Monday, August 2, 2021

ကျွန်မတို့ မိန်းမတွေ

0 comments
ကျွန်မတို့ မိန်းမတွေ
===========
တစ်ခါတုန်းကပေါ့။ ညကိုးနာရီခွဲလောက် ဖြစ်မယ်။ ကျွန်မ မြို့ထဲကနေ အိမ်ပြန်နောက်ကျတတ်တဲ့ ညတွေထဲက တစ်ညပါပဲ။ ဘတ်စ်ကားမှတ်တိုင်ကနေ အိမ်ကို လမ်းလျှောက်လာခဲ့တာ လမ်းထောင်တစ်နေရာရောက်တော့ ပလက်ဖောင်းပေါ်မှာ လူနှစ်ယောက် သုံးယောက်ထိုင်နေတာကို ခပ်မှောင်မှောင်အရိပ်အဖြစ် ဖြတ်ခနဲ မြင်လိုက်တယ်။
စိတ်ထဲမှာတော့ လမ်းထောင့် ပလက်ဖောင်းခုံပေါ်မျာ ဂစ်တာတီးနေကျ လူငယ်လေးတွေလို့ ထင်လိုက်ပါတယ်။ ကျွန်မနေတဲ့ တိုက်ခန်းက လမ်းထိပ်၊ လမ်းထောင့်ဆိုတော့ ဂစ်တာတီးတဲ့ အုပ်စုရှေ့ကနေ ခဏခဏ ဖြတ်လျှောက်သွားရဖူးပါရဲ့။ ဝရန်တာဘက်ကို အကြောင်းတစ်ခုခုကြောင့် ထွက်မိရင်လည်း ဂစ်တာသံနဲ့ သီချင်းဆိုသံကို
ကြားရဖူးပါရဲ့။
သူတို့ဟာ သူတို့ ဂစ်တာတီးနေကြတာပါပဲ။ လမ်းသွားတဲ့ သူတွေကိုဘာမှ အနှောက်အယှက်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီညကတော့ ကျွန်မ စောစောကပြောတဲ့ လူရိပ် တစ်ခုဘေးကိုလည်းရောက်လာရော အမျိုးသမီးသံနဲ့ ဘယ် - ညာ ဘယ် - ညာဆိုပြီး ကျွန်မ ခြေလှမ်းတွေကို လှောင်ပြောင်စနောက်သံ ကြားလိုက်ရတော့တာပါပဲ။
အဲဒီမိန်းမသံတွေကို ကြားလိုက်တော့ အမှန်အတိုင်းပြောရရင် ရုတ်တရက် နားမလည်လိုက်ပါဘူး။ ဘာကြောင့် သူတို့ ကျွန်မကို နောက်ပြောင်တာလဲ။ ယောက်ျားလေးတယောက် လမ်းလျှောက်တာကို ခပ်လှောင်လှောင် မိန်းကလေးအုပ်စုက စနောက်တယ်ဆိုတာကမှ ဖြစ်နိုင်ခြေရှိသေးတယ်။
ဒါတောင် အဲဒီကိစ္စဟာ ကျွန်မ ဘယ်လိုမှ မုဒိတာမပွားနိုင်တဲ့ ကိစ္စပါ။ အခုလို မိန်းမတယောက် လမ်းလျှောက်တာကို မိန်းမတွေက စနောက်တဲ့အဖြစ်ကို ဘယ်လိုမှနားမလည်နိုင်ဘူး။ သူတို့ဆီကို လှည့်ကြည့် အကဲခတ်လိုက်တော့ အမျိုးသမီးချည်းပဲ သုံးယောက်ဖြစ်နေတယ်။ ခပ်ငယ်ငယ်ကလေးတွေပါ။
နှစ်ဆယ်ကျော် ဝန်းကျင်ကလေးတွေ။ ပျော်တတ်လို့ပဲ စလေသလား၊ ကျွန်မကိုပဲ ကြည့်မရလို့ စလေသလား။ ကျွန်မကို ကြည့်မရအောင်ကလည်း ကိုယ်က သူတို့ကို သိတာမဟုတ်။ လမ်းထဲက မိကောင်းဖခင် သမီးကလေးတွေလား။ သူတို့ ဘာလို့ အဲဒီလို စချင် နောက်ချင်ကြပါလိမ့်။
ကျွန်မ စဉ်းစားကြည့်တယ်လေ။ ယောက်ျားလေးတယောက် လမ်းလျှောက်သွားတာကို ယောက်ျားလေးအုပ်စုက အဲဒီလို စနောက်ဖူးသလား။ ကျွန်မ မြင်ဖူး ကြုံဖူးသလားပေါ့။ တစ်ခါမှ မမြင်ဖူးပါဘူး။ ယောက်ျားလေးတွေက မိန်းကလေးကို စနောက်တာ၊ လိုက်နှောင့်ယှက်တာတော့ မြင်လည်း မြင်ဖူးတယ်၊ ကြုံလည်း ကြုံရဖူးတယ်။ မိန်းကလေး ဖြတ်လျှောက်သွားတာကို ဘာစကားနဲ့မှ မပြောင်မနောက်ဘဲ မျက်နှာအရိပ်အကဲနဲ့တောင် မပြောင်လှောင်ဘဲ ကိုယ်စကားနဲ့ကိုယ် ကိုယ့်ဂစ်တာနဲ့ကိုယ်သီးသီးသန့်သန့်နေတတ်တဲ့ ယောက်ျားလေးအုပ်စုတွေကိုလည်း ကျွန်မ အများကြီးကြုံဖူးပါတယ်။
