Friday, March 1, 2013

လက်ပန်းတောင်းတောင်ကိုကာကွယ် လယ်သမားတွေကိုဝန်းရံ(ဇော်ဝင်း- ၈၈ကျောင်းသားဟောင်း)

0 comments
လက်ပန်းတောင်းတောင်ကိုကာကွယ် လယ်သမားတွေကိုဝန်းရံ (ဇော်ဝင်း- ၈၈ကျောင်းသားဟောင်း)
လက်ပံတောင်းလှုပ်ရှားမှု ပြန်အားယူနေပါပြီ။ သူတို့တတွေ စိတ်ဓါတ်အညွန့်မကျိုးကြ။ သာမန်လယ်သမားတွေဖြစ်ပြီး ဒီလောက်ကြီးတဲ့ဖိနှိပ်မှုတွေကြုံရတာတောင် နောက်မတွန့်ကြ။ ဒီလောက်လှည့်ကွက်တွေသုံးပြီး အကောင်းဆုံးရွှေပြည်အေးသမားတွေ ထုတ်သုံးတာတောင် မတွေဝေမယိမ်းယိုင်ကြ။ လက်ပံတောင်းစိတ်ဓါတ်ဟာ လေးစားလောက်စရာ သူရဲကောင်းစိတ်ဓါတ်လို့ ဆိုရပါတော့မယ်။ လယ်သမားတွေဘက်က တာဝန်ကျေပါတယ်။ ကျန်တဲ့ပြည်သူတွေ ဝိုင်းရံကြဖို့လိုနေပါပြီ။

ဒီလိုအချိန်မျိုးမှာ ဦးသိန်းစိန်က နောက်ကွယ်မှာနိုင်ငံရေးပယောဂတွေပါတယ်လို့ ထုတ်ပြောလိုက်တယ်။ ဆိုချင်တာကတော့ နိုင်ငံရေးသမားတွေက မြှောက်ပေးနေတယ်ပေါ့။ ဒီစကားကနေဆင့်ပွားလာမယ့် အန္တရာယ်တွေကို လယ်သမားတွေနဲ့အမှန်တရားကိုချစ်မြတ်နိုးသူတွေ လက်ပံတောင်းကိုချစ်မြတ်နိုးသူတွေဘက်က ကြိုတင်သိမြင်ပြီး  ကာကွယ်ထားကြဖို့လိုပါလိမ့်မယ်။

ဦးသိန်းစိန်က နောက်ကွယ်မှာနိုင်ငံရေးပယောဂပါနေတယ်လို့ပြောတာဟာ အခြေခံလူတန်းစားဖြစ်တဲ့ လယ်သမားတွေက သူ့ကိုဆန့်ကျင်အံတုနေတာကို ဝန်မခံရဲလို့ နိုင်ငံတကာရှေ့မှောက်မှာ အရှက်ပြေ ပြောတဲ့စကားပါ။

ဒါပေမယ့် ဒီစကားကိုကိုးကားပြီး လက်ပံတောင်းအရေးမှာ ကျေးရွာပြင်ပကနိုင်ငံရေးသမားတွေဝင်မပါဖို့ အစိုးရအလိုတော်ရိတွေက ပြောလာကြလိမ့်မယ်။ အဲသလိုပြောခဲ့ရင် ပြည်သူတွေနားမယောင်ကြဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်တွေလည်း နားမယောင်ကြဖို့အရေးကြီးပါတယ်။

အလိုတော်ရိကြားလူတွေက ပြောကြပါလိမ့်မယ်။ မင်းတို့နိုင်ငံရေးသမားတွေဝင်ပါရင် အစိုးရက နိုင်ငံရေးပယောဂပါတယ်လို့ထင်လိမ့်မယ်။ အဲသလိုနိုင်ငံရေးပယောဂပါတယ်လို့သူတို့ကထင်ရင် အဲဒါကို အကြောင်းပြပြီးနှိမ်နင်းဖြိုခွဲလိမ့်မယ်။ သူတို့ဘက်က အဲသလိုအကြောင်းပြချက်ရှာမရအောင် မင်းတို့ ဝင်မပါဘဲရှောင်နေကြ။ လယ်သမားအရေးကို လယ်သမားတွေပဲလုပ်ပါစေလို့ ပြောကြလိမ့်မယ်။

