Sunday, March 17, 2013

လက်ပံတောင်းတောင်ကိုသေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲအလားအလာများ (ဇော်ဝင်း)

0 comments
လက်ပံတောင်းတောင် အကျပ်အတည်းဟာသိပ်ကြီးမားတယ်။ လက်ပံတောင်းအစီရင်ခံစာက အဲဒီအကျပ်အတည်းကို ဖြေရှင်းမပေးနိုင်ရုံမက ပိုကြီးထွားလာစေတယ်။ အကျပ်အတည်းရဲ့ထွက်ပေါက်ဟာ ခက်ခဲနေတယ်။ အများပြည်သူအတွက် အန္တရာယ်သိပ်ကြီးနေတယ်။
 အစီရင်ခံစာရဲ့ တရားမျှတမှု
 လက်ပံတောင်းအစီရင်ခံစာဟာ အစီရင်ခံစာရေးသားဖို့အခြေခံတဲ့ အခြေခံမူမှာကတည်းက တိမ်းစောင်းတယ်။ ဒါ့ကြောင့် အစီရင်ခံစာ တိမ်းစောင်းတာပါ။ အခြေခံသည့်မူများက (က)နိုင်ငံတော်၏ရေရှည်အကျိုးစီးပွား၊ (ခ)ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ (ဂ)အပြုသဘောဆောင်သည့်အမြင်ဆိုပြီး အချက် ၃ ချက်ဖော်ပြထားတယ်။
တတိယအချက်ကစပြောပါမယ်။ တတိယအချက်မှာ အပြုသဘောဆောင်သည့်အမြင်ဆိုတာကိုက အမှားရဲ့မျိုးစေ့ဖြစ်နေပါပြီ။ ဒီလို အစီရင်ခံစာမျိုးကိုပြုစုတယ်ဆိုတာ အပြုသဘောလည်းဆောင်စရာမလိုသလို၊ အပျက်သဘောလည်းဆောင်စရာမလိုဘူး။ အပြုသဘော အပျက်သဘောဆိုတာဆန္ဒစွဲတွေပါ။ တနည်းပြောရရင် ဂတိတရားတွေဖြစ်ပါတယ်။
 ဒီလိုအစီရင်ခံစာမျိုးပြုစုတယ်ဆိုတာ အချစ်အမုန်းဆိုတဲ့ ဂတိတွေကင်းရတယ်။ အပြုအပျက်အမြင်တွေ ရှောင်ရှားရတယ်။ ဓမ္မဓိဌာန် ကျရတယ်။ ဓမ္မဓိဌာန်ကျရတယ်ဆိုတာ Objective ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ ဆန္ဒအပေါ်အခြေမခံဘဲ၊ အချက်အလက်အပေါ် အခြေခံရမယ်လို့ဆိုချင်တာပါ။ ဆန္ဒစွဲမပါဘဲ တွေ့တဲ့အချက်အလက်အတိုင်းတင်ပြရတယ်။ ခုတော့ အပြုသဘောဆိုကတည်းက တဘက်ကို စပြီးစောင်းနေပါတယ်။ အစီရင်ခံစာမထွက်ခင်ကတည်းက အပြုသဘောဆောင်စေချင်တဲ့ဆန္ဒကဦးစီးထားပြီးနေပြီ။ ထွက်လာမယ့်ရလဒ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြဌာန်းထားတဲ့သဘောထားတရပ် ရှိနေပြီ။
 အပြုသဘောဆိုတာ အစီရင်ခံစာပြုစုသူတို့က အပြုသဘောလို့ရှုမြင်တဲ့ နိုင်ငံရေးအမြင်နဲ့ဆိုင်တယ်။ သူက သူ့နိုင်ငံရေးအယူအဆအရ အပြုသဘောလို့၏မြင်ပေမယ့် သူ့အပြုသဘောက သူနဲ့နိုင်ငံရေးမတူသူအတွက် အပြုသဘောဟုတ်ချင်မှဟုတ်မယ်။ အပြုသဘောဆိုတာ ကိုက နိုင်ငံရေးပါနေတယ်။ ဒီတော့ အစီရင်ခံစာပြုစုသူတို့ရဲ့နိုင်ငံရေးအမြင်ကိုထင်ဟပ်တဲ့အစီရင်ခံစာ ထွက်လာတာပါပဲ။
 ပထမ ၂ ချက်မှာ နိုင်ငံတော်၏ရေရှည်အကျိုးစီးပွားနဲ့ ပြည်သူလူထုအတွက်ရေရှည်အကျိုးစီးပွားဆိုပြီး ခွဲခြားဖော်ပြထားတယ်။ နိုင်ငံတော် အကျိုးစီးပွားနဲ့ ပြည်သူလူထုအကျိုးစီးပွားဟာမတူဘူးလို့ ဆိုချင်တဲ့သဘောပဲ။ နိုင်ငံတော်အကျိုးစီးပွားဆိုတာဘာလဲ။ တော်တော် ရှုပ်ထွေး တယ်။ နိုင်ငံတော်အကျိုးစီးပွားဆိုတာ ဘာလဲလို့အဓိပ္ပါယ်ဖွင့်ရင် အဓိပ္ပါယ်အမျိုးမျိုးထွက်လိမ့်မယ်။ နိုင်ငံရေးမတူရင် အဓိပ္ပါယ်တူမှာ မဟုတ်ဘူး။ ကျနော် အဓိပ္ပါယ်ဖွင့်မပြတော့ဘူး။ ဒါပေမယ့် သတိပြုစရာအချက်အဖြစ် ထောက်ပြခဲ့ပါရစေ။
