Wednesday, August 4, 2021

စိတ်ခနကျချိန်

0 comments

စိတ်ခနကျချိန်

ခါတိုင်း စိတ်နည်းနည်းကျ(Depression ဝင်ရင်)တာနဲ့ အ‌မေ့ဆီကိုသွား၊ သူနဲ့စကားပြော၊ သူပြောတာတွေနားထောင်၊ သူချက်ကျွေးတာလေးစားရင်း စိတ်ပြေပျောက်သလောက် ပျောက်ပါတယ်။ ခုတခါတော့ အမေ့ဆီပါ မသွားချင်တာနဲ့ တပတ်လောက်ကြာတယ် မရောက်ဖြစ်ဘူး။ မနက်ကတော့ နှမဖြစ်သူက အကိုရေ နေကောင်းရဲ့လား။ အိမ်မှာ ငါးဆားနယ် ကြော်တယ်၊ ပဲဇဉ်းငုံချက်တယ်၊ ပဲပုဇွန်သီးကို ကြက်ဥနဲ့ကြော်တယ် လာစားပါလားဆိုတော့ ပျက်ချင်သလိုလို ဖြစ်နေတဲ့ခံတွင်းက ပဲဇဉ်းငုံဟင်းနဲ့ ငါးဆယ်နယ်ကြော်ကို တောင့်တတယ်။ ဒါနဲ့ အိမ်က ပဲပုဇွန်သီးလေး နည်းနည်းခူး၊ ကြက်ဥလေး နည်းနည်းကောက်ပြီး အမေ့ဆီသွားတယ်။ အမေက နှမနဲ့အတူနေတာကိုး။ သူ့သမီးနဲ့နေရတာ အမေနှစ်ခြိုက်မှန်းသိသာပါတယ်။ ကျနော့်အိမ်မှာကျ အမေမပျော်ဘူး။ လာတောင် ခနပဲနေတယ်။ လယ်သမားအိမ်၊ တောအိမ်၊ ရှုပ်ပွနံစော်နေတဲ့အပြင် ခွေးနှစ်ကောင်ကရှိသေး။ အမေက ကြောင်သာ ချစ်တာ၊ ခွေးတော့ မလိုသား။ အဲ့နေ့က ကျွေးတာတွေစား၊ နှမနဲ့ စကားပြော အမေနဲ့စကားပြောပြီး အိမ်သာပြန်ခဲ့ရတယ် စိတ်က ကယောက်ကရက်နဲ့။

 

နောက်နေ့ကျတော့ ဘယ်မှလည်းမထွက်ချင် ကားလည်းမမောင်းချင်တာနဲ့ အိမ်မှာနေပြီး ငြီးငွေ့ခြင်းနဲ့ ကျနေတဲ့စိတ်ကို တိတ်တိတ်ပဲ ကုစားနေလိုက်တယ်။ စိတ်ရောဂါအထူးကုဆီ ဖုန်းဆက်ပြီး ရထားပြီးသားအပွိုင်မဲန်ရက်ကို စောယူ လိုက်တယ်။ သူက ဘာဖြစ်နေလို့လဲမေးတော့၊ အိပ်မပျော်ဘူး၊ စိုးရိမ်ပူပန်မှုတွေရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကိုပါ နာကျင်အောင်လုပ်ချင်စိတ် အချိန်တိုင်းပေါက်နေတယ်၊ သေနတ်ပြန်လိုချင်တယ်၊ အဆောက်အဦး အမြင့်ကြီးတွေပေါ်ကနေ ခုန်ချချင်တယ်၊ ဘာမှ တွေးမရဘူး၊ ဘာကိုမှစိတ်မဝင်စားဘူး၊ တခုခုအပေါ် ဘာအာရုံမှ စိုက်လို့မရဘူး။ ဆေးတွေကြောင့် လူလည်း ကိုယ်အလေးချိန်တက်လာသလားမသိဘူး၊ နေရထိုင်ရအဆင်မပြေဘူးလို့ ပြောတော့ အဲ့သလိုဖြစ်တာတွေ တစ်ကနေတဆယ် ဘယ်လောက်လဲတဲ့ အားလုံးတဆယ်ချည်းပဲ ဆိုတော့ အိုကေ သန်ဘက်ခါကျမင်းကိုတွေ့မယ်တဲ့။

 

