Monday, August 3, 2020

“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ၂

0 comments
(မနေ့က တင်ခဲ့တဲ့ ပို့စ်ရဲ့ အဆက်ပါ။)
“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး”
(ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ)
စည်းရုံးရေးအပိုင်းမှာ ရှုတ်ထွေးတာကို ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။ အခု တင်ပြမှာက တွေးခေါ်မြော်မြင်မှုအပိုင်းက ရှုတ်ထွေးခြင်း ဖြစ်ပါတယ်။
အရင်းရှင် နယ်ချဲ့သမားတွေက ဗမာပြည်မှာ စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရတရပ်နဲ့ အစားထိုးချင်နေပြီလို့ မြင်တာဟာ အခြေခံအကျဆုံး အမှားပါ။
ဒီတွေးခေါ်မြော်မြင်မှုကနေပြီး ရှုတ်ထွေးမှုတွေ တသီကြီးကို ဖြစ်ပေါ်လာစေပါတယ်။ လွဲမှားတဲ့ စိတ်ကူးယဉ်မှုတွေကိုလည်း အများကြီး ဖြစ်ပေါ်လာစေပါတယ်။
နယ်ချဲ့သမားတွေဟာ ၂၆ နှစ်တိုင်တိုင် စစ်အစိုးရကို ကျားကန်ပေးထားခဲ့တာပါ။ 
စစ်အစိုးရကလည်း (ဒီအရင်က အစိုးရတွေပါ) ကွန်မြူနစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဆန့်ကျင်ရေး ပြည်တွင်းစစ်ကို နယ်ချဲ့သမားတွေအပေါ် လုံးလုံးမှီခိုပြီး တိုက်ခဲ့တာပါ။
နယ်ချဲ့သမားတွေ ဗမာပြည်မှာ လိုချင်နေတာက သူတို့ကို မှီခိုနေရတဲ့ အစိုးရတရပ် ဖြစ်ပါတယ်။ လုံးလုံးနောက်လိုက် လုပ်မယ်ဆိုရင် ပိုကြိုက်ပါတယ်။ ၂၀ ရာစုနှစ်ရဲ့ အနှစ် ၅၀ ပိုင်း၊ ၆၀ ပိုင်း၊ ၇၀ ပိုင်းတုန်းက ယိုးဒယား အစိုးရတွေလို ကိုရီးယားစစ်ဆိုလည်း အမေရိကန်ရဲ့ နောက်က၊ ဗီယက်နမ်စစ်ဆိုလည်း အမေရိကန်ရဲ့နောက်က လိုက်တဲ့ အစိုးရမျိုးကို လိုချင်တာပါ။ ဗမာပြည်မှာ ဒီမိုကရေစီ ရရှိရေးထက် ဘာစနစ်နဲ့ အုပ်ချုပ်နေနေ “တို့လူ” “တို့နောက်လိုက် လုပ်မယ့်အစိုးရ”ကို လိုချင်တာပါ။
ဒါပေမယ့် ဗမာပြည်မှာ ဒါမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ ကျနော်တို့ ပြည်သူတွေက နှစ်ပေါင်း ၁၀၀ ကျော်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း ရှိပါတယ်။ ဖောက်ပြန်တဲ့အစိုးရက လုပ်ချင်ဦးတော့ ပြည်သူတွေက လက်မခံပါဘူး။
၁၉၅၀ ခုနှစ် ကိုရီးယားစစ်တုန်းက အမေရိကန်နောက်လိုက် မရဲတရဲ လုပ်ခဲ့မိလို့ အာဏာရ ဆိုရှယ်လစ်ပါတီ ကွဲခဲ့ရပါတယ်။ ဒီသင်ခန်းစာကို အုပ်စိုးသူများ မေ့နိုင်မှာ မဟုတ်ပါဘူး။
