Friday, August 6, 2021

မန္တလေးငါးပိချက်

0 comments
မန္တလေးငါးပိချက်
အမေနဲ့ ညီအစ်မလိုခင်တဲ့ မိမိတယောက် အမေ့ဆီမပေါ် လာတာ ကြာလှပြီ။
တနေ့ကမှ သူရောက်လာတယ်၊ ဒါနဲ့ အမေ က
“မိမိလည်း မလာတာ ကြာလှပြီနော်။ နေလို့တော့ ကောင်းရဲ့ လား” လို့ မေးကြည့်တော့
မိမိက
“နေကောင်းပါတယ် မအမာရယ် တနေ့ တနေ့လည်း
အား ရတယ်မရှိဘူး မီးဖိုချောင်က ထွက်ရတော့ ဆန်ရွေးရတာလိုလို အဝတ်လျှော်ရတာလိုလိုနဲ့ ညနေ ချက်ချိန်ပြုတ်ချိန် တိုင်သွား ပြန်ရော၊ ဒါနဲ့ မမဆီ မလာဖြစ်တာ။
ကိုယ့်မှာလည်း မမမာပြောတဲ့ ပစ်တိုင်းထောင်ရုပ်က ကြိုးရှုပ်တဲ့လူမျိုး မဟုတ်လား” တဲ့။
မိမိက အပျိုကြီးပါ။ အသက် ၆ဝ ကျော်ပါပြီ၊ ဒါပေမယ့် ညီမက မွေးထားတဲ့ တူတွေ တူမတွေ မြေးတွေကို ကြည်ကြည်ဖြူဖြူ နေ့တိုင်း ချက်ပြုတ်ကျွေးနေတဲ့ အပျိုကြီး၊
“မမမာနှယ် သံယောဇဉ်ဆိုတာ ကိုယ်က တွယ်ထားတာ ပါ၊ သူတို့က မတွယ်ပါဘူး၊ ကိုယ်က တယောက်တည်းသမား ဆိုတော့ ငါ့မှာ ကြီးလာရင် ဆေးပေးမီးယူလေးတော့ သွေးထဲသား ထဲရှိဦးမှ ဆိုပြီး ညီမမွေးတာတွေထဲက တယောက်တလေ ထွက်လာနိုးနိုး မျှော်ကိုးပြီး သူတို့နဲ့ ပေါင်းသင်း။ သူတို့နဲ့ အဖော်လုပ် ပြီး ကိုယ့်အိတ်ထဲက စိုက်ပြီး ချက်ပြုတ် ကျွေးမွေးပြုစုနေတာပဲ မမမာရဲ့၊ တကယ်တမ်းကျတော့ ကိုယ့်ဆိုးရင် ခံမယ့်ဟာလည်း ထွက်မယ့်ပုံ မပေါ်ပါဘူး”တဲ့
မိမိက ဆုံးသွားရှာတဲ့ စာရေးဆရာမ ဒေါ်မာလာ လိုပါပဲ၊ ဒေါ်မာလာလည်း အစ်ကိုက မွေးတဲ့ တူမတွေကို သမီးလုပ်ပြီး တသက်လုံး အိတ်စိုက် ချက်ပြုတ် ကျွေးမွေးသွားတာပဲ၊မိမိက စကားဆက်ပါသေးတယ်၊
“မမာရယ် ဒီကောင်တွေဟာ သနားတော့လည်း သနားစရာပဲ၊ သူတို့ဘာမှ မခံစားဖူးရှာဘူး၊ ကျွန်မက ခရမ်းချဉ်သီးကို မျှင်ငပိနဲ့ ငါးပိချက် ချက်ကျွေးတာ
ငါးပိချက်က မြိန်လိုက်တာဆိုပြီး ခေါင်းမဖော်ဘူး စားလိုက်ကြတာ၊ ဒီလို မစားလို့လည်း မရဘူးလေ
မုန့်ဖိုးက အစိတ်သုံးဆယ်မကုန်ဘဲ လှလှ စားရတာမှ မဟုတ်တာ၊ ဒီကောင်တွေ မမမာတို့ ကျွန်မတို့ ဟိုအရင်က ချက်စားခဲ့တဲ့ ငါးပိချက်မျိုးနဲ့များ ချက်ကျွေးလိုက်ရရင် စားပိုးနင့်ပြီးတောင် ဒုက္ခဖြစ်လောက်ရဲ့….”
