Thursday, December 1, 2022

အုန်းပြန့်

0 comments

"အုန်းပြန့်"

ကျွန်တော်တို့ ဒုက္ခသည်စခန်းနေတုန်းက တောင်ထိပ်တင်ထားတာ။ အုန်းပြန့်စခန်းမှာတော့ အမြင့်ဆုံးနေရာပဲ။ ဆောင်းဆို အေးသလားမမေးနဲ့။ လေကလည်း ဟူးဟူးရားရားနဲ့။ အကာနဲ့ ဝါးကြမ်းခင်းကလည်း လေတိုးသေးတယ်။ မိုးဆို သက်ငယ်မိုးကလည်း ယိုသေးတာ။ ဆောင်းမှာ စောင်အထပ်ထပ်ခြုံပြီး အိပ်တာတောင် အေးစိမ့်နေပုံက ရိုးတွင်းခြင်ဆီအထိလား မှတ်ရတယ်။ ဒါနဲ့ ဝါးပေါက်ကြမ်းပေါ် သံပြားခင်း မီးသွေးမီးဖိုတင် မီးမွှေးပြီးအိပ်ကြတယ်။ တရေးနိုးအေးလို့နိုးလာတော့ မီးဖိုက မီးသွေးကုန်နေပြီ။ ဒါနဲ့ပဲ ခေါင်းစွပ်ကို မျက်နှာအုပ်တဲ့အထိဆွဲချ စောင်ခေါင်းမြီးခြုံပြီး ပြန်အိပ်ရတယ်။

ဝါးတဲတွေ ဆောက်ထားပုံကလည်း ကြမ်းတပြေးတည်း လေးငါးခြောက်လုံး တဆက်တည်းဆောက်ထားတဲ့ ဝါး တဲတန်းလျားတွေ။ ခြေရင်းခေါင်းရင်း၊ တခန်းကျော် နှစ်ခန်းကျော်တွေက အိပ်ရင်း လူးလွန့်ရင်ကို ကိုယ့်ဆီလာပြီး တကျွိကျွိ တကျွကျွနဲ့ဆိုတော့ ညတိုင်းကောင်းကောင်း အိပ်ရတယ်လို့ကိုမရှိဘူး။ အိမ်ထောင်သည်တွေ ဘာညာကိစ္စများရှိပလားဆိုပြောမနေနဲ့။ ဂျိုးဂျိုးဂျင်းဂျင်းနဲ့ကိုနေတာ။ ရယ်လည်းရယ်ရတယ်။ မူးပြီး အိပ်မိတဲ့ညတွေတော့ ဆင်အော်တောင် မနိုးဘူးဆိုပါတော့။ သာမန်ညတွေတော့ အဲ့ဒီ တကျွိကျွိ တကျွကျွတွေ တဂျိုးဂျိုးတဂျင်းဂျင်းတွေနဲ့ ပြီးတာပါပဲ။ တရေးနိုး ရှူရှူးပေါက် အီအီးပါဆင်းလို့ တယောက်ယောက်ယောက်က ကြမ်းနင်းပြီး လမ်းလျှောက်ရင်တော့ ကိုယ့်ခေါင်းရင်း လာနင်းသလားမှတ်ရတယ်။ အဲ့သလိုတွေနေရင်း ကြာတော့လည်း နေသားကျသွားတာပါပဲ။ ထူးပြီးလည်း မဆန်းတော့ပါဘူး။ တယောက်တယောက်လည်း မျက်နှာပူရတာ ရှက်ရတာ အားနတာရတာ မရှိတော့ပါဘူး။

ချစ်စရာကောင်းတာက ဒုက္ခသည် အချင်းချင်းယိုင်းပင်းကြတာပဲ။ ဟိုအိမ်ဒီအိမ်က ဟင်းကောင်းလေးများချက်ပလားဆို့ ရော့ဟဲ့ လာစားဟဲ့နဲ့ကိုနေတာ။ မုန်းလေးပျားလေးများလုပ်လည်း ဝေငှစားရတာအမော။ တယောက်ယောက်က ပြဿနာတခုခုတက်လည်း ကိုယ့်လာတက်တဲ့အတိုင်း ဝိုင်းပူကြပန်ကြ မေးရမြန်းရနဲ့နေတာ။ သူ့အပူ ကိုယ့်အပူလုပ်ကြ။ သူ့ဟာသကိုယ် ကိုယ်ရယ်ရ။ ကိုယ့်ရယ်စရာ သူများဟားကြနဲ့ပေါ့။ ရေဒီယိုရှိတဲ့လူတွေကလည်း ရေဒီယိုနားထောင်ပြီး ထူးတဲ့သတင်းလေးတွေ ဝေကြမျှကြနဲ့ပေါ့။

ဒုက္ခသည်စခန်းဆိုတဲ့အတိုင်း ဒုက္ခတွေတော့ရှိတာပေါ့။ ဒါပေမယ့် အမြဲတမ်း စိတ်ဆင်းရဲစရာစိတ်ညစ်စရာတွေချည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ တခါတလေ ပျော်စရာပါးစရာလေးတွေတော့ရှိတာပေါ့။ ပျော်စရာရွှင်စရာလေးတွေလည်း ရှိတာပေါ့။ လူတွေက ဒုက္ခကိုရော သုခကိုပါ ခံစား ခံနိုင်ကြပါတယ်။

