့ NUCC တို့ CRPH တို့ရှိနေတယ်။ ပြည်တွင်းမှာလည်း NLD (ပင်မ)ကရှိနေတယ်။ ဒေါ်စုအပါအဝင် NLD ခေါင်းဆောင်တွေအကုန်လုံးလိုလို အဖမ်းခံထားရတယ်။ ဒီအချိန်မှာ ပါတီက ဘာအလုပ်မှမယ်မယ်ရရမလုပ်နိုင်တော့ဘူး။ ထောင်ထဲလည်းမရောက် ပြည်ပလည်းမထွက်တဲ့ ပါတီဒုတိယတန်းခေါင်းဆောင်တွေလို့ပြောရမယ့်သူတွေက ပါတီ(ရုံးခန်း၊ ဆိုင်းဘုတ်၊ အဆောက်အဦး)တည်ရှိရေးကို တတ်နိုင်သလောက်ထိန်းထားကြတယ်။ ပါတီခေါင်းဆောင်တချို့ ပြန်လွတ်လာတော့ သူတို့လက်ထဲအဲ့ဒါတွေအပ်တယ်။ ‌လွတ်လာတဲ့ခေါင်းဆောင်တွေကလည်း ဒေါ်စုမပါဘဲ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီ ဒါမှမဟုတ် ဗဟိုကော်မတီစုံညီအစည်းအဝေးမခေါ်နိုင်ဘဲ ဘာဆုံးဖြတ်ချက်မှ ချလို့မရတဲ့အချိန်ကြီးဖြစ်နေတယ်။ အဲ့အချိန်မှာပဲ (ဖြိုးမင်းသိမ်းကတော့ထားပါတော့) ပြည်ပရောက် NLD(CWC)က ပြည်တွင်းက ပါတီဒုတိယတန်းခေါင်းဆောင်တချို့ကို ပါတီကနေထုတ်လိုက်တယ်။ ပြည်ပရောက်နေသူတွေနဲ့ ပြည်တွင်းမှာနေရစ်ခဲ့သူတွေရဲ့ ပါတီတွင်း နိုင်ငံရေးတိုက်ပွဲ တနည်းပြောရရင် အတွေးအခေါ်ရေးတိုက်ပွဲပါ။ ပြည်ပရောက်တွေက စစ်အုပ်စုလုပ်ပေးမယ့်ရွေးကောက်ပွဲကို မဝင်ဘူးလို့ ကြေညာရုံမက စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုပါ "နိုင်ငံတော်ပုန်ကန်မှု ကူညီအားပေးသူတွေ"လို့ အတိအလင်း ပြောလိုက်ပါတယ်။ ရန်သူများသွားပါတယ်။ ဦးကိုကိုကြီးက ဒါကို ထွက်ပြီး ချဲလင့်စ်လုပ်ပါတယ်။ ဒေါ်စန္ဒာမင်းက BBC နဲ့အင်တာဗျူးမှာ အတော်မခံချိမခံသာ ပွင့်ပွင့်လင်းလင်ပြောသွားပါတယ်။ သူကတော့ ပါတီတည်ရှိရေး (ဒေါ်စုမူ) ကိုကိုင်ထားတာတွေ့ရပါတယ်။ အချက်အလက်တွေကများ အခြေအနေတွေကရှုပ်ထွေးပြီး နိုင်ငံရေးနှင်းလည်း မကွဲသေးပါ။ သေချာတာ တခုကတော့ စစ်အုပ်စုဟာ NLD ပါတီကို ဖျက်ချင်ပေမယ့် မဖျက်ဝံ့ပါ။ နိုင်ငံကြီးတချို့နောက်ခံရှိနေလို့ပါ။ လူထုနောက်ခံကတော့ မှုန်ဝါးဝါးပါ။ ဒါ့ကြောင့် ပြည်တွင်း NLD (ပင်မ)ကို ရွေးကော်ဥပဒေထုတ်ပြီး သူ့ဘာသူပျက်သွားအောင်လုပ်တာပါ။
ကျွန်တော်ကတော့ ဒီမိုကရေစီပါတီတွေကို စစ်အုပ်စုအလိုကျလုပ်မယ့် "အာဏာသုံးရပ်လုံးမရနိုင်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ" မဝင်စေချင်သူပါ။ အဲ့ဒီရွေးကောက်ပွဲမျိုးဝင်ဖို့ မတိုက်တွန်းမတောင်းဆိုပါ။ ပြည်တွင်း မှတ်ပုံတင်နိုင်ငံရေးပါတီတွေဆိုတာကလည်း လူထုတိုက်ပွဲလုပ်ဖို့ဝေးစွ စစ်အုပ်စုမငြိုငြင်အောင်တောင် မနည်းနေနေရတာ မဟုတ်လား။ စစ်အုပ်စုအလိုကျ "ပေါ်စေ ပျောက်စေ"ပါတီတွေဆိုပေမယ့် သူပေးထားတဲ့ကွင်းထဲ ဝင်ကစားဖို့ ကိုယ့်မှာလည်း လူလိုတယ်မဟုတ်လား။ ဒီတော့ ပြည်ထောင်စုအဆင့်ပါတီအဖြစ် ကြံ့ဖွံ့တပါတီတည်း ကျန်အောင် စစ်အုပ်စုက ဘယ်လောက် ညစ်ပတ်ညစ်ပတ် ကျွန်တော်တို့ဘက်ကလည်း စစ်အုပ်စုနဲ့နိုင်ငံရေးစကားပြောဖို့၊ လူထုနဲ့နိုင်ငံရေးလုပ်ဖို့ "တရားဝင်" ပါတီတော့ ရှိရမယ်လို့မြင်ပါတယ်။ ဒီနေရာမှာ တရားဝင်ဆိုတာက စကားပြောတာမှန်းသိပါတယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့်၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုပေမယ်၊ မြေပေါ်မှာပါတီတည်ရှိရေးအတွက် စစ်အုပ်စုလုပ်သမျှခံမယ်ဆိုရင်တော့လည်း မစွံပါဘူး။ လူထုတိုက်ပွဲ မသွားနိုင်တဲ့ပါတီတွေမို့(နိုင်ငံရေးသမားတွေမို့) ပါးစပ်ပဲတတ်နိုင်တာပါ။ ပြောစရာရှိ ပြောရမယ်ဆိုရမယ်၊ ဆန့်ကျင်စရာရှိဆန့်ကျင် ကန့်ကွက်စရာရှိ ကန့်ကွက်ရမှာပါပဲ။ ဒါလောက်ပဲ သူတို့တတ်နိုင်တာပါ။ ဒါမှ ဖမ်းချင်သပ ထောင်ချချင်သပဆိုလည်း လိုက်သွားလိုက်ရုံပါပဲ။ တကယ်တမ်းသတ္တုချကြည့်တော့ စစ်အာဏာရှင်စနစ်အောက်မှာ လက်နက်မကိုင်ထားတဲ့နိုင်ငံရေးပါတီဆိုတာ စစ်အာဏာရှင်တို့စိတ်တိုင်းကျသာ ရှင်သန်ခွင့်ရှိတာပါ။ ဒီလိုပြောလို့ နိုင်ငံရေးပါတီတိုင်း လက်နက်ကိုင်ရမယ် မဆိုလိုပါ။ လက်နက်ရှိရင်တော့ ရန်သူကစကားပြောပါတယ်။ “ဝ”UWSA ကိုကြည့်ပါ။ အပစ်ရပ်ထားပေမယ့် သေနတ်သုံးသောင်းကထွက်တဲ့အသံဟာ စကားပြောပါတယ်။ “လက်နက်နဲ့ဖိနှိပ်လို့ လက်နက်ကိုင်တော်လှန်ရတယ်” ဘယ်လိုပဲပြောပြော နဂိုကတည်းက “လက်နက်နဲ့ဖိနှိပ်ရင် လက်နက်နဲ့ပြန်ချမယ်” ဆိုတဲ့ သဘောထားမရှိရင် လက်နက်ကိုင်လို့မရပါဘူး။ ဒေါ်စုမှာ စစ်အုပ်စုက ဘယ်လောက်ပဲ လက်နက်နဲ့ဖိနှိပ်ဖိနှိပ် လက်နက်နဲ့ပြန်ချဖို့သဘောထား ဘယ်တုန်းကမှမရှိခဲ့ပါ။
ချုပ်ရရင် ခု ပြည်တွင်း/ပြည်ပ(အတွင်းအပြင်)အတွေးအခေါ်ရေးတိုက်ပွဲ ရှိနေတယ်။ ဒါဟာ လူထုကို စိတ်ဓာတ် ပျက်ပြားစေတယ်၊ ဝေဝါးစေတယ်။ အတွင်းအပြင်ချိတ်ဆက်ပြီးလုပ်မရတောင် အပွတ်အတိုက်မရှိအောင်နေဖို့ ကောင်းတယ်။ စစ်အာဏာရှင်စနစ်အောက်မှာဆိုပေမယ့် ဒီမိုကရေစီပါတီတွေရှိစေ့ချင်တယ်။ ပြောလို့ရသလောက် လုပ်လို့ရသလောက်လုပ်စေ့ချင်တယ်။ ပါတီတိုင်း လက်နက်မကိုင်ပါ။ ကိုင်ဖို့လည်း မတောင်းဆိုပါ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲမဝင်လို့ ဖျက်ပစ်မယ်ဆိုလည်း ဖျက်ချင်တိုင်းဖျက်မရအောင် လူထုနောက်ခံအား ရှိထားဖို့လိုပါတယ်။ ပြည်ပနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုတော့ စစ်အုပ်စုကမမှုပါ။ လူထုသာ အခရာကျပါတယ်။ လူထုကသာ သမိုင်းကိုဖန်တီးပါတယ်။
မျိုးမြင့်ချို။ မတ် ၆ ။ ၂၀၂၃