ဒါဟာ ခေါင်းဆောင်နဲ့လူထုကို သွေးခွဲတဲ့နည်းပါ။  ကိုယ့်လူ သူ့ဘက်သားလုပ်တဲ့ လုပ်ရပ်ပါ။ ကိုယ့်ကို စေတနာထားသလိုလိုနဲ့ ဖိနှိပ်သူအကြိုက်ခွင်ထဲဝင်အောင်သွင်းတဲ့ အပြောမျိုးပါ။ ဒီလိုအပြောမျိုးဟာ လူထုလှုပ်ရှားမှုကိုအားနည်းအောင်လုပ်တဲ့အပြောမျိုးသာဖြစ်တဲ့အတွက် ဒီလိုအပြောမျိုးကို ခေါင်းဆောင်တွေရော၊ လူထုကပါ နားမယောင်ကြဖို့အရေးကြီးပါတယ်။

လက်ပံတောင်းအရေးမှာ အဓိကလူထုဟာ လက်ပံတောင်းဒေသခံရွာသားတွေ ဖြစ်ပါတယ်။ ဒါမှန်ပါတယ်။ ဒါပေမယ့် လက်ပံတောင်းပတ်ဝန်းကျင်ရွာသားတွေသက်သက်နဲ့သာဆိုင်တဲ့ အရေးအခင်းသေးသေးလေး မျှသာမဟုတ်ပါဘူး။ တနိုင်ငံလုံး ပြည်သူလူထုနဲ့ဆိုင်တဲ့ အရေးအခင်းကြီးပါ။ အဲဒီဒေသမှာရှိတဲ့ တောင် ၃၃ လုံးကို ထိန်းသိမ်းကာကွယ်ရေးဟာ တနိုင်ငံလုံးပြည်သူတွေရဲ့အရေးပါ။ နိုင်ငံရေးသမားရော၊ ကျောင်းသား ရော၊ စာပေအနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေပါ အားလုံးဝိုင်းဝန်းကြရမှာပါ။ လက်ပံတောင်းရွာသား တွေရဲ့အားသက်သက်နဲ့ ဦးပိုင်လို၊ ကြံ့ဖွံ့လိုအင်အားကြီးတဲ့ဖိနှိပ်သူတွေကို ရင်ဆိုင်ဖို့မလွယ်ပါဘူး။ ဦးပိုင်၊ ဝမ်ပေါင်နဲ့ကြံ့ဖွတ်တို့ဟာ ပညာသားပါပါ၊ ပရိယာယ်ကြွယ်ဝစွာနဲ့ နည်းမျိုးစုံသုံးပြီးဖိုခွဲဖို့ကြိုးစားမှာပါ။ ကြိုးလည်းကြိုးစားနေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကားကဝင်ပြီး ဖြန်ဖြေလာလောက်အောင်အထိ ကြံ့ဖွတ်ဘက်ကစည်းရုံးနိုင်တယ်ဆိုတာ နည်းနည်းနောနောပရိယာယ် မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့ခေါင်းဆောင်မှု၊ ဝိုင်းရံမှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေဟာ အစိုးရနဲ့အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသူတွေဖြစ်တဲ့အတွက် နည်းနာပိုင်းမှာအကူအညီအများကြီးပေးနိုင်ကြပါလိမ့်မယ်။ အဲသလို နိုင်ငံရေးသမားတွေရဲ့အကူအညီနဲ့ အင်အားပိုကောင်းပြီးစည်းစနစ်တကျပိုဖြစ်လာတာကို ဦးသိန်းစိန်ကကြောက်လို့ ပယောဂတွေပါတယ်လို့ စွပ်စွဲနေတာပါ။ ဖယ်ထုတ်ဖို့ခွဲထုတ်ဖို့ကြိုးစားနေတာပါ။ လယ်သမားတွေအထီးကျန်ဖြစ်အောင် လုပ်နေတာပါ။

ဘာကြောင့် ဒါတွေကို ဒီလိုစိုးရိမ်ပြီး ကြိုတင်သတိပေးနေသလဲဆိုတော့ ရှေ့မှာ ဒါမျိုးဥပမာ ပူပူနွေးနွေး ရှိထားပြီးမို့ပါ။ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးသန့်က ကိုဟန်ဝင်းအောင်ကို မင်းဒီရွာမှာဆက်မနေနဲ့ မင်းရွာမှာရှိနေရင်  သူတို့က ရွာထဲကိုဇွတ်ဝင်ဖမ်းလိမ့်မယ်။ မင်းကြောင့် ရွာသားတွေဒုက္ခရောက်လိမ့် မယ်လို့ပြောပြီး နှင်ထုတ်ခဲ့တဲ့ဥပမာရှိခဲ့လို့ပါ။ ကိုမျိုးသန့်ရဲ့ဒီစကားဟာ ခေါင်းဆောင်နဲ့လူထုကိုသွေးခွဲတဲ့ စကားဖြစ်ပါတယ်။ လူထုကိုစေတနာထားသလိုလိုနဲ့ အမှန်စင်စစ်မှာတော့ လူထုကိုခေါင်းဆောင်သူမဲ့ပြီး အားနည်းပျော့ညံ့သွားအောင်လုပ်တဲ့ စကားဖြစ်ပါတယ်။