 နောက်တချက်က ဒီအစီရင်ခံစာဟာ အပြစ်ရှာတာ၊ တရားခံရှာတာကိုလုပ်မှာမဟုတ်ဘူးလို့  အစီရင်ခံစာမှာဖော်ပြထားသလို၊ ဒေါ်အောင်ဆန်းစုကြည် တုံရွာမှာ ရှင်းလင်းပြောကြားရာမှာလည်းထည့်ပြောသွားတယ်။ ဖြစ်ရပ်တခုမှာ ဗုံးခွဲသူကတဘက်၊ ဗုံးခွဲခံရပြီး မီးလောင်ကျွမ်းသူကတဘက် ရှိနေတယ်။ ဒီလိုအခြေအနေမှာ တရားခံမရှာတော့ဘူးဆိုတာဟာ ဘက်နှစ်ဘက်ကြားမှာတရားမျှတရဲ့လား။ ဒါမတရားဘူးဆိုတာ ထင်ရှားတယ်။ ဒီလိုသာ ဖြစ်ပြီးရင်ပြီးပါစေတော့လို့ပြောကြေးဆိုရင် ဦးတဲ့သူက မြန်မြန်တွယ်လိုက်ဖို့သာရှိတယ်။ ပြီးရင် ပြီးပြီပေါ့။ ဒါ့ကြောင့် ခံရတဲ့သူတွေဘက်က ဒီအစီရင်ခံစာကိုမကျေနပ်နိုင်တာဖြစ်တယ်။
 ဗုံးခွဲဒဏ်ရာရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့ပြောရာမှာ အတိတ်ကို ပြန်ပြီးအပြစ်မတင်ဘူး၊ ပစ္စပ္ပန်နဲ့အနာဂတ်ကိုပဲကြည့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါပေမယ့် အစီရင်ခံစာမှာ ဆန္ဒပြသူတွေဟာ ဟန့်တားမှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှု၊ ဆူပူဆန္ဒပြမှု ၁၂၄ ကြိမ်လုပ်ခဲ့တယ်လို့ဆိုတယ်။ ဆူပူဆန္ဒပြတယ်လို့ ဘာ့ကြောင့်ပြောသလဲ။ ခြံဝင်းတံခါးကို ၂ ကြိမ်ချိုးဖျက်တယ်ဆိုတာကလွဲပြီး ဆူပူတယ်လို့ပြောစရာ တခြားဘာအချက်မှမရှိဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေကို ဆူပူဆန္ဒပြတယ်လို့သုံးနှုန်းတယ်။ ဘာ့ကြောင့်လဲ။ အော်ဟစ်ကြွေးကြော်တာ တောင်းဆိုတာကိုတော့ ဆူပူတယ်လို့ပြောရင်တော့ အလွန်အဓိပ္ပါယ်မရှိတဲ့စွပ်စွဲချက်လို့သာ ဆိုရတော့မယ်။
 ရဲတွေကိုကျတော့ လေ့ကျင့်စမ်းသပ်မှုမလုပ်ခဲ့လို့ဆိုတဲ့ အချက်ပဲဖော်ပြတယ်။ ဒါတင်မကဘူး။ မတ်လ ၁၄ ရက်နေ့ မုံရွာ သတင်းစာရှင်းလင်း ပွဲမှာ ရဲတွေအပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်။ ရဲတွေဟာ ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးလို့လည်း ပြောတယ်။ ဒီနေရာမှာ နစ်နာသူတွေဘက်က မကျေနပ်စရာတွေအများကြီးဖြစ်သွားတယ်။ ပထမတချက်ကိုထောက်ပြရရင် အဲဒီညက ဆန္ဒပြနေသူတွေ ဟာ အကြမ်းဖက်သူတွေမဟုတ်ဘူး။ ဆူပူသူတွေမဟုတ်ဘူး။ အနည်းဆုံး အဲဒီညမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေကြတာဖြစ်တယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းမှ သံဃာတော် တော်တော်များများဟာအိပ်တောင်နေကြတာ။ ဒီလိုအိပ်နေကြတဲ့သူတွေကို ဘာကြောင့်မှ ဖြိုခွဲစရာအကြောင်းမရှိဘူး။ ဖြိုခွဲတာကိုက မှားနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေသူကို တုတ်နဲ့ရိုက်ရင်တောင် ဥပဒေကို ကျော်လွန်ပြီး အကြမ်းဖက်အင်အားသုံးတာဖြစ်တယ်။ ဒါကို အစီရင်ခံစာကမျက်ကွယ်ပြုတယ်။ နောက်တချက်က ရည်ရွယ်ချက်နဲ့လုပ်တာ မဟုတ်ဘူးတဲ့။ ရည်ရွယ်ချက်ပါမပါ ဘယ်လိုသိနိုင်သလဲ။ ထားပါတော့။ ရည်ရွယ်ချက်မပါဘူးပဲ ထားပါတော့။ ရည်ရွယ်ချက်နဲ့လုပ်တာ မဟုတ်ရင် အပြစ်မရှိဘူးလား။ ကားကိုကျွမ်းကျွမ်းကျင်ကျင်မမောင်းတတ်တဲ့လူတယောက်က လမ်းပေါ်တက်ကားမောင်းလို့ လူတယောက် သေသွားတယ်ဆိုပါတော့ အဲဒီလူ အပြစ်ရှိသလား၊ မရှိဘူးလား။ အဲဒီကားမောင်းတဲ့လူဟာ လမ်းပေါ်ကလူကိုသေစေချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် လူသေမှုအပြစ်တော့ရှိနေပြီမဟုတ်လား။ မကျွမ်းကျင်ဘဲနဲ့လုပ်တယ်ဆိုရင် ပိုလို့တောင်အပြစ်ရှိသေးတယ်။ ခုတော့ ရဲမှာ အပြစ်မရှိဘူးတဲ့။ ဒါတရားသလား။
မီးလောင်ဗုံးမဟုတ်ဘူးတဲ့ မီးခိုးဗုံးတဲ့။ ပြောချင်ရာပြောပေတော့။ ဖော့စဖရပ်ပါတယ်ဆိုတာတော့ အစီရင်ခံစာကဝန်ခံထားပြီးပြီ။ ဖော့စဖရပ် ပါတဲ့ဗုံးဟာ စစ်ပွဲမှာတောင်မသုံးဖို့ ကုလသမဂ္ဂကတားမြစ်ထားတဲ့ ဗုံးပဲ။ ဒီလိုဗုံးမျိုးကိုသုံးတာဟာ တရားမဝင်ကြောင်း၊ အရေးယူဖို့လိုကြောင်း ဘာ့ကြောင့်မပြောသလဲ။ ဒါဟာ ဘက်လိုက်တာပဲ မဟုတ်လား။ ဖော့စဖရပ်ပါကြောင်း ထည့်ပြောတာတောင်မှ ရှေ့နေကွန်ယက်က ခြေသွက် လက်သွက်နဲ့ အချက်အလက်သက်သေကြိုရှာပြီး အထောက်အထားပြထားလို့ မလွဲမရှောင်သာထည့်လိုက်ရတာဖြစ်ဖို့ရှိတယ်။
 လူတွေ ဆန္ဒပြဖို့ကိုတော့ ဥပဒေနဲ့အညီခွင့်တောင်းရမယ်တဲ့။ ဥပဒေနဲ့အညီမလုပ်ရင်အရေးယူဖို့ သူကိုယ်တိုင်ကတောင်းဆိုမယ်တဲ့။ အရင်က ဥပဒေဖောက်ဖျက်ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ပြောတော့ တရားခံရှာဖို့မဟုတ်ဘူးတဲ့။ အတိတ်ကိုကြည့်ဖို့ မဟုတ်ဘူးတဲ့။ ပြီးတာတွေ ပြီးပါစေတော့တဲ့။ ဒါတရားသလား။ ရဲအတွက်ကျတော့တမျိုး လူထုအတွက်ကျတမျိုး ဖြစ်မနေဘူးလား။
ဒီစီမံကိန်းကို လိုအပ်တဲ့ပြင်ဆင်မွမ်းမံမှုတွေလုပ်ပြီး ဆက်လုပ်တဲ့။ သဘာဝပတ်ဝန်းကျင်မပျက်အောင်၊ လူတွေမထိခိုက်အောင် လုပ်တဲ့။ ဘယ်လိုလုပ်ရမှာလဲ။ ဘယ်သူတွေက လုပ်မှာလဲ။ ဘယ်လို လုပ်ရမှာလဲဆိုတာ တိတိကျကျ ဖော်ပြမထားဘူး။ ဘယ်သူတွေကလုပ်မလဲ ဆိုတာကတော့  ထွက်လာပြီလို့ယူဆစရာရှိလာတယ်။ အခုအစိုးရက အသစ်ဖွဲ့လိုက်တဲ့ကော်မတီကလုပ်မယ့်သဘောပဲ။ ဘယ်သူတွေ လဲကြည့်။ သူတို့ပုပ်ထဲကပဲတွေချည်းပဲ။ ဒီလူတွေအရင်က ဘယ်လိုလုပ်ခဲ့ဖူးသလဲ။ အားလုံးအသိပဲ။ အခုလည်း ဒီလူတွေက လုပ်ပြီးပါပြီ၊ ပြင်ပြီးပါပြီဆိုပြီး လုပ်ချင်သလိုပ်သွားရင် ကျေနပ်လိုက်ရမယ့်သဘောပဲ။ ဒါတွေကို ပြည်သူတွေက ကြိုမြင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မမြင်ချင်ယောင် ဆောင်နေတယ်။
