Friday, March 22, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်၁၉)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်၁၉)
(သက်သေပြစရာမလိုသော ဖြစ်တည်မှု)
အနောက်တိုင်းဒဿနသမိုင်းတွင် ဆင်ခြင်မှုကြီးစိုးသောခေတ် ရှိခဲ့၏။ ထိုခေတ်မှ ဒဿနဆရာကြီးဒေးကားသည် ဆင်ခြင်မှုကိုအသုံးပြု၍ သူ့ဘဝဖြစ်တည်မှုကို သက်သေထုတ်ခဲ့၏။ ဒေးကားသည် ပထမဦးစွာ ဤလောကရှိအရာရာတိုင်းကို သံသယဖြစ်ခဲ့၏။ နောက်ဆုံး သံသယမဖြစ်နိုင်သောအရာကို ရှာကြည်သော့အခါသူ၏စဉ်းစားခြင်း ဖြစ်နေသည်ကိုတွေ့ရှိ၏။ မည်သည့်အရာကို သံသယရှိရှိ၊ စဉ်းစားခြင်းကိုမူ သံသယမဖြစ်နိုင်ပေ။ အကြောင်းအမှာ သံသယဖြစ်ခြင်းသည် စဉ်းစားခြင်းတမျိုးဖြစ်၏။ သံသယ ဖြစ်မှုကိုပြန်၍သံသယ မဖြစ်နိုင်။ ထို့ကြောင့် မိမိစဉ်းစားခြင်းသည် ဧကန်မုချရှိနေန၏။ စဉ်းစားခြင်းရှိလျှင် စဉ်းစားသူသည်ရှိရမည်။ အကြောင်းမှာ စဉ်းစားသူမရှိဘဲ စဉ်းစားခြင်း မရှိနိုင်သောကြောင့်ဖြစ်၏။ လူသားသည် စဉ်းစားဆင်ခြင်ခြင်းမှတဆင့် မိမိ၏ဖြစ်တည်မကို ရှင်းရှင်းလင်းလင်းသိလာရ၏။ လူသည် ဆင်ခြင်စဉ်းစားတတ်သောသတ္တဝါအဖြစ်နှင့်သာ မိမိကိုယ်မိမိပြန်၍သိရှိရခြင်းဖြစ်၏။ ထို့ကြောင့်ဒေးကားက'ကျွန်ုပ်စဉ်းစားသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိ၏ (I think, therefore I am)' ဟု ဆိုခဲ့ပေသည်။

ဂျာမန်တွေးခေါ်ရှင်ကြီးကားလ်မာ့က်စ် လက်ထက် ရောက်သောအခါ ဒေးကား၏အဆိုသည် ပြောင်းပြန်ဖြစ်သွား၏။ မာ့က်စ်က ရုပ်ဝတ္ထု ပစ္စည်းများနှင့် လူသတ္တဝါများသည် အရင်ဖြစ်တည်လာ၏။ ထို့နောက်မှ စဉ်းစားတွေးတောမှုသည်ပေါ်လာ၏။ ထို့ကြောင့် 'လူသည် ရှိ၊ ထို့ကြောင့် သူသည်စဉ်းစားရ၏။' (Man is, therefore he thinks) ဟုအဆိုပြုလိမ့်မည်ဖြစ်၏။ ယန်းပေါဆာ့တ်အမှူးပြုသည့် ဖြစ်တည်မှုဝါဒီ တို့သည် မာ့က်စ်၏ စီးပွားရေးပြဌာန်းခံဝါဒနှင့်သမိုင်းဆိုင်ရာရုပ်ဝါဒကို ငြင်းပယ်ကြ၏။ သို့ရာတွင် လူဟူသည် ပထမဦးဆုံး ဘဝဖြစ်တည်မှုကို ရရှိရမည်။ ထို့နောက်မှ သူ၏စဉ်းစားဆင်ခြင်မှုသည် ပေါ်လာရခြင်းဖြစ်သည်ဟူသောအယူအဆကိုမူ လက်ခံကြသည်။ ဤနေရာတွင် လူ့ဘဝ မည်ကဲ့သို့ဖြစ်တည်လာသနည်းဟူသောမေးခွန်း ပေါ်လာပေသည်။

ဖြစ်တည်မှုဝါဒီတို့ကမူ လူ့ဘဝဖြစ်တည်မှုကို ဘာမှသက်သေပြနေစရာမလိုဟု မြင်ကြရ၏။ အဘယ့်ကြောင့်ဆိုသော် လူသားတို့ ဖြစ်တည် နေရသော ဤလောကကြီးကိုယ်၌က ဘာမှအဓိပ္ပါယ်မရှိသောလောကကြီးဖြစ်နေသောကြောင့် ဖြစ်၏။ မည်သို့မျှ ယုတ္တိမရှိသောလောကကြီး ဖြစ်နေသောကြောင့်ဖြစ်၏ဟု ဆိုကြပေသည်။

ရှေးကပေါ်ထွန်းခဲ့သော အစဉ်အလာဒဿနများတွင် တွေးခေါ်ရှင်များသည် မိမိတို့၏အတွေးအခေါ်စနစ်များ၊ မိမိတို့၏ဝါဒများ ဘက်ပေါင်းစုံမှ ရှေ့နောက်ညီညွတ်ဆီလျှော်စွာဖြင့် ပြည့်စုံပြီးမြောက်ရေးအတွက် သက်သေထုတ်ရန်ကြိုးပမ်းရင်း အချိန်ကုန်ခဲ့ကြသည်။ မိမိဘဝဖြစ်တည်မှုကို အရေးမစိုက်ကြပေ။ ဖြစ်တည်မှုဝါဒီများအတွက်မူ ဤသို့မဟုတ်။ မိမိတို့ လူဖြစ်လာရသော ကမ္ဘာလောကကြီးသည် ဆင်းရဲဒုက္ခများ၊ စိုးရိမ်ပူပန် သောကရောက်စရာများ၊ အခက်အခဲအကြပ်အတည်းများဖြင့် ပြည့်နေသောလောကကြီးဖြစ်ကြောင်း မျက်ဝါးထင်ထင်သိမြင်လာရ၏။ ဤသို့သောလောကကြီးတွင် မိမိဘဝ၊ မိမိဖြစ်တည်မှုကိုလျစ်လျှူရှူ၍မရတောပေ့။ အတွေးအခေါ် စနစ်များ၊ ဒဿနဝါဒများကို ခမ်းခမ်းနားနား တည်ဆောက်ရန်ကြိုးပမ်းရေးထက် မိမိဘဝဖြစ်တည်မှုကိုဦးစားပေးကာ တွေးခေါ်စဉ်းစားလာရတော့၏။

လူဟူသည် ဘာမျှအဓိပ္ပါယ်မရှိသော ဒုက္ခဆင်းရဲမှုတွေပြည့်လွှမ်းနေသော ဤကမ္ဘာလောကအတွင်းသို့ ခဲတလုံးကို ရေကန်ထဲပစ်ချလိုက်သလို အပစ်ချခံရသောသတ္တဝါဖြစ်၏။ ဤသို့ အပစ်ခံချရပြီး လူသားအဖြစ် ဖြစ်တည်လာရသည့်အခြေအနေတွင် မိမိဘဝ ဖြစ်တည်မှုကို ဘာမျှ သံသယပွားစရာမလိုပ။ ဖြစ်တည်လာရသောလူ့ဘဝတွင် ဘယ်ပုံဘယ်နည်း ဆက်၍ စခန်းသွားရမည်ဟူသောကိစ္စသာ အရေးကြီးသည်။ မိမိဘဝကို စစ်မှန်သောဘဝဖြစ်လာစေရန် မည်သို့တည်ဆောက်ယူရမည်ဟူသည်ကိုသာ အလေးအနက်ထားစဉ်းစားရန် လိုသည်ဟု ဖြစ်တည်မှုဝါဒီတို့ကခံယူထားကြသည်။

ယန်းပေါဆာ့တ်သည် လူ့ဘဝဖြစ်တည်မှုနှင့်ပတ်သက်သောအယူအဆကို ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ စောစောပိုင်းကာလများ ၁၉၃၈ ခုနှစ် ကတည်းက သူရေးသားထုတ်ဝေခဲ့သည့် 'အော်ကလီဆန်ခြင်း' ဝတ္ထုတွင်ဖွင့်ဆိုရှင်းလင်းခဲ့၏။ ထိုဝတ္ထု၏ အဓိကဇာတ်ဆောင် ရိုကွင်တင်မှ တဆင့် သူ့အယူအဆကိုတင်ပြခဲ့သည်။ ရိုကွင်တင်က'လူ့ဘဝဖြစ်တည်မှုဆိုတာ စိတ်ကူးကမ္ဘာကြီးဖန်တီးပြီး စဉ်းစားတွေးတောမှုနဲ့ချဉ်းကပ်လို့ ရကောင်းတဲ့အရာမဟုတ်ဘူး။ ခင်ဗျား (ပုဂ္ဂလလူသားတဦး)ရဲ့အတွင်း အဇ္ဈတ္တအသည်းနှလုံးပေါ်မှာ အနိုင်ကျင့်ပြီး အပေါ်စီးနဲ့ခွထိုင်ထားတဲ့ စက်ဆုပ်ရွံရှာမုန်းတီးစရာသားကောင်ကြီးပဲဖြစ်တယ်' ဟု ပြောဆိုလေသည်။

အမှန်စင်စစ် လူ့ဘဝဖြစ်တည်မှုအပေါ် သံသယဝင်နေခြင်းသည် ဘာမှ အဓိပ္ပါယ်မရှိပေ။ အလေးအနက်ထား၍စဉ်းစားရမည့် ပြဿနာလည်း မဟုတ်ပေ။ တကယ့်ပြဿနာမှာ လူသားတို့သည် မိမိတို့၏ စစ်မှန်စွာဖြစ်တည်နေမှုကို မကြာခဏဆိုသလို မျက်ခြေပြတ် သွားတတ်ကြခြင်း ဖြစ်၏။ လူပီပီသသဖြစ်နေသော မိမိ၏ဘဝအစစ်အမှန်(ဝါ)ကိုယ့်ဘဝအတွက်ကိုယ်ကိုယ်တိုင်ဖြစ်တည်နေမှုကို မရှူမြင်နိုင် ကြခြင်းဖြစ်သည်။
ဘာေ့ကြာင့် မျက်ချေပြတ်သွားရသနည်း။ ဘာေ့ကြာင့် မရှူမြင်နိုင် ဖြစ်သွားရပါသနည်း။

လူ့လောကတွင် လူသားတို့သည် တဦးနှင့်တဦး ဆက်ဆံပေါင်းသင်းကြရာ၌ မိမိအတွက် အသုံးချ၍ရမည့်ရုပ်ဝတ္ထုပစ္စည်းတခုပမာသဘောထား ကြ၏။ ပြုမူကြ၏။ သို့ဖြင့် လူသားတို့သည် မိမိကိုယ်မိမိ ယုံကြည်မှုပျောက်လာကြ၏။ မိမိဘဝအပေါ်မိမိ ရိုးသားမှုလွင့်ပြယ်သွား၏။ မိမိသည် မည်သူ၏သြဇာပြု လွှမ်းမိုးမှုကိုမျှမခံရသော ကိုယ်ပိုင်ပြဌာန်းမှုရှိသော လွတ်လပ်စစ်မှန်စွာ ဖြစ်တည်နေသောသတ္တဝါဖြစ်ကြောင်း မေ့လျော့ သွားကြ၏။ ကိုယ့်ကိုယ်ကို ပတ်ဝန်းကျင်လောက၏ ပြဌာန်းခံရုပ်ဝတ္ထုပစ္စည်းတခုပမာ ထင်မြင်လာကြသည်။ ဤအမြင်သည် မကြာခဏ လူ့စိတ်အတွင်း ပေါ်လာတတ်၏။ ကြာလာသောအခါ အကျင့်ပါသွားပြီး လူဟူသည် အရာဝတ္ထုတခုပမာဖြစ်သည်ဟူသောအမြင်သည် ခိုင်မာ သွားတော့၏ဟု ဆာ့တ်က ဆို၏။ လူပုဂ္ဂိုလ်တဦးသည် ရှင်သန်မှုမဲ့နေသောအပြုခံ၊ အပြဌာန်းခံရုပ်ဝတ္ထုပတ်ဝန်းကျင်နှင့် အမြဲထိတွေ့နေရ၏။ ဤရုပ်ဝတ္ထုပစ္စည်းများသည် ရုပ်သေးဆရာကြိုးဆွဲသည့်အတိုင်း လိုက်ပါလှုပ်ရှား နေရသော လွတ်လပ်မှု လုံးဝမရှိသည့်ရုပ်သေးရုပ်များ ကဲ့သို့ပင်ဖြစ်ကြောင်း သိရှိကြသည်။ သို့ရာတွင် သူကိုယ်တိုင် အခြားလူသားများနှင့် ထိတွေ့ဆက်ဆံလာရသောအခါ ထိုသူတို့သည် မိမိအား အသုံးချခံ ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် သဘောထားကြကြောင်း တွေ့သိရပြန်၏။ ဤသို့ဖြင့် မိမိမှာလည်း ရုပ်သေးတရုပ်လိုဖြစ်နေပါရောလား၊ မိမိလည်ပင်းတွင် ရုပ်သေးကြိုးသည် တပ်ပြီးသားဖြစ်နေပါသလားဟု ခံစားလာရ၏။ သြော်ငါဘ့ဝဟာလည်း ဒီလူ့အဖွဲ့အစည်း ဒီ လူ့လောက ကြီးထဲမှာ သတ်မှတ်ပြဌာန်းခံရပြီးသားဖြစ်နေပါလား။ ကိုယ်ပိုင်ရွေးချယ်မှုမရှိဘဲ လူ့အဖွဲ့အစည်းရဲ့ဓလေ့ထုးံစံတွေ၊ စည်းကမ်းတွေ၊ ဥပဒေ ဆုံးဖြတ်ချက်တွေအတိုင်း တသဝေမတိမ်းလိုက်နာနေရတဲ့ အပြုခံပစ္စည်းတခုသာဖြစ်နေပါလားဟု ထင်မြင်လက်ခံကြတော့သည်။ လူများစု သည် ဤအမြင်၊ ဤသဘောထားကို ဘဝင်ကျကျပင် လက်ခံထားကြသည်ကိုတွေ့ရ၏။ ဤအမြင်ခံယူချက်ကို နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ယုတ်စွအဆုံး ဘာသာရေးအရသော်လည်းကောင်း မိမိထက် သာလွန်ကြီးမြင့် နေသည့် အခြားလူသားများနှင့် တွေ့ဆုံဆက်ဆံလိုက်ရသောအခါတွင် ပို၍ ထင်ထင်ရှားရှားခံစားလာခဲ့ရသည်ကို တွေ့ရပေသည်။

ဤလူ့အဖွဲ့အစည်းထဲတွင် သြဇာအာဏာကြီးသူများ၊ ကြွယ်ဝချမ်းသာသူများ၊ ရာထူးဂုဏ်သိမ်ကြီးမြင့်သူများသည် သူ့ထက်နိမ့်ကျသော အခြားသူများနှင့်ဆက်ဆံရသောအခါ ကိုယ်နှင့်တန်းတူထားပြီးဆက်ဆံကြသည် မဟုတ်ပေ။ လူကို လူလို သဘောထားကြသည်မဟုတ်။ အရည်အချင်းမရှိသူတွေအဖြစ် နှိမ့်ချပြီး အပေါ်စီးနှင့်မြင်ကြသည်သာဖြစ်၏။ သူတို့ဆန္ဒရှိသလို စိတ်ကြိုက်ပြဌာန်းထားသည့်အခြေအနေထဲရှိ အခိုင်းခံ၊ အပြုခံများအဖြစ် သဘောထားကြသည်သာဖြစ်၏။ အသုံးချခံအရာဝတ္ထုတခုလို ဆက်ဆံကြပေ၏။ ဤအခြေအနေ၊ ဤပတ်ဝန်းကျင်၊ ဤလူ့အဖွဲ့အစည်းတွင် စစ်မှန်စွာဖြစ်တည်နေသည့်လူဟူသည် မည်သို့ရှိနိုင်မည်နည်း။ လူတို့သည် နေရင်းထိုင်ရင်း အလိုလို လူစင်စစ်မှ ရုပ်သေးရုပ်များ၊ အရာဝတ္ထုများဖြစ်သွားကြတော့၏ ဟု ယန်းပေါဆာ့တ်က ဆိုပေသည်။

ထို့ပြင် လူသားတို့သည် မိမိတို့ လုပ်ချင်ကိုင်ချင်သည်များကို ပြုလုပ်ဆောင်ရွက်နိုင်ကြသောအခါတွင် ဤကမ္ဘာလောကကြီးတွင် သူ လုပ်ချင်တာဖြစ်သည်။ ဤကမ္ဘာလောကကြီးတခုလုံးကို သူပိုင်ဆိုင်သည်ဟု ထင်မြင်လာတတ်ကြ၏။ သို့သော် ဤ လောကကြီးတွင် မိမိဆန္ဒရှိသောအရာတိုင်းကို အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းကို သိရှိလာသောအခါ၌လည်းကောင်း၊ မိမိသည် ပတ်ဝန်းကျင်လောကကြီး၏ မျက်စိဒေါက်ထောက် အစစ်ဆေးခံနေရကြောင်းသတိပြုလာသောအခါ၌လည်းကောင်း သူ့အမြင်သည် ပြောင်းပြန်ဖြစ်သွားမည်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးကသာလျှင် မိမိတကိုယ်လုံးကို ပိုင်ဆိုင်ထားသည်ဟု ကောင်းစွာသိမြင်ခံစား လာပေမည်။ ဤသို့ခံစားချက်နှင့်အတူ သူ၏ လွတ်လပ်မှုသည်ပျောက်သွား၏။ အပြုခံရုပ်ဝတ္ထုတခုသာ ဖြစ်သွားတော့၏။ ထိုအခါ သူသည် ဘဝ၏ လွတ်လပ်မှုအရသာကို မခံစားနိုင်တော့ပေ။ ဘဝ၏စိန်ခေါ်ချက်ကို ရဲဝံ့စွာ ရင်မဆိုင်နိုင်တော့ဘဲ ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့် အဖြစ်သို့ ရောက်သွားတော့၏။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးရှက်နေတော့၏။  ဤကဲ့သို့ လူတဦးသည် ကိုယ့်ဘဝကိုယ်ပြန်ပြီး ရှက်စိတ် ဝင်လာပါက မိမိအတွက်မိမိဘာသာရှိခြင်းတည်းဟူသော စစ်မှန်စွာဖြစ်တည်နေသည့်လူ့ဘဝကို နားလည်နိုင်စွမ်း ရှိတောမ့ည် မဟုတ်ပေ။
ဤသို့သော လူစင်စစ်မှ မိမိကိုမိမိလျှောချပြီး ရုပ်ဝတ္ထုပစ္စည်းအဖြစ် ထင်မြင် ခံစားသွားစေသည့်အခြေအနေ၊ ပတ်ဝန်းကျင်အားလုံးတို့ကို တွန်းလှန်ဖယ်ရှားပစ်ရမည်။ ဤသို့တွန်းလှန်ရုန်းကန်ရင်း လူသားသည် စစ်မှန်စွာဖြစ်တည်နေသောလူ့ဘဝ (ဝါ) လူသားပီသသောလူ့ဘဝကို မိမိဘာသာမိမိ တည်ဆောက်ယူရမည်ဟု ဖြစ်တည်မှုဝါဒီများက တွန်းအားပေးကြလေသည်။