s

Saturday, March 4, 2023

လေထီး ဦးအုန်းမောင်

0 comments
“လေထီး ဦးအုန်းမောင်”
ဗိုလ်အုန်းမောင်ကို ၁၉၁၉ ခုနှစ်က ဖျာပုံမြို့မှာ အဖ ဦးဘထိန်၊ အမိဒေါ်ဖွားရွှေတို့က မွေးတယ်။ ဖျာပုံမှာပဲ ၁၀ တန်း အောင်ပြီး ၁၉၃၈ ခုနှစ်မှာ တို့ဗမာအစည်းအရုံးဝင် သခင်အုန်းမောင် ဖြစ်လာတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံမြေသပိတ် ရန်ကုန်အထိ ချီတက်ပွဲမှာ “ဗိုလ်“ စာရင်းသွင်းပြီး ဗိုလ်ဖြစ်လာတယ်။ ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံး အတွင်းရေးမှူး လည်း ဖြစ်လာတယ်။ ၁၉၃၉-၄၀ မှာ လွတ်လပ်ရေးအတွက် လျှို့ဝှက် မြေအောက် စည်းရုံးရေးလုပ်ခဲ့ပြီး ကွန်မြူနစ်ပါတီထဲ ဝင်ခဲ့တယ်။ ၁၉၄၄ ခုနှစ်မှာ သခင်ဗိုလ်၊ သမ္မတဟောင်း မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း၊ ဦးကျော်ရင်၊ ဗိုလ်လှဖေ (မန်း) တို့ နဲ့အတူ ဂျပန်ဖက်ဆစ် တော်လှန်ရေးအတွက် အိန္ဒိယပြည်ကို လျှို့ဝှက်စွာသွားပြီး စစ်ပညာသင်ခဲ့တယ်။ သီဟိုဠ်ကျွန်း တောနက်ကြီးတွေထဲမှာလည်း စစ်ပညာသင်တန်း၊ လေထီးဆင်းသင်တန်းတွေ တက်ခဲ့ကြတယ်။ သူတို့ဟာ ဂျပန်တော်လှန်ရေး မစခင် မြန်မာပြည်ကို လေထီးခုန်ဆင်းနိုင်ခဲ့ပြီး လက်နက်အတတ်ပညာတွေကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ခဲ့တာမို့ ဂျပန်တော်လှန်ရေးကို အကျိုးပြုနိုင်ခဲ့ကြတာ ဖြစ်တယ်။ ကျနော့်ဘဝဟာ Struggle တိုက်ပွဲတွေနဲ့ ပြွမ်းတီးခဲ့တဲ့ဘဝပါ။ ကျွန်တော် အခုလည်း Struggle လုပ်နေတုန်းပါပဲ။ ကျွန်တော် သေတဲ့အထိ ဒူးမထောက် အညံ့မခံပဲ လုပ်သွားမှာပါ။ ကျွန်တော် မလုပ်နိုင်ခဲ့သေးတာတွေ တာဝန်မကျေခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်နိုင်သလောက်တော့ လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဘဝအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ (လေထီးဦးအုန်းမောင်) မကွယ်လွန်ခင်က ပြောဆိုချက် လေထီးဗိုလ်အုန်းမောင်ဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်က ဖျာပုံခရိုင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဘဝနဲ့ တောခိုခဲ့တယ်။ သူဟာ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲချိန်ကလည်း သခင်သန်းထွန်း ကွန်မြူနစ်ပါတီဖက်မှာ ရပ်တည်ခဲ့တာပါ။ ၁၉၄၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖြစ် မြစ်ဝကျွန်းပေါ် ဌာနခွဲမှာ ခန့်အပ်ခံရတယ်။ ၁၉၅၁ ခုနှစ်မှာ ဟင်္သာတမြို့က ဒေါ်မြင့်မြင့်နဲ့ လက်ထပ်ခဲ့ပြီး ၁၉၅၃ ခုနှစ် ပုသိမ်ခရိုင်တိုက်ပွဲမှာ ခြေထောက်ကို သေနပ်မှန်ပြီး အဖမ်းခံခဲ့ရတယ်။ “သူဟာ ကိုကိုးကျွန်း (၁၉၅၈)၊ ဂေါ်ဒူလောင် (လိပ်ကျွန်း) (၁၉၅၉) နဲ့ ကိုကိုးကျွန်း (ဒုအကြိမ်) (၁၉၆၉ -၇၁) တို့မှာ ကျွန်း (၃) ကြိမ်ပို့ခံရတဲ့ နိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူဟာ ရိုးရိုးအေးအေး နေထိုင်တတ်ပေမယ့် စိတ်ဓာတ်က သံမဏိလို ပြင်းထန်မာကျောပြီး တိုင်းပြည်ကို တကယ်ချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တဦးပါ” “လုပ်ဖော်ကိုင်ဖက် ကျွန်းပြန်ကြီးတဦး” ပြောပြချက် လေထီးဗိုလ်အုန်းမောင်ဟာ ကိုကိုးကျွန်း အကျဉ်းစခန်း တိုက်ပွဲတွေမှာလဲ အလံနီကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်ဖေဌေး၊ ဆရာရာဂျန်တို့နဲ့အတူ ဦးဆောင်တိုက်ခဲ့သူပါ။ သူနဲ့အတူ ကိုကိုကျွန်းမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ဖိုးသံချောင်းက အင်းစိန်ထောင်အတွင်းနဲ့ ကိုကိုးကျွန်း အကျဉ်းစခန်းတွေက လေထီးဗိုလ်အုန်းမောင် အကြောင်းတွေကို အခုလို ရေးခဲ့ပါတယ်။ “ အင်းစိန်ထောင်ထဲမှာ. . . ပိန်ပိန်လူတယောက် တုတ်ကောက်တချောင်းနဲ့ ထော့နင်း-ထော့နင်း လျှောက်လာနေတာကို တွေ့ရပါတယ်။ သူ့ခေါင်းပုံက အလယ်မှာမောက်နေပြီး ဆံပင်ကတော့ ကတုံး ဆံတောက်ပါပဲ။ အသက်အရွယ်နဲ့ ဒဏ်အမျိုးမျိုးကြောင့် ဦးလေးဗိုလ်အုန်းမောင်ရဲ့ရုပ်ဟာ ပါးချောင်ကျ၊ မျက်တွင်းဟောက်နေတာပဲ တွေ့ရလေ့ရှိပါတယ်။ ပေါ်လွင်လှတဲ့နှာတံကို ထောက်ထားတဲ့ သူ့ရဲ့ပါးရိုးတွေဟာ ကြံ့ခိုင်လှပြီး နောင်မှာ ဖိနှိပ်သူ အာဏာပိုင်တွေနဲ့ ရင်ဆိုင်တိုင်း အဲဒီပါးရိုးကြီးတွေ တင်းနေတာဟာ ကျနော်တို့လို နောက်လိုက်တွေကို သိပ်အားတက်စေပါတယ်။ . . . . .ဒီနောက် ၁၄ နှစ်လောက်ကြာတော့ ဦးလေးဦးအုန်းမောင်ကို ဘဝတူအဖြစ် ပြန်တွေ့ရပါ တယ်။ ကိုကိုးကျွန်းပေါ်မှာပါ။ . . . . . ကျနော့်အထင်တော့ ဦးလေးဗိုလ်အုန်းမောင် ရုပ်ဘာမှပြောင်းမသွားဘူးပဲ။ အင်းစိန်ထောင်တွင်းမှာ စစ်ဆင်ရေးစီမံကိန်းဆွဲပြီးဖိနှိပ်ရာမှာ ဦလေးဗိုလ်အုန်းမောင်ကို ဝိုင်းရိုက်ခဲ့ကြလို့ နံရိုး သုံးချောင်းတောင် ကျိုးခဲ့သတဲ့။ ဒါကြောင့်သူ့ကျန်းမာရေးဟာ အတော်ကို မကောင်းဘူးတဲ့။ တီဘီရောဂါလည်း ရှိနေသတဲ့။ အဲဒီအချိန်မှာ သူ့အသက်က ငါးဆယ်လောက် ရှိနေပါပြီ။ ကိုကိုးကျွန်းပေါ်ကိုရောက်ပြီး နောက်တနေ့မှာ ပင်လယ်ထဲရေချိုးဆင်းခွင့်ရလို့ ရေချိုးဆင်းကြတဲ့အခါမှာတွေ့ ရတဲ့ ဦးလေးဗိုလ်အုန်းမောင်ရဲ့ပုံဟာ တကယ့်ကို ကမ္မဌာန်းရုပ်ပါ။ ထူးတာက ဒီကမ္မဌာန်းရုပ်ရဲ့နံဘေးမှာ ခွဲစိပ်ချုပ်ရိုးကြောင်းတွေ ပါနေတာပါပဲ။ ဒါပေမဲ့သူဟာ ကိုကိုးကျွန်းပေါ်ကတိုက်ပွဲတွေကို မားမားမတ်မတ်ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ နံရိုးကျိုးပေမဲ့ နှလုံးက ခိုင်ကျည်ပါတယ်။ တုတ်ကောက်တချောင်းနဲ့ ထော့နင်းထော့နင်းပဲ သဲသောင်ပြင်ပေါ်လျှောက်၊ ထောင်အာဏာပိုင်တွေကို တဖဝါးမဆုတ်ရင်ဆိုင်ခဲ့ပါတယ်။ ကျနော်တို့အားလုံးကိုယ်စား ထောင်အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရာတဲ့အခါမှာ တုတ်ကောက်ကိုယ်စီနဲ့ရပ်ပြီး ပြတ်ပြတ်သားသား ပြောဆိုနေတဲ့ ဦးလေးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့နှစ်ဦးကို မြင်ရတာဟာ အင်မတန်မှ ကြက်သရေလည်းရှိ၊ အားလည်းတက်စရာလည်း ကောင်းလှပါတယ်။ “ (ရဲဘော်ဖိုးသံချောင်း ရဲ့ အရေးတော်ပုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၊ ဖေဖော်ဝါရီလ ၂၀၁၁ ပါ ကျွန်တော်မမေ့တဲ့ လေထီးဗိုလ်အုန်းမောင် ဆောင်းပါးမှ )
လေထီးဦးအုန်းမောင်သည် ရာသက်ပန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မိမိယုံကြည်ချက်အတိုင်း မတွေမဝေ မယိမ်းမယိုင်နေထိုင်သွားသူတစ်ဦးဖြစ်သည်။ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်လေ့ရှိပြီး၊ ကိုယ်ကျင့်တရားကောင်းမွန်သူတစ်ဦးလည်း ဖြစ်၏။ ဦးအုန်းမောင်သည် ဗမာ့ခေတ်သစ်သမိုင်း၊ ဗမာ့လွတ်လပ်ရေးသမိုင်း၊ ဗမာ့တို့၏ ဖက်ဆစ်တော်လှန်ရေးသမိုင်းတွင် ရှေ့တန်းမှ အသက်စွန့်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဖက်ဆစ် တော်လှန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရဲဘော်သုံးကျိပ် နဲ့ အတူ ဂျပန်တွေ ဝင်မလာခင် ကတည်းက ဗမာ လူငယ်တွေက ပြင်ဆင် နေခဲ့ပြီဆိုရင် တချို့ လူငယ်တွေက အံဩကြ ပါလိမ့်မယ်။ သခင် အောင်ဆန်းတို့ဟာ ပြည်ပကို မထွက်ခင် ကတည်းက ဂျပန်တွေ ဆီကို သွားတာ မဟုတ်ဘဲ ဂျပန်ကို ခုခံ တော်လှန်နေပြီ ဖြစ်တဲ့ တရုတ် ကွန်မြူနစ်တွေ ဆီကို သွားရင်း ဂျပန်က သခင် အောင်ဆန်းတို့ ဦးတည် သွားနေသော တရုတ်မြို့တွေကို သိမ်းပိုက်ပြီး ဖြစ်နေလို့ အဆက်ပြတ် သွားခဲ့ရတာပါ။
ရဲဘော် သုံးကျိပ်တို့က အရှေ့ဘက်ကို ထွက်သွားသလို ရဲဘော် ရှစ်ကျိပ် (လောက်) ဟာလည်း အနောက်ဘက်ကို ထွက်သွားခဲ့ပါတယ်။ အရှေ့ဘက်ကို ထွက်သွားသူတွေရဲ့ ခေါင်းဆောင်က သခင် အောင်ဆန်း၊ အနောက်ဘက်ကို ထွက်သွား သူတွေရဲ့ ခေါင်းဆောင်က သခင်သိန်းဖေ၊ တက်ဘုန်းကြီး သိန်းဖေ ခေါ် ကာလကတ္တား သခင်သိန်းဖေ။ သခင် အောင်ဆန်း၊ သခင် သိန်းဖေ၊ သခင် လှဖေ၊ သခင် ဗဟိန်း စတဲ့ သခင် လူငယ်တွေဟာ ဗမာပြည် ကွန်မြူနစ် ပါတီကို စတင် တည်ထောင် သူတွေလည်း ဖြစ်ကြပါသည်။
သခင် အောင်ဆန်းရဲ့ အုပ်စုဟာ ထွက်တာ စောလို့ ထင်ပါတယ်။ လူဗျောက်သောက် ရောရာ ပါရှိပါတယ်။ သခင် သိန်းဖေရဲ့ အုပ်စုကတော့ ကွန်မြူနစ် ပါတီဝင်တွေ များပါတယ်။ ကွန်မြူနစ်တွေ လိုလိုချည်း ပါပဲ။ ကွန်မြူနစ် မဖြစ်သေး သူတွေလည်း ကာလကတ္တားမှာပဲ “နီ” သွားကြပါတယ်။
၁၉၄၄ ခုနှစ်မှာ သခင်ဗိုလ် ခေါင်းဆောင်တဲ့ ရဲဘော် ၉ ဦး အဖွဲ့ဟာ အထက်အညာမှာ ဗဟို ပြုနေတဲ့ ဗိုလ်ဗထူး တပ်ရဲ့ အကူအညီနဲ့ မဲဇာ တကောင်းဘက်ကို ဖြတ်ပြီး အိန္ဒိယပြည်ရှိ သခင် သိန်းဖေ ဦးစီး စီမံ ခန့်ခွဲနေတဲ့ လေထီး သင်တန်းကို သွားတက်ဖို့ ဖြစ်ပါတယ်။
အဖွဲ့ဝင်တွေ ထဲမှာ မန်းဝင်းမောင် (နောင် - သမ္မတ)၊ ကာနယ် ချစ်ကောင်း (နောင် - တောခို ကွန်မြူနစ် ခေါင်းဆောင်) ရခိုင် ဦးကျော်ရင် (နောင် - မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်)၊ ဗိုလ်ဘညွန့် (ပီကင်းပြန် တောခို ကွန်မြူနစ်၊ ကွယ်လွန်)၊ ကိုသန်း ဆိုသူနဲ့ ဖျာပုံက ဦးအုန်းမောင် (သုံးကျွန်းပြန် ကွန်မြူနစ်) - အားလုံး ၇ ဦး ဖြစ်ပါတယ်။ ဗိုလ်ဘထူးက လမ်းပြဖို့ ထည့်လိုက်တဲ့ ဗိုလ်လှဖေနဲ့ မောင်ကျောက်တို့ပါ ပေါင်းရင် အားလုံး ၇ ဦးပါ။ မဲဇာဘက် ရောက်မှ ဗိုလ်လှဖေ ငှက်ဖျားမိလို့ လူစု ခွဲလိုက်ရ ပါတယ်။ ဦးအုန်းမောင်က ဗိုလ်လှဖေကို ပြန်ပို့ဖို့ နေရစ် ခဲ့ရပါတယ်။ ဒါကြောင့် မန်းဝင်းမောင်နဲ့ အတူ နောက်မှ ပြန်သွားရ ပါတယ်။
အိန္ဒိယနဲ့ သီဟိုမှာ လေထီး သင်တန်း၊ စစ်သင်တန်းများကို မဟာမိတ် ( အင်္ဂလိပ်၊ အမေရိကန်) တပ်တွေက ဦးဆောင် လေ့ကျင့် ပေးပါတယ်။ ပင်မ စခန်းမှာတော့ သခင် သိန်းဖေက သူ့ရဲ့ ဘုံရိပ်သာမှာ နိုင်ငံရေး၊ ကွန်မြူနစ် သဘောတရားရေး သင်တန်းတွေ ပေးပါတယ်။ သင်တန်းပြီးတော့ ဗမာပြည်ထဲကို လေထီးနဲ့ ခုန်ဆင်းပြီး ပြည်တွင်းက ဖက်ဆစ် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရပါတယ်။
