Saturday, October 13, 2018

ဓာတ်ကုလားထိုင်(မျိုးမြင့်ချို)

0 comments

(ဓာတ်ကုလားထိုင်)
ကျနော် ဝေါ်ရှင်တန်ဒီစီက Newseum ကို ဝင်ကြည့်တော့ လူတွေကိုသေဒဏ်ပေးတဲ့ လျှပ်စစ်ကုလားထိုင်ကြီးတွေ့တယ်။ ဟိုတုန်းက တကယ်သုံးခဲ့တဲ့ဟာကြီး။ အခု ဒီပုံမှာပါတဲ့ဟာကြီးနဲ့ဆင်တယ်။ ဒါပေမယ့် ဟိုဟာကြီးက အဟောင်းကြီး။ လူကိုခုံနဲ့ကပ်တုတ်တဲ့သားရေကြိုးတွေတောင် ခတ်ဆွေးဆွေးဖြစ်နေပုံကြီး။

ကျနော် အဲ့ဒါကြီးကြည့်ရင်း ဦးရေပြား မီးကျွမ်းတဲ့ညှော်နံ့တွေရလာသလိုလို၊ အုတ်ခွံကွဲထွက်ပြီး ဦးနှောက်တွေပေါက်ထွက်လာတာ မြင်ရသလိုလို၊ လူလည်း ဒွန့်ဒွန့် ဒွန့်ဒွန့်နဲ့ ဓာတ်လိုက်သလိုလို ခံစားရပြီး ကြက်သီးမွှေးညှင်းတွေ ထလာတယ်။ ကျောထဲစိမ့်တက်လာတယ်။ အဲ့ဒါကြီးအပေါ် ငယ်ထိပ်ကဆံပင်တွေကွက်ရိပ်ထားပြီး၊ ငယ်ထိပ်မှာ ရေစိုအဝတ်ဖတ်ကပ်ထားတဲ့လူတယောက်ကို မြင်လာတယ်။ အဲ့လူမျက်နှာက ဘာခံစားချက်မှ မရှိတာလိုလို၊ သွေးဆုတ်ဖြူလျော်နေတာလိုလို၊ တခုခုကိုကြောက်ပြီး ချက်ခြင်းကြီးဆွံ့အသွားတာလိုလို၊ မျက်နှာကြွက်သားတွေအကုန်လုံး သေနေတာလိုလို၊ နှုပ်ခမ်းတွေ ဆတ်ဆတ်ဆတ်ဆတ်တုန်ပြီး မသေခင်လေး တခုခုပြောဖို့ကြိုးစားနေတာလိုလိုတွေ မြင်လာတယ်။ စိတ်ထဲလည်း ထိတ်သလိုလို ဖြစ်လာတယ်။

အဲ့ဒါကြီးကြည့်ရင်း ဒါကြီးပေါ်ထိုင်ပြီး လူဘယ်နှယောက် အသက်ပျောက်ခဲ့ရပါလိမ့်၊ တကယ်အပြစ်ကျူးလွန်လို့ အကွပ်မျက်ခံရတာက ဘယ်နှယောက် အလုပ်ကြံခံရတာက ဘယ်နှယောက် စတာတွေတွေးမိတယ်။ လူဟာ အသတ်ခံရကာနီးမှာ စိတ်ထဲဘယ်လိုနေမလဲဆိုတာလည်း တွေးမိတယ်။ ကိုယ်တိုင်လည်း အင်းစိန်ထောင်ကြိုးတိုက်မှာ သေဒဏ်အချခံထားရတဲ့ ကြိုးသမားတွေနဲ့ ကာလတခု အတူနေဖူးတယ်။ ထားပါတော့လေ။

