Tuesday, October 23, 2018

လက်နက်ချမှာ ကျွမ်းကျင်သူ(မျိုးမြင့်ချို)

0 comments

(လက်နက်ချမှာ ကျွမ်းကျင်သူ)
ဗမာ့နိုင်ငံရေးအကဲဖြတ်၊ ဗမာ့နိုင်ငံရေးကျွမ်းကျင်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ အမျိုးသားရေးဦးဝင်းနိုင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦး မီဒီယာတွေမှာ လျှမ်းလျှမ်းတောက်ဖူးတယ်။ စစ်အုပ်စုက သူ့အကျိုးပြုနေတုန်း ဒီလူ့ကို လွှတ်ပေးထားတယ်။ အငှားပါးစပ်နဲ့ တောခြောက်ခိုင်းထားတယ်။ ဒီလူက ပြောရင်းပြောရင်း အာချောင်တာတွေ အဆံချောင်တာတွေ လျှာခလုပ်တိုက်တာတွေ ဘရိတ်မအုပ်နိုင်တာတွေဖြစ်ပြီး စစ်အုပ်စုကို ထိကပါးရိကပါးလေးလုပ်ကြည့် ထိပ်ပုတ်ကြည့်တယ်။ ဟိုက ဗြတ်ဆိုကောက်ဆွဲပြီး ထောင်ထဲလည်း ထည့်လိုက်ရော နောက်နောင် နိုင်ငံရေးမလုပ်တော့ပါဘူးဆိုပြီး ပျောက်ခြင်းမလှပျောက်သွားတယ်။ ဒါကို တချို့က ဒီဘိုးတော် ရာသက်ပန်လက်နက်ချသွားတယ်လို့ပြောတယ်။ ဒါတောင် ထောင်လေး တစ်လတည်းနော်။ နှစ်ကြီးအချခံရသူတွေ အုတ်ရိုးသေးပန်းသလောက်တောင် ရှိတာမဟုတ်ဘူး။ ဒါစကားလုပ်ပြောစရာတော့မဟုတ်ပါဘူး။ သူ့ခံနိုင်ရည်နဲ့သူပဲ။

ဒါပေမဲ့ ပြောစရာက နောက်နောင် နိုင်ငံရေးမလုပ်တော့ပါဘူး ဆိုတဲ့စကားပါ။ သူ ဘယ်တုန်းက ဘာနိုင်ငံရေးတွေလုပ် ဘာယုံကြည်ချက်တွေစွဲကိုင် ဘယ်မျှကိုယ်ကျိုးတွေ စွန့်ခဲ့လဲဆိုတာ ဘယ်သူမှ ရေရေရာရာမပြောနိုင်ဘူး။ တချို့ကတော့ ဒီမိုကရေစီထဲ ထည့်ထားတဲ့ တွင်းအောင်းပွေးဆိုတဲ့အထိပြောကြတယ်။ ဒါကတချက်။

နောက်တချက်က လက်နက်ချတယ်ဆိုတာပါ။ လက်နက်ချတဲ့သူဟာ မချခင်အချိန်အထိ ကာလတခုတော့ တိုက်ခဲ့သေး တွန်းလှန်ခဲ့သေးတယ်။ နောက်မှသာ အခြေအနေအရဖြစ်ဖြစ် အတွေးအခေါ်အရဖြစ်ဖြစ် လက်နက်ချဖြစ်သွားတာ။ ဒီလူကြီး စစ်အာဏာရှင်စနစ်ကို ဒါမှမဟုတ် ခေတ်အဆက်ဆက် ဖိနှိပ်အုပ်စိုးတဲ့ အစိုးရတွေကို ဘယ်နေရာက ဘယ်ပုံစံနဲ့ ဘာတိုက်ပွဲတွေဝင်ခဲ့ တိုက်ခဲ့တယ်ဆိုတာ ဘယ်သူမှ ခိုင်ခိုင်လုံလုံ အချက်အလက်နဲ့ပြောသံ မကြားမိသေးဘူး။

ခုလည်း နိုင်ငံရေးရာသီလေး နည်းနည်းပွင့်လင်းလာလို့ ခြေခင်းလက်ခင်းလေး နည်းနည်းသာလာလို့ ထွက်လာလိုက်ကြတဲ့ နိုင်ငံရေးအကဲခတ်တွေ ကျွမ်းကျင်သူတွေ ခွဲခြမ်းစိတ်ဖြာသူတွေမှ တောင်လိုပုံနေတော့တာပဲ။ ရေတက်ဦး ငါးဇင်ရိုင်းတွေလိုပဲ၊ မိုးဦးကျ မှိုတွေလိုပဲ။ မြင်ရာမြင်ရာ သန်ရာသန်ရာထောင့်တွေကနေ ပေါက်ပေါက်ဖေါက်သလို ဖေါက်နေကြတာတွေလည်းရှိတယ်။ တကယ် ထဲထဲဝင်ဝင် သိသူတတ်သူ နားလည်သူတွေလည်း မြင်ရတယ်။

တကယ်နားလည်လည် မလည်လည်၊ တကယ်တတ်တတ် မတတ်တတ်၊ တကယ်ကျွမ်းကျွမ်း မကျွမ်းကျွမ်း၊ တကယ် အကဲခတ်တတ် မတတ်တတ် ရပ်တည်ချက်မမဲ့ရင် ပြီးတာပါပဲ။ ဘယ်သူ့ဘက်က ရပ်သလဲကတော့ သူဘာလဲဆိုတာရဲ့ အတိုင်းအတာပဲ။ ကြိုက်တဲ့ဘက်က ရပ်လို့ရတာပဲ။ ဒါ နိုင်ငံရေးသဘောပဲ။ နိုင်ငံရေးဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရတာပဲ မဟုတ်လား။ ရပ်တည်ချက်မှားတယ် မှန်တယ်ဆိုတာကတော့ မျက်မှောက်မှာရော နောင်မှာရော အဆုံးအဖြတ်ခံကြရမှာပါပဲ။ တခုပဲ မထိခလုပ်ထိခလုပ်လေးတွေလုပ်ပြီး ဆွဲစေ့လိုက်တာနဲ့ နောက်မလုပ်တော့ပါဘူးအသံနဲ့ အမျိုးသားရေးဦးဝင်းနိုင် လက်သစ်တွေတော့ မဖြစ်ကြစေနဲ့ဗျား။
မျိုးမြင့်ချို(အောက်တိုဘာ ၂၂၊ ၂ဝ၁၈)

0 comments:

Post a Comment