“ကျွန်မတို့ အဖေရတဲ့ လခကလေးနဲ့ ကျွန်မတို့မိသားစုမှာ သိပ်ကြီးတော့ ဖွယ်ဖွယ်ရာရာတွေ မစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ချဉ်ရည်ဟင်းကလေးနဲ့၊ မန္တလေးငပိချက်ကလေးနဲ့ ခရမ်းသီး မျက်မမြင်ကလေးတွေ ပြုတ်တို့လို့။ ဒေါ်ဂုံးပဲစိမ်းကြော်ကလေးနဲ့ဆို သိပ်စားလို့ကောင်းတာပဲ၊ ခုခေတ်တော့လည်း အဲဒီ ငပိချက်မျိုး မြင်ရဖို့ မရှိပါဘူး” တဲ့
မိမိပြောခါမှ မေ့တောင် မေ့နေပြီဖြစ်တဲ့ မန္တလေး ငါးပိချက်ကလေးကို အမေက ပြန်သတိ ရမိတယ်။
ဟိုတုန်းက တကောင်ကို ငါးပိဿာ။ ခြောက်ပိဿာထက်မနည်းတဲ့ ငါးမြင်းကြီးတွေ ခေါင်းဖြတ်ပြီး ငါးပိလုပ်ထား။ စဉ့်အိုးကြိးတွေနဲ့ သိပ်ပြီး ဆားရည်စိမ်ထား။
ရောင်းခါနီးမှ စဉ့်အိုးထဲက ဆယ်ပြီး ခုတ် ရောင်းတဲ့ ငါးမြင်း ငါးပိတစ်ကလေး တဆယ်သား ဝယ်ရင် ချက်လောက်တယ်၊ ဝမ်းပျဉ်းသားဆိုရင် အဆီတွေနဲ့ ဝင်းလို့။
ငါးပိတစ်ကလည်း မွှေးနေတာ၊ စျေးက တပိဿာမှ ၄ ကျပ် ၅ ကျပ်ရယ်၊အဲဒီ ငါးပိကို ပုစွန်ကင်ကလေး ဖဲ့ထည့်ပြီး ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းနဲ့ချက်။
နံနံပင် ကြက်သွန်မြိတ် ကလေးအုပ်ပြီး အရည်ကလေးနဲ့ ချက်တာလေ၊ ငါးပိ ချက်ဆိုပေမယ့် ငါးပိကလည်းကောင်း။ ပုစွန်ကင်တွေက လည်း ချိုတော့ ငါးပိချက် ငန်ပုံချိုပုံက ပါးစပ်ထဲ သိပ်အဆင်ပြေတာပေါ့၊
အောက်အရပ်ကစားတဲ့ ငါးပိရည်ကို အမေတို့ အညာသူတွေက သိပ်မစားတတ်ဘူး။
ဟိုတုန်းက၊ပုစွန်ကင်ဆိုတာ ပုစွန်တုပ်တွေကို အမြီးစ ကလေးချန်။ အခွံတွေခွာ ခေါင်းတွေဖြုတ်ပြီး အသားချည်းကို ဝါးတံစို့ ၂ ချောင်းနဲ့ သီထိုးပြီး ကျပ်တင်ထားတာဆိုတော့ ကျပ်စော်ကလေး မွှေးနေတာက တမျိုး။ ပုစွန်က ချိုတာက တမျိုးပေါ့၊
အဲဒီ ပုစွန်ကင်တွေဟာ အောက်အရပ် မိုးကုန်တော့မယ်။ သီတင်းကျွတ်ပြီ ဆိုရင်ပေါပြီ၊ မန္တလေးက ငါးပိ ငါးခြောက်ဆိုင်တွေပေါ် ရောက်လာပြီ၊ အမေတို့က စားရုံမက ကထိန်ခင်းတော့ ပဒေသာ ပင်တွေမှာ ပုစွန်ကင်တွေ ကြက်ခြေခတ်ပြီး ပဒေသာပင်လည်း သီးသေးတယ်၊ အမေတို့ အညာမှာ ပုစွန်က ရှားတာကိုးကွဲ့၊ အဲဒီတော့ ပုစွန်ကျပ်တင်ခြောက်ကို အလွန်စုံမက်တာပေါ့၊ အဲဒီ ပုစွန်ကင်တွေ ခုခေတ် မန္တလေးစျေးတွေမှာ လုံးလုံး မမြင်ရတော့ဘူး၊
