Sunday, October 21, 2018

“တစ်ဆို့မှု”ကို အကောင်လိုက် မြင်လိုက်ကြရပြီ(မောင်ထွန်းကျော်မြိုင်)

0 comments
“တစ်ဆို့မှု” ကို အကောင်လိုက် မြင်လိုက်ကြရပြီ
မောင်ထွန်းကျော်မြိုင်
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၁) မှာ ဖော်ပြမယ့်ဆောင်းပါး
အောက်တိုဘာလ ၁၅ ရက်နေ့ “သီးသန့်အစည်းအဝေး” မှာ ပြောကြားချက်တွေ ကြားရဖတ်ရပါတယ်။ အဲဒီပြောကြားချက် သုံးခုအနက် ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ပြောကြားချက်ဖတ်ရတော့ ရှင်ဥတ္တမကျော် တောလားထဲက “ဘီလူးသွားကို လဖြဲတည်း ” ဆိုတဲ့စကားကို သတိရမိတယ်။ ပြောဆိုချက်က အင်မတန် မောက်မာရင့်သီးလွန်းပါတယ်။ ဒါပေမဲ့ ဒီလို င့ါစကားနွားရ မောက်မောက်မာမာပြောဆိုတဲ့ “ကာချုပ်” ကို နောက်တစ်ရက် အစည်းအဝေးဆက်မတက်လို့ဆိုပြီး ဝမ်းနည်းပြနေသူကလည်းရှိသေးတယ်။
ဗိုလ်မင်းအောင်လှိုင်ပြောသွားတာတွေကိုကြည့်ရင် ငါတကောကောပြီး လိုရာဆွဲပြောတာတွေ ချန်လှပ်ကျော်လွှား ပြောသွားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။
(ပြည်ထောင်စုအတု၊ ဆိုရှယ်လစ်အတု၊ အမျိုးသားညီလာခံအတု၊ ဒီမိုကရေစီအတု စသဖြင့်) အတုမျိုးစုံနဲ့ လှည့်ဖြားလာခဲ့တဲ့ စစ်အုပ်စုခြံပေါက်ပီပီ အတုတွေနဲ့လှည့်ဖြားဖို့ သမိုင်းအချက်အလက်တွေကို လိုရာဆွဲပြောသွားတာတွေသာဖြစ်ပါတယ်။ ဒီတစ်ခါလှည့်ဖြားဖို့ သူတို့အာရုံကျနေတာ “ဖက်ဒရယ်အတုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတု” ဖြစ်ပါလိမ့်မယ်။

အဲဒီအထဲကနေ အမြင်သာဆုံးဖြစ်တဲ့ အချက်နှစ်ချက်ကို ရေးပြပါရစေ။
ပထမတစ်ခု “ သီပေါမင်းကို အင်္ဂလိပ်လက်ထဲကနေပြန်လုမယ်ဆိုပြီး နောက်လိုက် ၅၀၀ နဲ့ မန္တလေး မဟာမုနိဘုရားကြီးထဲကနေ စောင့်နေတယ်ဆိုတဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်” ဆိုတဲ့ကိစ္စပါ။ ခုခေတ်စကားနဲ့ပြောရင် ဒါ “ဂျင်း” ထည့်တာပါ။ ဖက်ဒရယ်အတုအတွက် “ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်”ကို လွမ်းတပြနေတာပါ။ “ကာချုပ်”ဆိုသူက လွမ်းမယ့်သာ လွမ်းပြနေတာပါ တကယ်တော့ ဒီညောင်ရွှေစော်ဘွား ဦးစောမောင်ဆိုတာဟာ ရှမ်းအမျိုးသားတွေထဲမှာ အင်္ဂလိပ်ပေးတဲ့ “ဆာဘွဲ့” ပထမဆုံးရရှိသူဖြစ်ပါတယ်။ အထက်ဗမာပြည်ကို အင်္ဂလိပ်ကသိမ်းယူပြီးတဲ့နောက် အင်္ဂလိပ်ကို ရှမ်းပြည်တက်လာနိုင်ဖို့ လမ်းပြလုပ်ခဲ့ကြသူနှစ်ဦးအနက် တစ်ဦးဖြစ်တယ်လို့ သထုံမြို့စားစဝ်ခွန်ကြည်ရဲ့ “ရှမ်းပြည်အမှားတော်ပုံ”စာအုပ်ကို ဖတ်ကြည့်ရင်တွေ့နိုင်ပါတယ်။ ဆရာမြသန်းတင့်ရဲ့ “တောင်သမန်ရွှေအင်းက လေညင်းဆော်တော့”စာအုပ်နဲ့ ဦးအုန်းဖေရဲက “ပင်လုံစစ်တမ်း” တွေထဲမှာ စဝ်စောမောင်အကြောင်း တစေ့တစောင်းတွေ့နိုင်ပါတယ်။ ထားပါတော့။

ဆိုလိုချင်တာက ဖက်ဒရယ်အတုအတွက် ပဒေသရာဇ်ခေတ်မှာပဲ ဖက်ဒရယ်ဖြစ်နေသယောင်ယောင် လိမ်ညာပြီး အစချီပြောဆိုနေတဲ့ အချက်ဖြစ်ပါတယ်။ ညောင်ရွှေစော်ဘွား စဝ်စောမောင်ဟာ မင်းတုန်းမင်းရဲ့ကိတ္တိမသား (မွေးစားသား) ဖြစ်ပြီး ၁၈၆၄ အောက်တိုဘာ ၂၃ မှာ ညောင်ရွှေစော်ဘွား ဖြစ်လာသူဖြစ်တယ်။ ပဒေသရာဇ်ဘုရင်ဆိုတာ သူ့သစ္စာခံသူကိုသူကောင်းပြုတာပဲ။
မင်းတုန်းမင်းရဲ့မွေးစားသား၊ ရှမ်းလူမျိုတွေထဲ အင်္ဂလိပ်ပေးတဲ့ “ဆာဘွဲ့” ပထမဆုံးရရှိသူကို၊ “တပ်မတော်က အမျိုးသားနိုင်ငံရေး” ပဲ လုပ်တယ်ဆိုတဲ့“ကာချုပ်” က ဂုဏ်တင်ဂုဏ်ဖော်ပြောဆိုနေတာ ရယ်စရာ မကောင်းဘူးလား။

တဖက်မှာ ဒီလိုတင်ထားပြီး “ပင်လုံစာချုပ်” (ဝါ)တောင်တန်းနဲ့ပြည်မ အတူတကွ လွတ်လပ်ရေးယူကြမယ်ဆိုတဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စနစ်တကျပြင်ဆင်စည်းရုံးခဲ့ကြပြီး အင်္ဂလိပ်အလိုတော်ရိစော်ဘွားတွေနဲ့ ဒိုမိုနီယံသမားတွေကို စွန့်စွန့်စားစား တိုက်ပွဲဆင်ခဲ့ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးခွန်းထီး၊ ဦးဘစံ၊ ဦးခွန်စောတို့အမှူးပြုတဲ့ “ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ”ရဲ့ကြီးမားတဲ့ သမိုင်းဝင်အခန်းကို ဗိုလ်မင်းအောင်လှိုင်က “ ဗိုလ်ချုပ်ပြန်မယ်ဆိုတဲ့ သတင်းကြားရတော့ ပင်လုံတစ်ဝိုက်မှာစုစည်းနေတဲ့ တိုင်းရင်းသားပြည်သူလူထုနဲ့ ကျောင်းသားတွေက "ရှမ်း-ဗမာ ပူးပေါင်းပါ"၊ "နယ်ချဲ့အလိုမရှိ"စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည် ကြွေးကြော်ခဲ့လို့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်” ဆိုတဲ့ စာတစ်ကြောင်းနဲ့ ဖုံးကွယ်ပစ်လိုက်တယ်။ ချောင်ထိုးမှေးမှိန်စေလိုက်တယ်။

ဒီလိုလုပ်ရတာမှာ ကြီးမားတဲ့သမိုင်းကြောင်နောက်ခံရှိတယ်။ အဲဒီအချက်ကို ပြောဖို့အတွက်ဆိုရင် ဒုတိယအချက်ဖြစ်တဲ့ ၁၉၄၇ အခြေခံဥပဒေနဲ့ ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ကိစ္စပြောမှ ဇာတ်ရည်လည်မှာဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဆိုတာထဲမှာ “ပင်လုံစာချုပ်”ပဲ ကွက်ပြီး ကိုးကားသွားတယ်။ တခြား မပြောရဲဘူး။

သမိုင်းကိုပြောမယ်ဆိုရင် “၁၉၄၇ အခြေခံဥပဒေ”နဲ့ အဲဒီ အခြေခံဥပဒေထဲက “ အခန်း (၁၀) ခွဲထွက်နိုင်သော အခွင့်အရေး” ဆိုတာကို ပြောရတော့မယ်။ ဒါတွေကိုပြောရင် ၁၉၆၂ ဗိုလ်နေဝင်း စစ်အုပ်စုက အာဏာသိမ်းတာ၊ ထိုစဉ်က မြန်မာ့အသံမှာ ပြည်ထောင်စုနှီးနှောဖလှယ်ပွဲ ကျင်းပနေတဲ့အချက်၊ အခြေခံဥပဒေကို စစ်အုပ်စုကဖျက်ဆီးတဲ့ကိစ္စ၊ သီပေါစော်ဘွားစဝ်ကြာဆိုင်ကို စစ်တပ်ထောက်လှမ်းရေး ဖမ်းဆီးလက်စဖျောက်ပစ်တဲ့ကိစ္စ၊ “ဖက်ဒရယ်မူ”ဆိုတာ “ခွဲထွက်ရေး”လို့ သရုပ်ဖျက်ခဲ့တဲ့ကိစ္စတွေ ညောင်မြစ်တူး ပုတ်သင်ဥပေါ်သလို မီးခိုးကြွက်လျှောက်ပေါ်ကုန်မှာ စိုးတာကြောင့် တမင်တကာ ချန်လှပ်ခဲ့တာဖြစ်တယ်။ နိုင်ငံရေးအထုပ်ဖြေမှာကို ကြောက်လို့လည်းဖြစ်တယ်။ ဒါကြောင့် သူခိုးက လူဟစ်တယ ဆိုတဲ့စကားအတိုင်းပါပဲ “ဆွေးနွေးနေကြတာတွေဟာ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအထုပ်ဖြေဖို့ မဟုတ်ပါဘူး”လို့ ကာချုပ် ဗိုလ်မင်းအောင်လှိုင် က သူပြောစကားထဲမှာ မိုက်မိုက်ကန်းကန်း ခြိမ်းခြောက်ပြောဆိုခဲ့တယ် မဟုတ်ပါလား။
စစ်အုပ်စုဟာ သူတို့သမိုင်းအမဲစက် အညစ်အကြေးကို ကိုယ်တိုင်လည်း အထုပ်မဖြေဝံ့ဘူး။ သူများအထုပ်ဖြေပြတာ မခံနိုင်ဘူး။ (RCSS) ကို မြွေ - မြွေချင်းမို့လား၊ ငယ်နိုင်သဘောမျိုးနဲ့လားမသိဘူး ကာချုပ်ဆိုသူက အထုပ်ဖြေပြထားတယ်။ ပြည်တွင်းစစ်ဆိုတဲ့ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ဖြေရှင်းနေရတဲ့ပဋိပက္ခ သမိုင်းစဉ်ကို ယထာဘူတကျကျ ကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိပဲ (၁၉၄၇- အခြေခံဥပဒေအရ) ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအစိုးရနဲ့ တိုက်ခိုက်ခဲ့ကြရတာပါ။ နှစ်ကာလအားဖြင့် (၁၄) နှစ်သက်တမ်းမျှသာရှိပါတယ်။ ပြည်တွင်းစစ်မှာ စစ်တပ်ဟာ အုပ်စိုးသူအစိုးရရဲ့ အဓိက အာဏာဒေါက်တိုင်အဖြစ် အမှုထမ်းခဲ့တာပဲ မဟုတ်ပါလား။ ဒီထဲကနေမှ အကွက်ချောင်းပြီး အာဏာသိမ်းခဲ့တာဟာ ဗိုလ်နေဝင်းစစ်အုပ်စုပဲ ဖြစ်ပါတယ်။ (၁၉၅၈) မှာ အိမ်စောင့်အစိုးရအဖြစ် အကျပ်ကိုင်ခဲ့တဲ့ကာလလည်း ထည့်တွက်သင့်ပါတယ်။

ဒီတော့ ၁၉၆၂ ကနေ ဒီကနေ့ ၂၀၁၈ အခုအထိ လက်နက်ကိုင်ပဋိပက္ခ (ဝါ)ပြည်တွင်းစစ်တိုက်နေရတဲ့ ကာလဟာ (၅၆) နှစ်သက်တမ်း (ရာစုနှစ်ထက်ဝက်ကျော်) ရှိပါတယ်။ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ “၂၀၀၈ အခြေခံဥပဒေ” မျက်နှာဖုံးစွပ်ပြီးထွက်လာတဲ့ စစ်အုပ်စု စသဖြင့် နာမည်ဘယ်လိုပဲပြောင်းနေနေ တပ်မတော်အပါအဝင်၊ နိုင်ငံရေး၊ စီးပွားရေးဘက်ပေါင်းစုံကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေရတဲ့ တိုက်ပွဲ (ဝါ) ပဋိပက္ခ (ဝါ) ပြည်တွင်းစစ်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီပဋိပက္ခ/ ဒီပြည်တွင်းစစ်ကို ဒီနေ့အချိန်အခါမှာ စစ်တပ်ကို တစ်လက်ကိုင်တပ်သဖွယ် လက်ဝါးကြီးအုပ်ထားတဲ့စစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်တယ်လို့ ယေဘုယျအားဖြင့် ကောက်ချက်ချတာဟာ အင်မတန်သင့်မြတ်လျော်ကန်သော၊ ယုတ္တိတန်သောကောက်ချက်ဖြစ်တယ်လို့ ဦးနှောက်ပုံမှန်ရှိသူတိုင်းက ကောက်ချကြမှာ လက်ခံ အသိအမှတ်ပြုကြမှာပါဖြစ်ပါတယ်။

တစ်ဆို့မှုတွေ ကျော်လွှားနိုင်စေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီ “သီးသန့်အစည်းအဝေး”ဆိုတာကို ကျင်းပခဲ့ကြတာပါပဲ၊ ဒါပေမယ့် “ကာချုပ်”ဆိုသူ ဗိုလ်မင်းအောင်လှိုင်က “ (NCA) ရဲ့ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ရဲ့အခြေခံမူများကိုရှေးရှုပြီး လုပ်ကြ၊ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ လက်မှတ်ထိုးကြ၊

လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေကလည်း (NCA) ဘောင်ထဲကနေ စည်းကမ်းသေဝပ်စွာ ဆက်လက်လျှောက်လှမ်းကြ”လို့ နသယ်ကို နှက်လိုက်ဘိသကဲ့သို့ ရင့်ရင့်သီးသီး ပြောဆိုသွားခဲ့ပြီ။
အခုတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ “သီးသန့်အစည်းအဝေး”ပွဲစင်မြင့်ပေါ်မှာ“တစ်ဆို့မှု”ကို အစွယ်လောက်၊ ခွာလောက်၊ အမြီးလောက်၊ ချိုလောက်သာ မကတော့ပဲ အကောင်လိုက် မြင်လိုက်ကြရပြီ။
ဘီလူးရော - သွားပါ ရိုက်ချိုးပစ်ကြစို့။

Friday, October 19, 2018

(ဗုဒ္ဓအမြင်) ဆန်းထွန်း

0 comments
(ဗုဒ္ဓအမြင်) ဆန်းထွန်း (ရာဟုလာသံကိစ္စည်းရေးသားသော ဗောဒ္ဓဿနကို မြန်မာဘာသာဖြင့် ဆန်းထွန်းကပြန်ဆိုပြီး ပါရဂူထပ်မံဖြည့်စွက်သောမူ) မှ ဒုတိယပရိစ္ဆေဒအခန်းလာ “ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓခေတ်လူနေမှုစနစ်”ဖြစ်ပါသည်။

အဘိဓမ္မာဟူသည် ဦးနှောက်ဆိုင်ရာပစ္စည်းဖြစ်၏။ သို့ဖြစ်လျှင် အရိုးအသားစုပေါင်းထားသော လူ့အဖွဲ့အစည်းနှင့်အဘိဓမ္မာ ဘယ်ပုံဆက်စပ် နေသနည်း။ အဘိဓမ္မာဟူသည် စိတ်၏မြင့်မားစွာပျံတက်ရာမျှဖြစ်သော စိတ်ကူးကမ္ဘာမှထွက်ပေါ်လာသောပစ္စည်းဖြစ်၏။ ထို့ကြောင့် အဘိဓမ္မာကို စိတ်ကူးကမ္ဘာ၏မျက်နှာပြင်တွင် ရှုကြည့်အပ်၏။ အဘိဓမ္မာနှင့်ပတ်သက်၍ ဤကဲ့သို့သောအယူအဆကို အရှေ့တိုင်း အနောက်တိုင်း နှစ်တိုင်းလုံး၌တွေ့ရ၏။ အရှေ့တိုင်း၊ အနောက်တိုင်း အမှတ်အသားအားဖြင့် အဘိဓမ္မာဟူသည် ရုပ်ကမ္ဘာမှ လုံးလုံး သီးခြား သော ပစ္စည်းတစ်ခုဖြစ်၏။ သို့သော် ကျွန်ုပ်တို့သည် အဘိဓမ္မာဟူသည် စိတ်၏ပစ္စည်းဖြစ်သော်လည်း ရုပ်ကမ္ဘာမှသီးခြားကင်းလွတ်နေသော ပစ္စည်းမဟုတ်ကြောင်း ဂရိတ်အဘိဓမ္မာများတွင်တွေ့ရ၏။ (မန)ကိုယ်တိုင် ရုပ်မှထွက်ပေါ်လာသောပစ္စည်းဖြစ်၏။ ယညဝက္က၏ဆရာ ဥဒ္ဒလကအရုဏိ ကလည်း “စိတ်သည် ထမင်းအစာဖြင့်ပြီး၏” (မနောအမန္နယံ)ဟု ရှင်းရှင်းကြီး ဝန်ခံခဲ့၏။ စားအပ်သောထမင်း၏ သိမ်မွေ့သောအစိပ်အပိုင်းသည် အပေါ်သို့တက်၏။ ထိုသည်ပင် မနဖြစ်၏။ ကျွန်ုပ်တို့ မန၏တိုးတက်ပွင့်ကားလာမှုတွင် ကျွန်ုပ်တို့လက်ရာ လူ့အဖွဲ့အစည်းအလိုက်၊ လုပုဂ္ဂိုလ်တစ်ဦးချင်း၊ နှစ်မျိုးစလုံး၏လက်ဖြင့်ကြိုးပမ်းမှုသည် ကြီးမားသောအစိပ်အပိုင်းအဖြစ်ပါဝင်ကြောင်း ကျွန်ုပ်တို့ကိုယ်တိုင် တစ်နေရာတွင်(မာနဝသမာဇကျမ်း စာမျက်နှာ ၄-၆)ဆိုခဲ့၏။ လူကဲ့သို့ လူ၏စိတ်သည်သည်း မိမိ၏ဖန်ဆင်းမှုတွင် လူ့အဖွဲ့အစည်း၏ကြွေးမြီများစွာ တင်ရှိနေပေ၏။ ဤကဲ့သို့သောအခြေအနေတွင် စိတ်ဖြစ်အဘိဓမ္မာအကြောင်းကို လူ့အဖွဲ့အစည်းနှင့်ခွာ၍ အဘယ်မှာ ဖွင့်ပြနိုင်ပါအံ့နည်း။ ထို့ကြောင့် အရှင်လတ်လတ်မျက်လုံးကို ကိုယ်ကာယမှထုတ်ဆောင်ကြည့်ရန် မဖြစ်နိုင်သကဲ့သို့ ထို့အတူ အဘိဓမ္မာအကြောင်းကိုသိရန် အဘိဓမ္မာ၏ဇစ်မြစ်နှင့် အကျိုးသက်ရောက်ပုံအခြေအနေတွင် ကျွန်ုပ်တို့ကြည့်ရပေတော့မည်။

ဥပနိသျှဒ်ကို ကျွန်ုပ်တို့ မြင်ခဲ့ရလေပြီ။ လူ့အဖွဲ့အစည်းများ၏အခြေအနေကိုထိန်းထားရန် ဘာသာရေး(ဝေဒိကကမ္မကဏ္ဍနှင့်ပါဠပူဇာ)ဘက်မှ ထောက်ခံမှုကင်းလွတ်နေပြီဖြစ်ကြောင်းကိုသိရ၍ အုပ်စိုးသူလူတန်းစားတွင် စိုးရိမ်မှုဖြစ်ခဲ့၏။ ထို့နောက် ခတ္တိယရာဇာများသည် ဗြဟ္မဉာဏ်နှင့် ပုနဇ္ဇတိ(တစ်ဖန်သန္ဓေယူမှု)အဘိဓမ္မာကိုဖော်ထုတ်၍ အသိဉာဏ်အစွမ်းတုံးသွားရန်၊ ၎င်းအပြင် လူ့အဖွဲ့အစည်းဆိုင်ရာ မညီမျှမှုများကို အနေကျသွားစေရန် ကြိုးစားကြ၏။ ဒွန္ဒနည်းဖြင့် ခွဲခြမ်းစိတ်လိုက်ပါက ကျွန်ုပ်တို့ မြင်ကြရပေလိမ့်မည်။
၎း၁။ ဥပနိသျှဒ်။
ဝါဒ- ယဇ်ပူဇော်ခြင်း၊ ဝေဒဆိုင်ရာအလုပ်ခန်း၊ ဖတ်ရွတ်ပူဇော်မှုသည် မြင့်မြတ်ခြင်း၏လမ်းတည်း။
ပတိဝါဒ- ယဇ်ပူဇော်ခြင်းတည်းဟူသောလှေသည် ကူးခပ်ရန်အတွက် အလွန်အားနည်း၏။
သံဝါဒ- ကံအကူအညီပါသော ဗြဟ္မဉာဏ်သည် မြင့်မြတ်ခြင်း၏လမ်းတည်း။

၎း၂ဒ ဗုဒ္ဓအဘိဓမ္မာ။
ဝါဒ- (ဥပနိသျှဒ်) - အတ္တဝါဒ၊
ပတိဝါဒ- (စာရိဗက်)- အတ္တမရှိရုပ်ဝါဒ၊
သံဝါဒ- (ဗုဒ္ဓ) အဘူတိကအနတ္တဝါဒ၊