နောက်ပြောင်ခြင်းနဲ့ နှောင့်ယှက်တတ်တဲ့ ယောက်ျားလေးတွေကိုတောင် ကျွန်မက အုပ်စုနှစ်စု ခွဲခြားသတ်မှတ်ထားတဲ့တာ။ ချစ်စရာကောင်းတဲ့ ပျော်တတ်တဲ့ ယောက်ျားလေးတွေရဲ့ စနောက်တဲ့စကားဟာ မမိုက်ရိုင်း။မယုတ်ညံ့ပါဘူး။
ဥပမာ မိန်းကလေးနှစ်ယောက် လမ်းလျှောက်လာတာကို ကြည့်ပြီး
“အလယ်က အစ်မကြီးက ချောတယ်ဗျာ” လို့ စနောက်တာမျိုး၊ ခပ်ဝဝ မိန်းကလေးတစ်ယောက်ကို
“ထမင်း လျှော့စားနော်၊ အမေက ပိန်မှကြိုက်မှာ” လို့ စနောက်တာမျိုး။
“ချစ်စရာလေးနော်” လို့ စနောက်တာမျိုး။ အဲဒီလို စနောက်တာတွေဟာ သိပ်စိတ်ဆိုးစရာမလိုဘဲ ခွင့်လွှတ်လို့ရနိုင်တဲ့ အဖြစ်မျိုးပါ။
ဒါပေမယ့် တချို့ကျတော့ ညစ်ညစ်ညမ်းညမ်း စနောက်ကြတယ်။ ညစ်ညမ်းတဲ့ လက်ဟန်လုပ်ပြတာ၊ ညစ်ညမ်းတဲ့ စကားတွေကို မြိန်ရေယှက်ရေပြောထွက်တာ သိပ်အံ့သြစရာကောင်း၊ သိပ်စက်ဆုပ်စရာကောင်းတဲ့ အမျိုးအစားအဖြစ် ကျွန်မတို့ သတ်မှတ်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ယောက်ျားကလေးတွေရဲ့ စနောက် လှောင်ပြောင်ခြင်းဆိုတဲ့အလုပ်ကို အခုလို မိန်းကလေးတွေက ပြုမူလိုက်တော့ ရုတ်တရက် ကျွန်မ ဖြုံသွားတာတော့ အမှန်ပဲ။
ယောက်ျာလေးတစ်ယောက် ပုံမှန်မဟုတ်ဘဲ၊ ကနွဲ့ကလျ၊ မိန်းမလို မိန်းမရဖြစ်နေရင် ပုံမှန်ယောက်ျားလေးတွေက ခပ်ချဉ်ချဉ်ရှိမှာပဲ။ အဲဒီအခါ အခုလို ယောက်ျားလေးအချင်းချင်း လှောင်ပြောင်တာမျိုး လုပ်ချင်လုပ်ကြမှာပဲ။ အခုကိစ္စမှာ ကျွန်မက ယောက်ျားလျာလည်းမဟုတ်၊ ဝတ်ပုံ စားပုံကလည်း ရိုးရိုးစင်းစင်း။ ကျွန်မ အသက်အရွယ်ကလည်း လေးဆယ်နားကပ်နေပြီ။ ဘာများ စနောက်စရာ တွေ့သွားပါလိမ့်။ အဲဒါကို ကျွန်မ စဉ်းစားလေ နားလည်ရခက်လေပဲ။ တစ်ခုပဲရှိတယ် ကျွန်မက အရပ်တော်တော်ပုတယ်။ အဲဒါဟာ သူတို့အတွက် စနောက်စရာအကြောင်း ဖြစ်သွားလေသလား။
ကောင်းပြီ ကျွန်မကိုယ် ကျွန်မ ပြန်မေးကြည့်တယ်။ ဒီကိစ္စကို ဘာဖြစ်လို့ ဒီလောက် အလေးအနက်စဉ်းစား အာရုံစိုက်နေရတာလဲ။ ယောက်ျားလေးတွေအုပ်စုက ကိုယ့်ကို စနောက်ရင် ဒီလိုအာရုံစိုက်မိမလား။ လုံးဝစဉ်းစား အာရုံစိုက်မိမှာ မဟုတ်ဘူး။ သြော် ဒါဟာ ယောက်ျားကလေးစရိုက်ပဲ။ မထူးဆန်းဘူး။ သမားရိုးကျ ဖြစ်စဉ်တစ်ခုပဲ။ အဲလို သဘောထားပစ်လိုက်မှာ။ ဒါမှမဟုတ် သဘောထားဖို့ထိအောင် အသိစိတ်ထဲ ဝင်မလာဘဲ ဖြစ်သွားမှာ အမှန်ပဲ။ ဒါဆိုရင် ကျွန်မအခုဘာဖြစ်လို့ အလေးအနက် အာရုံစိုက်နေရတာလဲ။