တောင်အမေရိကမှာ၊ အလယ်အမေရိကနဲ့ ကာရေဘီယံ ဒေသတွေမှာလည်း အမေရိကန်ရဲ့ “တို့လူ” စစ်အာဏာရှင်တွေ နည်းမှမနည်းပဲ။ အဲဒါမျိုးကို လိုချင်တာပါ။ အမေရိကန်နယ်ချဲ့ လိုချင်တာဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ပါဘူး။
ဗိုလ်နေဝင်းအနေနဲ့ ပြည်တွင်းက ကွန်မြူနစ်ဆန့်ကျင်ရေးကိုသာမက တရုတ်ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်နေတုန်းကဆိုရင် ပိုပြီးတောင် ကြည်ဖြူခဲ့ပါတယ်။ ပြစရာ သာဓကတွေ အများကြီးပါ။
သမိုင်းသင်ခန်းစာများဟာ ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ သွေးနဲ့ရင်းပြီး ရယူခဲ့တဲ့ သင်ခန်းစာများ ဖြစ်ပါတယ်။ ၁၉၄၀-၄၁ ခုနှစ်က သမိုင်းသင်ခန်းစာများကို သတိရသင့်ပါတယ်။
အဲဒီတုန်းကလည်း ဂျပန်စစ်အုပ်စုဟာ ဗြုန်းစားကြီး ဗမာပြည်ရဲ့ “လွတ်လပ်ရေး”ကို စိတ်ဝင်စားလာခဲ့ပါတယ်။ အနှစ်သာရအရကတော့ အခု အမေရိကန် - အင်္ဂလိပ်တို့က ဗမာပြည်ရဲ့ “ဒီမိုကရေစီရေး”ကို စိတ်ဝင်စားတာနဲ့ အတူတူပါပဲ။ သမိုင်းအခြေအနေ အချက်အလက်ချင်း ကွာတဲ့အတွက် လုပ်ပုံလုပ်နည်းက မတူပါဘူး။
ဒီနေရာမှာ သမိုင်းအခြေအနေ အချက်အလက်များကို အခိုင်အမာ ထည့်တွက်ရေးဟာ တိုက်ပွဲဝင် ပြည်သူများအတွက် အလွန်အရေးပါတာကို တပါတည်း တင်ပြသွားပါမယ်။
သမိုင်းဟာ ထပ်ကျော့်ပြီး ထပ်တူထပ်မျှ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အနှစ်သာရချင်း ဆင်တူယိုးမှားဖြစ်တာပဲ ဖြစ်နိုင်ပါတယ်။
၁၉၄၀-၄၁ အခြေအနေက ဥရောပမှာ စစ်ဖြစ်နေပါတယ်။ ကမ္ဘာစစ်ကြီး မလွဲမသွေ ဖြစ်ပါတော့မယ်။ ဥရောပစစ်မှာ ပြင်သစ်က စစ်ရှုံးပြီး နယ်သာလန်က အတင်းသိမ်းပိုက်တာ ခံရပါတယ်။ အင်္ဂလိပ်ကလည်း သိမ်းပိုက်ခံရတော့မလိုလို ခြိမ်းခြောက်ခံနေရပါတယ်။ အာရှမှာ သူတို့ပိုင်ခဲ့တဲ့ ကိုလိုနီ နိုင်ငံတွေကို ဂျပန်က မျက်စိကျပါတယ်။ တရုတ်-ဂျပန်စစ်ပွဲ တိုက်ရေးမှာ ဗမာပြည်တွင်းက တရုတ်-ဗမာ လမ်းမကြီးကလည်း မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါတယ်။
ဒီလို အခြေအနေ အချက်အလက်တွေကြောင့် ဂျပန်က “ဗမာပြည် လွတ်လပ်ရေး”ကို စိတ်ဝင်စားလာတာပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေနဲ့ အချက်အလက်များဟာ သမိုင်းဖြစ်သွားပါပြီ။ သမိုင်းဟာ ဘယ်တော့မှ ထပ်တူပြန်ဖြစ်တော့မှာ မဟုတ်ပါဘူး။