သူ့သန်ဘက်ခါကိုစောင့်နေတုန်း မနေ့က နှမက ဖုန်းဆက်ပြန်တယ်၊ အကို ညနေ အိမ်မှာ အကြော်စုံကြော်မယ်၊ ဂျူလီယာတို့မိသားစုလည်း လာမယ်၊ ညနေ ၇ နာရီလောက်ပေါ့၊ လာခဲ့ပါလား၊ ကယ်ရင်န့်လည်းခေါ်ခဲ့တဲ့။ ဂျူလီယာဆိုတာက ညီတော်မောင်ရဲ့သမီး၊ အမေ့မြေး အငယ်ဆုံး၊ ကျနော်တို့တူမ။ အသက်က ၂ နှစ်မပြည့်သေးဘူး။ ဒါနဲ့ ညနေစောင်းတော့ ပဲပုဇွန်သီးလေးတွေ နည်းနည်းခူးပြီး အမေ့အိမ်သွားပြန်တယ်။ နှစ်မအမျိုးသားရဲမော်ထူးရဲ့သူငယ်ချင်း ကိုနေလင်းနဲ့ နှစ်မက တယောက်တဒယ်စီ အကြော်စုံကြော်ကြတယ်။ သူတို့ကြော်နေတာကို အာရုံစိုက်ကြည့်စမ်း အာရုံစိုက်ကြည့်စမ်းလို့ ကိုယ့်ကိုယ်ကိုယ် စူးစိုက်ဖို့ကြိုးစားတာလည်း အရာမထင်ဘူး။ စိတ်ဟာ ဥဒိစ္စဖြစ်နေတယ်။ အကြော်ဆီပူအိုးထဲ လက်နှိုက်ချင်တာလိုလို၊ အဲ့ဒီဆီပူအိုးကြီးနဲ့တယောက်ယောက်ကို ကောက်ပေါက်ချင်တာလိုလို ဖြစ်နေတယ်။ အဲ့သလို ဂဏှာမငြိမ်ဖြစ်နေမတာကို ဇနီးကသိလို့လားမသိဘူး ကျနော့်လက်ကို ခနခနဖျစ်တယ် ညှစ်တယ်။ ဒီတော့ သတိပြန်ပြန်ဝင်တယ်။ ဂျူလီယာ သူ့ဟာသူ ပျော်နေတာက အားလုံးကို Entertainment လုပ်သလိုဖြစ်နေတယ်။ ကိုနေလင်း ကိုညီညီနဲ့ ကျနော့်ညီ ကျော်ကျော်မြင့်တို့က ရယ်စရာတွေပြော ဟာသတွေလုပ် ရဲမော်ထူးကိုစကြနောက်ကြပေမယ့် ကျနော့် တချက်မှ မရယ်မိမပြုံးမိဘူး။ စိတ်က ဆီပူအိုးဆီပဲရောက်နေတယ်။ ဆီပူတွေလိုပဲ စိတ်တွေလည်း ပူနေတယ်။

 

အကြော်တွေကြော်ပြီးသွားတော့ မြက်ကြွပ်ရွက်ကြော်တခု ဘူးသီးကြော်လေးငါးခုနဲ့ တခြားအကြော် နည်းနည်းပါးပါး စားဖြစ်တယ်။ အရွက်စိမ်းတွေများများစားဖြစ်တယ်။ အမေနဲ့ကပ်လျက်ထိုင်တာ ဖြစ်တော့ အမေက ဒါလေးလည်း စားဟဲ့ဆိုဆိုပြီး ထည့်ထည့်ပေးပေမယ့် မစားဖြစ်ပါဘူး။ နောက်တော့ စားဝိုင်းသိမ်းကြတယ်။

 