အဖြေကို ကျွန်မ ရသွားတာကတော့ “အခု စနောက်လိုက်တာ မိန်းကလေးတွေ ဖြစ်နေလို့” ဆိုတာပါပဲ။ ဒါဆိုရင် ကျွန်မဟာ နေရာတော်တော်များများမှာ မိန်းကလေးတွေကို ယောက်ျားလေးတွေနဲ့ တန်းတူအခွင့်အရေး တူစေချင်ပါလျက်နဲ့ ဒီကိစ္စမှာကျတော့ ကိုယ်တိုင်ပဲ မိန်းမ ယောက်ျား ခွဲခြားမိနေပြီပေါ့။ အစဉ်အဆက်က ဖြစ်တည်ခဲ့တဲ့
“ယောက်ျားလေးတွေသာ သူတစ်ပါး ဣနြေ္ဒပျက်လောက်အောင် စနောက်လေ့ရှိကြတယ်” ဆိုတဲ့ ထုံးတမ်း အစဉ်အလာတစ်ခုကို မစွန့်ပယ်နိုင်သူ ဖြစ်နေပြီပေါ့။
“ဘာဖြစ်လဲ၊ မိန်းကလေးတွေလည်း အဲဒီလို စနောက်ဖို့ အခွင့်အရေးရှိတယ်” ဒီစကားမျိုးနဲ့ မိန်းကလေးတစ်ယောက်ယောက်က ကျွန်မကို ဆင်ခြေပေးလာခဲ့ရင် ကျွန်မ ဘာပြန်ပြောရပါမလဲ။
Feminist လို့ သူများက စွပ်စွဲတာကို မငြင်းပယ်ခဲ့တဲ့ ကျွန်မ။ အခု ကျွန်မဘယ်လိုဖြေမလဲ၊ ဘာလုပ်မလဲ။ အဲဒီ ပြဿနာဟာ တစ်ညနဲ့လည်း ခေါင်းထဲက ထွက်မသွားဘူး၊ တစ်လနဲ့လည်း ခေါင်းထဲက ထွက်မသွားဘူး။ ကျွန်မကို လပေါင်းများစွာ ဦးနှောက်ခြောက်စေ၊ စိတ်မကောင်းဖြစ်စေခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုပါ။
အမျိုးသမီး စတီရီယိုအဆိုတော်တွေ ယောက်ျားတွေနဲ့ ယှဉ်ပြိုင်ကြိုးစားရင်း အရည်အချင်းတူအဖြစ် နာမည်ကြီး ထူးချွန်လာတာ၊ အမျိုးသမီးရေးတဲ့ ဝတ္ထုတိုကလေးတွေ အမျိုးသား စာရေးဆရာတွေနဲ့ အရည်အချင်းတူအဖြစ် တစ်ခါတစ်ခါ ရှားရှားပါးပါး ထွက်ပေါ်လာတာ -၊ အဲဒါတွေကိုကြည့်ပြီး တိတ်တခိုး ကျေနပ်နှစ်သိမ်နေခဲ့မိတဲ့ ကျွန်မ။ အခုကိစ္စမှာ ဘယ်လိုမှ မနှစ်သိမ့် မကျေနပ်နိုင်ခဲ့တာ ကျွန်မရဲ့ အားနည်းချက်ပဲလား။
ကျွန်မဟာ ထူးချွန်ထက်မြက်တဲ့ နေရာတွေမှာပဲ ယောက်ျားတွေကို အရည်အချင်းမိချင်ပြီးတော့၊ ဆိုးရွားတယ်လို့ ကျွန်မသတ်မှတ်ထားတဲ့ ကိစ္စတွေမှာတော့ ယောက်ျားတွေရဲ့ အရည်အချင်းအတိုင်း မမီချင်ဘူးပေါ့။ အဲဒီလိုပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဝေဖန်လိုက်ရပါတယ်။
အဲဒီအချိန်ကစပြီး ကျွန်မတို့ မိန်းမတွေကြောင်း ကျွန်မပိုပြီး အာရုံစိုက်လာမိတယ်ဆိုပါတော့။ ကျွန်မတို့ မိန်းမတွေ … ကိုယ့်အကြောင်း ကိုယ်အချင်ချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးဝေဖန်ရင်း အဖြေရှာကြည့်စရာတွေ အများကြီး ရှိသေးတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အားမနာတမ်း ဝေဖန်ဆန်းစစ်ကြည့်ဖို့တော့ လိုလိမ့်မယ်။