တောင်တွေကုန်မှာလားဆိုတော့ ကုန်မှာပဲတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပါတယ်။ ပြောစရာတွေ ထောက်စရာတွေ မမျှတတာတွေအများကြီးပါ။ သိပ်ရှည်မှာစိုးလို့ မပြောတော့ဘူး။ တခြားလူတွေလည်း အားလုံးမြင်ကြပါတယ်။ တော်တော်များများလည်း ပြောပြီးကြပြီ။

ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးကို ရည်ရွယ်ပြီး လုပ်တာပါ။ ဒါကို သူကိုယ်တိုင် ထုတ်ဖော်ပြီးတော့လည်း ပြောခဲ့တယ်။
ကောင်းပြီ။ သူလိုချင်တဲ့အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘာလဲ။ သူလိုချင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ အဆင်ပြေရေးပဲ။ ၂၀၁၅ ရွေးကောက်ပွဲထမြောက်အောင်မြင်ရေးပဲ။ ၂၀၁၅ မှာ သူသမ္မတ ဖြစ်ရေးပဲ။
အခုသူလိုချင်သလို စစ်ဗိုလ်ချုပ်တွေနဲ့ ပြေလည်သွားပြီ။ ဦးပိုင်တို့ ဝမ်ဘောင်တို့က ချက်ချင်းကြိုဆိုလိုက်ကြပြီ။ ဒါပေမယ့် တခြားတဘက်မှာ ပြည်သူတွေနဲ့စိတ်ဝမ်းကွဲရပြီ။ ထိုက်တန်ရဲ့လား။ ဒီမိုကရေစီအင်အားစုတွေကြားမှာ မကြုံဖူးတဲ့အတိုင်းအတာအထိ ညီညွတ်ရေးပြိုကွဲရပြီ။ ထိုက်တန်ရဲ့လား။ ပေးဆပ်ရကျိုးနပ်ရဲ့လား။ ဒေါ်စုဟာ ရန်သူကိုတော့ မိတ်ဆွေဖွဲ့လိုက်နိုင်ပါရဲ့။ ဒါပေမယ့် လွယ်လွယ်နဲ့ ဖွဲ့လိုက်နိုင်တာ မဟုတ်ဘူး။ မိတ်ဆွေတွေနဲ့ရန်သူဖြစ်ပြီးမှ ရန်သူကိုမိတ်ဆွေဖွဲ့လိုက်နိုင်တာဖြစ်တယ်။ ထိုက်တန်ပါရဲ့လား။ ဒေါ်စုသာ သမ္မတ ဖြစ်လာမယ်ဆိုရင်တော့တန်တယ်လို့ဆိုချင်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေရှိရဲ့လား။

စစ်အုပ်စုဘာတွေ လုပ်နေသလဲ
စစ်အုပ်စုဟာ လက်ပံတောင်းကြေးနီစီမံကိန်းကို ဖျက်မပေးချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးပိုင်အကျိုးစီးပွားမို့လို့ပဲ။ စစ်အုပ်စု အကျိုးစီးပွား မို့လို့ပဲ။ စစ်အာဏာရှင်ကြီးတွေရဲ့အကျိုးစီးပွားမို့လို့ပဲ။ ဒါကို လူတိုင်းသိပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ သူတို့စာချုပ်ကြီးကလည်း ပြဿနာပဲ။ ဘာတွေချုပ်ထားမှန်းမသိရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပွင့်လင်းမြင်သာမှုမရှိတာကို စုံစမ်းစစ်ဆေးရေး မလုပ်ခင်တုံးကထောက်ပြ ဖူးတယ်။ ခုတော့ သူက စာချုပ်ကိုကြည့်လိုက်ရပြီမို့ ကျေနပ်သွားပြီ။ ဒါပေမယ့် သူတယောက်တည်းကြည့်ရတာနဲ့ ပွင့်လင်းမြင်သာပြီလို့ပြောလို့ မရဘူး။ အများသိဖို့လိုတယ်။ အထူးသဖြင့် သူက ဦးပိုင်ဘက်လိုက်နေတယ်လို့ အများကထင်နေချိန်မှာ ပိုပြီးတော့တောင် အများသိဖို့လိုတယ်။