ဗမာပြည် လွတ်လပ်ရေး ရတော့ ၁၉၄၈ မှာပဲ ကွန်မြူနစ်တွေလဲ ဖဆ - ဆိုရှယ် အစိုးရရဲ့ တောခြောက်တာကို ခံရပြီး ပြည်တွင်းစစ် ဖြစ်ပွား ခဲ့ပါတယ်။ ဦးအုန်းမောင်တို့လည်း တောခိုရပြီး ကွန်မြူနစ် ဗဟို ကော်မတီဝင်တွေ ဖြစ်ကုန်ကြ ပါတယ်။ နောက်တော့ စစ်တပ်က ဖမ်းမိသွားတာ ဆိုထင်ပါရဲ့။ ထောင်ကျပြီး ကိုကိုးကျွန်း အကျဉ်း စခန်းကို နှစ်ခါပြန် ရောက်ရှိ သွားခဲ့ရ ရုံမက လိပ်ကျွန်း အကျဉ်း စခန်းကိုလည်း အပို့ ခံခဲ့ရတော့ ကျွန်းသုံးကျွန်း စံခဲ့ရသူ ဖြစ်သွား ခဲ့ပါတယ်။ကိုကိုးကျွန်း အကျဉ်း စခန်းမှာတော့ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့ အတူတူ အစာငတ်ခံ တိုက်ပွဲကို ဦးဆောင် ဆင်နွှဲခဲ့သူ တစ်ဦး အဖြစ် ထင်ရှားပါတယ်။ နောက်ဆုံး ပါဝင် လှုပ်ရှား ခဲ့တာကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးပါ။
ဦးအုန်းမောင်တို့ အကြောင်းတွေကို ဖက်ရတာဟာ ဒဏ္ဍဍာရီ ပုံပြင်တွေကို ဖတ်ရသလို မယုံနိုင် လောက်အောင် ထူးခြား ဆန်းကြယ် လှပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ လူအများအပြား ပါဝင်တဲ့ တကယ့် သမိုင်းဝင် ဖြစ်ရပ်တွေ ပါပဲ။ ဗမာ့ လွတ်လပ်ရေး သမိုင်း၊ ဖက်ဆစ် တော်လှန်ရေး သမိုင်းကြီးပါ။
ကျွန်တော် ရန်ကုန်ကို ရောက်လာတာက ၁၉ရဝ ခုနှစ် ကျော်မှပါ။ ကျနော် မန္တလေးမှာ နေကတည်းက ဆက်သွယ် ွ့ကမ်းဝင်နေတဲ့ စာကြည့်တိုက်မှူးဟောင်း၊ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွတ် (ဆရာ တိုက်စိုး) အိမ်ကို မကြာခဏ ရောက်တတ်ပါတယ်။ ဆရာတိုက်စိုးက”ခုပဲ ကိုအုန်းမောင် ပြန်သွားတယ်”၊ “တော်ကြာရင် ကိုအုန်းမောင် လာလိမ့်မယ်” စသဖြင့် ပြောလေ့ ရှိပါတယ်။ ဆရာ တိုက်စိုးနဲ့ ဦးအုန်းမောင်ဟာ ဖျာပုံသားတွေ ဖြစ်ကြပြီး မူလတန်း ကတည်းက တွဲလာတဲ့ သူငယ်ချင်းတွေ ပါတဲ့။ ရုပ်ရည်အရ ပြောရရင် အမွှာမွေးလို တူကြပါတယ်။ဆရာ တိုက်စိုးက သူ့အထက်က ဝန်ကြီး (ဗိုလ်ချုပ် သောင်းဒန် စသည်) တို့ကို ကြိုတင် ရှင်းပြပြီး ဦးအုန်းမောင်ကို ငယ်သူငယ်ချင်း အဖြစ် သူ့ရုံးကိုတောင် ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။ အထူးသဖြင့်တော့ ရှေးဟောင်း နှောင်းဖြစ်နဲ့ စာကြောင်း ပေကြောင်းတွေ ပြောကြတာ ပါပဲ။
ကျနော် ရန်ကုန် ရောက်လာတဲ့ အခါ ဆရာ တိုက်စိုးက သူ့အိမ်ကို ဦးအုန်းမောင်၊ သခင် အုန်းမြင့်၊ ဒဂုန် တာရာ စတဲ့ မိတ်ဆွေများကို ဖိတ်ခေါ်ပြီး စကားဝိုင်း ဖွဲ့လေ့ ရှိပါတယ်။ ကျနော့်ကိုလည်း ဆရာ တိုက်စိုးက ဖိတ်လေ့ရှိလို့ သူတို့ဝိုင်းမှာ ပါနေပါတယ်။ အထူးသဖြင့် ရှေးဟောင်း နှောင်းဖြစ်တွေ ကိုပဲ ပြောလေ့ ရှိပါတယ်။ကျနော်က သူတို့ အတ္ထုပ္ပတ္တိတွေကို တပိုင်းတစစီပဲ သိသူဖြစ်လို့ ကျနော် မသိသေးတဲ့ ကွင်းဆက်တွေ ဝင်မေးပါတယ်။ စာကြောင်း ပေကြောင်းကတော့ အားလုံးက ရှေးဟောင်း နောက်မီချည်း ဆိုတော့ ပြောလို့လည်းကောင်း၊ နားထောင် မှတ်သားဖို့လည်း ကောင်းပါတယ်။
ကျနော်တို့ ပုံမှန် တွေ့ဆုံလေ့ ရှိတဲ့ တခြား နေရာတွေ ကတော့ မွေးနေ့ပွဲတွေနဲ့ ကွယ်လွန်သူတွေရဲ့ နှစ်လည်ပွဲတွေ ပါပဲ။ လေထီး ဦးအုန်းမောင်က ဖျာပုံသား ဆိုတော့ ဆရာ ဇော်ဂျီ မိသားစုနဲ့လည်း ရင်းနှီးပါတယ်။ ဆရာ ဇော်ဂျီ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ပွဲမှာ သင်္ဘောတစီးလုံး ငှားပြီး သွားကြတော့ ဦးအုန်းမောင်တို့၊ သခင် အုန်းမြင့်တို့လည်း ပါကြပါတယ်။ ပွဲမှာ သူတို့ စကားပြောခွင့် မရကြပါဘူး။မုံရွာ တင်ရွှေ၊ ဗိသုကာ ကျော်မင်း၊ ကိုသိန်းတင် (အဖွဲ့ချုပ် တိုင်းစည်းရုံးရေးမှူး)၊ ဟာဂျီ မြသန်း (ကိုမင်းဇင်တို့ အဖေ)၊ ဆရာ မြသန်းတင့် စသူတို့ရဲ့ နှစ်လည် ဆွမ်းကြွေးပွဲ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်လည် ဆွမ်းကြွေးပွဲ တို့မှာလည်း ဆုံလေ့ ရှိကြပါတယ်။အမေ လူထု ဒေါ်အမာ မွေးနေ့ပွဲမှာတော့ သခင် အုန်းမြင့်၊ သခင် သိမ်းမောင် (ဝါးခယ်မ)၊ ဦးထွန်းတင် (သခင် ကိုယ်တော်မှိုင်း ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့၊ အတွင်းရေးမှူး)၊ တော်ဘုရားလေး၊ ဦးချမ်းအေး စသူတွေ့နဲ့ နှစ်စဉ် ဆုံကြတယ်။ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေလည်း ပါတယ်။
အများအားဖြင့် စစ်အစိုးရက မျက်စေ့ ဒေါက်ထောက်ကြည့်တာ ခံရသူတွေ တစ်နိုင်ငံလုံးက ဆိုသလို လာကြတာပါ။ ဘယ်မှာ ဆုံဆုံ ဒီလူတွေ ချည်းပါပဲ။ ဒါပေမဲ့ ဒီလူတစုဟာ လက်ရှိ အစိုးရအကြောင်းကို အထူး ပြောဆိုနေလေ့ မရှိပါဘူး။ (ပြောစရာမှ မလိုဘဲ) ခုဟာက အချင်းချင်း အလွမ်းပြေ တွေ့ဆုံကြ အားပေးကြတဲ့ သဘောထက် မပိုလှပါဘူး။
ကျနော်တို့တတွေ ဦးအုန်းမောင်ရဲ့ အိမ်ကိုလည်း အလည်ရောက်လေ့ ရှိတယ်။ လူငယ်လေးတွေက အဘ ဦးအုန်းမောင် အိမ်ဆိုရင် လိုက်ပို့ချင်လေ့ ရှိတယ်။ သူတို့ရဲ့ အဘ ဦးအုန်းမောင်နဲ့ ကျနော်တို့ စကား ပြောကြတာကို နားထောင်ချင်လို့တဲ့။ ကျနော်က သူတို့ ကိုကိုးကျွန်းမှာ အချင်းချင်း စောင့်ရှောက်ကြပုံ၊ စိတ်ဓာတ် မြှင့်တင်ကြပုံ၊ အပျင်းဖြေကြပုံ၊ နိုင်ငံရေး လေ့လာကြပုံ၊ သမိုင်း လေ့လာကြပုံ တွေကို ကိုယ်လည်းကြားချင် လူငယ်တွေလည်းကြား စေချင်ပါတယ်ကျနော် ကြားဖူးတဲ့ ပုံပြင်လေးကို ကျနော် ပြန်မေးဖူးတယ်။
အဘ ထောင်က (ကျွန်းက) လွတ်လာတော့ အိမ်ကို ပြန်လာတယ်။ အိမ်ပေါက်ဝမှာ သူ့သမီးကလေးကို တွေ့တော့ သမီးက အဖေကို စိမ်းနေတယ်။ “သမီး အဖေလေ” လို့ ပြောတော့ သမီးလေးက “အမေရေ … အဖေဆိုတဲ့ လူကြီး လာနေတယ်” လို့ လှမ်းအော်သတဲ့။တချို့က “ဒီပုံပြင်” လေးကို ကြားရရင် မျက်ရည် ကျကြပါတယ်။ “အဘက တိုက်ပွဲမှာ ခြေတောက်ကို သေနတ်မှန်လို့ အဖမ်းခံရတာဆို”။ “လေထီး တပ်သားကြီးကို ကန်ဖူးတယ် ရှိအောင် ဆိုပြီး စစ်စုံထောက်တွေက ကန်လို့ နံရိုး ကျိုးဖူးတယ်ဆို” စသည်ဖြင့် သူတို့က ဝင်မေးကြတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဘကလည်း ကြွားဝါတဲ့ လေသံ၊ အာဃာတ ပါတဲ့ လေသံ မပါဘဲ ပုံမှန်ပဲ ပြန်ပြောလေ့ ရှိပါတယ်။
လူငယ် နိုင်ငံရေးသမား တွေကို ထောင်ချရင် ထောင်ထဲမှာ ဦးအုန်းမောင်တို့လို နိုင်ငံရေး သမားကြီးတွေနဲ့ အတူထားလေ့ မရှိတာဟာ အဲသလို လူငယ်တွေနဲ့ တွေ့ဆုံ မေးမြန်းရင်း နိုင်ငံရေးအမြင်၊ သမိုင်းအမြင်တွေ ရင့်ကျက် မြှင့်တက် ကုန်ကြလို့ပါပဲ။ လူကြီးတွေကလည်း လူငယ် မျိုးဆက်သစ်တွေကြောင့် အားသစ် လာကြပါတယ်။ ဦးအုန်းမောင်တို့ ကိုယ်တိုင်က လူကြီး လူငယ် မခွဲခြားဘဲ အပြန်အလှန် လေးစားသမှုနဲ့ ဘဝအသိ ဘဝအားမာန်တွေ ဖလှယ်ကြပါတယ်။ ထောင်ကို ဘဝ တက္ကသိုလ် ဖြစ်စေ ခဲ့ကြပါတယ်။
အဘ ဦးအုန်းမောင်ဟာ အသက် ၈၂ နှစ် အရွယ် ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာ ၂၈ မှာ ကွယ်လွန်တယ်။ ဦးအုန်မောင်ရဲ့ အိမ်ကိုလည်း ရောက်ပါတယ်။ ဈာပနလည်း လိုက်ပို့ပါတယ်။ လိုက်ပို့ကြတဲ့ လူထုဟာလည်း မနည်းပါဘူး။ အဘ ဦးအုန်းမြင့် (သခင်အုန်းမြင့်) နဲ့ သခင်အိုကြီးတွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဘကောင်းနဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်တွေ၊ စာရေး ဆရာတွေ၊ သတင်း စာဆရာတွေ လာရောက် ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာမ ဒေါ်ခင်ဆွေဦး တို့ကိုလည်း တွေ့လိုက်ရ ပါတယ်။
ဈာပန အပြီးမှာ လေထီး ဦးအုန်းမောင် အမှတ်တရ စာတမ်းများကို စာအုပ်ထုတ်ဖို့ စာမူတွေ စုဆောင်း ကြပါတယ်။ အဘ ဦးအုန်းမောင်ရဲ့ ဇနီး (မမမြင့်) နဲ့ သမီးကပါ ကျနော်တို့ အမှတ်တရ စာအုပ် တည်းဖြတ် ထုတ်ဝေရေးမှာ ပါဝင် ကူညီဖို့ သဘောတူ ထားပါတယ်။ ဆရာ တိုက်စိုး၊ အဘ ဦးအုန်းမြင့်၊ အဘ သခင် သိမ်းမောင် (ဝါးခယ်မ)၊ ဒဂုန်တာရာ စတဲ့ ဆရာကြီးများကို ကြီးကြပ်ဖို့ မေတ္တာရပ်ခံပြီး “စာအုပ်ဈေး” စာအုပ်တိုက် ပိုင်ရှင် ဦးမော်လင်းကို ထုတ်ဝေရေး တာဝန် ယူပေးဖို့ အပ်ပါတယ်။ ဆက်လက်ပြီး လေထီး ဦးအုန်းမောင် ကိုယ်တိုင် ရေးခဲ့တဲ့ စာတွေကို စုပေါင်း ထုတ်ဝေဖို့လည်း ဆုံးဖြတ် ထားကြပါတယ်။
ကျနော်က ဒီစာအုပ်ကို သမိုင်း စာအုပ် အဖြစ်နဲ့ မြန်မာနိုင်ငံ သမိုင်း သုတေသန အဖွဲ့ (ဗိုလ်ချုပ် နေဝင်းရဲ့ ဇနီး ညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီမြင့်ထံ တင်ပေးဖို့ကို တာဝန် ယူဖူးထားရ ပါတယ်။ အဲဒီ အဖွဲ့မှာက အဘ ဦးအုန်းမောင်ရဲ့ ငယ်သူငယ်ချင်း ဦသန်းထွတ် (ဆရာ တိုက်စိုး) လည်း အမှုထမ်း နေလေရဲ့ ဆိုတာကို အများ သိကြတော့ သမ္မတကြီး မန်းဝင်းမောင်ရဲ့ လက်ထက်မှာ လေထီးသင်တန်း တက်ဖက် ရဲဘော် ကာနယ် ချစ်ကောင်း ထောင်ချ ကြိုးပေး ပြစ်ဒဏ် ခံရပုံကို သွားပြီး သတိရ ကြပါတယ်။
ဦးအုန်းမောင် စာအုပ်ကို ဦးသန်းထွတ်တို့က ဖတ်ရှု တည်းဖြတ် ကြရမှာပါ။ ဒါပေမဲ့ ဦးသန်းထွတ်မှာ ထုတ်ဝေခွင့် ပေးနိုင်တဲ့ အာဏာ လုံးဝ မရှိရှာတော့တာကို သူငယ်ချင်း ဦးအုန်းမောင် နားလည်း ထားပြီးသားပါ။ ခုလို ဒေါ်နီနီမြင့်တို့ လက်ထဲ သူ့စာမူ အပ်ရတာကိုလည်း မနှစ်မြို့ ရှာပါဘူး။ သူ မသေဆုံးခင် ထုတ်ဝေခွင့် ရမယ်လို့လည်း မမျှော်လင့် ခဲ့ပါဘူး။ ဒေါ်နီနီမြင့် ကတော့ ထုတ်ဝေခွင့် (ချပေးခဲ့) ထောက်ခံ ပေးခဲ့သတဲ့၊ စာပေ စိစစ်ရေး စစ်ထောက်လှမ်းသမား တွေက ထုတ်ခွင့် မပေးခဲ့ပါဘူး။ (ဒီ ကိစ္စက ဦးအုန်းမောင် မကွယ်လွန်မီ ကတည်းက ကြုံခဲ့တာပါ)ထူးဆန်းတဲ့ ကံကြမ္မာကို သတိရလို့ ဆက်ပြောလိုက်ချင် ပါတယ်။
ဆရာ တိုက်စိုးနဲ့ အဘ လေထီး ဦးအုန်းမောင်တို့ဟာ မူလတန်းမှာ ကတည်းက သက်တူရွယ်တူ ရုပ်ချင်းတူ သူငယ်ချင်းတွေ ဖြစ်ကြောင်း၊ ကြီးတော့လည်း “သန်းထွတ်” “အုန်းမောင်” လို့ ငယ်ငယ်ကလိုပဲ ခေါ်ကြပြီး အမြဲမပြတ် တွေ့ဆုံလေ့ ရှိခဲ့ကြကြောင်း အသိုင်းအဝန်းကြီး တခုလုံးက သိထားကြပါတယ်။ စစ်စုံထောက်တွေလည်း သိထားကြတာ ပါပဲ။ဆန်းတာက သူတို့ နှစ်ဦးစလုံးဟာ အသက် ၈၂ နှစ် အရွယ်မှာ ကင်ဆာ ရောဂါနဲ့ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် သွားကြတဲ့ အချက်ပါပဲ။ နှစ်ဦး စလုံးဟာ လည်ပင်း ညာဘက် အခြေမှာ ကင်ဆာ အကြိတ်နှစ်လုံး ပေါ်လာပြီး ဒီအနာနဲ့ပဲ ကွယ်လွန် သွားကြ ရှာပါတယ်။ ငယ်သူငယ်ချင်း နှစ်ယောက် နောင်ဘဝမှာ လွတ်လွတ်လပ်လပ် ရာသက်ပန် ချစ်ခင် လက်တွဲသွားခွင့် ကြုံရပါစေသော်ဝ်လို့ ကျနော်တို့ ဆုတောင်း လိုက်ကြပါစို့။
"လေးစား စံထားတဲ့ လေထီး ဦးအုန်းမောင်" ရုပ်ပုံလွှာ အဖွဲ့- ဆရာ မောင်စွမ်းရည် / မိုးမခ ကွန်ရက်

