Tuesday, October 23, 2018

ဝီဂါ အရေး (မျိုးမြင့်ချို)

0 comments
(ဝီဂါအရေး)
အနောက်က တရုတ်ကိုတိုက်ဖို့ ကိုင်ကစားတွေထဲမှာ ဝီဂါ Uyghur ဖဲချပ်လည်း ထိပ်ဆုံးကတစ်ခုအဖြစ် ပါတယ်။ ဝီဂါတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံရှိတဲ့လူမျိုးစုဖြစ်တယ်။ ခေတ်သစ်တရုတ်ပြည်လို့ဖြစ်လာမယ့်အရပ်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက အခြေချနေထိုင်ခဲ့ကြတဲ့ မျိုးနွယ်စုတစုဖြစ်တယ်။

သူတို့ဟာ တရုတ်ပြည်အောက်မှာမနေလိုပဲ သီးသန့်ပြည်နယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်(တချို့ကတော့ သီးသန့်နိုင်ငံအထိ)တွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ကာလပေါ်စကားနဲ့ဆို ခွဲထွက်ခွင့်လို့ပြောရ မှာဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ အဲ့ဒီအနေအထားတွေအထိ ရောက်မလာအောင် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ၊ စီးပွားရေးအရ၊ ပညာရေးအရ၊ ယဉ်ကျေးမှု၊ စာပေနဲ့ ဘာသာစကားတွေအရ၊ ဖွံ့ဖြိုးတိုးတက်မှု တပြေးညီဖြစ်ရေးအရ နည်းမျိုးစုံနဲ့ အဆင့်ပေါင်းများစွာနဲ့ ဖြေရှင်းတော့ဖြေရှင်းနေတာပါပဲ။ ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်သလို တွင်လည်းတွင်ကျယ်တာတော့ မဟုတ်ဘူး။

ပိုဆိုးသွားတာက ဝီဂါတွေကို စခန်း Camps တွေထဲ အဓမ္မသွင်းထားတာဖြစ်နေတယ်။ စခန်းတွေဟာ ဘယ်လောက်ကောင်းတယ်ပြောပြော လူတွေကို စခန်းသွင်းထားတယ်ဆိုကတည်းက နှာခေါင်းရှူံ့စရာဖြစ်နေပြီမဟုတ်လား။ မပြေးသော်လည်း ကန်ရာရှိသွားပြီ မဟုတ်လား။ အဲ့ဒီစခန်းတွေမှာ ကိုယ်ပိုင်စာပေနဲ့ဘာသာစကားရှိတဲ့ဝီဂါတွေကို တရုတ်စာ တရုတ်စကား(ဟန်မျိုးနွယ်စုစကား)တွေ အတင်းအကျပ် သင်ယူစေတာမျိုး၊ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ အစ္စလာ့မ့်ဓလေ့ထုံးစံတွေကို စွန့်လွှတ်ခိုင်းတာမျိုးတွေ လုပ်နေတယ်လို့လည်း အဲ့ဒီစခန်းတွေကနေ ထွက်ပြေးလွတ်မြောက် လာကြသူတွေက ပြန်ပြောကြတာရှိပါတယ်။ စခန်းတွေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မတော်မတရားပြုကျင့်မှုတွေ၊ မဖွယ်မရာမှုတွေကိုလည်း လုံခြုံရေးအစောင့်အကြပ်တွေက ဗြောင်ကျကျ ကျူးလွန်နေတယ်လို့လည်း နံမည်သတင်းကြီးနေပါတယ်။

တချို့ ဝီဂါဒေသတွေက ဝီဂါအစုတွေကို အစုလိုက်ကြီးတွေ ပြည်နယ်ပြောင်းပစ်တာတွေ၊ အခြားလူမျိုးတွေနဲ့ ရောနှောပစ်တာတွေ လုပ်တယ်လို့လည်း သတင်းတွေထွက်နေတယ်။ တဘက်ကနေလည်း ဝီဂါတွေဟာ အကြမ်းဖက်တယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖေါက်ကားတယ်၊ လက်နက်မှောင်ခိုလုပ်တယ်၊ ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်တယ်၊ တခြားလူမျိုးတွေနဲ့မသင့်မြတ်ဘူးစတဲ့ အကြောင်းမျိုးစုံပြပြီး မီဒီယာတွေကနေ ဝါဒဖြန့်တာတွေရှိတယ်။ မှားတဝက်မှန်တဝက်တွေလို့ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒီလိုပြဿနာရှိတဲ့တိုင်းပြည်တွေမှာ အစိုးရတွေဟာ ဒီနည်းနဲ့ ဝါဒဖြန့်ကြတာတော့ မဆန်းလှဘူးဆိုရမယ် ထင်ပါတယ်။