ဤကဲ့သို့ တွေးခေါ်မှုကွင်းဆက်ဖြစ်၏။ လူ့အဖွဲ့အစည်း၌ ဝေဒဆိုင်ရာဘာသာသည် အခြေမပျက်ထိန်းပေး၏။ ဝေဒိကဘာသာသည် စည်းစိမ်ရှင်လူတန်းစားကိုစောင့်ရှောက်ရန်နှင့် အလုပ်ကြမ်းသမား- ကျေးကျွန်နှင့်အလုပ်သမားလူတန်းစားကို ချွန်းချိတ်ထားရန်အတွက် သွေးစွန်းထားသောလက်များဖြင့် လူထုအားချေမှုန်းရန်တည်ဆောက်ထားအပ်သော နိုင်ငံတော်(အုပ်ချုပ်ရေး)ကို အကူအညီပေးလို၏။ အကူအညီပေးမှုအတွက်ရရှိသောဆုလာဘ်ကား ဘာသာရေးခေါင်းဆောင်များ(=ပုရောဟိတ်များ) သွေးစုပ်ရာတွင် ဝေစုခံယူရရှိခြင်း ဖြစ်ပေသည်။ သွေးစုပ်ခံရသောလူထုသည် မိမိတို့၏ လွတ်လပ်သော လူတန်းစားမဲ့စီးပွားရေးအရ ကျွန်လုပ်ခံရမှုကင်းသောရက်များကို မေ့သလောက်ဖြစ်ခဲ့လေပြီ။

ဘာသာရေးအမှောက်အမှားထဲသို့ကျရောက်၍ သွေးစုပ်ခံလူတန်းစားသည် မိမိလက်ရှိအခြေအနေကို ‘နတ်များ၏အုပ်ချုပ်ရေး’ဟု မှတ်ထင် နေရှာလေသည်။ သွေးစုပ်ခံလူတန်းစားအား တကယ့်အုပ်ချုပ်ရေးရအောင် ပြင်ဆင်မှုအတွက် ထိုလူတန်းစားကို ဘာသာရေးအမှောက်အမှား ထဲမှ လွတ်မြောက်အောင်ကယ်တင်ပေးရမည်။ ဤကား နတ္တိကဝါဒ(ဝေဒနှင့်ပရလောကကိုလက်မခံသော)ရုပ်ဝါဒ၏ရည်ရွယ်ချက်တည်း။

ဗြဟ္မဏများ(ပုရောဟိတ်များ)သည် မိမိတို့၏လှူဖွယ်ဝတ္ထုများကိုစုဆောင်းရာတွင် ယစ်မူးပျော်ပါးဒနေကြ၏။ အောက်တန်းစား ကျေးကျွန်နှင့် အလုပ်သမားများအား သူတို့က အရေးမလုပ်ကြပေ။ ရာစုနှစ်ပေါင်းများစွာမှဆင်းသက်လာသော ကံတရား ဘာသာရေးတရားများကို ဗြဟ္မဏများက လူတန်းစားသွေးစုပ်မှု၏လက်နက်ကိရိယာမျှမက တကယ့် အထည်ကိုယ်အမာခံကြီးအနေ မှတ်ထင်လာကြလေသည်။ ထို့ကြောင့် ဗြဟ္မဏများက ပြောင်းလဲမှုကိုမနှစ်သက်ကြပေ။ ခတ္တိယများ(အုပ်စိုးသူများ)သည် အမာခံကမ္ဘာကြီးနှင့် ၎င်းကမ္ဘာကြီးကို လှည့်ပတ် ပစ်နိုင်၍ နားလည်မှုအရည်အခြင်းရှိသော သွေးစုပ်ခံလူတန်းစား၏သဘာဝနှင့်အရည်အချင်းကို များစွာသိရှိကြ၏။ ဗြဟ္မဏများသည် အခက် အခဲများကို လက်တွေ့ခံစားခဲ့ရ၍ ဘာသာရေးကျော့ကွင်းကိုခိုင်ခံ့စေရန် ဗြဟ္မဏဝါဒနှင့် ဘဝသစ်ဝါဒကို ဘာသာရေးတရားတွင် ဆက်တွဲပေးခဲ့ လေသည်။

အစတွင် ပုရောဟိတ်လူတန်းစားသည် ဤကဲ့သို့ဝါဒသစ်များဆက်တွဲပေးခြင်းကြောင့် အဘယ်မျှစိတ်ဆိုးကြကြောင်းပဲ့တင်သံကို ဇေမိနီနှင့် ကုမာရိလ၏ ‘မိမံသာဒဿန’တွင် ကျွန်ုပ်တို့ တွေ့ရပေလိမ့်မည်။

ဇေမိနီနှင့်ကုမာရိလတို့ကား ဗြဟ္မ(ပုဂ္ဂိုလ်)နှင့် ဗြဟ္မဉာဏ်အားလုံးကို ငြင်းဆန်ကြသောပုဂ္ဂိုလ်များပေတည်း။ ဝေဒသည် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ထားသောအရာမဟုတ်။ ဝေဒကို အဘယ်သူမျှ မပြုလုပ်နိုင်။ ဝေဒသည် သဘာဝကဲ့သို့ သံယံဇာတဖြစ်၏။ ဝေဒ၏အစီအရင်ကား ကမ္မဖလနှင့် ပရလောက၏အမာခံတည်း။ ဝေဒသည် ကျမ်းများကိုသာ စီရင်၏။ ထိုစီရင်သောဝါကျများကိုအခိုင်အမာပြုရာ၌ အတ္တဝါဒ (=ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း)အနေအားဖြင့် ကျန်သောသံဟိတာ၊ ဗြာဟ္မဏ၊ ဥပနိသျှဒ်တို့၏အဆိုအမိန့်အားလုံးရှိ၏။ သို့သော် ပထမ ရိုက်နှက်လိုက်သောဒဏ်ချက်ကြောင့် ဝေဒကျမ်းလာ ကမ္မကဏ္ဍသည် ချမ်းသာရာ မရနိုင်တော့ပေ။

ကောဋ္ဋိလ္လ၏ အတ္တသျှတ္တရာကျမ်းအရ လောကယာတ(=ရုပ်-နတ္တိက)ဝါဒသည် အုပ်စိုးသူများအတွင်း၌လည်း အတွင်းကျကျမြတ်နိုးခြင်းကို ခံရပေ၏။ သို့သော်လည်း ၎င်းတို့အား ခေတ်အားလျော်စွာ အခြားအမြင်တစ်မျိုးအားဖြင့် မိမိ၏ ထာဝရပုဂ္ဂလိကအကျိုးအတွက်သာ အမှတ် အသားပြုလျှက် လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဝါဒတိုင်းကို လွတ်လွတ်လပ်လပ် ပြောင်းလဲပစ်ချင်နေကြသူများဖြစ်၏။ လူအများ၏ ဘာသာရေးဆိုင်ရာ မှားယွင်းယုံကြည်မှုများမှ အထူးအဆန်းလုပ်ပြပေးခြင်းအားဖြင့် ရွှေတိုက်တော်နှင့်စစ်တပ်ကို တိုးချဲ့လာနိုင်ကြောင်း ၎င်းကျမ်းတွင် အတိအလင်း အကြံပေးရေးသားထားခဲ့၏။

‘ဒသကုမာရစရိတ’ခေတ်တွင်(ခရစ်နှစ် ၆ ရာစု) နိုင်ငံတော်သူလျှိုများသည် ဘာသာရေး ‘အပြစ်ကင်းသောအသွင်’ကို ရဲရဲတင်းတင်း အသုံးပြု ကြ၏။ ဤနည်းကိုအသုံးပြုသော စာဏကျနှင့် ၎င်းအရင်ကျသောအုပ်စိုးသူများလည်း ရဲရဲတင်းတင်းပြုလုပ်ကြ၏။ ဤအချက်တွင် သံသယ ဖြစ်ဖွယ်မလိုပေ။

သို့သော် အုပ်စိုးသူလူတန်းစားသည် ရုပ်ဝါဒကို မိမိတို့အကျိုးအတွက် အသုံးချ၏။ ‘ဣဏံကတွဃတံပိဝေ’(=ကြွေးယူ၍ထောပတ်သောက်) မည့် နိမ့်ကျသောရည်ရွယ်ချက်မျှသာရှိ၏။ ထိုရုပ်ဝါဒကိုပင် သွေးစုပ်ခံအလုပ်သမားလူတန်းစားအတွက် အသုံးပြုသောအခါ ၎င်းရုပ်ဝါဒ၏ ရည်ရွယ်ချက်သည် ပုဂ္ဂလိကကိုယ်ကျိုး မဟုတ်တော့ပေ။ ထိုအချိန်တွင် မိမိ၏လုပ်ခကို မိမိကိုယ်တိုင်သုံးဆောင်ရန် တောင်းဆိုလာ၏။ သွေးစုပ်မှုကိုရပ်ဆိုင်းသွားအောင် ပြုလုပ်ပစ်ချင်လာ၏။

ဗုဒ္ဒ၏အဘိဓမ္မာသည် မိမိ၏မူရင်းသဘော-ပဋိစ္စသမုပ္ပါဒ်(ခဏိကဝါဒ)အားဖြင့် အကြီးအကျယ်တော်လှန်သော အဘိဓမ္မာတစ်ရပ်ဖြစ်၏။ လောက၊ လူ့အဖွဲ့အစည်း၊ လူအားလုံးကို ဗုဒ္ဓက ခဏတိုင်းပြောင်းလဲနေသည်ဟု ကြွေးကြော်ခဲ့၏။ ၎င်းနောက် ဘယ်သောအခါမှ နောက်ကြောင်း မပြန်ပဲ  “ငါတို့၏နေ့ရက်များ ကုန်လွန်ခဲ့လေပြီတကား”ဟူသော နောင်တ(ဖြင့်)တဖန် ပူပန်ခြင်းကိုပယ်စွန့်၍ ပြောင်းလဲမှု အားလျော်စွာ မိမိလုပ်ငန်း၊ မိမိလူ့အဖွဲ့အစည်းပြောင်းလဲရေးအတွက် အချိန်တိုင်းအသင့်ရှိနေဖို့ ညွှန်ကြားချက်ပေးခဲ့လေသည်။ ဗုဒ္ဓသည် မိမိ၏အကြီးဆုံးအဘိဓမ္မာအယူအဆများ(ဓမ္မ)ကိုလည်း ဖောင်နှင့်တူစွာ ၎င်းမှအကျိုးရအောင်သက်သက်သာဟောတော်မူခဲ့၏။ အကျိုးရပြီး နောက်လည်း ထမ်းပိုးထားခြင်းကို ကဲ့ရဲ့ရှုတ်ချတော်မူခဲ့၏။

သို့သော်လည်း ဤတော်လှန်သောအဘိဓမ္မာသည် မိမိအတွင်း၌ရှိသော “လူမှုရေးတိုးတက်မှုအဟန့်အတား”ဖြစ်စေသည့်သဘောတရား(ဓမ္မ) များကို ဖယ်ရှားမပေးပေ။ တမလွန်ဘဝ၌ ပြန်လည်မွေးဖွားမှုနှင့်ပတ်သက်၍ ဗုဒ္ဓသည် မြဲသောအတ္တ၏ ကိုယ်ကာယတစ်ခုမှ အခြား ကိုယ်ကာယတစ်ခုသို့ ပြောင်းရွှေ့ခြင်းသဘောကို လက်မခံသော်လည်း အခြားပုံစံတစ်မျိုးဖြင့်သဘောကို လက်ခံလေသည်။ ဤကိုယ်ကာယ၌ ‘ဘဝ’သည် ပြတ်သောအလျဉ်(ပျက်ခြင်း-ဖြစ်ခြင်း-ပျက်ခြင်း-ဖြစ်ခြင်း)အသွင်ဖြင့် တစ်ခုတည်းအဖြစ်ကို တည်ဆောက်ထားအပ်ပေ၏။ ထိုနည်းအတူပင် ဘဝသည် ကိုယ်ကာယဆုံးသွားသော်လည်း ဆက်လက်ရှိနေပေလိမ့်မည်။ ဘဝသစ်၌ပြန်လည်မွေးဖွားမှု၏ အဘိဓမ္မာသဘောကို ပို၍အင်အားတောင့်တင်းစေပြီးလျှင် ဗုဒ္ဓသည် ဘဝသစ်၏ဘဝသစ်ကို ပတိသန္ဓေအဖြစ် ပြုလုပ်လေသည်။ ဆိုလိုရင်းကား- ပျက်ခြင်းနှင့်ဖြစ်ခြင်းကို သန္ဓေ(ကွင်းဆက်)ဖြင့် ဆက်စပ်၍ ဘဝအလျဉ်သည် ဤကိုယ်ကာယ၌သွားသကဲ့သို့ ထိုနည်းအတူ ထိုဘဝအလျဉ်၏ပတိသန္ဓေ(အဆက်အစပ်)သည် ကိုယ်ကာယတစ်ခုမှ နောက်ကိုယ်ကာယတစ်ခု၌ ဖြစ်လေသည်။

ဖောက်ပြန်ပြောင်းလဲခြင်း မရှိသော အမာခံအတ္တ၌ ယခင်က သင်္ခါရတရားများကိုထားရန်နေရာ မရှိသော်လည်း ခဏတိုင်းခဏတိုင်း ပြောင်းလဲနေသော ဝိဉာဉ်(ဇီဝိန်)၌ ၎င်း၏ဝါသနာ သို့မဟုတ် သင်္ခါရ၏အဖြစ်ဖြင့် မိမိ၏အင်္ဂါအစိပ်အပိုင်းဖြစ်ပြီး ဆက်လက်သွားရာ၌ မည်သို့သောအခက်အခဲမျှမရှိပေ။ ခဏိကသဘောသည် ကမ္ဘာလောက၏အဓိပ္ပါယ်အဖွင့်အတွက် လုံလောက်ပေသည်။ သို့ရာတွင် ဣဿရ(ထာဝရဘုရားသခင်)၏အလုပ်သည် ကမ္ဘာလောက်၌ စည်းစနစ်၊ လူ့လောက၌စည်းစနစ် (အဖိနှိပ်ခံအား ပုန်ကုန်တော်လှန်ခြင်းမှ တားမြစ်ရန်ကြိုးပမ်းခြင်း)ကို ဖန်တီးရန်လည်းဖြစ်သည်။ ဗုဒ္ဓသည် ကမ္မဝါဒကို ပိုပြီးအင်အားရှိအောင်ပြုလုပ်ခဲ့ပေသည်။ သံသရာ၌ ကျင်လည်ရခြင်း၊ ချမ်းသာဆင်းရဲကွဲပြားခြားနားမှုတို့သည် သင်ကိုယ်တိုင် တခါက ပြုခဲ့ဖူးသောကံကြောင့်ဖြစ်လေသည်။ သို့ရာတွင် ယနေ့ ထိုကံသည် သင့်အတွက် လက်မှလွှတ်လိုက်သော မြား ဖြစ်လေသည်။

ယင်းသို့အားဖြင့် ဗုဒ္ဓ၏ပတိစ္စသမုပ္ပဒ်ကိုကြည့်လျှင် တစ်ဖက်၌ ထိုခေတ်အုပ်စိုးသူ၊ တန်ခိုးရှိသူလူတန်းစားတို့ ထိတ်လန့်စိုးရွံ့ခြင်း ဖြစ်ကြ သော်လည်း အခြားတစ်ဘက်၌မူ ပတိသန္ဓေနှင့်ကမ္မဝါဒသည် ၎င်းတို့အား လုံးလုံး ဆုံးဖြတ်ပေးခဲ့လေ၏။ ထိုအကြောင်းကြောင့်ပင် ဗုဒ္ဓ၏အလံတော်အောက်၌ ဘုရင်များ၊ ဧကရာဇ်များ၊ သူဌေးသူကြွယ်များရောက်လာခြင်းကိုလည်းကောင်း၊ အိန္ဒိယအပြင်ဘက် သီဟိုဠ်၊ တရုတ်၊ ဂျပန်၊ တိဗက်၌မူ ဗုဒ္ဓ၏တရားဓမ္မကိုဖြန့်ဖြူးရာ၌ ဘုရင်တို့သည် ရှေးဦးစွာ ရှေ့တန်းသို့တိုးတက်လာကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့ တွေ့ရခြင်းဖြစ်လေ၏။ ထိုတရားဓမ္မသည် လူမှုတော်လှန်ရေးအတွက်မဟုတ်၊ (လက်ရှိ) လူမှုအခြေအနေကိုတည်ရှိစေရန် ကြီးစွာသောအထောက်အပံ့ဖြစ်လိမ့်မည်ဟု ၎င်းတို့က သိရှိနားလည်ကြပေသည်။ အမျိုးဇာတ်များ၊ တိုင်းပြည်နိုင်ငံများ၏ဘောင်များ၊ နယ်စပ်များကိုချိုးဖေါက်ပြီး ဗုဒ္ဓ၏အယူအဆများသည် နိုင်ငံကျယ်ပြန့်မှုပြုရာ၌(နိုင်ငံချဲ့ထွင်ရာ၌) မျက်မှောက် သို့မဟုတ် မျက်ကွယ်အနေ အားဖြင့် များစွာအကူအညီအထောက်အပံ့ပေးလေသည်။  လူ့လောက၌ စီးပွားရေးမတူညီ မမျှတမှုကိုမဖျောက်ပစ်ပဲနှင့်ပင် ဗုဒ္ဓသည် အသွေးအရောင်ခွဲသည့်စနစ်၊ ဇာတ်နိမ့်ဇာတ်မြင့်သဘောတို့ကို ဖယ်ရှားပစ်လိုတော်မူသည်။ ယင်းသို့ပြုလုပ်ခြင်းကြောင့် တကယ့်တကယ် ဖြစ်နေသော မတူညီမမျှတမှုမှာ ပျောက်ကွယ်မသွားပေ။ သို့ရာတွင် အောက်တန်းလွှာမှ လူတန်းစားများ၏အာရုံသည် အမှန်မုချပင် ဗုဒ္ဓဘာသာဘက်သို့ ပိုမိုညွှတ်ယိမ်းလာလေဘ၏။ လူတန်းစားအမြင်ဖြင့်ကြည့်လျှင် ဗုဒ္ဓဘာသာသည် ကြားဝင်ဖျန်ဖြေသူအနေမျိုးနှင့် ရှိနေသည်။ ၎င်းသည် လူတန်းစား၏ နဂိုကိုယ်ကျိုးစီးပွားကိုမပယ်ပျောက်ပဲနှင့် မိမိကိုယ်ကို တရားမှုဘက်သားအဖြစ်သို့ ပြလိုပေသည်။

သိဒ္ဓတ္ထဂေါတမသည် မိမိ၏အဘိဓမ္မာအသွင်မျိုးဖြင့် အဘယ့်ကြောင့် မစဉ်းစားမတွေးခေါ်လျှင်မဖြစ်သည့်အခြေသို့ ရောက်ခဲ့သနည်း။ ထိုကိစ္စအတွက် ၎င်း၏ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းအခြေအနေများ ဘယ်အထိ အကြောင်းတရားများဖြစ်ကြသနည်း။ ယင်းပြဿနာများ ပေါ်ပေါက် လာနိုင်ပေသည်။ သို့ရာတွင် ကျွန်ုပ်တို့သတိပြုသင့်သည်မှာ ပုဂ္ဂိလ်အပေါ်၌ လူ့လောက၏လိုအပ်သည့်အရာတစ်ခု၏အသွင်ဖြင့် ကျရောက် လွှမ်းမိုးသော ရုပ်အခြေအနေ၏သြဇာသည် တစ်ခါတစ်ရံတွင် ပုဂ္ဂိုလ်၏ထူးခြားသော အရပ်မျက်နှာပြောင်းလဲခြင်း၌ အကူအညီအထောက် အပံ့ ဖြစ်တတ်လေသည်။ ပထမအမြင်ဖြင့် ဗုဒ္ဓ၏အဘိဓမ္မာကို ကျွန်ုပ်တို့ လွှမ်းမိုးမှုရှိသလောဟူသည့်အချက်နှင့် ပတ်သက်၍လည်း စဉ်းစားဆင်ခြင် ကြည့်သင့်ပေသည်။ ဗုဒ္ဓသည် ကိုယ်ကာယအနေအားဖြင့် အလွန်ကျန်းမာသန်စွမ်းသူဖြစ်လေသည်။ စိတ်အနေအားဖြင့် ဗုဒ္ဓသည် ငြိမ်သော၊ နက်နဲသော၊ ထက်မြက်သော ဉာဏ်ပဋိဘာန်ရှိသည့် အတွေးအခေါ်သမားဖြစ်လေသည်။ အရည်အချင်းများစွာရှိသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချသူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် ရှိသင့်ရှိအပ်သောရည်မှန်းချက်မျိုးသာ ဗုဒ္ဓတွင်ရှိလေသည်။ ဗုဒ္ဓသည် မိမိအဘိဓမ္မာ အတွေးအခေါ်များ၏အမှန်တရားအပေါ်၌ အပြည့်အဝ ယုံကြည်ချက်ထားလေသည်။ ပတိစ္စသမုပ္ပါဒ်၏အရေးကြီးပုံကို ကောင်းစွာ သဘောပေါက်တော်မူသည်။ တပြိုင်နက်တည်းမှာပင် အစပထမတွင် ဗုဒ္ဓသည် မိမိ၏အယူအဆများကိုဖြန့်ဖြူးရန် စိတ်ပါဝင်စားမှု မရှိခဲ့ပေ။ အကြောင်းမူကား ထိုခေတ်ကာလ၏အတွေးအခေါ်များကိုကြည့်ပြီး အားတက်မှုမရှိသောကြောင့်တည်း။ သူ၏အတွေးအခေါ်များနှင့် ထိုခေတ်သမယရှိအုပ်စိုးသူ၊ တန်ခိုးရှိသူလူတန်းစားတို့အကြားတွင် နားလည်မှုရစရာအကွက် ရှိသည်ဟု သိသေးဟန်မတူ။