Friday, March 3, 2023

ကညွှတ်ကွင်းအိမ်ပြေး ၅၆

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၆)

ကားက ဂိတ်တိုင်းရပ်သလို ဖြည်းဖြည်းလည်းမောင်းသည်။ မှော်ဘီဘက်သို့ ပိုနီးလာပြီ။ ထောက်ပို့တပ်ရှေ့ ကားဂိတ်ရောက်တော့ ကျွန်တော်တို့ဆင်းကြပါသည်။ ရင်ထဲလည်း အလုံးကြီးတလုံးကျသွာသလို ခံစားရသည်။ ထောက်ပို့တပ်နှင့် ကားလမ်းဟိုဘက် ရှေ့တည့်တည့်တွင် ရွာလေးတရွာရှိပါသည်။ ရွာဆိုသော်လည်း အိမ်ဆယ့်လေးငါးဆယ်လုံးခန့် တန်းစီဆောက်ထားသည့် ရွာတန်းရှည်။ ရွာ့နောက်ဘက်နှင့် ဘေးဘက်တို့တွင် လယ်ကွင်းများဖြစ်ကြပြီး တပ်ပိုင် တပ်ပိုင်ဟု ဆိုင်းဘုတ်တွေထောင်ထားပါသည်။  

 

ထိုရွာကလေးထဲမှဖြတ်ပြီး လယ်ကွင်းတွေကြားထဲဖောက်ထားသည့် တာလမ်းလေးအတိုင်း ကျွန်တော်တို့ လျှောက်လာကြသည်။ စပါးတွေမှည့်နေတာကို သတိထားမိပါသည်။ ခုချိန်ဆို အမေခတို့ဆီက စပါးတွေလည်း မှည့်လောက်ပြီ။ ကျွန်တော် သွားကြည့်ခဲ့သည် မျက်စေ့တဆုံးလယ်ကွင်းတွေကို သတိရမိပါသည်။ ကြွက်က လယ်သိမ်းချိန်ကျမှ ပိုပေါတာကွ၊ အဲ့အချိန်ကျ ဘိပါထောင်ရတယ်ဟု အဖေဦးဖိုးထောင်ပြောတာကို နားထဲကြားမိပါသည်။ ဘိဘယ်လိုထောင်ရသည်ကို သူပြထားသဖြင့်သိနေသည်။ ကြွက်ကို လည်ညှပ်နှင့်ပဲထောင်ထောင်၊ ဘိနှင့်ပဲထောင်ထောင်၊ မှိန်းနဲ့ပဲထိုးထိုး ကြွက်ကတော့ သေချည်သည်းပင်။ သို့သော် ကျွန်တော်က ဘိ ပိပြီး သေသည့်ကြွက်က ဝေဒနာပိုခံစားရမည်ထင်ပြီး စိတ်ထဲမကောင်း။  ခုချိန်ဆို အမေခ ဘာလုပ်နေမှာပါလိမ့်။ ကညွှတ်ကွင်းထဲမှာ ဈေးလည်ရောင်းနေမည်လား။ တဲပြန်ရောက်ပြီး မီးဖိုချောင်ထဲရောက်နေမလား။ အဖေတော့ ကွန်ပဲ မဲထိုးနေမည်ထင်သည်။

 

တာလမ်းလေးပေါ် ဆယ့်ငါးမိနစ်ခန့်လျှောက်မိတော့ နောက်ထပ်ရွာလေးတရွာ ရောက်ပါသည်။ ရွာဆိုသော်လည်း တဲလေးဆယ်လုံးခန့် စုစုလေးတည်ထားတာဖြစ်သည်။ အားလုံး တဲသေးသေးတွေဖြစ်သည်။ ထိုတဲစုလေးလွန်တော့ လယ်ကွင်းစပ်ရောက်လာသည်။ လယ်ကွင်းစပ်က မြေမို့မို့လေးပေါ်တွင် တဲလေးတတဲတည်း ထီးတည်း။ တဲလေးက ဓနိမိုးထရံကာ။ ကြမ်းက လူကြီးရင်စို့ခန့်မြင့်သည်။ ဝါးလှေကားလေးတပ်ထားသည်။ မျက်နှာစာကို ဝါးကပ်အကျဲ ကာထားသဖြင့် အတွင်းကို မြင်နေရသည်။ အတွင်းတွင် ဝါးထရံတချပ်ခြားပြီး ကာထားသည်။ အခန်းဖွဲ့ထားတာ ဖြစ်မည်။  ထရံတွင် ပုဆိုးတထည် လှန်းထားသည်။ ရုပ်ရှင်မင်းသား မင်းသမီးပုံတွေနှင့် ဆေးကြော်ငြာတွေ ကပ်ထားသည်။ ကွာကျသည့်ဟာက ကွာကျနေသည်။ ခေါင်းရင်းတွင် ဘုရားစင်ရှိပြီး ဘုရားစင်ပေါ်တွင် ဗုဒ္ဓပုံတော် ပန်းချီကားသေးသေးလေးတခုမှလွဲ၍ ဘာမှမမရှိ။ အိမ်ရှေ့ခန်းဟုဆိုရမည့်နေရာတွင် ဖျာကြမ်းခင်းကာ လုံးထွေးထားသည့် စောင်တထည်၊ ချေးညှော်အထပ်ထပ်နှင့် အစွပ်မပါသည့်ခေါင်းအုံးတလုံး၊ လိပ်တင်ထားသည့် ခြင်ထောင်တခုကို တွေ့ရသည်။ ထုတ်တန်းမှ ကလေးပုခက်တလုံးလည်း တန်းလန်းကျနေသည်။ အားလုံးက ဖရိုဖရဲ။ တဲလေးက တကယ့်ကို သေးသေးလေး။ အထဲတွင် ဘယ်သူမှမရှိ။ ကျွန်တော့်ကို ဆရာဝဏ္ဏက အဲ့ဒါ ငါ့အိမ်ပဲဟု ပြောတော့ ကျွန်တော်မယုံနိုင်။ ရှူးဖိနပ်နှင့် ဘောင်းဘီရှည်နှင့် အပေါ်အောက်ဝတ်စုံအဖြူနှင့် သားသားနားနား ဝတ်ထားသူသည် ဘယ်လိုမှ သည်တဲလေးနှင့် မလိုက်။ ဆရာက ငတင့်ရေ ရွာထဲသွားပြီး မင်းအမကိုရှာစမ်းဟု ပြောတော့ ငတင့်က ဘင်ကြီးချကာ ရွာထဲဘက်ပြန်ပြေးသွားသည်။

 

ကျွန်တော်က တဲဝန်းကျင်ကိုလိုက်ကြည့်မိပါသည်။ ခြံစည်းရိုးမရှိ။ တနေရာတွင် စဉ့်အိုးတလုံးချထားပြီး စဉ့်အင်တုံ ၂ လုံးချထားသည်။ စဉ့်အိုးထဲတွင် ရေခပ်ချိုးရန် ဖလားတလုံးကပေါလော။ အင်တုံတခုထဲတွင် ထမိန်နှင့်ဘော်လီ ဘယာစီယာတွေ ရေစိမ်ထားပြီး၊ အခြားတလုံးတွင် ပုဆိုးနှင့် အတွင်းခံဘောင်းဘီတွေ ရေစိုစိုနှင့်ထည့်ထားတာ တွေ့ရသည်။ မြေကြီးပေါတွင် ကျောက်ပြားချပ်ခင်းထားသည်။ အဖုံးမရှိသည့်ဆပ်ပြာခွက်ထဲက ဆပ်ပြာတုံးကို မြင်ရသည်။ နောက်တနေရာတွင် သုံးတောင်ခန့်မြင့်သည့် ၄ ပေ၊ ၆ ပေခန့် အုတ်ကန်တခုတွေ့သည်။ အုတ်ကန်ပေါ်တွင် ဝါးကပ်များခင်းထားပြီး ကျောက်တုံးတွေဖိထားသည်။ အထဲကိုချောင်းကြည့်တော့ အုတ်ကန်ထဲတွင် ဘာမှမရှိ။ တန်တော့ ဒါ ငတင့်ပြောသည် မြွေကြီးထည့်သည့်အုတ်ကန်ဖြစ်မည်။

 

ခဏနေတော့ ငတင့်နှင့်အတူ ကလေးခါးထစ်ခွင်ချီထားသည့် အသက်အစိတ်ခန့်အမျိုးသမီးတယောက်နှင့် ပြန်ရောက်လာသည်။ ဟော..အကိုဟုပြောကာ တဲပေါ်တက်သွားသည်။ ဆရာဝဏ္ဏက မိန်းမရေ တို့ဆာလာတယ်ကွ ဘာမှ မစားကြရသေးဘူးဟုပြောကာ ပိုက်ဆံထုတ်ပေးသည်။ ခဏနော်အကို ဟင်းစားသွားဝယ်လိုက်ဦးမယ်၊ အိမ်မှာ ငပိတို့စရာပဲရှိတယ်ဟုပြောကာ အတွင်းထရံကာထားသည့်အထဲ ဝင်သွားသည်။ ပြန်ထွက်လာတော့ ကျွန်တော့်ကို ကြည့်သည်။ ဆရာက မျိုးမြင့်လို့ခေါ်တယ်၊ ငါနဲ့လမ်းမှာတွေ့တာနဲ့ ခေါ်လာတာဟုပြောတော့ ဪတလုံးသာ ပြောသည်။ 

 

ကျွန်တော်လည်း အနီးကပ်မို့ သူ့ကိုကြည့်ဖြစ်ပါသည်။ ရုပ်မှာ ရွက်ကြမ်းရေကျို၊ အသားညိုညို၊ နားပေါက်တွင် ကြိုးမဲမဲလေးတွေ ဖောက်ချည်ထားပြီး လည်ပင်းတွင်လည်း လက်ဖွဲ့ဟုထင်ရသည့် အဝတ်အိတ်သေးသေးလေး ဆွဲထားသည်။ ဘယ်ဘက်လက်ကောက်ဝတ်တွင်လည်း ပရိတ်ကြိုးလိုကြိုးလေးတွေ ဝတ်ထားသည်။ ထမိန်မှာ အကွက်မပေါ်ချင်တော့၊ အင်္ကျီကလည်း ဖို့ရို့ဖားယား ယောက်ျားဝတ်ရှပ်အင်္ကျီ ညစ်ထေးထေး။ ဖိနပ်ကလည်း ယောက်ျားစီး ရာဘာဖိနပ်။ ကျွန်တော် သူ့ကြည့်ပြီး ဒါဆရာဝဏ္ဏမိန်းမဟုပြောတာ မယုံသလိုဖြစ်နေပါသည်။

 

သူထွက်သွားတော့ ငတင့်က ဘင်ကြီးကို တဲအောက်သွင်းသည်။ မြွေသေတ္တာကို ခုနပြောသည့် အုတ်ကန်ဆီ ယူသွားသည်။ ဆရာက ရှူးဖိနပ်တွေ ခြေအိတ်တွေချွတ်ကာ တဲထောင့်တွင် ကျကျနနထောင်သည်။ ပြီးတော့ ထရံတွင်လွှားထားသည့်ပုဆိုးနှင့် ဘောင်းဘီလဲသည်။ ထို့နောက်အတွင်းထဲဝင်ကာ အင်္ကျီလဲသည်။ ဆရာ့ပုံ ချက်ခြင်း ပြောင်းသွားသည်။ ကျွန်တော့်အား မင်းမှာ အဝတ်ပိုမပါတော့ ဒါနဲ့ပဲ ခဏနေဦး။ လောလောဆယ်တော့ ငတင့်ဟာတွေ ယူဝတ်၊ နောက်တော့ မင်းအမလိုတာဝယ်ပေးလိမ့်မယ်ဟုပြောပြီး ကြမ်းပေါ်လှဲချကာ ကျောဆန့်ပါသည်။ ငတင့်လည်း တဲပေါ်တက်လာပါသည်။ တဲထဲတွင် အနံ့တမျိုးရှိသည်ဟုကျွန်တော်ထင်သည်။ ကြမ်းတွေက ပြောင်ချောနေသော်လည်း ကြမ်းကြားမှလေတိုးကာ အောက်ကိုမြင်နေရသည်။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၅၅

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၅)

ထိုညက ကျွန်တော် တော်တော်နှင့်မအိပ်ပါ။ ငတင့်ကတော့ ဘာ အပူအပန်မှမရှိ တရှူးရှူးနှင့် အိပ်မောကျနေသည်။ ကျွန်တော်မအိပ်မှန်းသိသဖြင့် ဆရာဝဏ္ဏ မင်းဘာမှ ဒီလောက်ကြီးစိတ်ပူမနေနဲ့ မင်း ငါနဲ့လိုက်မယ်ဆိုလည်း ငါခေါ်သွားမယ်။ ငတင့်လည်းရှိနေတာပဲဟု အားပေးပါသည်။ မနက်မိုးလင်းတော့ ဆီထမင်းနှင့်ငါးကြော်စားရပါသည်။ ဆရာဝဏ္ဏက ဘဘကြီးကို ဆရာကျွန်တော်တို့ ကျွန်းကလေးမှာ တပွဲခင်းမယ်။ ပြီးရင် အိမ်ပြန်မယ်။ နောက်တကြောက မှော်ဘီကနေ ပြည်ဘက်အထိ တက်မယ်စိတ်ကူးတာပဲဟုပြောပါသည်။

 