Thursday, March 21, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁၈)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁၈)
ကိုယ်ကလွဲငရဲ။
ယန်းပေါဆာ့တ်အလိုအားဖြင့် လူသည် ဤလောကအတွင်းသို့ မည်သည့်ပြဌာန်းချက်မှမပါဘဲ စွန့်ပစ်ခံရပြီး ရောက်ရှိလာရခြင်းဖြစ်သည်။ လူအဖြစ် မွေးဖွားဖြစ်တည်လာချိန်တွင် လူတွင်မည်သည့်အနှစ်သာရမှ မရှိပေ။ မိမိပြုမူဆောင်ရွက်ချက်များဖြင့် မိမိဘဝ၏ အနှစ်သာရ ဂုဏ်ရည်များကို တည်ဆောက်ယူရပေသည်။ သို့ဖြစ်၍ လူ့ဘဝဟူသည် ပြုမူဆောင်ရွက်ချက်အားလုံးကို စုပေါင်းထားခြင်းဖြစ်၏။ လူပုဂ္ဂိုလ် တဦးသည် ဤသို့မိမိဘဝကိုတည်ဆောက်ရာ၌ အပြုအမူများကို လွတ်လပ်စွာရွေးချယ်နိုင်၏။ ထို့ကြောင့် လူတွင် သူ့အပြုအမူ အားလုံး အတွက် လုံးဝတာဝန်ရှိ၏။ မိမိလွတ်လပ်စွာရွေးချယ်ပြုမူဆောင်ရွက်ချက်များအတွက် လုံးဝတာဝန်ရှိ၏။ မိမိ လွတ်လပ်စွာရွေးချယ် ပြုမူ ဆောင်ရွက်ချက်များအတွက် မိမိသာလျှင် လုံးဝတာဝန်ယူရပေမည်။ လူ့တာဝန်ကိုသိသောလူသာလျှင် စစ်မှန်စွာဖြစ်တည်မှုရှိသောသူ ဖြစ်၏။ လူပီသသောသူ ဖြစ်ပေသည်။ တာဝန်သိသောလူတိုင်းသည် ပူပန်သောကဝေဒနာကို ခံစားရမည်သာဖြစ်၏။ သို့ရာတွင် အချို့သောလူတို့သည် တာဝန်ကိုရှောင်ကြ၏။ ရင်မဆိုင်ဝံ့ကြ။ လွတ်လပ်မှုကြောင့် ပြင်းပြစွာခံစားရမည်။ “လွတ်လပ်မှု၏ဖွားဖက်တော်”ဝေဒနာ များမှရှောင်ရှားလို ကြ၏။

ထိုသူတို့သည် အပြုအမူရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကိုစွန့်လွှတ်ပြီး မိမိတို့သည် မလွတ်လပ်ဟုထင်မြင်လာကြသည်။ လူ့ပတ်ဝန်းကျင် နိုင်ငံရေး အခြေအနေများ၊ လူမှုရေးထုံးဓလေ့များ၊ ဘာသာရေးကျင့်ဝတ်များက သူတို့၏အပြုအမူများကိုအဆုံးအဖြတ်ပေးသည်ဟု မြင်လာကြ၏။ ဤအခြေအနေဆုံးဖြတ်ချက်များအရသာ မိမိတို့သည် လှုပ်ရှားပြုမူနေရခြင်းဖြစ်၏ဟု ခံယူလာကြသည်။ ဤသို့ဖြင့် သူတို့သည် လူ့ဘဝ၏ စစ်မှန်စွာဖြစ်တည်နေမှုကိုစွန့်လွှတ်ပြီး မိမိကိုယ်မိမိ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ နှိမ့်ချပစ်လိုက်၏။ လူစစ်စစ်ဘဝမှ ကျောက်ရုပ်ဘဝရောက်သွား ကြ၏။ သူတို့သည် ကျောက်ရုပ်တခုကဲ့သို့ ဘာမျှအပူအပင်မရှိ၊ သောကဝေဒနာမရှိ နေလိုကြသူများဖြစ်ကြ၏။ ဤကဲ့သို့ မိမိတို့၏ လွတ်လပ်သောအဖြစ်ကို ရှောင်လိုသူများ(ဝါ)ရင်မဆိုင်ဝံ့သူများသည် မိမိကိုယ်မိမိ ပြန်လည်ပြီးလိမ်လည်လှည့်စားကြ သူများသာဖြစ်သည်။ မိမိကိုယ်မိမိ ပြန်လည်ပြီးလိမ်လည်ခြင်း၊ လှည့်စားခြင်းကို“မရိုးသားမှု(Bad Faith)”ဟု ဆာတ့်ကခေါ်၏။

မရိုးသားမှုသည် လိမ်လည်ခြင်းနှင့်ဆင်တူသော်လည်း ထပ်တူထပ်မျှမဟုတ်ပေ။ လိမ်လည်ခြင်းသည် အမှန်တရားကို အခြားသူတဦးဦး မမြင်မသိစေရန် ဖုံးကွယ်ထားခြင်း ဖြစ်၏။ ယင်းတွင် လိမ်လည်သူနှင့်အလိမ်ခံရသူ အနည်းဆုံးပုဂ္ဂိုလ်နှစ်ဦးရှိ၏။ မရိုးသားမှုကမူ မိမိကိုယ်မိမိ ပြန်၍ အမှန်တရားကို ဖုံးကွယ်ထားခြင်းဖြစ်၏။ ယင်းတွင် လိမ်လည်သူနှင့်အလိမ်ခံရသူမှာ မိမိတဦးတည်းသာဖြစ်၏။ မရိုးသားမှုသည် ပြင်ပ လက္ခဏာရှိသောအရာ မဟုတ်ပေ။ မိမိသိစိတ်အတွင်း၌သာရှိနေသည့်အရာ ဖြစ်ပေသည်။ မရိုးသားမှုသည် လူအချို့တွင်ရံဖန်ရံခါ ပေါ်တတ်သော်လည်း အချို့လူများကမူ မရိုးသားမှုကို တသက်လုံးပေါင်းဖော်သွားကြသည်ဟု ဆာ့တ်က ဆို၏။

မရိုးသားမှုကိုသရုပ်ဖော်ပြသော ဥပမာတခုကို ဆာ့တ်က ဤသို့ပေးခဲ့၏။ မိန်းမပျိုတဦးတွင် သူမကို ချဉ်းကပ်၍ ချစ်ရေးဆိုထားသူရှိ၏။ တနေ့တွင် ထိုသူနှင့်အပြင်သို့သဘောတူ လိုက်လာခဲ့သည်။ အပြင်သို့ခေါ်ထုတ်သော သူ့သဘောကိုလည်း သူမသည် အလုံးစုံရိပ်စားမိ၏။ သို့ဖြစ်၍ မိမိမှာဆုံးဖြတ်ချက်အဖြေတခု ချရတော့မည်ဖြစ်ကြောင်း သူမ သိထား၏။ ထိုစဉ် သူမလက်ကို သူဆုပ်ကိုင်ကာ ပွတ်သပ်ချော့မြှူ လာ၏။ မိမိ ဘာလုပ်ရမည်နည်း။ ဆုံးဖြတ်ချက်တခုခုတော့ ချက်ချင်း ချမှဖြစ်မည်။ မိမိလက်ကို ဒီအတိုင်းထားပါက သူ့အလို သူ့သဘော အတိုင်းလိုက်လျောရာ ကျမည်။ အပေါစားများ ဆန်သွားမည်လား။ ဤသို့မဟုတ်ဘဲ မိမိလက်ကို ရုပ်လိုက်ပါက နောင်တွင်သူနှင့် အဆက် အသွယ်ပြတ်သွားနိုင်သည်။ တခုချုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည်။ သို့သော် သူမက ဘာမျှမလုပ်ခဲ။့ ဘာမျှ မဆုံးဖြတ်ခဲ့။ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းပစ်လိုက်သည်။

ဤနေရာတွင် မရိုးသားမှု ဝင်လာတော့၏။ သူမလက်ကို သူ့လက်ထဲတွင် ဒီအတိုင်းထားခြံ၏။ သူ၏ ပွတ်သပ်ချော့မြှူမှုကို ဂရုမပြုမိသလို နေလိုက်၏။ မသိသလို သဘောထားလိုက်၏။ မိမိတွင် သိစိတ်မရှိတော့သလို ပြုမူလိုက်၏။ ဤသည်မှာ သူမသည် မိမိကိုယ်မိမိ ရုပ်ဝတ္ထုပစ္စည်းသဖွယ် ပြောင်းလဲခံယူလိုက်ခြင်းဖြစ်၏။ သူမ၏လက်သည် သစ်သားချောင်းတချောင်းပမာ သက်မဲ့ အရာဝတ္ထုတခုဖြစ်သွားပြီး ငြင်းဆန်ခြင်းလည်းမရှိ။ လိုက်လျောခြင်းလည်း မရှိတော့ပေ။ စင်စစ်မူ သူမသည် မိမိဘာသာမိမိ လူသားစစ်စစ်တဦး၏ ရွေးချယ်ပိုင်ခွင့်ကို ဆုံးရှူံးခံလိုက်ခြင်းဖြစ်၏။ မိမိ၏လွတ်လပ်မှုကို မိမိဘာသာမိမိ ငြင်းပယ်လိုက်ခြင်းဖြစ်၏။ မိမိကိုယ်မိမိ ပြန်လည် လှည့်စားလိမ်လည်လိုက်ခြင်း ဖြစ်၏။ “မရိုးသားမှု” နွံအိုင်ထဲသို့ မိမိဘာသာမိမိ ခုန်ဆင်းလိုက်ခြင်းဖြစ်ပေတော့သည်။

ကိုယ်ဘ့ဝအပေါ် ကိုယ်ပြန်လိမ်လည်လှည့်စားနေကြသော ဤသို့သော မရိုးသားမှုများသည် ဤလောကတွင် အများအပြားရှိနေ၏။ ထာဝရဘုရား၏ဖန်ဆင်းမှုကြောင့် လူဖြစ်လာရသည်ဟု ယုံကြည်နေကြသူများသည် မရိုးသားမှုအဖြစ်အတွင်း တနည်းတဖုံရောက်သွားကြ သူများသာဖြစ်သည်။ မိမိဘဝကို ထာဝရဘုရားက ပြဌာန်းစိုးမိုးထား၏။ မိမိပြုမူဆောင်ရွက်ချက်မှန်သမျှသည် ထာဝရဘုရားအလိုတော်အရ ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့သည် လွတ်လပ်သူများ မဟုတ်ဟုယူဆကြကာ မိမိကိုယ်မိမိ ပြဌာန်းခံများအဖြစ် လိမ်လည်၍ အသွင်ပြောင်းကြ၏။

ထိုနည်းတူ ဖရိုဒ်ဂိုဏ်းသား စိတ်ပညာရှင် (Freudian Psychologist)တို့သည်လည်း မိမိကိုယ်မိမိ ပြန်၍လိမ်လည်နေကြသူများဖြစ်၏။ သူတို့က လူတို့၏အပြုအမူလုပ်ဆောင်ချက်မှန်သမျှသည် ယင်းတို့၏ မိသားစုပတ်ဝန်းကျင်အခြေအနေ၏ရောင်ပြန်ဟပ် ရိုက်ခတ်ချက်များသာ ဖြစ်၏။ လိင်ပိုင်းဆိုင်ရာစွမ်းအား(Libidinal Energy)မှ ထွက်ပေါ်လာသောရလဒ်များသာဖြစ်သည်ဟု ယုံကြည်ကြ၏။ ဖရိုဒ်ဂိုဏ်းသားတို့သည် ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် တာဝန်ယူဖြေရှင်းရမည်ဟူသော အချက်ကိုလက်မခံကြ။ လူ့ဘဝစစ်မှန်စွာဖြစ်တည်မှုကိုရှောင်ပြီး မိမိဘဝပြင်ပရှိ ပတ်ဝန်းကျင်အခြေအနေကို အပြစ်ဖို့တာဝန်ယူစေကြ၏။ အလွန်မှားယွင်းသော အယူအဆကြီးသာဖြစ်၏။ ကိုယ့်ကိုယ်ကိုပြန်လည်လှည့်စား ထားခြင်းသာဖြစ်၏။ မရိုးသားမှုကြီးသာဖြစ်၏ဟု ဆာတ့်က ဖရိုဒ်ဂိုဏ်းသားစိတ်ပညာရှင်တို့ကို စွပ်စွဲပြစ်တင်ခဲ့၏။

ဝမ်းနည်းစိတ်ပျက်စရာကောင်းသည်မှာ လူအတော်များများသည် ဤမရိုးသားမှု ဘဝထဲတွင် ကိုယ့်ကိုယ်ယ်ကိုပြန်လှည့်စားပြီး နေထိုင်ပျော်မွေ့ နေကြခြင်းဖြစ်၏။ ဤသို့ မရိုးသားသောလူများ တဦးနှင့်တဦး ဆက်နွယ်ဖွဲ့စည်းကြသည့်လူမှုရေးစနစ်များ၊ လူ့ အဖွဲ့အစည်းများအတွင်း ရိုးသား သန့်စင်စွာ လူပီပီသသ အသက်ရှင်နေထိုင်နိုင်ရန်မှာ အတော်ပင်ခက်ခဲလှသည်ဟု ဆာ့တ်က ယူဆ၏။

လူ့အဖွဲ့အစည်း(အနောက်တိုင်း)အတွင်း ပုဂ္ဂလလူသားတဦးသည် အခြားလူသားများနှင့် မလွဲမသွေဆက်ဆံလာရသောအခါတွင် မိမိ၏ လွတ်လပ်မှုသည် ခြိမ်းခြောက်ခံလာရ၏။ ဤလောကတွင် လူသားတို့သည် တဦးကိုတဦး ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး ဆက်ဆံကြ၏။ မိမိ အတွက်အသုံးဝင်မှု ရှေ့ရှူကြ၏။ လူတဦးသည် အခြားသူတဦးကို ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် အသုံးချလိုကြ၏။ အခြားလူပုဂ္ဂိုလ် တဦးသည်လည်း မိမိကဲသို့လွတ်လပ်သူဖြစ်နေပါလားဟူသောအသိကို မေ့ထားကြ၏။ လွတ်လပ်မှုဆုံးရှူံးသွားသောလူသားသည် လူစင်စစ်မှ အရာဝတ္ထုအဖြစ် ဈာန်လျှော ကျဆုံးသွားမည်သာဖြစ်၏။ ထို့ကြောင့် ဆာ့တ်က ပုဂ္ဂလလူသားတဦးအတွက်“ငရဲဟူသည် အခြားသူများ ဖြစ်သည်”ဟု ဆိုလေ၏။

လူပုဂ္ဂိုလ်တဦး၏ စစ်မှန်စွာဖြစ်တည်နေသည့် လူစင်စစ်ဘဝမှနေ၍ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ ပျက်စီးသွားစေခြင်းအကြောင်းတရပ်မှာ မိမိနှင့် ဆက်ဆံပေါင်းသင်းလာရသော အခြားလူသားများဖြစ်ကြ၏။ လူသားစင်စစ် ဧကန်ဖြစ်နေပါလျှက်နှင့် လူမဟုတ်တော့သည့်ဘဝကို ရောက်သွားစေသည်မှာ အခြားလူများဖြစ်၏။ ပြုလုပ်ဖန်တီးသူဘဝမှ အပြုခံရုပ်ဝတ္ထုဘဝသို့ သက်ဆင်းသွားခြင်းမှာ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းလှသည့်ငရဲပြည်သို့ ရောက်သွားသကဲ့သို့ဖြစ်သည်။ ဤအဖြစ် ဤအခြေအနေကို ဆိုက်ရောက်သွားစေသူမှာ အခြားလူများဖြစ်၏ဟု ဆာ့တ်က ဆိုလိုခြင့်းဖြစ်ပေသည်။

ဤလောကတွင် လူတို့သည် တဦးနှင့်တဦး လူလိုသူလိုဆက်ဆံခြင်းမပြုကြသဖြင့် ပုဂ္ဂလလူသား၏ စစ်မှန်သောဖြစ်တည်မှုကို နားမလည်နိုင်ကြ၊ မခံယူနိုင်ကြတော့ပေ။ ဤသို့ဖြင့် လူ့လောကကြီးအတွင်း လိမ်လည်လှည့်စားမှုများပြည့်လွှမ်းလာတော့၏။ ဟန်ဆောင် လောကကြီး ဖြစ်လာတော့၏ဟု ဆာ့တ်က ပြောကြား၏။

“မြေခွေး” နေဝင်းမြင့်

0 comments
မြေဖွေးနေဝင်းမြင့်
(၁)
ကိုကျောက်စီ ဆိုတဲ့လူကို တစ်နယ်လုံးကသိကြတာတော့ မဟုတ်ဘူး။ သူနေတဲ့ တဲကလေးနဲ့ တော်တော်လေးလှမ်းတဲ့ တန်းလျား လေးငါးလုံးကလူတွေ (မသကာ ရှိလှရင် လူခြောက်ဆယ်လောက်) ကပဲ သိတာပါ။
ကျောက်စီ ဆိုတဲ့နာမည်ကိုလည်း တချို့က ကျောက်စိ တဲ့၊ တချို့က ကျောက်စီ တဲ့။ ကိုကျောက်စီကလည်း ထူးလိုက်တာပါပဲ။ သူ့ဟာသူတောင် ကျောက်စိ လား၊ ကျောက်စီ လား၊ ကျောက်စည်လား သိတာမဟုတ်ဘူး။
သူ့ပုံက ကျောက်ပွင့်ကလေးတွေစီထားတဲ့ ကျောက်စီတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီးကျောင်းတွေက အင်ကြင်းပင်ကြီးတွေ သိပ်ကြီးသွားလို့ ကျောက်ဖြစ်သွားတဲ့အခါ လုပ်လေ့ရှိတဲ့ ကျောက်စည်းထိုးတဲ့ ကျောက်တုံးကြီးတစ်တုံးနဲ့တူလို့ ဖြစ်ချင်းဖြစ်ရင် ကျောက်စည်ဆိုတဲ့နာမည်နဲ့က ပိုလိုက်တယ်။

ထားပါတော့၊ ကျောက်စီပဲ။ လူက မည်းလိုက်တာ သပိတ်ကိုသာ ကြည့်တော့။ ခေါင်းတုံးကလည်း အမြဲရိတ်တော့ ဦးပြည်းဟာ ဘယ်တော့မဆို ပြောင်နေလေ့ရှိတယ်။ ရုပ်ကလည်း ဇာတ်ထဲက ဘီလူးခေါင်းစွပ်ကို တွေ့ဖူးတယ် မဟုတ်လား၊ အဲဒီရုပ်မျိုး။ မျက်ခုံးနဲ့ မျက်လုံးတွေက အပေါ်ကိုထောင်တက်နေတော့ အမြဲတမ်းရန်လိုနေတဲ့မျက်နှာပေးက ထင်းခနဲ ပေါ်နေတတ်တယ်။

ရင်ဘတ်မှာက မင်ကြောင်ထိုးနဂါးတစ်ကောင် ရှိတယ်။ မည်းနေတဲ့ အသားပေါ်က စိမ်းဖန့်ဖန့်ဆေးမင်ရယ်၊ နဂါးအကြေးနဲ့ ဟင်္သပြဒါးအနီရယ်ဟာ ရုတ်တရက်ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့ နဂါးခေါင်းကတော့ သေသေချာချာကြည့်ရင် သိပ်အနုစိတ်တဲ့ခေါင်းမျိုး ဗမာနဂါးလည်း မဟုတ်ဘူး။ အကွေးအတွန့်တွေနဲ့ အမွေးအမှင်တွေများတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။ အကြေးခွံတွေအထပ်ထပ်နဲ့ နဂါးကိုယ်လုံးဟာ သူ့ ရင်ဘတ်ကတစ်ဆင့် ညာဘက်လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက်လက်ခုံပေါ်မှာ ဆုံးတယ်။ ရင်ဘတ်ကနဂါးခေါင်းက အောက်ဘက်ကို ပါးစပ်ဖြဲလှည့်ထားတော့ ဝမ်းဗိုက်တစ်ခုလုံးနီးပါးဟာ နဂါးခေါင်းနဲ့ ပြည့်နေလေရဲ့။
ကျောက်စီတို့ကတော့ နတ်၊ ပြာ၊ တွဲ - တောင်တို့၊ တော်၊ ကျွတ်၊ မုန်း - ရှေ့တို့ မဟုတ်ဘူးဗျ။ အမြဲတမ်း နဂါးခေါင်း အောက်ကို လှည့်တယ်လို့ မူးလာရင် အမြဲပြောတတ်တယ်။ အမြဲပြောနိုင်ဖို့ကလည်း အမြဲမူးနေဖို့လိုတယ်လို့လည်း တွက်ထားဟန်တူပါရဲ့။ အရက်နဲ့ မျက်နှာသစ်၊ အရက်နဲ့ ပလုတ်ကျင်း၊ အရက်နဲ့ပဲ ထမင်းစား၊ အရက်နဲ့ပဲ ခြေဆေးတယ် ဆိုတဲ့လူ။