ဒီလို နိုင်ငံရေး၊ အုပ်ချုပ်ရေး အနေအထားမျိုး၊ ဒီလိုနိုင်ငံသားအဆင့်အတန်းမျိုးနဲ့ တကယ်ထားတယ်ဆို အနည်းနဲ့အများတော့ ပြဿနာဖြစ်မှာပါပဲ။ ဒီပြဿနာဟာ ပြည်တွင်းရေးလို့ဆိုပေမယ့် ကမ္ဘာနဲ့ချီလာ စရာအကြောင်း တဖြည်းဖြည်းဖြစ်လာနေတယ်၊ ဖြစ်လာအောင်လည်း စေ့ဆော်ပေးလို့ လှုံ့ဆော်ပေးလို့ ရနိုင်စရာအခံ ရှိနေတယ်။ မဖြစ် ဖြစ်အောင်လည်း အုံနဲ့ကျင်းနဲ့ လုပ်ကြမယ်တွေးမိပါတယ်။

ဟိုတနေ့ကပဲ နိုင်ငံရေးထဲပြန်ဝင်လာပြီး မလေးရှားရဲ့ တကြော့ပြန်ဝန်ကြီးချူပ် မဟာသီယာက စပြီး ပညာပြတဲ့ခြေလှမ်း လှမ်းပြလိုက်တာ သတိထားမိလိုက်ကြမယ်ထင်ပါတယ်။ တရုတ်အစိုးရရဲ့ ဝီဂါထိန်းသိမ်းရေးစခန်းတွေကနေ ထွက်ပြေးလာပြီး မလေးကို တရားမဝင် ဝင်လာလို့ အရင်စိုးရက လူဝင်မှုအက်နဲ့ဖမ်းပြီး ထောင်ချထားတဲ့ဝီဂါတွေကို မဟာသီဟာမိုဟာမက်အစိုးရက ပြန်လွှတ်ပေး လိုက်တယ်။ လွှတ်ပေးပြီးနောက် တူရကီဘက်လွှဲပေးလိုက်တယ်လို့လည်း ဆိုတယ်။ လွှတ်တဲ့အကြောင်းပြချက်က ဒီလူတွေ မလေးမှာ ဘာရာဇဝတ်မှု ဘာပြစ်မှုမှ မကျူးလွန်လို့တဲ့။ ဒီ ဝီဂါတွေကို သူ့ဆီပြန်ပို့ပေးဖို့ တရုတ်က တောက်လျှောက်တောင်းနေတာပါ။ မလေးဆိုတာကလည်း မလေးလူမျိုးအကျိုးစီးပွားကို ပိုဇောင်းပေးပြီး တရုတ်တွေကို စီးပွားရေးမှာ နမ်နှိမ်ထားတဲ့ပေါ်လစီကို တသမတ် ကိုင်စွဲနေလာခဲ့တာမဟုတ်လား။ နောက်ပြီး မဟာသီယာမိုဟာမက်က အရင် မလေးအစိုးရတွေ တရုတ်နဲ့ချုပ်ခဲ့တဲ့ စီးပွားရေးစာချုပ်တွေ၊ ကန်ထရိုက်စာချုပ်တွေထဲက ဖျက်လို့ရတဲ့စာချုပ်တွေကို ဖျက်ပစ်လိုက်တယ်လို့လည်း ကြားရတယ်။ အင်ဒိုနီးရှားဘက်ကလည်း သူ့ရေုပြင်ပိုင်နက်မှာ ငါး လာခိုးဖမ်းတယ်ဆိုတဲ့ တရုတ်ငါးမှောင်ခိုစက်လှေတွေ သင်္ဘောတွေကို ပင်လယ်ထဲတွင် ဖေါက်ခွဲဖျက်ဆီး နှစ်မြှုပ်ပစ်တယ်လို့ သတင်းတွေထွက်နေတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ ကျွန်းတွေ သူပိုင်ငါပိုင်ပြဿနာကလည်း ဖိလစ်ပိုင်၊ ဂျပန်၊ ကိုးရီးယား စတာတွေနဲ့လည်း မပြေလည်သေးဘူး။ ဘယ်သူမှား ဘယ်သူမှန်၊ ဘယ်သူပိုင်ထိုက် မပိုင်ထိုက်ကလည်း ကိုယ်စီသမိုင်းတွေကိုင်ပြီး ငြင်းခုန်နေကြဆဲပဲ မပြတ်သေးဘူး။ ဘယ်နိုင်ငံကြီးကမှလည်း ဝင်မစွက်ဝံ့ဘူး။ သမိုင်းနောက်ခံအရ ပိုင်ဆိုင်မှုကိုပြနိုင်တာကြောင့် ဝင်စွက်ဖို့ခက်နေတာလည်းပါသလို တရုတ်ရဲ့ စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးသြဇာကို ခန့်ငြားလာရ အသိအမှတ်ပြုလာရတာလည်း ပါပါတယ်။