မှော်ဘီဆိုမှ ကျွန်တော် စိတ်ပူသွားပြန်သည် မှော်ဘီတွင် ဆရာကြီးဦးကျော်တင့်တို့ မိသားစုရှိသည်။ သူတို့က မိသားစုလိုက်ပါရင်းနှီးကြသူတွေ။  သူ့မိသားစုတွေက ကျွန်တော့်ကို မမှတ်မိဦးတောင် ဆရာဦးကျော်တင့်က ကျွန်တော့်ကို မှတ်မိနိုင်သည်။ ဆရာဦးကျော်တင့်တိုက ချမ်းသာသည်။ ပြီးတော့ပညာတတ်မိသားစုတွေ။ လမ်းဘေးမျက်လှည့်ပွဲတော့ မကြည့်လောက်ဟုတွေးမိတော့ စိတ်နည်းနည်းသက်သာသွားပါသည်။

 

သည်လိုနှင့် ကျွန်းကလေးသို့ရောက်လာကြပြီး ကျွန်းကလေး-လှည်းကူး ဆိုက္ကားဂိတ်နားတွင်တပွဲပြသည်။ ဆိုက္ကားဆရာတွေက မျက်လှည့်ပွဲကိုစိတ်မဝင်စားကြ။ ဂိတ်ထိုးထားသည့် သူတို့ဆိုက္ကားတွေပေါ်၌သာ ထိုင်နေကြသည်။ ကျွန်တော်က ဘင်ထုပြီး လူစုရသည်။ ငတင့်က စည်းသားတာတွေဘာတွေလုပ်သည်။ ကျွန်တော် ဘင်သာ ထုနေသော်လည်း စိတ်ကသိတ်မဖြောင့်။ 

 

အမေတခါ ပြောဖူးသည် ဘွက်ကြီးက ဒေါ်အမာဘီ့သားမက်ဆိုတာ ကျွန်းကလေးသား။ ဘွက်ကြီးသူနှင့် အိမ်ထောင် ကျသော်လည်း လယ်မလုပ်တတ်။ ကျွန်းကလေး-လှည်းကူးဆိုက္ကားနင်းသည်။ ထိုသူ့ကို ကျွန်တော်သိသည်။ မှတ်လည်းမှတ်မိပါသည်။ ခုဆိုက္ကားဂိတ်မှာ သူရှိသလားမပြောတတ်။ ကျွန်တော် ဘင်ထုနေတာက ဆိုက္ကားဂိတ်နှင့် ဘေးတစောင်း။ ထို့ကြောင့် နောက်ကျောပေးမိအောင် အနေအထားကိုပြောင်းသည်။ ငတင့်က ဟေ့ကောင် ဘေးတိုက်ကြီး ဖြစ်နေတယ်။ တည့်တည့် ထု။၊ ဆရာဝဏ္ဏတွေ့ရင် ဆူလိမ့်မယ်ဟုပြောသဖြင့် ဘင်ကိုပြန်တည့် လိုက်သည်။ သို့သော် မျက်နှာလွှဲပြီးထုသည်။

 

တော်သေးသည် ပွဲပြီးသည်အထိ ဘယ်အသိနှင့်မှမတိုး။ လူလည်း ဒီလောက်မဝင်။ ဆရာဝဏ္ဏလည်း ရုပ်ပွားတော်တွေ မြန်မြန်ရောင်းကာ ခါတိုင်းလို အချိန်သိတ်မဆွဲမှ ပွဲမြန်မြန်သိမ်းလိုက်သည်။ တွက်ချေလည်းသိတ်ကိုက်ပုံမရ။ ပွဲပြီးတော့ ကျွန်းကလေးမှ ထောက်ကြန့်သို့ ကားစီးပြီးလာခဲ့ကြသည်။ ကားပေါ်တွင် အသိတယောက်မှမပါ။ ချောင်းသစ်ရောက်တော့ ကားရပ်သည်။ ချောင်းသစ်သည် ကျွန်းကလေးနှင့် ထောက်ကြန့် အလည်တည့်တည့် လောက်တွင်ရှိသည်ဟု ထင်ပါသည်။ ချောင်းသစ်ကနေ ငါးမျှားတံတွေနှင့် ကိုကြည်တက်လာသည်။ ကိုကြည့်တော့ ကျွန်တော် ဂရုမစိုက်။ သူက အိမ်ကလူတွေနှင့်မသိ။ သိစရာအကြောင်းလည်းမရှိ။ သူ နေတာက  ဂျိုးဖြူပိုက်လုံးဘေး။ လူက ဂလေ။ မိသားစုရှိသော်လည်း ထင်သလိုနေတတ်သူ။ လုပ်တာက ကြုံရာကျပန်း။ တခါတလေ ဘုရားပွဲတွေ လိုက်ပြီး ဂလုံးဂလွမ်းဟုခေါ်သည် ခြောက်ကောင်ဂျင် သမား။ တခါတလေ ရဟတ်လှည့်သူ။ တခါတလေ မှောဘီကားဂိတ်မှာ ဆေးလိပ်ကွမ်းယာဗန်းနှင့် ဈေးရောင်းသူ။ ခင်စရာတော့ အတော်ကောင်းသည်။ ပျော်ပျော်နေတတ်သည်။ ကျွန်တော့်အကိုကြီးနှင့် ရွယ်တူလောက်။

 

ငါးမျှားရာသီရောက်လျှင်တော့ အလုပ်တွေအားလုံးပစ်ထားပြီး ချောင်းသစ်တို့ ဘာလားချောင်းတို့တွင် တနေကုန် တနေခမ်း ငါးမျှားတတ်သူ။ သူက ငါဆွဲသည့်နေရာတွေသိသလို ဘယ်အချိန်ဆို ဘာငါးအဟပ်များသည် ဘာအစာနှင့်ပိုဆွဲသည်တို့ကိုလည်းသိသည့် ငကျွမ်းကြီး။ ကျွန်တော့်ကိုတော့ ဘုမသိဘမသိနှင့် ချစ်သည်။ ကျွန်တော်လည်း ငါးမျှားဝါသနာပါသူမဟုတ်လား။ လှော်ကားကန်ထဲကိုထွေးမောင်နှင့်ငါးမျှားလိုက်သလို ချောင်းသစ်တို့ ဘားလားတို့တွင်လည်း ကိုကြည်နှင့် ငါးအကြိမ်ကြိမ်မျှားဖူးသည်။ ကျွန်တော်အတွင်းထဲမှာ ထိုင်နေတာတွေ့တော့ ဟာ..ဟေ့ကောင် ဘယ်ဘပြန်လာတာလဲဟုမေးပါသည်။ လှည်းကူးကပြောပြီး စကားဖြတ်လိုက်သည်။ သူက မရ ငါးပြေမတွေအဆွဲကြမ်းတယ်ကွ၊ ကိုသိုက်တို့အင်းနားမှာဟုပြောသည်။ ဟုတ်ကဲ့ ကိုကြည် နောက်နေ့မှလိုက်မည်ဟု ခတ်တည်တည်နှင့်ပြောတော့ ရှေ့တည့်တည့်မှထိုင်နေသည့် ဆရာဝဏ္ဏက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်သည်။ စကားမပြောနဲ့ဆိုသည့်သဘော။ ကျွန်တော်လည်း မျက်နှာလွှဲလိုက်ပြီး ကားအပြင်သို့ကြည့်ကာ လိုက်လာပါသည်။

 

သည်လိုနှင့် ကားကလေးက ထောက်ကြန့်နား နီးနီးလာသည်။ ကျွန်တော့စိုးရိမ်စိတ်တွေ ကြီးကြီးလာသည်။ ရင်တွေပန်းတွေ တုန်တုန်လာသည်။ ကားဂိတ်တွင် အသိတွေနှင့်တိုးနိုင်သည်။ ကျွန်တော်နှင့် အာရဗီကျောင်းတက်ဖက်သူငယ်ချင်းတချို့က ကားဂိတ်တွင် ခပေါင်းဒူးယားစီးကရက်နှင့် စမူဆာဘယာကြော်ရောင်းတာရှိသည်။ သူတို့တွေ့သွားလျှင် အနည်းဆုံး သူတို့မိဘတွေတော့ပြန်ပြောလိမ့်မည်။ ပြောချင်မှလည်း ပြောလိမ့်မည်။ ကျွန်တော့်ကိုလည်း တွေ့ချင်မှတွေ့လိမ့်မည်။ သို့သော်ပြောလို့မရ။ ကျွန်တော် အိန္ဒြေပျက်နေတာကို ဆရာဝဏ္ဏရိပ်မိပါသည်။ မောင်မျိုး အေးဆေးနေဟု ပြောသည်။  ငတင့်ကတော့ ပီကေအဝါးမပျက်။

 

သို့နှင့် ထောက်ကြန့်ကားဂိတ်ရောက်ပြီး ကားရပ်သည်။ ခရီးသည်အကုန်ဆင်းကြသည်။ ကျွန်တော်က နောက်ဆုံးမှဆင်းသည်။ မဆင်းခင် ကားအပြင်ဘက်ကို လိုက်ကြည့်သည်။ ဘယ်အသိတယောက်မှမတွေ့။ ဈေးရောင်းသူတွေလည်း ကျွန်တော်တို့ကိုစိတ်မဝင်စား။ ခေါင်းကိုငုံ့ကာဆရာဝဏ္ဏနောက် သွက်သွက်လိုက်လာသည်။ လမ်းမှာထဲက ငတင့်ကို ဘင်ကြီး မင်းဆွဲနော်ဟုပြောထားသဖြင့် ကျွန်တော်က မြွေသေတ္တာကြီးကို မနိုင်မနင်းမရသည်။ ဘင်ကြီးနဲ့ဆိုလျှင် လူပိုသတိထားမိမှာကို စိုးရပါသည်။ ထို့နောက် လမ်းဆုံကိုကျော်က ထောက်ကြန့်-မှော်ဘီကားဂိတ်သို့ရောက်လာသည်။ ကားဂိတ်တွေအသိတွေနှင့်တိုးနိုင်သည်။ အိမ်နှင့်ကလည်း နီးနီးလေး။ မတော်အိမ်ကလူတွေနှင့်တိုးမိလျှင်၊ မတော် အိမ်ကအသိတွေနှင့်တိုးမိလျှင်ဆိုပြီး စိတ်တွေတော်တော်ကြီးပူနေသည်။ ကားဂိတ်ရောက်တော့ ကားက ထွက်တော့မည့်ဆဲဆဲမို့ ကားပေါ်တန်းတက်ရသည်။ ကားပေါ်တွင်ရော ကားအောက်တွင်ပါ အသိတွေမတွေ့ရ။ တော်သေးသည်ဟုတွေးမိသော်လည်း ခေါင်းတော့မဖော်ရဲ။ ငတင့်ကိုကွယ်ကာ ဟိုကြည့်သည်ကြည့်တော့ ကြည့်မိသည်။

ကညွှတ်ကွင်း အိမ်ပြေး ၅၄

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၅၄)

ပွဲပြီးလို့ တည်းအိမ်သို့ပြန်ရောက်တော့ ဘဘကြီးနှင့် ဆရာဝဏ္ဏ တိုးတိုး တိုးတိုး စကားပြောကြသည်။ ကျွန်တော့်အကြောင်းပြောနေတာဟု ကျွန်တော်ထင်သည်။ ညနေထမင်းဝိုင်းတွင် ဘဘကြီးက ကလေး မင်းမိဘတွေက ဘာလုပ်ကြသလဲကွဲ့ဟု မေးပါသည်။ ဘဘကြီး၏ ကလေးဟုခေါ်သံမှာ ဘာမှသိတ်မထူးခြားပါ။ အဖေဦးဖိုးထောင်၏ လူလေးခေါ်ပုံနှင့် အတော့်ကိုကွာပါသည်။ အဖေဦးဖိုးထောင်၏ လူလေးခေါ်သံမှာ နားထောင်လို့အလွန်ကောင်းပြီး အရသာလည်းရှိပါသည်။ 

 

ကျွန်တော်က ဘဘကြီးအမေးကို အမေခတို့ကို ပြောထားသလို၊ ဆရာဝဏ္ဏကိုပြောထားသလိုပဲ ပြောသည်။ မင်းမိဘတွေက ရဲစခန်းမှာတိုင်မယ်လို့ မင်းထင်လားဟုမေးတော့မှ ညနေက ဘဘကြီးနှင့်ဆရာဝဏ္ဏတို့ ပြောနေသည်မှာ ကျွန်တော့်အကြောင်းဖြစ်မည်မှန်း သေချာသွား၏။ မပြောတတ်ဘူး ဘဘကြီးဟု မရေမရာပြန်ဖြေ၏။ ကျွန်တော့်စိတ်ထဲတွင်တော့ ခုလောက်ရှိ တိုင်လောက်ပြီဟုထင်သည်။ မင်းအိမ် မင်းပြန်ပါလားဟု ဘဘကြီးက ဆက်ပြောသည်။ မပြန်ချင်ဘူး ဘဘကြီး၊ ကျွန်တော် မျက်လှည့်လည်းတတ်ချင်တယ် ဆရာဝဏ္ဏနဲ့ပဲ နေချင်တယ်ဟုပြောတော့ ဘဘကြီးက မင်းနေတာကနေလို့ရပါတယ်၊ ဝဏ္ဏဆီမှမဟုတ်ဘူး ငါ့ဆီနေလည်းရတယ်၊ ဒါပေမယ့် မင်းအိမ်ကရဲစခန်းတိုင်ထားရင်တော့ နေလို့မရဘူး၊ ဘဘကြီးတို့ လက်မခံဘူးဟုပြောပါသည်။ ကျွန်တော် တော်တော် စိတ်ညစ်သွားပါသည်။ ဘာပြန်ပြောရမှန်းလည်း မသိပါ။

 

ကျွန်တော်တွေးမိတာ တခုတော့ရှိသည်။ တကယ်လို့အိမ်က ရဲစခန်းတိုင်ထားသည်ဆိုလျှင် သတင်းစာထဲလည်း ကြော်ငြာထည့်လောက်သည်။ ကြော်ငြာထည့်မထည့်ကို ကျွန်တော်လည်း သေချာမသိ။ အမေခတို့အိမ်ကလည်း သတင်းစာဟောင်းတွေသာ ဆေးလိပ် လိပ်သောက်သော်လည်း သတင်းစာမဖတ်။  ခု ဘဘကြီးတို့အိမ်ကတော့ ဖတ်လောက်သည်ထင်ပြီး ဘဘကြီးတို့အိမ်မှာ သတင်းစာရှိလားဟုမေးတော့ မရှိဘူးကွ ငါတို့ကသတင်းစာမယူဘူး ဟုပြောပြီး ဘာလုပ်မလို့လဲဟုမေးရာ ကျွန်တော်က လူပျောက်ကြော်ငြာထည့်မထည့် သိချင်လို့ပါဆိုတော့ သူတို့ အားလုံးကျွန်တော့်ကို အထူးအဆန်းသတ္တဝါလိုကြည့်နေကြသည်။ အမေခတို့ဆီနေတုန်းက သတင်းစာဟောင်း တွေထဲက ကာတွန်းတွေကိုဖတ်တုန်းကလည်း အမေခတို့ သည်လိုပဲ အံ့ဩတကြီးဖြစ်ဖူးသည်။ 