လောလောဆယ်တော့ သူဟာ လူသူနဲ့ဝေးဝေး တောအုပ်ညို့ညို့ကြီးထဲက တဲကလေးတစ်လုံးမှာ နေတယ်။ သူ့ပတ်ဝန်းကျင်မှာ အင်မတန် နက်ရှိုင်းတဲ့ ကျင်းကြီး၊ ချိုင့်ကြီးတွေ ရှိတယ်။ အတော်အတန် ကြီးတဲ့ သစ်ပင်ကြီးတွေ ရှိတယ်။ တောင်ကုန်းမြင့်မြင့်ကြီးတွေ ရှိတယ်။ ပြီးတော့ သူ တာဝန်ယူစောင့်ရတဲ့ မြေကော်တဲ့ယန္တရားကြီးတစ်လုံးလည်း ရှိတယ်။
ဒီယန္တရားကြီးဟာ အဲသည်ပတ်ဝန်းကျင်က တောတွေ၊ တောင်ကုန်းတွေကို ဖြိုတဲ့ ယန္တရားကြီးပဲ။ ကျင်းတွေ၊ ချိုင့်တွေဟာ အဲသည် ယန္တရားကြီးရဲ့ လက်ချက်ပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး၊ လိုအပ်တဲ့အခါ ယန္တရားမောင်းတဲ့လူရောက်လာပြီး ကော်တော့တာပဲ၊ ဖြိုတော့တာပဲ၊ တူးတော့တာပဲ။ မလိုအပ်တဲ့အခါ သုံးလေးလ မလာပြန်ဘူး။

ဘာပဲဖြစ်ဖြစ် ကိုကျောက်စီက ပစ္စည်းတွေမပျောက်ပျက်အောင် စောင့်ရတယ်။ စက်ကြီးက တောထဲမှာ နှစ်ပေါက်အောင်ရှိနေတတ်တော့ သူကလည်း နှစ်ပေါက် နေနေရတော့တယ်။ သည်တောထဲမှာကိုပဲ သူနေရတာ ရှစ်နှစ် ပြည့်တော့မယ်။ သောက်ရေအိုးအညှိတက် တစ်လုံး၊ သင်ဖြူးဟောင်းတစ်ချပ်နဲ့ မီးဖိုချောင်ပစ္စည်းလေး အနည်းအကျဉ်းက လွဲရင် တဲထဲမှာလည်း ဘာမှမရှိဘူး။

ယန္တရားကြီးအလုပ်ရှိတဲ့အခါ သူ အူစိုတယ်၊ ဆီလေးဘာလေးလည်း ရတယ်၊ ပိုက်ဆံလေးဘာလေးလည်း ရတယ်။ ကျန်တဲ့အချိန်ကတော့ ကလေးတွေပြောသလို လက်ချည်းပဲ။ ရတဲ့လခကလေးနဲ့ စားရတာပဲ။ တစ်လ တစ်လ ရတဲ့လခကလေးဟာ မနီးမဝေးတန်းလျားက အိမ်ဆိုင်ကလေးကို အရက်ဖိုးဆပ်တာနဲ့ ကုန်တာပါပဲ။ လဆန်းရင် ပြန်စ၊ လကုန်ရင် အတိုးဆပ် သည်လိုနဲ့ လည်ပတ်နေတာပါပဲ။
အိမ်ဆိုင်ကလေးကလည်း အရက်ကောင်းကောင်း ရောင်းတာ မဟုတ်ဘူး၊ တာဇံလို့ခေါ်တဲ့ ကောက်ညှင်းအရက် ခေါ်မလား၊ ထန်းလျက် အရက် ခေါ်မလား၊ အဲဒါပဲ ရတာ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ညနေစောင်းရင် သူ့တဲကလေးကနေ နာရီဝက်မရှိတရှိလောက် လျှောက်လာ၊ တန်းလျားခန်းတွေထဲကို ဝင်၊ တစ်ခွက်တစ်ဖလား သောက်၊ ပြီးရင် ပြန် ဒါဟာ နေ့စဉ် သူလုပ်နေကျပဲ။

အရင်တုန်းကတော့ (သည်ယန္တရားကြီးကို လုံခြုံရေးမစောင့်ရခင်တုန်းကတော့) ဘဝ တော်တော်များများမှာ ကျင်လည်ခဲ့တာ ထားပါတော့၊ အခု ဒီဘက်ရှစ်နှစ်လောက်ကတော့ သူ့မှာ မနက်-ည သည်တန်းလျားလေးကို လာပြီး အရက်သောက်၊ ပြီးရင် ပြန်ပဲ။ တောထဲက တဲကလေး ထဲမှာ ညဘက် ဒီဇယ်ဆီ မီးခွက်ကလေးနဲ့ မှိတ်တုတ်မှိတ်တုတ် နေတော့တာပါပဲ။
ခက်တာက ယန္တရားကြီးမလည်ရတာ ကြာပြန်ပြီ။ ယန္တရားမောင်းတဲ့လူကလည်း ယန္တရားမလည်တော့ မလာတော့ဘူး။ သည်တော့ သူ့မှာ တခြားဝင်ငွေလည်း မရှိဘူး။

အစားမှန်မှန် မစားတာရော၊ အရက်တွေ ထောင်းထအောင် သောက်တာရောကြောင့် သူလည်း တစ်စတစ်စ ပိန်ချုံးသထက် ပိန်ချုံးလာတယ်။
သူ ပိန်ချုံးလာတော့ သူ့ရင်ဘတ်ကနဂါးကြီးကလည်း ပိန်ချုံးလာတော့တာပဲ။ လက်တွေခြေတွေလည်း တုန်လာတယ်။ မကြာမကြာလည်း အအေးမိတယ်။ အဆုတ်ကလည်း ပွချင်တယ်။ ခြင်တွေ၊ ဖြုတ်တွေကလည်း သီးနေအောင်ကိုက်ထားတော့ အရေပြားတွေမှာလည်း အနာ့ပဆုပ်တွေ၊ ပွေးတွေ၊ ဝဲစိုတွေ၊ ညှင်းကြီးကွက်တွေနဲ့ အပြည့်ပဲ။

ရေ ဆိုတာကလည်း တူးထားတဲ့ချိုင့်တွေထဲက တင်နေတဲ့မိုးရေကို ချိုးရင် ချိုး၊ သောက်ရင် သောက်၊ ဒါပဲ။ ဘယ်ကမှ ရေသန့်သန့် မရနိုင်ဘူး။
အဲသလိုနဲ့
အဝါရင့်ရောင် ယန္တရားကြီးရယ်၊ တဲကလေးတစ်လုံးရယ်၊ သူရယ်၊ သူ့ရင်ဘတ်က နဂါးတစ်ကောင်ရယ်၊ ကျင်းတွေချိုင့်တွေရယ်၊ သစ်တော ညို့ညို့ရယ်၊ ဖျာတစ်ချပ် ရေအိုးတစ်လုံးရယ်၊ တာဇံထည့်တဲ့ ပုလင်းလွတ်လေးငါးလုံးရယ်ကလွဲရင် သူ့မှာ တွယ်တာစရာ ဘာသံယောဇဉ်မှ မရှိဘဲ နေလာတာကိုက ပြောခဲ့ပါပြီကော၊ ရှစ်နှစ်လောက်ရှိပြီ လို့။
* * *
(၂)
ရေတမာရွက် ကြမ်းကြမ်းတွေ ကြားက နှင်းဆီပွင့်တွေဟာ ရောင်စုံပဲ။ လှလိုက်တာလည်း မပြောနဲ့တော့။ အဝါလည်း ပါတယ်၊ ပန်းသွေးနုနုတွေလည်း ပါရဲ့၊ ကြက်သွေးရောင် စိုစိုဖတ်ဖတ်ကြီးတွေ ဆိုတာကလည်း မနည်းဘူး၊ နှင်းဆီရနံ့တွေကလည်း သူ့တဲကလေးထဲမှာ ကြိုင်လို့လှိုင်လို့။ လှချင်တိုင်းလှနေတဲ့ နှင်းဆီပွင့်တွေကို ကိုကျောက်စီ ငေးတောင်နေမိတယ်။ အပွင့်ရောင်စုံတွေကိုလည်း သူ့လက်ကြမ်းကြမ်း ကြီးတွေနဲ့ တယုတယ ပွတ်သပ်ကြည့်မိသေးတယ်။
ကိုကျောက်စီက သူ့ရဲကတုန်ကယင်လက်တွေနဲ့ နှင်းဆီပွင့်ကလေးတွေကို အသာအယာဆွဲနုတ်တယ်။ အဝါတွေကို သတ်သတ် ဖယ်တယ်၊ ပန်းရောင်အဖူးကလေးတွေကို သီးသန့်ထားတယ်။ ကြက်သွေးရောင် နီညိုညိုအပွင့်ကြီးတွေကိုတော့ များလွန်းလို့ နှီးစမျှင်မျှင်ကလေးတွေနဲ့ အရင် စည်းတယ်။ ငါးပွင့် တစ်စည်း၊ လေးပွင့် တစ်စည်း စည်းတယ်။ ဖြစ်သင့်တာက ဆန်ကောလို၊ လင်ပန်းလို အချပ်ကြီးထဲမှာ စီပြီး ထည့်ထားရမှာ။ သူ့မှာ ဆန်ကောမရှိဘူး။ သည်တော့ တောငှက်ပျောရွက်ကြီးတွေနဲ့ တစ်ရောင်စီ ခွဲထုတ်တယ်။

ရေညှိတက်နေတဲ့ သောက်ရေအိုးက ရေ တစ်ခွက် ခပ်တယ်။ တစ်ဝက်ကို သောက်တယ်။ တစ်ဝက်ကို ပန်းတွေအပေါ် ဖျန်းတယ်။ တဲအပြင် ထွက်ပြီး အလင်းရောင်ကိုကြည့်တယ်။ အချိန် ရှိသေးတယ်၊ ရှိလှမှ သုံးနာရီခွဲပဲ။ သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။ တာဇံနည်းနည်း သောက်လိုက်တယ်။ ပြီးတော့ တန်းလျားဘက်ကို နှင်းဆီဖက်တွေပိုက်ပြီး ထွက်လာခဲ့တယ်။
တစ်သက်နဲ့တစ်ကိုယ် ကိုကျောက်စီ ပန်းရောင်းတာမတွေ့ဖူးကြတဲ့ တန်းလျားထဲကလူတွေ ကိုကျောက်စီ ပန်းလာရောင်းတယ်ဆိုတော့ အထူးအဆန်းကိုဖြစ်လို့။ ဘယ်လိုဖြစ်တာလဲ၊ ဘာသဘောလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပန်းရောင်းဖြစ်သွားတာလဲ အဲသလို တွေးကြတယ်။
ကိုင်း ပန်းတွေဗျို့ ခြံပန်း လတ်လတ်ဆတ်ဆတ်တွေ၊ နှင်းဆီတွေ … ”
တချိုကလည်း ရယ်ကြတယ်၊ တချို့ကလည်း သနားကြတယ်၊ တချို့ကလည်း ဒီကောင် လုပ်လာပြန်ပြီလို့ တွက်ကြဟန်တူပါရဲ ခပ်တည်တည်ပဲ။
မည်းချိပ်နေတဲ့အသား၊ အင်္ကျီမပါ၊ ဖိနပ်မပါ၊ ပုဆိုးတိုတို (အဲဒီပုဆိုးကလည်း နှစ်ပေါက်ပုဆိုးပဲ)နဲ့ နှင်းဆီပန်းရောင်စုံနဲ့က ဘယ်လိုမှကို ဆက်စပ်ကြည့်လို့မရဘူး မဟုတ်လား။
တန်းလျား ဟိုဘက်ထိပ်က ဒီဘက်ထိပ်ကို တစ်ခေါက်ပဲ လျှောက်ရတယ်၊ နှင်းဆီပန်းတွေ လုယူလိုက်သလို ကုန်သွားတယ်။ အဲသည် ဝယ်ကြတဲ့မိန်းမတွေထဲမှာ သူလာသောက်နေကျ တာဇံရောင်းတဲ့ဆိုင်က မိန်းမကိုတော့ သူ မရောင်းဘူး။ အဲဒီမိန်းမက နှင်းဆီအဝါ တစ်စည်းကို လာကိုင်တယ်။ သူက အတင်းပြန်ယူလိုက်တယ်။ ဘာမှတော့ မပြောဘူး။
အဲသည်မိန်းမက ရှင့်အရက်ကြွေးနဲ့ မနှိမ်ပါဘူး၊ ပိုက်ဆံပေးမှာပါလို့ ပြောတဲ့ကြားကကို သူ မရောင်းတာ။ ခင်ဗျားကို သတ်သတ် အလကားပေးပါ့မယ်၊ နောက်မှယူပါဗျာလို့ပဲ ပြောတယ်။
အဲသည်မိန်းမလည်း စိတ်ဆိုးသွားတယ်နဲ့ တူပါတယ်၊ သောက်ကြီးသောက်ကျယ်လို့ တစ်ခွန်းပဲ ပြောပြီး ပြန်သွားတယ်။ ဒါပါပဲ၊

ကျန်တဲ့မိန်းမတွေအားလုံးကို ရောင်းလိုက်တာပါပဲ။ ဈေးထဲမှာ တစ်စည်းကို ခုနစ်ကျပ်ရှစ်ကျပ်ပေးရမယ့် အစည်းတွေကို လေးကျပ်ငါးကျပ်နဲ့ ရောင်းတော့ နှင်းဆီပန်းတွေအားလုံးဟာ ခဏကလေးနဲ့ ကုန်သွားတယ်။
ကိုကျောက်စီရဲ့ စိတ်တွေဟာလည်း ပေါ့ပါးလွတ်လပ်သွားတယ်။ အဘွားကြီးတစ်ယောက်ကတော့ လူကြီးမဟုတ်လား၊ ကိုကျောက်စီ ပန်းရောင်းတယ်ဆိုတော့ ဝမ်းသာလို့ အားပေးတဲ့အနေနဲ့ တစ်စည်းဝယ်တယ်။
ငါ့တူ ကျောက်စီလည်း မရောင်းစဖူး ပန်းတွေဘာတွေရောင်းလို့ပါလား။ သာဓုတော် သာဓု ကိုယ်တော်လေးဆက်ရမယ် မှန်း တစ်စည်းကို ဘယ်လိုရောင်းတုံး
လို့လည်း ပြောတယ်။ မရောင်းစဖူးဆိုတာ အဓိပ္ပာယ်ရှိတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေပါရောလားလို့ ပြောလိုက်တာလည်း ဖြစ်တယ်။

သူတို့သိထားတဲ့ကျောက်စီဟာ ဘယ်တုန်းကမှ ကောင်းရောင်း ကောင်းဝယ် ရှိခဲ့တာမှ မဟုတ်တာကိုး။ မနက်မိုးလင်းအောင် သောက်ပြီး သောက်ပြီးရင် စရိုက်ကြမ်းကြမ်းနဲ့ ရိုက်ဖို့နှက်ဖို့လောက် စဉ်းစားနေတဲ့လူ၊ ခိုးဖို့ဝှက်ဖို့ ကြည့်နေတဲ့လူ မဟုတ်လား။ သူ့တဲနဲ့မနီးမဝေး တောထဲမှာ ကိုးကျင်းကိုးကြောင်းလျှောက်သွားနေတဲ့ နွားတစ်ကောင်ရဲတင်ပါးသားတွေချည်းပဲ ရဲတင်းနဲ့ခုတ်ယူရင် ယူလိုက်တဲ့လူ မဟုတ်လား။ တင်းပါးဆုံသား အိအိကြီးတွေပါမလာတဲ့ နွားတွေဟာ နည်းတာမှ မဟုတ်တာ။ ပိုင်ရှင်တွေက ကိုကျောက်စီ လက်ချက်မှန်းလည်း သိပါတယ်၊ ခက်တာက ကိုယ်တိုင်မမြင်ဘူးလေ၊ ပြောလည်း မပြောရဲဘူးလေ။

နောက် လုပ်နေကျ ရှိသေးတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် ငုတ်ရိုက်၊ လေးခွသားရေတင်းတင်းဆွဲချည်၊ ပြီးရင် ထစ်ကလေးတစ်ခု ခံပြီး ကြိုးနဲ့ ခပ်ဝေးဝေးကိုဆွဲထား၊ သားရေကြိုးပတ်လည်မှာ ဆန်စေ့တွေ ကြဲထား၊ စာကလေးတွေက အုပ်လိုက်ဝင်စားပြီ ဆိုတော့မှ ကြိုးနဲ့ခလုတ်ကို ဖြုတ်လိုက်ရင် စာကလေးဆယ်ကောင်လောက်ဟာ တုံးလုံးပက်လက် ကျန်ရစ်ခဲ့ရော။ ဒါဟာ ကိုကျောက်စီအတွက် အမြည်းပဲ။ အဲသည်ညနေဟာ တာဇံနဲ့ စာကလေးကင် ညနေပဲ။

သည့်အရင်ကလည်း ပန်းရန်နောက်လိုက်ဆိုပြီး တစ်ရက် နှစ်ရက် ပန်းရန်လိုက်လုပ်ဖူးတယ်။ နောက်တစ်နေ့ မလိုက်ရတော့ဘူး။ ပန်းရန်ဆရာ ခေါင်းဆောင်ရဲညို့သကျည်းကို ခုတ်တူနဲ့ ခုတ်ပစ်ခဲ့လို့ တဲ့။

ကိုကျောက်စီအတွက် တစ်ခုကောင်းတာက သူ့မိခင်ဌာနက သူရှိနေတဲ့တဲကလေးနဲ့ တော်တော်ကြီးဝေးတဲ့နေရာမှာ ရှိနေတာပဲ။ သည် ယန္တရားကြီးနဲ့ ကိုကျောက်စီရှိတဲ့နေရာကို တော်ရုံတန်ရုံ တာဝန်ရှိတဲ့လူကလည်း ရောက်လာလေ့ မရှိဘူး။ ယန္တရားကြီးကပစ္စည်း မပျောက်သရွေကိုကျောက်စီဟာ ယန္တရားနဲ့အတူရှိသလား မရှိဘူးလား၊ ဂရုတစိုက် စောင့်ကြည့်သလား မစောင့်ကြပ်ဘူးလားလည်း သိပ်စစ်ဆေးလေ့ မရှိဘူး။

သည်တော့ သူ စိတ်ကူးတည့်ရာ လုပ်လေ့ရှိတယ်။ ယန္တရားကြီးကို ပစ်ထားလေ့ရှိတယ်။ ယန္တရားကြီးကိုပစ်ထားပြီး သွားချင်ရာသွားနေတာပဲ။ လုပ်ချင်တဲ့အလုပ် ထွက်လုပ်နေတာပဲ။ လုပ်တိုင်းလည်း ဇာတ်သိမ်းက မကောင်းဘူး။ ပြဿနာနဲ့ ဆုံးတာချည်းပဲ။ တော်ရုံတန်ရုံလည်း ကိုကျောက်စီရဲပုံပန်းသဏ္ဌာန်နဲ့ သူ့ရင်ဘတ်ကနဂါးကြီးကိုကြောက်လို့ မပြောဖြစ်ကြတော့ဘူး။ နောက်တစ်ခါ မဆက်ဆံတာပဲ ရှိတယ်။ သူကတော့ စုံတယ်။ မိန်းမပျက်တချို့ကို ဆက်သွယ်ပေးတဲ့အလုပ်လည်း လုပ်တယ်၊ ဝက်သေးအိမ်နဲ့ တာဇံသယ်ပေးတာလည်း လုပ်တယ်၊ အငှား ဝက်ပေါ် နွားပေါ်ဖို့ ရဲတင်းတစ်လက်နဲ့ အသင့်စောင့်နေတတ်တာလည်း ရှိတယ်၊ ခပ်တည်တည်နဲ့ မိုက်ကြေးခွဲတတ်တာလည်း ရှိတယ်၊ တာဇံဆိုင်လေးမှာ ခွက်တစ်လုံးနဲ့ လိုက်တောင်းပြီး သူများ သောက်စားနေတဲ့အထဲက ဆိုးခနဲဆတ်ခနဲ နှိုက်စားလိုက်တာလည်း ရှိတယ်။