စစ်အုပ်စုဟာ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လှလှပပအသုံးချတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူကို ရန်တိုက်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုဟာ ဘယ်တော့မှမယုံဘူး။ ဒါ့ကြောင့် လက်ပံတောင်းကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ ရာထူးပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်မဲ့သူဆိုလို့ ဒေါ်ခင်စန်းလှိုင်နဲ့ဒေသခံရွာသား ၂ ယောက်ပဲထည့်ပေးထားတယ်။ စစ်အစိုးရက သူတို့အမာခံတွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဦးဇော်မြင့်ဖေ၊ ဦးလွန်းသီတို့ကို ထည့်ထားတယ်။  ဒေါ်စုလှုပ်မရဘူး။ ဒါပေမယ့် ဒေါ်စုက သူ့ကိုယ်သူသိပ်အထင်ကြီးတယ်။ ဒါကြောင့် စစ်ဗိုလ်တွေပတ်ချာဝိုင်းတဲ့ကော်မရှင်ဥက္ကဌရာထူးကို ဒေါ်စုကလက်ခံလိုက်တယ်။ ဒီလိုနဲ့ ဒီကော်မရှင်ဟာ အစကတည်းက မလွတ်လပ်တဲ့ကော်မရှင်ဖြစ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကော်မရှင်ကိုအသုံးပြုပြီး စစ်အုပ်စုနဲ့သူနဲ့ ချစ်ကြည်ရေးရဖို့ ကြိုးစားတယ်။ ဒေသခံရွာသူရွာသားတွေ ကိုလည်း သူပြောရင်ရမယ်လို့ အပိုင်တွက်တယ်။ ရွာသားတွေက သူ့ကိုချစ်ကြတယ်လို့ သူကနားလည်ထားတာကိုး။ မှန်တယ်။ ရွာသူ ရွာသားတွေက သူ့ကိုချစ်ကြတာ အမှန်ပဲ။ ဒါပေမယ့် ရွာသူရွာသားတွေရဲ့အခြေအနေမှန်ကို ဒေါ်စုနားမလည်ခဲ့ဘူး။

ရွာသားတွေရဲ့ အခြေအနေ
ရွာသားတွေကို လျော်ကြေးပေးလိုက်ရင်ကျေနပ်မှာပဲလို့ ဒေါ်စုက လွယ်လွယ်တွေးခဲ့တယ်။ ခက်တာက ရွာသားတွေကို အခုသူတို့ပေးမယ် ဆိုတဲ့ လျော်ကြေးဟာလည်း ကာလပေါက်ဈေးတန်ရာတန်ကြေးမဟုတ်ဘူး။ ကာလတန်ကြေးပေးဦး။ ရွာသားတွေရဲ့အခြေအနေက သိပ်ခက်ခဲ တယ်။ ဦးပိုင်ဝမ်ပေါင်ကသိမ်းပိုက်လိုက်တယ်ဆိုတာ မြေတကွက်နှစ်ကွက်မဟုတ်ဘူး။ ဒေသတခုလုံးမှာရှိတဲ့မြေတွေကို သိမ်းလိုက်တာ။ ကာလတန်ကြေးရရင်တောင် လယ်သမားတွေမှာ အစားထိုးပြန်ဝယ်စရာ မြေမရှိဘူး။ မသွဲ့သွဲ့ဝင်း ဘီဘီစီမှာပြောသလိုပဲ။ ဦးပိုင်ဝမ်ဘောင်မှာ ကလည်း သူတို့ ခုတ်ထွင်ရှင်းလင်းထားတဲ့ ဓါးမဦးချမြေရှိတာမဟုတ်ဘူး။ တောင်သူလယ်သမားဆိုတာ မြေမရှိရင်ဘဝပျက်တာပဲ။ တောင်သူ လယ်သမားကို ဦးပိုင်ကုမ္ပဏီရဲ့ဝန်ထမ်းလုပ်ဖို့ပြောတာဟာ ငါးကို ကုန်းပေါ်ပစ်တင်လိုက်တာနဲ့ဘာမှခြားနားမှာ မဟုတ်ဘူး။ လိပ်ကို ပက်လက် လှန်လိုက်သလို ယက်ကန်ယက်ကန်ဖြစ်နေဖို့ပဲရှိတယ်။ ဒီသဘောကို ဒေါ်စုနားမလည်ဘူး။ လယ်သမားနဲ့မနီးစပ်တော့ လယ်သမားတွေရဲ့ ခံစားချက်ကိုမသိဘူး။ ဒေါ်စုဟာ သိအောင်နားထောင်တတ်သူလည်း မဟုတ်ဘူး။ သူကသာ ပြောချင်သူဖြစ်တယ်။ တောသူတွေထက် သူက အစစအရာရာသိရှိနားလည်တယ်လို့ ယူဆထားသူလည်းဖြစ်တယ်။
တောင်သူ လယ်သမားတွေမှာက နောက်ပြန်ဆုတ်ချင်ဦးတော့၊ ဆုတ်လမ်းမရှိဘူး။ ဒေါ်စုကို သူတို့ချစ်တယ်၊  ဒေါ်စုစကားကို သူတို့ နားထောင်ချင်တယ်။ ဒါပေမယ့် အဲသလိုနားထောင်ရင် သူတို့ဘဝ ပျက်ဖို့ပဲရှိတယ်။ ဒါ့ကြောင့် လယ်သမားတွေဘက်က လက်မခံနိုင်ကြ တာဖြစ်တယ်။ ဒါ့ကြောင့် လယ်သမားတွေ စိတ်ပျက်ကြတယ်။ ဒါ့ကြောင့်လယ်သမားတွေ ငိုယိုကြတာဖြစ်တယ်။