အနိစ္စ၊ အနတ္တမှတစ်ပါး ဒုက္ခဝါဒသည်လည်း ဗုဒ္ဓအဘိဓမ္မာ၏အသွင်တစ်ရပ် ဖြစ်လေသည်။ ယင်းဒုက္ခဝါဒ၏အကြောင်းကို အကယ်၍ ထိုခေတ်ကလူ့လောကနှင့် ဗုဒ္ဓ၏မိမိအခြေအနေ၌ရှာကြည့်လျှင်သိရမည်မှာ ဗုဒ္ဓသည် သူငယ်အရွယ်ကပင် အမိနှင့်ကွဲကွာခြင်းဒုက္ခကို ခံခဲ့ရလေသည်။ သူ၏မိထွေးတော် ပဇာပတိ၏ချစ်ခြင်းမေတ္တာကမူ သိဒ္ဓတ္ထအပေါ်တွင် မသေးငယ်ခဲ့ပေ။ နန်းတော်၌ သိဒ္ဓတ္ထသည် မည်ကဲ့သို့သောဒုက္ခမျိုး ခံရမည်ကိုမူမသိရပေ။ ကြေးရတတ်သားသမီးတစ်ဦးတစ်ယောက် ရရှိခံစားအပ်သော စည်းစိမ်ဟူသမျှကို သူသည် မကြောင့်မကြ ရရှိခဲ့လေသည်။ သို့ရာတွင် လူ့လောက၌ဖြစ်ပျက်သောအဖြစ်အပျက်များသည် အရှိန်ပြင်းစွာဖြင့် သူ့အပေါ်တွင် သြဇာလွှမ်းမိုး ခဲ့လေသည်။ သူအို၊ သူနာ၊ သူသေကို တွေ့မြင်ရခြင်းကြောင့် စိတ်ထဲတွင် ငြီးငွေ့ခြင်းဖြစ်ပေါ်လာမှုမှာ ယင်းသဘောကို ခိုင်မြဲစေခဲ့လေသည်။ ဒုက္ခ၏အမှန်သဘောတရားကို နှလုံးတွင်စွဲသွားစေသည်မှာ ယင်းအမြင်သုံးမျိုးသာလျှင်မကပေ။ ထို့ထက်ပိုလွန်ပြီး လူသားတို့၏ ကျေးကျွန်ဘဝနှင့် ဆင်းရဲချို့တဲ့ခြင်းများသည် ဗုဒ္ဓအား ဒုက္ခ၏အမှန်တရားကို ထင်ရှားသွားစေရာ၌ အကူအညီအထောက်အပံ့ ပေးကြလိမ့်မည် ဖြစ်ပေသည်။ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ပြောပြထားချက်ကိုမူ ကျွန်ုပ်တို့ မရရှိကြပေ။ ၎င်း၏အကြောင်းမှာ ထင်ရှားပြတ်သားလှသည်။ ဗုဒ္ဒသည် ဆင်းရဲခြင်းနှင့်ကျေးကျွန်အဖြစ်အား ပယ်ပျောက်ခြင်းကို မိမိ၏လုပ်ငန်းစဉ်၏ အင်္ဂါအစိပ်အပိုင်းတစ်ရပ်အဖြစ် ပြုလုပ်တော်မမူခဲ့ပေ။  အစဦးနေ့များ၌ ဆင်းရဲခြင်းနှင့် ကျေးကျွန်ဘဝ၏ကြောက်မက်ဖွယ်ကို အနည်းငယ်ပေါ့ပါးသွားစေရန်လုပ်လိုသည့်သဘောထားသည် ဗုဒ္ဓဘာသာ၌ ရှိခဲ့လေသည်။ ကြွေးချေးငှားစားသူတို့သည် ထိုခေတ်က ဥစ္စာပစ္စည်းမပေးနိုင်သူရှိလျှင် ကိုယ်ကာယကိုပင် ဝယ်ယူနိုင်သည့် အခွင့်ရှိခဲ့လေသည်။ သို့ဖြစ်၍ များစွာသော ကြွေးမကင်းသူတို့သည် ခိုကိုးရာရရှိရန်အတွက် ရဟန်းပြုလုပ်ကြလေသည်။ သို့ရာတွင် ကြွေးရှင် သူဌေးများ၏ဆန့်ကျင်မည့်အန္တရာယ် ရှေ့မှောက်ရောက်လာသောအခါ၌ ဗုဒ္ဓက ကြေညာတော်မူ၏

(မဟာဝဂ္ဂ၊ ၁၊ ၄၊ ၄၊ ၅) “ကြွေးမကင်းသူအား ရဟန်းမပြုရ”

ထိုနည်းအတိုင်းပင် ကျေးကျွန်များ ရဟန်းပြုကြခြင်းကြောင့် မိမိအကျိုးထိခိုက်သည်ကိုတွေ့ရသော ကျေးပိုင်ကျွန်ပိုင်များ ဆူပွက်ကြသောအခါ ဗုဒ္ဓကကြေညာတော်မူ၏။ (မဟာဝဂ္ဂ၊ ၁၊ ၃၊ ၄၊ ၉) “ရဟန်းတို့ ကျေးကျွန်ဖြစ်သူတို့အား ရဟန်းမပြုရ”

ဗုဒ္ဓတပည့်တကာဖြစ်သူ မဂဓဘုရင် ဗိမ္မိသာရ၏တပ်သားများ စစ်တိုက်သွားရမည့်အစား ရဟန်းပြုကြသောအခါ စစ်ဗိုလ်မှူးနှင့် ဘုရင်မင်းကြီး တို့သည် ပျာယာခတ်သွားကြသည်။ တိုင်းနိုင်ငံ၏တည်တံ့မှုမှာ စစ်တပ်အပေါ်၌သာ မှီနေသည်မဟုတ်ပါလော။ ဗိမ္မိသာရက ဘုရင့်တပ်သားအား ရဟန်းပြုပေးသူသည် မည့်သည့်အပြစ်ဒဏ်ထိုက်သနည်းဟု မေးသည့်အခါ အရာရှိများက အဖြေပေးကြလေ၏။

(မဟာဝဂ္ဂ၊ ၁၊ ၃၊ ၄၊ ၂) “အရှင်မင်းကြီး ထိုပုဂ္ဂိုလ်(ဆရာ)၏ ဦးခေါင်းကိုဖြတ်သင့်ပေသည်။ အနုသာသက(ရဟန်းလောင်းဆုံးမသူ)၏လျှာကို ထုတ်ပစ်သင့်လေသည်။ ဂဏ(သံဃာ)ကို အပြင်းအထန်ရိုက်နှက်သင့်ပေသည်”

ဗိမ္မိသာရဘုရင်သည် ဗုဒ္ဓအထံတော်သို့သွား၍ အပြစ်တင် လျှောက်ထားသောအခါ ဗုဒ္ဓကကြေညာတော်မူ၏။
(မဟာဝ၈ဂ) ရဟန်းတို့ ဘုရင့်တပ်သားများကို ရဟန်းပြုမပေးရ။
ယင်းသို့အားဖြင့် ဒုက္ခသစ္စာကို မျက်မှောက်ပြုခြင်းကြောင့် ဒုက္ခ၏အကြောင်းများကို ကမ္ဘာလောက၌ဖယ်ရှားပစ်ရန်ဟူသောပြဿနာမှာမူ အဆုံးသတ်သွားလေသည်။ ၎င်း၏ စိတ်ပိုင်းဆိုင်ရာတန်ဖိုးသာလျှင် ကျန်ရှိပေတော့၏။ စည်းစိမ်ရှင်၊ ဓနရှင်လူတန်းစားအတွက် ဗုဒ္ဓအဘိဓမ္မာသည် အဆိပ်အစွယ်မဲ့သောမြွေကဲ့သို့ ဖြစ်သွားပေတော့၏။

အားလုံးကိုခြုံကြည့်လျှင် ထိုခေတ်က ကျွန်စနစ်နှင့်ဆင်းရဲချို့တဲ့ခြင်းများသည် ဗုဒ္ဓ၏ ဒုက္ခသစ္စာသိရှိသဘောပေါက်မှု၌ အကြောင်းတရား ဖြစ်ကြသည်ကို ကျွန်ုပ်တို့ပြောဆိုနိုင်ပေသည်။ ဒုက္ခကို ဖယ်ရှားဖျောက်ဖျက်ပစ်နိုင်သည်ဟူသောအချက်ကို သိရှိနားလည်တော်မူသော ဗုဒ္ဓသည် ပဋ္ဋိစ္စသမုပ္ပါဒ်သို့ ရောက်ရှိလာခဲ့လေ၏။ ခဏိကနှင့် “ဟေတုပဘဝ”ဖြစ်ခြင်းကြောင့် ၎င်း၏ အပြီးသတ်မှုဖြစ်နိုင်လေသည်။

ကမ္ဘာလောက၌ထင်ရှားစွာမြင်ရသော ဒုက္ခအကြောင်းများကိုဖယ်ရှားပစ်ခြင်းငှာ မစွမ်းနိုင်ဟုသဘောပေါက်သောဗုဒ္ဓသည် ၎င်း၏ လောကမှ အပဖြစ်သောအဓိပ္ပါယ်ဖွင့်ကို ဖွင့်ပြတော်မူခဲ့လေသည်။

(ဗုဒ္ဓအမြင်) ဆန်းထွန်း (ရာဟုလာသံကိစ္စည်းရေးသားသော ဗောဒ္ဓဿနကို မြန်မာဘာသာဖြင့် ဆန်းထွန်းကပြန်ဆိုပြီး ပါရဂူထပ်မံဖြည့်စွက်သောမူ) မှ ဒုတိယပရိစ္ဆေဒအခန်းလာ “ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓခေတ်လူနေမှုစနစ်”ကို ကျနော့်အနေဖြင့် ရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။ ဖတ်ရှုသူတချို့အတွက် စဉ်းစားတွေးဆစရာဖြစ်မည်ထင်ပါသည်။

Sunday, October 14, 2018

ချီလေသော်လည်းကို ဖတ်လေသော်(မျိုးမြင့်ချို)

0 comments
(ချီလေသော်လည်းကို ဖတ်လေသော်)
ရန်ကုန်ဘဆွေရဲ့ ချီလေသော်လည်း ကို ဒီနေ့ပြန်ဖတ်မယ်။ အရင်တကြိမ်ဖတ်ဖူးတာက ၂၂ နှစ်သားလောက်ကဖြစ်မယ်။ ခု အသက် ၅ဝ ကျော်ပြီ။ လွန်ခဲ့တဲ့အနှစ် ၃၀ က ကျနော်နဲ့ ဒီနေ့ကျနော်ဟာ ရုပ်ပိုင်းစိတ်ပိုင်း အတွေးအခေါ်ပိုင်း အသိအမြင်အတွေ့အကြုံပိုင်း စဉ်းစားဆင်ခြင်နိုင်စွမ်း အကဲဖြတ်နိုင်စွမ်းတွေ ခံစားနိုင်စွမ်း တုံ့ပြန်နိုင်စွမ်းတွေ ခြားနားသွားပြီ။

ဒီတကြိမ် ပုံနှိပ်မှတ်တမ်းမှာ မူပိုင်ခွင့်က ဒေါ်အောင်သူမ။ သူက ရန်ကုန်ဘဆွေသမီး။ သားတယောက်ရှိသေးတယ် ဆွေညိုလို့မှတ်မိဖူးတယ်။ တောတွေဘာတွေလည်း ခိုဖူးတယ်။ ဗိုလ်လက်ျာတို့ ဦးနုတို့ရဲ့ တောခိုကြစဉ်က။ သူက နည်းနည်းနောကျကျတယ် တောထဲရောက်တာ။ အဲ့အချိန်မှာ သူ့အဖေရန်ကုန်ဘဆွေက အဲ့ဒီ ပီဒီပီမှာ တောင်ပိုင်းတိုင်း တိုင်းမှူးလားဘာလား မသိဘူး။ မောင်ရင်မန်းပြန်ရေးတဲ့ “ကျနော်ပြည်ပြေး“ထဲမှာဖတ်ရတာ။ ဆွေညိုတောထဲဝင်လာတော့ သတင်းပေးလိုလိုဘာလိုလိုလို့ယူဆပြီး ရန်ကုန်ဘဆွေက အပြစ်ပေးဖို့မိန့်ထုတ်ခဲ့တယ်ဆိုတာလည်း ပါတယ်မှတ်တယ်။ ကောင်းကောင်းမမှတ်မိတော့ဘူး။ ခုနေ အဲ့စာအုပ်လည်းပြန်တော့အဖတ်ချင်သား။ တခါတလေကျတော့လည်း လက်နက်ချတွေပြန်ပြောတဲ့ သူတို့အတွင်းရေးတွေက စိတ်ဝင်စားစရာကောင်းတယ်မဟုတ်လား။ ပြီးတော့ အပြင်လူတွေမသိနိုင်တဲ့အကြောင်းတွေဖြစ်ပြီး သူတို့ပြန်ဖော်ကောင်လုပ် အုပ်ချမှ ဘေးလူတွေသိရတာမဟုတ်လား။ အဲ့အကြောင်းတွေဖတ်ခဲ့တာ ကြာပဲကြာလှပြီ။

ခုဒီရောက်မှ မြန်မာပြည်သားတို့ နန်းဟာဗီးတို့ ရွှေဝါပြည်တို့လည်း ပြန်ဖတ်ဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်တွေဆီက။ ငယ်တုန်းကတော့ သူရေးတဲ့ ချစ်ဇနီးသို့တို့၊ သီကုန်းပန်းသွင်ဖွဲ့လိုလျှင်တို့၊ ပန်းသွင်သီကုံးရေးဖွဲ့ထုံးကားတို့၊ စကားနက်တို့ဖတ်ပြီး စာရေးကျင့်ဖူးတယ်။ စာဆိုတာရေးမှ စာရေးသူဖြစ်တယ်ဆိုတာရယ်၊ စာရေးဖို့စာဖတ်ရတယ်ဆိုတာတွေကို သူ့စာတွေကနေလည်း သိခွင့်ရခဲ့တယ်။ စာကျေးဇူး ကျနော့်အပေါ်ရှိပါတယ်။

ခဝဲပွင့်ချိန်ပြဇာတ်ကို ကြည့်ဖူးဖို့ဝေးစွ ဖတ်တောင်မဖတ်ဖူးဘူး။ တယောပြားလေးတလက်နဲ့ နယ်လှည့်တေးဆိုရင်း သိုင်းဆရာလေး ဂီတနက်သန်ကိုစောညိမ်းအကြောင်းလေးလည်း မှတ်မိဖူးတယ်။ အောင်လင်းတို့နဲ့ လူသည်ခွေးထက်မိုက်၏ဟောပြောပွဲတွေ အကြောင်းတော့ ကြီးသူတွေပြန်ရေးတာ ဖတ်ဖူးတယ်။ ကိုကြီးကောင်းပြဇာတ် ငယ်တုန်းကဖတ်ပြီး ဘုမသိဘမသိ ကြိုက်မိဖူးတယ်။ နောက်တော့ ဒေါ်ခင်နှင်းယုရေးတဲ့ဟာလေး (ကြက်ဟင်းခါး ပင်ပျိုအောက်xxx ပေါက်လာပါတဲ့ရွှေတမာxxx ခါးချက်ကယ်နာxxx ရေစီးရယ်တခါxxx ရေသာရယ်တလှည့် သူများလိုတို့မရိုင်းတယ် တိုင်းသိပါရဲ့ ဆိုတာလေးဖတ်ရတာရယ် ရန်ကုန်ဘဆွေက သူ့အရေးအသား ကြမ်းတမ်းသွားတာတွေအတွက် ဒေါ်ခင်နှင်းယုကို ပြန်တောင်းပန်တယ်ဆိုတာလည်း မှတ်မိဖူးတယ်။
ဗမာပြည်မှာ ပါတိတ်ပန်းချီဆိုတာကိုလည်း သူပဲစမိတ်ဆက်ပေးခဲ့တာဖြစ်ကြောင်း ပေဖူးလွှာမဂ္ဂဇင်းမှာ (ကိုဝသုန်ထင်တယ်)ရေးထားတာဖတ်ဖူးတယ်။ ၁၉၈၅ လောက်ကလို့ မှတ်တာပဲ။ တမြန်နေ့ကလည်း သူရေးတဲ့ဝတ္တုတိုတချို့(စနစ်ကို အတင်းပြောင်းမည်)ကိုဖတ်ဖြစ်တယ်။ မကြိုက်လှဘူး။ ရသအား သိတ်မပါဘူးလို့ ခံစားရတယ်။

ခုတော့ ချီလေသော်လည်းကို ပြန်ဖတ်မယ်။ ဘယ်လိုနေဦးမယ် မပြောတတ်သေး။ ဟိုတလောက စစ်ဗိုလ်ဟောင်းတယောက်က ချီလေသော်လည်းမှာပါတဲ့ တချို့အချက်အလက်တွေဟာ လွဲချော်နေတယ်လို့ သူ့စာအုပ်ထဲမှာ ထည့်ပြောထားတဲ့အကြောင်း တစွန်းတစ ဖတ်လိုက်မိသေးတယ်။ ဘယ်စစ်ဗိုလ်လဲ ဘယ်စာအုပ်လဲ ကတော့ မမှတ်မိပြန်ဘူး။

လူလည်း စိတ်ကျန်းမာရေး ချို့ယွင်းကတည်းက မှတ်ညာဏ်တွေ ယွင်းယွင်းလိုက်လာတယ်။ တခါတလေ အတိတ်ကအဝေးကြီးက အကြောင်းတွေကို လုံးစေ့ပတ်စေ့ပြန်မှတ်မိပြီး အနီးကအကြောင်းတွေကို မေ့ကုန်တယ်။ ဘယ်လောက်ထိမေ့လဲဆို ကိုယ့်ဘာသာ ရေချိုးပြီးပလား မချိုးရသေးဘူးလား၊ မနက်က အပြင်ထွက်မိလား မမိလားလောက်အထိပါ မမှတ်မိတတ်ဘူး။ တခါတလေကျတော့လည်း အနီးကအကြောင်းတွေကို ခရေစေ့တွင်းကျမှတ်မိပေမယ့် အဝေးကအကြောင်းတွေကို အစပါပြန်ကောင်မရတော့ဘူး။ တခါတလေ ကိုယ့်နံမည်ပါကိုယ်မေ့တယ်။ ဆိုရှယ်လ်နံပတ်၊ အိမ်နံပတ်၊ ဖုန်းနံပတ်၊ လူနံမည်တွေ အကုန်မေ့တယ်။ အဝေးကအကြောင်းတွေမေ့တော့ အခြားအရာတွေနဲ့အတူ ဖတ်ခဲ့တဲ့စာတွေ ဖြတ်ခဲ့တဲ့ဘဝတွေက ရတဲ့အသိတွေပါ မေ့ကုန်တယ်။ သမြောတယ်။ မတတ်နိုင်ဘူး။ အနီးကအကြောင်းတွေမေ့တော့ လူမှုဆက်ဆံရေးတွေ ကမောက်ကမဖြစ်တယ်။ ရုံးကိစ္စတွေဘာတွေသွားရင် ငြူငြူစူစူ အလုပ်ခံရတယ်။ ခံလည်း ခံရုံပဲ ကိုယ်မှမတတ်နိုင်တာကိုး။

ခု ဒီအုပ်ကို ပြန်ဖတ်မယ်ဆိုတော့ ငါအရင်ဖတ်တုန်းက ဘာတွေမှတ်မိတာ ကျန်သေးလဲကို မနည်းစဉ်းစားရတယ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရေးတဲ့စာထဲပါတဲ့ ရန်ကုန်ဘဆွေတို့နဲ့ တွဲတိုက်ခဲ့ရတဲ့အကြောင်းလား မသိဘူး ပြန်မှတ်မိသလိုလို ဖြစ်လာတယ်။ ကဲ အခုချီလေသော်လည်းကို ပန်ဖတ်မယ်။ တိုက်ယူရသောမျက်ရည်တပေါက်ကိုလည်း ပြန်ဖတ်ချင်တယ်။ ကိုယ့်ဆီမရှိတော့ ခက်တယ်။
အောက်တိုဘာ ၁၄၊ ၂၀၁၈

ပြည်တွင်းဖြစ် ခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒီတွေ(မျိုးမြင့်ချို)

0 comments
(ပြည်တွင်းဖြစ် ခြိမ်းခြောက်သတ်ဖြတ်ရေးဝါဒီတွေ)
Patriots Day လို့အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ပြီးခဲ့တဲ့အပတ်က ကြည့်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်က ဘောစတွန်မြို့မှာ နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့မှာကျင်းပနေကြ မာရသွန်အပြေးပြိုင်ပွဲမှာ ချေချင်း-အမေရိကန် လူငယ် ၂ ယောက်က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၃ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှူံးခဲ့ရတဲ့အဖြစ်ကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ဖန်တီးထားတဲ့ကားဖြစ်ပါတယ်။ ကျနော် အဲ့အကြောင်းကို အဲ့တုန်းကတည်းက စိတ်ဝင်စားလို့ သတင်းတွေ လက်လှမ်းမီသလောက် စောင့်ကြည့် စောင့်ဖတ် စောင့်နားထောင် လုပ်ခဲ့ပါတယ်။

စိတ်ဝင်စားရတဲ့ အဓိကအချက်ကတော့ ညီအကို ၂ ယောက်မှာ အငယ်ကောင်က အမေရိကန်ပညာတတ်ပါ။ မက်ဆာချူးဆက် ယူနီဗားစတီးက ကျောင်းသားဖြစ်နေတာကြောင့်ပါ။ မိဘများမှာ အဖေကချေချင်းလူမျိုး အမေက အေဗာလူမျိုးတွေဖြစ်ပြီး ချေချင်းဒေသမှာ မွေးဖွားကြီးပြင်းခဲ့ကြပေမယ့် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်ယူနီယံထဲက ကာဂျစ်စတန်ကို မပြောင်းချင်ပဲ ပြောင်းရွှေ့ခံခဲ့ရသူတွေဖြစ်ပါတယ်။ ညီအကို ၂ ယောက်လုံးက ဟိုအရပ်ဟိုဒေသမှာ ချက်မြုပ်ခဲ့ကြတာပါ။ ၂ဝဝ၂ ခုနှစ်မှာ မိဘနှစ်ပါးနဲ့ အကြီးကောင် တာမာလင်န်ဆနစ်ဗ်တို့ ရက်ကိုးဆယ် တိုးစ်ဗီဇာနဲ့ အမေရိကားကို ရောက်လာကြပြီး ဆိုဗီယက်ကိုပြန်ရင် ချေချင်းအဆက်အသွယ်တွေကြောင့် အန္တရာယ်များတာမို့ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့ပါတယ်။ အငယ်ကောင် ဇက်ခါဆာနေ့ဗ်ကိုတော့ ဟိုမှာပဲထားခဲ့ပြီး ကြည်ရှုစောင့်ရှောက်ဖို့ ဦးလေးတယောက်လက်ထဲ အပ်ခဲ့တာပါ။ ခိုလှုံခွင့်ရပြီနောက် ၂ နှစ်အကြာမှာတော့ ဟိုမှာကျန်နေခဲ့တဲ့ သားသမီးတွေပါ ခေါ်ယူပြီး တမိသားစုလုံး အမေရိကန်မှာ ပြန်ဆုံမိကြတာဖြစ်ပါတယ်။ အငယ်ကောင်က အဲ့ဒီေုံးခွဲမှုအတွက် သေဒဏ်ကျပါတယ်။

ကျနော်ပြောမှာရေးက သူတို့အထုပ္ပတ္တိမဟုတ်ပေမယ့် လိုအပ်လို့ အကျဉ်းတော့ ကြိုဖော်ပြထားတာဖြစ်ပါတယ်။ ဗုံးခွဲလို့ ဘာတွေဖြစ်၊ ဘယ်လိုတွေတုံ့ပြန်ကြ၊ ဘာအကျိုးဆက်တွေဖြစ်၊ ဘယ်လိုအရေးယူခံရ စတာမျိုးတွေလည်း မဟုတ်ပါဘူး။