တန်းလျားထဲကလူတွေသိတဲ့ ကိုကျောက်စီက အဲသလို ကိုကျောက်စီကိုး အခု ပန်းရောင်းတယ် ဆိုတော့ နားမလည်နိုင်ကြဘူး။ ဘာပဲဖြစ်ဖြစ် ပန်းရောင်းတာဟာ ကောင်းတဲ့အလုပ်ပဲ။ နူးညံ့ပျော့ပျောင်းလာတဲ့ သဘောပဲ။ ကိုကျောက်စီဟာ သည်လိုနည်းနဲ့ သူ့ဘဝကို ပြုပြင်လာတယ် ဆိုရင် ပြီးတာပဲ။ လူဆိုတာ မှားတုန်းက မှားခဲ့တာပဲ။ ကောင်းလာပြီ ဆိုရင်လည်း ဘာပြောစရာရှိမလဲ ခွင့်လွှတ်လိုက်ကြ ရတာပဲ မဟုတ်လား။

အဲသည်ညနေက ကိုကျောက်စီ အဘွားကြီးကို ပန်းတစ်စည်း အပိုပေးတယ်။ အဘွားကြီးကို မူးမူးနဲ့ ထိုင်လည်း ကန်တော့လိုက်သေးတယ်။ သူ့အတွက်ပါ ပန်းကပ်ပေးပါဆိုပြီး တစ်စည်းသတ်သတ် ပေးလိုက်သေးတယ်။ အဘွားကြီးဆိုတာ သာဓုချင်း မိုးမွှန်သွားတာပဲ။
ကိုကျောက်စီပြန်လာတော့ လက်ထဲမှာ ငွေလေးဆယ်ကျော်ကျော် ပါလာတယ်။ တာဇံရောင်းတဲ့အိမ်ကလေးဆီကို သွားတယ်။ တာဇံရောင်းတဲ့မိန်းမက သူ့ကို ပန်းမရောင်းလို့ မကျေနပ်ပေမယ့် လက်ငင်းပေးသောက်တော့ ရောင်းတာပါပဲ။ တစ်ပိုင်းသောက်တယ်၊ တစ်ပိုင်းကို ပုလင်းငှားထည့်လာပြီး ယူလာခဲ့တယ်။ သူ့တဲကလေးထဲရောက်တော့ ထပ်သောက်တယ်။ အူလည်း မြူးနေတယ်။ ပျော်လည်း ပျော်နေတယ်။
အဲသည်ညက ကိုကျောက်စီ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်တယ်။ ခြင်တွေ ဖြုတ်တွေ တစ်ကိုယ်လုံးမှာ သီးနေတဲ့ကြားက အိပ်မက်တွေတောင် မက်နေလိုက်သေးတယ်။
* * *
(၃)
နောက်တစ်ရက်မှာတော့ နှင်းဆီပန်းတွေ မဟုတ်ပြန်ဘူး၊ ပန်းတော့ပန်းပဲ။ ဂန္ဓမာတွေ ရောင်စုံလည်း မဟုတ်ဘူး၊ အဖြူတွေချည်း သန့်သန့်။ ဂန္ဓမာဖြူ ပွင့်တွေဟာလည်း အပွင့်ထွားထွားကြီးတွေပါပဲ။ လှနေတာပါပဲ။
ဂန္ဓမာပွင့်တွေကိုလည်း တောငှက်ပျောဖက်နဲ့ သေသေသပ်သပ် ထုပ်တယ်။ ရေဖျန်းတယ်။ တန်းလျားဘက်ကို ထွက်ရောင်းတယ်။
ဟောကိုကျောက်စီကြီးနှင်းဆီပန်း မရတော့ဘူးလား
အင်းကနေ့ ဂန္ဓမာပဲရလာလို့ ကောင်းလိုက်တာ၊ ဂန္ဓမာတွေ ယူပါဦး
နေပါဦးဘယ်ကယူရောင်းတာလဲ
ခြံကသူငယ်ချင်းခြံကအဝေးကြီးပါဗျာ။ မတတ်နိုင်ဘူးဗျာ၊ တစ်နေ့ နှစ်ဆယ်ကျန်ကျန် အစိတ်ကျန်ကျန် လုပ်ရတော့တာပဲ
ကောင်းတာပေါ့ဒီအစည်းကြီးက ဘယ်လိုရောင်းတုံး
ငါးကျပ်နဲ့ပဲ ယူ
သည်လိုနဲ့ ဂန္ဓမာတွေလည်း ကုန်သွားတာပဲ။

အဲသည်နေ့ကလည်း ကိုကျောက်စီ မြက်မြက်ကလေးရတယ်။ ငါးဆယ်ကျော်ကျော် ရတယ်။ သည်ကနေ့ တန်းလျားကမိန်းမဆိုင်မှာ သွား မသောက်တော့ဘူး။ ကိုမောင်ကွန့် ဘီအီးဆိုင်ဘက်ကို သွားတယ်။ ပဲခြမ်းသုပ်ကလေးနဲ့ ဘီအီးတစ်ပိုင်းနဲ့ ထိုင်နေလိုက်တာ ညနေ ခြောက်နာရီကပ်နေပြီဆိုတော့မှ ထ တယ်။

အဲသည်ညက ဘီအီးသောက်လာပေမယ့် တဲကိုရောက်တော့ တာဇံနဲ့ပိတ်တယ်။ တော်တော်လေး မူးတော့မှ ရပ်တယ်။ သူ့မျက်နှာကြီးဟာ အဲသည်ညက တော်တော်ကြောက်စရာ ကောင်းနေတယ်။ အရက်မူးနေတဲ့ ဘီလူးတစ်ကောင်နဲ့လည်း တူနေတယ်။ အဲသည်ညက တဲအပြင်မှာ ထိုင်နေရင်းက ပန်းရောင်းရတဲ့ငွေတွေကို ရေတယ်။ တဲခေါင်မိုးမှာ ပိုက်ဆံခေါက်ကို ညှပ်တယ်။

ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး၊ ကိုကျောက်စီ တဲရှေ့က ကွင်းပြင်ကို ကြည့်ရင်း ရယ်တယ်။ အားရပါးရကို ရယ်တာ။ တောတွေ၊ တောင်ကမူတွေ၊ ချိမ့်ဝှမ်းတွေကြားမှာ အဲသည်ညက ကိုကျောက်စီရဲ့ရယ်သံဟာ ချောက်ချားစရာ ကောင်းနေတယ်။ ကိုကျောက်စီရဲဝမ်းဗိုက်ပေါ်က နဂါးကြီးဟာလည်း အဲသည်ညက မာန်စွယ်တဖွေးဖွေးနဲ့ တလှုပ်လှုပ်နဲ့ ထိလိုက်ရင် ပေါက်လိုက်မယ့် အစွယ်တွေနဲ့ မျက်စောင်းတစ်ချက်ထိုးလိုက်ရင် ပြာဖြစ်သွားလောက်တဲ့ မျက်လုံးတွေနဲ့
နောက်နေ့တွေ နောက်နေ့တွေမှာလည်း ကိုကျောက်စီ ပန်းရောင်းထွက်တာပါပဲ။ ညနေတိုင်း တောငှက်ပျောရွက်ကလေးနဲ့စည်းလာတဲ့ အစည်းထဲမှာ ပန်းတွေသာပြောင်းသွားတယ်၊ ပန်းတွေတော့ ပါတာချည်းပဲ။
တစ်ခါတစ်ခေါက်တော့လည်း ပန်းပြတ်သွားတာလည်း ပါတယ်။ မလာဖြစ်ဘူး။ တစ်ခါတစ်ခေါက်လည်း ဆက်တိုက်ရောင်းဖြစ်နေပြန်ရော။ ပန်းရရင် ရသလို ဆိုပါတော့။
ပန်းတွေကတော့ အမျိုးမျိုးပေါ့လေ။
တစ်ခါတစ်ခါ နှင်းဆီ၊ တစ်ခါတစ်ခါ ဂန္ဓမာ၊ တစ်ခါတစ်ခါ ဖယောင်းပန်း ရိုးတံရှည် အနီ-အဖြူ၊ တစ်ခါတစ်ခါ ဟော်လန်ဒေစီ၊ တစ်ခါတစ်ခါ အာဖရိကန်ဒေစီ
* * *
(၄)
ပထမတော့ ကိုကျောက်စီ ပန်းလာမရောင်းတဲ့ နှစ်ရက်လောက်ကို တန်းလျားစုကလူတွေက သတိမထားမိကြဘူး။ ပန်းမရတဲ့နေ့တွေမှာ ကိုကျောက်စီ လာလေ့မှမရှိတာကိုး။
ကိုကျောက်စီ သောက်နေကျတာဇံဆိုင်ကလေးကိုလည်း နှစ်ရက်လောက် မရောက်ဖြစ်ဘူး။ ဒါလည်း ကိုမောင်ကွန့်ဆိုင်ဘက် လှည့်နေတာ ဖြစ်မှာပဲလို့ တွက်လို့ရနိုင်တာကိုး။
ကိုကျောက်စီ နှစ်ရက်လောက် ပန်းလာမရောင်းတာဟာ ဘာမှလည်း ထူးဆန်းတာမဟုတ်ဘူး။ ဒါပေမဲ့ မဟုတ်ဘူး အဲသည်ညနေမှာပဲ ချောက်ချားဖွယ် သတင်းတစ်ခုက တန်းလျားခန်းကလေးတွေဆီကို ရောက်လာတယ်။
ကိုကျောက်စီဟာ သူ့တဲကလေးထဲမှာ သေနေတာ နှစ်ရက်ရှိပြီဆိုတဲ့သတင်းပဲ။ တိုက်တိုက်ဆိုင်ဆိုင် ယန္တရားကြီးကို စက်နှိုးဖို့ရောက်လာတဲ့ အော်ပရေတာက အလောင်းကိုတွေ့တာလို့လည်း ဆိုတယ်။ မြေကော်ယန္တရားကြီးကို စက်နှိုးဖို့များမရှိရင် ကိုကျောက်စီရဲရုပ်အလောင်းဟာ ဘယ်လောက်အထိ လူမသိသူမသိ ရှိနေမလဲတောင် မသိနိုင်ဘူး။

သည်သတင်းကိုကြားစက တန်းလျားကလူတွေဟာ ငြိမ်သက်သွားကြတယ်။ အင်္ကျီမပါ ဘာမပါနဲ့ မိုးကလေးတဖြောက်ဖြောက်ကြားမှာ ပုဆိုးကြမ်းကလေးခြုံပြီး တင်းတင်းတောင့်တောင့်သေနေတဲ့ ကိုကျောက်စီကိုလည်း သွားကြည့်ကြဖို့ စိုင်းပြင်းကြတယ်။ ကိုကျောက်စီရဲ မိခင်ဌာနက တာဝန်ရှိတဲ့လူတွေလည်း ရောက်နေကြတယ်။

ဝမ်းဗိုက်ကြီးဟာ ကျောက်ပျဉ်တစ်ချပ်လို မာကျောစူထွက်နေတဲ့ ကိုကျောက်စီရဲရုပ်အလောင်းကိုလည်း သယ်ဆောင်သွားကြတယ်။ တန်းလျားကလူ တော်တော်များများဟာ ကိုကျောက်စီရဲတဲကလေးရှိရာ ရောက်နေကြချိန်မှာတော့ အလောင်းမရှိတော့ဘူး။ ဒါပေမဲ့ လူတော်တော်များများရဲမျက်လုံးတွေက ကိုကျောက်စီရဲတဲကလေးနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်မိသွားကြတယ်။

ဘာမှတော့ မဟုတ်ပါဘူး၊ ပန်းခြောက်တွေ
နှင်းဆီပန်းခြောက်တွေ၊ ဂန္ဓမာပန်းခြောက်တွေ၊ ဟော်လန်ဒေစီ ပန်းခြောက်တွေ၊ ဒေလီယာပန်းခြောက်တွေ၊ အင်မတန်များပြားတဲ့ ရေတမာရွက်ခြောက်တွေ၊ လွမ်းသူ့ပန်းခွေလုပ်တဲ့ ဝါးစအဟောင်းတွေ၊ ကြိမ်ခွေတွေ၊ နှီးစတွေ၊ စက္ကူရောင်စုံအစတွေ၊ ဖဲပြားအနက်စတွေ
အဲသည်မှာတင် လူတွေဟာ ကိုယ့်အခန်းကို ကိုယ် လေရဲပြင်းထန်တဲ့အဟုန်မျိုးနဲ့ ပြန်လာကြတယ်။ ဘုရားစင်ပေါ်ကပန်းတွေ၊ နတ်စင်ပေါ်ကပန်းတွေကို ဆွဲချကြတယ်။

ဘုရားစင်၊ နတ်စင်တွေကို ရေဆေးကြတယ်။ အမွှေးနံ့သာတွေ ပက်ကြတယ်။ တောင်းပန် တိုးလျှိုးကြတယ်။ ကန်တော့ပွဲတွေ ထိုးကြတယ်။ ရေစင်အိုးတွေ၊ နတ်အုန်းသီးတွေ လဲကြတယ်။ တချိုမိန်းမတွေက ကျိန်ဆဲကြတယ်၊ တချိုမိန်းမတွေက ငိုကြတယ်၊ တချိုမိန်းမတွေက ဒေါသအမျက် ချောင်းချောင်းထွက်ကြတယ်၊ တချိုမိန်းမတွေက နံ့သာဖြူကရမက်သွေးရင်း ပါးစပ်က တတွတ်တွတ် ရွတ်ကြတယ်။
အဲသည်ညနေက တန်းလျားကလေးမှာ ဆူညံပွက်ထသွားတာ အမှန်ပဲ။

ကိုကျောက်စီ ပန်းမရောင်းလို့ မဝယ်ဖြစ်တဲ့ တာဇံရောင်းတဲ့မိန်းမကလွဲလို့ ကျန်တဲ့မိန်းမတွေဟာ ကြက်သီးမွေးညင်း ထကုန်ကြတယ်။
တာဇံရောင်းတဲ့မိန်းမက သူ့ဆီမှာ အရက်အကြွေးသောက်နိုင်ဖို့အတွက် မသန့်တဲ့ပန်းတွေကိုမရောင်းဘဲ ကျေးဇူးသိသွားရှာတဲ့ ကိုကျောက်စီရဲစေတနာကို အခုမှ သဘောပေါက်သွားတယ်။
ကျန်တဲ့မိန်းမတွေအားလုံးကတော့ စောစောကများသိရင် ကိုကျောက်စီရဲအလောင်းကိုတောင် တစ်စစီ ဆုတ်ဖြဲပစ်ကြတော့မလား မှတ်ရအောင် ဒေါသတွေဖြစ်နေကြတယ်။ အဲဒီအကြောင်းကို ရက် တော်တော်ကြာတဲ့အထိ တချိုက ကြေကြေကွဲကွဲ ပြောကြတယ်။
* * *
(၅)
တန်းလျားခန်းကလေးက လူတွေဟာ သည်ဖြစ်ရပ်ကို မမေ့နိုင်ကြဘူး။
လူဆိုတာကလည်း ခက်သားပဲ။ ဘယ်လောက်ပဲကြာကြာ ကောင်းတဲ့လူတွေကိုလည်း အောက်မေ့သတိရနေတတ်တယ်၊ ကောက်ကျစ် စဉ်းလဲတဲ့ လူတွေကိုလည်း အောက်မေ့သတိရနေတယ် မဟုတ်လား။ တန်းလျားက လူတွေအားလုံးဟာ ကိုကျောက်စီကို သတိရနေကြတုန်းပဲ။
နေဝင်းမြင့်
(မဟေသီ မဂ္ဂဇင်း၊ အမှတ် ၈၊ ၁၉၉၁ - သြဂုတ်လ)

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ် (၁၇)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၇)
လူတို့သည် မိမိတို့၏လွတ်လပ်မှုကို အလဲအလှယ်လုပ်ရန် အမြဲတမ်းကြိုးပမ်းကြ၏။ မိမိ၏ပုဂ္ဂလဘဝ စစ်မှန်စွာဖြစ်တည်မှု လွတ်လပ်မှုကြောင့် ရင်ဆိုင်လာရမည့် တာဝန်ယူရခြင်း၊ စိုးရိမ်ပူပန်သောကရောက်ရခြင်းတို့ကို ရှောင်ချင်ကြ၏။ ဘာမျှ ပူပန်သောကမရောက်ရသော၊ ဘာမျှ တာဝန်လည်းမရှိသော ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် နေထိုင်လိုကြ၏။ ရုပ်ဝတ္ထုပစ္စည်းကဲ့သို့ မပြောင်းမလဲ၊ ပုံသေအဖြစ်မျိုးသို့ရောက်ချင်ကြ၏။ ဘဝတခု၊ အဖြစ်တခုတွင် သတ်မှတ်မှတ်ပြဌာန်းခံပြီး အပူအပန်မရှိ သက်တောင့်သက်သာကလေး နေထိုင်ချင်ကြ၏။

စိုးရိမ်ပူပန်သောကများနှင့်ပြည့်နေသည့် လွတ်လပ်သောဘဝကို မလိုချင်ကြပေ။ ထို့ကြောင့် လူသားပီပီသသ စစ်မှန်စွာဖြစ်တည်နေသော ဘဝနှင့် ပုံသေပြဌာန်းသတ်မှတ်ထားသော ရုပ်ဝတ္ထုပစ္စည်းကို အလဲအလှယ်လုပ်ချင်ကြ၏။ အခွင့်ရသမျှ လုပ်လည်းလုပ်ကြ၏။ ဤသို့ဖြင့် လူသားတို့သည် လူစင်စစ်ဘဝမှ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ ကူးပြောင်းသွားကြရင်း လူ့ဘဝ ဆုံးပါးသွားလေတော့သည်။ ရှင်လျှက်နှင့်သေဆုံး သွားကြသည်ဟု ဆာ့တ်နှင့်ဖရွမ်းတို့က ဆိုခဲ့ကြပေသည်။

လူ့သမိုင်းတလျှောက်လုံးတွင် လူသားတို့သည် လွတ်လပ်မှုကိုရှာဖွေခဲ့ကြ၏။ သို့ရာတွင် လွတ်လပ်မှုကိုရှာတွေ့ကြသောအခါ နောက်တွန့် သွားကြ၏။ လွတ်လပ်မှုဒဏ်ကို ကြောက်ရွံ့ထိတ်လန့်သွားကြကာ စွန့်ခွာထွက်ပြေးသွားကြ၏။ ဤသဘောကို ရုရှစာရေးဆရာကြီး ဒေါစ့်တိုယက်စကီးကသူ၏“ကရာမာဇော့ညီနောင်များ(Brothers Karamazov)” ဝတ္ထုတွင် သရုပ်ဖော်ပြခဲ့၏။