ကျွန်မတို့ မိန်းမတွေ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေး မရဘူး။ နေရာတော်တော်များများ အထင်သေးခံရတယ်။ တစ်ခါတစ်ခါ အနှိမ်ခံရတယ်။ ချုပ်ချယ်မှုခံရတယ်။ ဟုတ်ပြီ၊ အဲဒါတော့ မှန်သင့်သလောက် မှန်တယ်။ ကျွန်မတို့ မိန်းမတွေဘက်ကရော ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးယူဖို့ ဘယ်လောက်များ အရည်အချင်းပြည့်စုံကြလို့လဲ။ ကျွန်တို့အများစုဟာ တော်ရဲ့လား၊ ဥာဏ်ရည်ထက်မြက်ရဲလား၊ အစွမ်းအစ ရှိရလား၊ ရဲ့ရင် သတ္တိနဲ့ ပြည့်စုံရဲ့လား။
စီးပွားရေးလောက၊ ပညာရေးလောက၊ လူမှုရေးလောက၊ နိုင်ငံရေးလောကတွေမှာ ကျွန်မတို့ရဲ့ အဆင့်အတန်း ဘယ်လောက်ရှိနေပါသလဲ။
တချို့ကိစ္စတွေမှာ အခွင့်အရေးကွာခြားမှုအပေါ်မှာ မူတည်ပြီးတော့ အရည်အချင်း ကွာသွားရတာတွေ ရှိပါတယ်။ ဥပမာ - ဉာဏ်ရည်ထက်မြက်မှုဆိုပါတော့။
မိန်းမတွေဟာ ဉာဏ်နဲ့ ပတ်သက်တဲ့ စဉ်းစားဆင်ခြင်မှု၊ တွေးခေါ်မှုဘက်ကို အာရုံစိုက်ခွင့်မရဘဲ အိမ်ထောင်မှုကိစ္စ ကွက်ကွက်လေးထဲမှာ မနားရအောင် မွန်းကြပ်ပိတ်လှောင်နေခဲ့ရတဲ့ကာလတွေ သိပ်ကြာလွန်းတဲ့အခါ ဦးနှောင်ဖွံ့ဖြိုးမှုခြင်း သိပ်မကွာလှပေမယ့် ဉာဏ်ရည်ကျတော့ ယောက်ျားတွေထက် အဆင့်နိမ့်သလို ဖြစ်နေခဲ့ပါတယ်။ သင်္ချာဉာဏ်၊ တိုင်းဆ ဆင်ခြင်တွက်ချက်ရတဲ့ဉာဏ်။ အဲဒီအရာမျိုးမှာ ကျွန်မတို့ဟာ ယေဘုယျအားဖြင့် အားနည်းကြပါတယ်။
ဒါနဲ့ စကားစပ်မိလို့ ကျွန်မဖတ်ဖူးတဲ့ ကာတွန်းကလေး တစ်ပုဒ်ကို သတိရမိတယ်။ အော်ပီကျယ်ရဲ့ ကာတွန်းလို့ ထင်ပါတယ်။ ကျွန်မ သိပ်သဘောကျတဲ့ ကာတွန်းဆရာတွေထဲမှာ အော်ပီကျယ်ပါတာပေါ့။ ကာတွန်းထဲမှာ လင်မယားနှစ်ယောက်လို့ ထင်တယ်။ ကားတစီးနဲ့။ ယောက်ျားက ကားမောင်းလို့၊ မိန်းမကဘေးမှာ ထိုင်လိုက်လာတယ်။ ကားက ဘရိတ်လုံးဝ မမိတော့ဘူး။ ယောက်ျားက အထိတ်တလန့် ဖြစ်နေတယ်။ ဘရိတ်မမိတော့ဘူး၊ ဘယ့်နှယ်လုပ်ကြမလဲပေါ့။ မိန်းမက ပြန်ပြောတယ်။ လွယ်ပါတယ် မောင်ရယ်၊ တန်ဖိုးအနည်းဆုံးတစ်ခုခုကိုရွေးပြီး ဝင်တိုက်ပစ်လိုက်ပေါ့တဲ့။
ကာတွန်းရဲ့ ခေါင်းစဉ်က ကျွန်မ မှတ်မိသလောက်တော့ “မိန်းမဉာဏ်” တဲ့။
ကောင်းပြီ၊ ကျွန်မတို့ မိန်းမတွေ ဘယ်နေရာမှာ ညံ့နေသလဲ၊ အားနည်းနေသလဲ ကြည့်ကြရအောင်။ ခွန်အား၊ ခွန်အားအရာမှာ ကျွန်မတို့ အားနည်းပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက နွဲ့နှောင်းတယ်၊ ပျော့ပြောင်းတယ်။ သာမန် မိန်းမတစ်ယောက်နဲ့ သာမန်ယောက်ျားတစ်ယောက် အားချင်း ယှဉ်ကြမယ်ဆိုရင် မိန်းမက ရုံးတာပဲ။