ကျွန်တော်တို့က ဝါးစားပွဲလေးပေါ် စာအုပ်တွေတင်ပြီး စာကြည့်တိုက်ဖွင့်တယ်။ မဲဆောက်ကဆရာတွေဖိတ်ပြီး စာပေဟောပြောပွဲလုပ်တယ်။ စာပေဟောပြောပွဲဆိုပေမယ့် နိုင်ငံရေးတွေချည်းပါပဲ။ လူငယ်တချို့ဦးစီးပြီး တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ ကလေးကာတွန်းပြပွဲတွေလုပ်တယ်။ အဲ့ဒီတုန်းက ဘယ်ကလာလို့ လျှပ်စစ်မီးရှိပါ့မလဲ။ အင်တာနက်တို့ဘာတို့ ဝေးသေး။ ဖုန်းပြောချင်ရင် သူ့ထက်ပိုမြင့်တဲ့တောင်တွေပေါ်တက်ပြီး ပြောရတယ်။ ဒါမှ လိုင်းမိတာကိုး။

ခုတော့ ဒုက္ခသည်စခန်းတွေလည်း မီးရနေပြီတဲ့။ တောင်ပေါ်ကရေကို လှောင်ကန်တွေလုပ်ပြီး တောင်အောက်ကအိမ်တွေဆီ သွယ်နိုင်ပြီတဲ့။ ရေနဲ့မီးက ၂၄ နာရီလောက်ရတယ်တဲ့။ မီးခရေခတော့ပေးရတာပေါ့။ ဘယ်အလကားရမလဲ။ မတတ်နိုင်တဲ့လူတွေတော့ ထုံးစံအတိုင်း ဖယောင်းတိုင်မီးနဲ့ ဒီဇယ်မီးခွက်နဲ့ UNHCR က ဝေတဲ့ သောက်ရေနဲ့တောင်ကျစမ်းနဲ့ပဲပေါ့။ အင်တာနက်လည်းရနေပြီတဲ့။ နိုင်ငံခြားတိုင်းပြည်တွေက အဆွေအမျိုးတွေ အသိအကျွမ်းတွေနဲ့လည်း ဗီဒီယိုချက်တင်န်းတွေလုပ်လို့ရနေပြီတဲ့။

ဘာပဲဖြစ်ဖြစ် ဗမာပြည်စစ်အုပ်စုနှိပ်စက်လို့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ စစ်ရေးတွေကြောင့် ပြေးလာရတဲ့လူတွေအတွက်တော့ အထိုက်အလျှောက်နေသာထိုင်သာရှိတဲ့အရပ်ကလေးတခုဖြစ်နေတာမှန်ပေမယ့်Refugee Status နဲ့ တတိယနိုင်ငံတွေထွက်ဖို့ကြ မလွယ်ရေးချမလွယ်ဖြစ်နေတဲ့ အနေအထားပါပဲ။ မျှော်လင့်ချက်မဲ့နေတဲ့ နိုင်ငံမဲ့နေတဲ့ လူတွေလိုပဲ နေနေကြရတာပါ။ Stress တွေ Depression တွေလည်း ရကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ စစ်အာဏာရဲ့ ဘက်ပေါင်းစုံ ဖိစီးနှိပ်စက်မှုကလွတ်နေရတဲ့အတွက် စိတ်သက်သာရာလေးတော့ ရကြမှာပါပဲ။ ပြည်ပနိုင်ငံတွေက အထောက်အပံ့ရှိသူတွေအတွက်တော့ အသက်ရှူကလေးကပိုချောင်မှာပါပဲ။

ကျွန်တော့်လို စစ်ထဲ ထောင်ထဲ နှစ်ရှည်လများနေခဲ့ရသူအတွက်တော့ ဒုက္ခသည်စခန်းကဒုက္ခဆိုတာ စာမဖွဲ့လောက်ပါဘူး။ ဘဝဆိုတာ ပူတလှည့်အေးတလှည့် ကောင်းတလှည့်ဆိုးတလှည့် စသဖြင့်တွဲနေပေမယ့် ကျွန်တော့်အတွက်တော့ ပူရတဲ့ကာလတွေ ဆိုးရတွေနှစ်တွေက များပါတယ်။

ခုတော့ အမေရိကမှာ အိမ်ထောင်လည်းကျ ဘဝလည်း အသားသေနေပြီမို့ သက်သာရာတော့ရနေတာအမှန်ပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဝေးကြည့်ဆိုလှနေတဲ့ နေခဲ့ဖူးတဲ့ ဒုက္ခသည်စခန်းကိုလည်း အမှတ်ရနေဆဲပဲ။ လက်ရှိ အဲ့ဒီစခန်းတွေမှာ နေနေရသူတွေအတွက်လည်း စာနာနေ ပူပန်နေရုံမက နီးစပ်သူတွေကို တတ်နိုင်သလောက် မစို့မပို့လေးလည်း ရံဖန်ရံခါလှမ်းထောက်ပံ့ဆဲပါပဲ။

ဘဝရဲ့အမှတ်ရစရာများစွာထဲက ဒုက္ခသည်ဘဝတဲ့ ဒုက္ခသည်စခန်းလေးကိုတော့ ဘယ်တော့မှမေ့ရမယ်မထင်ပါဘူး။ ဘဝဆိုတာ တကယ်တော့လည်း ဒုက္ခဆင်းရဲခြင်းနဲ့ ကင်းတယ်လို့မှမရှိတာကိုး။

မျိုးမြင့်ချို။ ဒီဇင်ဘာ ၁။ ၂၀၂၂

0 comments:

Post a Comment