ထိုဝတ္ထုထဲတွင် ဇာတ်ဆောင်တဦးဖြစ်သော သက်ဦးဆံပိုင်တဦးက သူ့တိုင်းသူပြည်သားတို့သည် လွတ်လပ်မှုလမ်းကြောင်းထက် မိမိဘဝ လုံခြုံမှုလမ်းကြောင်းကို အမြဲတမ်းဦးစားပေး ရွေးချယ်လေ့ရှိကြကြောင်းဟု မှတ်ချက်ချ၏။
“နောက်ဆုံးမှာတော့ကွာ ဒီလူတွေက သူတို့ရဲ့လွတ်လပ်မှုကို ငါတို့ခြေဖဝါးအောက် ထိုးသွင်းလာကြရမှာပါ။ ပြီးတော့ “ကျွန်တော်မျိုးတို့ကို အစားအသောက်ပေးသနားပြီး ကျွန်ပြုတော်မူပါ”လို့လည်း တောင်းပန်တိုးလျှိုးကြရဦးမှာပါ” ဟုဒေါ့စ်တိုယက်စကီး၏ ဇာတ်ဆောင်က ကြွေးကြော်ခဲ့၏။

ဤသို့လျှင် မိမိလွတ်လပ်မှုကို အလဲအလှယ်လုပ်သူများ၊ လွတ်လပ်မှုကို ရင်မဆိုင်ဝံ့သူများ(ဝါ)လွတ်လပ်မှု ထွက်ပြေးသွားသူများသည် လူ မပီသသူများဖြစ်ကြ၏။ စစ်မှန်သောာဘဝဖြစ်တည်မှု မရှိကြသူများဖြစ်၏ဟု ဆိုပေသည်။ ထိုနည်းတူ ဂျာမန်ဖြစ်တည်မှုဝါဒီ ဟိုင်ဒေဂါ ကလည်း ဤသို့ စစ်မှန်သောဘဝဖြစ်တည်မှု မရှိသူများသည် လူ့လောကတွင် ရေလိုက်ငါးလိုက် အသက်ရှင်နေကြသူများသာဖြစ်၏။ အများ မိုးခါးရေသောက်၍ လိုက်သောက်ကြသူများဖြစ်၏။ လူပုံပျက်နေသော(ဝါ)လူမျက်နှာပျောက်နေသော လူ (Faceless man)ဖြစ်၏ဟု သတ်မှတ် ခဲ့လေသည်။

(လွတ်လပ်မှု၏ဖွားဖက်တော်များ)
ယန်းပေါဆာ့တ်က စစ်မှန်စွာဖြစ်တည်နေသောလူသားဟူသည် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သဘောတရား၊ မည်သည့် သြဝါဒတို့၏ လမ်းညွှန်ပြဌာန်းမှုကို ခံယူသူမဟုတ်။ မိမိဘဝကို မိမိဘာသာ ရဲရဲဝံ့ဝံ့ရွေးချယ်ဆုံးဖြတ်ပြီး တည်ဆောက်ယူသူဖြစ်သည်။ မိမိဘဝတွင် ရွေးစရာရှိသည်များကို မိမိဘာသာမိမိ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သူဖြစ်သည်။ အမှန်စင်စစ် လွတ်လပ်မှုသည် လူသား၏ ပြုမူဆောင်ရွက်ချက်အားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ပေသည်။ လူ့ဘဝဟူသည်မှာလည်း အပြုအမူ ဆောင်ရွက်ချက်တို့၏ အစုအဝေးမျှသာဖြစ်သည်။ ထို့ကြောင့် လူ့ဘဝကို လူသား၏လွတ်လပ်မှုဖြင့် တည်ဆောက်ထားသည်ဟုပင် ဆိုနိုင် ပေသည်။

ဆာ့တ်အလိုအရ ပုဂ္ဂလလူသားသည် လွတ်လပ်သောသတ္တဝါဖြစ်သည်။ ထို့ကြောင့် သူသည် မိမိဘဝအတွက်ရွေးချယ်စရာများကို လွတ်လပ်စွာ ကောက်နှုတ်ရွေးချယ်ဆုံးဖြတ်ကာ ပြုမူဆောင်ရွက်ခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်သဖြင့် ကိုယ်ဘ့ဝအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်၏။ တနည်းအားဖြင့် လူသားသည် မိမိဘဝ၏အနှစ်သာရဂုဏ်ရည်တို့ကို မိမိကိုယ်တိုင် လွတ်လပ်စွာပြုမူတည်ဆောက် ဖန်တီးရ၏။ ထို့ကြောင့် မိမိဘဝအတွက် မိမိတွင်လုံးဝတာဝန်ရှိပေသည်။ တဖန် လူသည် မိမိအတွက်သာ တာဝန်ရှိသည်မဟုတ်ဘဲ အခြားသောလူများအတွက်ပါ တာဝန်ယူနေရပေသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လွတ်လပ်စွာရွေးချယ် ပြုမူချက်သည် မိမိတဦးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အခြားလူသားနှင့်ပါ တနွယ်ငင်တစင်ပါဆိုသလို သက်ဆိုင်နေသောကြောင့် ဖြစ်ပေသည်။
ဤသို့လွတ်လပ်မှုဖြင့် ဘဝဖြစ်တည်လာသောလူသားသည် ကိုယ့်တာဝန်ကိုယ်ယူနေရသည့်အပြင် အခြားသူများအတွက်ပါ တာဝန် ရှိသောကြောင့် ပြင်းထန်လှသော စိတ်ဝေဒနာများကိုခံစားလာရ၏။ ၎င်းတို့အမှာ (က)ပူပန်သောကရောက်ရခြင်း (Anguish)၊ (ခ)စွန့်ပစ် ခံလိုက်ရခြင်း(Abandonment)၊ (ဂ)မျှော်လင့်ချက်ကင်း စိတ်ပျက်ရခြင်း(Despair) တို့ဖြစ်ကြ၏။



(က)ပူပန်သောက­ဆာ့တ်သည် လူကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူမှုရေးသတ္တဝါ ဖြစ်သည်ဟုမဆိုခဲ့ပေ။ အကြောင်းမှာ လူဟူသည် လူမှုရေး သတ္တဝါဖြစ်သည်ဟုဆိုလိုက်ပါက “လူမှုရေးသတ္တဝါဖြစ်ခြင်းဟူသော” အနှစ်သာရသဘောက လူ၏ဖြစ်တည်မှုထက် ပို၍အခြေခံကျသည့် သဘော သက်ရောက်သွားမည် ဖြစ်ပေသည်။ သူ့အလိုအားဖြင့် လူသည် အပြုအမူတို့၏ပေါင်းဆုံရာဖြစ်၏။ သို့ရာတွင် လူတဦးသည် အပြုအမူတရပ်ကို ပြုမူဆောင်ရွက်ရာ၌ မည်သည့်အာမခံချက်မျှမရှိပေ။ မိမိအပြုအမူ ကောင်းမကောင်း၊ မှန်မမှန်ကို မည်သို့မျှမသိရပေ။ မိမိကသာ ကောင်းသည်မှန်သည်ဟုထင်မြင်ယူဆပြီး လုပ်နေသောအမှု ဖြစ်ပေသည်။ ဤသို့ပြုလုပ်ရာ၌ မိမိတဦးတည်းအတွက်သာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားလူသားများအတွက်ပါ တာဝန်ယူဆောင်ရွက်နေရသော အလုပ်တခုဖြစ်နေပြန်၏။

ထို့ကြောင့် လူသားသည် မိမိအပြုအမူအတွက် ပူပန်သောကဝေဒနာကို ခံစားလာရမည်သာဖြစ်၏။ တိုက်ပွဲတခုကို ဦးဆောင်ဆင်နွှဲတိုက်ပွဲ ဝင်နေသော စစ်ဗိုလ်တယောက်ပမာ ဖြစ်၏။ စစ်ဗိုလ်သည် မိမိရင်ဆိုင်ရသောတိုက်ပွဲအတွက် အရေးကြီးသောဆုံးဖြတ်ချက်များကိုချရ၏။ မိမိရဲဘော်များအား တိုက်ပွဲဝင်ရန်အမိန့်ပေးရ၏။ ထိုဆုံးဖြတ်ချက်၊ အမိန့်များမှသက်ရောက်မည့်ရလဒ်အားလုံးအတွက် မိမိမှာတာဝန်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအမိန့်သည် မိမိကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်၍ပေးလိုက်သောအမိန့်ဖြစ်၏။ အထက်အမိန့်အရ ပြုမူသည်ဟု ဆင်ခြေတက်၍မရပေ။ အထက်အမိန့်ကို မိမိကသာ ဆက်လက်ခံယူပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ ဆက်လက်အမိန့်ပေးရန် မိမိဘာသာ လွတ်လွတ် လပ်လပ် ရွေးချယ်ခြင်းသာဖြစ်၏။ ထို့ကြောင့် မိမိ၌သာ လုံးဝ တာဝန်ရှိသည်။ ထို့ပြင် မိမိဆုံးဖြတ်ချက်အမိန့်သည် မိမိတဦးတည်းနှင့်သာ ဆိုင်သည်မဟုတ်ပေ။ မိမိ၏ရဲဘော်အတွက်ပါ အကျုံးဝင်နေပြန်၏။ သို့ရာတွင် မိမိဆုံးဖြတ်ချက်၊ အမိန့်ပေးချက်သည် မှန်မမှန်ကို မည်သို့မျှ ကြိုတင်မသိနိုင်ပေ။ မိမိတိုက်ပွဲအောင်မြင်မည်/ဆုံးရှူံးမည်ကို မပြောနိုင်ပေ။ ထို့ကြောင့် ယင်းစစ်ဗိုလ်မှာ ပူပန်သောက ဝေဒနာကိုခံစားနေရ မည်သာ ဖြစ်သည်။

ထိုနည်းတူ လူသားတို့သည် မိမိတို့၏ ပုဂ္ဂလပြုမူဆောင်ရွက်ချက်များကို နေ့စဉ်ဘဝတွင် ရွေးချယ် ဆုံးဖြတ်ပြုမူဆောင်ရွက်ကြရာ၌ တိုက်ပွဲဝင် စစ်ဗိုလ်ကဲ့သို့ပင် ပူပန်သောကရောက်နေကြရသည်ဟု ဆာ့တ်ဖွင့်ဆိုခဲ့၏။

(ခ)စွန့်ပစ်ခံလိုက်ရခြင်း ­ ဆာ့တ်အလိုအားဖြင့် လူကို မည်သည့်အရာကမျှ မပြဌာန်း မဆုံးဖြတ်နိုင်ပေ။ လူကို ထာဝရဘုရားကလည်း ဖန်ဆင်းသည် မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုကို ရရှိလာသောအခါ၌လည်း မည်သူ့ကိုမျှအားမကိုးနိုင်ဘဲ မိမိဘဝကိုမိမိဘာသာ ဖန်တီးတည် ဆောက်ယူရ၏။ ကိုးကွယ်အားထားရာ ထာဝရဘုရားမရှိတော့လေပြီဟု ခံယူလာသည်နှင့် လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရား တန်ဖိုးများ၊ နှုန်းစံများလည်း ပျောက်ကွယ်သွားလေတောသ့ည်။ ကောင်းခြင်း၊ ဆိုးခြင်းအတွက် မည်သည့်သတ်မှတ်ချက်မျှ မရှိတော့။ ထို့ကြောင့် လူသည် မည်သည့်အပြုအမူကိုမဆို ပြုလုပ်နိုင်သောလွတ်လပ်ခွင့်ရလာ၏။ မိမိအပြုအမူကို ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်ဟု မည်သူကမျှ ဝေဖန်၍မရပေ။ မိမိကလည်း တခြားသူတစ်ဦးတယောက်၏အပြုအမူကို အကောင်း/အဆိုးဆုံးဖြတ် မပေးနိုင်ပေ။

သို့ဖြင့် ပုဂ္ဂလလူသားသည် မိမိဘာသာ လွတ်လွတ်လပ်လပ် ပြုမူနေထိုင်နိုင်သောသတ္တဝါဖြစ်လာ၏။ ထို လွတ်လပ်မှုကြောင့် လူသည် မိမိ ဘဝသည် အထီးတည်းရပ်တည်နေရသောဘဝ ဖြစ်ပါတကားဟုသိရှိလာ၏။ ယင်းခံစားမှုနှင့်အတူ မိမိသည် လူ့လောကအတွင်း စွန့်ပစ်ခံရသူ ဖြစ်နေကြောင်း ခါးသီးပြင်းပြစွာ ဝေဒနာခံစားလာရပေသည်။ ထို့ကြောင့် လူသည် လွတ်လပ်မှုနှင့်အတူ စွန့်ပယ်ခံနေရသူဖြစ်သဖြင့် လူတို့သည် လူ့ဘဝအတွင်း ခိုကိုးရာမဲ့ဖြစ်နေရသည်ဟု ဆာ့တ်က သတ်မှတ်ခဲ့ပေသည်။

(ဂ) မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်း ­ လူသည် မိမိအသက်ရှင်နေထိုင်ရစဉ် မိမိကောင်းမည်ထင်သောအလုပ်များကို လွတ်လပ်စွာ ရွေးချယ်ပြုမူဆောင်ရွက်၏။ သို့ရာတွင် မိမိ၏ဆောင်ရွက်ချက်များကို အခြားသူများက ဝိုင်းဝန်းကူညီကြလိမ့်မည်ဟု မျှော်လင့်ကိုးစား၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသည်လည်း သူတို့ဘာသာသူတို့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင်၊့ ပြုမူနေထိုင်ခွင့်ရှိနေကြသောကြောင့် ဖြစ်ပေသည်။

ထို့ပြင် မိမိလုပ်ဆောင်ချက်များကို မိမိကွယ်လွန်သွားသောအခါ ကျန်ရစ်သူများက ဆက်လက် အကောင်အထည် ဖော်ကြလိမ့်မည်ဟုလည်း မမျှော်လင့်အပ်ပေ။ ဆက်၍ လုပ်ချင်မှ လုပ်ကြလိမ့်မည်။ မိမိ အားကျိုးမာန်တက် ဝိရီယစိုက်ထုတ် လုပ်ကိုင်ထားခဲ့သောလုပ်ငန်းများသည် ဘာမျှ အရာမထင်ဘဲ လူ့လောကမှပျောက်ကွယ် သွားကောင်းသွားပေမည်။ ထို့ကြောင့် နက်နက်နဲနဲတွေးကြည့်ပါလျှင် လူ့ဘဝသည် စိတ်ပျက်ဖွယ်ရာကြီးဖြစ်၏။ တချိန်တခါက အရိုးကြေကြေ၊ အရေခန်းခန်း၊ ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်ချက်များကို တချိန်ချိန်တွင် အခြားလူသားတို့က တန်ဖိုးမဲ့ အလကားဟာကြီးပါဟုသဘောထားကာ စွန့်ပစ်ကောင်း စွန့်ပစ်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ လူတို့၏ပြုမူ ဆောင်ရွက်ချက် လူတို့၏ဘဝတွင် ဘာမျှမျှော်လင့်မထားအပ်ပေ။ ထို့ကြောင့် မျှော်လင့်ချက်ကင်းစိတ်ပျက်ရခြင်းသည် လူ့ဘဝ၏ဖြစ်ရပ်တခု ဖြစ်သည်ဟု ဆာ့တ်က ဆိုလေသည်။

ထို့ကြောင့် လူသား၏လွတ်လပ်မှုနှင့်အတူ လူတို့သည် ပူပန်သောကရောက်ကြရ၏။ စွန့်ပစ်ခံလိုက်ရခြင်း အားငယ်မှုဝေဒနာကိုခံစားရ၏။ မျှော်လင့်ချက်ကင်း စိတ်ပျက်ရခြင်းဖြစ်ရ၏။ ယင်းတို့ကား လွတ်လပ်မှု၏ဖွားဖက်တော်များဖြစ်ကြ၏။

လူ့ဘဝတွင် ဤသို့သော ပြင်းပြသည့်ဝေဒနာဆိုးများကို ခံစားရသော်လည်း လူပီသသည့်လူတဦး(ဝါ)စစ်မှန်စွာ ဖြစ်တည်မှုရှိနေသည့်လူတဦး အနေဖြင့် လူ့ဘဝတွင်ရွေးချယ်စရာရှိသည်များကို တိတိပပ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လိုက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ရမည်ဟု ဆာ့တ်က ဆိုလေသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဘဝဟူသည် လူ့အပြုအမူအားလုံး၏အစုအပေါင်းမှ ထွက်ပေါ်လာခြင်းသာဖြစ်၏။ လူပုဂ္ဂိုလ်တဦး၏အောင်မြင်မှု၊ ဆုံးရှူံးမှုဟူသည်မှာ သူ၏အပြုအမူများမှ ပေါ်ထွန်းလာသောရလဒ်ဖြစ်၏။ လူ့ဘဝကိုတည်ဆောက်ကြရာ၌ မိမိတို့ယုံကြည်မျှော်လင့်ချက်များ၊ လိုအင်ဆန္ဒများ၊ စိတ်ကူးယဉ်မှုများနှင့် ဖော်ဆောင်၍မရ။ မိမိ၏ အပြုအမူနှင့်သာ မိမိဘဝသည် ရုပ်လုံးပေါ်ဖြစ်တည်နေခြင်းဖြစ်သည်ဟု ဆာ့တ်က ခံယူပေသည်။