ယောက်ျားတစ်ယောက်လို ကိုယ်ခန္ဓာတောင့်တင်းအောင် ခွန်အားကို စနစ်တကျတည်ဆောက်ထားတဲ့ မိန်းမတစ်ယောက်နဲ့ အားကစား လေ့ကျင့်နေကျ ယောက်ျားတစ်ယောက် ယှဉ်လိုက်ရင်လည်း မိန်းမက ရှုံးမှာပဲ။ ဒီတော့ ဘာမှစဉ်းစားမနေနဲ့၊ ခွန်အားချင်းကတော့ ဘယ်လိုမှ မယှဉ်သာဘူး။
ဒီခေတ်ဟာ ဟိုးရှေးခေတ်ကာလတွေလို ကိုယ်ကာယခွန်အားနဲ့ အရာရာ အဆုံးအဖြတ်ပေးတဲ့ ခေတ်မှ မဟုတ်တော့တာ။ ဉာဏ်ရည်၊ တီထွင်မှု၊ သိပ္ပံပညာ၊ နည်းပညာတွေနဲ့ တိုးတက်နေတဲ့ ခေတ်ကြီးပါ။ နောက်ပြီး ခွန်အားကြီးတဲ့သူကို ခွန်အားနည်းတဲ့သူက မရှုံးစေရအောင် ပရိယာယ်ဆိုတဲ့ ရှောင်တိမ်းမှု၊ လှည့်ပတ်မှု အတတ်ပညာရှိပါတယ်။
ကျွန်မတို့ မိန်းမတွေကို ရှေးတုန်းကတည်းက ပညာရှိတွေက စွပ်စွဲခဲ့ရတဲ့ စကားပုံတွေရှိတယ်မဟုတ်လား။ မိန်းမတွေကို မြစ်နဲ့ ခိုင်းနှိုင်းတာတို့၊ မိန်းမမာယာ သဲကိုးဖြာတို့၊ စဉ်းစားကြည့်ပါ။ ကျွန်မတို့ဟာ ရန်လိုတတ်တဲ့ သူစိမ်းပြင်ပြင် လောကကြီးထဲကို ခုခံကာကွယ်စရာ ဘာလက်နက်မှမပါဘဲ ရောက်လာကြတယ်။
ကျွန်မတို့ဟာ ဒီမာယာဆိုတဲ့ လှည့်စားတမ်းရှောင်ခြင်း အတတ်တွေနဲ့ အန္တရာယ်ကနေရှောင်ရ၊ တိမ်းရတာ။ ဒီမာယာနဲ့ပဲ ရန်သူကို ပြန်လည်ချေမှုန်းရတာ။ မိန်းမတွေရဲ့ မာယာဟာလိုအပ်လို့ သုံးရတဲ့ပညာပါ။ ဒီအတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ရှက်စရာမလိုဘူး။ အားငယ်စရာ၊ ဂုဏ်ငယ်စရာမလိုဘူး။
တစ်ခုတော့ ရှိတာပေါ့။ မာယာကို အသုံးချတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အဓိက ဖြစ်ရမှာပေါ့။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်စားဟန်ဆောင်တာမျိုးကိုတော့ ရှောင်ကြရမယ်။
ကျွန်မတို့ မိန်းမတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေထဲမှာ သူတစ်ပါးရဲ့ ဂရုစိုက်မှုကို အလွန်အမင်း လိုချင်တာဟာလည်း တော်တော်ဆိုးပါတယ်။ မိန်းမတော်တော်များများမှာ ယောက်ျားတွေရဲ့ ဂရုစိုက်မှုကို လိုချင်တဲ့ အားနည်းချက်ရှိတယ်။ ဒီယောက်ျားကို ကိုယ်လိုချင်တာလည်း မဟုတ်ဘဲနဲ့၊ တန်ဖိုးထားတာလည်း မဟုတ်ဘဲနဲ့၊ ဒီယောက်ျားက ကိုယ့်ကို စွဲလမ်းတမ်းတနေတာကို အင်မတန်ဂုဏ် ယူချင်တတ်တဲ့အမျိုး။ ဥပမာ - ကိုယ့်ကို ရည်းစားစာပေးရင် အဲဒီရည်းစားစာကို သူငယ်ချင်းတွေနဲ့ ဝိုင်းဖတ်ပြီး ဟားတတ်တဲ့အကျင့် ကျွန်မတို့မှာရှိတယ်။