ကျနော်တွေးမိတာက ဒီ အမေရိကန်ပညာတတ်လေးတွေက ဘာ့ကြောင့် အမေရိကန်မှာ ဗုံးခွဲတိုက်ခိုက်တာ တနည်းပြောရရင် Terrorism လို့ဆိုတဲ့ ခြိမ်းခြောက်တိုက်ခိုက်သတ်ဖြတ်တာ လုပ်ခဲ့ရသလဲဆိုတာပါပဲ။ Twin Tower လို့ခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကြီး ၂ ခုနဲ့ ပင်တဂွန်ကို လေယဉ်ပျံကြီးတွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ကြသူတွေထဲမှာလည်း အမေရိကန်ပညာတတ်တွေ ပါနေပါတယ်။ တချို့ဆို အမေရိကန်ပေါက်တွေပါ။ အများစုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရောက်လာ၊ ဒီမှာကြီး၊ ဒီမှာပညာသင်၊ ဒီမှာပညာတတ်၊ ဒီကယဉ်ကျေးမှုထဲ နေသားကျနေပါရက်က ဘာလို့ ဒီကိုပြန် တိုက်ခိုက်တာတွေ လုပ်လာကြသလဲ။ ဘာ့ကြောင့်လုပ်ကြတာလဲ။ ဒီလိုလုပ်ဖို့ သူတို့မှာ ဘယ်လို စေ့ဆော်မှုတွေရှိခဲ့လဲ။ အဲ့ဒီစေ့ဆော်မှုတွေက ဘယ်လို ရလာတာလဲ။ ဘယ်လိုဖြစ်လာကြတာလဲ စတဲ့တွေးဒေါင့်ကနေရေးမှာပါ။

ကျနော်ကိုယ်တိုင်က ဒီမှာ ၁ဝ နှစ်လောက်နေလာခဲ့၊ ဒီက အမေရိန်အဖြူမနဲ့ အိမ်ထောင်ကျခဲ့၊ သူတို့အသိုင်းအဝိုင်းထဲ ကျင်လည်နေဆဲ။ ဒီမှာ အလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်းခဲ့တာအပြင် ကျနော့်အလုပ်သဘာဝကိုက ရဲစခန်း၊ ထောင်(ကလေးထောင် လူကြီးထောင်)၊ တရားရုံး၊ ဆေးရုံဆေးခန်း၊ စက်ရုံအလုပ်ရုံနဲ့ အေဂျင်စီတွေ၊ စကားပြန်နဲ့ဘာသာပြန်ကုမ္ပဏီတွေနဲ့ ဆက်စပ်နေတာဆိုတော့ ကျနော်ထိတွေ့ရတဲ့ အခြားနိုင်ငံတွေကနေ ပြောင်းရွှေ့အခြေချ နေထိုင်ကြသူတွေအပေါ် အမေရိကန်တွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝလေးတွေကို သိရတာရှိပါတယ်။ ကိုယ်တိုင်က စာလေးဘာလေးနည်းနည်းပါးပါးရေးတော့ စူးစမ်းချင်စိတ် အခြေခံတာလည်း ပါပါတယ်။ ဖာသိဖာသာသဘော မထားတာလည်း ပါပါတယ်။

ရေးတဲ့အခါ အဲ့ဒီစူးစမ်းမှုတွေ တကယ့်ဘဝတွေက ရတဲ့အသိတွေလည်း အရိပ်ထင်အရောင်ဟပ်မှာတော့ သေချာပါတယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုဆိုတာ တနယ်တကျေးတပြည်တရွာတွေကနေ အကြောင်းပေါင်းစုံနဲ့ လာရောက်အခြေချ နေထိုင်သူတို့ရဲ့ပြည်မဟုတ်လား။ အဲ့ဒီလူတွေနဲ့ ထူထောင်ခဲ့ကြတာမဟုတ်လား။ ပထမဆုံး သမ္မတကနေ ခုလက်ရှိသမ္မတအထိ အဲ့ဒီဆွေစဉ်မျိုးဆက်တွေမဟုတ်လား။ တကယ့်အမေရိကန်အစစ် တကယ့်နေးတစ်ဗ်(ဇာတိဖွား)တွေကတော့ ရက်ဒ်အင်ဒီယန်းတွေပဲ ဖြစ်ပါတယ်။

ကျနော်ရေးတဲ့စာမျန်သမျှကို အကောင်းမြင် အဆိုးမြင်၊ အပြုသဘော အပျက်သဘော၊ ဘက်လိုက်တယ် မလိုက်ဘူးစတဲ့ အကဲဖြတ်ချက်တွေ အမြင်တွေကတော့ ဖတ်သူ့ကိစ္စပါ။ ကျနော့်အနေနဲ့ ကောင်းသည်ဆိုးသည် ပြောစရာမရှိပါ။ အတင်းအကျပ် ပြန်လှန်ငြင်းခုန် တုံ့ပြန်တာမျိုးလည်း ကျနော် လုပ်လေ့မရှိပါဘူး။ ဘာရေးရေး ဘာပြောပြော ကျနော့်အမြင် ကျနော့်သဘောထားကို အတိအလင်း ရေးပါပြောပါတယ်။ ဆဲသူဆဲပါတယ်၊ ချီးမွမ်းသူ မွမ်းပါတယ်။ အဆဲရောအချီးမွမ်းရော ကျနော် ဆက်ရေးနေပြောနေဖို့ အားပေးရာရောက်တာမို့ ရေးအားပြောအားရှိပါတယ်။

ဒီအကြောင်း အမြန်ဆုံးရေးနိုင်အောင်ကြိုးစားပါ့မယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၁၄၊ ၂ဝ၁၈

Saturday, October 13, 2018

ဓာတ်ကုလားထိုင်(မျိုးမြင့်ချို)

0 comments

(ဓာတ်ကုလားထိုင်)
ကျနော် ဝေါ်ရှင်တန်ဒီစီက Newseum ကို ဝင်ကြည့်တော့ လူတွေကိုသေဒဏ်ပေးတဲ့ လျှပ်စစ်ကုလားထိုင်ကြီးတွေ့တယ်။ ဟိုတုန်းက တကယ်သုံးခဲ့တဲ့ဟာကြီး။ အခု ဒီပုံမှာပါတဲ့ဟာကြီးနဲ့ဆင်တယ်။ ဒါပေမယ့် ဟိုဟာကြီးက အဟောင်းကြီး။ လူကိုခုံနဲ့ကပ်တုတ်တဲ့သားရေကြိုးတွေတောင် ခတ်ဆွေးဆွေးဖြစ်နေပုံကြီး။

ကျနော် အဲ့ဒါကြီးကြည့်ရင်း ဦးရေပြား မီးကျွမ်းတဲ့ညှော်နံ့တွေရလာသလိုလို၊ အုတ်ခွံကွဲထွက်ပြီး ဦးနှောက်တွေပေါက်ထွက်လာတာ မြင်ရသလိုလို၊ လူလည်း ဒွန့်ဒွန့် ဒွန့်ဒွန့်နဲ့ ဓာတ်လိုက်သလိုလို ခံစားရပြီး ကြက်သီးမွှေးညှင်းတွေ ထလာတယ်။ ကျောထဲစိမ့်တက်လာတယ်။ အဲ့ဒါကြီးအပေါ် ငယ်ထိပ်ကဆံပင်တွေကွက်ရိပ်ထားပြီး၊ ငယ်ထိပ်မှာ ရေစိုအဝတ်ဖတ်ကပ်ထားတဲ့လူတယောက်ကို မြင်လာတယ်။ အဲ့လူမျက်နှာက ဘာခံစားချက်မှ မရှိတာလိုလို၊ သွေးဆုတ်ဖြူလျော်နေတာလိုလို၊ တခုခုကိုကြောက်ပြီး ချက်ခြင်းကြီးဆွံ့အသွားတာလိုလို၊ မျက်နှာကြွက်သားတွေအကုန်လုံး သေနေတာလိုလို၊ နှုပ်ခမ်းတွေ ဆတ်ဆတ်ဆတ်ဆတ်တုန်ပြီး မသေခင်လေး တခုခုပြောဖို့ကြိုးစားနေတာလိုလိုတွေ မြင်လာတယ်။ စိတ်ထဲလည်း ထိတ်သလိုလို ဖြစ်လာတယ်။

အဲ့ဒါကြီးကြည့်ရင်း ဒါကြီးပေါ်ထိုင်ပြီး လူဘယ်နှယောက် အသက်ပျောက်ခဲ့ရပါလိမ့်၊ တကယ်အပြစ်ကျူးလွန်လို့ အကွပ်မျက်ခံရတာက ဘယ်နှယောက် အလုပ်ကြံခံရတာက ဘယ်နှယောက် စတာတွေတွေးမိတယ်။ လူဟာ အသတ်ခံရကာနီးမှာ စိတ်ထဲဘယ်လိုနေမလဲဆိုတာလည်း တွေးမိတယ်။ ကိုယ်တိုင်လည်း အင်းစိန်ထောင်ကြိုးတိုက်မှာ သေဒဏ်အချခံထားရတဲ့ ကြိုးသမားတွေနဲ့ ကာလတခု အတူနေဖူးတယ်။ ထားပါတော့လေ။

အဲ့ဒါကြီးရှေ့ တော်တော်ကြာကြာ ရပ်ကြည့်နေရင်းကနေ စိတ်က အဲ့ဒါကြီးပေါ် တက်ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ဒါနဲ့ ဘယ်ကဘယ်လို ချိုင်းထောက်တွေ ဘေးချပြီး အဲ့ဒါကြီးနား ကပ်သွားမိတယ်မသိပါဘူး။ ကပ်တော့ ကပ်သွားတယ်။ လက်နဲ့ ထိလို့မရအောင် ရံတားထာပေမယ့် အတင်းဖျစ်ညှစ်တိုးရင်တော့ အဲ့ဒါကြီးဆီရောက်နိုင်တယ်။ ကျနော်က ဒုက္ခိတဆိုတော့ မြန်မြန်လည်း မလှုပ်ရှားနိုင်ဘူး။ ရှေ့ကချထားတဲ့ ကြိုးတန်းအရံအတားလေးပဲ ကျော်ရသေးတယ် ပြခန်းစောင့်က ပေါက်ချလာပြီး ပြန်ဆုတ်ဖို့ပြောတယ်။ အဲ့တော့မှ ကျနော်လည်း သတိဝင်လာပြီး ဟ ငါ ဘာလုပ်မိတာပါလိမ့်ဖြစ်သွားတယ်။ လူကလည်း သံမံတလင်းပေါ် လေးဘက်ထောက်ကြီးဖြစ်နေတယ်။ ကို့ရို့ကားယားနဲ့။ ရုတ်တရက်ပြန်ဆုတ်ဖို့ကလည်း မလွယ်ဘူး။ ချက်ခြင်းပြန်လှည့်ရ ခက်နေတယ်။ ဒါနဲ့ ပြခန်းစောင့်က ဆွဲထူပြီး အပြင်မထုတ်ပေးတယ်။

ပြီးတော့ ပြခန်းမန်နေဂျာရုံးခန်းထဲခေါ်သွားတယ်။ ဟိုကျတော့ မေးခွန်းတွေမေးတယ်။ ကျနော့်ကို တခုခုမသင်္ကာသလိုပဲ။ ကျနော်ကလည်း သူတို့မေးတာတွေ ကောင်းကောင်းမွန်ဖြေပါတယ်။ အိုင်ဒီပြဆိုလို့လည်း ပြပါတယ်။ မင်းဘာလို့ အဲ့ထဲဝင်ဖို့ ကြိုးစားတာလဲဆိုတော့ ကျနော်က အဲ့အပေါ်မှာ ထိုင်ကြည့်ချင်လို့ပါလို့ဖြေတယ်။ ဘာလို့ ထိုင်ကြည့်ချင်ရတာလဲလို့ ဆက်မေးတော့ ပြဿနာကတက်ရော။ ကျနော် ထိုင်ကြည့်ချင်ရုံသက်သက်ပါ၊ ဘာမှမလုပ်ပါဘူးလို့ပြန်ဖြေတယ်။ သူက ဘာလို့ ထိုင်ကြည့်ချင်ရတာလဲဆိုပြီး ဒီမေးခွန်းပဲထပ်မေးတယ်။ ကျနော်ကလည်း ထိုင်ကြည့်ချင်လို့ပဲပြန်ဖြေတယ်။ သူ သိတ်တော့ မကျေနပ်ဘူး ကျနော့်အဖြေကို။ ဒါပေမယ့် ဘာမှ ထပ်မပြောတော့ဘူး။ နောက်ကို အဲ့လိုမလုပ်ပါနဲ့လို့ပြောတယ်။ ကျနော်ကလည်း Yes, i won't do again. လို့ပြန်ဖြေတယ်။ နောက်ဘယ်တော့မှ မလုပ်တော့ပါဘူးလို့တော့ မပြောခဲ့ဘူး။

ခုလည်း အခွင့်သာရလို့ကတော့ ထိုင်ကြည့်ချင်နေတုန်းပဲ။ ဒါနဲ့ သူ့ရုံးခန်းကထွက်ပြီး ပြတိုက်တခုလုံး တခန်းပြီးတခန်း လိုက်ကြည့်တယ်။ အခန်းကူးတိုင်းမှာ အဲ့ဒီကူးလိုက်တဲ့အခန်းကအစောင့်က နောက်ကနေ ကပ်လိုက်လိုက်လာတယ်။ ကျနော်လည်း စိတ်နည်းနည်း အနှောင့်အယှက်ဖြစ်တာနဲ့ ပြတိုက်ကြီးတခုလုံးတောင် လိုက်မကြည့်တော့ပါဘူး အဲ့အခေါက်က။ နောက်တခေါက်ကြတော့မှ တနေကုန် ရေစိမ်ပြီးကြည့်ခဲ့တယ်။ အဲ့ဒါကြီးရှေ့ရောက် အစောင့်လစ်မလစ်ကိုတော့ မျက်စေ့ကစားကြည့်သေးတယ်။ တက်ထိုင်ကြည့်ချင်စိတ်ကဖျောက်မရဘူး။ ခုလည်း မပျောက်သေးဘူး။ (ဒီပုံက ကိုချမ်းမှိုင်းဆီက ယူချလာတာပါ)
မျိုးမြင့်ချို(အောက်တိုဘာ ၁၃၊ ၂ဝ၁၈)

ကဗျာပဲဖတ်တာ(မျိုးမြင့်ချို)

0 comments
(ကဗျာပဲဖတ်တာ)
ကျနော် ကဗျာဖတ်တယ်ဆို ကဗျာဖတ်တာပါ၊ ရတု၊ ရကန်၊ အဲချင်း၊ အန်ချင်း၊ ပျို့၊ လေးချိုး ဒွေးချိုး၊ လေးလုံးစပ်၊ သုံးလုံးစပ်၊ လေးသုံးနှစ်၊ ဒေါင့်ဒဲတွန့်၊ ကာရန်ရှိ၊ ကာရံမရှိ၊ လွတ်လပ်ကာရံ၊ စကားပြောကဗျာ၊ မော်ဒန်၊ ပို့စ်မော်ဒန် ဘာညာစတာတွေ တခါမှ သတိမထားမိပါဘူး။ 
 
ကဗျာကို ကဗျာလိုဖတ်နေချိန် သိမြင်ခံစားနေချိန်မှာ အဲ့ဒါတွေပါလာရင် ဘာအရသာမှကိုမရှိတော့တာပါ။ အဲ့ဒါတွေက စာပေပညာရှင်တွေ၊ ကဗျာ့ပါရဂူတွေ၊ ဘာသာဗေဒ ကျောက်ထီးတန္တုတွေ လုပ်ကြရမယ့်အလုပ်တွေပါ။ အတတ်ပညာပိုင်းဆိုင်ရာကိစ္စတွေပါ။ ကျနော့်ကိစ္စမဟုတ်ပါ။ အဲ့ပုဂ္ဂိုလ်တွေ ငြင်းကြခုန်ကြ တရားထူထောင်ကြ ငါမှန်သူမှားလုပ်ကြတာတွေတော့ ဖတ်ပါတယ်။ ဗမာစာပေ ဗမာကဗျာ ဖြစ်ပေါ်တိုးတက်မှုကို သိချင်တာလောက်ဖြစ်ပါတယ်။ လေ့လာတာတောင်မဟုတ်ပါဘူး။ ကျနော့်အဖို့ အဲ့ဒါတွေကို သိတ်ထဲထဲဝင်ဝင်ကြီး သိဖို့လည်းမလိုပါဘူး။ 
 
အဆိုပါပုဂ္ဂိုလ်ကြီးငယ်တွေ ပြောတာဆိုတာတွေဖတ်ပြီး ဒီလူတွေရဲ့ ကြီးလွန်းတဲ့အဇ္ဈတတွေ ပြင်းထန်လွန်းတဲ့အတ္တမာနတွေ ငါနှင့်ငါသာ နှိုင်းစရာတွေ ထက်ထောင်မောင်းနင်းတွေ တွေ့ရတော့ ကျနော့်အတွက် ဆင်ခြင်စရာရပါတယ်။ လူနဲ့စာကို ခွဲမြင်ခွင့်ရပါတယ်။ သူ့နယ်ပယ်မှာ ကျမ်းတဆူဂူတလုံးတွေဆီက တွေးဆစရာ ဆင်ခြင်စရာ အသိပညာတွေလည်းရပါတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာ ဆွမ်းဆန်ထဲကြွက်ချေးရောသလို အလုပ်မရှိကြောင်ရေချိုးသမားတွေလည်း တချက်တချက် တွေ့ရပါတယ်။ 
 
တချို့ကြတော့လည်း ပညာရပ်နယ်ပယ်အရလည်း လောက်လောက်လားလားမဟုတ်၊ ဘက်သဘောရပ်တည်ချက်ကလည်း ခိုင်ခိုင်မာမာမရှိ၊ ခေတ်တခေတ်လည်း ထူထောင်နိုင်ခဲ့တာ ဒါမှမဟုတ် ခင်းပေးပျိုးပေးနိုင်ခဲ့တာမရှိဘဲ ခေတ်ထူထောင်ခဲ့တဲ့ ကဗျာဆရာတွေကို ကွယ်ရာမှာ အမနာပပြောကြတာရှိပါတယ်။ မောင်ချောနွယ်လား အလကားကောင်ပါကွာ အရက်သမားပါဆိုတာမျိုး။ 
 
ဒါပေမဲ့ သူ့ကြတော့ ခေတ်ထူထောင်ဖို့မပြောနဲ့ မောင်ချောနွယ့်ခြေဖျားတောင် မမီတာတွေ့ရတယ်။ ကျနော် မောင်ချောနွယ်ကဗျာတွေကြိုက်တယ်။ သူ့ကဗျာစာအုပ်လေးတွေလည်း ရှိတယ်။ တွေ့တဲ့အခါတိုင်းလည်း ဖတ်ပြီးသားဖြစ်နေပေ့စေ ထပ်ဖတ်တယ်။ မောင်ချောနွယ်ကဗျာကိုမပြောဘဲ၊ မောင်ချောနွယ် ရပ်တည်ချက်ကို မပြောပဲ၊ မောင်ချောနွယ်အမြင်ကိုအတွေးကိုမပြောပဲ လူကိုဖိထောင်းတဲ့ လူတွေတွေ့ရင် ခါးခါးသီးသီးမုန်းတီးတာမဟုတ်ပေမယ့် စိတ်အချဉ်တော့ အတော်ပေါက်ပါတယ်။ ပေါက်တဲ့အလျှောက် စိတ်မထိမ်း နှုတ်မချုပ်တည်းပဲ ပြန်တုံ့ပြန်ပြောခဲ့ပါတယ်။
 
မောင်ချောနွယ်ဘက်က ဘက်လိုက်တာပါ။ ကဗျာဆရာမှာ ဘက်ရှိပါတယ်။ မောင်ချောနွယ်ဟာ ကဗျာဆရာဖြစ်ပါတယ်။ ဒါ့ကြောင့် မောင်ချောနွယ်မှာ ဘက်လိုက်ပါတယ်။ ကျနော်က ဘက်တူတဲ့ကဗျာဆရာတိုင်းရဲ့ဘက်မှာ ရပ်ပါတယ်။
မျိုးမြင့်ချို(အောက်တိုဘာ ၁၃၊ ၂ဝ၁၈)

ပုံရိပ်မထိခိုက်ချင်ရင်(မျိုးမြင့်ချို)

0 comments

(ပုံရိပ်မထိခိုက်ချင်ရင်)
မနေ့က ဒုဝန်တယောက်ကပြောတယ် နိုင်ငံပုံရိပ်ထိခိုက်တယ်ဆိုပြီး။ ဒီနေ့ ပြောခွင့်ရတပါးက မြွက်တယ် ပါတီပုံရိပ်ထိခိုက်မယ်လို့။ ဟိုငတိက အစိုးရကိုယ်စား ဒီပုဂ္ဂိုလ်က ပါတီကိုယ်စား။ တရားအတိုင်းသွားမယ်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမယ်တို့ တခွန်းမှမဟကြဘူး။ ညှိနှိုင်းပေးမယ်ဆိုတာက နင်တန်နင်တန် ပန်းကန်ကွဲလုပ်ဖို့ နှပ်ကြောင်းပေးတာ။ 
 
အစိုးရမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရှိတယ်။ ပါတီမှာ ပါတီစည်းကမ်းထိန်းသိမ်းရေး ရှိတယ်။ အဲ့ဒါတွေကိုင်ပြီး မလုပ်ဝံ့တာ ဘာအဟန့်ရှိနေလို့လဲ။ 
 
ခု ဒေါက်တာညိုညိုသင်း လုပ်ပြီ။ သူလုပ်တာ တရားလမ်းကြောင်းကျတယ်။ ပရောဆက်အရမှန်တယ်။ အစိုးရအနေနဲ့ ကော်မရှင်ဖွဲ့စစ်တာမျိုး၊ ဒါမှမဟုတ် ရှိထားပြီးသားယန္တရား (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်) သုံးပြီး တခုခု လုပ်ကို လုပ်ရတော့မယ်။ မလုပ်ကာမှ အစိုးရပုံရိပ်ရော ပါတီပုံရိပ်ပါထိခိုက်မှာ။ ခုက မထိခိုက်သေးဘူး။ ရုပ်ပျက်ဆင်းပျက်ဖြစ်တာလောက်ပဲ ရှိသေးတယ်။ 
 
လွှတ်တော်ဘက်က မှန်တယ်ဆို အရေးပါယူရမှာ။ အရေးယူတဲ့နေရာမှာလည်း ပါတီစည်းကမ်းအရရော အစိုးရစည်းမျဉ်း(ဥပဒေ)အရရော အရေးယူရမယ်။ မီဒီကတော့ ပြောမှာပဲ။ မပြောနဲ့ သွားလုပ်လို့မရဘူး။ လုပ်လည်း မလုပ်ရဘူး။ သူ့အလုပ်ကိုး။ သူ့အသက်မွေးဝမ်းကြောင်းကိုး။ ပုဂ္ဂိုလ်ရေးအရလုပ်လုပ် နိုင်ငံရေးအရလုပ်လုပ် လုပ်ပေ့စေပေါ့။ မဟုတ်ရင် မဟုတ်တဲ့သူခံပေါ့။ မီဒီယာမှား မီဒီယာခံ၊ နိုင်ငံရေးသမားမှား နိုင်ငံရေးသမားခံပေါ့။ ဘက်သဘောအရ ဆန့်ကျင်ဘက်သမားကို မီဒီယာသမားဆိုပြီး မီဒီယာခေါင်းစဉ်အောက်သွင်းပြီး အကြွင်းမဲ့ဘေးမဲ့ပေးထားတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အဲ့လိုပဲ ကိုယ့်ဆန့်ကျင်ဘက်ကို ထောမဏာပြုချီးမွမ်းတဲ့ မီဒီယာလည်း ဘယ်ကမ္ဘာမှာမှမရှိဘူး။
မျိုးမြင့်ချို(အောက်တိုဘာ ၁၃၊ ၂ဝ၁၈)