Wednesday, March 20, 2019

"ကျောက်တိုင်နှစ်ခု" ဂျူး

0 comments
"ကျောက်တိုင်နှစ်ခု" ဂျူး
ဖလမ်းမှာတော့ တိမ်တွေသည် ကျွန်တော့် ခြေဖဝါး အောက်မှသာ ရွေ့လျား ဖြတ်သန်းသွားရလေ့ ရှိပါသည်။
ရန်ကုန်မှာ ကြီးပြင်းခဲ့ရသော ကျွန်တော့်အတွက် တိမ်တွေသည် အလွန် ရင်ခုန်စရာကောင်းသော သဘာဝ အနုပညာ တစ်ခု ဖြစ်၏။ ဘယ်လောက်မြင့်မားသော တိုက်ခေါင်မိုးပေါ်မှာပဲ ရှိရှိ တိမ်သည် ကျွန်တော့်အထက် ကောင်းကင်မှာ ဝေးကွာစွာ ရွေ့လျားနေခဲ့ကြသည်။ ကိုယ့်ကိုကိုယ် တိမ်နှင့်နီးစပ် ပတ်သက်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးတော မမျှော်လင့်ခဲ့ဘူးပါ။
ကျွန်တော်၏ ပထမဆုံးသော အလုပ်ခန့်အပ်ခြင်း တာဝန်ဖြင့် ချင်းပြည်နယ် ဆေးရုံဖြစ်သော ဖလမ်းဆေးရုံသို့ ရောက်သောအခါမှာတော့ တိမ်ဆိုသည်မှာ လူ၏ ခြေဖဝါးအောက်တွင်လည်း ရှိတတ်ပါလားဟု ခံစားသိဖြင့် သိခဲ့ရပါသည်။
မိမိ ရပ်နေသော တောင်စောင်း၏ အောက်ဘက် ချောက်ကမ်းပါး နှုတ်ခမ်းတွင် ဖြူဖွေးသော တိမ်ဆိုင်တိမ်လိပ် အတန်းများ တရွေ့ရွေ့ စီးမြောသွားသည်ကို ငုံ့ကြည့်ရသော လူတစ်ယောက်၏ ဘ၀သည် မည်မျှ ပြည့်စုံကျေနပ်ဖွယ် ဖြစ်လိုက်ပါသလဲ။ ကျွန်တော် တိမ်တွေကို ငုံ့ကြည့်ချင်နေခဲ့တာ ကြာပါပြီ။
ဖလမ်းမြို့သည် တောင်စောင်းတစ်လျှောက် တည်ထားသောမြို့ ဖြစ်သောကြောင့် မြို့၏ အောက်ဘက်ခြမ်း အစွန်းနှင့် အပေါ်ဘက်ခြမ်း အစွန်းနှစ်ခု၏ကြား အမြင့်ပေ ကွာခြားမှုမှာ ပေတစ်ထောင် ပတ်ဝန်းကျင်ခန့် ရှိပါသည်။ ဆေးရုံသည် အမြင့်ဆုံးအပိုင်းမှာ ရှိပြီး တစ်ဖက်၌ ချောက်ကမ်းပါးကြီးနှင့် တောင်ကြားလမ်းများကို ခပ်ဝေးဝေးမှာ မြင်နေရသည်။ ထိုချောက်ကမ်းပါး အစွန်းဆီမှာတော့ ဖြူဖွေးသော တိမ်တန်းများ။ အရပ်ရှစ်မျက်နှာ ကြည့်လေရာမှာ မြူဆိုင်းသော တောင်တန်းပြာများ၊ ဒါမှမဟုတ် တိမ်လိပ် တိမ်တန်း ...။
“တိမ်တွေကို ချစ်လား” ဟု ကျွန်တော့်အား တစ်စုံတစ်ယောက်က မေးခဲ့ဖူး၏။ အမှန်အတိုင်း ဖြေရလျှင် တိမ်တွေကို ကျွန်တော် မချစ်ပါ၊ နည်းနည်းမှ မချစ်ပါ။ သို့သော် အမြဲတမ်း ကျွန်တော့် ဦးခေါင်းအထက်မှာသာ ရှိနေခဲ့သော အရာများအဖြစ် တိမ်တွေကို ရင်ခုန်စွာ စိတ်ဝင်စား မိခဲ့ခြင်းသာ ဖြစ်ပါသည်။ အမြဲတမ်း ကျွန်တော့် ဦးခေါင်းအထက်မှာ ရှိနေခဲ့သော အရာဝတ္တုများကို ယခုလို ကျွန်တော့် ခြေဖဝါးအောက် ခပ်လှမ်းလှမ်းမှာ ရောက်ရှိလာစေသော အကြောင်း တစ်ခုကြောင့် ဖလမ်းမြို့သည် ကျွန်တော့်ဘဝ အမှတ်တရများတွင် အမြဲပါဝင်နေတော့မည် ... ဟု ကျွန်တော် ထင်ခဲ့ဖူးသည်။
သို့သော် ဖလမ်းကို တကယ်နက်ရှိုင်းစွာ ကျွန်တော် သတိရစေသော အကြောင်းရင်းမှာ တိမ်တွေ မဟုတ်ခဲ့ကြောင်း နောက်မှ ကျွန်တော် သိရသည်။
အဝေးဆီ၌ နက်ရှိုင်းသော တောင်ကြားမှာ ကွေ့ကောက်စွာ ဖြတ်သန်း စီးဆင်းလျက်ရှိသော မဏိပူရမြစ်သည် စိမ်းပြာရောင် အလင်းရောင်တန်းလေး တစ်ခုအဖြစ် တောက်ပရွှန်းလက်စွာ တည်ရှိနေသည်။ မြူဖြင့်ပြာလဲ့နေသော နိမ့်မြင့် မညီညာသည့် အဝေးဆုံး တောင်တန်းများ ...၊ ထိုမှ ရှေ့သို့ နီးကပ်နေသော ပို၍ စိမ်းမှောင်သည့် တောင်တန်းများ ...၊ ထိုတောင်စဉ် ဗောင်တန်းများ၏ အဝေးအနီး ကွာခြားမှု အနက်သည် လှပသော ဖွဲ့စည်းမှုတစ်ခု ဖြစ်သည်။ တောင်တန်းများဆီမှ ကျွန်တော့်ဘက်သို့ ပို၍နီးလာသော ချောက်ကမ်းပါးစွန်းများနှင့် နက်ရှိုင်းသော တောင်ကြားကား မြစ်ကြောင်း မြင်ကွင်းသည် အဝေးဆီက နောက်ခံတောင်တန်း မှုန်လဲ့လဲ့ မြင်ကွင်းနှင့် ပေါင်းစပ်လိုက်သောအခါ ကျွန်တော် မြင်ဖူးသမျှ အလှဆုံးမြင်ကွင်း ဖြစ်သွားလေသည်။
သို့သော် ဖလမ်းကို ကျွန်တော် သတိရနေစေသော အကြောင်းမှာ ထိုခမ်းနားလှပသော မြင်ကွင်းပင်လျှင် မဟုတ်ခဲ့ပါ။
ကျွန်တော့် အာရုံထဲမှာ ဖလမ်းမြို့ တည်ရှိနေအောင် ဆွဲဆောင် ညှို့ယူထားသော အရာမှာ ကျောက်စာထွင်း ရေးထားသည့် ကျောက်တိုင် နှစ်ခုသာ ဖြစ်ပါသည်။
ချင်းပြည်နယ်တွင် ကျွန်တော် ရောက်သမျှ မြို့များ၌ ကျွန်တော် သတိထားမိသမျှ ပြောရလျှင် ဖလမ်းနှင့် ဟားခါး ပတ်ဝန်းကျင်သည် ကျောက်တိုင် စိုက်ထူရန် ဝါသနာအကြီဆုံး ပတ်ဝန်းကျင် ဖြစ်ဟန် ရှိပါသည်။
အဝေးပြေး လမ်းမဘေးတွင်သော် လည်းကောင်း၊ လူသွားလမ်း၊ တောင်ပေါ်လမ်း သေးသေးကလေးများတွင်သော် လည်းကောင်း၊ ကျောက်စာထွင်းထားသည့် ကျောက်တိုင်ချပ်များ စိုက်ထူ ထားသည်ကို ကျွန်တော် တွေ့ရသည်။ ချောမွတ်သော ကျောက်သား မျက်နှာပြင်ရှိ ကျောက်ချပ်များကို ကျောက်တိုင်အဖြစ် ရေးသား ထွင်းထု၍ စိုက်ထူထားလေ့ ရှိပါသည်။ ပထမတော့ အဖွဲ့အစည်း တစ်ခုက ကြေညာချက် အနေနှင့် စိုက်ထူထားသည်ဟု ထင်ခဲ့မိ၏။ သို့သော် ထိုကျောက်တိုင်များသည် ပုဂ္ဂလိက ကျောက်တိုင်များသာ ဖြစ်ကြောင်း နောက်တော့ ကျွန်တော် သိသွားပါသည်။ တစ်စုံတစ်ခုကို ပြောပြလိုသော သူများ၊ လူများများသိအောင် ကြေညာလိုသော သူများသည် ကျောက်တိုင်စိုက်ထူ၍ ပြောပြကြဟန် ရှိပါသည်။
ကျွန်တော်သည် ဖလမ်းဆေးရုံတွင် နှစ်နှစ် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ချင်းစကား မတတ်ခဲ့ပါ။ ချင်းစာ ဖတ်တတ်ဖို့ကိုတော့ ပို၍ပင် ဝေးပါသေးသည်။ သို့သော် ကျောက်တိုင်များတွင်ရေးသားထွင်းထုသမျှ အရာအားလုံးကိုတော့ စိတ်ဝင်စားစွာ ကြည့်ရှုမိခဲ့သည်။ ကျောက်တိုင်များသည် ပိုင်ရှင်ပုဂ္ဂိုလ်၏ အသိပညာနှင့် ခေတ်ကာလ အဆင့်အတန်းပေါ် မူတည်၍ သုံးမျိုးကွဲပြားနေ၏။ ရှေးဟောင်း အကျဆုံးသော ကျောက်တိုင်တို့တွင် အက္ခရာစာလုံး မပါ,ပါ။ အရုပ်များကိုသာ ရေးထိုး ထွင်းထုထား၏။ ဥပမာ- ကျွဲ၊ ဆင်၊ နွား၊ သစ်ပင်၊ လူ စသည့် အရုပ်များဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုကို ဖော်ပြထားလေ့ ရှိသည်။ သူ့ထက်ပို၍ ခေတ်မီသော ကျောက်တိုင်များတွင် စာလုံးအက္ခရာများကို ရေးထိုးထားလေသည်။ အင်္ဂလိပ် အက္ခရာများနှင့် တူ၏။ သို့သော် ကျွန်တော် မဖတ်တတ်ပါ။ ၄င်းမှာ ချင်း တိုင်းရင်းသား စာပေ ဖြစ်ဟန်တူပါသည်။ သမိုင်းနှင့် မနုဿဗေဒပညာ ဆိုသည်ကို ဘယ်တုန်းကမှ စိတ်မဝင်စား ခဲ့မိသောကြောင့် ချင်း စာပေအက္ခရာ ဖြစ်ပေါ်လာပုံကို ကျွန်တော် မသိပါ။ ကျောက်တိုင်မှ စာများကို ကျွန်တော် စိတ်ဝင်စားရသည်မှာ တတိယ အမျိုးအစား ကျောက်တိုင်များကြောင့် ဖြစ်သည်။ ထိုအမျိုးအစားကတော့ ခေတ်အမီဆုံး အမျိုးအစား ဖြစ်သည်။ အထက်ပိုင်းမှာ ချင်းဘာသာဖြင့် ရေးထိုးပြီး အောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထား၏။ ထိုအင်္ဂလိပ် ဘာသာကို ဖတ်ရှုပြီးသော အခါကျမှ ထိုကျောက်တိုင်များကို ကျွန်တော် စိတ်ဝင်စားသွားသည်။
ကျွန်တော်တို့ ပြည်မတွင် ဘုရား အုတ်တံတိုင်းများ၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်းများ၌ အလှူရှင်၏ မိသားစု အမည်နှင့် နေရပ်လိပ်စာများ ရေးထိုးထားသည့် သဘောထက် နည်းနည်း ပိုပြီး ရေးထိုးလေ့ ရှိ၏။ ဆိုပါစို့ ...။ ဘဲကန့်ရွာတွင် နေထိုင်သော ဦးဘယ်သူ ပိုင်ဆိုင်သောမြေမှာ မည်မျှ၊ ပိုင်ဆိုင်သော ကျွဲ၊ နွား မည်မျှ၊ ဇနီးသားသမီးများမှာ မည်သူ ... စသည်ဖြင့် ဖွဲ့နွဲ့စွာ ရေးထိုးလေ့ ရှိကြသည်။ ပြောပြလိုသော အကြောင်းပေါ် မူတည်၍ ကျောက်တိုင် အကြီးအသေး ကွဲပြားသော်လည်း၊ အများအားဖြင့် လူတစ်ရပ်စာလောက် မြင့်ကြပါသည်။ ကျောက်တိုင် စိုက်ထူသူများသည် မည်မျှပါးနပ် လိမ္မာကြသနည်း။ မည်မျှ မိမိတို့အကြောင်းကို ဖတ်ရှုစေချင် ကြသနည်းဆိုလျှင် တောင်ပေါ် လူသွားလမ်းဘေးမှာ စိုက်ထူရန် ရွေးချယ်သော နေရာများသည် လူတစ်ယောက် တောင်ပေါ် အတက်ခရီးမှာ ခြေကုန်မောပန်း၍ ခေတ္တအနားယူလိုသော ခရီးအကွာအဝေး နေရာများ ဖြစ်နေတတ်၏။ တောင်ပေါ်အတက် လမ်းခရီးကို မည်သူမျှ မနားတမ်း မတက်နိုင်ပါ။
ခင်ဗျား အနည်းငယ် မောပန်းပြီး အနားယူလိုသည့် နေရာမှာ မည်သည့်နေရာ ဖြစ်လိမ့်မည်ဟု သူတို့ သိကြပါသည်။ ထိုနေရာမှာ သူတို့ ကျောက်တိုင် စိုက်ထူထားကြမည်။ ခင်ဗျား ထိုင်လျက် အနားယူရင်း အေးအေးဆေးဆေး ဖတ်ရတော့မည်သာ ဖြစ်သည်။ ဘာမှမရှိသော တောင်ပေါ်လမ်းကြမ်းတွင် ထိုင်စရာ ကျောက်ခုံ ကလေးနှင့် အေးအေးဆေးဆေး မှီစရာ ကျောက်တိုင်ကလေး ရှိနေမည်။ ခင်ဗျားဘာမှ မစဉ်းစားဘဲ ထိုကျောက်ခုံမှာ ထိုင်မိမှာပဲ ဖြစ်၏။ ကျောက်တိုင်ကို မှီပြီးသည့် အခါမှာတော့ ထိုကျောက်တိုင် မျက်နှာပြင်မှာ ရေးထွင်းထားသော စာလုံးများကို ခင်ဗျား ကြည့်မိတော့မည်။ ခင်ဗျားသိသော အင်္ဂလိပ်ဘာသာ စာကြောင်းများကို မြင်ရလျှင်တော့ အပျင်းပြေ ဟူသော ရည်ရွယ်ချက်နှင့်ပဲ ဖြစ်ဖြစ် ခင်ဗျား ဖတ်မိတော့မှာ သေချာပါသည်။ ဤနည်းအတိုင်းပင် ကျွန်တော်သည်လည်း ကျောက်တိုင် ဖတ်သူတစ်ဦး ဖြစ်လာခဲ့ရပါသည်။
ကျွန်တော်ဖတ်ရသမျှ ကျောက်တိုင်အားလုံး လိုလိုတွင် ရည်ရွယ်ချက်မှာ တစ်မျိုးတည်း ဖြစ်၏။ မိမိ၏ ပိုင်ဆိုင်မှုကို ဤကမ္ဘာမြေ တည်သရွေ့ လူသိအောင် ပြောပြကြေညာလိုသော ရည်ရွယ်ချက်များပင် ဖြစ်ပါသည်။ နယ်မြေ အကန့်အသတ် အကွာအဝေးကို ခရီးသည်နှင့် ပြည်သူလူထုအား ပြောပြလိုသော ရည်ရွယ်ချက်လည်း အနည်းအပါး ပါဝင်ပါသည်။ သို့သော် အဓိက ကတော့ ကျောက်တိုင် စိုက်သူပုဂ္ဂိုလ်၏ အတ္တဖြင့် ပိုင်ဆိုင်မှုကို ကြွားဝါလိုသည့် အကြောင်းရင်းပင် ဖြစ်၏။
ကျောက်တိုင် အားလုံးသည် ခရီးသည်နှင့် ပြည်သူလူထုအား မိမိအကြောင်းကို ပြောပြနေခြင်း ဖြစ်သော်လည်း ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော ကျောက်တိုင်နှစ်ခုကတော့ အနည်းငယ် ထူးခြားနေပါသည်။ ထိုကျောက်တိုင်နှစ်ခု အကြောင်း မပြောပြမီ ထိုကျောက်တိုင်များကို ရေးထိုးစေခဲ့သော ပိုင်ရှင်ပုဂ္ဂိုလ်နှစ်ယောက် အကြောင်းကို ပြောပြ လိုပါသည်။ ပထမ ကျောက်တိုင် ပိုင်ရှင်မှာ ဆင်လိုက်မုဆိုး တစ်ယောက်ဖြစ်ပြီး၊ ဒုတိယ ကျောက်တိုင် ပိုင်ရှင်မှာ ကျောင်းဆရာဟောင်း တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မသိကြပါ။ ထူးဆန်းသည်မှာ သူတို့နှစ်ယောက်လုံး ပြည်မကလာသည့် မြန်မာလူမျိုး စစ်စစ်များဖြစ်ပြီး ချင်းစကားနှင့် ချင်းစာကို မတတ်ကျွမ်းကြသော်လည်း သူတို့၏ ကျောက်တိုင်များသည် ချင်းဘာသာ တစ်ခြမ်း၊ အင်္ဂလိပ်ဘာသာ တစ်ခြမ်း ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူတို့နှစ်ယောက်လုံးသည် မိမိကိုယ် မိမိ သေရတော့မည်ဟု သိလာသည့် အချိန်မှာမှ ကျောက်တိုင် စိုက်ထူပစ်ခဲ့ရန် စိတ်ကူးပေါ်လာကြခြင်း ဖြစ်၏။ သေခါနီး သေတမ်း စစ်ချက်ပေးသည့် သဘောမျိုးဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော်သည် ဖလမ်းဆေးရုံတွင် အထူးကု ဆရာဝန် မဟုတ်သော တစ်ဦးတည်းသော လက်ထောက် ဆရာဝန်ကလေး ဖြစ်သောကြောင့် ထိုကျောက်တိုင်ရှင် ပုဂ္ဂိုလ် နှစ်ယောက်လုံး၏ နောက်ဆုံးအချိန်များတွင် ဘေးမှာ ကျွန်တော် ရှိနေခဲ့၏။
သူတို့၏ သေတမ်းစစ်ချက်များမှာ တစ်ခုနှင့်တစ်ခု အလွန် ကွာခြားနေပါသည်။
* * *
တစ်ရက်တွင် ဆင်လိုက်မုဆိုးသည် ကျွန်တော်တို့ ဆေးရုံသို့ သွားဖုံးကင်ဆာ ရောဂါဖြင့် ရောက်လာသည်။ ဟားခါးဆေးရုံမှ လွှဲပြောင်း ပေးလိုက်သော လူနာဖြစ်သည်။
ရောဂါရာဇဝင် ယူရင်း သူ၏ အလုပ်အကိုင်ကို မေးသော အခါ လူနာသည် မုဆိုးဟု ဂုဏ်ယူစွာ ဖြေခဲ့၏။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော့်ဘဝတွင် အမဲလိုက်မုဆိုး ဟူသည်ကို စာထဲမှာသာ ဖတ်ဖူးပြီး အပြင်လောကမှာ တစ်ခါမျှ မတွေ့ဖူးပါ။ ယခုတွေ့လိုက်ရသော မုဆိုးကြီးမှာ ငယ်စဉ်ကတော့ စာထဲကအတိုင်း ထောင်ထောင်မောင်းမောင်း ဗလ တောင့်တောင့် ဖြစ်ပါလိမ့်မည်။ ယခုအခါ ရောဂါဝေဒနာ၏ နှိပ်စက်မှုကြောင့် ရုပ်ရည်မှာ ခြောက်သွေ့ ညှိုးနွမ်းလျက်ရှိပြီ။ သူ့မှာ ကျန်သည်က ရက်စက်ဟန် ရှိသောမျက်လုံး တစ်စုံသာဖြစ်၏။ ထိုမျက်လုံးတစ်စုံကြောင့်ပင် မုဆိုးနှင့် တူနေသေးခြင်း ဖြစ်ပါသည်။ ဟားခါးဆေးရုံ မှတ်တမ်း စာရွက်ပေါ်မှာ ကိုးကွယ်သည့် ဘာသာနေရာတွင် ဘာမှ မရေးထားသောကြောင့် ကျွန်တော်တို့ ဆေးရုံမှတ်တမ်းမှာ ဖြည့်ရန် လူနာအား: ကိုယ်တိုင် မေးကြည့်ရ၏။ ဘာသာ မရှိဘူးဟု ဖြေသောအခါ ကျွန်တော် မအံ့ဩမိပါ။