အဲဒါ ဘယ်ကလာတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူချင်၊ အမွှန်းတင်ချင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသာယာတဲ့ စိတ်ကလာတာပါ။ အဲဒီစိတ်ကို Narcissus လို့ ခေါ်ပါတယ်။ တော်ရုံတန်ရုံ ရွက်ကြမ်းရေချိုရုပ်ရည်ရှိတဲ့ သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် သိလိုထားပါတော့။ လှတပတ မိန်းမတွေ မှန်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်စိတ်ကလေးတွေ မသိမသာ ချီးကျူးဂုဏ်ယူစိတ်ကလေးတွေနဲ့ ကြည့်လို့မဝနိုင်အောင် ဖြစ်ကြတာပဲ။
ကြုံဖူးကြမှာပါ။ အဲဒီ ကိုယ့်ကိုကိုယ် ချစ်စိတ်ကို နားဆစ်ဆပ်စ်လို့ ခေါ်တာပါပဲ။ ဒီစကားလုံးဟာ နာဆစ်ဆပ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ကို အစွဲပြုပြီး သတ်မှတ်ထားတဲ့ စကားလုံးပါ။ နာဆစ်ဆပ်စ်ဟာ ရေထဲမှာ မြင်နေရတဲ့ ကိုယ့်အရိပ်ကို ပြန်ပြီး ကြည့်လို့မဝအောင် နှစ်သက်စွဲလမ်းနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကတော့ ကိုယ့်ကိုကိုယ် ထင်ပေါ်ချင်တဲ့သူတွေ၊ အတ္တကြီးတဲ့သူတွေဆီမှာ တွေ့ရတတ်တဲ့ စိတ်ထားကလေးတစ်ခုပေါ့။ အနည်းနဲ့ အများတော့ လူဟာ အများက ဂရုစိုက်စေချင်တာချဉ်းပါပဲ။
ဒါကြောင့်လည်း သူတစ်ပါး ကိုယ့်ကို ဂရုစိုက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်တန်ဖိုးထားမှုကို လိုက်ပြီး နည်းအမျိုးမျိုးပြောင်းသွားပါတယ်။ ကိုယ်ကာယ အရေးပြားပေါ်မှာ တန်ဖိုးထားတယ်။ တချို့က ဉာဏ်ရည်ဦးနှောက်ပေါ်မှာ တန်ဖိုးထားတယ်။
လှယဉ်ကျေးမယ်တို့ ဘာတို့ ကိုယ်ခန္ဓာအလှအပပေါ်မှာ တန်ဖိုးထားတဲ့ သူတွေထဲကပဲ ဝင်ပြိုင်ကြတာပါပဲ။ ကိုယ်ခန္ဓာအလှအပအပေါ် တန်ဖိုးထားတိုင်းလည်း လှယဉ်ကျေးမယ်အဖြစ် ဝင်အရွေးခံကြတာတော့ မဟုတ်ပါဘူး။
အမယ်လှယဉ်ကျေးမယ် ပြိုင်ပွဲဝင်တဲ့အခါမှာ သာမန် လမ်းလျှောက်ပြရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကိုယ်ခန္ဓာမှာရှိတဲ့ ကောက်ကြောင်းတွေ၊ အထူးသဖြင့် ရင်နဲ့ တင်ပေါ့လေ။ ညှစ်ထုတ်ပြရ၊ လိမ်ကောက်ပြရ၊ ပေါ်လွင်အောင်လို့ ဖြစ်မှာပေါ့နော်။
သူတို့ဆီက မစ်စ် အမေရိကတို့၊ မစ်ယူနီမာ့စ်တို့ ပြိုင်ပွဲဝင်တဲ့ ဗီဒီယိုတိပ်ခွေတွေ ကျွန်မ ကြည့်ဖူးတယ်။ မယ်ဖြစ်ဖို့ ကိုယ်ခန္ဓာတစ်ခုတည်း ပြရုံနဲ့မရဘူး။ စကားအရာမှာ လိမ်မာရမယ်၊ ဗဟုသုတရှိရမယ်၊ သွက်လက်ရမယ်၊ ဖြတ်ထိုးဉာဏ်ရှိရမယ်၊ ခပ်တုံးတုံးအအနဲ့ မယ်ဖြစ်လိမ့်မယ်မထင်နဲ့။ ဘာပဲဖြစ်ဖြစ်လေ၊ မယ်ဆိုတာ အဓိကတော့ ကိုယ့်ရုပ်ဝတ္ထု အရည်အချင်းပေါ်မှာ တန်ဖိုးထားတဲ့ သူတတွေရဲ့အလုပ်။ မယ်ဖြစ်ပြီးတော့ ထင်ပေါ်ကျော်ကြားမယ်၊ မယ်ကနေပြီး ရုပ်ရှင်မင်းသမီးဖြစ်မယ်၊ သူတို့ ရည်ရွယ်ချက်က အဲဒီအထိရှိမှာပဲ။