အမေရိကန်မှာလည်း အမေရိကန်မို့၊ ရုရှားမှာလည်း ရုရှားမို့လို့၊ ဗြိတိန်မှာလည်း ဗြိတိန်မို့လို့၊ ပြင်သစ်လည်း ပြင်သစ်မို့လို့၊ ဂျာမဏီလည်း ဂျာမဏီမို့လို့၊ ဥရောပသမဂ္ဂကြီးလည်း ဥရောပသမဂ္ဂကြီးမို့လို့၊ တရုပ်မှာလည်း တရုတ်မို့လို့ ပဝေသဏီတွေတည်းက အခြေခံလာခဲ့တဲ့ ကိုယ်ပိုင်ပြဿနာတွေအရေးအရာတွေ ကိုယ်စီရှိကြတာပါပဲ။ ဒါ့အပြင် သူတို့ အချင်းချင်းတွေကြားလည်း တကျက်ကျက်ဖြစ်နေကြတာပါပဲ။ ဒါပေမယ့် တရုတ်ကိုဆော်ဖို့ဆို နိုင်ငံကြီးတွေထဲက ရုရှားကလွဲလို့ ကျန်သူတွေအားလုံး ကျောခြင်းကပ် ရင်ခြင်းအပ်ကြမှာပါ။ တခုတော့ရှိတာပေါ့လေ။ အဲ့ဒါကတော့ တရုတ်ကို ကိုင်တွယ်ချင်တဲ့ပုံစံချင်း နည်းလမ်းချင်း မတူကြတာပဲ။ ခုပဲကြည့် တရုတ်ကိုစီးပွားရေးအရ ကိုင်တွယ်ကြတဲ့နည်းလမ်းမှာ ဥရောပသမဂ္ဂနဲ့ အမေရိကန်ကွဲ သွားတယ်မဟုတ်လား။

နိုင်ငံတွေရဲ့ နိုင်ငံခြားရေးပေါ်လစီတွေချမှတ်ကြတဲ့အခါမှာ နိုင်ငံတွင်းအခြေအနေ၊ ဒေသတွင်း အခြေအနေတွေ ထည့်တွက်ရသလို ဖြစ်နေတဲ့ခေတ်မှာ တကမ္ဘာလုံး(တနည်းပြောရရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ)ရဲ့ ဘုံပစ်မှတ်ထား တိုက်ခိုက်နေသူဟာဘယ်သူ၊ ဘယ်နိုင်ငံ၊ ဘယ်စနစ်ဆိုတာကို အဓိကထားစဉ်းစားကြရတယ်။ တရုတ်ဟာ နိုင်ငံကြီးတွေရဲ့ဘုံပစ်မှတ်အဖြစ် အသတ်မှတ်ခံနေရပြီး မခံရသေးဘူးလားကလည်း မပြတ်သားသေးဘူး။ တချို့နိုင်ငံတွေအတွက်တော့ တရုတ်ဟာ ရန်သူမဟုတ်သေးပေမယ့် မိတ်ဆွေအဆင့် မရှိတော့တဲ့သဘောဖြစ်လာတာတွေ တွေ့ရတယ်။
ဆိုတော့ တရုတ်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုစတဲ့ မျက်နှာစာပေါင်းစုံ ဘက်ပေါင်းစုံကနေ အားနည်းချက်ကိုင်ပြီးတိုက်ကြတာမှာ ဝီဂါအရေးကလည်း အချက်အခြာနေရာက ပါလာနေတယ်။ တဘက်ကကြည့်တော့လည်း အဲ့ဒီအရေးဟာ သူ့ပြည်တွင်းရေးသက်သက်ပါလို့ ပြောဖို့ခက်နေတာလည်း အထင်အရှားဖြစ်နေပါတယ်။