ကျွန်တော် အားလပ်သည့် အချိန်များတွင် သူ့ခုတင် ရှိရာသို့ မကြာခဏသွား၍ ခဏတစ်ဖြုတ် ရပ်စကားပြောမိသည်။ လူနာ ဆိုသည်မှာ ဆရာဝန်ကို မိမိ၏ မိသားစုထက် ပို၍ ယုံကြည်အားကိုး တတ်ကြသည်မှာ ထုံးစံ ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့က ကုပေးလျှင် သူ့ရောဂါပျောက်သွားမည်ဟု ထင်နေ၏။ ပထမပိုင်းတွင် သူ့ရောဂါ သူ ကင်ဆာဟု မသိပါ။ ထိုကာလများဆီကာ လူနာသည် စကားကို အားယူ၍ ဖွဲ့နွဲ့စီကုံးကာ ပြောပြခဲ့ပါသည်။
“ဦးလေး အမဲလိုက်တာ ဘာသားကောင်တွေ ရသလဲ ...” ဟု ကျွန်တော် အမှတ်တမဲ့ စကားစလိုက်သည့်အခါ သူက ဂုဏ်ယူဟန်ဖြင့် ပြောပြခဲ့ပါသည်။
“ကျုပ်က ဆင်တစ်မျိုးတည်းပဲ လိုက်တယ်။ ဆင်လိုက်ရင်း တခြားရန်မူမယ့် သားကောင် တွေ့ရင်တော့ သတ်ရတာပေါ့လေ”
ပထမတော့ သူ ဆင်လိုက်သည်မှာ ဆင်ရိုင်းများကို ဖမ်း၍ ခိုင်းဆင်ဖြစ်အောင် လေ့ကျင့်သည့် လုပ်ငန်းရှင်များထံ ရောင်းချခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ကျွန်တော့်ထင်မြင်ချက် မှားသွားသည်။ သူသည် ဆင်စွယ်ကို ဖြတ်ဖို့၊ ဆင်ကိုသတ်သော ဆင်လိုက်မုဆိုး ဖြစ်ခဲ့သည်။ ဆင်တွေကို သတ်ရတာ ပျော်စရာကောင်းလား ... ဟု ကျွန်တော်မေးတော့ သူပြုံးပါသည်။
“ဆင်စွယ်ဟာ အလွန်တန်ဖိုးကြီးတာ မဟုတ်လား ဆရာရဲ့ ... ဆင်လိုက်ရတဲ့ မုဆိုးဟာလည်း ထိုက်ထိုက်တန်တန် အခကြေးငွေ ရတာကိုး”
“မြန်မာ့ဆင်စွယ်ဟာ ကမ္ဘာ့ဈေးကွက်မှာ အရည်အသွေး မီပြီး ဈေးကောင်းရတယ် ဆရာ”
သူသည် ဆင်စွယ်အကြောင်းကို စိုက်ပျိုး၍ ရရှိလာသည့် ထွက်ကုန်တစ်ခုပမာ နှလုံးသား ကင်းမဲ့စွာ ပြောခဲ့သည်။
“ဆင်စွယ်ကို ထွင်းထုတဲ့ ပန်းပုပညာမှာ မြန်မာ့အနုလက်ရာကို ကမ္ဘာက အံ့ဩရတာ မဟုတ်လား ဆရာရဲ့။ ဆင်စွယ်ကို အဖျားကနေ အရင်းအထိ ပန်းနွယ်ပန်းခက်တွေ ကနုတ်တွေ ထွင်းပြီး ဘုရားရုပ်ထု လုပ်ကြတာ ဆရာ မြင်ဖူးမှာပါ။ ဘယ်လောက် လှသလဲ။ လက်ရာ အနုစိတ်ရင် စိတ်သလို တန်ဖိုးကြီး တယ်နော ...”
ကျွန်း ... စသော သစ်လုံး တစ်ခုခုကို ကနုတ်ပန်း ထွင်းယူလျှင်လည်း သည်လို လက်ရာမျိုး မရနိုင်ဘူးလား၊ ဘာဖြစ်လို့ ဆင်စွယ်ကိုမှ ထုချင်ကြတာလဲ ... ဟု ကျွန်တော် မေးပြန်သည်။
“ဆင်စွယ်က အသားညက်တယ်၊ အရောင်က လက်ပြီး ရောင်ပြေးလို ဖြစ်နေတယ်၊ အလင်းတောင် ပေါက်တယ်ဆရာရဲ့၊ ဖန်သားလိုပဲ၊ အလွှာတွေ တစ်ထပ်ပြီး တစ်ထပ် အရစ်လိုက် အရစ်လိုက်နဲ့ တော်တော်လှတာ၊ ဆရာ့ သစ်သားပန်းပုက ဘယ်လောက် လှနိုင်မှာတုန်း”
ဒါတွေဟာ အကုသိုလ်တွေပဲ ... ဟု ကျွန်တော် ပြောချင်သည်။ သို့သော် ဘာသာမရှိသော မုဆိုးတစ်ယောက်သည် အကုသိုလ်နှင့် ကုသိုလ်ကို သိနိုင်ပါ့မလား။ ထို့ပြင် လောဘကြီးသော ဆင်စွယ် မှောင်ခိုသမားများအဖို့ ဆင်မျိုးပြုတ်ခြင်း အန္တရာယ်ကိုရော တွေးတတ် ကြပါ့မလား။
“ကျွန်တော် ကြားဖူးတာကတော့ ဘယ်မှာ ဆိုလားပဲ။ ရှေးနှစ်ပေါင်း များစွာတုန်းက သေထားခဲ့တဲ့ ဆင်သင်္ချိုင်းတွေ ရှိသတဲ့ အဲဒီအရပ်က မြေအောက်ထဲမှာ ရှိနေတဲ့ ဆင်စွယ်တွေကို တူးယူပြီး အလှအပ ကိရိယာ တန်ဆာပလာ ထုလုပ်ကြဖို့ ဘယ်သူမှ စိတ်မကူးကြဘူးလား ဦးလေးရဲ့”
သူက ကျွန်တော့်စကားကို သဘောကျဟန်ဖြင့် ရယ်လိုက်သည့်အခါ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။
“ဆရာလို ဗဟုသုတ များတဲ့ ပညာတတ်ကြီး တစ်ယောက်တောင် ဆင်သင်္ချိုင်း ဘယ်မှာမှန်း မသိရင် ကျုပ်တို့လို လူတွေဆို ပိုဆိုးတော့မပေါ့ ဆရာ။ မသေချာတဲ့ နေရာသွားပြီး မသေချာတဲ့ မြေကြီးတွေ ကျောက်လွှာတွေ တူးရမယ့် အလုပ်ကို ဘယ်သူက လုပ်မှာတုန်း၊ အလွယ်တကူ မြင်နေရတဲ့ ဆင်တွေကိုပဲ လိုက်ရှာတော့မယ်ဗျာ”
ကျွန်တော် ဘာစကား ပြောရမှန်း မသိအောင် ဖြစ်သွားပါသည်။
တောဝက်၊ ဝေလငါး စသည့် တိရစ္ဆာန် အစွယ်များဖြင့် ပြုလုပ်တားသည့် ဆင်စွယ်တုလည်း မဟုတ်သော အခြား ဆင်စွယ်တုများကို ထုတ်ဝေနိုင်ကြလျှင် မည်မျှကောင်းမလဲဟု ကျွန်တော် စိတ်ကူးယဉ်မိသည်။ ဆရာဝန် တစ်ယောက် ဖြစ်နေ၍လားမသိ။ ကျွန်တော်သည် ဆင်စွယ်ဖြင့် ဖန်တီးပြုလုပ်သော ကနုတ်ပန်းခက် လက်ရာများကို နည်းနည်းမျှ နှစ်သက်၍ မရချေ။
“ဆင် ဘယ်နှစ်ကောင်လောက် ဦးလေး သတ်ခဲ့ဖူးသလဲ” ဟု ကျွန်တော် မေးကြည့်မိ၏။ သူသည် ပထမတော့ တွန့်ဆုတ် နေသည်။ နောက်မှ သူ မဖြေချင့် ဖြေချင်ဖြင့် ဖြေပါသည်။
“ကျုပ် ဆင်ဘယ်နှစ်ကောင် သတ်တယ်ဆိုတာ ကျုပ် ဓိသားစုတောင် သိတာမဟုတ်ဘူး ဆရာရဲ့...။ တစ်ခါတစ်ခါ ဆင်သုံးကောင် သတ်ခဲ့တယ်လို့ ဖြေခဲ့တယ်။ တစ်ခါတစ်ခါ ဆင်ငါးကောင် သတ်ခဲ့တယ်လို့ ဖြေခဲ့တယ်။ တကယ်တော့ ဘယ်ကမလဲ ဆရာရယ်။ ကျုပ်လေ ဟောဒီလက်နဲ့ ဆင်အကောင်ပေါင်း သုံးဆယ့်နှစ်ကောင် သတ်ခဲ့တယ်”
ဆင် သုံးဆယ့်နှစ်ကောင် သတ်ခဲ့သော မုဆိုးကြီးသည် မိမိရောဂါမှာ ကင်ဆာဟု သိလိုက်ရသောအခါ ဆောက်တည်ရာမရ တုန်လှုပ် သွားခဲ့လေသည်။
သူသည် တစ်ခါတစ်ခါ ဝေဒနာကြောင့် ငိုကြွေးပြီး တစ်ခါတစ်ခါ ဒေါသဖြင့် အော်ဟစ် ဆဲဆိုနေတတ်၏။ တစ်ခါတစ်ခါတော့ တွေဝေစွာ ငြိမ်သက်၍ ငေးကြောင်နေတတ် ပြန်သည်။ သူ့မိသားစု သည် အတော်ပြည့်စုံသူများ ဖြစ်၍ သူ့ကျေးဇူးကိုလည်း သိတတ်သူများ ဖြစ်၍ သူလိုသမျှ အရာအားလုံး ဆောင်ရွက်ပေးရန် စီစဉ်ကြသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သည်လည်း ပင့်မည်ဆိုက ကြွလာနိုင်သည်။ ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီး သည်လည်း သေဆုံးမည့် ပုဂ္ဂိုလ်ကို ဆုတောင်းပေးရန် ပင့်မည်ဆို ကြွလာနိုင်သည်။ သို့သော် လူနာသည် မည်သည့် ဘုန်းကြီးကိုမျှ အလိုမရှိပေ။
သူ အလိုရှိသည်က ကျောက်ဆစ်သမား ဖြစ်လေသည်။
“ငါ့အတွက် ကျောက်တိုင်တစ်တိုင် စိုက်ပေးပါ။ ငါဟာ ဆင်ဘယ်နှစ်ကောင် သတ်ခဲ့တယ်ဆိုတာ လူတွေကို ဝန်ခံသွားချင်ပါတယ်။ ဒါပေမယ့် ဆင်တွေကို သတ်ရတဲ့ အကြောင်းရင်းကို လူတွေသိဖို့ အရေးကြီးပါတယ်။ အဲဒီအကြောင်းကို ကျောက်စာထဲမှာ ထည့်ပေးဖို့ မင်းကတိပေးပါ”
သူ့ဇနီးသည် မျက်ရည် တွေတွေကျလျက် ကတိပေးလိုက်၏။
“ဒီကျောက်စာကို လူတွေ အသုံးပြု အများဆုံးဖြစ်တဲ့ အဝေးပြေးလမ်းမရဲ့ ရှုခင်းအလှဆုံး နေရာမှာ စိုက်ပေးပါ။ ငါသေသွားတဲ့အခါ ငါဘာကြောင့် ဆင်တွေ သတ်ခဲ့ရတယ်ဆိုတဲ့ ငါ့စေတနာကို နောင်လာနောက်သားတွေ အမြဲသတိရနေစေရမယ် ... ကြားလား”
သူ့ဇနီးသည် ငိုကြွေးလျက် ခေါင်းညိတ်၏။
“ မုဆိုး သေသွားသောအခါ ကျောက်ဆစ်သမားသည် မုဆိုး မှာကြားသည့် စာသားများအတိုင်း ချင်းဘာသာဖြင့် တစ်မျိုး၊ အင်္ဂလိပ် ဘာသာဖြင့် တစ်မျိုး ထွင်းထုရေးသား ပေးခဲ့ရလေသည်။ နောက်ဆုံး စာကြောင်းမှာတော့ မုဆိုး ဆင်သတ်ခဲ့ရခြင်း၏ စေတနာကို မုဆိုး၏ စကားအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားလိုက်သည်။
“မြန်မာ့ဆင်စွယ် အရည်အသွေးနှင့် ကနုတ်ပန်းထွင်း ပန်းပုလက်ရာများ ကမ္ဘာ့အဆင့်မီကြောင်း သက်သေပြရန် မြန်မာ့ဆင် သုံးဆယ့်နှစ်ကောင်ကို သတ်ခဲ့ရပါသည်။”
* * *
ဒုတိယ ကျောက်တိုင်ရှင်ပုဂ္ဂိုလ် ကျောင်းဆရာဟောင်းသည် ဆေးရုံသို့ သွေးအန်၍ ဝမ်းမည်းသွားသော ဝေဒနာ (Haematemisis and melena) ဖြင့် ရောက်လာသည်။
ကျောင်းဆရာသည် လူပုံနွဲ့နွဲ့ ဥပဓိရုပ် ကောင်းကောင်း ဖြစ်သည်။ သူသည် စကားများများ မပြောချေ။ တိတ်ဆိတ်စွာ တွေးနေ သည်က များ၏။ သူ့မှာ ဘယ်တုန်းကမှ မိသားစု မရှိခဲ့။ သူ့ကို ဦးလေးသဖွယ် ခင်မင်အားကိုးသော တပည့်ဟောင်း တစ်ယောက်နှင့် အတူနေထိုင်သည်။ သူ့ရောဂါသည် အစာရေမျိုပြွန် သွေးကြောများမှ သွေးယိုသောရောဂါ ဖြစ်နိုင်ကြောင်း သူ့ကို ပြောပြစဉ်က သူ့မျက်လုံးမှာ မျှော်လင့်ချက်များကို မြင်ရသေးသည်။ သူ့ကို ကြည်ညို လေးစားသော တပည့်ဟောင်းများသည် သူ့အတွက် လိုအပ်သည့် သွေးကိုဖောက်၍ လှူရန် အဆင်သင့် တန်းစီ၍ စောင့်နေခဲ့၏။ သွေးယိုခြင်းကို တားဆီးမည့်၊ ငွေထောင်သောင်းနှင့် ချီ၍ ကုန်ကျမည့် ထိုးဆေးများစွာကို သူ့အတွက် ဝယ်ပေးသော တပည့်ဟောင်းများကို ကြည့်၍ ကျွန်တော် အလွန်ကြည်နူးမိပါသည်။ ကျောင်းဆရာ တစ်ယောက်၏ ဘဝ အဓိပ္ပာယ်မှာ ဒါပါပဲလား ... ဟု ကျွန်တော် ကျေနပ်ရသည်။ သူ့ကို ထိုးဆေးနှင့် ကုသ၍လည်း မသက်သာ၊ ခွဲစိတ်ကုသဖို့ ကြိုးစားတော့လည်း အစာအိမ် အနာဟောင်းကိုသာ တွေ့လျက် သွေးယို ထွက်သည့် အဓိကနေရာကို မတွေ့ရပေ။
သူသည် သတိလစ်လစ် သွားသော်လည်း မကြာခဏ သတိ ပြန်ပြန်ရလာ၏။ တစ်ညမှာတော့ သူသည် အချိန်တော်တော်ကြာ သတိရနေပြီး သူ့မှတ်ဉာဏ်နှင့် အာရုံကြောများ ကြည်လင်လျက် ရှိသောကြောင့် ကျွန်တော်ပင်လျှင် သူ့အတွက် မျှော်လင့်မိတော့မလို ဖြစ်သွားသေးသည်။
“ဆရာ ကျွန်တော့်ကို တစ်ခုလောက် ကူညီမလား” ဟု သူမေးသောအခါ ကျွန်တော် စိတ်အားထက်သန်စွာ ခေါင်းညိတ်ခဲ့၏။
“ကျွန်တော် အသက်ရှင်ဖို့ မျှော်လင့်ချက် ဘယ်လောက် လောက်ရှိသလဲ ... ကျွန်တော် သိချင်ပါတယ်”
ကျွန်တော် ဘယ်လိုလုပ်ပြီး ဖြေရမည်နည်း။ လူနာကို ဆရာဝန်သည် မည်သည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ဖွင့်ပြော သင့်သနည်း။ မျှော်လင့်ချက် အပြည့်အဝပေးပြီး လိမ်ညာ လိုက်ရမည်လား။ အမှန်အတိုင်း ရိုးသားပွင့်လင်းစွာ ပြောပြ အသိပေးခြင်းဖြင့် ရက်စက်လိုက်ရမည်လား။ ကျွန်တော် စဉ်းစားတွေဝေ နေသည်ကို စူးရှစွာ အကဲခတ်နေသော လူနာ၏မျက်လုံးတွင် ကြောက်စိတ် မရှိပါ။
“ငါးဆယ် ရာခိုင်နှုန်းစီ ရှိပါတယ်”
သူ သက်ပြင်းတစ်ချက်ချ၏။ ထို့နောက် သူ့တပည့်အား လှမ်းကြည့်သည်။
“ဒီပတ်ဝန်းကျင်မှာ လက်ရာအသေသပ်ဆုံး ကျောက်ဆစ်သမား တစ်ယောက်ကို သွားခေါ်ချည် ...၊ ချင်းဘာသာလည်း ရေးနိုင်တဲ့လူ ဖြစ်ရမယ် ...”
သူ့တပည့် ထွက်သွားသောအခါ သူ တစ်ခုခု ပြောချင်နေကြောင်း ကျွန်တော့်ကို အရိပ်အယောင်ပြ၏။ လျှို့ဝှက်ဟန်ရှိသော ကျောင်းဆရာဟောင်း၏ ဝန်ခံချက်များမှာ မုဆိုး၏ ဝန်ခံချက်များထက် စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟုကျွန်တော် မှန်းဆမိပါသည်။
ထို့နောက် ကျောင်းဆရာသည် ကျွန်တော့်အား သူ့ဘဝထဲမှ ဖုံးကွယ်ထားသော အဖြစ်တစ်ခုကို ဖွင့်ပြောပြခဲ့သည်။
“ကျွန်တော့်ဇာတိက မန္တလေးမြို့ကပါ။ ကျွန်တော့်မိဘတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပဲ ဆိုပါစို့။ ကျွန်တော်နဲ့ နေနဲ့လ၊ ရွှေနဲ့ မြလို လိုက်ဖက်တယ်လို့ သူတို့ယုံကြည်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ပေးစားဖို့ သူတို့ စီစဉ်ပါတယ်။ ဒါပေမယ့် ခက်နေတာက ကျွန်တော် အိမ်ထောင် မပြုချင်ဘူး။ ဒါထက် ဆိုးတာက အဲဒီ မိန်းကလေးကို ကျွန်တော် မချစ်ဘူး။ ဒီလိုနဲ့ပဲ ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖလမ်းကို ပြေးလာခဲ့ပါတယ်။ ဖလမ်းမှာ ၄, ၅ နှစ်ကြာ နေလာတဲ့အခါ ကျွန်တော့် ပညာနဲ့ အကျင့်သီလကို လူတိုင်း လေးစားကြတယ် ဆိုပါတော့။ ဂုဏ်သိက္ခာရှိတဲ့ ကျောင်းဆရာတစ်ယောက် ဘဝကို ကျွန်တော် ရခဲ့ပါတယ်။ အဲဒီ ဂုဏ်သိက္ခာကပဲ ကျွန်တော့်ဘဝ သေသွားအောင် သတ်ခဲ့တယ်လို့ ဆိုရမှာပါ ဆရာ။