၁၉၈၈ အုံကြွမှုကြီး ဒီရေမြင့်ချိန်မှာ “ရရင်ရ - မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံ ဝင်လာပါတယ်။ ဒါ သိပ်မှန်တဲ့ ကြွေးကြော်သံပါ။ သန္နိဋ္ဌာန် ပြင်းပြသူများမှသာ ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်ပါ။
“ချရင် ဘယ်လိုချမလဲ” “လက်နက် ဘယ်ကရမလဲ” စတဲ့မေးခွန်းတွေ တသီကြီး ပေါ်လာပါတယ်။
အဲဒီမှာ လွဲမှားတဲ့ စိတ်ကူးစိတ်သန်းများ ပေါ်လာတော့တာပါ။ အမေရိကန်ရဲ့ “ဒီမိုကရေစီ - ဗမာပြည်လူ့အခွင့်အရေး” စတဲ့ ကြွေးကြော်သံတွေကို ပိုပြီးတွက်ချက်မိကြပါတယ်။
- လက်နက်ကို ရတဲ့ဆီက ယူမယ်။
- ရဲဘော်သုံးကျိပ်နဲ့ BIA တပ်ကြီး ဖွဲ့ခဲ့သေးတာပဲ။
- ရဲဘော် သုံးထောင်/သုံးသောင်းနဲ့ ပိုကြီးတဲ့ ဒီမိုကရေစီတပ်မတော် ဖွဲ့မယ် ဆိုတာတွေ ဖြစ်ကုန်ပါတယ်။
အသေးစိတ် မတင်ပြတော့ပါ။ ကျနော်တို့မှာ မှားယွင်းသော စိတ်ကူးစိတ်သန်းများ ရှိခဲ့တယ်ဆိုတာကိုပဲ ပုံပေါ်အောင်သာ တင်ပြတာ ဖြစ်ပါတယ်။
စစ်အစိုးရကို ဘယ်လိုချမှ ရမယ်၊ ဘယ်လိုချကြရမယ်ဆိုတာကို နောက်ပိုင်းမှာ ခေါင်းစီးသပ်သပ်ခွဲပြီး တင်ပြမှာဖြစ်လို့ ဒီလောက်နဲ့ ဒီကိစ္စကို ရပ်ထားပြီး “ချရေး”ရဲ့ အရင်ပေါ်ခဲ့တဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းတခုကို တင်ပြပါဦးမယ်။
အခု တင်ပြနေတဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းများဆိုတာဟာ သူများတွေ ပေါ်တာထက် ကျနော်တို့ ယူဂျီပါတီဝင် အများအပြားနဲ့ ရှေ့တန်းရောက် တိုက်ပွဲဝင် ကျောင်းသား လူငယ်များအကြားမှာ ပေါ်ခဲ့တာကို ဆိုလိုပါတယ်။
စောစောပိုင်းက ပေါ်ခဲ့တဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းကို တင်ပြပါမယ်။ ဒေါက်တာမောင်မောင်ရဲ့ သမ္မတ သက်တမ်း အစမှာ ပေါ်တာပါ။ အဲဒီ စိတ်ကူးစိတ်သန်း (တွေးခေါ်မြော်မြင်မှု)က...
“နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်” ဆိုတာ တလောကလုံးဆိုင်ရာ အမှန်တရား မဟုတ်ဘူး။ ခြွင်းချက် ရှိတယ်။ အခု ဗမာပြည်မှာ လူထုအုံကြွမှုကြီး အနုနည်းနဲ့ သွေးမြေကျ တိုက်ပွဲဝင်ခဲ့မှုကြောင့် စိန်လွင် ပြုတ်ကျသွားပြီ။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းသွားရပြီ။ လူထုရဲ့ တောင်းဆိုချက်တွေ တစတစ ရလာနေပြီ။ ဒါကြောင့်...