လုပ်စေ့ချင်တာ(မျိုးမြင့်ချို)

0 comments

(လုပ်စေ့ချင်တာ)
ABSDF ဖွဲ့တည်ခဲ့ခြင်း နှစ် ၃၀ ပြည့်ကို အထိမ်းအမှတ်ပြုကြမယ်ကြားတယ်။ အလွန်ကောင်းပါတယ်။ လက်လှမ်းမီသမျှလူတွေ ထိတွေ့နိုင်မယ့်နေရာတွေမှာ ဆုံကြလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်တွင်းလည်းပြည်တွင်းအလျှောက်၊ နယ်စပ်လည်း နယ်စပ်အလျှောက်၊ ပြည်ပလည်း ပြည်ပအလျှောက်၊ လူမျိုးစုဒေသနေတွေလည်း အဲ့ဒီဒေသတွေအလျှောက် စုကြဆုံကြမယ်ထင်ပါတယ်။ လူတွေစုံတုန်း ဆုံတုန်း စကားတွေပြောဖြစ်ကြမှာလည်း သေချာပါတယ်။ အထိမ်းအမှတ်ပြုတာတွေလည်း လုပ်ကြခင်းကျင်းကြမယ်လို့ မှန်းဆရပါတယ်။

ကျနော့်အနေနဲ့ ခုလို ဆုံခိုက် စုံခိုက်လေးမှာ ကျောင်းသားတပ်မတော် သမိုင်းကြောင်း ထုတ်ထုတ်ပိုးပိုးလေးတခု ထွက်လာဖို့ တိုင်ပင်ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုထိဖတ်နေရတာက ဟိုတစ ဒီတစ၊ ဟိုတပုဒ် ဒီတပုဒ်၊ ဟိုလူပြော ဒီလူပြောတွေကို လိုက်စုဆက်ကြည့်နေရတာမို့ ရုပ်လုံးက ထင်သလောက်ကြွတက်မလာတာ တွေ့ရပါတယ်။

ရန်သူကရော ရန်သူ့မိတ်ဆွေတွေကရော အေဘီကို တလျှောက်လုံး ထိုးနှက်တိုက်ခိုက်နေတာကတော့ မပြတ်တမ်းရှိနေပါတယ်။ ခုလည်း ဂွင်ဝင် ဝင်သလို လုပ်နေကြဆဲပါပဲ။ ဒီအထဲမှာ မြောက်ပိုင်းက ပါဂျောင်ကိစ္စကြီးနဲ့ ဝိုင်းသရုပ်ဖျက်တဲ့ဒဏ်ကို အလူးအလိမ့်ခံခဲ့ရတဲ့အဖြစ်က ABSDF ရဲ့ တော်လှန်ရေးအရှိုက်ကို အပြင်းထန်ဆုံး ထိုးနှက်ချက်ဖြစ်သွားပါတယ်။ ကာလပေါ် ဗကပနဲ့သခင်သန်းထွန်းနောက်ဆုံးနေ့များလိုဖြစ်ခဲ့ပါတယ်။

ရန်သူနဲ့ရန်သူ့လက်ပါးစေတွေ ပူးပေါင်းကြံစည်ကြတာတူပေမယ့် မတူတဲ့အချက်တခုက ဗကပနဲ့သခင်သန်းထွန်းနောက်ဆုံးနေ့များကြောင့်
ဗကပဖြစ်ခဲ့သူတွေရှိသလို၊ ဖြစ်ပြီးသားပေမယ့် အခြေအနေအရ ရိုးမကိုလက်လှမ်းမမီတဲ့လူတွေအဖို့ ဗကပရဲ့ ၆၄ လမ်းစဉ်ကို လေ့လာခွင့်ရသွားကြတာ ဖြစ်ပါတယ်။ ရန်သူနဲ့ရန်သူလက်ပါးစေတွေက ABSDF အကြောင်း အကြေးလှန်ပြီး ပြန်ပြောကြရေးကြတာတွေ ဖတ်ပြီး လူတွေအဖို့ စိတ်စနိုးစနောင့် ဖြစ်ရတာများပါတယ်။ (ဒီနေရာမှာ ကျနော်က ရန်သူနဲ့ရန်သူ့လူလို့ သုံးတာကို ABSDF တချို့ နှစ်မြို့ချင်မှ နှစ်မြို့ကြတော့မှာပါ။ မနှစ်မြို့သူတွေအနေနဲ့လည်း ပြစရာဆင်ခြေတွေရှိမှာပါ)

တူတဲ့အချက်က အမှားအယွင်းတွေ လက်လွန်ခြေလွန်တွေလုပ်ခဲ့ကြ ဖြစ်ခဲ့ကြတာတူတယ်၊ လုပ်မိတာတွေကလည်း ပါတီတွင်း အဖွဲ့အစည်းအတွင်း လုပ်မိကြတာဖြစ်ပါတယ်။ ပြည်သူအပေါ် တိုင်းပြည်အပေါ် ကျူးလွန်ခဲ့ကြတာမဟုတ်ပါဘူး။ ဒီနေရာမှာ နောက်ပိုင်းတာဝန်ယူလာတဲ့ခေါင်းဆောင်တွေက အဲ့အချိန်က ခံခဲ့ရသူတွေရဲ့မိသားစုတွေအပေါ် စာနာစိတ်အပြည့်ထားကြတာလည်း တူပါတယ်။ အလွန်အကျွံအမှားအယွင်းဖြစ်ခဲ့ကြတာကို ကိုယ်စားပြု တာဝန်ခံမှုလုပ်တာတွေမှာလည်း တူပါတယ်။

လက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ စစ်အုပ်စု ဘာထူးလို့လဲကွာဆိုတဲ့ ဖိနှိပ်သူနဲ့တော်လှန်သူကို ကြေးတန်းတိုက်တဲ့ မိုက်မိုက်မဲမဲစကားသံတွေတောင် ဒီမိုကရက်ဆိုသူတွေပါးစပ်က ထွက်ကျလာတာကြားရပါတယ်။ ရန်သူဖြစ်စေ့ချင်တဲ့ ဝါဒဖြန့်မှုထိရောက်ချက်ရဲ့အနိမ့်ဆုံးအဆင့်က အဲဒါဖြစ်ပါတယ်။ အမြင့်ဆုံးအဆင့်က ဘုံရန်သူအဖြစ်မှတ် အပြတ်ချေမှုန်းရေးအထိဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့က သူ့ဝါဒဖြန့်ချက်ကို ကိုယ့်ဘက်က အချက်အလက်မှန်မှန်ကန်ကန် တရားမှန်မှန်ကန်ကန်နဲ့ တင်ပြပြုစုပြီး လူထုအကြား၊ ဒီမိုကရက်တစ်ဆိုသူတွေအကြား ဝေဝေဝါးဝါးဖြစ်နေတာတွေကို ချေဖျက်ဖို့ဖြစ်ပါတယ်။ အလွန်အကျွံဖြစ်ခဲ့တာ မှားယွင်းအရေးယူခဲ့တာတွေကိုလည်း တိတိလင်းလင်း ချပြရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပုံဖျက်ခဲ့တာတွေ လုပ်ကြံခဲ့တာတွေကိုလည်း ပုံဖျက်တာဖြစ်ကြောင်း လုပ်ကြံတာဖြစ်ကြောင်း တိတိကျကျ ဖွင့်ချရမှာဖြစ်ပါတယ်။

ကျနော် နယ်စပ်နဲ့ ဒီဘက်မှာ တွေ့ရဆုံရတဲ့ ABSDF တွေဆီကတော့ သူတိုပါဝင်ခဲ့တဲ့ကဏ္ဍတွေ အဖြစ်အပျက်တွေ တိုက်ပွဲကြီးငယ်တွေအကြောင်း ပြန်ပြန်တော့ကြားရပါတယ်။ ဒါပေမဲ့ သူတို့ပြောတာတွေမှာ သမိုင်းရေးနောက်ခံအမြင် အားနည်းတာတွေ့ရပါတယ်။ အစွဲလေးတွေ အခုအခံလေးတွေကြားရသလို ကိုယ်ရည်များများသွေးတဲ့လူတွေလည်း တွေ့ရပါတယ်။ အဲ့လိုဖြစ်ရတာကလည်း လူတွေမဆုံမိကြလို့ လူတွေမစုံကြလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ဆီက ကြားရသမျှသိရသမျှကို အပြည့်အဝအတည်ပြုလို့ရတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေအဖြစ် သဘောထားဖို့ အတော်ခက်ပါတယ်။

ထပ်ပြီး အလေးအနက်ပြုပြောချင်တာကတော့ ခုလိုလူတွေဆုံကြတုန်း လူတွေစုံကြတုန်းမှာ ABSDF အတတ်နိုင်ဆုံးပြည့်စုံမယ့် သမိုင်းဆိုင်ရာကိုးကားလို့ရမယ့် ထုတ်ထုတ်ပိုးပိုး စာတအုပ်ဖြစ်လာဖို့ ကြိုးပမ်းကြစေချင်ပါ့တယ်။ ကြိုးပမ်းကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဆန္ဒတွေလည်း ရှိကြမယ်ဆိုတာ ယုံကြည်ပါတယ်။

ခုလို အဘိယာစကပြုရတာကလည်း ကျနော်တို့ဟာ ABSDF နဲ့ သမိုင်းခေတ်တခေတ်တည်း မွေးဖွားကြီးပြင်းခဲ့ကြတာ၊ စစ်အာဏာရှင်စနစ်ကို၊ စစ်အစိုးရကို၊ စစ်ဗျူရိုကရေစီယန္တရားကို၊ စစ်လက်ဝါးကြီးအုပ် ဓနရှင်စနစ်ကို နိုင်ရာအခန်း သန်ရာကဏ္ဍတွေကနေ ရုန်းကန်တွန်းလှန်ခဲ့သူတွေဖြစ်ကြလို့ပါပဲ။ ကျနော်တို့မှာ လျှောက်ရဦးမယ့် ခရီးမိုင်တိုင်တွေရှိနေသေးလို့ပါပဲ။ ကျနော်တို့မှာ မပြီးပြတ်သေးတဲ့ ဝတ္တရားတွေရှိနေသေးလို့ပါပဲ။ ကျနော်တို့တတွေကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းနေတဲ့ ကျနော်တို့ရဲ့ “ဘုံရန်သူ“ ရှိနေသေးလို့ပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၃၊ ၂ဝ၁၈)

Friday, October 12, 2018

(ရွေးလမ်း) မျိုးမြင့်ချို

0 comments

(ရွေးလမ်း)
လူတွေက စစ်အုပ်စုဖန်တီးတဲ့ ပြည်တွင်းပြဿနာတွေဖြစ်ဖြစ်၊ ကမ္ဘာချီတဲ့ကိစ္စကြီးတွေဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ် ဖယ်ပြီး၊ စစ်အုပ်စုကို တည် တည် ပြီး ပြောကြဆိုကြတယ်။ ဒါကို သူက စစ်အုပ်စုဘက်က မားမားမတ်မတ်ရပ်ခံပြီး ရှေ့နေလိုက်တယ်၊ မလုံမှန်းသိသိနဲ့ ဖုံးဖိတယ်၊ သူ့အရှိန်အစော်သုံးပြီး အကာအကွယ်ပေးတယ်။ နိုင်ငံတကာကရော ပြည်တွင်းကရော သူ ဒီလို မူပျက်သွားတာကို ခြေလှမ်းမှားနေတာကို အသာဖော့ထားပြီး ခပ်မဆိတ်နေပေးကြပြန်သေးတယ်။ သိတ်လွန်ကဲလာတော့မှသာ သူ့ကို ဝေဘန်တာတွေ၊ ထောက်ပြတာတွေ၊ ဆုပြန်သိမ်းတာတွေ၊ အဆင့်လျှော့ချဆက်ဆံတာတွေလုပ်ပြီး တည့်မတ်ပေးဖို့ကြိုးစားတယ်။ အလိုတူအလိုပါသဘော ဝင်လက်မလျှိုဖို့ဟန့်တယ်။ ဘာမှမလုပ်နိုင်ရင်၊ ဘာမှမလုပ်တတ်ရင် အသာလေးပါးစပ်ပိတ်နေဖို့အထိပြောတဲ့ သံခင်းတမန်ခင်းတွေ ခင်းကြတာလည်းရှိတယ်။

သူကတော့ မူမဲ့တဲ့ရင်ကြားစေ့ရေးကို သူ့ဗီဇပါညာဉ်အတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်းပြီး အရွဲ့တိုက်တယ်။ စစ်အုပ်စုဘက်ကများ စိတ်လည်လာတန်ကောင်းရဲ့လို့ လင်ကိုချစ်လှချည်ရဲဆိုတဲ့ လင်ပစ်မယားရဲ့ မျှော်နည်းကားအတိုင်း မျှော်တယ်။ ဒါနဲ့ပဲ သူ့နိုင်ငံရေးနဲ့ အင်န်အယ်လ်ဒီရဲ့ စည်းရုံးရေးတွေကျသွားတယ်။ ဒါပေမဲ့ ပါတီဝင်အင်အားနဲ့ ပါတီတွင်းထောက်ခံမှုတော့ သိတ်ကျမသွားဘူး။ သူလုပ်နေတဲ့ စေ့စပ်ရေးက မရောင်းပါဘူးလို့ အတန်တန်ပြောထားတဲ့ဟာကို ဝယ်ပါရစေ၊ ချိန်သာချိန်ပါ လိုက်လုပ်နေတာမျိုးဖြစ်နေတယ်။ ဒီလိုနဲ့ ကမ္ဘာ့အလည်မှာ သူ့ပုံရိပ် မှိန်လာတယ်၊ အကျိုးလိုလို့ ညောင်ရေလောင်းကြတဲ့နိုင်ငံတွေကတောင် အဖက်တန်တန် သိတ်မဆက်ဆံချင်သလိုလို အင်တင်တင်ဖြစ်လာတာ သိသာလာတယ်။ သူလည်း အရင်လို အပြင်သိတ်ထွက် မျက်နှာပြရ ခက်လာတယ်။ ဒါပေမဲ့ ပြည်တွင်းမှာဖြစ်နေတာက Lesser Evil (ဆိုးမျိုးနည်းတဲ့မကောင်းဆိုးဝါး) ရွေးရတဲ့အနေအထားမို့ မဲတွေ ပုံအောနေကြရတယ်။ နိုင်ငံတကာကလည်း ဒါကိုသိတယ်။ ဒါ့ကြောင့် မြွေမသေတုတ်မကျိုးပေါ်လစီလေးချပြီး ဗမာ့အရေးကို ကိုင်တွယ်နေကြတာဖြစ်တယ်။

ထားပါတော့ အဲ့ဒီ စစ်အုပ်စုကြောင့်ဖြစ်ရတဲ့ ပြည်တွင်းပြည်ပပြဿနာတွေမှာရပ်ပေးနေတဲ့ သူ့အနေအထားနဲ့ ကျသွားတဲ့ သူု့ပုံရိပ်၊ သူ့နိုင်ငံရေးတွေကို။ အဲ့ဒါတွေက နိုင်ငံတကာနဲ့ဖြစ်တာ၊ စစ်အုပ်စုနဲ့တိုင်းပြည်(လူထု)နဲ့ဖြစ်တာတွေမို့လို့။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ပါတီဝင်တွေ၊ သူ့ထောက်ခံသူတွေ တုတ်တုတ်မှ မလှုပ်ကြတာ။ ဒါ နားလည်ပေးမယ်ဆို နားလည်ပေးလို့ရသေးတယ်။ ခု ဖြိုးမင်းသိမ်းကိစ္စက ဗူးပေါ်သလိုပေါ်လာပြီ။ လူပြောလည်းများလှပြီ။ ကျော်မကောင်းကြားမကောင်းလည်း ဖြစ်ရပြီ။ သူ ဘယ်လိုရပ်မလဲ။ ဘယ်ဘက်က ရပ်ခံပေးမလဲ။ ဒါ စိတ်ဝင်စားစရာဖြစ်လာတယ်။ ဒါ ပြည်ပ(နိုင်ငံတကာ)နဲ့ဆိုင်တဲ့ပြဿနာမဟုတ်သလို ပြည်တွင်း (လူထုနဲ့စစ်အုပ်စုကြားက)ပြဿနာလည်းမဟုတ်ဘူး။ ဒါဟာ ရန်ကုန်အစိုးရနဲ့ရန်ကုန်လွှတ်တော်ကြား ငြိကြရုံ သက်သက်လေးလောက်လည်း မဟုတ်ဘူး။ စန္ဒာမင်းတို့အုပ်နဲ့ ဖြိုးမင်းသိမ်းတို့ ပုဂ္ဂိုလ်ရေးရှင်းကြတဲ့ပွဲ သက်သက်လည်းမဟုတ်ဘူး။ လူထုငွေတွေ မမှန်မကန်ဘုံးလို့ဆိုတာလေးလောက်လည်း မဟုတ်ဘူး။

ငွေကိစ္စရှင်းလို့ရတယ်ဆိုဦး၊ လွှတ်တော်နဲ့အစိုးရအကြား ပြန်ကြောင်းလမ်းပေးလို့ရတယ်ဆိုဦး ကိစ္စက အဲ့သလောက်နဲ့ပဲ ရပ်သွားမှာ မဟုတ်ဘူး။ (မီဒီယာတွေကလည်း ငြိမ်နေမှာမဟုတ်ဘူး) ဒီကိစ္စအကြောင်းပြုပြီး ပါတီတွင်း စည်းရုံးရေး၊ ပါတီတွင်းဦးဆောင်မှုကဏ္ဍတွေအထိ တက်လာလိမ့်မယ်။ ဖြိုးမင်းသိမ်းဆိုတာ အင်န်အယ်လ်ဒီမှာ နောက်ပေါက်တဲ့ရွှေကြာပေမယ့် မျက်နှာသာပေးရင်းပေးရင်း ရွှေရေးပန်းကန်တင်မက စားတော်ပွဲပါ တက်နှိုက်ခွင့်ရနေတဲ့သူ။ ဒေါ်စုတင်ထားတဲ့ ဝန်ချုပ်။ သူမြှောက်စားထားလို့ တောက်ကြွားနေသူ။ ခါတော်မီအင်န်အယ်လ်ဒီဆိုပေမယ့် အစစ်တွေထက်တောင် အရောင်ပိုထွက်ခွင့်ရနေတဲ့ နိုင်ငံရေးခြံခုန်။ အရှင်မွေးတော့ နေ့ချင်းကြီးပြီး ပါတီဗဟိုကော်မတီအရာပါပေးရတဲ့သူ။ ဒါတွေအခြေခံပြီး သူ့ကိုဝန်ချုပ်ပေးကတည်းက ပါတီတွင်းမှာ ပွစိပွစိအသံထွက်တယ်။ ဒါပေမဲ့ မလှန်ရဲကြဘူး။ ဒေါ်စုကိုင်မှာ ကြောက်တာလည်းပါသလို ပါတီ အအုပ်အစည်းပြေမှာစိုးကြတာလည်း ပါတယ်။

ခုတော့ ဒေါ်စုအနေနဲ့ တခုခုကို ပြတ်သားရတော့မယ်။ စန္ဒာမင်းတို့အုပ်က ပါတီတွင်းဆုံးမတယ်ဆိုပြီး ခေါ်နားရင်းအုပ်လိုက်လို့ ရနိုင်သေးတယ်။ ပါးစပ်ပိတ်လိုက်လို့ရသေးတယ်။ လွှတ်တော်ထဲက ကျန်တဲ့အန်အယ်လ်ဒီအမတ်တွေ အသံထပ်ထွက်မလာအောင် ကြိတ်မန်မဲလို့ရသေးတယ်။ ပါတီတွင်းကိစ္စကြ အဲ့သလိုမဟုတ်ဘူး။ အမတ်က လခစား၊ တချို့ ဝင်ပေါက်ဝင်လမ်းလေးတွေတောင် ဖြောင့်နေတာရှိတယ်။ ဘာမှမရှိတောင် အမတ်ဆိုတဲ့အာဏာလေးပြပြီး လူရာဝင်လို့ရသေးတယ်။ ပါတီဝင်(အများစု)ကြီးက အဲ့သလိုမဟုတ်ကြဘူး။ ကိုယ့်ထမင်းကိုယ်စား ပါတီနွားကျောင်းနေကြတာ။ ဘာ လခမှ မရဘူး။ ဘယ်နေရမှ အာဏာနဲ့လူရာဝင်ခွင့် မရှိကြဘူး။ ပါတီကြေးတော့ မှန်မှန်ပေးရတယ်။ ပါတီအလုပ်လည်း မပျက်မကွက်လုပ်ကြတယ်။ ဘေးပေါက်ဝင်ငွေလည်း မရှိကြဘူး။ ပါတီကြည့်ပြန်တော့လည်း ပါတီကလည်း အတွေးအခေါ်တခုခုအပေါ်၊ ဝါဒတခုခုအပေါ်တည်ပြီး ဆောက်ထားတဲ့ပါတီမဟုတ်ဘူး။ ပုဂ္ဂိုလ်အခြေပြု တည်ဆောက်ထားတဲ့သဘော ကဲတယ်။ ဒီလိုပါတီမျိုးဟာ ပုဂ္ဂိုလ်တက်ရင်တက်သလို ပုဂ္ဂိုလ်ကျရင်ကျသလို ကုန်းကောက်စရာမရှိ ဖြစ်တတ်ပါတယ်။ ဒါအလွန်မြင်သာသလို သတိလည်းထားရမှာဖြစ်သလို အကဲလည်းအလွန်ဆတ်တဲ့ကိစ္စဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာတွေးရမှာက လွှတ်တော်ထဲမှာ ကိုယ်တွေချည်းပဲ မဟုတ်ဘူး။ စစ်အမတ်တွေ၊ ကြံ့ဖွံ့တွေအပြင် ကိုယ့် ပြန်ကလန်နေတဲ့ အင်န်အယ်လ်ဒီ အမတ်ဟောင်းတွေရှိတယ်။ တခြားကိစ္စကြီးငယ်တွေမှာ ထစ်ကနဲရှိ အင်န်အယ်လ်ဒီကို ချက်ခြင်း ကက်ကက်လန် ရန်လုပ်ကြပေမယ့် ခုကိစ္စမှာ ဒင်းတို့ အင်းမလုပ်အဲမလုပ် လုပ်နေကြတာ မဆန်းဘူးလား။ သူတို့အခု ငြိမ်နေသေးတာ အကြောင်းရှိတယ်။ အင်န်အယ်လီ ပါတီတွင်းပြိုကွဲမှု ဘယ်အထိဖြစ်လာမလဲကို စောင့်နေကြတာဖြစ်ဖို့များတယ်။ ပါတီတွင်း အက်ရာကြီးလာမှ ထိုးခွဲရပိုလွယ်မှန်း လူတိုင်းသိပါတယ်။ ခု အက်ရာ ဘယ်အထိ ကျယ်လာမလဲကို စောင့်ကြည့်နေကြတာဖြစ်တယ်။ တပါတီထဲကဖွဲ့ထားတဲ့ အစိုးရတွေ၊ လွှတ်တော်တွေဆိုတာ ငြိကြတာပဲ။ အငြိပြကြရတာပါပဲ။ လူထုကြား ဒီမိုကရေစီရှိသယောင်ယောင်၊ အပြန်အလှန်ထိန်းကျောင်းနေကြသယောင်ယောင်၊ Check and Balance ရှိသယောင်ယောင် လုပ်ပြကြရတာပါပဲ။ သိတ်အဆန်းတကြယ်လည်းမဟုတ်ပါဘူး။ နင်တန်နင်တန်နဲ့ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ပန်းကန်ကွဲတာလည်း ရိုးအီနေတာမျိုးပါ။