“ကျွန်တော် ချင်းလူမျိုးကို ချစ်တယ် ...၊ ချင်းပြည်နယ်က ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော့်ဘဝကို နစ်မြုပ် ထားချင်လောက်အောင် ကျွန်တော်ချစ်တယ်။ ကျွန်တော့်မှာ မြန်မာ တပည့်မလေးတွေ ရှိသလို ချင်းတပည့်မလေးတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဆရာနဲ့တပည့် သံယောဇဉ်ထက် ဘယ်မိန်းကလေးကိုမှ မပိုခဲ့ပါဘူး။ အဲဒါ ကျွန်တော် တန်ဖိုးအထားဆုံး သစ္စာပါ။ ကျွန်တော် ချင်းပြည်မှာနေသရွေ့ ချင်းမကလေး တစ်ယောက်ယောက် အပေါ်မှာ စိတ်မကစားမိဖို့၊ မသာယာမိဖို့ နောက်ဆုံးဗျာ မချစ်မိဖို့တောင် ကျွန်တော် အမြဲတမ်း သတိထား ဆင်ခြင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ကျွန်တော့်သစ္စာနဲ့ ကျွန်တော့်အချစ်ကြားမှာ ကျွန်တော် တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။
“ဆောင်းရာသီတွေမှာ ကျွန်တော် တောင်ကြားအောက်ခြေ အထိ သွားပြီး မဏိပူရမြစ်ထဲမှာ ရေချိုးလေ့ရှိတယ်။ ဆရာလည်း သိနေရောပေါ့။ ဒီက အအေးဒီဂရီ ဘယ်လောက်များလိုက် သလဲနော်၊ ရေနွေးနဲ့ ရေစပ်ချိုးတာတောင် ရေလောင်း ခဏနားတဲ့ အချိန်မှာ မေးတွေ သွားတွေ ကျင်တက်လာအောင် လေအေးက စိမ့်တိုက်နေတာ မဟုတ်လား။ ရေချိုးအပြီး အဝတ်နဲ့ ရေသုတ်တာ နည်းနည်းကြာသွားရင် လက်တွေခြေတွေ ပြာနှမ်းလာအောင် အေးတဲ့ အအေးဓာတ်လေ။ ဒီတော့ ဟိုး ချိုင့်ဝှမ်းအောက်ခြေက မဏိပူရ မြစ်ရေကိုပဲ ကျွန်တော် သွားချိုးရတယ်။ မြစ်ရေကတော့ သာမန်ဆောင်းတွင်း ရေအေးလောက်ပဲ ရှိတာကိုး ဆရာရဲ့။ အဲဒီမှာ ကျွန်တော်နဲ့သူ တွေ့ရတော့တာပါပဲ။
“သူ့ရဲ့ ချင်းနာမည်က တော်တော်ရှည်တယ်။ နောက်ပြီး ဆရာမှတ်မိမှာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် သူ့ကို ဒီပတ်ဝန်းကျင်က တံငါမလေးလို့ သိနေကြတယ်။ သူက မြစ်ထဲမှာ သူကိုယ်တိုင် ဆင်းပြီး၊ ငါးဖမ်းတာ သိပ်ကျွမ်းတာကိုး ဆရာရဲ့။ နာမည်နဲ့ လိုက်အောင် ပေးတတ်ကြပါတယ်။ သူ ငါးဖမ်းပုံကို ဆရာ မြင်စေချင်တယ်။ ကျွန်တော်တို့လို ငါးမျှားချိတ်နဲ့ ဖမ်းတာ မဟုတ်ဘူးဆရာ။ လက်နဲ့ပဲ ဖမ်းတာ။ သူ့နောက်ကျောမှာ အပိတ်ပါတဲ့ ဝါးခြင်းပြားပြားကလေး တစ်ခုကို လွယ်ထားတယ်။ ငါးတွေကို မိတဲ့အခါ နောက်ကျောက ခြင်းထဲ နောက်ပြန်ပစ် ထည့်သွားတာပဲ။ လက်ကာ သိပ်သွက်တာ။ သူ့မေးစေ့အထိ နက်တဲ့ မြစ်ရေထဲမှာတောင် သူ ငါးဖမ်းတတ်တယ် ဆရာရယ်။
“ကျွန်တော်နဲ့သူ ဆုံမိတဲ့ ပထမဆုံး နေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တာ ခဏကလေးပဲ။ ဒါပေမယ့် ကျွန်တော် နောက်ရက်တွေမှာ ရေချိုးသွားရင် ငါးမျှားတံ တစ်ချောင်းပါ ယူသွားတော့ တွေ့ချိန် ပိုကြာသွားတာပေါ့။ ကျွန်တော် ငါးတစ်ကောင်မှ မရဘူးဗျ။ နှစ်ရက်လောက် ဆုံပြီးတဲ့ အခါကျတော့ သူက ပြုံးကြည့်တယ်။ သူက မြန်မာစကား မတတ်ဘူး။ ကျွန်တော်က ချင်းစကား မတတ်ဘူး။ သူက ချင်းလို ပြောတယ်။ ကျွန်တော်က မြန်မာလို ပြန်ပြောတယ်။ သူက ကျွန်တော့်ကို ဟိုးမြစ်အထက်ဘက်မှာ ငါးမျှားဖို့ ပြောတယ်။ အဲဒီနေရာမှာ ရေပြင်ဟာညီပြီး ဖြည်းဖြည်းလေး စီးတယ်ဆိုတဲ့ သဘောနဲ့ သူ့လက်ကလေးနဲ့ အမူအရာ လုပ်ပြတယ်။ ဒီနေရာကို လက်ညှိုးစိုက်ပြပြီး ရေစီးကြမ်းတမ်းတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ဟန် အမူအရာ လုပ်ပြတယ်။ သူ့မျက်လုံး မှေးမှေးကလေးတွေက ရယ်လိုက်ရင် မျက်စိပေါက် ပျောက်ရော။ ဒါပေမယ့် ပါးချိုင့်ကလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရမ်းကို လှသွားတာပေါ့ ဆရာရယ်။ (၆)ရက်၊ (ရ)ရက် လောက် ဆုံပြီးတော့ ကျွန်တော် ရှောင်မှဖြစ်မယ် ဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်တော် အဲဒီမြစ်ကမ်းပါးကို မသွားဘဲ ထိန်းချုပ်နေလိုက် ရတော့တယ်။ ဒါပေမယ့် တံငါမလေးမှာတော့ အဲဒါကို ထိန်းချုပ်စရာလို့ ထင်ပုံမရဘူးဗျ။”
“ကျွန်တော် မြစ်ဘက်ကို မသွားတာ ၄, ၅ ရက် ကြာတဲ့ အခါမှာတော့ တံငါမလေး ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားတာကို အိမ်ထဲကနေ လှမ်းမြင်ရတယ်။ သူ ကျွန်တော့်ကို ရှာနေတာ သေချာတယ်။ သူ အိမ်တိုင်းအိမ်တိုင်းကို အသေအချာ လှမ်းကြည့်ပြီး တစ်ခုခု ရှာနေတာလေ။ ကျွန်တော် အဲဒီအချိန်မှာ ထွက်မကြည့်မိဖို့ ဘယ်လောက်တောင် ထိန်းချုပ်ရတယ်လို့ ဆရာ ထင်သလဲ။ အဲဒီ အခြေအနေဟာ ယောက်ျားတစ်ယောက်အတွက် အခက်အခဲဆုံး အခြေအနေပါ ဆရာရယ်။ သုံးလေးရက်ကြာတဲ့ အခါမှာတော့ သူသတင်း ရသွားပုံနဲ့ ကျွန်တော့်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာခဲ့တော့တယ်။
“အဲဒီရက်က ဆောင်းဝင်ခါစပေါ့။ သူ့ကိုယ်ပေါ်မှာ ဂွမ်းစောင်ပါးပါး တစ်ထည်ကို ပတ်ခြုံထားတယ်။ သူ့လက်မှာ ငါး သုံးလေးကောင် ကြိုးနဲ့ သီလို့။ ကျွန်တော့် ကျောင်းသားတွေ ရှေ့မှာမှ သူ ကျွန်တော့်ဆီ ရောက်လာပေတယ်ဗျာ။ ကျွန်တော် တော်တော် ဖြုံသွားတယ်။ သူတစ်ခုခု အမူအယာ ပြလိုက်ရင် ဒုက္ခပဲလို့ စိုးရိမ်လိုက်ရတာ။ ဒါနဲ့ ကမန်းကတန်း မျက်နှာထား တည်တည်နဲ့ အိမ်ရှေ့ပေါက်ကို သွားရပ်ရတာပေါ့။ ဘာလာလုပ်တာလဲလို့ ခပ်တင်းတင်း မေးလိုက်တယ်။ ကျွန်တော့် မြန်မာစကားကို သူ နားမလည်ပေမယ့် ကျွန်တော့် မျက်နှာထားကို သူနားလည်သွားတယ်။ သူ့မျက်နှာ ဖျတ်ခနဲ ညှိုးသွားလိုက်တာ မြင်ရက်စရာတောင် မရှိပါဘူးဗျာ။ သူက ကျွန်တော့်ကို သူကိုင်လာတဲ့ ငါးတွဲကလေးကို ရိုရိုသေသေ လှမ်းပေးတယ်ဗျ။ နောက်ပြီး ကျွန်တော့်ကို တစ်ခဏ စိုက်ကြည့်နေပြီး ဖြုန်းခနဲ လှည့်ပြန်သွားပါရောဗျာ။ သူ့အကြည့်ကို ကျွန်တော်သိတယ်။ ဒီအကြည့်ကို ဘယ်တော့မှ ကျွန်တော် မမေ့နိုင်တော့ဘူး ...”
သူသည် ခဏကြာအောင် မျက်စိမှိတ်၍ ငြိမ်သက်နေရာ သူသတိလစ်သွားပြန်ပြီဟု ကျွန်တော် ထင်လိုက်မိ၏။ ထို့ကြောင့် ခုံတန်းမှ အသာထရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ သတိမလစ်ပါ။
“ကျွန်တော် ဘာလုပ်မယ်လို့ ဆရာ ထင်သလဲ ... ဟင်”
လေသံသဲ့သဲ့ဖြင့် အားယူပြုံးကာ ကျွန်တော့်ကို မေးသည်။ ကျွန်တော် အူကြောင်ကြောင်ဖြစ်သွား၏။ ကျွန်တော် ငြိမ်နေသောအခါ သူက မျက်လုံး ဖွင့်ကြည့်ပါသည်။
“ကျွန်တော် ဒီကနေ ထွက်သွားလိုက်တယ် ဆရာ။ ဖလမ်းကနေ ထွက်သွားလိုက်ပါတယ်။ မန္တလေးကိုလည်း မပြန်ချင်တာနဲ့ ကလေးမှာ တစ်လလောက် သွားနေလိုက်တယ်။ ကလေးစိတ် မပျောက်တပျောက်တံငါမလေး အခုချိန်လောက် ဆိုရင်တော့ မြစ်ဆိပ်မှာ တွေ့ခဲ့ဖူးတဲ့ လူကြီးတစ်ယောက်ကို မေ့လောက်ပြီလို့ ကျွန်တော် ယုံကြည်လာတဲ့ ကာလအထိပေါ့။ အဲဒီကာလတွေမှာ ကျွန်တော့်ကိုယ် ကျွန်တော် မညှာမတာ ပြန်စစ်ဆေးပြီး အမှန်အတိုင်း မြင်သွားတာ တစ်ခုရှိတယ်။ တံငါမလေးကို ကျွန်တော်ရှောင်ခဲ့တာဟာ ချင်းပြည်နယ်မှာ နေပြီး ချင်းမကလေးတစ်ယောက်နဲ့ မပတ်သက်စေရဘူးဆိုတဲ့ ခပ်ကြောင်ကြောင် အယူအဆကြောင့်ချည်း မဟုတ်ဘူး ဆရာရဲ့။ ငါးဖမ်းပြီး ငါးရောင်းရင်း အသက်မွေးရတဲ့ တံငါမိန်းကလေး တစ်ယောက်နဲ့ မပတ်သက်ချင်တဲ့ အကြောင်းလည်း ပါတယ်။ ဒါကို ကျွန်တော် သိသွားတယ်လေ။ ဂုဏ်သရေရှိ ငွေရှိတယ်ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို လက်မထပ်ချင်တဲ့ ကျွန်တော်ဟာ တံငါသည်မလေးကိုလည်း မပတ်သက်ချင်ပြန်ဘူးလေ။
“ဒီလိုနဲ့ ကျွန်တော် တစ်လလောက် ကြာတဲ့အခါမှာ ဖလမ်းကို ပြန်လာခဲ့တယ်။ ဒီကိုရောက်တော့ ကျွန်တော်ရင်ဆို့စရာ သတင်း တစ်ခုက ကျွန်တော့်ကို ရင်ဝဆီးကန်လိုက်သလိုပဲ။ တံငါမကလေး ဆုံးသွားပြီဆိုတဲ့ သတင်းပေါ့ ဆရာရယ်။ ဘာကြောင့်ဆုံးသလဲဆိုတော့ ရေနစ်သေသလိုလို ကြိုးတံတားပေါ်ကပဲ ကျပြီး သေသလိုလို၊ ဓာတ်လိုက်ပြီး သေသလိုလို ...”
ကျွန်တော် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သောအခါ သူက ကျွန်တော့်ကို ခဏလေးစိုက်ကြည့်နေပြီးမှ စကားဆက်သည်။
“ဓာတ်လိုက်တယ် ဆိုတာက ဒီလို ဆရာရယ်။ တချို့က မဏိပူရမြစ်ထဲက ငါးတွေကို အစုလိုက်အပြုံလိုက် ရဖို့အတွက် ရေထဲကို လျှပ်စစ်နဲ့ စီးအောင်လုပ်ပြီး ဖမ်းကြတယ်ဗျ။ ဒီမြစ်က မြို့ရဲ့ ဟိုးအနက်ဆုံး ချိုင့်ထဲမှာ အဝေးကြီး ရှိနေတော့ ဒီမြစ်ကို ငါးဖမ်းတဲ့လူ မရှိသလောက်ပါပဲ။ ရေချိုးတဲ့သူလည်း ရှားပါတယ်။ မြစ်ပြင်တစ်လျှောက် တောင်အကွေ့ တောင်အစွယ် ကင်းတဲ့ နေရာကနေ သူတို့ ဒိုင်းနမိုက်နဲ့ ခွဲတာတို့၊ လျှပ်စစ်နဲ့ စီးခိုင်းတာတို့ လုပ်ကြတာပေါ့။ လူသူကင်းရှင်းလို့ လုပ်လိုက်တဲ့အခါ တောင်အကွယ် မြစ်အောက် ရေထဲမှာ တစ်ယောက်ယောက် ရှိနေရင် မမြင်နိုင်ဘူးပေါ့။ လျှပ်စစ်နဲ့ ဓာတ်လိုက်ပြီး သေမယ်ဆိုရင် သေနိုင်တာပေါ့။ ဒါပေမယ့် နှစ်ပေါင်းများစွာအတွင်း တစ်ခါမှ ဒီလိုအဖြစ်မျိုး မဖြစ်ဖူးပါဘူး။
“အဲဒီတော့ အလောင်းကိုလည်း ကျွန်တော်တို့ မမြင်ရတော့ တံငါမလေးနဲ့ ကျွန်တော်တို့ အသိုင်းအဝိုင်းလည်း ဝေးတော့ ဘယ်လို သေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ သေချာတာတစ်ခုက သူသေသွားပြီ။ မြစ်ပြင်မှာ သူ့အလောင်းကို ဆယ်ယူရတယ်။ ဒါပဲပေါ့ ဆရာရယ် ...။
“အဲဒီနေ့ကစပြီး ကျွန်တော်သွားလေရာမှာ သူ့ဝိညာဉ် ပါလာတယ်လို့ ကျွန်တော် ထင်ခဲ့တော့တာပဲ။ ကျွန်တော် ရေချိုးဖို့ မဟုတ်ဘဲ၊ ငါးဖမ်းဖို့ မဟုတ်ဘဲ မြစ်ကမ်းပါးကို ခဏခဏ ဆင်းမိတာ ဘာကြောင့်လဲ၊ ကျွန်တော် ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ မြစ်ရေစီးသံကို ကျွန်တော် တစ်နေ့လုံး ထိုင်နားထောင်နေခဲ့တယ်။ သူ့ရယ်သံနဲ့ သိပ်တူတာပဲ။ သူ့ဝိညာဉ်ဟာ မြစ်ကမ်းပါး ပတ်ဝန်းကျင်မှာ ပိုပြီး ပျော်ဟန်တူပါရဲ့ ဆရာရယ်။
“တကယ်တော့ ကျွန်တော်ဟာ သတ္တိကြောင်ခဲ့ပါတယ်။ အခြေအနေတွေ လွန်ပြီးသွားတဲ့ အခါကျမှ ကျွန်တော် လိုချင်တဲ့ဘဝ ဟာ ဘာလဲလို့ သိခဲ့ရတယ်လေ။ ကျွန်တော် သတ္တိကြောင်မိတာကို သူသေပြီးမှ သိလာတာပါ။ အခုတော့ ကျွန်တော်ဟာ မိန်းကလေး တစ်ယောက်ကို ချစ်မြတ်နိုးခဲ့မိတယ် ဆိုတာကို ဘယ်သူ့ကိုမဆို ဖွင့်ပြောဖို့ ဝန်မလေးတော့ပါဘူး။ ကျွန်တော့်ကို တံငါမလေး တစ်ယောက်က ချစ်နေခဲ့သလားလို့ တွေးရမှာကိုလည်း ဂုဏ်ငယ်တယ်လို့ မထင်တော့ပါဘူး။ အခုတော့ ကျွန်တော်မသေခင် ကျွန်တော့် ဘဝကို ကြေညာခဲ့ပါတော့မယ်။ ဒါမှလည်း ကျွန်တော် အသေဖြောင့်တော့မယ်။ ဒါကြောင့် ကျွန်တော် မသေခင် ကျောက်တိုင်လေး တစ်ခုလောက် စိုက်ခဲ့ချင်ပါတယ်”
သူသည် သူ့ကိုယ်သူ သေတော့မည်ဟု သိသွားသောအချိန်မှာ ပို့၍ပင် တည်ငြိမ်ဣနြေ္ဒရနေ၏။ ကျောက်ဆစ်သမားနှင့် သူ့တပည့်တို့အား မှာစရာ ရှိသည်တို့ကို အေးဆေးစွာ မှာသွားနိုင်သေး၏။ သတိလစ်လိုက်၊ ပြန်လည်လိုက်နှင့် သူသည် အနည်းငယ်ပင် ပြုံးလိုက်ပါသေးသည်။
ကျွန်တော်သည် ကျောင်းဆရာဟောင်း သေဆုံးသွားသည်ကို မသိမမြင်လိုက်ရပါ။ အနီးရှိ လူနာများလည်း မသိ။ သူ့တပည့်ကလည်း ခုတင်ပေါ် မေးတင်၍ အိပ်ပျော်နေသဖြင့် မသိလိုက်ပါ။ သေဆုံးကြောင်း အတည်ပြုရန် နံနက် ၈ နာရီ အချိန်မှာ သူ့ခုတင်နား ကျွန်တော် ရောက်သွားတော့ သူ့နှုတ်ခမ်းမှာ ပြုံးမယောင်ယောင် ရှိသည်ကို တွေ့ရလေသည်။
ကျောင်းဆရာဟောင်း၏ ကျောက်တိုင်သည် အဝေးပြေး လမ်းပေါ်မှာ မဟုတ်။ တောင်ပေါ် လူသွားလမ်းမှာ မဟုတ်။ လူသူ ကင်းရှင်းသည့် မဏိပူရမြစ်ကမ်းပါးဘေး တောင်စွယ်တစ်ခုမှာ ဖြစ်သည်။ ထိုနေရာမှာ စိုက်ဖို့ သူ့တပည့်ကို သူအသေအချာ မှာသွားခဲ့သည် ဆိုပါသည်။ ထိုနေရာသည် သူနှင့် သူ့ချစ်သူ တံငါမကလေး ဆုံတွေ့ခဲ့ဖူးသောနေရာ ဖြစ်ချင်ဖြစ်နိုင်ပါသည်။
သူ၏ ကျောက်စာမှာ ရိုးစင်းစွာ တိုတောင်း၏။
“ဤမြို့တွင် နေထိုင်သွားသော ကျောင်းဆရာ ဦးအောင်ဖေသည် တံငါမကလေး တစ်ယောက်ကို သတိရသောအားဖြင့် ဤကျောက်တိုင်ကို ထားရစ်ခဲ့ပါသည်။”
* * *
ထိုကျောက်တိုင် နှစ်ခု၏ ဖွင့်ဟဝန်ခံချက် နှစ်မျိုးစလုံးမှာ ကျွန်တော် မနှစ်သက်သော ဝန်ခံချက်များ ဖြစ်၏။ သို့သော် ထိုနှစ်မျိုးလုံးကို ကျွန်တော် မမေ့နိုင်ပါ။
ဖလမ်းနှင့် ဝေးကွာခဲ့သော်လည်း ထိုကျောက်တိုင်များသည် ကျွန်တော့်ကို ဆွဲဆောင် ညှို့ယူထားဆဲ ဖြစ်ပါသည်။
ဂျူး
ကလျာ၊ မတ်၊ ၁၉၉၅။
( ရင်ခုန်သံ စာပန်းခင်း ရနံ့လေးများ ) မှ #မောင်ချမ်း ( ခရမ်းပြာ )