တောင်ကာကွယ်ရေးအဖွဲ့ရဲ့ သဘောထား
တောင်ကာကွယ်ရေးအဖွဲ့ရဲ့သဘောထားက ပိုပြတ်သားတယ်။ သူတို့က တောင်ပြိုမယ့်အလုပ်ဆိုရင် လက်မခံနိုင်ဘူး။ တောင်တလုံးဖြစ်ဖို့ နှစ်သန်းနဲ့ချီကြာတာဖြစ်လို့မို့ တောင်ကိုအပြိုမခံနိုင်အပျက်မခံ နိုင်ကြဘူးလို့ဆိုတယ်။ တောင်ဟာ သဘာဝပတ်ဝန်းကျင်ကို စိုပြေစိမ်းလန်း စေတဲ့အရာဖြစ်တယ်။ တောင်ဟာ ဒေသခံပြည်သူတွေအတွက် မီးဖိုချောင်ဖြစ်တယ်။ တောင်တန်းဟာ သဘာဝအကာအကွယ်ဖြစ်တယ်။
တောင်ကာကွယ်ရေးအဖွဲ့ကိုလည်း  ထည့်မတွက်လို့ မရဘူး။ တောင်ကာကွယ်ရေးအဖွဲ့ရဲ့နောက်မှာ အနုပညာသည်တွေနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေလည်း ရှိနေတယ်။

ရှေ့နိုင်ငံရေး အလားအလာ
ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းအပါအဝင် အစိုးရကို အစစအရာရာအလျော့ပေး လိုက်လျောနေတာတွေအားလုံးဟာ ၂၀၁၅ မှာ သူသမ္မတဖြစ်ရေး မျှော်လင့်ချက်အတွက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်မြောက်ပြီး သူသမ္မတဖြစ်မှသာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲတည်ဆောက်နိုင်မယ်လို့ သူကယုံကြည်နေတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အစိုးရဘက်ကညစ်ရင် သူသမ္မတဖြစ်မလာရင် အခုပေးဆပ်ရတာတွေအားလုံးဟာ အချီးအနှီးပေးဆပ်ရတာတွေဖြစ်သွားဖို့ပဲ။ ဒီအချက်ကို သူထည့်မတွက်ဘူး။ ထုံးစံအတိုင်း သူ့ကိုယ်သူအထင်ကြီးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်မှာမှန်းမသိတဲ့ သူ့ရဲ့မုန့်ဆီကြော်အတွက် လယ်သမားတွေရဲ့ ထမင်းတလုပ်ကိုဆွဲထုတ်လုယက်ပြီး ဦးပိုင်နတ်ကြီးကို ပူဇော်ပသနေတယ်။
စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပျော့ကွက်ကို ကောင်းကောင်းနားလည်တယ်။ ဒါ့ကြောင့် ဒေါ်စုကို၂၀၁၅ နဲ့မျှားပြီး ပြည်သူနဲ့ ထိပ်တိုက် တွေ့ရမယ့်ကိစ္စမှာရှေ့ကထွက်ပြီး လူမိုက်လုပ်ခိုင်းလိုက်တယ်။ ဒေါ်စုကို လူထုထောက်ခံမှုလျော့နည်းအောင်လုပ်တယ်။ သူတို့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်ပါတီရမယ့်မဲဆိုတာ အကန့်အသတ်ရှိတာကို သူတို့ သဘောပေါက်တယ်။ ခြိမ်းခြောက်ပြီး ရမယ့်မဲ၊ ဝယ်ယူလို့ရမယ့်မဲ၊ သူတို့ဖာသာ အကျိုးအမြတ်မျှော်ကိုးပြီးထည့်မယ့်အလိုတော်ရိမဲ ဒီမဲတွေပဲ ရဖို့ရှိတယ်။ ဒီလိုမဲမျိုးဆိုတာကလည်း အကန့်အသတ် အတိုင်း အတာတခုအတွင်းမှာပဲ ရှိတယ်။ များများစားစားမရှိလှဘူး။ ဒီတော့ သူတို့ မဲရရေးထက် ဒေါ်စုရဲ့ မဲ ကွဲဖို့ကို အဓိကထားဆောင်ရွက်တယ်။ ဒေါ်စုရမယ့်မဲတွေ တခြားပါတီတွေဘက် ကွဲသွားရင် သူတို့အတွက် အမြတ်ချည်းပဲ။ တကယ်တော့ လွှတ်တော်မှာ ဒေါ်စုရဲ့ပါတီက