ကိုးနာရီခွဲလောက်ဖြစ်သွားတော့ နေလည်းဝင်ချင်နေပြီ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဇနီးနဲ့အတူပြန်ကြတယ်။ အပြန် သူကားမောင်းတယ်။ လမ်းတွေက မနည်း ရှင်းနေတယ် ကားသွားကားလာကျဲတယ်။ ဘေးကထိုင်စီးရင်း ကားကို တနာရီမိုင်တရာနှုန်းလောက် မောင်းစေ့ချင်နေတယ်။ တချက်တချက် သူ့လက်ထဲက စတီယာရင်ကိုဆွဲလုပြီး ကိုယ့်ဘာသာမောင်းချင်တယ်။ တခုခုကို ဒါမှမဟုတ် ကားတစင်းစင်းကို အရှိန်နဲ့ဝင်တိုက် ဒါမှမဟုတ်လည်း ချောက်ကမ်းပါးတခုခုထဲကို ထိုးချချင်တယ်။ စိတ်တွေပြန်လည်လာလိုက်၊ ပြန်တည်ယူလိုက်၊ ပြန်လည်ထွက် သွားလိုက်နဲ့ ထိုင်ခုံကို တင်းတင်းဆုပ်မိထားတဲ့ လက်ဖျံကြွက်သားတွေနာလာတယ်။ အဲ့သလိုနဲ့ နောက်ဆုံး အိမ်ပြန်ရောက်လာတယ်။ လူဟာ မောဟိုက်နွမ်းလျနေတယ်။ အားကုန်ပြီး ခြေကုန်လက်ပမ်းကျနေတယ်။ လှုပ်တောင် မလှုပ်ချင်ဘူး။ လက်က အရက်ဘက်ရောက်ချင်နေတယ်။ ဒါပေမယ့် လူကသိနေတယ် ခုနေခါ အရက်ဘက် လည်ထွက်သွားရင် ပြန်ဆောက်တည်ယူဖို့ခက်မယ်ဆိုတာကို။ ဒါနဲ့ အရက်နဲ့ဝေးဝေးနေတယ်။

 

ဇနီးက နင် ဗမာပြည်ကအကြောင်းတွေ သိတ်မကြည့်နဲ့၊ ဖေ့စ်ဘွတ်ခ်လည်း သိတ်မသုံးနဲ့၊ နင် ကြည့်ကြည့်ပြီး ရယ်တတ်တဲ့ WWE ကြည့်ပေါ့၊ အပျင်းပြေပေါ့၊ ဒါမှမဟုတ်လည်း ဘောလီးဝုဒ်ကားတကားလောက် ကြည့်ကြည့် ပါလားတဲ့။ ဘာ WWE မှလည်း မကြည့်ချင် ဘာဘောလီးဝုဒ်ကားမှလည်းစိတ်မဝင်စားတာမို့ ခြံနောက်ဘက်ဆင်းပြီး တယောက်တည်း အကြာကြီး ထိုင်နေမိတယ်။ ခနနေတော့ ခွေးလေးတွေလည်း ထွက်လာတယ်။ ဒါနဲ့ ပန်းပင်တွေ ရေလောင်းရကောင်းမယ်တွေပြီး ရေတွေရွှဲနေအောင်လောင်းမိတာပဲ။ နောက်တော့ ကြက်ဥကြော်စားချင်စိတ် ပေါက်လာတာနဲ့ ကြက်ခြံလေးထဲ ကြက်ဥသွားကောက်တော့ ၆ လုံးရလာတယ်။ အဲ့ဒါလေးတွေကို တလုံးချင်းစီ မကြက်တကြက်လေးတွေကြော်တယ်။ ဆားလေး နည်းနည်းစီဖြူးတယ်။ အားလုံးပြီးကာမှ စားချင်စိတ်က ပျောက်သွားတယ်။ ဒါနဲ့ ပန်းကန်ထဲ ဒီအတိုင်းထားပြီး အိပ်ယာပေါ် လှဲခွေနေမိတယ်။ အိပ်မပျော်ဘူး၊ အိပ်မပျော်ဘူး၊ အိပ်မပျော်ဘူး၊ အိပ်မပျော်တာ တပတ်လောက်ရှိနေပြီ။ ညမအိပ်လို့ နေ့ပြန်အိပ်တယ်ဆိုတော်သေး။ ခုက နေ့ရောညပါ မအိပ်တာ။ အိပ်မပျော်တော့ စိတ်က ဗမာပြည်ရောက်တယ်။ လူတွေ သေနေကြတယ်။ ချစ်ရခင်ရ လေးစားရတဲ့သူတွေပါ ပါတယ်။ ဆွေမျိုး ညီအကိုမောင်နှမဝမ်းကွဲတွေပါတယ်။ သတင်းတွေမကြည့်ချင် မမြင်ချင်ဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မတက်ချင်ဘူး။ ဒါပေမယ့် အချိန်ရတိုင်း တက်ကြည့်နေမိတော့တာပါပဲ။ ကြည့်တိုင်းလည်း စိတ်လက် မချမ်းသာရတာချည်းပါပဲ။

မျိုးမြင့်ချို

ဩဂုတ် ၄၊ ၂၀၂၁

0 comments:

Post a Comment