ဒါပေမဲ့ ပါတီတွင်းကြတော့ ဆန်းတယ်။ အမေရိကန်ပါတီတွေလို အမေရိကန်က ပါတီဝင်တွေလိုမဟုတ်ဘူး။ တူလည်းမတူဘူး။ တူလို့လည်း မရပါဘူး။ အမေရိကန်ပါတီတွေအတွင်း ဖြစ်ကြတာနဲ့၊ ပါတီနဲ့လူထုဖြစ်တာနဲ့၊ ပါတီအစိုးရပါတီလွှတ်တော်တွေဖြစ်ကြတာနဲ့ သွားနှိုင်းလို့တော့ မဖြစ်ရေးချမဖြစ်ပါပဲ။

အင်န်အယ်လ်ဒီဆိုတာ ၂ဝဝ၈ အောက်ရောက်သွားလို့သာ ပါတီဖြစ်သွားတာ။ သူ့သန္ဓေနဲ့ ဗီဇက ၁၉၈၈ လူထုအရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တယ်။ ခုထိလည်း အဲ့ဒီ ၈၈ စိတ်ဓာတ်၊ ၈၈ အတွေးအခေါ်ရှိသေးတဲ့ ပါတီဝင်တွေ အောက်ခြေမှာ အများကြီးရှိသေးတယ်။ သူတို့ဟာ ဘဝတွေ၊ မိသားစုတွေပါ စွန့်ပြီး အနာခံခဲ့ကြသူတွေဖြစ်တယ်။ သူတို့တွေဟာ ပြည်သူထဲကပြည်သူတွေဖြစ်တယ်။ သူတို့ကိုယ်တိုင် ပါတီဝင်ထားတဲ့ ပြည်သူတွေဖြစ်တယ်။ သူတို့တွေဟာ သစ်ခုတ်သမားနဲ့ပန်းပုဆရာဆိုတဲ့စည်း ခြားပေးလိုက်ပြီး နိုင်ငံရေးအရ ဖယ်ကျဉ်ခံထားရသူတွေဖြစ်တယ်။ အဲ့လူတွေဟာ အင်န်အယ်လ်ဒီကို ဒီမိုကရေစီတပ်ဦးက အလံကိုင်ကြီးအဖြစ်နဲ့ပဲ နိုင်ငံကို ဦးဆောင်စေချင်သူတွေဖြစ်တယ်။ အဲ့လူတွေဟာ နောက်ပေါက်တဲ့ရွှေကြာ ပန်းပုဆရာတွေကို ဒေါ်စုမျက်နှာထောက်ပြီး အောင့်အီးလက်ခံနေကြတာဖြစ်တယ်။ ဒါပေမယ့် တကယ်တကယ် နင်လားငါလား ပြတ်သားကြရတေ့မယ်ဆိုရင် ပြည်သူထဲကပြည်သူတွေ၊ ပါတီဝင်ပြည်သူတွေဟာ ပြည်သူ့မျက်နှာ တိုင်းပြည်မျက်နှာပဲ ထောက်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာဟာ သူတို့ကိုယ်တိုင်ဖြစ်နေလို့ပဲ။

ဆိုတော့ ခု ရန်ကုန်အစိုးရနဲ့ရန်ကုန်လွှတ်တော်ပွဲဟာ ပါတီထဲအထိ ဝင်လာပါလိမ့်မယ်။ ဒီအခါ စစ်အုပ်စု၊ ကြံ့ဖွံ့ပါတီ၊ သူတို့လိုလားတဲ့ မီဒီယာတွေက အင်န်အယ်လ်ဒီ အပြုတ်ချေမှုန်းဘက်မှာ တဘက်တည်းရပ်ပြီး ပြတ်ပြတ်သားသား ထိုးနှက်လာကြလိမ့်မယ်။ ဒီအထိရောက်မလာအောင် ကိုယ့်ဘက်ကထိန်းရတော့မယ်။ ပါတီတွင်းမှာပဲ ဘယ်ဘက်ကရပ်တည်မလဲဆိုတာက အခရာကျလာပြီ။ ပါတီတွင်းမှာ ဒေါ်စုအနေအထားနဲ့ ဒေါ်စုအဆုံးအဖြတ်ဟာ အင်န်အယ်လ်ဒီ့အနာဂတ်ဖြစ်ရဦးမှာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၂၊ ၂၀၁၈)

Thursday, October 11, 2018

လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာများပြားတာ ပြဿနာမဟုတ်ပါ(ဝသန်ဦး)

0 comments
လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာ များပြားတာ ပြဿနာမဟုတ်ပါ(ဝသန်ဦး)
၂၁ စာစဉ် အမှတ်(၁၃) မတ်လ ၉ ရက် ၂ဝဝ၉ ခုထုတ်မှာပါတဲ့ ဝသန်ဦးရဲ့(လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်တဲ့ဘာသာ များပြားတာ ပြဿနာမဟုတ်ပါ)ဆိုတဲ ဆောင်းပါးကို တပုဒ်လုံးရိုက်မတင်တော့ပဲ အနှစ်ထုတ်ချက်လုပ်ပြီး တင်ပါမယ်။ ဇယားတွေဟာ အရေးကြီးတာမှန်ပေမယ့် ဖတ်သူတွေမျက်စေ့ရှုပ်မစိုးလို့ ဇယားတွေကိုအချက်အလက်လုပ်ပြီး ဖော်ပြမှာဖြစ်ပါတယ်။

သူက…
အရှေ့တောင်အာရှဟာ ဘာသာစကားစုံတဲ့အရပ်ဖြစ်တယ်၊ အဲ့ဒီထဲမှာ ဗမာပြည်လည်းပါတယ်။ ဒါ့ကြောင့် ဘာသာဗေဒပညာရှင်တွေ စိတ်ဝင်စားကြတယ်၊ ဒီမိုကရေစီထွန်းကား၊ ငြိမ်းချမ်းရေးရှိ၊ တန်းတူရှိကြရင် လူမျိုးစုံဘာသာစကားစုံနဲ့ ခေတ်မီနိုင်ငံဖြစ်မယ်၊ မနုဿဗေဒနဲ့ ဘာသာစကားဗေဒပညာရှင်တွေအတွက် ပိဋကတ်တိုက်ကြီးဖြစ်လိမ့်မယ်။ လက်ရှိအခြေအနေက ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကား တိမ်ကော၊ ပျက်ဆီးယိုယွင်းမယ့်အန္တရာယ် ကြုံနေရတယ်၊ ပညာရှင်တွေ ရင်မနေကြတယ်။
ဗမာပြည်မှာ လူမျိုးလိုက်လူဦးရေ၊ ဘာသာစကားလိုက်လူဦးရေ အတိအကျကောက်ယူခြင်း တခါမှ မရှိခဲ့ပါ။ အနီးစပ်ဆုံးခန့်မှန်းချေသာ ရှိတယ်။

၁၉၁၇ ခု၊ ကိုလိုနီခေတ်က ဗမာပြည်လူမျိုးစုများရေးရာစစ်တမ်း (The Ethnological Survey of Burma)လို့ခေါ်တဲ့ဟာမှာ လူမျိုး၊ ဘာသာ စကားနဲ့ဦးရေကို အောက်ပါအတိုင်းဖော်ပြထားတယ်။
ဘာသာစကားလူမျိုးစုကြီးကိုခွဲရာမှာ
မြန်မာစုထဲမှာ ဘာသာစကားငယ်ပေါင်းက ၁၆ ခု၊ လူဦးရေက ၉၈၆၂၆၉၄၊
ကရင်စုထဲမှာ ဘာသာစကားငယ်ပေါင်း ၁၇ ခု၊ လူဦးရေက ၁၃၄၈ဝ၆၆၊
တိုင်း(ရှမ်း)စုမှာ ဘာသာစကားငယ်ပေါင်း ၁၈ ခု၊ လူဦးရေ ၁ဝ၂၁၉၁၇၊
ကူကီးချင်းစုမှာ ဘာသာစကားငယ်ပေါင်း ၄၅ ခု၊ လူဦးရေ ၃၄၃၈၆၄၊
မွန်စုမှာ ဘာသာစကားငယ်ပေါင်း ၁ ခု၊ ၃ဝ၅၂၉၄၊
ပလောင်စုမှာ ဘာသာစကားငယ်ပေါင်း ၁၁ ခု၊ လူဦးရေ ၁၇၆၁၂၄၊ ကချင်စုမှာ ဘာသာစကားငယ်ပေါင်း ၉ ခု၊ လူဦးရေ ၁၅၃၈၉၇၊
လိုလိုမူဆိုစုမှာ ဘာသာစကားငယ်ပေါင်း ၁၂ ခု၊ လူဦးရေ ၉၃ဝ၅၂၊
ဆက် စုမှာ ဘာသာစကားငယ်ပေါင်း ၆ ခု၊ လူဦးရေပေါင်း ၃၅၂၃၇၊
မရိုစုမှာ ဘာသာစကားငယ်ပေါင်း ၁ ခု၊ လူဦးရေပေါင်း ၁၄ဝ၄၆၊
မလေးစုမှာ ဘာသာစကားငယ်ပေါင်း ၂ ခု၊ လူဦးရေ ၆၃၆၈ လို့တွေ့ရတယ်။ လူမျိုးစုကြီးပေါင်း (၁၁)မျိုး၊ ဘာသာစကားငယ်ပေါင်း ၁၃၁ မျိုး၊ လူမျိုးနွယ်ပေါင်း ၅၅ မျိုးဖြစ်တယ်။ ဗမာပြည်ထဲကိုဆင်းသက်လာတဲ့ လူမျိုးနွယ်ကြီး ၃ ခုကတော့ တိဗက်တိုဘားမင်း၊ မွန်ခမာနဲ့ တိုင်တရုတ်တို့ ဖြစ်တယ်။ တိဗက်တိုဘားမင်းထဲမှာ မြန်မာနဲ့မြန်မာမျိုးတူစု၊ ချင်းနဲ့ကချင်လူမျိုးစု၊ လိုလိုလူမျိုးစုတွေပါတယ်။

မြန်မာနဲ့မြန်မာမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက မြန်မာ၊ ရခိုင်၊ ယမ်းဗြဲ၊ ကဒူး၊ ဖုန်၊ မရူ၊ လရှီ၊ အက်ဆီး၊ နမ်း၊ ဒရူး၊ တောင်ရိုး၊ တမန်း၊ ယော၊ မရို၊ ချောင်းသား၊ ထားဝယ်သား၊ မြိတ်သား၊ မိုင်းသား၊ အင်းသား၊ ဓနုတို့ဖြစ်တယ်။
ချင်း၊ ကချင်လူမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက ချင်း၊ ကချင်၊ နာဂ၊ ဂေါရီ၊ ဒူးလင်းတို့ဖြစ်တယ်။
လိုလိုလူမျိုးစုကနေပေါက်ဖွားတဲ့ လူမျိုးငယ်တွေက လိုလို၊ လီစူ(ဝါ)ယောယင်၊ လားဟူ၊ မူဆို၊ ကော၊ အာကိုတို့ဖြစ်တယ်။

တိဗက်တိုဘားမင်းအုပ်စုမှာ လူမျိုးစုပေါင်း ၃၂ မျိုးရှိတယ်။ (အမည်နဲ့တကွ ဖော်ပြထားတာမတွေ့ရပါ)
မွန်ခမာအနွယ်ကြီးမှ လူမျိုးစု ၁၂ ဆင်းသက်လာတယ်။ အဲ့ဒါတွေက မွန်(ဝါ)တလိုင်း၊ ဝ၊ လာ၊ ပလောင်၊ ပလဲ၊ မီအို၊ ယာအို၊ ရီဟန်၊ ပဒေါင်၊ ဗရဲ၊ ယင်းဘော်၊ ဇရိန်းတို့ဖြစ်တယ်။ (ဒီအစုမှာ ၁၂ စုဖြစ်ပါတယ်)
တိုင်(ရှမ်း)တရုတ်အနွယ်ကြီးမှာ ရှမ်း၊ ကရင်၊ ယိုးဒယား၊ ခွန်း၊ လူ၊ လာအို၊ ရှမ်းတရုတ်၊ ရှမ်းဗမာ၊ တောင်သူ၊ လမ်း စတာတွေပါဝင် တယ်။ (နောက်တခု ပါပါသေးတယ်။ ဖော်ပြမထားပါ။ ဒီအစုမှာ ၁၁ စုဖြစ်ပါတယ်)။ အားလုံးပေါင်းတော့ လူမျိုး ၅၅ မျိုးဖြစ်တယ်။ ဘာသာ စကားပေါင်း ၁၃၁ မျိုးရှိတယ်။ (မှတ်ချက်။ ။ ပေါင်းကြည့်တော့ ၁၃၈ ဖြစ်နေပါတယ်။ မူရင်းဆောင်းပါးမှာ စာရိုက်မှားတာ ဖြစ်နိုင်ပါတယ်) ဒီတင်ပြချက်မှာပါတဲ့ ဘာသာစကားအရလူမျိုးစုကြီး၊ ဘာသာစကားငယ်နဲ့ လူဦးရေစုစုပေါင်းဆိုတာ ပညာရှင်တွေရဲ့ သုတေသနပြုချက် ဖြစ်တယ်။

ဝိဓူရသခင်ချစ်မောင်က ၁ဝ လပိုင်း၊ ၃ ရက်၊ ၁၉၆၂ ခုနှစ် “ရှမ်းမူနဲ့ပြည်ထောင်စုနိုင်ငံရေး”အမှာစကားမှာ ဒီစာရင်းဇယားကို ကိုးကားအားပြုပြီး ဗမာပြည်မှာ လူမျိုး ၅၅ မျိုး၊ ဘာသာစကား ၁၃၁ မျိုးလို့ ထည့်သွင်းပြောကြားခဲ့တယ်။

နဝတ တက်လာပြီး ၈ လပိုင်း၊ ၁၁ ရက်၊ ၈၉ နေ့ထုတ် လုပ်သားသတင်းစာမှာ ဉာဏ်ထက်ကလောင်အမည်နဲ့ “မြန်မာ့အခြေခံ ဥပဒေများ သိကောင်းစရာ”ဆိုတဲ့ဆောင်းပါး ပါလာတယ်။ အဲ့ဒီဆောင်းပါးမှာ လူမျိုးလိုက်လူဦးရေဇယားဆိုပြီး ပါတယ်။ အဲ့ဒီမှာပြထားတာက ကချင်လူမျိုးအုပ်စုမှာ လူမျိုး ၁၂ မျိုး၊ ကယားလူမျိုးအုပ်စုမှာ လူမျိုး ၉ မျိုး၊ ကရင်လူမျိုးအုပ်စုမှာ လူမျိုး ၁ဝ မျိုး၊ ချင်းလူမျိုးအုပ်စုမှာ လူမျိုး ၅၃ မျိုး၊ မြန်မာလူမျိုးအုပ်စုမှာ လူမျိုး ၉ မျိုး၊ မွန်လူမျိုးအုပ်စုမှာ လူမျိုး ၁ မျိုး၊ ရခိုင်လူမျိုးအုပ်စုမှာ လူမျိုး ၇ မျိုး၊ ရှမ်းလူမျိုးအုပ်စုမှာ လူမျိုး ၃၃ မျိုး။ စုစုပေါင်းလူမျိုး ၁၃၅ မျိုးလို့ ဖြစ်နေတယ်။ (မှတ်ချက်။ ။ ပေါင်းကြည့်တော့ ၁၃၄ ဖြစ်နေပါတယ်။ မူရင်းဆောင်းပါးမှာ စာရိုက်မှားတာဖြစ်နိုင် ပါတယ်) ဝိဓူရသခင်ချစ်မောင်ပြောတဲ့ လူမျိုး ၅၅ မျိုးနဲ့ ဘာသာစကားပေါင်း ၁၃၁ မျိုးနေရာမှာ ၄ မျိုးတိုးလိုက်ပြီး လူမျိုး ၁၃၅ မျိုးဆိုတာ လုပ်ပစ်လိုက်တာတာပါပဲ။ ဒီစာရင်းဇယားတွေအားလုံးဟာ အနီးစပ်ဆုံးခန့်မှန်းခြေ စာရင်းတွေဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးတော့လည်း ဒီမိုကရေစီမထွန်းကား၊ တန်းတူရေးမရှိ၊ အမျိုးသားစည်းလုံးမှုပြိုကွဲတာတွေဖြစ်တယ်။ နိုင်ငံရေး အစိုးရဆိုတဲ့ ဖဆပလခေတ်မှာတောင် လူမျိုးကြီးဝါဒပဲကျင့်သုံးတယ်။ ၆၂ နောက်ပိုင်းကျတော့ စစ်အာဏာရှင်ဖြစ်လာပြီး ပိုဆိုးကုန်တယ်။ ငြိမ်းချမ်းရေးမရှိ၊ ဒီမိုကရေစီမရှိ၊ တန်းတူရေးမရှိ၊ လူမျိုးစုတချို့ မိမိဘာစကား၊ စာပေ ပပျောက်၊ တပြည်လုံး ပညာရေး၊ ယဉ်ကျေးမှုအဆင့် အတန်းနိမ့်ကျ၊ ကမ္ဘာ့အလယ် သိက္ခာမဲ့နိုင်ငံအဖြစ် ပြည်ဆင်းရဲဘဝရောက်ရတယ်။ လူဦးရေစာရင်းဇယား အတိအကျမဖော်ထုတ်နိုင်၊ တခါ ခန့်မှန်းချေလောက် ထုတ်နိုင်တဲ့ဟာလေးကိုင်ပြီး သွေးခွဲအုပ်ချုပ်ဖို့နဲ့ လူမျိုးကြီးဝါဒကျင့်သုံးဖို့ရည်ရွည်ချက်နဲ့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။ လက်တွေ့ လည်းလုပ်တယ်။ ဒါ့ကြောင့် လူမျိုးရေးမုန်းတီးစိတ်၊ မယုံသင်္ကာမှုတွေဖြစ်လာရတယ်။ ခံစားနေရတဲ့အခြေခံတူနေကြတာတောင် သိအမှုအရ ကြတော့ သူ့လူမျိုးက ငါ့လူမျိုးကိုနှိမ်တယ်၊ ငါ့လူမျိုးက ပိုခံရတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ တကယ်က ပိန်မသာလိန်မသာတွေချည်း ဖြစ်တယ်။
နဝတ၊ နအဖ စစ်အစိုးရက လူမျိုးစုကို ၁၃၅ စုလုပ်လိုက်တဲ့အပြင် ပုံတောင်ပုံညာမှာ သက်တမ်းရင့်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း တွေ့တာနဲ့ လူသားအစ မြန်မာက ဆိုပြီးပြောတယ်။ တခါ နောက်တဆင့်ထပ်တက်ပြီး မြန်မာ့မြေပေါ်မှာ လူတွေ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄ဝ ကတည်းက နေလာတာဖြစ်လို့ မြန်မာအစမြန်မာကဆိုပြီး ဗိုလ်သန်းရွှေက ထွက်ပြောလိုပြောတွေပါ လုပ်လာတယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်တပ်ပြီး ဗမာလူမျိုးကြီးဝါဒလှုံ့ဆော်ရေးတွေ လုပ်တယ်။ အဲ့ဒီဒဏ်ကို တရုတ်၊ ကုလားအပါအဝင် ဗမာနိုင်ငံသားတွေ အားလုံးခံရတယ်။
ပဒေသရာဇ်ခေတ်မှာ ဗမာပြည်နယ်နိမိတ် အခိုင်အမာသတ်မှတ်ထားတာ မရှိပါ။ မိမိနဲ့အခြားပဒေသရာဇ်တွေအပေါ် သြဇာလွှမ်းမိုးမှု အပေါ်မူတည်ပြီး အဲ့ဒီပဒေသရာဇ်ရဲ့ နိုင်ငံနယ်ပယ်လို့ ပြောကြတာဖြစ်တယ်။ ဗမာပဒေသရာဇ်က ရှမ်းပဒေသရာဇ်တွေအပေါ် လွှမ်းမိုးတဲ့အခါ ရှမ်းပြည်ဟာ ဗမာပြည်ထဲပါလာတာမျိုးပါ။ မွန်ပဒေသရာဇ်တွေအပေါ် ဗမာပဒေသရာဇ်က သြဇာလွှမ်းတယ်စစ်နိုင်တယ်ဆို မွန်ပဒေသရာဇ်ရဲ့ နယ်တွေအားလုံး ဗမာပဒေသရာဇ်ရဲ့နိုင်ငံ ဖြစ်တာမျိုးပါ။ ရခိုင်ပဒေသရာဇ်တွေအပေါ်လည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ ရခိုင်၊ ရှမ်း၊ မွန် စတဲ့ပဒေသရာဇ်တွေ သြဇာလွှမ်းရင်လွှမ်းသလောက် သူတို့နယ်ပယ်တွေကျယ်လာပြီး ဗမာပဒေသရာဇ်တွေရဲ့နယ်ပယ်တွေ ကျုံ့သွားတာမျိုးပါ။ ဒါတွေက မင်းပြောင်းမင်းလွဲတွေဖြစ်တိုင်း တွေ့ရတတ်ပါတယ်။