 

ကျွန်တော်တို့အိမ်မှာက ကြေးမုံသတင်းစာရော ဗိုလ်တထောင်သတင်းစာပါ ၂ စောင်လုံးယူသည်။ မနက် ၈ နာရီလောက် သတင်းစာလာပို့လျှင် မောင်နှမတွေ အလုအယက်။ အမေက သတင်းစာကို တခါတလေလှန်လှောကြည့်သည်မှလွဲ၍၊ နာရေးကြော်ငြာတွင် ဆွေမျိုးတွေ အသိမိတ်ဆွေတွေ ပါသည့်အခါကြည့်သည်မှလွဲ၍ သိတ်စိတ်မဝင်စား။ အကိုကြီး အမကြီးတွေက သတင်းစာတွေကို စေ့စေ့စပ်စပ်ဖတ်သည်။ အကိုကြီးကသတင်းစာထဲက နိုင်ငံခြားသတင်းတွေကို ဖတ်ရုံမက နိုင်ငံတကာရေးရာဂျာနယ်ကိုပါယူသည်။  ကျွန်တော်က သတင်းစာထဲက ကာတွန်းတွေကို သဘောကျသည်။

 

တကယ်လို့ အိမ်ကလူပျောက်တိုင်ထားသည်ဆိုလျှင် ကျနော် ဆရာဝဏ္ဏဆီမှာနေလို့မရတော့။ ပိုဆိုးသည်က ဦးစိန်ဝင်းသိသွားခြင်းပင်။ ဦးစိန်ဝင်းကနေမည်မဟုတ် မျက်လှည့်ဝိုင်းအမည်နှင့်ပါ အမေ့ကိုပြောနိုင်သည်။ ထိုအခါ အမေက ရဲစခန်းသွားပြောမည်။ ရဲကသိလျှင် လိုက်လာပြီးကျွန်တော့်ကို ဖမ်းကာအိမ်ပြန်အပ်မည်။ အိမ်ပြန်ရောက်လျှင် အိမ်ပြန်ရောက်လျှင်....ကျွန်တော်ဆက်မတွေးချင်တော့။ ဒါနှင့် ဘဘကြီး ကျွန်တော့်ကိုခေါ်ထားပါလား၊ ကျွန်တော် ဘဘကြီးတို့ဆီနေမယ်လေဟု အားကိုးတကြီးပြောမိသည်။ ဘယ်ဖြစ်မလဲကွ၊ မင်းမိဘတွေက ရဲတိုင်ထားရင် ခက်မယ်၊ နောက်ပြီး ငါက လူလည်းမလိုဘူးကွဟုပြောပါသည်။

 

ဤတွင် ကျွန်တော် အမေခတို့ကို ဆရာဝဏ္ဏတို့နှင့် ဘဘကြီးတို့နှင့် နှိုင်းကြည့်မိသည်။ အမေခက ကျွန်တော့်ကို ခေါ်သွားသည်မှာ သူတို့တွင် လူလိုနေလို့မဟုတ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း ဘာမှမလုပ်ခိုင်း၊ ကျွန်တော်က မနေတတ်လို့သာ ဝင်ဝင်လုပ်ခြင်းဖြစ်သည်။ လူပျောက်ကြော်ငြာတွေ ရဲစခန်းတိုင်တာတွေလည်း သူတို့မသိ၊ သိလျှင် ဘယ်လိုနေမလဲတော့ မပြောတတ်။ သေချာတာကတော့ ကျွန်တော့်ကို ခိုင်းဖို့ခေါ်ထားတာမဟုတ်။ ကျွန်တော်တွေးရင်း ဝမ်းနည်းလာသည်။ ငိုလည်းငိုချင်လာသည်။ အမေခတို့ဆီပဲ ပြန်ရင်ကောင်းမလားတွေးမိပါသည်။ 

 

ကဲ..ကဲ.. မောင်မျိုး မငိုနဲ့ မငိုနဲ့၊ ဘာမှလည်း ဝမ်းနည်းမနေနဲ့၊ လောလောဆယ်တော့ မင်း ဝဏ္ဏတို့နဲပဲနေ၊ နောက် ငါ လူလိုတဲ့အခါ မင်းကိုခေါ်မယ် ဟုတ်ပြီလားဟုပြောပါသည်။ ကျွန်တော် ဝမ်းနည်းတာ ငိုချင်တာက ရောထွေးနေသည်။ အမေခတို့ဆီပြန်ချင်တာလည်းပါသည်။ ဦးစိန်ဝင်းတွေ့သွားတာလည်းပါသည်။ ဘဘကြီးတို့ဆီ နေမရတာလည်း ပါသည်။ အိမ်ပြန်ရမှာကို စိုးကြောက်နေတာလည်းပါသည်။ 

 

တကယ်တော့ ကျွန်တော် အိမ်မပြန်ချင်။ ခုလိုပဲနေချင်သည်။ နောက်ဘာတွေဆက်ဖြစ်မည်ကိုလည်း မတွေးချင် မတွေးတတ်။ စိတ်ဓာတ်တော့ကျသလိုလိုဖြစ်သည်။ ဆရာဝဏ္ဏက မင်း ငါနဲ့နေမယ်ဆိုလည်းနေပါ၊ ငါလည်း စုံစမ်းကြည့်ပါဦးမယ်၊ တကယ်လို့ မင်းမိဘတွေက ရဲစခန်းတိုင်ထားတယ်ဆိုရင်တော့ မင်းဘာသာပြန်ချင်လည်းပြန် ငါ့လိုက်ပို့ပေးဆိုလည်းပို့ပေးမယ် ဟုတ်ပြီလားဟုပြောပါသည်။ ကျွန်တော် စိတ်နည်းနည်းသက်သာသွားသော်လည်း ဦးစိန်ဝင်းလို နောက်ထပ်အသိတွေနှင့် နောက်ထပ်ပွဲတွေမှာ တိုးမှာကြောက်တာတော့ အမှန်ပင်။ ဒါကို ငတင့်ပြောပြတော့ တွေ့တော့လည်း ဘယ်တတ်နိုင်မလဲကွာ ကြည့်ကြက်လုပ်တာပေါ့ဟုပြောသည်။ သူ့ ကြည့်ကြက်လုပ်တာပေါ့ကို ကျွန်တော် သေချာမသိသော်လည်း ကြည့်ကြက်လုပ်ရမည်ကတော့ အမှန်ပင်။

(ဆက်ပါဦးမည်)

Thursday, March 2, 2023

မှတ်ပုံပြန်တင်/မတင်

0 comments

မှတ်ပုံပြန်တင်/မတင်

၂၀၂၃ ခု ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်တခု ထွက်လာပါတယ်။ ဒီဥပဒေအရ တည်ဆဲပါတီတွေက ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ရင် အလိုအလျှောက်ပျက်ပြယ်တယ်ဆိုတော့ NLD က မှတ်ပုံပြန်တင်မလား မတင်မလားက ခုထိ မသေချာသေးပါ။ မတင်ခဲ့ရင့်တော့ ပါတီဟာ အလိုအလျှောက်ပျက်ပြယ်ပြီးဖြစ်သွားလိမ့်မယ်။ သဘောက ပါတီကို အမိန့်နဲ့ဖျက်တဲ့သဘောမဟုတ်ဘဲ ဥပဒေအရပျက်သွားအောင် လုပ်တာပါပဲ။ 

 

ပါတီတကယ်လို့ မှတ်ပုံပြန်တင်ခဲ့ရင်တော့ ပါတီဟာဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ NLD ပါတီက မင်းအောင်လှိုင်စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲကိုမဝင်ဘူးလို့ အတိအလင်းကြေညာချက် ထုတ်ထားပြီးသားပါ။ သတ္တိပြောင်တဲ့ ရဲဝံ့တဲ့ ပြတ်သားတဲ့ရပ်တည်ချက်မို့ နိုင်ငံရေးအရ အသိအမှတ်ပြုလေးစားရပေမယ့် အနာဂါတ် NLD ရဲ့ပုံစံ ဘယ်လိုရှိလာမလဲကတွေးစရာပါ။ NLD ပါတီဟာ မြေအောက်ပါတီဖြစ်သွားမလား ဒါမှမဟုတ် အင်အားတွေ တစစီပြန့်ကြဲပြီး အဆုံးမှာ တတိတိနဲ့ ပျောက်ကွယ်သွားမလား ဒါမှမဟုတ် တခြား ဘယ်ပုံစံ ဖြစ်ပေါ်တိုးတက်မှု အသစ်တခုခုဖြစ်လာမလဲက တွေးစရာပါ။

 

 တခါ ဥပဒေသစ်ကပြောသလို မှတ်ပုံပြန်တင်တဲ့ ဒါမှမဟုတ် အသစ်မှတ်ပုံတင်တဲ့ပါတီတွေကျတော့လည်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေဆိုရင် ဘဏ်မှာ သိန်းတထောင် ရန်ပုံငွေပြထားရမယ် ရက် ၉၀ အတွင်း ပါတီဝင်တသိန်းပြည့်အောင် စည်းရုံးထားနိုင်ရမယ်။ (အရင် ဥပဒေဟောင်းတုန်းက ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီမှာ ပါတီဝင်အင်အား တထောင်ရှိရင်ရပြီလို့ဆိုထားတာပါ)။ မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားရမယ်လို့ဆိုပါတယ်။ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွေအတွက်လောက်ပဲ ရွေးကောက်ပွဲဝင်မှာဆို ဘဏ်မှာ ငွေသိန်းတရာ။ ပါတီဝင်တသောင်း စုစည်းထားနိုင်ရမယ်လို့ ဆိုထားပြန်ပါတယ်။ သိန်းတထောင်တို့ လူတသိန်းတို့ဆိုတာတွေက NLD လိုပါတီကြီးအတက် အပရိကပါ။ ဘာမှ မှုလောက်စရာမရှိပါ။ 

 

ပါတီတွေမှတ်ပုံပြန်တင်ရမယ့် ရက်ပေါင်း ခြောက်ဆယ်ဖြစ်တဲ့ မတ် ၂၆ ဟာ မကြာခင်ရောက်လာတော့မှာပါ။ စစ်အုပ်စုအနေနဲ့ NLD ပါတီကိုမဖျက်ဖို့ အမေရိကန် တရုတ် အာဆီယံ ဂျပန်စတဲ့နိုင်ငံတွေ ဖိအားပေးနေတာပါ။ စစ်အုပ်စုရဲ့ခြေလှမ်းကိုမြင်ရတော့မှာဖြစ်သလို NLD ရဲ့ ရပ်ခံချက်ကို ကြည့်ရတော့မှာပါ။ ရက် ၆၀ ဆယ်ဟာ မကြာတော့ပါဘူး။

 

ဒီနေဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ အခြေအနေဆိုးတွေဟာ အစဉ်အဆက် စစ်အုပ်စုအဆက်ဆက်က ဖန်တီးလို့ဖြစ်ခဲ့ရတာချည်းပါပဲ။ ပြဿနာအားလုံးရဲ့အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ကြောင့်ပါပဲ။

မျိုးမြင့်ချို။ မတ် ၂။ ၂၀၂၃။

ကညွှတ်ကွင်းအိမ်ပြေး ၅၃

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၃)

ဦးစိန်ဝင်း။ ကျောင်းဆရာ။ ထောက်ကြန့်ဈေးထဲ၌ အထည်ဆိုင်ဖွင့်ထားသော ဒေါ်ဒေါ် ဒေါ်အုန်းကြင်၏ ယောက်ျား။ သူတို့ဆိုင်က ကျွန်တော့်အမေဆိုင်နှင့် မျက်နှာချင်းဆိုင်။ ကျွန်တော် တော်တော်လန့်သွားသည်။ သူ့မျက်လုံးများက အံ့ဩနေသည့်ပုံ။ ကျွန်တော့်ကိုမှတ်မိလို့သာ ခုလိုကြည့်နေတာဖြစ်နိုင်သည်။ ဒီတခါ ချက်ခြင်း မျက်နှာ ပြန်လွှဲလိုက်ရတာက ကျွန်တော်။  သွားပြီ။ အမေ့ကိုပြန်ပြောတော့မည်။ ကျွန်တော် မျက်လှည့်ဝိုင်းမှာ ဘင်တီးနေတာကို သူသိသွားပြီ။ ဒီလို အခြေအနေဖြစ်နေတာကို ဘယ်သူမှမသိကြ။ ကျွန်တော်နှင့်သူ နှစ်ယောက်တည်းသာသိသည်။ ကျွန်တော် ဟန်မပျက် ဘင်သာဆက်တီးပြီး လူစုနေရသော်လည်း စိတ်က မဖြောင့်တော့။ ထပြီး တနေရာရာကိုထွက်ပြေးသွားချင်စိတ်လည်း ပေါက်နေပါသည်။ အမေခဝယ်ပေးသည့် ခမောက်ကလေးသာ ဆောင်းထားရလျှင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး၊ ခုလိုလည်း ဦးစိန်ဝင်းနှင့်တွေ့စရာမရှိဘူးဟု စိတ်ထဲဖြစ်မိပါသည်။ နောက်တခါထပ်ပြီး သူ့ကို မကြည့်မိစေရန်သတိထားနေရသော်လည်း သူပြန်သွားပြီလား ရှိနေသေးလားကို စိတ်က သိချင်နေပြန်ပါသည်။ စိတ်မလုံသလိုလည်း ခံစားနေရသည်။ မသိမသာ ခိုးကြည့်တော့ သူ ကျွန်တော့်ကိုပဲ ကြည့်နေတာတွေ့သည်။ 

 