ဒီစကားမျိုးဟာ ခေါင်းဆောင်တွေကို သိပ်စိတ်ထိခိုက်စေတဲ့စကားမျိုးပါ။ ဒီစကားကြောင့် ကိုဟန်ဝင်းအောင် ပြန်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ နောက်ကွယ်မှာထောင်ချောက်ကိုပါ တခါတည်းဆင်ထားပြီးသားဖြစ်ပါတယ်။ တကယ်လို့ ကိုဟန်ဝင်းအောင်ပြန်မဆုတ်ခဲ့လို့ ပြဿနာတက်ခဲ့ရင် ဟန်ဝင်းအောင် မင့်ကြောင့်လို့လက်ညှိုးထိုးဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဆိုတာ အဝေဖန်ခံနိုင်ရပါမယ်။ ဘယ်သူတွေဘယ်လိုပင်ဝေဖန်စေကာမူ ကိုယ့်ပြည်သူ၊ ကိုယ့်လူထုရှေ့မှာ မားမားမတ်မတ် ဆက်လက်ရပ်တည်ရဲဖို့လိုပါတယ်။

တကယ်လို့ ကိုဟန်ဝင်းအောင်ဆုတ်မပေးခဲ့လို့ စစ်တပ်နဲ့ရဲက ရွာကိုဝင်စီးခဲ့ရင် စစ်တပ်နဲ့ရဲရဲ့အပြစ်သာ ဖြစ်တယ်။ ဦးပိုင်နဲ့ကြံ့ဖွတ်ရဲ့အပြစ်သာဖြစ်တယ်။ စစ်နဲ့ရဲကိုအပြစ်မတင်ဘဲ ကိုဟန်ဝင်းအောင်ကို အပြစ်တင်တာဟာ စစ်နဲ့ရဲဘက်ကိုဖေးမပြီး ခေါင်းဆောင်နဲ့လူထုကိုသွေးခွဲတာသက်သက်သာဖြစ်တယ်။ တကယ်တော့ ရွာသားတွေနဲ့ခေါင်းဆောင်တွေဟာ အပြန်အလှန်အကာအကွယ်ပေးနေကြတာ ဖြစ်တယ်။ ရွာသားတွေမတရားအလုပ်ခံရတာကို မခံရအောင်၊ လွတ်မြောက်အောင် ခေါင်းဆောင်တွေက အကာအ ကွယ်ပေးတယ်။ ခေါင်းဆောင်ကိုဖဲ့ပြီး၊ ကွက်ပြီးနှိမ်နင်းဖြိုခွဲလို့မရအောင် လူထုက သူတို့ခေါင်းဆောင်ကို အကာအကွယ်ပေးတယ်။ ဒါဟာ လူထုရဲ့နိုင်ငံရေးရင့်ကျက်မှုကိုပြတာပဲ ဖြစ်တယ်။ ခေါင်းဆောင်ကို ထိန်းသိမ်းရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့အသိစိတ်ရှိတာဟာ လူထုရဲ့နိုးကြားမှု နိုင်ငံရေးအသိရှိမှုကိုပြတာ ဖြစ်တယ်။ ဒီသွေးစည်းညီညွတ်မှုဟာ ဖိနှိပ်သူကိုတုန်လှုပ်စေတဲ့ သွေးစည်းညီညွတ်မှုမျိုးဖြစ်တယ်။ ဖိနှိပ်သူဟာ စစ်တပ်ကလာတဲ့သူတွေဖြစ်တယ်။ စစ်ဗျူဟာကိုကျွမ်းကျင်နားလည်ကြတယ်။ ခေါင်းနဲ့ကိုယ်ကို ခွဲထုတ်နိုင်ရင် ခေါင်းကအကာအကွယ်မဲ့ပြီး ကိုယ်ကချိနဲ့အားနည်းသွားမယ်ဆိုတာကို ကောင်းကောင်း နားလည်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့်နည်းမျိုးစုံသုံးပြီး ခွဲထုတ်နေတာဖြစ်တယ်။