ကိုယ်စားလှယ်ဘယ်နှစ်ယောက်ပဲရောက်လာရောက်လာ သူတို့က သိပ်အရေးလုပ်တာမဟုတ်ဘူး။ သူတို့ အဓိကဖြစ်စေချင်တာက သူတို့မှတပါး ဘယ်သူမှ အစိုးရအဖွဲ့ မဖွဲ့နိုင်ရေးကအဓိကပဲ။ ဒေါ်စု သမ္မတမဖြစ်ရေးက အဓိကပဲ။ တကယ်တော့ ၂၀၁၅ မှာ ဒေါ်စုသမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်စုပါတီကလည်း သမ္မတမဖြစ်နိုင်ဘူး။ ကြံ့ဖွတ်က ဒါမျိုးအဖြစ်မခံဘူး။ စစ်တပ်က ဒါမျိုးအဖြစ်မခံဘူး။ အဲသလိုအဖြစ်မခံဖို့ အတွက် သူတို့လုပ်မယ့်နည်းလမ်းအမျိုးမျိုးရှိတယ်။

၁။ မဲညစ်မဲခိုးတဲ့နည်း။
၂။ ရွေးကောက်ပွဲ စနစ်ပြောင်းပြီး ပီအာစနစ်ကျင့်သုံးတဲ့နည်း။
၃။ အာဏာသိမ်းတဲ့နည်း
၂၀၁၀ လမ်းစဉ်အတိုင်း မဲညစ် မဲခိုးတဲ့နည်း တနည်းထဲကိုကျင့်သုံးရင် သူတို့အတွက်သိပ်ခက်ခဲမယ်။ သူတို့ သိပ်နာမည်ပျက်မယ်။ အဆင် မသင့်ရင် လူထုအုံကြွမှုဖြစ်နိုင်တယ်။ ၂၀၁၅ မှာ ဒီနည်းဟောင်းတခုတည်းကို သူတို့ သုံးမယ်မထင်ဘူး။
ဒီထဲမှာ သူတို့အတွက် အကောင်းဆုံးနဲ့အလွယ်ဆုံးနည်း၊ နာမည်ပျက်အနည်းဆုံးနည်းက ရွေးကောက်ပွဲစနစ်ပြောင်းပြီး ပီအာစနစ် ကျင့်သုံးတဲ့ နည်းပဲ။ ဒီနည်းကို သူတို့သုံးဖို့များတယ်။ ဒါပေမယ့် သူတို့က သူတို့ဘက်က သေချာမှ ကြိုက်တဲ့သူတွေဆိုတော့ မဲညစ်မဲခိုးတဲ့နည်းကိုလည်း ပူးတွဲအသုံးပြုဖို့များတယ်။ ပီအာစနစ်က ဘာ့ကြောင့် သူတို့အတွက်အကျိုးရှိသလဲဆိုတော့ ပီအာစနစ်အရ သူတို့က ဒုတိယ မဲအများဆုံးရ မယ့်သူတွေဖြစ်နေလို့ပဲ။ ပီအာစနစ်ကျင့်သုံးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရွေးကောက်ခံထိုင်ခုံ ၇၅ ရာနှုန်းအနက် မဲ ၆၀ ရာနှုန်းရပြီး ကြံ့ဖွတ်က ၃၀ ရာနှုန်းရရင် အစိုးရအဖွဲ့ ဖွဲ့ခွင့်ရမယ့်သူဟာ ကြံ့ဖွတ်ဖြစ်မှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရှိပြီးသား စစ်တပ်တမတ်သားကို ထည့်ပေါင်းလိုက်ရင် ကြံ့ဖွတ်ကအများစုဖြစ်သွားမှာမို့ပဲ။ ဒီတော့ ပီအာစနစ်ဟာ သူတို့အတွက် အဲသလောက်အထိအကျိုးရှိတယ်။ ပီအာစနစ် လုပ်ဖို့ သူတို့ကြိတ်ကြံနေကြပြီးလည်းဖြစ်တယ်။ ပီအာစနစ်ကို ဦးသုဝေတို့ ဦးခင်မောင်ဆွေတို့တင်တဲ့အချိန်မှာ ချက်ချင်း ဥပဒေမထုတ်တာ၊ မဆွေးနွေးသေးတာက လူထုအတွက်စဉ်းစားပြင်ဆင်ချိန်ရသွားမှာစိုးလို့ပါ။ ဒီချုပ်အတွက်ပြင်ဆင်ချိန်ရသွားမှာ စိုးလို့ပါ။ ဒါ့ကြောင့် အသာလေးလျှိုပြီး နှပ်ထားတာဖြစ်ပါတယ်။ ပီအာစနစ်ကို အနားကပ်ပြီးမှ သူတို့ပြောင်းကြပါလိမ့်မယ်။ ဒီချုပ်ကတော့ ထုံးစံအတိုင်းပဲ၊ ဘာမှ စဉ်းစားပြင်ဆင်ထားပုံမရပါဘူး။ ဒီတပွဲမှာလည်း ထုံးစံအတိုင်း နောက်ကောက်ကျဖို့များပါတယ်။