အမေတို့က ပုစွန်ကင် မရတော့တဲ့အချိန်မှာ ငါးမြင်းငါးပိတစ် ချက်ထဲကို ချိုပေ့ဆိုတဲ့ ဖျာပုံပုစွန်ခြောက် ၂ ကျပ်ခွဲသားလောက် အကောင်လိုက် ဆုပ်ထည့်လိုက်တယ်၊ ချိုရောပေါ့
အဲဒီငါးပိချက်၊ ခုတော့ ဖျာပုံ ပုစွန်ခြောက်ကောင်းကောင်းက တပိဿာကို ၁၉ဝဝ ကျပ်တဲ့။
၁၈ဝဝ ကျပ်တဲ့၊ ငါးပိချက်ထဲ ဆုပ် ထည့်လိုက်ဖို့ ဝေးလို့ ဟင်းချိုအိုး ပေါ်မှာတောင် မဝဲနိုင်ဘူး၊ ဟင်းချိုအိုးဟာ မျှင်ငါးပိနဲ့ လူနဲ့မတည့်ပါဘူး ဆိုတဲ့ ဟင်းချိုမှုန့် (ဓါတ်ဆေး) နဲ့ ချိုနေရတယ်လေ၊
မိမိပြောတဲ့ ခရမ်းသီး မျက်မမြင်လေးဆိုတာက ခရမ်းသီး သီးစလေးတွေကို ခေါ်တာပါ၊ ကျွန်းတွေ ကိုင်းတွေပေါ်ကို မြစ်ရေကြီးလာလို့ ရေတွေတက်လာရင် စိုက်ထားတဲ့ အသီးအပင်တွေ အကုန်လုံးက ရေမြုပ်တော့မှာမို့။ အရွက်ရော။ အပွင့်ရော။ အသီးကင်းရော အားလုံး ဆွတ်ခူးကြရတယ်၊ ခရမ်းခင်း ဟာ နှမြောစရာ ဘယ်လောက်ကောင်းကောင်း ငယ်သေး နုသေးတဲ့ သီးကင်းကလေးတွေပေမယ့် ခူးရတယ်၊ ဒါလေးတွေ ပြုတ်ပြီး ငါးပိနဲ့ တို့မြုပ်စားရအောင် စျေးမှာရောင်းကြတာ။ ခရမ်းသီး သီးကင်းလေးတွေကို ခရမ်းမျက်မမြင် လို့ခေါ်တာကွဲ့။
ဒေါ်ဂုံး ပဲစိမ်းကြော်ဆိုတာကတော့ ကမ္ဘာစစ်ကြီးမဖြစ်ခင် မန္တလေးမှာ ပဲစိမ်းကြော် ကြော်ပြီး ဖောက်သည်ပေးတဲ့ အကြော်သည်ကြီး ဒေါ်ဂုံးဆိုတာရှိတယ်၊ သူကစားတော်ပဲကို ရေစိမ်။ အညှောက် ပေါက်အောင်ထားပြီး မုန့်မှုန့်နဲ့ အကျွပ် ကြော်ရောင်းတာ၊ သူ့အကြော်ကြီးတွေက တချပ်ဆိုရင် ၃ လက်မခွဲ လောက်ရှိတာ၊ အဲဒါ တရာကို ဒေါ်ဂုံးက ငါးမတ်နဲ့ ဖောက်သည်ပေးတယ်၊ လည်ရောင်းမယ့် အကြော်သည်က တခု တပြားရောင်းတော့ ငါးမတ်ဖိုးရင်းရင် တကျပ်ခွဲနဲ့ တပဲရတယ်လေ၊
အကြော်သည်က ‘ဒေါ်ဂုံးပဲစိမ်းကြော်’ လို့ ပါးစပ်က အော်ရောင်းတာ၊
ဝယ်ပြီး သံပုံးနဲ့ဘာနဲ့ ထည့်ထားရင် ရက်ကြာကြာလည်း ခံတယ်၊ ကြွပ်ရွနေတာပဲ၊
ဒါကြောင့် ဘော်ဒါနေတဲ့ ကလေးတွေဆီကို အိမ်တွေက ဒီ ပဲစိမ်းကြော် ၂ဝ -၂၅ ဝယ်ပြီး ပုံးနဲ့ထည့်ပို့ပေး တတ်တယ်၊