ဗြိတိသျှကိုလိုနီဖြစ်သွားတော့ ဗမာပြည်ကို အိန္ဒိယရဲ့ပြည်နယ်တခုအဖြစ်ထားပြီး ၁၉၃၇ ရောက်မှ သီးခြားကိုလိုနီတိုင်းပြည်ဆိုပြီး ခွဲထုတ်တာဖြစ်တယ်။ ဒါတောင် ဗမာပဒေသရာဇ်ကိုသာ ဖြုတ်ချခဲ့ပေမယ့် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသတွေက ပဒေသရာဇ်တွေကို အင်္ဂလိပ်သစ္စာခံတွေအဖြစ်ထားပြီး နဂိုအတိုင်း ပိုနေမြဲကျားနေမြဲထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနယ်တွေလည်း အင်္ဂလိပ်ကသတ်မှတ်တဲ့ သီးခြား ကိုလိုနီတိုင်းပြည် နယ်နိမိတ်ထဲမှာပါပါတယ်။ အဲ့ဒီတုန်းက သူသတ်မှတ်ခဲ့တဲ့ နယ်နိမိတ်ဟာ လွတ်လပ်တဲ့ဗမာပြည်ရဲ့နယ်နမိတ်၊ ဒီနေ့ခေတ် ဗမာပြည်နယ်နိမိတ်ဖြစ်လာတယ်။ နယ်နမိတ်ဆိုင်ရာပြဿနာနဲ့အငြင်းပွားမှုတချို့ ရှိတာမှန်ပေမယ့် အကြမ်းအားဖြင့်တော့ အင်္ဂလိပ်နယ်ချဲ့ သတ်မှတ်ခဲ့တဲ့ နယ်နိမိတ်ဟာအတည်ဖြစ်နေတယ်။

ဒီလို နယ်နိမိတ်သတ်မှတ်တဲ့အခါ နယ်နိမိတ်မျဉ်းတွေဟာ လူမျိုးတွေရဲ့ဒေသတော်တော်များများကို ဖြတ်သွားကြတယ်။ အိန္ဒိယ-ဗမာ နယ်နိမိတ်မျဉ်းဆွဲတဲ့အခါ နာဂ၊ ချင်း၊ ကသည်းစတဲ့လူမျိုးတွေရဲ့ဒေသတွေကို ဖြတ်သွားပါတယ်။ ဒါ့ကြောင့် ဗမာပြည်ဘက်ကျရောက်တဲ့ နာဂ တွေ၊ ချင်းတွေ၊ ကသည်းတွေဟာ ဗမာတိုင်းရင်းသားတွေဖြစ်ပြီး အိန္ဒိယဘက်ကျရောက်သွားတဲ့ ချင်းတွေ၊ နာဂတွေ၊ ကသည်းတွေကတော့ အိန္ဒိယတိုင်းရင်းသားတွေ ဖြစ်ကုန်ပါတယ်။ တရုတ်-ဗမာ နယ်နိမိတ် သတ်မှတ်တဲ့အခါ ဂျင်းဖေါ(ကချင်)၊ ရှမ်း၊ လီရှော၊ တရုတ်၊ ဝ၊ အခါစတဲ့ လူမျိုးတွေဟာ နှစ်နိုင်ငံလုံးမှ ကျတဲ့နိုင်ငံဘက်လိုက်ပြီး အဲ့ဒီနိုင်ငံရဲ့တိုင်းရင်းသားတွေ ဖြစ်ကုန်ပါတယ်။ ဗမာပြည်ဘက်ပါတဲ့ ကိုးကန့်တရုတ် ဟာ ဗမာတိုင်းရင်းသားပါ။ တရုတ်ပြည်ဘက်ပါသွားတဲ့ ဂျင်းဖေါ(ကချင်)၊ ရှမ်း၊ လီရှော၊ တရုတ်၊ ဝ၊ အခါ စတာတွေကတော့ တရုတ်တိုင်းရင်း သားတွေဖြစ်ကုန်ပါတယ်။ ထိုင်း-ဗမာနယ်နိမိတ်မျဉ်းကိုဆွဲလိုက်တဲ့အခါမှာ ဗမာပြည်ဘက်ပါလာတဲ့ လားဟူ၊ ရှမ်း၊ ကရင်၊ မွန်တွေဟာ ဗမာ တိုင်းရင်းသားတွေဖြစ်ပြီး ထိုင်းဘက်ပါသွားတဲ့သူတွေကတော့ ထိုင်းရဲ့ တိုင်းရင်းသားတွေဖြစ်ကုန်ပါတယ်။ နယ်နိမိတ်ခွဲပြီး အမျိုးသားဖွဲ့တည်မှု လုပ်လို့ နိုင်ငံတွေကွဲကုန်ကြပေမယ့် နယ်နိမိတ်တလျှောက် နေသူတွေကတော့ မပြတ်ကူးလူးဆက်သွယ်နေတာ၊ တဘက်နဲ့ တဘက် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်နေတာတွေ တောက်လျှောက်ရှိနေပါတယ်။ ခုထိလည်း မပြီးဆုံးသေးပါဘူး။

ရိုဟင်ဂျာဆိုတာ ဒီပြဿနာပါပဲ။ အိန္ဒိယ-ဗမာနယ်နိမိတ်သတ်မှတ်လိုက်တဲ့အခါ ဘင်္ဂလားနယ်သားအချို့ ဗမာပြည်ဘက်အခြမ်းမှာ နေထိုင်ပြီးသားဖြစ်နေပါတယ်။ အိန္ဒိယပြည်လွတ်လပ်ရေးရတော့ အဲ့ဒီ အိန္ဒိယ-ဗမာ နယ်နိမိတ်အပိုင်းဟာ ဗမာ-အရှေ့ပါကစ္စတန် နယ်နိမိတ် ဖြစ်လာပြီး အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်ရယ်လို့ဖြစ်လာတဲ့အခါ ဒီနယ်နိမိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်-ဗမာနယ်နိမိတ်ဖြစ်လာပါတယ်။ ဘူးသီးတောင်၊ မောင်းတောဘက်မှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ ဗမာတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့လည်း ဟိုဘက်ဒီဘက် ကူးလူးနေထိုင် လုပ်ကိုင်စားသောက်တာတွေ ရှိပါတယ်။ အဲ့ဒီရိုဟင်ဂျာတွေကို လွတ်လပ်ရေးရပြီး ဖဆပလအစိုးရကစလို့ အစိုးရအဆက်ဆက် ဟာ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုချင်ကြပါဘူး။ နအထ လက်ထက်ကျတော့ ရိုဟင်ဂျာတွေကို ဗမာပြည်လူမျိုးတမျိုး အနေနဲ့တောင်မရှိဘူးဆိုပြီး ငြင်းပယ်နေတာပါ။

၁၉၁၇ စစ်တမ်းမှာပါတဲ့ ဆက်လူမျိုးဆိုတာ အခုမတွေ့ရတော့ပါဘူး။ ရှမ်းပြည်နယ် မိုးနဲ၊ လင်းခေး၊ မောက်မယ်မြို့တွေအကြားရှိ ဘတိဂံနယ်မြေတောင်ကြောကို လွိုင်ဆက်လို့ခေါ်ပါတယ်။ အဲ့ဒီမှာ ဆက်လူမျိုးတွေနေခဲ့ကြပါတယ်။ အခုတော့ အဲ့ဒီမှာ သူတို့ကိုယ်သူတို့ ဆက်တွေလို့သိပေမယ့် ရှမ်းစကားပဲပြောတတ်ကြတော့တယ်။ သူတို့ကိုယ်သူတို့လည်း ရှမ်းတွေ၊ တွိုင်းလုံတွေလွှိုခေါ်တာကိုပဲ လက်ခံလိုက် ကြပါပြီ။ ၁၉၈၄ ခုနှစ်မှာ ဆက်စကားပြောတတ်သူ ဆက်ဘုန်းတော်ကြီးပျံလွန်သွားတဲ့အတါက် ဆက်စကားပြောသူ ကမ္ဘာပေါ်မှာ တဦးတယောက်မှ မရှိတော့ပါဘူး။ ဆက် ဘာသာစကားဟာ လုံးဝပျောက်ကွယ်သွားပြီး ဆက်လူမျိုးတွေလည်း တွိုင်းလိုင်တွေဖြစ်ကုန် ကြပါတယ်။

အခု လူမျိုးစုတချို့တွေ ဒုက္ခသည်ဘဝရောက်နေပါတယ်။ အဲ့ဒါတွေဟာ နိုင်ငံမဲ့သူတွေဖြစ်ဖို့အကြောင်းများပါတယ်။ ဗမာပြည်က ရိုဟင်ဂျာတွေကတော့ လက်ရှိဗမာပြည်စစ်အစိုးရရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေအရ နိုင်ငံမဲ့သူတွေဖြစ်နေပါပြီ။ ဗမာပြည်လူမျိုးကြီး ဝါဒနဲ့ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်တွေရှိနေသရွေ့ ဒီအမြင်တွေပေါက်ဖွားစေတဲ့ စစ်အစိုးမျိုးရှိနေသရွေ့ ဗမာပြည်ဟာ ဒီဒုက္ခဝဲသြဃကနေ မထွက်နိုင်ပဲဖြစ်နေမှာပါ။ မျက်ကန်းမျိုးချစ်ဝါဒ၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့အမျိုးသားရေးအမြင်တွေကို ကျော်နင်းပြီး မှန်ကန်တဲ့ တိုင်းချစ် ပြည်ချစ်ဝါဒ၊ လူမျိုးစုံသွေးစည်းညီညွတ်ရေးစိတ်ဓာတ်နဲ့ တမျိုးသားလုံးစည်းလုံးညီညွတ်ရေးအမြင်ကို စိုက်ထူနိုင်မှသာလျှင် လူမျိုးစုံတန်းတူ ရည်တူဆက်ဆံပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တကယ့်ပြည်ထောင်စုနိုင်ငံတခု ထူထောင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံမျိုးမှာသာ ဒီမိုကရေစီထွန်းကား မှာပါ၊ အပြန်အလှန်ဆိုရရင် ဒီမိုကရေစီမထွန်းကားရင် မှန်ကန်တဲ့တိုင်းချစ်ပြည်ချစ်စိတ် မရှိ၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့အမျိုးသားရေး အမြင် မကျော်နင်းနိုင်၊ အမျိုးသားစည်းလုံးညီညွတ်မှုမရှိနိုင်၊ စစ်မှန်တဲ့ပြည်ထောင်စုဆိုတာ မရှိနိုင်၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ ဝေစည်ထွန်းကားတဲ့တိုင်းပြည် မဖြစ်နိုင်ပါ။

လက်တွေ့နိုင်ငံရေးမှာတော့ ထင်သလောက်မရှင်းပါ။ ရှုပ်ထွေးနေပါတယ်။ သိမ်မွေ့ပါတယ်။ ခက်ခဲပါတယ်။ ခုနေမှာ ဥပဒေတွင်း၊ ဥပဒေပ၊ လက်နက်ကိုင်၊ ပြည်ပထွက် ဆန့်ကျင်ဖွင့်ချ၊ သံခင်းတမန်ခင်းတိုက်ပွဲတွေ အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ အဲ့ဒါတွေမှာ လူမျိုးစုံပြည်သူတွေဘက်ကရပ်ပြီး စစ်အုပ်စုကိုဆန့်ကျင်တိုက်ပွဲထဲက ဘယ်တိုက်ပွဲလမ်းကြောင်းကို စွဲကိုင်စွဲကိုင် တဦးနဲ့တဦး ထိပ်တိုက ရင်ဆိုင်တိုးမိတဲ့အခြေအနေမဖြစ်အောင် ဂရုစိုက်ရှောင်ရှားကြပြီး တခုနဲ့တခု အထောက်အကူဖြစ်အောင် သတိဝီရိယကြီးကြီး ရည်ရွယ်ချက် ကောင်းကောင်း ထားကြမယ်ဆို ကိုယ့်ကျရာကဏ္ဍက ကိုယ့်တာဝန်ကို အကောင်းဆုံး အကျေပွန်ဆုံး ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်ရင် ဘုံရန်သူကို ဘုံလုပ်ငန်းစဉ်နဲ့တိုက်တာ ဖြစ်သွားမှာကြောင့် အောင်မြင်ဖို့သေချာပါတယ်။ တူတာတွဲလုပ်ပြီး မတူတာခွဲလုပ်ကြဖို့ ဖြစ်ပါတယ်။ တူတာတွဲလုပ်တဲ့အခါမှာလည်း တဦးအပေါ်တဦး နားလည်ယုံကြည်မှု အပြည့်ရှိရပါမယ်။ နားလည်ယုံကြည်မှုမရှိရင် တွဲလုပ်တာ မှာလည်း အဆင်မပြေသလို၊ ခွဲလုပ်တဲ့အခါမှာတော့ အစည်းပြေစေတာဖြစ်သွားတတ်ပါတယ်။ အပြန်အလှန် လေးစား နားလည်ယုံကြည်မှု သာရှိကြရင် လူမျိုးစုံတာ၊ ဘာသာစကားများပြားတာ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာ များပြားတာဟာ ပြဿနာမဟုတ်ပါ။ လက်တွေ့နိုင်ငံရေး မှာ တဦးကိုတဦး အပြန်အလှန်အသိအမှတ်ပြု၊ အပြန်အလှန်လေးစား၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုရှိရေးဟာ အရေး အကြီးဆုံးဖြစ်ပါတယ်။

သွေးဆေးကန် ဆိုတာ(ရန်နောင်စိုး)

0 comments
သွေးဆေးကန် ဆိုတာ

ဒီမနက်စောစော လမ်းထွက်လျှောက်တာ ရွှေတိဂုံဘုရားမြောက်မုခ် သွေးဆေးကန်ထဲက ပန်းခြံလေးအထိရောက်ခဲ့ပါတယ်။ သွေးဆေးကန်ဆီရောက်တော့ ကန်နဲ့တစ်ဆက်တည်းရှိနေတဲ့ ပန်းခြံလေးကိုသဘောကျသွားတာနဲ့ ခုံတန်းလေးတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ လမ်းလျှောက်တာကိုလည်း အဆုံးသတ်လိုက်ပါတယ်။

ပန်းခြံလေးထဲ လာထိုင်ရတာ စိတ်လက်ကြည်လင် လန်းဆန်းပြီး သိပ်ကိုအမောပြေတာပါ။ ပန်းခြံလေးထဲထိုင်နေရင်းက ကိုယ့်မျက်စိအရှေ့မှာ မြင်နေရတဲ့သွေးဆေးကန်အကြောင်း မှတ်သားခဲ့ဖူးလေးတွေ ပြန်ပြီးသတိရလာနေမိပါတယ်။ ကျွန်တော့မျက်နှာစာအရှေ့မှာ သွေးဆေးကန် သမိုင်းကြောင်းကို သရုပ်ဖော်ထားတယ်လို့ထင်ရတဲ့ ပလာစတာအရုပ်တွေ ပြုလုပ်ထားကိုတွေ့နေရတာပါ။ မြန်မာအမျိုးသားကြီးတစ်ယောက် ဓားသွေးနေတဲ့ရုပ်ထုတစ်ခုနဲ့ အမျိုးသားကြီးတစ်ဦးနဲ့ အမျိုးသမီးငယ်တို့ သွေးပေကျံနေတဲ့ဓားကို ဆေးကြောနေတဲ့ဟန် ရုပ်ထုတွေထုလုပ် ထားတာ သိပ်ကိုအသက်ဝင်ပါတယ်။
ရွှေတိဂုံဘုရားဆီ အခေါက်ပေါင်း မရေတွက်နိုင်အောင် ရောက်နေတတ်တဲ့ကျွန်တော်က သွေးဆေးကန်ထဲကိုတော့ အခုမှ ပထမဆုံးတစ်ခါ ရောက်ခဲ့ဖူးတာပါ။ ဒီကန်ထဲမရောက်ဖူးပေမယ့် သွေးဆေးကန်အပြင်ဘက် ဘုရားပတ်လမ်းနဘေးမှာစိုက်ထူထားတဲ့ ကျောက်စာချပ်ကိုတော့ တွေ့ဖူးနေကျဖြစ်ပါတယ် ။ အဲဒီကျောက်စာချပ်မှာ …..

(သွေးဆေးကန်)
ဤကန်၌ မြန်မာသူရဲကောင်းများသည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ (ခရစ်နှစ် ၁၈၂၄ - ၂၆) နှင့် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ(ခရစ်နှစ် ၁၈၅၂ - ၅၄) တွင် မိမိ၏တိုက်ပွဲဝင် သွေးစွန်းသောဓားများကို ဆေးကြောခဲ့ကြသည်ဆိုပြီး အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ ရေးထိုးထားတာကိုလည်း ဖတ်ဖူးနေကျပါပဲ။ ဒါကြောင့် ကျွန်တော်အပါအဝင် လူတော်တော်များများက သွေးဆေးကန်သမိုင်းကြောင်းကိုပြောရင် အဲဒီကျောက်စာမှာ ပါတဲ့အတိုင်းပဲ ပြောကြလေ့ရှိပါတယ်။

ပထမနဲ့ ဒုတိယ မြန်မာ - အင်္ဂလိပ်စစ်ပွဲဖြစ်တဲ့အချိန်တွေတုန်းက အင်္ဂလိပ်နယ်ချဲ့တို့ကို ခုတ်ထစ်ထားလို့ မြန်မာမျိုးချစ်တို့ရဲ့ဓားမှာပေကျံနေတဲ့ သွေးတွေ ဆေးကြောသန့်စင်ရာကန်၊ ဓားတွေမှာပေနေတဲ့သွေးတွေ ဆေးတဲ့ကန်၊ ဒါကြောင့် သွေးဆေးကန်ဆိုပြီး အမည်တွင်လာတာ ဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ တကယ်တာ့ အဲဒီအဆိုက မမှန်နိုင်ပါဘူး။

သွေးပေနေတဲ့ဓားတွေကို ဆေးတဲ့ရေကန်မို့ သွေးဆေးကန်လို့ အမည်တွင်တယ်ဆိုတဲ့အချက် မမှန်ဘူးဆိုတာကို သက်သေပြလို့ရပါတယ်။
အမရပူရခေတ် (ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက်)မှာ အင်္ဂလိပ်သံကိုယ်စားလှယ် ကပ္ပတန် ဟီရမ်ကောက်စ် (Captain Hiram Cox) ဆိုသူ တစ်ယောက် မြန်မာပြည်ကို ရောက်ရှိလာခဲ့ပါတယ်။ သူရေးခဲ့တဲ့ Journal OF A Residence In The Buhrmann Empire မှာ ကောက်စ် က ရွှေတိဂုံဘုရားအနီးမှာ ကန်တစ်ကန်ရှိခဲ့ကြောင်း၊ အဲဒီကန်ကရေတွေဟာ ဆေးဖက်ဝင်ကြောင်း၊ အဲဒီလို ဆေးဖက်ဝင်တယ်ဆိုတာကို ဒေသခံ တိုင်းရင်းသားတို့နဲ့ ဥရောပတိုက်သားတို့ မသိရှိကြသေးဘူးဆိုပြီး မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။

ကောက်စ်ဟာ ရွှေတိဂုံအနီး ရေကန်တစ်ကန်ကရေတွေ ဆေးဖက်ဝင်ကြောင်း သူ့မှတ်တမ်းမှာရေးသားဖော်ပြရုံသက်သက် မဟုတ်ဘဲ သူကိုယ်တိုင် စူးစမ်းလေ့လာခဲ့ဟန်တူပါတယ်။ ရေကန်အနားက တောင်ကုန်းရဲ့ အပေါ်ဆုံးမြေလွှာမှာ စီလီကာကြွယ်ဝတဲ့ မြေလွှာပါးရှိကြောင်း၊ ဒုတိယမြေလွှာက သံဓာတ်ကြွယ်ဝကြောင်း၊ တတိယမြေလွှာကျတော့ မြေရောင်မှာ အနီ အဝါ အပြာရောင်ရှိတဲ့ သတ္တုရိုင်းတွေ ပိုမိုပါဝင် ကြောင်း၊ စတုတ္တမြေလွှာမှာ မြေစေးဖြူလွှာ ပါဝင်ကြောင်း၊ ပဉ္စမမြေလွှာမှာ သံသတ္တုရိုင်းပမာဏများပြားပြီး ဆာဖြူရစ်အက်ဆစ်ဓာတ် ကြွယ်ဝကြောင်း၊ ဆဌမအလွှာမှာတော့ စရစ်ဖြုန်းကျောက်လွှာဖြစ်ကြောင်း၊ သံသတ္ထုရိုင်းပမာဏနဲ့ ဆာလဖြူရစ်အက်ဆစ်ဓာတ်ပမာဏ ပိုများကြောင်း စတာတွေ ဖော်ပြထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကန်ထဲကရေကို စမ်းသပ်စစ်ဆေးပြီး တွေ့ရှိချက်များကိုလည်း မှတ်တမ်းမှာဖော်ပြထားခဲ့ပါတယ်။ အဲဒီမှတ်တမ်းမှာ …..
ဤရေတွင် သံသတ္တုသည် ဆာလဖြူရစ်အက်ဆစ်နှင့်ဓာတ်ပြု၍ သံသတ္တုဆား ပျော်ဝင်နေသောရေဖြစ်သည်။ ထို့အပြင် မဂ္ဂနီဆီယမ် အောက်ဆိုက် အနည်းငယ်နှင့် ပိုတက်ဆီယမ်ကလိုရိုဒ်ဓာတ်ဆားများပါ ပျော်ဝင်နေကြောင်း၊ သတ္တုများ ပျော်ဝင်သောရေ (Mineral Water) ဖြစ်သည်ဆိုပြီး ဖော်ပြထားတယ်လို့ သိရပါတယ်။

ဟီရမ်ကောက်စ် (Captain Hiram Cox) မှတ်တမ်းထဲမှာပါတဲ့ ရွှေတိဂုံဘုရားအနားကရေကန်ဆိုတာ သွေးဆေးကန်ကို ဆိုလိုတယ်ဆိုတာ ထင်ရှားပါတယ်။ ကောက်စ် က သူ စမ်းသပ်တွေ့ရှိခဲ့တဲ့ရေကန် (သွေးဆေးကန်)ထဲက ရေတွေဟာ ဆေးဖက်ဝင်တဲ့ရေဖြစ်ကြောင်း ဖော်ပြ ထားပြီး သူစမ်းသပ်လေ့လာ တွေ့ရှိချက်တွေကိုပါ မှတ်တမ်းမှာဖော်ပြထားတယ်လို့ဆိုပါတယ်။ သွေးဆေးကန်ထဲကရေတွေဟာ ဆေးဖက်ဝင်တဲ့ရေတွေဖြစ်ကြောင်းကို သက်သေထူဖို့ အတွက် သူ့ရဲ့ စမ်းသပ်တွေ့ရှိချက်တွေကိုပါ ဖော်ပြထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကောက်စ်က သူ့မှတ်တမ်းမှာ သွေးဆေးကန်ကရေတွေဟာ ဆေးဖက်ဝင်ရေဖြစ်တယ်ဆိုတာကို ဒေသခံတိုင်းရင်းသားတို့နဲ့ ဥရောပတိုက် သားတို့ မသိရှိကြသေးဘူးဆိုပြီး မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ အဲဒီ ဆေးဖက်ဝင်ရေအကြောင်းကို အမရပူရ နေပြည်တော်က ဘိုးတော်ဘုရား ဗဒုံမင်းသိနေပါတယ်။ ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ သူ့နိုင်ငံထဲက ထူးခြားတဲ့နေရာတစ်ခုအကြောင်း သိနေတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါမှမဟုတ် ကောက်စ် ဖော်ထုတ်ခဲ့လို့ ဆေးဖက်ဝင်ကန်ရေအကြောင်း ဗဒုံမင်းသိသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဘိုးတော်ဘုရားဟာ 1811 ခုနှစ် နိုဝင်ဘာလ 5 ရက်နေ့စွဲနဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

