Tuesday, October 23, 2018

မကောင်းတာတိုင်း မကောင်းတာတော့မဟုတ်ပါ(မျိုးမြင့်ချို)

0 comments

(မကောင်းတာတိုင်း မကောင်းတာတော့မဟုတ်ပါ)
တပ်ထဲနေတုန်းက ခမရ ၁ဝ၉ နဲ့တွဲပြီး တာမုံးညဲ၊ ရှောက်ဟော်၊ လုံထန်၊ မုံးစီးနားလည်ဂွင်တွေဘက် ရောက်ခဲ့ဖူးတယ်။ ၂လ တစ်ကြိမ်လောက် တာမုံးညဲဘက် ရိက္ခာထုတ်ရောက်တုန်း စစ်ကြောင်း ၅ ရက် တပတ်လောက်များ အနားလေးရပလားဆို ဘိန်းလေးပြေးပြေးရှူဖူးတယ်။ အိုင်ဆာဂျင်တပ်ကြပ်ကြီးနဲ့ပေါ့။ သူက ကြိုက်ကိုကြိုက်တာ။ မရှူရမမြိုရကို မနေနိုင်တာ။ ဒါပေမယ့် အလွန်အကျွံရှူ အလွန်အကျွံမြိုတာတော့ တခါမှမရှိဘူး။ သူ့ ဘရိတ်နဲ့သူ မှန်မှန်လိမ့်နေတာမျိုး။ အလုပ်လည်း မပျက်ဘူး။ အနေနီးသူတွေလောက်ပဲ သူ ဘိန်းရှူမှန်းသိတာ။ တခြားလူတွေဆို ကျိန်ပြောတောင် ယုံမှာမဟုတ်ဘူး။

ကျနော်က ကြိုက်များကြိုက်မလားလို့ စမ်းနေတာ။ စစ်ကြောင်းထွက်လာပြီဆို သူရောကျနော်ပါ ဘိန်းရှူလို့ မရတော့ဘူး။ ကျနော်က မရှူရတော့ မရှူဘူး။ သူကတော့ ဘိန်းကို ကျောပိုးအိပ်ထဲထည့်သယ်ပြီး အလုံးလေးတွေ လုံးလုံးပြီး အမြဲမြိုတယ်။ ကျနော်လည်း တခါမြိုကြည့်ဖူးတယ်။ ခါးတဲ့အရသာရော အစေးနံ့ရောမကြိုက်တော့ တခါမြိုပြီး နောက် မလုပ်တော့ဘူး။ ရှူတာကိုတော့ သဘောကျချင်သလိုရှိတယ်။ အခန်းလေးကလည်း မှောင်မှောင်မှိန်မှိန်လေး၊ ဘိန်းရှူသူတွေရဲ့ လှုပ်ရှားသံတွေကလည်း တကယ့်ကို ညင်ညင်သာသာလေး၊ မူးတဲ့အမူးကလည်း ယဉ်ယဉ်လေး၊ ဆီမီးခွက်မီးတောက်လေးတွေကလည်း နွဲ့တယ်ဆိုရုံ နွဲ့နွဲ့လေး၊ စိမ်းရွှေရွှေအနံ့လေးတွေကလည်း ယဲ့ယဲ့လေး၊ အဖန်ရည် ခါးခါးလေးကလည်း မက်မပြေစရာလေး၊ မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေကလည်း ငွေ့ငွေ့လေး၊ ဘိန်းပြောင်းချစ်သံ နည်းနည်းများ ကျယ်သွားရင် ကမ္ဘာပျက်မတတ်စိုးရိမ်စရာလေး၊ ဘာအငြိုးအာဃတမှမရှိ ဘာရန်လိုမှုမှမရှိ ဘာမတရားမှုမှမရှိ ဘာရန်ပွဲမှမရှိ ဘာစစ်သံမှမကြားရ တကယ့်ကို အေးချမ်းတိတ်ဆိတ် ငြိမ်သက်မွေ့လျော်စရာ ကမ္ဘာငယ်ငယ်လေး။ အဲ့တုန်းက ဘယ်အထိတောင် တွေးဖူးလဲဆိုတော့ တကမ္ဘာလုံးသာ ဘိန်းရှူနေကြရင် ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲပေါ့။ စစ်ပွဲတွေမရှိ အမုန်းတွေမရှိ။ ပီဘိနေချင်စရာ ကမ္ဘာမြေ ဘာညာတွေအထိပဲ။

ဘိန်းက တပြောင်းစာ တခါရှူစာ ဘိန်းတစ်လုံးမှ ၅ ကျပ်လောက်ပဲပေးရတာ။ ပိုက်ဆံမရှိလို့ ပဲတို့၊ နို့ဆီတို့နဲ့ လဲရှူလည်းရတယ်။ ကျနော်က အိုင်ဆာဂျင်ကြီးနဲ့တွဲသွားတာဆိုတော့ သူကပဲပေးတာများတော့ အလကားဘိန်းစားဆိုရမလား အခမဲ့ဘိန်းရှူခွင့်ရသူပြောရမလားမသိ။ ဆရာကြီးကလည်း ကျနော့်ကို အတော်ချစ်တာခင်တာ။ ခေါ်တာတောင် ဖိုးသားတဲ့။ ဒီလိုနဲ့ ၂ လမှာ တစ်ကြိမ်၊ တစ်ကြိမ်ရှူ ၅ ရက်၊ တစ်ရက်ကို ညမနက် ဘိန်း ဆယ်လုံးလောက်နှုန်းနဲ့ ရှူလာလိုက်တာ ငြိတိတိဖြစ်ချင်လာတာတယ်။

ဒါနဲ့ အဲ့ဒီစစ်ကြောင်းလိုက်တဲ့အပတ် နောက်ဆုံးအကြိမ်ရိက္ခာထုတ်ဖို့ တာမုံးညဲဝင်တော့ ဘိန်းရှူတာကို ယတိပြတ်ဖြတ်လိုက်တယ်။ မစွဲသေးတော့ ဖြတ်တယ်လို့ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ အဆက်ဖြတ်လိုက်တာဖြစ်လို့ ဖြတ်လိုက်တယ်လို့သုံးတာပါ။ ဖြတ်ရတာကလဲ တခြားကြောင့်မဟုတ်ဘူး။ ကောင်းလွန်းလို့ ဖြတ်ရတာပါ။ ကောင်းလွန်းတော့ ကြိုက်သွားရင် ခက်ရချည်ရဲ့တွေးပြီး ဖြတ်လိုက်တာပါ။ ဘယ်အရာ ဘာကိစ္စပဲဖြစ်ဖြစ် သိတ်ကောင်းလွန်းရင် မကောင်းဘူးမဟုတ်လား။

အိုင်ဆာဂျင်ကြီးက ဖိုးသား ဘာလို့ အရှူရပ်လိုက်တာလဲလို့မေးတယ်။ ကောင်းလွန်းလို့ပါဆရာကြီးဆိုတော့ ဆရာကြီးက မင်းနှယ် ဖြစ်မှဖြစ်ရလေကွာ..တဲ့။
မျိုးမြင့်ချို(အောက်တိုဘာ ၂၂၊ ၂ဝ၁၈)

0 comments:

Post a Comment