ဟိုရှေးရှေးတုန်းကလည်း မယ်တွေ ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့တာမဟုတ်လား။ ဖျာပုံမယ် တင်တင်အေး၊ အင်မတန်လှတဲ့ မင်းသမီးပဲ။ ပြည်ထောင်စုမယ် ခင်သန်းနု၊ အခု အရွယ်ရောက်တဲ့အထိ ကိုယ်ခန္ဓာလှပပြေပြစ်တုန်း။ သူတို့ခေတ်က ဘောင်းဘီတို့နဲ့ ဝင်ပြိုင်ကြရလို့လား မသိဘူး၊ ခင်သန်းနုရဲ့ မယ်ပြိုင်ပွဲဝင် ဓာတ်ပုံတွေ ကျွန်မ ကြည့်ဖူးသလောက်ဖြင့် ကိုယ်ခန္ဓာလိမ်ကောက် ညှစ်ထုတ်ပြတာမတွေ့ရပါဘူး။
ခြေစုံရပ်၊ ရင်ကလေးချီ၊ ခပ်ကြွကြွကလေး ဟန်ပြတာတော့ တွေ့ရပါတယ်။ အင်းလေ … ကိုယ်မှာရှိတာတွေ ညှစ်ထုတ်လိမ်ကောက် လမ်းလျှောက်ပြရမယ်ဆိုတဲ့ Method မျိုး မပေါ်သေးလို့ ဖြစ်မှာပေါ့။
ဒါထက်ဆိုးတာကျတော့ အဝတ်အစား လျှပ်ပေါ်လော်လည်ခြင်းအားဖြင့် သူတစ်ပါး ဂရုစိုက်လာအောင်လုပ်ပြတဲ့ အမျိုးအစား။ လောကမှာ လူ့ယဉ်ကျေးမှုအရ ဖုံးထားမှ သင့်တော်မှာမို့ ဖုံးကွယ်အပ်တဲ့ အရာတွေရှိတယ် မဟုတ်လား။ အဲဒီအရာတွေကို လူမြင်အောင်ပြပြီဆိုရင်တော့ ဒါဟာ အင်မတန်ကို ထင်ပေါ်ချင်လွန်းတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီခေတ် မိန်းမဣနြေ္ဒနဲ့တော့ ဘယ်တူနိုင်မလဲ။ ဒီခေတ်မှာ ပြောင်းလဲလာတဲ့ ဘဝရပ်တည်မှု၊ ရုန်းကန်မှုတွေအရ ထိုက်သင့်တဲ့၊ လွတ်လပ်တဲ့ အဝတ်အစားကိုတော့ ဝတ်ရမှာပါ။
ထဘီခပ်တိုတို ဝတ်ချင်သလားရတယ်။ စကတ်ဝတ်ချင်သလားရတယ်။ ဘောင်းဘီဝတ်ချင်သလား ခပ်ပွပွဝတ်နိုင်သေးတယ်။ ချက်နည်းနည်းပေါ်ပြီး ဝတ်ချင်သလား၊ အဲနည်းနည်းစဉ်းစား။ အရွယ်ငယ်ငယ်လေးဆိုရင် လှလှပပ သင့်တော်ပါသေးတယ်။ ဟိုပစ္စည်းပြ၊ ဒီပစ္စည်းပြဆိုရင်တော့ ယောက်ျားတွေက တပ်မက်ပြီပေါ့။
လူကိုယ်တိုင် ပြစ်မှားလို့ရရင် အခုချက်ချင်း ပြစ်မှားပစ်ချင်စိတ်နဲ့ အငမ်းမရ ကြည့်ကြမှာပေါ့။ အဲဒါဟာ ယောက်ျားတွေရဲ့ အပြစ်လား။ ကျွန်မတို့ မိန်းမတွေရဲ့အပြစ်လား။ သူတို့ စောဒကတက်စရာပဲ မဟုတ်လား။ ကျွန်မယောက်ျားတွေရဲ့ မျက်လုံးမျိုးနဲ့ ခဏခဏ ကြည့်မြင်ခံစားဖူးပါတယ်။ တော်တော်ရင်ခုန်စရာကောင်းတာပဲ။ ဟောလိဝုဒ်က ရုပ်ရှင်မင်းသား ရစ်ချတ်ဂီယာရဲ့ဇနီးဟောင်း စင်ဒီကရောဖို့ဒ်ဆိုရင် ကျွန်မ အလွန်ရင်ခုန်ရတဲ့ မင်းသမီး ကိုယ်ဟန်ပြမယ်ပါ။
ထားပါတော့လေ။ ဒါက ကိုယ်ခန္ဓာအရည်အချင်းကို တန်ဖိုးထားသူတွေရဲ့ နည်းပညာပေါ့။ ဟော ကျွန်မတို့လို ရုပ်ပိုင်းဆိုင်ရာအရည်အချင်း လုံးဝမရှိတဲ့သူတွေကျတော့ရော။ ထင်ပေါ်ကျော်ကြားမှုကို မလိုချင်ဘူးတဲ့လား။ ဘယ်နေလိမ့်မလဲ၊ လိုချင်တာပဲပေါ့။