မိမိပြောမှ ဒေါ်ဂုံးပဲစိမ်းကြော်ကို သတိရပြီး ပုစွန်ကင် ဆင်းတဲ့ ငါးမြင်းငါးပိတစ်ချက်ကိုလည်း ပြန်စား ချင်လာတယ်၊
ဒါကြောင့် “မိမိရယ် ရှင့်ဟာက ပြန်သတိရတော့ သွားရည်ယိုပါတယ်၊ ထားလိုက်ပါတော့ လွမ်းစ မဖော်ပါနဲ့တော့” လို့ ပြောရတယ်။
ဒါတောင် သူက မတန်သေးဘူး၊
“ကျွန်မတို့ ငယ်ငယ်က စျေးထဲမှာ ပုစွန်ဆိုတာ ဧရာဝတီက ထွက်တဲ့ မြစ်ပုစွန်ပဲ ရှိတယ်၊ အဲဒါက တပိဿာကို ၄ကျပ်- ၅ကျပ်မို့ တခါတလေ အဖေ့တယောက်စာပဲ ဝယ်ချက်ကျွေးတယ်၊ တအိမ်လုံး မစားနိုင်ဘူး၊ စစ်ပြီးတဲ့ ကာလရောက်တော့ ရန်ကုန်ကလာတဲ့ ပုစွန်ဆိုပြီး ရေခဲစိမ်ပုစွန်တွေ သေတ္တာတွေနဲ့ ရောက်လာလို့ ပုစွန်အမျိုးမျိုး စျေးတွေထဲ ရောင်းလာတယ်၊ ကြော့ပုစွန်တဲ့။ ကျားပုစွန်တဲ့။ ဆတ်ထုပ်တဲ့၊
အဲဒါ ပုစွန် ကြော့ကလေးတွေ တပိဿာကို ၆ ကျပ်လောက်က စပြီး ရောင်းလာတာ။ ၂ဝဝကျပ် စျေးထိ စျေးထဲမှာ မြင်ရသေးတယ်၊ ဒီနောက်တော့ လုံးဝ မမြင်ရတော့ဘူး၊ မြစ် ပုစွန်ကတော့ ကနေ့ စျေး တပိဿာကို ၁၂ဝဝ ကျပ် ၁၅ဝဝ ကျပ်စျေး ” တဲ့၊
“ကျွန်မတို့လိုဟာတွေက ထမင်းပွဲမှာ ပုစွန်စော် မနံနိုင်ပါဘူး မမမာရယ်” တဲ့၊
သူက ပုစွန် စကားပြောလာ ပြန်တယ်၊ပါးစပ်ဆိုတာကလည်း အခက်သား။
စားနေကျ မစားရတာဆိုရင် လျှာက လွမ်းတယ်ထင်ပါရဲ့။ ဟုတ် ပါရဲ့နော်ဆိုပြီး သတိရလာရော၊
ရှင် ဒီနေ့ ဘာဟင်း နဲ့ စားခဲ့သလဲလို့ မိန်းမချင်းပြောတတ်တဲ့ အလ္လာပ သလ္လာပကို ပါးစပ်ကထွက်မိ မေးမိတော့ဦးမလို့။
မေးလိုက်မိရင် မမမာက စပြန်ပလား ဆိုပြီး ရှားရှားပါးပါး ဝယ်ခြမ်းစားရ တာတွေ သူက ဇာတ်စုံခင်းလိမ့်ဦးမယ်၊
ဒါကြောင့် စကားစပြတ်အောင်လို့_
“ကပိုင်မှာ ရဟန္တာပေါ်နေသတဲ့။ မိမိရောက် သေးသလား” လို့ မေးလိုက်တော့
“မရောက်နိုင်ပါဘူး မမမာရယ်
ပေါ်တဲ့ ရဟန္တာက ကျွန်မတို့ ၀ဋ် ဒုက္ခတွေ ကယ်နိုင်မယ်ဆိုလည်း အကောင်းသား၊
ခုတော့ သွားစရာလည်း ကားမရှိပါဘူး၊
သူများဆီက တဆင့်စကားပဲ နားထောင်လိုက်တော့မယ်” လို့ ပြောပြီး
ထမင်းချက်ချိန်တိုင်လို့တဲ့ နှုတ်ဆက်ပြီး ပြန်ပါလေရော။
လူထုဒေါ်အမာ

0 comments:

Post a Comment