အဲ့ဒါကြီးရှေ့ တော်တော်ကြာကြာ ရပ်ကြည့်နေရင်းကနေ စိတ်က အဲ့ဒါကြီးပေါ် တက်ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ဒါနဲ့ ဘယ်ကဘယ်လို ချိုင်းထောက်တွေ ဘေးချပြီး အဲ့ဒါကြီးနား ကပ်သွားမိတယ်မသိပါဘူး။ ကပ်တော့ ကပ်သွားတယ်။ လက်နဲ့ ထိလို့မရအောင် ရံတားထာပေမယ့် အတင်းဖျစ်ညှစ်တိုးရင်တော့ အဲ့ဒါကြီးဆီရောက်နိုင်တယ်။ ကျနော်က ဒုက္ခိတဆိုတော့ မြန်မြန်လည်း မလှုပ်ရှားနိုင်ဘူး။ ရှေ့ကချထားတဲ့ ကြိုးတန်းအရံအတားလေးပဲ ကျော်ရသေးတယ် ပြခန်းစောင့်က ပေါက်ချလာပြီး ပြန်ဆုတ်ဖို့ပြောတယ်။ အဲ့တော့မှ ကျနော်လည်း သတိဝင်လာပြီး ဟ ငါ ဘာလုပ်မိတာပါလိမ့်ဖြစ်သွားတယ်။ လူကလည်း သံမံတလင်းပေါ် လေးဘက်ထောက်ကြီးဖြစ်နေတယ်။ ကို့ရို့ကားယားနဲ့။ ရုတ်တရက်ပြန်ဆုတ်ဖို့ကလည်း မလွယ်ဘူး။ ချက်ခြင်းပြန်လှည့်ရ ခက်နေတယ်။ ဒါနဲ့ ပြခန်းစောင့်က ဆွဲထူပြီး အပြင်မထုတ်ပေးတယ်။

ပြီးတော့ ပြခန်းမန်နေဂျာရုံးခန်းထဲခေါ်သွားတယ်။ ဟိုကျတော့ မေးခွန်းတွေမေးတယ်။ ကျနော့်ကို တခုခုမသင်္ကာသလိုပဲ။ ကျနော်ကလည်း သူတို့မေးတာတွေ ကောင်းကောင်းမွန်ဖြေပါတယ်။ အိုင်ဒီပြဆိုလို့လည်း ပြပါတယ်။ မင်းဘာလို့ အဲ့ထဲဝင်ဖို့ ကြိုးစားတာလဲဆိုတော့ ကျနော်က အဲ့အပေါ်မှာ ထိုင်ကြည့်ချင်လို့ပါလို့ဖြေတယ်။ ဘာလို့ ထိုင်ကြည့်ချင်ရတာလဲလို့ ဆက်မေးတော့ ပြဿနာကတက်ရော။ ကျနော် ထိုင်ကြည့်ချင်ရုံသက်သက်ပါ၊ ဘာမှမလုပ်ပါဘူးလို့ပြန်ဖြေတယ်။ သူက ဘာလို့ ထိုင်ကြည့်ချင်ရတာလဲဆိုပြီး ဒီမေးခွန်းပဲထပ်မေးတယ်။ ကျနော်ကလည်း ထိုင်ကြည့်ချင်လို့ပဲပြန်ဖြေတယ်။ သူ သိတ်တော့ မကျေနပ်ဘူး ကျနော့်အဖြေကို။ ဒါပေမယ့် ဘာမှ ထပ်မပြောတော့ဘူး။ နောက်ကို အဲ့လိုမလုပ်ပါနဲ့လို့ပြောတယ်။ ကျနော်ကလည်း Yes, i won't do again. လို့ပြန်ဖြေတယ်။ နောက်ဘယ်တော့မှ မလုပ်တော့ပါဘူးလို့တော့ မပြောခဲ့ဘူး။

ခုလည်း အခွင့်သာရလို့ကတော့ ထိုင်ကြည့်ချင်နေတုန်းပဲ။ ဒါနဲ့ သူ့ရုံးခန်းကထွက်ပြီး ပြတိုက်တခုလုံး တခန်းပြီးတခန်း လိုက်ကြည့်တယ်။ အခန်းကူးတိုင်းမှာ အဲ့ဒီကူးလိုက်တဲ့အခန်းကအစောင့်က နောက်ကနေ ကပ်လိုက်လိုက်လာတယ်။ ကျနော်လည်း စိတ်နည်းနည်း အနှောင့်အယှက်ဖြစ်တာနဲ့ ပြတိုက်ကြီးတခုလုံးတောင် လိုက်မကြည့်တော့ပါဘူး အဲ့အခေါက်က။ နောက်တခေါက်ကြတော့မှ တနေကုန် ရေစိမ်ပြီးကြည့်ခဲ့တယ်။ အဲ့ဒါကြီးရှေ့ရောက် အစောင့်လစ်မလစ်ကိုတော့ မျက်စေ့ကစားကြည့်သေးတယ်။ တက်ထိုင်ကြည့်ချင်စိတ်ကဖျောက်မရဘူး။ ခုလည်း မပျောက်သေးဘူး။ (ဒီပုံက ကိုချမ်းမှိုင်းဆီက ယူချလာတာပါ)
မျိုးမြင့်ချို(အောက်တိုဘာ ၁၃၊ ၂ဝ၁၈)

0 comments:

Post a Comment