ရုပ်ရည်ချို့တဲ့တဲ့ မိန်းကလေးတွေ မိဘက ချမ်းသာရင် ရွေငွေပစ္စည်း အလှအပနဲ့ ဂုဏ်ယူကြတယ်။ အဲဒီ လက်ဝတ်ရတနာနဲ့ အဝတ်အဆင်ကိုက သူ တန်ဖိုးထားတဲ့ အရည်အချင်းကိုး။ ကျွန်မဆိုရင် ရုပ်ရည် အရည်အချင်းကလည်း မရှိ၊ မိဘကလည်း ပိုက်ဆံမချမ်းသာ။ ဒီအခါမှာ ကျွန်မ ဘာဖြစ်လာသလဲ။ ပညာအရည်အချင်းကို တန်ဖိုးထားပြီး လူတွေရဲ့ ဂရုစိုက်မှုကိုရခဲ့သူ ဖြစ်လာပါတယ်။ ပညာထူးချွန်ရခြင်းရဲ့ အရသာကို ကျွန်မ နှစ်သက်သွားတယ်။ ဒီအခါမှာ ကျွန်မရဲ့ ဘဝတန်ဖိုးဟာ ထူးချွန်ထက်မြက်ခြင်းရယ်လို့ ဖြစ်လာပါတယ်။
စာရေးဆရာဖြစ်လာပြန်တော့ အနုပညာဆိုင်ရာ ပညာရှာဖွေမှုအတွက် တန်ဖိုးထားတဲ့သူ ဖြစ်လာပြန်တာပေါ့။ ဒါကြောင့်လည်း စာအုပ်တွေ၊ ပန်းချီကားတွေ၊ တိပ်ခွေတွေ၊ ဓာတ်ပြားတွေ ဝယ်ယူစုဆောင်းခံစားဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ဖိနပ်ကျတော့ တထောင်ထက် စျေးများရင် ဝယ်ဖို့ နှမြောတွန့်တိုမိနေရော။
ဒါကြောင့်လည်း ဗိုလ်ချုပ်စျေးကို တစ်ခါတလေ တိပ်ခွေတွေ ဓာတ်ပြားတွေ အရှာသွားတဲ့အခါ မျက်စိလည်လမ်းမှားပြီး အဝတ်အစား အလှအပပစ္စည်းတွေ ဆိုင်ဘက်ရောက်သွားရင် ကျွန်မမှာ ရင်သပ်ရှုမော ဖြစ်မိတယ်။ ဆန်းလိုက် လှလိုက်တဲ့ပစ္စည်းတွေ၊ အမျိုးမျိုးပဲ။ စျေးနှုန်းတွေ ဖတ်ကြည့်ရင်၊ မေးကြည့်ရင် မျက်လုံးပြူးရပါတယ်။
အံမယ် - ကိုယ်ကသာဝယ်ဖို့ စိတ်မကူးနိုင်တာ၊ ဝယ်လိုက်တဲ့ မိန်းကလေးတွေ မနည်းပါဘူး၊ ကြိတ်ကြိတ်တိုးနေတာပဲ။ ထောင်နဲ့ သောင်းနဲ့ချီပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို သူတို့ဝတ်နေတာဖြင့် နည်းနည်းမှတောင် တွေဝေစဉ်းစားတာမျိုး မရှိဘူး။ လွယ်လိုက်တာ။ အသက်ကလေးတွေ ကြည့်တာ့ - ဘာရှိဦးမလဲ၊ ၁၆ နှစ်နဲ့ နှစ်ဆယ်ကြား၊ နှစ်ဆယ်ထက်ကျော်ရင် သုံးလေးနှစ်ပေါ့။
သူတို့လေးတွေ ဝတ်စားလာကြပုံကလည်း လှမှလှ၊ ဆန်းမှဆန်း။ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေကို အုပ်လိုက် ကိုင်သုံးနေတာမြင်တော့ ကျွန်မဖြင့် တော်တော်စဉ်းစားရခက်ပါရဲ့။ သူတို့ ဘာအလုပ်တွေလုပ်လို့ ဘာဝင်ငွေတွေ ဘယ်လောက်ရနေကြလို့ပါလိမ့် -
ဒီအရွယ်တွေနဲ့ ဒီလောက် ဝင်ငွေတွေရနေတာ တိုးတက်မြင့်မားလာတဲ့ အဓိပ္ပါယ်လား။ ကျွန်မ ဆရာဝန်ဖြစ်တော့ အသက် ၂၅ နှစ်ကျော်၊ ၂၆ နှစ်။ တစ်နေ့တစ်နေ့ ဆေးခန်းဝင်ငွေဟာ စားစရိတ်တောင် အနိုင်နိုင်ပဲ။ အခုကျတော့ ဒီကလေးမတွေရဲ့ ဝင်ငွေဟာ တော်တော်ကြီးကို ကောင်းနေတဲ့ သဘောပေါ့နော်။ မိဘတွေကလည်း ချမ်းသာပုံရပါရဲ့။ မုဒိတာပွားချင်ပေမယ့် အလှအပကို အရေးပေးလွန်းတာမြင်ရတော့ တော်တော်တုန်လှုပ်မိပါတယ်။
ဂျူး


0 comments:

Post a Comment