“နိုင်ငံရေးအာဏာဟာ လူထုရဲ့ လက်ရုံးများကလည်း ထွက်သည်” ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက် ဖြစ်တယ်။
အဲဒီလို ထင်မြင်ယူဆလာတာတွေတောင် ရှိခဲ့ပါတယ်။ “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်”လို့ ယူဆတာဟာ သမရိုးကျ ဖြစ်နေပြီလို့လည်း စွပ်စွဲခဲ့ပါတယ်။
အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေကလည်း အဲဒီလိုစိတ်ကူးမျိုးကို တွေးတောဖြစ်စေတာ အမှန်ပါပဲ။
စစ်အုပ်စုရဲ့ လက်မရွံ့လူသတ်သမား စိန်လွင်ဟာ ၁၉၈၈ သြဂုတ်လ ၁၂ ရက်နေ့မှာ နုတ်ထွက်သွားခဲ့ရပါတယ်။
သမ္မတသစ် ဒေါက်တာမောင်မောင် က သြဂုတ်လ ၂၄ ရက် ည ၈ နာရီမှာ အဲဒီနေ့ မွန်းလွဲ ၁ နာရီကစပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပါပြီလို့ ကြေညာလာရတယ်။ တခြား အရေးကြီးတဲ့ အလျှော့ပေးမှုတွေလည်း လုပ်လာပါတယ်။
ဒါတွေဟာ လူထုကြီးရဲ့ သွေးမြေကျခံပြီး အကြမ်းမဖက် အနုနည်းသက်သက်နဲ့ တိုက်ပွဲဝင်လို့ ရလာတဲ့ အောင်သီးအောင်ပွင့်တွေပါ။ ဒီအောင်သီးအောင်ပွင့်တွေကို မျက်ကွယ်ပြုလို့ မဖြစ်ပါဘူး။ အလွန်လည်း မြင်သာထင်သာတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ အောင်မြင်မှုတွေလို့ အသိအမှတ်မပြုရင် မှားပါတယ်။
စိန်လွင် နုတ်ထွက်ရတဲ့ သြဂုတ် ၁၂ ရက်နေ့က စပြီး လူထုကြီးဟာ အောက်ပွဲခံစိတ်ဓာတ်တွေ လွှမ်းမိုးနေပါတယ်။
စိန်လွင် မနုတ်ထွက်ခင်က လူထုတိုက်ပွဲကို အထက်အမိန့်အရ မတတ်သာဘဲ ပစ်သတ်နေရတဲ့ အစိုးရ တပ်မှူးတပ်သားတွေလည်း စိတ်လက်ကြည်ရွှင် ပေါ့ပါးလားကြတယ်။ တဖက်နဲ့တဖက် တင်းမာမှုတွေ ပြေငြိမ်းစပြုလာတယ်။
ပြည်သူနဲ့တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို ဦးစီးရှေ့ဆောင်စဉ်ကလို ကြည်ကြည်ဖြူဖြူဖြစ်ဖို့ လမ်းစတွေ ပွင့်လာပါတယ်။
နေဝင်း စစ်အုပ်စုရဲ့ တလက်ကိုင်တပ်ဘဝ ချုပ်ငြိမ်းတော့မလို ဖြစ်လာပါတယ်။
မျိုးချစ်တပ်မှူးဟောင်း ၁၅ ဦး ကြေညာချက်
- ဗမာ့တပ်မတော် တပ်မှူးဟောင်းများ၏ ကြေညာချက်တွေဟာ အခြေခံအားဖြင့် ကောင်းမွန်ထိရောက်တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။ အချိန်လည်း မီပါတယ်။
ဒီလမ်းကြောင်းအတိုင်းသာ ဖြစ်ပေါ်တိုးတက်သွားရင် စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရသို့ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်သွားမှာ သေချာပါတယ်။