သည်လိုနှင့် မျက်လှည့်ဝိုင်းက ထုံးစံအတိုင်းတွေပြပြီး၊ ရှင်သီဝလိရုပ်ပွားတော်တွေရောင်းပြီး၊ ဖားသုံးကောင် ငုတ်တုတ်နှင့် ပွဲပြီးသွားသည်။ လူကွဲသွားချိန်တွင် သူ့နေရာကို ကြည့်မိတော့ သူရှိနေသေးသည်။ ကျွန်တော့်ကို ကြည့်နေသည်။ ဒီတခါတော့ ပြုံးပြပြီး ကျွန်တော့်ဆီလျှောက်လာသည်။ ကျွန်တော် နောက်လှည့်ပြီး ထွက်ပြေးရကောင်းမလား တွေးမိသည်။ သို့ဖြင့် ထိုင်ရာမှ ထလိုက်သည်။ ထိုအချိန်တွင် သူက ကျွန်တော့်အနား ရောက်လာပြီး လက်မောင်းကိုဆွဲကာ စူးစမ်းဟန်ဖြင့် မင်း...ထောက်ကြန့်က မမစီ သားမဟုတ်လား။၊ မောင်ဝင်းမြင့်ညီလေဟုပြောပါသည်။ သူ့အသံက ကျိန်းသေ သိထားပြီးသူလိုဖြစ်နေသည်။ သူက ကျွန်တော်တို့ ညီအကိုမောင်နှမတွေကိုလည်း သိနေသူဖြစ်သည်။ 

 

ကျွန်တော် ယောင်နနနှင့် ဘာပြန်ပြောရမှန်းမသိသော်လည်း ပါးစပ်က ဟုတ်ကဲ့ဟုထွက်သွားသည်။ အေး..အေး.. မင်းအိမ်ကနေ ထွက်ပြေးသွားတာ မမစီပြောလို့သိရတယ်။ သူတို့လည်း စိတ်ပူနေကြတယ်။၊ မင်း အိမ်ပြန်ပါ၊ ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မလား၊ ငါပြန်ပို့ပေးမယ်၊ မင်းအိမ်ကလည်း မဆူစေရဘူး၊ ငါပြောပေးမယ်ဟု တဆက်တည်း ပြောပါသည်။ သူ့အသံက ကျွန်တော့်ကို သူနှင့်တပါတည်း ခေါ်သွားချင်မည့်အသံ။ အမေ့နံမည် ဒေါ်ကြည် ဖြစ်သော်လည်း  ဒေါ်ဒေါ် ဒေါ်အုန်းကြင်တို့က အမေ့ကို မမကြည်ဟု မခေါ်ယဲ မမစီဟုခေါ်သည်။ ကျွန်တော် သူနဲ့တခါတည်းလိုက်ခဲ့ရမည်တဲ့။ ကျွန်တော် ဘာလို့လိုက်ရမှာလဲ။ ကျွန်တော် ပြန်မလိုက်ချင်။ လိုက်သွားလျှင် အိမ်ကဆူမည်။ အရိုက်ခံချင်လည်း ခံရမည်။

 

ထိုအချိန်တွင် ဆရာဝဏ္ဏအနားရောက်လာပါသည်။ ဘာလဲ ဘာဖြစ်တာလဲဟု လေသံမာမာနှင့်မေးသည်။ သူ့အသံက သူအလုပ်လုပ်နေတာကို လာနှောင့်ယှက်ရကောင်းလားဆိုသည့်အသံဖြစ်ပါသည်။ ဦးစိန်ဝင်းက ကျွန်တော် အလယ်တန်းပြကျောင်းဆရာပါ။ နံမည်က စိန်ဝင်းလို့ခေါ်ပါတယ်။ ထောက်ကြန့်မှာနေပါတယ်။ ဒီကလေး မိတွေနဲ့ ရင်းနှီးပါတယ်။ ဒီကလေး အိမ်ကနေထွက်ပြေးသွားလို့ သူ့မိဘတွေ စိတ်တော်တော်ပူနေကြပါတယ်၊ ဒါ့ကြောင့် ကျွန်တော်က ပြန်လိုက်မလား၊ လိုက်မယ်ဆို တခါတည်းခေါ်သွားမယ်လို့ပြောနေတာပါဟု မွန်မွန်ရည်ရည် ရှင်းပြပါသည်။ ဆရာဝဏ္ဏက ဦးစိန်ဝင်းကို သိတ်မလိုလားဟန် လေသံမာမာဖြင့် ကျွန်တော် သူ့ကို ခေါ်လာတာ မဟုတ်ဘူး၊ သူ့ဟာသူ ကျွန်တော်နဲ့ လိုက်ချင်တယ်ဆိုပြီး လိုက်လာတာ၊ သူ့မိဘတွေလည်း ကျွန်တော် ဘာမှ သေချာမသိဘူး၊ ခင်ဗျားခေါ်သွားချင်တယ်ဆို သူ့ကိုမေးကြည့်ပေါ့၊ သူလိုက်မယ်ဆို ခေါ်သွားရုံပဲဟု ပြောပါသည်။

 

ဦးစိန်ဝင်းမျက်နှာ လက်ကနဲတချက်ဖြစ်သွားပြီး မင်း လိုက်မလား၊ လိုက်မယ်ဆို မင်းအိမ်ကိုတန်းမပို့ဘူး၊ ငါ့အိမ်မှာထားပြီး မင်းအမေကိုခေါ်ပေးမယ်လေ၊ အဲ့ဒီတော့မှ မင်းပြန်ပေါ့ဟု ပြောပါသည်။ ကျွန်တော် စိတ်တွေ မွန်းကျပ်နေသည်။ ဖြစ်နိုင်လျှင် လူက အငွေ့တွေပျံပြီး ဤလူနှစ်ယောက်ကြားမှ ရုတ်တရက် ပျောက်သွားချင်သည်။ ဦးစိန်ဝင်းက လာပါကွာ လိုက်ခဲ့ပါ မင်းကို ဘာမှမလုပ်စေရဘူး ငါအာမခံတယ်ဟုပြောကြာ လက်မောင်းကို ခတ်ဖွဖွ ဆွဲပြန်ပါသည်။ ကျနော် မလိုက်ချင်ဘူး ဦး။ အိမ်ပြန်ရင် အဆူအရိုက်ခံရမှာပဲ၊ နောက်ပြီးတော့...ဟုဆိုပြီး ဘာဆက်ပြောရမှန်းမသိတော့။ မင်း အဆူအရိုက်မခံရစေပါဘူး၊ ငါကိုယ်တိုင် အာမခံပါတယ်ဟု သူကထပ်ပြောသည်။ ဆရာဝဏ္ဏက သူမလိုက်ချင်ဘူးဆိုလည်း ဇွတ်မခေါ်နဲ့ပေါ့ဗျာ၊ သူမှမလိုက်ချင်တာဘဲ၊ ကျွန်တော်လည်း သူ့ကို ဘယ့်နှယ်မှ မတားပါဘူး၊ ဒါပေမယ့် သူကိုယ်တိုင်ကမှ မလိုက်ချင်တာဟု ပြောပါသည်။ ကျွန်တော် ဆရာဝဏ္ဏကို တော်တော်ကျေးဇူးတင်သွားသည်။ အားလည်းရှိသွားသည်။ ဟုတ်တယ်ဦးလေး ကျွန်တော် မလိုက်ချင်ဘူး၊ နောက်တော့မှ ကျွန်တော့်ဘာသာ အိမ်ပြန်မယ်ဟု ပြောချလိုက်ပါသည်။ ဦးစိန်ဝင်း အံ့ဩသွားသလိုဖြစ်ပြီး တချက်တွေသွားသည်။ ပြီးမှ ဆရာဝဏ္ဏဘက်သို့လှည့်ပြီး အေးလေ သူ မလိုက်ချင်ဘူးဆိုလည်း ကျွန်တော် အတင်းမခေါ်ပါဘူး၊ ဒါပေမယ့် သူ့အိမ်က လူပျောက်ကြောငြာတာတွေ သတင်းစာထဲထည့်တာတွေ ရဲစခန်းမှအမှုဖွင့်တာတွေဘာတွေ လုပ်ထားမလား မသိဘူးဟု မရေမရာပြောသော်လည်း သူ့အသံမှာ ဆရာဝဏ္ဏကို ခြိမ်းခြောက်သလိုဖြစ်နေသောကြောင့် ကျွန်တော် မကြိုက်ပါ။ ပြောလို့တော့မရ။ အမေက အနေအေးသော်လည်း ရဲစခန်းတို့ တရားရုံးတို့ ကြောက်မည်မဟုတ်။ ပြီးတော့ အမကြီး။ အမကြီးက ထက်သည်၊။ ပေါက်လည်း ပေါက်ရောက်သည်။ ဘာမဆို ပြောရဲဆိုရဲ ပြောဝံ့ဆိုဝံ့ရှိသည်။ ပြောလို့မရ။ ရဲစခန်းတိုင်ထားနိုင်သည်။ 

 

ထို့ကြောင့် ကျွန်တော် ပိုလန့်သလိုဖြစ်မိသည်။ ကျွန်တော်မလိုက်ချင်ဘူး ဦးဦးဟုသာ ၂ ခါ ၃ ခါပြောမိသည်။ သည်တော့မှ သူ ကျွန်တော့်ကို လက်လွှတ်ပေးပြီး အေးလေ မင်းမလိုက်ချင်လဲနေပေါ့ဟုပြောကာ ဘင်ကိုတချက်ကြည့်ပြီး ပြန်လှည့်ထွက်သွားသည်။ ဘင်တွင် ဆရာဝဏ္ဏအမည်ပါသည်မဟုတ်လား။ ကျွန်တော်လည်း သူ့နောက်ကျောကို ကြည့်နေရာမှ ဆရာဝဏ္ဏဘက်သို့လှည့်ကာ ဆရာ ကျွန်တော် ဆရာနဲ့ပဲနေမယ်နော်ဟု ပြောမိပါသည်။ ကျွန်တော့်လေသံတွင် အားကိုးတကြီးဖြစ်နေသလားမပြောတတ်ပါ။ ဆရာဝဏ္ဏက အေး..အေးဟုပြောကာ ပစ္စည်းတွေဆက်သိမ်းနေသည်။ ကျွန်တော်က ဘာမှန်းမသိသည့်စိတ်တွေနှင့် မတ်တပ်။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၅၂

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၂)

ကျွန်တော်တို့ ထောက်ကြန့်အာရဗီကျောင်းက ကျောင်းသားတွေနှင့် လှည်းကူးအာရဗီကျောင်းက ကျောင်းသားတွေ အကူးအလူးရှိကြပါသည်။ တခါတလေ လှည်းကူးတွင် ဖွာသေဟာ(အလှူ)ကြီးကြီးရှိလျှင် ကျနော်တို့ကိုဖိတ်ပြီး ကုရ်အန်ဖတ်ကြပါသည်။ နောက်တခုက တခုသော တမန်တော်မြတ်ကြီး မိုဟာမက်မွေးနေ့တွင် လှည်းကူး အာရဗီကျောင်းမှကျောင်းသားများနှင့် ထောက်ကြန့်အာရဗီကျောင်းကကျောင်းသားတွေ ကုရ်အန်အဖတ်ပြိုင်ကြသည်။ ဘယ်သူအရင်ပြီးလဲဟု မြန်တာတခုတည်းကို အမှတ်ပေးတာမဟုတ်။ မှန်လည်းမှန် မြန်လည်းမြန် အသံနေသံထား အဆွဲအငင်တွေပါမှန်အောင်၊ ရွတ်ဖတ်ရာတွင် ဌာန်ကရိုင်းကျရန်သာမက ရွတ်ဖတ်သူ၏အသံကိုပါ ဒိုင်လူကြီးများက အမှတ်ပေးပါသည်။ ထိုပွဲတွင် ကျွန်တော်နှင့်အခြားကျောင်းသားတယောက်က တမန်တော်မြတ်ကြီးအကြောင်း အပြန်အလှန်အချီအချ အမေးအဖြေပုံစံဖြင့် စကားပြောခန်းတခုပါပါသည်။ ၄၅ မိနစ်ခန့်ကြာပါသည်။ လှည်းကူးမှ ကျောင်းသားနှစ်ယောက်လည်း ကျွန်တော်တို့လို စကားပြောခန်းလုပ်ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ နှစ်ယောက်ကို မမီပါ။ ပြိုင်ပွဲပြီးသောအခါ ကျွန်တော်တို့အနိုင်ရပါသည်။ ထိုပြိုင်ပွဲတွေအတွက် အစမ်းလေ့ကျင့်ရန် မိုက်ခရိုဖုန်းနှင့်စကားပြောတတ်ရန် ပရိတ်သတ်ကိုမရှိန်ရန် လှည်းကူးသို့ အကြိမ်ကြိမ်လာရပါသည်။ ထို့ကြောင့် လှည်းကူးတွင် ကျွန်တော့်ကို မှတ်မိနေသူများရှိနိုင်ပါသည်။

 

နောက်တချက်က လှည်ကူးနှင့်ထောက်ကြန့်သည် အိမ်ဦးနှင့်ကြမ်းပြင်ဖြစ်ပါသည်။ ထောက်ကြန့်ကလူတွေ လှည်းကူးကို ဈေးဝယ်တာခြမ်းတာအပါအဝင် အခြားကိစ္စမျိုးစုံဖြင့် လာကြသွားကြသည်များလည်းရှိသည်။ အရေးအကြီးဆုံးအချက်က ထောက်ကြန့်-လှည်းကူးဆွဲသော ဂျစ်ကားလေးမောင်းနေသည့် ဦးဝါဟတ်။ ဦးဝါဟတ်က ကျွန်တော့်မိဘတွေနှင့် ရင်းနှီးသည်။ သာရေးနာရေး၊ ဘာသာရေးကိစ္စတွေတွင်လည်း အမြဲလိုလို ဦးဆောင်ပါနေတတ် သူ။ ထောက်ကြန့်မြို့အထွက်တွင် ထမင်းဆိုင်နှင့် စက်ဘီးအပိုပစ္စည်းအရောင်းဆိုင်လေးလည်း ဖွင့်ထားသည်။ ကျွန်တော်တို့ ညီအကိုတွေကိုလည်း စာတော်သဖြင့်ရော ဘာသာရေးစာတော်လို့ရော အမြဲချီးမွမ်းသူ။ ကျွန်တော့်ကို ကောင်းကောင်းမှတ်မိသည်။

 

ကျွန်တော်တို့ ညီအကို ခေါင်းနင်းဆင်းလေးယောက်ထဲတွင် ကျွန်တော်က စာအတော်ဆုံးဖြစ်သလို၊ ကဲလည်း အကဲဆုံးဖြစ်သည်။ မပါသည့်ကစားဝိုင်းလည်းမရှိ။ မရောက်သည့်ရပ်ကွက်လည်း မရှိ။ ရန်လည်း ခဏခဏဖြစ်သည်။ အိမ်ကို လာအတိုင်ခံရဆုံးလည်း ဖြစ်သည်။ တခုခုဆို အတတ်လွယ်သည်။ လူလည်းသိတ်မကြောက်။ တခါတခါရဲလွန်းသဖြင့် မိဘတွေကပင် ဘရိတ်အုပ်အုပ်နေရသူ။ ထို့ကြောင့် ကျွန်တော့်ကို လူသိပိုများကြသည်။