တကယ်လို့ ၁၊ ၂ နည်းတွေ သုံးတဲ့ကြားကကြံ့ဖွတ်မဟုတ်သူ သမ္မတဖြစ်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်တပ်က မုချအာဏာသိမ်းပါမယ်။ စစ်တပ်ဟာ ဘယ်နည်းနဲ့မှ တခြားသူတခြားအဖွဲ့ကို အစိုးရဖွဲ့ခွင့်မပြုပါဘူး။ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလိုပေးလိုက်ရင် သူတို့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေ အမြတ်ထုတ်သွေးစုပ်နိုင်တဲ့ခေတ်ကုန်ဆုံးသွားမှာမို့ပါပဲ။ မဖြေရှင်းနိုင်တဲ့သူတို့ရဲ့ပြဿနာဟောင်းတွေ ဗူးပေါ်သလိုပေါ်လာမှာမို့ပါပဲ။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ မှာ သမ္မတမဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက တယောက်ယောက်လည်း သမ္မတ မဖြစ်နိုင်ဘူး။ ၂၀၁၅ မှာ သမ္မတဖြစ်ရေးကိုမျှော်ကိုးပြီး အလျှော့ပေးသမျှ၊ ကိုယ့်တပ်ကိုယ်ပြန်နင်းသမျှဟာ ဖွတ်မရဓါးမဆုံးသာဖြစ်ဖို့ရှိပါတယ်။

လက်ပံတောင်း အန္တရာယ်
ဒီအခြေအနေတွေကိုကြည့်ရင် လက်ပံတောင်းအန္တရာယ်ဟာသိပ်ကြီးနေပြီဆိုတာ ထင်ရှားပါတယ်။ အစီရင်ခံစာကြောင့် စစ်အုပ်စုဘက်က သိပ်အားတက်သွားပါပြီ။ နောက်ဆုတ်ပေးမှာ မဟုတ်ပါဘူး။ လယ်သမားတွေဘက်ကလည်း နောက်ဆုတ်ဖို့ခက်နေပါပြီ။ နောက်ဆုတ်ရင် သူတို့အတွက် ဘာမှကျန်မှာ  မဟုတ်ပါဘူး။
ခုဆိုရင် လယ်သမားတွေ ရိုင်းတယ်၊ ဘာမှနားမလည်ဘူး၊ ဟန်ဝင်းအောင်မြှောက်ပေးနေတယ်ဆိုတဲ့အသံတွေ ဒေါ်စုလူတွေနဲ့ အစိုးရလူတွေ ဘက်က ထွက်ပေါ်လာနေကြပါတယ်။ ဒါတွေဟာ အစိုးရဘက်က လူထုကိုဖြိုခွဲရေးအတွက် အားတက်စရာအချက်တွေပါ။ အစိုးရက ဒီတခါ ဖြိုခွဲရင် ဒေါ်စုကတောင်ပြောလို့မရတဲ့သူတွေမို့လို့ အပြင်ဘက်ကမြှောက်ပေးတဲ့သူတွေရှိလို့ခွဲရတာပါဆိုပြီး ပြောပါလိမ့်မယ်။ ပထမ သံဃာတွေကို မီးလောင်ဗုံးခွဲတာကိုခွင့်လွှတ်နိုင်တဲ့ဒေါ်စုကလည်း ဒီတပွဲမှာ ဖြိုခွဲရင်တော့ နည်းတောင်နည်းသေးတယ်လို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဒေါ်စုရဲ့အစီရင်ခံစာထွက်လာတာဟာ လက်ပံတောင်းတောင်သူလယ်သမားတွေအတွက် အန္တရာယ်ပိုကြီးလာပါတယ်။ ဒေါ်စုရဲ့ အစီရင်ခံစာဟာ လူထုကိုဖြိုခွဲဖို့ မီးစိမ်းပြပေးလိုက်သလိုပါပဲ။
ဒီအချိန်မှာ အများပြည်သူက အချိန်မီ ဝိုင်းဝန်းမကူညီနိုင်ခဲ့ရင်၊ တောင်သူလယ်သမားတွေထဲမှာ လျော်ကြေးယူမယ့်သူတွေနဲ့ မယူမယ့်သူတွေ ဆိုပြီး ညီညွတ်ရေးပြိုကွဲခဲ့ရင်ဖြင့် လက်ပံတောင်းအရေးဟာ အလွန်ရင်လေးဖို့ ကာင်းပါလိမ့်မယ်။ ဒီအခြေအနေဆိုးကို လက်ပံတောင်းပြည်သူ ကွက်ကွက်ကလေးက ခုခံကာကွယ်နိုင်ဖို့ဆိုတာသိပ်မလွယ်ကူပါဘူး။ ကျန်မြန်မာနိုင်ငံတဝန်းကပြည်သူတွေရဲ့ထောက်ခံအားပေးမှု၊ စာနာ ကူညီမှုလိုအပ်ပါတယ်။ ဒီနည်းကလွဲပြီး တခြားဘာကမှ ကုစားနိုင်ဖို့ မရှိပါ။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၁၆ မတ်။ ၂၀၁၃။
ယူတာကဒီနေရာကဖြစ်ပါတယ် https://www.facebook.com/zaw.win.127


0 comments:

Post a Comment