ဗမာပြည်ကတော့ တရုတ်နဲ့ ကုန်းတွင်းပိုင်း မိုင်ထောင်ချီထိစပ်နေတာလည်းဖြစ်၊ အစဉ်အလာအရ တနိုင်ငံတနိုင်ငံ ရှည်ကြာတဲ့ဆက်ဆံရေးတွေလည်းရှိ၊ စီးပွားရေးအရလည်း ပတ်သက်နေရ၊ ဒေသတွင်းပြဿနာတွေတင်မက ပြည်တွင်းကိစ္စ(ပြည်တွင်းစစ်၊ ကချင်၊ ကိုးကန့်၊ ဝ စတဲ့)တွေနဲ့လည်း မကင်းရာမကင်းကြောင်း စတာတွေကြည့်ပြီး နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်လုပ်ရမှာပါ။ စစ်အုပ်စုကတော့ ဒီ နောကို ကောင်းကောင်းကြီကိုကြေပါတယ်။ ဘယ်အချိန်မှာ ဘယ်သူ့ကပ် ဘယ်သူ့ခွာ ဘာအညှာ ကိုင်ကစားကိုသေသေချာချာသိပါတယ်။ ဘာပဲကိုင်ကစားကစား အခြေခံကတော့ စစ်အုပ်စု အာဏာမြဲရေးပါ။ အင်န်အယ်လ်ဒီကသာ အတွေ့အကြုံလည်းမရှိ၊ မလုပ်တတ်မကိုင်တတ်ဖြစ်ရတဲ့အထဲ လုပ်မရကိုင်မရနဲ့ ဗုံမဟုတ်ပတ်မဟုတ် ဖြစ်နေတာမဟုတ်လား။

ဗမာပြည်က တရုတ်ဆန့်ကျင်ရေး အင်အားစုတွေအတွက်ကြတော့လည်း အနောက်ကလူတွေလို ဝီဂါအစ်ရှူးကိုင်ကစားဖို့ တွေ့စရာအခက်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဝီဂါတွေကိုးကွယ်ယုံကြည်တာက အစ္စလာမ်ဘာသာဖြစ်နေလို့ပါပဲ။ ဗမာပြည်မှာက ဘာသာရေး လူမျိုးရေးအစွန်းရောက်စစ်အုပ်စုရဲ့ တသမတ်ဝါဒဖြန့်မှုကြောင့် နဂိုကတည်းက အတွေးအခေါ်မခိုင်၊ ယဉ်ကျေးမှုအခံအားနည်းတဲ့အင်အားစုတွေ ခေါင်းထောင် ကြီးစိုးနေချိန်မဟုတ်လား။ အမျိုးသားရေးခေါင်းစဉ်နဲ့ အစ္စလာမ်ဘာသာနဲ့ မွတ်ဆလင်မ်တွေကို တိုက်ခိုက်နေကြတာမဟုတ်လား။ ဒီမိုကရေစီအသံကောင်းဟစ်နေတဲ့ပါတီကြီးဖြစ်တဲ့ အင်န်အယ်လ်ဒီကတောင် “တို့ပါတီမှာ မွတ်စလင်မ်တွေ အမတ်မဖြစ်စေရ“လုပ်ထားတာမဟုတ်လား။ ဝီဂါကိုကိုင်ပြီး တရုတ်သွားဆန့်ကျင်ရင် ကျင်တဲ့အကောင် ကွဲမှာသေချာသလောက်ပါပဲ။ ဒါ့ကြောင့်လည်း ခုထိ လက်ရှောင်နေကြတာလည်းဖြစ်မယ်လို့ ခန့်မှန်းရတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ သတိကြီးကြီး ထားကြဖို့ပါပဲ။ ပြည်ချစ်ဝါဒ ပြည်ချစ်စိတ်ဓာတ်ကိုင်စွဲပြီး အမျိုးသားအကျိုးစီးပွား တပြည်လုံးအကျိုးစီးပွားကို ရှေးရှုကြဖို့ပါပဲ။ လက်ငင်းလိုအပ်ချက်ဖြစ်တဲ့ လစ်ဘရယ်လ်ဒီမိုကရေစီရေး လမ်းကြောင်းကို မသွေဖည်မိကြဖို့ပါပဲ။ အမျိုးသားရေးအစွန်းရောက်ဝါဒ သန္ဓေစွဲရာ မွေးဖွားရာ ကျင့်သုံးရာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ရာပါပဲ။
မျိုးမြင့်ချို(အောက်တိုဘာ ၂၂၊ ၂၀၁၈)

0 comments:

Post a Comment