 

ယခု လှည်းကူး-ထောက်ကြန့်ကားဂိတ်ကပွဲသည် ကျွန်တော့်အတွင် ဘင်တီးရသဖြင့် စိတ်လှုပ်ရှားသလို ဦးဝါဟတ်အပါအဝင် အိမ်ကအသိတွေနှင့်တိုးမိလျှင်ဒုက္ခဆိုကာ တထိတ်ထိတ်တလန့်လန့်လည်း ဖြစ်ရပါသည်။ ဘင်သာတီးနေရသော်လည်း စိတ်ကသိတ်မဖြောင့်။ စိတ်က သိတ်မလုံ။ တတ်နိုင်သမျှ ခေါင်းကြီးငုံ့ကာတီးသည်။ တချက်တချက် ဆရာဝဏ္ဏနှင့် အဝင်အထွက်တွေလွဲသည်။ ဆရာဝဏ္ဏက ဘာမှမပြောသော်လည်း သတိပေးသလို ကြည့်ပါသည်။ စိတ်ထဲတွင် ခုနေ အမေခ ဝယ်ပေးသည့် ခမောက်ကလေးပါလာရင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။ ခမောက်ကလေးဆောင်းထားလျှင် နေလည်းကွယ်မည်။ လူတွေကိုလည်း ကျွန်တော့်မျက်နှာ ကွယ်ထားနိုင်မည်မဟုတ်လား။

 

သို့ဖြင့်မျက်လှည့်ဝိုင်းလည်း လူစည်လာသည်။ နေကလည်း ပူသည်။ ကျွန်တော်လည်း ဘင်တီးရင်း ချွေးပြန်လာသည်။ ခေါင်းလည်းကြာကြာငုံ့မထားနိုင်။ ချွေးသုတ်ရန် ခဏခဏခေါင်းမော့ရသည်။ ခေါင်းငုံ့တီးနေရင်း စိတ်ထဲတွင် တယောက်ယောက်က ကိုယ့်ကိုယ်စူးစူးစိုက်စိုက်ကြည့်နေသလို ခံစားရသည်။ ထိုခံစားမှုမျိုး အရင်ကလည်း ဖြစ်ဖူးပါသည်။ တယောက်ယောက်က ကိုယ့်ကိုကြည့်နေသည်ဟုခံစားရပြီး ထိုကြည့်နေသူရှိရာ မျက်နှာမူလိုက်လျှင် ထိုသူနှင့် မျက်လုံးချင်းဆုံမိပြီး ထိုသူက မျက်နှာအရင်လွှဲလိုက်တာမျိုးဖြစ်သည်။ မျက်နှာမလွှဲလျှင်လည်း မျက်လုံးလွှဲပစ်တာမျိုးဖြစ်သည်။ ခုလည်း ထိုခံစားမှုက ဝင်လာသည်။ ဒါနှင့် ရုတ်တရက်ခေါင်းမော့လိုက်သည်။ စိတ်ထဲ ဟာကနဲဖြစ်သွားသည်။ ရင်တွေ တဒုန်းဒုန်းခုန်သွားသည်။

(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး ၅၁

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၅၁)

 

ဤသို့နှင့် ကျွန်တော်တို့ လှည်းကူးကို ညနေတွင်ရောက်ပါသည်။ တည်းမည့်အိမ်သို့ဆိုက်ကားဖြင့် သွားကြပါသည်။ လမ်းကြိုလမ်းကြားလေးတွေနင်းပြီး သွပ်မိုးပျဉ်ထောင် နှစ်ထပ်အိမ်တလုံးရှေ့ရောက်ပါသည်။ ဆရာဝဏ္ဏက ခြံပေါက်ဝက ကြိုးကလေးကိုဆွဲလိုက်သည့်အခါ အိမ်ထဲတွင် ကလောင်ကလင်နှင့်မြည်ပါသည်။ အိမ်တံခါးဖွင်ပြီး လူကြီးတယောက်ဆင်းလာပါသည်။ ကျွန်တော်တို့ကိုမြင်တော့ ဟာ...မောင်ဝဏ္ဏတို့ပါလား၊ လာဟေ့ဟုဆိုသဖြင့် အိမ်ထဲဝင်လိုက်လာကြပါသည်။ ထိုလူကြီးအား ဆရာဝဏ္ဏက ဆရာခေါ်သလို ငတင့်ကလည်း ဘဘကြီးဟုခေါ်ပါသည်။ ကျွန်တော်တို့ ပါလာသည့်ဝန်စည်စလှယ်များကို နေရာချနေတုန်း အဒေါ်ကြီးတယောက်ပေါ်လာပြီး ဝဏ္ဏရေ ရေမိုးချိုး၊ ကလေးတွေလည်း ချိုးခိုင်း၊ ဟိုမှာ လုံချည်တို့တဘက်တို့ရှိတယ်ဟုပြောပါသည်။ တဆက်တည်း မင်းတို့ ၃ ယောက် အိမ်မှာပဲစားကြမလားဟု မေးရာ ဆရာဝဏ္ဏက ဟုတ်ကဲ့ အမကြီးဟုဖြေပါသည်။ ကျွန်တော့်မှာ တနေကုန် စမူဆာလေးလေး တခုနှင့်တပိုင်းသာစားထားရဖြင့် ဗိုက်အတော်ဆာနေပါသည်။ ငတင့်ကတော့ အေးဆေးပင်။

 

သည်အိမ်မှာ အတော်အတန်ချောင်လည်ပုံရပါသည်။ အိမ်အောက်ထပ်တွင်လည်း ဆောင်းဘောက်စ်ကြီးတွေ ဘင်အကြီးကြီးတွေနှင့်၊ သစ်သားသေတ္တာကြီးတွေလည်း တလုံးပေါ်တလုံးဆင့်ကာ ချထားပါသည်။ ရေချိုးတော့လည်း ကာဘော်လစ်ဆပ်ပြာနှင့်ဘာနှင့်ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော် သွားအလွန်တိုက်ချင်နေပါသည်။ ရေမိုးချိုးပြီး ပက်ဆိုးဒင့်သွားတိုက်ဆေးနှင့် သွားတိုက်လိုက်ရလျှင် ပါးစပ်ထဲသန့်ရှင်းကာ အလွန်နေလို့ကောင်းပါသည်။ သွားတိုက်ဆေး၏ပူရှိန်းရှိန်းအရသာနှင့် မွှေးမွှေးမြမြ လတ်လတ်ဆတ်ဆတ်အရသာကို ကျွန်တော် မခံရသည်မှာ ကြာနေပါပြီ။ ပြောရလျှင် အိမ်ကစပြေးကတည်းကဖြစ်ပါသည်။ အမေခတို့ဆီနေတုန်းကလည်း ဆားဖြင့်သွားတိုက် ခဲ့ရပါသည်။ ယခု ရေချိုးသည့်နေရာတွင် လူကြီးသွားပွတ်တံနှင့် သွားတိုက်ဆေးဗူးတွေ့ပါသည်။ ဘာမပြော ညာမပြောနှင့် သွားပွတ်တံကိုယူ၊ ရေနည်းနည်းဆေးကာ သွားတိုက်ဆေးညှစ်ထည့်ပြီး ပါးစပ်တခုလုံး အမြှုပ်တွေ ပေကျံကုန်အောင် တိုက်ချလိုက်ပါသည်။ အရသာရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်တော် သွားတိုက်နေတာကိုကြည့်ရင်း ငတင့်က ရွံစရာကြီးဟု ပြောပါသည်။

 

ရေမိုးချိုးပြီး ခဏနေတော့ ကျွန်တော်တို့ ထမင်းစားကြပါသည်။ ထမင်းစားပြီး ဧည့်ခန်းထဲ ခဏထိုင်တော့  ဆရာဝဏ္ဏနှင့် ဘဘကြီးတို့ စကားတွေပြောကြပါသည်။ ဆရာဝဏ္ဏက ပိုက်ဆံတွေထုတ်ပေးရင်း သူ့ အတက်ချီကေ့စ်လေးထဲ ပစ္စည်းတွေထည့်ပါသည်။ ကျွန်တော်ကသာ စပ်စပ်စုစုကြည့်သော်လည်း ဘာတွေမှန်းတော့ မသိပါ။ ငတင့်က တဝါးဝါး သန်းနေပါသည်။ ကဲကဲ..ကလေးတွေလည်း အိပ်ချင်ပြီဟုဆိုကာ ကျွန်တော်တို့ နှစ်ယောက်အတွက် သင်ဖြူးဖျာကြီးခင်း ခေါင်းအုံးတွေ စောင်တွေချကာ ခြင်ထောင်ပါ ထောင်ပေးပါသည်။ ကွန်တော် အိမ်စပြေး ကတည်းက သည်တကြိမ်ပဲ ခြင်ထောင်နှင့်အိပ်ရခြင်းဖြစ်ပါသည်။ အမေခတို့တဲကြီးကို သတိရမိပါသည်။ ခုချိန်ဆို အဖေ အရက်ကလေး မူးစပ်စပ်ဖြင့် ကွန်ထိုးနေမည်။ အမေခကတော့ လှဲရင်လှဲနေ၊ မနေလျှင် တခုခုလုပ်နေလိမ့်မည်။ ကျွန်တော့်ကို သူတို့ သတိရချင်ရနေမှာဟုလည်း တွေးမိပါသည်။ ခဏဖြုတ်တွေးမိရင်း ကျွန်တော် ခေါင်းချလိုက်သည်နှင့် တချိုးတည်း အိပ်ပျော်သွားပါသည်။

 

မနက်လင်းတော့ ပဲပြုတ်ထမင်းကြော်နှင့် ရေနွေးကြမ်းတိုက်ပါသည်။ ထမင်းဝိုင်းတွင် ဘဘကြီးက မင်းလည်း စင်ပွဲလေးဘာလေးအတွေ့အကြုံရအောင် ငါနဲ့တခေါက်နှစ်ခေါက်လိုက်ခဲ့ကွာ၊ ဝိုင်းပွဲတွေကတော့ လူသက်သာပေမယ့် အကုန်အကျနည်းပေမယ့် အရလည်းနည်းသလို နံမည်လည်း ဒီလောက် မထွက်ဘူးကွ၊ အောင်ကျော်မိုးတို့ ပဏ္ဏဝတို့ နံမည်ထွက်တယ်ဆိုတာက ပစ္စည်းလဲစုံ ပြကွက်လည်းများ လူလည်းပြည့်တာ မဟုတ်လားဟု ပြောပါသည်။ ဆရာက ဟုတ်ကဲ့ ကျွန်တော်လည်း ပြကွက်ပြောင်းမလားတွေးနေတာဟုဆိုတော့ ဘဘကြီးက ခုပြကွက်လည်း ကောင်းပါတယ်ကွ၊ ဒါပေမဲ့ မြွေဆိုပိုကောင်းတာပေါ့ဟု ပြောပါသည်။ သူတို့စကားတွေ အများကြီးပြောကြသည်။ ကျွန်တော် နားမလည်သည့်စကားတွေဖြစ်ပါသည်။ ငတင့်ကတော့ ထမင်းကြော်ကိုသာ မဲပြီးစားနေသည်။ 

 

မနက် ၈ နာရီလောက်ရှိတော့ လှည်းကူး-ပဲခူး ကားဂိတ်မှာတပွဲပြသည်။ ဘာမှသိတ်ထူးထူးခြားမရှိ။ ရှင်သီဝလိ ရုပ်ပွားတော်တွေ ဆရာ့ဆီမှာ ၅ ဆယ်ပဲပါသည်ဟု ပဲခူးတွင် မနက်ပွဲပြတုန်းကရော၊ နေ့လည်ပွဲမှာရော၊ ယခု လှည်းကူးပွဲတွင်ပါ သည်အတိုင်းပြောသည်။ ဧကန္တဆရာ့ဆီမှာ ရှင်သီဝလိရုပ်ပွားတော်တွေ အများကြီးရှိနေတာ ဖြစ်မည်။ ဒါဆို ဆရာက ဘာလို့ငါးဆယ်ပဲရှိတေ့ဟုပြောရသလဲကို ငတင့်အားမေးတော့ မင်းကလည်းကွာ ဒီလိုပဲပေါ့ဟု ပြန်ဖြေပါသည်။ သူ့ ဒီလိုပဲပေါ့ ကျွန်တော်နားမလည်ပါ။

 

နေ့လည်အိမ်ပြန်လာကြပြီး ထမင်းစားကာ ခဏနားကြသည်။ ဆရာဝဏ္ဏ မင်းဒီပွဲမှာ ဘင်စမ်းတီးကြည့်စမ်း၊ ငတင့်တီးတာတွေ့တယ်မဟုတ်လားဟု ပြောပါသည်။ ကျွန်တော် ပျော်သွားပါသည်။ စိတ်လည်းလှုပ်ရှားသွားပါသည်။ ဆရာက ငတင့် အိမ်နောက်ဖက်သွားပြီး မောင်မျိုးကို နည်းနည်းပြပေးလိုက်ဟုဆိုသဖြင့် ကျွန်တော်တို့ အိမ်နောက်ဘက်သို့ လာခဲ့ကြသည်။ အိမ်နောက်ဖက်တွင် လူ တယောက်တွေ့ရပြီး ခုံလေးပေါ်ထိုင်ကာ စားပွဲတွင် တကုပ်ကုပ်အလုပ်ရှုပ်နေသည်။ ကျွန်တော်တို့ကို လှည့်ပင်မကြည့်။ ငတင့်က ကျွန်တော့်ကို လက်ကိုင် ကိုင်နည်း တီးနည်းတွေ သင်ပေးသည်။ ဘာမှ သိတ်မခက်။ စာသင်ခန်းထဲ ခုံခေါက်ပြီးသီချင်းဆိုတာလောက်မခက်။ ကျွန်တော် ခနဏနှင့်တတ်သွားသည်။ ငတင့်က ဆရာကြီးလေသံဖြင့် မင်းက ဘယ်ဆိုလို့တုန်းဟု ပြောပါသည်။  

 

ဤသို့ဖြင့် နေ့လည်ဘက်ရောက်လာသည်။ လှည်းကူး -ထောက်ကြန့် ကားဂိတ်မှာတပွဲပြမည်။ ကျွန်တော် ဘင်တီးရမည်ဖြစ်ပြီး ငတင့်က ဆရာခိုင်းတာတွေ လိုက်လုပ်ရမည်။ တကယ်တော့ လှည်းကူးသည် ကျွန်တော်နှင့်မစိမ်း။