အမိန့်တော်ကတော့
……………. ရန်ကုန်မြို့  ၊ သွေးဆေးကန်က ရေလုံးရေ ၁ဝ ကို ဟံသာဝတီမြို့ဝန်က ရွှေဖဝါးတော်အောက် ကောင်းမွန်အောင် ဆောင်ယူ ဆက်သလှာစေ …….. ဖြစ်ပါတယ် ။

ဒီနေရာမှာ ဟီရမ်ကောက်စ် (Captain Hiram Cox) မှတ်တမ်းထဲမှာပါတဲ့ကန်ရေ ဆေးဖက်ဝင်တယ်ဆိုတဲ့ကိစ္စကို အသာထားလို့ ဘိုးတော်ဘုရားရဲ့အမိန့်တော်ကိုပဲ အရင်လေ့လာကြည့်ကြရအောင်ပါ။

အဲဒီအမိန့်တော်ကိုကြည့်ရရင် ရွှေတိဂုံအနားကရေကန်ဟာ ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက် (အေဒီ 1782 – 1819) ကတည်းက သွေးဆေးကန်ဆိုတဲ့နာမည်နဲ့ ထင်ရှားနေပြီးသားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ တနည်းအားဖြင့်ပြောရရင် 1811 ခုနှစ်ကတည်းက သွေးဆေးကန်လို့ အမည်တွင်နေတဲ့ကန်ဟာ ပထမနဲ့ဒုတိယ မြန်မာ-အင်္ဂလိပ်စစ်ပွဲတွေဖြစ်တဲ့အချိန် (1824-26 ခုနှစ်/1852-54 ခုနှစ်) တွေကျမှ ဓားတွေကသွေးကိုဆေးခဲ့လို့ သွေးဆေးကန်ဆိုပြီး အမည်တွင်ခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ဆိုချင်တာပါ။

ဘိုးတော်ဘုရားရဲ့အမိန်တော် အထောက်ထားတစ်ခုကိုရလို့သာ အဲဒီအချိန်ကတည်းက သွေးဆေးကန်နာမည် ထင်ရှားနေပြီဖြစ်ကြောင်း ပြောရတာဖြစ်ပါတယ်။ တကယ်တော့ အဲဒီအချိန်ထက်စောရင် စောနိုင်သေးတာပါ။ ဘာကြောင့် သွေးဆေးကန်လို့ ခေါ်ဆိုတယ်ဆိုတာ ကတော့ ပဟေဠိတစ်ခုအဖြစ်နဲ့ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ 
( ရေးသူ = ရန်နောင်စိုး )
အကိုးအကား ။ ။ နှစ်လေးဆယ် သမိုင်းရှာပုံတော် (ဒေါက်တာကျော်ဝင်း)ဒီနေရာကယူတာပါ https://www.facebook.com/yannaung.soe.1422…

Wednesday, October 10, 2018

မစင်ထက်ရွံစရာတွေ(မျိုးမြင့်ချို)

0 comments
(မစင်ထက်ရွံစရာတွေ)
မီဒီယာမှာ ဘက်ရှိတယ်။ ဘက်လိုက်တယ်။ ဘက်လိုက်ရတယ်။ ဘက်လိုက်နေရတယ်။ ဘက်ဆိုတဲ့သဘောကိုက ဘက်လိုက်နေတာဖြစ်တယ်။

အလဲဗင်န်းကမောင်တွေ ဘက်လိုက်တာ ဘာမှမဆန်းဘူး။ မလိုက်ဘူးဆိုမှ ဆန်းမှာ။ ခက်တာက အဲ့လိုဆန်းတဲ့မီဒီယာ ကမ္ဘာပေါ်က ဘယ်နေရာမှာမှမရှိတာပဲ။ ကိုယ်ရပ်တဲ့ဘက်နဲ့ သူရပ်တဲ့ဘက် မတူလို့ရတယ်။ ရန်သူဘက် မိတ်ဆွေဘက်အဖြစ် ဘက်ချ သတ်မှတ်ဆက်ဆံလို့ရတယ်။ ဆန့်ကျင်ဘက်ဖြစ်ရင် ဆန့်ကျင်လို့ရတယ်။ တိုက်ခိုက်လို့ရတယ်။ ကိုယ်ရပ်ခံတဲ့ဘက် မှန်မမှန်ကို ပစ္စုပ္ဗန်ကရော နှောင်းတချိန်သမိုင်းကရော ဆုံးဖြတ်တယ်။

ဗမာပြည်လက်တွေ့ပြဿနာက ဘက် ၂ ဘက်တည်းဖြစ်နေတာ။ ပြည်သူကတဘက် စစ်အုပ်စုကတဘက်၊ ဒီမိုကရေစီလိုလားသူကတဘက် ဒီမိုကရေစီမလိုလားသူကတဘက်ဖြစ်တယ်။ ကြိုက်တဲ့ဘက်က ရပ်လို့ရတယ်။ ထိုးနှက်လို့ရတယ်။ ဘယ်ဘက်ကရပ်ခဲ့သလဲက စကားပြောတယ်။ အမှန်အမှားကို ဆုံးဖြတ်ပေးတယ်။

အလဲဗင်န်းဂျာနယ်ဟာ တလျှောက်လုံး လူမျိုးရေးဘာသာရေးမီးမွှေး၊ ပြဿနာတွေဖြစ်အောင်၊ စစ်အုပ်စုအလိုကျ မငြိမ်မသက်မှုတွေဖြစ်နေအောင်လှုံ့ဆော်၊ အမုန်းစကားတွေဖြန့်ချိ၊ ဒီမိုကရေစီလိုလားသူတွေရဲ့ ပြဿနာဆိုပုံကြီးချဲ့ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တင်ပြတယ်။
ရပ်တည်ချက်ကိုနိုင်ငံရေးအရ ကြိုက်ကိုမကြိုက်ဘူး။ ဒီမောင်တွေကိုရော သူတို့ဂျာနယ်မူကိုရော မကြိုက်ဘူး။ သူတို့နဲ့ ဆန့်ကျင်ဘက်က အမြဲရပ်တယ်။ ဒါပေမယ့် သူတို့စာတွေကို အမြဲဖတ်တယ်။ သူတို့ခြေလှမ်းတွေ အာဘော်ဖန်တီးမှုတွေကိုသိထားဖို့လိုလို့ ဖတ်နေရတယ်။

ဟိုဆရာကြီးကို ဒီလိုပြောလို့၊ ဟိုဆရာမကြီးကို ဟိုလိုပြောလို့၊ ဒေါ်အောင်ဆန်းစုကြည်ကို အမနာပပြောလို့ စတဲ့အကြောင်းအချက်တွေကြောင့် မကြိုက်တာမဟုတ် ဆန့်ကျင်နေတာမဟုတ်ဘူး။ ပြောစရာရှိ ဘယ်လူကြီး ဘာဆရာကြီး ဘာဆရာမကြီး ဘာအဖွဲ့အစည်းဖြစ်နေဖြစ်နေ ပြောရမှာပဲ။ ကျနော်တို့လည်း ကိုယ်နဲ့ဆန့်ကျင်ဘက် ဘာလူကြီး ညာလူကြီး ဘာဆရာကြီး ဘာဆရာမကြီး ဘာအဖွဲ့အစည်းတွေကိုမဆို ပြတ်ပြတ်သားသားပြောနေကြတာပဲ။ တခါတလေ ရုန့်ရင်းကြမ်းတမ်းတာတွေလည်း ပါချင်ပါသွားတတ်တာပဲ။ ဘာဆန်းလဲ။

အာဏာကိစ္စရှင်းကြတာမှာ ရန်သူဖြစ်ရင် ရန်သူစစ်ရင် ထောင်ထဲဆွဲထည့်တန်ထည့်၊ တောထဲမောင်းသွင်းတန်သွင်း၊ စက်တိုင်တင်တန် တင်ရတာပဲမဟုတ်လား။ ပြည်သူကို မသတ်ဖို့ ပြည်သူအပေါ် မကောင်းတာမကျူးလွန်မိဖို့သာ လိုတယ်မဟုတ်လား။

အလဲဗင်န်းကိုမကြိုက်တာက နိုင်ငံရေးအရ၊ မူအရ၊ ဘက်သဘောရပ်ခံချက်အရကို မကြိုက်တာ။ နိုင်ငံရေးကို ဆန့်ကျင်နေတာ။ ဖိနှိပ်သူဘက်ကပင်းလို့ တိုက်နေတာ။ သတင်းသမားကျင့်ဝတ်ဖေါက်တယ် မဖေါက်ဘူးတို့ ဘာတို့ညာတို့ ဘာမှမပြောလိုဘူး။ သတင်းမီဒီယာဆိုတာ ဝါဒဖြန့်ချိရေးလက်နက်ဖြစ်လို့ သတင်းသမားဆိုတာ ကျင့်ဝတ်ကို ဒုတိယနေရာပို့ရတတ်တာရှိမှန်း သိတယ်။ ဒါ့ကြောင့် ကျင့်ဝတ်ကိစ္စ စကားလုပ်ပြောစရာမလိုဘူးလို့ ထင်တယ်။ မူနဲ့ရပ်တည်ချက်က အခရာပဲ။ အဓိကပဲ။ ကျင့်ဝတ်ဆိုတာ ဘက်သဘောအရ အမှားအမှန်ပဲဖြစ်တယ်။ ဒီလိုပြောတော့ စကားကြမ်းတမ်းတယ်ထင်မယ်။ လက်တွေ့မှာ တကမ္ဘာလုံး ဒီအတိုင်းဖြစ်နေတာ။ ဘာမှမဆန်းဘူး။

ဒီမောင်တွေအကြောင်းပြောရာမှာ ကိုယ့်ရပ်တည်ချက် ကိုယ့်နိုင်ငံရေး ကိုယ်လိုက်တဲ့ဘက်ကို ရဲရဲချပြပြီး ပြောတာဆိုတာကောင်းတယ်။ အင်န်အယ်လ်ဒီကို၊ ဒေါ်အောင်ဆန်းစုကြည်ကို မကောင်းပြောလို့၊ ဟိုလူကြီး ဒီသူမကို မတန်တရာပြောလို့ မကြိုက်ဘူး ဘာဘူးညာဘူးပြောတာဟာ မူမှန်တဲ့ လိပ်ပြာသန့်တဲ့ အပြောအဆိုလို့မထင်ဘူး။ အဲ့ဒါတွေနဲ့ဖုံးကွယ်ပြီး တဘက်ကို မျက်စပြစ်တာဟာ ကြောင်သူတော် အလုပ်သာ ဖြစ်တယ်။

ကျနော်ကတော့ အလဲဗင်န်းမီဒီယာကို မကြိုက်ဘူး။ ဆန့်ကျင်တယ်။ ဒီမူအတိုင်းဆက်ရပ် နောင်လည်းဆန့်ကျင်မယ်။ ဒါပေမယ့် လူ့အခွင့်အရေးတို့ ဒီမိုကရေစီရေးတို့ အသံကောင်းဟစ်ပြီး အစိုးရအမည်ခံထားပြီး၊ အာဏာတပိုင်းတစရှိနေလျက်နဲ့၊ လုပ်ပိုင်ခွင့် မဆိုစလောက်လေးထဲကနေပဲ လုပ်မယ်ဆို လုပ်လို့ရရဲ့သားနဲ့ ဒီမောင်တွေ တလျှောက်လုံးလုပ်နေတဲ့ လူမျိုးရေးဘာသာရေး အမုန်းစကားတွေဖြန့်ချိ မီးမွှေးနေတာကိုကြ လက်ဖျားနဲ့တောင်မတို့ဝံ့ခဲ့ပဲ ခုကိုယ့်ကို တိုက်ရိုက်ထိမှ မချိအောင်နာပြီး ဖမ်းလားဆီးလားလုပ်တဲ့လုပ်ရပ်နဲ့ လုပ်တဲ့လူတွေကို မစင်ထက်ရွံတယ်။

ဒီမောင်တွေကိုကြတော့ မစင်ထက်ရွံစရာကောင်းတဲ့လူတွေထက် ပိုရွံရှာစက်ဆုပ်တယ်။ ဒီမောင်တွေ အဖမ်းခံရတာ ဝမ်းမသာဘူး။ ဒါပေမယ့် စိတ်မကောင်းလေး တစက်တောင်မဖြစ်မိဘူး။

မစင်ထက်ရွံစရာ ဘင်ပုပ်တွေ။
မျိုးမြင့်ချို(အောက်တိုဘာ ၁၀၊ ၂၀၁၈)

အူပေါက်ချည်ခင်(မျိုးမြင့်ချို)

0 comments
(အူပေါက်ချည်ခင်)မြစ်ဆုံကိစ္စကို ဘယ်အထိ ရွှေ့ဆိုင်းထားနိုင်မလဲ။ တရုတ်ကရော ဘယ်အထိ စောင့်နေနိုင်မလဲ။ လက်ပန်းတောင်းတောင်တုန်းကလို နှုတ်သီးကောင်းလျှာပါး လုပ်လို့မရဘူး၊ ရိုဟင်ဂျာအရေးလိုလည်း ငါ့စကားနွားရလုပ်မရဘူး။ ငါပြီး ပြီးပါတယ်ခေတ်ကြီး ရှိနေဦးတောင် ငါတကော ကောမရဘူး။ ခုအဲ့ခေတ်ကြီးလည်း နိုင်ငံတော်နဲ့အတူ အကြည်ညိုပျက်နေပြီ။ တိုင်းပြည်ကြီး ဘာမှမဖြစ်စေ့ချင်ဘူး။ ဒါပေမယ့် တိုင်းပြည်ကြီးက တခုခုဖြစ်လိုက်မှ ပြီးမှာ။

လူမျိုးစုပြဿနာ၊ ပြည်တွင်းစစ်ပြဿနာ၊ ဖက်ဒရယ်လ်မူပြဿနာ၊ စီးပွားရေးပြဿနာ၊ သဗ္ဗနနမ်ပေါင်း သောင်းခြောက်ထောင်နဲ့ အမယ်ဘုတ်ကယ် သူ့ချည်ခင်။ ချည်ခင်က ရှူပ်ရုံတင်မက အူပါပေါက်နေတာ။ ဗြမ္မာ့ဥက္ခောင်းပေါင်းများစွာ။ ပြဿနာတိုင်းရဲ့ ဇစ်မြစ်အထိလိုက်ပြီး ရှင်းမှပြီးပြတ်မှာ။ ပြဿနာတိုင်းကိုရှင်းဖို့ လူတိုင်းလူတိုင်း လူမျိုးစုတိုင်းလူမျိုးစုတိုင်းရဲ့ အရင်းမူလအခွင့်အရေးနဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့် ပြဌာန်းပိုင်ခွင့်အခြေခံတွေ ပြည့်စုံမှဖြစ်မှာ။

ပြဿနာတိုင်းဟာ လွတ်လပ်ရေးခေတ် နိုင်ငံရေးအစိုးရကနေ စစ်အစိုးရအဆက်ဆက်တွေ စခဲ့ မွှေးခဲ့ကြတဲ့မီးတွေပဲ။ မရှင်းခဲ့တဲ့အပြင် ပိုကြီးအောင်မွေးထားခဲ့ကြတာ။ လက်ရှိစစ်တပိုင်းအစိုးရအနေနဲ့ ဒီပြဿနာတွေ လူထုအားနဲ့ မလုပ်ဝံ့မရှင်းဝံ့တာကို ထားတော့။ ၂ဝဝ၈ အောက်ပေးထားတဲ့ ဘောင်ကျဉ်းလေးထဲကနေ လုပ်မယ်ဆို လုပ်လို့ရနိုင်တာလေးတွေရှိတယ်။ လုပ်မယ်ဆို တွန်းမိတိုက်မိတာတွေ ရှိမှာပဲ။ ပွန်းတာရှတာလည်းရှိမှာပဲ။ ပွန်းပွန်းရှရှ တွန်းတိုက်ပြီးလုပ်ရမှာတော့ ရှိတာပဲ။ ဒါနိုင်ငံရေးပဲ။ ကိုယ်တိုင်က အဲ့သလိုမလုပ်ဘဲ စစ်အုပ်စု စိတ်ကောင်း ဝင်လာတန်ကောင်းရဲ့လို့ မျက်ရည်ခံထိုးနေတာဆိုတော့ ခရီးက ပေါက်ရမယ့်ဟာလေးတောင် မပေါက်ဘူး။ သူ့ဘက်ကတော့ ဘာမှလုပ်မရအောင် နေရာတိုင်းမှာ အခုအခံလုပ်မှာပဲ။

ပကတိအနေအထားအရတော့ စစ်အုပ်စုက ခုဖြစ်နေတဲ့အခင်းအကျင်းကို ကြိုက်မှာပဲ။ ၂ဝဝ၈ အောက် အားလုံးကို ဆွဲသွင်းထားဖို့ တရံမလပ် လုပ်မှာပဲ။ အင်န်အယ်လ်ဒီရှိနေတာကို သဘောကျမှာပဲ။ ဒါပေမယ့် အင်န်အယ်လ်ဒီ ဒီ့ထက်ပို ကြီးထွားမလာအောင်တော့ ကန့်ထားမှာပဲ။

ပြဿနာတွေဟာ နေ့ရွှေ့ညရွှေ့ ရွှေ့ဖို့သိတ်မလွယ်တော့ဘူး။ မြစ်ဆုံလိုအရေးမျိုး၊ ရိုဟင်ဂျာအရေးမျိုးတွေက အပစ်အခတ်ရပ်စဲရေးလို အချိန်ဆွဲ တဘက်လူအားချည့်နဲ့သွားတဲ့အထိ စောင့်ပြီးလုပ်နေလို့မရဘူး။ ပြဿနာတွေများတာမှန်ပေမယ့် အခြေခံချင်းမတူကြဘူး။ အချိန်ပေးနိုင်ပုံ ပေးနိုင်နည်းခြင်း မတူဘူး။ အချိန်ဆက်ဆွဲလို့ရတာရှိသလို အမြန်ဆုံးရှင်းမှ ရမှာတွေလည်းရှိတယ်။ မြန်ပြန်ပဲရှင်းရှင်း နှေးနှေးပဲရှင်းရှင်း အရင်းခံကစ မရှင်းရင် ဘယ်တော့မှ ပြေလည်သွားမှာ မဟုတ်ဘူး။

ဖိနှိပ်မှုတွေကို အရင်ဖယ်ရှားရမယ်။ ဖိနှိပ်မှုတွေကို မဖယ်ရှားပဲနဲ့ ဘာယုံကြည်မှုမှ တည်ဆောက်မရဘူး။ ဖိနှိပ်မှုရှိနေသမျှ တွန်းလှန်မှုကလည်း ရှိနေမှာပဲ။ ခုတော်လှန်ရေးတွေ အနိမ့်ပိုင်းရောက်နေလို့၊ ဖိနှိပ်မှုအားကြီးနေလို့ကျုံ့သွားလည်း ပြန်ကြီးထွားလာမှာပဲ။ တော်လှန်ရေးသစ်တွေ၊ ခေါင်းဆောင်သစ်တွေ၊ တွန်းလှန်မှုသစ်တွေ ပေါ်လာကြဦးမှာပဲ။ ဖိနှိပ်မှုမသေမချင်း တော်လှန်ရေးတွေက သဏ္ဍန်စုံနဲ့ အသွင်စုံနဲ့ရှင်သန်ပြီး လုပ်ဟန်နည်းနာသစ်တွေနဲ့ ခေတ်နဲ့လိုက်လျောညီထွေစွာနဲ့ ဖြစ်နေကြမှာပါပဲ။

စစ်တပိုင်းအစိုးရက နေတတ်ဖို့တော့ လိုတာပါပဲ။ ဗမာပြည်ရဲ့ တကယ့်အဓိကပဋိပက္ခက စစ်အုပ်စုနဲ့ အများတကာအများစု ပြည်သူလူထုကြီးနဲ့ဖြစ်နေတာပဲ။ ကျန်တာတွေက လက်အောက်ခံကိစ္စတွေပါပဲ။ အရင်းခံပြဿနာ အဓိကပဋိပက္ခကို မှန်မှန်ကန်ကန်ရှင်းနိုင်ရင် လက်အောက်ခံပဋိပက္ခတွေဟာ ရှင်းရလွယ်သွားတတ်တာ သမိုင်းတိုင်းမှာ အထင်အရှားရှိတာပါပဲ။ ဒါကို စစ်တပိုင်းအစိုးရအနေနဲ့ မြင်အောင်ကြည့်ပြီး ကြားမညပ်အောင် နေဖို့ပါပဲ။ လက်ရှောင်ရမယ့်နေရာ ရှောင်ဖို့လိုတာပါပဲ။

ဘယ်နေရာ ဘာပြောမယ်ဆိုတာသိဖို့ထက် ဘယ်နေရာ ဘာမပြောဘူးဆိုတာသိဖို့က နိုင်ငံရေးမှာ ပိုအရေးကြီးတတ်ပါတယ်။ နိုင်ငံရေးသဘောမှာ ဘာမှမလုပ်ပဲ နေတာကိုက တခါတလေမှာ အလုပ်လုပ်တာဖြစ်နေတာကို သတိပြုဖို့လိုမှာပါပဲ။ အလုပ် လုပ်တယ်ထင်ပြီး လက်ဝင်လျှိုမိတာ၊ ဝါးကူထိုးမိတာမဖြစ်အောင် သတိကြပ်ကြပ်ထားဖို့လိုမှာပဲ။ ခုတောင် တချို့နေရာတွေမှာ ကျွံဝင်ပြီး လူထုနဲ့အဆက်အစပ် အဟကျယ်လာတာတွေ တွေ့နေရပြီပဲ။

မြစ်ဆုံကိစ္စလာတော့မယ်။ ဇော်ဌေးထွက်ပြီး (လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတုန်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဝင်ရှင်းပေးလို့ ပြေလည်သွားတာရှိပါတယ်)လို့ပြောတာ အလကားမဟုတ်ဘူး။ (လက်တွေ့မှာ လက်ပန်းတောင်းတောင်ကိစ္စကလည်း သူပြောသလို ပြေလည်နေတာမဟုတ်ပါဘူး။ ဖွဲမီးလိုလှိုက်လောင်နေတာပါ။ ကြိမ်မီးအုံးဖြစ်နေတာပါ) ဇော်ဌေးရှေ့ထွက်ပြီး စကားဦးသန်းနေမှန်း သိတ်သိသာတယ်။ အာဘော်ဖန်တီးကြည့်နေမှန်း သိတ်မြင်သာတယ်။ လူထုကို တောက်ကြည့်နေမှန်း သိတ်ပေါ်လွင်ပါတယ်။ ကျနော်တို့ သတိရှိကြဖို့ပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၉၊ ၂ဝ၁၈)