တကယ်တော့ လူထုဟာ ခေါင်းငုံ့ပြီးလုပ်သမျှခံမယ်၊ ပြဿနာ ထပ်အတက်မခံဘူးဆိုရင် အစကတည်းက ကိုယ့်အိမ်မှာအေးအေးနေလိုက်ရင် ပြီးတာပဲ။ လူထုက ဒီလိုတိုက်ပွဲဝင်နေတယ်ဆိုတာဟာ ကိုယ့်အခွင့်အရေးကို ထိုက်ထိုက်တန်တန်လိုချင်လို့တိုက်ပွဲဝင်နေတာ။ မတရားလုပ်တာကိုခေါင်းငုံ့မခံချင်လို့ တောင်းဆိုနေတာ။ ဒါကို အိမ်ပြန်ပြီး အေးအေးဆေးဆေးနေကြပါ။ ခင်ဗျားတို့အိမ်ပြန်ပြီး အေးအေးဆေးဆေးနေရင် အစိုးရကမဖမ်းအောင် ကျနော်တို့အကူအညီပေးပါမယ်ဆိုတာဟာ လူထုကိုစော်ကားတာဖြစ်ပါတယ်။ လူထုကိုခေါင်းငုံ့ခံလိုက်ကြပါလို့ ပြောတာဖြစ်တယ်။ လာမယ့်ဘေးပြေးတွေ့ဖို့ဆုံးဖြတ်ထားတဲ့လူထုကို ရန်မလိုမှရန်ပြိုမယ်လို့ပြောပြီး ရွှေပြည်အေးတရား ဟောနေတာသာဖြစ်တယ်။

၈၈  မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မှာပြောသွားတဲ့စကားဟာ အားတက်စရာကောင်းတယ်။ ဒီစကားတွေကို ကြိုဆိုပါတယ်။ ဒါဟာ မူလ မင်းကိုနိုင်ပဲလို့မျှော်လင့်ချက်ထားမိပါတယ်။ ဒါပေမယ့် အပြောသက်သက်နဲ့တော့ ရာနှုန်းပြည့်ယုံကြည်လိုက်ဖို့ခက်တယ်။ သူတို့ ၈၈ အဖွဲ့ဟာ ပထမတခါ ဖိနှိပ်သူဘက်ကရပ်တည်ခဲ့ဖူးတဲ့အစဉ်အလာရှိသွားခဲ့ပြီ။ အဲဒီအစဉ်အလာ၊ အဲဒီအမည်းစက်ကို အပြောသက်သက်လောက်နဲ့တော့ ဖျက်လို့မရဘူး။ အလုပ်နဲ့သက်သေပြနိုင်မှသာ အမည်းစက်ကို ဆေးကြောနိုင်မှာဖြစ်တယ်။ ၈၈ ထဲမှာ လူထုဘက်ကရပ်ချင်တဲ့သူတွေရှိသလို ခရိုနီတွေဘက်ကရပ်ချင်တဲ့သူတွေလည်း ရှိနေတယ်လို့ကြားနေကြရတဲ့အတွက် ၈၈ မျိုးဆက်ရဲ့လုပ်နည်းလုပ်ဟန်ကို သတိထားကြဖို့လိုပါမယ်။ ဂရုတစိုက်ဝေဖန်ပိုင်းခြားဖို့လိုပါမယ်။
လူထုလှုပ်ရှားမှုတခုမှာ ခေါင်းဆောင်တွေကလည်း သွေးခွဲဝေဖန်တာကိုမတုန်လှုပ်ပဲ အရေထူမယ်၊ ကြံ့ခိုင်မယ်ဆိုရင်၊ လူထုကလည်း သွေးခွဲသပ်လျှိုတာကိုနားမယောင်ဘဲ ခေါင်းဆောင်ကိုအကာအကွယ် ပေးထားမယ်ဆိုရင် ညီညွတ်ရေးဟာ သွေးစည်းခိုင်မာနေလိမ့်မယ်။ ဒီလိုသွေးစည်းခိုင်မာမှုမျိုးရှိမှ အောင်မြင်မှုရနိုင်မှာဖြစ်တယ်။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေအနုပညာရှင်တွေနဲ့ တတ်သိ ပညာရှင်တွေပါ ဝိုင်းရံအားဖြည့်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၃၊ အောက်တိုဘာ၊ ၂၀၁၂။
https://www.facebook.com/zaw.win.127

0 comments:

Post a Comment