၂၃၊ ၈၊ ၈၈ မျိုးချစ် တပ်မှူးဟောင်း ၁၅ ဦးရဲ့ တင်ပြချက် ထွက်လာပြီး နောက်တနေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းတာပါ။
စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ရတာကို ခေါင်းမာတဲ့ဂိုဏ်းက လုံးဝ နောက်ဆုတ်သွားတာလို့ အကဲဖြတ်လို့ မဖြစ်ပါဘူး။
သမ္မတ ဒေါက်တာမောင်မောင် က မွန်းလွဲ ၁ နာရီက စပြီး စစ်အုပ်ချုပ်ရေးနဲ့ အရေးပေါ် ကြေညာချက် ရုပ်သိမ်းတယ်လို့ ပြောပါတယ်။ တကယ်က ဒီအရင်ကတည်းက နာရီပိုင်း စောပြီး ဗိုလ်မျိုးညွန့် (စစ်အုပ်ချုပ်ရေးမှူး)က သူ့သဘောနဲ့သူ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးပါပြီ။ 
တပ်တွေကိုလည်း မိမိစခန်းအသီးသီးသို့ ပြန်ဝင်ခိုင်းပါတယ်။
တပ်မှူးတပ်သားတွေနဲ့ ပြည်သူများ လက်မရွံ့လူသတ်ကောင် စိန်လွင် ပြုတ်ကျသွားလို့ ဝမ်းပန်းတသာ ဖက်လဲတကင်း ဖြစ်နေတာတွေ၊ အရောတဝင် ကြည်ကြည်ဖြူဖြူ ဖြစ်နေတာတွေကို သူတို့စစ်အုပ်စုက မလိုလားပါဘူး။ အန္တရာယ်ရှိလာပြီလို့ မြင်ပါတယ်။ ဒီအတိုင်း လွှတ်ထားရင် စစ်အုပ်စု ခေါင်းမာဂိုဏ်းရဲ့ အမိန့်အာဏာ စစ်တပ် တတပ်လုံးပေါ်မှာ တည်တော့မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ပြည်သူနဲ့ အရောတဝင်လုပ်ဖို့ လက်လှမ်းမမီတဲ့ နေရာတွေကို အမြန်ရွှေ့ပစ်လိုက်တာပါ။
စိန်လွင်ရဲ့လမ်းစဉ်က စိန်လွင် သမ္မတ မဟုတ်တော့လို့ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။
စိန်လွင်ရဲ့လမ်းစဉ်က ခပ်ပြတ်ပြတ် အမိန့်ပေး၊ လူများများသတ်၊ ၁ ယောက်သတ်လို့ မငြိမ်ရင် ၁၀ ယောက်သတ်။ မငြိမ်သေးရင် ၁၀၀၊ ၁၀၀၀ သတ်သာသွား။ နောက်ဆုံးမှာ ငြိမ်သွားရမယ်၊ ဝပ်သွားရမယ်၊ ပိပြီး ပြားသွားရမယ်။
စိန်လွင်က သူ့လမ်းစဉ်ကို သူတို့ထဲက (သူ့အထင်) ပျော့ညံ့သူများ၊ အသဲငယ်သူ၊ အသဲကြောင်သူများကြောင့် လမ်းဆုံးအောင် မလုပ်လိုက်ရတာလို့ ယူဆထားပါတယ်။
ထောက်လှမ်းရေးက စိန်လွင်လမ်းစဉ်ကို ကြိုက်ပါတယ်။ နဝတ တက်ခါစက လုပ်လိုက်တာဟာ စိန်လွင်လမ်းစဉ်ပါ။
တစတစ မိမိတို့ စစ်အုပ်စု သြဇာအောက်က တတပ်လုံး လွတ်သွားမှာကို စိုးရိမ်လို့ စစ်တန်းလျားထဲ ပြန်သွင်းတာကို ကျနော်တို့တတွေ သတိမပြုမိခဲ့ပါဘူး။ အောင်မြင်မှုဘက်ကိုသာ အလေးကဲမြင်နေပြီး အခြားဘက်တဖက် ရန်သူရဲ့ ကောက်ကျစ်မှုကို မမြင်မိခဲ့ပါဘူး။
တပြည်လုံးမှာလည်း စစ်တပ်ကို လူထုနဲ့ မဆက်သွယ်နိုင်တဲ့နေရာမှာ ထားပါတယ်။ တပ်ထဲက သူတို့မယုံကြည်သူများကို ရှင်းလင်းပစ်တာတွေ၊ ပြည်သူဆန့်ကျင်ရေးလုပ်ဖို့ သွေးထိုးပေးတာတွေ၊ ဂိုဏ်းဂဏစိတ် သွင်းပေးတာတွေ လုပ်ပါတယ်။ ရာထူးရာခံနဲ့ မြှူဆွယ်ပါတယ်။ ချုပ်ပြီးပြောရင် အာဏာသိမ်းပွဲအတွက် ပြင်ဆင်ပါတယ်။
ရဲဘော် မော်စီတုန်း ပြောခဲ့တဲ့ “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်”ဆိုတဲ့ အမှန်တရားကို ဓနရှင် ဒီမိုကရက်များက ပြက်ရယ်ပြုကြပါတယ်။ တချို့ကလည်း နားဝင်မချိုကြပါဘူး။ သွေးဆာနေတဲ့ ဆောင်ပုဒ်လို့လည်း ပြောကြပါတယ်။
ဒါပေမယ့် ဒါဟာ တလောကလုံးဆိုင်ရာ အမှန်တရားပါ။ ဘယ်နေရာမှာမဆို အကျပ်အတည်းကြီးတွေ ဖြစ်လာရင် “သေနတ်ကို ဘယ်သူ အမိန့်ပေးသလဲ?” ဆိုတာက အရေးပါသွားတော့တာပါ။ အမိန့်ပေးနိုင်သူက နိုင်ငံရေးအာဏာပိုင် ဖြစ်သွားတာပါ။
လူထုကိုယ်စားလှယ်များက (ယာယီ အစိုးရခေါ်ခေါ်၊ ကြားဖြတ်အစိုးရခေါ်ခေါ် လူထုကြိုက်အစိုးရက) အမိန့်ပေးနိုင်တာ မဟုတ်ခဲ့ပါ။ ကြားဖြတ်ပြီးတော့ အထူးတင်ပြချင်တာက... (၁) အထက်မှာ တင်ပြခဲ့တဲ့ တင်ပြချက်တွေဟာ အစောပိုင်းက တင်ပြခဲ့သလို အမှန်တရားရှာဖို့၊ နောင်မမှားအောင် သတိပြုဖို့ (စစ်အစိုးရ မပြုတ်မချင်း၊ လူထုတိုက်ပွဲကြီး ပေါ်ဦးမှာပါ။ အဲဒီအခါကျရင် မှန်မှန်ကန်ကန် ကျင့်သုံးဖိုင်ဖို့) အစပျိုးပေးတာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ခဲ့ကြတဲ့၊ နောင်မှာလည်း ဝင်ကြဦးမယ့် အင်အားစု အားလုံးသို့ ညှိနှိုင်းရန် တင်ပြချက် ဖြစ်ပါတယ်။
(၂) စစ်မြေပြင်မှာ ယမ်းခိုးဝမ်းငွေ့တွေ ပြယ်ပြီးမှ အေးအေးလူလူထိုင်ကာ တခွင်တပြင်လုံးကို ကြည့်ရှုသုံးသပ်နိုင်တဲ့ အခြေအနေရောက်မှ (၅ နှစ် ၆ နှစ် ရှိမှ) သုံးသပ်ရတာဖြစ်လို့ ဟိုတုန်းက မမြင်ခဲ့တာတွေ မြင်လာတာ ဖြစ်ပါတယ်။ မသိခဲ့တာတွေ သိလာတာ ဖြစ်ပါတယ်။
အောင်မြင်မှုမှာ မိဘဖြစ်ချင်သူတွေ များပေမယ့် ဆုံးရှုံးမှုမှာ မိဘမဲ့ဖြစ်တတ်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဆုံးရှုံးမှုအတွက် တာဝန်မယူချင်ကြတဲ့သဘောကို တင်စားပြောကြတာပါ။ ကျနော်တို့ကတော့ ခေါင်းမရှောင်ပါဘူး။ တာဝန်ယူစရာရှိတာ အားလုံး တာဝန်ယူပါတယ်။
အစီရင်ခံစာ ဆက်ပါမယ်။
(ဆက်လက် တင်ပေးပါမယ်)

0 comments:

Post a Comment